News @ M-Media

Blog

  • မည်သည့်ဘာသာဝင်မဆို ဗလီများအတွင်း ၀င်ရောက်လေ့လာခွင့်ပြု

    မည်သည့်ဘာသာဝင်မဆို ဗလီများအတွင်း ၀င်ရောက်လေ့လာခွင့်ပြု

    ရန်ကုန်- မေ ၆၊ ၂၀၁၃ (မော်ကွန်း)
    (မော်ကွန်းမဂ္ဂဇင်းမှ သတင်းကို ပြန်လည်ဖော်ပြခြင်းဖြစ်သည်။)

    မြန်မာတစ်နိုင်ငံလုံးရှိအစ္စလာမ်ဘာသာဝင်များဘုရားရှိခိုးရာ ဗလီများအတွင်း မည်သည့်ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုထားပြီးဖြစ်ကြောင်း အစ္စလာမ် သာသာနာရေးကောင်စီ ဥက္ကဌဦးညွန့်မောင်ရှိန်က မော်ကွန်းသို့အတည်ပြုပြောကြားသည်။

    ယင်းသို့ ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုရာတွင် အစ္စလာမ် ဘာသာရေးအဖွဲ့များဖြစ်သော အိုလမာအစ္စလာမ့် သာသနာ ပညာရှင်များ အဖွဲ့ချုပ်၊ အစ္စလာမ်သာသနာရေးရာ ဌာနချုပ်၊ မော်လ၀ီအဖွဲ့ချုပ်၊ မြန်မာနိုင်ငံလုံးဆိုင်ရာမြန်မာမွတ်စလင်(မ်) လူငယ်များ (ဘာသာရေး) အဖွဲ့ချုပ်၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်နှင့် သက်ဆိုင်ရာဗလီဂေါပကများထံ အကူအညီတောင်းခံနိုင်ကြောင်း ယင်းကဆိုသည်။

    “ခွင့်ပြုချက်က ဂေါပကတွေအပေါ်မှာမူတည်ပါတယ်။သူတို့ကလည်းခွင့်ပြုပေးပါလိမ့်မယ်။ ဓာတ်ပုံပါရိုက်လို့ ရပါတယ်”ဟု ဦး ညွန့်မောင်ရှိန်ကပြောပါသည်။

    နိုင်ငံတကာရှိ ဗလီများတွင်လည်း ၀င်ရောက်ကြည့်ရှုလေ့လာခွင့်ရှိပြီး ယခုကဲ့သို့ မြန်မာနိုင်ငံရှိ ဗလီများတွင်လည်း မည်သည့် ဘာသာဝင်မဆို ၀င်ရောက်ကြည့်ရှုလေ့လာ ခွင့်ပြုခြင်းသည် အထူးပြင်ဆင်ထားရန် မလိုဘဲ ၀င်ရောက်လေ့လာ ကြည့်ရှုသူများ အနေဖြင့် ဗလီများ၏ ဓလေ့ထုံးစံ အတိုင်း ခြေလက်သန့်စင်ရန်သာ လိုအပ်ကြောင်း ၎င်းကရှင်းပြသည်။

    ၎င်းကိစ္စနှင့် ပတ်သက်ပြီး ပဋိပက္ခဖြစ်စဉ်များတွင် ၀င်ရောက်ဖြေရှင်းပေးနေသောရွှေည၀ါ ဆရာတော် အရှင်ပညာသီဟက “ကောင်းတဲ့ လက္ခဏာပေါ့ကွာ။ငါတို့ ဘုန်းကြီးကျောင်းတွေမှာဆိုရင် မည်သူမဆို လွတ်လပ်စွာ ၀င်ခွင့်ထွက်ခွင့်ရှိတယ်လေ။ အဲတော့ သူတို့ရဲ့ ဗလီတွေကိုလည်း ထင်သာမြင်သာတဲ့ ပုံစံမျိုးနဲ့ ဘယ်သူမဆို လွတ်လပ်စွာဝင်ခွင့်၊ ဓာတ်ပုံရိုက်ခွင့်ရှိ တယ်ဆိုရင် နှစ်ဘာသာကြားမှာ ပဋိပက္ခပြသနာတွေဟာ လျော့နည်းသွားလိမ့်လို့ ငါ့အနေနဲ့မြင်ပါတယ်” ဟု မိန့်ကြားသည်။

    အစ္စလာမ်ဘာသာဝင် အများစုတွင်လည်းငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်လိုသော ဆန္ဒသည် အမှန်တကယ်ရှိနေပြီး ယင်းသို့ ပွင့်လင်းမြင်သာမှု ရှိရှိဖြင့် ဗလီများအတွင်း ၀င်ရောက်ကြည့်ရှုလေ့လာခွင့်၊ ဓာတ်ပုံရိုက်ခွင့်ပြု ခြင်းသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများဖြစ်စဉ်များလျော့နည်းသွားစေရေး အတွက် များစွာအထောက်အကူပြုသော ကြောင့် ယင်းအားကြိုဆိုကြောင်း ဆရာတော်က မှတ်ချက်ပြုသည်။ ။

    via Yangon Press International (Notes)
    source: https://www.facebook.com/notes/yangon-press-international/မည်သည့်ဘာသာဝင်မဆို-ဗလီများအတွင်း-၀င်ရောက်လေ့လာခွင့်ပြု/521641397882487

  • မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း (BMA ကြေညာချက်)

    မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း (BMA ကြေညာချက်)

    မေ-၄၊ ၂၀၁၃

    ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင်များကို အစွန်းရောက် အုပ်စုတစုမှာ သတ်ဖြတ်တိုက်ခိုက်နေမှု့များ အပေါ် ပြည်ပ အခြေစိုက် မြန်မာမွတ်စလင်မ် အဖွဲ့အစည်းတခုဖြစ်တဲ့ မြန်မာမွတ်စလင်မ် အစည်းအရုံးမှ ကြေညာချက် တစောင်ထုတ်ပြန်လိုက်သည်။  ကြေညာချက် အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်သည်။

    banner

    မြန်မာပြည်ရှိ မွတ်စလင်များအား တိုက်ခိုက်နေခြင်းကို ပြင်းထန်စွာ ရှုံ့ချခြင်း

    မေ-၄၊ ၂၀၁၃

    ၁။ အစ္စလာမ်သာသနာနှင့် မြန်မာနိုင်ငံသားမွတ်စလင်များကို စော်ကားနှိမ့်ချသော စာရွက်စာတန်းများ၊ ဗီဒီယိုခွေများကို ဖြန့်ချိခြင်း၊ တရားပွဲများ ကျင်းပပြုလုပ်ခြင်းများကို ဦးသိန်းစိန်အစိုးရ လက်ထက်တွင် မကြုံစဖူး များပြားစွာ နိုင်ငံနှင့်တဝှမ်း ပြုလုပ်လာကြသည်။

    ၂။ ခလေးသူငယ်၊ အမျိုးသမီး၊ သက်ကြီးရွယ်အိုပါမကျန် မြန်မာမွတ်စလင်များကို နှုတ်ဖြင့်စော်ကားမှု၊ ကိုယ်ထိလက်ရောက် တိုက်ခိုက်မှု၊ သတ်ဖြတ်မှု၊ လုယက်မှု၊ မီးရှို့မှုစသည့် ရာဇဝတ်မှုများသည်လည်း မြန်မာ့သမိုင်းတွင် အများဆုံးစံချိန်တင်အောင် ဦးသိန်းစိန်အစိုးရ လက်ထက်မှာမှ ဖြစ်ပွါးလျှက်ရှိသည်။

    ၃။ ငြိမ်းချမ်းစွာ ကိုယ့်လယ် ကိုယ်ထွန်သော လက်ပံတောင်းတောင် လယ်သမားများကို ပစ်ခတ်နှိမ်နင်းသော ဦးသိန်းစိန်အစိုးရသည် မိတ္ထီလာမြို့နေ မွတ်စလင်များကို ခလေးသူငယ်ပါမချန် မိမိရှေ့မှောက်တွင် ရက်ရက်စက်စက် ခုတ်ထစ်သတ်ဖြတ်ပြီး မသေမရှင် မီးရှို့နေကြသော အကြမ်းဖက်သမားများကိုမူ ရပ်ကြည့်နေခဲ့သည်မှာ ဗီဒီယိုမှတ်တမ်းများအရ မြန်မာသိ၊ ကမ္ဘာသိဖြစ်ပေ၏။

    ၄။ သမ္မတဦးသိန်းစိန်သည် လူမျိုးရေး၊ ဘာသာရေး မုန်းတီးမှုလှုံ့ဆော်သူများကို ထိရောက်စွာ အရေးယူမည်ဟု မိန့်ခွန်းများ အကြိမ်ကြိမ်ပြောကြားခဲ့သော်လည်း မုန်းတီးမှုများကို ဦးဆောင်လှုံ့ဆော်နေသော သံဃာများ၊ နိုင်ငံရေးပါတီများ၊ လူပုဂ္ဂိုလ်များကို ယနေ့တိုင် သိလျက်နှင့် အရေးမယူ တမင်လစ်လျူရှုလျှက်ရှိသည့်အပြင် အကြမ်းဖက်မှုများဖြစ်ပွါးမည်ကို သိရှိတိုင်ကြားသော်လည်း မတားဆီးပေးခြင်း၊ အကြမ်းဖက်နေစဉ်လည်း လုံလောက်စွာ အကာအကွယ်ပေးရန် ပျက်ကွက်ခြင်းတို့ကို ဆက်ခါ ဆက်ခါ ပြုလုပ်လျှက်ရှိ၏။

    ၅။ အစ္စလာမ်သာသနာနှင့် အစ္စလာမ်သာသနာ သက်ဝင်ယုံကြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများကို ဦးသိန်းစိန်အစိုးရ၏ ကာလရှည်ကြာစွာ လစ်လျူရှုမှုများကြောင့် နိုင်ငံတကာတွင် အမိမြန်မာနိုင်ငံနှင့် နိုင်ငံသားများ၏ ဂုဏ်သိက္ခာများကျဆင်းလျှက် ရှိရုံသာမက အင်ဒိုနီးရှားနိုင်ငံတွင် မြန်မာသံရုံးကို ဗုံးခွဲတိုက်ခိုက်ရန် ကြံစည်လာသည်အထိ ဖြစ်ရခြင်းမျိုးကို မြန်မာမွတ်စလင်များက လုံးဝ မလိုလားပါ။ အကြမ်းဖက်မှု မှန်သမျှကို ပြင်းထန်စွာ ရှုံ့ချသည်။ အင်ဒိုနီးရှားအစိုးရက အင်ဒိုနီးရှားရှိ မြန်မာသံရုံးနှင့် မြန်မာနိုင်ငံသားများကို အကာအကွယ်ပေးသကဲ့သို့ လည်းကောင်း၊ ဘင်္ဂလားဒေရှ့်အစိုးရက သူ့နိုင်ငံတွင်းရှိ လူနည်းစု ဗုဒ္ဓဘာသာဝင်များ၏ ဘုရားကျောင်းကန်များ၊ အသက်အိုးအိမ်များကို ထိရောက်စွာ အကာအကွယ်ပေးပြီး အကြမ်းဖက်သမားများကို ပြတ်ပြတ်သားသား နှိမ်နင်းသကဲ့သို့ လည်းကောင်း ဦးသိန်းစိန်အစိုးရမှ သိက္ခာရှိသော အရေးယူမှုများကို လုပ်ဆောင်ပြရန် လိုအပ်သည်။

    ၆။ မြန်မာမွတ်စလင်များသည် မည်သို့သောအခြေအနေတွင်မှ အကြမ်းဖက်နည်းလမ်းကို ရွေးချယ်မည် မဟုတ်သည့်အပြင် မိမိတို့၏ ပြည်တွင်းရေးပြသနာများကို နိုင်ငံသားအချင်းချင်း တန်းတူရည်တူ အပြန်အလှန်လေးစားသော အခြေခံများအားဖြင့်သာ ဖြေရှင်းနိုင်သည်ဟု အခိုင်အမာယုံကြည်သည်။ မိမိတို့လူမျိုးနှင့် မိမိတို့သာသနာကို ဧည့်သာသနာနှင့် ဧည့်နိုင်ငံသားအဖြစ် အချောင်အာဏာသိမ်းခဲ့သော စစ်ဗိုလ်လက်တစ်ဆုပ်စာက ၁၉၈၂ခုနှစ်တွင် တရားမဲ့ သမိုင်းဖျောက် သတ်မှတ်ခဲ့ခြင်းကို မြန်မာပြည်ရှိ တိုင်းရင်းသား မွတ်စလင်များက မည်သည့်အခါမှ လက်ခံမည် မဟုတ်ပါ။ လူမျိုးပေါင်းစုံ သွေးစပ်၍ ဖြစ်ပေါ်လာရသော တိုင်းရင်းသားလူမျိုးတိုင်းတွင် တရုပ်စပ်သူများက ဝန်ကြီးဖြစ်နေချိန်တွင် အိန္ဒိယစပ်သူများကို နိုင်ငံမဲ့ ဧည့်သည်များသဖွယ် အဆင့်အတန်းခွဲခြား ဖိနှိပ်မှုများကို ပြတ်ပြတ်သားသား ဆန့်ကျင်တိုက်ဖျက်သွားမည်။

    ၇။ ကာလရှည်ကြာစွာ စနစ်တကျ အစီအစဉ်ရှိရှိ တစ်ဖက်သတ် တိုက်ခိုက်သတ်ဖြတ်နေမှုများကြောင့် အသက်အိုးအိမ်များ ပျက်ဆီးဆုံးရှုံးခဲ့ရသည့်အပြင် ပိုမိုပြင်းထန်ဆိုးရွားစွာ ဆက်လက်တိုက်ခိုက်ဦးမည့် အခြေအနေများ နိုင်ငံအနှံ့ တိုးတက်များပြားလာနေသဖြင့် မြန်မာမွတ်စလင်များသည် နေ့စဉ်နှင့်အမျှ လုံခြုံမှုကင်းမဲ့ပြီး စိုးရိမ်သောကများ ဖိစီးနေသော်လည်း ပုဂ္ဂိုလ်အနည်းငယ်မျှလောက်ကလွဲ၍ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေးနယ်ပါယ်က ခေါင်းဆောင်များ၊ တိုင်းရင်းသားခေါင်းဆောင်များ၊ ပြည်သူ့လွှတ်တော် ကိုယ်စားလည်များထံမှ စိတ်ပိုင်းဆိုင်ရာ စာနာမှုများကိုပင် ပြည့်ဝလုံလောက်စွာ မရရှိခြင်းတို့ကြောင့် မြန်မာမွတ်စလင်များသည် ကြီးမားသော စိတ်ဒါဏ်ရာများကို ခံစားလျှက်ရှိနေကြောင်းကိုလည်း အတိအလင်း မှတ်တမ်းတင်အပ်သည်။

    ၈။ မြန်မာမွတ်စလင်ဆယ်ဦး တောင်ကုတ်တွင် နေ့ခင်းကြောင်တောင် သွေးအေးအေးနှင့် သတ်ဖြတ်မှုကို မဖေါ်ထုတ်နိုင်ခြင်း၊ ရိုဟင်ဂျာလူမျိုးများကို လူဆိုး၊ နိုင်ငံမဲ့၊ လူလိမ်၊ ခိုးဝင်လာသူများအဖြစ် စော်ကားရေးသားခြင်း၊ ရခိုင်ပဋိပက္ခ၏ လက်သည်တရားခံ လူမျိုးရေး ဘာသာရေးမုန်းတီးမှုလှုံ့ဆော်သူ ရခိုင်အစွန်းရောက်များကို လစ်လျူရှုထားခြင်းစသည်တို့ကြောင့် ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းရေးကော်မရှင်၏ အစီရင်ခံစာကိုလည်း ပြင်းထန်စွာ ရှုံ့ချသည်။

    ၉။ မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးသည် နိုင်ငံတော်၏ အကျိုးစီးပွါးဖြစ်၏။ မြန်မာမွတ်စလင်များ၏ လုံခြုံမှုသည် နိုင်ငံတော်၏ လုံခြုံမှုဖြစ်၏။ ထို့ကြောင့် မြန်မာမွတ်စလင်များ၏ အသက်အိုးအိမ်များကို အကာအကွယ်ပေးရန် နိုင်ငံတော်အစိုးရတွင် အပြည့်အဝ တာဝန်ရှိသည်။ လူမျိုးကိုစွဲ၍လည်းကောင်း၊ ကိုးကွယ်သော သာသနာကိုစွဲ၍လည်းကောင်း အုပ်စုဖွဲ့ တိုက်ခိုက်ခြင်းသည် နိုင်ငံတကာ ရာဇဝတ်မှုဆောင်သော ပြစ်မှုကြီးဖြစ်သဖြင့် အချိန်မီထိရောက်စွာ မတားဆီးပေးနိုင်ပါက နိုင်ငံတော်အစိုးရတွင်သာ တာဝန်ရှိသွားမည်ဖြစ်ကြောင်းကို လေးနက်စွာ သတိပေးလိုက်သည်။

    မြန်မာမွတ်စလင် အစည်းအရုံး မေလ ၄၊ ၂၀၁၃

    Media Contact;

    ဒေါ်မော်လီ +1 416 516 7383 Canada [email protected]; ကိုကျော်စွာ +44 782 842 6801(UK) [email protected]; Ma Yasmin +1 408 250 6227(USA) [email protected]; ကိုကျော်ဝင်း +44-740-345-2378(UK) [email protected]

  • အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ သဘောထား ကြေညာချက် ၃/၂၀၁၃ ထုတ်ပြန်

    မေလ- ၆ ၊ ၂၀၁၃

    M-Media

    အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ လက်ရှိဖြစ်ပေါ်နေသည့် ကိစ္စရပ်များအပေါ် သဘောထားကြေညာချက် တစ်စောင် ထုတ်ပြန်ကြေငြာလိုက်သည်။ ကြေညာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    308618_575882749112866_1502430603_n

  • မြန်မာ မွတ်စလင်တွေ နိုင်ငံရေး ပိုလုပ်ကြ

    မြန်မာ မွတ်စလင်တွေ နိုင်ငံရေး ပိုလုပ်ကြ

    မေ-၆၊ ၂၀၁၃
    M-Media
    ဆောင်းပါးရှင်- အောင်တင်

    နိုင်ငံရေးလုပ်ခြင်းဆိုတာ နိုင်ငံသားတိုင်းရဲ့ အခြေခံရပိုင်ခွင့်ဖြစ်ပါတယ်။

    မွတ်စလင်တွေကို နိုင်ငံရေးကင်းရှင်းကြဖို့ ဧရာဝတီတိုင်းဒေသကြီး အစ္စလာမ်ကောင်စီရဲ့ ထုတ်ပြန်ကြေငြာချက်မှာ စဉ်းစားစရာ အကြောင်းအချက်တွေ၊ စေတနာတွေ ပါနေတာကို လေးစားစွာ အသိအမှတ်ပြုပါတယ်။ သို့သော် မြန်မာမွတ်စလင်တွေ ဘာလုပ်သင့်တယ်။ ဘာကို မလုပ်သင့်ဘူးဆိုတာက တရားဥပဒေရှုဒေါင့်၊ လူ့အခွင့်အရေးရှုဒေါင့်၊ နိုင်ငံသားပိုင်ခွင့်ရှုဒေါင့်၊ လူ့အဖွဲ့အစည်း အေးချမ်းသာယာရေးရှုဒေါင့် စသဖြင့် ရှုဒေါင့်ပေါင်းစုံကကြည့်ပြီး ရေရှည်စဉ်းစားမှ မှန်ကန်ပါမယ်။ ရေတို အကျပ်အတည်းကြောင့် မိမိတို့ရဲ့ မူလရပိုင်ခွင့်တွေကို စွန့်လွှတ်စရာ အကြောင်းမရှိပါဘူး။ စွန့်လည်း မစွန့်လွှတ်သင့်ဘူး။ စွန့်လွှတ်ပါလို့ တိုက်တွန်းခွင့်လည်း မရှိပါဘူး။

    အပြစ်ရှာလိုသူ၊ ဖိနှိပ်လိုသူ၊ ဥပဒေမဲ့ ပြုကျင့်လိုသူတွေ စိတ်ကြိုက် (Appeasement Policy) လုပ်ပေးကြမယ်ဆိုရင် ဒီအပြစ်ရှာလိုသူတွေရဲ့ မူလရည်ရွယ်ချက်က အပြစ်မဟုတ်တာကို အပြစ်လုပ်တဲ့ ရည်ရွယ်ချက်ဖြစ်နေလေတော့ ဒီလိုလိုက်လုပ်ပေးပြီးရင် ဟိုလိုလုပ်ပေးဖို့ တောင်းဆိုရင်း နောက်ဆုံး ဘယ်လိုမှ လိုက်မလုပ်နိုင်တဲ့အဆင့် ရောက်သွားပြီး ဒုံရင်းဘဲ ဖြစ်သွားမှာပါ။ ဥပမာအားဖြင့် မြန်မာ့ယဉ်ကျေးမှုနှင့် သဟဇာတမဖြစ်ဘူးဆိုပြီး မုတ်ဆိတ်ထားတာတွေ၊ အင်္ကျီရှည်ဝတ်တာတွေ၊ ပုဝါပေါင်းတာတွေကို အပြစ်တင်နေတာကို ကျေနပ်သွားအောင် ကျနော်တို့တွေက မုတ်ဆိတ်တွေကို ရိပ်ပစ်လိုက်လို့၊ တိုက်ပုံနဲ့ တောင်ရှည်တွေ ဝတ်၊ ပုဝါတွေချွတ်ပြလိုက်လို့လည်း ပြသနာတွေ ပျောက်သွားမယ်လို့ မထင်ပါဘူး။ အရှက်လုံတဲ့ အင်္ကျီရှည်တွေကို မြန်မာ့ယဉ်ကျေးမှုနဲ့ မကိုက်ညီဘူးဆိုပြီး အပြစ်တင်နေသူတွေဟာ သူတို့ရဲ့ အမ၊ နှမတွေ ဖင်ပေါ်ခေါင်းပေါ် အရှက်ကင်းမဲ့စွာ ဝတ်ဆင်နေတာကို မသိချင်ယောင်ဆောင်နေကြတာကို ကြည့်ခြင်းအားဖြင့်လည်း သူတို့ရဲ့ တမင်အပြစ်ရှာတတ်တဲ့အမြင် (Double Standards) ကိုလည်း သိနိုင်ပါတယ်။ လူတိုင်းမှာ အရှက်လုံပြီဆိုရင် လွတ်လပ်စွာ ဝတ်စားဆင်ယင်ခွင့် ရှိပါတယ်။ သို့သော် အစ္စလာမ်သည် အာရဗ်အတွက်၊ အိန္ဒိယအတွက်၊ တရုပ်အတွက်ဘဲ မဟုတ်။ လူသားအားလုံး အတွက်ဖြစ်တဲ့အတွက် ယဉ်ကျေးမှုပေါင်းစုံအတွက်လည်း ဖြစ်ပါတယ်။ မြန်မာပြည်က မွတ်စလင်များသည် မြန်မာအပါအဝင် တိုင်းရင်းသားပေါင်းစုံရဲ့ ယဉ်ကျေးမှုကို ချစ်မြတ်နိုးသင့်တယ်။ ကျင့်သုံးသင့်တယ်။ ကျနော်တို့ မြန်မာမွတ်စလင်တွေဟာ အစဉ်အဆက်က မြန်မာ့ ယဉ်ကျေးမှုကို မြတ်နိုးကျင့်သုံးသူများလည်း ဖြစ်ပါတယ်။

    ယနေ့ရင်ဆိုင်နေရတဲ့ ပြသနာတွေကို အကောင်းဆုံးနှင့် အမှန်ဆုံး ဖြေရှင်းနည်းက ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ တိုင်းရင်းသားပြည်သူများနှင့် နိုင်ငံရေး၊ လူမှုရေးစတဲ့ နယ်ပယ်အားလုံးမှာ တက်တက်ကြွကြွ ပိုမိုပါဝင် ပူးပေါင်းဆောင်ရွက်တဲ့ နည်းဘဲ ဖြစ်ပါတယ်။ ထွက်ပြေးတဲ့ နည်းလမ်း မဟုတ်ဘူး။ ခက်ခဲကောင်း ခက်ခဲမယ်။ ကြာကောင်း ကြာမယ်။ သို့သော် အခြားနည်းလမ်း မရှိပါဘူး။

    အထူးသဖြင့် နိုင်ငံရေးကို ပိုလုပ်ကြပါ။ ကိုယ်မလုပ်နိုင်ရင်တောင် လုပ်နိုင်သူတွေကို အားပေးပါ။ ထောက်ခံပါ။ ထောက်ပံ့ပါ။

    ကျနော်တို့မှာ ဘာမှ ဖုံးကွယ်ထားတာ (Hidden Agenda) မရှိဘူး။ လျှို့ဝှက်ချက်လည်း မရှိဘူး။ မြန်မာ မွတ်စလင်တွေကြားမှာ ဆွေးနွေးနေတာနှင့် မွတ်စလင် မဟုတ်သူ မြန်မာများနှင့် ဆွေးနွေးတာတွေကလည်း အတူတူဘဲ။ နှစ်ယောက် တည်းပြောလည်း ဒီစကားဘဲ။ တစ်နိုင်ငံလုံးသိအောင် အော်ပြောလည်း ဒီစကားဘဲ။ မြန်မာမွတ်စလင် (မြန်မာပြည်က မွတ်စလင်ကို ဆိုလိုသည်။)တွေဟာ ခေတ်အဆက်ဆက် ကတည်းက သမိုင်းနဲ့ချီပြီး နိုင်ငံရေး၊ လူမှုရေး၊ ပညာရေး၊ စီးပွါးရး၊ အနုပညာ၊ ဂီတ၊ စာပေ၊ အားကစားစတဲ့ နယ်ပယ်အသီးသီးမှာ တိုင်းရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ ပြည်သူလူထုနဲ့ ဒိုးတူဘောင်ဖက် ရင်ဘောင်တန်း လုပ်ဆောင်ခဲ့ကြသူတွေဖြစ်တယ်။

    တိုင်းရင်းသားပေါင်းစုံ ပြည်သူလူထု၏ အကျိုးစီးပွါးသည် မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးဖြစ်ပြီး၊ မြန်မာမွတ်စလင်များ၏ အကျိုးစီးပွါးသည်လည်း တိုင်းရင်းသားပေါင်းစုံ အကျိုးစီးပွါးတွင် ပါဝင်ပြီးဖြစ်သည်ဟု အစဉ်အဆက် ယုံကြည် ကျင့်သုံးသူများဖြစ်ပါတယ်။

    ဒါကြောင့်လည်း အင်အယ်လ်ဒီပါတီ နာယကကြီး ဦးတင်ဦးက

    ၁။ မြန်မာမွတ်စလင်တွေဟာ မြန်မာတိုင်းရင်းသားတွေဖြစ်တယ်။

    ၂။ မြန်မာမွတ်စလင်တွေကို ဘယ်တုန်းကမှ လက်တွဲခေါ်ဖို့ မလိုခဲ့ဘူး။ မြန်မာမွတ်စလင်တွေဟာ သမိုင်းအစဉ်အလာအရ တိုင်းကျိုးပြည်ကျိုးကို ဒိုးတူဘောင်ဖက် ထမ်းဆောင်ခဲ့သူများဖြစ်တယ်”လို့ စက်တင်္ဘာလ(၉)ရက်၊ ၂၀၁၂ ရန်ကုန်မှာ ကျင်းပတဲ့ အိးဒ် မိတ်ဆုံစားပွဲ အခမ်းအနား မှာ ရှင်းရှင်းပြတ်ပြတ် မိန့်ကြားခဲ့တယ်။

    ဒါကြောင့် ကျနော်တို့ မြန်မာမွတ်စလင်တွေဟာ မိမိရဲ့ ပိုင်ခွင့်တွေကို တောင်းဆိုရဲသူတွေဖြစ်သလို တာဝန်တွေကိုလည်း ခေါင်းမရှောင် တတ်သူ နိုင်ငံသားကောင်းတွေ ဖြစ်ရပါမယ်။ ကျနော်တို့ဟာ လိုအပ်ချက်အရ ခေါင်းပျော့ပေးနိုင်သူများဖြစ်ပေမဲ့ ဒူးမပျော့တတ်သူများဖြစ်ရမယ်။ ကျနော်တို့ဟာ ဘယ်သောအခါမှ အကြမ်းဖက် သမားများ မဟုတ်သလို၊ ဒူးထောက် တတ်သူများလည်း မဟုတ်ပါ။

    SURRENDER IS NOT THE OPTION.
    http://www.m-mediagroup.com/news/13312

    ဆောင်းပါးရှင်ရဲ့ အာဘော်သာဖြစ်ပါသည်။

  • တူရကီတွင် နျူကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ပေးရန် ဂျပန်နိုင်ငံ စာချုပ်ချုပ်ဆို

    မေ-၄၊၂၀၁၃
    M-Media

    20135474223338734_20

    ဂျပန်နိုင်ငံသည် တူရကီနိုင်ငံနှင့် ဒေါ်လာ ၂၂ ဘီယံ (၁ဘီလီယံ= သန်း ၁ထောင်)နှင့် တန်ဖိုးရှိ နျူးကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်ရေး စာချုပ်ကို ချုပ်ဆိုခဲ့ကြောင်း၊ ၄င်း စာချုပ်သည် ၂၀၁၁ ခုနှစ်တွင် ဂျပန် နိုင်ငံတွင် ဖြစ်ခဲ့သော  Fukushima ဓာတ်ပေါင်းဖို ပျက်ဆီးဆုံးရှုံးမှု အပြီးတွင် ပထမဆုံး ချုပ်ဆိုခဲ့သော စာချုပ်ဖြစ်ကြောင်း သိရသည်။

    တူရကီ နိုင်ငံ ၏ ရေနက်ဆိပ်ကမ်းတွင် နျူးကလီးယားဓာတ်ပေါင်းဖိုကို ဆောက်လုပ်မည် ဖြစ်ပြီး၊ ဂျပန်နိုင်ငံအတွက် Fukushima ပျက်ဆီးမှု အပြီးတွင် ပြန်လည် နလံထူနိုင်စေမည့် လုပ်ဆောင်မှု တစ်ရပ် ဖြစ်သည်ဟု သိရသည်။

    သောကြာနေ့တွင် တူရကီနိုင်ငံ ၀န်ကြီးချုပ် Recep Tayyip Erdogan က ဒေါ်လာ၂၂ ဘီလီယံ တန် စာချုပ်သည် တူရကီနိုင်ငံအတွက် “အရေးကြီးသော ခြေလှမ်း” တစ်ခု ဖြစ်ကြောင်း နှင့် ဂျပန်နိုင်ငံနှင့် နှစ်ဦးအကျိုးတူပူးပေါင်း လုပ်ဆောင်မှုသည် နိုင်ငံ နှစ်နိုင်ငံအား ရေရှည်တွင် လုပ်ဖော်ကိုင်ဖက်များ အဖြစ် အတူတကွ ပူးပေါင်းစေရန် လုပ်ဆောင်ချက်လည်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    တူရကီ နိုင်ငံ၏ ဒုတိယမြောက် နျူးကလီးယား ဓာတ်ပေါင်းဖို ဆောက်လုပ်မှုကို လေလံတင်ခဲ့ရာ ဂျပန် နှင့် ပြင်သစ် အကျိုးတူ ပူးပေါင်းထားသော အဖွဲ့စည်းမှ အနိုင်ရရှိခဲ့သည်။ ဆူနာမီတိုက်ခတ်မှုဖြင့် Fukushima ဓာတ်ပေါင်းဖို ပျက်ဆီးခဲ့ပြီး နောက်ပိုင်းတွင် ဂျပန် နိုင်ငံအတွက် ပထမဆုံးသော ပြည်ပတွင် အနိုင်ရရှိခဲ့သော လေလံပွဲဖြစ်သည်။

    “Fukushima တွင်ဖြစ်ပျက်ခဲ့သော ပျက်ဆီးမှုအတွက် ကျွန်တော်တို့အားလုံး ၀မ်းနည်းကြေကွဲ ရပါကြောင်း” နှင့် “ယခုအခါတွင် တိုးတက်လာသော သိပ္ပံနည်းစနစ် များစွာရှိကြောင်း ကျွန်တော်တို့၏ အောင်မြင်သော ခြေလှမ်းကို အဆိုပါ နည်းစနစ်များ အသုံးပြု၍ စတင်လှမ်းရမည်ဖြစ်ကြောင်း” ဂျပန်ဝန်ကြီးချူပ်က ပြောကြားခဲ့သည်။

    ဂျပန်နိုင်ငံနှင့် အလားတူ တူရကီနိုင်ငံသည်လည်း သဘာဝဘေးအန္တာရယ်များစွာကို ရင်ဆိုင်ရသော နိုင်ငံဖြစ်ကြောင်းနှင့် ထိုအန္တာရယ်များကို ခုခံနိုင်စွမ်းရှိသော နျူကလီးယား ဓာတ်ပေါင်းဖိုအား ဆောက်လုပ်ရန်လိုအပ်ကြောင်း သိရသည်။

    အရှေ့အလယ်ပိုင်း ခရီးစဉ်ဖြင့် ဂျပန် ၀န်ကြီးချုပ် Shinzo Abe သည် တူရကီနိုင်ငံသို့ ရောက်ရှိနေပြီး သူကပြောကြားသည်မှာ ၂၀၁၁ ခုနှစ်တွင် ဖြစ်ပေါ်ခဲ့သော ပျက်ဆီးဆုံးရှုံးမှုသည် ဂျပန်နိုင်ငံအတွက် အရေးကြီးသောသင်ခန်းစာဖြစ်ကြောင်း။

    “ဂျပန်နိုင်ငံသည် သူ၏တွေ့ကြုံမှုနှင့် သင်ခန်းစာ ပေါ်အခြေခံပြီး လုံခြုံမှု အမြင့်ဆုံး နျူးကလီးယား ဓာတ်ပေါင်းဖိုအား အဆင့်မြင့်ဆုံး ဆောက်လုပ်မည်ဖြစ်ကြောင်း” Shinzo Abe ကသူ၏ ရည်ရွယ်ချက်ကို တူရကီဘာသာဖြင့် ဘာသာပြန်ဆိုကာ တင်ပြခဲ့သည်။

    ဂျပန်နိုင်ငံ ၀န်ကြီးချုပ် Abe နှင့် တူရကီနိုင်ငံ ၀န်ကြီးချုပ် Erogan သည် နျူးကလီးယား စွမ်းအင်ကို အကျိုးရှိစွာ အသုံးပြုမည်ဖြစ်ကြောင်း ကိုလည်း စာချုပ်ချုပ်ဆိုခဲ့သည် ဟုသိရသည်။

    Ref:Aljazeera