News @ M-Media

Blog

  • အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

    အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး တုံန့်ပြန်မည်ဆိုသည့် အပေါ် သဘောထားအမြင်များ

    မေ-၄၊ ၂၀၁၃
    M-Media
    KK

    အင်ဒိုနီးရှားရှိ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီး၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းချက်
    မြန်မာနိုင်ငံ ရှိ အစ္စလာမ် ဘာသာဝင်များအား အကြမ်းဖက် တိုက်ခိုက် မီးရှို့သတ်ဖြတ်မှုများကြောင့် အင်ဒိုနီးရှားနိုင်ငံမှ မွတ်စလင်မ်များက အင်ဒိုနီးရှားမှ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များ၏ သဘောထားအမြင်များကို ဆက်သွယ်မေးမြန်းရာ အဖွဲ့ကြီးကိုယ်စား ဟာဂျီဦးမြင့်ထွန်းမှ ဖြေကြားပေးထားတာ ဖြစ်ပါတယ်။

    Q  –  အင်ဒိုနီးရှားမှာ မြန်မာသံရုံးကို ဗုံးဖောက်ခွဲပြီး လက်စားချေတုံန့်ပြန်မည်ဆိုသည့်အပေါ် အစ္စလာမ် ဘာသာရေးအဖွဲ့ ခေါင်းဆောင်များအနေနှင့် ဘယ်လိုသဘောထားအမြင်များရှိပါသလဲ။
ှA  –  အဲဒါနဲ့ပတ်သက်ရင် ကျွန်တော်တို့ ပြည်တွင်းမှာရှိတဲ့ မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေအနေနဲ့ အကြမ်းဖက်မှုကို ဘယ်သူက ကျူးလွန် ကျူးလွန်၊ ဘယ်နေရာမှာပဲဖြစ်ဖြစ် ဘာအကြောင်းပြချက်နဲ့ပဲ ကျူးလွန် ကျူးလွန် အပြစ်မဲ့သူတွေ အသက်အိုးအိမ်စည်းစိမ် ပျက်စီး ဆုံးရှုံးတာကို ကျွန်တော်တို့ လက်မခံပါဘူး။ ဒါ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးရဲ့ သဘောထားပဲ။  မည်သည့်နေရာ၊ မည်သူက၊ မည်သည့်အကြောင်းပြချက်နဲ့ပဲဖြစ်ဖြစ် အပြစ်မဲ့သူတွေရဲ့ အသက်အိုးအိမ်စည်းစိမ် မှန်သမျှ ပျက်စီးအောင် ကျူးလွန်တဲ့ အကြမ်းဖက်မှုမှန်သမျှကို ကျွန်တော်တို့ ဆန့်ကျင်တယ်၊ လက်မခံပါဘူး။

    Q  –  ဟုတ်ကဲ့ ဒါက အကြမ်းဖက်မှုဆိုတာ လက်မခံဘူးဆိုတာပေါ့။ ဒါဆို လက်ရှိအကြမ်းဖက်ခံရမှုတွေကို ချုပ်ငြိမ်းအောင် အဓိကလုပ်ရမယ့်ကိစ္စက ဘာလုပ်သင့်တယ်လို့ မြင်ပါသလဲ။
    A  –  အကြမ်းဖက်မှုကို ချုပ်ငြိမ်းအောင် လုပ်ဖို့ အဓိကကတော့ တရားဥပဒေစိုးမိုးမှုရှိဖို့။ တရားဥပဒေ စိုးမိုးမှု မရှိတဲ့အခါကျရင် လူတွေက တရားဥပဒေကို ယုံကြည်မှုအားနည်းလာပြီး မိမိစိတ်ထင်ရာကို ဆောင်ရွက်တတ်တယ်။ အဲလို စိတ်ထင်ရာဆောင်ရွက်တဲ့အခါကျ တရားမျှတမှုကို တစ်ခါ ကင်းကွာသွားစေတာပေါ့။
    အဲဒါကြောင့်လည်း အခု မြန်မာပြည်မှာဖြစ်နေတဲ့ ကိစ္စတွေမှာ ကျွန်တော်တို့ အစ္စလာမ် မြန်မာမွတ်စလင်မ်အဖွဲ့အစည်းတွေက အစိုးရကို မေတ္တာရပ်ခံ ပန်ကြားနေတာ။

    Q  –  ဟုတ်ကဲ့ ဘယ်လို ပန်ကြားမှုများ လုပ်ဆောင်နေပါသလဲ။
    A  –  ဒီကိစ္စက ဘာသာရေးနဲ့ဆက်နွှယ်ပြီးတော့ နှီးနွှယ်ပြီးဖြစ်နေတဲ့ ကိစ္စတွေဖြစ်တယ်။ ဒါကြောင့် ဒီမြန်မာနိုင်ငံမှာ ဘာသာတစ်ခုနဲ့တစ်ခုကြားမှာ သဟဇာတရှိခဲ့တဲ့ ရင်းရင်းနှီးနှီးရှိခဲ့တဲ့ အစဉ်အလာကောင်းရှိခဲ့တယ်။ ဒီ အစဉ်အလာကောင်းကို ကြာရင် ထိခိုက်လာနိုင်စရာရှိတယ်။ ဒါကြောင့် တရားဥပဒေ စိုးမိုးရေးကို ချက်ချင်း အမြန်ဆုံး ဆောင်ရွက်ပေးဖို့အတွက် မေတ္တာရပ်ခံတာ။ ဘာဖြစ်လို့လဲဆိုတော့ ဒီကိစ္စမျိုးဟာ မြန်မာနိုင်ငံတင်မဟုတ်ပဲ အခြားဘက်တွေမှာပါ နားလည်မှုလွဲစေတဲ့အတွက် မေတ္တာရပ်ခံတာ။ ဒါကို မြန်မြန်ချုပ်ငြိမ်းအောင်လုပ်ပေးဖို့။ မုန်းစကို တိုစေ ချစ်စကို ရှည်စေပေါ့။ အရင်က ရှိခဲ့တဲ့ သဟဇာတဖြစ်မှုကိုပဲ ကမ္ဘာကို ထုတ်ဖော်ပြသနိုင်ဖို့။ ဒီအမုန်းတရားတွေကို အမြန်ဆုံးပျောက်သွားအောင် တရားဥပဒေစိုးမိုးရေးကို ထိထိရောက်ရောက် ဆောင်ရွက်ပေးဖို့ မြန်မာမွတ်စလင်မ်အဖွဲ့တွေက တောင်းဆိုနေတာ။ ဒါပါပဲ။

    Q  –  ဒါဆို အခု လက်စားချေ တုန့်ပြန်မယ်ဆိုတဲ့ အပေါ်မှာ ဘာများ ထပ်မံ ဖြည့်စွက်ပြောချင်ပါလဲ။
    A  –  အကြမ်းဖက်မှုနဲ့ အစ္စလာမ်သာသနာကို ပြောမယ်ဆိုရင် အစ္စလာမ်သာသနာမှာ အကယ်၍ စစ်မက်ဖြစ်ပွားနေတဲ့အချိန်မှာတောင်မှ အပြစ်မဲ့ ပြည်သူကို မသတ်ရဘူး။ အမျိုးသမီးတွေကို မသတ်ရဘူး။ ကလေးတွေကို မသတ်ရဘူး။ သာသနာ့ဝန်ထမ်းတွေကို မသတ်ရဘူး။ ရေတွင်းရေကန်တွေနဲ့ သစ်ပင်ပန်းမာန်တွေကို ဖျက်ဆီးမှု မပြုရဘူး။ စစ်ပွဲမှာတောင်မှ ဒါမျိုး စည်းကမ်းရှိတယ်။ ဒီလို အရပ်ဘက်တွေကို ပစ်မှတ်ထားပြီး ဥပမာ – လူတစ်ယောက်က သို့မဟုတ်ရင် လူတစ်စုရဲ့ ဆောင်ရွက်ချက်ကို မကျေနပ်လို့ အဲဒီလူနဲ့ လူမျိုးတူတဲ့လူ၊ အဲ့ဒီလူနဲ့ ဘာသာတူတဲ့လူတွေကို ပစ်မှန်ထားပြီး ဆောင်ရွက်တဲ့ကိစ္စမှန်သမျှကို ပြင်းပြင်းထန်ထန် ရှုံ့ချတယ်။ နောက်ပြီးတော့ အပြစ်ကျူးလွန်ရင် အပြစ်ကျူးလွန်တဲ့သူကိုပဲ အပြစ်ပေးရမယ်။ အပြစ်မရှိတဲ့သူကို လူမျိုးတူလို၊ ဘာသာတူလို့ ပြစ်ဒဏ်ပေးခံရတာကို လုံးဝ မလိုလားပါဘူး။

    ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံ နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာေ၇းအဖွဲ့ကြီးမှ တာဝန်ရှိသူ တဦးဖြစ်သူ ဟာဂျီဦးမြင့်ထွန်းနဲ့ M-Media ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

  • မျက်ဝန်းနုမှ ညိုးဒဏ်ရာ (M-Media Blog ကဏ္ဍ- ကဗျာ)

    မေ-၃၊၂၀၁၃
    ရေးသူ- O’laie Manzu

    11
    မေလ ၃၀ ရက်နေ့က အကြမ်းဖက်မီးရှို့ဖျက်ဆီးခံရသော ဥက္ကံမြို့အနီးဝိုက် ရွာတရွာမှ ဝမ်းနည်းပူဆွေးနေသည့် မိခင်နှင့် ကလေးငယ်တို့ မြင်ကွင်းဖြစ်ပါသည်။
    Photo AP

    မြန်မာမွတ်စလင်အရေးဟာ
    အပြည်ပြည်ဆိုင်ရာအဖွဲ့အစည်းတွေ
    ရှေ့ပြေးနိုင်ငံကြီးတွေအတွက်တော့
    ကမ္ဘာအရပ်ရပ်မှာ တွေ့မြင်နေကျလို
    လူတစ်စုရဲ့ သေကြေပျက်စီးမှုဖြစ်ပေမယ့်

    အပြစ်မဲ့ရင်သွေး
    သမီးငယ်လေးအတွက်တော့
    ကမ္ဘာပြိုနေသလိုဘဲ။

    ကံကိုလည်း မပုံချ …
    ယုံကြည်ချက်ကိုလည်း အပြစ်မတင် …

    ဒါပေမယ့် …
    သမီးငယ်နဲ့ သက်တူရွယ်တူလေးတွေ
    ပြာပုံပေါ်က သွေးစက်တွေကို
    မမြင်တွေ့စေချင်။

    အခုတော့ …
    သေရာပါ ဒဏ်ရာတွေ
    နှလုံးသားနုနုတွေပေါ်မှာ
    ကဗျည်းတင်ခံလိုက်ရပြီ။

    မျိုးဆက်တွေ … တစ်ဆက်ပြီး တစ်ဆက် …
    အလှည့်ကျဝေဒနာ လက်ဆင့်ကမ်းပေးလိုက်ရပြီ။

    မိဘမျက်ရည်
    သမီးငယ်ရဲ့ မျက်ဝန်းက စီးဆင်းနေရပြီ။

    လူစိတ်ကင်းမဲ့သူတွေအကြား
    ကြီးပျင်းရတဲ့ ရင်သွေးငယ်လေးတွေရဲ့ဘဝကို
    လူဆိုတဲ့ အသိစိတ်နဲ့ စာနာပေးခဲ့ကြရင်
    ပါးနုနုပေါ်က အပြုံးတွေ
    မျက်ရည်တွေအဖြစ် အရည်ပျော်ခဲ့မှာမဟုတ်ဘူး။

  • ရခိုင် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပေါ် သုံးသပ်ချက် (ဦးအောင်ထူး)

    ရခိုင် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေး ကော်မရှင် အစီရင်ခံစာ အပေါ် သုံးသပ်ချက် (ဦးအောင်ထူး)

    မေ-၃၊၂၀၁၃
    ဦးအောင်ထူး (ရှေ့နေ)

    ရခိုင်ပြည်နယ် ပဋိပက္ခများ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အမှန်တရားကို မဖေါ်ထုတ်။ ဥပဒေစိုးမိုးရေးအုတ်မြစ်ကို မချမှတ်။

    စကထဲက လွဲခဲ့သော ကော်မရှင်

    ကော်မရှင်က ထမ်းဆောင်ရမည့် အဓိကကျသော သုတေသနမေးခွန်း[1] နှင့် စပ်လျှဉ်း၍ စကထဲက လွဲခဲ့သည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ (၁၇) ရက်နေ့စွဲဖြင့် သမ္မတ ဦးသိန်းစိန်၏ တာဝန်ပေးစာတွင် “ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လအတွင်း၌ တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ ဖြစ်ပေါ်ခဲ့သည်။ အဆိုပါ ပဋိပက္ခ ဖြစ်ပွားမှုနှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန် နှင့် အမျိုးသား အကျိုးစီးပွား တိုးတက်ရေး အကြံပြုရန်အတွက် အောက်ဖေါ်ပြပါ ပုဂ္ဂိုလ် များပါဝင်သော စုံစမ်းစစ်ဆေးရေးကော်မရှင် ကို ဖွဲ့စည်းတာဝန်ပေးအပ် လိုက်ပါသည်။” ဟူ၍ ဖေါ်ပြထားခဲ့သည်။

    ၂၀၁၃ ခုနှစ် ဧပြီလ (၂၂) ရက်စွဲဖြင့် ကော်မရှင်၏ အစီရင်ခံစာထွက်လာပြီးနောက် ကော်မရှင်ဥက္ကဌ ဒေါက်တာမျိုးမြင့် လက်မှတ်ရေးထိုးထားသည့် ဥယျောဇဉ်တွင် ပထမဆုံးစာကြောင်း၌ “ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော လူမျိုးရေး ပဋိပက္ခများ၏ ဖြစ်ပွားရသည့် အကြောင်းရင်းများ နှင့် အနာဂါတ်တွင် ထို ပဋိပက္ခမျိုး ထပ်မံမဖြစ်ပွားစေရေး ကြိုတင် ကာကွယ်နိုင်ရန်နှင့် လုပ်ဆောင်ရမည့်အချက်များကို သိရှိနိုင်ရန်အတွက် စုံစမ်းစစ်ဆေးရေးကော်မရှင်ကို ဖွဲ့စည်းခဲ့ ပါသည်။” ဟူ၍ ဖေါ်ပြထားခဲ့သည်။

    သမ္မတ၏ တာဝန်ပေးစာ ပထမပိုင်းကို ချုပ်ပြီးကြည့်လျှင် “ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းရေး နှင့် ဥပဒေ စိုးမိုး ရေးကို ထိခိုက် ပျက်ပြားစေသည့် လူစုလူဝေးဖြင့် ဥပဒေမဲ့ဆောင်ရွက်မှုများ၊ တိုက်ခိုက်သတ်ဖြတ်မှုများ၊ ပဋိပက္ခ ဖြစ် ပွားမှုများ နှင့် စပ်လျှဉ်း၍ ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်ရေး စုံစမ်းစစ်ဆေးရန်” ဟူ၍တာဝန်ပေးအပ်ခြင်းဖြစ်သည်။ သို့ရာတွင် ကော်မရှင် ဥက္ကဌ၏ စာ ပထမ ပိုင်းအရမူ “ရခိုင်ပြည်နယ်အတွင်း လူမျိုးရေး ပဋိပက္ခများ ဖြစ်ပွားရသည့် အကြောင်းရင်းများကို စုံစမ်းစစ်ဆေးရန်” ဟူ၍ တာဝန်ကို ခံယူထားကြောင်း နားလည်နိုင်ပါသည်။

    သို့ဖြစ်၍ သုတေသန လုပ်ငန်း သဘောအရ စူးစိုက်လေ့လာ စုံစမ်းစစ်ဆေးရမည့် အကြောင်းရပ်တွင် ကော်မရှင်သည် စကထဲက လွဲနေကြောင်း တွေ့နိုင်သည်။ လူမျိုးရေးပဋိပက္ခ ကို မလေ့လာရဟု ဆိုလိုရင်း မဟုတ်ပါ။ ယင်း မှာနောက်ခံ အကြောင်းရပ်ဖြစ်သည်။ ဆက်စပ်လေ့လာ ဖေါ်ထုတ်ဘို့လိုပါမည်။ သို့ရာတွင် သမ္မတ၏တာဝန်ပေးစာအရမူ စူးစိုက် လေ့လာရမည့် သုတေသန မေးခွန်း၏ အချိန်ကာလ အ၀န်းအ၀ိုင်းဖြစ်သည့်၂၀၁၂ ခုနှစ် မေလနှင့် ဇွန်လ အတွင်း၌ ပဋိပက္ခ ဖြစ်ပွားသည့် လတ်တလောအကြောင်းရပ်[2] ကို အဓိကလေ့လာရပါမည်။

    လတ်တလောအကြောင်းရပ်များကို အဓိကထား စုံစမ်းစစ်ဆေးခြင်း မပြုခဲ့သည့် ကော်မရှင်။

    ရခိုင်ပြည်နယ်တွင် ၂၀၁၂ ခုနှစ် မေ နှင့် ဇွန်လများ အတွင်း ဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက် ပြားကာ ပဋိပက္ခများ ဖြစ်ပေါ်စေခဲ့သည့် လတ်တလော အကြောင်းမှာ နှစ်ရပ်မှာ ကျောက်နီမော် လူသတ်မှု နှင့် တောင်ကုတ်လူသတ်မှုတို့ ဖြစ်သည်။ ယင်းတို့သည် ပြင်းထန်လှသည့် အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ်ဖြစ်ခဲ့သည်။ ဤစနက်တန်များကို ဖြုတ်သူများ ကိုယ်တိုင်သည်သာ ပြစ်မှု ကျူးလွန်သူများဖြစ်သလား။ သို့မဟုတ် စနက်တန်ဖြုတ် သူများအား နောက်ကွယ်က အင်အားစုတစုံတရာက စနစ် တကျ စီစဉ် အမိန့်ပေးညွှန်ကြားမှု ရှိသလား။ ကော်မရှင် သည် လတ်တလော အကြောင်းအား တိတိကျကျ လေ့လာ စုံစမ်း စစ်ဆေးကာ အမှန်တရားကို ဖေါ်ထုတ်ရန် တာဝန်ရှိ သည်။ ကော်မရှင်သည် ယင်းတာဝန်ကို ထမ်းဆောင်ခဲ့ခြင်းမရှိသဖြင့် အမှန်တရားကို မဖေါ်ထုတ်နိုင်ခဲ့ပါ။

    ကော်မရှင်၏ အစီရင်ခံစာ၌ ပဋိပက္ခများဖြစ်ပွားရသည့် နောက်ခံအကြောင်းကို စာမျက်နှာ (၁၂) မျက်နှာ တင်ပြခဲ့ သည်။ ယင်းသို့ဖြစ်လျှင် ပို၍ အရေးတကြီးထားကာ အဓိကလေ့လာရမည့် လတ်တလောအကြောင်းကို အနည်းဆုံး နှစ်ဆ၊ (၂၄) မျက်နှာခန့် တင်ပြ သင့်သည်။ သို့ရာတွင် စကထဲက လွဲခဲ့သောကော်မရှင်၏ အစီရင်ခံစာရှည်ကြီးတွင် ကျမ်းကိုးများ၊ နောက်ဆက်တွဲများပါ ထည့် သွင်းတွက်ချက်ပါက စုစုပေါင်း ၁၈၅ မျက်နှာရှိသော်လည်း လတ်တလော အကြောင် ၏ ကြောရိုး ပြစ်မှုကြီး နှစ်ရပ် နှင့် စပ်လျှဉ်း၍မူ စာတမျက်နှာခန့်သာ ဖေါ်ပြနိုင်ခဲ့သည်။[3] ပထမ ပြစ်မှုကြီး အတွက်မူ စာကြောင်း တကြောင်းမျှသာ ဖေါ်ပြခဲ့သည်။

    ဥပဒေစိုးမိုးရေး၏ အခြေခံအကျဆုံးအနေဖြင့် ပြစ်မှုကျူးလွန်သူအား အပြစ်ပေးနိုင်ရေးကိုပင် ထိထိရောက်ရောက် မဆောင်ရွက်ခဲ့သော ကော်မရှင်။

    ပြစ်မှုကျူးလွန်သူများအား အရေးယူရန် အစီရင်ခံစာတွင် ဖေါ်ပြထားမှု မရှိသည့်အပေါ် ကုလသမဂ္ဂလူ့အခွင့်အရေး အထူးကိုယ်စားလှယ် မစ္စတာကင်တားနားက ထောက်ပြသောအခါ ကော်မရှင် အတွင်းရေးမှုး ဒေါက်တာ ကျော်ရင်လှိုင် က ၂၀၁၃ ခုနှစ် မေလ (၃) ရက်နေ့နံက် ဘီဘီစီ နှင့်အင်တာဗျူးတွင် “ ကျွန်တော်တို့အင်တာဗျူးတွေလုပ်ပါတယ်။ ဒါပေမယ့် တကယ့်ကို သက်သေ သက္ကာယ နဲ့ ခိုင်ခိုင်မာမာ ပြနိုင်တာက အားနည်းတယ်။ သက်သေ သက္ကာယ အရ ဒီမှာ ဒါဖြစ်ခဲ့တယ် ဆိုတာရှိခဲ့ရင် အဲဒါကို ကျွန်တော်တို့ပြောပါတယ်။ ဒါပေမယ့် အကြားလောက်ဘဲ အမြင်လောက်ဘဲ ပြောပြီးတော့  Circumstantial Evidence မရှိတာတွေ ပြောလာရင် ကျွန်တော်တို့အကြံပြုနိုင်တာက  ဥပဒေနဲ့ အညီ လုပ်ဘို့ အသေအချာ ဂရုပြုရမယ် ဆိုတဲ့အဆင့်လောက်ပါဘဲ။” ဟူ၍ ပြောကြားသွားခဲ့သည်။

    ဥပဒေ နှင့်အညီလုပ်ဘို့ အသေအချာ ဂရုပြုရမယ်ဟုပြောခဲ့သော ကော်မရှင် အတွင်းရေးမှုးကြီး ကိုယ်တိုင်က ပြည် တွင်းတွင် ကျင့်သုံးလျှက်ရှိသော သက်သေခံ ဥပဒေကို မသိသောအခါ ပြသနာ တက်လာသည်။ သက်သေခံ ဥပဒေ ပုဒ်မ (၅၉) အရ “စာတမ်း အမှတ်အသားများ၏ အနှစ်သာရများမှလွဲ၍ အချက်အလက်များအားလုံးကို နှုတ်သက်သေခံ ချက်ဖြင့် သက်သေပြရမည်။” ဟု လည်းကောင်း၊ ပုဒ်မ (၆၀) အရု“နှုတ်သက်သေခံချက် သည် တိုက်ရိုက်ဖြစ်စေ ရမည်။” ဟု လည်းကောင်း ပြဌာန်းထားသည်။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် တဆင့်ကြား[4] မဟုတ်ဘဲ ကိုယ်တိုင်ကြား၊ ကိုယ်တိုင်မြင်သူများ၏ သက်သေခံချက်ကို Circumstantial Evidence ဟုခေါ်သော ပတ်ဝန်းကျင်သက်သေခံချက် ထက် ပိုမို တန်ဘိုးထား၍ တရားရုံးများက လက်ခံကြရသည်။ ကော်မရှင် အတွင်းရေးမှုးကြီးသည် အဘယ်ကြောင့် ပြောင်းပြန်ပြောနေပါသနည်း။ ပြစ်မှုဆိုင်ရာ မှုခင်းများတွင် မည်သည့်သက်သေခံချက်ကို မည်သို့ မည်ပုံ လက်ခံ သုံးသပ်ရမည်ဟုပင် နားမလည်ပါက ကော်မရှင်သည် အမှန်တရားပေါ်အောင် မည်သို့ စုံစမ်းစစ်ဆေးပါမည်နည်း။

    အစိုးရအာဏာပိုင်များ ပါဝင်ပတ်သက် ကျူးလွန်မှုရှိမရှိ၊ လူ့အခွင့်အရေးလေ့လာစောင့်ကြည့်ရေး အဖွဲ့ နှင့် မစ္စတာ ကင်တားနားတို့ပြောတာ မမှန်ဘူးလား ဟူသောမေးခွန်းကို ကော်မရှင်အတွင်းရေးမှုး က “ ဒီလိုမျိုး အကြောင်းအရာ တွေကို စစ်ဆေးဘို့ဆိုရင် အခုရတဲ့ အချိန်လောက်နဲ့မလုံလောက်ဘူး။ အကြာကြီး ပြန်လုပ်ရမှာ။” ဟု ဖြေ ခဲ့သည်။

    စင်စစ်အားဖြင့်မူ အချိန်သည်လိုသည်ထက်ပင်ပိုပါသေးသည်။ ၂၀၁၂ ခုနှစ် သြဂုတ်လ(၁၈) ရက်နေ့တွင် စတင်တာဝန် ထမ်းဆောင်ခဲ့သော ကော်မရှင်သည် ၂၀၁၃ ခုနှစ် ဧပြီလ၂၁ ရက်နေ့အထိ စုစုပေါင်းအချိန် ရှစ်လ နှင့် သုံးရက် ရခဲ့ သည်။ အဓိကရုဏ်းကြီးအား ဖေါက်ခွဲခဲ့သည့် စနက်တန်များ သဘွယ် အရေးကြီးလှသည့် ပြစ်မှုကြီး နှစ်ခုအား အဓိက ထား၍စုံစမ်းဖေါ်ထုတ်မှု မပြုခဲ့ဘဲ သမိုင်းကြောင်းများအပေါ်တွင်လည်းကောင်း၊ ပြစ်မှုဖြစ်ပွားပြီးနောက် အကျိုး သက် ရောက်မှုများ အပေါ်တွင်လည်းကောင်း လိုအပ်သည်ထက် ပိုမိုအချိန်ယူခဲ့ခြင်းကြောင့်သာ အချိန်ပြသနာပေါ်ခဲ့ရသည်။

    ဥပဒေစိုးမိုးရေး၏ ၀င်ရိုးဖြစ်သော တရားစီရင်ရေးနှင့် စပ်လျှဉ်း၍ လေ့လာစုံစမ်းဖေါ်ထုတ်ခြင်း မပြုခဲ့သဖြင့် အမှန်တရားကို ပျောက်ဆုံးစေ ခဲ့သည့် ကော်မရှင်။

    ပထမ အမှုတွင် ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်၍ ပြစ်မှုကျူး လွန်ကြောင်း စွပ်စွဲခံရသူသုံးဦးအနက် တဦးမှာ အချုပ်ခန်းထဲ တွင် ကြိုးဆွဲချသေသွားခဲ့ကြောင်း သိရသည်။ မှုခင်းတွင် နောက်ကွယ် က ကြိုးကိုင်စီစဉ်သူများ အား မဖေါ်ထုတ်နိုင်စေရန် နှုတ်ပိတ်လိုက်ခြင်းများဖြစ်သလား။ စုံစမ်းစစ်ဆေးဖေါ်ထုတ်ခွင့်ရပါ လျှက် ကော်မရှင်သည် မည်သို့ မျှ မဆောင်ရွက်ခဲ့။ ရခိုင်အမျိုး သမီးကလေးအား မုဒိန်းကျင့်သတ်ဖြတ်သူ မည်သူ့ကို မဆိုအရေးယူအပြစ် ပေးရပါမည်။ သို့ရာတွင်တရားခံ များဘက်တွင် ခုခံထုခြေခွင့် အပြည့်အ၀ရှိဘို့လိုသည်။ ဤမျှ ကြီးမားလှသော လူ သတ်မှုကြီးအား အလွန်တိုတောင်း လှသည့် ရက်သတ္တသုံးပတ်မျှ အတွင်း ရုံးတင်စစ်ဆေးပြီး ကျန်တရားခံ နှစ်ဦးအပေါ် သေဒဏ်ချမှတ်ခဲ့သည် ဆိုသည်မှာ မြန်မာနိုင်ငံတရားစီရင်ရေး သမိုင်းတွင် မကြားမိဘူးခဲ့။ ကျန်သူနှစ်ဦးကိုပါ ထပ်မံ နုတ်ပိတ်လို၍လား သံသယဖြစ်ဖွယ်ပင်။

    ဒုတိယ အမှုတွင် လူ (၁၀) ဦးအား ပေါ်ပေါ်ထင်ထင် တပြိုင်နက် သတ်ဖြတ်ပစ်သည်အထိ ပြစ်မှုကျူးလွန်ကြသူ များ သည် မည်သူတို့နည်း။ ဤမျှကြီးမားလှသော ပြစ်မှုကြီးကို နောက်ကွယ်မှနေ၍ ကြိုးကိုင်စီစဉ်၊ သို့မဟုတ် ဖုံးအုပ်ကာ ကွယ်ပေးထားသော အဖွဲ့အစည်းများရှိလျှင် မည်သည်တို့နည်း။ တိတိကျကျဖေါ်ထုတ်ရန် ကော်မရှင်တွင် တာဝန်ရှိ သည်။ မဖေါ်ထုတ်ခဲ့။ အပြစ်ပေး အရေးယူရန် မတောင်းဆိုခဲ့။ တရားစီရင်ရေးပိုင်းအရ အားနည်းချက်တွေ ရှိသည် ဆိုလျှင်လည်း လွတ်လပ်၊ ဘက်မလိုက်၊ အားကောင်း ထက်မြက်သော တရားစီရင်ရေး စနစ်ပေါ်ပေါက် လာရေး အတွက် မည်သည့် အဆိုပြုမှုမျှ မတင်သွင်းခဲ့။ ကော်မရှင်ကိုယ်တိုင်က ဥပဒေစိုးမိုးရေး၏ မရှိမဖြစ် အရေးပါလှ သည့် အခြေခံများကို ဥပက္ခာပြုထားသောအခါ နောက်ထပ် အလားတူပြစ်မှုကြီးများ ကျူးလွန်မှု မရှိစေရန် မည်သို့ ကာကွယ် တားဆီးမည်နည်း။

    အစိုးရ၏ တာဝန်ရှိမှုကို ပြတ်ပြတ်သားသားဖေါ်ထုတ်တင်ပြမှုမပြုခဲ့သည့် ကော်မရှင်။

    မည်သည့်နိုင်ငံတွင်မဆို အစိုးရတိုင်း၏ အခြေခံအကျဆုံးတာဝန်သည် ပြည်သူလူထု၏ လုံခြုံမှုကို ကာကွယ် စောင့် ရှောက်ရန်ဖြစ်သည်။ ကော်မရှင်၏ အစီရင်ခံစာအရပေါ်လွင်သည်မှာ ပဋိပက္ခဖြစ်စဉ်များအတွင်း တိုက်ရိုက်အမိန့်ပေး ကိုင်တွယ်သူမှာ အဓိကအားဖြင့် ဒေသဆိုင်ရာ အာဏာပိုင်များ မဟုတ်၊ နေပြည်တော်မှ ဗဟိုအစိုးရဖြစ်သည်။ကော်မရှင် ၏အစီရင်ခံစာ စာမျက်နှာ ၈၇ တွင် “နစက သည် ကက (ကြည်း) ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်တွင် ရှိနေကြောင်းနှင့် လုံခြုံရေး အဖွဲ့အစည်းများသည် သက်ဆိုင်ရာ ၀န်ကြီးဌာနများ၏ အမိန့်ကိုသာနာခံရပြီး ဒေသဆိုင်ရာ အုပ်ချုပ်ရေး ဆောင်ရွက်သူများ၏ အမိန့်ကို နာခံနိုင်ခြင်း မရှိသည်ကို တွေ့ရှိရကြောင်း” အတိအလင်း ဖေါ်ပြထားသည်။ ဤတွင် ကော်မရှင်သည် ကောင်းမွန်သောလွှမ်းမိုးအုပ်ချုပ်မှု[5] ကို ကျင့်သုံးသည့် နိုင်ငံတကာ အစဉ်အလာ[6] အရ အမိန့်ပေး ခြင်းအရတာဝန်ရှိမှု[7] ကို ဖေါ်ထုတ်ရပါမည်။

    မျက်စိရှေ့မှောက်တွင် ပြစ်မှုကြီးများ ကျူးလွန်ဖြစ်ပွားနေကြောင်း တွေ့ရ ပါလျှက် လုံခြုံရေး အဖွဲ့အစည်းများသည် ချက်ခြင်း အရေးယူဆောင်ရွက်မှုမပြုဘဲ ရပ် ကြည့်နေ ခဲ့ကြသည်ကို ရခိုင်ပဋိပက္ခများ အတွင်း စတင်တွေ့မြင်ခဲ့ရပြီး နောက်ပိုင်းတွင် တပြည်လုံးသို့ပြန့်လာနေပြီ ဖြစ်သည်။ ယင်းအတွက် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအရ ထိပ်ဆုံးတွင် တိုင်း ပြည်အာဏာကို ချုပ်ကိုင်ထားသော အမျိုးသားကာကွယ် ရေးနှင့် လုံခြုံရေးကောင်စီ နှင့် ဦးသိန်းစိန် ဦးဆောင် သည့် ပြည်ထောင်စုအစိုးရတွင် အဓိကတာဝန်ရှိသည်။ ကော်မရှင် က ရခိုင်ပဋိပက္ခများ အတွင်း အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို စနစ်တကျတိတိကျကျ မဖေါ်ထုတ်ခဲ့ခြင်း အားဖြင့် ကာလုံ နှင့် နေပြည်တော် အစိုးရကို အကာ အကွယ် ပေး ရာရောက်သည်။ တပြည်လုံးတွင် ပြစ်မှုကြီးများ တောက်လျှောက် ဖြစ်ပွား ကျူး လွန်နေရာ၌ ကာလုံနှင့် နေပြည်တော် အစိုးရ၏တာဝန်ရှိမှုကို ဆက်လက်ဖုံးကွယ်ထားနိုင်သည့် အုတ်မြစ်အားကော်မရှင် က ချပေးလိုက်ရာရောက်သည်။

    နိဂုံးချုပ် သုံးသပ်ချက်

    ကော်မရှင်၏ အစီရင်ခံစာတွင် လေ့လာအသုံးချသင့်သော အကြောင်းအရာများလည်းပါရှိသည်။ သို့ရာတွင် စာမျက်နှာ ၂၂ ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခဖြစ်ပွားရသည့် အကြောင်းရင်းများ ဟူသော ခေါင်းစဉ်အောက်တွင် သုံးသပ်ချက် အများစုကြီးမှာ ထင်မြင်ချက် များကို စုစည်းဖေါ်ပြချက်များ ကဲ့သို့ ဖြစ်နေသည်။ တိတိကျကျ အဖြေရှာမှု မတွေ့ရ။ မည်သည့် အမှန်တရားကိုမျှ ပြတ်သားစွာ ဖေါ်ထုတ်ပြမထားပါ။

    ကော်မရှင်သည် ဥပဒေစိုးမိုးရေး၏ အရေးပါလှသည့်အခြေခံများကို မထောက်ပြ၊ အစိုးရ၏ အမိန့်ပေးခြင်းအရ တာဝန် ရှိမှုကို မဖေါ်ထုတ်၊ လွတ်လပ် ဘက်မလိုက် အားကောင်းပြီး လူ့အခွင့်အရေးနှင့် ဥပဒေစိုးမိုးရေးကို လေးစားလိုက်နာ သည့် တိုင်းပြည်လုံခြုံရေး အဖွဲ့အစည်း[8] များ အဖြစ် အသွင် ပြောင်းလဲ ဖွဲ့စည်းရေးကို တွန်းအားမပေး၊ ပြစ်မှုကြီးများ ဖြစ်ပွားသည့်အခါတိုင်း မျှတသော  တရားစီရင်စစ်ဆေးမှု[9] အခြေခံ တွင် တရားရုံးများအား အားကိုးဖြေရှင်းနိုင်ကြစေ ရေး မီးမောင်းထိုးမပြခဲ့။ ယင်းတို့အစား တာဝန်ခံမှု မရှိသော ကာလုံ၏ တိုက်ရိုက်ကွပ်ကဲမှုအောက်ရှိ တလက်ကိုင် လုံခြုံရေး အဖွဲ့ အစည်းများအား အင်အားနှစ်ဆတိုးကာ ရခိုင်ပြည်နယ်တွင် ထပ်မံချထားရန်ကိုသာ အဓိကအားဖြင့် တွန်းအားပေးလျှက်ရှိသဖြင့် ရေရှည်တွင် ရခိုင်ပြည်နယ်တွင် သာမက ပြည်ထောင်စု တ၀ှမ်းလုံးမှာပင် သေနတ်ကို ဒူး ထောက်ရှစ်ခိုး၊ သေနတ်အောက်တွင်ပင် အသက်ရှင်ခိုလှုံရမည့် ဘ၀သို့ လူထုကြီး တရပ် လုံးကျဆင်းစေအောင် ပြု လုပ်လိုက်သကဲ့သို့ဖြစ်သည်။

    ဦးအောင်ထူး (ရှေ့နေ)
    ဥပဒေအထောက်အကူပြုကွန်ယက် တည်ထောင်သူ
    တယ်လီဖုံး၊ (၄၆) (၀) ၇၆ ၁၁၅၆ ၂၁၅
    ရက်စွဲ၊ မေလ (၃) ရက် ၂၀၁၃ ခုနှစ်

    [1] Major research question
    [2] Immediate cause
    [3] ကော်မရှင်၏ အစီရင်ခံစာ စာမျက်နှာ ၁၃၊ ၁၄
    [4] Hearsay
    [5] Good governance
    [6] International practice
    [7] Command responsibility
    [8] State institutions for security
    [9] Fair Trial

  • ခင်ဗျားတို့ ခံစားဖူးသလား (M-Media Blog ကဏ္ဍ- ကဗျာ)

    မေ-၄၊၂၀၁၃
    ရေးသူ-Ree Na

    2
    Photo from- ကင်မရာနောက်ကလူ FB

    ခင်ဗျားတို့ ခံစားဖူးသလား
    တသက်လုံး ရှာထားသမျှတွေ မီးလောင်ပြင်မှာ လောင်ကျွမ်းနေတာကို မျက်ရည်စက်လက်နဲ့ ထိုင်ကြည့်နေရတဲ့ ခံစားချက်ကို

    ခင်ဗျားတို့ ခံစားဖူးသလား
    လင်သေ သားသေ တဲ့ မပဋာတွေရဲ့ မြေလူးရတဲ့ အဖြစ်မျိုးကို

    ခင်ဗျားတို့ ခံစားဖူးသလား
    ကိုယ့်ထမင်းကိုယ်ရှာစားနေရာကနေ သူများလာကျွေးမယ့် ထမင်းထုပ်ကို စောင့်မျှော်ရတဲ့ ခံစားချက်ကို

    ခင်ဗျားတို့ ခံစားဖူးသလား
    ဒီမှာမွေး ဒီမှာကြီးပြီး ဒီနိုင်ငံအတွက် အလုပ်လုပ်နေရင်းကနေ မင်းတို့ဟာ ဧည့်သည်ပါလို့ အပြောခံရတဲ့ အဖြစ်ကို

    ခင်ဗျားတို့ ခံစားဖူးသလား
    ယုံကြည်သက်ဝင်မှုတွေရဲ့ အထွဋ်အမြတ်တွေကို ဖျက်ဆီးခံရတဲ့အခါ ရင်ဘတ်တွေ အောင့်လာတဲ့ထိ ၀မ်းနည်းရတဲ့ သက်ဝင်သူတွေရဲ့ အဖြစ်ကို

    ခင်ဗျားတို့ ခံစားဖူးသလား
    ဘာဖြစ်လို့ ဖြစ်သွားမှန်း မသိလိုက်ခင်မှာ ရုပ် နဲ့ နာမ် တွဲရက်မရှိတော့ရတဲ့ အဖြစ်တွေကို …။

    ခင်ဗျားတို့ ခံစားဖူးသလား
    သူငယ်တန်းဘ၀ကနေ အလုပ်ခွင်ထဲ ၀င်တဲ့အထိ ဘယ်လောက်ပဲ ကြိုးစားကြိုးစား ဘယ်လောက်ပဲ တော်တော် အများနဲ့မတူသလို ခွဲခြားခံရတဲ့ အဖြစ်တွေကို

    ခင်ဗျားတို့ ခံစားဖူးသလား
    သားကို စိတ်မပူပါနဲ့ လို့ ပြောပြီး သေသွားတဲ့ ကလေးလေးအတွက် ဖြေဆည်ရာမရတဲ့ ကလေးအမေရဲ့ အဖြစ်ကို

    ခင်ဗျားတို့ ခံစားဖူးသလား
    ဘာအပြစ်မှ မရှိပါပဲ လက်နှစ်ဖက် ခေါင်းပေါ်တင်လို့ မျက်နှာအောက်ချပြီး ခေါင်းငုံ့ကာ ကိုယ့်မြို့ကနေကိုယ် ထွက်ခွာနေတာတောင်မှ ဆဲဆိုပြီး ခဲနဲ့ လှမ်းပစ်ခံရတဲ့ အဖြစ်တွေကို

    တခုလောက်ပဲ လူပီပီသသ ၀င်ခံစားကြည့် … ခင်ဗျားတို့ ရေးနေတဲ့ သတ်ပစ်ကွာ ချပလိုက် ဆိုတဲ့ အကုန် မီးရှို့ပစ်ရမှာဆိုတဲ့ စာလုံးတွေအတွက် ရှက်တတ်လာလိမ့်မယ်။

  • နိုင်ငံတစ်နိုင်ငံ၏ အဆင့်

    မေ-၄၊၂၀၁၃
    M-Media
    ရေးသူ —– အလိမ္မာရဲ့ချိန်ဘာ

    181893_124526394375257_537052271_n

    နိုင်ငံတကာအသိုင်းအဝိုင်းတွင် နိုင်ငံတိုင်းနိုင်ငံတိုင်း၏အဆင့်အတန်းကို ပေတံ တခုဖြင့်တိုင်းတာ၍ အခြေခံပြီးသတ်မှတ်ထားပါသည် ။ ထိုအရာမှာ အခြားမဟုတ်ပါ လူ့အခွင့်ရေးဆိုသော ပေတံကြီးဖြစ်ပါသည်။ လူ့အခွင့်ရေးကို မည်မျှလေးစားသည် မည်မျှကာကွယ်ပေးသည် မည်မျှဖော်ဆောင်ပေးသည် ဆိုသော အချက်များသည် နိုင်ငံတကာအသိုင်းအဝိုင်း အလယ်တွင် နိုင်ငံတနိုင်ငံ၏ အဆင့်အတန်းပင်ဖြစ်ပေသည်။ လူသားတိုင်း၏လူ့အခွင့်ရေး ကိုတန်ဖိုးထားမြတ်နိုးပြီး ကာကွယ်ပေးရမည်မှာ လူသားတိုင်း၏ တာဝန်ဖြစ်သလို ၊ နိုင်ငံ၏ အစိုးရများကလဲ လေးစား ကာကွယ်ပေးရမည်မှာ မလွဲမသေ ဖြစ်ပါသည်။ လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားခြင်းသည် လူသားထုတရပ်လုံးကို ဂုဏ်ပေးလေးစားခြင်းမည်ပေသည်။ လူ့အခွင့်အရေးကို တန်ဖိုးထား လေးစားမှု မရှိခြင်းသည် လူသားထု တရပ်လုံး၏ ဂုဏ်သိက္ခာကို အသိမှတ်မပြုခြင်းပင်ဖြစ်ပေသည် ။လူ့အခွင့်ရေးကို တန်ဖိုးထားလေးစားမှု မရှိသည့်နိုင်ငံသည် နိုင်ငံတကာတွေ့ဆုံပွဲများတွင် အလွန်တရာ ဂုဏ်သိက္ခာ ကျဆင်းသည့်အသွင်ဖြင့် ဆက်ဆံခံရသည်မှာ ရှက်ဖွယ်လိလိပင်ဖြစ်ပါသည်။

    အပြည်ပြည်ဆိုင်ရာလူ့အခွင့်အရေး ကြေငြာစာတမ်း ၏
    အပိုဒ် ၁ တွင် ”လူတိုင်းလွတ်လပ်မှု့ ရှိပြီး တန်းတူညီမှု ရှိသည်”ဟု ဖော်ပြထားသည် ။
    အပိုဒ် ၂ တွင် ”အသားအရောင်၊ လိင် ၊ကိုးကွယ်သည့်ဘာသာ ၊ဘာသာစကား တို့ကြောင့် ခွဲခြားမှူ့မရှိစေရ။”ဟုဖော်ပြထားပါသည်။
    အပိုဒ် ၃ တွင်”လူတိုင်းတွင် အသက်ရှင်ခွင့် ၊လွတ်လပ်ခွင့်၊ လုံခြုံခွင့်ရှိသည်။”ဟုပြဌာန်းထားပါသည်။
    အပိုဒ် ၉ တွင် ”မည်သူကိုမှ မတရားဖမ်းဆီးခြင်း တိုင်းပြည်မှနှင်ထုတ်ခြင်း မပြုရ ”ဟုဖော်ပြထားပါသည်။
    အပိုဒ် ၁၀ တွင်”လူတိုင်း တရားမျှတ၍ လူအများကြားနာနိုင်သော တရားစီရင်မှု ကိုခံစားပိုင်ခွင့်ရှိသည်”ဟုဖော်ပြထားပါသည်။
    အပိုဒ် ၁၃ တွင်လဲ ”’လူတိုင်း မိမိတိုင်းပြည်အတွင်း လွတ်လပ်စွာ လှုပ်ရှားသွားလာခွင့်ရှိသည်။”ဟု သတ်မှတ်ထားပြန်သည်။

    ကျနော်တို့မြန်မာနိုင်ငံရဲ့ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေမှာလည်း အထက်ပါအချက်များပေါ် အခြေခံထားသည့် အချက်လက်များစွာရှိပါသည် ။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း ၈ တွင်ဖော်ပြထားပါသည်။

    မြန်မာနိုင်ငံရဲ့ ပြစ်မှူ့ဆိုင်ရာဥပဒေ ပုဒ်မ ၁၅၃ (က) တွင် ”မည်သူမဆို နှုတ်ဖြင့်ဖြစ်စေ စာဖြင့်ဖြစ်စေ အမှတ်သားဖြင့်ဖြစ်စေ ထင်ရှားသော ပုံသဏ္ဌာန်ဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ ပြည်ထောင်စုမြန်မာနိုင်ငံတွင် နေထိုင်သူ အမျိုးစားတခုနှင့်တခု ရန်ငြိုး စိတ်ထားစေရန်သော် လည်းကောင်း မုန်းတီး စိတ်ထားအောင်သော် လည်းကောင်း အားပေးအားမြှောက် ပြုလျှင် သို့တည်းမဟုတ် ထိုသို့အားပေးအားမြှောက် ပြုရန်အားထုတ်လျှင်ထိုသူကို (၂) နှစ်ထိထောင်ဒဏ် တမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ်၂ ရပ်လုံးဖြစ်စေ ချမှတ်နိုင်သည်ဟု ပြဌာန်း ထားပါသည်။ ထိုပုဒ်မအတိုင်း မြန်မာနိုင်ငံတွင် အရေးယူမှု လည်းရှိခဲ့ဖူးပါသည် ။ [ ကြည့် —- ဦးဓမ္မပါလနှင့် အစိုးရ အတွဲ ဘားမားလောတိုင်း ၈၄ အမှုတွင်]

    မြန်မာနိုင်ငံအနှံ့အပြားတွင် ယခုအခါ အစ္စလာမ်ဘာသာဝင်များနှင့် ပက်သက်ပြီး မဟုတ်တမ်းတရားဝါဒဖြန့်နေသော သင်္ဃန်းအရေခြုံ များ က အစ္စလာမ်ဘာသာဝင်များနှင့် ဗုဒ္ဓဘာသာဝင်တို့အချင်းချင်း ရန်ငြိုးစိတ်ထားစေရန်သော် လည်းကောင်း မုန်းတီး စိတ်ထားအောင်သော် လည်းကောင်း အားပေးအားမြှောက် ပြုနေကြသည်ကို မြန်မာအစိုးရမှ သိသိကြီးနှင့် အရေးမယူခြင်းမှာ လူ့အခွင့်ရေးချိုးဖောက်မှူ့ပင်ဖြစ်ပါသည်။ ထို့အပြင် ပြည်သူများကလဲ ထို သင်္ဃန်းအရေခြုံ များအား ဝေဖန်ပြစ်တင်မှု မပြုလုပ်ကြခြင်းသည်လည်း အစိုးရ၏ အစ္စလာမ်ဘာသာဝင်များနှင့် ပတ်သက်ပြီး လူ့အခွင့်ရေးချိုးဖောက်မှု့ကို အားပေးအားမြှောက်ပြုနေခြင်းပင်ဖြစ်ပါသည်။ ထိုကဲ့သို့ လူ့အခွင့်ရေးချိုးဖောက်မှူ့ကို မြန်မာနိုင်ငံမှာ ဆက်ရှိနေသမျှ မြန်မာအစိုးရအနေဖြင့် နိုင်ငံတကာတွင် အဆင့်အတန်း နှိမ့်ကျနေမည်မှာ မလွဲဧကန်ပါ။ လူ့အခွင့်ရေး ချိုးဖောက်မှုကို မြန်မာနိုင်ငံမှာ ဆက်ရှိနေသမျှ မြန်မာ လူမျိုးများသည် နိုင်ငံတကာရဲ့ ကျွန်ဘဝမှ လွတ်မြှောက်မှု မရနိုင်သလို မြန်မာခေါင်းဆောင်များသည်လည်း နိုင်ငံတကာမှာ လှည်ပတ် လက်ဖြန့်မှုမှ လွတ်ကင်းနိုင်မည်မဟုတ်ပေ။

    မိမိနိုင်ငံ၏ အဆင့်တန်းကို နိုင်ငံတကာမှာ မြင့်မားစေချင်တယ်ဆိုရင် နိုင်ငံတော် အစိုးရနှင့် နိုင်ငံသားအားလုံးက လူ့အခွင့်ရေး ကိုတန်ဖိုးထားမြတ်နိုးပြီး ကာကွယ်ပေးရပေမည် ။ ထိုကဲ့သို့မဟုတ်ပါလျှင် ကျနော်တို့မြန်မာနိုင်ငံကြီး သည် မျောက်ပြဆန်တောင်း ဘဝဖြင့်သာရှိနေပြီး နိုင်ငံတကာအသိုင်းဝိုင်းတွင် ရိုသေလေးစားစွာဖြင့် ဆက်ဆံခံရမှူ့ကို မည်သို့မှမျှော်လင့်၍ ရနိုင်တော့မည်မဟုတ်ဘဲ ဗိုလ်ချုပ်အောင်ဆန်း ပြောသွားတဲ့ နိုင်ငံမျိုးဖြင့်သာ နိုင်ငံတကာမှာ ဆက်၍ပင် ရပ်တည်မြဲရပ်တည်ကာ ခရီးရှည်ကြီးကို ပျော်ပျော်ပါးပါးကြီး ချီတက်ကြပေပါတော့ ခင်ဗျား။