News @ M-Media
Blog
  • မိထ္ထီလာ လူသတ်မှု့တရားစွဲခံ ရသူ သံသယ တရားခံများတွင် မပတ်သက်သူများ ပါဝင်နေ
    မေ-၇-၂၀၁၃
    M-Media
    KK
    1
    လူသတ်မှုဖြင့် တရားစွဲခံထားရသော သံသယရှိသူများအား တရားရုံးအထွက်တွေ့ရစဉ် (ဓါတ်ပုံ RFA)
    မိတ္ထီလာမြို့ရှိ မွတ်စလင်မ်များအား အကြမ်းဖက်ခံရမှုတွင် ဘုန်းတော်ကြီးတစ်ပါး သေမှုဖြင့် သံသယရှိသူ မွတ်စလင်မ် ၇-ဦးအား ဖမ်းဆီး၍ တရားစွဲဆိုခံခဲ့ရသည်။ ထိုတရားစွဲခံရသူများထဲတွင် ဘုန်းကြီးသေဆုံးမှုနှင့် မပတ်သက်သူ များလည်း ပါဝင်ကြောင်း သိရသည်။
    သံသယရှိသူ ၇ ယောက်တွင် အသက် ၁၈ နှစ်အောက် တယောက်ပါသောကြောင့် ၄င်း အားကလေးသူငယ်အက်ဥပဒေဖြင့် အသစ်ပြန်လည် တရားစွဲဆိုသွားမည်ဖြစ်ကြောင်း သိရသည်။ ကျန် ၆ ယောက်ကို ခရိုင် တရားရုံးတွင် တရားစွဲဆိုနေပြီ ဖြစ်ကြောင်း သိရသည်။
    စွပ်စွဲဖမ်းဆီး တရားစွဲဆိုခြင်း ခံထားရသည့်ထဲမှ ကိုဇော်ထက်နိုင်နှင့် ကိုမျိုးဝင်းတို့ မှာ ဘုန်းကြီး သတ်သော အမှုနှင့် ဘာမှ မပတ်သက်ကြောင်း၊ အခြားနေရာမှ ရဲများရိုက်ထားသည့် ဓာတ်ပုံတွင် ပါသဖြင့် ဖမ်း သွားခြင်းဖြစ်ပါ ယခုအခါ ၆ ယောက်လုံးကို အမှုတွဲ တခုထဲဖြင့် တရားစွဲထားခြင်းဖြစ်သည်။
    တရားစွဲဆိုခြင်းခံရသူများကို  ရှေ့ နေကွန်ရက်မှ  ၇ ဦး  မှတွေ့ဆုံရန် ကြိုးစားခဲ့သောလည်း စစ်ချက်ယူသည့်နေ့ တွင် ရှေ့ နေများအား ၀င်ခွင့်မပေးကြောင်း၊ စွပ်စွဲခံထားရသူများမှာလည်း ရှေ့ နေများနှင့် တိုင်ပင်ခွင့် မရကြောင်း မြို့ ခံတဦးကဆိုသည်။ ထို အပြင် အကျဉ်းခန်းထဲတွင် အဓမ္မ ဖိအားပေးပြီး အပြစ်ရှိကြောင်း ၀န်ခံလက်မှတ် ရေးထိုးခိုင်းကြောင်းလည်းသိရသည်။
    သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
  • မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊
    M-Media
    မေလ ၈ ရက်၊ ၂၀၁၃
    မိတ္ထီလာ အကြမ်းဖက်မှု၌ သေဆုံးခဲ့သည့် ရဟန်းတပါး အမှု၏ သံသယ တရားခံများ သေဒဏ် ရင်ဆိုင်ရဖွယ်၊ အကြမ်းဖက်ခဲ့သည့် အခြားရဟန်းများ၊ ဗုဒ္ဓဘာသာဝင်များနှင့်စပ်လျဉ်း၍မူ နှုတ်ဆိတ်နေကြဆဲ
    27131_4783306302136_1685146913_n
    အကြမ်းဖက်သတ်ဖြတ် ခံလိုက်ရသော အစ္စလာမ်ဘာသာဝင် တစ်ဦးပုံဖြစ်ပါသည်။
    မိတ္ထီလာ မွတ်စလင်ဆန့်ကျင်အကြမ်းဖက်မှု၌ သေဆုံးခဲ့သော ဘုန်းကြီးတစ်ပါးအမှုတွင် ပါဝင်ပတ်သက်နေသည့် သံသယတရားခံ မွတ်စလင် ၆ ဦးသည် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိပါက သေဒဏ်ရင်ဆိုင်ရလိမ့်မည်ဟု မန္တလေးတိုင်း ဥပဒေရေးရာချုပ် ဦးရဲအောင်မြင့်က အေအက်ဖ်ပီသို့ ပြောကြားခဲ့ကြောင်း သိရသည်။
    မိတ္ထီလာ၊ ဥက္ကံနှင့် အခြားမြို့နယ်များတွင် မွတ်စလင်ဆန့်ကျင်ရေး အကြမ်းဖက်ကြရာ၌ ဗုဒ္ဓဘာသာ ဘုန်းကြီးများ ကိုယ်တိုင်ဦးဆောင်ပြီး မွတ်စလင် ကလေးလူကြီးများ အားလုံးကို သတ်ဖြတ်ညှဉ်းစဲ ခဲ့ကြသော်လည်း ထိုတရားခံ ဘုန်းကြီးများနှင့် အကြမ်းဖက်သူ ဗုဒ္ဓဘာသာဝင်များနှင့် ပတ်သက်၍ သက်ဆိုင်သလို အကြီးမားဆုံး ပြစ်ဒဏ်များ ချမှတ်ရန် ကိစ္စတွင်မူ နိုင်ငံတော်အစိုးရတာဝန်ရှိသူများက နှုတ်ဆိတ်လျက်ပင် ရှိနေသေးသည်။
    သတင်း – AFP
  • နေမျိုးဝေ၊ မွတ်စလင်မ်၊ ကုရ်အာန်နှင့် ကောင်လေးကို ကောင်မလေး ပါးရိုက်ခန်း
    မေ ၇ ၊ ၂၀၁၃
    ရေးသူ- အီစွတ် မာမွတ်
    Ka lay
    ငြိမ်းချမ်းရေးနဲ့  မတူကွဲပြားပါတီ ဥက္ကဌ ဦးနေမျိုးဝေက အစ္စလာမ်ဘာသာရဲ့  ကုရ်အာန်နဲ့ ပတ်သက်ပြီး ပြောနေ တာကို ကြားကြားနေရပါတယ်။ တလောကလည်း ဘုန်းကြီးကျောင်းမှာ သွားပြီး ကုရ်အာန်ကျမ်းစာထဲမှာ ဘယ်အပိုဒ်ကဖြင့် ဘာသာ မတူသူတွေကို သတ်ခိုင်းကြောင်း စသဖြင့် အပိုဒ်တွေကို ထုတ်ပြပြီး ဘုန်းကြီးကို ဖတ်ခိုင်း ဟောခိုင်းသတဲ့။
    ပါတီဥက္ကဌ စွတ်ကျယ်လက်ပြတ်ကုတ်စုတ်စုတ်နဲ့  ကျမ်းပြင်ပေါ်မှာထိုင်ပြီး ကုရ်အာန်စာပိုဒ်တွေကို ပရိုဂျက်တာက တဆင့် တရားနာတဲ့ ပြည်သူတွေမြင်အောင် ဖွင့်ပြနေတယ်။ ဘုန်းကြီးက ထိုင်ခုံမှာထိုင်ပြီး မိုက်တလုံးနဲ့  စာရွက်ကိုကိုင်ပြီး ဖတ်ပြနေတယ်။ ကြမ်းပြင်မှာတော့ တရားနာသူတချို့  တရိုတသေထိုင်ပြီး မျက်နှာသူငယ်လေးတွေနဲ့ ။
    ဘုန်းကြီးက ကုရ်အာန်ကို အာရဗီဘာသာ စကားနဲ့ ဖတ်လိုက် ဗမာလိုဘာသာပြန်ကို ဖတ်လိုက်နဲ့ ။ အာရဗီလိုဖတ်တာမှာ သာမန်အသံနဲ့ မဟုတ်ပဲ ဗလီဆရာတွေဖတ်သလို ဆွဲပြီးဖတ်နေတာပါ။
    မွတ်စလင်မ်မိဘကမွေး၊ မွတ်စလင်မ်လိုမွေး၊ မွတ်စလင်မ်လိုနေ၊ မွတ်စလင်မ်လိုကြီးလာတဲ့ကျနော် (ကုလားပဲဆိုပါတော့) –
    ကုလားဘုန်းကြီးရဲ့ မြေး၊ ကုလားဘုန်းကြီးရဲ့ တူ ကုလားကျနော် ဗုဒ္ဓဘာသာဘုန်းကြီးတပါးက သင်္ကန်းစီးပြီး ကုရ်အာန်ကို ဗလီဆရာတွေလို အသံလိုက်တုပြီး ဆွဲပြီးဖတ်နေတာကြားတော့ ရယ်လိုက်တာ ဗိုက်ပါအောင့်တယ်။ သင်္ကန်းမှအားမနာ၊ ဗမာအသံ ထွက်နဲ့ ရေးထားတဲ့ အာရဗီစာလုံးကို မိုက်ခွက်နဲ့ အသံချဲ့ စက်နဲ့ ပါဖွင့်ပြီး အသံဆွဲပြီးဖတ်ပြနေတာ အတော့်ကို ပြောင်စပ်စပ်နိုင် ပါတယ်။ ဖတ်နေတာတွေကလည်း တလွဲတွေပါ။ တပည့်နေမျိုးဝေမကောင်း ဆရာခေါင်းပေါ့။ ဒါမှမဟုတ် မြောက်ပေးတဲ့လူက ဆရာလား ဆိုတာတော့ သူတို့ ပဲသိမှာပါ။
    အဲ့ဒီမှာဖတ်သွားတာက ဟိုနား တစ်ပိုဒ်တို ဒီနားတစ်ပိုဒ်စ။ စာတစ်ပုဒ်လုံး စဆုံးဖတ်သွားတာလည်းမဟုတ်။ အခန်း (၁) အခန်း (၂) စသဖြင့်လည်းမဟုတ်။ အစ္စလာမ်က လူသတ်ခိုင်းတဲ့ဆိုပြီး လူအမြင်မှားနိုင်လောက်တဲ့
    စာကြောင်းလေးတွေကိုပဲ ဟိုနားတစ်ကြောင်း ဒီနားတစ်ကြောင်းဖတ်ပြသွားတာ။ ဦးနေမျိုးဝေက ဘုန်းကြီးကို ဖတ်ခိုင်းတယ်ဆိုရင် ပိုမှန်မယ်။
    သူတို့ လုပ်ပုံဘာနဲ့ တူလဲဆိုရင် ၀တ္ထုတစ်အုပ်ဖတ်တာမှာ တစ်အုပ်လုံးကို မဖတ်ဘဲ ကောင်မလေးက ကောင်လေးကို ပါးချလိုက်တဲ့ စာကြောင်းလေးပဲဖတ်၊ ပြီးတော့ ကောင်မလေးက ကောင်လေးကိုပါးချတဲ့အ ကြောင်းနေရာတကာ လိုက်ပြောနေသလိုဖြစ်နေတယ်။ ဇာတ်လမ်း အကြောင်းအရာတို့ ၊ ဇာတ်လမ်းအဆုံးမှာ ကောင်မလေးနဲ့  ကောင်လေးညား သွားတာတို့ ဆိုတာမျိုးအထိ မဖတ်တော့ဘူး။
    ဘာသာတခုရဲ့  ကျမ်းစာကို အဲ့လောက် လွယ်လွယ်လေး ဖတ်လို့ ရရင်၊ တစ်ကြောင်းစ နှစ်ကြောင်းစလောက် နဲ့ ဖတ်ရုံနဲ့  နားလည်နိုင်တယ် သဘောပေါက်နိုင်တယ်၊ စာပိုဒ်တပိုဒ်စ နှစ်ပိုဒ်စဖတ်တာနဲ့  နားလည်တယ်ဆိုရင်  အဲ့ဒီကျမ်းစာက ကျမ်းစာရယ်လို့  (Sacred Holy Book) ဖြစ်လာပါ့အုံးမလား။ လူတွေ အသည်းနှလုံးထဲ ထည့်ပြီး အသက်နဲ့ ပါလဲလောက်တဲ့ထိ နက်နဲတဲ့ ကျမ်းစာအုပ်ဖြစ်ပါ့အုံး မလား။ အပေါစား စာအုပ်ပဲဖြစ်မှာပေါ့။
    အပေါ်စားကလေး ကာတွန်းကိုတောင် တစ်ကြောင်းစ နှစ်ကြောင်းစ ဖတ်ရုံနဲ့  ဆိုလိုရင်း မသိနိုင်တာ နှစ်ထောင် ပေါင်းများစွာ ကြာလာတာတောင်  ပုဒ်ထီး ပုဒ်မ တစက်လေးမှ မလွဲတဲ့ကျမ်းစာ၊ မူရင်းအတိုင်း မပျက်မယွင်းဘဲ ကျန်နေသေးတဲ့ တခုတည်းသော ကျမ်းစာ၊ အာရဗီဘာသာ စကားတတ်ရုံနဲ့ တောင် နားမလည်နိုင်တဲ့ ကျမ်းစာ၊ ပညာရှင်တွေတောင်မှ နှစ်ပေါင်းများစွာ အချိန်ပေး သင်ယူရတဲ့ ကျမ်းစာ၊ အမြဲ လေ့လာနေရတဲ့ စာအုပ်ကို ဦးနေမျိုးဝေ ဖတ်သလိုဖတ်လို့  ဘယ်နည်းနဲ့ မှမဖြစ်နိုင်ပါ။
    ဒါမှမဟုတ် ဦးနေမျိုးဝေက ဘုရားလောက်နီးနီးတော်နေလို့ လား။
    သေချာတာကတော့ ကုရ်အာန်ကျမ်းကို ကောင်မလေး ပါးရိုက်တဲ့ အခန်းလောက်ဖတ်တဲ့ အဆင့်နဲ့ ပဲ ဖတ်နေ  (သို့ ) ဖတ်နိုင်လို့ ပါ။
    သတ္တိရှိရင် တကြောင်းစ နှစ်ကြောင်းစမဖတ်ဘဲ ကုရ်အာန် တအုပ်လုံး စ၊ လယ်၊ ဆုံး ဖတ်ကြည့်လိုက်ပါ။ အခန်း ၁၊ ၂၊ ၃ စသဖြင့် ပြီးအောင်ဖတ်ကြည့်ပါ။ အင်ရှာအလ္လာဟ် ခင်ဗျား အမြင်မှန်ရပါလိမ့်မယ်။ အဲ့ဒီနေ့ ကျရင် ကျနော် မောင်ကုလား သက္ကဗီလ်ဆိုပေးပါ့မယ်။
    အီစွတ် မာမွတ်ဆိုတဲ့ ကျနော် မောင်ကုလားက စိမ်ခေါ်နေတာပါ။ သတ္ထိရှိရင် စိမ်လိုက်ပါ။ ဦးနေမျိုးဝေမုန်းတဲ့ ကုလားက ဦးနေမျိုးဝေမုန်းတဲ့ ကျမ်းစာကို စ၊ လယ်၊ ဆုံး ဖတ်ရဲတဲ့သတ္တိရှိရင် ဖတ်လိုက်ပါလို့  စိန်ခေါ်နေတာပါ။ ဦးနေမျိုးဝေ သတ္ထိရှိပါစေ။ အာမီန်း။
    ** ဆောင်းပါးရှင်ရဲ့အမြင်သာဖြစ်သည်။
  • အစ္စလာမ်နှင့် မြန်မာ မွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက် စာတန်းအကျဉ်း
    မေ-၇၊ ၂၀၁၃
    M-Media
    ဗေဒါလမ်း
    အစ္စလာမ်နှင့် မြန်မာ မွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက် စာတန်းအကျဉ်း  (M-Media စာအုပ်အညွှန်းကဏ္ဍ)
    Sayar U Myint Thein
    ဒေါက်တာမြင့်သိန်း(ငြီမ်းချမ်းလုလင်) ရေးသားသော အစ္စလာမ်နှင့် မြန်မာမွတ်စလင်တို့ အပေါ်အထင်အမြင် လွဲမှားမှုများကို ရှင်းလင်းချက်စာတန်းအကျဉ်း စာအုပ်ပါ။
    စာအုပ်ကို ငြီမ်းချမ်းမှုတည်ဆောက်ရေးကွန်ယက် Peace Cultivation Network (PCN) မှ ဖြန့်ချီပြီး ရောင်းဈေး ၄၀၀ ကျပ်ပါ။
    မာတိကာ
    ၁။ ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်မူဝါဒ ရေးရာ ကော်မတီ၏ အမှာစာ
    ၂။ နိုင်ငံတော်သံဃ မဟာနာယက အဖွဲ့သို့လျှောက်ထားခြင်း
    ၃။နိုင်ငံတော်သမ္မတထံ ရှင်းလင်းတင်ပြခြင်း
    ၄။နိဒါန်း(မြန်မာနိုင်ငံမှ ၂၀၁၃ နွေရာသီအကြမ်းဖက်မှုများ)
    ၅။ ၇၈၆ သင်္ကေတ၏အဓိပ္ပါယ်အမှန်မှာ အဘယ်နည်း
    ၆။ဂျီဟာဒ်ဟူသည် မွတ်စလင်မ် မဟုတ်သူများကို သုတ်သင် ရှင်းလင်းခြင်း ဖြစ်ပါသလော
    ၇။အစ္စလာမ်တွင် သာသနာပြု လမ်းညွှန် မည်သို့ရှိသနည်း
    ၈။အစ္စလာမ်က အခြားသာသနာများအပေါ် သဘောထား
    ၉။အစ္စလာမ်တွင်မယား ၄ ဦးယူ၍ သားဖောက်သာသနာပြုခြင်းကို ညွှန်ကြားထားပါသလော
    ၁၀။မြန်မာပြည်တွင်မွတ်စလင်မ်တို့က ဗုဒ္ဓဘာသာ အမျိုးသမီးကို ရအောင်ယူနိုင်ပါက အမျိုးသမီး၏ လူမှုရေး အဆင့်အတန်း အလိုက် ဗလီမှ ဆုငွေများ ထုတ်ပေးနေသည်ဆိုခြင်းမှာ မှန်ကန်ပါသလား
    ၁၁။ဗလီခေါ် အစ္စလာမ်ဝတ်ကျောင်းတော်များသည် ငြီမ်းချမ်းရေးစင်တာများဖြစ်သည်
    ၁၂။မြန်မာမွတ်စလင်မ် လူ့အစုအဝေးသည် မြန်မာနိုင်ငံ၏ မွေးရာပါနိုင်ငံသားများ ဖြစ်ကြသည် စသည်ဖြင့်အကြောင်းအရာ ၁၂ မျိုးကိုအကျဉ်းချုပ် ရှင်းလင်းထားသော စာအုပ်ဖြစ်ပြီး အစ္စလာမ် သာသနာအပေါ် တဘက်သတ်စွတ်စွဲချက်များကို ပြန်လည်ရှင်းလင်းထားသောစာအုပ်ကောင်းတအုပ်ဖြစ်ပါသည်။
    စာမျက်နှာ ၅၆ မျက်နှာ
    ၂၀၁၃ ဧပြီ ၂၂ ထုတ်
    ရောင်းဈေး ၄၀၀