News @ M-Media

Blog

  • သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    သင်္ကန်းကျွန်းမှ မသင်္ကာဖွယ် လူ(၃)ဦး ရဲစခန်းမှ ဖမ်းဆီး

    ဧပြီ ၁၊ ၂၀၁၃
    M-Media
    သုတ

    ရန်ကုန် ။ ။ ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်တွင်း ရောက်ရှိလာသော မျက်နှာစိမ်း လူ(၃)ယောက်ကို မသင်္ကာဖွယ်တွေ့ရှိရ၍ ယခုမနက်အစောပိုင်း ၂-နာရီခန့်က ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးလိုက်ကြောင်း သတင်းရရှိသည်။

    ဖြစ်စဉ်မှာ – သင်္ကန်းကျွန်းမြို့နယ် (ခ) ရပ်ကွက်အတွင်းတွင် ယမန်နေ့ မတ်လ ၃၁-ရက်ညပိုင်းက လူစိမ်း (၅)ယောက်ခန့် ၀င်ရောက်လာကြောင်းသိရ၍ လုံခြုံရေးကို တိုးမြှင့်ချထားလိုက်ကြောင်း၊ ဧပြီလ ၁-ရက်နေ့ မနက်အစောကြီး ၂-နာရီခန့်တွင် သင်္ကန်းကျွန်းဘူတာနှင့် နှင်းဆီကုန်း ဘူတာအကြားတွင် လူ(၃)ယောက်ကိုရဲများမှ ဖမ်းဆီးပြီးစစ်ဆေးရော လက်ဆွဲအိတ်တစ်လုံးနှင့် အတွင်းမှ ဓါးတိုတစ်ချောင်း၊ ဂတ်စ်မီးခြစ် (၃)ခုတွင်ပူးတွဲချည်ထားသော ဖယောင်းတိုင်တစ်တိုင်နှင့် ပုဆိုးတစ်ထည်တို့ကို တွေ့ရှိရကြောင်း၊ ယင်းအတွက် ဘူတာနှစ်ခုကြားသည် လူသွားလူသာ သိပ်မရှိသောနေရာဖြစ်ပြီး၊ ညပိုင်းအချိန်တွင် မသင်္ကာဖွယ်တွေ့ရှိရ၍ သင်္ကန်းကျွန်းမြို့နယ် ရဲတပ်ဖွဲ့ဝင်များမှ ဖမ်းဆီးထားခြင်းဖြစ်ကြောင်း သိရသည်။

  • မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    မန္တလေးမြို့တွင်း ဆူပူရမ်းကားမှုတွင် ပါဝင်သူများအား ဖမ်းဆီးထား

    ဧပြီ ၁၊ ၂၀၁၃၊
    M-Media
    ပြည့်ပြည့်

    ဧပြီလ ၁-ရက်နေ့ ည(၁-နာရီ ၁၅-မိနစ်)အချိန်ခန့်တွင် မန္တလေးမြို့၊ မဟာအောင်မြေမြို့နယ်၊ ၃၇လမ်း၊ ၇၄x၇၅ လမ်းကြားတွင် လူတစ်စုသည် ရပ်ထားသော ကားမှန်များရိုက်ခွဲပြီး ဆူပူရမ်းကားခဲ့သောကြောင့် ရဲစခန်းမှ ဖမ်းဆီးထားပြီး ဥပဒေအရ ပုဒ်မများဖြင့် တရားစွဲဆိုထားကြောင်း သတင်းရရှိသည်။

    မနေ့ညက ဖြစ်ပွားခဲ့သော ဖြစ်စဉ်မှာ မူးရစ်သောက်စားရမ်းကားရာမှ ဆူပူမှုဖြစ်သောကြောင့်၊ ယခုအခါ မဟာအောင်မြေမြို့နယ် အမှတ်(၉)ရဲစခန်းနှင့် ချမ်းမြသာစည်မြို့နယ် အမှတ်(၁၀)ရဲစခန်းတို့မှ တိုင်ချက်ဖွင့်ကာ အရေးယူပြီး အမှတ်(၉)ရဲစခန်းတွင် ဖမ်းဆီးထိန်းသိမ်းထားကြောင်းသိရသည်။ မူးရစ်ရမ်းကားသော လူစုသည် (၁၀)ယောက်အဖွဲ့ဖြစ်ပြီး မနေ့ညဖြစ်ပွားစဉ်တွင် (၅)ဦးကို ချက်ချင်းဖမ်းမိပြီး ယနေ့မနက်ပိုင်းတွင် (၃)ဦးကို ထပ်မံဖမ်းဆီးထားကြောင်း၊ ယင်း မူးရစ်ရမ်းကားသူ (၈)ဦးတွင် အမှတ်(၉)ရဲစခန်းမှ ရဲတပ်သားတစ်ဦးလည်း အပါအ၀င်ဖြစ်ကြောင်း၊ ယခုအခါ ယင်းသူတို့အား ပုဒ်မ ၂၉၄၊ ၄၂၇၊ ၅၀၄၊ ၁၁၄ တို့ဖြင့် အမှုဖွင့်အရေးယူထားကြောင်းလည်း သိရသည်။

    ယင်းဖြစ်စဉ်နှင့်စပ်လျဉ်း၍ နီးစပ်သူတစ်ဦးအား ဆက်သွယ်စုံစမ်းရာ “မနေ့ညက ဖြစ်သွားတာက မူးဆူမှုပါ။ သူတို့က အရက်သောက်ပြီး မူးရစ်ရမ်းကားကြတာပါ။ သူတို့ စဖြစ်လာတာက မန္တလေး ကန်တော်ကြီးဘက်မှာ စဖြစ်လာပါ။ သူတို့အဖွဲ့ (၁၀)ယောက်လောက်ရှိတယ်။ ဘုရားကြီး ၄၅-တာထောင့်မှာ ကင်းတာဝန်ချနေတဲ့ ကင်းသမားကိုရိုက်လိက်တာ ခေါင်းသမားလည်း ခေါင်းကွဲသွားတယ်။ အဲဒီကနေပြီး ၃၇-လမ်း၊ ၇၄x၇၅ လမ်းကြားထဲလည်းရောက်ရော ကားမှန်ကို ရိုက်ခွဲတယ်။ အဲဒီမှာ ရပ်ကွက်ကနေ ၀ိုင်းဖမ်းလိုက်တာ။ ရပ်ကွက်က ချက်ချင်း ဖမ်းမိတာ(၅)ယောက်၊ အဲဒီ ၅-ယောက်မှာ အမှတ်(၉)ရဲစခန်းက ရဲသားတစ်ယောက်လည်းပါနေတယ်။ အခုမနက်မှ ထပ်ပြီးဖမ်းမိတာက (၃)ယောက် စုစုပေါင်း (၈)ယောက်တော့ ဖမ်းမိထားပြီ။ ၄၅-တာ ထောင့်မှာဖြစ်ခဲ့တာက ချမ်းမြသာစည်အပိုင်ဆိုတော့ အမှတ်(၁၀)ရဲစခန်းက အမှုဖွင့်တယ်၊ ဒီ ၃၇-လမ်းမှာဖြစ်တာက မဟာအောင်မြေအပိုင်ဆိုတော့ အမှတ်(၉)ရဲစခန်းက အမှုဖွင့်တယ်။ ဖမ်းထားတာတော့ အမှတ်(၉)ရဲစခန်းမှာ ဖမ်းထားတယ်။ ဒီလူတွေက တမင် မီးရှို့ဖို့လုပ်တာ မဟုတ်ဘူးလို့ ထင်ပါတယ်။ သက်သက်မဲ့ မူးပြီး ရမ်းကားတာပါ။ ညက ဖမ်းမိတော့ ရပ်ကွက်က စိုးရိမ်ကြတယ်။ ရဲသားတစ်ယောက်ပါနေတယ်ဆိုတော့ အဲဒီအမှုကို လျော်ပစ်လိုက်တာမျိုးဖြစ်သွားမှာ၊ မသိချင်ယောင်ဆောင်လိုက်မှာကို စိုးနေတာ။ ဒါပေမယ့် အခုတော့ ဥပဒေအတိုင်း ဆက်လုပ်နေတယ်။”လို့ M-Media ကို ပြောပြလာပါတယ်။

  • မမေးလည်းဖြေ(၁၅)- ဟလာလ် အစားအစာ ဆိုတာ ဘာလဲ ? သိပ္ပံရှုထောင့်မှ သုံးသပ်ရအောင်…

    ဧပြီ ၁ ၊ ၂၀၁၃

    Translated by Shaheen Ansari

     

    halal

    ဘိုဘို – သူငယ်ချင်း မင်းတို့မွတ်စလင်တွေပြောနေတဲ့ ဟလာလ် နဲ့ ဟရာမ်ဆိုတာ ဘာလဲ? ဘာကြောင့် ဒီလောက်အရေးတယူစဉ်းစားလိုက်နာတာလဲ?

    မောင်မောင် -အေး သူငယ်ချင်း ငါရှင်းပြမယ်။ “ဟလာလ်” ဆိုတာ “ခွင့်ပြုထားခြင်း” ၊ “ဟရာမ်” ဆိုတာ “တားမြစ်ထားခြင်း”လို ရိုးရှင်းတဲ့ အဓိပ္ပါယ်ရတယ်။ ခွင့်ပြုထား၊ တားမြစ်ထားတဲ့အရာတွေကိုတော့ ကျမ်းမြတ်ကုရ်အာန်** က နှစ်ပေါင်း ၁၄၀၀ ကျော်အရင်ကတည်းက ဖော်ပြထားတယ်။
    **ကျမ်းမြတ်ကုရ်အာန်= တစ်ပါးတည်းသော ဖန်ဆင်းရှင်မှချပေးသော လူသားတို့အတွက် လမ်းညွန်ကျမ်း။

    ဘိုဘို – ငါ့ကို ဥပမာ တစ်ခုလောက်ပြောပြမလား ?

    မောင်မောင် – ကောင်းပြီ သူငယ်ချင်း။ ဥပမာတစ်ခုပြောရရင် အစားအသောက်နဲ့ပတ်သက်လို့ ကျမ်းမြတ် ကုရ်အာန်မှာ ယုံကြည်သူတွေကို သွေးနှင့်သွေးခဲအမျိုးမျိုးကို စားသုံးခြင်းမှ တားမြစ်ထားတယ်။ ယခုအခါ သိပ္ပံနည်းကျစမ်းသပ် လေ့လာကြည့်တဲ့အခါ တိရိ စ္ဆာန်တွေရဲ့သွေးမှာ လူတွေရဲ့ကျန်းမာရေး ထိခိုက်စေတဲ့ ယူရစ်အက်ဆစ် အများအပြားပါဝင်ကြောင်းသိရတယ်။ ဒါကို သူငယ်ချင်းလည်း သိမှာပါ။

    ဘိုဘို – အေး မင်းပြောတာမှန်တယ်။ ဒီ ယူရစ်အက်ဆစ်ဟာ လူသားတွေအတွက် အဆိပ်အတောက်ဖြစ် စေလို့ ခန္ဓာကိုယ်မှာရှိတဲ့ အဲဒီ အက်ဆစ် ၉၈% ကို ကျောက်ကပ်ကစစ်ထုတ်ပြီး ကျင်ငယ်အဖြစ် ဖယ်ရှား ပေးတယ်ဆိုတာ ငါသိတယ်။

    မောင်မောင် – ဒါပေမဲ့ လူခန္ဓာကိုယ်မှာ အဲဒီ အက်ဆစ်တွေ အရမ်းများသွားရင် တော့ ကျောက်ကပ်ပါပျက်စီး နိုင်တယ်။ အခု အစ္စလာမ်က ခွင့်ပြုထားတဲ့ လူတွေရဲ့ကျန်းမာရေးအတွက်ကောင်းတဲ့ သားသတ်နည်းကို ဗဟုသုတအနေနဲ့ မျှဝေပေးမယ်နော်။

    မောင်မောင် – ပထမဆုံး သားသတ်ရာမှာ သုံးတဲ့ ဓါးဟာ အရမ်းထက်ရမယ်။ သားသတ်ရာမှာလည်ပင်းမှ Jugular vein သွေးကြောကို တစ်ပါးတည်းသော ဖန်ဆင်းရှင်ရဲ့ နာမတော်ဆိုပြီး မြန်ဆန်စွာ ဖြတ်ရမယ်။ နာမတော်ဆိုပြီး ဦးနှောက်မှ နှလုံးသို့သွားတဲ့ သွေးကြောကို မြန်ဆန်စွာ တချက်တည်းဖြတ်ခြင်းဖြင့် နာကျင်မှု အာရုံဟာ ဦးနှောက်သို့မရောက်တော့ဘူး။ တိရိ စ္ဆာန်မှာ နာကျင်မှုမခံစားရတော့ဘူး။ အဲဒီ သွေးကြောကနေ ကြွက်သားမှသွေးများ သွန်ထွက်လာတဲ့အတွက်ကြွက်သားများလျော့ပြီး ကြုံ့လာလို့ တိရ စ္ဆာန်ရဲ့ခန္ဓာကိုယ်ရုန်းကန်တုန်ခါနေတာ တွေ့ရမယ်။ အဲဒီ တိရ စ္ဆာန်မှာ နာကျင်မှုခံစားရ/မရကို ဂျာမန်သုတေသီအဖွဲ့က လေ့လာခဲ့ကြတယ်။

    ဘိုဘို- အဲဒါ ဘယ်လိုလေ့လာကြလဲ?

    မောင်မောင် – ဂျာမနီရဲ့ ဟန်နိုဗာ တက္ကသိုလ်မှ ပရိုဖက်ဆာ Wihelm Schulze နှင့် ဒေါက်တာ Hazim တို့က ဒီအကြောင်းအရာကို သုတေသနစစ်ဆေးခဲ့ကြတယ်။

    ဘိုဘို – ဟုတ်လား? အသေးစိတ်ပြောပြ မလား သူငယ်ချင်း ?

    မောင်မောင် – ရပါတယ်။ သူတို့က သားသတ်ရာမှာသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းများ (Captive Bolt Pistol Stunning) နှင့် အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်း ကို စစ်ဆေးသုတေသနပြုခဲ့တယ်။ သားသတ်ရာမှာ သမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းတွေဟာ တိရ စ္ဆာန်မှာ နာကျင်မှုကို ပြင်းပြင်း ထန်ထန်ခံစားရပြီး အစ္စလာမ်က ခွင့်ပြုထားတဲ့ သားသတ်နည်းက နာကျင်မှုကင်းမဲ့နေတာကို တွေ့ရှိခဲ့ရတယ်။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်း စမ်းသပ်သုတေသနပြုရာမှာ ဒီလိုအဆင့်ဆင့်လုပ်ခဲ့တယ်။

    ၁) သားသတ်ပြီး ပထမသုံးစက္ကန့်မှာရတဲ့ EEG Graph ဟာ မသတ်ခင်ကအတိုင်းဘဲ ပြောင်းလဲမှု မရှိတာတွေ့ရတယ်။ ဒါဟာ သားကောင်ရဲ့ လည်သွေးကြောဖြတ်စဉ်နှင့် ဖြတ်ပြီးစအချိန်မှာ နာကျင်မှု တစ်စုံတစ်ရာမရှိကြောင်း ဖော်ပြနေပါတယ်။

    ၂)နောက်သုံးစက္ကန့်ကြာမှာတော့ EEG ရဲ့ဖော်ပြချက်အရ သားကောင်ဟာ သတိလစ်မေမျောမှု အခြေအနေသို့ လုံးဝရောက်ရှိနေပါတယ်။ ဒါဟာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံး သွေးများ ဒလဟောထွက်နေတာကြောင့် ဖြစ်တယ်။

    ၃)အထက်ဖော်ပြတဲ့ ခြောက်စက္ကန့်အကြာမှာတော့ EEG မှ သုညအမှတ်သို့ပြနေတယ်။ဒါဟာနာကျင်မှု လုံးဝမရှိတာကို ပြနေတယ်။

    ၄)အဲဒီလို သားကောင်ရဲ့ ဦးနှောက်မှရရှိသော သတင်း (EEG) သုညအမှတ်သို့ရောက် ရှိသည့်တိုင်အောင် သားကောင်ရဲ့နှလုံးဟာတုန်နေဆဲဖြစ်နေပြီး ခန္ဓာကိုယ်၏ကြွက်သားများ ကျုံ့ပြီး ပိုမိုလှုပ်ရွလာတယ်။ (a reflex action of the spinal cord)
    အဲဒီအချိန်မှာ သားကောင်ရဲ့ခန္ဓာကိုယ်တစ်ခုလုံးမှ သွေးများအများဆုံးထွက်ချိန်ဖြစ်ပြီး သန့်ရှင်းလတ်ဆက် သော အသားကိုရရှိစေပါတယ်။

    ဘိုဘို- ဒါပေမယ့် ဒီလိုဘာကြောင့်ဖြစ်ရသလဲ?

    မောင်မောင် -ငါသူုငယ်ချင်းကိုပြောပြဖို့ တစ်ခုမေ့ကျန်ခဲ့တယ်။ အဲဒါက သားကောင်ရဲ့ လည်ပင်းက သွေးကြော Jujular Vein ကိုဖြတ်တောက်လိုက်ပေမဲ့ အခြားအင်္ဂါအစိတ်အပိုင်းတွေနဲ့သွေးကြောတွေကို မထိခိုက်ဘူး ဆိုတာပဲ။

    ဘိုဘို -ဒါဟာ အံ့သြစရာပဲ။

    မောင်မောင် – ဟုတ်တယ် သူငယ်ချင်း။ အခြားသမရိုးကျ ရိုက်နှက်သတ်ဖြတ်နည်းကတော့ အခြားအင်္ဂါအစိတ်အပိုင်း တွေဖြစ်တဲ့ နှလုံး၊ အသဲ ၊ ဦးနှောက် စသဖြင့်တို့ကို ပျက်စီးစေပြီး သားကောင်ဟာလည်း ချက်ချင်း နာကျင်မှုခံရပြီး သေဆုံးသွားတယ်။ သွေးတွေကလဲသွေးကြောတွေထဲမှာ ကျက်သွားတယ်။ပြီးတော့ အသားထဲအထိသွေးတွေပျံနှံစေတယ်။ ဒီလိုကြောင့် အသားထဲကို ယူရစ်အက်ဆစ်တွေရောက်ပြီး ညစ်ညမ်းစေတယ်။အဆိပ်အတောက်ဖြစ်နိုင်တယ်။ ယခုလို သိပ္ပံပညာတိုးတက်လာတော့မှ သုတေသီပညာရှင်တွေက ဒါကိုသိလာကြတာ။

    ဘိုဘို – အခုတော့ ငါသိပြီ။ အစ္စလာမ်က ပြဠာန်း ခွင့်ပြုထားတဲ့ သားသတ်နည်းဟာ တိရိ စ္ဆာန်တွေ ကိုယ်က သွေးကိုလုံးဝစီးထွက်စေပြီး အခြာအစိတ်အပိုင်းတွေကို မညစ်ညမ်းစေဘူး။ ဒါကြောင့်လူသားတွေအတွက် သင့်လျော်ဆုံးဖြစ်တယ်။ တိရိ စ္ဆာန်လည်း နာကျင်မှုမခံစားရဘူး။

    Reference

    Deutoche Tieraerztkucge Wocheschrift (German Veterinary Weekly), Volume 85 (1978), pages 62-66.
    English Translated by Dr. Sahib M. Bleher,Dip Trans MIL.

    Burmese Translated by Shaheen Ansari

  • OIC မှ မြန်မာနိုင်ငံ၏ အကြမ်းဖက်ကိစ္စှကို လုံခြုံရေးကောင်စီနှင့် လူ့အခွင့်အရေးကောင်စီသို့အရေးဆို တင်သွင်းမည်

    မတ်လ ၃၁ ၊ ၂၀၁၃ ခုနှစ်၊
    M-Media

    Ekmeleddin Ihsanoglu2
    အိုအိုင်စီအကြီးအကဲ Prof. Ekmeleddin Ihsanoglu

    အစ္စလာမ့်ရေးရာပူးပေါင်းဆောင်ရွက်မှုအဖွဲ့-OIC ( The Organization of Islamic Cooperation ) ၏ အဖွဲ့ဝင်နိုင်ငံဝန်ကြီးများသည် ဧပြီလ ၁၄ ရက်တွင် ဆော်ဒီအာရေဗျ၌ တွေ့ဆုံ၍ မြန်မာနိုင်ငံမှ မွတ်စ်လင်မ်ဆန့်ကျင်ရေး အကြမ်းဖက်မှုကိစ္စကို ဆွေးနွေးကြမည် ဟု အိုအိုင်စီအကြီးအကဲမှ ကြေငြာလိုက်သည်။

    မတင်မကျဖြစ်နေဆဲပြဿနာများကို လိုအပ်သည့် အရေးယူဆောင်ရွက်မှုများဖြင့် ထိရောက်စွာပြုလုပ်သွားရန် အသင့်ဖြစ်နေပြီဟု ပရော်ဖက်ဆာ Prof. Ekmeleddin Ihsanoglu မှ ပြောကြားသည်။ Prof. Ekmeleddin Ihsanoglu သည် အစွန်းရောက် ဘာသာရေးသမားများနှင့် နှင့် အမုန်းပွားဆောင်ရွက်နေမှုတို့ကိုသာမက မျိုးဖြုတ်ရှင်းလင်းမှုကိုလည်း အဆုံးသတ်လိုက်ပါရန် မြန်မာအစိုးရအား တိုက်တွန်းလိုက်သည်။ လွန်ခဲ့သည့် ၁၀ ရက်ကျော်အတွင်း မြန်မာနိုင်ငံ အလယ်ပိုင်းဒေသ အကြမ်းဖက်မှု၌ သေဆုံးသူ ၄၃ ဦး၊ အိုးအိမ်အဆောက်အဦ ၁၃၀၀ အထက် ပျက်စီးဆုံးရှုံးခဲ့ရသည်ဟု မြန်မာနိုင်ငံပိုင်မီဒီယာမှ ယမန်နေ့တွင် တင်ပြခဲ့သည်။

    “ မြန်မာနိုင်ငံမှာဖြစ်ပွားနေတဲ့ မွတ်စ်လင်မ်များအပေါ် ဘာသာရေးအရ နှိပ်ကွပ်ညှင်းပန်းမှု အဆုံးသတ်ရေးအတွက် အဖြေတစ်ရပ်ရှာနိုင်အောင် OIC အနေနဲ့ လုံခြုံရေးကောင်စီ နဲ့ လူ့အခွင့်အရေးကောင်စီကို တင်သွင်းဖို့ရှိပါတယ်။ OIC ဖက်က မြန်မာအာဏာပိုင်များနှင့် ဆက်သွယ်ဖို့ကြိုးစားတာ အရာမရောက်ခဲ့ပါဘူး။ မြန်မာပြည်ကို OIC အထွေထွေအတွင်းရေးမှူးချုပ် Ekmeleddin Ihsanoglu ဦးဆောင်ပြီး အဖွဲ့ဝင်နိုင်ငံ ၀န်ကြီးများစွာပါဝင်သော အထူးကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ စေလွှတ်ဖို့ အီဂျစ်က အဆိုပြုထားပေမယ့်လည်း ဒီအစီအစဉ်ကို ရွှေ့ဆိုင်းလိုက်ပြီဖြစ်ပါတယ်။ လွန်ခဲ့တဲ့နှစ်က ရခိုင်ပြည်နယ်က မွတ်စ်လင်မ်တွေ အတွက် ကယ်ဆယ်ထောက်ပံ့ရေးရုံး တစ်ခု မြန်မာနိုင်ငံမှာ ဖွင့်လှစ်နိုင်ဖို့ OIC က ကြိုးပမ်းခဲ့ပါတယ်။ ဒါပေမယ့် အစွန်းရောက် ဗုဒ္ဓဘာသာဝင်များက ဒီကြိုးပမ်းမှုကို ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ် ” ဟု OIC အရာရှိတစ်ဦးမှ Arab News သို့ ပြောကြားလိုက်သည်။

    “ အကြမ်းဖက်မှုဟာ မြန်မာနိုင်ငံက မွတ်စ်လင်မ်အားလုံးဆီကို ပစ်မှတ်ထားပြီး ကျယ်ပြန့်သွားတယ်။ မကြာသေးမီကဖြစ်ပွားခဲ့တဲ့ မြန်မာပြည်အလယ်ပိုင်း အကြမ်းဖက်ဖျက်ဆီးမှုကြီးက ဘာသာရေး နှိပ်ကွပ်ညှင်းဆဲမှုဖြစ်ကြောင်း အတည်ပြုလိုက်တာပါဘဲ ” ဟုလည်း ဖြည့်စွက်ပြောဆိုသွားသည်။

    ကမ္ဘာ့ကုလသမဂ္ဂမှအထူးကိုယ်စားလှယ်ဖြစ်သူ သောမတ်စ် အိုဂျေး ကင်တားနား ၏ မြန်မာနိုင်ငံလူ့အခွင့်အရေး အစီရင်ခံစာမှ မှတ်ချက်များကို သောကြာနေ့တွင် မြန်မာနိုင်ငံက အပြင်းအထန် ပယ်ချခဲ့သည်။ အကြမ်းဖက်လုပ်ရပ်အချို့၌ အစိုးရပိုင်းမှ ပါဝင်ပတ်သက်သည့် အချက်အလက်များ ရရှိထားပြီဟု ကင်တားနားမှ တင်ပြလိုက်ခြင်းဖြစ်သည်။

    အစွန်းရောက် ဗုဒ္ဓဘာသာဝင်သူတို့သည် မြန်မာပြည်အလယ်ပိုင်းတစ်ခွင်၌ မတ်လ ၂၀ ရက်ကတည်းက တောက်လျှောက် ကျူးကျော်ဖျက်ဆီးခဲ့ကြရာ အချို့ဒေသများတွင် အစိုးရမှ အရေးပေါ်ဥပဒေနှင့် ကာဖျူးအမိန့်ထုတ်ပြန်ရသည် အထိ ဖြစ်ခဲ့သည်။ ရခိုင်ပြည်နယ် အနောက်ပိုင်း၌ လွန်ခဲ့သည့်နှစ်က ဖြစ်ပွားခဲ့သော ဗုဒ္ဓဘာသာဝင်နှင့် မွတ်စ်လင်မ်တို့အကြားရှိ ပြဿနာကြောင့် အနည်းဆုံး လူ ၁၈၀ ဦး သေကြေခဲ့ရပြီး ရွှေ့ပြောင်းခံဦးရေမှာ တစ်သိန်းတစ်သောင်း မက ရှိခဲ့ရလေသည်။

  • ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် Sydney မြို့ရှိ Burmese Muslims Association အဖွဲ့ တွေ့ဆုံဆွေးနွေး

    မတ်လ ၂၉ ၊ ၂၀၁၃

    M-Media

     

    shwe man

    ပြည်သူလွှတ်တော် ဥက္ကဋ္ဌ သူရဦးရွှေမန်းနှင့် Sydney မြို့ရှိ Burmese Muslims Association အဖွဲ့ လက်ရှိမြန်မာနိင်ငံတွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှုများနှင့်ပတ်သက်ပြီး မတ်လ ၂၉ ရက် မနက် ၁၀ နာရီတွင် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရှိရပါသည်။ ထိုသို့တွေဆုံရာတွင် သူရဦးရွှေမန်းပြောကြားခဲ့သည့် အသံဖိုင်နှင့် Burmese Muslims Association မှ ထုတ်ပြန်ကြေငြာခဲ့သည့် သတင်းထုတ်ပြန်ချက်အောက်တွင် နားဆင် ဖတ်ရှု့နိုင်ပါသည်။

     

    အဲဒီမှာမှ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးမှာမှ အဓိကအကျဆုံးက နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ အဲဒီ နိုင်ငံသားများရဲ့ မူလအခွင့်အရေးကိုသာ ပေးတယ်ဆိုလို့ရှိရင် ခုနက ရှေ့သွားမယ့် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးဆိုတာက ဆက်ပြီးတော့ ဆောင်ရွက်လို့ ရနိုင်မယ့် အနေအထားရှိတယ်။ ဒီနေ့ မြန်မာနိုင်ငံမှာဖြစ်ပေါ်နေတဲ့ အနေအထားပေါ်မူတည်ပြီးတော့ နိုင်ငံသားဖြစ်နေပါလျက်နဲ့ ဘာသာရေး သို့မဟုတ် အခြားကိုအကြောင်းပြုပြီးတော့ အခုလိုဖြစ်ခြင်းသည် မကောင်းပါဘူး။ မသင့်မြတ်ပါဘူး။ ဒါ့ကြောင့်မိုလို့ ဒီကိစ္စနဲ့ ပက်သက်ပြီးတော့ ကျွန်တော်တို့ အဓိကထား ပူးပေါင်းဆောင်ရွက်ရမယ့် ကိစ္စလေးတွေရှိပါတယ်။ နောက် ဒေါ်အေးလည်း ပြောသွားတာလေးတွေရှိပါတယ်။ သတင်းထဲမှာ ပေါ်လာတယ်။ သမ္မတကြီးရယ်၊ ဒေါ်စုကြည်ရယ် ကျွန်တော်ရယ် ဆွေးနွေးခဲ့တယ်ဆိုတာနဲ့ပက်သက်ပြီး။ အခုဒီထဲမှာပါတာ ၆ ချက်လောက်ရှိတယ်ထင်ပါတယ်။ အဲဒါကတော့ အစိတ်အပိုင်းတစ်ခုပဲ ဖြစ်တာပေါ့။ ဒီထက်မက ကျွန်တော်တို့ ၂၁ ရက်နေ့က သမ္မတကြီးသည် သြစတေးလျက ၂၀ ရက်နေ့ပြန်ရောက်တယ်။ ၂၁ ရက်နေ့ညနေမှာ ကျွန်တော်တို့ ဆွေးနွေးကြပါတယ်။

    ဘယ်အတွက်လဲ။ တိုင်းပြည်အတွက် အများအတွက်။ ပြောမယ်ဆို ဥပဒေစိုးမိုးရေးအတွက်။ အဲဒီအထဲမှာ မိတ္ထီလာမှာဖြစ်နေတဲ့ကိစ္စတွေ၊ ကျွန်တော်တို့ ဘယ်လိုမှ စိတ်ထဲမှာ ခံစားလို့မရဘူး။ သမ္မတကြီးက ဒီမှာရောက်နေတယ်။ ကျနော်တို့ဟိုမှာတွေ့တယ်။ ဆွေးနွေးကြတယ်။ ဆွေးနွေးတာတော့ တော်တော်များပါတယ်။ ဒါပေမယ့် ဆွေးနွေးတယ်ဆိုတာလောက်ပဲ ကျွန်တော် ဒီမှာပြောပါရစေ။ အဲဒါကြောင့်မို့လို့ ခုနက ဒေါ်အေးတို့ကိုပြောပါတယ်။ ဒေါ်အေးတို့နောက်က ကျွန်တော့်မိတ်ဆွေတွေကိုလည်း ပြောပါတယ်။ ဟို…. တိုင်းရင်းသားတွေ တိုင်းရင်းသားဆိုတဲ့ဟာ ခဏထား။ အမျိုးသား၊ အမျိုးသားဆိုတာ နေရှင်နယ်၊ နေရှင်နယ်ဖြစ်တဲ့အတွက် ခုနက နိုင်ငံသားဖြစ်တဲ့အတွက် နိုင်ငံသားများရဲ့ အခွင့်အရေးကို အားလုံးတန်းတူ ညီတူရဖို့လည်းလိုပါတယ်။ အခုလိုဖြစ်တဲ့အတွက် ကျွန်တော်လည်း စိတ်မကောင်းဘူး။ ကျွန်တော်တို့ငယ်ငယ်တုန်းက အခုလို အသုံးအနှုန်းတွေမသုံးဘူး။ မှတ်မိတာ။ ကျွန်တော်တို့မြို့လေးမှာ မြန်မာမွတ်စလင်၊ ဒါပေမယ့် ဗမာမွတ်စလင်ကျောင်းဆိုပြီးတော့ မူလတန်းကျောင်းလေးရှိတယ်။ အဲဒီမှာ ကျွန်တော်တို့ ဒီကျောင်းလေးဟာ ဘယ်မှာလဲဆိုရင် မွတ်စလင်ရပ်ကွက်ထဲမှာရှိတယ်။ အဲတော့ ဗမာမွတ်စလင်။ ပြီးတော့ ကျွန်တော်တို့ရဲ့ အိမ်ဘေးတွေမှာလည်း မြန်မာမွတ်စလင်တွေရှိတယ်။ သူတို့ အစ်လုပ်လို့ရှိရင်သွားစား။ နောက်တခါ ကိုယ့်အလှူလည်း ဒီလူတွေလာ။ အနေအထားမျိုးတွေရှိတယ်။ အဲဒီတော့ ဘာမှ ဒီလိုအနေအထားမျိုးတွေ၊ သွေးကွဲတာမရှိဘူး။

    ဒါပေမယ့် ဒီနေ့ကျတော့ တဖြည်းဖြည်း ဒီလိုဖြစ်လာတယ်။ ဖြစ်လာတဲ့အခါမှာ စနစ်တကျ ဒီလိုဖြစ်အောင်ပဲ ဘယ်သူကလုပ်နေလဲ ဘာကြောင့်ဖြစ်လဲဆိုတာ ကျွန်တော်တို့လည်း ခုနက လေ့လာပြီးတဲ့အခါမှာ ဒီလိုမျိုးမဖြစ်အောင် ဆက်လုပ်ဖို့။ တကယ်တမ်းကျတော့ အဲဒီဖြစ်တဲ့ ပုဂ္ဂိုလ်အဖွဲ့အစည်းတင် အဲဒီဒေသမှာ နာတာမဟုတ်ဘူး။ တိုင်းပြည်သိပ်နာတယ်။ ရခိုင်ပြည်မှာဖြစ်တယ်။ သာမန်အားဖြင့်တော့ ရခိုင်ဒေသမှာနေကြတဲ့ လူထုပဲနာတယ်လို့ထင်ကြတယ်။ မဟုတ်ဘူး။ တစ်နိုင်ငံလုံးနာတာ။ ဖြစ်ပြီးမကြာခင် ပြောမယ်ဆို လွှတ်တော်ဥက္ကဌ တစ်ယောက်အနေနဲ့ ပြောမယ်ဆိုရင်တော့ executive လောက်တော့ ဒီကိစ္စမှာ တာဝန်မရှိဘူး။ ဒါပေမယ့် ကျွန်တော်သွားတယ်။ သွားတဲ့အခါမှာ တိုင်းရင်းသားတွေခေါ်သွားတယ်။ တိုင်းရင်းသားတွေခေါ်သွားပြီး ဟိုမှာအခြေအနေကြည့်တယ်။ ကြည့်ပြီး ကျွန်တော်တို့ ရခိုင်တွေကော မွတ်စလင်တွေကော ကျွန်တော် နှစ်ဘက်မျှပြီး ကြည့်ပြီးတဲ့အခါမှာ ကျွန်တော် ပြန်လာခဲ့ပါတယ်။ သတိတော်တော်ထားရပါတယ်။ စကားပြောတောင် ကျွန်တော်တို့ မှားလို့မရဘူး။ ရခိုင်မှာ စကားပြောမှားလို့မရဘူး။ ဒါ့ကြောင့်မို့လို့ ဗီဂျေနမ်ဘီးယား ကျွန်တော်နဲ့လာတွေ့တဲ့အခါမှာ၊ အမေရိကန်တွေလည်းပါပါတယ်။ ရခိုင်မှာဖြစ်တဲ့ကိစ္စဟာ အင်မတန်မှသိမ်မွေ့တယ်။ ဒါကြောင့်မို့လို့ စကားကအစ မှားလို့မရဘူး။ တစ်ချို့ကိစ္စတွေမှာ တဖြည်းဖြည်းလုပ်ရမယ့်ကိစ္စတွေကို အလျင်စလိုလုပ်နေတယ်ဆိုရင် အမှားတွေဖြစ်သွားနိုင်တယ်။ ဒါကိုတော့ မိတ်ဆွေတို့ သတိထားပြီးလုပ်ပါ။ ကျွန်တော်တို့က ဒီထက်ပိုပြီးတော့ အခြေအနေကောင်းစေချင်တယ်။ သူတို့ကိုလည်း ဒီလိုအကြံပေးပါတယ်။ အဲဒါပြီးသွားပြီ။ ပြီးသွားပြီးတဲ့အခါမှာ အခု ကျွန်တော်တို့ မိတ္ထီလာမှာဖြစ်တယ်။

    ကျွန်တော်လည်း အမြဲတမ်းအဆက်အသွယ်လုပ်တယ်။ လုပ်တဲ့အခါ မိတ္ထီလာတင်မကဘဲနဲ့ အခု နေရာတော်တော်များများလည်း ပျံ့နှံ့နေတယ်လို့ပြောတယ်။ မြန်မာပြည်အလယ်ပိုင်း ပဲခူးတိုင်းအနောက်ခြမ်း၊ နောက်တစ်ခါ အခြားနေရာတွေကူးစက်ဖို့လဲ လှုံ့ဆော်တဲ့အဖွဲ့ရှိတယ်ဆိုပြီး။ အဲဒီ လှုံ့ဆော်တဲ့အဖွဲ့ကို ဖမ်းမိအောင်လည်း၊ ဖမ်းနိုင်အောင်လည်း ကျွန်တော်တို့ ကြိုးစားပြီးတဲ့အခါမှာ အရင်းအမြစ်ကို ဖော်ထုတ်ပါမှပဲဖြစ်မယ့် ကိစ္စတွေဖြစ်ပါတယ်။ ဒါကတော့ လွှတ်တော်ထဲမှာ လုပ်နေတဲ့ကိစ္စနဲ့ ဒီနေ့ဖြစ်ပေါ်နေတဲ့အနေအထားပေါ်မူတည်ပြီး ကျွန်တော်တို့ဆောင်ရွက်ချက်တွေ ကြည့်ပြီးတော့ စဉ်းစားနိုင်ပါတယ်။ ပြောမယ်ဆိုရင် ဘာ ဘာသာကိုးကွယ်လို့ ဘာရာထူးတော့မရတော့ဘူး။ ဘယ်တာဝန်တော့မပေးတော့ဘူးဆိုတာ လက်တွေ့မှာဖြစ်နေတယ်။ မပြောပေမယ့် လက်တွေ့မှာဖြစ်နေတယ်။ အဲဒီအခါကြတော့ ယုံကြည်မှုဟာ မရှိနိုင်ဘူး။ ယုံကြည်မှုမရှိဘဲနဲ့ အလုပ်တစ်ခုလုပ်တဲ့အခါမှာ မအောင်မြင်နိုင်ဘူး၊ မဖြစ်နိုင်ဘူး။ ပြီးတဲ့အခါမှာ…. ငြိမ်းချမ်းရေး။ ပြည်တွင်းငြိမ်းချမ်းရေး၊ အဓိကထားပြီးတော့ ကျွန်တော်တို့ လုပ်နေပါတယ်။ အဲလိုလုပ်နိုင်ဖို့အတွက် ဘာများလိုအပ်သလဲဆိုရင်…… တရားဥပဒေစိုးမိုးရေးဆိုတာ မရှိမဖြစ်လိုအပ်တယ်။ တရားဥပဒေစိုးမိုးရေးကို အလေးထားဆောင်ရွယ်နေတယ်။

    အဲဒီမှာလည်း ကံအားလျော်စွာ ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်ထဲရောက်လာတယ်။ ရောက်လာပြီးတဲ့အခါမှာ ဒီတာဝန်ကို သူ ဥက္ကဌအဖြစ်ယူတယ်။ သူ ကြိုးစားလည်းလုပ်တယ်။ သူ့မှာ အရည်အချင်းတွေလည်းရှိတယ်။ သူ့ကို ထောက်ခံအားပေးတဲ့လူများတဲ့အတွက် သူ့ကော်မတီရဲ့လုပ်ဆောင်ချက်တွေဟာလည်း တော်တော်လေးကို အရာရောက်ပါတယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့…… အခုလည်းအဆက်အသွယ်ရှိပါတယ်။ နေပြည်တော်မှာ၊ နောက်ထပ် ဟိုဘက်မှာဖြစ်နေတဲ့ကိစ္စနဲ့ပက်သက်ပြီး။ အဓိက တရားဥပဒေစိုးမိုးရေးရှိအောင် မလုပ်နိုင်ဘဲနဲ့ ရှေ့သွားမယ့်လုပ်ငန်းတွေမှာ ဘာမှ အဆင်မပြေနိုင်ဘူး။ အထူးသဖြင့်တော့ ပြည်တွင်းမှာဖြစ်ခဲ့တဲ့ အခုလိုပေါ့…. တစ်ဘက်နဲ့တစ်ဘက် တိုက်ခိုက်တယ်။ သေကြေတယ်။ ဒဏ်ရာရတယ်။ ဥစ္စာပစ္စည်းတွေ ဆုံးရှုံးတယ်။ ဒါတွေဟာ တရားဥပဒေ စိုးမိုးမှုမရှိလို့။ ဒီဟာကို ကျွန်တော်တို့ ဆက်ပြီးတော့ လက်ခံထားမယ်ဆိုလို့ရှိရင် ဘ၀လုံခြုံမှုဆိုတာ မရှိတော့ဘူး။ နိုင်ငံသားများ စိုးရိမ်နေမယ်။ ကြောက်ရွံ့နေမယ်။ အခုဆိုရင် ဒါ ကိုယ့်ညီမပဲထားပါတော့။ ငယ်ပါတယ်။…… သူတို့ စိုးရိမ်နေပြီ။ ဘယ်ပြေးမလဲ ဘယ်သွားနေမလဲ။ ဒီမှာပဲနေမှာပေါ့၊ ဒီမှာပဲမွေး၊ ဒီမှာပဲသေမှာပေါ့။ အဲလိုဆိုလို့ရှိရင် သူတို့ဘ၀လုံခြုံအောင် လုပ်ပေးရမယ်လေ။ တာဝန်ရှိပါတယ်။ ကျွန်တော်တို့အစိုးရမှာ တာဝန်ရှိတယ်။ အစိုးရမှာတာဝန်ရှိသလို၊ အစိုးရတာဝန်ခံပြီးလုပ်နေတဲ့အဖွဲ့အစည်းမှာလည်း တာဝန်ယူရမယ်။ တာဝန်ယူနိုင်အောင်လည်း ကျွန်တော်တို့က…….. မတတ်သေးဘူးဆိုရင်တတ်အောင်၊ မသိသေးဘူးဆိုရင်သိအောင်။ ပြီးတဲ့အခါမှာ မလုပ်နိုင်ဘူးဆိုရင်လုပ်နိုင်အောင် ကျွန်တော်တို့ ကူညီရမယ်။ ကျွန်တော်တို့ ဒါကို အဓိကထားလုပ်မယ်။ မနေ့ရလဲ ကျွန်တော်တို့ အဆက်အသွယ်တွေရတယ်။ ဒီကိစ္စအဓိကထားလုပ်မယ်။

    ပြီးခဲ့တဲ့ သင်ခန်းစာတွေယူပြီးတော့ ဘယ်သွားမလဲ၊ ဘယ်ပြေးမလဲ။ ဘယ်မှလဲပြေးလို့မရဘူး။ ဒီထဲမှာပဲနေမယ်ဆိုရင် သူတို့ဘ၀အတွက် ကျွန်တော်တို့ အာမခံချက်ပေးရမယ်။ အာမခံချက်ရအောင်မလုပ်ဘူးဆိုရင်…… တရားဥပဒေစိုးမိုးအောင် လုပ်ကိုလုပ်ရမယ်။ ဒီနေရာမှာ ခွဲခြားပြီး ကြည့်နေလို့မရဘူး။ ဥပဒေအောက်မှာပဲ ရှိရမယ်။ ကျွန်တော် ၂၀၀၄ က ပြောခဲ့ပါတယ်။ No one is above the law. ဘယ်သူမှ ဥပဒေအထက်မှာရှိလို့မရဘူး။ ဥပဒေအထက်မှာရှိမယ်ဆိုရင်… ဥပဒေအထက်မှာရှိသွားတဲ့အတွက် သူကြိုက်တာလုပ်သွာလိမ့်မယ်။ အဲဒီအတိုင်းပဲ ဥပဒေရဲ့ပြင်ပကို ရောက်နေလို့မရဘူး။ ကဲ….. ဒါ့ကြောင့် ဒီမှာ……. အချိန်လည်း နည်းနည်း ဟိုဟာဖြစ်သွားပြီ။ အခုလို စီစဉ်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။ အခုလိုတွေ့တဲ့အခါမှာ ပွင့်ပွင့်လင်းလင်း ပြောတဲ့အတွက်လည်း ကျွန်တော် အများကြီး ကျေးဇူးတင်ပါတယ်။ ဒီထဲက အချက်အလက်တွေကို ကျွန်တော် ထုတ်နှုတ်ပြီးတဲ့အခါမှာ……….ပြန်ရောက်တဲ့အခါမှာ နိုင်ငံတော်သမ္မတကို….. နောက်ကျွန်တော်တို့ အတိုက်ခံပါတီမဟုတ်သော အတိုက်အခံပါတီခေါင်းဆောင်………… အတိုက်အခံပါတီလို့ ကျွန်တော်တို့ သဘောမထားပါဘူး။ အခုတော့ ကျွန်တော်တို့ လက်တွဲပြီးလုပ်နေတယ်။ အတိုက်အခံပါတီလို့တောင် ထင်စရာအကြောင်းမရှိပါဘူး……… ဒေါ်အောင်ဆန်းစုကြည်ကိုလည်း ကျွန်တော်ပြောလိုက်ပါ့မယ်။ ဒီအဖွဲ့တွေလည်းတက်တယ်။ ဒါ့ကြောင့်မို့လို့ ဓာတ်ပုံလည်း ကျွန်တော် ရိုက်ယူသွားလိုက်တာပါ။ ဘာပဲဖြစ်ဖြစ်…… ခုဟာတော့……ကျွန်တော်တို့က တရားဝင် official ဆွေးနွေးတာမဟုတ်သော်လည်း…… လုပ်ငန်းတွေတော့ အများကြီး ဖြစ်နိုင်မယ့်သဘောရှိပါတယ်။ ကျွန်တော် ထပ်ပြီးတော့ မေတ္တာရပ်ခံချင်တာက…. တိုင်းရင်းသားစည်းလုံးညီညွတ်ရေး၊ အမျိုးသား ပြန်လည်သင့်မြတ်ရေး။ ငြိမ်းချမ်းရေးအတွက် ကျွန်တော်တို့ အားလုံးပါဝင်ဖို့လိုပါတယ်။ ဒီလိုပဲ ကိုယ့်နောက်မှာရှိတဲ့ပြည်သူတွေလည်း ပါဝင်ဖို့လိုပါတယ်။ တကယ် ငြိမ်းချမ်းရေးရဖို့ လိုအပ်ပါတယ်။ အခုလိုတွေ့ဖို့ဆိုတာလည်း ကျွန်တော်တို့ မမျှော်လင့်ခဲ့ဘူး။ ဒါပေမယ့် အခုတွေ့တယ်။ ကျွန်တော်တို့ဆီ စာတွေရေးပါ။ လှမ်းအကြောင်းကြားပါ။ ကျွန်တော်တို့လက်ခံပါ့မယ်။ အများအတွက် တိုင်းပြည်အတွက်ဆို ဘာမှ လက်မခံနိုင်စရာမရှိဘူး။ ကျွန်တော်တို့လည်း ဒါပဲလုပ်နေတာ။ ကဲ……. ဒါ့ကြောင့် အခုလို တွေ့ဆုံခွင့်ရတဲ့အတွက် ကျွန်တော်လည်းအများကြီး ကျေးဇူးတင်ပါတယ်။ ရောက်တဲ့နေရာတိုင်းမှာလည်း ဒီလို ကြိုးစားပါတယ်။ ဒါပေမယ့် ဒီနေ့လောက်တော့ အဖွဲ့အစည်းစုံ မတွေ့ခဲ့ဖူးပါဘူး။ အခုလို့တွေ့တဲ့အတွက်လည်း ကျွန်တော် အင်မတန် ၀မ်းမြောက်ပါတယ်။ အလုပ်ကတော့ ညှိညှိနှိုင်းနှိုင်းနဲ့ လုပ်သွားမယ့်အနေအထားရှိပါတယ်။ မညှိနှိုင်းလို့ မရနိုင်ပါဘူး။

    BMA Discussion With Thura U Shwe Mann (29!03!10)