News @ M-Media

Blog

  • မက္ကာနှင့် မဒီနာကြား ဆက်သွယ်မည့် မြန်နှုန်းမြင့် ရထားလမ်း တည်ဆောက် ပြီးစီးနေမှု အခြေအနေ

    ဧပြီ-၂၇-၂၀၁၃
    M-Media

    Haramain rail project

    ဆော်ဒီအာရေဗျနိုင်ငံ ဟာရာမိန်း(Haramain) ရထားလမ်းဖောက်လုပ်မှု၏ တစ်စိတ်တစ်ဒေသဖြစ်သည့် ဘူတာရုံ တည်ဆောက်မှုမှာ ဂျစ်ဒါမြို့တွင် ၂၇ ရာခိုင်နှုန်းကျော်နှင့် မက္ကာမြို့တွင် ၁၃ ရာခိုင်နှုန်းခန့်ပြီးစီးနေပြီး ထိုရထားလမ်းတည်ဆောက်ရေးလုပ်ငန်းမှာ အချိန်မီ ပြီးစီးလိမ့်မည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး အဖွဲ့၏ အကြီးအကဲဖြစ်သူ မိုဟာမက် အလ်-ဆူဝေကတ် ( Muhammad Al-Suwaiket) က ဆိုသည်။ ဘူတာရုံများ တည်ဆောက်မှုပြီးစီးသွားလျှင် ရထားလမ်းဖောက်လုပ်မှု၏ ဒုတိယအဆင့်ကို စတင်ဆောင်ရွက်နိုင်လိမ့်မည်ဟုလည်း သူက ပြောကြားသည်။

    မက္ကာ၊ မဒီနာ၊ ဂျစ်ဒါနှင့် အနောက်ဘက် ကမ်းရိုးတမ်း ရာဘစ်(Rabigh)ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို့တော်တို့တွင် ဘူတာရုံများတည်ဆောက်ခြင်းမှာ ရထားလမ်းဆောက်လုပ်မှု ပထမအဆင့်၏ ဒုတိယနှင့်၊ အပြီးသတ် ဆောင်ရွက်မှုဖြစ်လေသည်။ ထိုရထားလမ်းဖောက်လုပ်မှု၏ ဒုတိယနှင့် နောက်ဆုံး အဆင့်များတွင် ရထားလမ်းပိုင်းများတည်ဆောက်ခြင်း၊ အချက်ပြစနစ်နှင့် ဆက်သွယ်ရေးစနစ်များ တပ်ဆင်ခြင်း၊ ရထားလမ်းပိုင်းဆိုင်ရာ လျှပ်စစ် ဓာတ်အားပေးစနစ်များ တည်ဆောက်ခြင်းနှင့်၊ ခရီးသည်များအတွက် ကြိုပို့ယာဉ် ၃၅ စီး စီစဉ်ပေးခြင်းတို့ ပါဝင်မည်ဖြစ်သည်။ အဆိုပါ ရထားလမ်းဖောက်လုပ်မှု လုပ်ငန်းကို ၂၀၁၄ ခုနှစ်ကုန်ပိုင်းတွင် အပြီးသတ်နိုင်လိမ့်မည်ဟု ခန့်မှန်းထားသည်။

    1366999946765328900
    ဂျစ်ဒါမြို့မှ ဘူတာရုံတည်ဆောက်နေမှုမြင်ကွင်း

    မက္ကာ-မဒီနာ လမ်းပိုင်းကို စစ်ဆေးခဲ့သော အလ်-ဆူဝေကတ် က ဟာရာမိန်းမြန်နှုန်းမြင့် ရထားလမ်းမှာ ဆော်ဒီဘုရင့်နိုင်ငံ ရထားလမ်းတိုးချဲ့ဆောင်ရွက်မှု၏ အဓိက အစိတ်အပိုင်းများထဲမှ တစ်ခုဖြစ်သည်ဟု အင်္ဂါနေ့က ပြောကြားခဲ့သည်။ ရာဘစ် ရှိ ဘုရင်အဗ်ဒွလ္လာဟ် စီးပွားရေးမြို့တော်အပါအ၀င် မက္ကာ နှင့် မဒီနာကို ဆက်သွယ်ထားသည့် အဆိုပါလျှပ်စစ်ရထားလမ်းမှာ ကီလိုမီတာ ၄၅၀ ရှည်လျားမည်ဖြစ်သည်။

    ထိုရထားလမ်းမှာ မြင့်မြတ်သော မြို့နှစ်မြို့သို့ ဘုရားဖူးလာရောက်ကြမည့် သန်းပေါင်းများစွာသော ဘုရားဖူးဧည့်သည်များအတွက် လျင်မြန်၍ စိတ်ချရသော ခရီးသည်ပို့ဆောင်ရေးဖြစ်လာမည်ဖြစ်ပြီး မက္ကာနှင့် မဒီနာ မြို့နှစ်မြို့ကို ထိန်းသိမ်းရသော ဘုရင်အဗ်ဒွလ္လာဟ်၏ အပြည့်အ၀ ထောက်ပံ့မှုဖြင့် တည်ဆောက်ခြင်းဖြစ်သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။

    အလ်-ဆူဝေကတ်မှာ မဒီနာမြို့အ၀င် အရေးကြီးသော နေရာတစ်ခုအပါအ၀င် ရထားလမ်းဖောက်လုပ်ရာလမ်းတစ်လျှောက် ဆောက်လုပ်လျက်ရှိသည့် တံတားများကိုလည်းစစ်ဆေးခဲ့ပြီး လုပ်ငန်းများလျင်လျင်မြန်မြန်ဆောင်ရွက်ရန် နည်းလမ်းများကိုလည်း ဆွေးနွေးညွှန်ကြားခဲ့သည်ဟု ဆော်ဒီရထား ပို့ဆောင်ရေး ပြောရေးဆိုခွင့်ရှိသူ မိုဟာမက် အဘူဇာအစ်(Muhammad Abuzaid) က ပြောကြားခဲ့သည်။
    Arab News

  • ဂွမ်တာနာမို အကျဉ်းစခန်း၌ အကျဉ်းသား ၁၀၀ အစာငတ်ခံ ဆန္ဒပြ

    ဧပြီ-၂၇-၂၀၁၃
    M-Media

    ကျူးဘားနိုင်ငံ ဂွမ်တာနာမို ပင်လယ်ကွေ့ရှိ အမေရိကန် ရေတပ် အခြေစိုက် အကျဉ်း စခန်း အတွင်း ရှိ အကျဉ်းသား ၁၆၆ ယောက် ရှိသည့်အနက် အကျဉ်းသား ၁၀၀ မှာ အစာငတ်ခံ ဆန္ဒပြလျက်ရှိနေကြောင်းကို ပြောရေးဆိုခွင့်ရ ဗိုလ်မှူးကြီး ဆင်မြူရယ် ဟောက်စ်မှပြောကြားလိုက်ပါတယ်။

    Guantanamo Hunger Strike2

    ဗိုလ်မှူးကြီး ဟောက်စ်ရဲ့ပြောကြားချက်အရ အစာငတ်ခံ ဆန္ဒပြသူများ အနက်မှ အကျဉ်းသား ၁၉ယောက်ဟာ ကျန်းမာရေးကို ချို့ယွင်းစေလောက်အောင် ကိုယ်အလေးချိန် အလွန်အမင်း ကျဆင်းခြင်းမှ ကာကွယ်ရန်အတွက် နှာခေါင်းပိုက်ပြွန်မှ တဆင့် အာဟာရရည် အချို့ကို ပေးသွင်းကုသလျှက်ရှိကာ ထို ၁၉ယောက် နက်မှ ငါးယောက်ကတော့ အထူးကြတ်မတ်ကုသရတဲ့ အခြေအနေမျိုးမှာ ရှိနေသော်လည်း အသက်အန္တရယ်ကို စိုးရိမ်ရလောက်တဲ့ အနေအထားမျိုးတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

    သို့သော်လည်း အကျဉ်းသားများဘက်မှ ရှေ့နေများကတော့ အမေရိကန် အစိုးရဟာ အကျဉ်းသား အရေအတွက်ကို ပုံမှန်ထက် လျှော့ပြီး သတင်းထုတ်ပြန်တယ်လို့ ချေပပြောဆိုချက်တွေလည်းရှိနေပါတယ်။

    အကျဉ်းသားများ ဟာ ဖေဖော်ဝါရီလကတည်းက အစာငတ်ခံ ဆန္ဒပြနေခြင်းဖြစ်ကာ အကျဉ်းထောင်အတွင်းရှိ ဆိုးရွားလှသော အခြေအနေများနှင့် တိကျသော ပုဒ်မ အကျဉ်းကျရက် ကာလ သတ်သတ်မှတ်မှတ် မရှိပဲ နှစ်ရှည်လများ အကျဉ်းကျခံနေရခြင်းတို့ကြောင့်ဖြစ်သည်ဟူ၍ သိရပါတယ်။

    FOX News

  • ” မြန်မာအစိုးရ မသိချင်ယောင်ဆောင်နေသည့် တည်ဆဲဥပဒေထဲက ပုဒ်မတစ်ခု ”

    ဧပြီ ၂၇ ၂၀၁၃
    M-Media
    ရေးသူ- အလိမ္မာရဲ့ချိန်ဘာ

    no jutice no peace

    မြန်မာနိုင်ငံရှိ အစ္စလာမ်ဘာသာဝင်များအပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များကကျူးလွန်ခဲ့တဲ့ ပြစ်မှူ့တွေအထဲမှာ လူသတ်မီးရှို့မှူ့တွေအပါဝင် ဗလီဝတ်ကျောင်းတော်တွေ တော်တော်များများ ကို ဖျက်ဆီး ခဲ့မှူ့တွေလဲပါ ခဲ့ပါတယ်။

    ဗလီဝတ်ကျောင်းတော်တွေ အရေအတွက် ဘယ်လောက်များများ ပျက်ဆီး ခဲ့တယ်ဆိုတာကိုလဲ နိုင်ငံတော်အစိုးရက တော်တော် များများ တရားဝင်ထုတ်ပြန်ခဲ့ပါတယ်။ ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးနေတဲ့ အချိန်မှာလဲ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များလဲ အနီးအနားမှာ ရှိနေကြတယ် ဆိုတာ ထွက်ရှိလာတဲ့ ဗီဒီယိုမှတ်တမ်းများအရ ထင်ထင်ရှား ရှား သိရှိနိုင်ကြပါတယ် ။ အဲဒီတော့ ဘယ်သူ တွေပါဝင် ကျူးလွန်ခဲ့တယ် ဆိုတာကို ပြည်သူ့ရဲလို အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ က တာဝန်အရ မှတ်တမ်းလုပ်ထားရမှာ ပါ။ အဲဒီလိုမှ မှတ်တမ်းလုပ်ထားမှု့ မရှိရင် ပြည်သူ့ရဲလို့ အမည်ခံထားတဲ့ မြန်မာနိုင်ငံရဲ့ ရဲတပ်ဖွဲ့ဝင်များ အပေါ် မေးခွန်းပေါင်းများစွာ မေးခွန်းထုတ်ရပါလိမ့်မယ် ။

    သူတို့ကိုယ်တိုင် ပါဝင်ပတ်သတ်ပြီး အားပေးအားမြှောက် ပြုခဲ့ကြတာလား? ဒါမှမဟုတ် တဖွဲ့ တည်း ပေလား? အကြမ်းဖက်တွေ စိတ်တိုင်းကြပြုမူ ဖို့ရန် အကြမ်းဖက်တွေ အတွက် လုံခြုံ ရေးယူပေးကြတာလား? စသည်ဖြင့်ပေါ့ဗျာ ။ မှတ်တမ်းလုပ်ထားထား မလုပ်ထားထား အစ္စလာမ်ဘာသာဝင်များ အပေါ် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက ကျူးလွန်ခဲ့တဲ့ပြစ်မှူ့တွေ အတွက် ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူ ဆောင်ရွက်ပေးရမှာ မြန်မာအစိုးရရဲ့ တာဝန်ဆိုတာ ငြင်းလို့မရပါဘူး ။ အစ္စလာမ်ဘာသာဝင်များ၏ ဗလီဝတ် ကျောင်းတော်တွေကို ဖျက်ဆီးခဲ့တာနဲ့ပတ်သတ်ပြီး ၉၆၉ အမည်ခံ ဗုဒ္ဓဘာသာဝင် အကြမ်းဖက်တွေအပေါ် တရားဥပဒေအရ အရေးယူဆောင်ရွက် ဖို့ ဥပဒေမရှိပါဘူးဆိုပြီးလဲ မြန်မာအစိုးရ အနေနဲ့ ငြင်း လို့မရပါဘူး ။ လုံးလုံးကို မသိချင်ယောင်ဆောင်နေ တာဘဲ ဖြစ်ပါ တယ်။

    ပြစ်မှူ့ဆိုင်ရာ ဥပဒေပုဒ်မ ၂၉၅ မှာ လူတစား ကိုးကွယ်သည့် ဘာသာ သာသနာ စော်ကားရန် အကြံဖြင့် ဖြစ်စေ ၊ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ် အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးခြင်းသည် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေခြင်းသည် ၊ သို့တည်း မဟုတ်ယုတ်ညံ့စေခြင်းသည် ထိုဘာသာသာသနာကို စော်ကားသည်ဟု လူတစားကယူဆ တန်ရာသည်ကို သိလျှက်နှင့်ဖြစ်စေ ၊မည်သူမဆို ထိုလူတစား၏ ဘာသာ သာသနာရေးဆိုင်ရာ ကိုးကွယ် ဝတ်ပြုသော နေရာကို သော်လည်းကောင်း၊အထွဋ်အမြတ်ထားသော အရာဝတ္ထုကို သော်လည်းကောင်း ဖျက်ဆီးလျှင် ၊သို့တည်းမဟုတ် ပျက်စီး နစ်နာစေလျှင် ၊ သို့တည်းမဟုတ် ယုတ်ညံ့စေလျှင် ထိုသူကို နှစ် နှစ်ထိ ထောင်ဒဏ် တမျိုးမျိုးဖြစ်စေ ငွေဒဏ်ဖြစ်စေ ဒဏ် နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်ဟုပြဌာန်းထားပါတယ် ။ ဒါပေမဲ့ မြန်မာအစိုးရကတော့ ဒီပုဒ်မကို ဖုတ်လေတဲ့ ငပိ ရှိတယ်လို့တောင်မမှတ်ပါဘူး ဗျာ။

    ၉၆၉ အမည်ခံ ဗုဒ္ဓ ဘာသာဝင် အကြမ်းဖက်များက အစ္စလာမ် ဘာသာဝင်များ ၏ ဘာသာ သာသနာရေးဆိုင်ရာ ဗလီဝတ်ကျောင်း တော် တွေ အပေါ် ကျူးလွန်ခဲ့တဲ့ ပြစ်မှု့တွေကို မြန်မာအစိုးရ အနေနဲ့ အထက်ပါပုဒ်မနဲ့ အရေးယူဖို့ မသိချင်ယောင်ဆောင်နေတာ ဟာ မြန်မာနိုင်ငံမှာ ရှိတဲ့ ဥပဒေတွေ အကုန်လုံး တဖြေးဖြေးနဲ့ အဟောသိကံ ဖြစ် ဖို့ရည်ရွယ်နေတယ် လို့ ကျနော်ယူဆမိပါတယ်ဗျာ ။

  • ကမန် တိုင်းရင်းသားများ ယူနတီ ဂျာနယ်ကို တရားစွဲမည်။

    ဧပြီ ၂၆ ၊ ၂၀၁၃
    M-Media
    waring to unity journal

    ကမန်သမိုင်းကြောင်း   နှင့် ပတ်သက်ပြီး လွဲမှားစွာရေးသားထားသော ဆောင်းပါး ဖော်ပြသည့် ယူနတီဂျာနယ် နှင့် ဆောင်းပါးရှင်ကို ကမန်တိုင်းရင်းသားများမှ တရားဥပေဒအရ အရေးယူဆောင်ရွက်နိုင်ရန် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ဧပြီလ ၂၆ ရက်နေ့ မြန်မာအလင်း သတင်းစာတွင် သတိပေးကြေငြာချက် တခု ထည့်သွင်းဖော်ပြခဲ့သည်ကိုတွေ့ရှိရပါသည်။

  • ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်တွင် တစ်ကျော့ပြန် ဖျက်ဆီးမည်ဟု ပြောဆိုမှုများကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်လန့်နေ

    ဧပြီ ၂၇၊ ၂၀၁၃
    M-Media
    ကေကေ

    IMG_20130326_190216
    ၂၀၁၃ ခုနှစ် မတ်လ ၂၇ ရက်နေ့တွင် ဇီးကုန်းမြို့ ဗလီဝတ်ကျောင်းတော်တခုက အကြမ်းဖက်သမားများဖျက်ဆီးမှုကြောင့် အပျက်အဆီးများဖြင့် တွေရသည့်ပုံ

    ဇီးကုန်း ။         ။     ပဲခူးတိုင်း ဇီးကုန်းမြို့တွင် ယနေ့ညနှင့် မနက်ဖြန်ညတွင် တစ်ကျောပြန်၍ ထပ်မံဖျက်ဆီးမည်ဟု ပြောဆိုနေမှုများကြောင့် မွတ်စလင်မ်များ အချို့မှာ ယာယီ နေရာပြောင်းရွှေ့မှုများ ပြုလုပ်နေပြီး စိုးရိမ်ထိတ်လန့်မှုများရှိနေကြောင်း သိရသည်။

    အဆိုပါအကြောင်းကိစ္စအား ဆက်သွယ်စုံစမ်းရာ “ဒီနေ့ နေ့ခင်းပိုင်းကတည်းက အဲလို ဒီနေ့ညနဲ့ မနက်ဖြန်ည ဇီးကုန်းကို တကျော့ပြန်ထပ်ပြီးဖျက်ဆီးမယ်လို့ သတင်း ထွက်ပေါ်လာခဲ့တာ။ ညနေပိုင်း ၄-နာရီခွဲလောက်မှာ ဒီမှာရှိတဲ့ မွတ်စလင်မ်တွေ ရုတ်ရုတ်သဲသဲဖြစ်ကုန်တယ်။ တချို့မွတ်စလင်မ်တွေက နေရာပြောင်းတာတွေ လုပ်ကုန်တယ်။ နေအိမ်တွေ ပြောင်းတယ်။ ကျွန်တော်တို့ကတော့ မပြောင်းဘူး ဒီမှာပဲနေနေတယ်။ အရင်တစ်ခါတုန်းကလည်း မြို့ခံတွေပါတယ်။ မြို့ခံတွေ ၀ိုင်းဖျက်လို့ ကျွန်တော့်အိမ်လည်း ပျက်စီးသွားတယ်။ အခုက အဲဒီ မြို့ခံတွေမဟုတ်ပဲ ကျန်တဲ့မြို့ခံတွေက လိုက်လံ စောင့်ရှောက်တယ်။ လုံးဝ အဖြစ်မခံဘူးဆိုပြီး။ ဒီအချိန်က ခါတိုင်းဆို ဒီလိုအေးစက်နေတာမဟုတ်ဘူး။ အခုက တအားအေးစက်နေတယ်။ ကျွန်တော်လည်း မအိပ်သေးဘူး။ ထိုင်နေတာ။ အခုတော့ အိမ်နားတ၀ိုက်မှာ စစ်ကားတွေ ချထားတယ်။  လမ်းထိပ် မြို့အ၀င် တံတားထိပ်တွေမှာကျ ရဲတွေချထားတယ်။ အရင်တစ်ခါဖြစ်တုန်းကလည်း စစ်တပ်နဲ့ ရဲ လုံခြုံရေး ချထားတာပါပဲ။ ဒါပေမယ့် အဲဒီတုန်းက သူတို့က ဘာမှမလုပ်ဘူး။ အခုလက်ရှိအချိန်မှာ မြို့နယ် တည်ငြိမ်အေးချမ်း သာယာရေးကော်မတီဖွဲ့ထားတာရှိတယ်။ အဲဒီကော်မတီကလည်း ထပ်ပြီး အကြမ်းဖက်မှုတွေ ထပ်မဖြစ်လာအောင်တော့ ထိန်းနေပါတယ်။ ဒါပေမယ့် ဒီနေ့ညနဲ့ မနက်ဖြန်ညမှာ ထပ်ပြီး ဖျက်ဆီးမယ်ဆိုတော့ မွတ်စလင်မ် အားလုံး စိုးရိမ်ထိတ်လန့်နေပါတယ်။ အခုလည်း ကျွန်တော်က အိမ်မှာ မီးတွေအားလုံး အမှောင်ချပြီး အမှောင်ထဲမှာ နေနေရပါတယ်။ အကြမ်းဖက်မှုတွေ ထပ်မဖြစ်ပွားအောင် ၀ိုင်းဝန်းထိန်းသိမ်းပေးကြပါ။ ကျွန်တော်တို့တွေ စိုးရိမ်နေရပါတယ်”လို့ M-Media ကို ည ၁၁ နာရီ ခွဲလောက်က ပြောပြလာပါတယ်။