News @ M-Media

Blog

  • ရုရှား နိုင်ငံ စိတ်ကျန်းမာရေး ဆေးရုံ မီးလောင် လူ ၃၈ ယောက် သေဆုံး

    ဧပြီလ ၂၇ ၂၀၁၃
    M-Media

    fire-russia

    မော်စကိုမြို့အနီးတွင်ရှိသော စိတ်ကျန်းမာရေးဆေးရုံတွင် မီးလောင်ကျွမ်းမှု ဖြစ်ပွား၍ လူ ၃၈ ယောက် သေဆုံးခဲ့သည်။

    မနေ့ည ၂ နာရီလောက်တွင် မီးလောင်ကျွမ်းမှုစတင်ဖြစ်ပွားခဲ့ပြီး၊ အုတ် နှင့် သစ်သား ဖြင့် ဆောက်လုပ်ထားသော တစ်ထပ် ဆေးရုံအဆောကအဦး လောင်ကျွမ်းခဲ့သည်။

    အာရုံတက်ချိန်တွင်ဖြစ်ပွားခဲ့သော မီးလောင်ကျွမ်းမှု ကြောင့် မီးကျွမ်းနေသော ဆေးရုံ နံရံများသာ ကျန်ရှိနေသည်ဟုဆိုသည်။

    မော်စကို မြို့၏ မြောက်အရပ်မိုင် ၇၀ တွင်ရှိသော Ramensky ရွာတွင်ဖြစ်ပွားခဲ့သော ထိုမီးလောင်ကျွမ်း မှုတွင် သုံးဦးသာ အသက်ရှင်လျက်ဖြင့် ထွက်ပြေးလွတ်မြောက်ခဲ့ကြောင်း ကျန်လူများမှာ စိတ်ငြိမ်ဆေးများ တိုက်ကျွေးထားမှုကြောင့် လည်းကောင်း၊  ကြိုးများဖြင့် တုပ်နှောင်ထားမှုကြောင့်လည်းကောင်း  မီးလောင်နေစဉ် ထွက်မပြေးနိုင်ဘဲ အသက်သေဆုံးခဲ့သည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    သို့သော် မော်စကိုမှ စုံစမ်းစစ်ဆေးမှု လက်ထောက်တာဝန်ရှိသူ၏ ပြောပြချက်အရ အဓိပ္ပါယ်မရှိသော သုံးသပ်ချက်များ ကို သူတို့လက်မခံကြောင်း သို့ပေမယ့် လူနာများ၏ သွေးထဲတွင် ရှိသော စိတ်ငြိမ်ဆေး ရာနှုန်းအား စစ်ဆေး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
    လက်ထောက်တာဝန်ရှိသူ က ပြောခဲ့သည်မှာ “လူနာဆောင်တွင် တံခါးများထားလေ့ မရှိကြောင်း၊ လူနာများမှာ ထွက်ပြေးလွတ်မြောက်ရန် လွယ်ကူကြောင်း ” ဆက်လက်၍ သူမ က မီးလောင်ကျွမ်းမှုသည် ဆေးလိပ်မီး သို့မဟုတ် ၀ါယာရှော့မှ မီးလောင်မှု ဖြစ်နိုင်ကြောင်းပြောကြားခဲ့သည်။

    သမ္မတ ဗလာဒီမာပူတင် က ၀မ်းနည်းစရာ အဖြစ်ပျက်အတွက် ချက်ချင်း စုံစမ်းစစ်ဆေးမှု ချက်ခြင်း ပြုလုပ်ရန်ညွှန်းကြားလိုက်သည်။

    ရုရှားနိုင်ငံ၏  မီးဘေး အန္တရယ် ကြိုတင် ကာကွယ်မှုသည် အားနည်းနေပြီး လမ်းပေါ်၊ ကားပေါ်၊ ရထားပေါ်၊ လေယာဉ်ပေါ် နှင့် အလုပ်ထဲတွင်ပါ၎င်း အသက်အန္တရယ် ထိခိုက်စရာ များကို ကြုံတွေ့နေရသည်။

    ရုရှားနိုင်ငံ စိတ်ကျန်းမာရေး အသင်း ဥက္ကဌ Yuri Savenko မှာ ဆေးရုံအဆောက်ဦးသည် နေထိုင်ရန် သုံးပုံတွင် တစ်ပုံတောင် သင့်မြတ်မှု မရှိသော ယိုယွင်းနေသည့် အဆောက်ဦးဖြစ်ကြောင်းပြောကြားခဲ့သည်။

  • တရုတ်နိုင်ငံ နေရာ ၆ ခုတွင် H7N9 ကြက်ငှက်တုတ်ကွေး ထပ်မံဖြစ်ပွား

    ဧပြီ ၂၅၊ ၂၀၁၃

    M-Media

    Bird flu drill in China
    Photograph: Chinafotopress/Getty Images

    ဘေကျင်း။      Xinhua သတင်းဌာနမှပြောကြားချက်အရ ဧပြီ်လ ၂၆ ရက် သောကြာနေ့ ပီကျင်းမြို့ ရှိ Fujian, Jiangsu, Jiangxi နှင့် Zhejiang အစရှိ သော မြို့များတွင် H7N9 နှင့်ပတ်သက်၍ ဖြစ်ရပ် ၆ ခု ထပ်မံဖြစ်ပွားခဲ့ သည်ဟု သိရှိရသည်။

    တရုတ်နိုင်ငံ အရှေ့တောင်ပိုင်း Fujian ပြည်နယ်ရှိ ကျန်းမာရေး ထိန်းသိမ်းစောင့်ရှောက်သူများက ၄င်း ပြည်နယ်တွင် ပထမဆုံးအကြိမ် H7N9 ကြက်ငှက်တုပ်ကွေးရောဂါ လူသားတွင်ကူးစက်မှု ဖြစ်ပေါ်ခဲ့ သည်ဟုဆိုသည်။

    Longyan မြို့၊ Youngding ပြည်နယ်၊ Gaopo မြို့နယ်တွင် နေထိုင်သော အသက် ၆၅ နှစ်အရွယ် တရုတ်အမျိုးသား လောင်သည် ဧပြီလ ၁၈ ရက်နေ့တွင် အဆက်မပြတ်ချောင်းဆိုးကာ အဖျားအနည်းငယ်တက်၍ အသက်ရှုကျပ်မှုများဖြစ်ပေါ်လာခဲ့သည်။ တရုတ်နိုင်ငံ ရောဂါကာကွယ်ရေး နှင့် ထိန်းသိမ်းစောင့်ရှောက်မှု ဌာန ၏ သောကြာနေ့ မနက် ၁၁ နာရီတွင် ရရှိခဲ့သော ဆေးစစ်ချက်အရ သူ့တွင် H7N9 ရောဂါပိုးတွေ့ ရှိရသည်ဟုဆိုသည်။

    လောင် နှင့် အတူတကွ နေထိုင်ခဲ့သော လူ ၃၇ ယောက်တွင် လက်ရှိအချိန်ထိ ရောဂါလက္ခဏာ နှင့်ပတ်သက်၍ ပြသမှုမရှိဟု လေ့လာတွေ့ရှိရသည် ဟုဆိုပါသည်။

    Jiangsu ပြည်နယ် ကျန်းမာရေးဌာနက ထုတ်ပြန်ချက်အရ ပြည်နယ်အတွင်း ရှိသော မြို့များမှ အသက် ၃၆ နှစ်၊ ၄၉ နှစ် နှင့် အသက် ၆၀ ရှိသော လူ သုံးဦးတွင် ကြက်ငှက်တုတ်ကွေး လက္ခဏာများ တွေ့ရှိရသည်ဟု ဆိုပါသည်။

    သုံးယောက်အတွင်း နှစ်ယောက်မှာ အရေးပေါ်အနေထားတွင်ရှိသည် ဟုထည့်သွင်းပြောကြားခဲ့သည်။

    Jiangsu ဖြင့် ကပ်လျက်ရှိသော Zhejiang ပြည်နယ်တွင် အသက် ၃၈ နှစ် အရွယ် လီဟုခေါ်သော လယ်သမားကြီးတွင် H7N9 ဟုခေါ်သော ကြက်ငှက်တုတ်ကွေးရောဂါပိုး ရှိနေပြီး၊ ရောဂါ ပြင်းထန်ပြီး ဆေးရုံတွင် ဆေးကုသမှု ခံယူနေသည်ဟုသိရသည်။

    Jiangxi ပြည်နယ်တွင် ရှိသော ကျန်းမာရေးမှူးများ၏ ပြောပြချက်အရ ပြည်နယ်အတွင်း ဒုတိယ အကြိမ်မြောက် H7N9 ရောဂါ လက္ခဏာ ကို စီယောင် ဟုခေါ်သော အသက် ၇၆ နှစ်အရွယ်အမျိုးသမီးတွင် ထပ်မံတွေ့ရှိခဲ့ရပြီး၊ သူမသည် စိုးရိမ်ရသော အခြေနေတွင်ရှိကြောင်းပြောကြားခဲ့သည်။

    ဒုတိယအကြိမ် ရောဂါဖြစ်ပွားသူ သည် ပထမအကြိမ် ရောဂါခံစားခဲ့ရသော အသက် ၆၉ နှစ် အရွယ် နာမည်တူ စီယောင်ဟုခေါ်သော အမျိုးသားထံမှ ကူးစက်ခဲ့ခြင်းမရှိဟုပါထည့်သွင်းပြောကြားခဲ့သည်။

    ကျန်းမာရေးမှူးများသည် စီယောင် အမျိုးသမီး မွေးထားသော ကြက် နှင့် ဘဲ တစ်ချို့ သေသွားကြောင်းသိရှိခဲ့ရပြီး ရောဂါကူးဆက်မှုမှာ ဤဖြစ်ရပ်နှင့် ဆက်စပ်မှု ရှိနိုင်ကြောင်း ကောက်ချက်ချကြောင်း ပြောကြားခဲ့သည်။

    English.news.cn

  • လူမျိုးဘာသာ ပေါင်းစုံ ညီညွတ်မှု သွေးကွန်ရက် မှ ဘာသာပေါင်းစုံ ပါဝင်သော သွေးလှူဒါန်းပွဲ

    ဧပြီလ ၂၇၊ ၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    လူမျိုး ဘာသာပေါင်းစုံ ညီညွတ်မှု သွေးကွန်ရက်(ရန်ကုန်)မှ ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနား ကျင်းပ

    P7250055

    လူမျိုး ဘာသာပေါင်းစုံ ညီညွှတ်မူ သွေးကွန်ရက်(ရန်ကုန်)အား ၁၈.၄.၂၀၁၃ နေ့က ဖွဲ့စည်းခြင်း အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ စုပေါင်းသွေး လှူဒါန်းပွဲ အခမ်းအနားကို ဧပြီလ ၂၇-ရက်နေ့က ရန်ကုန်မြို့ အမျိုးသားသွေးလှူ ဌာနတွင် နံနက်(၉)နာရီမှ (၁၁)နာရီ အထိ ပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ အခမ်းအနားကို အခမ်းအနားမှူး အဖြစ် သွေးမေတ္တာမှ အမှုဆောင် မမိုခမ်း( သရုပ်ဆောင်) မှဆောင်ရွက်ပြီး သဘာပတိမှ အဖွင့်အမှာ စကားပြောကြားပြီး စတင်ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

    ယင်းနောက် သွေးမေတ္တာ ပရဟိတ အသင်း (ရန်ကုန်)၏ ဒု-ဥက္ကဌ သရုပ်ဆောင် ကိုဝေဠုကျော်မှ မိတ်ဆက်စကားပြောကြားရာတွင် “အတတ်နိုင်ဆုံး အချိန်တိုသွားအောင်၊ မြန်ဆန်သွားအောင်၊ ကုန်ကျ စရိတ်နည်းသွားအောင် အဓိက ကွန်ယက်လေး လုပ်ချင်တာပါ။ သွေးမေတ္တာ အသင်းအနေနဲ့ ခေါင်းဆောင်ချင်လို့ လုပ်တာ မဟုတ်ပါဘူး။ အခုထိ ကျွန်တော်တို့ မည်သည့် ဖွဲ့စည်းပုံမှ မလုပ်ရသေးပါဘူး။ ညီညွှတ်မှု အရင်ဆုံး စယူနေတာပါ။ ဒါလေးကို သဘောတူလို့ ရန်ကုန်မြို့မှာရှိတဲ့ ဘာသာရေး၊ လူမူရေး၊ ကျန်းမာရေး နဲ့ပတ်သပ်တဲ့ အသင်းအဖွဲ့တွေ အားလုံး တညီတညွှတ်တည်း သုံးပုံ နှစ်ပုံလောက်ဖြစ်လာပြီ ဆိုတဲ့ အချိန်ကြမှ ဒီအဖွဲ့ကြီးကို စတင် ဖွဲ့စည်းမှာ ဖြစ်ပါတယ်။”

    အမျိုးသား သွေးလှူဘဏ်မှ တွဲဖက် ပါမောက္ခ ဒေါက်တာဒေါ်သီတာအောင်မှလည်း သွေးကွန်ရက်များ၏ အခက်အခဲများ၊ ဆေးရုံတိုင်းမှာ ကြုံတွေ့ရသည်များနှင့် ပတ်သက်၍ ဆရာမမှ မားမားမတ်မတ် ရပ်တည်ဆောင်ရွက် သွားမည် ဖြစ်ကြောင်းကို ဂတိပြု ပြောကြားခဲ့ကြောင်း သိရသည်။

    ဆက်လက်၍ ၅၉-လမ်းဗလီ(ကုန်အာန် အသိပညာ ပြန့်ပွားရေး)အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သော ဆရာဦးသန်းအောင်မှ “ကျွန်တော်ကိုယ်တိုင်က AB သွေးပိုင်ရှင် ဖြစ်ပြီးတော့ (၃၅)ကြိမ်မြောက်  သွေးလှူရှင် ဖြစ်ပါတယ်။ ၁၉၉၆ ခုနှစ်က ကျွန်တော်တို့ ဆုတောင်းပြည့် အစ္စလာမ့် ၀တ်ကျောင်းတော်သားတွေ စီစဉ်တဲ့ မျက်ကြည်လွှာ အလှူရှင် လည်းဖြစ်ပါတယ်။ ကျွန်တော်တို့ မြန်မာနိုင်ငံမှာ လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံ၊ အသွေးအရောင် ပေါင်းစုံ၊ ဘာသာစကား ပေါင်းစုံ ပြောဆိုနေပေမယ့် ရှိနေကြပေမယ့် ကျွန်တော်တို့ အားလုံးမှာ တူညီတဲ့ အရောင်နှစ်ခု ရှိပါတယ်။ အဲဒါကတော့ မေတ္တာတရားနဲ့ ငြိမ်းချမ်းရေး ဖြစ်ပါတယ်။ ကျွန်တော်တို့က သူတော်ကောင်းတရား ကျင့်ပြီးတော့ ဒီနေ့လို  လိုအပ်နေတဲ့ လူတွေ အတွက် ကျွန်တော်တို့ရဲ့ တရားတော်ကနေ ညွှန်ကြားထားတဲ့ ကိုယ့်မှာရှိနေတဲ့ အရည်အသွေး၊ အရင်းအမြစ်တွေကို နောက်လူကို မျှဝေ သုံးစွဲဖို့ဆိုတဲ့ လမ်းညွှန်ချက်ကြောင့် ကျွန်တော်တို့ ခုလို လာရောက် လှူဒါန်းရခြင်း ဖြစ်ပါတယ်။ ကျွန်တော်တို့ အားလုံးဟာ မေတ္တာတရားနှင့် ငြိမ်းချမ်းရေးကို ဖော်ဆောင်ပြီး ကိုယ်မှာရှိနေတဲ့ အရည်အသွေးတွေကို ခုလို လိုအပ်ချက် ရှိနေတဲ့ သူတွေကို မျှဝေ လှူဒါန်းခွင့် ရရှိတဲ့ အတွက်ကြောင့်  အားလုံးကို ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ အတွက် အကျိုးအမြတ်ကတော့ ကျွန်တော်တို့ဟာ သွေးလှူဒါန်းလိုက်တဲ့ အတွက် ကျန်းမာရေးကို လေးစားတ ထိန်းသိမ်းတဲ့ သူဖြစ်လာသလို၊ ကိုယ်ကျင့်သိက္ခာပိုင်းဆိုင်ရာ ထိန်းသိမ်းတဲ့၊ စည်းကမ်းတကျ နေတတ်တဲ့ ကိုယ်ကျင့်တရား ကောင်းမွန်တဲ့ လူ့အသိုင်းအ၀ိုင်း ဖြစ်လာစေတာပါ ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    P7250045
    ၈၈ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျမှ “ဘာသာပေါင်းစုံပါတဲ့ သွေးကွန်ရက်ကို ဖွဲ့စည်းလိုက်ပြီ ဆိုတာဟာ မင်္ဂလာရှိတဲ့ သတင်းကြီးပါ။ အခုလို အချိန်အခါမျိုး မှာ မင်္ဂလာရှိတဲ့ သတင်းပါ။ ကိုဝေဠုကျော်က သွေးကွန်ရက်ရဲ့ သဘောထားကို ရှင်းပြတယ်။ အဲလို ရှင်းပြပြီးတဲ့နောက်မှာ ဆရာမကြီးက သွေးလှူတဲ့ အချိန်မှာ ဖြစ်ပျက်တဲ့ ပြဿနာတွေကို သူဘက်က တာဝန်ယူပြီး ဖြေရှင်းပေးပါ့မယ်လို့ အားတက်သရော လှိုက်လှိုက်လှဲလှဲ ဂတိတစ်ခု ထပ်ပေးလိုက်တယ်။ အင်မတန်ကို မင်္ဂလာရှိပါတယ်။ အဲဒီအတွက် ကျေးဇူးတင်ပါတယ်။ အခုလို အကူးအပြောင်းကာလ၊ အမှောက်ပရောဂတွေ မကင်းသေးတဲ့ ကာလမှာ ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ သွေးစည်းညီညွှတ်ခြင်းဟာ အင်မတန် လိုအပ်ပါတယ်။ ညီညွှတ်ရေးကို တည်ဆောက်ဖို့အတွက်က ထိတွေ့မူ၊ ရင်းနှီးမူနဲ့ တည်ဆောက်ရမှာ ဖြစ်ပါတယ်။ တစ်ယောက်နဲ့ တစ်ယောက် မထိတွေ့ပဲနဲ့ တစ်ဖွဲ့နဲ့ တစ်ဖွဲ့ မဆက်ဆံပဲနဲ့ ရင်းနှီးမူ မရနိုင်ပါဘူး၊ ရင်းနှီးမူ မရရင် ညီညွှတ်မူ မရနိုင်ပါဘူး။ အဲတော့ ဒီလို ကွန်ယက်မျိုးတွေ အဖွဲ့အစည်းတွေက ညီညွှတ်ရေးရဲ့ လမ်းစပါ။ တနည်းအားဖြင့် ညီညွှတ်မူကို စတင်တည်ဆောက်တာပါ။ ဒီသွေးကွန်ယက်ဆိုတဲ့ ညီညွှတ်မူ လမ်းစ ကနေပြီးတော့ အမျိုးသား ကွန်ယက်၊ နိုင်ငံ ကွန်ယက် အထိ ဖြစ်သွားတဲ့ အထိ အကုန်လုံး ၀ိုင်းဝန်းကြိုးစားဖို့ လိုပါတယ် ”ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ဘာဟာအီ သာသနာ့ နေရှင်နယ် အဖွဲ့ချုပ် မြန်မာနိုင်ငံအောက်ပိုင်းမှ အတွင်းရေးမှူး ကိုတင်ဇော်မင်းမှ “ဘာသာပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ အသွေးအရောင်တွေ ကွဲပြားပါစေ ကျွန်တော်တို့ဟာ ဘုရားရှင် ဖန်တီးပေးထားတဲ့ ဒီကမ္ဘာလောက ကြီးကို ဥယျာဉ်လေး တစ်ခုအနေနဲ့ မှတ်ယူရမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ဟာနှင်းဆီပန်းကို ကြိုက်ကြပါတယ်။ နှင်းဆီပန်းကို ကြိုက်တယ် ဆိုပြီး နှင်းဆီပန်းတစ်ခုတည်းကိုပဲ ဥယျာဉ်ထဲမှာ စိုက်ထားမယ် ဆိုလို့ရှိရင် ဒါကို ဥယျာဉ်လို့ မခေါ်ဆိုနိုင်ပါဘူး။ ဒီနေ့ ဥယျာဉ်လို့ ခေါ်ရတဲ့ အကြောင်းလေး ကတော့ ဒီဥယျာဉ်တစ်ခု အတွင်းမှာ အရောင်အသွေး စုံလင်စွာ ရှိမယ်၊ အရွယ်အစား မတူတာ ရှိမယ်၊ ကွဲပြားတဲ့ အရောင် အနံ အဆင်းတွေ ရှိမယ်။ ဒီလို ကွဲပြားနေခြင်းသာသည် ဥယျာဉ်လို့ ခေါ်ဆိုရခြင်းဖြစ်ပြိး ဒီလို ကွဲပြားနေခြင်းတာလျှင် ဒီဥယျာဉ်တစ်ခုကို အလှဆင်တာ ဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒီကမ္ဘာလောက ကြီးမှာ ရှိနေတဲ့ လူသားအချင်းချင်း ကွဲပြားမူ ဆိုတဲ့ မြင်ရတဲ့ အကြောင်းအရာတွေ ပေါ်မှာ ရုပ်ပိုင်းဆိုင်ရာ ကွဲပြားမူ မရှိပဲနဲ့ ဒီကမ္ဘာကြီးကို သာယာဝပြောဖို့၊ ပိုကောင်းတထက် ပိုကောင်းအောင် တို့လူသားတွေ အချင်းချင်း ချစ်ဖို့ ရှေ့ရှု ပြီးတဲ့ အခါမှာ အတူတကွ လက်တွဲသွားကြဖို့ ဖိတ်မန္တက ပြုလိုက်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ယင်းနောက် သွေးကွန်ရက် ကိုယ်စား ဥက္ကဌ ဦးမြတ်ကျော် မှ ကျေးဇူးတင်စကား ပြောကြားခဲ့ပြီးနောက် ဆက်လက်၍ သွေးလှူပွဲခြင်းအား စတင်ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စုစုပေါင်း လူအင်အား သုံးရာကျော် တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။

    အဆိုပါ လူမျိုး ဘာသာပေါင်းစုံ ညီညွှတ်မူ သွေးကွန်ယက်(ရန်ကုန်) ဖွဲ့စည်းရခြင်း၏ ရည်ရွယ်ချက်မှာ
    (၁) စုစည်းမူဖြင့် အင်အားကို ဖြစ်မည်။
    (၂) အပြန်အလှန် ကူညီမူဖြင့် အထောက်အကူဖြစ်စေမည်။
    (၃) ပူးပေါင်းဆောင်ရွက်မူဖြင့် အခက်အခဲများကို ကျော်လွှားမည်။
    (၄) အချင်းချင်း အသိပညာပေးခြင်းဖြင့် အမှန်အမှားကို မြင်နိုင်မည် ဟူ၍ဖြစ်ကြောင်းလည်း ဟု သိရသည်။

    P7250058

  • ဘာသာကြီး(၄)ခု၏ ချစ်ကြည်ရေး အခမ်းအနား မှ အသံများ

    ဧပြီလ -၂၆-၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    မဟာသိမ်တော်ကြီး ပရိယတ္တိ စာသင်တိုက်၊ ဦးစီးပဓာန နာယကနှင့် နိုင်ငံတော် ပရိယတ္တိသာသနာ့ တက္ကသိုလ်(ရန်ကုန်) ဒုတိယ ပါမောက္ခချုပ်ဆရာတော် ဘဒ္ဒန္တကုမာရ (အဂ္ဂမဟာပဏ္ဍိတ) အရှင်သူမြတ်က “တစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းဖို့က အဓိက အချင်းချင်း ရင်းနှီးမူ၊ ချစ်ခင်မူ ပဲ။ အဲဒီ ရင်းနှီးမူ၊ ချစ်ခင်မူ ရှိသွားရင် တစ်ယောက်နဲ့တစ်ယောက် နားလည်မူ ဆိုတာ ဖြစ်လာမယ်။ နားလည်မူ ရှိရင် ပြဿနာ မရှိဘူး။ နားလည်မူ မရှိတဲ့ အတွက်ကြောင့် ပြဿနာတွေ ရှုပ်လာတယ်။ တစ်နိုင်ငံလုံး တစ်ယောက်နဲ့ တစ်ယောက် လူမျိုးရေးတွေ ဖယ်လိုက်၊ ဘာသာရေးတွေ ဖယ်လိုက် လူသား အချင်းချင်း ချစ်ခင်ကြရင် ရင်းရင်းနှီးနှီး နေကြရင် ဘာပြဿနာမှ မရှိဘူး။ ဘယ်လူမျိုးပဲ ဖြစ်ဖြစ် ဘယ်ဘာသာပဲ ဖြစ်ဖြစ် အားလုံး ရင်းနှီးဖို့၊ ပွင့်လင်းဖို့၊ အနိုင်ကျင့်တာ မျိုးတွေ မရှိဖို့၊ အဲဒါ ဆိုရင် အားလုံး ချစ်ကြည် ရင်းနှီးမယ်။

    OLYMPUS DIGITAL CAMERA
    ကိုယ်တတ်ထားတဲ့ အတတ်ပညာကို အသိပညာ ဖြစ်အောင် လုပ်နိုင်ရင် လောက ကတိုးတက်ကြီးပွားမယ်။ အသိပညာ မရှိကြလို့ ဆင်းရဲ ဒုက္ခ ရောက်နေကြတာ၊ ပြဿနာတွေ ဖြစ်နေကြတာ၊ အတတ်ပညာ ကနေ အသိပညာ အဖြစ် ပြောင်းလဲနိုင်ရင် အားလုံး သာယာ အေးချမ်းတဲ့ လောကကြီးဖြစ်မယ် ” ဟု M-Media သို့ မိန့်ကြားတော်မူခဲ့သည်။

    ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ လှုမှုရေးဝန်ကြီးဒေါက်တာမြင့်သိန်း မှ “ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ကို ဗဟို အဆင့်ထိ ဖွဲ့ပြီးပြီ။ အဘတို့ ရည်ရွယ်ချက်ကတော့ တိုင်းဒေသကြီး၊ ခရိုင် မြို့နယ်အထိ ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ဖွဲ့လို့ ရှိရင် ဘာကိစ္စရှိရှိ အမြန်ဆုံး ဖြေရှင်းနိုင်ပါတယ်။ ဗဟို အဆင့်က လာမှ ဆိုရင် အချို့နေရာတွေမှာ ကြာနေမှာ စိုးလို့ဖြစ်ပါတယ်။
    သမ္မတကြီးရဲ့ မိန့်ခွန်းထဲမှာ ပါပါတယ်၊ လူမျိုးရေး အထင်လွဲမူတွေကြောင့် မတည်ငြိမ်မူ၊ မအေးချမ်းမူတွေ ဖြစ်နေတယ်၊ အဲဒါတွေကို အတာရေနဲ့ ဆေးကြောပြီး နှစ်သစ်မှာ အားလုံး သဘောထား အတူတူ၊ ရည်ရွယ်ချက် အတူတူနဲ့ လုပ်ရမှာ ဖြစ်ပါတယ်။ ဒါကြောင့် ချစ်ကြည်ရေး အဖွဲ့တွေ ဖွဲ့သွားဖို့ အစီအစဉ် ရှိပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဧည်သည်တော်များထဲမှ မမလ ဌါနချုပ် အတွင်းရေးမှူး(၁) ဦးလှအောင်မှ “ အခုလို ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို မြို့နယ် အလိုက်၊ခရိုင်အလိုက် ကျယ်ကျယ် ပြန့်ပြန့် ထပ်ပြီး လုပ်မယ်ဆိုရင် ပဋိပက္ခတွေ တဖြည်းဖြည်းနဲ့ ငြိမ်းသွားမှာပါ။ တစ်နိုင်ငံလုံး အေးချမ်းဖို့ အတွက် တစ်ဦးကောင်း တစ်ယောက်ကောင်းနဲ့ ဆောင်ရွက်လို့ မရပါဘူး၊ တစ်နိုင်ငံလုံးမှာ ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို ဒီထက် မက လုပ်ပေးရမယ့် အနေအထားပါ၊ အခုလို ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား လုပ်တာတွေကို မမလ ဌါနချုပ် အနေနဲ့ ကြိုဆိုတယ်၊ ၀မ်းသာတယ်၊ ဂုဏ်လည်း ဂုဏ်ယူတယ် ”ဟု M-Media သို့ပြောကြားခဲ့သည်။
    OLYMPUS DIGITAL CAMERA
    ဘာသာပေါင်းစုံချစ်ကြည်ရေး အဖွဲ့မှဟာဂျီဦးခင်မောင်သန်း မှ “ အစဉ်အလာအရ ဘာသာကြီးလေးခုလုံးက ချစ်ခင်ရင်းနှီးမူက ရှိပြီးသားပါ၊ အခုလို ထပ်မံပြုလုပ်ခြင်း အားဖြင့် ချစ်ခင်ရင်းနှီးမူတွေ ပိုပြီးတိုးပွားလာအောင်၊ တည်ကြည် ခိုင်မြဲအောင်၊ ဒီလို တစ်ဘာသာနဲ့ တစ်ဘာသာ အပြန်အလှန် ချစ်ခင်ရင်းနှီးမူ၊ သဘောထား ကြီးမူ ရှိမယ်ဆိုရင် မလိုလား အပ်တဲ့ ပြဿနာတွေ မဖြစ်ပေါ်လာဘူး၊ ဒါကြောင့် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အဖွဲ့ကို ဖွဲ့စည်းရခြင်း ဖြစ်ပါတယ်။ ရှေ့ဆက်ပြီးတော့လည်း ဒီအဖွဲ့အနေနဲ့ မြို့နယ်အတွင်း လိုအပ်တဲ့ ဘာသာရေး လူမူရေး ကိစ္စရပ်တွေကို ဆက်လက်ပြီး ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်

    ကျွန်တော်တို့ အစ္စလာမ် ဘာသာမှာ အားလုံးကို သွန်သင် ဆုံးမ ထားပြီးသား ရှိပါတယ်၊ ဒါက တစ်ဘာသာနဲ့ တစ်ဘာသာ အပြန်အလှန် လေးစားမူ ရှိရမယ်၊ လူသားထု တစ်ရပ်လုံးကို မေတ္တာ ဂရုဏာနဲ့ အတက်နိုင်ဆုံး ပံပိုး ကူညီ ဆောင်ရွက် သွားရမယ် ဆိုတဲ့ အဆုံးအမတွေ ရှိပြီးသားပါ၊ ဒီလို အဆုံးအမတွေက အစ္စလာမ်မှာပဲ ရှိတာ မဟုတ်ပါဘူး၊ ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ ဟိန္ဒူဘာသာတွေမှာလည်း ရှိပါတယ်၊ ဘာသာတိုင်း ဘာသာတိုင်းက လူသား အားလုံးကို နှုးညံ့မှု၊ သိမ်မွေ့မှု၊ယဉ်ကျေး လိမ္မာမူ အားလုံးကို ဘာသာရေးကနေ သွန်သင် ဆုံးမ ပြီးသား ဖြစ်တဲ့ အတွက် အဲဒီ့ သွန်သင် ဆုံးမချက်အတိုင်း မိမိ ကိုယ်ကို မိမိ နေရာတိုင်းမှာ ချိုးနှိပ်ပြီး ရှေ့က လူကို ဂုဏ်ပေးလေးစားရမယ်။

    အစ္စလာမ် ဘာသာဝင်များ အနေနဲ့ မိမိ ဘာသာရဲ့ အဆုံးအမကိုသာ တကယ့် စိတ်ရင်း စေတနာရင်းနဲ့ လက်ကိုင်ပြုပြီး နေထိုင် သွားမယ်၊လိုက်နာ ကျင့်သုံး သွားဖို့ပဲ လိုပါတယ် ” ဟု M-Media သို့ပြောကြားခဲ့သည်။

  • အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်

    အိမ်မဲမြို့တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား မေလ တွင် ကျင်းပမည်

    ဧပြီ -၂၆-၂၀၁၃
    M-Media
    သတင်း – ဆူးထက်

    ဧရာဝတီတိုင်းဒေသကြီး၊ အိမ်မဲမြို့နယ်တွင် ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနား တစ်ရပ်ကို မေလအတွင်း ကျင်းပမည်ဟု သတင်းရရှိသည်။

    အိမ်မဲမြို့မှ အစိုးရ အသိအမှတ်ပြု ဘာသာရေး အဖွဲ့ကြီး လေးဖွဲ့နှင့် မြို့နယ် အစ္စလာမ် ဘာသာရေး လူငယ်များ အဖွဲ့၊ မြို့ပေါ်ရှိ ဗလီနှစ်လုံးမှ ဂေါပကများအပြင် ငြိမ်းချမ်းရေးကို လိုလားသော ဗုဒ္ဓဘာသာဝင် များလည်း ဖြစ်မြောက်ရေး ကော်မတီတွင် ပါဝင်ကြောင်း သိရသည်။

    အခမ်းအနား ကျင်းပ ပြုလုပ်ရခြင်းနှင့် ပတ်သက်၍ “ဘာသာပေါင်းစုံ ချစ်ကြည်ရေး အခမ်းအနားကို မေလ ပထမအပတ် အတွင်း ကျင်းပ နိုင်ဖို့ ကြိုးစားနေပါတယ်။ မြို့နယ်အတွင်း ပဋိပက္ခ မဖြစ်ရေးနှင့် အတူယဉ်တွဲ အေးချမ်းစွာ နေထိုင်ရေးကို ထိန်းသိမ်းရန် ရည်ရွယ်ချက်ဖြင့် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း၊ အခမ်းအနားတွင် အထိမ်းအမှတ် အဖြစ် ငြိမ်းချမ်းရေး စာပါ စွပ်ကျယ်များ၊ ငြိမ်းချမ်းရေး စာစောင်များ ဝေဌါ့မည် ဖြစ်ကြောင်း ”အိမ်မဲမြို့နယ် မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး) အဖွဲ့ ဥက္ကဌ ဦးဇော်မင်းထက် မှ M-Media  သို့ပြောကြားသည်။

    မိထ္တီလာ အရေးအခင်းနောက်ပိုင်း မြန်မာနိုင်ငံ တစ်နိုင်ငံလုံးတွင် အစ္စလာမ်ဘာသာဝင်များ အနေဖြင့် စိုးရိမ် ထိတ်လန့်မူများ အနည်းငယ် ဖြစ်ပေါ်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်တွင် တစ်ဦးနှင့် တစ်ဦး သံသယများ ကင်းဝေးပြီး ယခင်ကတည်းက အေးချမ်းသာယာစွာ အတူယှဉ်တွဲ၊ လက်တွဲနေထိုင်ခဲ့ကြရာ ယခု အချိန်ထိ ဘာသာပေါင်းစုံ ချစ်ချစ်ခင်ခင် နေထိုင်ခဲ့ကြပါသည်။ အိမ်မဲမြို့နယ်အတွင်း  ပဋိပက္ခ မဖြစ်ပေါ်ရေး အတွက် ဒေသ အာဏာပိုင်များမှ ဦးဆောင်ပြီး ဘာသာပေါင်းစုံ အဖွဲ့ ဖွဲ့စည်းထားပါသည်။

    ယခု အခါ သံသယ ပျောက်၍ ချစ်ခင်မူ ပိုမို ခိုင်မြဲစေရန်နှင့် ငြိမ်းချမ်းစွာ အတူ ယှဉ်တွဲနေထိုင်မူ ဆထပ်တပိုး တိုးမြင့်စေရန် အတွက် အမြို့မြို့အနယ်နယ်တွင် ကျင်းပ ပြုလုပ်သည့် နည်းတူ အိမ်မဲမြို့တွင်လည်း ကျင်းပမည် ဖြစ်ကြောင်း သိရသည်။
    အဆိုပါ အခမ်းအနားသို့  ရန်ကုန်မြို့၊ ငြိမ်းချမ်းမူ တည်ဆောက်ရေး ကွန်ရက် ( PCN) မှ ရှေ့နေ ဦးအုန်းမောင်တို့ အဖွဲ့ တက်ရောက်မည်ဟု သိရှိရသည်။