News @ M-Media

Blog

  • မူဆလင်အပေါ် အကြမ်းဖက်မှုကိစ္စ အင်ဒိုသမ္မတ ဆွေးနွေးမည် (Mizzima)

    ဧပြီ ၂၃ ရက် ၂၀၁၃
    Mizzima

    indo

    ဓါတ်ပုံ (ပေါ်ပြူလာ) ယနေ့မွန်းလွဲ ၁၂ နာရီ ခွဲအချိန်တွင် နေပြည်တော် အပြည်ပြည်ဆိုင်ရာလေဆိပ်သို့ ရောက်ရှိ အင်ဒိုနီးရှားသမ္မတ ဒေါက်တာ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနိုနှင့် ဇနီး

    မြန်မာနိုင်ငံသို့ ရောက်ရှိနေသော အင်ဒိုနီးရှား သမ္မတ ဆူစီလို ဘမ်ဘန်း ယူဒိုယိုနို (Susilo Bambang Yudhoyono) သည် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံစဉ် မူဆလင် ဘာသာဝင်များအပေါ် အကြမ်းဖက် တိုက်ခိုက်မှုများနှင့်ပတ်သက်၍ ကိုင်တွယ်ဖြေရှင်းရန် တိုက်တွန်းလိမ့်မည်ဟု ရိုက်တာ သတင်းတရပ်က ရေးသားထားသည်။

    ကမ္ဘာ့ မူဆလင် လူဦးရေ အများဆုံး ဖြစ်သည့် အင်ဒိုနီးရှားနိုင်ငံ သမ္မတ က မြန်မာနိုင်ငံရှိ ဗုဒ္ဓဘာသာ လူအုပ်များ၏ မူဆလင်များအပေါ် တိုက်ခိုက်သတ်ဖြတ်မှုများမှာ ဒေသတွင်းရှိ မူဆလင်များအပေါ်လည်း သက်ရောက်မှုရှိသည်ဟု ဆိုသည်။

    “ဖြစ်နိုင်တဲ့ အကောင်းဆုံးနည်းနဲ့ မဖြေရှင်းနိုင်ဘူးဆိုရင် ဒါရဲ့ သက်ရောက်မှုက မြန်မာနိုင်ငံအတွက် ကောင်းမှာ မဟုတ်သလို မူဆလင် အများစု အင်ဒိုနီးရှန်းတွေအတွက်လည်း ကောင်းမှာ မဟုတ်ပါဘူး” ဟု သမ္မတ ယူဒိုယိုနို က မြန်မာနိုင်ငံသို့ ခရီးမဆက်မီ စင်္ကာပူနိုင်ငံတွင် ပြောဆိုသွားကြောင်း ရိုက်တာသတင်းက ဆိုသည်။

    “မြန်မာ (အစိုးရ) အနေနဲ့ ဒီကိစ္စကို ဉာဏ်ပညာရှိရှိ၊ သင့်တင့်လျောက်ပတ်စွာနဲ့ တင်းမာမှုနဲ့ အကြမ်းဖက်မှုတွေကို တားဆီးကာကွယ်ဖို့ ကျနော်တို့ တိုက်တွန်းအားပေးမှာပါ။ သူတို့ ဒီရည်မှန်းချက်တွေ ရောက်ရှိလာအောင် အင်ဒိုနီးရှားမှာရှိတဲ့ ကျနော်တို့က ပံ့ပိုးပေးဖို့ အဆင်သင့်ပါပဲ” ဟုလည်း အင်ဒိုနီးရှား သမ္မတ က ပြောဆိုသည်။

    မစ္စတာ ယူဒိုယိုနို မြန်မာနိုင်ငံသို့ မရောက်လာမီ တလခန့်က မိထ္ထီလာမြို့တွင် လူ ၄၃ ဦးထက်မနည်း သတ်ဖြတ်ခံခဲ့ရသည့် အဓိကရုဏ်းများ ဖြစ်ပွားခဲ့သည်။

    အင်ဒိုသမ္မတ မြန်မာနိုင်ငံသို့ မရောက်မီ တရက်အလိုဖြစ်သည့် တနင်္လာနေ့ကလည်း အမေရိကန် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (HRW)က အစီရင်ခံစာတစောင် ထုတ်ပြန်ရာတွင် ၂၀၁၂ ခုနှစ်က ရခိုင်ပြည်နယ်တွင်း ဖြစ်ပွားခဲ့သည့် ပဋိပက္ခများကို အာဏာပိုင်များနှင့် ရခိုင်ဗုဒ္ဓဘာသာဝင်တို့၏ ရိုဟင်ဂျာ မူဆလင်များအပေါ် “လူမျိုးတုန်း သုတ်သင်မှု” အဖြစ် စွပ်စွဲပြစ်တင်ထားသည်။

  • မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှု ဖြစ်သွားချင်လားဟု ခြိမ်းခြောက်ခံရ

    ဧပြီ ၂၂၊ ၂၀၁၃
    M-Media
    သုတ

    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ
    မတ်လအတွင်း အကြမ်းဖက်ဖျက်ဆီးခံရသည့် မင်းလှမြို့မှ မွတ်စလင်များ၏ နေအိမ်နှင့် ဆိုင်များ

    မင်းလှ ။      ။    မတ်လအတွင်းက မိတ္ထီလာမြို့ အကြမ်းဖက်သတ်ဖြတ်မှုများအပြီးတွင် ဆက်တိုက်ဆိုသလို အကြမ်းဖက်ဖျက်ဆီးခံခဲ့ရသော ပဲခူးတိုင်းအနောက်ခြမ်း မြို့များမှ တစ်မြို့အပါအ၀င်ဖြစ်သည့် မင်းလှမြို့နယ်တွင် တတိယအကြိမ် အကြမ်းဖက်မှုဖြစ်စေရန် ယနေ့ ညနေပိုင်းက ခြိမ်းခြောက်ခံရမှုကြောင့် မြို့ခံ မွတ်စလင်မ်တချို့ စိုးရိမ်ထိတ်လန့်ခဲ့ကြကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်အား ဆက်သွယ်စုံစမ်းရာ အကြမ်းဖက် ဖျက်ဆီးခံရသော မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်အား ပြန်လည်ပြင်ဆင်ရာ ယင်းဆိုင်ရှေ့တွင် ဖွင့်လှစ်ထားသော ဗုဒ္ဓဘာသာ ကွမ်းယာဆိုင်မှ တတိယအကြိမ် အကြမ်းဖက်မှုဖြစ်သွားမည်ဟု ခြိမ်းခြောက်ခဲ့သည်။

    “အဲ့ဒီလ္ဘက်ရည်ဆိုင်ရှေ့မှာရှိတဲ့ ကွမ်းယာဆိုင်ပါ။ အဲ့ဒီ ကွမ်းယာဆိုင်ကလည်း လ္ဘက်ရည်ဆိုင်ရဲ့ ရှေ့မှာ ဖွင့်ထားတာပါ။ ဗုဒ္ဓဘာသာပိုင်တဲ့ ကွမ်းယာဆိုင်ပါ။ လ္ဘက်ရည်ဆိုင်က ဖွင့်ဖို့ ခွင့်ပြုခဲ့တာ တော်တော်ကြာပါပြီ။ အခုဖြစ်တာက ဟိုတလောက အကြမ်းဖက် ဖျက်ဆီးခံလိုက်ရတာကြောင့် လ္ဘက်ရည်ဆိုင်ကို ပြန်ပြင်ပါတယ်။ ပြန်ပြင်တော့ အရှေ့မှာ sun shade ထည့်တယ်။ အဲဒါ ဒေါက်တိုင်ထောင်ဖို့ မြေတူးရတယ်။ ၄-လက်မလောက် မလွတ်ဘူးဖြစ်နေတယ်။ ကွမ်းယာဆိုင်ရဲ့နောက်မှာထားတဲ့ ပုံးတစ်ခုနဲ့ မလွတ်လို့ ခဏဖယ်ပေးဖို့ပြောတာ။ မြေနေရာက စည်ပင်ပိုင်မြေပါ။ လ္ဘက်ရည်ဆိုင်ပိုင်ရှင်က ခွင့်ပြုထားခဲ့တာပါ။ လ္ဘက်ရည်ဆိုင်ရဲ့ မျက်နှာစာမှာပါ။

    မဖယ်ပေးဘူး။ အဲဒါနဲ့ ရပ်ကွက်လူကြီးခေါ်ပြီးပြောတော့ သူတို့ဘက်က လုံးဝ မဖယ်နိုင်ဘူးတဲ့။ အဲဒါဆိုလည်းရတယ်ဆိုပြီး အဲဒီနောက်နားမှာ ကပ်ပြီးတူးလိုက်တယ်။

    နောက်ဆုံးတော့ ရပ်ကွက်လူကြီးက ဒီနေ့ညတော့ နေလိုက်ပါလို့ပြောတယ်။ ဆိုင်ပြင်ဖို့စပြောတာက ဒီနေ့ နေ့လည်ပိုင်းကပါ။ ခုနကလို ခြိမ်းခြောက်တာက ညနေ ၆-နာရီခွဲလောက်ကပါ။ နေ့လည်ပိုင်းကတော့ ရပ်ကွက်လူကြီးနဲ့ခေါ်ပြီး ၄-လက်မလောက် ဆုတ်ပေးဖို့ပြောတာ။ သူတို့ဆိုင်ရွေှ့စရာမလိုပါဘူး။ ဆိုင်နောက်မှာထားတဲ့ သေတ္တာပုံးတစ်ခုကို ဘေးနည်းနည်းတိုးလိုက်ရင်ရပြီ။ အဲဒါကို တိုးမပေးဘူး။ ညနေ ၆-နာရီခွဲလောက်မှာ ကွမ်းယာဆိုင် ပိုင်ရှင်ရဲ့ မိန်းမနဲ့ သမီး ၂-ယောက် ရောက်လာပြီး ‘နင်တို့ အခုချက်ချင်း ဖျက်မှာလား မဖျက်ဘူးလား။ ငါက ပြဿနာရှာမှာ။ ဒါက မြန်မာနိုင်ငံ၊ နင်တို့နေဖို့နေရာမဟုတ်ဘူး။ အခု ထပ်ပြီး တတိယအကြိမ် အကြမ်းဖက် ခံရချင်လား’ဆိုပြီး ပြောတယ်။ ကွမ်းယာဆိုင်ပိုင်ရှင်က ဦးအောင်စန်းမြင့်။ ဆိုင်နာမည်က အောင် လို့ ပေးထားတယ်။ ဒါပေမယ့် အများစုက ဆိုင်နာမည်ကို မသိကြဘူး။ ဦးအောင်စန်းမြင့်ဆိုရင် တော်တော်များများသိတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့ စတူးတဲ့အချိန်က ဆိုင်ဖွင့်ထားတယ်။ နောက် နာရီဝက်လောက်ကြာတော့ ဆိုင်ပိတ်သွားတယ်။ ညနေကျ ပြန်လာပြီး ဦးအောင်စန်းမြင့်ဘေးမှာနဲ့ သူ့သမီး ၂-ယောက်က ပြဿနာရှာတယ်။ အဲ့ဒီ ကောင်မလေးရဲ့ အမျိုးသားက အဲ့ကောင်မလေးကို တုတ်ယူပေးတယ်။ ကျွန်တော်တို့ကတော့ ရပ်ကွက်လူကြီးနဲ့ ပြောလိုက်တာပဲ။ မနက်ဖြန်ကို ၀န်ကြီးချုပ် လာမယ်လို့လည်း ပြောနေတယ် သေချာတော့မသိဘူး။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ကို ခြိမ်းခြောက်သွားပြီး တတိယအကြိမ် အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်တာကို ကျွန်တော်တို့ စိုးရိမ်ပါတယ်”လို့ ယင်းအကြောင်းအရာအား မျက်မြင်တွေ့ရသူ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။

  • မြန်မာပြည်တိုးတက်မှု တည်မြဲပါစေ (TheStraitsTimes- ဘာသာပြန်)

    ဧပြီ-၁၉ ၂၀၁၃
    M-Media

    ST_20130419_NYTMYANMAR1_3619906e

    လွန်ခဲ့သည့် နှစ်နှစ်အတွင်း မြန်မာနိုင်ငံအရေးနှင့်ပတ်သက်လျင် အကောင်းမြင် မဆုံးနိုင်အောင်ပါပင်။

    ယုံကြည်ချက်ကြောင့် အချုပ်အနှောင်ခံနေခဲ့ကြရသည့် နိုင်ငံရေးအကျဉ်းသားများ ပြန်လွှတ်ပေးခဲ့သည်။ ခရီးသွားလာရေး ကန့်သတ် ပိတ်ပင်မှုများ ဖြေလျှော့ခဲ့သည်။ တိုင်းပြည်စီးပွားရေး တိုးတက်စရာ လမ်းစများစတင်ခဲ့သည်။ သတင်းလွတ်လပ်ခွင့်ရကာ စာပေစိစစ်ရေး ဆင်ဆာ လျှော့ချခဲ့သည်။ (ပုဂ္ဂလိက) သတင်းစာများ ထွက်ပေါ်ခွင့်ရလာသည်။ သမ္မတကြီး ဦးသိန်းစိန် အစိုးရအဖွဲ့အနေဖြင့် တိုင်းရင်းသားလူနည်းစု လက်နက်ကိုင်များနှင့် ကျွန်တော် အပါအဝင် တိုင်းပြည်မှ စွန့်ခွာခဲ့ကြရသူများအထိပင် အရောက်လှမ်း ဆက်သွယ်နိုင်ခဲ့ပေသည်။ သယံဇာတ ပေါကြွယ်ဝရာ ကျွန်တော်တို့နိုင်ငံသို့ နိုင်ငံခြားသား ခရီးသွားများနှင့် စီးပွားရေးလုပ်ငန်းရှင်များ အဆက်မပြတ် ဝင်ရောက်လာတော့မည့်အရေးပြင်ဆင်ကြလျက် ဗမာပြည်သူပြည်သားတို့ လှုပ်လှုပ်ရှားရှား နိုးကြား တက်ကြွခဲ့ကြရသည်။

    ထိုသို့သောပြုပြင်ပြောင်းလဲမှုများ ကြုံတွေ့ရပ်လျက် အစိုးရနှင့်ပတ်သက်လျင် မယုံရဲသေးကြသူများလည်းရှိသည်။ ကျွန်တော် အပါအဝင်ပါပင်။ စီးပွားနှင့်သြဇာအာဏာ အများစုသည် စစ်တပ်၏  ထိန်းချုပ်ချယ်လှယ်မှုအောက်တွင်သာ ရှိနေသေးသည်။  ယခင်က သူတို့ မည်ရွေ့ မည်မျှ အလွဲသုံးစား လုပ်ခဲ့ကြသည်ကိုလည်း မသိရသေး။ လွန်ခဲ့သော၂၄နှစ်အတွင်း ကျွန်တော် မြန်မာပြည်ကို ပထမဆုံးပြန်လည် သွားရောက်ခဲ့စဉ်က ဆုံတွေ့ခဲ့သည့် ဗမလူမျိုးအများအပြားကတော့ အပြောင်းအလဲများ ပြုလုပ်ပေးနေခြင်းသည် အနောက်နိုင်ငံအစိုးရများက စီးပွားရေး ပိတ်ဆို့မှုများ ရုတ်သိမ်းပေးစေရေး အတွက်သာ ရည်ရွယ်ကြောင်းနှင့် စစ်တပ်အနေဖြင့် အချန်မရွေး အာဏာပြန်သိမ်းနိုင်ကြောင်း ယူဆကြသည်။

    သို့ရာတွင် မြန်မာပြည်အလယ်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်တို့နှင့် မွတ်စလင်မ်များအကြား မကြာသေးမီက ဖြစ်ပွားခဲ့သော မလိုလားအပ်ဖွယ် အဓိကရုဏ်းများသည် ကျွန်တော်တို့၏ ပွန်းပဲ့ပျက်စီးထိခိုက်လွယ်သော နိုင်ငံတော်အနာဂတ်အတွက် အကောင်းမြင်တတ်သူတို့အတွက်သည်ပင်လျင် ဆက်မမြင်နိုင်ကြရလောက်စရာ ရတက်မအေးဖွယ်ပါပင်။ ဆူပူအကြမ်းဖက်မှု လူမျိုးရေးပဋိပက္ခများအား အစိုးရက ထိရောက်စွာနှိမ်နင်းဖြေရှင်းခြင်းမရှိပါက တိုးတက်စ မြန်မာနိုင်ငံသည် ကမ္ဘာ့အလယ်တွင် နောက်ထပ်ယူဂိုဆလားဗီးယားနိုင်ငံတစ်နိုင်ငံအဖြစ်ရောက်ရှိကာ လူမျိုးရေးစစ်ပွဲများ ကြုံရပေတော့မည်။

    ပြီးခဲ့သည့်မတ်လက မွတ်စလင်မ်ရွှေဆိုင်ရှင် တစ်ဦးနှင့် ဗုဒ္ဓဘာသာဝင် ဈေးဝယ်သူတစ်ဦးကြား မြို့လယ်ခေါင်တွင်ဈေးအရောင်းအဝယ်တစ်ခုမှ အစပြုကာ မွတ်စလင်မ်တို့အပေါ်သို့ ဗုဒ္ဓဘာသာဝင်တို့မှ အဓမ္မ အကြမ်းဖက်မှု ဖြစ်ပေါ်ခဲ့သည်။ ဗုဒ္ဓဘာသာဝင် လူအုပ်များမှ မွတ်စလင်မ်တို့အား လိုက်လံတိုက်ခတ် သတ်ဖြတ်ခဲ့ကြသည်။ မွတ်စလင်မ် အမြောက်အမြား ရိုက်နှက်ညှင်းပမ်းခံခဲ့ရပြီး ၃၀ကျော် သေကြေခဲ့ရသည်။ အချို့သည်ကား လမ်းမထက်သို့ တရွတ်တိုက်ဆွဲကာ ဓာတ်ဆီလောင်း မီးရှို့ခံခဲ့ကြရသည်။ အလွန်ဆိုးရွားလှသည့်အချက်ကတော့ ရဲသားတို့က ဘေးကရပ်ကာ ကြည့်နေခဲ့ကြသည်လေ။

    ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးအကြံပေး ပုဂ္ဂိုလ် မစ္စတာ ဗီဂျေ နမ်ဗီးယားက မြန်မာပြည်သို့ သွားရောက်လေ့လာခဲ့ပြီး ပြောခဲ့သည်က မွတ်စလင်မ်များသည် ပစ်မှတ်ထားခံရကာ ဦးတည်ချက်ရှိရှိ  တိုက်ခိုက် ခံနေကြရသည်ဟူ၍ပင်။
    ”အကြင်နာကင်းမဲ့၍  ရက်စက်ကြမ်းကြုတ်သော အကွက်ကျကျ၊ စနစ်တကျ စွမ်းအားမြင့် အစွမ်းကုန်တိုက်ခိုက်မှု” ”brutal efficiency” ဟူသော စကားလုံးကိုရွေးချယ် အသုံးပြု၍ဖော်ပြသွားခဲ့သည်။ အလွန်ပင် ထိရောက်လှသော စကားလုံးရွေးချယ်မှု ဖြစ်ပါသည်။

    ဤသို့သော လူ့အဖွဲ့အစည်းနှစ်ရပ်ကြားရှိပဋိပက္ခများသည် မြန်မာပြည်အတွင်းအမြစ်တွယ်လျက်ရှိလေသည်။ တိုင်းရင်းသားလူမျိုးစုပေါင်း ၁၃၅မျိုး ရှိသော မြန်မာနိုင်ငံသည် လွတ်လပ်ရေးရခဲ့သည့် ၁၉၄၈ခုနှစ် ကတည်းကစတင်ကာ ပြည်တွင်းစစ်ဒဏ် ခံနေရသည်။ အများစုက ဗမာ လူမျိုးများဖြစ်ကြသည့် စစ်အာဏာရှင် အဆက်ဆက်သည် နှစ်ပေါင်းများစွာပင် လူနည်းစုတိုင်းရင်းသားတို့အား လူ့အဖွဲ့အစည်းအသိုင်းအဝိုင်းမှ နှိမ်ချကာ တစ်ဆင့်နိမ့်နိုင်ငံသား အဖြစ်သတ်မှတ်လျက် “တိုင်းရင်းသား သန့်စင်ရေး” လုပ်ရန် ကြိုးပမ်းခဲ့ကြသည်။

    တိုင်းပြည်လူဦးရေ သန်းပေါင်း၆၀နက် ၄ရာခိုင်နှုန်းခန့်ရှိသော မွတ်စလင်မ်တို့သည် အာဏာပိုင်တို့၏ ပစ်မှတ်ကောင်းတစ်ခု ဖြစ်လေသည်။ အနိမ့်ဆုံးအဆင့်အားဖြင့် ဗမာလူမျိုးများအနေနှင့် မွတ်စလင်မ်တို့အား သံသယဖြင့် ရှုမြင်ကာ ဒုတိယတန်းစား နိုင်ငံသားအဖြစ်သာ သဘောထားကြပေတော့သည်။ အဆိုးရွားဆုံးအနေအထားအားဖြင့်မူ မွတ်စလင်မ်တို့သည် ယခု မိတ္ထီလာဖြစ်စဉ်ကဲ့သို့ အကြမ်းဖက်မှုစီမံကိန်းများ၏ သားကောင် ဓားစာခံပင် ဖြစ်ကြရသည်အထိပင်။

    မြန်မာပြည်အနောက်ပိုင်း ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ မွတ်စလင်မ်လူစုကတော့ မွတ်စလင်မ်ဆန့်ကျင်ရေး အမုန်းမီးကို ပြင်းပြင်းထန်ထန် ခံစားခဲ့ကြရဖူးပါပြီ။ ပြီးခဲ့သည့်နှစ်အတွင်း ဗုဒ္ဓဘာသာအစွန်းရောက်များ လက်ချက်ကြောင့် ရိုဟင်ဂျာလူမျိုး ၁၅၀ကျော် အသတ်ခံခဲ့ရပြီး ၁၀၀၀၀၀ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ကာ ကယ်ဆယ်ရေးစခန်းသို့ ရောက်ခဲ့ကြရသည်။

    မြန်မာပြည်အနောက်ပိုင်းတွင် ထိုပဋိပက္ခ ဖြစ်ခဲ့စဉ်မှစကာ မွတ်စလင်မ်ဆန့်ကျင်သူ အစွန်းရောက်များက နိုင်ငံတစ်ဝန်း သွားကာ မွတ်စလင်မ်မကောင်းကြောင်း လှည့်လည်ဟောပြောခြင်း၊ “တိုင်းပြည်နှင့်လူမျိုး ကာကွယ်ရမည့်အကြောင်း” တရားဟော အသံသွင်း ရိုက်ကူးဖြန့်ဝေခြင်း၊ မွတ်စလင်မ်ပိုင် စီးပွားရေး လုပ်ငန်းများအား သပိတ်မှောက် ဆန့်ကျင်သည့်အနေဖြင့် အားမပေးရန် စတစ်ကာများ ဝေငှခြင်း စသည်တို့ကို လုပ်ဆောင်လာကြသည်။ လွတ်လပ်စွာပြောဆိုခွင့် လောလောလတ်လတ်ပြုထားသည်ကို အခွင့်ကောင်းယူကာ “မွတ်စင်မ်များက စီးပွားရေး လက်ဝါးကြီးအုပ်ကြသည်၊ မွတ်စလင်မ်များက အမျိုးသမီးတို့အား အစ္စလာမ်ဘာသာသို့ သွတ်သွင်းနေကြသည်” စသည်ဖြင့် ဝါဒဖြန့်ကြသည်။

    အုပ်ချုပ်သူတို့ကလည်း အခြေအနေ ပိုဆိုးစေရန်ဖန်တီးနေကြယုံမျှသာ။ ယခင်က စစ်အစိုးရအရာရှိဖြစ်ခဲ့ကာ လက်ရှိအစိုးရအဖွဲ့တွင်ပါဝင်သူ (အနည်းဆုံး) တစ်ဦးကလည်း ဆိုရှယ်မီဒီယာတွင် မွတ်စလင်မ်မုန်းတီးရေးများ တက်တက်ကြွကြွ ဖြန့်ချိနေသည်။ အစိုးရအနေဖြင့် ရခိုင်ပြည်နယ်တွင် လူသတ်မှု ကျူးလွန်ခဲ့ကြသူများအား ဖမ်းဆီး အရေးယူခြင်း မရှိသေးချေ။

    မိတ္ထီလာတွင်တော့ ဗုဒ္ဓဘာသာဝင်လူအုပ်စုက မွတ်စလင်မ်တို့အား တိုက်ခိုက်သတ်ဖြတ်နေသည်ကို ရဲများက လက်ပိုက်ကြည့်နေကြကြောင်း သတင်းများ ကြားသိတွေ့မြင်ခဲ့ရသည်။ ရဲအချို့က ဂျာနယ်များတွင် ပြောကြားဖော်ပြခဲ့သည်က “သူတို့အားရှောင်နေကြရန်၊ ဝင်မပါကြရန် အမိန့်ပေးထားသည်” တဲ့။

    နောက်ဆုံးတွင်တော့ မိတ္ထီလာသို့ စစ်တပ် စေလွှတ်ခဲ့သည်။ သို့သော် ဤသည်ကြောင့်ပင် တရားဥပဒေ ပြန်လည်စိုးမိုးစေရေးအတွက် အကြောင်းပြချက်ဖြင့် စစ်အာဏာပြန်သိမ်းမည်ကို စိုးရိမ်ကြစရာ ပိုဖြစ်ခဲ့ရသည်။

    ဤအနေအထားအရ မြန်မာတို့အတွက်ရွေးချယ်စရာက ဒွိဟ အတွေးပွားဖွယ် အခြေအနေပင် …. လုံခြုံမှုနည်းလွန်းသည့် လက်ရှိအခြေအနေလား၊ သို့တည်းမဟုတ် ယခင်ကကဲ့သို့ အလွန်တည်းကြပ်သည့် လုံခြုံရေးကပင် ပိုကောင်းလေသည်လား။

    မိတ္ထီလာ ပဋိပက္ခ အပြီးတွင် သမ္မတကြီး ဦးသိန်းစိန်က တီဗီရုပ်မြင်သံကြားမှ မိန့်ခွန်းပြောကြားရာတွင် နိုင်ငံရေး အမြတ်ထုတ်လိုသူများနှင့် ဘာသာရေးအစွန်းရောက်များအား၏ အမုန်းမီးတိုက်မှုကို လက်သင့်ခံမည်မဟုတ်ကြောင်း ထိုသူတို့ကို သတိပေးလိုက်သည်။ ထို့ပြင်
    သူ့အနေဖြင့် လိုအပ်ပါက အင်အားသုံးကာပင် ဖြေရှင်းရန် အသင့်ရှိကြောင်း ကြေညာခဲ့သည်။

    ဤသည်က အစကောင်းပါပင်။ သို့သော် မလုံလောက်သေးပါ။ အစိုးရသည် ယခုထက်ပို၍ လုပ်ရန် ရှိနေပါသေးသည်။ ပြစ်မှု ကျူးလွန်ခဲ့သူတို့အားဖမ်းဆီးကာ တရားဥပဒေအရ ပြစ်ဒဏ်ချ စီရင်ခြင်းအားဖြင့် နိုင်ငံတော်သည် တရားဥပဒေစိုးမိုးမှုရှိကြောင်း ပြသရာရောက်ပါမည်။
    ရေရှည် တည်ငြိမ်အေးချမ်းရေး အတွက်လည်း အစိုးရအနေဖြင့် သမာသမတ်တရားနည်းလမ်းကျသော၊ ကျိုးကြောင်းဆီလျော်သော ဆွေးနွေးပြောဆိုမှုများနှင့် လူမျိုးပေါင်းစုံ၊ဘာသာပေါင်းစုံ ချစ်ကြည်ရင်းနှီးစွာ အတူတကွနေထိုင်နိုင်ကြစေရေးတို့အတွက် အားပေးကူညီပံ့ပိုးပေးရပါမည်။

    မတော်မတရား အကြမ်းဖက်လှုံ့ဆော်မှုလုပ်သူများ အောင်မြင်မည်မဟုတ်ဘဲ လွတ်လပ်စွာကွဲလွဲကြပိုင်ခွင့်ကို အသိအမှတ်ပြုကြသူများ၊ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင် လိုသူများသာလျင် အောင်ပွဲခံနိုင်မည်ဖြစ်ကြောင်းကိုလည်း ကျယ်ကျယ်ပြန့်ပြန့်သိကြစေရန် ရှင်းလင်းပြတ်သားစွာဖြင့် ကြေညာရန် လိုအပ်ပါသည်။

    ဒီမိုကရေစီအတိုက်အခံများအင်အားစုများ၊ လူမှုရေးအသင်းအဖွဲ့များနှင့် ဘာသာအသီးသီးမှ ခေါင်းဆောင်များအနေဖြင့်အားလုံး မကြာမီက ပဋိပက္ခများကို ပေါ်ပေါ်တင်တင် ဆန့်ကျင် ရှုတ်ချကြသင့်ပေသည်။ လေးစားရပါသော အတိုက်အခံခေါင်းဆောင် ဒေါ်ါ်အောင်ဆန်းစုကြည် အနေဖြင့်လည်း နိုင်ငံသား လူနည်းစုများအပေါ် မတရား ဆက်ဆံနေကြခြင်းများနှင့်စပ်လျဉ်း၍ နှုတ်ဆိတ်နေခြင်း အဆုံးသတ်ကာ မွတ်စလင်မုန်းတီးရေး အကြမ်းဖက်မှုများနှင့် အခြား မည်သို့သော လူမျိုးရေး အကြမ်းဖက်မှုများကိုမဆို လက်မခံဆန့်ကျင်ကြောင်း ပွင့်ပွင့်လင်းလင်း ပြောကြားသင့်ပါပြီ။

    အမေရိကန်သမ္မတကြီး ဘာရက်အိုဘားမား ပြီးခဲ့သည့်နိုဝင်ဘာလက လာရောက်ခဲ့ခြင်းအပါအဝင် နိုင်ငံခြားခေါင်းဆောင်များ နှင့် နိုင်ငံခြား ခရီးသွားများ ခြေခြင်းလိမ် မတတ် မြန်မာပြည်သို့ လာရောက်လေ့လာနေစဉ် ကာလတွင် နိုင်ငံ့ကောင်းကျိုးကိုမျှော်ကိုးလျက် “အုပ်စုမတူသူကို မနှစ်သက်၍ ဖယ်ကြဉ်” တတ်သည့် အကျင့်ဆိုးကို ဖယ်ရှားသင့်ပါပြီ။ ၂၀၁၅တွင် ရွေးကောက်ပွဲ ကျင်းပဦးမည်ဖြစ်ရာ နောက်ကြောင်းပြန်လိုသူ အပြောင်းအလဲ မလိုလားသူ ခေါင်းမာသူများနှင့် ယခင်စစ်အာဏာရှင်များက ရွေးကောက်ပွဲ မတိုင်မီ ဤကာလအတွင်း ပဋိပက္ခများ စိုးရိမ်ပူပန်ကြောင့် ကျရမှုများ ဖန်တီးကာ စစ်အာဏာ နောက်တစ်ကြိမ်ပြန် သိမ်းရန် အသုံးချနိုင်ပါသည်။ မြန်မာပြည်ကြီး အမိုက်မှောင်ခေတ် နောက်တစ်ခါ ပြန်အရောက် မခံနိုင်တော့ပါ။

    INTERNATIONAL HERALD TRIBUNE
    (စာရေးသူသည် ဧရာဝတီ သတင်းမဂ္ဂဇင်း တည်ထောင်သူနှင့် (ယခင်က) ထိုမဂ္ဂဇင်း အယ်ဒီတာဟောင်း ဖြစ်ပါသည်။ ၈၈ ကျောင်းသားတစ်ဦးဖြစ်ပြီး ၁၉၈၈တွင် တိုင်းပြည်မှ ထွက်ခွာခဲ့ရကာ ထိုစဉ်မှစ၍ ပြီးခဲ့သည့်နှစ်က မြန်မာပြည်သို့ ပထမဆုံးအကြိမ် ပြန်လည် အလည်သွားရောက်ခဲ့ပါသည်။)

    The Straits Times  တွင် Keep Myanmar on track ဖြင့် Aung Zaw ရေးသားသည့် ဆောင်းပါးကို ဆီလျော်အောင် ပြန်ဆိုပါသည်။

  • အာဏာပိုင်များ၏ လစ်လျှုရှု.မှု.ကြောင့် မန္တလေးမြို.တွင် အတင့်ရဲစွာ ရောင်းချနေသော ၉၆၉ တရားခွေများ

    ဧပြီ ၂၂-၂၀၁၃
    Baydar Lam

    375993_480213775383255_183662739_n

    အမှတ်စဉ်(၂)တွင်ပါဝင်သောတရားများ
    ၁။အရှင်ပညာဝရ (ဘဝလမ်းခွဲတရားတော်-မန္တလေး)
    ၂။သီတဂူကြည်တပွင့် (သွေးတရားတော်-မန္တလေး)
    ၃။အရှင်ကောသလ္လ (ဘာကိုအရင်လုပ်ကြမှာလဲ)
    ၄။အရှင်သုနန္ဒ (ဆင်သေကျီးမိုက်)
    ၅။ဗုဒ္ဓဘာသာအမှတ်တံဆိပ်တော်မိတ်ဆက်ပွဲအခမ်းအနား သာသနပါလက ဂဏဝါစက သံဃာ့အဖွဲ.(ဖြူးမြို့ )
    အမှတ်စဉ်(၄)တွင်ပါဝင်သောတရားများ
    ၁။အဖွင့်နှီုးဆော်တေးနှင့်နောက်ခံဓါတ်ပုံများ
    ၂။ဘဝသင်ခန်းစာမျှဝေခြင်း -ဝါဝါမြင့်(ကလေးမြို.)
    ၃။ဘဝလမ်းခွဲ စော်ဘွားကြီးကုန်း-ရန်ကုန်..အရှင်ပညာဝရ
    ၄။ဗုဒ္ဓလမ်းစဉ်ကျင့်စေချင် အရှင်သုနန္ဒ
    ၅။ဘာကိုအရင်လုပ်ကြရမှာလဲ အရှင်ကောသလ္လ
    ၆။အမျိုးသားရေးပေါ့ပေါ့မတွေးနဲ့ အရှင်ဝီရသူ
    ရ။သံဃကွန်ယက် မုတ္တမမြို့ 
    ၈။အမျိုးဘာသာစောင့်ရှောက်ရေး ဓမ္မစက္ကဦးမောင်မောင် နှင့်အန္တရယ်ကြားကမြန်မာပြည် အရှင်ဝီရသူ
    စသည်ဟောကြားချက်များပါဝင်ပါသည်။

    မိတ္ထီလာအပါအဝင်မြို.နယ်အချို.တွင်ဖြစ်ပွားခဲ့သော ပဋိပက္ခများမဖြစ်ပေါ်မှီ ဘာသာရေး လူမျိုးရေးပြဿနာများဖြစ်စေနိုင်သော အထက်ပါ ၉၆၉ တရားပွဲများ VCD ခွေများဖြန့်ချီခဲ့ရာမှပဋိပက္ခများဖြစ်ပွားခဲ့သဖြင့်လူပေါင်းများစွာသေကြေဒဏ်ရာ များရခဲ့ကြပြီး ပျက်စီးဆုံးရှုံးမှုများဖြစ်ပေါ် ခဲ့ရပါသည်။အာဏာပိုင်များအနေဖြင့် ဤတရားမဝင်ဖြန်.ချီနေသောခွေများအား အရေးမယူ မတားဆီးဘဲ လစ်လျှုရှုထားသဖြင့်နောင်ဖြစ်ပေါ်လာသောပြဿနာများအတွက် အာဏာပိုင်များတွင်သာ တာဝန်အရှိဆုံးဖြစ်ပါလီမ့်မည်။

  • အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်ထုတ်လုပ်ခဲ့သူ အစ္စလာမ်သို့ သက်ဝင် ယုံကြည်လာသူဖြစ်လာပြီးနောက် ၊ တမန်တော် ဗလီဝတ်ကျောင်းတော်သို့ သွားရောက်ပြီး တမန်တော်အား ရည်စူးတောင်းပန်ခဲ့

    ဧပြီ ၂၂ ၂၀၁၃

    M-Media
    fp02_big
    အစ္စလာမ်အား တစ်ဖက်သတ်ကြောက်ရွံ့စော်ကားနေသူ အစွန်းရောက် ဒတ်ခ်ျနိုင်ငံရေးသမား Geert Wilders ၏ပါတီ၌ ဦးဆောင်အဖွဲ့ဝင်ဟောင်း  Arnoud Van Doorn သည် လွန်ခဲ့သည့်လက အစ္စလာမ်သာသနာသို့ ကူးပြောင်းသက်ဝင်လိုက်သည်။ သူသည် အစ္စလာမ်သာသနာနှင့် တမန်တော် Muhammad အား စော်ကားသည့် ရုပ်ရှင်ထုတ်လုပ်ခဲ့သူ တစ်ဦး ဖြစ်သည်။ ယင်းရုပ်ရှင်အား ကမ္ဘာတစ်ဝှန်း၏ ပြစ်တင် ရှုတ်ချမှုကြောင့် အစ္စလာမ့် တမန်တော်အကြောင်းကို လေ့လာရာမှ အစ္စလာမ်အား လက်ခံသက်ဝင် လိုက်ခြင်းဖြစ်သည်ဟု သူက ဆိုသည်။

    The Hague City Council အကြံပေးအရာရှိ နှင့် နယ်သာလန်နိုင်ငံ ပါလီမန်အဖွဲ့ဝင် ဒတ်ခ်ျအမျိုးသား Doorn သည် မိမိ၏ Twitter ကိုယ်ပိုင်စာမျက်နှာမှ အစ္စလာမ်ကိုလက်ခံသည့် ဆုံးဖြတ်ချက်နှင့်အတူ အရဗီဘာသာဖြင့် အစ္စလာမ့်ယုံကြည်ချက်ဆိုင်ရာ သက်သေခံစကားအား ဖော်ပြခဲ့သည်။ ထိုသတင်းကို ကနဦးပိုင်းတွင် အခြားသူများက သူ၏ နောက်ပြောင်မှုဟု ထင်မှတ်ခဲ့ကြသည်။ ၄င်းနောက် အစ္စလာမ်အား လက်ခံကျင့်သုံးမည့် မိမိ၏ ဆုံးဖြတ်ချက်သည် အတည်ဖြစ်ကြောင်း Doorn က မြို့တော်ဝန်ထံ တရားဝင်အကြောင်းကြားစာ ပေးပို့ခဲ့သည်။ များမကြာသေးမီကပင် မိမိ၏ လုပ်ငန်းခွင်အတွင်း မိမိအား ၀တ်ပြုခွင့်ပြုရန်ကိုလည်း လျှောက်ထားတင်ပြလိုက်သည်။

    အင်္ဂလိပ်ဘာသာဖြင့်တင်ဆက်သည့် Al-Jazeera Channel ထံ သူမှ ဤသို့ပြောကြားသည်။

    Far-right-Dutch-Politician-Reverts-to-Islam

    “ ဒါဟာ လူအတော်များများအတွက် မျှော်လင့်မထားတဲ့ကိစ္စဖြစ်နေတော့ လူတွေ သံသယ၀င်နေကြတာကို ကျွန်တော် နားလည်ပါတယ်။ ဒီကြီးကျယ်တဲ့ဆုံးဖြတ်ချက်ကို ကျွန်တော် ပေါ့ပေါ့တန်တန် ချခဲ့ရတာ မဟုတ်ပါဘူး။ ကျွန်တော်ဟာ ကုရ်အာန်ကျမ်း၊ ဟဒီးဆ်(တမန်တော့်သြ၀ါဒ)၊ စွန္နဟ်(တမန်တော့်ဓလေ့နည်းနာ) နဲ့ အခြား(အစ္စလာမ်)ကျမ်းဂန်များကို တစ်နှစ်နီးပါး ထဲထဲဝင်ဝင် သုတေသနပြုလေ့လာခဲ့တယ်ဆိုတာ ကျွန်တော့်ရဲ့အရင်းနှီးဆုံးလူတွေ သိကြပါတယ်။ ဒါ့အပြင် မွတ်စ်လင်မ်တွေနဲ့ ဘာသာတရားအကြောင်း ဆွေးနွေးခဲ့တာလည်း မနည်းမနောပါဘဲ။ လူနည်းစုတစ်ချို့က ကျွန်တော့်ကို သစ္စာဖောက်လို့ ဆိုကြတယ်။  ဒါပေမယ့် လူတော်တော်များများကတော့ ကျွန်တော်ဟာ သိပ်ကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တစ်ခု တကယ်လုပ်နိုင်ခဲ့ပြီလို့ သတ်မှတ်ကြပါတယ်။ အစ္စလာမ်အပေါ် အဆိုးမြင်စေတဲ့ ဖြစ်ရပ်အမြောက်အများ ကျွန်တော် ကြားနေခဲ့ရတယ်။ ဒါပေမယ့် ကျွန်တော်ဟာ ကိုယ်တိုင်ဆန်းစစ်လေ့လာမှုမလုပ်ဘဲ လူတွေရဲ့အထင်အမြင်နောက်ကို လိုက်တတ်တဲ့လူစား မဟုတ်ဘူးလေ။ ဒါ့ကြောင့် စူးစမ်းလိုစိတ်သက်သက်နဲ့ အစ္စလာမ့်အကြောင်းပိုသိလာအောင် နက်နက်ရှိုင်းရှိုင်း လေ့လာခဲ့တာပါ။ မြောက်များစွာသောလူတွေအတိုင်း အမှားအယွင်းတွေကျူးလွန်ခဲ့မိတာဖြစ်ပေမယ့် ဒီမှားယွင်းမှုထဲကနေ သင်ခန်းစာအများကြီး ရခဲ့ပါတယ်။ အစ္စလာမ်ကို ပြောင်းလဲသက်ဝင်လိုက်တဲ့အတွက် ကျွန်တော့်အဖို့ အဆုံးသတ်လမ်းစဉ်မှန်တစ်ခု ရှာဖွေတွေ့ရှိသွားတယ်လို့ ခံစားရပါတယ်။ ဒါဟာ ခြေလှမ်းသစ်တစ်ရပ်ဖြစ်ပြီး ထပ်မံလေ့လာသင်ကြားဖို့လိုအပ်နေသေးကြောင်းကိုလည်း နားလည်ခဲ့ပါတယ် ”။

    Doorn သည် မိမိပါတီ၏ အစ္စလာမ်ဆန့်ကျင်ရေးလမ်းစဉ်ကြောင့် သာသနာနှင့်စပ်လျဉ်းသော အမှန်တရားအား မိမိဖာသာ တူးနှိုက်ထုတ်ဖော်ရန် စိတ်ပိုင်းဖြတ်ခဲ့ခြင်းဖြစ်ကြောင်း ရှင်းပြသည်။ လူချင်းမမြင်ဖူးသော သူ၏ Twitter မိတ်ဆွေအမြောက်အများကလည်း သူ့အနေအထားကို နားလည်ကြောင်း၊ သူ့ရွေးချယ်မှုးကို ထောက်ခံကြောင်း အားပေးခဲ့ကြသည်။

    တစ်ချိန်က Freedom Party အဖွဲ့သားဖြစ်ခဲ့ခြင်းအပေါ် နောင်တရမရကို မေးမြန်းရာ “ ဘ၀ရဲ့ကြုံတွေ့မှုမှန်သမျှမှာ ရည်ရွယ်ချက်ကိုယ်စီ ရှိနေကြောင်း ကျွန်တော် နားလည်ခဲ့ပါပြီ။ ဒါပေမယ့် အခုအချိန်လို သိမြင်နားလည်ထားခဲ့ယင်တော့ ကျွန်တော်ဟာ တခြားလမ်းကြောင်းတစ်ခု ရွေးချယ်ဖြစ်ခဲ့မယ်ဆိုတာ သံသယဖြစ်စရာတောင် မလိုပါဘူး ” ဟု ဖြေဆိုခဲ့သည်။

    Arnoud Van Doorn သည် မဒီနဟ်မြို့တော်ရှိ တမန်တော့်ဗလီဝတ်ကျောင်းသို့သွား၍ အစ္စလာမ့်စော်ကားမှု ရုပ်ရှင်ကဏ္ဍ၌ ပါဝင်ဆောင်ရွက်မိသည့်အပေါ် အထူးဝမ်းနည်းကြေကွဲရကြောင်း တမန်တော်အား ရည်ညွှန်းတိုင်တည်ပြောဆိုခဲ့သည်။ မဒီနဟ်ဝတ်ကျောင်းမှ အိမာမ်(ရှေ့ဆောင်ဆရာတော်)နှစ်ပါးထံ မွတ်စ်လင်မ်ကောင်းတစ်ဦးဖြစ်လာရေး၊ အနောက်တိုင်းတွင် အစ္စလာမ့်လမ်းစဉ်ဖြင့် အဆင်ပြေအောင် နေထိုင်ကျင့်သုံးနိုင်ရေးအတွက် လမ်းညွှန်ချက်ခံယူပြီးနောက် ၊ မက္ကဟ်မြို့သို့ထွက်ခွာကာ အွမ္မရဟ် (တာဝန်မဟုတ်သော ဟဂ်ျအငယ်စား ကျင့်ဝတ်)ကို ပြုကျင့်ဆောင်ရွက်ခဲ့သည်။

    Okaz/Saudi Gazette