News @ M-Media

Blog

  • ဂျူးဘုရားကျောင်း ပိတ်ရမည့် အန္တရာယ်မှ ကယ်တင်နိုင်ရန် မွတ်စလင်များမှ ဝိုင်းပြီး ကူညီပေး

    မတ် ၇  ၊ ၂၀၁၃
    M-Media
    Ref: (JTA)

    Bradford-synagogue.jpg1_

    ဗြိတိန်နိုင်ငံ ဘရက်ဖို့ဒ်မြို့တွင် ကျန်ရှိနေသော ဂျူးဘုရားကျောင်းတစ်ခုအား ထိန်းသိမ်းစောင့်ရှောက်ရေးအတွက် ရန်ပုံငွေများ ထည့်ဝင်လှူဒါန်းပြီး၊ လူအများသို့လည်း ဆော်သြပေးမည်ဟု အင်္ဂလန်မြောက်ပိုင်းမှ မွတ်စလင်အဖွဲ့တစ်ခုက ကြေညာခဲ့သည်။

    ဘရက်ဖို့ဒ် ဗလီဝတ်ကျောင်းတော်များကောင်စီမှ ဘရက်ဖို့ဒ် ဂျူးဘုရားကျောင်း ရန်ပုံငွေတိုးပွားရေးအတွက် ဒေသတွင်းရှိ စည်ပင်သာယာရေးအဖွဲ့နှင့် မကြာသေးမီက စတင် ပူးပေါင်းဆောင်ရွက်ခဲ့ပြီး နောင်လာမည့် မျိုးဆက်များအတွက် အထွတ်အမြတ်ထားရာ နေရာတစ်ခုအဖြစ် ကျန်ရစ်စေရန် ဆောင်ရွက်ခြင်းလည်းဖြစ်သည်။

    “ဂျူးဘုရားကျောင်း ဥက္ကဌက ဘုရားကျောင်းကို ထိန်းသိမ်းဖို့အတွက် မွတ်စလင်အသိုင်းအ၀ိုင်းကို အကူအညီတောင်းလာတဲ့အခါ၊ ကျနော်တို့ ပါဝင်ဆောင်ရွက်ဖို့ ဆုံးဖြတ်ချက်ဟာ ကြန့်ကြာခြင်း မရှိခဲ့ပါဘူး။” ဟု ဘရက်ဖို့ဒ် ဗလီဝတ်ကျောင်းတော်များ ကောင်စီ၏ အတွင်းရေးမှူး ဇွလ်ဖီ ကရင်မ်(Zulfi Karim) က ဆိုသည်။

    ဘရက်ဖို့ဒ်မြို့၏ သိုးမွှေးနှင့် အထည်လိပ် စီပွားရေးအမြင့်ဆုံးအချိန်က ဥရောပမှ ဂျူးလူမျိုး အများအပြားသည် ဘရက်ဖို့ဒ်မြို့သို့ ပြောင်းရွှေ့ အခြေချခဲ့ကြသည်။ မကြာသေးမီ နှစ်များအတွင်း ဘရက်ဖို့ဒ်မြို့ရှိ ဂျူးလူမျိုးအရေအတွက်မှာ တဖြည်းဖြည်းလျော့နည်းလာခဲ့ပြီး ဂျူးဘုရားကျောင်းမှာလည်း ရန်ပုံငွေ နည်းပါးခြင်းကြောင့် ပိတ်ပစ်ရမည့် အန္တရာယ်နှင့် ရင်ဆိုင်လာ ခဲ့ရလေသည်။ ဘီဘီစီ သတင်းဌာန၏ မှတ်တမ်းအရ ၂၀၀၈ ခုနှစ် ဘရက်ဖို့မြို့တွင် ဂျူးလူမျိုး အနည်းဆုံး ၅၀၀ ခန့်ရှိသည်ဟု သိရသည်။

    “ဒေသတွင်းအာဏာပိုင်တွေရဲ့ အကူအညီနဲ့အတူ ဒီ ဂျူးဘုရားကျောင်းကို ထိန်းသိမ်းဖို့အတွက် ကျနော်တို့အားလုံး အတူတကွ လုပ်ဆောင်နေကြပါတယ်။” ဟု ဂျူးဘုရားကျောင်းဥက္ကဌဖြစ်သူ ရူဒီ လိဗ်ဗါ(Rudi Leavor) က ဆိုသည်။

    ၂၀၁၂ ခုနှစ်က ကောက်ယူခဲ့သော သန်းခေါင်စာရင်းအရ အင်္ဂလန်နှင့် ဝေးလ် တွင်ရှိသည့် အခြားနေရာများထက် ဘရက်ဖို့ဒ်တွင် ပါကစ္စတန်နိုင်ငံသား အများပြားရှိသည်ဟု သိရသည်။

  • ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်း ငွေရတု နှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနား

    မတ်လ ၁၃ရက်၊ ၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်မှုံ

    ၂၅ နှစ်မြောက် ငွေရတု အထိမ်းအမှတ် ကိုဖုန်းမော်၊ ကိုစိုးနိုင် ကျဆုံးခြင်းနှင့် မြန်မာနိုင်ငံ လူ့အခွင့်အရေးနေ့ အခမ်းအနားကို  ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌  မတ်လ ၁၃ ရက်နေ့ နံနက် ၁၀းဝဝ နာရီက ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    P6100099

    အဆိုပါအခမ်းအနားသို့  ရဟန်းသံဃာတော်များ၊နိုင်ငံရေးပါတီများ၊ နိုင်ငံရေးအကျဉ်းသားဟောင်းများ၊ ကိုဖုန်းမော်နှင့် ကိုစိုးနိုင်တို့၏ မိသားစုဝင်များ၊ဧည်သည်တော်များ၊နှင့် သတင်းမီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြသည်။

    အခမ်းအနားမှူး အဖြစ် ကိုစည်သူမောင်၊ကိုနန္ဒာစစ်အောင် တို့ကဆောင်ရွက်ပြီး အခမ်းအနားကို မြန်မာနိုင်ငံလူ့အခွင့်အရေး သီချင်းဖြင့် စတင်ဖွင့်လှစ်ကာ ကျောင်းသားတို့၏ တိုက်ပွဲဝင် ကျောင်းသားသမ္မဂ ခွပ်ဒေါင်းအလံကို အလေးပြုခြင်း၊ဒီမိုကရေစီတိုက်ပွဲအဆင့်ဆင့်တွင်  ကျဆုံးခဲ့သော ရဟန်းရှင်လူ ကျောင်းသားပြည်သူတို့အား ဂုဏ်ပြုသော အားဖြင့် တစ်မိနစ်ငြိမ်သက်ခြင်း၊အခမ်းအနား ကျင်းပရေးကော်မတီ၏ သဘောတား ကြေငြာချက်ကို ကိုအောင်ထွန်းမှ ဖတ်ကြားခြင်း၊ကိုဖုန်းမော် ကိုစိုးနိုင်တို့၏ မိသားစုဝင်များမှ အမှတ်တရ စကားပြောကြားခြင်း၊ ကိုမင်းကိုနိုင်၊ ဟံသာဝတီဦးဝင်းတင်၊(ဗ.က.သ)များအဖွဲ့ချုပ်မှ တစ်ဦး၊(တ.က.သ)များ အဖွဲ့မှတစ်ဦး အသီးသီး ပြောကြားခဲ့သည်။
    P6100082
    “ဒီကနေ့ ဒီမိုကရေစီသမားတွေ၊လူ့အခွင့်အရေး အသံတွေ ကျယ်ကျယ်လောင်လောင် ပြောနေနိုင်တယ်ဆိုတာ အခု ကျွန်တော့် နောက်မှာ မသေသေးပဲ ဓါတ်ပုံထဲကနေ စိုက်ကြည့်နေတဲ့ ရန်ကုန်စက်မူ တက္ကသိုလ် ကျောင်းသားနှစ်ယောက်ရဲ့ သွေးမြေကျ မှတ်တမ်းက သက်သေပြနေပါတယ်” ဟု ၈၈မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်း လူ့အဖွဲ့အစည်း မှ မင်းကိုနိုင်က ထည့်သွင်း ပြောကြားခဲ့သည်။

    မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမ္မဂ အဖွဲ့ချုပ်မှ ကိုညှိထွန်းက“တက်ရောက်လာကြတဲ့ သံဃာတော်များ၊ကိုဖုန်းမော် ၊ကိုစိုးနိုင်၏ ဆွေမျိုးများ၊ကျွန်တော်တို့ရဲ့ ရဲဘော်ဟောင်းများ၊မိတ်ဆွေများ အားလုံးကို အထူးပဲ ကျေးဇူးတင်ပါတယ်။ ကျွန်တော်တို့ဟာ ကြိုးစားပြီးတော့ ဒီပွဲကို ကျင်းပရတာပါ။အခုလို ဗွီဒီယိုဖိုင်တွေ၊တက်ရောက်လာကြသူတွေကို မြင်ရတော့ ကျင်းပရကျိုးနပ်ပါတယ်။ဒါ့အပြင် ကိုစိုးနိုင်ရဲ့ မိသားစုတွေ မျက်ရည်ကျပြီး ပြောတဲ့ စကားသံတွေ ကြားရတော့ ကျွန်တော်တို့ ကြက်သီး ဖြန်းဖြန်းထမိပါတယ်။ ကျွန်တော်တို့ရဲ့ ကြေငြာချက်တွေထဲမှာ ပါသလို အာဃတတွေနဲ့ ဒီပွဲကို လုပ်တာ မဟုတ်ပါဘူး။၈၈အရေးတော်ပုံရဲ့ ပထမဆုံး ကျဆုံးသွားတဲ့ ရဲဘော်နှစ်ယောက်ကို ဂုဏ်ပြုခြင်းဖြစ်ပါတယ်။အခု တိုင်းပြည်မှာ ဖြစ်နေတာတွေဟာ တကယ်ကောင်းသွားပြီလား ၊ကောင်းယောင်ဆောင်နေတာလား၊ ညီညွှတ်မူ အရေးကြီးကြောင်း ပြောကြားရင်း နိဂုံးချုပ် လိုက်ပါတယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

    “စက်မှုတက္ကသိုလ်က ဆရာကိုပစ်တော့မယ်ဆဲဆဲမှာ ကိုဖုန်းမော်ကအဲဒီ ဆရာကိုတွန်းပြီးသူ အပစ်ခံလိုက်တာ။ ရင်ဝမှာတစ်ချက်၊ ဆီးစပ်မှာတစ်ချက်၊ ပေါင်မှာ တစ်ချက် အပစ်ခံလိုက်ရတာပါ။ တကယ်တော့ အစိုးရ ရေဒီယို ကနေ ကြေညာခဲ့သလို ရန်ပွဲမှာ ဓါးနဲ့ အသတ်ခံလိုက်ရတာ မဟုတ်ပါဘူး။ နာရေးအသုဘကိုတောင် ကြေညာခွင့်၊ ဆိုင်းပုတ်တင်ခွင့်၊ မဏ္ဍာပ်ထိုးခွင့်မရခဲ့ပါဘူး။ ဒီနေ့အထိ ဆရာလေးရဲ့အကိုက မသေပါဘူး”ဟု  ကိုဖုန်းမော်၏ညီမ သီလရှင်ဆရာလေး ဒေါ်အဂ္ဂထေရီ ကထည့်သွင်းကြေားခဲ့သည်။

    IMG_2389

    ဗ.က.သ အဖွဲ့ချုပ်ရဲ့ တိုင်းရင်းသားကျောင်းသားရေးရာ တာဝန်ခံ ကိုနန္ဒစစ်အောင်ကလည်း “အသွင်ကူးပြောင်းရေး ကာလမှာ တရားမျှတမူ ရှိဖို့လိုအပ်တယ်။ကျူးလွန်ခံရတဲ့ သူတွေအတွက် အနည်းဆုံးတော့ ဖြစ်ရပ်မှန် သမိုင်း မှတ်တမ်းတွေက လိုအပ်ပြီလို့ ကျွန်တော်ပြောချင်တယ်။ကိုစိုးနိုင် ကိုဖုန်းမော်ကစပြီး တတိုင်းပြည်လုံးမှာရှိတဲ့ နောက် မျိုးဆက် အနာဂတ် လူငယ်တွေကို သမိုင်း မှတ်တမ်း အမှန်တွေ လက်ဆင့်ကမ်းဖို့ လိုအပ်ပါတယ်။ တတ်နိုင်သမျှ ကျွန်တော်တို့ ကိုယ်တိုင်လည်း လုပ်သွားမယ်၊ဆော်သြသွားမယ်။ လုပ်နိုင်တဲ့ သူတွေလည်း တတ်နိုင်သမျှ လုပ်ပေးဖို့ တောင်းဆိုမယ်” ဟုM-Mdia သို့ပြောကြားခဲ့သည်။

    “၂၅နှစ်လုံးလုံး ခံစားချက်တွေ ရင်ထဲမှာ အောင်းနေခဲ့တာပါ။ခုလို တိမ်မြှပ်နေတာကို အခက်အခဲ အမျိုးမျိုကြားက ဒီပွဲပြုလုပ်ပေးတာကို ကျေးဇူးအရမ်းတင်ပါတယ်။တိုင်းပြည်ကို ကောင်းစားစေချင်တဲ့စေတနာနဲ့ ကိုစိုးနိုင်တို့အလုပ်လုပ်တယ်၊ခုလို လူသာသေပေမယ့် နာမည်မသေတဲ့အတွက် ဂုဏ်ယူတယ်။မိသားစုမှာ သူ့ကိုအားအကိုးဆုံး ဖြစ်တယ်။သူ့ကို ဆုံးရူံးလိုက်ရတဲ့ အတွက် မိသားစု အတွက် မျှော်လင့်ချက်တွေ ကုန်ဆုံးခဲ့တယ်။မိသားစု အတွက် အားကိုးရာ မဲ့သွားပေမယ့် တိုင်းပြည်အတွက် အကျိုးရှိတဲ့ သူဖြစ်လာတဲ့ အတွက် သူကို ဆုံးရှုံးတာကို ၀မ်းမနည်းပါဘူး”ဟု ကိုစိုးနိုင်၏အမဖြစ်သူ မမြင့်မြင့်ရီမှ  M-Media သို့ပြောကြားခဲ့သည်။

    ကိုဖုန်းမော်၏ဆရာမ ဖြစ်သူRC2 ကြက်ခြေနီ အသင်းဥက္ကဌ ဒေါ်တင်တင်ယဉ်က “ဆရာမတို့ ကြက်ခြေနီ အသင်းရဲ့ အားထားရတဲ့  ကြက်ခြေနီ ခေါင်းဆောင်တစ်ယောက်လည်း ဖြစ်တယ်၊လူမူရေးမှာလည်း စံပြ၊သင်တန်းတွေမှာလည်း စံပြ၊အသေးအမွှားလေးတွေက အစ ဒေါင့်စုံက အားကိုးရတဲ့ တော်တဲ့ ကျောင်းသားတစ်ယောက်ပါ။သူရဲ့ကောင်းမြတ်တဲ့ အရည်အချင်းတွေကို အားလုံးက သိပေမယ့် ထုတ်ဖော် ပြောပြခွင့် မရခဲ့ဘူး။အခုလို ပြောပြခွင့် ရတာကိုပဲ အရမ်းကို ၀မ်းသာမိပါတယ်။တန်ဖိုး မဖြတ်နိုင်တဲ့ ကျောင်းသားတစ်ယောက်မို့ အရမ်းကို နှမြောတယ်”ဟု M- Media သို့ပြောကြားခဲ့သည်။

    P6100050

  • မွတ်စလင် မဟုတ်သည့် ဗြိတိန်ကျောင်းသားများ အစ္စလာမ်သာသနာ အကြောင်းစူးစမ်းလေ့လာ

    မတ်လ ၁၁ ၊ ၂၀၁၃
    M-Media

    British Students Discover Islam, Hijabနယူးကာဆယ်။ ။ သူငယ်ချင်း မိတ်ဆွေများအား အစ္စလာမ်သာသနာ၏ တရားစစ် တရားမှန်များကို ရှာဖွေလေ့လာရန် တိုက်တွန်းလျက် အစ္စလာမ် သာသနာနှင့်ပက်သက်၍နားလည်သိရှိစေရန်၊ သာသနာအပေါ် အထင်အမြင်လွဲမှားနေမှုများကို ပပျောက်စေရန် နယူးကာဆယ် တက္ကသိုလ်မှ မွတ်စလင်ကျောင်းသူ၊ ကျောင်းသားများက “အစ္စလာမ်လေ့လာရေးသီတင်းပတ်”( “Discover Islam Week) အမည်ရသည့် လှုပ်ရှားမှုတစ်ခုကို ပြုလုပ်ခဲ့ကြသည်။

    “လူတွေမှာ အစ္စလာမ်နဲ့ ပတ်သက်ပြီး မကောင်းတဲ့အမြင်တွေရှိနေတယ်လို့ ကျမထင်ပါတယ်။ ဒီကနေ့တော့ ကျမဟာ လုံးဝ ပြောင်းလဲသွားပြီး ကျမရဲ့ အဲဒီမကောင်းတဲ့အမြင်တွေကိုလဲ ရှင်းလင်းပစ်လိုက်ပါပြီ။” ဟု အဆိုပါသီတင်းပတ်တွင် ပါဝင်လေ့လာခဲ့သူ စမာသာ မက်ဂရီဂေါ်(Samantha McGregor) က မတ်လ ၁၁ရက် တနင်္လလာနေ့တွင် Sky Tyne and Wear  သတင်းဌာနသို့ ပြောကြားခဲ့သည်။ ၄င်းမှာ အစ္စလာမ်ဘာသာဝင်တစ်ဦး မဟုတ်ချေ။

    ကျောင်းသူ၊ ကျောင်းသားများအကြား အစ္စလာမ်သာသနာအကြောင်း ပိုမိုသိရှိနားလည်စေရန် ထိုတက္ကသိုလ်ရှိ အစ္စလာမ့် အသိုင်းအ၀ိုင်းမှ ထိုလှုပ်ရှားမှုကို ပြုလုပ်ခဲ့ခြင်းဖြစ်သည်။ စစ်မှန်သည့် အစ္စလာမ်သာသနာကို ရှာဖွေလေ့လာခြင်းဖြင့် အဟန့်အတားများကို ချေဖျက်ရန် ပြုလုပ်ခြင်းဖြစ်သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ကျင်းပသူများက ဆိုသည်။

    “အခုခေတ် မီဒီယာတွေမှာ မွတ်စလင်တွေနဲ့ ပက်သက်ပြီး မကြာခဏတွေ့မြင်နေရတဲ့ သမရိုးကျပုံစံတွေကို ပပျောက်သွားစေဖို့ပါ။ ဘာကြောင့်လဲဆိုတော့ ဒီဟာ (ပုံစံ)တွေဟာ ဗြောင်လိမ်ထားတာဖြစ်ပြီး၊ လူ့အဖွဲ့အစည်းကိုလည်း အန္တရာယ် ဖြစ်စေပါတယ်။” ဟု အဆိုပါလှုပ်ရှားမှုကို ဦးဆောင်ကျင်းပသူတစ်ဦးဖြစ်သူ အဟ်မဒ် ဂတ်နရှ်(Ahmed Gatnash) က ပြောကြားခဲ့သည်။

    အဆိုပါသီတင်းပတ်အတွင်း မွတ်စလင်မဟုတ်သည့် ကျောင်းသူများအား ခေါင်းစည်းပုဝါကို စမ်းသပ်ဝင်ဆင်ရန် “ဟီဂျဘ်စိန်ခေါ်မှု”( The Hijab Challenge) ဟူသည့် အစီအစဉ်တစ်ခုကိုလည်း ပြုလုပ်ခဲ့သည်။ ထိုအစီအစဉ်မှာ ဗြိတိန်တွင် မွတ်စလင် အမျိုးသမီး တစ်ဦးဖြစ်ရသကဲ့သို့ အတွေ့အကြုံကို ရရှိစေသည့် နည်းလမ်းလည်းဖြစ်သည်။

    “လူတွေက ကျမကို စိုက်ကြည့်ကြပါတယ်။ ‘သူရူးများရူးနေသလား၊ တကယ်တော့ သူ မွတ်စလင်မဟုတ်ပါဘူး’ ဆိုပြီး သူတို့ တွေးနေကြမလားဆိုတာ ကျမ မသိပါဘူး။ ‘ငါကို ကြည့်တာရပ်လိုက်။ ငါ ဘာအမှားမှမလုပ်ဘူး’ လို့ ပြောရတာကို ကျမ နှစ်သက်ပါတယ်။ ဟီဂျဘ် ၀တ်ထားတဲ့အခါ ရှင်ရဲ့ဆံပင်ကို ရှင့်ခင်ပွန်းကလွဲလို့ ဘယ်သူမှ မမြင်နိုင်ပါဘူး။ အဲဒီ အိုင်ဒီယာကို ကျမ ကြိုက်ပါတယ်။ ဒါ(ဟီဂျဘ် ၀တ်ဆင်မှု)ဟာ သိပ်ကောင်းတယ်ဆိုတာ ကျမသိခဲ့ပါတယ်။” ဟု တစ်နေ့တာလုံး ဟီဂျဘ်ဝင်ဆင်ခဲ့သူ ဂရီဂေါ် က ဆိုသည်။

    ထိုကဲ့သို့ ခေါင်းစည်းပုဝါများဝတ်ဆင်ခြင်းက ဟီဂျဘ်နှင့် ပက်သက်သည့် သူမတို့၏ အမြင်များကို ပြောင်းလဲစေခဲ့သည်ဟု မွတ်စလင်မဟုတ်သည့် ကျောင်းသူများက ဆိုသည်။

    အခွင့်အရေး

    ဟိဂျဘ်ဝတ်ဆင်ခြင်းမှာ မွတ်စလင် အမျိုးသမီးများအား ‘ဖိနှိပ်ချုပ်ချယ်သည့် သင်္ကေတစ်ခုဖြစ်သည်’ဟူသည့် နားလည်မှုလွဲမှားနေခြင်းကို ပပျောက်စေခဲ့သည်ဟု ထိုလှုပ်ရှားမှုကို ဦးဆောင်ပြုလုပ်သူများက ဆိုသည်။

    “ဟိဂျဘ်ဝတ်ဆင်ခြင်းဟာ တကယ့်ကို ချုပ်ချယ်မှုကင်းပါတယ်။ ဘာကြောင့်လဲဆိုတော့ လူ့အသိုင်းအ၀ိုင်းက ဒါမှမဟုတ် ဖက်ရှင်အရ ၀တ်သင့်တယ်ဆိုပြီး ကျမတို့ကို အတင်းအကျပ် ဖိအားပေးထားလို့ ၀တ်နေတာမဟုတ်ပါဘူး။ ကျမတို့ နှစ်နှစ်ခြိုက်ခြိုက်နဲ့ ၀တ်ဆင်နေတယ်ဆိုတာကို ပြသဖို့ ဒီလှုပ်ရှားမှုကို ဆောင်ရွက်တာပါ။” ဟု Northumbria တက္ကသိုလ် အစ္စလာမ် အဖွဲ့အစည်းမှ ခေါင်းဆောင်တဦးဖြစ်သူ ရိုကီယာ ဘေဂွန်(Rokeya Begum) က ပြောကြားခဲ့သည်။

    အစ္စလာမ်က ဟီဂျဘ်ကို မလုပ်မနေရအဖြစ် သတ်မှတ်ထားပြီး၊ တစ်စုံတစ်ခုနှင့် နှီးနွယ်မှုကို ပြသည့် ဘာသာရေး သင်္ကေတ ပုံစံမျိုးမဟုတ်ချေ။

    “ကျမတို့ဟာ သာမန်လူတွေပါ။ တခြားလူတွေက ကျမတို့ရဲ့ ၀တ်ဆင်မှုကိုကြည့်ပြီး မဝေဖန်သင့်ပါဘူး။” ဘေဂွန် က ဆိုသည်။

    ထိုလှုပ်ရှားမှု သီတင်းပတ်အတွင်း မွတ်စလင်များမှ မိန့်ခွန်းတိုများ၊ အမေးအဖြေ ကဏ္ဍများ၊ အကျွေးအမွေးအစီအစဉ်များကိုလည်း ပြုလုပ်ခဲ့ကြသည်။

    ဖေဖေါ်ဝါရီလ ၁ ရက်နေ့ကို ကမ္ဘာ့ ဟီဂျပ်နေ့အဖြစ် သတ်မှတ်ခဲ့ရာ ထိုနေ့တွင် ဘာသာရေးအရ သည်းခံနိုင်မှုနှင့် နားလည်နိုင်မှုကို အာပေးရန် မွတ်စလင်မဟုတ်သူအမျိုးသမီးများက ဟီဂျဘ်ကို တစ်နေ့တာ ၀င်ဆင်ခဲ့ကြသည်။

    မွတ်စလင်မဟုတ်သူ အမျိုးသမီးများကို ဟီဂျဘ်ဝင်ဆင်ရန်နှင့် ထိုအတွေ့အကြုံကို သိရှိခံစားစေရန် အဆိုပါ ဟီဂျဘ် လှုပ်ရှားမှုကို နယူယောက်မြို့မှ အမျိုးသမီး နဇ်မာခန်း(Nazma Khan)က စတင်ပြုလုပ်ခဲ့သည်။

    ဗြိတိန်တွင် အစ္စလာမ်ဘာသာဝင်ဦးရေ ၂ ဒဿမ ၅ သန်းခန့်ရှိပြီး၊ ၂၀၁၁ ခုနှစ်တွင်ကောက်ယူခဲ့သော စစ်တမ်းများအရ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၃ ရာခိုင်နှုန်းမှ ၄ ဒဿမ ၈ ရာခိုင်နှုန်းအထိ တိုးတက်ခဲ့ကာ အစ္စလာမ်သာသနာမှာ အလျင်မြန်ဆုံး တိုးတက်နေသာ အယူဝါဒ တစ်ခု ဖြစ်လာခဲ့သည်။

    Ref: OnIslam

  • ဒုက္ခသည်အဖြစ် ကြာမြင့်စွာ နေထိုင်နေသူများ နိုင်ငံသားအဖြစ် လက်ခံမည်ဟု ဆော်ဒီပြော

    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    Ref: ARAB NEWS

    Hope-for-refugees-Prince-Khaled-

    ဂျစ်ဒါ ။                ။ မင်းသား ခါလစ် အလ် ဖိုင်ဆယ်လ်က ဆော်ဒီအာရေဗျဘုရင့် နယ်မြေအတွင်း နှစ်ပေါင်းများစွာ အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် နေထိုင်နေသော ဒုက္ခသည်များကို ၄င်းတို့၏အခြေချမှု အနေအထားအရ နိုင်ငံသားပြုခွင့်ပေးတော့မည် ဟု ပြောကြားလိုက်သည်။

    ဤစီမံချက်သည် မက္ကာဟ်ဝန်းကျင်ဒေသမှ ဖရိုဖရဲဖြစ်နေသည့် လူနေအခြေချခရိုင်များ၌ အဓိကနေထိုင်နေသောပြည်ပဒုက္ခသည်များ၊ အထူးသဖြင့် မြန်မာဒုက္ခသည်များအတွက် ရည်ရွယ်ကြောင်း ကို ထိုဒေသများဖွံဖြိုးတိုးတက်လာစေရေး ဆွေးနွေးသည့် ဖိုရမ်တစ်ခုတွင် မင်းသားခါလစ်က ပြောကြားခဲ့သည်။

    “ သူတို့အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူညီချက် ရထားပါပြီ။ ဒီဒေသမှာ နေထိုင်သူတွေက တစ်နေ့ကျရင် နိုင်ငံသားကောင်းတွေ ဖြစ်လာကြမယ်။ သူတို့ကို ထည့်သွင်းအသုံးပြုကြဖို့ဆိုပြီး ဒီဒေသတွင်းစီမံချက်အကောင်အထည်ဖော်မယ့် ကုမ္ပဏီကြီးတွေဆီလည်း ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ် ” ဟု မြို့တော်ဝန်မှ ပြောကြားသည်။

    “ ဒီစီမံကိန်းဟာ ထူးမြတ်တဲ့ ၀တ်ကျောင်းတော်ကြီးနှစ်ခုကို ထိန်းသိမ်းရေးအတွက် ဖြစ်တယ်။ ပြီးတော့ ဒီလူတွေရဲ့အခြေအနေတွေကို ကောင်းမွန်စေလိုတဲ့ ဘုရင်မင်းမြတ်ရဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။  ဒါဟာ ဒီနိုင်ငံရဲ့ တာဝန်ယူမှုတစ်ခုပါ။ သူတို့ကို ဒီနိုင်ငံက သူတို့ရဲ့အခွင့်အရေးတစ်ခု အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ် ” ဟုလည်း ရှင်းလင်းခဲ့သည်။

    နိုင်ငံခြားသားတစ်ဦး၏ နေရာတွင် ဒေသတွင်း၌ အဆင့်သင့်ရှိနေသော ဒုက္ခသည်များ အနက် မြန်မာ၊ တာကစ္စတန် နှင့် ပါလက်စတိုင်းမှ မှ လေးဦးစီကို အလုပ်အကိုင် အမြန်ခန့်အပ်ရန် ပုဂ္ဂလိက ကုမ္ပဏီများအား တိုက်တွန်းလိုက်သည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ကြေငြာထားသည်။

    “ ဒေသတွင်း ဖရိုဖရဲဖြစ်မှုတွေဟာ မက္ကဟ် သို့မဟုတ် ဆော်ဒီအာရေဗျ တစ်ခုထဲကြုံရတာ မဟုတ်ပါဘူး၊ နိုင်ငံတကာနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပါ။ ကမ္ဘာ့မြို့ကြီးပြကြီးတွေမှာလဲ တွေ့မြင်နိုင်ပါတယ် ” ဟု မက္ကဟ်မြို့၊ အွန်းမု ကုရာ့ တက္ကသိုလ်၌ ကျင်းပသော ထိုဖိုရမ်၏ အဖွင့်၌ မင်းသားမှ ပြောခဲ့သည်။

    ယင်းသို့ဖြစ်ရခြင်းမှာ – တစ်ချိန်က ဟဂ်ျ နှင့် အွမ္မရဟ်ပြုရန် လာရောက်ကြသူများအနက် ထောင်နှင့်ချီသော ဘုရားဖူးဧည့်သည်တို့သည် ဗီဇာသက်တမ်း ကုန်ဆုံးသော်လည်း ချန်ရစ်နေထိုင်ခဲ့သောကြောင့်ဖြစ်သည်။ ၄င်းတို့အတွင်း ဘာသာရေးနှိပ်ကွပ်ညှင်းပန်းမှုများကြောင့် မိမိတို့နိုင်ငံမှ အလွတ်ရုန်း ထွက်ပြေးလာကြသူများလည်း ပါဝင်ကြသည်။

    မက္ကဟ် နှင့် ဒေသတွင်းအခြားမြို့များတွင် အကွဲကွဲအပြားပြား နေထိုင်နေကြသည့် ဒုက္ခသည်များကို မိမိတို့၏အနေအထားအသစ်မှပြန် စတင်ရန်အတွက် နှိုးဆော်မှုပေးရန် လိုအပ်ကြောင်း၊ ၄င်းတို့အား အလုပ်အကိုင်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ “ ဒီဒေသတွင်းပြန်လည် တည်ဆောက်မှုအစီအစဉ် မဆောင်ရွက်ခင်မှာ ကျွန်တော်တို့က သူတို့ကို ပညာသင်ကြား ပေးဖို့ နဲ့ လုပ်ငန်းခွင်ဆိုင်ရာသင်တန်းပေးဖို့လည်း လိုအပ်ပါတယ် ” ဟုလည်း ဖြည့်စွက်ပြောဆိုသည်။ မင်းသားခါလစ် က ဤဒေသတွင်းရှိ အဆောက်အဦဟောင်းများကို ဖယ်ရန်နှင့်လမ်းသစ်များ ဖောက်လုပ်ရန်ဆိုသည်ထက် ဤဒေသတွင်း နေထိုင်နေသူများ၏ လူနေမှုဘ၀ အခြေအနေ တိုးတက်မြင့်မားလာရန်ကိုသာ အစိုးရမှ အဓိကဦးတည်ခြင်းဖြစ်၏ ဟု ဆိုသည်။

    ဤဒေသတွင်း နေထိုင်ကြသူ တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုများသော်လည်းကောင်း ၄င်းတို့၏အိုမင်းဟောင်းနွမ်းသည် အိမ်ရာများ မဖြိုဖျက်မှီ ၄င်းတို့အား အလှည့်ကျစီ နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်သည်။ ဤနှစ်ရက်ကြာဖိုရမ်ကို မက္ကဟ်မြို့၊ အဗီဒီယဟ် ရှိ တက္ကသိုလ်ပရ၀ုဏ်အတွင်း ကျင်းပခဲ့သည်။

  • ကျောက်နီမော်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် မွတ်စလင် ကျောင်းသားများကို သီးခြားဖြေခိုင်း

    မတ် ၁၃၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    IMG_1083

    ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် တက္ကသိုလ် ၀င်တန်းဖြေဆို သည့် ကျောင်းသား များအား မတ်လ ၁၃ရက်နေ့တွင် သီးခြားဖြေဆိုစေခဲ့ကြောင်း သိရသည်။ “ ဒီနေ့စတဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲမှာ  အစ္စလာမ် ဘာသာဝင် ကလေးတွေ ကို  မူလတန်းလွန်ကျောင်းမှာ နေရာခွဲပေး ဖြေတယ်။ ဗုဒ္ဓဘာသာဝင် ကလေးတွေကတော့ အထက်တန်းကျောင်းမှာပဲ ဖြေကြတယ်။ လဆန်းတုန်း ကတော့ စာမေးပွဲ ဖြေဆိုကြမယ့် အစ္စလာမ် ဘာသာဝင်ကျောင်းသားများ ကို  ဆေးရုံမှာ စီစဉ်ပေး မယ်လို့ ပြောတယ်။

    မတ်လ ၁၂ရက်နေ့ မှာတော့ ကျောက်နီမော်က မူလ တန်း လွန်ကျောင်းမှာ ပေးဖြေမယ်လို့ မြို့နယ်က အကြောင်းကြား ခဲ့တယ်” ဟု ကျောက်နီမော် ဒေသခံ တစ်ဦး ကပြောပါသည်။

    ကျောက်နီမော်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် အစ္စလာမ် ဘာသာဝင် ကျောင်းသား ၅၀ ဦးရှိကြောင်း၊ ဒုတိယအကြိမ် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်ကျောင်းသားများ ပညာရေး ထိခိုက်ခဲ့ရကြောင်း ၄င်းဒေသခံက ပြောပါသည်။

    ရခိုင်ပြည်နယ်အတွင်း အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့ချိန်တွင် အစွန်းရောက် အကြမ်းဖက်သမား ရာပေါင်းများစွာ က ၃၀.၁၀.၂၀၁၂နေ့တွင်  ကျောက်နီမော်ကျေးရွာအား တိုက်ခိုက် ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

    “ ဒုတိယအကြိမ် အကြမ်းဖတ်မှုဖြစ်ပြီးတော့ ကလေးတွေ ရော၊ ဆရာ တွေရော စိတ်အေးလက်အေး စာမသင် နိုင်ကြတော့ဘူး။ ဘယ်အချိန် အကြမ်းဖက်ခံရမလဲဆိုပြီး စိုးရိမ်နေကြရတယ်။ မွတ်စလင် ကျောင်းသား အများစု ကတော့ စာမေးပွဲဖြေဆိုနိုင်ဖို့ ထက် အတွေ့အကြုံရအောင် ပဲ ၀င်ဖြေ ကြတယ်။ တချို့ ကျောင်းသား တွေက တော့  Study Guide နဲ့ သင်ကြပါတယ်။ ကျောင်းသား အများစု ကတော့ စိတ်အားငယ် နေကြတယ်” ဟု ၄င်းဒေသခံက ပြောပါသည်။
    IMG_1080
    ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်ကမန် လူမျိုး အများစုနေထိုင်သော ရပ်ကွက် ၇ခုနှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော ရပ်ကွက် ၄ခု တည်ရှိသည်။ အေဒီ ၇၀၀ နှင့် ၁၅၀၀အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှန်းကုန်သည်နှင့် ရောမ ကုန်သည် တို့သည် ကူးသန်းရောင်းဝယ်ရေးအတွက်ရွက်သင်္ဘောများမြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသ များ သို့ရောက်ရှိခဲ့ကြောင်း ရမ်းဗြဲကျွန်းအနီးတွင် ပျက်စီးခဲ့သော အာရဗ်သင်္ဘော ရှိ မွတ်စလင် တို့ သည် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း ၁၉၉၇ ခုနှစ် ၊ မတ်လတွင် ကာကွယ်ရေးဝန်ကြီး ဌာန ၊ပြန်လည်နေရာ ချထားရေး ညွှန်ကြားရေးမှူးရုံးက ထုတ်ဝေသော “ သာသနာရောင်ဝါ ထွန်းစေဖို့ ” စာအုပ်တွင် ဖော်ပြထားသည်။