News @ M-Media

Blog

  • အီတလီ အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုစဉ် သေနတ်သမား တစ်ဦး ပစ်ခတ်မှုကြောင့် ရဲ ၂ ဦး ဒဏ်ရာရ

    ဧပြီ-၂၈-၂၀၁၃
    M-Media

    Italy gunman

    “အီတလီနိုင်ငံ ရောမမြို့မှာ သေနတ်သမားတစ်ဦးက အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုနေချိန် အတွင်း နိုင်ငံရေးသမားများကို လုပ်ကြံရန် ကြိုးစားရာမှ မအောင်မမြင်ဖြစ်ကာ ရဲအရာရှိနှစ်ဦး အပြင်းအထန် ဒါဏ်ရာရရှိ”

    အီတလီနိုင်ငံ ရောမမြို့မှာ သေနတ်သမားတစ်ဦးက အစိုးရသစ် ကျမ်းသစ္စာကျိန်ဆိုနေချိန်အတွင်း နိုင်ငံရေးသမားများကို လုပ်ကြံရန် ကြိုးစားရာမှ မအောင်မမြင်ဖြစ်ကာ ရဲအရာရှိနှစ်ဦး အပြင်းအထန် ဒါဏ်ရာရရှိသွားခဲ့ပါတယ်။လုပ်ကြံသူဟု သံသယ ရှိဖွယ် အသက် ၄၉ နှစ် အရွယ်ရှိ “Luigi Preiti” အမည်ရှိ အလုပ်လက်မဲ့ လူတစ်ဦးကို အခင်းဖြစ်ပွါးချိန် အတွင်းမှာပင် ရဲတပ်ဖွဲ့များမှ ဖမ်းဆီးရရှိခဲ့ပါတယ်။ သံသယရှိဖွယ် တရားခံဟာ နိုင်ငံရေးသမားများကို ပစ်မှတ်ထားဖို့ ကြံရွယ်ခဲ့သော်လည်း မအောင်မမြင်ဖြစ်ပြီးတဲ့နောက် ရဲတပ်ဖွဲ့ဝင်များကို ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း ထွက်ဆိုခဲ့တယ်လို့လဲ သိရပါတယ်။

    သံသယ ရှိဖွယ် တရားခံဟု ယူဆရသူ “Luigi “ဟာ အလုပ်လက်မဲ့တစ်ဦးဖြစ်ကာ အိမ်ထောင်ကွာရှင်းပြတ်စဲထားပြီး ထိုအိမ်ထောင်မှ သားတစ်ယောက် ရရှိခဲ့တယ်လို့ ဆိုပါတယ်၊ ထို ပစ်ခတ်မှူမှ ရဲအရာရှိတစ်ယောက်ကတော့ ကျောရိုးမကြီးထိ ဒါဏ်ရာရရှိသွားခဲ့ကာ စိုးရိမ်ရတဲ့ အနေအထားမှာရှိပြီး နောက်ထက် ရဲအရာရှိတစ်ဦးလဲ အပြင်းအထန် ဒါဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

    အီတလီနိုင်ငံဟာ လွန်ခဲ့တဲ့ ဖေဖော်ဝါရီလ ရွေးကောက်ပွဲကာလ အတွင်း နိုင်ငံရေး အကြပ်အတည်းများကြုံတွေ့လျက်ရှိကာ မရေရာ တဲ့ရွေးကောက်ပွဲရလဒ်များ ရရှိခဲ့ပြီး နှစ်လအကြာ ညွန့်ပေါင်းအစိုးရ ဖွဲ့စည်းရန် အတွက် သဘောတူညီမှူ ရအပြီး အစိုးရသစ် ကျမ်းသစ္စာ ကျိန်ဆိုနေစဉ်အတွင်း ဤပစ်ခတ်မှူဖြစ်ပွါးခဲ့ခြင်းဖြစ်တယ်လို့လဲ သိရပါတယ်။ယခင် ဝန်ကြီးချုပ်ဟောင်း ဘာလူစကိုနီဟာ အစိုးရသစ် တွင် ပါဝင်မှာ မဟုတ်တော့ပဲ အရင် ဥရောပ သမဂ္ဂ ကော်မရှင်နာမင်းကြီး Emma Bonino ကတော့ နိုင်ငံခြားရေး ဝန်ကြီးအဖြစ် ကျမ်းသစ္စာကျိန်ဆိုခဲ့တယ်လို့ သိရပါတယ်။

    BBC News

  • အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း

    M-Media
    ဆောင်းပါးရှင်-ဇော်မင်းထွေး

    အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ခု တည်ထောင်ခြင်း (သို့) ဘာသာပေါင်းစုံ ချစ်ကြည် ရင်းနှီးမှု တည်ဆောက်ခြင်း နည်းလမ်းများ

    coexist
    လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများနှင့် ယဉ်ပါးလာခဲ့သော မြန်မာပြည်သည် နိုင်ငံရေး ကစားလိုသူများနှင့် ကိုယ်ကျိုးရှာ အတ္တ၀ါဒီ တို့အတွက် လိုအပ်သလို အမြတ်ထုတ်ရန် လွယ်ကူလှသော်ငြား ပဋိပက္ခ ဖြစ်ပွားသည်နှင့်အမျှ တိုင်းပြည်မှာ လွန်စွာထိခိုက်နစ်နာ ရကြောင်းကို သမိုင်းက အကြိမ်ကြိမ် သင်ခန်းစာများ ပေးခဲ့ပြီ ဖြစ်သည်။ သို့သော် စံနစ်ဆိုးအတွင်း နစ်ပေါင်းများစွာ နွံနစ်ခဲ့ရသော ပညာရေး၊ လူမှုရေး၊ စီးပွါးရေး တို့ကြောင့် ပြည်သူ အများစုသည် နုံနဲ့သော အတွေးအခေါ်များဖြင့် ရှင်သန်နေထိုင်ခဲ့ရကား နိုင်ငံရေး ထွက်ပေါက် ရှာသူများအဖို့ လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများသည် လိုအပ်တိုင်း အောင်မြင်စွာ အသုံးချနိုင်သော ၀ှက်ဖဲတစ်ချပ် ကဲ့သို့ ဖန်တီးလိုက်တိုင်း အောင်မြင်လေ့ ရှိနေသည်မှာ လက်ရှိအဖြစ်အပျက်များက သက်သေခံလျက်ရှိသည်။

    ကိုလိုနီ သူ့ကျွန်ဘ၀ ကျရောက်ခဲ့စဉ်က တိုင်းတပါး အရင်းရှင်အစိုးရ၏ ဂုတ်သွေးစုပ် အမြတ်ထုတ်မှုအောက် ပြည်သူများ လွန်စွာ နစ်နာပြီး အတိဒုက္ခရောက်ခဲ့ကြသည်။ ထိုစဉ်ကာလများကလည်း ပြည်သူတို့၏ တော်လှန်လိုသော စိတ်ဓာတ်နှင့် လွတ်လပ်ရေး ကြိုးပမ်းမှုများကို သေးသိမ် ပပျောက်စေရေး အတွက် လူမျိုးရေးအဓိကရုဏ်းများ ဖန်တီးပေးခြင်းအားဖြင့် လမ်းလွှဲ၍ ကိုလိုနီ အုပ်ချုပ်ရေးအား သက်ဆိုးရှည်စေခဲ့သည်။ အသက် သွေးချွေးပေါင်း မြောက်များစွာ စတေးခဲ့ရသော ကာလရှည်လွတ်လပ်ရေး ကြိုးပမ်းမှုကြီးကြောင့် သူ့ကျွန်ဘ၀မှ လွတ်မြောက်ခဲ့ပေငြား ၀ိဝါဒ ကွဲပြားမှုများ၊ တိုင်းရင်းသား လူမျိုးနွယ်စု အချင်းချင်း မယုံကြည် မှုများအောက်တွင် ပြည်တွင်းစစ်မီး တောက်လောင်ခဲ့ရပြီး တိုင်းပြည်ကြီးမှာ မိအေး အကြိမ်ကြိမ်နာ အဖြစ်မျိုးဖြင့် အတိဒုက္ခရောက်ခဲ့ ရပြန်သည်။ ပြည်သူ ပြည်သား အချင်းချင်း မညီညွတ်မှုနှင့် စိတ်ဝမ်းကွဲပြားမှုသည် စစ်ဝါဒီများ အကြိုက်ဖြစ်၍ အာဏာရှင် စနစ်ကို စည်ပင် ဖွံ့ဖြိုးစေရန် အဓိကကျသော မောင်းနှင်အားဖြစ်သည်နှင့် အညီ ကျွန်တော်တို့ တိုင်းပြည်ကြီးသည် သူ့ကျွန်ဘ၀ထက် သာပို ဆိုးရွားသော ကိုယ့် ကျွန်ဘ၀၌ ဆယ်ဆုနှစ်ငါးစုတိုတိုင် နွံနစ်ခြင်းဖြင့် ကမ္ဘာ့ဖွံ့ဖြိုးမှု နောက်အကျဆုံးတော ကျောမွဲဖွတ်ပြာ တိုင်းပြည် များစာရင်းတွင် ပါဝင်ခဲ့ရသည်။ ထိုမှတဖန် အတန်ငယ် လွတ်လပ်လာသော ယခုဒီမိုကရေစီ အကူးအပြောင်း ကာလတွင်နောက်ပြန် လှည့်လိုသူများ အမျိုးသားရေး အစွန်းရောက်များ နှင့် ဒီမိုကရေစီ စံနှုန်းကို မလိုလား မရှုစိမ့်သူများ၏ သွေးထိုးလှုံဆော်မှုများကြောင့် ယနေ့ မြန်မာပြည်ကြီးသည် ပဋိပက္ခမီးလျှံများအောက် လောင်မြိုက်ပြာကျ သွားနိုင်ပေရာ ပြည်သူအများစု လိုလားသော ဖွံ့ဖြိုးတိုးတက်ရေးနှင့် လူ့ဂုဏ်သိက္ခာများ တင်းပြည့်ကျပ်ပြည့် ရရှိနိုင်ရေး မျှော်မှန်းချက်များ နှင့် အကောင်အထည်ဖေါ် ဆောင်ရွက်နေမှုများမှာ သဲထဲရေသွန် ဖြစ်လာနိုင်စရာ အကြောင်းများရှိလာသည်။

    ငြိမ်းချမ်းရေး (Peace) နှင့် တည်ငြိမ်အေးချမ်းမှု (Stability) ကင်းမဲ့နေသော တိုင်းပြည်တွင် ဖွံ့ဖြိုးတိုးတက်မှု (Development) ဟူသည် ဖြစ်လာနိုင်စရာ အကြောင်းမရှိသည်ကို လတ်တလော လူမျိုးရေးတိုက်ပွဲများနှင့် ပြည်တွင်းစစ်များ ဆင်နွဲနေကြသော အာဖရိကန် တိုင်းပြည် အများစု၏ ဥပမာကို လေ့လာခြင်းအားဖြင့် သိရှိနားလည် သဘောပေါက်နိုင်သည်။ သို့ဖြစ်ပေရာ ဖွံ့ဖြိုး တိုးတက်ရေးနှင့် တိုင်းပြည်အေးချမ်းသာယာရေးကို အမှန်တကယ် လိုလားသည်ဆိုပါလျှင် အမုန်းတရားကင်းစင်သော လူ့ဘောင် အသိုင်းအ၀ိုင်းတစ်ခု ဖြစ်ထွန်းပေါ်ပေါက်လာစေရေး အတွက် ပြည်သူများအားလုံး ၀ိုင်းဝန်းကြိုးပမ်း ကြရမည်ဖြစ်သည်။ အမုန်းတရား ကင်းစင်သော လူ့အသိုင်းအ၀ိုင်းကြီး ပေါ်ထွန်းလာစေရန်တွက်မှု အမုန်းတရားကို ဖြစ်ထွန်းပေါ်ပေါက်စေသော အပြန်အလှန် ယုံကြည်မှု နည်းပါးခြင်းနှင့် မျိုးနွယ်မတူ ဘာသာကွဲများအကြား သံသယဖြင့် နေထိုင်တတ်မှု တို့ကို ပြုပြင်ပြောင်းလဲနိုင်ရန် လွန်စွာအရေးကြီးလှသည်။ ကျွန်တော်တို့ မြန်မာပြည်ကြီးသည် ငြိမ်းချမ်းရေးကို အလွန်အမင်း လိုအပ်လျက်ရှိရာ အထက်ဖေါ်ပြပါ ပြည်သူများအကြား ယုံကြည်မှု တည်ဆောက်ရေးနှင့် အပြန်အလှန် ချစ်ခင်လေးစားမှုများ ဖြစ်ထွန်းပေါ်ပေါက်ရေး ကြိုးပမ်းရာတွင် အစိုးရတစ်ရပ်တည်း၊ လူပုဂ္ဂိုလ် တစ်ဦးတည်း၊ ပါတီတစ်ခုတည်းက အကောင်အထည်  ဆောင်ရွက်၍ မရနိုင်သည်မှာ မုချပင်ဖြစ်သည်။ ယင်းကဲ့သို့ တိုင်းပြည်၏ အနာဂတ်အား ထုဆစ်ပုံဖေါ်ရာတွင် ကျွန်တော်တို့ ပြည်သူလူထု၏ အခန်းကဏ္ဍမှာ အလွန်အမင်း အရေးပါလှသည်။

    မည်သို့အဖြေရှာကြမလဲ ?

    ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ ရောယှက်နေသော ကျွန်တော်တို့ တိုင်းပြည်ကြီးက ဘာလို့ မငြိမ်းချမ်းနိုင်လဲ။ ယထာဘူတကျတဲ့ အဖြေကတော့ ကျွန်တော်တို့ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးတွင် ပြဿနာများ ရှိနေ၍ဖြစ်သည်။ အဆိုပါ ပြဿနာတို့၏ လက်သည်တရားခံများမှာ တရားမျှတခြင်းမရှိမှု၊ ဖိနှိပ်ချုပ်ချယ်မှု၊ ခွဲခြားဆက်ဆံမှု၊ ရန်လိုမုန်းတီးမှု အာဏာ တစ်လွဲအသုံးချမှုများ ကိုယ်ကျိုးရှာ အုပ်ချုပ်မှုများ အပါအ၀င် လူမျိုးရေး ဘာသာရေး အမြင်ကျဉ်းမြောင်းမှု အစရှိသည်တို့ကြောင့် ဖြစ်သည်။ ကျွန်တော်တို့ ပြည်သူများအနေဖြင့် ငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအား လိုလားသည် ဆိုပါလျှင် အဆိုပါပြသနာများကို ဖြေရှင်းပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းကြရမည်ဖြစ်သည်။ ဆိုပါစို့။ ကျွန်တော်တို့တွင် ရွေးချယ်စရာ လမ်းနှစ်သွယ် ရှိလာသည်။ Peaceful Coexistence ဆိုသည့် ငြိမ်းချမ်းစွာအတူ ယှဉ်တွဲနေထိုင်ရေးကို ရွေးချယ် မလား။ သို့တည်းမဟုတ် No Existence ဆိုသည့် တိုင်းပြည်ပြိုကွဲခြင်းဟူသည့် လမ်းကြောင်းသို့ သွားမည်လား။ Peaceful Coexistence ကိုသွားမည်ဆိုပါလျှင် ကျွန်တော်တို့ ကိုယ်စီကိုယ်ငှ အလုပ်လုပ်ရပါမည်။ ငြိမ်းချမ်းရေးဆိုင်ရာ သဘောတရားများ ဒီမိုကရေစီ စံနှုန်းများကို ပြည်သူများအတွင်းစိမ့်ဝင် ပြန့်နှံသွားအောင် ကြိုးပမ်းရပါမည်။ ယင်းအတွက် သဘောတရားရေးရာ သင်တန်းများပေးခြင်း၊ Campaign လုပ်ခြင်းများတို့နှင့်သာ မလုံလောက်ပဲ ငြိမ်းချမ်းရေး သဘောတရားများကို ကိုယ်တိုင်ကိုယ်ကျ ကျင့်သုံး၍ မိမိမိသားစု အပါအ၀င် မိမိ၏ အသိုင်းအ၀ိုင်းအတွင်း ဖြန့်ဝေပေးရန်မှာ ကျွန်တော်တို့ တာဝန်ဖြစ်သည်။

    ဘာကြောင့် ဘာသာပေါင်းစုံ လူမျိုးပေါင်းစုံ ချစ်ကြည်ရေးတည်ဆောက်ဖို့ လိုအပ်တာလဲ?

    သမိုင်းတလျှောက်တွင် လူသားအတော်များများသည်  ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာတရားများကို အကြောင်းပြုကာ နှိပ်စက် ညဉ်းဆဲပြုမှု၊ နိုင်လို မင်းထက်ပြုခြင်းတို့ကို ခံစားခဲ့ကြရသည်။  ဥပမာ – ဂျူးလူမျိုးခြောက်သန်းကို သတ်ဖြတ်ခဲ့သော နာဇီပါတီ၏ ဟိုလိုကက်စ်ဖြစ်ရပ်၊ အိုင်ယာလန်၏ ဘာသာရေး မျိုးဖြုတ်သတ်ဖြတ်ပွဲ၊ အရှေ့အလယ်ပိုင်း ဒေသရှိ ဘာသာရေးကြောင့် ဖြစ်သော လူမျိုးရေးရာ ပဋိပက္ခများနှင့်စစ်ပွဲများ၊ နယ်မြေလုယက်မှုများ စသည်တို့က သက်သေ အထင်အရှားပင်ဖြစ်သည်။ ထို့ပြင် နိုင်ငံရေးသမားများ၏ နိုင်ငံရေး ကစားကွက် အတွက် ဘာသာတရားတို့အား လှည့်ဖြား အသုံးချကာ အကျိုးအမြတ်အတွက် ရည်ရွယ်သော စစ်ပွဲမျိုး တွေကိုလည်း မျက်မှောက် ကမ္ဘာတွင်တွေ့ရှိ နေရပြန်သည်။ ကျွန်တော်တို့ မြန်မာပြည်တွင်လည်း ရခိုင်အရေးအခင်း၊ မိထ္ထီလာမှ အစပြုသော ပဋိပက္ခတို့သည် ဘာသာရေးအဓိကရုဏ်း အသွင်ဆောင်လာပြီး အပြစ်မဲ့ ပြည်သူတို့၏ အသက်အိုးအိမ် စည်းစိမ်များ ၀မ်းနည်းစဖွယ် ပျက်သုဉ်း ဆုံးရှုံးခဲ့ရသည်။ ဒီနေရာတွင် သတိပြုရန်လိုအပ်သည့်အချက်မှာ၊ ပဋိပက္ခ ဖန်တီးသူများ၊ လှုံ့ဆော်သူများ၊ နိုင်ငံရေး အမြတ်ထုတ်သူများသည် အကယ်စင်စစ် ဘာသာတရားအား ကိုယ်စားပြုသော ပုဂ္ဂိုလ်များ မဟုတ်ဟူသော အချက်နှင့်  ဘာသာ တရားများက ပြသနာများ ဖြစ်ပွါးရခြင်းတို့၏ အကြောင်းရင်းခံ မဟုတ်ကြောင်းဖြစ်သည်။ ပြဿနာတို့ ၏ လက်သည်သည် အဆိုပါ ပုဂ္ဂိုလ်များက ဘာသာတရားကို အသုံးချ၍ ၀ါဒမှိုင်းတိုက်ခြင်း ကြောင့်သာဖြစ်သည်။

    အကယ်စင်စစ် ဘာသာတရားတို့သည် လူသားတို့၏ အရည်အချင်းနှင့် စွမ်းဆောင်ရည် မြှင့်တင်ပေးနိုင်ခြင်းတို့အတွက် အဓိကကျသော မောင်းနှင်အား တစ်ရပ်ဖြစ်သည်။ ဘာသာရေးဆိုင်ရာ အဆုံးအမများနှင့် မူရင်းလာ တရားတော်များ၌ ငြိမ်းချမ်းမှုဆိုင်ရာ သဘောတရားများနှင့် အေးချမ်း တည်ငြိမ်မှုတို့၏ ရေသောက်မြစ်များကို ရှာဖွေတွေ့ရှိနိုင်ပြီး ၎င်းတရားတော်တို့ကို အစစ်အမှန် လေးစား လိုက်နာခြင်းတွင် ငြိမ်းချမ်းရေး တည်ဆောက်မှုအတွက် လုံလောက်သော အဖြေရှိသည်။ တစ်ခါတစ်ရံ၌ ဘာသာ တရားတို့သည် ပဋိပက္ခများအတွက် လောင်စာဖြစ်သွားတတ်ကြ သော်လည်း ထိုသို့ ဖြစ်ရခြင်းမှာ လူသားဖြစ်သော ဘာသာဝင်တို့၏ လွဲမှားစွာကျင့်သုံးခြင်း တို့ကြောင့်သာလျှင်ဖြစ်သည်။

    သို့ဖြစ်ပေရာ ဘာသာဝင်တို့ အနေဖြင့် ဘာသာတရားတို့အပေါ် အပြန်အလှန်နားလည်မှုရှိလျှင်၊ လေးစားသမှု ရှိနေလျင်၊ ပြည်သူများအကြား ပိုမိုတိုးတက် ကောင်းမွန်သော ဆက်ဆံရေးတစ်ရပ် တည်ဆောက်နိုင်ပါလျှင် အဆိုပါ နာလိုခံခက်ကိစ္စရပ်များမှ ရှောင်ရှားနိုင်ပြီးလျှင်၊ ငြိမ်းချမ်းစွာ အတူရှင်တွဲ နေထိုင်မှုတည်းဟူသော တစ်ခုတည်းသော ဖြေရှင်းချက်ကို ဦးတည်နိုင်ရေးအတွက် အခြားဘာသာတရားများအား လေ့လာရေးနှင့်  အရှိတရားတို့အပေါ် နားလည်လက်ခံပေးရေးတို့မှာ အလွန် အရေးကြီးသော ကိစ္စရပ်တစ်ခု ဖြစ်လာသည်။ ထို့ထက်ပိုအရေးကြီးသည့်အရာမှာ မိမိယုံကြည်လက်ခံထားသည့် သာသနာအား အကယ်ပင် သိရှိသဘော ပေါက်နားလည်ခြင်းနှင့် အမှန်တကယ် လိုက်နာကျင့်သုံးရေးပင်ဖြစ်သည်။

    ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးမှု တည်ဆောက်ရေး (Interfaith) နည်းလမ်းများ

    Interfaith လမ်းကြောင်းကို ဖေါ်ဆောင်သမှုပြုရာတွင် Dialogue တည်းဟူသော အပြန်အလှန် ဆွေးနွေးဖလှယ်မှုက ပဓာနကျသော အခန်းကဏ္ဍမှ ပါဝင်သည်။ Dialogue များ ဖေါ်ဆောင်ရာတွင် Ideology ဟူသောသဘောတရား၊ အတွေးအခေါ်နှင့်   လောကအမြင်တို့အပေါ် အခြေပြုသည့် အခြေခံကျကျ ချဉ်းကပ်ဆွေးနွေးခြင်း (ဥပမာ – ဘာသာတရားတို့၏ အခြေခံ သဘောတရားများ၊ ကျင့်ဝတ်နှင့်နည်းနာများ၊ ယုံကြည်မှုများနှင့် ကျင့်သုံးနေထိုင်မှုပုံစံ၊ အစရှိသဖြင့်) နှင့် Issue များအပေါ် အခြေပြုသည့် ဖြစ်ရပ်များအပေါ်အဖြေရှာခြင်း (ဥပမာ- ကျားမတန်းတူညီမျှရေး၊ ပညာရေးမြှင့်တင်ရေး၊ သဘာဝ ပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး၊  ဆင်းရဲမွဲတေမှုလျော့ချရေး) အစရှိသည့် နည်းလမ်းနှစ်မျိုးအား အသုံးပြုနိုင်သည်။

    မည်သည့်နည်းလမ်းကို အသုံးပြုသည်ဖြစ်စေ Interfaith ဖော်ဆောင်မည့်သူသည် အောက်ပါအကြောင်းအချက်များ အတွက် ကြိုတင်ပြင်ဆင် ထားမှုရှိရန်လိုအပ်သည်။

    Knowledge (ဘာသာတရားများနှင့်ပတ်သက်သော မှန်ကန်သည့် ဗဟုသုတရှိခြင်း)

    Interfaith ကို ဖေါ်ဆောင်မည့် တစ်ဦးတစ်ယောက် အနေဖြင့် ဘာသာတရားတို့နှင့် ပတ်သက်သော အခြေခံဗဟုသုတ ရှိထားရန် လိုအပ်ပြီးလျှင်၊ သိမှုအဆင့်၌ သမမျှတသော အတွေးအမြင်ရှိမှုကို ဦးစားပေးရမည်။ ထိုကဲ့သို့ ဘာသာတရားများနှင့် ပတ်သက်၍ လေ့လာမှု ပြုရာတွင်လည်း စစ်မှန်သော သတင်းအချက်အလက်များကို လေ့လာသင်ယူမှုက လွန်စွာအရေးကြီးပြီးလျှင် အမှန်တကယ် ကျင့်သုံးမှုပြုနေသော ပုဂ္ဂိုလ်များ ဘာသာရေးခေါင်းဆောင်များထံမှ လေ့လာစည်းပူး ရမည်ဖြစ်သည်။ ထိုသို့ လေ့လာသင်ယူရာတွင်လည်း Open Minded (ပွင့်လင်းလွတ်လပ်သော အတွေးအခေါ်) အပေါ်အခြေခံသော သင်ယူလေ့လာမှု ဖြစ်ရန်လည်း လွန်စွာမှပင် အရေးကြီးလှသည်။

    Reason (ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မြှော်မြင်မှုရှိခြင်း)

    Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်သည် မိမိက ဘာအတွက် ဖော်ဆောင်မည်လဲ၊ မည်သည့် ရလဒ်ကို ရရှိလိုသလဲ၊ မည်သည်က အဓိကကျသည့် အကြောင်းအရင်းများ ဖြစ်သလဲ အစရှိသည့် ခိုင်လုံ၍ ကြောင်းကျိုးဆက်စပ်သော တွေးခေါ်မျှော်မြင်မှုရှိရန် လိုအပ်သည်။ ထိုသို့အားဖြင့် ယုတ္တိကျကျ ချဉ်းကပ်မှုပြုမှာသာ မိမိဦးတည်လိုသော ရလာဒ်များကို ရရှိစေနိုင်လိမ့်မည်ဖြစ်သည်။  ထို့ပြင်မက Interfaith ဖေါ်ဆောင်မှုပြုလိုသူများအနေဖြင့် ရိုးသားမှုအပေါ် အခြေခံပြီးလျှင် မိမိဘာသာကသာ သာ၍မြင့်မြတ်သည် ဟူသော အတွေးအခေါ်ကို လက်ကိုင်မထားပဲ Misionary သမား၏ စိတ်ဓာတ်မျိုးဖြင့် တစ်ဖက်သားအား စွဲဆောင် စည်းရုံးခြင်းမျိုးမဖြစ်ရန်လည်း အလွန်စွာမှပင် အရေးကြီးလှသည်။

    Wisdom (ဥာဏ်ပညာကို အခြေပြု၍ ရလာဒ်ကောင်းများဖေါ်ဆောင်ခြင်း)

    Knowledge ဟူသည် “To Know Something” ဖြစ်၍ Wisdom ဟူသည် “To do Something according to Knowing” ဖြစ်သည်။
    သိမှုကို ပြန်လည်အသုံးချခြင်းမှာသာလျှင် ပညာဥာဏ် အမျှော်အမြင် တည်ရှိသည်။ ထို့အတွက်ကြောင့် Interfaith ဖေါ်ဆောင်မည့် ပုဂ္ဂိုလ်များ အနေဖြင့် စားပွဲဝိုင်းထိုင် ဆွေးနွေးနေရုံ မျှ မဟုတ်ပဲ၊ လူ့အသိုင်းအ၀ိုင်းအတွက် အမှန်တစ်ကယ် အကျိုးပြုနိုင်မည့် ရလဒ် ကောင်းများ ရရှိရန် ဖေါ်ဆောင်ပေးနိုင်ရမည်။

    ဆိုခဲ့ပါ အချက်များအား လိုက်နာဖြည့်စည်း နိုင်ပြီ ဆိုပါလျှင် အောက်ပါအချက်များ အား ဦးတည်၍ Dialogue ဆွေးနွေးပွဲများ စတင် နိုင်ပါသည်။

    Common Ground အားရှာဖွေခြင်း

    Dialogue အမှန်တကယ်ဖြစ်ထွန်းလာစေရေး အတွက် ဘုံတူညီချက်များ ရှာဖွေ၍ ဆွေးနွေးမှုလွယ်ကူစေသော အနေအထား တစ်ရပ်ကို ဖန်တီး လမ်းဖွင့်ပေးနိုင်ရမည်။ ထို့အတွက် Similarity ဟူသော ဘာသာတရားအသီးသီးရှိ ဘုံတူညီသော အချက်များကို သိရှိထားရန်နှင့် ရှာဖွေရန်မှာ အရေးကြီးသည်။ Similarity ကိုစုစည်း ထားမှသာလျှင် ဆွေးနွေးရန် လွယ်ကူသော အနေအထား ကိုရောက်ရှိစေနိုင်မည်ဖြစ်သည်။ ထိုနည်းတူစွာပင် ဘာသာအသီးသီးရှိ Differences (ကွဲပြားခြားနားနေသော အချက်များ) ကိုလည်း သိရှိထားရန် အရေးပါလှသည်။ Differences များကိုလေ့လာသိရှိထားခြင်းအားဖြင့် Communication ဟူသော ဆက်သွယ် ပြောဆိုမှု  ပိုမိုကောင်းမွန်လာစေပြီးလျှင် တစ်ဖက်သားအား မထိခိုက် မနစ်နာစေသော လမ်းကြောင်းမှန်ဖြင့် ဆွေးနွေးသွားနိုင်မည်ဖြစ်သည်။ ထိုနှစ်ချက်အား ပိုင်နိုင်စွာ သိလာပြီဆိုပါက အဓိက ရည်ရွယ်ရင်းဖြစ်သော Cooperation ဟုခေါ်သည့် အတူတကွ လက်တွဲပူးပေါင်း ဆောင်ရွက်ရေးနှင့်၊ Positive Interaction ဟုခေါ်သည့် အပြုသဘောဆောင်သော အပြန်အလှန် အကျိုးသယ်ပိုးပေးမှုဟူသည့် ပန်းတိုင်များကို ရရှိစေမည်မှာ မသွေမုချပင်ဖြစ်သည်။

    နိဂုံးချုပ်ဆိုရလျှင် ကျွန်တော်တို့သည် မတူညီသော အယူဝါဒများကို လက်ခံကျင့်သုံးနေကြသူများ (သို့) မည်သည့်အယူဝါဒ ကိုမှ သက်ဝင်ယုံကြည်ခြင်း မရှိသူများအဖြစ် ကြိုက်သည် ဖြစ်စေ မကြိုက်သည်ဖြစ်စေ အတူတကွ စုစည်းနေထိုင်ကြရသည် ဖြစ်သည်။ လူသားများ ဖြစ်ကြသည့်အလျှောက် ကျွန်တော်တို့အတွင်း ဘုံတူညီမှုများ မြောက်များစွာ ရှိကြပြီးလျှင် ယဉ်ကျေးမှုနှင့် ကိုးကွယ်ယုံကြည်ရာ ခြားနားခြင်းကြောင့် မတူကွဲပြားမှုများ ရှိနေတတ်သည်မှာ ငြင်းပယ်ရှောင်လွှဲ၍ မရသည့် အမှန်တရားပင် ဖြစ်သည်။ မည်သည့်အယူဝါဒကို ယုံကြည်သက်ဝင်သည်ဖြစ်စေ (သို့) မည်သည့်အယူဝါဒကိုမှ သက်ဝင်ခြင်းမရှိပဲ ကောင်းမြတ်သော လူ့စံနှုန်းများကိုသာ ကျင့်သုံး ဆောင်ရွက်သူ ဖြစ်သည်ဖြစ်စေ၊ ကျွန်တော်တို့သည် ဘာသာတရားများ၏ ကောုးမြတ်သော သင်ကြားချက်များနှင့် လူ့စံနှုန်းကျင့်ဝတ်များအား လေးစားလိုက်နာ ကျင့်သုံးခြင်းကြောင့် လူပီသမှုကို ဖြစ်ထွန်းစေသော အခြေခံ ဥပဒေသများကို  လိုက်နာကျင့်သုံးရ၌ (ဥပမာ- ငါးပါးသီလစောင့်ထိန်းခြင်း၊ တစ်ပါးသူအား ကူညီသမှုပြုခြင်း၊ လူအချင်းချင်း မေတ္တာထားခြင်း၊ မကောင်းမှုများ ရှောင်ကျဉ်ခြင်းနှင့် ကောင်းမှုများ ကျင့်ဆောင်ခြင်း)တို့၌ ကွဲပြား ခြားနားမှု အလျဉ်းမရှိခြေ။ တစ်ဖက်တွင်လည်း ယဉ်ကျေးမှုနောက်ခံ မတူညီသော၊ အခြေခံအယူအဆများကွဲပြားသော အယူဝါဒများကို လက်ခံ ယုံကြည်သြသူများ ဖြစ်ပေရာ လူ့ကျင့်ဝတ်များကို မဖောက်ဖျက်သော၊ လူသားပီသမှုကို မထိခိုက်သော၊ ကိစ္စရပ်အချို့တွင် ကွဲလွဲမှုများ ရှိနိုင်ပေသည်။ (ဥပမာ- ၀တ်စားဆင်ယင်ခြင်း၊ အစားအသောက်၊ နေထိုင်မှုပုံစံ နှင့် ၀တ်ပြုကိုးကွယ်မှု) သို့ဖြစ်ပေရာ  တူညီမှုများအပေါ် တန်ဘိုးထားခြင်းဖြင့် အပြန်အလှန်ပူးပေါင်း ဆောင်ရွက်မှုနှင့် ချစ်ကြည်ရင်းနှီးမှုများ တည်ဆောက်နိုင်ပြီးလျှင် မတူညီမှုများအား လေးစားပေးခြင်းဖြင့် အပြန်အလှန်နားလည်ပေးမှု (Mutual Understanding) နှင့် သဘောထားကြီးမှု (Tolerance) များအား ပြသခြင်းဖြင့် အမုန်းတရားကင်းစင်သော လူ့အသိုင်းအ၀ိုင်း တစ်ရပ် တည်ဆောက်နိုင်မည်မှာ မသွေမုချပင် ဖြစ်ပါတော့သည်။

    ဇော်မင်းထွေး

  • ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

    ဘားအံမြို့တွင် ဘုန်းကြီးမှ သပိတ်ဖြင့် ရိုက်၍ မွတ်စလင်မ် အမျိုးသမီးကြီး ခေါင်းကွဲ

    ဧပြီ ၂၈၊ ၂၀၁၃
    M-Media
    ဇာဏီ

    ဘားအံ ။ ။ ဘားအံမြို့ပေါ်တွင် ဆွမ်းခံထွက်လာသော ဘုန်းကြီးများမှ မွတ်စလင်မ် အမျိုးသမီးကြီး တစ်ဦးအား သပိတ်ဖြင့် ရိုက်နှက်မှုတစ်ခု ရာဘာခြံ ၁-လမ်းထိပ်တွင် ယနေ့မနက် ၈-နာရီ ၁၅-မိနစ်ခန့်က ဖြစ်ပွားခဲ့ကြောင်း သတင်းရရှိသည်။

    ဖြစ်ပွားပုံမှာ ယနေ့မနက်ပိုင်း ဘုန်းကြီးများ ဆွမ်းခံထွက်လာချိန် ဘားအံမြို့ ရာဘာခြံ ၁-လမ်းထိပ်အရောက်တွင်ရာဘာခြံ ၃-လမ်းနေ အသက်(၅၀)ကျော် အရွယ်ရှိ ဒေါ်မခင်(ခ)ဒေါ်ရှကီရာဆိုသည့် မွတ်စလင်မ် အမျိုးသမီးကြီးတစ်ဦးက  ဘုန်းကြီးများ ကြွလာသည်ကိုမြင်၍ ဘေးနားတွင်မတ်တပ်ရပ်နေခဲ့သည်။  ထိုသို့ မတ်တပ် ရပ်နေသည့်ကို  ဘုန်းကြီးမှ ဆွမ်းခံကြွလာတာကို လမ်းဖြတ်ကူးသည်ဟု စွပ်စွဲပြောဆိုပြီး ခေါင်းကို သပိတ်ဖြင့် ရိုက်နှက်ခဲ့သည်။ ယင်းရိုက်နှက်မှုကြောင့် ဒေါ်မခင် မှာ ခေါင်းကွဲပြိး  သွေးများကျကာ လဲကျသွားသည်။  လဲကျသွားသည်ကို အနီးအနားမှ မြင်ကြသော်လည်း ဘုန်းကြီးမှ ရိုက်နှက်မှုဖြစ်သည့်အတွက် မည်သူမျှလာရောက်၍ ကူညီမှု မပေးရဲသည့် အတွက် ဒီအတိုင်းကြည့်နေကြသည်။ ခဏကြာမှ ဒေါ်မခင် ၏ သမီးရောက်ရှိလာပြီး ဒေါ်မခင် အား ဆေးရုံသို့ ခေါ်ဆောင်သွား ခဲ့ကြောင်းနှင့် သက်ဆိုင်ရာမှလည်း လာရောက်ကြည့်ရှုခဲ့သော်လည်း ရိုက်နှက်သည့် ဘုန်းကြီးအား မည်သည့် အရေးယူမှုမျိုးမှ မရှိခဲ့ကြောင်းလည်းသိရသည်။

    ယခု မွတ်စလင်မ် အမျိုးသမီးကြီး ဒေါ်မခင်ကို ရိုက်နှက်သည့် ဘုန်းကြီးမှာ သစ္စာမဏ္ဍိုင်ကျောင်းတွင် သီးတင်းနေထိုင်သည့် ဘုန်းကြီးဖြစ်ကြောင်းသိရသည်။ ဒေါ်မခင်မှာ ယခု အခါ ရိုက်နှက်ခံရသည့် ခေါင်းတွင် ထိခိုက်ဒဏ်ရကြောင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်းသ တင်းရရှိပါသည်။

    ဘားအံမြို့တွင်  ဘုန်းကြီးများမှာ ဆွမ်းခံထွက်သည့် လမ်းဖြတ်ကူးသည်ဟူသော အကြောင်းပြချက်ဖြင့်  ဘားအံမြို့တွင် နေထိုင်သည့် မွတ်စလင်မ်များကို ရိုက်နှက်လေ့ရှိကြောင်း ၂၀၁၂-ခုအတွင်းက ဖြစ်ပွားခဲ့သည့် ရိုက်နှက်မှု ဖြစ်စဉ်တခုတွင်   အဖိုးအိုတစ်ဦး ရိုက်နှက်ခံရသည့် ဒဏ်ရများဖြင့် သေဆုံးသွားခဲ့ရသည်။ ၄င်းဖြစ်စဉ်  နောက်ပိုင်းတွင်လည်း ယင်းကဲ့သို့ ရိုက်နှက်မှုများရှိခဲ့သည်မှာ ၁၀-ယောက်ထက်မနည်းရှိပြီဖြစ်ကြောင်းနှင့် ယင်းကဲ့သို့သော အပြုအမူများအတွက်လည်း မည်ကဲ့သို့မှ အရေးယူမှု မရှိသည့်အတွက် ဘားအံမြို့ခံ မွတ်စလင်မ်များမှလည်း စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    လွန်ခဲ့သည့် အပတ် ဧပြီလ ၂၀-ရက်နေ့မှ ၂၂-ရက်နေ့အထိ ၃ ညတိုင်တိုင် ဘားအံမြို့ပေါ်ရှိ မဲဘောင်ကျောင်းတွင် ပြုလုပ်ခဲ့သည့် ၉၆၉ တရားပွဲတွင် ဦးဝီရသူမှ အစ္စလာမ်မုန်းတီးရေး တရားများ ဟောပြောပြိးနောက် ယခုကဲ့သို့ ရိုက်နှက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

  • လူမျိုး ဘာသာပေါင်းစုံ ညီညွှတ်မူ သွေးကွန်ရက်( ရန်ကုန်) သွေးလှူဒါန်းပွဲမှ အသံများ

    ဧပြီလ ၂၈၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    P7250183
    သွေးမေတ္တာ ပရဟိတ အသင်း(ရန်ကုန်)၏ ဥက္ကဌ ဦးမြတ်ကျော်မှ  “ဒီလိုမျိုး သွေးကွန်ယက်ဖွဲ့ဖို့ ၅-နှစ်ကျော် ၇-နှစ်လောက်က ဒီအမျိုးသား သွေးဌာနမှာပဲ တစ်ကြိမ်ပြုလုပ်ခဲ့ဖူးပါတယ်။ အဲဒီတုန်းက မိမိအတွေ့အကြုံများ နည်းသေးလို့ ဆိုရပါမယ် အောင်မြင်သင့်သလောက် မအောင်မြင်ခဲ့ပါဘူး။ အခုဆိုရင် ဂေါတမ မြတ်စွာဖုရား ကိုယ်တော်တိုင် မြတ်နိုးခဲ့တဲ့ စည်းလုံးခြင်း၊ ညီညွှတ်ခြင်းဖြစ်တဲ့ ဘာသာရေး၊ လူမူရေး၊ ပရဟိတ အသင်းအဖွဲ့ပေါင်း ၅၀-ကျော် တက်ရောက် ပါဝင်လာပါတယ်။ ဘာသာကြီးလေးဘာသာအပြင် ဘဟာအီ ဆိုတဲ့ ဘာသာပါ ပါလာပါတယ်၊ ဘဘတို့ရဲ့ ဘာသာပေါင်းစုံ ကွန်ရက်ကြီးမှာ ကောင်းတာတွေကို အတူ လက်တွဲပြီး လုပ်ကြမယ်။ လူတိုင်းမှာ ဘာသာတိုင်းမှာ အစွန်းရောက်တဲ့သူတွေဆိုတာ ရှိပါတယ်၊ ဘဘတို့ ဗုဒ္ဓဘာသာ မှာလည်း အစွန်းရောက်တွေ ရှိပါတယ်၊ ဘာသာတိုင်းမှာ အစွန်းရောက်တဲ့ သူတွေရှိတယ်၊ အဲဒီတော့ ဘဘတို့က အစွန်းမရောက်တဲ့ သူတွေနဲ့ လက်တွဲပြီးတော့ ကောင်းကျိုး လုပ်ကြမယ်။ ဘဘတို့က ဘယ်ဘာသာဝင်ပဲဖြစ်ဖြစ် လူသားတွေလို့ပဲ မြင်ပါတယ်၊ လူသားတွေဟာ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် လူသားတွေ လို့ပဲ မြင်ပါတယ်။ အဲဒီလို လူသားတွေလို့ပဲမြင်တဲ့ အတွက်  လူသားအကျိုးပြု လုပ်ငန်းတွေကို ဘာသာပေါင်းစုံနဲ့ အဘတို့ လက်တွဲပြီးတော့ လုပ်မှာပါ။  ညီတာတွေကို အတူလုပ်ပြီး မညီတာတွေကို ထပ်ညှိပြီး အတူ လုပ်ပါမယ်။ ညီညွှတ်ခြင်းသည် အင်အားဆိုတဲ့ ဆောင်ပုဒ်ကို ကိုင်စွဲထားပါတယ်။ ညီညွှတ်လာတဲ့ အတွက် ဘယ်အရာ မဆို လူမူရေး၊ အမျိုးသားရေး ကိစ္စတွေမှာ ဒီထက် ပိုပြီး ဆောင်ရွက်လာနိုင်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း သွေးလှူဒါန်းတာ (၆၉)ကြိမ် မြောက်ပါပြီ။  သူတစ်ပါးရဲ့ အသက်ကို မိမိ အသက်ရင်းပြီး လှူတာကြောင့် ဒါန ပရဌနာ ပါရမီမြောက်တယ်လို့ ထင်ပါတယ်” ဟု M-Media သို့ပြောသည်။

    P7250225သွေးမေတ္တာ ပရဟိတအသင်း(ရန်ကုန်)၏  ဒုတိယဥက္ကဌ ကိုဝေဠုကျော် မှ “ လူမျိုး ဘာသာပေါင်းစုံ သွေးကွန်ယက်က စုစည်းထားတာပါ။ နောင်ကို အခြားသော မတက်ရောက်နိုင်သေးတဲ့ အသင်းအဖွဲ့တွေ အနေနဲ့ တက်ရောက်ပါ။ အသင်းအားလုံးက ဦးစီးဦးဆောင် ဆောင်ရွက်ကြတာပါ။ ဘာသာပေါင်းစုံဆိုတာကတော့ သွေးသည် လူမျိုးမရွေး ဘာသာမရွေး သုံးလို့ရတယ်၊ သူ့သွေးလည်း ဒါပဲ၊ ကိုယ့်သွေးလည်း ဒါပဲ၊ မည်သည့် ဘာသာသွေးပဲ ဖြစ်ဖြစ် မည်သည့် ဘာသာကိုပဲ ဖြစ်ဖြစ် သွေးထည့်လို့ရတယ်။ ဘယ်လူမျိုးရဲ့သွေးဖြစ်ဖြစ် အခြားဘယ်လူမျိုးရဲ့သွေးကိုမဆို ထည့်လို့ရတယ်။ အဲလိုပဲ ကျန်တဲ့ ဘာသာရေး၊ လူမူရေး ကိစ္စတွေမှာလည်း အစွန်းမထွက်ပဲနဲ့ တစ်ဘာသာနဲ့ တစ်ဘာသာ ညီညီညွှတ်ညွှတ်လေးနဲ့ ဆက်ပြီးတော့ ဒီမိုကရေစီ နိုင်ငံတော်ကြီးကို တည်ထောင်တဲ့ နေရာမှာ တတပ်တအား ပါဝင်နိုင်ကြဖို့ အတွက် စတင်စုစည်းခြင်း ဖြစ်ပါတယ်။ ဘာသာပေါင်းစုံနဲ့ အခုက စတင်ပြီး ညီညွှတ်ရေး အတွက် စတင်စုစည်းတာ ဖြစ်ပြီး နောက်ပိုင်း ကွန်ရက်ကြီး တစ်ခု ဖြစ်သွားမယ်ဆိုရင်တော့ သွေးကိစ္စရော၊ ဘာသာရေး ကိစ္စရော၊ သဘာဝဘေးကိစ္စရော အားလုံးကို ဒီကွန်ယက်ကြီးကနေပြီးတော့ တစ်ညီတညွှတ်တည်းနဲ့ အားလုံး လုပ်သွားဖို့ ကျွန်တော်တို့ ကြိုးစားသွားမှာပါ။ ဘယ်လို လူမျိုးရေး ပဋိပက္ခမျိုးတွေ အထိ ကျွန်တော်တို့ လုပ်နိုင်တဲ့ အတိုင်းအတာ တစ်ခုထိ၊ လုပ်ခွင့်ရတဲ့ အတိုင်းအတာ တစ်ခုထိ ကျွန်တော်တို့ တတ်နိုင်သလောက် ကြိုးစားသွားမှာပါ ” ဟု M-Media သို့ပြောသည်။

    DSCN4042

    MMSY အဖွဲ့မှ သွေးလှူဒါန်းသူ တစ်ဦးဖြစ်သော ကိုလူမင်းဟန်မှ  “ကိုယ့်ရဲ့ သွေး တစ်ခုနဲ့  သူများရဲ့အသက်တစ်ချောင်းကို ကယ်ဖို့ အတွက် ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ပါ။ အခုလို လှူရတာဟာ အရမ်းစိတ်ချမ်းသာ ဖို့ကောင်းပါတယ်။ အခြားသူတွေ အနေနဲ့လည်း တတ်နိုင်လို့ ရှိရင် လာပြီးလှူကြပါလို့ တိုက်တွန်းချင်ပါတယ်။ ခုလို ဘာသာပေါင်းစုံ ပူပေါင်းပြီး ဆောင်ရွက်တဲ့ အတွက် ၀မ်းသာပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ ကျွန်တော်တို့က မွတ်စလင် ဆိုပေမယ့် မြန်မာနိုင်ငံမှာပဲ နေတဲ့ မြန်မာနိုင်ငံသားပါပဲ။ အားလုံး မခွဲခြားဘဲနဲ့ အတူတကွ စည်းစည်းလုံးလုံးနဲ့ လာပြီးတော့ လှူကြတယ်ဆိုတော့ ၀မ်းသာဖို့ ကောင်းပါတယ်။ ဒီလိုမျိုး ပွဲလေးတွေ မကြာ မကြာ ပြုလုပ်ပေးခြင်းအားဖြင့် ပိုပြီးတော့ တစ်ယောက်နဲ့ တစ်ယောက် စည်းလုံး ညီညွှတ်မှု ရမယ်၊ နားလည်မှု ရလာမယ်” ဟု M-media သို့ပြောသည်။

    P7250238
    ၅၉-လမ်းဗလီ အဖွဲ့မှ ဦးကမားဘိုင် (ဆွာဝါဒီ) ကလည်း “ ဒီမြန်မာနိုင်ငံ အတွင်းမှာ ဘာသာပေါင်းစုံ ညီညီ ညွှတ်ညွှတ်နေချင်တာပါ။ ကိုယ့်မွတ်စလင်တွေကြီးပဲ သီးသန့်ခွဲပြီး မြန်မာနိုင်ငံမှာ မနေချင်ပါဘူး။ ကျွန်တော်တို့ ၅၉-လမ်း ဗလီ အဖွဲ့နေနဲ့ သွေးလှူဖို့လာတာ ၂၇-ယောက်ပါ။ ကျွန်တော်တို့ အဖွဲ့အနေနဲ့ အမွန်မြတ်ဆုံး သွေးလှူဒါန်းတဲ့ သွေးအလှူရှင်တွေကို ကျွန်တော်တို့ နိုင်သလောက် ကျွေးမွေး လှူဒါန်းမူ ပြုပါတယ်။ ရှေ့ဆက်ပြီးတော့ ဒီလို လူမူရေးကိစ္စတွေ မှာ ကွန်ရက်တွေနဲ့ ချိတ်ပြီးတော့လည်း လုပ်ဆောင်သွားဖို့ ရှိပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။

    P7250245

    သွေးမေတ္တာ ကွန်ယက်၏ အမှုဆောင် တစ်ဦးဖြစ်သော မမိုခမ်း(သရုပ်ဆောင်) မှ “ ဒီနေ့မှာတော့ ကျွန်မက အခမ်းအနားမှူးတစ်ယောက် အနေနဲ့ တာဝန်ယူပါတယ်။ အခုမှ စတင် စုစည်းတဲ့ သွေးမေတ္တာကွန်ရက်ရဲ့ ရည်ရွယ်ချက်မှာ အဓိကက လူမျိုးရေးမှာ ငြိမ်းချမ်းရေးကို ရှေ့ရှုတယ် ပရဟိတ အသင်းဖြစ်တဲ့ အတွက် ၀င်လာတဲ့ ကွန်ရက်ကြီး အတွင်းမှာ ရှိတဲ့ သူတွေ အကုန်လုံးကလည်း ပရဟိတ လုပ်တဲ့အတွက် ဘာသာလူမျိုး မခွဲခြား စေချင်ကြဘူး။ သွေးလိုအပ်တဲ့ သူတွေကို သွေးပေးမယ် သင့်မြတ်တဲ့သူရော မသင့်မြတ်တဲ့သူရော ကိုကိုယ်တွေက ကြားထဲကနေပြီး ကွန်ရက်အနေနဲ့ငြိမ်းချမ်းရေး ရအောင် ဖြေရှင်းပေးမယ်ဆိုတဲ့ ဆန္ဒလေးလည်း ပါပါတယ်။ အခု ကျွန်မတို့ ကွန်ရက်မှာ ဆိုရင် ခရစ်ယာန်ပါတယ်၊ ဟိန္ဒူပါတယ်၊ ဗုဒ္ဓဘာသာ ပါတယ်၊ ဘဟာအီ ပါတယ်။ တမီလ် ပါတယ် လူမျိုးတော်တော် စုံပါတယ်။ အရမ်းကြီး စည်းမရုံး ရဘူး၊ ဘာဖြစ်လို့လဲ ဆိုတော့ အစ္စလာမ်ဆို ၅၉-လမ်းဗလီက ခေါင်းဆောင်တွေကလည်း သူတို့ရဲ့ အစ္စလာမ်လူတွေကို စုစုပြီးတော့ သွေးလှူဒါန်းပွဲတွေ လာလာလှူဒါန်းကြတယ်လို့ ကြားရတယ်။ အဲဒီတော့ ဘာသာ ပေါင်းစုံရဲ့ခေါင်းဆောင်တွေ အကုန်လုံးက သူတို့ရဲ့ နောက်ခံက သွေးလှူတဲ့ ပရဟိတကို အမြဲလုပ်တဲ့ အတွက် အများကြီး စည်းရုံးစရာမလိုဲ့ ဒီကွန်ရက်ထဲကို ၀င်လာပြီး ဘာသာပေါင်းစုံ စုစည်းလိုက်တာ ဖြစ်တယ်။ လူမျိုးဘာသာတွေ အရေခွံတွေပဲ မဲတာ ဖြူတာပဲ ဘာသာပဲ ကွဲသွားတယ်။  သွေးကိုကျတော့ ကြိုက်သလောက် လူမျိုးပေါင်းစုံရဲ့ သွေးတွေကို ခွက်ထဲကိုထည့် သွေးက သွေးပဲ။ သွေးက လုံးဝ ခွဲလို့မရပါဘူး။ အဓိကက ကိုယ့်သွေး တစ်စက်နဲ့ လူတစ်ယောက် အသက်ရှင်တယ်ဆိုတာ အင်မတန်မှ ဒါနပါရမီ ဆိုတာ လုံးဝ ဘ၀ဆက်တိုင်းကို အကျိုးပေးမယ့် ပါရမီ ဖြစ်တာကြောင့်မို့ ဒီအလှူကြီးဟာ ကြီးမြတ်တဲ့ အလှူပါ။ ကိုယ့်အတွက်လည်း သွေးအဟောင်းထွက်သွားပြီး သွေးအသစ်တွေ ထပ်ရပါတယ်။ ကွန်မ ကိုယ်တိုင်လည်း ဒီနေ့နဲ့ဆိုရင် (၉)ကြိမ်မြောက် လှူမှာ ဖြစ်ပါတယ်။
    လောလောဆယ် မမိုက အနုပညာရှင် တစ်ယောက် ဖြစ်တဲ့အတွက် ကားရိုက်က တစ်ဖက်၊ ဒီ ပရဟိတ ကတစ်ဖက် အချိန်ပေးပြီး လုပ်ပါတယ်။ အခု ဂျွန်ဂိုနဲ့  သန်လျင်မှာ ဗီဒီယို ကားလေးရိုက်နေပါတယ်။ ဒါရိုက်တာက သန့်စင်အောင် နဲ့ပါ” ဟု M-Media သို့ ပြောကြားခဲ့သည်။

  • ဇီးကုန်း မြို့မှ အုပ်ချူပ်ရေးပိုင်း တာဝန်ရှိသူများမှ အကြမ်းဖက်မှုများ ထပ်မဖြစ်စေရဟု အာမခံပြောကြား

    ဧပြီလ ၂၈၊ ၂၀၁၃
    M-media
    သတင်း- ဆူးထက်

    P7150056
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့ ဇီးကုန်းမြို့တွင်ဖြစ်ပွားခဲ့သော အကြမ်းဖက်သမားများနှင့် လုံခြုံရေး ရဲတပ်ဖွဲဝင်များ၏ မြင်ကွင်းဖြစ်ပါသည်။

    ဇီးကုန်းမြို့ခံ တစ်ဦးမှ “၂၇ရက်နေ့ ညကတော့ မြို့က ဆရာ ဦးမျိုးညွှန့်( ယခင် အမှတ်၎ ရယက ဥက္ကဌ ) ၊ဒေါ်အေးအေးခိုင် (ဒု လ၀က ဦးစီးမှူး)၊ ၊ကိုသက်နိုင်ဦး (ဗဟိုတရားရုံး ရှေ့နေ) နှင့် မြို့မိ  မြို့ဖ နှင့် ဌါနဆိုင်ရာ ရဲစစ်သား အုပ်ချုပ်ရေးမှူး အားလုံး အဖြစ်မခံဘူး ဆိုကာ ၀ိုင်းဝန်းစောင့်ရှောက်ကြပါသည်။ အဖျက်သမားများ ဘက်မှ ၄.၅.၂၀၁၃ နေ့အထိ target ထားရအောင် ဖျက်ဆီးမယ်လို့ သတင်းလွှင့်ထားတဲ့ အတွက် မွတ်စလင်တွေ အကုန်လုံး ထိတ်လန့် စိုးရိမ်နေရပါတယ်။ ကိုယ်စွမ်း ဥာဏ်စွမ်း ရှိသရွေ့ ကူညီပေးကြပါ ” ဟု M-Media သို့ပြောပြလာပါသည်။

    ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယမန့်နေ့ည ၂၇.၄.၂၀၁၃ နှင့် ယနေ့ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှု သတင်းများ ပျံနှံလျက်ရှိသောကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    ဇီးကုန်းမြို့နယ် ဖျက်ဆီးခံရမှု့ မှတ်တမ်းနှင့် ပျက်ဆီးဆုံးရှုံးမှု စာရင်းများ ဖတ်လိုလျင် http://www.m-mediagroup.com/news/12814