News @ M-Media
Blog
  • အမေရိကန်နိုင်ငံ၊ ယူတီကာမြို့၌ မြန်မာမွတ်စ်လင် မိသားစုတရားပွဲ ကျင်းပ
    ဧပြီလ ၁၃ ၊ ၂၀၁၃
    M-Media
    သတင်း- နေလင်း
    20
    အမေရိကန်နိုင်ငံ၊ ယူတီကာမြို့ရောက် မြန်မာမွတ်စ်လင်မ်မိသားစုမှ ကြီးမှူး၍ တရားဟောပြောပွဲအစီအစဉ်တစ်ရပ်ကို Bosnian Islamic Association ခန်းမ၌ ၂၀၁၃ ခုနှစ်၊ ဧပြီလ ၇ ရက်နေ့တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။ ယင်းတရားပွဲ အခမ်းအနားကို မြန်မာမွတ်စ်လင်မ်မိသားစုမှ လူဦးရေ ၂၀၀ ခန့်တက်ရောက်ခဲ့ပြီး၊ အလ်ဟာဂ်ျ ခလီဖွာဟ်ဦးအေးလွင်မှ  “ ကမ္ဘာကိုအလှဆင်သည့် အစ္စလာမ် ” ခေါင်းစဉ်ဖြင့် ဟောပြောသွားခဲ့သည်။
    14
    “ အသင်တို့ အကောင်းလို့ထင်တဲ့ အရာတွေဟာ အသင်တို့အတွက် အဆိုးတွေဖြစ်နိုင်တယ်။ အသင်တို့ဆိုးတယ်လို့ထင်တဲ့အရာတွေဟာ အသင်တို့အဖို့ကောင်းတဲ့ အရာတွေလည်း ဖြစ်နိုင်ပါတယ်လို့ ကုရ်အာန် ကျမ်းတော်မြတ်ထဲမှာ အတိအလင်း မိန့်ကြားထားပါတယ်။ ခင်ဗျားတို့ကြုံတွေ့ခဲ့ရတဲ့ ဒုက္ခတွေအတွက် အရှင့်ဖက်က ယခုလို အစားပေးတာကို မြင်တွေ့ရလို့ အရှင်မြတ်ရဲ့ဂုဏ်ကျေးဇူးကို ချီးကျူးမိပါတယ် ” ဟု အလ်ဟာဂ်ျ ခလီဖွာဟ် ဦးအေးလွင်က ဟောပြောမှု၌ ထည့်သွင်းပြောကြားသွားခဲ့သည်။
    ယင်းဟောကြားချက်နှင့် စပ်လျဉ်း၍ တရားနာပရိသတ်တစ်ဦးက “ ဆရာဟောပြောတာကို ကြားပြီး ကျွန်တော်တို့ ၀မ်းနည်းဝမ်းသာခံစားရပါတယ်။ ၀မ်းသာမိတာကတော့ – ကျွန်တော်တို့ဟာ မွေးကတည်းက လက်နက်ကိုင် ပဋိပက္ခအတွင်းမှာ ကြီးပြင်းလာခဲ့ရတယ်။ ပြီးတော့ အကျဉ်းထောင်သာသာရှိတဲ့ ဒုက္ခသည်စခန်းမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့ရတယ်။ ကျွန်တော်တို့ ဘယ်လိုမှ မမျှော်မှန်းနိုင် မမျှော်မှန်းရဲခဲတဲ့ အခြေအနေတစ်ခုကို ယခုအခါမှာ အလ္လာဟ် အရှင်မြတ်က ချီးမြှင့်တော်မူလိုက်ပြီ ဖြစ်လို့ပါဘဲ။ ၀မ်းနည်းမိတာက -ယခင်ကျွန်တော်တို့ခံစားခဲ့ရတဲ့အခြေအနေ နဲ့ ယခုကျွန်တော်တို့ညီနောင်တွေ ခံစားနေရမှုတွေအတွက်ပါ။ ကျွန်တော် တလောကမှ အမေရိကန်နိုင်ငံသား -citizenship ရရှိခဲ့ပါတယ်။ နိုင်ငံသားခံယူမှုအတွက် ကျမ်းကျိန်ပြီးတာနဲ့ တရားသူကြီးက ပြောတယ်။ အခု မင်း အမေရိကန် ဖြစ်သွားပြီတဲ့။ ငါရထားတဲ့အခွင့်အရေးနဲ့ မင်းရတဲ့အခွင့်အရေးဟာ အတူတူဘဲတဲ့။ ငါ တစ်နေ့ သမ္မတဖြစ်နိုင် သလို မင်းလည်း အမေရိကန် သမ္မတဖြစ်နိုင်တဲ့ အခွင့်အရေးရှိတယ်တဲ့။ အမေရိကန် နိုင်ငံသားဖြစ်လာတာ မိနစ်ပိုင်းလေးသာရှိသေးတဲ့ ကျွန်တော့်ကို ဒီမှာ ဒီလိုဆက်ဆံခဲ့ပါတယ်။ ကျွန်တော်တို့ရဲ့ ဘိုးဘေးဘီဘင်လက်ထက် ကတည်းက နေထိုင်ခဲ့တဲ့ မြန်မာနိုင်ငံမှာ ခုထက်ထိ ဧည့်သည်တွေအဖြစ် ဆက်ဆံခံခဲ့ရတာ/ ဆက်ဆံခံနေရတာကို တွေးမိတိုင်း အရမ်းဝမ်းနည်းရပါတယ် ” ဟု မိမိ၏ခံစားချက်ကို M-Media  သို့ ရင်ဖွင့်ပြောကြားလာပါသည်။
    18
    “ ဒီ Bosnian Islamic Association မှာ ကျွန်တော်တို့မြန်မာမွတ်စ်လင်မ်တွေ မင်ဘာဝင်ထားကြတယ်။ ဒီပွဲပြုလုပ်ဖို့ဂေါပကကို သွားပြောတော သူတို့က မင်းတို့လည်း မင်ဘာတွေဘဲ။ ကြိုက်သလိုအသုံးပြုလို့ရပါတယ်လို့ဆိုပြီး သော့ကိုပေးလိုက်တယ်။ ကြိုက်သလိုစီစဉ် ကြိုက်သလိုလုပ်လို့ပြောပြီး လာတောင်မကြည့်ပါဘူး။ ဒီအခမ်းအနား ပြုလုပ်တဲ့ဗလီဟာ အရင်တုန်းက Church ကျောင်းတစ်ခုပါ။  ဘော့စ်နီးယား၊ ဆိုမားလိယား၊ နီပေါ၊ မြန်မာ အစုံရှိပါတယ်။
    ဘော့စနီးယားတွေ စရောက်တော့ သူတို့အတွက် ဗလီလေးတစ်ခု စီစဉ်သေးတယ်။ နောက်လူဦးရေများပြားလာတဲ့အခါ ဗလီလေးထဲ လူမဆန့်တော့ဘူး။ ဒါနဲ့ မြို့ အုပ်ချုပ်ရေး နဲ့ ဒီ Church အုပ်ချုပ်ရေးတို့ တိုင်ပင်ပြီး အသုံးမပြုသလောက်ဖြစ်နေတဲ့ ဒီ church ကို ဗလီလုပ်ဖို့ပေးလိုက်တာပါ ” ဟု တရားပွဲစီစဉ် သူတစ်ဦးမှ လက်ရှိတရားပွဲပြုလုပ်သည့်ဗလီ အကြောင်း ရှင်းလင်းပြောပြခဲ့သည်။ ဤသည်နှင့် စပ်လျဉ်း၍ အလ်ဟာဂ်ျခလီဖွာဟ် ဦးအေးလွင်မှ  “ ဒီလို တစ်ဦးနဲ့တစ်ဦး ချစ်ကြည်နားလည် သဘောထားကြီးတဲ့ အစဉ်အလာကောင်းများကို မြတ်နိုး တန်ဖိုးထားကြဖို့ အရေးကြီးပါတယ် ” ဟုလည်း ထည့်သွင်းပြောဆိုခဲ့ကြောင်း  သိရသည်။
    19
    နယူးယောက်ပြည်နယ်၊ ယူတီကာမြို့တွင် ၂၀၁၁ ခုနှစ်စာရင်းအရ လူဦးရေ ခြောက်သောင်းခန့်ရှိသည်။ ယခုအခါ မြန်မာမွတ်စ်လင်မ်မိသားစု ၁၀၀ ခန့်အပါအ၀င် မွတ်စ်လင်မ်ဦးရေ တစ်သောင်းကျော် နေထိုင်လျက်ရှိသည်။ Central Methodist Church မှ Bosnian Islamic Association ထံလွှဲပြောင်းပေးသော (ယခုတရားပွဲပြုလုပ်သည့်) ဗလီအပါအ၀င် ဗလီဝတ်ကျောင်းတော် ၄ လုံးရှိပါသည်။
    ဓါတ်ပုံများ ကြည့်ရှုရန်။
  • ထီလာအကြမ်းဖက်ခံရသူများရဲ့ ခိုနားရာစခန်း အမှတ်တရ (၁)
    ဧပြီ-၁၂-၂၀၁၃
    ရည်လေးဆွေ
    အကြမ်းဖက်ဖျက်ဆီးခံလိုက်ရတဲ့မိတ္ထီလာက ဒုက္ခသည်တွေအတွက် လှူဒါန်းမှုတွေ လုပ်ကြတော့ ကျွန်မ လိုက်သွားချင်စိတ်ဖြစ်မိတယ်။ မတ်လ ၂၅-ရက်နေ့မှာ သွားလှူကြတာတွေရှိတော့ အဲဒီနေ့က လိုက်သွားချင်ပေမယ့် အခြားသောအကြောင်းကိစ္စတွေကြောင့် လိုက်မသွားဖြစ်ခဲ့ဘူး။ ဒါပေမယ့် မိတ္ထီလာကို သွားနိုင်ဖို့တော့ ကျွန်မအမြဲစဉ်းစားနေမိတယ်။
    ဒီလိုနဲ့ သင်္ကြန်ကာလအတွင်း ဆက်သွယ်ကြည့်မိတယ်။ မိတ္ထီလာအကြမ်းဖက်ခံရမှုကြောင့် ထွက်ပြေးကြရတဲ့ ဒုက္ခသည်တွေကို သွားရောက် လှူဒါန်းကြမယ်ဆိုတော့ ကျွန်မ လိုက်မယ်လို့ ပြောလိုက်တယ်။  ။ မနက်စောစော ၆-နာရီလောက်မှာ မန္တလေးကို ရောက်ပါတယ်။ ကားကြီးကွင်းထဲ ရောက်တော့ မနက် ၆-နာရီခွဲလောက်ရှိပြီ။ မိတ္ထီလာသွားကြမယ့် သူတွေကို ဖုန်းဆက်လိုက်တော့ သူတို့ ပစ္စည်းတွေ တင်နေပြီ ခဏနေရင် လာခေါ်မယ်ဆိုတာနဲ့ အိမ်ကပဲ စောင့်နေလိုက်တယ်။ ၈-နာရီခွဲလောက်မှာ ပစ္စည်းတွေနဲ့ ရောက်လာကြတယ်။ ဒါနဲ့ ကျွန်မတို့ စုစုပေါင်း ၈-ယောက် ပစ္စည်းတွေနဲ့အတူ မိတ္ထီလာကို ဦးတည်လိုက်ကြပါတယ်။
    လာခေါ်တဲ့ကားရောက်လာတော့ ကျွန်မမေးတယ်။ ပစ္စည်းတွေကို ဘယ်လိုပေးမှာပဲ။ ကျွန်မကတော့ ဒုက္ခသည်တွေဆီကိုပဲ တိုက်ရိုက်ပေးချင်တယ်။ တစ်ခြားမှာ ထားခဲ့ရပြီး တဆင့်ပြန်ပေးမယ်ဆိုတာမျိုးတော့ ကျွန်မ မဖြစ်ချင်ဘူးလို့ပြောမိတယ်။ ဒီဘက်က စီစဉ်ကြတဲ့ မောင်နှမတွေကလည်း ဖြစ်နိုင်ရင် ဒုက္ခသည်တွေဆီကို တိုက်ရိုက်ပေးနိုင်ဖို့ပဲ စီစဉ်ထားတယ်လို့ပြောတယ်။ ကျွန်မ ရန်ကုန်က မပြန်လာခင် သူငယ်ချင်းတစ်ယောက်ကို လှမ်းမေးတယ်။ သူက မိတ္ထီလာက ပြန်လာခဲ့ဖူးတဲ့သူဆိုတော့။ သူပြောတယ် ဒုက္ခသည်စခန်းကို ၀င်လို့ မရဘူး။ သူတောင် တခြားအဖွဲ့တွေနဲ့သွားတာ။ ၀န်ဇင်းဟိုတယ်ဘေးက စခန်းမှာ သတင်းသွားပို့မှရမယ်ဆိုတာကြောင့် စီစဉ်သူတွေကို ကြိုတင်မေးဖြစ်လိုက်တယ်။  ခရီးပင်ပန်းလာတဲ့ ကျွန်မကို ကားရှေ့ခန်းမှာပဲ ထိုင်စေတာကြောင့် ရှေ့ခန်းမှာထိုင်လိုက်ရင်း ကျွန်မ နိုးတစ်ချက်ငိုက်တစ်ချက်နဲ့ မိတ္ထီလာကို ရောက်လာတယ်။
    1     10
    ဘောလုံးကွင်းကို ရောက်တယ်ဆိုရင်ပဲ မြင်တွေ့လိုက်ရတာက ခြံစည်းရိုးကာရံထားတဲ့ တဘက်(အတွင်းဘက်)မှာ တချို့က ရပ်နေပြီး အပြင်ဘက်ကနေ တချို့က ရပ်ပြီး အတွင်းအပြင် စကားလှမ်းပြောနေကြတယ်။ တချို့လည်း ပိုက်ဆံနည်းနည်းပေးနေတာ မြင်လိုက်တယ်။ ခြံစည်းရိုးဆိုပေမယ့် သစ်သားတန်း ကျိုးတိုးကျဲတဲပါပဲ။ တံခါးပေါက်မှာတော့ စစ်သား ၄-၅ ယောက် သေနတ်တွေကိုင်ပြီး စောင့်နေတယ်။ ကျွန်မတို့ကားလည်းရောက်ရော တစ်ယောက်က ဆင်းပြီးစကားပြောတယ်။ ပစ္စည်းတွေ လှူမယ့်အကြောင်း၊ ပြီးတော့ လျှောက်လွှာ ၂-စုံထဲက ၁-စုံကို ပေးတယ်။ အဲ့ဒီမှာ သူတို့က အထဲမှာ တာဝန်မှူးရှိတယ် အထဲကို တစ်ယောက်ပဲ ၀င်ခွင့်ရှိတယ်လို့ပြောတယ်။ ကျွန်မတို့သွားကြတဲ့အထဲက ဦးဆောင်ပေးတဲ့ အန်ကယ်လ်က ကျွန်မက ဒုက္ခသည်စခန်းထဲကို အလွန်သွားချင်နေမှန်းသိတော့ ကျွန်မကိုသွားဖို့ပြောတယ်။ ပစ္စည်းတွေကိုတော့ အပေါက်ဝမှာပဲ ချပြီး ပုံထားလိုက်ရတယ်။ ကျွန်မအထဲဝင်မယ် လုပ်တော့ အပေါက်က စစ်သားတွေက ဟိုးခပ်လှမ်းလှမ်းမှာမြင်နေရတဲ့ ယာယီအမိုးလေးနဲ့တဲလေးကို ညွှန်ပြရင်း ဟိုးမှာ အမိုးလေးနဲ့စခန်း၊ အဲ့ဒီမှာ နာမည်နဲ့ စာရင်းနဲ့ သွားပေးရမယ်ဆိုတော့။ ကျွန်မလည်း စခန်းထဲကို တစ်ယောက်တည်းဝင်သွားရမယ်ဆိုတော့ စိတ်ထဲ တစ်မျိုးပဲပေါ့။ ဒါပေမယ့် ခပ်တည်တည်ပဲ ၀င်လိုက်တော့ အပေါက်ဝနားက တစ်ယောက်ကပဲ ကျွန်တော် လိုက်ပို့ပေးမယ်ဆိုပြီး အဲဒီယာယီတဲလေးရှိရာကို လိုက်ပို့ပါတယ်။ ၀င်ပေါက်နဲ့ ယာယီတဲနေရာနဲ့က တော်တော်လေးလှမ်းတာမို့ ကျွန်မကို လိုက်ပို့ပေးတဲ့ တစ်ယောက်ကို လမ်းလျှောက်ရင်း ကျွန်မ သိချင်တာ နည်းနည်းမေးကြည့်ဖြစ်တယ်။
    “ဒီဘောလုံးကွင်းထဲမှာက ရတနာမာန်အောင်နဲ့ သီရိမင်္ဂလာရပ်ကွက် (၂)ခုပဲ ဒီထဲမှာ ရှိတယ်။ တစ်ခြားက မရှိဘူး။ ရတနာမာန်အောင်က ဒီဘက်ရပ်ကွက်၊ သီရိမင်္ဂလာက ဟိုဘက်ရပ်ကွက်လေ။ ဒါကြောင့် ဒီရပ်ကွက် ၂-ခုပဲ ရှိတယ်။ သီရိမင်္ဂလာက မီးရှို့ခံရတာ၊ ရတနာမာန်အောင်က မီးမရှို့ခံရဘူး ဖျက်ခံရတာ။”
    ပြောနေရင်း တာဝန်မှူးနေရာဆီ ရောကလာတော့ တာဝန်မှူးက ကျွန်မကိုမေးတယ်။
    “အရင်က လာနေကြလား။”
    “ကျွန်မ လာနေကြမဟုတ်ဘူး။ လှူတာကိုတော့ တဆင့်ပေးလှူနေတာတွေရှိတယ်။ လူကိုယ်တိုင်ကတော့ အခုမှ လာဖူးတာပါ”
    “ကျွန်တော် တပ်ရင်းမှူးပါ။ ကျွန်တော်တို့ကလည်း မနေ့ကမှ အသစ်ရောက်လာတာပါ။ ဒါကြောင့် လာနေကျဆိုလည်း သိထားရအောင်၊ လာနေကျမဟုတ်ရင်လည်း နောက်ပိုင်းလာတဲ့အခါကျ သိပြီးသားဖြစ်အောင် မေးတာပါ”
    “ဟုတ်ကဲ့ … ကျွန်မ ဒီတစ်ခါဟာ ပထမဆုံးအကြိမ်ပါပဲ။ ဒါနဲ့ ဗိုလ်ကြီးနာမည်က ဘယ်လိုခေါ်လဲ မသိဘူး” ကျွန်မမေးလိုက်တော့ ပထမတော့သူမဖြေချင်ဘူး ခဏတိတ်သွားတယ်။ ခဏနေတော့ သူ့နာမည်ကို ပြောပါတယ်။ ရဲဘော်တစ်ယောက်က စာအုပ်ထဲမှာ စာရင်းတွေရေးနေတုန်း ခုနက ကျွန်မကို လိုက်ပို့တဲ့တစ်ယောက်ကလည်း ဘေးကနေ ဆက်ပြောပါတယ်။ အိမ်ထောင်စု ဘယ်လောက်ရှိတယ်။ သူတို့ ဘယ်လိုပြေးလာရတယ်ဆိုတာကို ပြောပြနေတယ်။ တပ်ရင်းမှူးကလည်း ကျွန်မကို စကားတွေပြောနေတယ်။ လှူတာက ဘာဖြစ်လို့ ဒီပစ္စည်းတွေ ရွေးလှူတာလဲ။ ဘာကြောင့် ဒါတွေကို လှူတာလဲ။
    “ဒုက္ခသည်တွေအတွက် လိုအပ်မယ်ထင်တာကြောင့်ရယ်၊ တချို့ လှူပြီးပြန်လာသူတွေက ဒီလိုလေးတွေ လိုအပ်တယ်ဆိုတာကြောင့် ဒီပစ္စည်းတွေ လှူဖြစ်တာပါ”လို့ ကျွန်မပြောလိုက်တယ်။
    သူတို့ စာရင်းရေးပြီးတော့ ကျွန်မကို သွားလို့ရပါပြီဆိုတာကြောင့် ကျွန်မ ပြန်လှည့်ထွက်လာတယ်။ ကျွန်မတို့ ထွက်လာချိန်မှာပဲ တပ်ရင်းမှူးက ခုနက ကျွန်မကို စကားတွေ ပြောနေတဲ့တစ်ယောက်ကို လှမ်းခေါ်ထားလိုက်တယ်။ ကျွန်မလည်း လှည့်တောင် မကြည့်ဖြစ်တော့ဘူး ဆက်ထွက်လာလိုက်တယ်။ ကျွန်မ ဘေးနားမှာ တစ်ခြားတစ်ယောက်က ပါလာတော့ သူ့ကို ကျွန်မ မေးလိုက်တယ်။ “ဒီထဲမှာ ၀င်ကြည့်လို့ရလား၊ ဓါတ်ပုံရိုက်ချင်ရင်လည်း ရလား”ဆိုတော့ သူက ရတယ်လို့ပြောတယ်။ ဒါနဲ့ အားကစားခန်းမကို ကျွန်မသွားလိုက်တယ်။
    အဲဒီခန်းမ အပေါက်နားမှာပဲ အမျိုးသမီးတချို့ အမျိုးသားတချို့ကို ကျွန်မတွေ့တော့ မေးလိုက်တယ်။
    “အစ်မတို့ အမေကြီးတို့က ဒီခန်းမထဲမှာ နေကြတာလား။ ဘယ်ရပ်ကွက်ကနေ ဒီကို ရောက်နေကြတာလဲ။ ဒီမှာ လူဘယ်လောက် ရှိနေတာလဲ”
    “ကျွန်မတို့က သီရိမင်္ဂလာကပါ။ မီးရှို့ခံရတဲ့ရပ်ကွက်က။ ဟိုဘက် ဘောလုံးကွင်းထဲမှာ camp တွေ ရှိတယ်။ အဲဒါကတော့ အိမ်ဖျက်ခံရတဲ့ ရတနာမာန်အောင် ရပ်ကွက်က လူတွေထားထားတယ်။ အခု ဒီမှာ လူဦးရေ (၁၇၀၀)ကျော်ရှိတယ်။ အိမ်ထောင်စုက (၄၄၄)အိမ်ထောင်စုရှိတယ်။”
    ကျွန်မပြောနေစဉ်မှာပဲ ဒုက္ခသည်ထဲကပဲ တာဝန်ခံ အမျိုးသမီးတစ်ယောက် အနားရောက်လာတော့ တခြားသူတွေက အဲဒီ အမျိုးသမီးကို ဆရာမ၊ ဆရာမက ပိုသိတယ်။ ပြောပြလိုက်ပါဦးလို့ ပြောလိုက်တော့ အဲဒီ အမျိုးသမီးက “ဒီထဲမှာတင် လူ(၁၁၀၀)ရှိတယ်။ ဟိုနေ့က (၁၅၇၈)ယောက်ရှိတယ်။ လူဦးရေက မငြိမ်ဘူး အ၀င်အထွက်ရှိနေတယ်။ တချို့ကလည်း ဆွေမျိုးသားချင်းက လာခေါ်သွားတာတွေရှိတယ်။ ပြန်သွားတာတော့ မဟုတ်ဘူး။ မိသားစုတကွဲတပြားဖြစ်နေတာတွေ ပြန်စုမိသွားကြလို့ ပြန်ပေါင်းသွားကြတာတွေပါ။  ဒီကနေတော့ ပြန်ဖို့မလွယ်ပါဘူး။ ပြန်ဖို့ကလည်း တော်တော်ခက်ခဲတယ်။ ကွပ်ကဲရေးမှူးရုံးက လူကြီးရဲ့ လက်မှတ်ပါမှ ဆိုတော့ ခက်ခဲတယ် လုပ်ရတာ။ ကျွန်မတို့ အစ်မတစ်ယောက်ပြန်ဖို့လုပ်တာ ၄-၅ ရက် လုပ်ယူရတယ်။  အိမ်တွေဘာတွေ ပြန်ဆောက်ခွင့်တော့ ဘယ်ရဦးမလဲ။ မီးမလောင်တဲ့အိမ်တွေကို ပြန်လွှတ်ရင်တောင် နည်းနည်းလျှော့သွားမှာလေ အဲလိုလည်းမဟုတ်တော့။ အလှူရှင်တွေ လာလှူတာတွေအားလုံးတော့ ကျွန်မတို့ဒုက္ခသည်တွေ အကုန်လက်ထဲရပါတယ်။ အားလုံးကို အညီအမျှ ခွဲပေးတယ်။”
    “ခုနက တပ်ရင်းကလည်း မနေ့ညကမှ အသစ်ရောက်တာ၊ အသစ်ရောက်တော့ သူတို့က လုပ်ငန်းသဘာဝ နားမလည်သေးလို့ ခေါ်မေးတာ။”လို့ ခုနက ကျွန်မကို လိုက်ပို့ပေးတဲ့ တစ်ယောက်က ၀င်ပြောတယ်။
    ပထမပြောပြနေတဲ့တစ်ယောက်က ပြန်ပြီးပြောပါတယ်။ “ဟုတ်ကဲ့ ဒီကို တိုက်ရိုက်မရောက်ဘူးဆိုတာက ဘယ်လိုမျိုးလဲတော့မသိဘူး။ ဒီကို တိုက်ရိုက်ပို့တဲ့ဟာဆိုရင် အပေါက်ဝမှာ ချရတယ်။ ပြီးရင် ဒီက တာဝန်ခံတွေ။ တာဝန်ခံတွေကလည်း ဒုက္ခသည်တွေထဲကနေပဲ ကော်မတီပြန်ဖွဲ့ပေးထားတာ။ အဲဒီကော်မတီက အမျိုးသား(၅)ယောက် အမျိုးသမီး(၅)ယောက်ပါတယ်။ ဒီကော်မတီကပဲ ပစ္စည်းအားလုံး အထဲကိုယူပြီး ပြန်ပြီးခွဲပေးတာပါ။ ဒီထဲကို ရောက်တာအားလုံးကတော့ ဒီကဒုက္ခသည်တွေဆီ အားလုံးရောက်ပါတယ်။ ပစ္စည်းတွေကို ပြန်ခွဲပေးရင်တော့ အိမ်ထောင်စုနဲ့ ခွဲပါတယ်။ လူဦးရေနဲ့မခွဲပါဘူး။ ပစ္စည်းလှူတာတွေရှိတယ်။ ငွေကတော့ လက်မခံသေးပါဘူး။ အဓိက ငွေရောက်လာလည်း အခုက ငွေက ဘာမှ လုပ်လို့ မရသေးဘူး။ ဟိုနေ့က church ကျောင်းတစ်ခုက ငွေလှူမယ်ပြောတော့ ဒီကတာဝန်ခံဟာဂျီက ကျွန်တော်တို့ ခရမ်းချဉ်သီးလိုပါတယ်၊ ရေသန့်လိုပါတယ်လို့ ပြောလိုက်တော့ သူတို့ အဲဒါ ချက်ချင်းသွားဝယ်လိုက်မယ်ဆိုပြီး ၀ယ်ပေးတယ်။ ရေသန့်ကလည်း ဒီတစ်ရက် နှစ်ရက်မှာ နည်းနည်း နည်းတယ်။ တစ်ရက်တစ်ရက်ကို ရေသန့်ဗူးကြီး ၁၀၀-လောက် ကုန်ပါတယ်။ တာဝန်ခံတွေက မှာရတာမဟုတ်ပါဘူး။ လှူတဲ့သူက လှူထားပြီးသားကို လာလာပို့ပေးတာပါ။ မနေ့ကထိတော့ သောက်ရေသန့်ရော၊ သုံးရေရော လောက်ပါတယ်။ ဒီမနက်မှာတော့ သုံးရေ မလာတော့ ရေနည်းနည်းခက်တယ်။ သင်္ကြန်ရက်မှာ အားလုံးနားကျမှာဆိုတော့ သောက်ရေခက်ခဲမှာကိုတော့ စိုးရိမ်တယ်။ ဟုတ် ရေသန့်လှူချင်ရင် ကော်မတီကို ဆက်သွယ်ပြီးလည်း လှူလို့ရပါတယ်။ ဖုန်းနံပါတ်တွေ White board မှာ ရေးထားတယ်။ ၀၉-၄၀၂၇၅၈၅၉၁ ဦးထွန်းဝေကို ဆက်သွယ်လို့လည်းရတယ်။”
    4
    အားကစားခန်းမထဲဝင်ပြီး ဓါတ်ပုံနည်းနည်းရိုက်လိုက်တယ်။ အမျိုးသမီးတချို့ဝတ်ပြုဖို့ လုပ်ဆောင်နေကြတာ ကျွန်မ တွေ့လိုက်မိတယ်။ ပြီးတော့ ဘောလုံးကွင်းထဲက camp တွေဘက်ကို ကျွန်မ သွားချင်လို့ တစ်ယောက် လိုက်ပို့ပါလို့ပြောပြီး ထွက်ခဲ့လိုက်တယ်။ လိုက်ပို့တဲ့တစ်ယောက်ကလည်း ကျွန်မကို ၀င်ပေါက်နားထိ လိုက်ပို့ပြီး ပြန်လှည့်သွားတယ်။ ကျွန်မလည်း တစ်ယောက်တည်းဝင်သွားလိုက်တော့တယ်။
    56
    8
    ကျွန်မကိုလည်း တချို့က ၀ိုင်းကြည့်နေကြတယ်။ ကျွန်မလည်း ရီပြ ပြုံးပြပြီး တွေ့တဲ့သူတချို့ကို နှုတ်ဆက်လိုက်တယ်။ နှုတ်ဆက်ရင်း ဓါတ်ပုံ နည်းနည်းရိုက်လိုက်တယ်။ ပထမ အားကစားခန်းမထဲမှာစတွေ့တဲ့ တစ်ယောက်က ကျွန်မကိုမြင်လိုက်တော့ လှမ်းနှုတ်ဆက်တယ်။ အဆင်ပြေလား အစ်မတဲ့။ ဟုတ်ကဲ့ ပြေတယ်လို့ပြောရင်း ဆက်ပြီးလျှောက်လာလိုက်တယ်။ ကျွန်မလည်း အသိမိတ်ဆွေတစ်ယောက်မှမတွေ့ပဲ ဟိုကြည့် ဒီကြည့် လျှောက်နေတော့ ကလေးတွေကအစ ကျွန်မကို ၀ိုင်းကြည့်နေတယ်။ တချို့လည်း ပူပြင်းလွန်းတဲ့ အပူရှိန်ကို အံတုရင်း တဲလေးတွေထဲမှာ အိပ်စက်အနားယူနေကြတယ်။ ကျွန်မကို ၀ိုင်းကြည့်နေတဲ့ မျက်နှာတွေမှာတော့ အများစုက အားကိုးရာမဲ့ မျက်ဝန်းလေးတွေပါပဲ။ ကျွန်မ ပိုပြီး သတိထားမိတာက ကလေးလေးတွေရဲ့ မျက်လုံးလေးတွေပါ။ ကျွန်မကို ကြည့်နေတဲ့ မျက်လုံးတွေထဲမှာ ကြောက်ရွံ့စိတ်တွေ၊ အားငယ်စိတ်တွေ အများကြီးတွေ့နေရတယ်။ ကျွန်မ သူတို့ကို ပြုံးပြလိုက်တယ်ဆိုရင် သူတို့လေးတွေလည်း မ၀ံ့မရဲနဲ့ ပြန်ပြုံးပြလာတယ်။ အဲဒီအချိန်မှာ ကျွန်မ ရင်ထဲ တော်တော်လေးကို မကောင်းဖြစ်မိတယ်။ အရိပ်အာဝါသ မရှိတဲ့ နေပူကွင်းပြင်မှာ အလျှံတညီးညီး ပူပြင်းနေတဲ့ မြေပြင်က အပူချိန်ရယ် ကောင်းကင်က နေပူရှိန် နှစ်ခု အပူရှိန်မှာ ၁၀-ပေတောင် မမြင့်တဲ့ ပလပ်စတစ်အမိုးနဲ့ တဲထဲက လူတွေရဲ့ ရင်တွင်း အပူမီးက  ပြင်ပရုပ်ခန္ဓာအပူကို ဂရုထားမိပါ့မလားလို့ ကျွန်မ တွေးမိတယ်။ တဲလေးတစ်ခုအနားအရောက်မှာ ကျွန်မကို လှမ်းကြည့်နေတဲ့ မျက်လုံးတစ်စုံက စကားပြောနေတယ်။ ဒါနဲ့ ကျွန်မလည်း သွားနှုတ်ဆက်လိုက်တယ်။ သူနဲ့ ကျွန်မ စကားနည်းနည်းပြောဖြစ်တယ်။ သူ့မိသားစုရဲ့ ဖြစ်စဉ်ကို ကျွန်မကို ပြောပြတယ်။ သူတို့က အိမ်ငှားနေတာ အိမ်ရှင်က ဗုဒ္ဓဘာသာတွေပါ။ သူတို့ကို အိမ်ရှင်က အိမ်ပေါ်မှာ ဖွက်ထားပေးတယ်။ ဒါပေမယ့် သူတို့ ရှိနေမှန်းသိနေတော့ အကြမ်းဖက်သမားတွေက မပြန်ပဲ အောက်မှာ စောင့်နေကြတယ်။ နောက် ၂-ရက်နေတော့ ဆင်းလာခဲ့ လုံခြုံရေးပေးမယ်ဆိုတာကြောင့် သူတို့ဆင်းလာကြတယ်။ အဲဒီအချိန်မှာပဲ ရပ်ကွက်လူကြီးရှေ့မှာပဲ သူ့ယောက်ျားကို ဓါးနဲ့ ထိုးသတ်လိုက်ကြတယ်ဆိုတာ ပြောပြီး သူငိုပါတယ်။ သူ့ရဲ့ သမီးလေး ၃-ယောက်လည်း သူ့ဘေးနားမှာ လာထိုင်နေတယ်။ ကလေးလေးတွေက ၂-နှစ်၊ ၂-တန်းနဲ့ ၄-တန်းကျောင်းသူလေးတွေပါ။ ကျွန်မ သူ့ကို အားပေးစကားပြောဖို့ စကားလုံးရှာမတွေ့ဘူး။ ဘုရားသခင်ထံမှာ ဆုတောင်းပါ။ အမှန်တရားအတွက် အဖြစ်မှန် ပေါ်လာမှာပါဆိုတာပဲ ပြောနိုင်တယ်။ သူနဲ့ပြောပြီးတော့ ကျွန်မ ဆက်လျှောက်လာရင်း ဘောလုံးပွဲကြည့်စင်မှာ အနားယူနေတဲ့ တချို့ကို တွေ့လိုက်ရသေးတယ်။ ကျွန်မ ပွဲကြည့်စင်ပေါ်တက်လိုက်တော့ camp လေးတွေကို အပေါ်စီးကနေ လှမ်းမြင်လိုက်ရတယ်။ အဲ့ဒီအချိန်မှာပဲ ကျွန်မဖုန်းက မြည်လာတယ်။ အပေါက်ဝမှာ စောင့်နေကြတဲ့ထဲက တစ်ယောက်က ဖုန်းခေါ်တာ။ အစ်မ ပြန်လာတော့ အပြင်မှာ ပြဿနာတက်နေတယ်တဲ့။ ဒါနဲ့ ကျွန်မလည်း လာပြီ အခုလာပြီဆိုပြီး ပြန်ထွက်လာလိုက်တယ်။ စခန်းထဲမှာပဲ အားလုံးနားနေဆောင်ဆိုတဲ့ နေရာမှာ နေ့လည် ၀တ်ပြုချိန်ရောက်နေတဲ့အတွက် အမျိုးသားတွေစုပြီး ၀တ်ပြုဆုတောင်းနေတာကိုလည်း ကျွန်မ တွေ့ခဲ့လိုက်တယ်။
    ထွက်လာနေတုန်းမှာပဲ နောက်တစ်ယောက် ဖုန်းထပ်ခေါ်လာတယ်။ မြန်မြန်ထွက်လာခဲ့တော့ ဆိုတာနဲ့ ကျွန်မလည်း ခပ်သွက်သွက်ပြန်ထွက်လာလိုက်တယ်။ ကျွန်မလည်း အပေါက်ဝရောက်ရော ရဲဘော်တစ်ယောက်က တံခါးဖွင့်ပေးတယ်။ ကျွန်မလည်း အပြင်ကိုရောက်ရော ခုနက ပြဿနာဖြစ်သွားတယ်ဆိုတာက စခန်းထဲမှာ ရှိနေတဲ့ အမျိုးသမီးနဲ့ ကလေးကို အပြင်က တစ်ယောက်က လာတွေ့တယ်။ (အမျိုးသမီးရဲ့ ခင်ပွန်းပါ။ သူတို့ ၂-ယောက်က ကွဲနေကြသလားတော့ မပြောတတ်ဘူး။) လာတွေ့ရင်း အမျိုးသားက ကလေးကို ခေါ်ပြီး ထွက်ပြေးတာ။ အဲဒီမှာ အမျိုးသမီးက အော်ပါလေရော ကျွန်မကလေး ခေါ်သွားပြီ၊ ကျွန်မ ကလေး ခေါ်သွားပြီဆိုတော့ အားလုံး ရုတ်ရုတ်သဲသဲဖြစ်သွားတယ်။ ကလေးကို ခေါ်ပြီး ထွက်သွားတာက ကလေးအဖေပါပဲ။
    ကျွန်မ ဒီစခန်းလေးမှာ တွေ့ရတာက ဒုက္ခသည်တွေအနေနဲ့ စားစရာ အစားအစာက လုံလောက်နေပါတယ်။ သူတို့အတွက် အခုအချိန်မှာ အဓိကလိုအပ်နေတာ စားသောက်စရာမဟုတ်တော့ဘူး။ သူတို့ တမ်းတနေတာ သူတို့အိမ်တွေမှာ သူတို့ပြန်လည်နေထိုင်နိုင်ဖို့ပါ။ ကျွန်မမြင်ရသလောက် သူတို့ဟာ အကျယ်ချုပ်ပုံစံမျိုး ဖြစ်နေတယ်။ အပြင်ကို လုံးဝ ထွက်ခွင့်မရှိဘူး။ နေ့လည်စာနဲ့ ညစာထမင်းကိုတော့ ကော်မတီကလူတွေက စုပြီးချက်ကျွေးလို့ ထမင်းစားရတယ်။ မနက်စာ (breakfast)ကတော့ ရှိတဲ့ မုန့်လေးနဲ့ ရေနဲ့ စားသောက်နေရတယ်။ ငွေရှိရင်တောင် ဘာမှ ၀ယ်စားလို့ မရတဲ့အခြေအနေပါ။ အားလုံးရဲ့ ဆန္ဒက အိမ်တွေကိုပဲ ပြန်ချင်ကြတယ်။ ဒါလည်း ကိုယ့်အိမ်ကိုယ့်ယာမှ မဟုတ်တာ ဘယ်လိုလုပ် အဆင်ပြေမလဲ။ ဘယ်သူက ပျော်နေမလဲ။ ဒီတော့ ဒုက္ခသည်တွေ အဆင်မပြေဘူး ဆိုတဲ့အသံတွေ ထွက်ပေါ်လာတာပါပဲ။ ကျွန်မအမြင်မှာ သူတို့ လိုအပ်နေတာက စိတ်ပိုင်းဆိုင်ရာအားပေးမှုတွေ အများကြီးလိုနေပါတယ်။ ပြင်ပက လူတွေနဲ့ စကားတွေ ပေးပြောသင့်တယ်။ သူတို့ ခံစားချက်တွေ ရင်ဖွင့်ချက်တွေကို နားထောင်ပေးမယ့်သူတွေလိုအပ်နေတယ်။ ရုပ်ပိုင်းဆိုင်ရာ ဒုက္ခရောက်ပြီးကြသူတွေအနေနဲ့ စိတ်ပိုင်းဆိုင်ရာ သောကတွေပါ ထပ်ခံစားနေရရင် ပိုပြီး စိတ်ဒဏ်ရာ ရသွားနိုင်ပါတယ်။ အားလုံးက ကိုယ့်အိမ်ကို ပြန်နေရဖို့ ဆန္ဒရှိနေပါတယ်။ ဒါကြောင့် ဒီ ဒုက္ခသည်တွေ အိမ်ပြန်နိုင်အောင် တာဝန်ရှိသူတွေအနေနဲ့ စီစဉ်ပေးတာ အသင့်တော်ဆုံးဖြစ်မယ်လို့ မြင်မိတယ်။
    လုံခြုံရေးတာဝန်ကျနေသူတွေအနေနဲ့လည်း ဒုက္ခသည်တွေနည်းတူ အတူတူ နေနေကြတာ တွေ့ရတယ်။ ဒါက စခန်းတစ်ခုမှာ မြင်တာကြားတာကို ကျွန်မ ခံစားမိလာတာလေးပါ။ ဒီစခန်းကနေ ပြန်ထွက်လာပြီးချိန်မှာတော့ ရေသန့်တွေကို ကျွန်မတို့ သွားယူဖြစ်ပါတယ်။ ရေသန့်သွားယူပြီးတော့ ဒုက္ခသည် စခန်းတစ်ခုဖြစ်တဲ့ အထက(၃)ကို ကျွန်မတို့ သွားကြပြန်ပါတယ်။
    နောက်တစ်ပိုင်းမှာ ဆက်ရေးပါ့မယ် ……………… ။
    3
  • ပြည်တွင်းမှ အကြမ်းဖက်မှုများကို မလေးရှား၊ ပီနန်မြို့တွင် မြန်မာမွတ်စလင်များ ရှုံ့ချဆန္ဒပြ
    ဧပြီလ ၁၂ ၊ ၂၀၁၃
    M-Media
    သတင်း-ကျော်ကျော်
    p7
    ပီနန်။            ။ မလေးရှားနိုင်ငံ ပီနန်မြို့မှာ အခြေချ နေထိုင်ကြတဲ့ မြန်မာမွတ်စလင်တွေဟာ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေတဲ့ အစ္စလာမ် ဘာသာဝင်များအပေါ် အကြမ်းဖက်မှု သတ်ဖြတ် တိုက်ခိုက်မှုများကို ရှုံ့ချတဲ့အနေနဲ့ ဧပြီလ (၁၂) ရက်နေ့မှာ Kapital Keling Mosque ရှေ့တွင် စုဝေးကာ ဆန္ဒပြခဲ့ကြပါတယ်။
    ဆန္ဒပြသူတွေဟာ အကြမ်းဖက်မှုများအား ထိရောက်စွာ စုံစမ်းစစ်ဆေး အရေးယူရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်နေသူများအား အကူညီပေးနေသူများကို ကန့်သတ်ချက်များ ပယ်ဖျက်ရေး၊ အကြမ်းဖက်မှုကြောင့် ပျက်ဆီးသွားသော နေအိမ်များ၊ သာသနိက အဆောက်အုံများ မူလအတိုင်း ပြန်လည် ပြုပြင်ပေးရေးနှင့် အနာဂါတ်မှာ ထပ်မံ မဖြစ်ပွားစေရန် ဥပဒေကြောင်းအရ အာမခံချက်များပေးရေးတို့ကို အဓိကထား တောင်းဆိုကြတာဖြစ်ပါတယ်။
    ၂၀၁၃ခုနှစ် မတ်လမှာ မိတ္ထီလာတွင် စတင်ဖြစ်ပွားခဲ့တဲ့ သာမာန်အရောင်းအဝယ် ပြဿနာတခုကို အစပြု သွေးထိုးလှုံ့ဆော်ခဲ့ပြီး အစ္စလာမ် ဘာသာဝင်များ အပေါ် တစ်ဖက်သတ် အကြမ်းဖက်မှုတွေ အဖြစ် မိတ္ထီလာမြို့နှင့် ပဲခူးတိုင်းအနောက်ဘက် အခြမ်းမြို့နယ်များကို ပြန့်နှံခဲ့ပါတယ်။ ဒီလို အကြမ်းဖက်မှုတွေကို အစိုးရအနေနဲ့ ကိုင်တွယ်ဖြေရှင်းရာမှာ နှောင့်နှေးခဲ့သည့်အပြင် ထိရောက်စွာ တားမြစ်မှု့များ မပြုခဲ့တဲ့အတွက် အခြေအနေတွေ ပိုမို ဆိုးရွာလာခဲ့တာဖြစ်တယ်။
    ဆန္ဒပြသည့် အဖွဲ့ခေါင်းဆောင် ဟာဂျီအေးနိုင်မှ ယခုလိုမြန်မာပြည်တွင်ဖြစ်ပွားနေသည့် မွတ်စလင်(မ်)များ အကြမ်းဖက် သတ်ဖြတ်နေမှုများကို ရပ်တန့်ရန် ဖိအားပေး တောင်းဆိုမှုများကို ဆက်လက် ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    ယနေ့ ဆန္ဒပြပွဲတွင် မလေးရှားနိုင်ငံ ပီနန်မြို့ရှိ မြန်မာမွတ်စလင် အားလုံးပူးပေါင်း စီစဉ်ဆောင်ရွက်ခဲ့ကြောင်း သိရပါတယ်။
    P4
    P8
    p5
  • ဝါဒဖြန့် သတင်းမှားအား ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး)မှ ကြေငြာချက် ထုတ်ဖြေရှင်း
    ဧပြီ ၁၁ ၊ ၂၀၁၃
    M-Media
    533294_134608600058510_883053694_n
    ဆိုရှယ်မီဒီယာများတွင် မန္တလေးမြို့မှ ကီးမားတင်ဝင်း အား လုပ်ကြံဝါဒဖြန့်နေသည့် သတင်းနှင့် ပတ်သက်ပြီး ပဋိပက္ခများ ကြိုတင်တားဆီးရေး ကော်မတီ (မန္တလေး) မှ သတင်းအမှားဖြစ်ကြောင်း တစုံတရာ ရည်ရွယ်ချက်ဖြင့် ဖြန့်ဝေနေခြင်းဖြစ်ကြောင်း ယနေ့ ဧပြီလ ၁၁ ရက်နေ့ နေစွဲဖြင့် သတင်းထုတ်ပြန်လိုက်ပါသည်။
    ဆိုရှယ်မီဒီယာနှင့် အွန်လိုင်းဝဘ်ဆိုဒ်များတွင် အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများနှင့်အတူ ပြည်တွင်းရှိ အစ္စလာမ်ဘာသာဝင် လုပ်ငန်းရှင်များကို နည်းလမ်းပေါင်းစုံဖြင့် ပစ်မှတ်ထား လုပ်ကြံဝါဒဖြန်မှုများ အရှိန်အဟုန်ဖြင့် လုပ်ဆောင်လာမှုကို တွေ့ရှိရပါသည်။
    ကြေငြာချက်ကို ပဋိပက္ခဖန်တီးမှုများ ကြိုတင်ကာကွယ်တားဆီးရေးကော်မတီ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
  • ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို
    ဘာသာတရားများအပေါ် အမည်းစက်များ မစွန်းထင်းစေလို
    ဧပြီ ၁၁ ၊ ၂၀၁၃
    ရေးသူ-O’Laie Manzu
    ဘာသာရေးအကြမ်းဖက်မှုများပေါ်ပေါက်လာစေရန်အတွက် တိုက်တွန်းနှိုးဆော်နေသော ဦးဝီရသူအား အတုအယောင် ဘာသာရေးခေါင်းဆောင်ဖြစ်ကြောင်းသုံးသပ်မှုများ ယခုရက်ပိုင်းများအတွင်း ထင်ထင်ပေါ်ပေါ်ထွက်ပေါ်လာခဲ့ပါသည်။ ဦးဝီရသူလျှောက်လမ်းနေသည့် လမ်းကြောင်းမှာ ဗုဒ္ဓဘာသာနှင့် ဆန့်ကျင်နေသည့်အပြင် ဗုဒ္ဓဘာသာ၏ သာသနာရေးအရှိုင်အဝါအားလည်း ငြိုးမှိန်စေပါသည်။ ဦးဝီရသူ၏ ဟောပြောချက်များသည် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများနှင့် သွေဖီနေသောကြောင့် ဗုဒ္ဓဘာသာ အမှတ်တံဆိပ်ကပ်ရန်ပင် မထိုက်တန်။ ထိုကြောင့် ဗုဒ္ဓမြတ်စွာဘုရား၏ သွန်သင်ဆုံးမမှုများအား အခြေခံသည့် ထေရဝါဒ နှင့် ဦးဝီရသူ၏ လူမျိုးရေးနှင့် ဘာသာရေး မုန်းတီမှုများအပေါ် အခြေခံသည့် ဝီရသူဝါဒ တို့သည် မတူညီကြောင်း ကွဲကွဲပြားပြား ခွဲခြားရှု့မြင်ရပါလိမ့်မည်။ နှိုင်းယှဉ်၍ပင်မရနိုင်။
    ဦးဝီရသူသည် လူမျိုးရေးအစွန်းရောက် လမ်းမှားပေါ်သို့ရောက်ရှိနေသည့်အတွက် ၎င်း၏ လုပ်ရပ်အားအခြေခံ၍ ဗုဒ္ဓဘာသာတစ်ရပ်လုံးအား အပြစ်တင် လက်ညိုးထိုး၍မရနိုင်ပေ။ ၎င်းသည်ဗုဒ္ဓဘာသာဝင် အားလုံးကို ကိုယ်စားပြု ဦးဆောင်နေသည့် ခေါင်းဆောင်မဟုတ်ကြောင်းလည်း သတိပြုသင့်သည်။ မမှန်မကန်ဟောပြောချက်များ၊ လုပ်ကြံဝါဒဖြန့်မှုများ၊ ပုံကြီးချဲ့မှုများမှာ မုသာဝါဒဖြစ်ပြီး သံဃာကျင့်ဝတ်နှင့်မကိုက်ညီကြောင်း ဗုဒ္ဓဘာသာဝင်တိုင်း သိကြပါသည်။ ထို့ကြောင့် ဦးဝီရသူအား ဗုဒ္ဓဘာသာဝင်အများစုမှ လက်မခံကြပေ။
    ဘာသာရေးခေါင်းဆောင်များသည် မိမိတို့ယုံကြည်ကိုးကွယ်ကြသည့် ဘာသာတရားအား ပိုမိုထွန်းကားစေချင်ကြသည်။ ပြန့်ပွားလာစေချင်ကြသည်။ နှောင်ဘဝတွင် (သက်ရှိ သတ္တဝါ) အားလုံး နိဗ္ဗာန်ဘုံသို့ရောက်စေလိုသည့် စိတ်ရင်းစေတနာအပြည့်ရှိကြသည်။ ထို့ကြောင့် မကောင်းမှုရှောင်၊ ကောင်းမှုဆောင်ရန် တိုက်တွန်းနှိုးဆော်ကြသည်။ ကြိုးပမ်းဆောင်ရွက်ကြသည်။ သို့သော် အချို့သော ခေါင်းဆောင်များမှာ စေတနာလွန်ကဲ၍ အကုသိုလ်ပွားလာတက်ကြသည်။ မိမိနှင့် ယုံကြည်ချက်ချင်းမတူသူများအား ဆန့်ကျင်သည့် လုပ်ရပ်များ လုပ်ဆောင်လာကြသည်။ ဘာသာရေးခေါင်းဆောင်များအနက် အချို့သောအမြင်ကျဉ်းမြောင်းသူများသည် ဘာသာတရား၏ဆုံးမမှုများနှင့် မိမိကိုယ်ပိုင်ထင်မြင်ယူဆချက်များ ပေါင်းစပ်ကြသည်။ လူအများ၏ ကြည်ညိုမှုများရရှိလာပြီးနောက်ပိုင်း ဟောချင်တိုင်းဟော၊ ပြောချင်တိုင်းပြောနှင့် ဘာသာတရား၏ အနှစ်သာရအား ဦးဆောင်ဖျက်ဆီးသူများဖြစ်လာကြသည်။ ယင်းကဲ့သို့သော ခေါင်းဆောင်များ ဘာသာတိုင်းတွင် ရှိတက်ကြသည်။
    ဦးဝီရသူသည် ဗုဒ္ဓဘာသာ၏ သာသနာနှစ် နှစ်ထောင်ငါးရာကျော်အတွင်း အစွန်းရောက်ဆုံးသော ဘာသာရေးခေါင်းဆောင်အဖြစ် စံချိန်တင်လောက်ပေသည်။ သင်္ဃန်းခြုံထား၍သာ ဘာသာရေးခေါင်းဆောင်ဟု ရည်ညွန်းရခြင်းဖြစ်သည်။ ဘာသာရေးလုပ်နေခြင်းမဟုတ်သောကြောင့် တချို့မှာ ဘာသာရေးခေါင်းဆောင်အဖြစ် အသိအမှတ်ပြုကြမည်မဟုတ်ပေ။ ၎င်းဟောပြောချက်များမှာ ငြိမ်းချမ်းရေးတရားမဟုတ်… အမုန်းပွား ရန်ငြိုးထားရန် လှုပ်ဆော်နေခြင်းသာဖြစ်သည်။ ဦးဝီရသူ၏ ဟောပြောချက်များကြောင့် နားယောင်ကာ အမုန်းပွားမှုများ၊ အကြမ်းဖက်မှုဖြစ်ပေါ်လာခဲ့သည်ကို သာဓကနေဖြင့်မှတ်ယူကာ ဦးဝီရသူကဲ့သို့ အစွန်းရောက်သည့် ခေါင်းဆောင်များ မည်သည့်ဘာသာအတွင်းမှ မပေါ်ပေါက်လာစေရန် ထိန်းသိမ်းကြရမည်။
    အခြားနိုင်ငံ သို့မဟုတ် အခြားအရပ်ဒေသများတွင် ဖြစ်ပွားနေသော ဘာသာရေး-လူမျိုးရေး ပဋိပက္ခများအား လက်ညိုးထိုးကာ မိမိပတ်ဝန်းကျင်တွင်လည်း အလားသဏ္ဍာန်တူသည့် ပဋိပက္ခများဖန်တီးနေကြမယ်ဆိုလျင် ငြိမ်းချမ်းမှုဟူ၍ရှိလိမ့်မည်မဟုတ်။ လူတစ်စု၏ လုပ်ရပ်အား တုန့်ပြန်သည့်အနေဖြင့် ဘာသာတရားတစ်ရပ်လုံးအား ဆန့်ကျင်သည့် လုပ်ရပ်များ မလုပ်မိစေရန် သတိပြုကြရမည်။ လူသားတိုင်းသည် လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့်ရှိစေရမည်ဖြစ်သော်လည်း အခြားဘာသာအား စော်ကားခြင်းမှာ အခွင့်အရေးတစ်ရပ်မဟုတ်။ လုပ်ပိုင်ခွင့်လည်းမရှိ။
    လူသားတို့သည် မိမိ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုကို မခံချင်ကြ။ မိမိကိုယ်၌လည်း အခြားသူများ၏ ခံယူချက်၊ ယုံကြည်ချက်များအား ထိပါးစော်ကားမှုများမပြုလုပ်သင့်။ ဘာသာတရားသည် လူသားတို့အဖို့ အပြင်းထန်ဆုံးသော ယုံကြည်ချက်ဖြစ်သည်။ အခြားဘာသာများအား ဆန့်ကျင်စော်ကားမှသာလျှင် မိမိကိုးကွယ်ယုံကြည်သည့် ဘာသာတရား ပိုမိုထွန်းကားပြန့်ပွားမည် မဟုတ်ကြောင်း အမြဲသတိပြုသင့်သည်။
    ဘာသာတရားများအား ဆန့်ကျင်စော်ကားကြလျှင်လည်း မည်သည့်ဘာသာမျှ ဤကမ္ဘာမြေပေါ်မှ ပပျောက်သွားမည်မဟုတ်။ ကမ္ဘာတစ်သက် ဘာသာတရားတစ်ခုတည်းအား လူသားတိုင်းအကြွင်းမဲ့လက်ခံသည့် ဘာသာတရား ဟူ၍လည်း ဖြစ်ပေါ်လာမည်မဟုတ်။ အပြန်အလှန်တိုက်ခိုက်နေကြလျှင် ဘာသာတရားများအပေါ် အမည်းစက်များ  စွန်းထင်းကာ သွေးစွန်းနေသည့်ဘာသာများအား နှောင်မျိုးဆက်သစ်များ စွန့်ပယ်လာကြလိမ့်မည်။ တစ်ခဏတာအသက်ရှင်နေထိုင်ကြရသည့် ဤလူ့လောကကြီးအား နိဗ္ဗာန်အကျိုးမျှော်ကိုး၍ ငရဲပြည်အသွင် ဖန်တီးနေကြသော ဘာသာရေးခေါင်းဆောင်များ၏ လုပ်ရပ်များကြောင့် ဘာသာတရားများအား ရွံ့ရှာမုန်းတီးလာကြလိမ့်မည်ကို သတိပြုသင့်ပေသည်။