News @ M-Media

Blog

  • ဒုက္ခသည်အဖြစ် ကြာမြင့်စွာ နေထိုင်နေသူများ နိုင်ငံသားအဖြစ် လက်ခံမည်ဟု ဆော်ဒီပြော

    မတ်လ ၁၀ ၊ ၂၀၁၃
    M-Media
    Ref: ARAB NEWS

    Hope-for-refugees-Prince-Khaled-

    ဂျစ်ဒါ ။                ။ မင်းသား ခါလစ် အလ် ဖိုင်ဆယ်လ်က ဆော်ဒီအာရေဗျဘုရင့် နယ်မြေအတွင်း နှစ်ပေါင်းများစွာ အစိုးရ၏ ကူညီထောက်ပံ့မှုဖြင့် နေထိုင်နေသော ဒုက္ခသည်များကို ၄င်းတို့၏အခြေချမှု အနေအထားအရ နိုင်ငံသားပြုခွင့်ပေးတော့မည် ဟု ပြောကြားလိုက်သည်။

    ဤစီမံချက်သည် မက္ကာဟ်ဝန်းကျင်ဒေသမှ ဖရိုဖရဲဖြစ်နေသည့် လူနေအခြေချခရိုင်များ၌ အဓိကနေထိုင်နေသောပြည်ပဒုက္ခသည်များ၊ အထူးသဖြင့် မြန်မာဒုက္ခသည်များအတွက် ရည်ရွယ်ကြောင်း ကို ထိုဒေသများဖွံဖြိုးတိုးတက်လာစေရေး ဆွေးနွေးသည့် ဖိုရမ်တစ်ခုတွင် မင်းသားခါလစ်က ပြောကြားခဲ့သည်။

    “ သူတို့အတွက် အလုပ်အကိုင် ဖန်တီးပေးဖို့ အလုပ်သမားဝန်ကြီးဌာနနဲ့ ကျွန်တော်တို့ သဘောတူညီချက် ရထားပါပြီ။ ဒီဒေသမှာ နေထိုင်သူတွေက တစ်နေ့ကျရင် နိုင်ငံသားကောင်းတွေ ဖြစ်လာကြမယ်။ သူတို့ကို ထည့်သွင်းအသုံးပြုကြဖို့ဆိုပြီး ဒီဒေသတွင်းစီမံချက်အကောင်အထည်ဖော်မယ့် ကုမ္ပဏီကြီးတွေဆီလည်း ကျွန်တော်တို့ ပြောဆိုခဲ့ပါတယ် ” ဟု မြို့တော်ဝန်မှ ပြောကြားသည်။

    “ ဒီစီမံကိန်းဟာ ထူးမြတ်တဲ့ ၀တ်ကျောင်းတော်ကြီးနှစ်ခုကို ထိန်းသိမ်းရေးအတွက် ဖြစ်တယ်။ ပြီးတော့ ဒီလူတွေရဲ့အခြေအနေတွေကို ကောင်းမွန်စေလိုတဲ့ ဘုရင်မင်းမြတ်ရဲ့ အစီအစဉ်လည်း ဖြစ်ပါတယ်။  ဒါဟာ ဒီနိုင်ငံရဲ့ တာဝန်ယူမှုတစ်ခုပါ။ သူတို့ကို ဒီနိုင်ငံက သူတို့ရဲ့အခွင့်အရေးတစ်ခု အနေနဲ့ ထိန်းသိမ်းစောင့်ရှောက်ပေးသွားမှာ ဖြစ်ပါတယ် ” ဟုလည်း ရှင်းလင်းခဲ့သည်။

    နိုင်ငံခြားသားတစ်ဦး၏ နေရာတွင် ဒေသတွင်း၌ အဆင့်သင့်ရှိနေသော ဒုက္ခသည်များ အနက် မြန်မာ၊ တာကစ္စတန် နှင့် ပါလက်စတိုင်းမှ မှ လေးဦးစီကို အလုပ်အကိုင် အမြန်ခန့်အပ်ရန် ပုဂ္ဂလိက ကုမ္ပဏီများအား တိုက်တွန်းလိုက်သည်ဟု အလုပ်သမားဝန်ကြီးဌာနမှ ကြေငြာထားသည်။

    “ ဒေသတွင်း ဖရိုဖရဲဖြစ်မှုတွေဟာ မက္ကဟ် သို့မဟုတ် ဆော်ဒီအာရေဗျ တစ်ခုထဲကြုံရတာ မဟုတ်ပါဘူး၊ နိုင်ငံတကာနဲ့ဆိုင်တဲ့ ပြဿနာတစ်ခုပါ။ ကမ္ဘာ့မြို့ကြီးပြကြီးတွေမှာလဲ တွေ့မြင်နိုင်ပါတယ် ” ဟု မက္ကဟ်မြို့၊ အွန်းမု ကုရာ့ တက္ကသိုလ်၌ ကျင်းပသော ထိုဖိုရမ်၏ အဖွင့်၌ မင်းသားမှ ပြောခဲ့သည်။

    ယင်းသို့ဖြစ်ရခြင်းမှာ – တစ်ချိန်က ဟဂ်ျ နှင့် အွမ္မရဟ်ပြုရန် လာရောက်ကြသူများအနက် ထောင်နှင့်ချီသော ဘုရားဖူးဧည့်သည်တို့သည် ဗီဇာသက်တမ်း ကုန်ဆုံးသော်လည်း ချန်ရစ်နေထိုင်ခဲ့သောကြောင့်ဖြစ်သည်။ ၄င်းတို့အတွင်း ဘာသာရေးနှိပ်ကွပ်ညှင်းပန်းမှုများကြောင့် မိမိတို့နိုင်ငံမှ အလွတ်ရုန်း ထွက်ပြေးလာကြသူများလည်း ပါဝင်ကြသည်။

    မက္ကဟ် နှင့် ဒေသတွင်းအခြားမြို့များတွင် အကွဲကွဲအပြားပြား နေထိုင်နေကြသည့် ဒုက္ခသည်များကို မိမိတို့၏အနေအထားအသစ်မှပြန် စတင်ရန်အတွက် နှိုးဆော်မှုပေးရန် လိုအပ်ကြောင်း၊ ၄င်းတို့အား အလုပ်အကိုင်များ ဆောင်ရွက်ပေးရန် လိုအပ်ကြောင်း အလေးထားပြောကြားခဲ့သည်။ “ ဒီဒေသတွင်းပြန်လည် တည်ဆောက်မှုအစီအစဉ် မဆောင်ရွက်ခင်မှာ ကျွန်တော်တို့က သူတို့ကို ပညာသင်ကြား ပေးဖို့ နဲ့ လုပ်ငန်းခွင်ဆိုင်ရာသင်တန်းပေးဖို့လည်း လိုအပ်ပါတယ် ” ဟုလည်း ဖြည့်စွက်ပြောဆိုသည်။ မင်းသားခါလစ် က ဤဒေသတွင်းရှိ အဆောက်အဦဟောင်းများကို ဖယ်ရန်နှင့်လမ်းသစ်များ ဖောက်လုပ်ရန်ဆိုသည်ထက် ဤဒေသတွင်း နေထိုင်နေသူများ၏ လူနေမှုဘ၀ အခြေအနေ တိုးတက်မြင့်မားလာရန်ကိုသာ အစိုးရမှ အဓိကဦးတည်ခြင်းဖြစ်၏ ဟု ဆိုသည်။

    ဤဒေသတွင်း နေထိုင်ကြသူ တစ်ဦးချင်းသော်လည်းကောင်း၊ မိသားစုများသော်လည်းကောင်း ၄င်းတို့၏အိုမင်းဟောင်းနွမ်းသည် အိမ်ရာများ မဖြိုဖျက်မှီ ၄င်းတို့အား အလှည့်ကျစီ နေရာထိုင်ခင်း စီစဉ်ပေးသွားမည် ဖြစ်သည်။ ဤနှစ်ရက်ကြာဖိုရမ်ကို မက္ကဟ်မြို့၊ အဗီဒီယဟ် ရှိ တက္ကသိုလ်ပရ၀ုဏ်အတွင်း ကျင်းပခဲ့သည်။

  • ကျောက်နီမော်တွင် တက္ကသိုလ်ဝင်တန်း စာမေးပွဲဝင် မွတ်စလင် ကျောင်းသားများကို သီးခြားဖြေခိုင်း

    မတ် ၁၃၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    IMG_1083

    ရမ်းဗြဲမြို့နယ် ကျောက်နီမော် ကျေးရွာရှိ အစ္စလာမ် ဘာသာဝင် တက္ကသိုလ် ၀င်တန်းဖြေဆို သည့် ကျောင်းသား များအား မတ်လ ၁၃ရက်နေ့တွင် သီးခြားဖြေဆိုစေခဲ့ကြောင်း သိရသည်။ “ ဒီနေ့စတဲ့ တက္ကသိုလ် ၀င်တန်း စာမေးပွဲမှာ  အစ္စလာမ် ဘာသာဝင် ကလေးတွေ ကို  မူလတန်းလွန်ကျောင်းမှာ နေရာခွဲပေး ဖြေတယ်။ ဗုဒ္ဓဘာသာဝင် ကလေးတွေကတော့ အထက်တန်းကျောင်းမှာပဲ ဖြေကြတယ်။ လဆန်းတုန်း ကတော့ စာမေးပွဲ ဖြေဆိုကြမယ့် အစ္စလာမ် ဘာသာဝင်ကျောင်းသားများ ကို  ဆေးရုံမှာ စီစဉ်ပေး မယ်လို့ ပြောတယ်။

    မတ်လ ၁၂ရက်နေ့ မှာတော့ ကျောက်နီမော်က မူလ တန်း လွန်ကျောင်းမှာ ပေးဖြေမယ်လို့ မြို့နယ်က အကြောင်းကြား ခဲ့တယ်” ဟု ကျောက်နီမော် ဒေသခံ တစ်ဦး ကပြောပါသည်။

    ကျောက်နီမော်ကျေးရွာတွင် တက္ကသိုလ်ဝင်တန်းဖြေဆိုကြမည့် အစ္စလာမ် ဘာသာဝင် ကျောင်းသား ၅၀ ဦးရှိကြောင်း၊ ဒုတိယအကြိမ် အကြမ်းဖက်မှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ကျောက်နီမော်ကျေးရွာရှိ အစ္စလာမ်ဘာသာဝင်ကျောင်းသားများ ပညာရေး ထိခိုက်ခဲ့ရကြောင်း ၄င်းဒေသခံက ပြောပါသည်။

    ရခိုင်ပြည်နယ်အတွင်း အစ္စလာမ် ဘာသာဝင်များကို ပစ်မှတ်ထားတိုက်ခိုက်မှု ဒုတိယလှိုင်း ဖြစ်ပေါ်ခဲ့ချိန်တွင် အစွန်းရောက် အကြမ်းဖက်သမား ရာပေါင်းများစွာ က ၃၀.၁၀.၂၀၁၂နေ့တွင်  ကျောက်နီမော်ကျေးရွာအား တိုက်ခိုက် ဖျက်ဆီးရန် ကြိုးပမ်းခဲ့သော်လည်း မအောင်မြင်ခဲ့ချေ။

    “ ဒုတိယအကြိမ် အကြမ်းဖတ်မှုဖြစ်ပြီးတော့ ကလေးတွေ ရော၊ ဆရာ တွေရော စိတ်အေးလက်အေး စာမသင် နိုင်ကြတော့ဘူး။ ဘယ်အချိန် အကြမ်းဖက်ခံရမလဲဆိုပြီး စိုးရိမ်နေကြရတယ်။ မွတ်စလင် ကျောင်းသား အများစု ကတော့ စာမေးပွဲဖြေဆိုနိုင်ဖို့ ထက် အတွေ့အကြုံရအောင် ပဲ ၀င်ဖြေ ကြတယ်။ တချို့ ကျောင်းသား တွေက တော့  Study Guide နဲ့ သင်ကြပါတယ်။ ကျောင်းသား အများစု ကတော့ စိတ်အားငယ် နေကြတယ်” ဟု ၄င်းဒေသခံက ပြောပါသည်။
    IMG_1080
    ရမ်းဗြဲမြို့နယ် ကျော်နီမော်ကျေးရွာတွင် အစ္စလာမ်ဘာသာဝင်ကမန် လူမျိုး အများစုနေထိုင်သော ရပ်ကွက် ၇ခုနှင့် ဗုဒ္ဓဘာသာဝင် အများစုနေထိုင်သော ရပ်ကွက် ၄ခု တည်ရှိသည်။ အေဒီ ၇၀၀ နှင့် ၁၅၀၀အကြားတွင် အနောက်တိုင်းမှ အာရဗ်ကုန်သည်၊ ပါရှန်းကုန်သည်နှင့် ရောမ ကုန်သည် တို့သည် ကူးသန်းရောင်းဝယ်ရေးအတွက်ရွက်သင်္ဘောများမြန်မာနိုင်ငံ ကမ်းရိုးတန်း ဒေသ များ သို့ရောက်ရှိခဲ့ကြောင်း ရမ်းဗြဲကျွန်းအနီးတွင် ပျက်စီးခဲ့သော အာရဗ်သင်္ဘော ရှိ မွတ်စလင် တို့ သည် ရမ်းဗြဲကျွန်းတွင် အခြေချနေထိုင်ခဲ့ကြောင်း ၁၉၉၇ ခုနှစ် ၊ မတ်လတွင် ကာကွယ်ရေးဝန်ကြီး ဌာန ၊ပြန်လည်နေရာ ချထားရေး ညွှန်ကြားရေးမှူးရုံးက ထုတ်ဝေသော “ သာသနာရောင်ဝါ ထွန်းစေဖို့ ” စာအုပ်တွင် ဖော်ပြထားသည်။

  • စာရေးဆရာ မောင်လွမ်းယဉ် နှင့် တွေ့ဆုံ မေးမြန်းခြင်း

    မတ်၊ ၁၃ ၊ ၂၀၁၃
    M-Media
    ( တွေ့ဆုံမေးမြန်းသူ )  ပသီ ဆောင်းနှင်းမှုံ

    P1160015

    M-Media – ဆရာပထမဆုံး စာပေလောကထဲ ၀င်ရောက်လာပုံအကြောင်း ပြောပြပေးပါရှင်။
    (မောင်လွမ်းယဉ်) –    ကျွန်တော် လေးတန်းကျောင်းသားအရွယ်ကတည်းက စပြီး စာပေ၀ါသနာ ထုံခဲ့ပါတယ်။ အဲ့ဒီိကနေ ၁၉၆၂ခုနှစ်ထုတ်၊ ၁၅ ပြားတန် ပုလဲစာစောင်မှာ “ သဇင် သို့မဟုတ် အရိုင်း ” ၀တ္တုတိုနဲ့  စာပေလောကထဲ စတင် ရောက်လာခဲ့တာပါ။

    M-Media –ဆရာရဲ့ပထမဆုံး လုံးချင်းစာအုပ် တစ်အုပ်ထဲနဲ့ ဆရာ့ကို စာပေလောကမှာ လူသိများပြီး အောင်မြင်လာခဲ့တယ်လို့ သိရပါတယ်။ ဆရာ့အနေနဲ့ အဲ့ဒီ စာအုပ်အကြောင်းလေး ပြောပြပေးနိုင်ပါသလားရှင်။
    ဖြေ –    ဆရာရဲ့ ပထမဆုံး လုံးချင်းဝတ္ထုက “ အသဲပျော်သခင်မလေး ” စာအုပ်ပါ။ အဲ့ဒီစာအုပ်ကို ၁၉၆၅ခုနှစ၊ သြဂုတ်လမှာ နှင်းဝေေ၀ စာအုပ်တိုက်က ဖြန့်ချိခဲ့ပါတယ်။ အဲ့ဒီအချိန်တုန်းက အုပ်ရေ ၂၀၀၀ ပုံနှိပ်ခဲ့ရပါတယ်။ လူငယ်တွေအနေနဲ့ လမ်းမှားမရောက်သွားဖို့ ၊အဆိပ်အတောက် မဖြစ်ဖို့ ဆိုတဲ့ ရည်ရွယ်ချက်လေးနဲ့ အဲ့ဒီ ပညာပေးအချစ်ဝတ္ထု စာအုပ်ကို ရေးသားခဲ့တာပါ။ ထို့နည်းတူ  “ ကပြားမလေး ညိုပြာညက် ” ဆိုတဲ့စာအုပ်ကလည်း စာဖတ်သူတွေ အကြိုက်တွေ့ခဲ့ပါသေးတယ်။

    M-Media – ဆရာက ပထမဆုံးလုံးချည်းစာအုပ်နဲ့ တာထွက်  အရမ်းကောင်းခဲ့တော့  ၀တ္ထုတွေဆက်လက်ရေးသားဖို့ တကယ်ပဲ အင်အားတွေ ရခဲ့မယ်လို့ထင်မိပါတယ်။ အဲ့ဒီစာအုပ်ထွက်ပြီးတဲ့နောက် ဆရာဆက်လက်ရေးသားခဲ့တဲ့ လုံးချင်းစာအုပ်အကြာင်းလေးတွေကိုလည်း ပြောပြပေးပါရှင်။
    ဖြေ –    ဒုတိယ စာအုပ်အဖြစ် “ ရှိုက်သံသက်သေ နှင့် မျက်ရည်အယူခံ ” ၀တ္ထုကို ရေးသားခဲ့တယ်။ နောက် ဆရာတို့ခေတ်တုန်းက တေးသံရှင်တွေရဲ့အကြောင်းကို “ တေးအလှ နှင့် သူတို့ခရီး ” ဆိုပြီး ပထမတွဲ ဒုတိယတွဲ ဆက်တိုက်ရေးသားခဲ့ပါတယ်။

    M-Media -ပုံနှိပ်ဖော်ပြပြီးတဲ့ ဆရာ့ ၀တ္ထုတို၊ ကဗျာ၊ လုံးချင်းဝတ္တုရှည်စာအုပ်တွေ ဘယ်လောက်ရှိပါသလဲရှင်။
    ဖြေ –    လုံးချင်း စာအုပ်က (၁၁) အုပ်၊ ဆောင်းပါး (၂) အုပ်၊ ကဗျာ နဲ့ ၀တ္ထုတိုပေါင်း (၇၀) ကျော်ရေးသားခဲ့ပြီးပါပြီ။

    M-Media -ဆရာက ၀တ္ထုတိုတွေရော၊ လုံးချင်းဝတ္ထုစာအုပ်တွေပါ အများကြီးရေးခဲ့တာဆိုတော့ ဆရာရဲ့ လက်ဦးဆရာတွေ ရှိရင် ပြောပြပေးစေချင်ပါတယ်ရှင့်။
    ဖြေ –     ကျွန်တော့်ရဲ့ လက်ဦးဆရာများကတော့ စာရေးဆရာ အောင်လင်း၊ မြင့်ကျော်၊ မြင့်နီ၊ ကရမက်၊ အောင်ကျော်ကျော် နဲ့ ဆရာမောင်ကြည်ဆွေ တို့ဖြစ်ကြပါတယ်။

    M-Media -ဆရာ့ရဲ့ ကလောင်ခွဲ အမည်တွေကို ဖော်ပြပေးပါဦးရှင်။
    ဖြေ – ဇင်ယော်(မြေနီကုန်း) ၊ ကျော်ဇင်လတ်(မြေနီကုန်း) ၊ ခင်ပပ၀င်း(မြေနီကုန်း) ၊ စန်းစန်းစော(မြေနီကုန်း) တို့ဖြစ်ပါတယ်။

    M-Media -ပုံနှိပ် မထုတ်ဝေရသေးတဲ့ ရေးပြီးသား စာမူတွေရှိရင်လည်း ဆရာ့ရဲ့စာဖတ်ပရိသတ် အတွက် အသိပေးစေချင်ပါတယ်။
    ဖြေ – “ နိဗ္ဗာန်ဘုံမှာခိုမလား အ၀ီစိငရဲအောင်းမလား ” ၊ “ မေသူလွင် ” ၊ “ လှောင်အိမ် ” စတဲ့လုံးချင်းစာအုပ်တွေ  ကျွန်တော် ရေးသားပြီးပါပြီ။ စာအုပ်အဖြစ် စာဖတ်သူတွေ ဆီရောက်အောင် ကြိုးစားနေပါတယ်။ ကျွန်တော့်ရဲ့စာအုပ်တွေကို အားပေးဖတ်ရှုပေးကြတဲ့ စာဖတ်ပရိသတ်တွေကိုလည်း လှိုက်လှိုက်လှဲလှဲ ကျေးဇူးတင်ရှိကြောင်း ပြောကြားပါရစေခင်ဗျား။

    M-Media –  ဆရာ့အနေနဲ့ စုံထောက်စာပေတွေ ဘာကြောင့်ဖန်တီးရေးသားဖြစ်ခဲ့သလဲဆိုတာ ပြောပြပေးနိုင်ပါသလား။
    ဖြေ -ရာဇ၀တ်မှုတွေကို စုံစမ်းထောက်လှမ်းတဲ့အခါမှာ  ပြဿနာတစ်ခုကို ဘယ်လိုကိုင်တွယ်ဖြေရှင်းရသလဲဆိုတာ စာဖတ်သူတွေကို  ပညာဗဟု သုတတွေ ဝေမျှပေးချင်လို့ ရေးသားခြင်း ဖြစ်ပါတယ်။

    M-Media -ဆရာ့လို ရေးအားကောင်းပြီး အောင်မြင်တဲ့ စာရေးဆရာအဖြစ် ရေရှည်ရပ်တည်သွားနိုင်ဖို့ဝါသနာရှင် မျိုးဆက်သစ် လူငယ်တွေအတွက် အားပေးစကား လက်ဆောင်လေး ချီးမြှင့်ပေးပါရှင်။
    ဖြေ – ဆရာရေးသားတဲ့ စာတွေရဲ့အကျိုးဆက်ကြောင့် နိုင်ငံအတွက် ကောင်းတဲ့ဖက်က အုတ်တစ်ချပ် သဲတစ်ပွင့်အနေနဲ့ အကျိုးပြုနိုင်ဖို့၊ လမ်းမှားကို ရောက်မှန်း မသိရောက်နေတဲ့သူတွေ လမ်းမှန်ပေါ်ပြန်ရောက်လာဖို့၊ အတုယူ မမှားစေဖို့ဆိုတဲ့ စေတနာကို အရင်းခံပြီး ဆရာ့စာပေတွေကို ဖန်တီးရေးသားခဲ့ပါတယ်။ စေတနာကိုအရင်းခံပြီး ဇွဲ၊ လုံ့လ၊ ၀ီရိယ အပြည့်နဲ့ စာကောင်းပေမွန်တွေ ထွက်လာနိုင်အောင် မလျှော့စတမ်း ကြိုးစားကြပါ၊ စာများများဖတ်ပြီး များများအရေးကျင့်ကြပါ၊ အနာဂတ်မှာ ထူးချွန်ထက်မြက်တဲ့ – ရေးအားကောင်းတဲ့ လူငယ် စာရေးဆရာ၊ စာရေးဆရာမတွေ များများ ပေါ်ထွက်လာပါစေလို့လည်း ဆန္ဒပြုဆုမွန်တောင်းလိုက်ပါတယ်။

    P1160004

    “  ကိုယ်ရေးအကျဉ်း   ”

    P1160003 စာရေးဆရာ မောင်လွမ်းယဉ်ကို အစ္စလာမ်ဘာသာဝင် မိဘများဖြစ်သော အဖဦးဂနီ၊ အမိ ဒေါ်ကြည် တို့မှ ( ၄.၇.၁၉၄၄ ) ခုနှစ်တွင်     မင်္ဂလာဒုံတပ်မြို့နယ်၊  ခလောက်ကွန်တိုင်ကျေးရွာ၊ ရန်ကုန်မြို့၌ မွေးဖွားခဲ့သည်။
    – ငယ်စဉ်က မြူနီစပယ်ကျောင်း ၊ စမ်းချောင်းမြို့နယ် (ယခင် – ကမာရွတ်မြို့ နယ်) ၊ ဗဟန်းအစိုးရအထက်တန်းကျောင်း၊   မင်္ဂလာဒုံတပ်မတော်   အစိုးရအထက်တန်းကျောင်း တို့တွင် တက္ကသိုလ်ဝင်တန်းထိ ပညာသင်ကြားခဲ့သည်။
    – အမည်ရင်းမှာ ဦးကျော် ဖြစ်သည်။
    – ငယ်စဉ်ကျောင်းသားဘ၀ကတည်းက စာဖတ်ဝါသနာ ထုံခဲ့သည်။
    – သူ၏ဖခင်မှာ အစိုးရ၀န်ထမ်း ဆင့်စာလုလင် တစ်ဦးဖြစ်သည်။
    – ၁၉၆၂ ခုနှစ်တွင် ၁၅ပြားတန် ပုလဲစာစောင်၌ “ သဇင် သို့မဟုတ် အရိုင်း ” ၀တ္ထုတိုဖြင့် စာပေလောကထဲသို့ စတင်ဝင်ရောက်ခဲ့သည်။
    – ၀တ္ထုတို နှင့် ကဗျာများ ပုဒ်ရေ ၇၀ ကျော်၊ လုံးချင်းဝတ္တု (၁၁) အုပ်၊ ဆောင်းပါး (၂) အုပ် ရေးသားထုတ်ဝေခဲ့သည်။
    – စမ်းချောင်းမြို့နယ် စာပေနှင့်စာနယ်ဇင်း အဖွဲ့နယ်မြေ တာဝန်ယူခဲ့သည်။
    – ၂၀၁၀ ခုနှစ် စမ်းချောင်းမြို့နယ် စာပေနှင့်စာနယ်ဇင်းအဖွဲ့၏ ဒု/ဥက္ကဌ တာဝန်ယူခဲ့သည်။
    – စမ်းချောင်းမြို့နယ် စာရေးဆရာအသင်း၏ အဖွဲ့ဝင်တစ်ဦး ဖြစ်သည်။
    – အသက် ၆၉ နှစ် အရွယ်ရှိပြီဖြစ်သော စာရေးဆရာ မောင်လွမ်းယဉ်သည် ဇင်ယော်(မြေနီကုန်း) ၊ ကျော်ဇင်လတ် (မြေနီကုန်း) ၊   ခင်ပပ၀င်း   (မြေနီကုန်း) ၊ စန်းစန်းစော (မြေနီကုန်း) စသည့် ကလောင်အမည်ခွဲ အမျိုးမျိုးတို့ဖြင့် အချစ် ၊ စုံထောက် နှင့် အကျိုးပြုစာပေများစွာတို့ကို   ရေးသားနေဆဲဖြစ်သည်။
    – အမှတ်၂၃ ၊ ရှမ်းကုန်းလမ်း ၊ စမ်းချောင်းမြို့နယ် ၊ ရန်ကုန်မြို့တွင် သားသမီး ၊ မြေး(၃)ယောက်တို့ဖြင့် ကျန်းမာပျော်ရွှင်စွာ       နေထိုင်လျက်ရှိသည်။

    ဆရာ မောင်လွမ်းယဉ် မှ ရေးသားထုတ်ဝေခဲ့ပြီးသော စာအုပ်များမှာ –

    (၁)  အသဲပျော်သခင်မလေး – ၁၉၆၉ ခုနှစ်၊ သြဂုတ်လ (နှင်းဝေေ၀ စာပေ)
    (၂)  ရှိုက်သံသက်သေ နှင့် မျက်ရည်အယူခံ – ၁၉၇၁ ခုနှစ်၊ အောက်တိုဘာလ (သစ်တစ်ပင် စာပေ)
    (၃)  တေးအလှ နှင့် သူတို့ခရီး (ပထမတွဲ) – ၁၉၆၈ ခုနှစ်၊ စက်တင်ဘာလ [တေးသံရှင်များအကြောင်း] (ပြည်သူ့ရောင်ခြည် စာပေ)
    (၄)  တေးအလှ နှင့် သူတို့ခရီး (ဒုတိယတွဲ) – ၁၉၇၂ ခုနှစ်၊ အောက်တိုဘာလ[တေးသံရှင်များအကြောင်း] (ဥက္ကလာ စာပေ)
    (၅)  ရမ္မက်ပြင်းပြင်း ယမင်းလှလှ – ၁၉၇၄ ခုနှစ်၊ စက်တင်ဘာလ (စိန်ရတနာ စာပေ)
    (၆)  ကြိုးချင်းမငြိ ကျော့ကွင်းမိ – ၁၉၇၄ ခုနှစ်၊ နိုဝင်ဘာလ (စိန်ရတနာ စာပေ)
    (၇)  အနက်ထဲကအဖြူ – ၁၉၇၅ ခုနှစ်၊ ဇန္န၀ါရီလ (စိန်ရတနာ စာပေ)
    (၈)  ချစ်ရမ္မက်အငြိုး – ၁၉၇၅ ခုနှစ်၊ မေလ (မိုးဇော် စာပေ)
    (၉)  ကပြားမလေး ညိုပြာညက် – ၁၉၇၅ ခုနှစ်၊ ဇွန်လ (မိုးဇော် စာပေ)
    (၁၀)  အနီရောင်အသဲ နှင့် အနက်ရောင်အနမ်း – ၁၉၇၆ ခုနှစ်၊ စက်တင်ဘာလ (တမာရိပ် စာပေ)
    (၁၁)  ၀င်္ကပါထဲက ခရုအိမ် – ၁၉၇၆ ခုနှစ်၊ အောက်တိုဘာလ (တမာရိပ် စာပေ)
    (၁၂)  အကုသိုလ်ပွဲစား – ၁၉၇၆ ခုနှစ်၊ ဒီဇင်ဘာလ (အရုဏ်ဦး စာပေ)
    (၁၃) နောက်ဆုံးလှေကားထစ် – ၁၉၇၇ ခုနှစ်၊ ဖေဖော်ဝါရီလ (မြင့် စာပေ)

    အသင့်ရေးပြီး လက်ဝယ်ရှိလုံးချင်းများမှာ –

    (၁) နိဗ္ဗာန်ဘုံမှာခိုမလား အ၀ီစိငရဲအောင်းမလား
    (၂) မေသူလွင်
    (၃) လှောင်အိမ် တို့ဖြစ်ပါသည်။

     

  • “အပျင်းပြေ အပျော်တမ်း” (ကဗျာ- M-Media Blog ကဏ္ဍ)

    မတ် ၁၃၊ ၂၀၁၃
    M-Media
    အိမ်ဝေးသူ (KZ)

    tofix

    ကျွန်တော်တို့…

    အပျင်းပြေ…ကဗျာရေးကြတယ်

    အပျင်းပြေ…ချက်တင်သုံးကြတယ်

    အပျင်းပြေ…ရည်းစားထားကြတယ်

    အပျင်းပြေ…မိတ်ဆက်ကြတယ်

    အပျင်းပြေ…မိတ်လိုက်ကြတယ်

    အပျင်းပြေ…ဥာဏ်ကစားကြတယ်

    အပျင်းပြေ…ဖဲကစားကြတယ်

    အပျင်းပြေ…ကားပြိုင်ကြတယ်

    အပျင်းပြေ…အိမ်သာတက်ကြတယ်

    အပျင်းပြေ…အရက်သောက်ကြတယ်

    အပျင်းပြေ…ဓာတ်ပုံရိုက်ကြတယ်

    အပျင်းပြေ…နိုက်ကလပ်တက်ကြတယ်

    အပျင်းပြေ…ဒန့် ဒန့် ဒန် ကြတယ်

    အပျင်းပြေ…အသက်တွေကြီး…

    အပျင်းပြေ…အတ္တတွေကြီး

    အပျင်းပြေ…ရာထူးတွေကြီးလာရင်း ။။။

     

    ဟော ခုဆို…

     

    •       ကျွန်တော်တို့ …

    အပျော်တမ်း…ချစ်တမ်း ကစားကြတယ်

    အပျော်တမ်း…မုန်းတမ်း ကစားကြတယ်

    အပျော်တမ်း…အမဲလိုက်ကြတယ်

    အပျော်တမ်း…ဖေ့စ်ဘွတ်ခ်မှာ ဖွကြတယ်

    အပျော်တမ်း….နိုင်ငံရေးလုပ်ကြတယ်

    အပျော်တမ်း…နိုင်ငံတော်ကို သစ္စာစောင့်သိကြတယ်

    အပျော်တမ်း…အမျိုးသားရေးတရား ဟောကြတယ်

    အပျော်တမ်း…အာဇာနည် သူရဲကောင်းလုပ်ကြတယ်

    အပျော်တမ်း…အကြမ်းဖက်တမ်း ကစားကြတယ်

    အပျော်တမ်း…သပိတ်မှောက်ကြတယ်

    အပျော်တမ်း…ဝါးလုံးရှည်ချေးသုတ်လို့ ရမ်းကြတယ်

    အပျော်တမ်း…ကျားကစားကြတယ်

    အပျော်တမ်း…မိုက်ရိုင်းတမ်း ကစားကြတယ်

    အပျော်တမ်း…ယဉ်ကျေးတမ်း ကစားကြတယ်

    ပြီးတော့……..ကျွန်တော်တို့ 

    အပျော်တမ်း…လူသတ်ကြပါသေးတယ် ။။။

     

    •       ဟုတ်ပါတယ်ခင်ဗျာ…

    ကျွန်တော်တို့ လူသတ်ရလို့  အပျင်းပြေကြသလို

    ကျွန်တော်တို့ လူသတ်ရလို့  ပျော်ကြပါသေးတယ်

    ဟောဒီကမ္ဘာကြီးမှာ…

    အပျင်းပြေအတွက် အပျော်တမ်း လူသတ်ကြပါတယ်ခင်ဗျာ ။။။

     

      အိမ်ဝေးသူ (KZ)

  • ဟီဂျဗ်ဆောင်းသူ အမျိုးသမီးအား ဘော့စနီးယားတွင် မြို့တော်ဝန်အဖြစ် ပထမဆုံး ရွေးချယ်ခံရ

    မတ်လ ၊၁၀၊၂၀၁၃
    M-Media

    ဟီဂျဗ်ဆောင်းသူ  အမျိုးသမီးအား  မြို့တော်ဝန် အဖြစ် ပထမဆုံး ရွေးချယ်ခံရခြင်းသည် ဘော့စနီးယား ပြည်သူတို့ အတွက် ဂုဏ်ယူဖွယ်ဖြစ်

    Veiled mayor Islam.jpg1

    ကိုင်ရို။          ။ဘော့စနီးယား နိုင်ငံတွင် ဟီဂျဗ်ဆောင်းသူ အမျိုးသမီးအား မြို့တော်ဝန်အဖြစ် ရွေးချယ်လိုက်ခြင်းသည် မွတ်စလင်များအတွက် အားတက်ဂုဏ်ယူဖွယ်ဖြစ်ပြီး ၊ ဟီဂျဗ်(ပုဝါ)ဆောင်းခြင်း အပေါ်အမြင်လွဲမှားနေသော ဥရောပ နိုင်ငံများအား ပြောင်းလဲမှု ဖြစ်စေခဲ့ပါသည်။

    “ကျွန်မက ဥရောပသူပါ ၊ ကျွန်မ မွတ်စ်လင်တစ်ယောက်ပါ ၊ ဒါဟာ ကျွန်မရဲ့ရပ်တည်မှုပါ ” ဟု  ပြီးခဲ့သော နိုဝင်ဘာလ အတွင်း ဘော့စနီးယားနိုင်ငံ၏ အလယ်ပိုင်း Visoko မြို့တော်ဝန်အဖြစ် ရွေးချယ်ခံရသူ ၊ ကလေးသုံးဦး၏ မိခင်ဖြစ်သူ Amra Babic ကပြောခဲ့ပါသည်။

    “လူတွေအားလုံးအမြင်မှာ ပုဝါဆိုတာ အပြင်ပန်းအရပါ ၊  တကယ်တမ်းမှာ က တော့ ဘ၀မှာ ဘယ်လိုရိုးသားစွာနေရမယ် ၊ မကောင်းတဲ့ စကားတွေ ၊ မကောင်းတဲ့ ပြစ်မှု ဒုစရိုက်တွေကနေ ရှောင်နိုင်ဖို့အတွက် အတွင်းစိတ်ဓါတ် ခွန်အားကိုပါ ပေးတာပါ” ဟု သူမက ပုဝါဆောင်းခြင်း အပေါ် ယခုလို ထပ်လောင်းပြောကြားခဲ့ ပါသေးသည်။

    သူမမြို့တော်ဝန်ဖြစ်လာခြင်းသည် အစ္စလာမ်ဘာသာအား အလေးပေးကြောင်း ဘော့စနီးယားပြည်သူများအား သိမြင်စေလိုက်ခြင်းပင်ဖြစ်သည်။

    “သူမ အခုလို နေရာရ လာခြင်းဆိုတာ ကျွန်မတို့ ဘော့စနီးယားနိုင်ငံအတွက်ပဲ မဟုတ်ပါဘူး ၊ ဥရောပတခွင် အတွက်ပါ ဂုဏ်ယူဖွယ်ပါပဲ ၊ ကျွန်မတို့က ဦးခေါင်းကို လုံခြုံစေဖို့ ပုဝါဆောင်းလိုက်တဲ့အခါ ဟုတ်ပါတယ် ကျွန်မ က မွတ်စ်လင် တစ်ယောက်ပါလို့ ပြောလိုက်ခြင်းပါပဲ ” ဟု  အသက် (၁၉) နှစ်အရွယ် Sumejja Essidiri က The Washington Post သတင်းကို ပြောခဲ့ပါသည်။

    ပုဝါမဆောင်းသူ ဘော့စနီးယားနိုင်ငံသူများကလည်း Amra Babic အတွက် ဂုက်ယူလျက်ရှိပါသည်။

    “သူမ ဒီလို အရွေးခံရတာ ကျွန်မတို့က ဂုဏ်ယူလို့ မဆုံးပါဘူး” ဟု Visoko မြို့ခံ တစ်ဦး ဖြစ်ပြီး ၊ ပုဝါမဆောင်းသူ  အသက်ခြောက်ဆယ် အရွယ် Jasmina Ismic က ထောက်ခံပြောဆိုလိုက်ပါသည်။

    ဘော့စနီးယားနိုင်ငံသည် ဥရောပ အရှေ့တောင်ပိုင်း Balkan Peninsula ဒေသအတွင်းရှိ လူဦးရေ (၄) သန်းခန့်ရှိသော နိုင်ငံငယ် တစ်ခု ဖြစ်ပြီး ၊ အစ္စလာမ်ဘာသာဝင် Bosniaks လူမျိုးများသည် နိုင်ငံလူဦးရေ၏ (၄၀) ရာခိုင်နှုန်းရှိပြီး ၊ Orthodox ခရစ်ယာန်ဘာသာဝင် Serbs လူမျိုးများသည် (၃၁) ရာခိုင်နှုန်းနှင့် Catholics ခရစ်ယာန်ဘာသာဝင် Croats လူမျိုးများ သည် (၁၀)ရာခိုင်နှုန်းခန့်ရှိသည်။

    နိုင်ငံအတွင်း အလုပ်လက်မဲ့ များ ပြားလျက်ရှိပြီး နိုင်ငံလူဦးရေ၏ (၅၀) ရာခိုင်နှုန်းခန့်သည် အလုပ်လက်မဲ့များဖြစ်သည်။

    “သာမန်လူတန်းစားများအတွက်က တော့ ကျွန်မ မြို့တော်ဝန်ဖြစ်ခြင်းအပေါ် ဘာမှ မပြောင်းလဲစေပေမယ့် ၊ သူတို့နောက်မှာ တစ်ယောက်ယောက် ကထောက်ခံအားပေး ဂရုစိုက်သွားမယ်ဆိုတာကိုတော့ သူတို့ သိလာမှာပါ ” ဟု Babic က ပြောခဲ့ပါသည်။                             ။

    Ref: OnIslam