News @ M-Media

Blog

  • သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံ နေရပြီ

    ဖေဖော်ဝါရီ ၂၂၊ ၂၀၁၃

    By မင်းမင်းလတ်

    myanmar muslim

    ဒီမယ် မောင်ပိန်……..
    ခင်ဗျားဟာခင်ဗျား ကမ္ဘာကျော် ဦးပိန်တံတားကြီး ဆောက်ခဲ့ဆောက်ခဲ့ ဘာပဲလုပ်ခဲ့လုပ်ခဲ့
    ခုတော့လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ….

    ဒီမယ် စာဆိုတော်ကြီးဦးနု
    ခင်ဗျားဟာခင်ဗျား ဘိုးတော်မင်းထံ ဘယ်လိုပဲ တင်ဆက်ခဲ့တင်ဆက်ခဲ့
    ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ

    ဒီမယ်ဦးဖေခင်
    ခင်ဗျားဟာခင်ဗျား ပင်လုံစာချုပ် ချုပ်မရလို့ပြန်တော့မယ့် ဗိုလ်ချုပ်ကိုတားခဲ့ပြီး စာချူပ်ကြီးအောင်မြင်အောင် လုပ်ခဲ့ပေမယ့်
    ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံရပြီ….

    ဒီမယ် ဆရာကြီးဦးရာဇတ်
    ဒါဒို့ပြေ ဒါတို့မြေ မဆိုတဲ့သူဟာ ရှင်လျှက်နဲ့သေနဲ့တဲ့သူပဲလို့ပြောခဲ့ပြီး ဗိုလ်ချုပ်တို့နဲ့အတူ အာဇာနည် ဘယ်လောက်ဖြစ်ခဲ့ဖြစ်ခဲ့
    ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ မေးကြပြီ။

    ဒီမယ်ဗိုလ်မှူးဘရှင်
    ခင်ဗျားကို ဒေါက်တာသန်းထွန်းက ဘယ်လိုပဲချီးကျူးခဲ့ ချီးကျူးခဲ့
    ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးနေပြီ။

    ဒီမယ် ဦးရာရှစ်
    ခင်ဗျားကို ဗိုလ်ချုပ်က ဘယ်လိုပဲလေးစားခဲ့ လေးစားခဲ့ ကျောင်းသားခေါင်းဆောင် ဘယ်လိုပဲဖြစ်ခဲ့ဖြစ်ခဲ့
    ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးခွန်းထုတ်ခံရပြီ။

    ဒီမယ် ကိုထွန်းစိန်
    ခင်ဗျားဟာ ပထမဆုံး တ.က.သ ဥက္ကဌ ဖြစ်ခဲ့ဖြစ်ခဲ့ ဘုရင်မကြီးသက်တော် ရာကျော်ရှည်ပါစေသီချင်းမဆိုဘို့ တားခဲ့တားခဲ့
    ခုတော့ သမိုင်းဝင်ကုလား ရှိ/မရှိ မေးကြပြီ။

    ဒီမယ် ကာတွန်းဆရာကြီး ဦးရွှေတလေး…..
    ခင်ဗျားဟာခင်ဗျား ဦးရွှေရိုးအကပဲ ထွင်ခဲ့ထွင်ခဲ့
    ခုတော့ လွှတ်တော်မှာ သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံခဲ့ရပြီ။

    ဒီမယ် ဗိုလ်မှူးဘသော်
    ခင်ဗျားဟာခင်ဗျား တိုက်ရေယာဉ် ၁၀၃က ရဲဘော်တွေကို ကယ်ခဲ့ကယ်ခဲ့ ဒီမိုကရေစီအတွက် အသက်ပေးခဲ့ပေးခဲ့
    ခုတော့သမိုင်းဝင်ကုလား ရှိ/မရှိ အမေးခံနေရပြီ။

  • ယေရှုခရစ်ကို ကြမ်းကြုတ်သူ အဖြစ် ရိုက်ကူးသော ရုပ်ရှင်ကို အမေရိကန် မွတ်စလင်များ ဒေါသဖြစ်

    ဖေဖော်ဝါရီ ၂၀၊ ၂၀၁၃
    M-Media

    ကိုင်ရို။ ။ယေရှုခရစ်တော်အား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူတစ်ဦးပုံစံ ရိုက်ကူးထားသည့် အမေရိကန် ရုပ်ရှင်တစ်ခုက ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင်များနှင့် ခရစ်ယာန် သန်းပေါင်းများစွာအား စော်ကား သကဲ့သို့ဖြစ်နေပြီး အမေရိကန်မွတ်စလင်များထံမှ ကန့်ကွက် ရှုတ်ချမှုကို ဖိတ်ခေါ်လျက်ရှိသည်။

    Jesus movie.jpg1

    “ယေရှု(ငြိမ်းချမ်းမှု သက်ရောက်ပါစေ) နဲ့ ပက်သက်ပြီး ဒီလို လွဲမှားစွာဖော်ပြမှုဟာ သူ့ရဲ့ သတင်းစကားကို ယုံကြည်သူအားလုံးနဲ့ မွတ်စလင်တွေကို လွန်လွန်ကျူးကျူး စော်ကားခြင်းသာ ဖြစ်ပါတယ်။ ” ဟု OnIslam.net မှ ဖေဖော်ဝါရီ ၂၀ ရက်၊ ဗုဒ္ဓဟူးနေ့က ရရှိသော ကြေညာချက်တွင် အမေရိကန်-အစ္စလာမ် ဆက်ဆံရေးကောင်စီ (Council on American-Islamic Relations) ၏ အမှုဆောင် ဒါရိုက်တာဖြစ်သူ နီဟတ် အ၀ဒ် (Nihad Awad) က ပြောဆိုထားသည်။

    NBC ရုပ်သံဌာနက “Saturday Night Live” အစီအစဉ်တွင် ထုတ်လွှင်ခဲ့သော ရုပ်ရှင်နမူနာတွင် ယေရှုအား ကြမ်းကြုတ်သူ၊ သွေးရူးသွေးတန်း ဖြစ်နေသူ တစ်ဦးပုံစံအဖြစ် လည်းကောင်း၊ သေနတ်တ၀င့်ဝင့်ကိုင်ကာ ရောမတို့အား တိုက်ခိုက်ချေမှုန်းသူ တစ်ဦးအဖြစ်လည်းကောင်း ရိုက်ကူးပုံဖော်ထားသည်။

    “ရယ်ရွှင်ဖွယ်ရာ တုန့်ပြန်မှုတစ်ခုကို ဖြစ်စေဖို့ တုန်လှုပ်ဖွယ်ပုံရိပ်တွေ၊ ယုတ္တိကင်းမဲ့မှုတွေ အသုံးပြုထားတာကို ကျနော်တို့မြင်ရတဲ့အခါ၊ သန်းပေါင်းများစွာသော ခရစ်ယာန်တွေ၊ မွတ်စလင်တွေ ကြည်ညိုလေးစားတဲ့ ဘာသာရေး ပြယုဂ်တစ်ဦးကို ဒီလို မနှစ်မြို့ဖွယ် ပုံဖော်မှုဟာ ဟာသ စည်းမျဉ်းကို ကျော်လွန် လုပ်ဆောင်တာဖြစ်တယ်လို့ ကျနော်တို့ ယုံကြည်ပါတယ်။ အားလုံးအတွက် လွတ်လပ်စွာ ပြောဆိုမှုကို ကျနော်တို့ လေးလေးနက်နက် ထောက်ခံပါတယ်။ ဒါပေမယ့် အခြားသူတွေရဲ့ ယုံကြည်မှုအတွက် လေးစားမှုနဲ့ လူမှုကျင့်ဝတ်တွေကို အလေးထားရပါလိမ့်မယ်။ ဒီလို မကောင်းတဲ့ ပုံဖော် ရိုက်ကူးမှုတွေကိုလည်း ရှောင်ရှားရပါလိမ့်မယ်။ ” ဟု အ၀ဒ် ကဆိုသည်။

    တမန်တော်များအား အသရေဖျက်ထားသည့် ရုပ်ရှင်ရိုက်ကူးမှုများမှာ ယခုအကြိမ်သည် ပထမဦးဆုံးအကြိမ် မဟုတ်ပေ။ ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက တမန်တော်မိုဟာမက် (ငြိမ်းချမ်းမှု သက်ရောက်ပါစေ) အား ပျက်ရယ်ပြုထားသည့် အမေရိကန်လုပ် ရုပ်ရှင်တစ်ခု ထွက်ရှိခဲ့လေသည်။ အဆိုပါ ရုပ်ရှင်ကြောင့် မွတ်စလင်ကမ္ဘာတွင် ကြီးမားသည့် ကန့်ကွက်ဆန္ဒပြမှုများ ဖြစ်ပေါ်ခဲ့ပြီး လစ်ဗျားနိုင်ငံရှိ အမေရိကန် သံအမတ် အပါအ၀င် လူအများအပြား သေဆုံးခဲ့သည်။

    နောက်ပိုင်းတွင် ဘာသာရေးဆိုင်းရာစော်ကားမှုကို ပိတ်ပင်တားမြစ်ခြင်းနှင့်ပက်သက်၍ ကုလသမ္မဂ္ဂမှ အဖြေရှာရန် ဆော်သြမှုများလည်း ရှိခဲ့လေသည်။

    ကြီးကျယ်သော တမန်တော်တစ်ပါး

    မွတ်စလင်များက ယေရှုကို အလ္လာအရှင်မြတ်၏ တမန်တော်များထဲမှ တစ်ဦးအဖြစ် ကြည်ညိုလေးစားကြသည်ဟု အ၀ါဒ် ကဆိုသည်။

    “မွတ်စလင်တွေက ယေရှုကို အလ္လာဟ်ရှင်မြတ်စေလွှတ်တော်မူတဲ့ တမန်တော်တွေထဲက တစ်ပါးအဖြစ် ချစ်ခင်လေးစားကြတယ်ဆိုတာကို လူတော်တော် များများက မသိကြပါဘူး။ ယေရှုရဲ့ နာမတော်ကို ပြောတိုင်းပြောတိုင်းမှာ မွတ်စလင်တွေဟာ “ငြိမ်းချမ်းမှုသက်ရောက်ပါစေ” ဆိုတာကို ထည့်ပြောလေ့ရှိပါတယ်။” ဟု သူက ဆိုသည်။

    မွတ်စလင်များသည် ယေရှုအား အလ္လာဟ်အရှင်မြတ်၏ တမန်တော်များမှ တစ်ပါးအဖြစ်လည်းကောင်း၊ မေရီသခင်မ၏ သားအဖြစ်လည်းကောင်း လက်ခံ ယုံကြည်ကြပြီး အလ္လာဟ်အရှင်မြတ်၏ သားတော် အဖြစ် ယုံကြည်ခြင်းမရှိပေ။

    ယေရှုကို ကုန်အာန်ကျမ်းတော်မြတ်တွင် အီစာ(Isa) ဟုခေါ်ဝေါ်ပြီး၊ အလ်-မစီ(the Christ) ဟူ၍လည်းကောင်း၊ အစ်ဗနေ့ မရ်ယမ် (Son of Mary) ဟူ၍ လည်းကောင်း သုံးနှုန်းထားသည်။

    လက်ဝါးကပ်တိုင်တင်၍ အသတ်ခံရခြင်းနှင့်ပက်သက်၍ မွတ်စလင်များက ယုံကြည်ခြင်းမရှိဘဲ၊ လက်ဝါးကပ်တိုင် အတင်မခံရဘဲ ကောင်းကင်သို့ ဆောင်ယူခြင်း ခံရသည် ဟူ၍သာ လက်ခံထားကြသည်။

    နောက်ဆုံးနေ့ မတိုင်မှီအချိန်တွင် အမှန်တရားနှင့် တရားမျှတမှုကို ရယူရန်၊ အလ်-မစီအား ဆန့်ကျင်သူကို တွန်းလှန်ရန်နှင့် ငြိမ်းချမ်းမှုကို ပြန်လည် ထိန်းသိမ်းရန် ယေရှုသည် ဤကမ္ဘာမြေသို့ ပြန်လည် ကြွရောက်လာမည်ဟု မွတ်စလင်များက ယုံကြည်ကြသည်။

    Ref:OnIslam

  • အာရှ၊ပစိဖိတ် ဘာသာပေါင်းစုံ လူငယ်ကွန်ယက် ငြိမ်းချမ်းရေး ဆွေးနွေးပွဲ အကြို ညှိနှိုင်း အစည်းအဝေးပြုလုပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃
    M-Media
    သတင်း – ပသီဆောင်းနှင်းမှုံ

    P2210082

    Religions for Peace Asia & the Pacific Interfaith Youth Network Regional Pre-Assembly Meeting ကို ယနေ့ ဖေဖော်ဝါရီလ (၂၁)ရက်တွင် ရန်ကုန်မြို့ Chatrium Hotel Royal Lake Yangon ၌ နံနက် ၉-နာရီမှ ည ၉-နာရီအထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။

    Ratana Metta Organization, အစ္စလာမ်ဓမ္မဗိမာန် နှင့် St.Anthony’s Church တို့တွင်လည်း ၂-ရက်တိုင်တိုင် ဆက်လက် ကျင်းပပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

    ထို ဘာသာပေါင်းစုံ အသိုင်းအ၀ိုင်းအသီးသီးမှ ကိုယ်စားပြုလူငယ် ကွန်ရက်၏ အကြို ညှိနှိုင်း ဆွေးနွေးပွဲသို့ အာရှတလွှားနိုင်ငံအသီးသီးမှ ကိုယ်စားပြုတက်ရောက်လာကြတဲ့ လူငယ်ခေါင်းဆောင်များ၊ မြန်မာနိုင်ငံမှ သီတဂူ ဆရာတော်ကြီး၏ ဗဟိုဌာန ရတနာမေတ္တာ၊ ခရစ်ယာန် အသင်းတော်များကောင်စီ၊ နှစ်ချင်း ခရစ်ယာန် အသင်းတော်၊ အစ္စလာမ်ဓမ္မဗိမာန်၊ ဂရုဏာ လူမူရေးလုပ်ငန်းများ ကောင်စီ၊ ဟိန္ဒူကောင်စီ တို့ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

    P2210039

     

    ဓါတ်ပုံများ ကြည့်ရန်

  • “ဆက်သွယ်မှု ဧရိယာ” (M-Media Blog ကဏ္ဍ)

    “ဆက်သွယ်မှု ဧရိယာ” (M-Media Blog ကဏ္ဍ)

    ဖေဖော်ဝါရီ ၂၁၊၂၀၁၃
    M-Media
    ကျော်မိုးအောင်

    ဟယ်လို … ဟယ်လို … ဘာသာပေါင်းစုံ ချစ်ကြည်ငြိမ်းချမ်းရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … တရားဥပဒေစိုးမိုးရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … ငြိမ်းချမ်းစွာ အတူလက်တွဲနေထိုင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … လူ့အခွင့်အရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … လူကိုလူလိုမြင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … ဘက်မလိုက်သော/ နှာမစေးသော ခေါင်းဆောင်ကောင်း???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … ကော်မရှင် အစီအရင်ခံစာ???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … အပြန်အလှန် ပုတ်ခပ်စော်ကားမှုပပြောက်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … ဝါဒမှိုင်းတိုက် အဆိပ်ခပ်စာပေ မီဒီယာ ပပြောက်ကင်းစင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … ကိုယ်ချင်းစာတရား???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … အမုန်းမိစ္ဆာ အမြင်ဆိုး တိမ်သလ္လာ ကင်းစင်ရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

    ဟယ်လို … ဟယ်လို … အမြင်ကျယ်စေမည့် လူဆန်စေမည့် ပညာရေး???
    လူကြီးမင်း ဆက်သွယ်သော တယ်လီဖုန်းမှာ
    ဆက်သွယ်မှုဧရိယာပြင်ပသို့ ရောက်ရှိနေပါသဖြင့်
    ခေါ်ဆို၍ မရနိုင်ပါရှင်။

  • ဆော်ဒီ ပင်မ အတိုင်ပင်ခံ ကောင်စီ၌ အမျိုးသမီး ၃၀ အား ပထမဆုံး အကြိမ် ခန့်အပ်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၃

    M-Media

    King Abdullah

    ပင်မအတိုင်ပင်ခံကောင်စီကြီးအတွင်း အဖွဲ့ဝင် ၁၅၀ အနက် အမျိုးသမီး ၃၀ ဦး ကျမ်းသစ္စာဆို ပါဝင်လာခြင်းမှာ ဆော်ဒီဘုရင့် နယ်မြေရာဇ၀င်၌ ပထမဆုံးအကြိမ် ဖြစ်လာခဲ့သည်။

    အမျိုးသမီး ၃၀ ဦးမှ ရိယာ့ဒ်မြို့တော်ရှိ ဘုရင့်နန်းတော်၌ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရှေ့တွင် ဆော်ဒီအာရေဗျ ပင်မအတိုင်ပင်ခံကောင်စီ၏ အဖွဲ့ဝင်အဖြစ် တာဝန်ထမ်းဆောင်ရန် ကျမ်းသစ္စာကျိန်ဆိုစေလိုက်ပြီ ဖြစ်သည်။ ၄င်းသည် ဘုရင့်နယ်မြေမှ ရှေးရိုးစွဲအစဉ်အလာအား ပထမဦးဆုံး ဖောက်ထွက်လာခြင်း ဖြစ်သည်။

    တစ်စုတစ်စည်းတည်း ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသော ထိုအမျိုးသမီးတို့သည် ၄င်းတို့၏ လုပ်ဖော်ကိုင်ဖက် အမျိုးသား ၁၃၀ ဦးနှင့်အတူ တစ်ဌာနတည်း၌ ပူးတွဲတာဝန်ထမ်းဆောင် မည်ဖြစ်ကြောင်း နိုင်ငံတော် ရုပ်မြင်သံကြားမှ ပြီးခဲ့သည့် အင်္ဂါနေ့တွင် သတင်းထုတ်ပြန်ကြေငြာသည်။

    ဘုရင် အဗ်ဒုလ္လာဟ်က နိုင်ငံတော်ရုပ်မြင်သံကြား သတင်းထုတ်ပြန်ချက်တွင် “   တိုးတက် ဖွံ့ဖြိုးမှုကို ကျွန်တော်တို့တစ်တွေ ဖြေးဖြေးနဲ့မှန်မှန် ဆောင်ရွက် သွားရမှာဖြစ်တယ် ” ဟု တိုတုတ် ရှင်းလင်းသောမိန့်ခွန်း၌ ထည့်သွင်းပြောကြားခဲ့သည်။

    ပင်မအတိုင်ပင်ခံကောင်စီဖြစ်သည်နှင့်အညီ ယထာဘူတကျကျ ဆွေးနွေးအဖြေရှာခြင်း နှင့် လက်ရှိအရေးများကို ကိုင်တွယ်အပ်သည့် နည်းလမ်းများ သုံးသပ်ထုတ် ဖော်ဆောင်ရွက် သွားရန်လည်း သူက တိုက်တွန်းမှာကြားသည်။

    ယခင်က အမျိုးသားများသာ ပါဝင်ခွင့်ရှိသည့် အတိုင်ပင်ခံကောင်စီ၌ ဘုရင် အဗ်ဒုလ္လာဟ် မှ ဇန္န၀ါရီလ ၁၁ ရက်နေ့တွင် အမျိုးသမီးများကို စတင်တာဝန်ပေး ခန့်အပ်ခဲ့သည်။ ထိုအမျိုးသမီး အဖွဲ့၌  တက္ကသိုလ်ဘွဲ့ရများ၊ လူ့အခွင့်အရေးလှုပ်ရှား ဆောင်ရွက်သူများနှင့်အတူ မင်းသမီး နှစ်ဦး လည်း ပါဝင်ကြသည်။

    ဘုရင့်အမိန့်သည် ယာဉ်မောင်းနှင်ခြင်း၊ သွေးသားရင်းချာ မပါဘဲခရီးသွားလာခွင့် မရှိခြင်း နှင့်တစ်ကွ အမျိုးသမီးများပေါ်ရှိနေသည့် ဘုရင့်နယ်မြေအတွင်း တင်းကြပ်ထားမှုများကို ထိုးခွဲချေဖျက် လိုက်ခြင်း ဖြစ်သည်။

    အစ္စလာမ့်ဥပဒေအား ကြပ်တည်းစွာဖွင့်ဆို ကိုင်စွဲထားသော ဆော်ဒီအာရေဗျရှိ ဘာသာ ရေးပညာရှင်တို့နှင့် တိုင်ပင် ညှိနှိုင်းပြီးသည့်နောက် အာဏာပိုင်များမှ ဆုံးဖြတ်ချက်များ ချမှတ်ခဲ့သည်။

    ဘုရင် အဗ်ဒုလ္လာဟ်သည် ၂၀၀၅ ခုနှစ်တွင်ကျင်းပခဲ့သည့် ပထမဆုံးအကြိမ် ပြည်သူ့ ရွေးကောက်ပွဲမှစ၍ အပြောင်းအလဲများကို သတိကြီးစွာဖြင့် တစ်ဆင့်ချင်း ဦးတည်ဖော်ဆောင်ခဲ့သည်။

                    ၂၀၁၁ ခုနှစ်တွင် အမျိုးသမီးများအား မဲပေးပိုင်ခွင့်ပြုခဲ့ပြီး၊  လာမည့် ၂၀၁၅ ခုနှစ် ဒေသဆိုင်ရာ ရွေးကောက်ပွဲများ၌ အမျိုးသမီး အမတ်များအဖြစ် ပါဝင်ယှဉ်ပြိုင်ခွင့်ပေးမည်ဖြစ်သည့် အတွက် “ ဆော်ဒီလူ့အဖွဲ့အစည်းထဲမှာ အမျိုးသမီးတွေရဲ့အခန်း ကဏ္ဍ ကန့်သတ်ထားမှုကို ကျွန်တော်တို့ လက်မခံပါဘူး ” ဟု ဘုရင် အဗ်ဒုလ္လာဟ်မှ ပြောဆိုလိုက်သည်။

    ref:aljazeera