News @ M-Media

Blog

  • အစ္စလာမ် ဆန့်ကျင်ရေး စာအုပ်ရေးခဲ့သူ ဟိန္ဒူ ပညာရှင်ရဲ့ အစ္စလာမ်အပေါ် ပြောင်းလဲသွားတဲ့ အမြင်

    ဖေဖော်ဝါရီ ၁၀ ၂၀၁၃
    M-Media

    “အစ္စလာမ်သာသနာသည် အံသြဖွယ်ကောင်းသော သာသနာဖြစ်ပြီး၊ တမန်တော် မုဟမ္မဒ်သခင်သည်လည်း လူ့သမိုင်းတစ်လျှောက်တွင် အမြင့်မြတ်ဆုံးသော လူသားဖြစ်သည်။”

    ဤ သက်သေခံချက်မှာ မွတ်စလင်တစ်ယောက်၏ ထွက်ဆိုချက်မဟုတ်ဘဲ အိန္ဒိယနိုင်ငံမှ ကျော်ကြားသော ဟိန္ဒူပညာရှင်၏ ထွက်ဆိုချက်ပင်ဖြစ်သည်။ အစ္စလာမ်သာသနာကို သင်ယူလေ့လာရန်နှင့် နားလည်စေရန်အတွက် တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ)၏ သွန်သင်မှုများနှင့် တမန်တော်၏ ထေရုပ္ပတ္တိသည် အကောင်းဆုံးသော အရင်းအမြစ်ဖြစ်သည်ဟု သူကဆိုသည်။

    Swami Lakshmi Shankaracharya

    “ကျနော်တို့ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) အကြောင်း ပြောကြဆိုကြတယ်။ ပြီးတော့ သူဟာ သမိုင်းမှာ အကြီးကျယ်ဆုံး လူတစ်ယောက်ဖြစ်တယ်ဆိုတာကိုလည်း ကျနော်တို့ စိတ်ထဲမှာ မှတ်ယူထားသင့်ပါတယ်။ တကယ်လို့ တစ်ယောက်ယောက်က အစ္စလာမ်အကြောင်း သိချင်တယ်ဆိုရင် တမန်တော်ရဲ့ ဘ၀ဖြစ်စဉ်နဲ့ သင်ကြားမှုတွေအရသာ သာသနာကို အကဲဖြတ်သင့်ပါတယ်။” ဟု ဟိန္ဒူပညာရှင်ဖြစ်သူ ဆွာမိ လက်ရှ်မီ ရှန်ကာရာချာယ (Swami Lakshmi Shankaracharya) က ဆိုသည်။

    ပြီးခဲ့သည့်လက Bihar ပြည်နယ်တွင် ကျင်းပသည့် “Seerat-un-Nabi” (တမန်တော်၏ ဖြောင့်မတ်သော ဓလေ့) ဟု အမည်ရသည့် အခမ်းအနားတွင် ပြောကြားသော မိန့်ခွန်း၌ ငြိမ်းချမ်းမှုနှင့် လူသားဝါဒမှာ အစ္စလာမ့်သင်ကြားမှု၏ အနှစ်သာရဖြစ်ပြီး၊ ကံမကောင်းစွာပင် အစ္စလာမ်သာသာဝင်အများစုမှာ သာသာနာ၏ သွန်သင်ချက်များကို လိုက်နာမှုမရှိ၊ တမန်တော် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ဘ၀ဖြစ်စဉ်များမှလည်း သင်ယူမှုနည်းပါသည်ဟု သူက ဆိုသည်။

    ၎င်းအပြင် “သာသနာတော်ရဲ့ သွန်သင်ချက်အရ လူသားဝါဒကို ကာကွယ်ထိန်းသိန်းဖို့ဟာ မွတ်စလင်တိုင်းရဲ့ တာဝန်ဖြစ်ပါတယ်။ တမန်တော်မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ဟာ သူရဲ့ရန်သူကို အမြဲတမ်း ခွင့်လွှတ်ခဲ့တယ်၊ အခြားသူတွေက သူ့ကို နာကျင်အောင် လုပ်ရင်တောင် ခွင့်လွှတ် သည်းခံခဲ့တယ်။ ဒါတွေဟာ အစ္စလာမ်ကို နိုင်ငံတကာ ဘာသာတစ်ခုဖြစ်အောင် ပြုလုပ်ခဲ့တဲ့ သူ့ရဲ့ ကိုယ်ကျင့်တရားတွေပါပဲ။” ဟု သူက ပြောဆိုသွားသည်။

    ထပ်မံ၍ သူက မက္ကာမြို့ကို အောင်နိုင်ခြင်း(Makkah Conquer) ဖြစ်စဉ်ကို ကိုးကားပြောဆိုခဲ့လေသည်။ ထိုအချိန်က အစ္စလာမ့် ရန်သူများဖြစ်ကြသည့်မက္ကာမြို့သားများမှာ စစ်သုံ့ပန်းများဖြစ်နေလင့်ကစား မွတ်စလင်များမှ လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့လေသည်။ ၄င်းအပြင် အကြမ်းဖက်ဝါဒ၊ အပြစ်မဲ့များအား သတ်ဖြတ်ခြင်းသည် ဂျီဟတ်နှင့် ဘာမှမဆိုင်ဟူ၍ သူက ရှင်းပြခဲ့သည်။

    မွတ်စလင်တို့အား လက်နက်ကိုင်တွန်းလှန်ရန် ပထမဦးဆုံးခွင့်ပြုချက်ပေးခြင်းကို ကုရ်အာန်ကျမ်းတော်မြတ် ကဏ္ဍ ၂၂ ပါဒတော် ၃၉ တွင် ဤသို့ တွေ့မြင်နိုင်သည်။

    “(ယခုသော်) တိုက်ခိုက်ခြင်းခံနေကြရသော (မွတ်စလင်တို့သည်) ခုခံတိုက်ခိုက်ခွင့်ရရှိလေပြီ။ အကြောင်းမူကား ၎င်းတို့ နှိပ်စက်ညှင်းပန်းခြင်းကို ခံခဲ့ကြရလေသည်။” (ကုန်အာန် ၂၂၊ ၃၉)

    ၎င်းအပြင် ကုရ်အာန်၏ အခြားတစ်နေရာတွင် “အလ္လာဟ်အရှင်မြတ်အလို့ငှာ အသင်တို့ကို တိုက်ခိုက်သူများအား ပြန်လည် ခုခံတိုက်ခိုက်ကြ။ သို့ရာတွင် လွန်ကျူးခြင်းမပြုကြနှင့်” ဟူ၍ မိန့်ဆိုထားလေသည်။

    အစ္စလာမ်နှင့်ပက်သက်၍၊ ဂျီဟတ်နှင့် ပတ်သက်၍ လွန်စွာ ဝေဖန်ပုတ်ခတ်ခဲ့သော သူတစ်ဦးက ယခုကဲ့သို့ ထုတ်ဖော်ပြောဆိုမှုမှာ စိတ်ဝင်စားစရာဖြစ်သည်။ သူက ကမ္ဘာလုံးဆိုင်ရာ အကြမ်းဖက်ဝါဒ၏ အရင်းအမြစ်မှာ အစ္စလာမ်သာဖြစ်သည်ဟု ယခင်က ယူဆခဲ့သည်။ မွတ်စလင်တစ်ချို့၏ အပြုအမူများ၊ အစ္စလာမ်သာသနာအပေါ် အဆိုးမြင်သည့် အချက်အလက်များကို လေ့လာမှုများကြောင့် သူ၏ စိတ်နှလုံးတွင် ထိုကဲ့သို့ အယူအဆများ ပေါ်ပေါက်လာခြင်းဖြစ်သည်။

    သူသည် အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒ သမိုင်း (The History of Islamic Terrorism) ဟုခေါ်သည့် စာအုပ်တစ်အုပ်ကိုလည်း ရေးသားခဲ့သေးသည်။ သို့သော်လည်း အစ္စလာမ်သာသနာကို မူလ အရင်းအမြစ်များမှ လေ့လာရန် တိုက်တွန်းခံရသောကြောင့် ဆွာမိသည် ကုရ်အာန်ကျမ်းတော်မြတ်ကို အစမှ အဆုံးတိုင် ဖတ်ရှုလေ့လာခဲ့သည်။ ၎င်းအပြင် တမန်တော် မုဟမ္မဒ်သခင် (ငြိမ်းချမ်းမှုသက်ရောက်ပါစေ) ၏ ထေရုပ္ပတ္တိကိုလည်း လေ့လာခဲ့ပြီး နောက်ဆုံးတွင် သူသည် အစ္စလာမ်အပေါ် နားလည်မှု လွဲမှားနေခြင်းဖြစ်ကြောင်း အသိတရားရလာခဲ့သည်။ သူ၏အမှားကို လက်ခံခဲ့ပြီး အစ္စလာမ်နှင့်ပက်သက်သည့် အဆိုးမြင် အချက်အလက်များကို ပြန်လည်ဖြေရှင်းရန် (Islam – Terror or Ideal Path ) ဟု အမည်ရသည့် စာအုပ်တစ်အုပ်ကို ရေးသားခဲ့သည်။

    ထိုစာအုပ်တွင် ဂျီဟတ်၏ အဓိပ္ပါယ်အစစ်အမှန်နှင့် အစ္စလာမ်သည် ငြိမ်းချမ်းရေး သာသနာဖြစ်ကြောင်း ရှင်းလင်းတင်ပြထားသည်။ နိဂုံးချုပ်အနေဖြင့် အစ္စလာမ်သာသနာက မွတ်စလင်များအား အကြမ်းဖက်မှုကို အားပေးရန်မဟုတ်ဘဲ မိမိကိုယ်ကို ကာကွယ်ရန်နှင့် ငြိမ်းချမ်းရေးကို တည်ဆောက်ရန်အတွက် တိုက်ခိုက်ခွင့် ပေးထားခြင်းသာဖြစ်သည်ဟု သူက ရေးသားထားသည်။

    Seerat-un-Nabi အခမ်းအနားကို Bihar ပြည်နည်ရှိ Jamaat-e-Islami Hind အဖွဲ့က ဦးစီးကျင်းပခဲ့ခြင်းဖြစ်ပြီး အဖွဲ့၏ အကြီးအကဲဖြစ်သူ နေယာရွတ်ဇမန် (Nayyaruzzaman) က သဘာပတိအဖြစ် ဆောင်ရွက်ခဲ့သည်။ သဘာပတိက စစ်မှန်သည့် အစ္စလာမ့် ဗဟုသုတများ၊ တမန်တော်မြတ်ကြီး၏ နောက်လိုက် တပည့်သာဝကကြီးများ၏ လက်တွေ့ကျင့်ဆောင်ချက်များကို ရှာမှီးခြင်းနှင့်ပတ်သက်၍ အလေးထားပြောဆိုသွားခဲ့သည်။

    Ref:http://abna.ir

  • ကျွန်ုပ်နှင့် ပွဲပျက်သွားသော ဂျင်ဂလိစံ

    ကျွန်ုပ်နှင့် ပွဲပျက်သွားသော ဂျင်ဂလိစံ

    မားဆိုး

    satireဤသို့ဖြင့် ကျွန်ုပ်တို့မိတ်ဆွေနှစ်ဦးသည် ဓာတ်ရထားအား သက်တောင့်သက်သာစီးနင်းလိုက်ပါလာခဲ့ရာ ဂျူဗလီဟော ခန်းမကြီးသို့ ရောက်ရှိခဲ့ချေသည် တမုံ့။ ဂျူဗလီဟောကြီးသည် လွန်စွာမှ ခန်းနားလှပလှချေ၏။ များစွာသော မင်းပရိသတ်များဖြင့်လည်း စည်ကားလျက်ရှိချေ၏။ ခန်းမကြီး၏ ဝင်ပေါက်တွင်မူ ကဗျာဆရာကြီး ဂျင်ဂလိစံ၏ ပုံတူပန်းချီကားကြီးကို ဗီနိုင်းပိုစတာကြီးဖြင့် ချိတ်ဆွဲထားလေရာ ကဗျာချစ်သူလူအများက ရပ်တန့်ငေးမောလျက် ရှိချေသတည်း။

    ကဗျာဆရာကြီး ဂျင်ဂလိစံ မှာ အရပ်အမောင်းခပ်ပြတ်ပြတ်ဖြင့် လွန်စွာမှ ယောင်္ကျားပီသသောရုပ်ရည်ကို ပိုင်ဆိုင်လေ၏။ သူသည် ဂျပန်ရိုးရာ ဟိုက္ကူကဗျာအမျိုးအစားကိုသာ တစိုက်မတ်မတ်ရေးဖွဲ့တတ်ပြီး ကမ္ဘာ့အလည်တွင်လည်း ထင်ရှားသောအနုပညာရှင်တစ်ဦးဖြစ်ချေ၏။ တစ်ကြိမ်က သူရေးဖွဲ့ခဲ့သော ဟိုက္ကူကဗျာတစ်ပုဒ်ကြောင့် ဥရောပတိုက်ရှိ တွေးခေါ်ပညာရှင် အသိုင်းအဝိုင်းတွင် များစွာမှ ဂယက်ရိုက်သွားခဲ့ဖူးပေ၏။ အနှီကဗျာနှင့်ပတ်သက်ပြီး မျိုးစိတ်တို့၏ မူလအစ ဟူသည့် ကျမ်းကြီးကို ရေးသားဖော်ထုတ်ကာ Revolution Theory ကို ချပြခဲ့သည့် ချားလ်းဒါဝင်က အလွန်တရာနှစ်သက်လှသောကြောင့် မွန်ပါနာဆေ၌ ညစာဖြင့် ဂုဏ်ပြုဧည့်ခံသည်ဟူ၏။ (ကဗျာကို အောက်တွင်ရှု )

     ကြောက်မနေပါနဲ့

    မျောက်ရယ်လို့ ဖြစ်လာမှတော့

    ငှက်ပျောသီးဘဲစား။

    ဂျင်ဂလိစံ (အေဒီ ၂၀)

    ကျွန်ုပ်နှင့် ဆားပုလင်းယင်ကောင် တို့နှစ်ဦးသည် စီအိုင်ဒီ ပုလိပ်အဖွဲ့ကြီး၏ အထူးကိုယ်စားလှယ်တော်များဖြစ်သည်နှင့်အညီ ရှေ့ဆုံးတန်းပွဲကြည့်ခုံရှိ VIP ခုံများတွင် နေရာရကြလေ၏။ ခမ်းမကြီးထဲတွင်ကား နိပွန်နိုင်ငံထုတ် မစ်ဆူရှီဘီ လေအေးပေးစက်များ တပ်ဆင်ထားသောကြောင့် ဆောင်းတွင်းတမြအေးမြလှပေတော့သည်။ ထိုင်ခုံများ၏ လက်တန်းပေါ်တွင် စက်ဝိုင်းပေါက်လေး ဖောက်ထားသော သစ်သားပြားတစ်ခုစီ ရှိလေ၏။ ထိုစက်ဝိုင်းပေါ်က်လေးများအတွင်း၌ လက်ဖက်ရည်ကြမ်းတစ်ခွက်၊ ကွာစိလှော်တစ်ခွက်တို့ကို ချထားရာ ၊ ကျွန်ုပ်တို့လည်း အခြားပရိသတ်များနည်းတူ ကွာစိလှော်အား ဖျောက်ခနဲ ဝါး၊ လက်ဖက်ရည်ကြမ်းကို ရှုးးခနဲ မှုတ်သောက်လိုက်ကြပေ၏။

    မကြာမီတွင် အခမ်းအနားမှူး မှ နိပွန်ဘာသာဖြင့် တစ်စုံတစ်ခုကို ကြေငြာလေရာ ကျွန်ုပ်မှာ နားမလည်နိုင်သဖြင့် နိပွန်ဘာသာစကား တတ်ကျွမ်းသော ကိုယင်ကောင့်ကိုပင် မေးရလေသည်။

    ကျွန်ုပ် ။ ။ “ အိုင်ဆေး ကိုယင်ကောင်၊ ယူးဝါရှုးဝါး အီးရှုးဝါ .. အာဂျီနိုမိုတို .. ဆိုပါလားဗျ။ ဘယ့်နှယ့်အဓိပ္ပာယ်ကြီးတုန်း”

    ကိုယင်ကောင် ။ ။ “ ပိတ်တတ်ကြီးအားလုံး မင်္ဂလာအပေါင်းနှင့် ခညောင်းသော ညနေခင်းပါ လို့ ဆိုလိုတယ်အိုင်ပီ”

    နုပ် ။ ။ “ ရွှေ့ … နိပ်ဟ။ အံမယ်.. အံမယ် .. ပြောနေပြန်ပြီ ။ နိပွန် ဘီရုမာ အိုးနားဂျိ ၊ အိုးနားဂျိ ဆိုပါ့လား။ လင်းပါဦး ကိုယင်ကောင်”

    ကိုယင်ကောင် ။ ။ “နိပွန် နဲ့ ဗမာ အတူတူဘဲ ၊ ညီအကိုတွေလို ချစ်ချစ်ခင်ခင်နေကြမယ်လို့ ဆိုလိုပါတယ် အိုင်ပီ ”

    ဤမျှလောက်ဆိုလျှင် ကျွန်ုပ်သည်လည်း နိပွန်စကားကို နားရည်ဝပြီမို့ ကိုယင်ကောင့်အား အနှောက်အယှက်မပေးချင်တော့ပါ။ အခမ်းအနားမှူး ပြောသည့် နိပွန်စကားအား မိမိကိုယ်တိုင် ဖြည့်စွက် နားလည်ရချေသည်တမုံ့ ။ ထိုအခိုက် အခမ်းအနားမှူးမှ “ဂျင်ဂလိ .. စံ …. ” ဟူ၍ အသံပြဲကြီးနှင့် အော်လိုက်ရာ ကျွန်ုပ်တို့ ပရိသတ်ကြီးကာ ဘာမသိ၊ ညာမသိ နှင့် လက်ခုပ်သြဘာပေးကြချေ၏။

    ထို့နောက် နိပွန်ကဗျာဆရာကြီး ယာရာတိုဝါ ဂျင်ဂလိစံ စင်ပေါ်တက်လာပြီး ပရိသတ်ကြီးအား နှုတ်ခွန်းဆက်လေသည်။

    ဂျင်ဂလိ ။ ။ “ ယူးဝါ ရှုးဝါ အီးရှုးဝါ အာဂျီနိုမိုတို ။ အာရိဂသော ဂိုဇိုင်းမက်၊ ဘန်ဇိုင်း ဘန်ဇိုင်း .. ”

    ( မြန်မာပြန် – ပရိသတ်ကြီး မင်္ဂလာပါ ။ ကျနော်ကတော့ ဂျင်ဂလိစံ ဖြစ်ပါတယ်။ အခုချိန်က စပြီး ဟိုက္ကူကဗျာများကို ရွတ်ပါတော့မယ်)

    ကျွန်ုပ်တို့ ။ ။ “ယောရောရှိ ၊ ယောရောရှိ ”

    ( ကောင်းပါပြီ … ရွတ်ပါတော့ဗျိုး။ )

    ဂျင်ဂလိ ။ ။ “ ဒီလို ပိတ်တတ်ကြီးရေ။ ကျနော်ဒီနေ့မနက် ဘုရားကအပြန် ဗျိုင်းရေအိုးစင်လမ်းအတိုင်း လမ်းလျှောက်လာတုန်း လမ်းဘေးတစ်နေရာမှာ .. သောက်ရေအိုးစင်ကလေးတစ်ခုဗျာ။ ယိုင်နဲ့နဲ့လေး ။ ပြုပြင်မယ့်သူ မရှိရှာဘူးထင်ပါ့။ အဲ့တာ မြင်မကောင်းတာနဲ့ဘဲ ရေတစ်ခွက်သောက်ပြီး တွန်းလှဲပစ်ခဲ့တယ်။ အဲ့တာလည်း ပါဖောင်းမန့်စ်တစ်ရပ်ပေဘဲ မဟုတ်လားခင်ဗျ။ ဒူးချမ့်ရဲ့ သေးခွက်ကြီးတောင် ဆယ်ပေါင်တူနဲ့ အထုခံရသေးတာဘဲ။ အဲ့ဒီအချိန်မှာဘဲ ကျနော့်ရင်ထဲမလည်း ကဗျာတစ်ပုဒ် မွေးဖွားခဲ့ပါရောဗျာ။ ”

    အရိပ်
    ____
    ဖုန်တထောင်းထောင်းထ

    လှည်းလမ်းမနေပူပူမှာ

    သောက်ရေအိုးစင်လေး။

    ကျွန်ုပ်တို့ ။ ။ “ ရွှီးး .. ဖြောင်း .. ဖြောင်း။ အင်မတန် ကြီးမြတ်တဲ့ အနုပညာတစ်ရပ်ပေဘဲ ။ ယောရောရှိ၊ ယောရောရှိ ။ ”

    ဤသို့ ကျွန်ုပ်တို့ ပရိသတ်ကြီးမှ လက်ခုပ်သံတဖြောင်းဖြောင်းဖြင့် သြဘာပေးလိုက်သောအခါ ကဗျာဆရာကြီး ဂျင်ဂလိစံ မှ ဦးညွှတ်၍ အရိုအသေပေးလေသည်။ ထို့နောက် ဟိုက္ကူတစ်ပုဒ် ထပ်ရွတ်ပြန်သည်။

    ဂျင်ဂလိ ။ ။ “ဒီတစ်ပုဒ်ကိုတော့ ခင်ဗျားတို့ရဲ့ မဟာရန်ကုန်မြို့ကြီးမှာ ၂ ညတာ နေထိုင်တုန်း မီးပျက်တဲ့ ဒွတ်ခ၊ ရေမလာတဲ့ ဒွတ်ခ၊ ခြင်ကိုက် ဖုံထူ အိပ်မရတဲ့ညတွေမှာ ခံစားပြီးရေးဖွဲ့ခဲ့ရတာပါ။ နားထောင်ကြည့်ပါဦး ”

    မဟာရန်ကုန်
    _________
    မီးမပျက်ပါဘူး

    မှောင်နေတာဘာဖြစ်လို့လဲ

    လမထွက်တဲ့ည။

    ဤတစ်ကြိမ်တွင်တော့ ပရိသတ်ကြီးမှ လက်ခုပ်သြဘာမပေးတော့ပါ ။ မကြာမဏ မီးပျက်လေ့ရှိသော သူတို့၏ ရန်ကုန်မြို့အား သရော်သည့်သဘော၊ ရိ သည့်သဘောဖြင့် “မီးမပျက်ပါဘူး” ဟု လှောင်ပြောင်၍ ကဗျာဖွဲ့ဆိုသော ဂျင်ဂလိစံ အား ပြင်းထန်စွာ ဆဲရေးရှုတ်ချကြလေတော့သည်။

    “ ဟေ့.. တို့မြန်မာပြည်ကို မထိနဲ့၊ မီးပွင့်သွားမကွ။ ဘာမှတ်လဲ။ ”

    “ ဇာတိပုည၊ ဂုဏ်မာန ကွ။ မဟာသာကီနွယ်မျိုး၊ အရှေ့တောင်အာရှမှာ တန်ခိုးထွားခဲ့တဲ့ ရာဇဝင်များရဲ့ သတို့သမီးကွ” ဟု အခြောက်တိုက် ဘဝင်မြင့်ကြကုန်၏။

    “ အမြတ်ခွန်မဆောင်ချင်နေ၊ မြန်မာကိုတော့ မစော်ကားနဲ့ကွ။ မခံနိုင်ဘူး။ ”

    “ တို့မြန်မာ … တို့မြန်မာကွ။ မြန်မာ့သတ္တိ ၊ ကမ္ဘာကသိတယ်။ လာမထိနဲ့ မီးပွင့်သွားမယ် ” ဟူ၍ ပလိန်းကြီး ခွပ်ကြကုန်၏။

    “ ကမ္ဘာကြေသော်လည်း ဥဒါန်းမကြေဘူးဟေ့ ” ဟု လက်သီးလက်မောင်းတမ်းကြကုန်၏။

    “ ကမ္ဘာမကြေ … ဗမာပြည် .. ဒါတို့ပြည် ဒါတို့မြေ .. ဒါ ငါတို့မြေ … ” ဟု မဆီမဆိုင် နိုင်ငံတော်သီချင်း ထဆိုကြကုန်၏။

    “ မီးတုတ် မီးတုတ် ၊ ရှို့ ရှို့ ၊ ဂျင်ဂလိ ဂျင်ဂလိ ထု … ထု ” ဟု အခြောက်တိုက် ကြိမ်းဝါးကာ ဘယ်ကဘယ်လို ကောက်လာသည် မသိရသော အုတ်နီခဲများ၊ ကွမ်းသွေးထုပ်များ ၊ ပြောင်းဖူးရိုး၊ ခုံဖိနပ်များဖြင့်ပစ်ပေါက်ရာ ကမ္ဘာတစ်ခွင် ပြဲပြဲစင် မျက်နှာပန်းပွင့်ခဲ့သော ဟိုက္ကူကဗျာဆရာ ဂျင်ဂလိစံမှာ ဖနှောင့်နှင့်တင်ပါး တစ်သားတည်းကျအောင် စင်ပေါ်မှ ဆင်းပြေးရလေတော့သတည်း။

    ထိုအချိန်တွင် မြန်မာနိုင်ငံလုံးဆိုင်ရာ ကဗျာဆရာများအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဂေါ်ဂေါ်(လပွတ္တာ) သည် စင်ပေါ်သို့ အပြေးအလွှားတက်လာပြီးသကာလ “မလုပ်ကြပါနဲ့ဗျာ … မလုပ်ကြပါနဲ့ဗျာ … ” ဟု မျက်နှာငယ်လေးနှင့် တောင်းပန်လေ၏။

    “အေဘေး ဦးဂေါ်ဂေါ် ၊ ခင်ဗျားကြီး ဖီပါ ( FIPA ) ကမ္ဘာ့ကဗျာအဖွဲ့ချုပ်က အာရကေတွေ မရတော့မှာကြောက်လို့ ကျုပ်တို့ကို လာငိုပြမနေနဲ့။ မြန်မာပြည်ကို စော်ကားတာ ခင်ဗျားခံနိုင်ပေမယ့် ကျုပ်တို့ မျိုးချစ်တွေက မခံနိုင်ဘူး … ” ဟု ဆိုကာ ဥက္ကဋ္ဌကို ခဲ ဖြင့်ဝိုင်းပေါက်ကြလေ၏။ ဥက္ကဋ္ဌ လည်း ထိပ်ပေါက်သွားသဖြင့် စင်ပေါ်မှ ဆင်းပြေးရလေ၏။

    ကဗျာကို အနုပညာဟု မရှုမြင်ဘဲ မြန်မာပြည်အား အသလွတ်စော်ကားသည်ဟု အမြင်ကျဉ်းမြောင်းရှာသော ပရိသတ်အချို့က ဆဲမြဲဆဲလျက်၊ တချို့က အုတ်ကျပ်ခဲဖြင့် ပေါက်မြဲပေါက်လျက် လုပ်လေရာ နောက်ဆုံးတွင် ပွဲပျက်ခြင်းသို့ ရောက်ချေတော့၏။

    သို့ဖြင့် ကျွန်ုပ်နှင့် ကိုယင်ကောင် မှာ ကဗျာရွတ်သံ ကို ဆက်လက်နားဆင်လိုပါသော်လည်း အခြေမလှသည်နှင့် ခဲပျံ၊ ဖိနပ်ပျံ မထိစေခြင်းငှာ ကုပ်ချောင်းချောင်းဖြင့် ပြန်လာရချေ၏။ ဂျူဗလီဟော အပြင်သို့ရောက်သောအခါ အနုပညာဗီဇ မသေးလှသော ဆားပုလင်းယင်ကောင် မှ အောက်ပါ ဟိုက္ကူကဗျာတစ်ပုဒ်အား ဒေါင်းတိမောင်းတိ ရင့်ကျူးလေ၏။

    တလွဲဆံပင်ကောင်း

    တကောင်းအဘိရာဇာတို့

    အလောင်းဘုရားသွေး

    ဘိုးဘေးတို့ထုံးစံ

    ဖိနပ်ပျံငနီဝဲလို့

    ပြေးးနိုင်မှလွတ်မယ်။

    ကျွန်ုပ်မှာ လွန်စွာမှ နှစ်သက်သွားရကား ဆားပုလင်းယင်ကောင်၏မျက်နှာအား တစိမ့်စိမ့်ကြည့်ယင်း မေးခွန်းထုတ်မိချေ၏။

    ကျွန်ုပ် ။ ။ “ အိုင်ဆေး ကိုယင်ကောင်၊ ကဗျာလေးကတော့ ဟက်ထ် ထိ သဗျို။ ခေါင်းစဉ် ဘယ့်နှယ့်ပေးမလဲ”

    ကိုယင်ကောင် ။ ။ “ ဇာတိပုည၊ ဂုဏ်မာန မဟုတ်လား အိုင်ပီရဲ့။ ဗမာ့သွေး လို့ ပေးမဗျား” ဟု ပြန်ပြောလေတော့သတည်း။

    မားဆိုး FB စာမျက်နှာမှ ပိုစ်ဖြစ်ပါသည်။

  • ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး (၁။ ဦးဖေခင်)

    ကျော်မိုးအောင်
    M-Media

    ၆၆ နှစ်မြောက် ပြည်ထောင်စုနေ့ ဂုဏ်ပြု အမှတ်တရ

    254785_270685116278536_100000111498246_1168218_7646605_n

    “ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

    ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””

    အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇)  တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့316831_270685979611783_100000111498246_1168221_2167098_nလွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်း အယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

    ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေ မိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူး အဖြစ်လည်းကောင်း ရွေးချယ် တာဝန်ပေးခန့်အပ်ခဲ့သည်။

    ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

    ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလား စက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာ တစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက  နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည် အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့် အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသ ပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူး ဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။

    Uphaykhin2ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာ ကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန် မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေး ရယူရာတွင် တောင်တန်းနှင့်ပြည်မ ပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦး အမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင် တစ်ဦးသာဖြစ်ကြောင်း ”  ကြေးနန်းစာ တစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။

    ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

    Bogyoke Aung San and U Pe Kin at Inlay Lake

    အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇) တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံ တက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံး လက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့် တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန် မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

    လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေး အတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက)  ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

    နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

    ( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

  • နိုက်ဂျီးယားမှ ၃ နှစ်သမီး ကမ္ဘာ့ အသက်အငယ်ဆုံး ကုရ်အာန်ကျမ်း အာဂုံဆောင် နိုင်သူဖြစ်လာ

    ဖေဖော်ဝါရီ ၁၀ ၊ ၂၀၁၃
    M-Media

    Nigerian Girl Memorizes Qur’an at Three
    အသက် ၃ နှစ်နှင့် ၈ လ အရွယ်မှာ ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံး အလွတ်အာဂုံဆောင်နိုင်သူ သမိးငယ်အား မိခင်နှင့် အတူတွေ့ရစဉ်

    ကိုင်ရို။ ။နိုက်ဂျီးရီးယားမှ အသက် ၃ နှစ်အရွယ်ရှိ သမီးငယ်တစ်ဥိးသည် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို ကျက်မှတ်နိုင်ခဲ့ကာ နိုက်ဂျီးရီးယားနိုင်ငံကို အံအားသင့်စေခဲ့ပြီး ကမ္ဘာ့အငယ်ဆုံး ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်သူ တစ်ယောက်ဖြစ်လာခဲ့သည်။

    “ရိုးရိုးသားသားဆိုရရင် ကျမ အများကြီးမပြောတတ်ပါဘူး။ ဒါပေမယ့် ဒီ(အာဂုံဆောင်နိုင်မှု)အတွက် အလ္လာဟ်အရှင်မြတ်ကို အထူးကျေးဇူးတင်မိပါတယ်။ တကယ်တော့ ဒါဟာ အလ္လာဟ်အရှင်မြတ်ထံပါးမှ ကောင်းချီးမင်္ဂလာဖြစ်ပါတယ်။ ဒီအတွက် အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပါတယ်။” ဟု ကလေးငယ်၏ မိခင်ဖြစ်သူ ဆိုက်ယဒါ မိုင်မွန်နာသု ရှိခ် ဒါဟီရု (Sayyada Maimunatu Sheikh Dahiru) က ဖေဖော်ဝါရီ ၁၀ရက်နေ့၌ Sunday Tribune  သတင်းစာသို့ ပြောကြားခဲ့သည်။

    သူမ၏ သမီးဖြစ်သူ ရွတ်ကယာသု ဖာသာဟု အူမာရ် (Rukkayatu Fatahu Umar) မှာ အသက် ၃ နှစ်နှင့် ၈ လ အရွယ်မှာပင် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ခဲ့သည်။

    ထိုကလေးငယ်သည် ကုရ်အာန်ကျမ်းတော်မြတ် သင်ယူမှုကို ထင်ရှားသော အစ္စလာမ့် ဓမ္မပညာရှင်ဖြစ်သည့် ရှိခ် ဒါဟီရူ အွတ်စမန်း ဘောချီ (Sheikh Dahiru Usman Bauchi) တည်ထောင်သည့် အစ္စလာမ့် ဓမ္မသင်တန်းကျောင်းတွင် စတင်ခဲ့သည်။

    “ကုရ်အာန်ကျမ်းတော်မြတ် သင်ယူဖို့အတွက် အတန်းများစွာ ခွဲထားတဲ့ ခန်းမကြီးတစ်ခုကို ကျမတို့ အသုံးပြုခဲ့ပါတယ်။ ကျမ စာသင်နေတဲ့အချိန်မှာ သူမ(ကလေး)ကို တစ်ချိန်လုံး ကျမရဲ့ ကျောမှာ ပိုးထားပါတယ်။ အဲဒီအချိန်ကစလို့ သူမဟာ သင်တန်းသားတွေနဲ့အတူ ကုန်အာန်ကျမ်းတော်မြတ်ကို စတင် ရွတ်ဆိုခဲ့ပါတယ်။ မကြာခင်မှာပဲ သူမဟာ အချို့ ပါဒတော်တွေကို အလွတ်ရနေခဲ့ပါပြီ။ ဒီလိုပုံစံနဲ့ သူမဟာ ကျမ်တော်မြတ်ကျတ်မှတ်မှုသင်တန်းကို စတင်တက်ရောက်ခဲ့တာပါ။ အခုဆိုရင် သူမဟာ ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ခဲ့ပါပြီ။” ဟု ထို သင်တန်းကျောင်းတွင် သင်ကြားပေးသူ ဆရာမဖြစ်တစ်ဦးပြီး ကလေးငယ်၏ မိခင်ဖြစ်သူ မိုင်မွန်နာသု (Maimunatu) က ဂုဏ်ယူစွာဖြင့် ပြောကြားသည်။

    ကုရ်အာန်ကျမ်းတော်မြတ်တွင် ကဏ္ဍပေါင်း ၁၁၄ ခုပါဝင်လေသည်။ ထိုသင်တန်းကျောင်းသို့ နံနက် ၇ နာရီမှ ညနေ ၆ နာရီအထိ နေ့စဉ် သွားရောက်ရခြင်းကြောင့် ကလေးငယ်မှာ သက်တူရွယ်တူများနှင့် ကစားချိန် အနည်းငယ်သာရရှိလေသည်။

    “သူမရဲ့ သူငယ်ချင်းတွေနဲ့ မကစားဘဲနေတာမဟုတ်ပါဘူး။ ကစားပါတယ်။ အထူးသဖြင့် ကုန်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်ကြတဲ့ သူမလို ကလေးမျိုးတွေနဲ့ပါ။ ကုရ်အာန်ကျမ်းတော်မြတ် အာဂုံဆောင်နိုင်ရေးဆိုတဲ့ တူညီတဲ့ရည်ရွယ်ချက်ပန်းတိုင်ကို သူတို့ရဲ့ အာရုံစူးစိုက်မှု၊ ရည်ရွယ်ချက်တွေဟာ တိုက်ရိုက် ဦးတည်နေတဲ့အတွက် ဒါဟာ  ကလေးတွေအားလုံးကို ပိုပြီး လွယ်ကူသက်သာစေပါတယ်။ ” ဟု သူမက ဆိုသည်။

    ပညာရေး

    ကာယကံရှင် ကလေးငယ်မှာ ထိုကဲ့သို့ ငယ်ရွယ်သောအချိန်၌ ကုရ်အာန်ကျမ်းတော်မြတ်တစ်အုပ်လုံးကို အာဂုံဆောင် မှတ်သားနိုင်မည်ဟု မယုံကြည်ခဲ့ပေ။

    “ကျမ အလ္လာဟ်အရှင်မြတ်ကို ကျေးဇူးတင်ပါတယ်။” ဟု သူမကဆိုသည်။

    မိသားစု၏ ရိုးရာဓလေ့ထုံးစံဖြစ်သည့် မိန်းကလေးများအား အသက် ၁၀ နှစ်အရွယ်တွင်မှ ပညာသင်ယူရန် စေလွှတ်မှုကို ချိုးဖျက်ကာ မကြာခင်အချိန်အတွင်း ထိုကလေးငယ်အား ကျောင်းသို့ပို့နိုင်ရန် အတွက် ပြင်ဆင်လျက်ရှိသည်။

    “ကမ္ဘာကြီးဟာ ပြောင်းလဲနေတယ်၊ နေရာတိုင်းမှာ ယဉ်ကျေးတဲ့ လူ့အဖွဲ့အစည်းတွေ ရှိနေတယ်လို့ ကျမအမျိုးသားက ပြောဖူးပါတယ်။ သူပြောသလိုပါပဲ။ ကျမတို့ရဲ့ သမီးကလေးဟာ အသက်ခြောက်နှစ်ပြည့်တဲ့အခါ ကျောင်းတက်ရောက်ဖို့အတွက် အခွင့်အရေး ရမှာပါ။” ဟု မိခင်ဖြစ်သူက ဆိုသည်။ သူမကိုယ်တိုင်မှာလည်း အသက် ၁၂ နှစ်အရွယ်တွင် ကုရ်အာန်ကျမ်းတော်မြတ် တစ်အုပ်လုံးကို အာဂုံဆောင်နိုင်ခဲ့သည်။

    ၎င်းအပြင် သူမ၏ကလေးအား ယခုကဲ့သို့ ငယ်ရွယ်သော အသက်အရွယ်တွင် ကုန်အာန်ကျမ်းတော်မြတ်ကို ကျက်မှတ်ရန် အခွင့်အရေးပေးခဲ့သော သူမ၏ ဖခင်ဖြစ်သူကို ချီးမွမ်းပြောဆိုခဲ့လေသည်။

    “ရှိခ် ဒါဟီရူ အွတ်စမန်း ဘောချီ လို ဖခင်တစ်ယောက်မျိုးရှိတာ ကျမ အရမ်းဂုဏ်ယူမိပါတယ်။ အခြားလူတွေကို အစ္စလာမ့်သာသနာ့ လမ်းကြောင်းပေါ်မှာမြဲမြံစေခဲ့သလို အဖေက ကျမရဲ့ ခြေအစုံကိုလည်း သာသနာ့ လမ်းကြောင်းပေါ်မှာ မြဲမြံစေခဲ့ပါတယ်။  အလ္လာဟ်အရှင်မြတ် ကျမရဲ့ဖခင်ကို အသက်ရှည်စေတော်မူပါ…၊ ဒါမှသာ အလ္လာဟ်အရှင်မြတ်ရဲ့ တာဝန်ကို ဆက်လက်ထမ်းဆောင်နိုင်မယ်၊ အစ္စလာမ်သာသနာတော်အတွက်၊  လူသားမျိုးနွယ်အတွက် ဆက်လက်အသုံးဝင်နေမှာပါ” ဟု သူမက ဆိုသည်။

    ကလေးငယ်များအား ငယ်ရွယ်သောအချိန်ကပင် ကုရ်အာန်ကျမ်းတော်မြတ် သင်ကြားပေးခြင်း၊ အစ္စလာမ်၏ စည်းမျဉ်းစည်းကမ်းများကို သင်ကြားပေးခြင်းမှာ မွတ်စလင်မိဘတိုင်း၏ တာဝန်ပင်ဖြစ်သည်။ အစ္စလာမ်က သွန်သင်ထားသည့် လူမှုကျင့်ဝတ်များကို သင်ကြားပေးရန်အတွက် ငယ်ရွယ်သောအချိန်သည် အကောင်းဆုံးသော အချိန်ကာလပင်ဖြစ်သည်။

    ကုရ်အာန်ကျမ်းတော်မြတ်ကို အာဂုံဆောင်ထားခြင်းမှာ အလ္လာဟ်အရှင်မြတ်၏ အမိန့်တော်များ၊ သတင်းစကားများကို ထိန်းသိမ်းရန် အရေးအကြီးဆုံး နည်းလမ်းမှာထဲမှ တစ်ခုပင်ဖြစ်သည်။

    တမန်တော်မြတ် မုဟမ္မဒ်သခင်(ငြိမ်းချမ်းမှုသက်ရောက်ပါစေ)က “အသင်တို့ထဲမှ အကောင်းဆုံးသောသူမှာ ကုရ်အာန်ကျမ်းတော်မြတ်ကို သင်ယူလေ့လာပြီးသကာလ အခြားသူများကို ပြန်လည် သင်ကြားပေးသူသာဖြစ်သည်” ဟု မိန့်ကြားတော်မူခဲ့လေသည်။

    Ref:http://www.onislam.net/

  • အမျိုးသား ညီညွတ်ရေး ကွန်ဂရက်ပါတီ(လျှောက်ထားဆဲ)၏ (တကြိမ်) နိုင်ငံရေး ဆွေးနွေးပွဲ ပြုလုပ်ခဲ့

    ဖေဖော်ဝါရီလ၊ ၁၀၊ ၂၀၁၃
    M-Media
    ပသီဆောင်းနှင်းမှုံ

    OLYMPUS DIGITAL CAMERA
    အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီ(လျှောက်ထားဆဲ) ၏ တတိယအကြိမ်မြောက် နိုင်ငံရေးဆွေးနွေးပွဲ တစ်ခုကို ဇန်န၀ါရီလအတွင်းက အမှတ်၄၀၊ ၁၅၅လမ်း၊ တာမွေမြို့နယ် ဦးလှဝင်းနေအိမ်၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။         အခမ်းအနားသို့  United Kingdom (UK)၊ Canada (ကနေဒါ)၊ ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနား၊ ဗန်းမော်၊ ပဲခူးတိုင်း၊ ရှမ်းပြည်နယ်၊ ဒိုက်ဦးစသည့် မြို့အသီးသီးမှ ပါတီဝင်များ၊ဧည်သည့်တော်များနှင့် မီဒီယာများစုံလင်စွာ တက်ရောက်ခဲ့သည်။

    အခမ်းအနားတွင်  အခမ်းအနားမှူး အဖြစ် ပသီဦးလှမြင့်က ဆောင်ရွက်ပြီး သဘာပတိ- ဦးအေးကြူမှ အဖွင့်အမှာစကားပြောကြားခြင်း၊ အဖွဲ့ခေါင်းဆောင်(၁) ဦးမြင့်ဝေမှ ပါတီပေါ်ပေါက်လာပုံကို ရှင်းလင်းတင်ပြခဲ့ပြီးနောက် အဖွဲ့ခေါင်းဆောင် (၂) ပသီဦးမောင်မောင်စိုး မှ ပါတီ၏ နိုင်ငံရေးမူဝါဒများ ကိုရှင်းလင်းတင်ပြခဲ့ကြသည်။ ပါတီအမျိုးသမီးရေးရာ တာဝန်ခံ ပသီဒေါ်ကြည်ကြည်ဌေး မှ“ မွန်းတည့်နေ” စာစောင်တွင်ပါရှိသော ဗိုလ်ချုပ်အောင်ဆန်းမှ ပေးပို့သည့် လူမျိုးစုဆိုင်ရာ သ၀ဏ်လွှာကိုဖတ်ကြားခဲ့သည်။

    အခမ်းအနားသို့ ဦးညွှန့်မောင်သျှိန် မှ တက်ရောက်လေ့လာ အားပေးခဲ့ပြီး အထောက်အထားများကို စနစ်တကျ ထိမ်းသိန်းရန် နှင့် ကော်မတီတစ်ရပ်ထားရှိရန် အကြံပြုတင်ပြခဲ့သည်။

    သဘာပတိ- ဦးအေးကြူမှ “ပသီတစ်မျိုးသားလုံးနှင့် နိုင်ငံတော်အတွက် ပါတီထောင်ရခြင်းဖြစ်ပါတယ်။ လူမျိုးစုအမျိုးသားတွေ တန်းတူအခွင့်အရေးရဖို့၊ အမျိုးသား စရိုက်လက္ခဏာတူတဲ့ လူ့အစုအဝေးပေါ် အခြေခံပြီး မြန်မာတစ်ပြည်လုံးအတိုင်းအတာနှင့် စည်းရုံးသွားမယ်။ ဘာသာနဲ့လူမျိုးမခွဲခြားတဲ့ အခြေခံစိတ်ဓာတ်ကို ထောက်ခံတယ်။ နိုင်ငံရေးမှာ ဘာသာရေးနဲ့ လူမျိုးရေး ခွဲခြားမှုမရှိဘဲ ပသီတစ်မျိုးသားလုံးရဲ့ အကျိုးစီးပွား၊ နိုင်ငံတော် အကျိုးစီးပွား ဖြစ်ထွန်းလာအောင်ဆောင်ရွက်သွားမယ်။ အကျိုးစီးပွားတူ ပါတီတွေနဲ့လည်း ပူးပေါင်းဆောင်ရွက်သွားမယ်။ ဒါ့ကြောင့် ပါတီအမြန်ဆုံး ကျလာမှသာ ရှေ့ဆက်လုပ်ကိုင်ဆောင်ရွက်နိုင်မှာ ဖြစ်တယ်”ဟု ထည့်သွင်းပြောကြားခဲ့သည်။

    ပါတီခေါင်းဆောင် တစ်ဦးဖြစ်သော ဦးမြင့်ဝေ မှ“အမျိုးသားညီညွတ်ရေး ကွန်ဂရက်ပါတီကို ၂၀၁၂  နိုဝင်ဘာ ၁၂ရက်နေ့ မှာ ပါတီမှတ်ပုံတင်ကြေး ငွေသုံးသိန်းသွင်းပြီး မှတ်ပုံတင်လျှောက်ထားခဲ့ပါတယ်။ နိုဝင်ဘာ၊ ၁၃ရက်နေ့မှာ သတင်းစာတွေမှာ ပါတီအလံနဲ့ တံဆိပ်ကို သတင်းထဲမှာ ထည့်သွင်းလျှောက်ထားပြီး ကန့်ကွက်သူရှိပါက ၇ ရက်အတွင်း ကန့်ကွက်နိုင်ကြောင်း လျှောက်ထားခဲ့ပါတယ်။ဒါပေမဲ့ ကန့်ကွက်မယ့်သူ မရှိပါဘူး။ လုပ်ရိုးလုပ်စဉ် အရဆိုလျှင် တစ်လအတွင်းမှာ ပါတီမှတ်ပုံတင် ကျရမှာဖြစ်ပါတယ်။ ဒါပေမဲ့ နှစ်လကျော်သွားတာတောင် ပါတီမှတ်ပုံတင် မကျသေးပါဘူး။  ပါတီမှတ်ပုံတင် မကျသေးရင် ရွေးကောက်ပွဲကော်မရှင်ကို စာရေးပါ့မယ်။ ပါတီကျလာဖို့ ကျွန်တော်တို့ မျှော်လင့်နေပါတယ်”ဟုM-Media သို့ပြောကြားခဲ့သည်။

    ပါတီ၏ပြောရေး ဆိုခွင့်ရှိသူ ပသီဦးလှမြင့်မှ“အမျိုးသားရေးဝါဒမှ လူမျိုးစုံ သွေးစည်းရေး ၀ါဒသို့ …ဆိုတဲ့ ဆောင်ပုဒ်အရ၊ ပသီကွန်ဂရက်ဆိုပြီးထောင်တယ် စနစ်တကျပေါ်ထွန်းရေး၊ ပသီလူမျိုးစုကို တိုင်းရင်းသားလူမျိုးတစ်ခုအဖြစ် နိုင်ငံတော်အစိုးရက လက်ခံအသိအမှတ်ပြုလာအောင် ကြိုးစားရေးသည် ပါတီရဲ့ အဓိကတာဝန် ရည်မှန်းချက်ပါ။ တရားဥပဒေဘောင် အတွင်းမှ အထောက်အထားခိုင်လုံစွာဖြင့် နည်းမျိုးစုံ တိုင်းရင်းသားလူမျိုးစု ဖြစ်လာရေး – ဒုတိယအချက်က – အခြားသော တိုင်းရင်းသားလူမျိုးစုငယ်များ၏ ရပိုင်ခွင့် အခွင့်အရေးများ ၊နိုင်ငံသားအခွင့်အရေး လူ့အခွင့်အရေးများ မဆုံးရူံးစေရေး နိုင်ငံတော်မှ အသိအမှတ်ပြု ဖော်ဆောင်ပေးရန် ၀ိုင်းဝန်း၍ ရရှိအောင်ကြိုးစားသွားမည်။ တတိယ အချက်က -ပသီတိုင်းရင်းသားများ၏ ပညာရေး စီးပွားရေး လူမှုရေး နိုမ့်ကျမှုတွေကို လူနည်းစု လူမျိုးစုငယ်များ နှင့် ပူးပေါင်းပြီး မြင့်တက်အောင် မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ပသီတိုင်းရင်းသား အရည်အတွက် စာရင်းနှင့် တကွ လူဦးရေနှင့် တကွ ဖော်ထုတ်ရေးတို့ဖြစ်တယ်။

    ပြန့်ကျဲနေသော လူမျိုးစုများ ဖြစ်တဲ့အတွက် နယ်မြေ သို့မဟုတ် ပြည်နယ် တောင်းခံမည်မဟုတ်။ မြန်မာနိုင်ငံတော်ရဲ့ ကာကွယ်ရေး ကိစ္စများတွင် အခြားလူမျိုးစုများနှင့်အတူ ပူပေါင်းဆောင်ရွက်မယ်။ ပသီလူမျိုးစုရဲ့ ယဉ်ကျေးမှူ၊ စာပေ၊ ဓလေ့ထုံးစံ အသိအမှတ်ပြု မှတ်တမ်းတင် ထားရှိရေး၊ လိုက်နာကျင့်သုံးနိုင်ရေး၊ အခြားသော မြန်မာနိုင်ငံအတွင်းရှိ နေထိုင်သော တိုင်းရင်းသား လူမျိုးစုများနှင့်အတူ တန်းတူညီမျှစွာ ခံစားရယူလိုပါတယ်။ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်မှု ရှိရပါမည်။ ပသီလူမျိုး ဘာသာမတူ လူမျိုးတွေလည်း ရှိပါတယ်။ သို့သော်လည်း သူတို့ရဲ့ ကိုယ်ပိုင်ပြဌာန်းချက်အရ ဗုဒ္ဓဘာသာ၊ ခရစ်ဟာန်ဘာသာ မည်သည့်ဘာသာဝင်ပဲဖြစ်ဖြစ် ပသီလူမျိုးအဖြစ် လက်ခံပါတယ်”ဟု M-Media သို့ပြောကြားသည်။

    ပါတီခေါင်းဆောင် တစ်ဦးဖြစ်သော ဦးမောင်စိုးမှ “မြန်မာပြည်မှာရှိတဲ့ ပါတီတွေ မှတ်ပုံတင် ရဖို့အတွက် တင်တဲ့အခါမှာ နှစ်နဲ့ ချီကြာတာဆိုလို့ ကျွန်တော်တို့ပါတီပဲ ရှိတဲ့အတွက် ၀မ်းနည်းပါတယ်။ ဒီလကုန်မှ မကျရင် နိုင်ငံတော်သမ္မတဆီရယ်၊ လွှတ်တော်ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တို့ဆိ စာပို့မယ်။

    မြန်မာမူစလင်ခေါ် ပသီတော်တော်များများဟာ ကျွန်တော်တို့ ပါတီကျလာပြီဆိုရင် ပျော်ရွှင်ကျမယ် ၀မ်းသာကြမယ်။ ဒီနေ့မြန်မာနိုင်ငံမှာ လူမျိုးစုအသီးသီး ပါတီထောင်ကြတယ်။ မြန်မာမွတ်စလင်တွေဟာလည်း ငါတို့ရဲ့ နိုင်ငံရေးပါတီကြီး ပေါ်လာပြီဆိုပြီး နှစ်ပေါင်း ၆၀ လောက် တိမ်မြုပ်နေတဲ့ ဆရာကြီးဦးရာဇာတ် ပါတီ ဗမကလိုပဲ ပြန်လည်ပေါ်ထွန်းလာပြီဆိုပြီး သူတို့ဝမ်းသာကြမယ်။

    မြန်မာနိုင်ငံမှာရှိတဲ့ လူမျိုးရေးပါတီ အသီးသီးဟာ လွတ်လပ်စွာ လူမျိုးစုံပါဝင်တဲ့ ပါတီညီလာခံကြီးကို အမြန်ဆုံးအကောင်အထည်ဖော် ဆောင်ရွက်မယ်လို့ မျှော်လင့်တယ်။ တိမ်မြုပ်ပျောက်ကွယ်နေသော လူမျိုးစုများနှင့် ပတ်သက်ပြီးတော့ ဒီမိုကရေစီ လူမျိုးရေးပါတီများစွာ ၀ိုင်းဝန်းပြီး ဆောင်ရွက်ပေးရမယ် မြန်မာနိုငငံမှာ တိကျတဲ့ လူမျိုးရေးစရင်းနဲ့ လူဦးရေ စာရင်းကို ပူတွဲပြီး သက်မှတ်ပြဌာန်းရန်လိုပါတယ် အချို့လူမျိုးစုများက အမည်နာမ အမျိုးမျိုးဖြစ်နေတယ်။ အမည်မှန်ပေါ်ပေါက်ရေး အထူးလိုအပ်တယ်””ဟု M-Media သို့ပြောကြားသည်။
    အမျိုးသားညီညွှတ်ရေး ကွန်ဂရက်ပါတီ (လျှောက်ထားဆဲ) ၏ ရည်ရွယ်ချက်မှာ

    • – ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်းသော မြန်မာနိုင်ငံသူ မြန်မာနိုင်ငံသား လူမျိုးနွယ်စုအား   ကိုယ်စားပြုသည့် အမျိုးသား အဖွဲ့အစည်းအဖြစ် ရပ်တည်သွားရန်
    • -မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စု အားလုံး၏ စည်းလုံးညီညွတ်မှု ရှိစေရေးကို ထိန်းသိမ်းဖော်ဆောင်သွားရန်
    • -မြန်မာနိုင်ငံသူ၊ နိုင်ငံသား လူမျိုးနွယ်စုများအား အဆင့်အတန်းခွဲခြားမှု မရှိဘဲ၊တရားမျှတခြင်း၊ လွက်လပ်ခြင်း၊ တန်းတူညီမျှခြင်း၊  လွက်လပ်စွာ ဖော်ထုတ်ရေးသားပြောဆိုနိုင်ခွင့် ရရှိစေရေး၊ လွတ်လပ်စွာ စီပွားကုန်သွယ်လုပ်ပိုင်ခွင့် ရရှိစေရေး စသည့်အခြေခံ  ရပိုင်ခွင့်များကို ရရှိခံစားစေပြီး စစ်မှန်သော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ကြီး ပေါ်ပေါက်လာစေရန်  ဖြစ်ကြောင်း သိရသည်။

        ထိုပါတီ၏ ဆောင်ပုဒ်မှာ “အမျိုးသားရေး ၀ါဒမှ လူမျိုးစုံ သွေးစည်းရေး ၀ါဒသို့- ” ဖြစ်ကြောင်း သိရသည်။