News @ M-Media

Blog

  • သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ

    သန်လျင်တွင် မေ ၁ မှ ၆ ရက်ထိ ၉၆၉ တရားပွဲပြုလုပ်မည်၊ အကြမ်းဖက်မည့် သတင်းများ ကျယ်ပြန့်စွာ ထွက်ပေါ်နေ

    မေလ ၃၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    သန်လျှင်မြို့။`    ။ ရန်ကုန်တိုင်း၊ သန်လျင်မြို့တွင် အကြမ်းဖက်ဖျက်ဆီးမှုများ စတင်ဖြစ်ပေါ်နေပြီဟူသော သတင်းများ ယနေ့တစ်နေကုန် အင်တာနက်စာမျက်နှာများနှင့် ရန်ကုန်မြို့တွင်းတစ်ဝိုက်တွင် ထွက်ပေါ်နေပါသည်။

    ထိုသတင်းအား သန်လျင်မြို့သို့ ဆက်သွယ်စုံစမ်းခဲ့ရာ သန်လျင်မှာ ယခုအချိန်ထိ အကြမ်းဖက်မှု တစ်စုံတစ်ရာ ဖြစ်ပွားခြင်းမရှိသေးသော်လည်း လူစုလူဝေးပြုလုပ်နေမှုများရှိနေသည်။

    မြို့မ မြောက်ရပ်ကွက် ၊ ဟံသာဝတီလမ်း ရှိ ကျူလီယာဗလီ အား မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ စာရေးတစ်ယောက် ရောက်လာကာ ဗလီဂေါပက အား ဗလီမှာ ဘယ်သူတွေ အိပ်လဲ၊ လူဘယ်နှစ်ယောက်အိပ်လဲလို့မေးကာ ဗလီမှာ လူမအိပ်ပါနဲ့ ဟု သတိပေး စကားပြောကြားခဲ့ကြောင်း မြို့ခံတစ်ဦး၏ ပြောကြားချက်အရ သတင်းရရှိသည်။

    သန်လျင်မြို့တွင် မေလ ၁-ရက်နေ့မှ မေလ ၆-ရက်နေ့အထိ ၉၆၉ တရားပွဲ ပြုလုပ်မည်ဟုသိရသည်။  မေလ ၅-ရက်နေ့တွင် ဦးပညာဝရနှင့် မေလ ၆-ရက်နေ့တွင် ဦးဝီရသူမှ ဟောကြားမည်ဖြစ်ပြီး ယခုကဲ့သို့ အကြမ်းဖက်မည့် သတင်းများ ထွက်ပေါ်လာခြင်းကို သန်လျင်မြို့ခံများမှ အလွန်အမင်း စိုးရိမ်နေကြသည်။

    ယမန်နေ့က ဟောကြားခဲ့သော ဆရာတော်သည်လည်း ဘာသာခြား မုန်းတီးရေးကို ထည့်သွင်းလှုံ့ဆော် ဟောကြားခဲ့ပြီးနောက်ပိုင်း အချိန်မှစ၍ အကြမ်းဖက်မည့်လူစုသည် နေရာတချို့တွင် လူစုနေကြပြီဖြစ်ကြောင်း သတင်းများဖြစ်ပေါ်လာသည်။

    အဆိုပါ သန်လျှင်မြို့တွင် လွန်ခဲ့သည့် တစ်ပတ်ခန့်က ကားနှစ်စီးဖြင့် မိုက်နဲ့အော်ကာ အစ္စလာမ့်မုန်းတီးရေး စာရွက်၊ စာတမ်းများ၊ တရားခွေများ လိုက်လံဝေဌ ခဲ့ကြောင်း သတင်းရရှိသည်။

    ယမန်နေ့ညပိုင်းကလည်း အောင်ချမ်းသာရပ်ကွက်နှင့် သန်လျင် မင်းကျောင်းရှေ့တွင် လူစုလူဝေးပြုလုပ်ခဲ့ပြီး ကုလားများ၏ဆိုင်များ၏ ဖျက်ဆီးမည်ဟု ပြောဆိုနေကြကြောင်းနှင့် မကြာခင် ရဲများရောက်ရှိပြီးနောက်တွင် လူစုကွဲသွားသည်ဟု သိရသည်။

    အဆိုပါ ဖြစ်စဉ်နှင့် ပတ်သပ်၍ သန်လျှင်မြို့နေ ဒေသခံတစ်ဦးနှင့် M-Media  မှ ဆက်သွယ်မေးမြန်းရာတွင် -“ ဒီမှာ ၉၆၉ တရားပွဲတွေ ကျင်းပတာ ဒီနေ့နဲ့ဆို သုံးည ရှိပါပြီ၊ ဒီနေ့ည ၉၆၉က အကြမ်းဖက် သမားတွေက ဒီည ၀င်မယ် ဆိုပြီး ကောလဟလတွေ ဖြန့်ထားပါတယ်၊ တချို့ မွတ်စလင်တွေ အိမ်မှာ ယောက်ကျာင်္းသား မရှိတဲ့ အိမ်က ရန်ကုန်ထဲက ဆွေမျိုးသားချင်း အိမ်တွေကို ပြောင်းနေကြရတယ်၊ ဒီလို အသံတွေ ကြားနေရတော့ သက်ကြီးရွယ်အိုတွေ၊ နာမကျန်းမာ ဖြစ်နေတဲ့ သူတွေမှာ စိတ်သောက ရောက်နေရတယ်၊ အားလုံး အထိတ်အလန့် ဖြစ်နေရတယ် ” ဟု M-Media သို့ပြောသည်။

    ယနေ့ညပိုင်း ၇း၃၀ နာရီအချိန်တိုင် သန်လျင်မြို့တွင် အကြမ်းဖက်မှု တစ်စုံတစ်ရာဖြစ်ပွားမှု မပေါ်ပေါက်သေးကြောင်း သိရသည်

  • အစွန်းရောက် ဗုဒ္ဓဘာသာ အဖွဲ့အစည်းများကြောင့် ဘာသာရေး အကြမ်းဖက်မှုများ ကြီးထွားလာခြင်း အတွက် သီရိလင်္ကာ ဗုဒ္ဓဘာသာဝင် အဖွဲ့များမှ ပြစ်တင်ဝေဖန် ဆန္ဒပြ

    ဧပြီလ ၂၉ရက် ၂၀၁၃
    M-Media

    OLYMPUS DIGITAL CAMERA

    သီရိလင်္ကာနိုင်ငံ ကိုလံဘိုမြို့တော်တွင် တနင်္ဂနွေက လူသုံးရာကျော် စုစည်းကာ ယခုလများအတွင်းဖြစ်ပွားခဲ့သည့် မွတ်စလင်များနှင့် အခြားလူနည်းစု ဘာသာဝင်များ၏ စီးပွားရေးလုပ်ငန်းများအား တိုက်ခိုက်မှုလှိုင်းများကို ဆန့်ကျင် ဆန္ဒပြခဲ့ကြသည်။

    ဆန္ဒပြသူများတွင် ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးသမားများနှင့် လူမှုရေးလှုပ်ရှားသူများပါဝင်ကာ `သီရိလင်္ကာတွင် အမုန်းတရားအတွက် နေရာမရှိ´ ဆိုသည့် ပိုစတာများကိုင်ဆွဲခဲ့ကြပြီး ဘာသာရေး အမှန်းပွားမှုနှင့် အကြမ်းဖက်မှုများကို အဆုံးသတ်ရန် ပါဝင်ပတ်သက်နေသူများနှင့် အစိုးရကို တိုက်တွန်းလိုက်သည်။

    “အစွန်းရောက် အုပ်စုတွေက လူမျိုးရေးခွဲခြားမှုနဲ့ ဘာသာရေးမုန်းတီးမှုတွေကို လှုံ့ဆော်နေကြတယ်။ အခု သူတို့တွေက လွတ်လွတ်လပ်လပ် လှုပ်ရှားနေကြပြီး ဒီအဖွဲ့အစည်းတွေကို ပြောမယ့် တားမယ့်သူ ဘယ်သူမှ မရှိကြဘူး။”ဟု ဗုဒ္ဓရဟန်းတော် ဘဒ္ဒေဂမ သမိထ ထိရောမှ မိန့်တော်မူခဲ့သည်။

    “သူတို့ရဲ့ လှုပ်ရှားမှုတွေက ဘာသာတရားတွေအကြား ညီညွတ်မှုကို ဆိုးဆိုးဝါးဝါး ထိခိုက်စေပါတယ်”ဟု ဘုန်းဘုန်းက ဆက်မိန့်သည်။

    လူမှုရေးလှုပ်ရှားသူများက နိုင်ငံတွင်းမှ ဗုဒ္ဓဘာသာအဖွဲ့နှစ်ခုဖြစ်ကြသော ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ကို ဗုဒ္ဓဘာသာပွဲတော် နောက်ဆုံးလအတွင်း ဟလလ်အသားများကို ထိန်းချုပ်မှုနှင့် မကြာသေးမီက မွတ်စလင်မ်တို့၏ ၀တ်စားဆင်ယင်မှုကို အစိုးရမှ ကန့်သတ်ချုပ်ချယ်ရန် ဆော်သြ အားထုတ်ဆောင်ရွက်မှုများအတွက် အမည်တပ်ပြောကြားလိုက်ကြသည်။

    ထိုအဖွဲ့များသည် မွတ်စလင်နှင့် ခရစ်ယာန်ဘာသာဝင်တို့၏ ကိုးကွယ်ဝတ်ပြုရာ အဆောက်အဦးများကို တိုက်ခိုက်ခဲ့သော ဖြစ်စဉ်များအတွက်လည်း အပြစ်တင်ဝေဖန်ခံခဲ့ကြရသည်။ ဧ၀ံဂေလိ ခရစ်ယာန်သင်းအုပ်ဆရာ Rohan de S. Ekanayake နှင့် မွတ်စလင် လူ့အခွင့်အရေး လှုပ်ရှားသူ Arshad Nizamdeeတို့၏အဆိုအရ ယခုနှစ် ဇန်န၀ါရီလမှ စတင်က အကြိမ်ပေါင်း ၆၀ ကျော် တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

    ဗောဓု ဗလ သေနနှင့် ရ၀န ဗလယတို့ နှစ်ဖွဲ့စလုံးမှ ဘာသာရေးအမုန်းပွားမှုများနှင့် အကြမ်းဖက်မှုများတွင် ပါဝင်ပတ်သက်မှုကို ငြင်းဆိုလိုက်ပြီး ဗုဒ္ဓဘာသာဝင်များကို ခြိမ်းခြောက်နေသည့် ခရစ်ယာန်နှင့် မွတ်စလင်မ် အခြေခံဝါဒီအဖွဲ့များကို ထောက်ပံ့ပေးနေသာ အမည်မဖော် နိုင်ငံခြားတိုင်းပြည်များကို ထိုတိုက်ခိုက်မှုများဖြစ်ပေါ်ရခြင်းအတွက် ပြန်အပြစ်တင်ကြသည်။

    သို့သော်လည်း ယခုလအစောပိုင်းတွင် ပြည်တွင်း မီဒီယာများက  ဗောဓု ဗလ သေနအဖွဲ့ဝင်များမှ တောင်ပိုင်းပြည်နုယ် Mataraခရိုင်၌ မွတ်စလင်မ်ဆန့်ကျင်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း ဖော်ပြခဲ့သည်။

    မကြသေးမီက တိုင်းပြည်သို့ ပြောကြားခဲ့သော မိန့်ခွန်းတစ်ခုတွင် သမ္မတ Mahinda Rajapaksaက သူ၏ အစိုးရအနေဖြင့် တိုင်းပြည်အတွင်း လူမျိုးရေးခွဲခြားမှုနှင့် ဘာသာရေးအစွန်းရောက်မှုများကို ခွင့်ပြုမည်မဟုတ်ကြောင်းနှင့် ဗုဒ္ဓဘာသာဝင် လူများစုကြီးကို အခြားသူများ၏ အခွင့်အရေးကို ကာကွယ်စောင့်ရှောက်ရန် မေတ္တာရပ်ခံလိုက်သည်။

    “သီရိလင်္ကာဟာ ဒီမိုကရေစီနိုင်ငံဖြစ်ပြီး ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက် သာတူညီမျှ အခွင့်အရေးနဲ့ လွတ်လပ်မှုများရှိပါတယ်”ဟု သမ္မတမှ ဆက်လက်ပြောကြားခဲ့သည်။

    ဗုဒ္ဓဘာသာဝင် ဆင်ဟာလီလူမျိုးများသည် သီရိလင်္ကာ၏ သန်း ၂၀ လူဦးရေတွင် လေးပုံသုံးပုံခန့်ရှိပြီး မွတ်စင်လင်များမှာ ၁၀ရာခိုင်နှုန်းခန့်သာလျှင် ပါဝင်သည်။

    Ref: www.ucanews.com

  • ဂျကာတာမြို့ရှိ မြန်မာ သံရုံးအား ဖောက်ခွဲရန် ကြံစည်သည် ဟု ယူဆရသူ လေးဦး အဖမ်းခံရ

    မေ ၂- ၂၀၁၃

    Myanmar Embassy in jakarta

    အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့ရှိ မြန်မာသံရုံးအား အကြမ်းဖက် တိုက်ခိုက်ရန် ကြံစည်ကြသူဟု ယူဆရသူ လေးဦးအား အင်ဒိုနီးရှား ရဲတပ်ဖွဲ့မှ ကြာသပတေးနေ့က ဖမ်းဆီးခဲ့သည်။

    မြန်မာနိုင်ငံအတွင်း ရိုဟင်ဂျာ မွတ်စလင်မ်များအား ဆက်ဆံမှုအတွက် တုန့်ပြန် လက်စားခြေသည့်အနေဖြင့် သံသယရှိသူ အမျိုးသားသုံးဦး အမျိုးသမီး တစ်ဦးသည် သံရုံးအဆောက်အဦးအား လက်လုပ် ဗုံးများ ၅လုံးဖြင့် ဖောက်ခွဲရန်ကြိုးစားခဲ့ကြကြောင်း အင်ဒိုနီးရှား နိုင်ငံတော် ရဲတပ်ဖွဲ့မှ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှုးချုပ် Boy Rafli ကပြောကြားသွားသည်ဟု ABC News သတင်းဌာနမှ ကြေညာထားသည်။

    ထို့နောက်တွင်လည်း အင်ဒိုနီးရှားနိုင်ငံ အကြမ်းဖက်နှိမ်နင်းရေး အထူးရဲတပ်ဖွဲ့သည် ဂျကာတာတောင်ပိုင်းရှိ ဖောက်ခွဲရေးစခန်းတစ်ခုအား ဝင်ရောက်စီးနင်းခဲ့ပြီး အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦးတို့အား ထပ်မံဖမ်းဆီးရခဲ့ကြောင်း ABC News သတင်းဌာနက တင်ပြထားသည်။

    အကြမ်းဖက်သမားတို့သည် အဖွဲ့အစည်း ကွန်ယက်ကြီးတစ်ခုခု၏ တစ်စိတ် တစ်ပိုင်းဖြစ်နိုင်ကြောင်း ရဲတပ်ဖွဲ့မှ သုံးသပ်ကြောင်း ABC News သတင်းဌာနက ကြေညာသွားပါသည်။

    The Washington Times
    By Jessica Chasmar
    (ငြိမ်းအေး ဘာသာပြန်သည်။)

  • ပုလင်းထဲက ယင်ကောင်များ (M-Media စာအုပ်အညွှန်းကဏ္ဍ)

    မေ-၂-၂၀၁၃
    M-Media
    သစ္စာချို

    Yin kg

    ဖတ်ရှုသင့်တဲ့ စာအုပ်တစ်အုပ်ကို ညွှန်းပါရစေ။

    ဒီစာအုပ်ဟာ Intellectual Person တွေအကြား စတင်လှုပ်ခတ်လာတဲ့ ဘာသာပြန်စာအုပ်ကောင်းတစ်အုပ်ဖြစ်တယ်။

    သမိုင်းနဲ့ဒဿနိကပညာကို အထူးစိတ်ဝင်စားသူ အောက်စ်ဖို့ဒ်၊ ဟားဗတ်တက္ကသိုလ်ဆင်း အိန္ဒိယနိုင်ငံသား ဟိန္ဒူလူမျိုး စာရေးဆရာ Ved Mehta က ဘာထရန်ရပ်ဆဲလ်(ဒဿန)၊ အာနိုးတွိုင်ဘီ(သမိုင်း) စတဲ့ ကမ္ဘာကျော်ပညာရှင်တစ်ချို့နဲ့ တွေ့ဆုံမေးမြန်းစုစည်းလိုက်ရာမှ ထွက်ပေါ်လာခဲ့တဲ့ စာအုပ်ဖြစ်ပြီး Fly and the Fly-Bottle လို့အမည်ရပါတယ်။

    ဆရာသန်းစိုးနိုင်က “ ပုလင်းထဲက ယင်ကောင်များ” အမည်နဲ့လှလှပပ ပြန်ဆိုရေးသားထားတာ တွေ့ရပါလိမ့်မယ်။ ဒဿနပညာများနဲ့ငြင်းခုံခြင်း၊ သမိုင်းနှင့်ငြင်းခုံခြင်း ဆိုပြီးအပိုင်း ၂ ပိုင်း ပါဝင်ပါတယ်။

    စတိအမြည်းသဘောအနေနဲ့ အောက်ပါအတိုင်း ဖော်ပြလိုက်ပါတယ်။ ရှုထောင့်အမြင် အသစ်နဲ့အဟောင်း အားပြိုင်ချက်တွေကို ခံစားရကြပါလိမ့်မယ်။

    ဒေါ်အောင်ဆန်းစုကြည် – “ အန်ကယ်လ်တို့လွတ်လပ်ရေးရခါစက လက်နက်ကိုင် တိုက်ပွဲဝင်ခဲ့ကြတာ မစုတော့ လုံးဝမှားတယ်လို့ထင်တာပဲ။ ”
    ဆရာလေထီးဗိုလ်အုန်းမောင် – “ မစုရယ်၊ အဲ့ဒီအချိန်က မစုလည်း အရွယ်မရောက်သေး၊ ငယ်သေးလို့ဖြစ်မှာပါ။ အဲ့ဒီခေတ်ကာလအခြေအနေကို အဲ့ဒီတုန်းကရှိနေတဲ့ သမိုင်းရေးဝန်းကျင်၊ သမိုင်းကြောင်းအချက်အလက်တွေနဲ့ နှိုင်းယှဉ်ခံစားပါဝင်ကြည့်မှ သိနိုင်၊ နားလည်နိုင်ပါလိမ့်မယ်။ ဒီနေ့ခေတ်အနေအထားကနေလှမ်းကြည့်ပြီး အဆုံးအဖြတ်ပေးဖို့ဆိုတာ ခက်ပါလိမ့်မယ်။ ” (ဘာသာပြန်သူ၏အမှာစာမှ)

    “ အချင်းချင်းဆွေးနွေးငြင်းခုံနေကြတဲ့ ဒဿနပညာရှင်တွေဆိုတာကလည်း ပုလင်းထဲက ယင်ကောင်တွေလိုပါပဲ။ ပုလင်းထဲက ထွက်ခွင့်ရဖို့ အတွက် ဖောက်ထွင်းမြင်နေရတာကို ပုလင်း နံရံမှန်းမသိဘဲ အတင်း တိုးဝှေ့ရုန်းကန်နေကြတာပါ။ တကယ်က ဒီပုလင်းမှာ အဖုံးမရှိဘူး ဆိုတာကို
    သူတို့ မသိခဲ့ကြရှာပါဘူး။ ” ဒဿနပါရမီရှင်ကြီး Ludwig Wittgenstein (1889-1951)

    “ ကိုယ့်တိုင်းပြည်အင်အား ကြီးထွားတောင့်တင်းစေလိုတဲ့ ဂျာမန်တွေအနေနဲ့ဟစ်တလာလို ယုတ်မာရက်စက်တဲ့လူမျိုးကို ဘာဖြစ်လို့ ခေါင်းဆောင်တင်ခဲ့ကြတာလဲ? ”

    “ အတိတ်ကဖြစ်ရပ်တွေကို အကဲဖြတ်ရာမှာ အဲ့ဒီအချိန်ကတည်ရှိနေတဲ့ အမြင်သဘောထားကျင့်ဝတ်တွေအရပဲ ကျွန်တော်အကဲဖြတ်တယ်။ ကျွန်တော့်အမြင်သဘောထားတွေနဲ့ အကဲဖြတ်ဖို့ မကြိုးစားဘူး။ ” A.J.P. Taylor (1906-1990)

    “ သမိုင်းဆရာရဲ့ အဓိကနဲ့အရေးအကြီးဆုံးတာဝန်ဟာ သမိုင်းဖက်က ရပ်တည်ဖို့၊ သစ္စာရှိဖို့ဖြစ်ပြီး အောင်မြင်သူတွေကို သစ္စာရှိဖို့၊ ရပ်တည်ဖို့မဟုတ်ဘူး။ ” Isaiah Berlin (1909-1997)

    “ လူ့အဖွဲ့အစည်းနှစ်ရပ်ကြားမှာ ခုနှစ်သက္ကရာဇ်တွေ အာကာသ လောက် ကျယ်ပြောကွာလှမ်းခဲ့ကြပေမယ့် လူတွေရဲ့စဉ်းစားတွေးခေါ်ပုံတွေ၊ ကြုံဆုံရတဲ့ ဒုက္ခသုခတွေက မျဉ်းပြိုင်ဆွဲလို့ရအောင် ၊ နှိုင်းယှဉ်လို့ရအောင် တူညီမှုတွေ ရှိကြတယ်။ ” Arnold J. Toybee (1889-1975)

    “ သမိုင်းဆိုတာ စီးဆင်းနေတဲ့မြစ်တစ်စင်းနဲ့တူတယ်။ နှစ်ကြိမ် ဆင်းလို့မရဘူးဆိုတဲ့စကားဟာ သမိုင်းမှာလည်း မှန်တယ်။ ” E.H. Carr (1892-1982)

    ( သစ္စာချို )

  • “လူထဲက…လူ” (M-Media Blog ကဏ္ဍ- ကဗျာ)

    မေ-၂-၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    Lu

     
    လူ…ဆိုတာ
    လူ…ကို
    ကာကွယ်…ရမယ်။

    တကယ်ဆို
    “လူသားဆန်ခြင်း” မုခ်ဝ အောက်မှာ
    လူဟာ…အဖြူအမည်း ခွဲခြားစရာမလိုဘူး
    လူဟာ…ဟိန္ဒူ၊ ဗုဒ္ဓ အငြင်းပွားစရာမလိုဘူး
    လူဟာ…မွတ်စလင်မ်၊ ခရစ်ယာန် သွေးကွဲစရာမလိုဘူး။

    ခုတော့ကွယ်…
    လူ့မျက်နှာပျောက်နေတဲ့…..လူ
    လူ့ ဖြစ်တည်မှုကို မေ့လျော့ထားတဲ့…လူ
    လူ့ကျင့်ဝတ်ကို ဥပေက္ခာပြုထားတဲ့…လူ
    အဲဒီလူသေးသေးလေးတွေရဲ့ လူမဆန်မှုကြောင့်
    အခြား…လူသေးသေးလေးတွေရဲ့ ရင်ဘတ်ထဲက
    နှလုံးသားအကြီးကြီးတွေ ငိုချင်းချရတာ များလှပြီ။

    သြော်…
    လူ…လူ့ …လူး တွေကြောင့်
    လူး..လွန့်…လွန်း…နေရတဲ့…လူ့ ဘဝတွေများကွယ်။