Blog
-
ရုံးပေရွာ နောက်ဆက်တွဲ သတင်း (မတ် ၂၃၊ ၃နာရီ ၁၅)
မတ်လ ၂၃၊ ၂၀၁၃M-Mediaထွန်းတောက်နေပြည်တော် ။ ။ ၂၃-ရက်နေ့ မနက် (၁)နာရီက ရုံးပေရွာတွင် ဗလီနှင့် နေအိမ်များ မီးရှို့မှုဖြစ်ပွားခဲ့တာကြောင့် ရုံးပေရွာမှ ရွာခံတချို့အား ဆက်သွယ်မှုရခိုက်မေးမြန်းဖြစ်ခဲ့ပါတယ်။ “မနေ့က ၂၂.၃.၂၀၁၃ ရက်ညက ၁၀-နာရီ လောက်ကစပြီး လူစုလူဝေးဖြစ်လာတယ်။ ည ၁၁-နာရီလောက်မှာ ပိုဆိုးလာတယ်။ ၂၃-ရက် မနက် ၁-နာရီကျော်ကျော်လောက်မှာတော့ မီးစရှို့တယ်။ မီးရှို့တာက ဗလီထဲက စာသင်ကျောင်းဆောင်ကို ရှို့တာပါ။ စာသင်ကျောင်းက အောက်ထပ်မှာ စာသင်ပြီး၊ အပေါ်ထပ်မှာ ဆရာနေပါတယ်။ ည ၁၁-နာရီလောက် လူစုလာကတည်းက ဆရာကတော့ အဲဒီမှာ မနေတော့တာပါ။ စာသင်ကျောင်းက လုံးဝမီးလောင်သွားပါတယ်။ ဗလီကတော့ တံခါးတွေမီးလောင်သွားတယ်။ ဗလီထဲက တရားဟောစင်မြင့်ခုံတွေရယ်၊ ပန်ကာတွေရယ်လည်း ရိုက်ချိုးဖျက်ဆီးသွားကြတယ်။ ရွာထဲက အိမ်တွေကိုတော့ မီးရှို့တာမအောင်မြင်လိုက်ဘူး။ ဒါပေမယ့် အိမ် (၆)အိမ်လောက်တော့ ဖျက်ဆီးခံရလိုက်ရတယ်။ လုံခြုံရေးရောက်လာတော့ သူတို့ဆက်ပြီးမဖျက်ဆီးတော့တာ။ တိုင်း ရဲက လုံခြုံရေးပေးထားပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ ပျဉ်းမနားဘက်ကို ပို့ထားတယ်။ တချို့လည်း တခြားရွာတွေဘက်သွားနေကြတယ်။ အခု ရုံးပေမှာတော့ မွတ်စလင်မ်အမျိုးသားတွေပဲ ကျန်တော့တာပါ။ အခုတော့ အားလုံးအေးဆေးဖြစ်သွားပါပြီ။”လို့ M-Media ကို ပြောပြလာပါတယ်။ -
မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်
M-Media
မတ်လ ၂၂ ရက်၊ ၂၀၁၃
အမ်တူးအေ
(၂၂.၃.၂၀၁၃)ရက်နေ့က မိတ္ထီလာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ဒေါက်တာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။
မေး – ဒေါက်တာက မနေ့က မိတ္ထီလာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီက အခြေအနေလေး သိချင်ပါတယ်။ ပြောပြပေးပါလား။
ဖြေ – ဟုတ်ကဲ့။ ကျွန်တော် မနေ့က မိတ္ထီလာ အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် မိတ္ထီလာကိုရောက်တော့ နေ့လည် (၃)နာရီလောက်ရှိပါပြီ။မေး – ဒေါက်တာက ဘယ်အဖွဲ့နဲ့ ဘယ်လိုသွားခဲ့တာပါလဲ။
ဖြေ – ကျွန်တော်တို့သွားတာက အဖွဲ့ရယ်လို့တော့မဟုတ်ဘူးဗျ။ ဒီအတိုင်းပဲ သွားလိုက်ကြတာ။ ဘုန်းဘုန်းတစ်ပါးရယ်၊ ဗိုလ်ကြီးဟောင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် (၃)ယောက်ပါ။ ဆယ်ဘီးကား (၁)စီးနဲ့ အိုးခွက်ပန်းကန် စားသောက်စရာတွေရယ်၊ ဒိုင်နာ(၄)စီးနဲ့ ရေသန့်တွေရယ်၊ light truck ကား (၁)စီးနဲ့ မုန့်တွေရယ်ပါတယ်။ ကျွန်တော်တို့ (၃)ယောက်ရယ် အဲဒီကားမောင်းသူတွေရယ်ပါ။မေး – ဟုတ်ကဲ့။ ဟိုမှာ ဘယ်လိုအခြေအနေရှိပါလဲ။
ဖြေ – မိတ္ထီလာကိုရောက်တော့ (၃)နာရီထိုးပြီ။ ကျွန်တော်တို့လည်း တိုင်းရုံးကို အရင်သွားလိုက်ပါတယ်။ ဟိုမှာက sky net ကလည်း ရှိနေတယ်။ ပြီးတော့ တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်နဲ့သာသနာရေးဒုဝန်ကြီးလည်းရောက်နေကြ တယ်။ သူတို့ အစည်းအဝေးလုပ်နေကြတာ။ ကယ်ဆယ်ထောက်ပံ့ရေးအတွက်လာတာဖြစ် ကြောင်းပြောပြီး လုံခြံရေးအတွက် တောင်းတော့ သူတို့လည်း လုံခြုံရေးစိုးရိမ်တာကြောင့် ကျွန်တော်တို့ကို ရဲကား(၅)စီး လုံခြုံရေးပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ခရိုင်အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။ မေး – ဟုတ်ကဲ့၊ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိနေပါသလဲ။
ဖြေ – ဒုက္ခသည်စုစုပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။ အဲဒီမှာ ICRC လည်းရောက်နေတယ်။ ဆရာဝန် ၁-ယောက်လည်းရှိနေတယ်။ မနက်ဖြန် (၂၃)ရက်နေ့မှာတော့ ဆေးဝါးတွေရောက်မယ်ပြောတယ်။မေး – ဟုတ်ကဲ့ စခန်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေပါလဲ ဒေါက်တာ။
ဖြေ – အဲ့ဒီမှာက မိခင်တွေ၊ ကလေးနို့တိုက်နေရတဲ့ မိခင်တွေရှိတယ်။ သူတို့တွေလည်း နို့တိုက်ဖို့ အဆင်မပြေဘူး။ ဒီတော့ နို့မှုန့်တွေ အရေးပေါ်လိုလာတယ်။ အဲဒါတွေတော့ ကြိုးစားရတယ်။ နောက် အ၀တ်အစားမရှိကြဘူး။မေး – ဟုတ်ကဲ့ပါ။ သူတို့တွေအတွက် တခြားဘာများလိုအပ်နေတာရှိလဲ။ တခြားလှူချင်သူတွေလည်း သိထားရအောင်လို့ပါ။
ဖြေ – အ၀တ်အစားလိုတယ်။ နောက်ပြီးတော့ သူတို့မှာ စိတ်ဖိစီးမှုဒဏ်ကို တအားခံစားနေရတယ် ဒါကြောင့် ခေါင်းမူးတာတွေ သွေးပေါင်ချိန်ကျတာတွေလည်းဖြစ်နေတယ်။ အဲဒီအတွက် ဓါတ်ဆားတွေ၊ အားဆေးပုလင်းချိတ်ဖို့လိုတာတွေရှိနေတယ်။ အဟာရထောက်ပံ့ရေးလုပ်ဖို့ လိုတယ်။ ဗိုက်အောင့်တတ်တဲ့ ဝေဒနာတွေဖြစ်နေကြတယ်။ ဗိုက်အောင့်တာကလည်း အမျိုးမျိုးပေါ့ အဲဒါတွေ အတွက် ဆေးဝါးတွေလိုပါတယ်။ မေး – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ။
ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။ -
နေပြည်တော် အနီးရှိ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ် လူနေအိမ်များ မီးရှို့ဖျက်ဆီး
မတ်လ ၂၃၊ ၂၀၁၃
M-Media
ထွန်းတောက်အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။
နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေသည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။
“မနေ့ည (၁၀)နာရီလောက်ကစပြီး ရုတ်ရုတ်သဲသဲဖြစ်တယ်။ နေပြည်တော်က လာကြည့်ပြီးပြန်သွားတယ်။ အခုမနက် (၁)နာရီမှာ မီးစရှို့တာ။ ကာကွယ်ရေးက ဗိုလ်မှူးမြင့်အောင် လာကြည့်တယ်။ ဒီလောက် ဆူပူအော်ဟစ်နေကြတာကို ဘာမှ မလုပ်ပေးပဲ ပြန်သွားတယ်။ ရုံးပေမှာ ဗလီ(၁)လုံးပဲရှိတယ်။ မွတ်စလင်မ်အိမ်ခြေ (၄၀)၀န်းကျင်နဲ့ မွတ်စလင်မ် (၁၅၀)ကျော်ပဲရှိတာ။ ကျွန်တော်တို့တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀)ကတည်းက နေလာခဲ့ကြတာ။ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုမှ ချက်ချင်းထဖြစ်တာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးပြေးနေကြရတာ။ ရွာရဲ့ အနောက်ဘက် လယ်ပြင်ထဲမှာ အခုပြေးနေတာပါ။ ကျွန်တော့်ဖုန်းလည်း အားမရှိတော့ဘူး။ တုံးတစ်တုံးပဲကျန်တော့တယ်။ တစ်ခြားလည်း ဖုန်းမရှိကြဘူး။ ကျွန်တော်လည်း တအားမောနေတယ်။ ဖုန်းရပ်လိုက်တော့မယ်”လို့ ပြေးလွှားနေရင်းကပဲ မောဟိုက်နွမ်းလျစွာ M-Media ကို ပြောရင်း ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်။
-
မြန်မာပြည်မှ နာဇီပုံစံ မွတ်စလင်ဆန့်ကျင်ရေး
M-Media
မတ်လ ၂၂ ရက်၊ ၂၀၁၃
မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ ပွင့်ပွင့်လင်းလင်းဝေဖန်လေ့ရှိတဲ့ ဒေါက်တာမောင်ဇာနည်က ရခိုင်အရေးအခင်းကို နာဇီလှုပ်ရှားပုံမျိုးလို့ ကင်ပွန်းတပ်ခဲ့တယ်။ ဒါကို မြန်မာအချို့က လိုတာထက် ပုံကြီးချဲ့တယ်လို့ ဆိုကြတယ်။ အနောက်တိုင်းသားတချို လည်း ဒီလိုအသုံးအနှုံးမျိုးကို ရှောင်ခဲ့တာပေါ့။
ဒါပေမယ့် အခုမိတ္ထီလာမှာ မွတ်စလင်ဆန့် ကျင်အကြမ်းဖက်မှုတွေဖြစ်တော့ ဒေါက်တာဇာနည်မှန်တယ်ဆိုတာ သက်သေပြနေသလိုပဲ။ မွတ်စလင်ရွှေ ဆိုင်ပိုင်ရှင်နဲ့ ဗုဒ္ဓဘာသာဝင်တို့ အချင်းများရာကနေ စလိုက်တာဟာ လူပေါင်း ၃၀ ထက်မနည်းသေပြီးဖြစ်သလို၊ ဗလီ ၁၀ လုံးထက်မနည်း၊ အစ္စလာမ့်စာ သင်ကျောင်းတွေ၊ အိမ်တွေ ဖျက်ဆီးခံခဲ့ရတယ်။ မီးခိုးတွေ၊ ပြာတွေနဲ့ မီးလောင်တစပြင်ကြီးလို ဖြစ်နေတဲ့ မိတ္ထီလာကနေ မွတ်စလင်တွေရော၊ ဗုဒ္ဓဘာသာဝင်တွေပါ ထွက်ပြေးကြရတယ်။
မွတ်စလင်များ မြို့ပြင်သို့ထွက်သွားနေကြသည်ကို အလဲဗင်းမီဒီယာမှ တင်ပြထားပုံ မတ်လ ၂၁ ရက်နေ့ကတော့ ရန်ကုန်အခြေစိုက် အလဲဗင်းက မြို့ပြင်ကို မောင်းထုတ်ခံနေရတဲ့ မွတ်စလင်လူတန်းရှည်ကြီးပုံကို ဖော်ပြသွားခဲ့တယ်။ ဒီပုံထဲမှာ ထူးခြားတာက ကလေးတွေ၊ မိန်းမတွေနဲ့ သက်ကြီးရွယ်အိုတွေအားလုံး သူတို့လက်တွေကို မြှောက်ထားကြရတယ်။ သူတို့ကို လုံခြုံရေးတွေက ကာရံပေးထားတယ်။ အနီးအပါးမှာတော့ ဒုတ်ဓားကိုင် ဘုန်းကြီးတွေ၊ ဗုဒ္ဓဘာသာဝင်တွေက ရာနှစ်ချီပြီး ထွက်သွားနေတဲ့ မွတ်စလင်လူတန်းကြီး ကို စောင့်ကြည့်နေကြတယ်။ ဒါက ဘာကိုအမှတ်ရစေသလဲဆိုရင် ဒုတိယကမ္ဘာစစ်တုန်းက ဂျူးတွေကို ဂျာမန်စစ်သားတွေ ၀န်းရံပြီး နာဇီစစ်စခန်းတွေ ဆီ ပို့နေကြတဲ့ ပုံမျိုးကိုပါပဲ။
ဒီဓာတ်ပုံတစ်ခုကပဲ မြန်မာပြည်က ဖြစ်စဉ်တွေသည် နာဇီဖြစ်စဉ်နဲ့ ဆင်တူနေတယ်လို့ ပြောပြနေတာမဟုတ်ပါ။ အရေးအခင်းလှုံဆော်ရေး သမားတွေ ရဲ့ လှုပ်ရှားပုံတွေ၊ အကြံအစည်တွေ၊ အထူးသဖြင့် လူမျိုးရေး-ဘာသာရေးအခြေခံတဲ့ အကြံအစည်တွေက ဟစ်တလာလက်အောက်ခံ နာဇီဂျာမနီရဲ့ ပုံပန်းသွင်ပြင်တွေ အတိုင်းပါပဲ။
ကနဦးကတော့ ပုံမှန်လှုပ်ရှားမှုတွေနဲ့ တကယ့်ကို စောင့်ကြည့်လေ့လာဖို့သင့်တဲ့ ပြုမူဆောင်ရွက်မှုတွေ ရှိနေတယ်။ အဲဒီလိုဖြစ်စဉ်တွေထဲမှာ အရေးအပါဆုံးက ၉၆၉ လှုပ်ရှားမှုပါပဲ။ ဒီ ၉၆၉ ဆိုတာကို ဒီနှစ်အစောပိုင်းက တီထွင်လိုက်ကြတယ်။ မြန်မာပြည်လို ဂဏန်းတွေနဲ့ အတိတ် သဘောင်ကောက်တဲ့နည်း အလွန်တွင်ကျယ်တဲ့နေရာမျိုးမှာ ၉၆၉ က တကယ့်ကို စွမ်းအားထက်တော့တာပါပဲ။ ဒီ ၉၆၉ ကို အစွန်းရောက် ဘုန်းကြီးတွေက ဦးဆောင်ပြီး လှုပ်ရှားကြတယ်။ ဘုန်းကြီးတွေထဲမှာ ၀ီရသူနာမည်နဲ့ ထင်ပေါ်နေတဲ့သူတစ်ဦးလည်းအပါအ၀င်ဖြစ်တယ်။ ၉၆၉ ဆိုတာကတော့ ဘုရားဂုဏ်တော် ၉ပါး၊ တရားဂုဏ်တော် ၆ ပါးနဲ့ သံဃာဂုဏ်တော် ၉ ပါးဆိုပြီး ယူထားကြတာပါ။
ဒါပေမယ့် ၉၆၉အရေးလှုပ်ရှားသူတွေကတော့ ၉၆၉ သည် ၇၈၆ အတိုင်း လိုက်လုပ်ထားတယ်လို့ ပြောကြတယ်။ ၇၈၆ ဆိုတဲ့ဂဏန်းကို အာရှတောင်ပိုင်းက မွတ်စလင်တွေ သုံးကြတယ်။ အဓိပ္ပါယ်က အလ္လာဟ်၏နာမတော်ဖြင့် အစပြုပါသည် ဆိုတာကို ဂဏန်းနဲ့ ဖော်ပြထားတာပါ။
မြန်မာတွေက ဒီ ၇၈၆ ကို အဓိပ္ပါယ်တမျိုးဖွင့်တယ်၊ ၇+၈+၆ = ၂၁ ဆိုတော့ ၂၁ ရာစုမှာ မွတ်စလင်တွေ လွှမ်းမိုးရမယ်၊ ဒါမျိုး အလွဲအဓိပ္ပါယ် ဖွင့်တာပါ။ ဒီတော့ ၇၈၆ ကို ဆန့်ကျင်ဖို့ ၉၆၉ ဆိုတဲ့ လှုပ်ရှားမှု ပေါ်လာတော့တာပါပဲ။ ၉၆၉ စတစ်ကာတွေကတော့ လှုပ်ရှားမှုရဲ့ အလံ လိုဖြစ်နေပြီး မြို့အတော် များများမှာ အဲဒီစတစ်ကာတွေ တွေ့နေရတာပဲ။ ၉၆၉ လှုပ်ရှားမှုကြီးကတော့ လွတ်လွတ်လပ်လပ်ကို လုပ်ကိုင်ခွင့်ရနေတဲ့ လူထုလှုပ်ရှားမှုကြီးပါပဲ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်အနည်းငယ်အတွင်းကတော့ ၉၆၉ စတစ်ကာ ကပ်ထားတဲ့ တက္ကစီတွေ၊ ဆိုင်ကယ်တွေကို တွေ့နေရတယ်။
၉၆၉ လှုပ်ရှားသူတွေကတော့ သူတို့လှုပ်ရှားမှုကို ငြိမ်းချမ်းတဲ့အသွင်နဲ့ အမျိုးဘာသာသာသနာကို ကာကွယ်တာပါလို့ ပြောတာပါပဲ။ လက်တွေ့ကတော့ ဒီလှုပ်ရှားမှုက ပွင့်လင်းသိသာတဲ့ မွတ်စလင်ဆန့် ကျင် လှုပ်ရှားမှုကြီးပါပဲ။ ဗုဒ္ဓကိုယ်တိုင်ကျင့်ကြံပြခဲ့တဲ့ လူသားအားလုံး တပြေးညီသဘော တရားမျိုးကို ၉၆၉ လှုပ်ရှားမှုကြီးက ဆက်လက်ပြီး ဟောပြောတင်ပြနေတာမျိုး မဟုတ်ဘူး။ မြို့ကြီးများအပါအ၀င် မြန်မာနိုင်ငံ တနံတလျားမှာ ၉၆၉ ကော်မတီတွေရှိတယ်၊ သူတို့က အစီအစဉ်တွေ၊ တရားပွဲတွေ လုပ်ကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး စာရွက်စာအုပ်တွေ စီဒီတွေ ဖြန့်ကြတယ်။
သူတို့ကမြန်မာစီးပွားရေးလုပ်ငန်းကို မွတ်စလင်တွေ လက်ဝါးကြီးအုပ်ထားတယ်လို့ စွပ်စွဲကြတယ်။ ဒါကြောင့် ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်မလုပ်ရဘူးလို့ ဆိုတယ်။ ဗုဒ္ဓဘာသာဝင်များသည် ဗုဒ္ဓဘာသာဝင်အချင်းချင်း၊ ၉၆၉ တံဆိပ်ကပ်ဆိုင်တွေ မှာပဲ ရောင်းဝယ်ရမယ်၊ ဒါမျိုးဆိုတယ်။ ကရင်ပြည်နယ်မှာတော့ ဗုဒ္ဓဘာသာအချင်းချင်းပဲ အရောင်းအ၀ယ်လုပ်ရမယ်ဆိုပြီး အဓမ္မကို စေခိုင်းနေတယ်။ မွတ်စလင်တွေနဲ့ အရောင်းအ၀ယ်လုပ်တဲ့ ဗုဒ္ဓဘာသာဝင်အချို့ကို ဘုန်းကြီးတွေဝိုင်းရိုက်ကြတယ်ဆိုတဲ့ အကြောင်းကို ပြည်တွင်း သတင်းတွေမှာ တွေ့နေရတယ်။
အခုထိတော့ ၉၆၉ တံဆိပ်တွေကို စတိုးဆိုင်တွေ၊ အလတ်တန်းစား စားသောက်ဆိုင်တွေ၊ လက်ဖက်ရည်ဆိုင်တွေနဲ့ စားသောက်ကုန်ရောင်း တဲ့ ဆိုင်တွေမှာ တွေ့နေရတယ်။ ၉၆၉ အကြောင်းဟောတဲ့ ဘုန်းကြီးတရားပွဲကတော့ မှိုပေါက်သလိုကို ပေါနေတော့တာပဲ။ ဒီလိုတရားပွဲ ပေါသလို၊ မွတ်စလင်ဆန့်ကျင်ရေး လက်ကမ်းစာစောင်တွေ စတစ်ကာတွေကို ကုန်စုံဆိုင်တွေ၊ ဖုန်းဆိုင်တွေနဲ့ လက်ဖက်ရည်ဆိုင်တွေမှာ ရောင်းကြတယ်။ မွတ်စလင်ဆန့်ကျင်ရေး တရားခွေတွေကို လမ်းတွေမှာ ဖွင့်ကြတယ်။ ရန်ကုန်က ကုန်စုံဆိုင်တွေမှာတောင် ဖွင့်ကြတယ်။ လိုရင်းကတော့ ၉၆၉ သတင်းက တနိုင်ငံလုံးပတ်သွားနေတဲ့ အဲဒီ ၉၆၉ လှုပ်ရှားသူတွေ၊ ဘုန်းကြီးတွေကြောင့်ပဲ ပျံ့နှံ့နေပါပြီ။
မြန်မာပြည်က မွတ်စလင်တွေကို အန္တရာယ်ရှိ နိုင်ငံခြားသားတွေလို့ ပုံဖော်ကြတယ်။ မြန်မာပြည်ကို နယ်မြေလုဖို့သက်သက်နဲ့ ၀င်လာကြသူတွေလို့ တင်ပြတယ်။ သူတို့တွေကပဲ စီးပွားရေးလုပ်ငန်းတွေကို လက်ဝါးကြီးအုပ်ကြတယ်လို့ စွပ်စွဲတယ်။ လူ့အသိုင်းအ၀န်း အတွင်းက ယဉ်ကျေးမှုကို အစ္စလာမ့်အကြောင်း မကောင်းတာတွေပြောပြီး ဖျက်ဆီးပစ်နေကြတယ်။ ဒီလို အစ္စလာမ်အကြောင်း မကောင်း ပြောတဲ့အထဲမှာ မိန်းမတွေ ကို မြှူဆွယ်တဲ့အကြောင်း၊ ဒီလိုနဲ့ နိုင်ငံရေးအာဏာကို လုယူတဲ့အကြောင်း စတာတွေ ပါတယ်။ မွတ်စလင်တွေကို ခွေးနဲ့နှိုင်းပြီး သခင့်လက် ကို ပြန်ကိုက်တဲ့ခွေးတွေ၊ သူတို့ကို မောင်းမထုတ်ရင်၊ ဒီလူလိမ်တွေ၊ အကျည်းတန်တွေ၊ အရိုင်းအစိုင်းတွေ ကို မောင်းမထုတ် ရင် မြန်မာလူမျိုးတမျိုးလုံး ပြုတ်သွားရချည့်ရဲ့ဆိုတဲ့ စိုးရိမ်မှုက နားထင်ထိ ရောက်နေတယ်။
သူတို့ကိုယ် သူတို့ ဒုက္ခနွံထဲ ဆွဲထည့်တာက အခရာပဲ။ ပုံမှန်ဝါဒဖြန့်ချက်ကတော့ မွတ်စလင်တွေသည် နိုင်ငံနဲ့ အသိုက်အ၀န်းတစ်ခုလုံး ကို ဖျက်လို့ဖျက် ဆီးလုပ်နေတယ် ဆိုတာပါပဲ။ ငြိမ်းချမ်းရေးလှုပ်ရှားတယ်လို့ နာမည်ကြီးတဲ့ ရှင်ဥာဏိဿရကိုယ်တိုင် မိတ္ထီလာအဓိကရုဏ်း ဒုတိယနေ့၊ မတ်လ ၂၁ ရက်နေ့မှာ ဒီဗွီဘီကို – “မွတ်စလင်တွေသည် ဧည့်သည်တွေဖြစ်တဲ့အတွက်၊ အခုဖြစ်ပျက်နေတဲ့ ဘာသာရေး တင်းမာမှုကလည်း မွတ်စလင်တွေကြောင့် ပဲဖြစ်တာကြောင့် အိမ်ရှင်တွေကို လေးစားရမယ်၊ ယဉ်ကျေးပြရမယ်၊ ” ။ အဲဒါမျိုးပြောခဲ့တယ်။
တခြားအရေးပါတဲ့ အချက်တွေလည်း ရှိတယ်။ ဗုဒ္ဓဘာသာဘုန်းကြီးတွေရေးတဲ့ မွတ်စလင်ဆန့် ကျင်ရေး စာအုပ်တွေအားလုံးက အမျိုးပျောက်မှာ စိုးကြောက်စရာ ဆိုတဲ့ပုံမျိုးတွေချည့် နာမည်မှည့်ထားကြတာပဲ။ ဒါမျိုးစာအုပ်တွေကို လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ ဖြန့်ချိခဲ့ကြတယ်။ ဒါတွေက လက်ရှိဖြစ်နေတဲ့ လှုပ်ရှားမှုတွေအတွက် လမ်းညွှန်တွေပဲ။ အဲဒီထဲမှာ မွတ်စလင်တွေက အလိုမတူဘဲ ဗုဒ္ဓဘာသာဝင် တွေကို လက်ထပ်တယ်ဆိုတဲ့ အကြောင်းတွေကို တင်ပြထားတယ်။ ပြီးတော့ သူတို့ကို အစ္စလာမ်ထဲ သွင်းဖို့ကြိုးစားတယ်၊ မွတ်စလင်တွေက တကမ္ဘာလုံးကို စီးပွားရေးအရ သာမက နိုင်ငံရေးအရရော၊ ယဉ်ကျေးမှုအရပါ ၀ါးမြိုဖို့ ကြိုးစားနေတယ် ဒါမျိုးတွေ ရေးထားတယ်။ မွတ်စလင်တွေကို ထိထိရောက်ရောက်မတားဆီးရင် သူတို့က ဗုဒ္ဓဘာသာနိုင်ငံတွေကို သိမ်းလိုက်လိမ့်မယ်၊ သူတို့အင်အားမှေးမှိန်စေဖို့ သူတို့ရဲ့ အဆောက်အအုံတွေကို ဖျက်ဆီး ရမယ်၊ နိုင်ငံသားဖြစ်ခွင့် ကို သွေးနဲ့ဆုံးဖြတ်ရမယ်၊ ဒါမျိုးတွေ ၀ါဒဖြန့်တယ်။ နိုင်ငံသားဖြစ်ခွင့်ကို သွေးနဲ့ဆုံးဖြတ်ရမယ်ဆိုတာကို လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ဦးခင်ရီပြောခဲ့ တာပါ။
ဒါပေမယ့် ဒီလိုမျိုး နာဇီဖက်ဆစ်ဆန်ဆန်လှုပ်ရှားမှုမျိုးက အထောက်အပံ့ကောင်းကောင်းမရဘဲ ဆက်ပြီး အဓွန့်ရှည်နေမှာမဟုတ်ဘူး။ လူတွေ ရာထောင်ချီပြီး ၉၆၉ တရားတွေနားထောင်ကြတော့ အင်အားကောင်းလာတယ်။ ဒီလိုမျိုးတရားတွေက လူထုလက်ခံယုံနဲ့ ပြီးသွားတာမှ မဟုတ် တာ၊ နောက်ဆက်တွဲအနေနဲ့ ၉၆၉ တရားပွဲအပြီး မွန်ပြည်နယ်မှာ မွတ်စလင်ဆိုင်တွေကို ဖျက်ဆီးတယ်။
ဖေ့စ်ဘွတ်လို ဆိုရှယ်မီဒီယာတွေမှာ ၉၆၉ လှုပ်ရှားသူတွေက မြန်မာစာလုံးတွေနဲ့ အုပ်စုတွေ ဖွဲ့ပြီး ၀ါဒဖြန့်ကြတယ်။ အဲဒီထဲမှာ အဖွဲ့ဝင်အရေအ တွက်က ၉၀ ကနေ ရာဂဏန်းထိရှိတယ်။ ဒါပြင် MNMC ခေါ် မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသားရေးလှုပ်ရှားမှု ကော်မတီ ဆိုတဲ့ ဖေ့စ်ဘွတ် စာမျက်နှာကတော့ စံချိန်တင် (Likes) ပေါင်း ၁၅၄၉၉ ရှိနေတယ်။ မြန်မာပြည်ကဖေ့စ်ဘွတ်အသုံးပြုသူတွေရဲ့ ကွန်မန့်တွေကတော့ သူတို့အ တွက် ပေါ်ပြူလာအထောက်အပံ့တွေဖြစ်နေတော့တာပါပဲ။ မြန်မာပြည်တွင်းက မွတ်စလင်သတင်းဝက်ဘ်ဆိုက်ဒ်နှစ်ခုမှာ ပေးထားကြတဲ့ မှတ်ချက်တွေကို အင်္ဂလိပ်လို ဖော်ပြပေးပါ့မယ်။ ဒီမှတ်ချက်တွေက ဘယ်လောက်ထိ တာသွားနေလဲ၊ ကြီးကျယ်နေလဲဆိုတာ သိသာအောင်လို့ပါ။
ပျော်တယ်ဟေ့ပျော်တယ်ဟေ့၊၊ ခွေးမျိုးတွေ၊ ခွေးသားတွေ၊ ပြည့်တန်ဆာမသားတွေကို မောင်းထုတ်ကြစို့
သတင်းကောင်းပဲ၊ မွတ်စလင်အားလုံး သေရမယ်။
၂၀ ပဲသေတာ နည်းတယ်ကွ၊ သူတို့အားလုံးသေရမှာ။ မြန်မာပြည်က ဗလီအားလုံးကို ဖျက်ဆီးပစ်ရမယ်။
အတိုးချုံးပြောရရင်တော့ ဒေါက်တာဇာနည်ပြောနေခဲ့တဲ့ နာဇီလှုပ်ရှားမှုမျိုးက အဟုန်ပြင်းပြင်းနဲ့ကို ဖြစ်နေပါပြီ။ ဒီလှုပ်ရှားမှုကို နောက်ကွယ်ကနေ ကြိုးကိုင်နေကြသူတွေကတော့ နိုင်ငံအနှံ့ လွတ်လွတ်လပ်လပ် သွားလာခွင့်ရနေကြတယ်။ ဒီလိုမျိုး အရေးပေါ်အချိန်မှာ သူတို့ကို ထောက်ခံသူတွေက အုံနဲ့ကျင်းနဲ့၊ မုန်းတီးရေးအခြေခံ သတင်းတွေ ဖြန့်နေကြတယ်။
ဒီလိုမျိုး လှုပ်ရှားမှုတွေကို ထိထိရောက်ရောက်ပြောဆိုတင်ပြတာမျိုးတွေမလုပ်ရင်တော့ လူမျိုးစုအမျိုးမျိုး ကွဲပြားနေတဲ့ မြန်မာပြည်လို နေရာမှာ အကြမ်းဖက်မှုတွေ၊ လူမျိုးရေးအခြေအနေတင်းမာမှုတွေက ထိန်းလို့မရအောင် ဆက်ဖြစ်နေတော့မှာပါပဲ။ ဆိုင်တစ်ဆိုင်မှာ စကားများတာ ကလေးကနေ အဆုံးသတ်ရလဒ်ကတော့ဗျာ၊ မိတ္ထီလာတမြို့လုံးမှာ ကြီးကျယ်တဲ့ အဓိကရုဏ်းကြီးဖြစ်သွားပါပြီ။း ဒါက တပ်လှန့်နှိုးဆော်မှုတစ်ခုပါပဲ။
-
မိတ္ထီလာတွင် ဂျာနယ်လစ်များကို ခြိမ်းခြောက်ရန်ပြုနေ
M-Media
မတ်လ ၂၂ ရက်၊ ၂၀၁၃
မိတ္ထီလာတွင် တတိယမြောက်နေ့အဖြစ် အကြမ်းဖက်မှုများ ဆက်တိုက်ဖြစ်ပွားနေ၍ အစိုးရမှ မာရှယ်လောထုတ်ပြန်လိုက်သည်။ သောင်းကျန်း သူများတွင် ဗုဒ္ဓဘာသာ ဘုန်းကြီးများပါဝင်နေကြောင်း၊ ၄င်းတို့က သတင်းထောက်များ၏ ဓာတ်ပုံများနှင့် မှတ်တမ်းမှတ်ရာများကို ခြိမ်းခြောက် ဖျက်ဆီးပစ်နေကြောင်း ဒီဗွီဘီက တင်ပြထားသည်။
ယနေ့ ၄ နာရီတွင် သမ္မတဦးသိန်းစိန်မှ အရေးပေါ်အခြေအနေကြေညာပြီး စစ်တပ်အား အခြေအနေထိန်းသိမ်းဖို့ ညွှန်ကြားခဲ့သည်။ ယနေ့ အစောပိုင်းကမူ မီဒီယာလွတ်လပ်ခွင့်ကော်မတီမှ ပြည်တွင်းဂျာနယ်လစ်များသာ မက ပြည်ပဂျာနယ်လစ်များပါ ကိုယ်ထိလက်ရောက် အစော်ကားခံနေရကြောင်း၊ ကင်မရာများကို လုယူပြီး မန်မိုရီကဒ်များကို ဖျက်ဆီးခြင်းစသည်များရှိကြောင်းများပါ အစီရင်ခံစာ ထုတ်ပြန်ခဲ့သည်။
ဒီဗွီဘီ၏ သတင်းထောက်ကိုလည်း ဓားရှည်ကို သောင်းကျန်းသူများက ခြိမ်းခြောက်ခဲ့ပြီး မှတ်တမ်းများကို ဖျက်ဆီးပစ်ဖို့ အဓမ္မစေခိုင်းခဲ့သည်။
မိတ္ထီလာသည် မြန်မာလေတပ်အခြေစိုက်ရာမြို့ဖြစ်သည်။ ထို့ပြင် ခြေလျင်တပ်ရင်းအမှတ် ၉၉ လည်း ရှိသည်။ သို့သော် မာရှယ်လောမကြေညာမီအထိ စစ်တပ်က အင်းဝဘဏ်ကို အကာအကွယ်ပေးထားသည်မှအပ ငြိမ်သက်မှုရရှိအောင် တစ်စုံတစ်ရာ ဆောင်ရွက်ခြင်းမျိုး မရှိခဲ့ပေ။
NLD မှ ဦးဝင်းထိန်ကမူ ဘောလုံးကွင်းအတွင်း မွတ်စလင် ၉၀၀ ကျော်နှင့် မြို့ရဲဌာနအတွင်း ၂၀၀ ကျော်ရှိနေကြောင်း ပြောကြားခဲ့သည်။ ယင်းအချက်မှာ အလဲဗင်းမီဒီယာ၏ တင်ပြပုံနှင့် လွန်စွာကွဲပြားလျက်ရှိသည်။
“သူတို့ရဲတွေက ထိထိရောက်ရောက်ဆောင်ရွက်တာမျိုးမရှိဘူး။ မနေ့က စီနီယာ ရဲအရာရှိတွေ ရောက်လာတယ်၊ သူတို့ရှေ့မှာတင် အကြမ်းဖက် သမားတွေက ဆိုင်တစ်ဆိုင်ကို ၀င်ပြီးပစ္စည်းတွေလုတယ်၊ ပြီးတော့ ဖျက်ဆီးပစ်တယ်၊ သူတို့ကတော့ ကားလေးရပ်ပြီး ဓာတ်ပုံလေးရိုက်ယူကြတယ်၊ ပြီးတော့ ပြန်ထွက်သွားတယ်” ဟု ABFSU အဖွဲ့ဝင်တစ်ဦးက ပြောသည်။