News @ M-Media
Blog
  • မိတ္ထီလာ အကြမ်းဖက်ခံရသည့် ဒုက္ခသည်များ နေအိမ်များမှ ပစ္စည်းများ ယခုထိ လုယက်ခံနေရ
    မတ်လ ၃၀၊ ၂၀၁၃
    M-Media
    ဇာဏီ
    03
    အကြမ်းဖက်မှုများ စတင်ဖြစ်ပွားရာ ရွှေဆိုင်များဖျက်ဆီးခံထားရသည့်ပုံ
    မိတ္ထီလာ ။ ။ မိတ္ထီလာမြို့တွင် အကြမ်းဖက်ခံရသော မွတ်စလင်မ်များ၏ ကျန်ရှိသောပစ္စည်းများကို ယခုတက်တိုင် လုယက် ယူဆောင်နေကြကြောင်း သတင်းရရှိသည်။
    လွန်ခဲ့သောရက်အတွင်းက မိတ္တီလာမြို့တွင် အကြမ်းဖက် သတ်ဖြတ် မီးရှို့ ဖျက်ဆီးခံရသည့် မွတ်စလင်မ်များမှာ ယခုအခါ ဒုက္ခသည် စခန်းများတွင် ရောက်ရှိနေထိုင်နေရသည်။ တချို့မှာ မိတ္ထီလာမြို့ပေါ်မှ ဒုက္ခသည်စခန်းများတွင် ရှိပြီး တချို့မှာ မိတ္ထီလာအနီးတ၀ိုက်မှ ရွာများတွင် ရောက်ရှိနေထိုင်နေကြသည်။ မိတ္ထီလာတွင် အကြမ်းဖက်မှုရပ်တန့်နေသော ယခုအချိန်တွင် မိမိတို့ အိုးအိမ်များ၏ အခြေအနေများကို သိရှိရန် ပြန်သွားချင်ကြသော်လည်း ပြန်လည်နေထိုင်ခွင့်မရသေးကြောင်း၊ ယင်းကြောင့် မိမိအိမ်၏အခြေအနေအား သိရရန် ခဏပြန်လည်သွားရောက်ကြည့်ရှုကြောင်းသိရသည်။ ထိုကဲ့သို့ သွားရောက်ကြည့်ရှုခဲ့သည့် ဒုက္ခသည်တစ်ဦးမှ သူမြင်တွေ့ခဲ့ရသည် လတ်တလော အခြေအနေကို ပြောပြလာပါတယ်။
    “ကျွန်တော်က ဒုက္ခသည်စခန်းမှာရောက်နေတာပါ။ ဒီမနက် ၉-နာရီလောက်မှာ မိတ္ထီလာက ကျွန်တော့်အိမ်ကို ကျွန်တော် ခဏ သွားပြန်ကြည့်တယ်။ အောင်မင်္ဂလာ ရပ်ကွက်ထဲမှာပါ ကျွန်တော့်အိမ်က။ အဲဒီမှာ ကျွန်တော်တွေ့ရတာက အိမ်က ပစ္စည်းတွေကို တစ်ခြားသူတွေက မွှေနှောက်ရှာဖွေယူနေတယ်ဗျာ။ တစ်ခြား အိမ်တွေက ပစ္စည်းတွေလည်း အဲလိုပဲယူနေကြတာ။ လူတွေကတော့ မျက်နှာစိမ်းတွေပါပဲ။ အနီးအနားရွာတွေက ပဲဖြစ်မယ်။ တချို့ကလည်း မီးလောင်ပြီး မီးကျွမ်းနေတာတွေ၊ တချို့ကလည်း ဒီအတိုင်း မီးမလောင်ပဲ ကျန်နေတာတဲ့ ပစ္စည်းတွေပါ။ ကားပစ္စည်းတွေဆိုရင် ဥပမာ – ကားကရောင်းတွေဆို မီးလောင်ထားရင်လည်း ပြန်သုံးလို့ရတယ်။ အဲဒါမျိုးတွေကအစ သယ်နေကြတာ။ စက်ဘီးတွေ၊ ဆိုင်ကယ်တွေ၊ သုံးဘီးဆိုင်ကယ်တွေနဲ့ သယ်နေကြတာ။ ဟုတ်ကဲ့ လုံခြုံရေးတွေ ရှိပါတယ်။ သူတို့က ပေတရာ(လမ်းမ)ပေါ်မှာ ရှိနေတာ။ အခုသယ်နေတာတွေက သူတို့တွေနဲ့မဝေးဘူး။ ဒီအတိုင်းကြည့်နေကြတယ်။ သယ်နေတဲ့သူတွေကို လုံခြုံရေးက ဘာမှ မပြောဘူး။ ကျွန်တော်လည်း မပြောရဲပါဘူးခင်ဗျ။ အခု အချိန်မှာ ကျွန်တော်တို့တွေက ကြားညှပ်နေပါတယ်။ ကျီးလန့်စာစား ဘ၀မျိုးကို ရောက်နေတယ်။ ကျွန်တော့်အိမ်က ပစ္စည်းတွေ သယ်ယူနေကြတာကို ကြည့်ပြီး ကျွန်တော် ဘာမှလည်း မပြောရဲတော့ ဒီအတိုင်းပဲ ပြန်လာလိုက်တာပါ။ ဒါကြောင့် တာဝန်ရှိသူတွေမှတဆင့် သိအောင် ပြောပြတာပါ”လို့ M-Media ကို ဆက်သွယ်ပြောပြလာပါတယ်။
  • ဘာသာညီအစ်ကိုများ (ရေးသူ- မန္တလေးဘုန်းကြီး )
    ဘာသာညီအစ်ကိုများ (ရေးသူ- မန္တလေးဘုန်းကြီး )
    ရေးသူ – မန္တလေးဘုန်းကြီး
    ((သက်တော် ၉၆နှစ် ဝါတော် ၇၆နှစ်ရှိပြီဖြစ်သော ရွှေကျင်သာသနာပိုင် ဝါဆို ဆရာတော်ဘုရားကြီး၏ ကလောင်အမည် မန္တလေးဘုန်းကြီး အမည်ဖြင့် ပြည်တွင်းငြိမ်းချမ်းရေး နှိုးဆော်ချက်။ ဆရာတော်ထံမှ ဖြန့်ချိရန် ခွင့်ပြုချက်အရ ပြန်လည် ဝေမျှပါသည်))
    Shwe Kyin
    ခရစ်ယာန်ဘာသာ ၊ ဗုဒ္ဓဘာသာ ၊ ဟိန္ဒူဘာသာ ၊ အစ္စလာမ်ဘာသာ ဟူသော ဘာသာကြီးလေးရပ်အနက် ကမ္ဘာ့ လူဦးရေ သန်းပေါင်း ခြောက်ထောင်ရှိရာ ခရစ်ယာန်ဘာသာ သန်းပေါင်း နှစ်ထောင့်တစ်ရာ၊ အစ္စလာမ်ဘာသာ သန်းပေါင်းတစ်ထောင့်သုံးရာ ၊ ဟိန္ဒူဘာသာ သန်းပေါင်းတစ်ထောင် ၊ ဗုဒ္ဓဘာသာ သန်းပေါင်းသုံးရာ ခုနှစ်ဆယ့်ခြောက်သန်းစာရင်းကို တွေ့ ဖုး၏ ။
    ကျန်ဦးရေ တစ်ချို့ ဘာသာမဲ့ နေကြ၏။ တစ်ချို့ နတ်ကိုးကွယ်၏။ ဤသို့ ကြားဖူး၏။ ကမ္ဘာ့တိုက်ကြီးလေးတိုက် အာရှတိုက်၊ ဥရောပတိုက် စသည် ကမ္ဘာအရပ်ရပ် ဘာသာစုံပြန့် နှံ့ လျှက်ရှိ၏။ ဗုဒ္ဓဘာသာတို့ အတွက် ဗုဒ္ဓဘုရားက မေတ္တာကို အထူးဦးစားပေး ဟောခဲ့ သော်လည်း တစ်ချို့  ဗုဒ္ဓဘာသာတို့ သည် ဘာသာခြားတို့ အပေါ် မေတ္တာမထားနိုင်ကြဘဲ မုန်းတီးရေးဝါဒကို ဖန်တီးလိုကြ၏။
    ဘဝရှင်မင်းတုန်းမင်းတရားကြီးလက်ထက် ဘာသာခြားတို့ သည် မန္တလေးမြို့ ကစ၍ အလျှို အလျှို ဝင်ရောက်လာကြ၏။ တားမရ ဆီိးမနိုင်ဖြစ်၍ ဗုဒ္ဓဘာသာဝါဒ မေတ္တာ ကရုဏာကို လက်သုံးပြုလျက် သေနတ်ပစ်အတတ် ၊ အမြောက်ပစ်အတတ်ကို တတ်မြောက်ရန် သင်ကြားစေကာ တတ်မြောက်သည့် အခါ ကာကွယ်ရေးဌာန ဝန်ထမ်းလုပ်စေလျှက် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်လူမျိုးတို့ ကို သိမ်းသွင်း စည်းရုံးထားသည် ကြားဖူး၏။
    ရှေးအခါထိုစဉ်က ဈေးချိုအရှေ့ ဘက်ကိုပင် အမြောက်တန်းဟု ခေါ်တွင်စေလျက် မွတ်စလင်မ်လူမျိုးတို့  စုရုံးနေထိုင်ကြ၏။ ၁၂၄၇- ခုနှစ်၊ မြန်မာသက္ကရာဇ် အင်္ဂလိပ်မင်း အုပ်ချုပ်သည့် အခါ မွတ်စလင်မ်ခေါ် အစ္စလာမ်လူမျိုး ခရစ်ယာန်လူမျိုးတို့  ပိုမိုများပြားလာ၏။ မြန်မာအမျိုးသမီးတို့  ဘာသာခြားလူမျိုး၊ နိုင်ငံရပ်ခြားလူမျိုးတို့ နှင့် စုလျားရစ်ပတ် လက်ထပ်ထိမ်းမြားကြ၏ ။ ဘာသာခြားလူမျိုးများပြားလာ၏ ။
    အလွန်ကြည့်ကောင်းသော ရူချင်ဖွယ် မြန်မာပြည်ကို သုံးသပ်ကြည့် ရူရာတွင် ၁၂၈၂ – ခုနှစ်ဆီလောက်က ပညာရေးတိုက်ပွဲများ အောင်မြင်စပေါ်လာသည်။ အင်္ဂလိပ်မင်း ဘုရင်ခံလက်အောက် နေရစေကာမူ အမျိုးရေး ၊ ဘာသာရေး ၊ သာသနာရေး တက်ကြွလှုပ်ရှားလာ၏။ မြန်မာသက္ကရာဇ် ၁၂၆၀ – ဖွား ၆၁ -ခု ဖွားတို့ ကအစ အင်္ဂလိပ်ကျောင်းထွက်တို့ သည် မျက်စိပွင့်လာကြ၏ ။ နှလုံးရည်တိုက်ပွဲပေါ်ထွန်းလာ၏ ။ နိုင်ငံရေးအဖွဲ့ အစည်းတွေ များပြားလာ၏ ။ အထူးအားဖြင့် မြန်မာသက္ကရာဇ် ၁၂၇၁-ခု၊ ၇၂-ခု၊ ၁၂၇၃-ခု ဝန်းကျင်နှစ်များတွင် မွေးဖွားလာသောပုဂ္ဂိုလ်တို့  ယောက်ျားအာဇာနည်ဖြစ်လာကြ၏။
    ထိုဖြစ်ရပ် အတောအတွင်း ထိုနှစ်များ အတောအတွင်း မြန်မာ့ခေါင်းဆောင် ဆရာကြီး ဦးရာဇတ် လွတ်လပ်ရေး ဗိသုကာ ဗိုလ်ချုပ်အောင်ဆန်းတို့  သမိုင်းကို စိတ်ထဲတွင် ထင်းထင်းကြီးပေါ်နေ၏ ။ ဒီးဒုတ်ဦးဘချို၊ ဖေ-ပု-ရှိန် မန္တလေး ဦးဘဦး စသည် အလွန်အားကိုးရသော နိုင်ငံရေးခေါင်းဆောင်ကြီးတွေ အမြဲသတိရ ဂုဏ်ကျေးဇူးအောက်မေ့ပါ၏။
    အလွန်တက်ကြွ ကြီးကျယ်သော ရဟန်းရှင်လူပြည်သူအများ အလွန်ညီညွတ်သော နဝမကွန်ဖရင့်ကြီ်းဆိုတဲ့  အင်္ဂလိပ်တိုက်ပွဲ လွတ်လပ်ရေးတိုက်ပွဲ အစည်းအဝေးကြီး မန္တလေး တာရဲတန်းတွင် ခုနှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့သည်ဆိုသည်မှာလည်း ထိုခေတ် ထိုနှစ်ဆီကပင်ဖြစ်၏ ။ ( နဝမ ကွန်ဖရင့်အကြောင်းကို မှတ်တမ်း မှတ်ရာပြုမယ်ဆိုလျှင် ဘုန်းကြီးများ မတတ်နိုင်ပါ။ မရေးနိုင်ပါ။ ထိုမှတ်တမ်းသမိုင်းများကို ရှာဖွေလှန်လှော ကြည့်ကြပါဟု တိုက်တွန်းလိုက်ပါ၏။
    ထိုလွတ်လပ်ရေးတိုက်ပွဲ နဝမကွန်ဖရင့်၏ အထူးခြားဆုံးဖြစ်ရပ်တစ်ခုကို အထူးပြောကြားလိုသေး၏။ ထိုပွဲကြီးကို မန္တလေး လေးပြင်လေးရပ် သံဃာပေါင်းစုံ၊ တိုက်ပေါင်းစုံ ပါဝင်ခဲ့ခြင်းဖြစ်ရပ်တစ်ခု၊
    နောက်တစ်ခုကို အထူးသိစေလိုသည်မှာ မန္တလေး မြန်မာ တရုတ် ကုလား မွတ်စလင် စသောလူမျိုးစုံ၏။ ဤလွတ်လပ်ရေးတိုက်ပွဲကြောင့် အင်္ဂလိပ်အစိုးရသည် မြန်မာပြည်လွတ်လပ်ရေးပေး စိတ်ဖြစ်ပေါ်လာသည်ဆိုသော သမိုင်းကြောင်းကို ဖွင့်ဆိုလိုက်ရပေ၏။
    ရန်ကုန်ယူနီဗာစီတီ တက္ကသိုလ်မှာ ကျောင်းတက်နေသော ဗိုလ်ချုပ်အောင်ဆန်းနှင့် ဆရာကြီးဦးရာဇာတ်တို့ မြန်မာပြည် လွတ်လပ်ရေးရဘို့ မကြာခဏ ဆွေးနွေးကြသည် ကြားဖူးရ၏။
    သူတို့နှစ်ယောက်စလုံး တူညီသော အယူအဆ ဆန္ဒကိုဖော်ပြရမည်ဆိုလျှင် –
    ၁။ ငါတို့ မြန်မာပြည်မှာ မွေးဖွားတယ်
    ၂။ ငါတို့ မြန်မာထမင်း အဟာရကို စားသုံးတယ်
    ၃။ ငါတို့ မြန်မာပြည်မှာ ကျောင်းနေတယ်
    ၄။ ငါတို့ မြန်မာပြည်မှာ နေထိုင်သူဖြစ်တယ်
    ၅။ ငါတို့ အလုပ်သည် မြန်မာပြည် လွတ်လပ်ရေးရဘို့ လုပ်ရမှာဖြစ်တယ်။ ဤသို့နှစ်ဦးလုံးစိတ်ထားခြင်း တူကြ၏။
    ဆရာကြီး ဦးရာဇတ်သည် ဗိုလ်ချုပ်အောင်ဆန်းအပေါ် အလွန်ယုံကြည် အားကိုသလို ဗိုလ်ချုပ်အောင်းဆန်း ကလည်း ဆရာကြီးအပေါ် အလွန်ယုံကြည်အားကိုးသည်။ ဆရာကြီး ဦးရာဇတ်သည် အထက (၂) ရှေးယခင် နေ ရှင်နယ်အမျိုးသားကျောင်းအုပ်ကြီးဖြစ်သည်။ လွတ်လပ်ရေးလမ်းစ ပျိုးခင်းထောင်ခဲ့ပုံမှာ နေရှင်နယ်ကျောင်းကြီး၌ “ရဲညွန့်တပ်ဖွဲ့” ဖွဲ့စည်းလျှက် လွတ်လပ်ရေးတိုက်ပွဲကို လျှို့ဝှက်ဖွဲ့စည်းတည်ခင်းကြသည် နောက် အင်္ဂလိပ်အစိုးရ ရဲညွန့်တပ်ဖွဲ့ ရုပ်သိမ်းစေ၍ တားမြစ်သည်ကို လက်ခံလိုက်ရသည်။
    ဆရာကြီး ဦးရာဇတ်သည် မိတ္ထီလာဇာတိသား ဗိုလ်ချုပ်အောင်ဆန်းသည် နတ်မောက်ဇာတိသားဖြစ်၍ တစ်မြေ တည်းနေ တစ်ရေတည်းသောက် တစ်ခရီးတည်းသွားကြသော အာဇာနည်ပုဂ္ဂိုလ်ကြီး နှစ်ယောက်ဖြစ်သည်။ (သူတို့နှစ်ယောက်လုံး တပြိုင်နက် အတူကျဆုံးခဲ့ရသည်ကို ယခုထက်တိုင် အံ့သြဝမ်းနည်းနေကြရပါသည်။)
    တစ်ယောက်က မွတ်စလင် အစ္စလာမ်၊ တစ်ယောက်က ဗုဒ္ဓဘာသာဖြစ်သော်လည်း မင်းက ဘယ်ဘာသာ ငါက ဘယ်ဘာသာဟူ၍ ဘာသာနှင့်စပ်၍ မပြောခဲ့စဖူးဟု သိရ၏။ မြန်မာပြည်သားပီပီ မြန်မာပြည် လွတ်လပ်ရေး ရရေးကိုသာ တစိုက်မတ်မတ်လုပ်ခဲ့ကြသော ခေါင်းဆောင်ကြီးများဖြစ်၍ ထိုခေါင်းဆောင်ကြီး နှစ်ဦးအပါအဝင် အာဇာနည်မြောက်များ စွာတို့ အသက်ပေး ချွေး သွေးဖြင့် ဆောင်ရွက်ခဲ့သော လွတ်လပ်ရေး ပန်းတိုင်အောက်မှာ ကျွန်ုပ်တို့ ရဟန်းရှင်လူပြည်သူများစွာ ပျော်ရွှင်စွာ နေထိုင်ကြသည် မဟုတ်ပါလော။ ထိုသို့ ပျော်ရွှင်စွာနေထိုင်စဉ် “သခွပ်ပင်က မီးတကျည်ကျည် မဖြစ်ကြပါနဲ့၊ မလုပ်ကြပါနဲ့” ဟူ၍ ဘုန်းကြီးတစ်ပါးအနေဖြင့် တောင်းပန်စကားပြောကြားရင်း လွတ်လပ်ရေးမဆုံးရှုံးစေရေး ကို သတိပေးလိုက်ရပါသည်။
  • လူငယ်တွေ ဦးဆောင်စီစဉ်တဲ့ “Pray For Myanmar”ဆုတောင်းပွဲ မှ အသံများ
    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ
    ဘာသာပေါင်းစုံ လူငယ်များ ပူးပေါင်း၍ Pray For Myanmar ခေါင်းစဉ်ဖြင့် မြန်မာနိုင်ငံ တစ်ဝှမ်းလုံး ငြိမ်းချမ်းရေးအတွက် ဆုတောင်းပွဲကို မတ်လ ၂၈ နေ့က  ရန်ကုန်မြို့ YCDC ခန်းမ၌  နေ့လည်၂း၀၀ မှ ၅း၀၀ ထိ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    P6250038
    အဆိုပါ အခမ်းအနားကို စတင်ဖွင့်လှစ်ကြောင်း ကြေညာပြီးနောက် နိုင်ငံတော် အလံအား အလေးပြုခြင်း၊ Pray For Myanmar ပွဲစီစဉ် ရသည့် အကြောင်း အကျဉ်းချုပ် ကိုဦးသက်ဆွေဝင်းမှ ရှင်းလင်း တင်ပြခြင်း ဘာသာကြီးလေးဘာသာမှ ငြိမ်းချမ်းရေးတရား ဒေသနာများ ပြောကြားခြင်းနှင့် ငြိမ်းချမ်းရေး အတွက် ဆုတောင်းခြင်း၊ ဘာသာကြီးလေးဘာသာမှ လူငယ်များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊ ငြိမ်းချမ်းရေး  ကဗျာများ ရွတ်ဖတ်ခြင်း၊၈၈ကျောင်းသား များမှ ငြိမ်းချမ်းရေး စကားပြောကြားခြင်း၊များ ပြုလုပ်ခဲ့သည်။
    အခမ်းအနား ကျင်းပရခြင်းနှင့် ပတ်သက်၍ ကိုဦးသက်ဆွေဝင်းမှ “ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် ကိုယ်နေတဲ့ ပတ်ဝန်းကျင်ကို အထိခိုက် အပျက်အဆီး မခံချင်ကြပါဘူး။ ပဋိပက္ခတွေ ဖန်းတီးပြုလုပ်နေသူတွေရဲ့ သွေးထိုးလှုံဆော်မူတွေကို ကျွန်တော်တို့ အားလုံး  လက်မခံဘဲ တိုက်ဖျက်ဖို့ လိုပါတယ်။ ဘယ်ဘာသာဝင်ပဲ ဖြစ်ဖြစ် မြန်မာနိုင်ငံမှာနေထိုင်ကြတဲ့ မြန်မာနိုင်ငံသားတွေ ဖြစ်တဲ့ အတွက်ကြောင့် မို့လို့  မြန်မာနိုင်ငံရဲ့ အခြေခံဥပဒေအောက်မှာ တပြေးညီဖြစ်နေဖို့ လိုပါတယ်။ အခြေခံဥပဒေမှာ ပြဌါန်းထားတဲ့ နိုင်ငံသား အခွင့်အရေးနှင့် အညီ ဘာသာပေါင်းစုံ လူငယ်တွေ ဘာသာပေါင်းစုံကို သက်ဝင်ယုံကြည် ကြတဲ့ ပြည်သူတွေ အားလုံးက အကာအကွယ်ရထားဖို့လည်း လိုအပ်ပါတယ်။ကျွန်တော်တို့ ဒီပွဲကို ကျင်းပရခြင်းနှင့် ပတ်သက်ပြီး ရှင်းပြပါရစေ။ ကျွန်တော်တို့ရဲ့ နောက်ခံမှာ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ မရှိပါဘူး။
    ကျွန်တော်တို့ လူငယ်တွေ ကိုယ်ဟာကိုယ် တွေးကြတယ်၊ စုစည်းကြတယ်၊ ကျွန်တော်တို့ ဒီအခြေအနေနဲ့ ပတ်သက်ပြီး မြန်မာပြည်အတွက် ဘာတွေလုပ်ပေးနိုင်လဲ ဆိုပြီးတော့ ကျွန်တော်တို့ မုန့်ဖိုးတွေ စုပြီး ဒီပွဲကို စီစဉ်ရခြင်း ဖြစ်ပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
    ဆက်လက်၍ ဗုဒ္ဒဘာသာမှ ငြိမ်းချမ်းရေး တရားကို ဆရာတော် ဦးကောဏိည မှ ဟောကြားရာတွင်-
    “ညီညာစုပေါင်း
    အောင်ကြောင်း မှတ်ပါ။
    ဒေါသတရား ရှောင်ရှား သူဌါ
    မေတ္တာတရား ပွားများ သူဌါ
    တစ်ယောက်နဲ့ တစ်ယောက် မေတ္တာထားရင် အခုလို ဖြစ်ပါ့မလား
    အချင်းချင်း ညီညီညာညာ နေကြပါ ခုနေချိန်ခါမှာ အိမ်တစ်လုံး ဖြစ်ဖို့ လွယ်ပါ့မလား ”
    ဟုထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ်ဘာသာမှ အာလ်ဟဂ်ျ ခလီဖာ ဦးအေးလွင်မှ ငြိမ်းချမ်းရေးတရားဟောကြားရာတွင် “ဒီအခမ်းအနားလေးကို ဘာသာပေါင်းစုံက လူငယ်လေးများက ဘယ်သူရဲ့ စေ့ဆော်မှုမှ မပါဘဲနဲ့ လူသားတစ်ယောက်ရဲ့ စိတ်ဓာတ်ကို ပေါ်လွင်စွာဖြင့် ဒီလိုကိစ္စရပ်တွေ မဖြစ်သင့် မဖြစ်အပ်ဘူးဆိုပြီးတော့ ကိုယ့်အသိ ကိုယ့်ဆန္ဒတွေနဲ့ လူငယ်တွေက ဒီအဖျက်လုပ်ငန်းကိုတော့ဖြင့် လက်ရည်တပြင်တည်း အတွဲညီညာစွာဖြင့် တိုက်ဖျက်မယ်ဆိုတာဟာ အကြမ်းဖက် သမားတွေအတွက် အမင်္ဂလာနဲ့ ပြည့်စုံတဲ့ မြင်ကွင်းကြီး တစ်ခု ဖြစ်မှာ ဖြစ်ပါတယ်။ဒါတွေကို အဖျက်အင်အားစုတွေ သဘောပေါက်အောင် မီဒီယာများက မီးမှောင်ထိုးပြပေးပါလို့ မေတ္တာရပ်ခံပါတယ် ”ဟု ထည့်သွင်းပြောကြားခဲ့ပါသည်။
    ခရစ်ယာန်ဘာသာမှ ကျောင်းထိုင်ဆရာတော်ကြီး သိက္ခာတော်ရ ရယ်လ်ဂျီနယ်လ် ဘန်နတ်သ် ကလည်း ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ အားလုံး တပြေးညီတည်း တစ်ပုံစံတည်း ဖြစ်ရေးကို လုံးဝလက်မခံပါဘူး။မတူညီတဲ့ အရောင်တွေ၊ ကွဲပြားမူတွေ ထဲက ရတဲ့စည်းလုံး ညီညွှတ်မူတွေက ပိုပြီး အားဖြစ်စေပါတယ်။တခါတုန်းက အရမ်းအေးတဲ့ ရွာကြီး တစ်ရွာမှာ ကလေးလေးတွေဟာ ဆောကစားနေကြတယ်။ မှောင်သွားတဲ့ အချိန်မှာ ကလေးလေးတွေဟာ အိမ်ပြန်သွားကြတယ်။ အဲဒီမှာ ကလေးမလေး တစ်ယောက် ကျန်ခဲ့တယ်။ဒါနဲ့ ဘယ်သူ ဘယ်ပါရဲ့ သားသမီးကတော့ဖြင့် ပျောက်နေတယ် ဆိုပြီး ရွာသားတွေဟာ မီးတုတ်တွေနဲ့ လယ်ကွင်းထဲ ၀ိုင်းရှာကြတယ်။ တစ်နာရီလောက် ကြာသွားတယ် မတွေ့ဘူး။အဲဒီမှာ လူတစ်ယောက်က ဖြတ်သွားရင်းနဲ့ဘာဖြစ်လို့လဲ လို့မေးတယ်။ကလေး တစ်ယောက် ပျောက်နေလို့ရှာနေတာ ဆိုတော့ ဒီလို မရှာကြပါနဲ့။အားလုံး အတူ လက်တွဲပြီး ရှာကြပါလို့လှမ်းအော်ပြောတယ်။ ဒါနဲ့ အားလုံး စုစုစည်းစည်းနဲ့ တပြေးညီ လျှောက်ကာ လက်တွဲပြီး ရှာလိုက် ကြတာ  ငါးမိနစ်မကြာဘူး ကလေးလေးကို ယာထဲမှာ ခွေခွေလေး အသက်မရှိတော့ဘူး တွေ့သွားကြတယ်။ငါတို့တွေသာ တစ်နာရီလောက် စောပြီး ခုလို လက်တွေတွဲပြီး ရှာခဲ့ကြမယ်ဆိုရင် ဒီကလေးလေး သေမှာ မဟုတ်ဘူးလို့ ပြောကြတယ်။ ဒီပုံပြင်လေးဟာ ဘာကိုပြသလဲ ဆိုရင် လက်တွဲခြင်း၊ စည်းလုံးခြင်း၊ ညီညွှတ်ခြင်းက အောင်မြင်ခြင်း အသက်ရှင်ခြင်း ကိုပေးပါတယ် ” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဟိန္ဒူဘာသာမှ ဆရာကြီးဦးအောင်နိုင်မှ ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ လူဆိုတာ စဉ်းစာဆင်ခြင် ဥာဏ်ရှိပါတယ်။ ဒီကိစ္စတွေ ဖြစ်နေတာဟာ သွေးထိုး လှုံဆော်မူတွေ ရှိနေပါတယ်။တမင် ဖန်တီးနေတာပါ။ ကျွန်တော်တို့တွေ ဆုတောင်းနေရုံနဲ့မလုံလောက်တော့ပါဘူး။ အထူးပြောချင်တာက အခု ကိစ္စသည် ပယောဂါကြောင့် မလိုလားအပ်သော ဘယ်ကမှန်း မသိသော ပုဂ္ဂိုလ်ရဲ့ လှုံဆော်မူကြောင့် ဖြစ်ပါတယ်။ဒါကို ကျွန်တော်တို့တွေက အားလုံး သဘောပေါက်ပြီး ရင်ဝယ်ပိုက်ထားပြီ ညီညီညွှတ်ညွှတ်နေကြဖို့ လိုပါတယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ၈၈ကျောင်းသား အဖွဲ့ မှ ငြိမ်းချမ်းရေး စကားပြောကြားရာတွင် “ အသွင် ကူးပြောင်းရေး ကာလမှာ ဖျက်လို့ ဖျက်ဆီး လုပ်ချင်နေတဲ့ လူတစ်စု (သို့) အင်အားတစ်စုက စနစ်တကျ နိုင်ငံရေး ပဋိပက္ခ၊ ဘာသာရေး ပဋိပက္ခတွေ ဖန်တီးနေတယ်ဆိုတာလည်း ကြွရောက်လာတဲ့ သူတွေလည်း အားလုံးသိပြီး ဖြစ်မှာပါ။ အခု နိုင်ငံတစ်ဝှမ်း ဖြစ်နေတဲ့ ပဋိပက္ခတွေကို ဦးဆောင်ပြီး လှုပ်ရှားနေတဲ့ သူတွေကို ဒီနေရာကနေ ထပ်မံပြောချင်တာက ပြင်းပြင်းထန်ထန် ဆန့်ကျင်ပါတယ်၊ ပြင်းပြင်းထန်ထန် ရူံ့ချပါတယ် ”ဟုထည့်သွင်းပြောကြားခဲ့သည်။
    ကဗျာဆရာ မင်းထင်ကိုကိုကြီးမှလည်း “မိထ္တီလာ အရေးခင်းကြီး မဖြစ်ခင်တုန်းက ဘယ်သူမှ မျှော်လင့်မထားတဲ့ အဖြစ်အပျက်ကြီးတစ်ခု ဖြစ်လာတယ်။တဖြည်းဖြည်း တစ်နိုင်ငံလုံးက မြို့တွေမှာ အခုလို ဖြစ်တယ်။ထိထိရောက်ရောက် ကာကွယ်တားဆီး တာမျိုး မရှိဘဲ ပြီးသွားရင် အဲဒီမြို့ ကို ၁၄၄ ထုတ်တယ်။လူသား တစ်ယောက် အနေနဲ့ လူတွေ အချင်းချင်း သတ်ဖြတ်ကုန်အောင်၊ ဘာသာရေး ဆိုင်ရာ အဆောက်အဦးတွေ ပျက်ဆီး ကုန်အောင် ဘယ်လိုများ လုပ်နေကြလဲ ဆိုတာ ကျွန်တော်တို့ နှလုံးသားနဲ့ စဉ်းစားလို့တောင် မရဘူး။လူမျိုး တိုင်းရင်းသား အားဖြင့် ၁၃၅ မျိုး ကွဲပြားနေလိမ့်မယ်၊ ဘာသာအားဖြင့် လေးမျိုး ကွဲပြားနေလိမ့်မယ်၊ ဒါပေမယ့် နိုင်ငံသား အဖြစ်ကတော့ အမြဲတမ်း တစ်ပဲ ဖြစ်နေဖို့ လိုပါတယ် ” ဟု ထည့်သွင်း ပြောကြားပြီး “ရယ်သံ မောသံမပါတဲ့ အခါ အသက်ရူရတာ မ၀တော့ဘူး”ဆိုသည့် ကဗျာ ရွတ်ဆို ခဲ့ကြောင်း သိရသည်။
    ခရစ်ယာန်ဘာသာ လူငယ်များ ကိုယ်စား ကိုစည်သူမောင်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ကျွန်တော်ကတော့ လူမျိုးရေး ဘာသာရေး အထိကရုဏ်း မဖြစ်စေရ”ဆိုတဲ့ ဆောင်ပုဒ်လေးကိုပဲ ပြန်ညွှန်းချင်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ဟိန္ဒူဘာသာ လူငယ်များ ကိုယ်စား ကိုဘော်ဘီမှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “မိမိတို့ ဘာသာတိုင်း ဘာသာတိုင်းမှာ ဆိုဆုံးမ ထားတဲ့ အတိုင်း မိမိတို့ အားလုံးဟာ အဲဒီဆိုဆုံးမ မူကို နှလုံးသွင်း နာယူနိုင်ပြီးတော့ ကျင့်ကြံနိုင်ကြမယ် ဆိုရင် အားလုံးဟာ ငြိမ်းချမ်းသာယာတဲ့ ပြည်မြန်မာသစ်ဆီကို လျှောက်လှမ်းနိုင်ပါလိမ့်မယ်” ဟု ထည့်သွင်းပြောကြားခဲ့သည်။
    အစ္စလာမ်ဘာသာ လူငယ်များ ကိုယ်စား ကိုဇော်မင်းလတ်မှ  ငြိမ်းချမ်းရေး တရားဟောကြားရာတွင် “ဗုဒ္ဓဘာသာမှ ညီနောင်များ၊ ခရစ်ယာန်ဘာသာမှ ညီနောင်များ၊ ဟိန္ဒူဘာသာမှ ညီနောင်များမှ ဦးစီး၍ အခုလို အခမ်းအနားကို ကျင်းပ ပေးတဲ့ အတွက် အစ္စလာမ် ဘာသာဝင်အားလုံး ကိုယ်စား ကျေးဇူးတင်ပါတယ်။ကျွန်တော်တို့ တွေဟာ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်မှာ နေခဲ့တာပါ။ဒီမြေမှာ မွေး၊ဒီမြေမှာ ကြီးပြီး၊ ဒီမြေမှာပဲ သေကြမယ့် သူတွေပါ ”ဟု ထည့်သွင်း ပြောကြားခဲ့သည်။
    ဆရာနေဘုန်းလတ်မှ “အခုလို ဒီပွဲကို ပြုလုပ်တဲ့ လူငယ်တွေ၊ဒီပွဲကို တက်ရောက်လာတဲ့ သူတွေကို ကြည့်ခြင်းအားဖြင့် အကြမ်းဖက်မူကို ရွံ့မုန်းပြီး အေးအေးချမ်းချမ်း နေချင်ကြတယ် ဆိုတာ ပေါ်ပေါ်လွင်လွင် ဖြစ်တဲ့ သဘောပါပဲ။ လူတစ်ယောက်က ပြစ်မူ ကျူးလွန်ရင် ဒီလူဟာ ဗုဒ္ဓဘာသာပဲ၊ ဒီလူက အစ္စလာမ်ပဲ ဆိုတဲ့ သဘောတရားကို ထည့်စဉ်းစား စရာမလိုပါဘူး။ မကောင်းမူ ကျူးလွန်ရင် ဒီလူက မကောင်းမူ ကျူးလွန်တဲ့ သူပဲပေါ့။ ဒီလူက ဘာ ဘာသာလဲဆိုတာကို နောက်ထပ်မေးခွန်း တစ်ခုဆီရောက်သွားတဲ့ အခါကြတော့ မလိုလားအပ်တဲ့ ဒီဘာသာက ကျူးလွန်တယ် ဆိုတာ မျိုးထိ ရောက်သွားတယ်။ဒီဘာသာတွေက အမှန်တော့ ကျူးလွန်နေတာ မဟုတ်ဘူး။ အဲဒီ လူတွေက ကျူးလွန်နေတာပါ။ အမုန်းတရားကိုလည်း အမုန်းနဲ့ ပြန်တုံ့ပြန်မယ် ဆိုရင် ဒီအမုန်း သံသရာကြီး ဘယ်တော့မှ အဆုံးသတ်မှာ မဟုတ်ဘူး။
    သေချာ လေ့လာပါ ဗုဒ္ဓဘာသာဟာ မေတ္တာတရားကို ဦးစားပေးတဲ့ သာသနာဖြစ်တယ်။အမျိုး ဘာသာ သာသနာကို တကယ် ချစ်မြတ်နိုးတယ် ဆိုရင်  ဗုဒ္ဓဘုရားရှင် ကိုယ်တော်တိုင် ဟောကြားခဲ့တဲ့ အနိမ့်ဆုံး ငါးပါး သီလကို လုံ့အောင် ထိန်းကြပါ။ ပါဏာတိ ပါတာကံ ဆိုတာ ဘယ်လို အကြောင်းပြချက်မျိုးနဲ့ မဆို ကျူးလွန် ကျူးလွန်  ပါဏာတိ ပါတာကံထိုက်တာပါပဲ။ ချွင်းချက် ဆိုတာ မရှိပါဘူး။ အမျိုး ဘာသာ သာသနာကို ထိန်းသိမ်း ကာကွယ် စောင့်ရှောက်မယ် ဆိုတဲ့ စိတ်နဲ့ လူသတ်လည်း အဲဒီလူက လူ့သတ်သမားပဲ။ အဲဒါ မျိုးတွေ မလုပ်ပါနဲ့။
    လူငယ်တွေ အနေနဲ့  ဗုဒ္ဓဘာသာကို မိရိုးဖလာ ကိုးကွယ် ယုံကြည်တာမျိုး မဟုတ်ဘဲ ဘာသာရေးရဲ့ တကယ့် အနှစ်သာရကို လေ့လာစေချင်တယ်။လေ့လာပြီး နှလုံးသွင်းနိုင်မယ် ဆိုရင် ဗုဒ္ဓဘာသာ ကောင်းတစ်ယောက်ပါ။တကယ့် ဗုဒ္ဓဘာသာ အစစ်တစ်ယောက်ဆိုရင် အဲလို အကြမ်းဖက်မူတွေကို ဘယ်တော့မှ မကျူးလွန်ဘူး ”ဟု M-Media သို့ပြောကြားခဲ့သည်။
    တက်ရောက် လာသူများထဲက ဒေါပုံမြို့နယ်တွင် နေထိုင်သူ ကိုသက်ပိုင် မှ“ကျွန်တော်တို့ ဗုဒ္ဒဘာသာကပဲ မေတ္တာတရားကို ပြောထားတာ မဟုတ်ပါဘူး၊ ဘာသာတရားတိုင်းက မေတ္တာတရားကို ညွှန်ပြထားတာပါ။ အခုလို မဖြစ်သင့်တာတွေ ဖြစ်ပွားခဲ့တာကြောင့် လူမူရေးရော၊ စီးပွားရေးရော အကုန်လုံး ထိခိုက်တဲ့ အတွက် ၀မ်းနည်းကြေကွဲ ရပါတယ်။ကျွန်တော်နေတဲ့ ရပ်ကွက်မှာ ဆိုရင် အစ္စလာမ်ဘာသာဝင် အများစု နေထိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ တစ်ရပ်ကွက်တည်း အတူနေကြတယ်၊ စာသင်ကျောင်း တစ်ကျောင်းထဲမှာ အတူစာသင်ခဲ့ကြတယ် ဆိုတော့ ညီအကိုလို ဖြစ်နေကြပါတယ်။ကျွန်တော်တို့ ရပ်ကွက်ထဲကိုလည်း ဒီအကြမ်းဖက်တွေ ၀င်မလာနိုင်အောင် ဘာသာပေါင်းစုံ လူငယ်တွေ တိုင်တိုင်ပင်ပင်ကြိုးစား နေကြရပါတယ်။ ဒီအကြမ်းဖက်မူတွေကြောင့် လတ်တလော ဘာဆိုကျိုးတွေ ရသလဲဆိုရင် ဈေးဆိုင်တွေ၊ ညဘက် တက္ကဆီမောင်းပြီး ၀မ်းဆာရှာရသူတွေ အတွက် သူတို့ရဲ့ စီးပွားရေးတွေ ထိခိုက်မူတွေ ရှိတဲ့ အတွက် စိတ်ထဲ မကောင်းဘူး” ဟု M-Media သို့ပြောကြားခဲ့သည်။
  • ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ အိမ်များ ဖျက်မည့် သတင်းများကြောင့် မွတ်စလင်မ်များ စိုးရိမ်
    မတ်လ ၂၉၊ ၂၀၁၃
    M-Media
    သုတ
    ဥက္ကံတွင် ယနေ့ည တရားပွဲပြီးချိန်၌ မွတ်စလင်မ်အိမ်များ ဖျက်မည်ဟုဆိုသော သတင်းများကြောင့် မွတ်စလင်မ်များစိုးရိမ်ထိတ်လန့်ကြ (ည ၉း၃၀ နာရီ)
    Oak Kan
    ဥက္ကံ ။ ။ ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ည တရားပွဲအပြီးတွင် ဖျက်ဆီးမည်ဟု သတင်းထွက်ပေါ်လာသောကြောင့် မွတ်စလင်မ်များ စိုးရိမ်ထိတ်နေ့ပြီး မွတ်စလင်မ်တချို့မှာ ရှောင်ပြေးနေကြောင်းသတင်းရရှိသည်။
    ဥက္ကံမြို့တွင် ဗလီနှင့် မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ဖျက်ဆီးမည်ဟု လွန်ခဲ့သောရက်ကတည်းမှ သတင်းများထွက်ပေါ်ခဲ့ပြီးနောက် စစ်တပ်မှ လုံခြုံရေးချထားသော်လည်း ၂၇-ရက်ညမှ စတင်ခဲ့သော (၃)ရက်တိုင် တရားပွဲပြီးဆုံးမည့် ၂၉-ရက်နေ့ ညပိုင်းရောက်မည်ကို ဥက္ကံမှ မွတ်စလင်မ်လင်များ စိုးရိမ်သောကရောက်နေခဲ့ကြကြောင်း သိရပြီးဖြစ်သည်။
    (၃)ရက် တရားပွဲမှာ ယနေ့ည နောက်ဆုံးဖြစ်ပြီး တရားပွဲပြီးသည်နှင့် ဗလီနှင့် မွတ်စလင်မ်အိမ်များအား ဖျက်ဆီးမည်ဟုစီစဉ်ထားကြောင်း၊ ယခင်က ရပ်ကွက်အတွင်းရှိခဲ့သူ တချို့အား ကတုံးများတုံးပြီး သင်္ကန်းများဝတ်ပေးထားကြောင်း၊ တရားပွဲအပြီး ဖျက်မည်ဟု သံဓိဌာန်ချပြီး ကြိုတင်စီမံမှုများပြုလုပ်ထားပြီးဖြစ်သောကြောင့် မွတ်စလင်မ်များအား ရှောင်နေကြရန် ဗုဒ္ဓဘာသာဝင် မိတ်ဆွေတချို့မှ တိတ်တဆိတ်သတိပေးလာကြောင်းသိရသည်။
    ယခုအခါ စစ်တပ်မှ စစ်ကား ၂-စီးမှာ ဥက္ကံမြို့ အနော်ရထာ ရပ်ကွက်အုပ်ချုပ်ရေးရုံးရှေ့တွင် ရှိနေပြီး၊ တရားပွဲပြုလုပ်နေသည့် နေရာမှာ အနော်ရထာရပ်ကွက် ဘုရားကြီးဘုန်းကြီးကျောင်းဘေးက ကွင်းတွင် ဖြစ်ကြောင်းသိရသည်။ ယနေ့ည တရားဟောပြောမည့် ဆရာတော်မှာ မစိုးရိမ်တိုက်မှ ဖြစ်သည်ဆိုသောကြောင့် ဥက္ကံမြို့သားများ ပိုမိုထိတ်လန့်နေကြောင်းလည်းသိရသည်။ မစိုးရိမ်တိုက်ဆရာတော်မှာ ဦးဝီရသူ မဟုတ်ကြောင်းနှင့် နာမည်ကို မပြောတတ်ကြောင်း ဥက္ကံမြို့ခံမှ M-Media အား ပြောကြားလာပါသည်။
  • တရားဥပဒေစိုးမိုးရေး၊ ကယ်ဆယ်ရေး၊ ပြန်လည် ထူထောင်ရေး ကိစ္စရပ်များကို ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချူပ်နှင့် အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများတွေဆုံ ဆွေးနွေးခဲ့
    မတ်- ၂၉ ၊ ၂၀၁၃
    M-Media
    ပဲခူးတိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးဥာဏ်ဝင်းနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများအား မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေး အဖွဲ့ကြီးမှ တာဝန်ရှိသူများက ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးသို့(၂၉.၃.၂၀၁၂)ရက်၊ နေ့လည် (၂)နာရီမှ (၃း၃၀) နာရီထိသွားရောက် တွေ့ဆုံဆွေးနွေးခဲ့ပါသည်။
    မြန်မာနိုင်ငံလုံး ဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးမှ သွားရောက် တွေ့ဆုံခဲ့သူများမှာ
    • အလ်ဟာဂ်ျ ဦးတင်နိုင်(အိုလမာအစ္စလာမ် သာသနာ့ ပညာရှင်များ အဖွဲ့ချုပ်)၊
    • ဦးဝဏ္ဏရွှေ(တွဲဖက်အတွင်းရေးမှူး၊ အစ္စလာမ် သာသနာရေးရာ ကောင်စီ ဌာနချုပ်)၊
    • အလ်ဟာဂ်ျ ဦးမြင့်ထွန်း (ဥက္ကဋ္ဌ၊ မြန်မာမွတ်စလင် လူငယ်များ ဘာသာရေးအဖွဲ့မ.မ.လ)၊
    • ဟာဂျီဦးကျော်ခင်(အထွေထွေ အတွင်းရေးမှူး၊ မြန်မာမွတ်စလင် အမျိုးသားရေးရာအဖွဲ့ချုပ်)တို့ဖြစ်ပါသည်။
    ထိုသို့တွေ့ဆုံရာတွင် မြန်မာနိုင်ငံလုံးဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ ပဲခူးတိုင်းအတွင်းအကြမ်းဖက်မှုများ ချုပ်ငြိမ်းကာ တည်ငြိမ် အေးချမ်းရေး၊ အကြမ်းဖက်မှုကြောင့် ဒုက္ခရောက်သူများအား ကူညီထောက်ပံ့နိုင်ရေး၊ အိုးအိမ်စွန့်ခွာခဲ့ကြရသူများမိမိတို့အိုးအိမ်တွင်ပြန်လည် အခြေချနေထိုင်နိုင်ရေးနှင့် ပျက်စီးသွားသော သာသနာ့ အဆောက်အအုံများပြန်လည် ပြင်ဆင်နိုင်ရေးကိစ္စများ တင်ပြဆွေးနွေးခဲ့တယ်လို့ သိရှိရပါသည်။
    (၂၈.၃.၂၀၁၃)၊ ည(၈)နာရီခန့်တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာအစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးနှင့် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ လတ်တလောဖြစ်ပေါ်နေသော အခြေအနေများနှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပါသည်။ လတ်တလော ဖြစ်ပေါ်နေသော အခြေအနေများ တည်ငြိမ်အေးချမ်းစေရန်အတွက် သာသနာရေးဝန်ကြီးဌာန၊ ပြည်ထောင်စု ၀န်ကြီးထံလိပ်မူ၍ စာတစ်စောင်လည်း ပေးပို့ခဲ့ကြောင်းသိရှိရပါသည်။
    (ဓါတ်ပုံအညွန်း- ဗလီဝတ်ကျောင်းများနှင့် အစ္စလာမ်ဘာသာဝင်တို့၏ အိုးအိမ်စည်းစိမ်များကို အကြမ်းဖက်တိုက်ခိုက်မှုများ ဆက်တိုက်ဖြစ်ပွားခဲ့ရာ ပဲခူးတိုင်းဒေသာကြီး အနောက်ဘက်ခြမ်းရှိ မြို့များ ပြပုံ)