News @ M-Media
Blog
  • ပုသိမ်မြို့တွင် ဘာသာပေါင်းစုံ အလှူပွဲကျင်းပမည်
    ဧပြီ ၇၊ ၂၀၁၃
    M-Media
    နေမင်း
    2
    ပုသိမ် ။           ။    ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာအတူယှဉ်တွဲနေထိုင်နိုင်ရေးကို ရည်ရွယ်၍ ဘာသာပေါင်းစုံအလှူပွဲကို ဧပြီလ ၈-ရက် (တနင်္လာနေ့)တွင် နံနက် (၁၀)နာရီမှ နေ့လည် (၁၂း၃၀)နာရီထိ မြောင်းမြကျောင်း ပရိယတ္တိစာသင်တိုက်၊ ပုသိမ်မြို့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။
    ယင်းဘာသာပေါင်းစုံအလှူပွဲကို ဘာသာပေါင်းစုံ ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်နေရေးကွန်ရက်၏ ကြီးကြပ်မှုဖြင့် သာသာပေါင်းစုံမှ လူမျိုးများ အတူတကွတွေ့ဆုံ၍ ဘာသာတရားအသီးသီးမှ ခေါင်းဆောင်များ၏ ငြိမ်းချမ်းရေး တရားဒေသနာ အဆုံးအမများကို နာယူပြီး ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေးအတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်းလည်း သိရသည်။
  •ဲမြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲမှ အသံများ
    ဧပြီ ၆၊ ၂၀၁၃
    M-Media
    သတင်း – ပသီဆောင်းနှင်းမှုံ
    OLYMPUS DIGITAL CAMERA
    သဘာပတိ ဦးခင်မောင်ချိုမှ အဖွင့်အမှာစကား ပြောကြားရာတွင် “ အခု ဒီပွဲက အမှန်တကယ်တော့ လူငယ်တွေက စခဲတဲ့ ပွဲပါ။ မွတ်စလင် လူငယ်ကွန်ယက် ၂၀ကျော်က ပါဝင်ပါတယ်။ ဘာသာရေး အသင်းအဖွဲ့တွေ အားလုံးစုပေါင်းပြီး ကျွန်တော်တို့ တွေ့ကြုံနေရတဲ့ ကိစ္စများကို အားလုံး တိုင်ပင်ကြတဲ့ သဘောပါ။ ဒီလူငယ်တွေဟာ ခေါင်းစဉ်တွေကို ရွေးကြတာ တော်တော်လေး လေးနက်ပါတယ်။ ခေါင်းစဉ်တွေက တရားဥပဒေ စိုးမိုးရေး၊ အခြေခံ ဥပဒေနဲ့ ပတ်သပ်တဲ့ ကိစ္စ၊ အမုန်းတရား ရပ်ဆိုင်းရေး ကိစ္စ အဲဒီကနေ ဆက်ပြီးတော့ မြန်မာမွတ်လင် တစ်ပြည်လုံး အတိုင်းအတာနဲ့ ညီလာခံ တစ်ရပ် ခေါ်ဖို့အထိ ရှိပါတယ်။ တရားဥပဒေ စိုးမိုးမှု့နဲ့ ပတ်သပ်ပြီး ကြည့်လိုက်မယ် ဆိုရင် အားလုံးတွေ့ကြုံ ခံစားခဲ့ရတဲ့ အခြေအနေတွေက တိုင်းတစ်ပါးကနေ ကျွန်တော်တို့ကို စစ်ကျူးကျော် တိုက်ခိုက်နေတဲ့ အခြေအနေလည်း မဟုတ်ပါဘူး၊ ပြည်တွင်းစစ် ဖြစ်နေတာလည်း မဟုတ်ပါဘူး၊ သူပုန်ထလို့ ဒီလို ဖြစ်တာလည်း မဟုတ်ပါဘူး၊ ကျွန်တော်တို့မှာ လွှတ်တော်တွေလည်း ရှိတယ်၊ အစိုးရလည်း ရှိတယ်၊ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေလည်းရှိတယ်၊ ဒီလို အခြေနေမှာ အင်မတန် ကြမ်းတမ်းတဲ့ အကြမ်းဖက်မှုကို ကြုံတွေ့ရတယ်၊ ဒါနဲ့ပတ်သက်ပြီး လူငယ်တွေဟာ သူတို့သိထားတဲ့ လေ့လာထားတဲ့ဟာတွေ အားလုံးကို တင်ပြမှာဖြစ်ပါတယ်၊ စနစ်တကျ ဥပဒေဘောင် အတွင်းကနေ နိုင်ငံတော်ကို တင်ပြပြီးတော့ ကောင်းမွန်တဲ့ အခြေအနေကို ဖြစ်အောင် ဒီလိုကြိုးပမ်းကြတဲ့ သဘောပါ၊ တရားဥပဒေစိုးမိုးရေး ဆိုလို့ရှိရင် ကျွန်တော်တို့ နိုင်ငံသားတွေဆိုတာ ခွဲခြားမှု မရှိပါဘူး၊ ၂၀၀၈ခုနှစ် အခြေခံဖွဲ့စည်းပုံ ဥပဒေမှာ ပုဒ်မ၂၁(က)မှာ နိုင်ငံသားတွေအားလုံးဟာ အတူတူပဲ လွတ်လပ်မှုမှာလည်းအတူတူပဲ၊ တန်းတူညီမျှးမှု မှာလဲအတူတူပဲ၊ တရားမျှတမှုမှာလည်း အတူတူပဲ၊ အဲဒါ ပုဒ်မ ၂၁(က) မှာပြဌာန်းထားပါတယ်၊ ၂၁(က) ဆိုတာအလွန်လေးနက်ပါတယ်၊ ဒါဟာ အခြေခံမူထဲက ပုဒ်မတစ်ခုပါ၊ ၂၁(က) အရ နိုင်ငံသားတိုင်းမှာ ညီမျှတဲ့ တရားမျှတမှု ရှိဖို့လိုပါတယ်၊ အခု ဂျာနယ်တွေမှာ ရေးနေကြပြီ နောက်ကွယ်မှာ အဖွဲ့အစည်း တစ်ခုရှိတယ်၊ ဒါဟာနိုင်ငံရေးနဲ့ ပတ်သက်ပြီးတော့ ဖြစ်တာ ကျွန်တော်တို့ဟာ ခုတုံးလုပ်ခံရတဲ့ ဘ၀မျိုးရောက်နေပါတယ်၊ ဒါတွေလည်းပဲ ဆက်လက်ပြီး စုံစမ်းစစ်ဆေးပြီး ဖော်ထုတ်ဖို့လိုပါတယ်၊ ပုဒ်မ ၄၀၇ ၇(က) မှာ ဘာသာရေးကို နိုင်ငံရေးကိစ္စ အတွက် အလွဲသုံးစား မလုပ်ရဘူး အဲဒါအခြေခံ ဥပဒေမှာပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    တက်ရောက်လာသူ ဧည်သည်တော်များမှ မန္တလေးမှ တက်ရောက်လာသူတစ်ဦးဖြစ်သော ဦးအောင်ဇော်ဝင်း မှ အမှတ်တရ အမှာစကားပြောကြားရာတွင် “အားလုံးကို ကျွန်တော်စကား ၃ခွန်းပြောချင်ပါတယ်၊ နံပါတ်တစ် အနေနဲ့ ကျွန်တော်တို့ အခုရောက်နေကြတဲ့ အကြောင်းအရင်း ကိစ္စ ရင်ထဲမှာ အားလုံးကိုယ်စီ ရှိပါတယ်၊ ဒီကိစ္စတွေဟာ ၁၉၉၇ခုနှစ်ကတည်းက စခဲ့တာပါ၊ မှတ်တမ်းမှတ်ရာတွေမှာ ကျွန်တော်တို့တွေဟာ အားနည်းချက်ရှိပါတယ်၊ ပြန်ပြောတဲ့ အခါမှာ ဟိုလူဒီလူဆိုတဲ့ မရေမရာပဲ ပြောနိုင်ပါတယ်၊ နမူနာယူစရာက ဒုတိယကမ္ဘာစစ်အတွင်းမှာ တစ်ဖက်သက် အနိုင်ကျင့်ခံရတဲ့ ဂျူးလူမျိုးတွေဟာ ဒုတိယကမ္ဘာစစ်အပြီးမှာ အရေးပါသော အခရာ ကျသော စစ်ရာဇ၀တ်ကောင် အသီးသီးကို တိကျစွာ အရေးယူနိုင်ခဲ့သလို သူတို့ကို လိုက်လံရှာဖွေ ဖော်ထုတ်နိုင်ခဲ့ပါတယ်၊ ရုပ်ရှင်တွေနဲ့ကို နာမည်ကြီးပါတယ်၊ အဲတော့ ကျွန်တော်တို့အနေနဲ့ ဘာပြန်ပြောရမယ် ဆိုရင် မှတ်တမ်းအားနည်းပါတယ်၊ ဒါကြောင့် ကျွန်တော်တို့ မှတ်တမ်းလုပ်ကြရအောင်ဗျာ မှတ်တမ်းလုပ်ချင်ပါတယ်၊ ထိခိုက်မှုတွေ၊ ကြေကွဲစရာတွေ၊ အစော်ကားခံရမှုတွေ အများကြီး ကြုံပါတယ်၊ ဒါပေမယ့် ဘယ်သူလို့ ကျွန်တော်တို့ပြောနိုင်မလဲ၊ ဘယ်သူကလုပ်တာပါလို့ ကျွန်တော်တို့ မပြောနိုင်ပါဘူး၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ မသိကြလို့ပါ၊ ကျွန်တော်တို့ကို ဂျူတွေလောက်တောင် ဆိုးရွားတဲ့ ခွဲခြားမှုတွေ ကြုံရအောင် ကျွန်တော်တို့အပေါ်မှာ  ဖိအားပေးနေတဲ့သူတွေ ဘယ်သူပါလို့ ကျွန်တော်တို့ပြောနိုင်လဲ၊ အလွန်ဆုံး ကျွန်တော်တို့ပြောနိုင်လို့ရှိရင် သာသနာမှတ်တမ်းကိုင်ထားသူ တစ်ယောက်ကိုပဲ နာမည်တပ်ပြီး ပြောနိုင်တယ်၊ ဒါပေမယ့် သူအဓိက တရားခံ ဟုတ်မဟုတ် ကျွန်တော်တို့ မသိဘူး၊ သူ့နောက်မှာ ဘယ်သူရှိလဲမသိဘူး၊ သူဘယ်တုန်းက စလဲကျွန်တော်တို့ မသိဘူး၊ ကျွန်တော်တို့ သတင်းသိရှိမှု အလွန်အားနည်းတာသည် သတင်းထောက်လှမ်းမှုများ စနစ်တကျ လုပ်ကြရအောင်ဗျာ၊ ကျွန်တော်ပြောချင်တဲ့ အချက်သုံးချက်ကို ပြန်ပြောရင်  နံပါတ်တစ် မှတ်တမ်းလုပ်ကြရအောင်ဗျာ၊ နံပါတ်နှစ် သတင်းထောက်လှမ်းမှု လည်းစနစ်တကျ လုပ်ကြရအောင်ဗျာ၊ နံပါတ်သုံးအချက်က ကျွန်တော်တို့အပေါ်မှာ ကျူးလွန်စော်ကားသူ အကုန်လုံးနဲ့ အမှားအယွင်းက ဘာလဲဆိုတော့ အမုန်းအာဃာတကို ရင်ဝယ်ပိုက်ထားတဲ့ အမှားအယွင်းပါ၊ အရှင်မြတ်မနှစ်သက်သော အပြုအမှုပါ၊ ကျွန်တော်တို့ကလည်း အဲဒီအမှားမျိုး ပြန်မမှားအောင်လို့ ခုနက မှတ်တမ်းတွေမှတ်မယ်၊ သတင်းတွေစုံစမ်းမယ် ဆိုတာတွေဟာ အမုန်းအာဃာတတွေနဲ့ မဟုတ်ရပါဘူး၊ အမှန်တရားကို ချစ်မြတ်နိုးမှု သက်သက်ပဲ၊ အရှင်မြတ်အတွက်ပဲ သက်သက်ရည်ရွယ်ချက်၊ ရည်စူးချက် ဖြစ်သင့်ပါတယ်၊ အမုန်းကင်းရှင်းအောင် စောင့်ထိန်းကြရအောင်ဗျာ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    တက်ရောက်လာသူများထဲမှ ဆရာကိုသီလမှ “အဓိက ကတော့ ဒီပွဲလေး ကျင်းပလိုက်ခြင်းအားဖြင့် အစ္စလာမ့်ကွန်ယက်တွေရဲ့ စုစည်းမူတွေ ရရှိသွားတယ်၊ အားလုံးစုစည်းလို့ ရလာမယ့် အကျိုးရလာဒ်က အင်မတန်များပါတယ်။လောလောဆယ် အခြေအနေ အရ ပြောရမယ်ဆိုရင် ကျွန်တော်တို့ ကိုယ်တိုင်လည်း အိမ်မှာ ညအိပ်လို့ မရဘူး၊ အမြဲတမ်း ဘယ်နေရာမှာ ဘယ်အချိန်မှာ ဘာဖြစ်မလဲလို့ ပူနေရတယ်၊ ကိုယ့်ရပ်ကွက်ထဲမှာ ဘယ်အချိန် ဆူပူမူတွေ ရောက်လာမလဲလို့ စိတ်ပူနေရတဲ့ အနေအထား ဖြစ်တယ်။ဒီလို အနေအထားမျိုးကနေ ငြိမ်းချမ်းသွားဖို့ဆိုတာ တရားဥပဒေ စိုးမိုးရေးရဲ့ အာဏာ အရှိဆုံးက နိုင်ငံတော်ပဲ၊ နိုင်ငံတော်ကနေပြီးတော့ ဒါတွေကို ထိန်းသိမ်းလိုက်မယ်ဆိုရင် ချက်ချင်း ငြိမ်းချမ်းသွားမှာပါ၊ မွတ်စလင်တွေ အနေနဲ့လည်း ကိုယ့်ရဲ့ဘာသာတရားက ပြဌါန်းထားတဲ့ တနေ့တာမှာ လုပ်ကိုင်ဆောင်ရွက်ဖွယ်ရာတွေ၊ အခြားသော သူတွေနဲ့ ဆက်ဆံရာမှာ ထားရှိရမယ့် စိတ်ထားတွေ၊ထားရှိရမယ့် ၊မှန်ကန်မူတွေ၊ သစ္စာတရားတွေပေါ့၊ အစ္စလာမ်ဆိုတာ ဒါပဲဟေ့လို့ ပြသနိုင်ရမယ်၊ ကျွန်တော်တို့ နမာဇ်၅ကြိမ် ဖတ်တာတို့၊ ကုရ်အာန် ကျမ်းတော်မြတ်ဖတ်တာတို့ ဆိုတာကို ဘာသာခြားတွေမသိပါဘူး၊ တကယ်တမ်း ဘာသာခြားတွေနဲ့ ထိတွေ့ ဆက်ဆံတဲ့အချိန်မှာ မှန်ကန်မှုတွေ၊ သမာဓိရှိမှုတွေ၊ သစ္စာရှိမှုတွေကို သူတို့တွေက နားလည်လက်ခံနိုင်တယ်။ သူတို့နားလည် လက်ခံပေးနိုင်တဲ့ အရာတွေမှာ ကိုယ်တွေက မှန်မှန်ကန်ကန် သမာသမတ်ကျကျ ရှိနေတယ်ဆိုတာကို သူတို့သိနေဖို့ လိုအပ်ပါတယ်၊ ကျွန်တော်တို့ရဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းမှာ အဲအရာတွေ ပျောက်ဆုံးနေခဲ့တာကြာပါပြီ၊ ဘယ်လောက်ပဲ သူတို့တွေက မုန်းတီးရေးဝါဒတွေ ဖြန့်ဖြန့် မွတ်စလင်တွေနဲ့ လက်တွေ့ဆက်ဆံနေသူတွေက ငါတို့တွေ့တဲ့ မွတ်စလင်တွေက မင်းတို့ပြောသလို မဟုတ်ဘူးကွလို့ ပြောလိုက်တယ်ဆိုရင် ဒါပြီးပါတယ်၊ ကြော်ငြာဘယ်လောက် ကောင်းကောင်း လက်တွေ့သုံးဖူးတဲ့ လူတစ်ယောက်က ဒါကောင်းတယ်ဆိုရင် အဲစကားတစ်ခွန်းက ပိုပြီးတန်ဖိုးရှိပါတယ် အဲဒီ သဘောပါပဲ၊ မွတ်စလင်ဆိုတာ ဘာလဲလို့ ကြည့်ဆိုလို့ရှိရင် မွတ်စလင်ဆိုတာ ကျွန်တော်ပါပဲဗျာ ခင်ဗျားကျွန်တော့်ကို ကြည့်လို့ရပါတယ်ဆိုတဲ့ အနေအထားမျိုး ဖြစ်သွားပါတယ်။ မွတ်စလင်တိုင်းဟာ စံပြအနေနဲ့ ဖြစ်သွားမယ်ဆိုရင် ဘယ်သူကပဲ ဘယ်လောက် သွေးထိုးလှုံ့ဆော်ပါစေ လူထုကနေပဲ လူထုကို ပြန်ပြီး ထိန်းကြောင်းသွားပါတယ် အဲလိုပဲယူဆတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
    တက်ရောက်လာသူများထဲမှ ဦးအောင်ဇော်မြင့်က “ဒီလိုပွဲမျိုးတွေဟာ ငြိမ်းချမ်းရေးကို ဦးတည်စေတယ်လို့ ယူဆတယ်၊ အခုလက်ရှိ ကျွန်တော်တို့ နိုင်ငံမှာ ရှိတဲ့ ဘာသာပေါင်းစုံ ချစ်ကြည်ရေးကို အဓိက ဦးစားပေးပြီး လုပ်စေချင်တယ်၊ နောက် အပြုသဘောဆောင်တဲ့ ငြိမ်းချမ်းရေးကို ဖော်ဆောင်ဖို့လိုတယ်၊ ဘာလို့ငြိမ်းချမ်းရေးစကားတွေ ကြီးပဲ ပြောရတာလဲဆိုရင် ငြိမ်းချမ်းရေးမရှိဘူးဆိုရင် ကျွန်တော်တို့ သွားချင်တဲ့ ပန်းတိုင်ကို သွားနိုင်မှာမဟုတ်ပါဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။
    တက်ရောက်လာတဲ့ ကွန်ယက်များမှ အသီးသီး မိတ်ဆက်စကားပြောကြားခဲ့သည်။
  • မမေးလည်းဖြေ (၃) – အစ္စလာမ်က ဘာသာမတူရင် သတ်ခိုင်းလား
    မေ ၂၅ ၊၂၀၁၂
    ဆောင်းပါးရှင်-နေမျိုး
    ကုရ်အာန်ကျမ်း အပိုဒ် ၂း ၁၉၁ မှာ ဒီလိုမိန့် ထားပါတယ်။
     ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့… (စာရေးသူမှတ်ချက် – [သူ] စကားလုံးသည် ဘာသာမတူသူများဟု ရည်ညွန်းဘာသာပြန်လေ့သည်။ သို့ သော် ရန်သူဟု ယေဘုယျ ရည်ညွန်းသင့်သည်ဟု ယူဆ သည်။)
    ဆက်ပြီး မတင်ပြခင် မေးခွန်းတစ်ခုမေးလိုပါတယ်။ အကြောင်းအရာတခုကို ဖတ်တဲ့အချိန်မှာ စာကြောင်းတစ် ကြောင်းတည်းကိုရွေးဖတ်ရုံ၊ အရှေ့ က စာကြောင်းနဲ့  သူ့ နောက်က စာကြောင်းကို မဖတ်ပဲ လိုချင်တဲ့ တစ် ကြောင်းတည်းကိုပဲ ရွေးဖတ်လို့ ရသလား။ စာကြောင်းတစ်ကြောင်းတည်းဖတ်ရုံနဲ့ အဲ့ဒီ အကြောင်းအရာရဲ့ ဆိုလိုရင်းကို သဘောပေါက်ပါ့မလား။
    အရင်က ကုရ်အာန်ကျမ်းမှာ ဘာရေးထားလည်းဆိုတာ တလုံးတပါဒမှမသိတဲ့ကျနော် အစ္စလာမ်ဘာသာအပေါ် အထင်မှားအောင်  စွပ်စွဲနေတဲ့ အင်တာ နက်စာမျက်နှာတွေက “အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်း တယ်” ဆိုတဲ့ ထိုးနှက်မှုတွေကြောင့် ကုရ်အာန်ကျမ်းစာကို ကိုယ်တိုင် လေ့လာ ဖြစ်တယ်။
    လေ့လာဖြစ်မှ အစ္စလာမ်ဘာသာကို ထိုးနှက်နေသူတွေဟာ အမှန်တရားကို အများပြည်သူနားလည်ဖို့ ရည်ရွယ်တာမဟုတ်ပဲ တမင်သက်သက် လူမုန်း လူကြောက်များအောင် ရည်ရွယ်ချက်ရှိရှိနဲ့  ကိုယ်စွပ်စွဲချင်တဲ့ အချက်မိတဲ့ စာကြောင်းတစ်ကြောင်းတည်းကိုသာ တမင် ရွေးပြီး ကျန်တဲ့ စာကြောင်းတွေ ကို လုံးဝ ဥသုန် ချန်လှပ်ခဲ့တယ်ဆိုတာတွေ့ ရတယ်။ ကျမ်းစာရဲ့  စာပုဒ် ၂း၁၉၁ တပုဒ်ထဲမှာတင် သူတို့  စွပ်စွဲချင်တိုင်း စွပ်စွဲလို့  (လုံးဝ လုံးဝ) မဖြစ် နိုင် လို့  စာကြောင်း ၆ ကြောင်းလုံးကိုတောင် မဖော်ပြနိုင်ပဲ ဆောင်းပါးစစချင်းမှာ ဖော်ပြထားတဲ့ အတိုဆုံးစာ ကြောင်းတစ်ကြောင်း တ၀က်တပျက်တည်းကိုပဲ ကွက်ပြီးယူသွားတာကို တွေ့ လိုက်ရတယ်။
    သူတို့ ချန်ထားတဲ့ စာပုဒ် ၂း ၁၉၁ အပြည့်အစုံကို ဖတ်ကြည့်ပါ။
    ‪ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို့ အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။
    Highlight လုပ်ထားတဲ့ စာကြောင်းတွေကို တချက်စီ သေချာ စဉ်းစားကြည့်ပါ။ ကိုယ်က စပြီး တိုက်ခိုက်ဖို့  ပြောထားတာ လုံးဝ (လုံးဝ) မဟုတ်ပဲ ကိုယ့် ကို တိုက်ခိုက်ရင် ပြန်ခုခံဖို့ သာပြောထားတာဖြစ်တယ်။ စစ်ပွဲအခြေအနေမှာဆိုရင်တောင် ကျူးကျော်စစ်မဟုတ်ဘဲ ခုခံစစ်ပဲဖြစ်တယ်။ Torture လို့ ခေါ်တဲ့ ဖမ်းဆီးနှိပ်စက်ညှင်းပမ်းခြင်းကိုလည်း အတိအလင်း တားမြစ်ထားတယ်။
    ဒီတပုဒ်ရှေ့ က အပုဒ် ၂း ၁၉၀ မှာ ဘာပြောထားသေးလဲ?
    ‪ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင်တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။
    စာပုဒ် ၂း ၁၉၂ ကိုဆက်ဖတ်ပါ။
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသတည်း။
    ဒါဆိုရင် အပုဒ် ၁၉၀၊ ၁၉၁၊ ၁၉၂ ကို ခြုံပြီးဖတ်ကြည့်ပါ။ ဒီအချက်တွေကို ကွက် ကွက်ကွင်းကွင်း တွေ့ ရမယ်။
    (၁) ကိုယ်က စတင် တိုက်ခိုက်တာကို အတိအလင်း တားမြစ်ထားတယ်။
    (၂) ကိုယ့်ကို တိုက်ခိုက်ပြီဆိုရင် ပြန်ခုခံရမယ်။
    (၃) ကိုယ်က ကျူးလွန် စော်ကားမှု မလုပ်ရဘူး။ တဖက်က ရပ်စဲပြီဆိုရင် ကိုယ့်ဖက်ကလဲ ရပ်စဲရမယ်။ သူတို့ ကို ကျူးလွန်ခွင့် နှိပ်စက်ညှင်းပမ်းခွင့်၊ ဆက်လက်တိုက်ခိုက်ခွင့်မရှိဘူး။
    ထို့ပြင်တ၀ အသင်တို့သည် အလ္လာဟ်အရှင်မြတ်၏ လမ်းတော်၌ အသင်တို့ကို (စတင်) စစ်မက်ပြိုင်ဆိုင် တိုက်ခိုက်သူတို့နှင့် ပြိုင်ဆိုင် တိုက်ခိုက်ကြကုန်လော့။ သို့ရာတွင် […]  အသင်တို့သည် (မည်သည့်နည်းနှင့်မျှ) မကျူး လွန်ကြကုန်လင့်။ ဧကန်မုချ အလ္လာဟ်အရှင်မြတ် သည် ကျူးလွန်သူတို့ကို နှစ်သက်တော်မူသည် မဟုတ်ချေ။ (2:190)
    ထို့ပြင်တ၀ အသင်တို့သည် [သူ] တို့ အား တွေ့ဆုံဖမ်းဆီးမိရာအရပ်၌ သုတ်သင် ရှင်းလင်း ကြကုန်လော့။ ထို့ပြင် တ၀ [သူ] တို့ က အသင်တို့အား (မက္ကာမြို့တော်မှ) နှင်ထုတ်သကဲ့သို အသင်တို့သည်လည်း [သူ] တို့ အား (မက္ကာမြို့တော်မှ)နှင်ထုတ်ကြကုန်။ အမှန်သော်ကား (သာသနာရေး၌) ညှဉ်းဆဲနှိပ်စက် နှောင့်ယှက်ခြင်းသည် သတ်ဖြတ် ခြင်းထက်ပင် ပိုမို၍ဆိုးရွားလှ၏။ သို့ဖြစ်ငြားလည်း […] ရိုသေမြတ်နိုးအပ်သော (အလ္လာဟ်အရှင်မြတ် ၏) ကျောင်းတော်ပါး၌ [သူ] တို့က အသင်တို့အား စတင် မတိုက်ခိုက်သမျှ ကာလပတ်လုံးအသင်တို့သည် ၄င်းတို့အား မတိုက်ခိုက်ကြကုန်လင့်။ အကယ်၍ ထို [သူ]တို့သည် အသင်တို့အား စတင်တိုက်ခိုက် ကြပါမူ အသင်တို့သည် ထိုသူတို့အား တုံ့ပြန် တိုက်ခိုက်ကြ လေကုန်။ ဤသည်ပင် [သူ] တို့အား အပြစ်ဒဏ်ပေးခြင်း ပင်ဖြစ်သည်။ (2:191)
    ‪သို့သော် အကယ်၍သာ […သူတို့သည် …] ရပ်စဲခဲ့ကြပါလျှင် မုချဧကန် အလ္လာဟ် အရှင်မြတ်သည် […] အဖန်တလဲလဲ လွတ်ငြိမ်းချမ်းသာ ခွင့် ပေးသနားတော်မူသောအရှင်၊ (သတ္တ၀ါအပေါင်းတို့အား) မပြတ်မစဲ သနားကြင်နာ ညှာတာတော်မူသော အရှင်ဖြစ်တော် မူလေသ တည်း။ (2:192)
    စစ်ပွဲကာလအတွင်းမှာဆိုရင် တဖက်က ရပ်သွားရင် (သို့ ) လက်နက်ချရင် (သို့ ) ဖမ်းမိရင် သူတို့ ကို ဆက်တိုက် ခွင့်၊ နှိပ်စက်ခွင့် ကျူးလွန်ခွင့် မရှိဖို့  တားဆီး ပိတ်ပင်ထားတယ်။ ဒါကြောင့် သူငယ်ချင်းတစ်ယောက်က စစ်သုံ့ ပမ်းကို မနှိပ်စက်ဖို့  ဂျီနီဗာကွန်ဗင်းရှင်းပြဌာန်းတာ ၁၉၄၈ မှသာဖြစ်ပြီး ကုရ်အာန်မှာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၄၀၀ ကျော် ကတည်းက ပြဌာန်းထားပြီးဖြစ် တယ်လို့ မှတ်ချက်ပေးတယ်။
    အရေးကြီးတဲ့ အချက်ကို ထောက်ပြချင်ပါတယ်။ တိုက်ခိုက်ဖို့  ရည်ညွန်းတာ ဘာသာမတူတဲ့ လူတွေကို ရည်ညွန်းသလို ဖြစ်နေပေမဲ့ အမှန်မှာက ကိုယ့်ကို စတင်တိုက်ခိုက်တဲ့ ရန်သူသာဖြစ်တယ်။ ဘာသာမတူတဲ့လူကို တမင်ရည်ညွန်းထားတာမဟုတ်ပါ။ တနည်းပြော ရရင် “ရန်သူ” ကို ခုခံခိုင်းတာ၊ “ဘာသာခြား” ကို ဘာသာမတူလို့ ဆိုပြီး တိုက်ခိုင်းတာမဟုတ်ပါ။
    ဒီအချက်တွေက အစ္စလာမ်ဘာသာကို တမင် အပုတ်ချတဲ့ လူတွေ စွပ်စွဲသလို ဘာသာမတူရင် သတ် ဆိုပြီး ပြော ထားတာ မဟုတ်ပါဘူး။ ကိုယ်က ကောင်းအောင်နေပြီး ကိုယ့်ကိုလာရောက်ကျူးကျော် တိုက်ခိုက်ရင် ပြန်ခုခံဖို့ ၊ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့  မိန့် ကြားထားတာဖြစ်တယ်။ အစ္စလာမ်ဘာသာ ဟာ ရန်မလိုတဲ့ဘာသာ၊ ကိုယ့်ကို မတိုက်ရင် ကိုယ်က မတိုက်တဲ့ ဘာသာဖြစ်တယ်ဆိုတာ ရှင်းလင်းစွာ တွေ့ ရပါမယ်။
    ဒီလိုဆိုရင် မေးချင်တဲ့လူကမေးမယ်။ သီးခံရမဲ့အစား ပြန်တိုက်ခိုက်ခိုင်းတာ ဘယ်လို ဘာသာရေးမျိုးလဲပေါ့။ အစ္စလာမ်မှာ သီးခံခြင်းတရား၊ ခွင့်လွှတ်ခြင်း တရားကို လက်ကိုင်ထားဖို့  မိန့် ထားတာတွေရှိတယ် (နောက်ပိုင်းတွေမှာ ဆွေးနွေးပါမယ်)။ အဲ့ဒီလိုပဲ အကန့် တွေခွဲပြီး သူ့ အခြေအနေ သူ့ အနေရာဒေသ အလိုက် လက်တွေ့ ဖြစ်စဉ် တွေ အပေါ် ခုခံတန် ခုခံဖို့  မိန့် ထားတယ် (စတင်ကျူးကျော် တိုက်ခိုက်ခွင့် ဘယ်နေရာမှာမှမရှိ)။ လက်တွေ့ ကျကျ စဉ်းစား ကြည့်မယ်။
    (၁) မြန်မာပြည်ကို ထိုင်းနိုင်ငံက စစ်လာတိုက်မယ်ဆိုရင် ပုတီးထိုင်စိတ်ပြီး အရုံးပေးလိုက်မလား။ စစ်ဒဏ်သင့်မဲ့ သင့်မိသားစု၊ ဆွေမျိုး၊ အပေါင်းအ သင်းတွေကို သင်မကာကွယ်သင့်ဘူးလား။ ဗိုလ်ချုပ်အောင်ဆန်းလည်း ပုတီး ထိုင်စိတ်ပြီး အင်္ဂလိပ်တွေ ဂျပန်တွေကို မေတ္ထာမျှမနေခဲ့သလို ခုလက်ရှိ လည်း တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူတွေက မတရားမှုကို တုံ့ ပြန်နေတုန်းပဲ မဟုတ်ပါလား။
    (၂) အစ္စလာမ်ဘာသာက ဘာသာမတူရင် သတ်ခိုင်းတယ်ဆိုရင် သင့်အသိ အစ္စလာမ်ဘာသာဝင်တယောက် ယောက်က သင့်ကို သတ်ဖို့  ကြံစည်တာ ခံရဖူးသလား။
    တချို့ ပြောကြပါတယ်။ ဒါဆိုရင် အာဖဂ္ဂန်တို့  ပါလက်စတိုင်းတို့ မှာ ဘာကြောင့်သတ်တာလဲ။ ကုရ်အာန်တဖက် သေနတ် တဖက်နဲ့  ဘယ်လိုဖြစ်တာလဲဆို တာ မေးချင်တဲ့လူရှိပါမယ်။ နောက်ဆောင်းပါးတွေမှာ တင်ပြပါမယ်။ အကျဉ်းချုန်းအနေနဲ့  လတ်တလော ပြောရရင် ပထ၀ီနိုင်ငံရေး၊ ဘာသာရေးနဲ့  သမိုင်းကို မရောထွေးလိုက် ပါနဲ့ ။ ဘာသာမတူလို့ ဆိုပြီး သတ်တာ မဟုတ်ပါဘူး။ ဒုတိယ ကမ္ဘာစစ်အ ချိန်ကတည်းက ဖြစ်လာတဲ့ခဲ့ ကမ္ဘာ့ပထ၀ီနိုင်ငံရေးပြသ နာ ကြားက အစ္စရေးနဲ့  ပါလက်စတိုင်း နယ်မြေလုမှု ကြောင့်၊ သွေးအေး စစ်ပွဲအတွင်း အာဖဂန်မှာ အမေရိကန်နဲ့  ရုရှတို့  အင်အားပြိုင်ပြီး သူ့ လူကိုယ့် လူမွေးရာမှာ ဘာသာရေးတွေ အယူဝါဒတွေ အမျိုးသားရေး စတဲ့ ၀ါဒပေါင်းစုံကို လိုသလို အသုံးချခဲ့လို့  နိုင်ငံရေးအရ အပြန်အလှန် သတ်နေ ကြ ခြင်းဖြစ်တယ်။ သူတို့ က နိုင်ငံရေးနဲ့  လူမျိုးရေး ဘာသာရေး ရောပြွန်းခဲ့လို့  သူတို့ စီမှာ သွေးချောင်းစီးနေတယ်။
    နယ်မြေကြောင့်၊ နိုင်ငံရေးကြောင့် သတ်နေကြတာကို ကျမ်းစာ ကြောင့် သတ် တယ်လို့  ဘာသာပြန်ရင် သူတို့ မှားတဲ့  မဟာအမှားနဲ့  ပြသနာကို ကျနော်တို့  မြန်မာပြည်ကို တင်သွင်းတာသာမက တမြေတည်းနေ တရေတည်းသောက် မြန်မာအချင်း ချင်း အမုန်းပွားပြီး ကမ္ဘာနဲ့ ချီ ရင်ဆိုင် ယှဉ်ပြိုင်ရမဲ့ ဖွံ့ ဖြိုးရေး ကိစ္စတွေကို စုပေါင်းလုပ်ဆောင်ရမဲ့ စည်းလုံးရေးကို ထိပါးစေတာသာ ဖြစ်ပါတယ်။
    အမုန်းတရားကင်းပါစေ။ လိမ်ညာလှည့်ဖျားပြီး အမုန်းတရားပွားစေလိုသူများ ရန်လိုသူများ ဘေးမှ ကင်းပါစေ။
    ရည်ညွန်း – ကျမ်းမြတ်ကုရ်အာန် မြန်မာဘာသာပြန်။ [http://www.quraninburmese.com/Books/Holy%20Quran.pdf]
    မှတ်ချက် –
    (1)    အတိုးချုံးဖို့ အတွက် အချို့ စာကြောင်းများကို […] ခံ၍ ချန်ထားသည်။ စာသားအပြောင်းအလဲ ကို [ ] ခံ၍ မြန်မာ စာဖတ်များအတွက် ပြောင်းလဲ (သို့  )  ထပ်ဖြည့်ထားသည်။ ဘာသာပြန်မူရင်းကို အထက်ပါ ရည်ညွန်းတွင်ဖတ်ရန်။
    (2)    ဤဆောင်းပါးသည် စာရေးသူ၏ အမြင်နှင့် အာဘော်သာဖြစ်သည်။
  • အတွင်းလှိုက်ခြစားနေသော မြန်မာ့နိုင်ငံရေး (By Larry Jagan)
    အတွင်းလှိုက်ခြစားနေသော မြန်မာ့နိုင်ငံရေး (By Larry Jagan)
    သုံးသပ်ရေးသားသူ -Larry Jagan
    ဘာသာပြန်- M-Media
    မြန်မာနိုင်ငံ၌ မသမာမှုများ ကြီးထွားလာခြင်းသည် သမ္မတဦးသိန်းစိန်၏ ပြန်လည် တည်ဆောက်ရေး ရည်မှန်းချက်အစီအစဉ်ကို လမ်းချော်သွားစေမည်လော ဆိုသည့် စိန်ခေါ်မှုတစ်ရပ်ဖြစ်နေသည်။ ဦးသိန်းစိန်သည် ဆိုးဆိုးဝါးဝါးအပုပ်နံ့ထွက်နေသော ဆက်သွယ်ရေးဝန်ကြီးဌာနအပါအ၀င် ထိပ်ပိုင်းဆိုင်ရာအသိုင်းအ၀ိုင်းများကို ယင်းသို့ဖြစ်ရန် အရောင်ဆိုးနေခြင်းလော သို့တည်းမဟုတ် စစ်အုပ်ချုပ်ရေးမှ ဒီမိုကရေစီအုပ်ချုပ်ရေးအသွင်ပြောင်းလဲရေး နိုင်ငံ့အခြေအနေအား ချိုးဖျက်နေခြင်းလောဟု တွေးစရာဖြစ်လာပါသည်။
    မြန်မာနိုင်ငံသည် ဆယ်စုနှစ်များစွာ စစ်အုပ်ချုပ်ရေးဒဏ်ကြောင့် ကမ္ဘာ့အကျင့်အပျက်ဆုံး၊ မသမာမှု အကြီးထွားဆုံးအဆင့်သို့ တရွေ့ရွေ့ တက်လှမ်းလာနေပြီဖြစ်သည်။ ယခုသော် ငွေကြေး ခိုင်မာအောင်ပြန်လည် တည်ဆောက်ရေး နှင့် စီးပွားရေးလွတ်လပ်ခွင့်အားဖြင့် နိုင်ငံတကာမှ အကြီးစား ရင်းနှီးမြှုပ်နှံမှုများပြုလုပ်လာစေရန်  စီးပွားရေးဆိုင်ရာ  ကတိက၀တ်များ အခိုင်အမာ ဟစ်ကြွေးကြေညာ၍ ဆွဲဆောင်ထားသည်။ သို့တစေ သမ္မတရုံးအခြေစိုက် အစိုးရ အတွင်းလူများ၏ အဆိုအရ အာဏာပိုင်များသည် မိမိတို့၏ ပုဂ္ဂလပိုင်ဆိုင်မှု တိုးပွားရေးဖက်သို့သာ အရှိန်မြှင့်တင်လျက်ရှိနေသည်။
    ပြီးခဲ့သည့် ဇန္န၀ါရီလ၌ မြန်မာ့ဆက်သွယ်ရေး ၀န်ကြိးဌာန(MPT) ရှိ မသမာမှုများ၊ ၄င်းပြင် ၀န်ကြီးဌာနများ၏ ငွေကြေးဆိုင်ရာအ ကျင့်ပျက်ခြစားမှုများကို စုံစမ်းစစ်ဆေးခဲ့ခြင်း မှာ – စစ်အုပ်ချုပ်ရေးမှ အပြင်းအထန် အသွင်ကူးပြောင်းလာသည့် အချိန်တွင်မှ  တလွဲအသုံးချ စီမံခန့်ခွဲမှုကျယ်ပြန့်လာကြောင်း အချက်ပြလိုက်ခြင်းဖြစ်သည်။  ဦးသိန်းစိန်၏ သမ္မတရုံးမှ ပြုပြင်ပြောင်းလဲရေးကို ဦးဆောင်နေသော်လည်း ၀န်ကြီးဌာနများစွာက စစ်အုပ်ချုပ်ရေး ယန္တရားအတိုင်း ဆက်လက်လည်ပတ်လျက်ရှိနေပေသည်။
    U Thein Tun3
    ရာထူးမှ အနားပေးခံလိုက်ရသည့် ဆက်သွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးသိန်းထွန်း
    ဆက်သွယ်ရေးဝန်ကြီး (ဗိုလ်ချုပ်ဟောင်း) ဦးသိန်းထွန်း နှင့် အခြားဝန်ကြီးဌာနမှ အထက်တန်းအရာရှိများ၏ လာဘ်စားမှုများအား နှိုက်နှိုက် ချွတ်ချွတ်စုံစမ်းခြင်းသည် ဦးသိန်းစိန်လက်ထက်မှ ပထမဦးဆုံး လူသိရှင်ကြား ဆောင်ရွက်လာခြင်းဖြစ်၏။ ယင်း ဆောင်ရွက်ချက်က ကြီးမားသော အထောက်အပံ့များ နိုင်ငံတွင်း ၀င်ရောက်မလာမီ ပွင့်လင်းမြင်သာရေးနှင့် တရားဥပဒေစိုးမိုးရေးကို တွန်းအားပေးနေသည့်  အလုံးအရင်းနှင့် မြှုပ်နှံရင်းနှီးလိုသူ နိုင်ငံခြားသားများအကြား သြဘာပေးမှု ဖြစ်ထွန်းစေခဲ့သည်။
    ဦးသိန်းစိန်မှ လူတစ်စု၏ အကျင့်ပျက် လာဘ်စားမှုပြဿနာအား သိမြင်၍ ဆက်သွယ်ရေး ကဏ္ဍအတွင်း ထိုသည်များအား အလေးပေး တိုက်ဖျက်သည့်တိုင်အောင်၊  အခြား စစ်ဖက်ဆိုင်ရာ နိုင်ငံရေး သမားများက ပြောင်ပြောင်တင်းတင်း လာဘ်စားနေ ယုံသာမက ပြုပြင်ပြောင်းလဲရေး ကိစ္စရပ်များ အပေါ်မှာပါ ကျယ်ကျယ်ပြန့်ပြန့်သြဇာ လွှမ်းမိုးလျက်ရှိသည်။
    ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဒုဥက္ကဌ ဦးဌေးဦး က မိမိတို့အနေနှင့် စစ်အုပ်ချုပ်ရေး ကာလရော ယခုကာလမှာပါ အထိန်းအကွပ်မဲ့ လာဘ်စားမှုများ ရှိသည်ဟူသော စွပ်စွဲချက်ကို နေပြည်တော်တွင်ပြုလုပ်သည့် အင်တာဗျူးတစ်ခု၌ ငြင်းဆိုခဲ့သည်။
    “ (ယခင်စစ်အုပ်ချုပ်ရေး ကာလတုန်းကလည်း) ကျွန်တော်တို့က ၀န်ကြီးတွေပါ။ ကျွန်တော်တို့ လာဘ်မစားခဲ့ပါဘူး။ နိုင်ငံတွင်း အကျင့်ပျက် ခြစားမှုတွေ လျော့ပါးရေးအတွက် ကျွန်တော်တို့ အပြင်းအထန်ကြိုးစားနေပါတယ်။ နိုင်ငံတော် အစိုးရကလည်း ဒီကိစ္စနဲ့ပတ်သက်လို့ အထူးအားပေးဆောင်ရွက်နေပါတယ်။ အစိုးရပိုင်းဖက်က ဆောင်ရွက်ချက်ကြောင့် လာဘ်စားမှု သတင်းကျယ်ပြန့်သွားတာပါ။ ဒီလိုမှ မလုပ်ခဲ့ယင်တော့ တိမ်မြုပ်နေဦးမှာပါဘဲ ” ။
    အခြားပြဿနာများလည်း အမှန်ပင် ပေါ်ထွက်လာခဲ့သည်။ သတ္ထုတွင်းဝန်ကြီးဌာန အပါအ၀င် ၀န်ကြီးဌာန ၆ခု၌ ယင်းသို့အကျင့်ပျက်မှုများ ရှိနေသည်ကြောင်း The Voice weekly ဂျာနယ်မှ ဖော်ပြခဲ့သည်။ ဂျာနယ်အယ်ဒီတာမှာ အသရေဖျက်မှုဖြင့် တရားစွဲခံရပြီး တရားရုံး ၃၀ ထက်မနည်း တက်ရောက်ကြားနာစေခြင်း ခံရသည်။ ထိုဖော်ပြချက်အတွင်းပါရှိသော လာဘ်ပေး လာဘ်ယူခြင်းနှင့်စပ်လျဉ်း၍ မည်သူတစ်ဦးမှ အရေးယူခံရသည် မရှိသေးချေ။
    စစ်အုပ်ချုပ်ရေးကာလ၌ အကျင့်ပျက်ခြစားမှုကို နိုင်ငံရေးအရ အရေးယူခြင်းသာ ရှိနေခဲ့၏။ ၂၀၀၄ ခုနှစ်က ထောက်လှမ်းရေးအကြီးအမှူး၊ ၀န်ကြီးချုပ် ဦးခင်ညွန့်နှင့် အပေါင်းအပါတို့ကို အရေးယူခြင်းမျိုးဖြစ်သည်။ ဦးရွှေမန်းနှင့်အပေါင်းအပါများအား လှုပ်ခတ်သွားစေသော ဆက်သွယ်ရေးဝန်ကြီးဌာန အတွင်း ထိုးဖောက်စုံစမ်းချက်များသည် အလားတူ သြဇာအားပြိုင်မှုမျိုးလေလောဟု လေ့လာသူအချို့မှ သုံးသပ်လာကြသည်။
    အရာရှိ ၆၀ ဦးထက်မနည်းကို  စုံစမ်းစစ်ဆေးခြင်းပြုလုပ်ရာ ၄င်းတို့အနက် ၂၀ဦးခန့် မှာ ယာယီထိန်းသိမ်းခံထားရသည်ဟု အစိုးရအာဏာပိုင်နှင့်နီးစပ်သောအသိုင်းအ၀ိုင်းထံမှ သိရသည်။ ဦးသိန်းထွန်းမှာ နေအိမ်အကျယ်ချုပ်ဖြင့် ကျန်ရှိနေပြီး ကျန်သူအားလုံးနီးပါးကို ပြန်လွှတ်ပေးခဲ့၍ မူလရာထူး၌ ပြန်လည်ခန့်ထားလိုက်ပြီဖြစ်သည်။ သို့သော်လည်း တရားဝင် ကွင်းလုံးကျွတ် လွှတ်ပေးထားခြင်း မဟုတ်သေးဟု သိရသည်။
    Thein Zaw
    ယခင်အစိုးရလက်ထက် ဆက်သွယ်ရေးဝန်ကြီးဟောင်း ယခု ကချင်ပြည်နယ် ဝန်ကြီးချူပ် (ဗိုလ်မှူးချူပ်ဟောင်း ) ဦးသိန်းဇော်
    မိမိအနေနှင့် ဦးစွာအရေးယူခံရပြီး တရားရင်ဆိုင်ရပါက လူဟောင်းကြီများနှင့် ကြံရာပါဖြစ်သည်ဟု ထွက်ဆိုရန် ဦးသိန်းထွန်းမှ ကြိမ်းဝါးထားပါသည်။ ယခင် ဆက်သွယ်ရေးဝန်ကြီးဟောင်း နှင့် လက်ရှိကချင်ပြည်နယ် ၀န်ကြီးချုပ် ဗိုလ်မှူးချူပ်ဟောင်း သိန်းဇော်သည်လည်း စုံစမ်းစစ်ဆေးမှုခံခဲ့ရသည်။ ယင်းအမှု၌  MPT ၀န်ကြီးအဖွဲ့ဝင် တစ်ဦးထက်မနည်း အစိုးရသက်သေအဖြစ် ဘက်ပြောင်းသွားခဲ့သည်ဟု ၄င်းမှ ရိပ်ဖမ်းသံဖမ်းပြောပြခဲ့ကြောင်းလည်း အထက်ဖော်ပြပါ သတင်းရပ်ဝန်းထံမှ သိရသည်။ စုံစမ်းစစ်ဆေးခံနေရဆဲ အာဏာပိုင်တစ်ဦးက “ အရာရာအားလုံးကို ကျွန်တော်တို့ သိလိုက်ရပါပြီ ” ဟု ဆိုခဲ့သည်။
    ဦးသိန်းထွန်း၏နေရပ်တွင် အမေရိကန်ဒေါ်လာ ၂ သန်းထည့်ထားသည့်သေတ္တာတစ်လုံး တွေ့ခဲ့ရကြောင်း စုံစမ်းရေးရဲဌာနတစ်ခုမှ ဆိုသည်။ ယင်းငွေများသည် မြန်မာနိုင်ငံတွင်း ဆက်သွယ်ရေးကဏ္ဍ၌ Huawei နှင့် ZTE တရုတ်ကုမ္ပဏီများနှင့် အကျိုးတူပူးပေါင်းဆောင်ရွက်ရန် စာချုပ်ချုပ်ဆိုထားသည့်ဘဏ္ဍာငွေများ ဟုတ်မဟုတ်ကို စုံစမ်းစစ်ဆေးသူများက ဖော်ထုတ်ရန် ကြိုးပမ်းနေကြောင်း၊ အာဏာပိုင်အရာရှိများမှာလည်း ၀န်ကြီးဟောင်းများ၏ ဘဏ္ဍာတိုက်အဖြစ်ရှိခဲ့ဖူးပုံရသော ဘန်ကောက်၊ ဟောင်ကောင် နှင့် စင်္ကာပူတို့၌ ဘဏ်စာရင်းဖွင့်နိုင်ရန် ကြိုးစားနေကြကြောင်း အစိုးရနှင့်နီးစပ်သည့်အသိုင်းအ၀ိုင်းမှ သိရသည်။ တဖန် ယင်း တရုတ်ကုမ္ပဏီနှစ်ခုသည် ယခင် ဦးသိန်းဇော်ဝန်ကြီးလက်ထက်အပါအ၀င် MPT ဌာနနှင့် ဆက်ဆံ ပတ်သက်နေသည့် စာရွက်စာတမ်းအထောက်အထားများကိုလည်း စုံစမ်းရေးအာဏာပိုင်တို့ထံ မိမိသဘောဆန္ဒအလျောက် ပေးအပ်ခဲ့ကြောင်း ဖော်ပြပါ ရဲဌာနမှတဆင့် သိရှိရသည်။
    ၂၀၀၄ ခုနှစ် စာချုပ်ချုပ်ဆိုစဉ်က ZTE သည် MPT သို့ ဖုန်းလိုင်း ၃ သိန်းတပ်ဆင်ရန် ဒေါ်လာသန်း ၁၅၀ ကြိုတင်သွင်းငွေ ပေးခဲ့သည်။ ထိုပမာဏသည် ပရောဂျက်တစ်ခု၏ အမှန်ကုန်ကျနှုန်းထက် ၁၀ ဆကျော် များပြားနေခဲ့သည်။ ၄င်းနောက် နီပေါနိုင်ငံတွင် တယ်လီဖုန်းလိုင်း တစ်သန်းတပ်ဆင်ရေးအဆိုပြုရာ၌ ဒေါ်လာ ၇.၅ သန်းမျှသာ ရှိကြောင်း ၄င်းမှ နှိုင်းယှဉ်ပြောကြားလိုက်သည်။
    ထိုစွဲချက်များအပေါ် ဦးသိန်းထွန်းထံမှ မည်သည့် မှတ်ချက်မျှ ထွက်မလာသေး။ ၄င်းသည် နေအိမ်တွင်း အကျယ်ချုပ်ဖြင့်စောင့်ကြည့်ခံနေရသဖြင့် ဤသည်နှင့်စပ်လျဉ်း၍ ထုတ်ဖော်ပြောကြားမှု မပြုနိုင်သောကြောင့်ဖြစ်သည်။
    ယင်းဝန်ကြီးဟောင်းနှစ်ဦးစလုံးမှာ ယခင် အာဏာရှင် အငြိမ်းစား ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် အလွန်နီးစပ် ပတ်သက်သူများဖြစ်ကြကြောင်း အများက ယုံကြည်လျက် ရှိသည်။
    ထူးကုမ္ပဏီ လက်အောက်ရှိ Elite နှင့် Red Link အပါအ၀င် ပြည်တွင်း ဖုန်းကုမ္ပဏီများသည်လည်း အသေးစိပ်စစ်ဆေးမှုခံနေရပေသည်။ Red Link သည် ဦးရွှေမန်း၏ သားတစ်ဦးဖြစ်သူ တိုးနိုင်မန်း မှ ပိုင်ဆိုင်ပြီး ၂၀၀၈ ခုနှစ်တွင် ကုမ္ပဏီထောင်၍ MPT နှင့် အင်တာနက်လုပ်ငန်းကို ဖက်စပ် ပူးပေါင်းဆောင်ရွက်ခဲ့သည်။  နိုင်ငံလူဦးရေ၏ ၂ %အောက်ပမာဏသာ အသုံးပြုကြသဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာပေါ်ရှိ အင်တာနက် အသုံးပြုနှုန်းအနိမ့်ကျဆုံးနိုင်ငံများအနက် ပါဝင်နေသည်။
    Hla Tun
    ယခင် ဘဏ္ဍာရေးဝန်ကြီးဟောင်း ယခု သမ္မတရုံးဝန်ကြီး ဦးလှထွန်း
    လာဘ်ပေးလာဘ်ယူ ဆန့်ကျင်ရေးသမားတစ်ဦးအဖြစ် လူအချို့မှ အသိအမှတ်ပြုထားသော ဘဏ္ဍာရေး ၀န်ကြီးဟောင်း ဦးလှထွန်းသည် စုံစမ်းစစ်ဆေးမှုကို ကြပ်မတ်လျက်ရှိသည်။ သူ၏ဆောင်ရွက်မှုသည် ဦးသိန်းစိန်၏ သမ္မတအခန်းကဏ္ဍနှင့် ပတ်သက်၍ အရေးပါသော မှတ်တိုင်တစ်ရပ် ဖြစ်လာနိုင်ကြောင်း အချို့မှ သုံးသပ်သည်။ ဦးလှထွန်းသည် သမ္မတ၏ ပဲ့ထိန်း တစ်ဦးဖြစ်သည်ဟု ဦးသိန်းစိန်နှင့်နီးစပ်သော အသိုင်းအ၀ိုင်းမှ ယူဆထားသည်။
    အကယ်၍ ဦးသိန်းစိန်၏ အကျင့်ပျက်ခြစားမှုဆန့်ကျင်ရေးအစီအစဉ် ၊ ပွင်းလင်းမြင်သာ ခိုင်မာသော နိုင်ငံတကာစီးပွားရေး ဆက်ဆံမှုတည်ဆောက်ရေးက အထူးသက်ဝင် လှုပ်ရှားလာစေလိုသည်ဆိုလျှင် ဖော်ပြပါအရေးယူမှုများကို နိုင်ငံရေး အကျိုးဆက်အား ဂရုမစိုက်ဘဲ ဆောင်ရွက်သင့်သည်ဟု သုတေသီအချို့က ဆိုကြသည်။ ဦးသိန်းစိန်အဖို့ ယနေ့ထက်တိုင် ၀န်ကြီးဟောင်းတစ်ဦးဦး သို့မဟုတ် နှစ်ဦးစလုံးအား အရေးယူရန် မဆုံးဖြတ်နိုင်သေးချေ။
    “ တကယ်တမ်းကျတော့ ဒီလို အပြစ်ရှောင်ခြင်း လက္ခဏာပေါ်လွင်နေတဲ့ စီးပွားရေးပြုပြင် ပြောင်းလဲမှုက အခြေခံလူတန်းစားနဲ့ နိုင်ငံတော် ကောင်းစားရေးကို ကွာကျသွားစေမယ့် နောက်ထပ် ဆက်နွယ်နည်းလမ်းတစ်ရပ်ပါဘဲ။ အကျင့်ပျက်ခြစားမှုဟာ အစစ်အမှန်ရင်းနှီးမြှုပ်နှံရေးအတွက် အတားအဆီးတစ်ခု ဖြစ်တယ်။ ပြီးတော့ စိမ့်ဝင်ပြန့်နှံ့နေတဲ့ ခြစားမှုအပေါင်းက ပြန်လည်ပြုပြင်ရေး လမ်းစဉ်မှာ ပြည်သူ့ပူးပေါင်းအားပေးမှုကို ဖြိုဖျက်လိုက်တာပါဘဲ ” ဟု  Australia နိုင်ငံ၊ Macquarie တက္ကသိုလ်မှ မြန်မာ့စီးပွားရေးရာကျွမ်းကျင်ပညာရှင် Sean Turnell က ပြောဆိုလိုက်သည်။
    ကြံရာပါတစ်ဦးဖြစ်သူ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဟောင်း (ဗိုလ်မှူးချူပ်ဟောင်း) ဦးမောင်မောင်သိမ်းပ်ါရှိသော စွဲချက် အပါအ၀င် အခြားစုံစမ်းစစ်ဆေးချက်များက နောက်ထပ် ကဏ္ဍတစ်ခုသို့ ဆက်နွှယ်သွားပြန်သည်။ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီးဌာန၏ အကြီးတန်းဗျူရိုကရက်တစ်ဦး ဖြစ်သော ခင်ကိုလေး ကိုလည်း လာဘ်စားမှုကြောင့် မတ်လအတွင်း သမ္မတရုံး အမိန့်ဖြင့် ရာထူးမှ ချက်ခြင်းဖယ်ရှားခဲ့သည်။  အစည်းအဝေးအတွင်းမှ ရုံးသို့မပြန်တော့ဘဲ တစ်ခါတည်း ပစ္စည်းသိမ်း ထွက်ခွာသွားစေရန် အမိန့်ပေးခံရကြောင်း အစည်းအဝေး တက်ရောက်ခဲ့သူအရာရှိတစ်ဦးက ဆိုသည်။
    လက်ရှိ မွေးမြူရေးနှင့် ရေလုပ်ငန်း ၀န်ကြီး ဦးအုန်းမြင့်သည်လည်း ရာထူးမှ ဖယ်ရှားခံရနိုင်ဦးမည်ဟု အာဏာပိုင်အတွင်းပိုင်း စကားများအရ သိရသည်။ ပြင်သစ်ကုမ္ပဏီတစ်ခုမှ ကမကထပြုခေါ်ယူသော ဦးအုန်းမြင့်၏ ပြင်သစ်ခရီးစဉ်ကို ဦးသိန်းစိန်မှ  ဖျက်သိမ်းစေလိုက်သည်။ သို့သော် အတွင်းပိုင်းသတင်းအရ ၄င်းအား ခြွင်းချက်ဖြင့်လွှတ်ထားပြီး၊ ကချင် လက်နက်ကိုင်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရန် ဟူသောအကြောင်းပြချက်ဖြင့်  ခရီးစဉ်ကိုဖျက်သိမ်းစေသည်ဟု ဆိုသည်။
    ပြည်ထဲရေးဝန်ကြီး ဗိုလ်ချုပ်ကြီးကိုကို သည်လည်း သံသယဖြစ်ဖွယ် လာဘ်စားမှုဖြင့် စုံစမ်းစစ်ဆေးခံနေရကြောင်း သတင်းထွက်လာသည်။ သို့သော် ၄င်းမှာ အင်တာနက် စာမျက်နှာများပေါ်မှ အခြေအမြစ်မဲ့ ကောလဟလများသာဖြစ်ကြောင်း ၄င်း၏ ကိုယ်ရေးအရာရှိမှ ငြင်းဆိုထားသည်။ လယ်ယာစိုက်ပျိုးရေးဝန်ကြီး ဦးမြင့်လှိုင်သည်လည်း ဈေးနှုန်းမြင့် စပါးမျိုးများ တင်သွင်းရန် ကိစ္စနှင့် ပတ်သက်၍ မေးခွန်းများထွက်လာခဲ့သည်။ ယင်းမျိုးစပါးများမှာ မြန်မာ့ရေမြေရာသီဥတုသဘာဝနှင့်မကိုက်ညီဟု ကျွမ်းကျင်သူများစွာမှ ဆိုကြသည်။
    ရန်ကုန်မြို့၊ အတိုက်အခံ NLD ပါတီ ဌာနချုပ်နှင့်ပြုလုပ်သော အင်တာဗျူးတစ်ခု၌ ဦးဥာဏ်ဝင်းက “ ဒီအကျင့်ပျက်ခြစားမှုကို ကျွန်တော်တို့အားလုံးသိကြပါတယ်။ နိုင်ငံသား အားလုံးကလည်း ဒီအကြောင်းကို သိရှိနေကြပါတယ်။ ၀န်ကြီးတွေကို အရေးယူဖို့ လိုအပ်ပါတယ်။ အထောက်အထားရှိနေတယ်ဆိုယင် ထိပ်ပိုင်းဆိုင်ရာ အဆင့် ပုဂ္ဂိုလ်တွေဖြစ်နေပါစေ အစိုးရအနေနဲ့ သူတို့ကို ရုံးတင်စီရင်သင့်ပါတယ် ” ဟု ပြောကြားသည်။
    နိုင်ငံရေးသုံးသပ်သူအချို့ကမူ အထောက်အထားများ ရရှိ စုဆောင်းထားလင့်ကစား အရေးယူ ဆောင်ရွက်သွားခြင်းထက် ဦးရွှေမန်း၏ သမ္မတဖြစ်ရေးနိုင်ငံရေး ရည်မှန်းချက်၌ အသုံးချသွားရန် ဖြစ်သည်ဟု ယုံကြည်နေကြသည်။ “ သူတို့ဆီမှာ အထောက်အထား အားလုံး ရှိနေပါပြီ။ အထူးသဖြင့် ဦးရွှေမန်းကို အကြပ်ကိုင်ဖို့ဖြစ်တယ် ” ဟု အာဏာပိုင် တစ်ချို့ထံမှ ကြားသိရပေသည်။
    ခြစားမှုဆန့်ကျင်ရေးလမ်းကြောင်းမှာ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲများ၌ လက်ရှိအာဏာရ USDP အား ဖယ်ရှားရေး ကဏ္ဍတစ်ရပ်အဖြစ် အခြားတစ်ဖက်မှ သုံးသပ်ကြသည်။ လက်ရှိနှင့်စစ်အုပ်ချုပ်ရေးကာလအတွင်း အကျင့်ပျက်ခြစားမှုဖြင့် နာမည်ပျက်ရှိခဲ့သော ၀န်ကြီးဟောင်း ၀ါရင့်ပုဂ္ဂိုလ် အများအပြားကို အဓိက ပစ်မှတ်ထားနေခြင်း ဖြစ်သည်။
    USDP ၏ ဒုတိယဥက္ကဌ ဦးဌေးဦးမှ ယင်းမှန်းဆသုံးသပ်ချက်များကို နိုင်ငံရေးတွေးလုံးများသာဖြစ်သည်ဟုဆို၍ ပယ်ချခဲ့သော်လည်း “ပါတီတွင်းမှာ အမြင် မတူမှုဆိုတာ ရှိတတ်တာပါဘဲ။ ဒါပေမယ့် ဒါတွေကို လူကြီးလူကောင်းဆန်ဆန်နဲ့ ကိုင်တွယ်သွားရမှာဖြစ်တယ်။ ဒါတွေကြောင့် ပါတီဟာ ချေမှုန်းခံရမှာ မဟုတ်ပါဘူး ” ဟု  ပါးနပ်စွာ ပြောဆိုသွားခဲ့သည်။
    =================================
    BBC ၌ မြန်မာ့နိုင်ငံရေးသုံးသပ်သူ အဖြစ်ဆောင်ရွက်ခဲ့ပြီး ယခုအခါ ဘန်ကောက်အခြေစိုက် အလွတ်တန်းဂျာနယ်လစ်ဖြစ်သူ Larry Jagan မှ Asian Times တွင်ရေးသားထားသော Politics of corruption in Myanmar ဆောင်းပါးကို ဆီလျော်အောင်ပြန်ဆိုရေးသားပါသည်။
  • Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား စင်ကာပူတွင် ပြုလုပ်
    ဧပြီ ၄ ရက်၊ ၂၀၁၃
    M-Media
    မြန်မာ့အရေး ဆုတောင်းပွဲ (စင်ကာပူ) – Pray For Myanmar (Singapore)
    sg pray for myanmar
    Photo from – Xin Yaw FB Page
    Myanmar Club စင်ကာပူမှ ဦးစီးပြီး Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို ၄ရက်နေ့ ဧပြီလ ၂၀၁၃ တွင် Singapore Chinese Chamber of Commerce & Industry (SCCCI) Building မှာ ပြုလုပ်ခဲ့ပါတယ်။
    ဗုဒ္စဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ များမှ သက်ဆိုင်ရာ ဘာသာအလိုက် ဆရာတော်များ၊ သာသာရေးဆိုင်ရာ ဆရာများ၊ အပါအ၀င် ဖိတ်ကြားထားသော စင်ကာပူနိုင်ငံရောက် မြန်မာမိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။