News @ M-Media
Blog
  • ပဲခူးတိုင်း မင်းလှတွင် ဗလီနှင့် မွတ်စလင်မ်အိမ်များကို အကြမ်းဖက်သမားများ ဖျက်ဆီး
    မတ်လ ၂၇၊ ၂၀၁၃
    M-Media
    ဇာဏီ
    Minhal Pago
    မင်းလှမြို့ ။ ။ မင်းလှမြို့ရှိ မွတ်စလင်မ်အိမ်များအား အကြမ်းဖက်သမားများမှ ယနေ့ နေ့လည် ၂း၃၀ နာရီခွဲခန့်မှ စတင် ၀င်ရောက်ဖျက်ဆီးနေသည်ဟု သတင်းရရှိသည်။
    “စစ်ကွင်းမှာ ဒီနေ့ မနက်ကတည်းက တစ်ခါထပ်ပြီး ဖျက်ဆီးမှုတွေ လုပ်နေတယ်။ ဆိုင်ကယ် အစီး(၃၀)လောက်နဲ့ဝင်လာတယ်လို့ စစ်ကွင်းကပြောတယ်။ အဲဒီကနေ အခု မင်းလှကို ကူးလာနေပြီလို့ပြောတယ်။ မင်းလှမှာလည်း အားလုံးကို တပ်လှန့်နေတယ်။ စစ်တပ်နဲ့ ရဲကတော့ လှုံ့ဆော်နေတဲ့သူတွေနောက်ကို နောက်လိုက်တယ်။ အခုပြောနေတဲ့အချိန်မှာပဲ မြောက်ဘက်မြို့သစ်က အိမ်တစ်အိမ်ကို ဖျက်နေပြီ။”လို့ မင်းလှမြို့ခံမှ M-Media ကို ပြောပြလာပါတယ်။
    ယခုအချိန်တွင် မင်းလှမြို့ မြောက်ဘက်မြို့သစ်၊ ၄-လမ်းမှ မွတ်စလင်မ်အိမ်တစ်အိမ်နှင့်၊ ဇေယျဝတီရပ်ကွက်မှ မွတ်စလင်မ်အိမ်တစ်အိမ် စုစုပေါင်း (၂)အိမ် ဖျက်ခံလိုက်ရပြီဖြစ်ကြောင်း၊ မင်းလှမြို့၏ နာမည်ကြီးဗလီဖြစ်သည့် တိုင်ရာကျော်ဗလီကို ဖျက်ဆီးမည်ဆိုသည်ကြောင့် လုံခြုံရေးချလိုက်ရာ ဖျက်ဆီးမည့် လူစုလူဝေးမှာ ပြန်လည်ထွက်ခွာသွားကြောင်းသိရသည်။
    မင်းလှမြို့တွင် ရှေးယခင်ကတည်းမှ ဗလီ(၃)လုံးရှိပြီး မွတ်စလင်မ်အိမ်ခြေ (၁၀၀)နီးပါး ရှိသည်ဟု သိရသည်။
    နောက်ဆုံးရရှိတဲ့ သတင်းအရ အကြမ်းဖက်သမား(၃၀၀)ကျော်လာပြီ၊ ဗလီတံခါးဖွင့်ပြီး တိုင်ရာကျော်ဗလီကိုဖျက်ဆီးနေကြကြောင်း လုံခြုံရေးလည်း မထိန်းနိုင်တော့ကြောင်းသတင်းရရှိပါသည်။
  • Rule Of Law (တရားဥပဒေ စိုးမိုးရေး)
    မတ်လ၊ ၂၇ ၊ ၂၀၁၃
    M-Media
    ရေးသူ- ဥပဒေပညာရှင်တစ်ဥိး
    law-and-justice-image1
    ကမ္ဘာပေါ်တွင်မည်သည့်တိုင်းပြည်၊ မည်သည့်လူမျိုး၊ မည်သည့်ဘာသာမဆို  အေးချမ်းစွာနေထိုင်  ပြီး ကောင်းမွန်သော စီးပွားရေးကို ရှာဖွေ စားသောက်ကာ နေထိုင်သော  လူကောင်းများရှိသကဲ့သို့  ပြစ်မှုများကို ကျူးလွန်သော လူဆိုးသူခိုးများလည်း ရှိပါသည်။ထိုလူဆိုး  သူခိုး ပြစ်မှုကျူးလွန်သူ  များကို သက်ဆိုင်ရာပြစ်မှုဆိုင်ရာဥပဒေများနှင့်အညီ  ပြစ်ဒဏ်ပေးခြင်းပြုလုပ်ရပါသည်။ ထိုပြစ်ဒဏ်  များထဲတွင် သေဒဏ်၊ ထောင်ဒဏ်၊ ငွေဒဏ် စသဖြင့် ကျူးလွန်သော   ပစ်မှုကိုလိုက်ပြီး အပြစ်ပေး  အရေးယူရပါသည်။ သို့မှသာ တရားဥပဒေစိုးမိုးမှု(Rule of Law) ကို ဖြစ်စေပါသည်။ မည်သည့်ဘာသာဝင် တစ်ဦးတစ်ယောက်(သို့)လူတစ်စုက  ပြစ်မှုများ (မုဒိန်းမှု၊ ခိုးမှု၊ ရိုက်နှက်မှု) စသည့်  တို့ကျူးလွန်သဖြင့် ထိုသူတို့နှင့်ဘာသာတူသည့် သူများ၏  အသက်၊အိုးအိမ်၊စည်းစိမ်၊ဘာသာသာသနာ အဆောက်အဦးတို့ကို ဖျက်ဆီးခြင်းမပြု  လုပ်ရပါ။ ထို သို့ ပြုလုပ်သူများသည်ပင်လျှင် ပြစ်မှုများကျူးလွန်သူများဖြစ်ပြီး  ဥပဒေပါအတိုင်း အရေယူဆောင်ရွက်မှသာ တိုင်းပြည်၏ တရားဥပဒေစိုးမိုးမှု (Rule  of Law) ဖြစ်ပေါ်လာမည်သာဖြစ်ပါသည်။
    မိမိတို့ နိုင်ငံသည်ဒီမိုကရေစီ ခေတ်သို့ ဦးတည်လျှောက်လှမ်းနေသော  နိုင်ငံဖြစ်ပါသည်။(ဒီမိုကရေစီဆိုသည်မှာ အခွင့်အရေးရှိသလို  တာဝန်များလည်းရှိသည်။)  မည်သည့် ဥပဒေတွင်ဖြစ်စေ အခွင့်အရေးနှင့်တာဝန် ၂ ရပ် ပူးတွဲ  တည်ရှိနေပါသည်။ နိုင်ငံသားတိုင်း    အခွင့်အရေးရှိသလို  လိုက်နာရမည့် တာဝန်ဝတ္တရားများလည်းရှိသည်။  ၂၀၀၈ ခုနှစ် ပြည်ထောင်စု မြန်မာနိုင်ငံတော်ဖွဲ့ စည်းပုံ အခြေခံဥပဒေ ပုဒ်မ  ၆ (င) တွင် “နိုင်ငံတော်သည် …. နိုင်ငံတော်၌ တရားမျှတခြင်း၊  လွတ်လပ်ခြင်း နှင့် ညီမျှခြင်းတည်းဟူသော လောကပါလတရားများ  ပိုမိုထွန်းကားရေး…..တို့ ကို အစဉ်တစိုက်ဦးတည်သည် ” ဟု ပြဌာန်း  ထားပါသည်။
    ပုဒ်မ ၃၆ဝ (က) တွင် “ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဆောက်တည်မှု သည်စီးပွားရေး၊ ဘဏ္ဍာရေး၊ နိုင်ငံရေး၊ အခြားလောကီရေးရာ ဆောင်ရွကမှုတစ်ခုခုနှင့်ဆက်စပ်နေပါက ပုဒ်မ ၃၄ ပါ ဘာသာ သာသနာရေးဆိုင်ရာ  လွတ်လပ်ခွင့်များတွင် မပါဝင်စေရ၊”
    ပုဒ်မ ၃၆ဝ (ခ)တွင် “ ထို့ သို့ ဘာသာသာသနာရေးနှင့် စပ်လျဉ်း၍ လွတ်လပ်သော  အခွင့်အရေးများကို ပေးထားသော်လည်း အများပြည်သူအကျိုးကိစ္စနှင့်  ပြုပြင်ရေးကိစ္စတို့ အတွက် နိုင်ငံတော်၏ ဥပဒေပြု ခြင်း ကို မတားမြစ်ရ။”
    ပုဒ်မ ၃၆၁ တွင် “ နိုင်ငံတော်သည် ဗုဒ္ဓဘာသာသာသနာတော်ကို နိုင်ငံတော်၏  ဂုဏ်ထူးဝိသေသနနှင့်ပြည့်စုံသည့်ဘာသာသာသနာဖြစ်သည်ဟု နိုင်ငံတော်က  အသိအမှတ်ပြုသည်။”
    ပုဒ်မ ၃၆၃ တွင် “နိုင်ငံတော်သည် အသိအမှတ်ပြု ထားသော ဘာသာသာသနာများကို  တတ်နိုင်သမျှ ကူညီစောင့်ရှောက်မည်။”
    ရာဇသတ်ကြီး ပုဒ်မ ၂၉၅ အရ ။  ။- လူတစားကိုးကွယ်သည့်ဘာသာသာသနာကို  စော်ကားရန် အကြံဖြင့်ဖြစ်စေ၊ကိုးကွယ်ဝတ်ပြုသော နေရာကိုသော်၎င်း၊  အထွဋ်အမြတ်ထားသော အရာဝတ္ထုကိုသော်၎င်း၊ ဖျက်ဆီးခြင်းသည်၊ သို့ တည်းမဟုတ်  ပျက်စီးနစ်နာစေခြင်းသည်၊သို့ တည်းမဟုတ် ယုတ်ညံ့စေခြင်းသည်၊ ထို  ဘာသာသာသနာကို စော်ကားသည်ဟု လူတစားက ယူဆတန်ရာသည်ကို သိလျက်နှင့်ဖြစ်စေ  မည်သူမဆို၊ ထိုလူတစားက ဘာသာသာသနာရေးဆိုင်ရာ ကိုးကွယ်ဝတ်ပြု သော  နေရာကိုသော်၎င်း၊ အထွဋ်အမြတ်ထားသောအရာဝတ္ထု ကို သော်၎င်း၊ ဖျက်ဆီးလျှင်၊  သို့ တည်းမဟုတ် ပျက်စီးနစ်နာစေ လျှင်၊သို့ တည်းမဟုတ် ယုတ်ညံ့စေလျှင်၊   ထိုသူကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီးပုဒ်မ ၂၉၅ (က) ။  ။ ပြည်ထောင်စု နိုင်ငံတော်တွင် နေထိုင်သော  လူတစား၏ဘာသာရေးစိတ် ကို နာကြည်းစေရန် တမင်မသမာသော အကြံဖြင့် မည်သူမဆို၊  စကားဖြင့်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ထင်ရှားသောပုံသဏ္ဌာန်ဖြင့် ဖြစ်စေ၊ထို  လူတစားကိုးကွယ်သည့် ဘာသာသာသနာကို သော်၎င်း၊ ဘာသာသာသနာရေးယုံကြညမှုကိုသော်၎င်း၊ စော်ကားလျှင်၊သို့ တည်းမဟုတ် စော်ကားရန်အားထုတ်လျှင်၊  ထိုသုကို နှစ်နှစ်ထိ ထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊  ဒဏ်နှစ်ရပ်လုံး ဖြစ်စေ ချမှတ်ရမည်။
    ရာဇသတ်ကြီး ပုဒ်မ ၂၉၆။  ။ ဥပဒေနှင့်အညီ ဘာသာသာသနာရေးဆိုင်၇ာ  ကိုးကွယ်ဝတ်ပြုခြင်းပြုနေသော၊ သို့ တည်းမဟုတ် ဘာသာသာသနာရေးဆိုင်ရာ  အခမ်းအနားကို ကျင်းပနေသော အစုအဝေး တခုခုအား မည်သူမဆို၊ မိမိအလိုအလျောက်  အနှောင့်အယှက်ဖြစ်စေလျှင်၊ ထိုသူကို တနှစ်ထိထောင်ဒဏ်တမျိုးမျိုးဖြစ်စေ၊  ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ချမှတ်ရမည်။
    အခြေခံဥပဒေ ၂၁ (က)   ။နိုင်ငံသားတိုင်းသည် ဤဖွဲ့ စည်းပုံ  အခြေခံဥပဒေတွင် သတ်မှတ်ပြဌာန်းထားသည့် တန်းတူညီမျှ အခွင့်အရေး၊ လွတ်လပ်မှု အခွင့်အရေး၊ တရားမျှတမှုအခွင့်အရေး တို့ ခံစားခွင့်ရှိသည်။
    ၂၁(ဂ) ။  ပြည်သူတို့ ၏အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေးတို့ သည်  နိုင်ငံသားတိုင်း၏ တာဝန် ဖြစ်သည်။
    ဘာသာသာသနာတစ် ရပ်ရပ်အား ထိခိုက်ပုတ်ခတ်စော်ကားသော ဟောပြောမှု  ထိုဟောပြောသော တရားခွေ VCD / DVD ခွေများကို တရားမဝင် လွတ်လပ်စွာ  ရောင်းချဖြန့် ဖြူး နေမှု များသည် နိုင်ငံတော်အားဆူ ပူအုံကြွမှုဖြစ်ပေါ်စေရန် အဓိကလှုံ ဆော်ဆောင်ရွက်မှု အကြောင်းရင်းတစ်ရပ်ဖြစ်ပါသည်။  ထို ဆောင်ရွက်ဖြန့် ဖြူး ချက် များကို နိုင်ငံတော်အစိုးရ ( ပြည်ထဲရေး  နှင့် ဘာသာရေးဝန်ကြီး ဌာန ရဲ အရာရှိများ၊ တရားစီရင်ရေးဆိုင်ရာ  တရားရုံးများ)နှင့် တကွ တာဝန်သိ ပြည်သူတစ်ရပ်လုံးမှ ဝိုင်းဝန်းဖော်ထုတ်ဟန့် တား အရေးယူ  ဆောင်ရွက်ပေးမှသာလျှင်  နိုင်ငံသားတို့ ၏ အသက် အိုးအိမ်စည်းစိမ်၊  ဘာသာသာသနာ အ ဆောက်အဦးတို့ အား ကာကွယ်စောင့် ရှောက်နိုင်မည်ဖြစ်ကြောင်း  နှင့် ကမ္ဘာအလယ်တွင် လူ့ အခွင့်အရေး ကို လေးစားလိုက်နာသော  နိုင်ငံတစ်ခုအဖြစ် သိက္ခာရှိစွာ ရပ်တည်နိုင်မည်ဖြစ်ပါသည်။
  • ကမ္ဘာ့မီဒီယာမှန်ချပ်ပေါ်က ၉၆၉ ပုံလွှာ (ပရိတ်သတ်တစ်ဦး၏ ရင်ကွဲသံ)
    မတ်လ-၂၆ ၊ ၂၀၁၃
    ရေးသားသူ  –  သာကီ ထက်ကောင်း
    ကျွန်တော် မြန်မာသတင်းဆိုဒ်တွေ သိပ်မဖတ်ဖြစ်တော့ပါဘူး။ ဖွတာတွေ အရိုးအရွက်ဖုံးတာတွေ မုန့်ကြိုးလိမ် သတင်းဖော်ပြချက်တွေ ကျင့်ဝတ်မညီတဲ့အရေးအသားတွေက သတင်းအမှန်ငတ်မွတ်နေသူတွေအတွက် အလွန်အင်မတန် စိတ်ပျက်သွားစေပါတယ်။ နှလုံးသား နဲ့ အတွေးအခေါ်တွေကို တမင် အရောင်လိုက်ဆိုးနေသလားလို့ ထင်ရတယ်။ နိုင်ငံခြားကိုမှအထင်ကြီးတာမျိုး မဟုတ်ပေမယ့် နိုင်ငံတကာ သတင်းဆိုဒ်တွေကို မြှားဦးလှည့်ဖြစ်တာ ကြာသွားပါပြီ။ သူတို့ဆီမှာက မီဒီယာကျင့်ဝတ်ကို အလေးထားကြတော့ အချက်အလက်အကြောင်းအရာပိုင်းမှာ (အားလုံးမဟုတ်ပေမယ့် အများစုက) ခိုင်မာမှု ရှိကြတယ်။ ကျွန်တော်တို့ဆီမှာလည်း ခိုင်မာမှန်ကန်တဲ့သတင်းများကို အချိန်နဲ့တစ်ပြေးညီ တင်ဆက်ပေးတဲ့ဆိုဒ်တွေလည်း လက်တစ်ဆုပ်စာ ရှိနေပါရဲ့။ ဒါပေမယ့် ညစ်ပတ်ရိုင်းစိုင်းလွန်းစွာ ၀င်ပေးနေကြတဲ့ ကွန့်မန့်တွေမြင်ရတာ စိတ်မချမ်းသာစရာကောင်းချက်ကတော့ ကမ်းကုန်ဘဲဗျာ။ လက်ရှိပြင်ပမှာ ဖြစ်ပျက်နေတာတွေက စိတ်ချမ်းသာစရာ တစ်ကွက်မှ မရှိသေးတာလည်း အားလုံးက သိကြမှာပါ။
    ဒီနေ့ ၂၆.၃.၂၀၁၃ အင်္ဂါနေ့၊ The Straits Times ရဲ့ Asia reports မှာ ဖတ်ကြည့်တော့ ထုံးစံအတိုင်း မြန်မာသတင်းက ဦးစားပေးဖော်ပြချက်မှာပါနေတယ်။ 18,000 displaced’ in Myanmar riots ခေါင်းစဉ်နဲ့ပါ။ NLD က လွှတ်တော်အမတ် ဦးဝင်းထိန်ရဲ့ မျက်မြင် ကိုယ်တွေ့ ပြောကြားချက်၊ ဒေသခံတို့ရဲ့ပြောကြားချက်နဲ့တစ်ကွ မိတ္ထီလာပြဿနာ အကြောင်း၊ ပြီးခဲ့တဲ့နှစ် ရခိုင်က ရိုဟင်ဂျာတွေကို ဘင်္ဂလားကခိုးဝင်လာသူလို့စွပ်စွဲပြီး အစွန်းရောက်ဗုဒ္ဓ၀ါဒီတွေရဲ့ တစ်ဖက်သတ်နှိပ်စက်တဲ့အကြောင်း၊ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်က လာရောက်ကြည့်ရှုသုံးသပ်မှုအကြောင်း – ဒီသတင်းတွေက သိရှိထားပြီးသားမို့ သိပ်မထူးလှပါဘူး။ အဲ့ – နောက်ဆက်တွဲ ရေးသားဖော်ပြမှုတွေမှာတော့ ၉၆၉ အကြောင်းပါလာတာတွေ့ရတယ်။
    '18,000 displaced' in Myanmar riots
    မူဆလင်တွေရဲ့ ၇၈၆ ကိုဆန့်ကျင်ဖို့ ဗုဒ္ဓဘာသာတရားသဘောတွေထည့်သွင်းထားတဲ့ ၉၆၉ နံပါတ်ကိုအသုံးပြု၊ သြဇာကြီးမားတဲ့ အင်အားစုများကို ကျောထောက်နောက်ခံပြုထားပုံရတဲ့ ဗုဒ္ဓဘာသာဝင်အုပ်စု တစ်စုဟာ မကြာသေးခင် လများအတွင်း ပေါ်ထွန်းလာပါတယ်တဲ့။ သဘောထားပြင်းထန်တဲ့ မန္တလေးမြို့က ဦးဝီရသူဟာ မွတ်စ်လင်မ်ဆန့်ကျင်မှု မုန်းတီးရေးတရားတွေကို ဟောပြောနေတုန်းပါဘဲတဲ့။ အင်္ဂလိပ်လို တိုက်ရိုက်ဖတ်ချင်ယင်တော့ ဒီနေရာမှာ ဖတ်ကြည့်နိုင်ပါတယ်။
    Burmese Bin Laden
    တစ်ခါ International Bussiness Time ကို ၀င်ကြည့်ပြန်တော့ ဒီစာမျက်နှာ မှာ မြန်မာပြည်က အကြမ်းဖက်မှု နောက်ကွယ်က ကြိုးကိုင်သူဟာ ဦးဝီရသူလား လို့ခေါင်းစဉ်တပ် သတင်းဆောင်းပါးကို တွေ့ရပြန်ရော။ အဲ့ဒီမှာ ဦးဝီရသူကို ကြံကြံဖန်ဖန် “ မြန်မာဘင်လာဒင် ” ဆိုတဲ့ tittle တပ်ထားတာ ကျွန်တော့်မှာ ရယ်ရအခက် ငိုရအခက် ဖြစ်သွားတယ်။ ဘင်လာဒင်ကို အကောင်းမြင်တဲ့ မူဆလင်အုပ်စု တစ်ချို့ကတော့ နှိုင်းရကောင်းလားဆိုပြီး ထအော်ဦးမှာ သေချာသဗျို့။ ဓါးတရမ်းရမ်းနဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးများက ဂျာနယ်လစ်တွေရဲ့ကင်မရာမင်မိုရီကဒ်တွေကို ခြိမ်းချောက်တောင်းယူတာ၊ Burma Campaign UK’s director Mark Farmaner က “ ရိုဟင်ဂျာဆန့်ကျင်ရေး ဖြစ်မလာခင်ကတည်းက မူဆလင်ဆန့်ကျင်ရေးအုပ်စုဖွဲ့ခဲ့တဲ့ အဖွဲ့အစည်းတွေရှိနေခဲ့ကြတယ် ” လို့ IBTimes UK ကို ပြောတာ၊ ဦးဝီရသူဦးဆာင်တဲ့ မြန်မာပြည်တစ်ခွင် မူဆလင်ဆန့်ကျင်ရေးတရားပွဲတွေ လုပ်ပြီးသွားတဲ့ ဒေသတိုင်း ဒီလိုအဓိကရုဏ်းတွေ မီးခိုးကြွက်လျှောက် ဆက်တိုက်ဖြစ်ပေါ်လာတာ၊ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းတွေကလည်း မူဆလင်တွေအပေါ် ရမယ်မျိုးစုံရှာပြီး ဝေဖန်ရှုတ်ချတဲ့ စာရွက်စာတမ်း လက်ကမ်းစာစောင်တွေကို လပေါင်းများစွာ ဒိုင်ခံဖြန့်ချိနေတာ စသဖြင့် လိုတိုရှင်းဖော်ပြထားတာ တွေ့လိုက်ရတယ်။ ဒါက နာမည်ကြီးမီဒီယာ အချို့သာရှိပါသေးတယ်။ အတိုချုပ်ဆိုရယင် ကမ္ဘာ့မီဒီယာမှန်ချပ်ထဲက ဘယ်နေရာကြည့်ကြည့် 969 group/gang တို့၊ Extremist Buddhist Nationalism တို့၊ Neo-NarzI Buddhism တို့၊ Burmese Buddhist monks တို့ စတင် ပလူပျံနေပါပြီ။ နိုင်ငံတော်ပြုပြင်ပြောင်းလဲမှုအပေါ် တစ်ကမ္ဘာလုံးစောင့်ကြည့်နေချိန်ကျမှ နိုင်ငံတကာမီဒီယာနံရံထဲ ဒီသံတစ်ချောင်း ရိုက်သွင်းလိုက်သလိုဖြစ်ကုန်ပါပြီ။  ဒီပုံရိပ်တွေ ဒီအက်ကြောင်းတွေကို ဘယ်လိုပယ်ဖျက်လို့ရနိုင်တော့မလဲ။ The Golden Land လို့ဂုဏ်ယူဝင့်ကြွားနိုင်ခဲ့တဲ့ ကျွန်တော်တို့နိုင်ငံဟာ မကြာခင် The Bloody Land & Hands အဖြစ် အမည်တွင်တော့မှာလား။ ဘာသာရေး၊ လူမျိုးရေး ဆိုတာတွေကို ဘေးဖယ်ချထားပြီး မြန်မာပြည်သားတစ်ယောက် လူသားတစ်ယောက် အနေနဲ့ကြည့်မြင်ရင်တောင်မှ ရှက်စရာကောင်းလွန်းနေပါပြီ။
    ခုတစ်လော နိုင်ငံရပ်ခြားမှာရှိနေတဲ့ဗုဒ္ဓဘာသာဝင်အချို့ကို Are you traditional Buddhist or 969 Myanmar Buddhist ? လို့ မေးတဲ့အဆင့်ထိရောက်နေပြီလို့ သိရတယ်။ ပြည်တွင်းနေသူများအဖို့ သိပ်မသိသာသေးပေမယ့် နိုင်ငံရပ်ခြားက မြန်မာအလုပ်သမားတွေ တဖြည်းဖြည်းခေါင်း မဖော်နိုင်တဲ့ဘ၀ကို ရောက်ဖို့အလွန်နီးစပ်နေပါပြီ။ တကယ့်လက်တွေ့အခြေအနေကို ကြည့်ယင်လည်း ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးကျောင်း/စာသင်ကျောင်းတွေကို မူဆလင်တွေ လိုက်ဖျက်ဆီးတာ၊ ဗုဒ္ဓဘာသာဝင်တွေရဲ့အိုးအိမ်လုပ်ငန်းတွေကို မူဆလင်တွေက အုပ်စုဖွဲ့ ရန်စမီးရှို့လုယက်တာ ဘာတစ်ခုမှ မတွေ့ရသေးပါဘူး။ မူဆလင်တွေက ၇၈၆ ဂိုဏ်းအမည်နဲ့ သောင်းကျန်းတာ အစုလိုက်အပြုံလိုက် ရမ်းကားသတ်ဖြတ်တာလည်း မကြားဖူးပါဘူး။ မူဆလင်တွေက ဗုဒ္ဓဘာသာဝင်တွေကိုစော်ကားနေတယ်ဆိုတဲ့ ဇာတ်လမ်းဇာတ်ကွက်တွေကိုလည်း မမြင်ဖူးပါဘူး။ အဲ့ဒါနဲ့ဆန့်ကျင်ဖက်တွေကိုဘဲ တွေ့မြင်ကြားသိနေရတယ်။
    ဒီနေရာမှာ အလွန်ထူးခြားတဲ့အချက် ၂ ချက် သတိထားမိတယ်။ (အစစ်လား အတုလား မသိတဲ့) သံဃာတော်အချို့နဲ့အတူ အကြမ်းဖက်သမားများဟာ မိမိကိုယ်ကို ၉၆၉ အဖွဲ့သားလို့ တရားဝင်ကြွေးကြော်နေသော်လည်း – (ဦးဝီရသူ အပါအ၀င်) ၉၆၉ ဦးသျှောင်သံဃာတော်များက လက်ရှိအကြမ်းဖက်မှုများဟာ မိမိတို့နဲ့မပတ်သက်ကြောင်း ငြင်းဆိုမှုလုံးဝမရှိယုံမက မုန်းတီးရေးတရားပွဲတွေ ပိုလို့အရှိန်မြှင့်လာတာက တစ်ချက်။ နောက်တစ်ချက်က ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်တိုင်း၊ ဘုန်းတော်ကြီးတိုင်းက ဒီအယူအဆနဲ့ဂိုဏ်းဂဏကို လိုလားမှုရှိမနေတာက တစ်ချက်။
    ဆိုတော့ကာ ……  ၉၆၉ ဆိုတာ မူလဗုဒ္ဓဘာသာ လမ်းကြောင်းကနေ ထပ်မံ လမ်းခွဲထွက်ပေါ်လာသော ၂၁ရာစုရဲ့ဗုဒ္ဓဂိုဏ်းကွဲတစ်ခုအဖြစ် သတ်မှတ်ရမလို ဖြစ်လာပါပြီ။
    ဘာကြောင့်လဲဆိုယင် တခြားဗုဒ္ဓဂိုဏ်းကွဲတွေ အားလုံးက မေတ္တာ၊ ခွင့်လွှတ်မှု၊ ငြိမ်းချမ်းရေး စတဲ့ တန်ဖိုးများနဲ့တည်ဆောက်ထားပေမယ့် ၉၆၉ မှာ အာဃာတ၊ နိုင့်ထက်စီးနင်းအမူအကျင့်၊ ပျက်လိုဖျက်ဆီး စတဲ့ ပူလောင်ခြင်းအချက်တွေပေါ် အခြေခံထားလို့ပါဘဲ။
    ပေါ်ထွန်းလာသမျှသော ဘာသာတရားအသစ်၊ ဂိုဏ်းဂဏအသစ်တွေဟာ မိမိတို့ရဲ့ ကျင့်ရပ်၊လမ်းစဉ်တွေ မတူကွဲပြားကြောင်း ချပြနိုင်ကြတယ်။ ဒါပေမယ့် လက်ရှိ ၉၆၉ ကျတော့ ဘုရားရှင်လက်ထက် ဒေ၀ဒတ္တဂိုဏ်းသားတွေလို ရောထွေးရပ်တည်နေတော့ ခက်တယ်။ ကျွန်တော်အဖြေရှာကြည့်မိတယ်။ ဘယ်လိုခွဲခြားသတ်မှတ်ရမလဲပေါ့။ အဲ့ဒီအဖြေကလည်း ဘုရားရှင်လက်ထက်ကအဖြစ်အပျက်တွေထဲမှာဘဲ ပြန်တွေ့လိုက်ရတယ်။ မာရ်နတ်ရဲ့ဘက်တော်သား ဒေ၀ဒတ္တဂိုဏ်းသားတွေဟာ သူတို့ရဲ့လုပ်ရပ်၊ အပြုအမူတွေကြောင့်သာ အလဇ္ဖီရဟန်းတုများဖြစ်ကြောင်း ကွဲပြားသွားခဲ့ရတယ်။ ရဟန်းတု ရဟန်းယောင်တွေရဲ့ ဦးဆောင်မှုက ဘယ်လောက်အန္တရာယ်ကြီးတယ်ဆိုတာ ရာဇ၀င်မှာ အထင်အရှားပါ။ ကွဲကွဲပြားပြားဖြစ်အောင် အလျဉ်မီ မရှင်းနိုင်ယင်တော့ သမိုင်းနဲ့ချီပြီး ကောင်းရနံ့သင်းပျံ့ခဲ့တဲ့ ကျွန်တော်တို့မြန်မာပြည်က ဗုဒ္ဓသာသနာ့ဂုဏ်ရောင်ကြီး ရေစုန်မျောရတော့မှာလားလို့ ကျွန်တော် ၀မ်းနည်းသွားရပါတယ်။ ကမ္ဘာ့ဗုဒ္ဓသမိုင်းစဉ်တစ်လျှောက်မှာလည်း ဤမျှလောက်ရက်စက်ကြမ်းကြုတ်တဲ့ အယူအဆနဲ့လုပ်ရပ်တွေ မဖြစ်ပေါ်ခဲ့ဖူးဘူး။ အစွန်းရောက်အကြမ်းဖက်ဗုဒ္ဓဘာသာဝင်တွေလို့လည်း တစ်ကြိမ်တစ်ခါမျှ ခေါင်းစဉ်အတပ်မခံခဲ့ဖူးပါဘူး။ ဘာသာတရားတစ်ခုထဲ – မသိနားမလည်တဲ့လူကြားထဲ နိုင်ငံရေးလှည့်ကွက်တွေ မုသားမှိုင်းလုံးတွေ အတင်းအဓမ္မအင်အားသုံးသွတ်သွင်းလို့ အကြမ်းဖက် အကောင်အထည်ဖော်နေမှုတွေကို ကျွန်တော်တို့ ကန့်ကွက်တားဆီးရမယ့်အချိန်တန်ပြီဖြစ်ပါတယ်။ မူဆလင်တွေ ခရစ်ယျာန်တွေဖက်ကို အမြဲမပြတ် မျက်စေ့ဒေါက်ထောက်ကြည့်ပြီး အ၀ိဇ္ဖာပွားနေမယ့် အစား မိမိရဲ့အမျိုးဘာသာသာသနာကို နည်းမှန်လမ်းမှန်ထိန်းသိမ်းစောင့်ရှောက်မှသာ ဗုဒ္ဓတရားတော်နဲ့ ညီညွတ်တင့်တယ်မှာမို့လို့ သံဃာ့အကြီးအကဲများ၊ သာသနာ့ဒါယကာနိုင်ငံခေါင်းဆောင်များ အထူးသတိထားရတော့မယ့်ကာလရောက်သွားပြီလို့ ကျွန်တော် မြင်မိပါတယ်။ ဒီပြဿနာကို အမြစ်လှန်ပြီး အမှန်တကယ် ထိထိရောက်ရောက် ဖော်ထုတ်အရေးယူခြင်း ရှိရပါတော့မယ်။ အကြမ်းဖက်မှု/မတရားမှုကို မတားဆီးသူဟာ မတရားမှုကို အသံတိတ် အကာအကွယ်ပေးမြှောက်စားသူ ဖြစ်တယ်လို့ ပညာရှိစကားတွေမှာ ကြားဖူးပါတယ်။ အာဏာရူးမျက်ကန်းတစ်စုရဲ့ပုံဖော်မှုကြောင့် မတော်တဆ နိုင်ငံတော်ရဲ့ဦးတည်လမ်းကြောင်း နောက်ပြန်လှည့်သွားယင်တော့ မြန်မာ့သမိုင်းမှာ ရုပ်အဆိုးဆုံးကိစ္စအဖြစ် တကယ်ကို အစိပ်စိပ်အမြွာမြွာ ကွဲထွက်ကုန်မယ့်အနေအထားအထိ ရောက်သွားနိုင်ပါတယ်။
    ဘာသာရေး၊ လူမျိုးရေးကိုခုတုံးလုပ်မိတဲ့ နိုင်ငံတိုင်း၊ ပုဂ္ဂိုလ်ကျော်တိုင်း ကမ္ဘာ့ပုံရိပ်မှာ ဦးကျိုးအမြီးပြတ်လို့ အမည်းစက်စွန်းထင်း ပေကျံခဲ့ရစမြဲ ………
    တစ်လွဲအသုံးချမီဒီယာတိုင်းကလည်း ကမ္ဘာ့မီဒီယာစင်မြင့်ထက်က ကြိုးစင်ကိုတက်သွားရစမြဲ ……………..
    အမှန်တရားဆိုတဲ့မှတ်ကျောက်ရှေ့မှာ အတုအယောင်များ ပြယ်လွင့်ပျောက်ကွယ်ရစမြဲပါ။
    ကျွန်တော်တို့အမိမြန်မာပြည်ကြီး ဒီသံသရာစက်ဝိုင်းထဲက မလွတ်ကျွတ်နိုင်တော့ဘူးလား လို့ အားပျော့ပျော့တွေးမိယင်း …
    အချိန်ရှိပါသေးတယ် – အချိန်မှီဖို့ဘဲ လိုအပ်ပါတယ် လို့ ငြီးတွားယင်း …
    ရင်ဖွင့်ခံစားရေးသားမိပါတယ်ခင်ဗျား။
    (စာရေးသူရဲ့ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)
  • မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
    မိတ္ထီလာ အဓိကရုဏ်း မင်းကိုနိုင် နှင့် RFA မေးမြန်းခန်း
    ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်ကို ကျွန်တော်တို့ အဖွဲ့သားကိုချစ်အောင် ဆက်သွယ်မေးမြန်းခဲ့တာပါခင်ဗျာ။
    >> မိတ္ထီလာမြို့မှာ အခြေအနေတွေငြိမ်သက်သွားပြီးတဲ့နောက်ပိုင်းပေါ့လေ ပျဉ်းမနားတဝိုက်က ရမည်းသင်းတို့ နောက်ပဲခူးက အုတ်တွင်းတို့ သာယာဝတီ စစ်ကွင်း စတဲ့ဒေသတွေမှာ ရုပ်ရုပ်သဲသဲတွေဖြစ်လာတာတွေ့ရပါတယ်။ ဦးမင်းကိုနိုင်တို့ရော ဒီအခြေအနေတွေကို ဘယ်လိုတွေများ လေ့လာအကဲဖြတ်မိပါသလဲခင်ဗျ။
    အော်ကျွန်တော်နောက်ဆုံးပေါ့ဗျာ စစ်ကွင်းက ဒေသခံတွေပြောကြားချက်တွေရော ကျွန်တော်ရောက်ခဲ့တဲ့ မိတ္ထီလာရောပေါ့ နောက်ကျန်တဲ့ အဲဒီလိုပါပဲ ပဲခူးရိုးမ အရှေ့ဘက်တစ်ကြောကမြို့တွေရဲ့ အတွေ့အကြုံရောပေါ့ အကုန်လုံးကိုသုံးသပ်လိုက်တော့ တူညီတဲ့အချက်တွေ အများကြီးတွေ့နေရတယ်။ ဒါပေမဲ့ ဒေသခံပြည်သူတွေ မပါဘဲနဲ့ ဒေသခံပြည်သူတွေက စိုးရိမ်ကြောင့်ကြစွာနဲ့ ဒီကိစ္စတွေရဲ့ မျက်မြင်သက်သေတွေ ဖြစ်နေတာက များတယ်။ တော်တော်များများက အစီအစဉ်တကျ ဝင်လာတာတွေများတယ်ဗျ။ ဒါက အကုန်သိထားပြီးတဲ့အတိုင်းပါပဲ မီးတွေပျက်သွားတယ်၊ တယ်လီဖုန်းလိုင်းတွေပျက်သွားတယ်၊ ဝင်လာကြတယ်၊ ဒါပေမဲ့ ပြီးတဲ့အခါကျတော့ ခရာတွေ မှုတ်ပြီးတော့ သူတို့ တိုက်ခိုက်ရေးသမားတွေ ပုံစံနဲ့ပေါ့ဗျာ အဲဒီမှာ ဖျက်စီးတာတွေရှိတယ်။ အဲဒါတွေအကုန်လုံးကြည့်လိုက်တဲ့အခါကျတော့ မျက်နှာစိမ်းတွေက ဝင်လာပြီးတော့ တချို့နေရာတွေမှာ မိတ္ထီလာဆိုပါတော့ဗျာ ဘယ်ဘာသာပဲဖြစ်ဖြစ် သူတို့ဖျက်ပစ်တာပဲ အိမ်တွေကို။ အဲဒီတော့ ဒါက ဘာသာရေးအရဖြစ်နေတာမဟုတ်ဘူးဆိုတာ ထင်ရှားနေပြီ။ လူမျိုးရေးအရလည်း မဟုတ်ဘူးဗျ။ ဒီ.. လူတွေဟာ ခိုကိုးရာမဲ့ ဆောက်တည်ရာမဲ့သွားပြီးတော့ နောက်ထပ်ကယ်တင်ရှင် တစ်ခုခုကို မျှော်ရတဲ့ အနေအထားမျိုး ရောက်သွားအောင် လုပ်တယ်ဆိုတာမျိုးတော့ အဖြစ်ခံလို့မရဘူး။ ဒါကျွန်တော်တို့ပြည်သူတွေက ကျွန်တော်တို့အားလုံးပေါ့ ဝိုင်းပြီးတိုက်တွန်းကြတယ် ဘာသာရေးခေါင်းဆောင်တွေရော နိုင်ငံရေးခေါင်းဆောင်တွေရော ကျွန်တော်တို့ တိုင်းရေးပြည်ရေးအတွက် စိုးရိမ်ကြောင့်ကြတဲ့လူတွေ အကုန်လုံးက တိုက်တွန်းကြတဲ့အပေါ်မှာ ပြည်သူတွေက အရင်လောက် မအတဲ့အခါမှာ သူတို့ထင်သလောက် မရဘူးပေါ့ဗျာ။ အဲဒီအခါကျတော့ ရန်ကုန်မြို့မှာတစ်ခါ စာတွေကြဲ ပြီးတဲ့အခါကျတော့ ကျီးလန့်စာစားဖြစ်အောင်လုပ်ပေါ့ဗျာ။ ဒါတွေအကုန်လုံးဟာ အစီအစဉ်ရှိရှိနဲ့ ရည်ရွယ်ချက်ရှိရှိ ကောက်ကျစ်တဲ့လုပ်ငန်းပဲလို့ ကျွန်တော်မြင်တယ်ဗျာ။ အဲဒီတော့ အာဏာရေးပဲပြောပြော၊ သူတို့ ကစားကွက်တွေကြားထဲမှာတော့ ကျွန်တော်တို့ပြည်သူတွေ ထောင်ချောက်ထဲမဝင်မိဖို့ အရေးကြီးဆုံးပေါ့။
    >> ဘယ်လိုထောင်ချောက်မျိုးဖြစ်နိုင်မလဲခင်ဗျ။ အခု မျက်နှာစိမ်းဆိုတဲ့ ပုဂ္ဂိုလ်တွေက အခုလို အစီအစဉ်ကျကျ လုပ်နိုင်တယ်ဆိုတော့ အာဏာပိုင်တွေနဲ့ တစ်နည်းတစ်ဖုံအားဖြင့် ပတ်သတ်မှုရှိနိုင်တယ်လို့ ဆိုလိုတာလားခင်ဗျ။
    ဒီလိုဗျ၊ အုပ်စုတွေက အများကြီးရှိကြတယ်ဗျ။ ဒီတော့ နံပါတ်တစ်က ကျွန်တော်တို့ ပြည်သူတွေကို အခုအစိုးရအဖွဲ့ကနေ ပြောပြီလေ နောက်ကွယ်ကနေပြီးတော့ စနစ်တကျ ကြိုးကိုင်လှုပ်ရှားနေသူတွေရှိတယ်ဆိုတာ အဲဒီတော့ သူတို့ကိုဖော်ထုတ် အရေးယူပြဖို့ပဲလိုတယ်ဗျ။ အဲဒီတော့ ဘာမှ စိုးရိမ်လက်တွန့်နေဖို့မလိုဘူးဗျာ ပြည်သူတွေကလည်း အဲဒါကိုမျှော်လင့်နေတာပဲ ဘယ်သူတွေ ကြိုးကိုင်ပြီးတော့ ဘယ်လိုလုပ်နေလဲဆိုတာကို ပြည်သူတွေသိပ်သိချင်နေပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဒါကအင်မတန်ထိခိုက်ရမယ့်ကိစ္စ။ အဲဒီတော့ လက်ရှိအစိုးရအနေနဲ့ သက်သေအကောင်းဆုံးပြနိုင်လို့ရှိရင် ဒီပွဲဟာ ဘယ်သူတွေဖျက်ခဲ့တယ်ဆိုတာ ပေါ်မှာပေှါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေအနေနဲ့ကတော့ ကျွန်တော်တို့ စိုးရိမ်ကြောင့်ကြမှုအရှိဆုံးကတော့ အဲ့ဒီ ကိုယ့်မြို့ ကိုယ့်ရွာမှာ လုံခြုံအောင် ဝိုင်းထိန်းကြဖို့ပဲ။ လန့်ပြီးတော့ လက်ဦးမှုယူလိုက်တာမျိုးမဖြစ်ဖို့ အင်မတန် အရေးကြီးပါတယ်။
    >> ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးမြင့်ဆွေကလည်း ဒီကနေ့ နိုင်ငံရေးပါတီ ၃၀ လောက်နဲ့ တွေ့တဲ့အချိန်မှာ ပြောတာရှိပါတယ်၊ နိုင်ငံရေးပါတီ တစ်ချို့ကလည်း ဒီနောက်ကွယ်မှာ ရှိနေတယ်လို့ သူပြောသွားတယ်ပေါ့လေ။ ဆိုတော့ ဦးမင်းကိုနိုင်တို့ရော ဒီလိုမျိုး ဆက်စပ်တွေးယူလို့ရပါသလားခင်ဗျ။
    ကျွန်တော်တို့က ဒီဟာကို နာမည်နဲ့တစ်ကွ ဘယ်ပါတီ ဘယ်အဖွဲ့အစည်းဖြစ်တယ်ဆိုတာမျိုးကို ပြောဖို့တော့ ခက်ပါတယ်။ သို့သော် သေချာတာကတော့ ရည်ရွယ်ချက်ရှိရှိနဲ့ တစ်ခုတစ်ဖွဲ့ကတော့ အနည်းဆုံးဆုံးပေါ့ဗျာ၊ ဒါကို ကြိုတင်ပြင်ဆင်ပြီးတော့ လုပ်တာပဲ။ သူတို့လိုချင်တဲ့ လမ်းကြောင်းထဲကို မရောက်နိုင်သေးတဲ့အခါမှာ ထပ်ပြီးတော့ မတည်ငြိမ်မှုတွေ၊ ရုန်းရင်းဆန်ခတ်မှုတွေ၊ သွေးချောင်းစီးမယ့် ကိစ္စတွေကို ထပ်ပြီးတော့ ကြိုးစားနေမှာပဲ။ အဲဒီတော့ ကျွန်တော်တို့ ဒေသန္တရအုပ်ချုပ်ရေးတွေနဲ့ ပြည်သူတွေနဲ့ ပူးပေါင်းပြီးတော့ ကာကွယ်ဖို့ပဲ အရေးကြီးတယ်ဗျ။ တစ်စုတစ်ဖွဲ့ထဲမရဘူးနော်၊ သိပ်သေချာတယ်။ အဲဒီတော့ နိုင်ငံရေးပါတီတွေလည်းပါ၊ အရပ်ဖက်လူ့အဖွဲအစည်းတွေလည်းပါ၊ အုပ်ချုပ်ရေးတွေလည်းပါ၊ ပြီးတဲ့အခါမှာ ဘာသာရေးခေါင်းဆောင်တွေလည်းပါ၊ အဲဒီလို အကုန်လုံး လက်ချင်းချိတ်ပြီးတော့ ကိုယ့်မြို့ကိုယ့်ရွာ ကာကွယ်ထား။ မဟုတ်ရင် သံသယတွေနဲ့ ကြီးထွားနေလို့ရှိရင် လန့်ပြီးတော့ လက်ဦးအောင် လုပ်လိုက်မှာမျိုး ကျွန်တော်သိပ်စိုးရိမ်တယ်။ နောက်မှ မှားမှန်းသိတာမျိုးပေါ့ဗျာ။ အဲဒါကြေကွဲစရာကောင်းလိမ့်မယ်။
    >> ကြိုတင်စီမံနိုင်တယ်။ ဥပမာ မီးဖြတ်တာအပါအဝင် စနစ်တကျလုပ်ဆောင်နိုင်တယ်ဆိုတော့ ဘာကြောင့် ဒီလို အလွယ်တကူလုပ်နိုင်ရတယ်လို့ရော ယူဆပါသလဲခင်ဗျ။
    အင်းပေှါ့ဗျာ… ကျွန်တော်တို့ သာမန်ပြည်သူတွေ အနေနဲ့ကတော့ဗျာ ကိုယ့်စီးပွားကိုယ်ရှာပြီးတော့ ကိုယ့်ဟာကို အေးအေးနေကြတာကိုး။ ဒီဟာတွေက ဘယ်ကတည်းက ဘယ်လောက် ပြင်ဆင်ထားလဲဆိုတာ ကျွန်တော်တို့မှ မသိတာ။ အရေးကြီးတာက ကျွန်တော်တို့တိုင်းပြည်မှာ ရဲအဖွဲအစည်းတွေ ထောက်လှမ်းရေးအဖွဲ့အစည်းတွေ အင်မတန်များတာပဲဗျာ ကွန်ရက်တွေ အင်မတန်ကောင်းတာပဲ၊ သူတို့ဖော်ထုတ်ပြဖို့ လိုပါတယ်။ ပြည်သူလူထုက ဒီပွဲမှာ ဘယ်သူတွေ ဒီလောက်ကောက်ကျစ်ပြီးတော့ ဒီလောက် အကြံကြီးကြီးလုပ်ခဲ့လဲဆိုတာကို သိပ်သိချင်နေကြတယ်ဗျာ။ နောက်ပြီးတော့ လုံခြုံတဲ့ဘဝအနေနဲ့က ကျွန်တော်တို့ အရပ်သားချင်း ခုခံကာကွယ်ထားရတဲ့ အနေအထားက ကာလတစ်ခုပဲရမှာကိုးဗျ။
    >> ဒီအန္တရာယ်က ဘယ်လောက်အထိကြီးမားနိုင်သလဲ၊ ဦးမင်းကိုနိုင် ဘယ်လိုများအကဲဖြတ်လို့ရပါသလဲ။
    ဒါကတော့ ကျွန်တော်တို့အားလုံးရဲ့ အစွမ်းအစအပေါ်မူတည်တာပေါ့။ ကျွန်တော် ပြောချင်တာကတော့ အဓိကက ဥာဏ်အမြော်အမြင်ပဲဗျ။ ဒီဟာက သူတို့သဘောအတိုင်း လုပ်လို့မရပါဘူး။ ကျွန်တော်တို့ပြည်သူတွေ အဲဒီလမ်းကြောင်းထဲ မဝင်သွားသရွေ့၊ အဲဒီအမှားတွေနောက်ကို မပါသွားသရွေ့၊ သူတို့လိုချင်တဲ့ လမ်းကြောင်းမရောက်ပါဘူး။ ကျွန်တော်တို့ရဲ့ ဥာဏ်အမြော်အမြင် ဘယ်လောက်ကြီးသလဲ၊ အချင်းချင်း ညီညွတ်မှု ဘယ်လောက်ရှိသလဲ အဲဒီအပေါ်ပဲ မူတည်ပါတယ်။ ကျွန်တော်ကတော့ ယုံပါတယ်။ ကျွန်တော်တို့ ပြည်သူတွေ ကြံ့ကြံ့ခံပြီးတော့ ရင်ဆိုင်နိုင်မယ်။ အဲဒါကို လက်ချင်းချိတ်ပြီးတော့ ကာကွယ်နိုင်မယ်လို့ ကျွန်တော်တို့ ယုံပါတယ်။ ဒီ သွေးချောင်းစီးတဲ့ ဇာတ်လမ်းတွေ ကျွန်တော်တို့တိုင်းပြည်မှာ ထပ်အဖြစ်ခံလို့မရဘူး။ ကျွန်တော်တို့တိုင်းပြည်ရဲ့ ဘယ်နေရာမှာမ အပြစ်မဲ့တဲ့ ပြည်သူတွေရဲ့ အလောင်းကို မကောက်ရအောင် ကျွန်တော်တို့ ဝိုင်းကာကွယ်ရလိမ့်မယ်။
    >> သွေးချောင်းစီးအောင်၊မတည်မငြိမ်ဖြစ်အောင် လုပ်နေတဲ့သူတွေကို စုံစမ်းဖော်ထုတ်တဲ့နေရာမှာပေါ့လေ လက်ရှိ ဦးသိန်းစိန် အစိုးရအဖွဲ့အနေနဲ့ကော ဘယ်သူတွေက ရန်သူ၊ ဘယ်သူတွေက မိတ်ဆွေ ဆိုပြီးတော့ ကွဲကွဲပြားပြား သိမြင်ဖို့က ဘယ်လောက်အထိ အခက်အခဲရှိနိုင်မလဲခင်ဗျ။
    ဒါက ဒီတိုင်းပြည်မှာ လက်နက်ကိုင်အဖွဲ့အစည်းတွေကို ဘယ်လောက် အဲဒီ အဓိကရုန်းဖန်တီးသူတွေ အပေါ်မှာ ဘယ်လောက်ကိုင်တွယ်နိုင်လဲ၊ ဘယ်လောက်တားဆီးနိုင်လဲ ဆိုတာလည်း အရေးပါတဲ့ အချက်ပဲ။ နောက်တစ်ခုက ဘာကြောင့်မို့လို့ ဒီလောက် ရှောရှော ရှူရှူ ဝင်လို့ထွက်လို့ရပြီးတော့ ကြက်ပျောက်ငှက်ပျောက် ပြန်ပျောက်သွား၊ ဘယ်လိုပေါ်လာလဲ ဒါတွေအကုန်လုံးဟာ ဒေသန္တရဆိုင်ရာ လုံခြုံရေးအဖွဲ့တွေ ဘယ်လောက် အလုပ်လုပ်နိုင်လဲဆိုတာအပေါ် မူတည်တယ်ဗျ။ ဆိုကြပါတော့ ကျွန်တော်တို့ အစွန်းနှစ်ဖက်ကို ရောက်ရောက်သွားတာကို ကျွန်တော်တစ်ချက်ထောက်ပြချင်တယ်။ အရင်တုန်းကဆိုလို့ရှိရင် အဖြူအစိမ်းဝတ်တဲ့ ကျောင်းသားလေးတွေ ဒေါင်းအလံကိုင်ပြီးတော့ ချီတက်ရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ သံဃာတွေ မေတ္တာသုတ်ရွတ်ပြီးတော့ စီတန်းရုံနဲ့ နှိမ်နင်းခဲ့တာတွေရှိတယ်။ အစွန်းတစ်ဖက်ပဲဗျ၊ နောက်တစ်ခါကျတော့ အခုလို လက်နက်တွေ ကိုင်ဆောင်ပြီး တော့ ဝင်ရောက်ဖျက်ဆီးနေတာကို မနှိမ်နင်းနိုင်တာ မတားဆီးနိုင်တာလည်း အစွန်းတစ်ဖက်ပဲ။ အဲဒီအစွန်းနှစ်ဖက်တော့ ဘယ်လိုမှရောက်လို့မရဘူး။ ကျွန်တော်တို့က ဒီလိုပြောလိုက်လို့ဟိုဘက် အစွန်းရောက်သွားတယ်၊ ဟိုဘက်ကိုပြောလို့ ဒီဘက်အစွန်းရောက်သွားတယ်ဆိုတာတော့ ဘယ်ဖြစ်လို့ရမလဲဗျ။ ဒါသူတို့ စဉ်းစားဆင်ခြင်ဥာဏ်နဲ့ တည့်တည့်မတ်မတ်ဆောင်ရွက်ရမယ့် ကိစ္စပါ။ ဒါအရေးအကြီးဆုံးပါ။
    >> လက်ရှိကိုင်တွယ်နှိမ်နင်းမှုတွေမှာပေါ့လေ ပိုပြီးတော့ ထိထိရောက်ရောက်ဖြစ်လာအောင် အစိုးရအနေနဲ့ နောက်ထပ်တစ်ဆင့်တိုးပြီးတော့ ဘာတွေများ လုပ်ဆောင်ဖို့လိုနေတာ တွေ့ရပါသလဲခင်ဗျ။
    အဓိကကတော့ ပြည်သူလူထုရဲ့ နေ့စဉ်ဘဝတွေကိုလည်း မခြိမ်းခြောက်ဖို့အရေးကြီးတာပေါ့။ တကယ်က ဥာဏ်အမြော်အမြင်ရှိရင်ဗျာ… လုံခြုံရေးတပ်တွေကို အခုဝင်လာတဲ့ လမ်းကြောင်းတွေက ထင်ထင်ရှားရှား ပေါ်ပေါ်လာတာမျိုးတွေပါဗျာ၊ အဲဒီတော့ မြို့အဝင်အထွက်တွေမှာ စနစ်တကျ ကြည့်နိုင် ရှု့နိုင်ဖို့လည်း လိုပါတယ်။ ကျွန်တော်တို့ ပြည်သူလူထုရဲ့ ပူးပေါင်းတဲ့အားကိုလည်း ယူဖို့လိုတယ်။ ပြည်သူလူထုကို အကူအညီတောင်းပြီးတော့ လက်တွဲလို့ရှိရင် ရတယ်ဗျ။ ပြည်သူလူထုက ကူညီဖို့ အဆင်သင့်ပဲ။
    >> ပြည်သူတွေဘက်ကရော ဘာတွေများ သတိပြုဖို့လိုနေပါသလဲ ခင်ဗျ။ ခုအချိန်မှာပေါ့လေ။
    ထောင်ချောက်ထဲမဝင်မိဖို့ပါပဲ။ ကျွန်တော်တို့အားလုံး အသက်သွေးချွေးတွေနဲ့ ဘဝတွေနဲ့ ရင်းနှီးတည်ဆောက်ထားတဲ့ အခုရက်သားနုနုနယ်နယ် ဒီမိုကရေစီလမ်းကြောင်းပေါ် တင်နေတုန်းရှိသေးတယ် ဒါကို ကျွန်တော်တို့ နောက်ကြောင်းအပျက်အစီးခံဖို့ မရဘူးပေါ့ဗျာ။ ကျွန်တော်တို့ပြည်သူတွေ ဒီလောက်ဆိုရင် သိပါတယ်။ ကျွန်တော်တို့ ပြည်သူတွေဟာ သိပ်ညံ့တဲ့ပြည်သူတွေမဟုတ်ပါဘူး။
  • Breaking News: နတ်တလင်းမှာ မွတ်စလင်မ်များကိုတိုက်ခိုက်
    မတ်လ-၂၆၊၂၀၁၃
    M-Media
    Nattalin
    အခုည ၁၀း၅၅ ခန့် က စပြီး ပဲခူးတိုင်း နတ်တလင်း မွတ်စလင်မ်များကို ၀င်ရောက်တိုက်ခိုက်နေတယ်လို့ သိရပါတယ်။ တစ်လုံးတည်းရှိသော ပလီကို ဖျက်ဆီးပြီးသွားပြီးဖြစ်ပြီး အိမ်များကို ဆက်လက်ဖျက်ဆီးနေကြောင်း၊ နတ်တလင်းမှာ မွတ်စလင်မ် အိမ်ချေ ၂၀၀ ခန့် ရှိကြောင်း M-Media က သတင်းရရှိပါတယ်။
    အခုအခါ ဖုန်းလိုင်းတွေကို ဖြတ်ထားကြောင်းလည်း သိရပါတယ်။