News @ M-Media

Blog

  • မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်း

    M-Media
    March 23, 2013

    maketila

    မိတ္ထီလာမြို့ မွတ်စလင်မ်များ အကြမ်းဖက်ခံရမှု မှတ်တမ်းကို M-Media မှ စုစည်း အတည်ပြုရယူထားပါသည်။

    ဖျက်ဆီးခံရသော ဗလီဝတ်ကျောင်းတော်များ

    ၁။ ဂျာမေ့ဗလီ – အရှေ့ပြင်ရပ် (ဈေးအနောက်)

    ၂။ ဘင်္ဂါလီဗလီ – ရတနာမောင်ရပ်ကွက်

    ၃။ ငြိမ်းချမ်းရေးဗလီ – ရတနာမောင်ရပ်ကွက်

    ၄။ တူရကီဗလီ – ရတနာမောင်ရပ်ကွက်(တပ်နယ်)

    ၅။ မြို့မဗလီ – ရတနာမောင်ရပ်ကွက်

    ၆။ မှန်လုံဗလီ(မှန်လုံ၂-ထပ်ဗလီ)ဏ္ဍသီရိမင်္ဂလာ(က)ဗလီ – သီရိမင်္ဂလာရပ်ကွက်

    ၇။ ပါကစ္စတန်ဗလီ – သီရိမင်္ဂလာရပ်ကွက်

    ၈။ မြို့ဦးဗလီ – အောင်ဇေယျာရပ်ကွက်

    ၉။ နန်းတော်ကုန်းဗလီနှင့် အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

    ၁၀။ ချမ်းအေးသာယာဗလီ – နန်းတော်ကုန်းရပ်ကွက်

    ၁၁။ ပြည်သာယာ(တောင်)၊ ပြည်သာယာ(မြောက်) ၀တ်ပြုကျောင်းဆောင်များ – ပြည်သာယာ တိုးချဲ့ရပ်ကွက်

    ၁၂။ မင်္ဂလာဇေယုံဗလီနှင့် အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

     

    ဖျက်ဆီးခံရသော အာရဗီကျောင်းတော်များ

    ၁။ အာရဗီအာမုဒီယာကျောင်း – သီရိမင်္ဂလာရပ်ကွက်

    ၂။ အဇီဇီယာ အာရဗီတက္ကသိုလ် – နန်းတော်ကုန်းရပ်ကွက်

    ၃။ အာရဗီအထက်တန်းကျောင်း – မင်္ဂလာဇေယုံရပ်ကွက်

     

    အိုးအိမ်မဲ့ မွတ်စလင်မ်ဒုက္ခသည်များ 

    ၆၀၀၀ ၀န်းကျင် – ခရိုင်ဘောလုံးကွင်းဒုက္ခသည်စခန်း

    ၈၀၀၀ ၀န်းကျင် – အမှတ်(၁)ရဲစခန်း၊ အထက်တန်းကျောင်း

    ၃၀၀၀ ၀န်းကျင် – ပြည်သာယာ(ရှမ်းတဲ) အ.ထ.က၊ (လေတပ်အနီး)

    ၃၅၀၀ ၀န်းကျင် – မိတ္ထီလာတ၀ိုက် ရွာတချို့နှင့် မန္တလေးဘက်သို့ရောက်ရှိ

     

    သေဆုံးသူစာရင်း

    ၁၃၀ ၀န်းကျင် – မွတ်စလင်မ်များ (အမည်စာရင်းရှိ ၄၀ နီးပါးခန့်နှင့် အမည်မသိရသေးသူများ)

    ၃၀ ၀န်းကျင် – ဗုဒ္ဓဘာသာများ

     

  • နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    နိုင်ငံပိုင် ရဲဌာနများ၏ မိတ္ထီလာအဓိကရုဏ်း အသေအပျောက်စာရင်း မှားယွင်းနိုင်ကြောင်း အလဲဗင်းဝန်ခံ

    M-Media
    မတ်လ ၂၃ ရက်၊ ၂၀၁၃

     

    “မတ်လ ၂၀ ရက်နေ့က ဖြစ်ပွားခဲ့သော မိတ္ထီလာမြို့ ပဋိပက္ခတွင် သေဆုံးသူ (၁၁) ဦးနှင့် ဒဏ်ရာရရှိသူ (၃၉) ဦးရှိကြောင်း နိုင်ငံပိုင် မီဒီယာများမှ သတင်း ထုတ်ပြန်ထားသော်လည်း မျက်မြင်သက်သေများ၏ ပြောကြားချက်နှင့် Eleven Media Gruop မှ ရရှိခဲ့သော အထောက် အထားများအရ သေဆုံးသူ အရေအတွက်နှင့် ဆုံးရှုံးမှုများ ပိုမိုများပြားနိုင်ကြောင်း သိရပါသည်။” (အလဲဗင်း မီဒီယာ သတင်းဖော်ပြချက် – မတ်လ ၂၃ ရက်၊ ၂၀၁၃)

    အစိုးရ ရဲဌာနများရဲ့ သတင်းထုတ်ပြန်ချက်ကို ကိုးကားပြီး မွတ်စလင် ၁၀ ဦး သေဆုံးသည်ဆိုသည်မှာ မဟုတ်မှန်ကြောင်း အလဲဗင်း မီဒီယာက ငြင်းဆိုခဲ့သည်။ ရဲဌာန၏အဆိုအရ မတ်လ ၂၁ ရက်နေ့အထိ လူ ၆ ဦးသာ သေဆုံးခဲ့ကြောင်းကို ၄င်းတို့ပိုင် တရားဝင်ဝက်ဘ် ဆိုဒ်နှင့် ဖေ့စ်ဘွတ်စာ မျက်နှာများ၌ ဖော်ပြထားခဲ့သည်။

    သို့သော် ယနေ့တွင်မူ ရဲဌာန၏ စာရင်းထုတ်ပြန်ချက်တွင် အမှားအယွင်း ရှိနေနိုင်ကြောင်း သံသယပွားစေမည့် သတင်းမျိုးကို အထက်ပါ အတိုင်း တင်ပြကာ ၄င်းတို့၏ မတ်လ ၂၁ ရက်တင်ပြချက် မှားယွင်းနိုင်ကြောင်း ၀န်ခံလိုက်ပြီဖြစ်သည်။ ထို့အတူ အလဲဗင်း မီဒီယာက မိတ္ထီ လာအဓိကရုဏ်းစတင်ဖြစ်သည့်နေ့တွင်ပင် “အပြန်အလှန်မီးရှို့မှု” များရှိသည်ဟု “အပြန်အလှန်” ဟူသည့် စကားလုံးကို သုံးစွဲကာ ၀ါဒဖြန့်ခဲ့သည်။

    အခြားနိုင်ငံတကာ သတင်းဌာနတစ်ခု၏ ဖော်ပြချက်အရ အောက်ပါအတိုင်း သိရှိရပါသည်။

    ယူကေအခြေဆိုက် ဂါဒီးယန်းသတင်းစာ၏ ဆက်သွယ်မေးမြန်းချက်အရ မိတ္ထီလာမြို့၊ မွတ်စလင်ဆန့်ကျင်ရေးအရေးအခင်းကြောင့် လူပေါင်း ၁၀၀ ခန့်သေဆုံးပြီးဖြစ်ကြောင်း ဦးဝဏ္ဏရွှေမှပြောကြားခဲ့သည်။ လူ့အခွင့် အရေးစောင့်ကြည့်မှုအဖွဲ့ (Human Rights Watch) မှ Phil Robertson ကမူ “အဓိက ပြဿနာက ဒီလိုပါ။ အစိုးရက အမုန်းတရားကြီးထွားမယ့် လုပ် ကိုင်ဆောင်ရွက်ချက်တွေ၊ အုပ်စုလိုက်ကျူးလွန်ကြတဲ့ ဆူပူသောင်း ကျန်းမှုတွေကို ပေါ်တင်ကြီး ငေးကြည့်နေတယ်၊ ဒီလိုလုပ်တော့ မွတ်စလင်တွေကို တိုက်ခိုက်တယ်ဆိုတာက အရေးယူခံရမယ့် ကိစ္စမဟုတ်ဘူးဆိုတဲ့ ဥပမာ သဘောမျိုး သက်ရောက်နေတယ်။ မွတ်စလင်တွေကို တိုက်ခိုက်ခြင်းက မြန်မာပြည်ထဲမှာ ဆက်ပြီး သက်ဆိုးရှည်နေတယ်၊ အားကောင်းနေတယ်။ မိတ္ထီလာမှာ စစ်အခြေဆိုက် စခန်းကြီးရှိတယ်။ လူတွေအုံကြွလာပြီဆိုတာနဲ့ သူတို့ တားဆီးလိုက်နိုင်တာပဲလေ။ ဘာကြောင့်ဒီလို ဆူပူသောင်းကျန်းမှုကြီးက ၂ ရက်လောက်ထိ သက်ဆိုးရှည်သွားတာလဲ? မတားဆီးနိုင်ရခြင်းက သူတို့မှာ တားဆီးဖို့ ခွန်အားမရှိလို့ ဒါမှမဟုတ် ဗုဒ္ဓဘာသာဘုန်းကြီးတွေပါဝင်နေလို့ နိုင်ငံရေးပေါ် လစီအရ မတားဆီးချင်လို့ပဲ ဖြစ်ရမယ်။” ဟု ဂါးဒီးယန်းသို့ ပြောပြခဲ့သည်။

  • ရုံးပေရွာ နောက်ဆက်တွဲ သတင်း (မတ် ၂၃၊ ၃နာရီ ၁၅)

    မတ်လ ၂၃၊ ၂၀၁၃
    M-Media
    ထွန်းတောက်
    နေပြည်တော်   ။        ။     ၂၃-ရက်နေ့ မနက် (၁)နာရီက ရုံးပေရွာတွင် ဗလီနှင့် နေအိမ်များ မီးရှို့မှုဖြစ်ပွားခဲ့တာကြောင့် ရုံးပေရွာမှ ရွာခံတချို့အား ဆက်သွယ်မှုရခိုက်မေးမြန်းဖြစ်ခဲ့ပါတယ်။
    “မနေ့က ၂၂.၃.၂၀၁၃ ရက်ညက ၁၀-နာရီ လောက်ကစပြီး လူစုလူဝေးဖြစ်လာတယ်။ ည ၁၁-နာရီလောက်မှာ ပိုဆိုးလာတယ်။ ၂၃-ရက် မနက် ၁-နာရီကျော်ကျော်လောက်မှာတော့ မီးစရှို့တယ်။ မီးရှို့တာက ဗလီထဲက စာသင်ကျောင်းဆောင်ကို ရှို့တာပါ။ စာသင်ကျောင်းက အောက်ထပ်မှာ စာသင်ပြီး၊ အပေါ်ထပ်မှာ ဆရာနေပါတယ်။ ည ၁၁-နာရီလောက် လူစုလာကတည်းက ဆရာကတော့ အဲဒီမှာ မနေတော့တာပါ။ စာသင်ကျောင်းက လုံးဝမီးလောင်သွားပါတယ်။ ဗလီကတော့ တံခါးတွေမီးလောင်သွားတယ်။ ဗလီထဲက တရားဟောစင်မြင့်ခုံတွေရယ်၊ ပန်ကာတွေရယ်လည်း ရိုက်ချိုးဖျက်ဆီးသွားကြတယ်။ ရွာထဲက အိမ်တွေကိုတော့ မီးရှို့တာမအောင်မြင်လိုက်ဘူး။ ဒါပေမယ့် အိမ် (၆)အိမ်လောက်တော့ ဖျက်ဆီးခံရလိုက်ရတယ်။ လုံခြုံရေးရောက်လာတော့ သူတို့ဆက်ပြီးမဖျက်ဆီးတော့တာ။ တိုင်း ရဲက လုံခြုံရေးပေးထားပါတယ်။ အမျိုးသမီးနဲ့ ကလေးတွေကိုတော့ ပျဉ်းမနားဘက်ကို ပို့ထားတယ်။ တချို့လည်း တခြားရွာတွေဘက်သွားနေကြတယ်။ အခု ရုံးပေမှာတော့ မွတ်စလင်မ်အမျိုးသားတွေပဲ ကျန်တော့တာပါ။ အခုတော့ အားလုံးအေးဆေးဖြစ်သွားပါပြီ။”လို့ M-Media ကို ပြောပြလာပါတယ်။
  • မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်

    မိတ္ထီလာဒုက္ခသည်စခန်းသို့ ရောက်ရှိခဲ့သော ဆရာဝန်တစ်ဦးထံ တိုက်ရိုက် ဆက်သွယ် မေးမြန်းထားချက်

    M-Media

    မတ်လ ၂၂ ရက်၊ ၂၀၁၃

    အမ်တူးအေ

    (၂၂.၃.၂၀၁၃)ရက်နေ့က မိတ္ထီလာဒုက္ခသည်စခန်းကို ရောက်ရှိခဲ့တဲ့ ဒေါက်တာတစ်ဦးနဲ့ ဆက်သွယ်မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မေး – ဒေါက်တာက မနေ့က မိတ္ထီလာဒုက္ခသည်စခန်းကိုရောက်ရှိခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် အဲဒီက အခြေအနေလေး သိချင်ပါတယ်။ ပြောပြပေးပါလား။
    ဖြေ – ဟုတ်ကဲ့။ ကျွန်တော် မနေ့က မိတ္ထီလာ အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ရှိခဲ့ပါတယ်။ ကျွန်တော် မိတ္ထီလာကိုရောက်တော့ နေ့လည် (၃)နာရီလောက်ရှိပါပြီ။

    မေး – ဒေါက်တာက ဘယ်အဖွဲ့နဲ့ ဘယ်လိုသွားခဲ့တာပါလဲ။
    ဖြေ – ကျွန်တော်တို့သွားတာက အဖွဲ့ရယ်လို့တော့မဟုတ်ဘူးဗျ။ ဒီအတိုင်းပဲ သွားလိုက်ကြတာ။ ဘုန်းဘုန်းတစ်ပါးရယ်၊ ဗိုလ်ကြီးဟောင်းတစ်ယောက်ရယ်၊ ကျွန်တော်ရယ် (၃)ယောက်ပါ။ ဆယ်ဘီးကား (၁)စီးနဲ့ အိုးခွက်ပန်းကန် စားသောက်စရာတွေရယ်၊ ဒိုင်နာ(၄)စီးနဲ့ ရေသန့်တွေရယ်၊ light truck ကား (၁)စီးနဲ့ မုန့်တွေရယ်ပါတယ်။ ကျွန်တော်တို့ (၃)ယောက်ရယ် အဲဒီကားမောင်းသူတွေရယ်ပါ။

    မေး – ဟုတ်ကဲ့။ ဟိုမှာ ဘယ်လိုအခြေအနေရှိပါလဲ။
    ဖြေ – မိတ္ထီလာကိုရောက်တော့ (၃)နာရီထိုးပြီ။ ကျွန်တော်တို့လည်း တိုင်းရုံးကို အရင်သွားလိုက်ပါတယ်။ ဟိုမှာက sky net ကလည်း ရှိနေတယ်။ ပြီးတော့ တိုင်းမှူးဗိုလ်ချုပ်ရဲမြင့်နဲ့သာသနာရေးဒုဝန်ကြီးလည်းရောက်နေကြတယ်။ သူတို့ အစည်းအဝေးလုပ်နေကြတာ။ ကယ်ဆယ်ထောက်ပံ့ရေးအတွက်လာတာဖြစ်ကြောင်းပြောပြီး လုံခြံရေးအတွက် တောင်းတော့ သူတို့လည်း လုံခြုံရေးစိုးရိမ်တာကြောင့် ကျွန်တော်တို့ကို ရဲကား(၅)စီး လုံခြုံရေးပေးပါတယ်။ ဒါနဲ့ ကျွန်တော်တို့ ခရိုင်အားကစားကွင်းထဲက ဒုက္ခသည်စခန်းကို ရောက်ခဲ့ပါတယ်။

    မေး – ဟုတ်ကဲ့၊ ဒုက္ခသည်စခန်းမှာ ဒုက္ခသည်ဦးရေ ဘယ်လောက်ရှိနေပါသလဲ။
    ဖြေ – ဒုက္ခသည်စုစုပေါင်း ၄၀၀၀ ကျော်ရှိနေပါတယ်။ အဲဒီမှာ ICRC လည်းရောက်နေတယ်။ ဆရာဝန် ၁-ယောက်လည်းရှိနေတယ်။ မနက်ဖြန် (၂၃)ရက်နေ့မှာတော့ ဆေးဝါးတွေရောက်မယ်ပြောတယ်။

    မေး – ဟုတ်ကဲ့ စခန်းက ဒုက္ခသည်တွေရဲ့ အခြေအနေတွေ ဘယ်လိုရှိနေပါလဲ ဒေါက်တာ။
    ဖြေ – အဲ့ဒီမှာက မိခင်တွေ၊ ကလေးနို့တိုက်နေရတဲ့ မိခင်တွေရှိတယ်။ သူတို့တွေလည်း နို့တိုက်ဖို့ အဆင်မပြေဘူး။ ဒီတော့ နို့မှုန့်တွေ အရေးပေါ်လိုလာတယ်။ အဲဒါတွေတော့ ကြိုးစားရတယ်။ နောက် အ၀တ်အစားမရှိကြဘူး။

    မေး – ဟုတ်ကဲ့ပါ။ သူတို့တွေအတွက် တခြားဘာများလိုအပ်နေတာရှိလဲ။ တခြားလှူချင်သူတွေလည်း သိထားရအောင်လို့ပါ။
    ဖြေ – အ၀တ်အစားလိုတယ်။ နောက်ပြီးတော့ သူတို့မှာ စိတ်ဖိစီးမှုဒဏ်ကို တအားခံစားနေရတယ် ဒါကြောင့် ခေါင်းမူးတာတွေ သွေးပေါင်ချိန်ကျတာတွေလည်းဖြစ်နေတယ်။ အဲဒီအတွက် ဓါတ်ဆားတွေ၊ အားဆေးပုလင်းချိတ်ဖို့လိုတာတွေရှိနေတယ်။ အဟာရထောက်ပံ့ရေးလုပ်ဖို့ လိုတယ်။ ဗိုက်အောင့်တတ်တဲ့ ဝေဒနာတွေဖြစ်နေကြတယ်။ ဗိုက်အောင့်တာကလည်း အမျိုးမျိုးပေါ့ အဲဒါတွေ အတွက် ဆေးဝါးတွေလိုပါတယ်။

    မေး – ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ်ဒေါက်တာ။
    ဖြေ – ဟုတ်ကဲ့ပါခင်ဗျာ။

  • နေပြည်တော် အနီးရှိ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ် လူနေအိမ်များ မီးရှို့ဖျက်ဆီး

    နေပြည်တော် အနီးရှိ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ် လူနေအိမ်များ မီးရှို့ဖျက်ဆီး

    မတ်လ ၂၃၊ ၂၀၁၃
    M-Media
    ထွန်းတောက်

    အေလာမြို့ ။ ။ နေပြည်တော်အနီး၊ အေလာမြို့၊ ရုံးပေရွာတွင် ဗလီနှင့် မွတ်စလင်မ်လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီခန့်မှစ၍ မီးရှို့ဖျက်ဆီးနေကြောင်း သတင်းရရှိသည်။

    နေပြည်တော်အနီး အေလာမြို့နှင့် ၂-မိုင်ခန့် ကွာဝေးသည့် ရုံးပေရွာတွင် ဗလီနှင့် လူနေအိမ်များအား ၂၃-ရက် မနက်(၁)နာရီမှစ၍ မီးရှို့နေသည့်အတွက် ရုံးပေရွာရှိ မွတ်စလင်မ်များ ထွက်ပြေးနေရကြောင်းသိရသည်။

    “မနေ့ည (၁၀)နာရီလောက်ကစပြီး ရုတ်ရုတ်သဲသဲဖြစ်တယ်။ နေပြည်တော်က လာကြည့်ပြီးပြန်သွားတယ်။ အခုမနက် (၁)နာရီမှာ မီးစရှို့တာ။ ကာကွယ်ရေးက ဗိုလ်မှူးမြင့်အောင် လာကြည့်တယ်။ ဒီလောက် ဆူပူအော်ဟစ်နေကြတာကို ဘာမှ မလုပ်ပေးပဲ ပြန်သွားတယ်။ ရုံးပေမှာ ဗလီ(၁)လုံးပဲရှိတယ်။ မွတ်စလင်မ်အိမ်ခြေ (၄၀)၀န်းကျင်နဲ့ မွတ်စလင်မ် (၁၅၀)ကျော်ပဲရှိတာ။ ကျွန်တော်တို့တွေ ဟိုးလွန်ခဲ့တဲ့ နှစ်ပေါင်း (၁၅၀)ကတည်းက နေလာခဲ့ကြတာ။ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုမှ ချက်ချင်းထဖြစ်တာ။ ကျွန်တော်တို့ မွတ်စလင်မ်တွေအားလုံးပြေးနေကြရတာ။ ရွာရဲ့ အနောက်ဘက် လယ်ပြင်ထဲမှာ အခုပြေးနေတာပါ။ ကျွန်တော့်ဖုန်းလည်း အားမရှိတော့ဘူး။ တုံးတစ်တုံးပဲကျန်တော့တယ်။ တစ်ခြားလည်း ဖုန်းမရှိကြဘူး။ ကျွန်တော်လည်း တအားမောနေတယ်။ ဖုန်းရပ်လိုက်တော့မယ်”လို့ ပြေးလွှားနေရင်းကပဲ မောဟိုက်နွမ်းလျစွာ M-Media ကို ပြောရင်း ဖုန်းလိုင်း ပြတ်တောက်သွားပါတယ်။