News @ M-Media

Blog

  • Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနား စင်ကာပူတွင် ပြုလုပ်

    ဧပြီ ၄ ရက်၊ ၂၀၁၃
    M-Media
    မြန်မာ့အရေး ဆုတောင်းပွဲ (စင်ကာပူ) – Pray For Myanmar (Singapore)

    sg pray for myanmar
    Photo from – Xin Yaw FB Page

    Myanmar Club စင်ကာပူမှ ဦးစီးပြီး Pray For Myanmar မြန်မာ့အရေး ဘာသာပေါင်းစုံ ဆုတောင်းပွဲ အခမ်းအနားကို ၄ရက်နေ့ ဧပြီလ ၂၀၁၃ တွင် Singapore Chinese Chamber of Commerce & Industry (SCCCI) Building မှာ ပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္စဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလာမ်ဘာသာ နှင့် ဟိန္ဒူဘာသာ များမှ သက်ဆိုင်ရာ ဘာသာအလိုက် ဆရာတော်များ၊ သာသာရေးဆိုင်ရာ ဆရာများ၊ အပါအ၀င် ဖိတ်ကြားထားသော စင်ကာပူနိုင်ငံရောက် မြန်မာမိသားစုဝင်များ တက်ရောက်ခဲ့ကြပါသည်။

  • ဘာသာပေါင်းစုံ သာသနိက အဆောက်အအုံများမှာ သာသနာရေး ဝန်ကြီးဌာန မပေါ်ခင် ကတည်းက ရှိနေတာဖြစ်ကြောင်း၊ မီဒီယာများ မှားယွင်းဖော်ပြမှု ပြန်လည်ဖြေရှင်းမည်ဟု  တိုင်းသာသနာရေးမှူး ဦးအောင်ကြည်ပြောကြား၊

    ဘာသာပေါင်းစုံ သာသနိက အဆောက်အအုံများမှာ သာသနာရေး ဝန်ကြီးဌာန မပေါ်ခင် ကတည်းက ရှိနေတာဖြစ်ကြောင်း၊ မီဒီယာများ မှားယွင်းဖော်ပြမှု ပြန်လည်ဖြေရှင်းမည်ဟု တိုင်းသာသနာရေးမှူး ဦးအောင်ကြည်ပြောကြား၊

    ဧပြီ ၆- ၂၀၁၃
    M-Media
    သတင်း-ထွန်းတောက်

    (၆-၄-၂၀၁၃)ရက်နေ့ညနေ(၃)နာရီတွင် သာသနာရေးဝန်ကြီးဌာန(ကမ္ဘာအေး)တွင် သာသနာရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမိုးဇော်ရွှေက မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများအား ဖိတ်ကြား တွေ့ဆုံကာ ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်၏ မီဒီယာများနှင့်တွေ့ဆုံရာတွင် ဖော်ပြခဲ့သော အကြောင်းအရာ အတွက် အစ္စလာမ်ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရမှု အတွက် ၀မ်းနည်းရပါကြောင်း ပြောကြားခဲ့ ပါသည်။

    တိုင်းဒေသကြီး သာသနာရေးမှူး ဦးအောင်ကြည်ကလည်း ဗလီဝတ်ကျောင်းတော်များ တရားမ၀င်ဟု ၄င်းအနေဖြင့် ပြောကြားခဲ့ခြင်း မဟုတ်ကြောင်း၊ ဗလီဝတ်ကျောင်းတော်များအပါအ၀င် ဘာသာပေါင်းစုံ၏ သာသနိက အဆောက်အအုံများသည် သာသနာရေး ၀န်ကြီးဌာန မပေါ်ပေါက်မီကပင် တည်ရှိခဲ့ပြီးဖြစ်ကြောင်း၊ သာသနာရေးဦးစီးဌာနသည် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြဌာန်းချက်နှင့် အညီ ဘာသာအသီးသီး၏ သာသနာ့ အဆောက်အအုံများကို တတ်စွမ်းသမျှ ကူညီ ဆောင်ရွက်လျှက် ရှိကြောင်း၊ မီဒီယာများတွင် ဖော်ပြချက်ကြောင့် အစ္စလာမ် ဘာသာဝင်များ စိတ်မချမ်းမြေ့ဖြစ်ရသည့် အတွက် ၀မ်းနည်းပါကြောင်း၊ မီဒီယာများမှ တစ်ဆင့်ပြန်လည် ရှင်းလင်းတင်ပြပေးမည် ဖြစ်ကြောင်းပြော ကြားခဲ့ပါသည်။

    ရန်ကုန်တိုင်းဒေသကြီး သာသနာရေးမှူး၊ ဒုတိယ ညွှန်ကြားရေးမှူး၊ သာသနာရေး ၀န်ကြီးဌာနမှ ဦးအောင်ကြည်က “ကျွန်တော်တို့ သာသနာရေး ၀န်ကြီးဌာနအနေနဲ့ တရားဝင်ဗလီဆိုပြီး ဆောက်ခွင့်ပေးတာ မရှိပါဘူး။ အစဉ်အလာအရ တည်ဆောက်ပြီး ၀တ်ပြုတယ်။ သူတို့တွေ အစဉ်အလာအရ ဗလီတည်ဆောက်တာ ဖြစ်တဲ့အခါမှာ ကျွန်တော်တို့ အနေနဲ့ မကန့်ကွက်တာပါ။ ဗလီတွေကို သူတို့ဘာသူတို့ ဆောက်တယ်။ အဲဒီဗလီမှာ သူတို့ဘာသူတို့ စာသင်ကြတာပါ။ တရားဝင်ဗလီဆိုပြီး မရှိပါဘူး” ဆိုသော သတင်းကို ဧပြီလ ၃ ၇က်နေ့တွင် Eleven မီဒီယာမှ ဖော်ပြခဲ့ပြီး ယခု အချိန်ထိအဆိုပါ သတင်းနှင့်ပတ်သက်ပြီ တစုံတရာ မှားယွင်းကြောင်း ပြင်ဆင်တောင်းပန်ချက် ထုတ်ပြန်ခြင်းမပြုလုပ်သေးကြောင်းတွေ့ရှိရပါသည်။

    Eleven မှ ဖော်ပြခဲ့သည့် သတင်းဖတ်လိုလျှင်

  • အစ္စလာမ် ဘာသာရေး အဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း

    ဧပြီ ၆ -၂၀၁၃
    အကြံပြုချက်ပေးပို့သူ- မောင်စိုးဦး

    မြန်မာနိုင်ငံအတွင်း မှီတင်းနေထိုင်ကြသော အစ္စလာမ် သာသနာဝင်များအနေနှင့် ဘာသာရေးဆိုင်ရာ သာသနိက အဆောက်အအုံများ၊ စာသင်ကျောင်းများတွင် စိတ်အေးချမ်းသာစွာ ၀တ်ပြုဆုတောင်း စာသင်ကြားနိုင်ရန် လုံခြုံမှု(Security)မှာ လွန်စွာ အရေးကြီးသော အချိန်ကာလဖြစ်ပါသည်။

    သို့ပါ၍ လုံခြုံမှု(Security)အတွက် အစ္စလာမ် သာသနာဝင်များအနေနှင့် ဆောင်ရွက်သင့်သည်များကို အကြံပြုတိုက်တွန်းလိုပါသည်။
    ဤအကြံပြု တိုက်တွန်းချက်သည် အစ္စလာမ်ထုတစ်ရပ်လုံးအတွက် လုပ်ဆောင်ရန် ခက်ခဲမှုမရှိပဲ လွယ်ကူ ရိုးရှင်းသည့်အတွက် ဆောင်ရွက်ရန် လွယ်ကူပြီး လုံခြုံရေးအတွက် တဘက်တလမ်းမှ များစွာ အထောက်အကူဖြစ်မည်ဟု ယုံကြည်ပါသည်။
    Security camera for mosque

    *  နိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးအား အစ္စလာမ်ဘာသာရေးအဆောက်အအုံများနှင့် ပတ်သက်ပြီး အကြံပြုခြင်း

    ဘာသာရေးအဖွဲ့ကြီးအနေနှင့် …

    • –  မြန်မာတစ်နိုင်ငံလုံးတွင်ရှိသော ဗလီဝတ်ကျောင်းတော်များ၏ စာရင်းပြုစုရန်။
    • –  ဗလီများ၊ ကျောင်းများ၏ သမိုင်းအထောက်အထားစုစည်းရန်။
    • –  ပြည်သူများကြားတွင် ဖြစ်ပေါ်နေသည့် ဗလီဝတ်ကျောင်းများသည် တရားမဝင် ဆောက်ထားသည် ဆိုသည်မှာ မဟုတ်ကြောင်းကို မီဒီယာများနှင့် တွေ့ဆုံပြီး သတင်းစာ ရှင်းလင်းပွဲပြုလုပ်ရန်။
    • –  အဖွဲ့ကြီးတွင် ပြန်ကြားရေးကဏ္ဍကို သေချာစွာဖွဲ့စည်းပြီး စနစ်တကျလုပ်ဆောင်သွားရန်။
    • –  အစ္စလာမ်ဘာသာဝင်များနှင့်ပတ်သက်သော အရေးကိစ္စရပ်များ၊ ကောလဟာလများ ဖြစ်ပေါ်လာပါက ချက်ခြင်းအချိန်မဆွဲပဲ အဖြစ်မှန်ကို မီဒီယာများကို ဖြေရှင်းရန်။
    • –  ဗလီဝတ်ကျောင်းတော်များကို လေ့လာလိုသူများအားလုံးကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့် လေ့လာနိုင်စေဖို့ စီစဉ်ဆောင်ရွက်ပေးရန်။
    • –  မွတ်စလင်မ်တို့၏ ဗလီ၊ ၀တ်ပြုပုံ၊ ၀တ်ပြုရေးဆိုင်ရာ လုပ်ဆောင်ချက်တို့နှင့် ပတ်သက်သော Documentary ရိုက်ကူး၍ နိုင်ငံပိုင်ရုပ်သံတွင် တင်ဆက်ခွင့်ရအောင်ကြိုးစားဆောင်ရွက်ရန်၊

    *  အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် ရှိသင့်သောအချက်များနှင့် လုပ်ဆောင်ရန်အတွက် အဖွဲ့ကြီးအနေနှင့် တိုက်တွန်းသင့်သည် အကြံပြုချက်များ

    အစ္စလာမ်ဘာသာရေးစာသင်ကျောင်း/ဗလီများတွင် …

    • –  CCTV ကင်မရာများ တပ်ဆင်ထားရန်။
    • –  အစ္စလာမ်ဘာသာရေးစာသင်ကျောင်းများရှိဆရာများ၊ ကျောင်းသားများအား မီးဘေးအန္တရာယ်နှင့် ပတ်သက်သည့် သင်တန်းများပို့ချပေးရန်။
    • –  မီးဘေးအန္တရာယ်ပေါ်ပေါက်လာပါက အရေးပေါ် မီးငြိမ်းသတ်နိုင်သည့် မီးသတ်ဆေးဗူးများထားရှိရန်။
    • –  အရေးပေါ်အခြေအနေအတွက် အရေးပေါ်ထွက်ပေါက်မရှိထားသေးလျှင် အရေးပေါ်ထွက်ပေါက် ပြုလုပ်ထားရန်။
    • –  ဗလီတလုံး/ကျောင်းတစ်ကျောင်းတွင် အနည်းဆုံး တယ်လီဖုန်းတလုံးထားရှိရန်။
    • –  ကျောင်းများ/ဗလီများအနေဖြင့် အခြားသော အဖွဲ့အစည်းများ၊ လူပုဂ္ဂိုလ်များနှင့် ဆက်သွယ်ရေးကွန်ရက်ထားရှိရန်။
    • –  ဗလီတိုင်းတွင် ဘာသာရေးအဖွဲ့ကြီးများ၏ (မြို့နယ်၊ တိုင်း၊ ဗဟို) ဖုန်းနံပါတ်များ၊ ရဲစခန်းဖုန်းနံပါတ်၊ မီးသတ်ဌာနဖုန်းနံပါတ်၊ ဆေးရုံဖုံးနံပါတ်များအား အခြားသူများ ထင်သာမြင်သာရှိသောနေရာတွင် ထားရန်။
    • –    သက်ဆိုင်ရာ ရပ်ကွက်၊ မြို့နယ် အာဏာပိုင် အဖွဲ့များအနေနှင့်လည်း ကျောင်း/ဗလီ တာဝန်ရှိ သူများအနေဖြင့် အမြဲထိတွေ့အဆက်သွယ်ရှိနေရန်။
    • –  မဒ်ရာဆာကျောင်းများ၊ ဟာဖိဇ်ကျောင်းများ၊ မော်လ၀ီကျောင်းများအတွက် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သင်ရိုးညွှန်းတန်းများ ရေးဆွဲပြီး သာသနာရေးဝန်ကြီးဌာန၊ မွတ်စလင်လူထုနှင့် မြန်မာလူထုအား ချပြရန်။

    ** M-Media စာဖတ်ပရိတ်သတ်တစ်ဦးပေးပို့လာ သော အကြံပြုလွှာဖြစ်ပါသည်။

    M-Media ကို ဆက်သွယ်လျှင် [email protected] သို့ အီးမေးလ်ပို့ ဆက်သွယ်နိုင်ပါသည်။

  • မြန်မာနိုင်ငံသား အစ္စလာမ် ဘာသာဝင် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲပြုလုပ်

    ဧပြီ ၆၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။        ။      မြန်မာနိုင်ငံသားအစ္စလာမ်ဘာသာဝင် အဖွဲ့ပေါင်းစုံ တွေ့ဆုံဆွေးနွေးပွဲတစ်ရပ်ကို ယနေ့ ၆.၄.၂၀၁၃ (စနေနေ့)တွင် ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမ၌ နေ့လည် (၂)နာရီမှ ညနေ(၅)နာရီထိ ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

    DSCN3761

    ယင်း အခမ်းအနားသို့ ရန်ကုန်၊ မန္တလေး၊ တောင်ကြီး၊ ဘားအံတို့မှ တက်ရောက်ခဲ့ကြပြီး ရန်ကုန်မှ ဒေါက်တာမြင့်သိန်း၊ ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)၊ ပါမောက္ခဦးရဲလွင်နှင့် အခြားသောအဖွဲ့အစည်းများမှ ဆရာများနှင့် မန္တလေးမှ ခလီဖွှာဟ်ဦးသိန်းဝင်းအောင်(KAFTG)၊ ဦးအောင်ဇော်ဝင်း၊ ဒေါက်တာသန်းမြင့် ၊ ရှမ်းပြည်နယ် မှ သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး ဒေါက်တာဒေါ်နှင်းရီအေး တို့အပါအဝင် အခြားဖိတ်ကြားထားသူများတက်ရောက်ခဲ့ကြပြီး၊ အခြားအဖွဲ့သီးသီးနှင့် ကွန်ရက် ၂၄-ခုမှ ကိုယ်စားလှယ်များအပါအ၀င် စုစုပေါင်း ၂၀၀-၀န်းကျင် တက်ရောက်ခဲ့ကြောင်းသိရသည်။

ုထိုကဲ့သို့ အဖွဲ့ပေါင်းစုံတွေ့ဆုံဆွေးနွေးပွဲကို ကိုလှမြင့်နှင့် သူငယ်ချင်းတစ်စုမှ Organize လုပ် ဆောင်ရွက်ခဲ့ကြခြင်းဖြစ်ပြီး ဆွေးနွေးပွဲပြုလုပ်ရသည့် ရည်ရွယ်ချက်မှာ – လတ်ရှိဖြစ်ပေါ်နေသော common issue တွေနှင့် ပတ်သက်ပြီး အဖွဲ့များ ချိတ်ဆက် ဆောင်ရွက်နိုင်ရန်၊ အဖွဲ့များ အချင်းချင်းကြားမှာ ကွာဟနေတဲ့ ကွာဟချက်တွေကို နီးနိုင်သမျှ နီးစပ်နိုင်ရန်၊ အဖွဲ့များအကြား ပိုမိုကောင်းမွန်တဲ့ ကွန်ရက် ချိတ်ဆက်မှု ရရှိရန်၊ Myanmar Muslim Conference ဖြစ်မြောက်ရန်၊  မတူကွဲပြားတဲ့ ဘာသာတရားတွေကြားမှာ အချင်းချင်း နားလည်မှု တည်ဆောက်ရန် တို့ဖြစ်သည်။

    တွေ့ဆုံပွဲအား အခမ်းအနားအစီအစဉ် (၉)ရပ်ဖြင့် ပြုလုပ်ခဲ့ပြီး သဘာပတိအဖြစ် ဦးခင်မောင်ချို(တရားလွှတ်တော်ရှေ့နေ)မှ ဆောင်ရွက်ပြီး တက်ရောက်လာသော ကွန်ရက်များမှ အသီးသီးမိတ်ဆက်ကြပြီး၊ တက်ရောက်လာသော ဧည့်သည်တော်များထဲမှ (၄)ဦးမှ အမှတ်တရစကာများ ပြောကြားကြပါသည်။ ပြီးနောက် တက်ရောက်လာသော ကွန်ရက်များ အားလုံးကိုယ်စား အခန်းကဏ္ဍ(၅)ခုအား ဆွေးနွေးတင်ပြရာ Identity, Rule of Law, Constitution, Hate speech, Myanmar Muslim Conference စသည့် ခေါင်းစဉ် (၅)ရပ်ဖြင့် ဆွေးနွေးတင်ပြခဲ့ကြပြီး၊ ဆွေးနွေးပွဲ၏ ရည်ရွယ်ချက် တစ်ရပ်ဖြစ်သော  Myanmar Muslim Conference ဖြစ်မြောက်ရေးကိစ္စအား အကောင်အထည်ဖော်ဆောင်ရန်အတွက် သဘောထား ထုတ်ပြန်ကြေငြာချက်ကို ထုတ်ပြန်ကြေညာခဲ့သည်။ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်)မှ နိဂုံးချုပ်စကားပြောကြားပြီးနောက် ဆွေးနွေးပွဲကို ဒုအာ(ဆုမွန်)ဖြင့် ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

    အဲဒီနောက် အနယ်နယ် အရပ်ရပ်မှ အကြမ်းဖက်မှုများတွင် အပြစ်မဲ့စွာ အသက်ဆုံးရှုံးခဲ့ရသူများအား လေးစားသောအားဖြင့် တစ်မိနစ်ခန့်ငြိမ်သက်၍ ဂုဏ်ပြုပေးခဲ့ကြပြီး ဆွေးနွေးပွဲကို အောင်မြင်စွာရပ်နားလိုက်ကြောင်းသိရသည်။

    DSCN3604

    စီစဉ်သူများထဲမှ တစ်ယောက်ဖြစ်သည့် ကိုရဲရင့်သစ္စာအား ဆွေးနွေးပွဲအကြောင်း မေးမြန်းရာ “အဖွဲ့ကျင်းပရခြင်းရဲ့ အဓိကအကြောင်းရင်းက ရှိနေတဲ့ မွတ်စလင်မ်အဖွဲ့အစည်းတွေ၊ နောက် လူငယ်တွေရော၊ လူကြီးတွေရော၊ အားလုံးစုပေါင်းပြီး ဘာသာပေါင်းစုံနဲ့ ထိတွေ့မယ်။ ပြီးတော့ လက်ရှိဖြစ်ပျက်နေတဲ့ အကြမ်းဖက်မှုတွေ၊ Hate speech တွေ၊ လူမျိုးရေး ခွဲခြားမှုတွေကို ဘယ်လိုဖြေရှင်းမလဲ။ ကမ္ဘာပေါ်မှာ နိုင်ငံပေါင်းများစွာရှိပါတယ်။ လူမျိုးပေါင်းများစွာလည်းရှိတယ်။ ဘာသာတွေလည်း ကွဲကြတယ်။ ဘာသာကွဲတိုင်း လူမျိုးကွဲတိုင်း ရန်ဖြစ်ရမှာမဟုတ်ပါဘူး။ မိမိဘာသာတရားက သင်ပေးထားတာက ဘာသာကွဲတယ်၊ လူမျိုးကွဲတယ်ဆိုတာ တစ်ယောက်နဲ့တစ်ယောက် အသိအမှတ်ပြုဖို့ဖြစ်ပြီး ရန်ဖြစ်ဖို့မဟုတ်ဘူး။ initiate လုပ်တဲ့သဘောပဲ။ အဓိကကတော့ ဒါပါပဲ။ ဒီပွဲကနေ လတ်တလော ကျွန်တော်တို့ ခံစားရတဲ့အကျိုးအမြတ်က ကွဲပြားခြားနားနေတဲ့ မွတ်စလင်မ်အဖွဲ့အစည်းတွေအားလုံး တစ်နေရာတည်းမှာ စုစည်းပြီးတွေ့လိုက်ရတယ်။ အဖွဲ့တွေရဲ့ ရည်ရွယ်ချက်တွေ၊ လက်ရှိဆောင်ရွက်နေတဲ့ လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတော့ တစ်ယောက်နဲ့တစ်ယောက် သိလိုက်ရတယ်။ ဒီပွဲလေးက တစ်ယောက်နဲ့တစ်ယောက် မိတ်ဆက်တဲ့ပွဲလေးပါပဲ။ ဒီပွဲကို Organize လုပ်တဲ့သူတွေထဲက တစ်ယောက်အနေနဲ့ တော်တော်အောင်မြင်တယ်လို့ ခံစားရပါတယ်။ ဒီပွဲကနေစပြီး ကျွန်တော်တို့က ဘာသာပေါင်းစုံက အဖွဲ့တွေနဲ့ထိတွေ့ပြီးတော့ ငြိမ်းချမ်းရေးအတွက် ဆောင်ရွက်နိုင်မယ်လို့ မျှော်လင့်တယ်။ နိုင်ငံတော်ကလည်း ဒီလိုပဲ လမ်းညွှန်ထားတယ်။ မတူညီတာတွေ စုပေါင်းပြီး မုန်းတီးမှုတွေ၊ အကြမ်းဖက်မှုတွေကို တားဆီးဖို့၊ ပပျောက်အောင်လုပ်ဖို့။ အများကြီး အစီအစဉ်တွေရှိပါတယ်။ ဒါတွေအားလုံး ပူးပေါင်းပြီး ဆောင်ရွက်ရမှာပါ။ အခုလောလောဆယ် တစ်ခုချင်း အသေးစိတ်တော့ မပြောပြနိုင်သေးပါဘူး။ အများကြီးတော့ ရှိပါတယ်။ ကျွန်တော်တို့ကတော့ တတ်နိုင်သလောက် volunteer တွေစုပြီးတော့ တွေ့ဆုံပွဲလေးတွေ ဆွေးနွေးပွဲလေးတွေ ဖြစ်လာအောင် organize လုပ်ပေးမယ်။ အဲဒီအတွက်လည်း ဆန္ဒရှိပါတယ်။ တစ်ခြားတော့ တစ်ယောက်နဲ့တစ်ယောက် မတူညီတာတွေကို ဘေးဖယ်ပြီး တူညီတာတွေကိုပဲ ဘုံ (common interest)အဖြစ် ယူပြီးတော့ ကျွန်တော်တို့ ဆောင်ပုဒ်ဖြစ်တဲ့ ‘ညီညွတ်ခြင်းမှသည် ငြိမ်းချမ်းရေးဆီသို့ (Unity for peace) ဒီဆောင်ပုဒ်လေးကိုပဲ ခေါင်းထဲထားပြီးတော့ လုပ်သွားကြဖို့ပါပဲ’ဟု ဖြေကြားခဲ့ပါသည်။

    ဆွေးနွေးပွဲတွင် ဆွေးနွေးခဲ့ကြသည့်ခေါင်းစဉ်များအား ထပ်မံဖော်ပြပါမည်။

    Microsoft Word - Declaration

  • အကြမ်းဖက်မှု တိမ်းရှောင်သူတချို့ နေရပ်ပြန်

    အောင်ရဲ မောင်မောင်
    ဗီအိုအေ မှ ကူးယူဖော်ပြသည်။
    05.04.2013

    59269_634927983199585_288436051_n
    Photo- Peace Cultivation Network – PCN

    ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက အကြမ်းဖက်မှုတွေကြောင့် နေရပ်စွန့်ခွာပြီး ရန်ကုန်ကို သွားရောက် ခိုလှုံနေကြတဲ့ မွတ်ဆလင် ဒုက္ခသည် အများစုကို ဒီကနေ့ မနက်အစောပိုင်းကပဲ သူတို့ရဲ့နေရပ်တွေဖြစ်တဲ့ မင်းလှ၊ အုတ်ဖို၊ ဇီးကုန်း၊ နတ်တလင်းမြို့တွေကို ပြန်ပို့ပေးနိုင်ခဲ့တယ်လို့ ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။
    နယ်မြေ လုံခြုံရေးအခြေအနေတွေ အတန်ငယ် အေးချမ်းသွားပြီလို့ ဆိုရနိုင်ပေမဲ့ ပဲခူးတိုင်း အနောက်ဘက်ခြမ်းမှာ ပုဒ်မ ၁၄၄ ကို မရုတ်သေးပါဘူး။ ဒါပေမဲ့ တားမြစ်ထားတဲ့ နာရီတွေကိုတော့ အနည်းငယ် လျှော့ချပေးလိုက်ပြီလို့ မင်းလှမြို့ခံတစ်ဦးက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန် အခြေစိုက် ဗွီအိုအေသတင်းထောက် ကိုအောင်ရဲမောင်မောင်က ပြောပြပေးမှာဖြစ်ပါတယ်။

    မကြာသေးခင်က ဘာသာရေးအသွင်ဆောင်တဲ့ ပဋိပက္ခတွေ ဖြစ်ပွားခဲတဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းမြို့တွေက ဒုက္ခသည် ၁၀၀ ကျော် ကို ရန်ကုန်ကနေ သူတို့နေရပ်တွေကို ဒီကနေ့မနက် အစောပိုင်းကပဲ ပြန်လည် ပို့ဆောင်ပေးနိုင်ခဲ့ပြီဖြစ်တယ်လို့လည်း ငြိမ်းချမ်းမှု တည်ဆောက်ရေး ကွန်ယက်က နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောပါတယ်။

    “မင်းလှ၊ အုတ်ဖိုက ဒုက္ခသည် တစ်ရာကျော်ကို သက်ဆိုင်ရာ အာဏာပိုင်တွေနဲ့ ဆွေးနွေးညှိနှိုင်းပြီးတော့ လုံခြုံ စိတ်ချစွာ ပြန်လည် ပို့ဆောင်ပေးခဲ့ပါတယ်။”

    ပဲခူတိုင်းဒေသကြီး အနောက်ခြမ်းက မွတ်ဆလင် လူမျိုးအများစုပါတဲ့ ဒုက္ခသည် ၁၀၀ ကျော်ကို သူတို့နေရပ်ကနေ ရန်ကုန်ကို ခေါ်လာပြီး အကူအညီတွေ ပေးနိုင်ဖို့ ဒေသခံတွေရဲ့ အုပ်ချုပ်ရေးအာဏာပိုင်တွေနဲ့ ညှိနှိုင်းမှုအတော်အများများ လုပ်ခဲ့ရတယ်လို့ ဦးထွန်းကြည်က ပြောပါတယ်။
    အဲဒီဒုက္ခသည်တွေကို နေရပ်ပြန်ပို့ဖို့အတွက် ပထမအသုတ်အနေနဲ့ လူ ၁၃ ဦးကို အရင် ပို့ဆောင်ပေးခဲ့ပြီးတော့ နယ်မြေတည်ငြိမ်မှုတွေကို လေ့လာစေခဲ့ပြီးတဲ့နောက်မှာ ကျန်တဲ့လူ ၁၀၀ ကျော်ကို ဒီကနေ့ မနက်အစောပိုင်းးမှာ ပဲခူတိုင်း အနောက်ခြမ်းက မြို့တွေကို ပြန်ပို့ခဲ့တာ ဖြစ်ပါတယ်။

    “ငြိမ်းချမ်းမှု တည်ဆောက်ရေးကွန်ယက်က ၂၈ ရက်မှာ သွားခေါ်တယ်။ သွားခေါ်ပြီးတော့ မြို့နယ် အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ တရားဝင် ခေါ်လာတယ်၊ တရားဝင် သူတို့ကို ပြန်ပို့မယ်ဆိုတဲ့အချိန်မှာ အထူးသဖြင့် မင်းလှက ဒေသဆိုင်ရာ အာဏာပိုင်တွေနဲ့ ညှိနှိုင်းပြီးတော့ ပထမခရီးအနေနဲ့ ၁၃ ယောက်ကို သွားပို့တယ်။ ၁၃ ယောက် သွားပို့တဲ့ အချိန်မှာလည်း နယ်မြေအေးချမ်းပါတယ်။ နယ်မြေလည်း တည်ငြိမ်နေပါတယ်။ ပတ်ဝန်းကျင်မှာရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကလည်း လှိုက်လှိုက်လှဲလှဲ ကြိုဆိုပါတယ်။ အပြုံးနဲ့ ကြိုဆိုပါတယ်။ အခုကတော့ ထပ်ပြီးတော့ ၁၀၀ ကျော်ကို ပို့တာပါ။ အဲဒါလည်း အဆင်ပြေ ချောမွေ့ပါတယ်။”

    နိုင်ငံရေးအကျဉ်းသားဟောင်း တစ်ဦးဖြစ်တဲ့ ဦးထွန်းကြည်က ပြောခဲ့တာပါ။

    အခုလို ဒုက္ခသည်အများစုရဲ့ မိသားစုတွေကို ကူညီပေးရေးအတွက် ၂၀၀၇ ရွှေဝါရောင်တုန်းက တက်ကြွ လှုပ်ရှားခဲ့တဲ့ နိုင်ငံရေး အကျဉ်းသား ဘုန်းတော်ကြီးတွေ ဦးဆောင်တဲ့ ရွှေဝါရောင်သံဃာတော်များ ကွန်ယက်နဲ့ ဘာသာပေါင်းစုံပါဝင်တဲ့ နိုင်ငံရေး အကျဉ်းသားဟောင်းတွေ၊ ဥပဒေပညာရှင်တွေ ပါဝင်ဖွဲ့စည်းထားတဲ့ ငြိမ်းချမ်းမှု တည်ဆောင်ရေး ကွန်ယက်တို့ကနေ ပူးပေါင်းပြီး ကူညီခဲ့တာဖြစ်ပါတယ်။

    မတ်လအတွင်း မိတ္ထီလာ အကြမ်းဖက်မှုတွေနဲ့ ဆက်စပ်ပြီးဖြစ်ပွားခဲ့တဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းက ဒုက္ခသည်တွေကို ရန်ကုန်က မင်္ဂလာတောင်ညွှန့် ၁၀၁ လမ်းထိပ်က ရောင်နတ်ဗလီဘေး ပုဂ္ဂလိက အဆောက်အအုံတစ်ခုမှာ နေရာပေးပြီး ကူညီတာတွေ ဆောင်ရွက်ပေးခဲ့တယ် လို့လည်း ငြိမ်းချမ်းမှုတည်ဆောက်ရေး ကွန်ယက်က ခေါင်းဆောင်ပိုင်း တာဝန်ရှိသူတွေက ပြောပါတယ်။

    မိတ္ထီလာမြို့မှာ ထိခိုက်သေဆုံးမှုတွေ ကြုံခဲ့ရတဲ့အထိ ဆူပူမှုတွေ ဖြစ်ခဲ့ပြီးနောက် ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်း၊ ဒေသ အတော်များများမှာလည်း ဘာသာရေး အသွင်ဆောင် အကြမ်းဖက်မှုတွေ ဆက်တိုက် ဖြစ်ပွားခဲ့ပါတယ်။

    အဲဒီလို ဖြစ်ပွားခဲ့တာကြောင့် အရေးပေါ် အခြေအနေ ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့ပြီး တည်ငြိမ်အောင်အခြေအနေတွေကို ထိန်းခဲ့ရတာလည်း ဖြစ်ပါတယ်။
    လက်ရှိအချိန်မှာတော့ နယ်မြေဒေသ အနည်းငယ် တည်ငြိမ်လာပြီး ဈေးဆိုင်တွေလည်း အတော်များများ ပြန်ဖွင့်လာနိုင်တာကြောင့် အာဏာပိုင်တွေက ထုတ်ပြန်ထားတဲ့ ပုဒ်မ ၁၄၄ ကို အချိန်အနည်းငယ် လျှော့ပေးလိုက်တယ်လို့လည်း မင်းလှဒေသခံလည်းဖြစ်၊ မင်းလှမြို့ ပေါ်က တိုင်တရာဗလီရဲ့ ဥက္ကဋ္ဌလည်းဖြစ်တဲ့ ဦးစံလှက ပြောပါတယ်။

    “အခုတော့ အေးချမ်းတာပေါ့ဗျာ။ အခုတော့ အားလုံး ကိုယ့်အိမ်အသီးသီး သွားနေကြပြီ။ ဆိုင်တွေ ဘာတွေလည်း ပြန်ဖွင့်နေကြပါပြီ။ လုံခြုံရေးကတော့ ညပိုင်းပဲ ကင်းလှည့်တဲ့ သဘောရှိတယ်။ နေ့ခင်း၊ နေ့လည်ကတော့ ဘာမှ သိပ်မတွေ့တော့ပါဘူး ခင်ဗျ။ အခြေအနေကတော့ အေးချမ်းပါတယ်။ ပုဒ်မ ၁၄၄ ကိုလည်း လျှော့ထားပါတယ်။ ည ၁၀ နာရီက မနက် ၄ နာရီ။”

    မိတ္ထီလာနဲ့ ပဲခူးတိုင်းဒေသကြီး အနောက်ခြမ်းဒေသတွေမှာဆူပူမှုတွေအပြီး အကြမ်းဖက်သူ (၆ဂ) ဦးကို အာဏာပိုင်တွေက ဖမ်းဆီးထားပြီး လိုအပ်သလို အရေးယူ ဆောင်ရွက်နေတယ်လို့လည်း ပြည်ထဲရေး ၀န်ကြီးဋ္ဌာနက သတင်းထုတ်ပြန်ထားပါတယ်ခင်ဗျာ။