News @ M-Media

Blog

  • လ၏ တောင်၀င်ရိုးစွန်းမှ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည့် တရုတ်

    လ၏ တောင်၀င်ရိုးစွန်းမှ အောင်မြင်စွာ ပြန်လာနိုင်ခဲ့သည့် တရုတ်

    ဇွန် ၂၅၊ ၂၀၂၄
    M-Media 

    (ဓာတ်ပုံ – လ၏ အမှောင်ဘက်ခြမ်းတွင် တွေ့ရသည့် တရုတ် စူးစမ်းလေ့လာရေးယာဥ်)

    -လရဲ့တောင်၀င်ရိုးစွန်းမှာ စူးစမ်းလေ့လာရေး လုပ်ခဲ့တဲ့ တရုတ်ဂြိုဟ်တု Chang’e 6 က လစူးစမ်းရေးယာဥ်ဟာ ဇွန်လ ၂၅ ရက်နေ့မှာ ကမ္ဘာကို အောင်မြင်စွာ ဆင်းသက်နိုင်ခဲ့ပါတယ်။ 

    တရုတ်ဟာ ကမ္ဘာကနေ မမြင်ရတဲ့ လရဲ့အမှောက်ဘက်ခြမ်းကို ပထမဆုံး စူးစမ်းလေ့လာရေးလုပ်နိုင်တဲ့ နိုင်ငံအဖြစ် သမိုင်းရေးထိုးနိုင်ခဲ့ပါတယ်။ 

    Chang’e 6 ဂြိုဟ်တုရဲ့ လစူးစမ်းရေးယာဥ်ဟာ နှစ်သန်းပေါင်း ၂ ဒဿမ ၅ သန်း သက်တမ်းရှိပြီဖြစ်တဲ့ ကျောက်တွေ၊ မြေနမူနာတွေကို ကမ္ဘာပေါ် သယ်ဆောင်လာခဲ့ပါတယ်။ 

    သိပ္ပံပညာရှင်တွေဟာ ဒီကျောက်တုံးကျောက်ခဲတွေကို စူးစမ်းပြီး လရဲ့ အလင်းဘက်ခြမ်းနဲ့ အမှောင်ဘက်ခြမ်းမှာရှိနေတဲ့ ပထ၀ီ အနေအထားတွေကို နှိုင်းယှဥ်လေ့လာမှာ ဖြစ်ပါတယ်။ 

    လရဲ့ အလင်းဘက်ခြမ်းဟာ ကမ္ဘာကမြင်ရတဲ့ဘက် ဖြစ်ပြီး အမှောင်ဘက်ခြမ်းကတော့ အာကာသအတွင်းပိုင်းကို မျက်နှာမူနေတဲ့ဘက် ဖြစ်ပါတယ်။ 

    Ref: CNN

  • ဟားမက်စ်ခေါင်းဆောင်၏ မိသားစု၀င်များကို အစ္စရေးက ဗုံးကြဲ သတ်ဖြတ်

    ဟားမက်စ်ခေါင်းဆောင်၏ မိသားစု၀င်များကို အစ္စရေးက ဗုံးကြဲ သတ်ဖြတ်

    ဇွန် ၂၅၊ ၂၀၂၄

    M-Media 


    (ဓာတ်ပုံ- အပျက်အဆီးများကြား ပိတ်မိနေသူများကို ရှာဖွေနေကြစဥ်)

    -ပါလက်စတိုင်း လွတ်မြောက်ရေးအဖွဲ့ ဟားမက်စ်ခေါင်းဆောင် အစ္စမာအီလ် ဟာနီယာရဲ့ မိသားစု ရှိရာ ဂါဇာက ရှာတီ ဒုက္ခသည်စခန်းကို အစ္စရေးက ဇွန်လ ၂၅ ရက်နေ့ မနက်အစောပိုင်းမှာ ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။ 

    ဒီတိုက်ခိုက်မှုကြောင့် ဟာနီယာရဲ့ ညီမတစ်ဦး အပါအ၀င် မိသားစု၀င် ၁၀ ဦး သေဆုံးခဲ့ပါတယ်။ 

    ဟားမက်စ်အဖွဲ့က ဒီလုပ်ရပ်အတွက် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ကို အပြစ်တင်ခဲ့ပြီး ဂါဇာကမ်းမြှောင်က အစ္စရေးရဲ့ လူမျိုးတုန်းသတ်ဖြတ်မှုမှာ အမေရိကန်အစိုးရရဲ့တာ၀န် မကင်းဘူးလို့ ၀ေဖန်ခဲ့ပါတယ်။ 

    တိုက်ခိုက်မှုကြောင့် ရှာတီဒုက္ခသည်စခန်းက အဆောက်အဦးတွေ ပြိုကျခဲ့ပြီး ပိတ်မိနေသူတွေ ရှိနိုင်တဲ့အတွက် သေဆုံးသူအရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဂါဇာ ပြည်သူ့ကယ်ဆယ်ရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ မဟ်မွဒ် ဘာဆာလ်က ပြောပါတယ်။ 

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာ ၇ ရက်နေ့က စတင်ခဲ့တဲ့ ဂါဇာက အစ္စရေးရဲ့ လူသတ်ပွဲအတွင်း အသတ်ခံရသူ အရေအတွက်ဟာ ၃၇၅၅၁ ဦး ရှိလာပြီး၊ ဒဏ်ရာရသူအရေအတွက်က ၈၅၉၁၁ ဦး ရှိနေပါတယ်။ 

    Ref: Aljazeera 

  • ပါလက်စတိုင်းများကို လူသားတံတိုင်းအဖြစ် အစ္စရေးက အသုံးပြုနေ

    ပါလက်စတိုင်းများကို လူသားတံတိုင်းအဖြစ် အစ္စရေးက အသုံးပြုနေ

    ဇွန် ၂၂၊ ၂၀၂၄
    M-Media 

    -ပါလက်စတိုင်းနိုင်ငံ အနောက်ဖက်ကမ်းဒေသက မြို့တစ်မြို့ကို ၀င်ရောက်စီးနင်းခဲ့တဲ့ အစ္စရေးစစ်တပ်ဟာ ပါလက်စတိုင်းတစ်ဦးကို လူသားတံတိုင်းအဖြစ် အသုံးပြုခဲ့တာကို ဒေသခံတွေက မှတ်တမ်းရယူနိုင်ခဲ့ပါတယ်။ 

    ဇွန်လ ၂၁ ရက်နေ့မှာ ဂျီနင်မြို့က အနည်းဆုံး အိမ်နှစ်အိမ်ကို အစ္စရေးစစ်တပ်က ၀င်ရောက်စီးနင်း ရှာဖွေခဲ့ပြီး လူအများအပြားကို ဖမ်းဆီးသွားခဲ့ပါတယ်။ 

    စီးနင်းမှုအပြီး ပြန်ထွက်သွားချိန်မှာ ဒဏ်ရာရထားတဲ့ ပါလက်စတိုင်းတစ်ဦးကို စစ်ကားအရှေ့ဘောနက်မှာ ကြိုးနဲ့တုပ်ပြီး ခေါ်ဆောင်သွားခဲ့ပါတယ်။

    သွေးတွေရွှဲနစ်နေပြီး နာကျင်မှု၀ေဒနာကို ခံစားနေရတဲ့ လူတစ်ယောက်ကို ဒီလို ခေါ်ဆောင်သွားတာဟာ လူသားတံတိုင်းအဖြစ် အသုံးပြုတာကလွဲပြီး တစ်ခြားအကြောင်းအရင်း မရှိဘူးလို့ ပါလက်စတိုင်းအရေး စောင့်ကြည့်နေသူတွေက ပြောပါတယ်။ 

    ပါလက်စတိုင်းပိုင်နက်တွေမှာ အစ္စရေးဟာ ဒီလုပ်ရပ်မျိုးကို အရင်တုန်းကလည်း အကြိမ်ပေါင်းများစွာ လုပ်ဆောင်ခဲ့ပါတယ်။

    Ref: Aljazeera

  • အစ္စရေးစစ်တပ်မှာ ကျင့်၀တ်မဲ့ပြီး ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ကုလအထူးကိုယ်စားလှယ် ပြော

    အစ္စရေးစစ်တပ်မှာ ကျင့်၀တ်မဲ့ပြီး ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဟု ကုလအထူးကိုယ်စားလှယ် ပြော

    ဇွန် ၂၂၊ ၂၀၂၄
    M-Media 

    -အစ္စရေးစစ်တပ်ဟာ ကျင့်၀တ်သိက္ခာမဲ့ပြီး၊ ကမ္ဘာပေါ်မှာ ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်တွေထဲက တစ်ခုဖြစ်တယ်လို့ ပါလက်စတိုင်း လူ့အခွင့်အရေးဆိုင်ရာ ကုလအထူးကိုယ်စားလှယ် ဖရန်ဆက်ကာ အလ်ဘန်နီးစ်က ပြောပါတယ်။ 

    ကုလရဲ့ လွတ်လပ်တဲ့ နိုင်ငံတကာ စုံစမ်းစစ်ဆေးရေးကော်မရှင် အဖွဲ့၀င် ခရစ်ဆီဒိုတီကလည်း အစ္စရေးစစ်တပ်ဟာ ရာဇ၀တ်မှုအကျူူးလွန်ဆုံး စစ်တပ်တစ်ခုဖြစ်တယ်လို့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ပြောကြားခဲ့ဖူးပါတယ်။ 

    ဖမ်းဆီးထားတဲ့ ပါလက်စတိုင်းကလေးငယ်တစ်ဦးရဲ့ ကိုယ်ပေါ်ကို အစ္စရေးစစ်သားတွေက ကျင်ငယ်စွန့်ပြီး၊ ခွေးနဲ့ ရှုးတိုက်ကိုက်ခိုင်း၊ အောက်ပိုင်းသေပြီး မသေမရှင်ဖြစ်အောင်လုပ်တဲ့ သတင်းတစ်ခုကို ကုလအထူးကိုယ်စားလှယ် အလ်ဘန်နီးစ်က X (ယခင် Twitter) စာမျက်နှာမှာ ပြန်လည်မျှ၀ေရာမှာ အစ္စရေးစစ်တပ်ကို ပြင်းပြင်း ထန်ထန် ၀ေဖန်ရှုတ်ချခဲ့ပါတယ်။ 

    “ကမ္ဘာပေါ်မှာ စစ်ရာဇ၀တ်မှုအကျူးလွန်ဆုံး စစ်တပ်ဖြစ်ပြီး၊ ကျင့်၀တ်သိက္ခာလည်း အမဲ့ဆုံးပါ။ ဒီလို ကောက်ချက်ချ ပြောဆိုဖို့အတွက် အကြားအမြင်ရနေစရာ မလိုပါဘူး”

    အသတ်ခံရမှု မြင့်တက်

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက စတင်တဲ့ ဂါဇာက အစ္စရေးရဲ့ တစ်ကျော့ပြန်လူသတ်ပွဲမှာ အသတ်ခံရသူ အရေအတွက်ဟာ ၃၇၅၅၁ ဦး ရှိလာပြီ ဖြစ်ပါတယ်။

    အဲဒီအထဲက ၁၅၀၀၀ လောက်ဟာ ကလေးငယ်တွေ ဖြစ်ပါတယ်။ အပျက်အဆီးတွေကြားမှာ ပိတ်မိပျောက်ဆုံးနေသူ အရေအတွက်ဟာ ၁၀၀၀၀ ကျော်ရှိနေပြီး ဒဏ်ရာရသူက ၈၅၉၁၁ ဦးရှိနေပါတယ်။ 

    အစ္စရေးဟာ ဂါဇာမှာ လူနေအိမ်ယာ၊ စာသင်ကျောင်း၊ ဆေးရုံ၊ ဘာသာရေးအဆောက်အဦး စတာတွေကို အဓိက ပစ်မှတ်ထား တိုက်ခိုက်တာဖြစ်ပြီး ကုလအဖွဲ့၀င်တွေ၊ လခြမ်းနီအဖွဲ့၀င်နဲ့ နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့၀င် အမြောက်အများကိုလည်း ပစ်မှတ်ထား အကြမ်းဖက် သတ်ဖြတ်ခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဉာဏ်ရည်တု အကူအညီကြောင့် ကင်ဆာ ၁၃ မျိုးကို စောစီးစွာ ဖော်ထုတ် ကုသနိုင်တော့မည်

    ဇွန် ၂၁၊ ၂၀၂၄

    M-Media 


    -ဉာဏ်ရည်တုနည်းပညာ AI ကို ကင်ဆာရောဂါ ရှာဖွေရေးမှာ အသုံးပြုရင် ရောဂါ ၁၃ မျိုးကို ၉၈ ရာခိုင်နှုန်း တိတိကျကျနဲ့ စောစောစီးစီး ဖော်ထုတ်နိုင်မယ်ဆိုတာ လေ့လာမှုတစ်ခု မှာတွေ့ခဲ့ရပါတယ်။ 

    ကင်ဆာရောဂါကို ရှာဖွေဖော်ထုတ်ရာမှာ မီသိုင်လေးရှင်း (methylation) နည်းလမ်းကို အခြေခံတာဖြစ်ပြီး AI နည်းပညာကို ပေါင်းစပ် အသုံးပြုမှာဖြစ်ပါတယ်။ 

    ကင်ဆာဟာ ကမ္ဘာပေါ်မှာ လူသေဆုံးမှုများတဲ့ ရောဂါတစ်မျိုးဖြစ်ပြီး နှစ်စဥ် ကင်ဆာရောဂါသည် ၁၉ သန်း၊ သေဆုံးသူ ၁၀ သန်း ရှိနေပါတယ်။ ကင်ဆာရောဂါကို စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ရေးဟာ ဆေးပညာလောကရဲ့ စိန်ခေါ်တစ်ခုလည်း ဖြစ်နေပါတယ်။ 

    “ကင်ဆာရောဂါ တော်တော်များများကို စောစောစီးစီးသာသိရင် ပျောက်ကင်းအောင် ကုသလို့ရပါတယ်”လို့ အင်္ဂလန်က Cambridge တက္ကသိုလ်နဲ့ Imperial ကောလိပ်တို့ ပူးပေါင်းပြုလုပ်တဲ့ သုတေသန အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ 

    လက်ရှိမှာ ကင်ဆာရောဂါ တော်တော်များများကို ကုသလို့မရနိုင်တဲ့ နောက်ဆုံးအဆင့်နားရောက်မှသာ ရှာဖွေဖော်ထုတ်နိုင်ပါတယ်။ 

    တက္ကသိုလ်နှစ်ခုရဲ့ လေ့လာမှုအတွင်း AI နည်းပညာကို ပေါင်းစပ်အသုံးပြုခဲ့ရာမှာ ကင်ဆာရောဂါ ၁၃ မျိုးကို မဖြစ်ခင်ကတည်းက ကြိုတင်ဖော်ထုတ်နိုင်ခဲ့ပြီး မှန်ကန်မှုကလည်း ၉၈ ဒဿမ ၂ ရာခိုင်နှုန်းရှိတာကို တွေ့ခဲ့ရပါတယ်။ 

    သွေးထဲက DNA အစိတ်အပိုင်းကို ဆန်းစစ်တဲ့ ပုံမှန်လုပ်ငန်းစဥ်မျိုးထက် AI နည်းပညာပေါင်းစပ်ပြီး တစ်ရှုးနမူနာတွေကို စစ်ဆေးတဲ့နည်းလမ်းကို အသုံးပြုခဲ့ခြင်းက အောင်မြင်မှုရဲ့ အဓိကသော့ချက်ဖြစ်တယ်လို့ ပညာရှင်တွေက ပြောပါတယ်။ 

    လေ့လာမှုမှာ အသုံးပြုခဲ့တဲ့ AI မော်ဒယ်ကို ထပ်မံ လေ့ကျင့်၊ စမ်းသပ်ပေးဖို့ လိုအပ်နေပြီး၊ ကင်ဆာရှာဖွေရေးမှာ ရှိနေတဲ့ကွက်လပ်ကို ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်တဲ့အတွက် အနာဂတ်မှာ ကင်ဆာရောဂါကို စောစီးစွာ ကုသနိုင်လိမ့်မယ််လို့လည်း အစီရင်ခံစာမှာ ဖော်ပြထာပါတယ်။ 

    Ref : Interesting Engineering