News @ M-Media

Blog

  • အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံးသို့မတင်ရန် ကနေဒါမှ ပါလက်စတိုင်းကို သတိပေး

    မတ် ၆ ၊ ၂၀၁၃
    M-Media

    အစ္စရေးတို့၏ မူဝါဒအားထောက်ခံသည့် ကွန်ဖရင့်၌ ကနေဒါနိုင်ငံခြားရေး ၀န်ကြီးက အကယ်၍ ပါလက်စတိုင်းတို့သည် ကုလသမဂ္ဂ၏ ထောက်ခံမှုအသစ်ဖြင့် အစ္စရေးအား နိုင်ငံတကာ ရာဇဝတ် ခုံရုံး – The International Criminal Court (ICC) သို့ စွဲချက်တင်မည်ဆိုပါလျှင်  ကနေဒါ ထံမှ အကျိုးဆက်ကို တွေ့ကြုံရင်ဆိုင်ရလိမ့်မည်ဟု ကြေငြာပြောကြားသည်။

    Canada’s Foreign Affairs Minister John Baird
    ကနေဒါနိုင်ငံခြားရေးဝန်ကြီး John Baird

    ပြီးခဲ့သည့် တနင်္ဂနွေနေ့တွင် အမေရိကန်-အစ္စရေး လူထုရေးရာကော်မတီ American Israel Public Affairs Committee (AIPAC) အဖွဲ့မှ ထောင်ချီသည့် ၀ါဒထောက်ခံသူများ နှင့် အမေရိကန်အစိုးရအဖွဲ့ဝင်များသို့ Johg Baird မှ မိန့်ခွန်းပြောရာ အောက်ပါကဲ့သို့ မှတ်ချက်ပြုခဲ့သည်။

    “  ကမ္ဘာ့ကုလသမဂ္ဂရဲ့ ပညာရေး၊ သိပ္ပံနဲ့ ယဉ်ကျေးမှုရေးရာအဖွဲ့ကြီးမှာ တွေ့မြင်ကြရတဲ့အတိုင်း – ကုလသမဂ္ဂအဖွဲ့မှာ တွေ့မြင်ကြရတဲ့ အတိုင်း – အလားတူစွာဘဲ ICC မှာ တွေ့မြင်ကြရတဲ့အတိုင်း ရှေ့ဆက် လှုပ်ရှားမှုတွေကို အလေးအနက်ထားမှာ မဟုတ်ဘူးဆိုတာ အစကတည်းက ကျွန်တော်တို့ ရှင်းရှင်းလင်းလင်း နားလည်ပြီးသားပါ။ ပါလက်စတိုင်းအာဏာပိုင်နဲ့ကျွန်တော်တို့ ဆက်ဆံရာမှာ ပိုပြီးအရာရောက်အောင် လုပ်ရပါလိမ့်မယ် ”။

    အစ္စရေးတို့အပေါ် ၀န်ကြီးချုပ် စတီဗင်ဟာပါ အစိုးရအဖွဲ့၏ ထောက်ခံမှုကို ထုတ်ဖော်သောအားဖြင့် ပရိသတ်များက Baird ၏ မှတ်ချက် စကားကို ထောက်ခံအားပေးခဲ့ကြသည်။

    လွန်ခဲ့သည့် နိုဝင်ဘာလအတွင်း ကုလသမဂ္ဂ၌ ပါလက်စတိုင်းတို့၏ နိုင်ငံမဲ့မှ နိုင်ငံသစ်ထူရေး ဦးတိုက်တင်သွင်းမှုကို ကနေဒါ မှ ကန့်ကွက်ခဲ့ပြီး၊ အစ္စရေး စိုးမိုးမှုအပေါ် ICC တွင် အတိုက်အခံမပြုရန် ပါလက်စတိုင်းအစိုးရကို သတိပေးထားခဲ့သည်။

    ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလက ပါလက်စတိုင်းအား ယူနက်စ်ကိုအဖွဲ့ဝင်အဖြစ် ထည့်သွင်းရေးအဆိုကို ကနေဒါမှလည်း ကန့်ကွက်ခဲ့သည်။

    ပါလက်စတိုင်းအကြီးအမှူးများက ပါလက်စတိုင်းပိုင်နယ်မြေများအတွင်း တရားမ၀င် အိမ်ယာတိုးချဲ့မှုများ ရပ်တန့်ရေးအတွက် ICC  ၌ အစ္စရေးရဲ့ အုပ်ချုပ်ပုံကို မိမိတို့မှ အတိုက်အခံပြု သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

    နိုဝင်ဘာလ၌ကျင်းပခဲ့သော ကမ္ဘာ့ကုလသမဂ္ဂအထွေထွေညီလာခံတွင် ပါလက်စတိုင်းအစိုးရအဖွဲ့ခေါင်းဆောင် မဟ်မူးဒ် အဗ်ဗာ့စ်၏ မိန့်ခွန်းအား “ ကျွန်တော်တို့ထဲက လူအတော်များများကို စိုးရိမ်ပူပန်မှုဖြစ်သွားစေခဲ့တယ် ” ဟု Baird  မှ ဝေဖန်လိုက်ပြီး၊ “ သူဟာ အစ္စရေးကို လက်ကမ်းကောင်း ကမ်းပေးပါလိမ့်မယ်၊ ငြိမ်းချမ်းရေးအငွေ့ အသက်တစ်ရပ်ကို ဖော်ဆောင်ကောင်းဖော်ဆောင်ပါလိမ့်မယ်၊ သဘောထားကြီးကောင်း ကြီးပါလိမ့်မယ်။ ဒါပေမယ့် သူ့စကားထဲမှာတော့ စေတနာထက်သန်မှုကို ကျွန်တော်တို့ မတွေ့ခဲ့ကြပါဘူး ” ဟု ပုတ်ခတ်ပြောဆိုခဲ့သည်။

    ပါလက်စတိုင်း၏ အလားအလာကောင်းကို ကနေဒါ၊ အမေရိကန်၊ အစ္စရေး နှင့် နောက်ထပ် နိုင်ငံ ၆ ခုမှ ကန့်ကွက်မဲပေးခဲ့သော်လည်း၊ ညီလာခံအဖွဲ့ဝင် အခြားသောနိုင်ငံပေါင်း ၁၃၈ နိုင်ငံမှ ထောက်ခံမဲပေးခဲ့ကြသည်။

    SAB/PKH

  • အရှိန်မြင့်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး အပေါ် ပြည်သူတဦးရဲ့ အမြင်

    အရှိန်မြင့်လာတဲ့ အစ္စလာမ် ဆန့်ကျင်ရေး အပေါ် ပြည်သူတဦးရဲ့ အမြင်

    မတ်လ ၇ရက်၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    အစ္စလာမ် ဆန့်ကျင်ရေး တရားပွဲဟောပြောပွဲများ၊ စာရွတ်စာတမ်းများ၊ စာအုပ်များ၊ တရားပွဲ DVD အခွေများကို လက်ကမ်းဝေဖြန့်ဝေခြင်းများကို လွန်ခဲ့သည့် လများက ကရင်ပြည်နယ်၊ မွန်ပြည်နယ်အချို့မြို့နယ်များတွင် ပြုလုပ်ရာမှာ ယခုအခါ ရန်ကုန်မြို့ အနီးတ၀ိုက် မြေနီကုန်း၊ ပန်းဘဲတန်း၊ ပုဇွန်တောင်၊ လှိုင်သာယာ စသည့် မြို့နယ်များတွင်ပါ တရားဝင်ပြုလုပ်ခွင့် ရသည့် အလားပေါ်ပေါ်ထင်ထင် ပြုလုပ်လာနေသည် ကိုတွေ့မြင်ရပါသည်။ အဆိုပါ အစ္စလာမ် ဆန့်ကျင်ရေး လှုပ်ရှားမှု့များ နှင့် ပတ်သက်ပြီး အငြိမ်းစား ဆည်မြောင်းဦးစီးမှူး အထက်တန်းရှေ့ နေ တစ်ဦးဖြစ်သော ဆရာဦးမြသန်း၏ အမြင်ကို M-Media မှ ဆက်သွယ်မေးမြန်းခဲ့ပါသည်။

    P6040007
    အငြိမ်းစား ဆည်မြောင်းဦးစီးမှူး အထက်တန်းရှေ့ နေ ဆရာဦးမြသန်း

    ဗုဒ္ဓပွင့်တော်မှုတဲ့ အိန္ဒိယနိုင်ငံ နီပေါမှာ ဗုဒ္ဓ အရင်ရှိခဲ့တဲ့ ဟိန္ဒူဘာသာ၊ ဂျိန်းဘာသာ ဆိုတဲ့ အယူဝါဒတွေကြားထဲက ပေါ်ပေါက်လာတဲ့ ဗုဒ္ဓဘုရားရှင်ရဲ့ သာသနာကို လက်ခံလာအောင် ဗုဒ္ဓက နူးညံ့တဲ့နုလုံးသားနဲ့ သိမ်းသွင်းခဲ့တယ်။ သူဟာ ဘယ်သူ့ကိုမှ အကြမ်းဖက်ပြီး သူ့သာသနာ ကြီးထွားအောင်မြင်အောင် လို့ဆိုပြီး ဟိန္ဒူဘုရားကျောင်းတွေ၊ …. တွေရဲ့ ဘုရားကျောင်းတွေကိုလည်း မဖျက်စီးဘူး၊ ဖျက်စီးဖို့လည်း လှုံ့ ဆော်တဲ့ တရားတွေ မဟောခဲ့ဖူးဘူး။ ဗုဒ္ဓရဲ့သားတော်တွေဖြစ်တဲ့ တကယ့် သံဃာတော် အစစ်အမှန်တွေက ဒီလိုမျိုးမလုပ်ဘူး။ သူတို့မှာ ၀တ်နည်းဆိုတာ ရှိတယ်။ ဗုဒ္ဓရဲ့ တရားတော်တွေကို ဥပက္ခာပြုပြီး၊ ဗုဒ္ဓ အလိုကျ မဟုတ်တဲ့ ဗုဒ္ဓနဲ့ ဆန့်ကျင်စွာ လုပ်နေတဲ့ ဆရာတော် အနည်းစုဟာ အခုလို တစ်ဘာသာနဲ့ တစ်ဘာသာ ညီညွတ်ရေးကို ကွဲပြားစေတဲ့ လုပ်ရပ်များကို မလုပ်သင့်ပါဘူး။

    ဆရာတော် သံဃာတော်တွေလို့ အမည်ခံထားပြီး ဟောပြောနေတာတွေမှာ ရိုးရိုးသားသား အရှိတရားကိုဟောနေတာမဟုတ်ဘူး။ ဥပမာ – အလ္လာဟ်ဆိုတဲ့ မမြင်ရတဲ့အရှင်ကို ကိုးကွယ်နေကြတယ် ဆိုပြီးပြော၊ ဒါမှန်တယ် လက်ခံတယ်။ ကြိုက်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို မေး မမြင်ရသော အရှင်ကို ကိုးကွယ်နေကြတာ တွေပဲ။ ဒီလိုမျိုး တစ်ဖတ်က ဝေဖန်တရားဟောရင် အငြင်းပွားစရာ မရှိပါဘူး။ သို့သော် ကိုးကွယ်ရာ အရှင် နှင့် တမန်တော်မြတ်တွေကို “အမျိုးဘာသာ သာသနာ ကူသာ စောင့်ရှောက်ရာ – ဖတ်ဖြစ်အောင် ဖတ်ပါ” ဆိုတဲ့ စာအုပ်တွေမှာလို လွန်လွန်ကျူးကျူး မဟုတ်တရုတ် ရေးသားပြီး စော်ကားတာမျိုးတွေ မလုပ်သင့်ပါဘူး။

    P6020003

    “သမ္မတကြီး အပါအ၀င် သာသနာရေးရာ ၀န်ကြီးတွေဟာ ဘာသာအားလုံးရဲ့ ကျမ်းစာမူရင်းတွေကို ဖတ်ထား သိထားသင့်ပါတယ်။ သာသနာရေးဝန်ကြီး ဌာနမှရှိတဲ့ အာဏာပိုင်တွေကိုယ်တိုင်က သိထားပြီးသားဆိုရင် မဟုတ်တမ်းတရားတွေ ပြောတာတွေနှင့် ပတ်သက်ပြီး သူတို့သာသနာက ဒီလိုမဟုတ်ဘူး၊ မဟုတ်တာတွေမပြောနဲ့ မရေးနဲ့ သူတို့သာသနာမှာ ဒါတွေမရှိဘူး လုပ်ကြံမပြောကြနဲ့ အခြားသာသနာကို ညှိုးနွမ်းအောင် မလုပ်ကြပါနဲ့လို့ တားဆီသင့်ပါတယ်။”

    “ဟိုးတလောက ကျွန်တော်တို့ ရပ်ကွက်မှာ သင်္ဃန်းဝတ် ဘုန်းကြီးတစ်ပါးက လမ်းထဲကိုဝင်လာတယ် လမ်းထိပ် အ၀မှာကတည်းက လျှောက်လာတဲ့လမ်းတလျှောက် ခေါင်းပ၀ါခြုံ ထားတဲ့ အမျိုးသမီးတွေကို ထီးနဲ့လိုက်ရိုက်တယ် ၊ ထီးနဲ့လိုက်ရမ်းတယ် ပြီးတော့ မုတ်ဆိတ်နဲ့ တွေ့တဲ့သူတွေကို ယုတ်ယုတ်မာမာဆဲတယ် ပြီးတော့“ မင်းတို့အားလုံး သေကုန်မယ်၊ သတိထားပြီး နေကြ”လို့ပြောတယ်။အဲဒီမှာ လမ်းထဲမှာ ရှိတဲ့ ဗုဒ္ဓဘာသာဝင်တွေကပါ ၀ိုင်းပြီး ရပ်ကွက်မှာ ပြဿနာအဖြစ်မခံနိုင်ဘူး ဆိုပြီး ရပ်ကွက်အုပ်ချုပ်ရေးမှူးဆီ ပို့လိုက်တယ်။ရဲစခန်းကိုလည်း တိုင်တယ်။အဲဒီကနေ သံဃာနယက အဖွဲ့ ဆီအပ်တယ်။ အဲဒီမှာ ဘာတွေမေးပြီး ဘာတွေပြောလိုက်လဲ ဆိုတာတော့ ကျွန်တော်တို့မသိဘူး။ နောက်လွှတ်ပေးလိုက်တယ်လို့ ကြားတယ်။”

    “သမ္မတကြီး အနေနဲ့ ပြည်သူလူထု ငြိမ်းချမ်းရေးအတွက် သတင်းစာတွေ ရေဒီယိုတွေ ရုပ်မြင်သံကြားတွေ ကနေတဆင့် အခြားဘာသာ သာသနာတွေကို မစော်ကားကြနဲ့ မဖိနိပ်ကြနဲ့ ဘာသာပေါင်းစုံ ညီညွတ်ရေးကို ပျက်ပြားအောင် ပြုလုပ်သူကို အရေးယူမယ်လို့ မိန့်ခွန်းပြောလိုက်မယ် ဆိုရင် တစ်ယူသန် အစွန်းရောက်သူတွေက ဘယ်လုပ်ရဲတော့မလဲ၊ အစိုးရရဲ့ မျက်စိ၊ နားတွေက အင်မတန် ကျယ်ပြန့်ပါတယ်။ ဆူပူသူတွေကို ဖမ်းလိုက်တယ် အရေးယူလိုက်တယ် ဆိုပြီး မီဒီယာတွေက တစ်ဆင့် ပြလိုက်မယ်ဆိုရင် အခြားနေရာတွေကလဲ ထပ်မလုပ်ရဲ့တော့ဘူးပေါ့” ဟု M-Media သို့ပြောကြားခဲ့သည်။

    အစ္စလာမ် ဆန့်ကျင်ရေး လှုံဆော်စာများ

    P6020001

    P6020006

    P6020009

  • အစ္စလာမ် အဖွဲ့ (ရှမ်း/တောင်)မှ တောင်ကြီးမြို့ မီးဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း

    မတ်လ၊ ၇ ၊ ၂၀၁၃
    M-Media

    အစ္စလာမ်ဘာသာရေးအဖွဲ့ (ရှမ်း/တောင်)မှ တောင်ကြီးမြို့ စိန်ပန်းရပ်ကွက် မီးဘေးသင့် ပြည်သူများကို သွားရောက်လှူဒါန်း

     2

    အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် ၂၀၁၃ခုနှစ် ဖေဖော်ဝါရီလ (၂၈)ရက်နေ့တွင် မတော်တဆ တော မီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော မီးဘေးဒုက္ခသည် လူမျိုးဘာသာမရွေးကို ဆန်၊ ဆီ၊ ဆား၊ အ၀တ်အထည်များနှင့် အလှူငွေများကို (၇.၃.၂၀၁၃) ရက်နေ့တွင် သွားရောက် ကူညီလှူဒါန်းခဲ့ပါသည်။ စားနပ်ရိက္ခာ၊ အ၀တ်အထည်နှင့် အလှူငွေများ  စုစုပေါင်း(၆)သိန်း ၀န်းကျင်ခန့် လှူဒါန်းခဲ့ကြကြောင်း သိရှိပါသည်။

    6

    တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်တွင် မတော်တဆ တောမီးလောင်ရာမှ တဆင့် မီးကူးစက်ခံခဲ့ရသော အိမ်စုစုပေါင်း ၇လုံးရှိပြီး၊ အိမ်ထောင်စုဝင် (၁၁)စုဖြစ်ကာ မီးဘေးကြောင့် လူ(၄၈)ဦး အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရပါသည်။ ထိုမီးဘေး ဒုက္ခသည်များအား တောင်ကြီးမြို့နယ် အုပ်ချုပ်ရေးရုံးအဖွဲ့တာဝန်ရှိသူများနှင့် စိန်ပန်းရပ်ကွက် အုပ်ချုပ်ရေးရုံးအဖွဲ့မှ ဦးစီးလျှက် တောင်ကြီးမြို့ မိခင်နှင့် ကလေးစောင့်ရှောက်ရေး အဖွဲ့ဝင်များ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ကြက်ခြေနီနှင့်လူမှုကူညီရေးအဖွဲ့ဝင်များ ပူးပေါင်းကာ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေးကို စနစ်တကျ ဆောင်ရွက်ပေးလျက်ရှိ ကြောင်းသိရသည်။ မီးဘေးဒုက္ခသည်များအတွက် တောင်ကြီးမြို့၊ စိန်ပန်းရပ်ကွက်၊ အမှတ်(၁၉)အခြေခံပညာမူလတန်းကျောင်းတွင် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ထားရှိပြီး တောင်ကြီးမြို့ပေါ်မှ စေတနာရှင်၊ အလှူရှင်များ၊ လူမှုအကျိုးဆောင်အဖွဲ့အသီးသီးမှလည်း မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေးကို လာရောက် ကူညီပံ့ပိုးလှူဒါန်းကြကြောင်း ၊ စနစ်တကျပြန်လည်နေရာချထားနိုင်ရေးအတွက် နေအိမ်များဆောက်လုပ်ပေးနိုင်ရန် အမြန်ဆုံး စီစဉ်ဆောင်ရွက်ပေးနေကြောင်း မီးဘေးကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးကော်မတီဝင်များထံမှ သိရှိရပါသည်။

    အစ္စလာမ်ဘာသာရေးအဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)သည် ဘာသာလူမျိုးမခြား ကူညီပံ့ပိုးနေသည့် အဖွဲ့တစ်ခုဖြစ်ပြီး ၂၀၀၈ခုနှစ် နာဂစ်မုန်တိုင်းတွင် လူမျိုးဘာသာမရွေး ကူညီစောင့်ရှောက်ခဲ့ပြီး၊ ၂၀၁၁ခုနှစ်ကျောက်ဆည်ရေဘေးတွင်လည်း ရေဘေးဒုက္ခသည် လူမျိုးဘာသာ မခွဲခြားဘဲ လှူဒါန်းခဲ့ကြောင်း၊ ရခိုင်ပဋိပက္ခတွင်လည်း ဒုက္ခရောက်သူများကို မခွဲခြားဘဲ ကူညီပေးခဲ့ကြောင်း ၊ ယခုအကြိမ် တောင်ကြီးမြို့ရှိ မီးဘေးဒုက္ခသည်များကို လူမျိုးဘာသာမရွေး ကူညီပံ့ပိုး လှူဒါန်းမှုဖြစ်ကြောင်း၊ အစ္စလာမ်ဘာသာရေး အဖွဲ့(ရှမ်းပြည်တောင်ပိုင်း-တောင်ကြီးမြို့)မှ အဖွဲ့ဝင်များမှ M-Media သို့ ပြောကြားခဲ့သည်။

    1

    8

    9

  • “လှပ ရောင်စုံ မြို့တော်ရန်ကုန်” ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြိုင်ပွဲ ကျင်းပမည်။

    မတ်လ ၆ ၊ ၂၀၁၃
    M-Media
    သတင်း- ပသီဆောင်းနှင်းမှုံ

    111
    ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီမှ ကြီးမှုး ကျင်းပသော လှပ ရောင်စုံ မြို့တော်ရန်ကုန် ခေါင်းစဉ်ဖြင့် ဓါတ်ပုံ ပြိုင်ပွဲ နှင့် ပြပွဲ ၂၀၁၃ အခမ်းအနားကို ဧပြီလ ၁ရက် (တနလာင်္နေ့) တွင် မြို့တော်ခန်းမ၊ ပထမထပ်ခန်းမကြီး တွင် ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    ပြိုင်ပွဲဝင်မည့် ဓါတ်ပုံများကို ၂၀၁၃ခုနှစ် မတ်လ ၁၈ရက်မှ ၂၈ရက်နေ့အထိ ရုံးချိန်အတွင်း လက်ခံသွားမည်ဖြစ်ကြောင်း၊ ပြပွဲကာလမှာ ၃.၄.၂၀၁၃ မှ ၅.၄.၂၀၁၃ ထိ ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

  • Self-Reliance (M-Media Blog ကဏ္ဍ)

    မတ်လ- ၇ ၊ ၂၀၁၃
    M-Media
    လူမင်းဟန်

    self_reliance

    လောကမှာ သူတပါးအလုပ်ကို လုပ်နေရသူဟာ အနည်းနဲ့အများတော့ ကိုယ့်ရဲ့လွတ်လပ်ခွင့်တွေ၊ လုပ်ပိုင်ခွင့်တွေ ဆုံးရူံးရတာ သဘာဝပါပဲ။ တနည်းအားဖြင့်ဆိုရင် ကိုယ့်ရဲ့ကိုယ်ပိုင် အချိန်တွေ အလုပ်ရှင်ကိုပေးလိုက်ရတာပါပဲ။ သူများစိတ်နဲ့ ကိုယ့်ကိုယ်ဖြစ်နေတာလို့ပြောရင် လွန်မယ်မထင်ပါဘူး။ ကျတော်တို့ဘာလို့ အဲဒီအခြေအနေကို ရောက်ရတာလဲ။ သူများဆီမှာ လခစားလေး လုပ်နေရင်  ဟုတ်တုတ်တုတ်၊ ကိုယ့်ဟာကိုလုပ်မိကာမှ    ရှုံးနေမှာလား၊ ထိုင်နေရင် အကောင်းသား ထသွားမှ ကျိုးနေရင် ဒုက္ခ၊ ဘယ်ကနေ ဘယ်လိုစလုပ်ရမှာလဲ၊ဖြစ်မှဖြစ်ပါ့မလား….စသည်စသည်ဖြင့် အကြောင်းပေါင်းများစွာရှိမှာပါ။ နောက်ဆုံး အရင်းစစ်လိုက်ရင်တော့ ကိုယ်တိုင်လုပ်မိရင် နစ်နာသွားမလား ဆိုတဲ့ ကြောက်စိတ်ကြောင့် ပဲလို့ပြောရမည်ထင်သည်။

    ဒါပေမယ့် ကျတော်တို့ မျက်တောင် တစ်ဆုံးတင်ကြည့်လို့မဖြစ်ပါဘူး။ မျက်စိတစ်ဆုံးကြည့်ရမှာပါ။ နောင်အနာဂတ်မှာ သူများကို ချည်း မှီခိုနေလို့ဖြစ်မလား။ ကျတော်တို့ဘ၀မှာရော တသက်လုံးသူများ အလုပ်ကိုချည်း လုပ်သွားရရင် တန်ပါ့မလား။ ဒီတော့ ကျတော်တို့ဘ၀မှာ ကိုယ့်အတွက်ကို အလုပ်လုပ်တာမျိုးဖြစ်သင့်ပါတယ်။ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့ကို ကိုယ့်ဟာ ကိုယ်ရှာဖွေရမယ်။ ဒီနေရာမှာကျတော် ပြောချင်တာက တကိုယ်ကောင်းဆန်ဖို့ ကိုယ့်ဖို့တစ်ခုတည်းကြည့်ဖို့ ပြောတာမဟုတ်ပါဘူး။ ကိုယ့်ရဲ့အချိန်၊ ကိုယ့်ရဲ့ ဆုံးဖြတ်ချက်၊ ကိုယ့်လွတ်လပ်ခွင့် တွေကို တတ်နိုင်သလောက် ကိုယ်ပိုင်ဆိုင်နိုင်ဖို့ပြောတာပါ။ နောက်တစ်ခုက ငါလုပ်တဲ့အလုပ်ရဲ့ကောင်းကျိုးဆိုးကျိုး ဟာ ငါ့အတွက်ပဲ ဆိုတာ သဘောပေါက် လာရင် လူဟာ ပိုပြီး motivateဖြစ်ပါတယ်။ ပိုပြီးလည်း တီထွင် ဖန်တီးနိုင်စွမ်းရှိလာပါတယ်၊ ကြံရည်ဖန်ရည် ကောင်းလာတယ်ပေါ့ဗျာ။ ကျတော်တို့ဘ၀ရဲ့ ရည်မှန်းချက်ဟာ ကိုယ့်ကိုကိုယ် အားကိုးနိုင်ဖို့၊ ကိုယ့်စိတ်နဲ့ ကိုယ့်ကိုယ် ဖြစ်ဖို့ ရည်ရွယ်ထားသင့်ပါတယ်။

    ဒီလောက ထဲကို စ၀င်လာကတည်းက ကျတော်တို့မှာ ကိုယ်ပိုင်ခန္ဒာ၊ ကိုယ်ပိုင်အချိန်၊ ဘယ်သူနဲ့မှ မတူတဲ့ကိုယ်ပိုင် အတွေးအခေါ် ၊ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေနဲ့ လာကြတာပါ။ ဒါပေမယ့် ကျတော်တို့ အရွယ်ရောက်လာတာနဲ့အမျှ ကျတော် တို့ရဲ့ မွေးရာပါ ပိုင်ဆိုင်မှု့တွေကို သူများကိုပေးလိုက်ကြပါတယ်။ ကျတော်တို့ရဲ့ အချိန်တွေကို သူများအတွက် အလုပ်တွေလုပ်ရင်းနဲ့ ကုန်ဆုံးပစ်ကြပါတယ်။ သူများတွေရဲ့ပြဿနာတွေ အရှုပ်အထွေးတွေကြားထဲမှာ ကျတော်တို့ရဲ့ အချိန်တွေ စွမ်းရည်တွေ ကုန်ဆုံးကုန်ပါတယ်။ ကိုယ့်ရဲ့ ကိုယ်ပိုင်အကြံဥာဏ် အတွေးအခေါ်နဲ့ မရှင်သန်နိုင်တော့ပဲ သူများရဲ့အကြံဥာဏ်တွေနဲ့ချည်းပဲ အလုပ်လုပ်နေရပါတယ်။

    Self_reliance_ubuntu_carre_300ဒီတော့ အချိန်မနှောင်းခင် ကျတော်တို့ ကိုယ့်ရဲ့ ပိုင်ဆိုင်မှု့တွေကိုပြန်ရအောင်လုပ်ဖို့လိုပါတယ်။ ဒီနေရာမှာ ကျတော်ဆိုလိုတဲ့ ပိုင်ဆိုင်မှု့ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု့တွေကိုပဲ ဆိုလိုတာမဟုတ်ပါဘူး။ ရုပ်ဝတ္တုတွေတော့ အများကြီး ပိုင်ဆိုင်ပါရဲ့ ဒါပေမယ့် အရာခပ်သိမ်း သူများကိုပဲ အားကိုးနေရမယ် ဆိုရင်လည်း ဒါမှန်ကန်တဲ့ နည်းလမ်း မဟုတ်သေးပါဘူး။ ရုပ်ပိုင်းဆိုင်ရာပိုင်ဆိုင်မှု့ဆိုတာ အချိန်မရွေး ပျောက်ပျက်သွားနိုင်တာမျိုးလေ။ ကျတော်ဆိုလိုတဲ့ ပိုင်ဆိုင်မှု့ ဆိုတာ ကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ဆိုလိုပါတယ်။ ကိုယ့်ရဲ့လွတ်လပ်ခွင့်ကို တန်ဖိုးထားရမယ်။ ကိုယ့်ကိုကိုယ် ယုံယုံကြည်ကြည်နဲ့ ဆုံးဖြတ်နိုင်ရမယ်။ အချိန်ကို ကိုယ့်တိုးတက်မှု့ အတွက် ကိုယ့်ရဲ့ ပညာရည်မြင့်မားဖို့ အတွက် အသုံး ချနိုင်ရမယ်။ ဒီလိုမျိုး စိတ်ပိုင်းဆိုင်ရာ ပိုင်ဆိုင်မှု့ကသာလျှင် ကျတော်တို့ဘ၀ကို တိုးတက်မြင့်မားစေမှာပါ။

    တကယ်လို့အခြေအနေအရ သူများကို အားကိုးရမယ်ဆိုရင်လည်း ဒီအခြေအနေကနေ အမြန်ဆုံးလွတ်မြောက်ဖို့ အတွက် စိတ်ရောကိုယ်ပါ ကြိုးစားပါ၊ ပြင်ဆင်ပါ။ လူတစ်ယောက်ဟာ ကိုယ့်ရဲ့စိတ်ကို ကိုယ်မပိုင်ဆိုင်နိုင်ဘူးဆိုရင် တခြားသူတွေက ကိုယ့်ကို ပိုင်သွားပါလိမ့်မယ်။ ကျတော်တို့ဟာအရှိန်အဟုန်နဲ့ပြောင်းလဲ နေတဲ့ခေတ်ကြီးမှာလူလာဖြစ်ကြတာပါ။ လူတိုင်းလူတိုင်းဟာ ကိုယ့်ကြမ္မာကိုယ် ဖန်တီးမယ်ဆိုတဲ့ စိတ်ဓာတ်တွေရှိဖို့လိုပါတယ်။ အတိတ်ကလက်ခံ ခဲ့တဲ့ သဘောတရားတွေကို အခုလက်ခံချင်မှ လက်ခံတော့မယ်။

    ကျတော်တို့သတိမထားမိတဲ့ အမှန်တရားတစ်ခုရှိပါတယ်။ လောကမှာရှိတဲ့ လူသားတွေကို အလွှမ်းမိုးဆုံးအရာဟာ Self-interest လို့ခေါ်တဲ့ ကိုယ့်အကျိုး ကိုယ်ကြည့်မှု့ပါပဲ။ လူတိုင်းဟာ အရင်ဆုံး ကိုယ့်အတွက်ကို စဉ်းစားကြတာပါပဲ။ ဘယ်အလုပ်ရှင်မှ ကိုယ့်ကို ချစ်လွန်းလို့ ခေါ်ထားတာ မဟုတ်ပါဘူး။ ကိုယ့်ကို တန်အောင်ခိုင်းလို့ရလို့ ခေါ်ထားတာပါ။ ကိုယ်မလုပ်နိုင်တော့တဲ့ တစ်နေ့၊ ဒါမှမဟုတ်လည်း ကိုယ့်ထက်ပို လုပ်နိုင်တဲ့သူကို တွေ့တဲ့တစ်နေ့ ကိုယ့်ကို ဘေးထုတ်ပစ်မှာပါပဲ။ ဒါကျတော် အလုပ်ရှင်တွေကို အပြစ်ပြောတာ မဟုတ်ဘူးနော်။ ဒါသဘာဝပဲ။ ဒီတော့ကျတော်တို့ ကိုယ့် ပတ်ဝန်းကျင်မှာရှိတဲ့ လူတွေရဲ့ အကူအညီတွေ အထောက်အပံ့တွေကိုချည်း မျှော်လင့်နေလို့မဖြစ်ပါဘူး။ ဒါကို အထီးကျန်ဆန်မှု့လို့ မမြင်ပဲ ကိုယ့်ရဲ့လွတ်လပ်မှု့လို့မြင်ပါ။ ကိုယ်လိုချင်တဲ့အရာတွေကို ကိုယ်ကိုယ်တိုင်လုပ်နိုင်တယ်လို့ ယုံကြည်မှု့ရှိတဲ့သူဟာ ပိုပြီးလွတ်လပ်မှု့ ရှိပါတယ်။ ဟိုလူ့အကူအညီ ဒီလူ့အထောက်အပံ့ တွေကိုသိပ်မျှော်လင့်နေ စရာမလိုပါဘူး။ ငါ့ရဲ့အခက်အခဲကို ငါကိုယ်တိုင် ဖြေရှင်းနိုင်တယ်ဆိုတဲ့ ယုံကြည်မှု့မျိုးထားဖို့လိုပါတယ်။

    သူများကို အားကိုးချင်တဲ့ စိတ်ဆိုတာ အင်မတန်လွယ်ပါတယ်။ ကျတော်တို့ပတ်ဝန်းကျင်မှာ တိုင်ပင်စရာလူတွေ အများကြီးရှိတယ်၊ စိတ်ပိုင်းဆိုင်ရာဖျော်ဖြေဖို့ အတွက် ဆေးဝါးတွေလည်း ရှိတယ်။ ထမင်းမငတ် ဖို့ပဲရတဲ့ အလုပ်တွေရှိတယ်။ ဒါတွေကို ကျတော်တို့ လွယ်လွယ်ကူကူ လက်ခံလိုက်ရင်၊ ဒါတွေထဲမှာ ကျတော်တို့ ဘ၀ကိုမျှောလိုက်ရင် ကျတော်တို့ဟာ ထောင်ထဲရောက်သွားတဲ့ သူတွေလိုဖြစ်သွားပ်ါလိမ့်မယ်။ ကျတော်တို့ဟာ ကိုယ့်ကိုယ် ကိုက လွဲရင် ပြင်ပက အကူအညီတွေကိုချည်း အားကိုးနေတဲ့ သူတွေဖြစ်လာပါလိမ့်မယ်။ တကယ်တမ်းဘ၀မှာ ကိုယ်တိုင်နင်လားငါလား ဆုံးဖြတ်ရတော့မယ်အချိန်၊ ရင်ဆိုင်ရမယ့် အချိန်ရောက်လာရင် ကျတော်တို့ကိုယ်ကျတော်တို့ အားကိုးစရာ ဘာမှ မကျန်တော့ပဲ ဖြစ်သွား ပါလိမ့်မယ်။

    ဒီတော့ကျတော်တို့ ဘ၀မှာ ကိုယ်တိုင်ပိုင်ဆိုင်မှု့ အတွက် ကြိုးစားရပါလိမ့်မယ်။ ပထမဆုံးကိုယ့်ရဲ့ စိတ်ပိုင်းဆိုင်ရာကို ပိုင်ဆိုင်ဖို့ကြိုးစားရမယ်။ နောက်တဆင့် ရုပ်ပိုင်းဆိုင်ရာတွေကိုပါ ပိုင်ဆိုင်နိုင်အောင်ကြိုးစားရမယ်။ ကိုယ့်အလုပ်ကို ကိုယ်ပိုင်ဖို့၊ ကိုယ်လုပ်တဲ့အရာဟာ ကိုယ့်အတွက် အကျိုးရှိစေဖို့အတွက် ကြိုးစားရပါမယ်။

    self-reliance

    ပထမအဆင့် –  အချိန်သတ်မှတ်ပါ

    ကော်နီးလီးယက်စ်ဗန်ဒါဗစ် (Cornelius Vanderbilt) ဟာ အသက် ၁၂ မှာ သူ့အဖေရဲ့ သဘောင်္လုပ်ငန်းသေးသေးလေးမှာ ၀င်လုပ်ခဲ့ပါတယ်။ ဒါပေမယ့် သူ အဲဒီအလုပ်ကို မကြိုက်ပါဘူး။ကော်နီးလီးယက်စ် ဟာရည်ရွယ်ချက်ကြီးမားတဲ့ လူငယ်ဖြစ်ပါတယ်။ နှစ်နှစ်အတွင်းမှာ သူ့ကိုယ်ပိုင် သဘောင်္လုပ်ငန်းကြီးကို ပိုင်ဆိုင်နိုင်ရမယ်ဆိုပြီး ဆုံးဖြတ်ထားပါတယ်။ ဒီလို အချိန်သတ်မှတ်ပြီး ရည်ရွယ်ချက်ထားလိုက်တာဟာ သူ့ဘ၀ကို အကြီးအကျယ်ပြောင်းလဲစေခဲ့ပါတယ်။ ဒီ ဆုံးဖြတ်ချက်ဟာ သူ့ရဲ့ သင်ယူလိုမှု့ကို နှိုးဆွပေးပါတယ်၊ ဒီဆုံးဖြတ်ချက်ဟာ သူ့ရဲ့မျက်စိရော နားရောကို ဖွင့်ထားဖို့ အဆက်မပြတ် သတိပေးသလိုပါပဲ။ သူ့အဖေရဲ့အလုပ်ကနေ ရသမျှကိုသင်ယူတယ်၊ ပိုပြီးကောင်းအောင် ဘယ်လိုလုပ်ရ မယ်ဆိုတာလေ့လာတယ်။ အသက် ၁၆ နှစ်မှာ သူ့အမေဆီကနေ ဒေါ်လာ ၁၀၀ ချေးပြီး မင်ဟက်တန် နဲ့ စတေတန်ကျွန်းကို ပြေးတဲ့ ခရီးသယ်တင် သဘောင်္လိုင်းကို ထောင်ပါတယ်။ တစ်နှစ်အတွင်းမှာ သူ့အမေဆီက ချေးထားတဲ့ ဒေါ်လာ ၁၀၀ ကို ပြန်ဆပ်နိုင်ပါတယ်။ နောက်ပိုင်းမှာ ကော်နီးလီးယက်စ် ဟာ အဲဒီခေတ်က အမေရိကန်မှာ အချမ်းသာဆုံး လူတစ်ယောက်ဖြစ်လာပါတယ်။ သူ့ရဲ့ လက်ဆွဲဆောင်ပုဒ်ကတော့ ” ဘယ်တော့မှ သူများ အစေခံမဖြစ်စေနဲ့၊ ပိုင်ရှင်ဖြစ် အောင်လုပ်” ဖြစ်ပါတယ်။

    အချိန်ဆိုတာ ကျတော်တို့ဘ၀မှာ အရေးကြီးဆုံး အရင်းအမြစ်ဖြစ်ပါတယ်။ သူများဆီမှာ အလုပ်လုပ်ရတဲ့ အချိန်ဟာ လုပ်ငန်းအတွေ့အကြုံယူဖို့ အတွက်၊ ပညာရအောင် လုပ်တဲ့ အချိန်ကလွဲရင် ကျတော်တို့အတွက် အချိန်သေ တွေပါပဲ။

    ဘ၀မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့ အချိန်ဆိုတာ ရှိတာပါပဲ။ကော်နီးလီးယက်စ်ဗန်ဒါဗစ် လိုပဲ ကျတော်တို့ဟာ ကိုယ်လိုချင်တဲ့ ဘ၀အတွက် အချိန်တစ်ခုသတ်မှတ်ပြီး အလုပ်လုပ်သင့်ပါတယ်။ ဒီလိုသတ်မှတ်ပြီး ကျတော်တို့ပတ်ဝန်းမှာ ဘာတွေဖြစ်နေတယ်၊ ဘာတွေပြောင်းလဲနေတယ်၊ ဘာတွေပြောင်းလဲလာနိုင်တယ် ဆိုတာတွေကို မျက်ချေမပြတ် စောင့်ကြည့်နေဖို့လဲ လိုပါတယ်။ လောကမှာရိုးသားခြင်းဟာ အကောင်းဆုံးပါ။ ဒါပေမယ့် ရိုးသားဖြောင့်မတ်တာနဲ့ နုံတာ အ,တာ မရောထွေးမိပါစေနဲ့။ ကိုယ့်အတွက် အတွေ့အကြုံယူဖို့ လုပ်လည်း လုပ်ရပါမယ်။ တနေ့မှာ ငါဟာ ကိုယ်ပိုင်အလုပ်တစ်ခုကို လုပ်နိုင်ရမယ်ဆိုတဲ့ ရည်မှန်းချက်ရှိကို ရှိသင့်ပါတယ်။ နောက်ပြီး ရသလောက် အတွေ့အကြုံတွေ၊ သတင်းအချက်အလက်တွေကိုလည်း မှတ်သား စုဆောင်းသင့်ပါတယ်။

    ဒုတိယအဆင့် – တာဝန်ယူလိုစိတ်မွေးပါ

    ကျတော်တို့ဘ၀ တစ်ချိန်ချိန်မှာ သူများဆီမှာ အလုပ်လုပ်ရတဲ့ အခါတွေရှိပါတယ်။ ဒီလိုအချိန်တွေဟာ ကျတော်တို့ အတွက် အတွေ့အကြုံကောင်းတွေ၊ အလေ့အကျင့်တွေ သင်ယူဖို့ အကောင်းဆုံးအချိန်တွေပါ။ ကိုယ်လုပ်ရတဲ့ အလုပ်ကို ကိုယ့်အလုပ်လို့ သဘောထားပါ။ တာဝန်ယူလိုစိတ်မွေးပါ။ ကိုယ်တာဝန်ယူရတဲ့ အပိုင်းကို ဒီထက်ကောင်းအောင် ဘယ်လိုလုပ်ရမယ်ဆိုတာ အမြဲစဉ်းစားပါ။ သူများမလုပ်လိုတဲ့ ပရော့ဂျက်တွေ၊ မပြီးသေးတဲ့ အလုပ်တွေကို ကိုယ်က ပြီးအောင် လုပ်ပါ။ပြဿနာတွေကို အထက်လူကြီးဆီ ယူသွားတာမျိုး မလုပ်ပါနဲ့။ပြဿနာဖြေရှင်း နည်းတွေကိုသာ အထက်လူကြီးတွေကို တင်ပြပါ။ တကယ်လို့ အထက်လူကြီးဟာ အဲသလောက်မှ လုပ်ပိုင်ခွင့်မပေးဘူး၊ ဆုံးဖြတ်ပိုင်ခွင့်မပေးဘူး ဆိုရင် အဲလိုအလုပ်မျိုး၊ အဲလိုနေရာမျိုးမှာ မနေပါနဲ့။ သတ္တိရှိပါ။ ကျတော်တို့ဟာ သူများအလုပ်ကိုပဲ တစ်သက်လုံးလုပ်သွားမယ့် သူတွေမဟုတ်ပါဘူး။ ရှင်းရှင်းပြောရရင် ကိုယ့်ကိုကိုယ် ကျွန်ဇာတ် မသွင်းပါနဲ့။ ကိုယ်ဟာ ကိုယ့်ဘ၀အတွက် သခင် ပဲဖြစ်ရပါမယ်။ ကိုယ့်ရဲ့ လုပ်နိုင်တဲ့ အရည်အချင်းတွေ၊ ဆုံးဖြတ်ရဲတဲ့သတ္တိတွေကို အတုံး မခံပါနဲ့။

    အလုပ်တစ်ခုဟာ လခ ရတာနည်းချင် နည်းပါစေ။ တာဝန်ယူရတဲ့အပိုင်းများတယ်၊ ကိုယ့်ရဲ့လုပ်ပိုင်ခွင့်လည်း ပိုရလာဖို့ရှိတယ်၊ သင်ယူစရာတွေလည်း ရှိတယ်ဆိုရင် အဲသလို အလုပ်မျိုးကို ရွေးသင့်ပါတယ်။ ပိုက်ဆံတော့ပိုရပါရဲ့ ဘာမှလည်း လုပ်စရာမရှိဘူး၊ သင်ယူစရာလည်းမရှိဘူး၊ တာဝန်လည်းသိတ်မယူရဘူုးဆိုရင် အဲလို အလုပ်မျိုးကို မရွေးသင့်ပါဘူး။ ကျတော်တို့ဦးတည်ရမှာ ပိုက်ဆံ တစ်ခုတည်းမဟုတ်ပါဘူး။ ကျတော်တို့ရဲ့ ကိုယ်ပိုင်အရည် အချင်းတွေတိုးတက် အောင်လုပ်ဖို့၊ ကိုယ့်အစွမ်းအစကို အားကိုး တတ်တဲ့အလေ့အကျင့်တွေရလာဖို့ဟာ ပိုက်ဆံ ရဖို့ထက် အများကြီးအရေးကြီးပါတယ်။ ဒီအချက်တွေဟာကျတော်တို့ ဘ၀ တစ်လျှောက်လုံးသုံးသွားရမှာပါ။

    တတိယအဆင့် – အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို ရောက်အောင်လုပ်ပါ။

    ၁၄၉၉ မှာ ပုပ်ရဟန်းမင်းကြီးဆဌမမြောက်အလက်ဇန်းဒါး (Pope Alexander VI) ဟာ သူ့သား ချက်ဇရီဘောဂျီးယား (Cesare Borgia) အတွက် အီတလီမှာ နိုင်ငံငယ်လေး တစ်ခု တည်ထောင်ပေးဖို့ကြိုးစားပါတယ်။ ဒါပေမယ့် ဒါဟာလွယ်တဲ့ အလုပ်တော့မဟုတ်ပါဘူး။ အီတလီဟာ အဲဒီအချိန်တုန်းက နိုင်ငံတစ်ခုအနေနဲ့ တစ်စုတစည်းတည်း ရှိတာမဟုတ်ပဲ မြို့ပြနိုင်ငံငယ်လေးတွေ အများကြီး ရှိပါတယ်။ ဘောဂျီးယား ရဲ့ ရိုမဂ်နာ(Romagna)  မြို့ပြ နိုင်ငံလေး ဟာ ရေရှည်ရပ်တည်ဖို့ အပြင်းအထန် ရုန်းကန်နေရတဲ့ အခြေအနေပါ။ အီတလီနိုင်ငံရေး ဇာတ်ခုံကို လွှမ်းမိုးဖို့ကြိုးစားနေတဲ့ မိသားစုဝင်တွေရှိတယ်၊ ဥရောပရဲ့ တခြား အင်အားကြီးနိုင်ငံတွေရှိတယ်၊ ဘေးပတ်ဝန်းကျင်က တခြားမြို့ပြနိုင်ငံတွေရဲ့ အန္တရာယ်ကလည်း လျှော့တွက်လို့မဖြစ်ပါဘူး။ ပုပ်ရဟန်းမင်းကြီးဟာ သူ့သားရဲ့ နိုင်ငံလေး ဘေးကင်းစေဖို့ အီတလီရဲ့ သြဇာအကြီးဆုံး နိုင်ငံရေးမိသားစုတွေနဲ့ အဆင်ပြေအောင် ဆက်ဆံရပါတယ်။ ပြင်သစ်ဘုရင် လူဝီ ၁၂ နဲ့လည်း မဟာမိတ်ဖွဲ့ရပါတယ်။ ပြီးတော့ အရေးကြီးဆုံးဖြစ်တဲ့ နိုင်ငံတော် ကာကွယ်ဖို့ ကြေးစားစစ်တပ် ကိုလည်း ဖွဲ့စည်းရပါသေးတယ်။

    ဘောဂျီးယားဟာ အလွန်အကွက်မြင်ပြီး ထက်မြတ်တဲ့ လူငယ်တစ်ဦးဖြစ်ပါတယ်။ သူ့ရဲ့ရည်မှန်းချက်က သူ့နိုင်ငံသေးသေးလေးကို ကျော်လွန်ပြီး အီတလီတစ်နိုင်ငံလုံးကို စည်းရုံးသိမ်းသွင်းနိုင်ဖို့ဖြစ်ပါတယ်။ ဒါပေမယ့် သူ့အခြေအနေဟာ တခြားသူတွေကို မှီခိုနေရပါတယ်။ ဒီအမှီအခိုတွေဟာ အချိန်မရွေး သူ့အတွက် အန္တရယ်တွေဖြစ်သွားနိုင်ပါတယ်။ ဒါတွေကို တစ်ခုပြီးတစ်ခုဖျက်ဆီးပြီး နောက်ဆုံးမှာ ဘယ်သူ့ကိုမှ မှီခိုအားထားနေစရာ မလိုတဲ့ အခြေအနေတစ်ခု ဖန်တီးနိုင်မှသာ သူလိုချင်တဲ့နေရာကို ရောက်မှာပါ။

    ပထမဆုံးငွေကြေးအမြောက် အများသုံးပြီး အီတလီနိုင်ငံရေး မိသားစုတွေကြားမှာ သူ့သြဇာကြီးမားလာအောင် လုပ်ပါတယ်။ ပြီးတော့ အဲဒီအထဲက သူ့ကို ယှဉ်ပြိုင်နိုင်လောက်တဲ့ သူတွေကို အပြတ်ရှင်းပစ်ပါတယ်။ ကြေးစားစစ်တပ်ကို ဖျက်သိမ်းပြီး သူ့ကိုယ်ပိုင် စစ်တပ်တည်ဆောက်ပါတယ်။ ပြင်သစ်ဘုရင်ရဲ့ ခြိမ်းခြောက်မှု့ကို တွန်းလှန်ဖို့ တခြား ဥရောပရဲ့ အင်အားကြီးနိုင်ငံတွေနဲ့ မဟာမိတ်ဖွဲ့ပါတယ်။ အဲဒီနောက်မှာ အီတလီမြို့ပြတွေကို တခုပြီးတစ်ခု သိမ်ယူပါ တယ်။ လူတိုင်းဟာ ကိုယ်လိုချင်တာရဖို့ အမြဲကြံစည်နေကြတယ် ဆိုတာ သူကောင်းကောင်းနားလည်ပါတယ်။ ဒီလိုလောကကြီးမှာ ကိုယ်က သူများကို အလွန်အမင်းအားကိုးမယ်၊ သူများအကူအညီကို အရမ်း မျှော်လင့်ထားမယ်ဆိုရင် ကိုယ့် ဒုက္ခကိုယ်ရှာတဲ့သူနဲ့တူပါတယ်။
    (*** အီတလီ နိုင်ငံရေးပညာရှင် နီကိုလို မက်ကီယာဗဲလီ (Nicolo Machiavelli ) ဟာ သူ့ရဲ့ နာမည်ကျော်စာအုပ်ဖြစ်တဲ့ The Prince မှာ ချက်ဇရီဘောဂျီးယားကို ထိရောက်တဲ့အုပ်ချုပ်သူ တစ်ယောက်အနေနဲ့ အများကြီး ချီးမွမ်းထားပါတယ်။***)
    သတ္တလောကမှာ အစာကွင်းဆက်ရဲ့ ထိပ်ပိုင်းမှာရှိတဲ့ သတ္တ၀ါတွေ(ဥပမာ- လူ၊ နို့တိုက်သတ္တ၀ါ )ဟာ အသိဥာဏ်အရှိဆုံးနဲ့ အဆင့်အမြင့်ဆုံး သတ္တ၀ါတွေဖြစ်ပါတယ်။ ကျတော်တို့ဟာလည်း ဘ၀မှာ အစာကွင်းဆက်ရဲ့ထိပ်ဆုံးကို တတ်နိုင်သလောက်ရောက်ဖို့ကြိုးစား သင့်ပါတယ်။ ဒါမှ သူများကို သိပ်အားကိုးစရာမလိုပဲ တခြားသူတွေကို ကိုယ်က လွမ်းမိုးနိုင်မှာပါ။

    စတုတ္ထအဆင့် – ကိုယ်ပိုင်ကိုယ်ရည် ကိုယ်သွေးတွေဟာ ကိုယ်တည်ဆောက်ထားတဲ့ အဖွဲ့အစည်းမှာ ထင်ဟပ်နေပါစေ။

    ကျတော်တို့ဟာ ဘ၀တစ်လျှောက်လုံးမှာ ကိုယ့်အားကိုယ်ကိုး ရပ်တည်ဖို့၊ ကိုယ်တိုင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားရပါမယ်။ ဒီလိုကြိုးစားတဲ့ နေရာမှာ ကျတော်တို့ တစ်ယောက်တည်းနဲ့ မရပါဘူး။ စီးပွားရေးလုပ်သည်ဖြစ်စေ၊ နိုင်ငံရေးလုပ်သည်ဖြစ်စေ၊ လူမှု့ရေးလုပ်သည်ဖြစ်စေ အဖွဲ့အစည်းအသင်းအပင်း တည်ထောင်ရပါတယ်။ ကိုယ် တည်ထောင်လိုက်တဲ့ အဖွဲ့အစည်းတစ်ခုဟာ ကိုယ့်ရဲ့ မတူညီတဲ့ ကိုယ်ရည်ကိုယ်သွေးတွေ ထင်ဟပ်နေဖို့လိုပါတယ်။ သူများလုပ်သလို လိုက်လုပ်တယ်ဆိုတာ အစပိုင်းမှာတော့ ကောင်းပါတယ်၊ မကျွမ်းကျင်သေးတဲ့အပေါ်မှာ သူများကို နည်းယူလုပ်တယ်ဆိုတာ သဘာဝကျပါတယ်။ ဒါပေမယ့် ရေရှည်မှာ သူများလုပ်သလိုချည်း လိုက်လုပ်နေလို့ မဖြစ်ပါဘူး။

    လူ့သမိုင်းတလျှောက်လုံးမှာ ကိုယ်နဲ့ထပ်တူကျတဲ့သူဆိုတာ ဘယ်တုန်းကမှမရှိပါဘူး။ ဘယ်တော့မှလည်း ရှိမှာ မဟုတ်ပါဘူး။ လူတိုင်းလူတိုင်းမှာ မတူညီတဲ့ အရည်အချင်းတွေ အတွေးအခေါ်တွေရှိပါတယ်။ ဒါတွေကို အသုံးချပါ။

    သမိုင်းမှာ သြဇာအကြီးမားဆုံး ပုဂ္ဂိုလ်တွေဟာ သူတို့ရဲ့ ကိုယ်ပိုင် အတွေးအခေါ် ကိုယ်ပိုင် အရည်အချင်းတွေ ကိုယ်ပိုင်စတိုင် တွေနဲ့သာ လုပ်ဆောင်ခဲ့ကြတာပါ။ အမြဲတမ်း သူများကို လိုက်တုနေ တဲ့သူဟာ အစစ် ဖြစ်မလာနိုင်ပါဘူး။ အတု သာဖြစ်ပါလိမ့်မယ်။

    ( Robert Greene ရဲ့ Self – Reliance ကိုမှီငြမ်းပြီး ရေးသားခြင်းဖြစ်ပါသည်။