News @ M-Media

Blog

  • ကိုဖြိုးဝေအောင် အတွက် ပြုလုပ်ခဲ့သည့် သတင်းစာ ရှင်းလင်းပွဲမှ အသံများ

    ဖေဖော်ဝါရီ ၉၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    X2O ဗုံးပေါက်မှု မတရားစွပ်စွဲ သေဒဏ်ပြစ်ဒဏ် ချမှတ်ခံခဲ့ရသော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ကျန်ရစ်သူ မိသားစုများက ပြုလုပ်ခဲ့ကြပါသည်။

    သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။

    P2040196

    ကိုဖြိုးဝေအောင်၏ ဇနီး မဌေးဌေးမှ “ကျွန်မတို့ ဒီနေ့ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရခြင်းအကြောင်းက ကျွန်မခင်ပွန်းဟာ ၂၀၁၀ သင်္ကြန် X2O မဏ္ဏပ် ဗုံးပေါက်ကွဲမှုမှာ ဗုံးဖောက်တဲ့သူတွေကို အားပေးကူညီတယ်လို့ သတ်မှတ်ခံရပြီး ထောင်ဒဏ်နှင့် သေဒဏ် အမြောက်အမြား ချခံရသူဖြစ်ပါတယ်။ ကျွန်မတို့ဟာ ၂နှစ်ကျော် အမှူရင်ဆိုင်ခဲ့ရပါတယ်။ အကျဉ်းထောင်အတွင်းမှာ ဆိုးဝါးတဲ့ ကျန်းမာရေး စောင့်ရှောက်မှုတွေကြောင့် Bပိုးမှတဆင့် အသည်းကင်ဆာ ဖြစ်ပြီးတော့ ဇန်န၀ါရီလ ၄ရက်နေ့မှာ ကွယ်လွန်သွားခဲ့ပါပြီ။ ကျွန်မခင်ပွန်းဟာ အကျဉ်းထောင်မှ သမ္မတအမိန့်နဲ့ လွတ်ခဲ့ပါတယ်။ ဒီ X2O ဗုံးပေါက်ကွဲမှူဟာ သူနဲ့ဘယ်လိုမှ မသက်ဆိုင်ဘူးဆိုတဲ့ အကြာင်းကို ရှင်းလင်းပွဲလုပ်ဖို့ ကျွန်မခင်ပွန်းဟာ တအားဆန္ဒပြင်းပြခဲ့ပါတယ်။ သူတကယ် မသက်ဆိုင်ဘူးဆိုတဲ့ အကြောင်းကလည်း တရားဝင်စစ်ထားတဲ့ တရားရုံးအမှုတွဲတွေမှာ အထင်အရှားပေါ်ပေါက်နေပါတယ်။ ကျွန်မခင်ပွန်းရဲ့ ဂုဏ်သိက္ခာရယ်၊ ကျွန်မ သားသမီးလေးတွေရဲ့ အနာဂတ်အတွက် ရည်ရွယ်ပြုလုပ်ခြင်း ဖြစ်ပါတယ်” ဟုထည့်သွင်းပြောကြား၍ အခမ်းအနားကို စတင်ဖွင့်လှစ် ခဲ့သည်။

    ဆက်လက်၍ ကိုဖြိုးဝေအောင်၏ညီ ထက်ဝေအောင်မှ “ကိုဖြိုးဝေအောင် မကွယ်လွန်ခင် ဆေးရုံပေါ်မှာ ပြင်ဆင်ခဲ့သော အချက်အလက်တွေ၊ အထောက်အထားတွေကို တင်ပြမှာဖြစ်ပါတယ်။ တရားလိုရဲ့ စွပ်စွဲမှုတွေကို တင်ပြသွားမှာ ဖြစ်ပါတယ်။ ဒါတွေကို ရှင်းလင်းတင်ပြရခြင်းက ကျွန်တော်တို့နိုင်ငံမှာ ပြည်သူတွေကို လွယ်လွယ်ကူကူ တရားစွဲဆိုမှုတွေ ရှိနေမယ်ဆိုရင် ဒီနိုင်ငံတရားဥပဒေစိုးမိုးမှု ရှိမှာမဟုတ်ဘူးလို့ ကျွန်တော့်အကိုက ပြောခဲ့ပါတယ်”ဟု ထည့်သွင်းပြောကြားသွားသည်။

    P2040224

    ဆရာတော် ဦးပဏာဝံသ(ခ)ဦးပြည်ကျော်(ရွှေဝါရောင်)ဆရာတော် မိန့်ကြားချက်မှာ“ကိုဖြိုးဝေအောင်လိုပဲ ဒီမိုကရေစီ အင်အားစုတွေထဲက ကိုအောင်နိုင်ဆိုတာ အောင်မင်္ဂလာလမ်းထဲမှာနေတယ်။သူလည်း အစ္စလာမ်ဘာသာဝင် တစ်ယောက်ပဲ၊သူက မြို့တော်ခန်းမ ဗုံးပေါက်ကွဲမူနဲ့ပတ်သက်ပြီး သူလည်း မတရား အစွပ်စွဲခံခဲ့ရတယ်။ အဲဒါလည်း ဘယ်လိုထင်ရှားလဲဆိုရင် အခုလိုမျိုးထုချေလွှာတွေ ဘာမှပြောစရာမလိုပဲ ပေါ်တင်ကြီးဖြစ်သွားတယ်။ မဟုတ်ပါဘူး မဟုတ်ပါဘူး ငြင်းတဲ့ကြားထဲက သူ့ကိုသေဒဏ်ပေးတယ်။သေဒဏ်ကနေ တစ်ကျွန်းကျတယ်။သရက်ထောင် ကိုပို့တယ်။အဲဒီ့ သရက်ထောင်ကို သူ့ကို ပို့ပြီးတဲ့ ၉၃ခုနှစ်မှာပဲ တကယ့်တရားခံ အစစ်ဖြစ်တဲ့ ကိုကိုနိုင်ဟာ ကျွန်တော် ဒါတွေကို ကျွန်တော်ဖောက်တာပါ ကျွန်တော်လုပ်တာပါလို့ ၀န်ခံတယ်။အဲလို တရားခံအစစ်က ၀န်ခံခဲ့ပေမယ့် ကိုအောင်နိုင်ကိုတော့ ပြန်မလွှတ်ပေးခဲ့ဘူး။နောက်ဆုံးမှာ ကိုအောင်နိုင်ဟာ ထောင်ထဲမှာ စိတ်ကျန်းမာရေးမကောင်းတဲ့ သူတစ်ယောက်ရဲ့ ရိုက်နှက်မူကြောင့် ခေါင်းကွဲပြီး သေဆုံးခဲ့ရတယ်။ကိုအောင်နိုင်ရဲ့ ဖိနှိပ်မူနဲ့ ကိုဖြိုးဝေအောင်ရဲ့ဖိနှိပ်မူမှာ မတူဘူးလို့ ဦးဇင်းအနေနဲ့ ခံစားရတယ်။ဘာဖြစ်လို့လဲဆိုတော့ ဖြိုးဝေအောင် ကသင်္ကြန်မဏ္ဍပ်ကြီးမှာ ဖြစ်တာ။ဒါဟာ ကိုဖြိုးဝေအောင်နဲ့ ပြည်သူလူထုကို တိတိကျကျကြီး ရန်တိုက်ပေးလိုက်တာ၊ကြံစည်လိုက်တာဟာ ကိုဖြိုးဝေအောင်တင်မက သူမွေးထားတဲ့ မျိုးဆက်တွေ အထိပါ အမြင်စောင်းသွားနိုင်ပါတယ်။အခု တရားရေးမဏ္ဍိုင်ကလည်း ဘာမှန်းမသိဘူး။မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ဥပဒေဆိုတာလည်း စာရွက်ထဲမှာ ရှိတယ်။ပြည်သူအများကို ဒီထက့် ထဲထဲဝင်ဝင်ပိုပြီးတော့ ဘယ်လို ဖွင့်ချ သွားမလဲ ။ဒီထက် အခြားအစီအစဉ်တွေ မရှိတော့ဘူးလား၊သတင်းစာ ရှင်းလင်းပွဲလေးနဲ့ ပြီးသွားတော့မှာလား လို့ ဦးဇင်းအနေနဲ့မေးချင်တာပါဟု မေးကြားသည်။

    ကိုထက်ဝေအောင်မှ“ကျွန်တော်တို့ဟာ အဆိုးဝါးဆုံးထိ ရင်ဆိုင်ခဲ့ရတယ်။ရင်နှီးတဲ့ ဆွေးမျိုးရင်းချာတွေကတောင် ကျွန်တော်တို့ကို မခေါ်ရဲ မပြောရဲဖြစ်ြကတဲ့အထိပါပဲ။ကျွန်တော်တို့ လုပ်ပိုင်ခွင့် ရှိသလောက် လုပ်လို့ရသလောက်လုပ်သွားမှာပါ။ဒီထက် ပိုပြီး လုပ်နိုင်တဲ့ နည်းတွေရှိရင်လည်း ထပ်စဉ်းစားပြီး လုပ်မှာဖြစ်ပါတယ်။ကျွန်တော်တို့ ဒီကနေ့ သတင်းစာ ရှင်းလင်းပွဲ လုပ်တာဟာလည်း ပြည်သူတွေကို မီဒီယာက တဆင့် ပြောတာပါ။ကျွန်တော်တို့ အကို သေဆုံးသွားလို့ သတင်းစာရှင်းလင်းပွဲပြီးသွားလို့ ဆိုပြီး ဒီမှာတင် ပြီးသွားမှာ မဟုတ်ပါဘူး။ကျွန်တော်တို့မလျော့သော ဇွဲနဲ့ ကျွန်တော်တို့ သက်တမ်းထိ မရသေးဘူးလား ကျွန်တော်တို့ တူတွေ တူမတွေ အထိ တရားမျှတမူ ရရှိတဲ့ အချိန်ထိ ဆက်ပြီး လုပ်သွားမှာဖြစ်ပါတယ်”ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ဆရာဦးစန်းအောင်မှ “ပြီးခဲ့တဲ့ နအဖ အစိုးရလက်ထက်မှာ ကိုဖြိုးဝေအောင်ဟာ သားကောင်ဖြစ်ခဲ့ရတယ်။အဲဒါနဲ့ ပတ်သက်ပြီး ဒီဘက်က လည်း အမူမှန်ပေါ်ဖို့ ကြိုးစားခဲ့တယ်၊ပုံစံအမျိုးမျိုးနဲ့ ဖိနှိပ်ခံရတယ် ဆိုတာကို အရင်က အပြင်က ကြားရတယ်။အခုတော့ ကာယကံရှင်တွေ ကိုယ်တိုင်ပြောတာကို ကြားခဲ့ရတယ်။အဲလိုပြောတဲ့ အခါမှာလည်း လက်လွတ်စပယ်မပြောဘဲ အထောက်အထားတွေနဲ့ တင်ပြတယ်။အခုလို ပွင့်လင်းလာပါပြီလို့ပြောနေတဲ့ ဒီလို အခြေအနေမျိုးမှာကော ကိုဖြိုးဝေအောင်နဲ့ပတ်သက်တဲ့ အမှုက အမှန်တရား မပေါ်ပေါက်ခဲ့ဘူး ဆိုလို့ရှိရင် လက်ရှိသွားနေသည့် အစိုးရသည်  မြန်မာနိုင်ငံအတွင်းမှာ တရားမျှတမူ မရှိသေးဘူးဟု မဌေးဌေးအနေနဲ့ လက်ခံပါသလား။”ဟုမေးသည်။

    P2040164

    “ဟုတ်ကဲ့ အရမ်းကို စိတ်ဝင်စားပါတယ် ဒီမေးခွန်းနဲ့ ပတ်သက်ပြီး။အခု စစ်အစိုးရ လက်ထက်ကနေ အခု သမ္မတလက်ထက်ရောက်လာတဲ့အချိန်မှာ ပြုပြင်ပြောင်းလဲမူတွေ အများကြီးတွေ့ရပါတယ်။ခု ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် တရားဥပဒေစိုးမိုးမူနဲ့ ပတ်သက်ပြီး သူတာဝန်ယူနေတယ်။

    ကျွန်မပြောနိုင်တာကတော့ ပြောင်းနိုင်ပါတယ်၊ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် ဒီထက်တော့ ကျွန်မတို့ ပိုကြိုးစားရလိမ့်မယ်လို့ ထင်ပါတယ်။ဘာဖြစ်လို့လဲဆိုတော့ သမ္မတကြီးအစိုးရ လက်ထက်မှာ တကယ်လဲပြုပြင်ပြောင်းလဲမူတွေ ဖြစ်ပေါ်လာဖို့ဆိုရင် ကူညီမယ့်သူတွေ အများကြီးလိုမယ်လို့ ထင်ပါတယ်။ တရားဥပဒေ စိုးမိုးမူဆိုတာ ပါးစပ်က ပြောနေတာ မဟုတ်ပဲ အချက်အလက်တွေ အပြည့်အစုံနဲ့ ကျွန်မတို့ သမ္မတကြီးဆီကို ရောက်အောင်တင်နိုင်မယ်ဆိုလို့ ရှိရင် ဒါတွေဟာ ရလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်” ဖြေကြားခဲ့သည်။

    ဆက်လက်ပြီး ဦးစန်းအောင်မှ“ယနေ့တက်လာတဲ့ ပုဂ္ဂိုလ်တွေ အားလုံးဟာ ကိုဖြိုးဝေအောင်ကို ချစ်ခင်လို့ ၊နောက်တစ်ခုက မတရားမူကို မကျေနပ်လို့ တက်လာတာ အဲဒီတော့ ဒီက ကာယကံရှင် မဌေးဌေးတို့ ကိုထက်ဝေအောင်တို့ အနေအထားနဲ့ ယနေ့တက်ရောက်လာတဲ့ ပရိသတ်တွေဆီကနေ ဘယ်လို အကူအညီမျိုး လိုချင်ပါသလဲ၊”ဟူ မေးကြားသည့် အပေါ် “ကျေးဇူးတင်ပါတယ်ရှင် ၊ကျွန်မ အမျိုးသားအပါအ၀င် ဒီနိုင်ငံမှာ မတရား အဖြစ်ခံရတဲ့သူ တွေများပါတယ်။စနစ်ဆိုး တစ်ခုရဲ့ သားကောင်ဖြစ်ရတဲ့ အထဲမှာ ကျွန်မရဲ့ အမျိုးသား တစ်ယောက်ထဲ မဟုတ်ပါဘူး။အဲဒီအထဲက ကျွန်မအမျိုးသားနဲ့ ပတ်သပ်ပြီး ရှင်းလင်းတဲ့ အပေါ်မှာ ပရိသတ်ဆီက အခုလို စကားကြားရတဲ့ အတွက် အရမ်းဝမ်းသာပါတယ် ကျွန်မတို တရားမျှတမူအတွက်ရယ် လူ့အခွင့်အရေး အတွက်ရယ်ကို အားလုံးဝိုင်းဝန်းပြီး ရယူကြမယ် တောင်းဆိုကြမယ် ဆိုရင်တော့ ကောင်းတာပေါ့ရှင် ပြောပေးတဲ့ အတွက် ကျေးဇူးအများကြီး တင်ပါတယ်”ဟုမဌေးဌေးမှ ဖြေကြားခဲ့သည်။

    ဇေယျာမြတ်ခိုင်မှလည်း“ကိုဖြိုးဝေအောင်ရဲ့ မတရား ဖမ်းဆီးခံရမူနဲ့ပတ်သက်ပြီး ဘယ်သူတွေကို တိုင်ကြားသွားဖို့ အစီအစဉ် ရှိပါသလား၊စာရင်းပြုစုထားပြီးသွားပြီလား ဆိုတာ သိချင်ပါတယ်”ဟု မေးခွန်းမေးခဲ့သည်။

    “တရားဥပဒေဘောင်ထဲက လုပ်သင့်လုပ်ထိုက်တာ အကုန်လုံးကို လုပ်သွားမှာပါ။အခု ဒီမှာ လူ့အခွင့်အရေးချိုးဖောက်မူနဲ့ ပတ်သက်ပြီးတော့ ခုမှ မဟုတ်ပါဘူး။အဆင့်ဆင့် အချက်အလက်တွေနဲ့စာတွေ တင်ပြီး တိုင်ကြားခဲ့ပါတယ်။ယခင် စစ်အစိုးရ လက်ထက်မှာလည်း တိုင်ကြားစာကြီးပဲ ၃၀ကျော် ရှိပါတယ်။အခု သမ္မတ လက်ထက်မှာလည်း တိုင်ကြားစာ ၂၀ကျော်ရှိပါပြီ။ဒါပေမယ့် ဥပဒေရဲ့ နားတွေဟာ အခုချိန်ထိ မကြားသေးပါဘူး။ကျွန်မတို့ တိုင်ကြားတဲ့ စာတွေအပေါ်မှာ မှားတယ် မှန်တယ် ဆိုတဲ့ အချက်နှစ်ချက်ပဲ ရှိပါတယ်။မှားတယ်ဆိုရင် သူတို့ဥပဒေအရ အရေးယူလို့ရပါတယ်။ဒါပေမယ့် အခုချိန်ထိ အရေးမယူခဲ့ပါဘူး။ဆိုလိုတဲ့ သဘောက ကျွန်မတို့ စဉ်ဆက်မပြတ် တင်ပြခဲ့တဲ့ တိုင်ကြားခဲ့တဲ့ အပေါ်နိုင်ငံတော်က အရေး မယူတာဖြစ်ပါတယ်”ဟူ မဌေးဌေးမှ ပြန်လည်ဖြေကြားခဲ့သည်။

    P2040218

    “အခုဒီကိစ္စကို နိုင်ငံတော်နှင့် အဖွဲ့အစည်းအားလုံးက မလုပ်ပေးဘူးဆိုရင် ခင်ဗျားတို့အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ကော်မရှင်နှင့် နိုင်ငံတကာ တရားရုံးကို တိုင်ဖို့ရှိပါသလား”ဟု ဦးစိုမြင့်ဝင်း၏ မေးခွန်းကို – “နောက်ဆုံးအဆင့် တရားဥပဒေဘောင်အတွင်းမှ ဒီနိုင်ငံမှာရှိတဲ့ တရားရုံးများမှ တိုင်ကြားချက်တွေအပေါ် ကျွန်မတို့အတွက် ဘာမှမထူးခြားလာဘူးဆိုရင် ကျွန်မတို့အနေနဲ့ အပြည်ပြည်ဆိုင်ရာအထိ တက်ဖို့ရှိပါတယ်။ ကျေးဇူးတင်ပါတယ် ရှင်” ဟု ကိုဖြိုးဝေအောင်၏ ဇနီးမဌေးဌေးမှ ပြန်လည်ဖြေကြားခဲ့သည်။

    မင်းသိန်းထွန်း (နိုင်/ကျဉ်း) မှ “ကိုဖြိုးဝေအောင်နဲ့ပတ်သက်ပြီ ကိုထက်ဝေအောင်မှ အချက်အလက်တွေ တင်ပြသွားတယ်။ ဒီပါဝင်ပတ်သက်မှုမှာ ရဲချုပ်ခင်ရီပါတယ်။ အစိုးရကိုယ်တိုင် တရားစီရင်ရေး ဥပဒေပြုရေးတွေကိုပါ အလွဲသုံးစားလုပ်သလိုပေါက်နေတယ်။ အချက်အလက်တွေ ဒီလောက် တိကျခိုင်မာစွာ တင်ပြထားတာကို နိုင်ငံတော် ကိုယ်တိုင်က အရေးမယူနိုင်ဘူး ဆိုတဲ့နေရာမှာ ဘာကြောင့် ဒီနိုင်ငံရဲ့ တရားစီရင်ရေးက မှန်ကန်တဲ့ အမှုမဖြစ်နိုင်အောင် မလုပ်ပေးနိုင်တာလဲ။ ဘယ်လိုအားနည်းချက်များ ရှိနေတယ်လို့ မဌေးဌေးအနေနဲ့ ထင်ပါသလဲ ဟုမေးကြားချက်အပေါ် ကိုဝေဖြိုးအောင်၏ ဇနီးမှ “၂၀၁၀ ဧပြီ X2O သင်္ကြန်ဗုံးဆိုတာ အားလုံးသိတဲ့အတိုင်း အဲဒီ မဏ္ဏပ်ပိုင်ရှင်ဟာ ဖိုးလပြည့်ပါ အရင် စစ်အစိုးရ ဗိုလ်ချုပ်မှူးကြီး သန်းရွှေရဲ့ မြေး မဏ္ဏပ် ဖြစ်ပါတယ်။ အဲဒီမဏ္ဍပ်မှာ ဗုံးပေါက်ကွဲမှုဖြစ်ပါတယ်။ လူတွေအများကြီး သေကြပါတယ်။ ဒီဗုံးပေါက်ကွဲမှု ရဲ့ နောက်ကွယ်ဖြစ်စဉ် အတွက် တရားခံ တစ်ယောက် သို့မဟုတ် လူတစ်စု အသည်းအသန် လိုအပ်လာပါတယ်။ လိုအပ်လာတဲ့အပေါ်မှာ ရွေးချယ်မှုပြုလုပ်ခဲ့ပါတယ်။ အဲဒီရွေးချယ်မှုမှာ လူအများအပြားနဲ့အတူ ကျွန်မအမျိုးသားပါ ပါဝင်ခဲ့ပါတယ်။ အဲဒီထဲမှာ ကျွန်မအမျိုးသားဟာ သူရဇော် ဆိုတဲ့ ပုဂ္ဂိလ်နဲ့ ဆက်နွယ်ပြီး ဗုံးဖောက်ခွဲသူတွေကို အားပေးကူညီတယ် ဆိုပြီး ကျွန်မအမျိုးသား ရွေးချယ်ခံရပါတယ်။ ရဲချုပ်ခင်ရီက ကမ္ဘာသိ နိုင်ငံသိ သတင်းစာရှင်းလင်းပွဲ လုပ်လိုက်ပါတယ်။ အဲလို လုပ်လိုက်တဲ့အပေါ်မှာ အရာအားလုံးပြီးဆုံးသွားပါပြီ။ ကျွန်မတို့ကြုံရမယ့် အခက်အခဲကိုလည်း သိလိုက်ပါပြီ။ ဒီဖြစ်စဉ်ရဲ့ ပတ်သက်မှုဟာ ဘယ်လောက်ကြီးလဲဆိုတာ အထူးပြောစရာ မလိုဘူးလို့ထင်ပါတယ်။ ဒီမဏ္ဏပ်ဟာ ဦးသန်းရွှေရဲ့ မြေး မဏ္ဍပ်ဖြစ်နေလို့ပါ။ အဲဒီအတွက် ရဲချုပ်ခင်ရီက တရားခံလို့ လုပ်ထားတဲ့ ကျွန်မ ခင်ပွန်းသည် အတွက်  ရသင့်ရထိုက်တဲ့ အခွင့်အရေးတွေ အားလုံးဟာ တားဆီ ပိတ်ဆို့မှုတွေ အများကြီးနဲ့ လုပ်ကိုလုပ်ရမယ်ဆိုတဲ့ မူကိုချပြီး လုပ်တာကို ကျွန်မတို့ ခံရတာဖြစ်ပါတယ်” ဟု ပြန်လည်ဖြေကြားခဲ့သည်။

    ကိုဖြိုးဝေအောင်၏  X2O ဗုံးပေါက်ကွဲမှုတွင် မကျူးလွန်ကြောင်း ပေါ်ပေါက်နေသော တရားလိုသက်သေချက်များ စာတမ်းနိဂုံး၌ “မြန်မာနိုင်ငံရှိ ရဲတပ်ဖွဲ့ဝင်တွေရဲ့ တရားဥပဒေမဲ့ ဖမ်းဆီးမှု၊ မတရားမှု၊ ညှင်းပန်းမှု၊ လူ့အခွင့်အရေး ချိုးဖောက်မှု၊ ယုတ်မာကောက်ကျစ်စွာ အမှုဆင်မှုတွေ ရှိတယ် ရှိခဲ့တယ် ဆိုတာကို တရားသူကြီးတွေရဲ့ ဘယာအဂတိ ဘယ်လောက်ထိ ဆိုးဝါးခဲ့တယ်၊ အခြေခံ တရားမျှတမှုတောင် ဘယ်လောက်ထိ ကင်းမဲ့ခဲ့တယ်ဆိုတာကို ကျွန်တော်ဟာ ကျွန်တော့်ဘ၀ တစ်ခုလုံးနဲ့  ရင်းပြီး မှတ်တမ်းတင်ခဲ့ပါတယ်။ ကျွန်တော့်ရဲ့ တရားမျှတမှု ဖြူစင်မှုအတွက်လည်း ဆက်လက်တိုက်သွားပါဦးမှာ ဖြစ်ပါတယ်” ဟုသူ မကွယ်လွန်မှီ ၂၈၊၈၊၂၀၁၂ နေ့က သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန်အတွက် သူကိုယ်တိုင် ဆေးရုံတွင် ပြင်ဆင်ခဲ့သော စာတမ်းများမှ သိရသည်။

  • ဆင်းရဲသားများ အတွက် ချီကာကိုမြိုမှ မွတ်စလင်များ၏ လူမှုကူညီရေး လုပ်ဆောင်မှုများ

    IMAN.jpg1.jpg2.jpg3ကိုင်ရို။ ။ ပိုမိုကောင်းမွန်သော ဘ၀တည်ဆောက်ရန် ဘာသာတရားက မောင်းနှင်ပေးခြင်းကြောင့်၊ ချီကာဂိုရှိ မွတ်စလင် စေတနာ့ဝန်ထမ်းများက ဆင်းရဲသော အမေရိကန်များအတွက် လူမှုရေးကူညီရေး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိသည်။

    “အလှူဒါနပြုခြင်းဟာ ကျနော်တို့သာသနာရဲ့ အစိတ်အပိုင်းတစ်ခုပါ။” ဟု Inner-City Muslim Action Network (IMAN) အဖွဲ့၏ အဖွဲ့ဝင်ဖြစ်သူ ဒေါက်တာ Adiba Khan က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

    မွတ်စလင် အန်ဂျီအို အဖွဲ့များမှ စေတနာ့ဝန်ထမ်းများက ချီကာဂိုမြို့ရှိ ဆင်းရဲသော အိမ်နီးချင်းများ၏ လူနေမှုဘ၀ တိုးတက်စေရန်အတွက် ကူညီလုပ်ဆောင်လျက်ရှိသည်။

    IMAN မှာ ထို အန်ဂျီအို အဖွဲ့များထဲမှ တစ်ဖွဲ့ဖြစ်ပြီး ဆင်းရဲသောသူများအတွက် ကျန်းမာရေးကူညီစောင့်ရှောက်မှုများ လုပ်ဆောင်ရန် အခမဲ့ဆေးပေးခန်းတစ်ခု ဖွင့်လှစ်ပေးခဲ့သည်။

    “စောင့်ရှောက်မှုလုပ်ငန်းရဲ့ အရည်အသွေးကတော့ အံ့မခန်းပါပဲ။ ဆရာဝန်က သိပ်ကို နားလည်မှုရှိပါတယ်။” ဟု သွေးဖိအား ပြဿနာကြောင့် ဆရာဝန်ပြသရန်စောင့်ဆိုင်းနေသည့် လူနာ Yolanda Voss က ဆိုသည်။

    IMAN အဖွဲ့ကို အသက် ၄၀ အရွယ်ရှိ မွတ်စလင်တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သူ Rami Nashashibi က ဖွဲ့စည်းခဲ့ပြီး ချီကာဂိုမြို့ရှိ အကျဉ်သားဟောင်းများအတွက် အလုပ်အကိုင်များ၊ နေရာထိုင်ခင်းများ ရရှိအောင်လည်း ကူညီဆောင်ရွက်ပေးလေသည်။ ၎င်းအပြင် မွတ်စလင်များအား အနုပညာ၊ လူမှုရေးကူညီမှုလုပ်ငန်းများနှင့် ဆယ်သွယ်ဆောင်ရွက်နိုင်ရန်အတွက် ကဗျာရွတ်ဆိုပွဲများ၊ မြို့တွင်းဈေးရောင်းပွဲတော်များကိုလည်း ကျင်းပပေးခဲ့သည်။

    အခြား မွတ်စလင်အန်ဂျီအိုအဖွဲ့တစ်ခုဖြစ်သည့် Council for the Advancement of Muslim Professionals (မွတ်စလင် အတတ်ပညာရှင်များ တိုးတက်ရေးကောင်စီ) ကလည်း ထိုကဲ့သို့ ကူညီမှုများကို ဆောင်ရွက်လေသည်။ အဆိုပါကောင်စီမှာ နွေဦးကာလရောက်တိုင်း အီလီနွိုက်စ် ပြည်နယ်လွှတ်တော် အဆောက်အအုံတွင် မွတ်စလင်လူငယ်များ စုရုံကား နိုင်ငံရေးဆွေးနွေးပွဲများ ကျင်းပပြုလုပ်လေ့ရှိကြသည်။

    ချီကာဂိုမြို့တွင် မွတ်စလင်ဦးရေ ၄ သိန်းခန့်ရှိကာ နိုင်ငံအတွင်း အကြီးဆုံးမွတ်စလင် လူ့အဖွဲ့အစည်းဖြစ်ပြီး အမေရိကန်နိုင်ငံရှိ အစ္စလာမ်ဘာသာဝင်ဦးရေမှာ ၆ သန်းမှ ၈ သန်းအထိ ရှိသည်။

    မွတ်စလင် တက်ကြွလှုပ်ရှားသူများ တိုးတက်လာခြင်းမှာ အမေရိကန်နိုင်ငံအတွင်း အစ္စလာမ့်ပုံရိပ် အစစ်အမှန်ကို ရောင်ပြန်ဟပ်စေသည်ဟု လေ့လာစောင့်ကြည့်သူများက ယူဆကြသည်။

    နိုင်ငံတစ်ဝှမ်း ကွန်ယက်ဖွဲ့ထားသည့် လူငယ် တက်ကြွလှုပ်ရှားသူများ ဦးဆောင်သည့် မွတ်စလင် ကူညီစောင့်ရှောက်ရေး အဖွဲ့အစည်းများ တစ်ဟုတ်ထိုး တိုးတက်လာခြင်းက “ယခုလက်ရှိ အမေရိကမှ အစ္စလာမ်သာသနာ၏ အရေးအကြီးဆုံး မှတ်တမ်းပင်ဖြစ်သည်”ဟု ကောလိပ်အခြေပြု Interfaith Youth Core အဖွဲ့ကို ဖွဲ့စည်းတည်ထောင်သူ Eboo Patel က ၀ါရှင်တန်ပို့စ်သတင်းစာသို့ ပြောကြားခဲ့သည်။

    ဟားဗတ် ခရစ်ယာန်ဓမ္မ သင်တန်းကျောင်း၏ ဌာနမှူးဟောင်းဖြစ်သူ Jane I. Smith ကလည်း “နေရာတော်တော်များများမှာ ဒီလို ကောင်းမွန်တဲ့ကိစ္စတွေ ဖြစ်နေပါတယ်။ ဒါပေမယ့် ကျနော့်အနေနဲ့ကတော့ ချီကာဂိုဟာ အမျိုးအစား အားလုံး ရှိနေတဲ့ နေရာလို့ ထင်မိပါတယ်။ ကျောထောက်နောက်ခံ ပေါင်းစုံက ကိုယ်စားပြုတဲ့သူတွေရှိတယ်။ ပြီးတော့ အစ္စလာမ်ကို ချဉ်းကပ်ရာမှာ နည်းလမ်း မျိုးစုံလည်း ရှိပါတယ်။” ဟု ဆိုသည်။

    IMAN နှင့် အခြားမွတ်စလင် အန်ဂျီအို အဖွဲ့များ၏ အောင်မြင်မှုများမှာ မွတ်စလင် တက်ကြွလှုပ်ရှားသူများကို အားကျစေခဲ့ပြီး ဒက်ထရွိုက်၊ အတ္တလန်တာ၊ နယူးယောက်နှင့် ၀ါရှင်တန်ဒီစီမြို့များအပါအ၀င် အခြားမြို့ကြီးများတွင်လည်း ထိုကဲ့သို့ ဆောင်ရွက်မှုများ ပြုလုပ်ခဲ့ကြသည်။

    ချီကာဂိုမြို့ရှိ မွတ်စလင် တက်ကြွလှုပ်ရှားများ၏ အားထုတ်မှုများမှာ လူမှုရေး ဘက်တွင်သာမကဘဲ သာသနာရေးနှင့်ပက်သက်၍ နားလည်မှုလွဲမှားခြင်းအား ဖြေရှင်းမှုများကိုလည်း ချဲ့ထွင်လုပ်ဆောင်ခဲ့ကြသည်။

    မကြာသေးမှီကပင် မွတ်စလင် အများစု သက်ဝင်ယုံကြည်၊ လိုက်နာကြသည့် ဂျီဟာဒ်၏ အဓိပ္ပါယ်အစစ်အမှန်ကို ရှင်းပြသည့် လှုပ်ရှားမှုတစ်ကိုလည်း ပြုလုပ်ခဲ့သည်။ နောက်ပိုင်းတွင် အဆိုပါလှုပ်ရှားမှုမှာ ဆန်ဖရန်စစ္စကို မြို့နှင့် ၀ါရှန်တန်ဒီစီ မြို့များသို့ ပျံနှံသွားခဲ့သည်။

    မကြာသေးမီက ကောက်ယူခဲ့သော မှတ်တမ်းများအရ အမေရိကန်နိုင်ငံသား အများစုမှာ အစ္စလာမ်ဘာသာနှင့် အစ္စလာမ်ဘာသာဝင်များ၏ အကြောင်းကို အနည်းငယ်မျှသာ သိရှိသည်ဟု သိရသည်။ လူထုဆန္ဒကောက်ယူ စစ်ဆေးရာတွင် အမေရိကန်မွတ်စလင် အများစုမှာ တိုင်းပြည်ကိုချစ်သူများ၊ တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိသူများ၊ ၎င်းတို့၏ အနာဂတ်နှင့် ပတ်သက်၍ အကောင်းမြင်သူများဖြစ်သည်ဟု တွေ့ရှိရလေသည်။

    source:onislam.net

  • တောင်စွန်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ ဖြစ်ပေါ်နေ

    တောင်စွန်း တွင် ဘာသာရေး အဓိကရုဏ်း ဖြစ်ပေါ်စေရန် လုပ်ကြံဖန်တီး လှုံ့ဆော်မှုများ ဖြစ်ပေါ်နေ

    M-Media
    နေသစ်ထွန်း

    ဘီးလင်းမြို့နယ် တောင်စွန်းကျေးရွာတွင် တရားပွဲအမည်ခံ အဓိကရုဏ်းလှုံဆော်ရေးဟောကြားမှုများ ၁၃ရက် ဆက် တိုက်ကျင်းပခဲ့ပြီးနောက် အစ္စလာမ် ဘာသာဝင်များအပေါ်ရန်လိုမှု ၊ ပဋိပက္ခဖြစ်ပေါ်စေရန် အကွက်ချ ဖန်တီးမှု တစ်ရပ် ဖြစ်ပေါ်ခဲ့သည်။ “ ဇန်န၀ါရီလ မှာ ၉၆၉ မိတ်ဆက်ပွဲကို ဘုန်းကြီးငါးပါး နဲ့ ကျင်းပတယ်။ အဲဒါပြီးနောက် တောင် စွန်းက လူငယ်တွေ အဖွဲ့ဖွဲ့ပြီး မွတ်စလင် ဆိုင်တွေမှာ ဈေးမ၀ယ်ရေး ၊ ဆက်ဆံရေး မလုပ်ရေး စတာတွေ ကို လိုက်လံ လှုံ့ဆော် ပါတယ်။ ဇန်န၀ါရီ ၂၄ရက်နေ့ကစတင်ပြီး ၁၃ရက်ဆက်တိုက် တရားပွဲလုပ်တယ်။ အဲဒီတရားပွဲမှာ သိမ်ဇရပ်က ဆရာ တော် ဦးပညာဝရ က ရခိုင်ကိစ္စတွေ ၊ အစ္စလာမ် ဘာသာ နဲ့ ပတ်သက်လို့ ဆိုးဆိုးဝါးဝါး တိုက်ခိုက် ဟောပြော ခဲ့တယ်။ ” ဟု တောင်စွန်းမြို့ခံ တစ်ဦးက ပြောပါသည်။

    ယင်းတရားပွဲများ ကျင်းပပြုလုပ်ခဲ့ပြီးနောက် အစ္စလာမ်နှင့် ဗုဒ္ဓဘာသာဝင်များအကြား အထင်အမြင်လွဲမှားမှု ဖြစ်ပေါ်စေရန် ရည်ရွယ်၍  လုပ်ကြံဖန်တီးမှု တစ်ရပ်ဖြစ်ပွား ခဲ့ကြောင်းသိရသည်။

    “ကုလားဗလီကျောင်း အိမ်သာမှာ ဗုဒ္ဓဘာသာ သင်္ကေတ ၉၆၉ ကို ကုလားဗလီ ကျောင်းအိမ်သာ မှာ ရိုင်းရိုင်းစိုင်းစိုင်း ရေးထားတယ်လို့ ဖေဖော်ဝါရီ ၇ ရက်နေ့မနက်မှာ မမှန် သတင်းလွင့်တယ်။ ဒီတော့ မြို့ခံတွေလည်း စုရုံး ၊စုရုံးဖြစ်ကုန်ကြ တယ်။ တကယ် တော့ အဲဒီစာကို ဗလီ မဒ်ရဆာ ကျောင်းအိမ်သာမှာ ရေးထား တာမဟုတ်ပဲ ဗလီနားက မွတ်စလင် အိမ် တစ်အိမ်ရဲ့ အိမ်သာမှာ ရေးထားတာကို တွေ့ တယ်။ ဒါနဲ့ ရဲတွေက အဲဒါကို ဓါတ်ပုံရိုက် ၊ မှတ်တမ်း တင်ပြီး အိမ်ပိုင်ရှင် မွတ်စလင်ကောင်လေး ကိုခေါ်စစ်တယ်။ နောက် တော့ ပြန်လွတ်ပေးလိုက်တယ်။ မွတ်စလင် ကောင်လေးက အဲဒါကို သူလုပ်တာမဟုတ် ဘူး။  အဲဒီစာကို တွေ့ တာက လည်း မနက် အစောကြီး ဗုဒ္ဓ ဘာသာကောင်လေး တစ်ယောက် တွေ့ တာပါ။  မြို့ခံ တွေကတော့ မွတ်စလင် နဲ့ ဗုဒ္ဓ ဘာသာအကြား ပဋိပက္ခဖြစ်အောင် ဒီလိုမျိုး အကွက်ချစီစဉ်တာဆိုတာ သိ နေကြတယ်။ ”ဟု ၄င်းမြို့ခံ ကပြောပါသည်။

    ပြီးခဲ့သည့် ၂၀၁၂ နှစ် တန်ဆောင်တိုင်လပြည့်နေတွင်လည်း ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာတွင် အလားတူ မမှန် သတင်း ထုတ်လွင့်မှု တစ်ရပ်ဖြစ်ပွားခဲ့သည်။ ဘုန်းတော်ကြီးကျောင်းတွင် ဆွမ်းဘုန်းရန် စီစဉ်ထားသော အိုးခွက်ပန်းကန် များကို မွတ်စလင်တစ်ဦးမှ ပစ်ခွဲသွားသည်ဟု လုပ်ကြံသတင်းလွင့်ခဲ့သည်။ ယင်းကိစ္စအား နှင်းပုလဲ နှင့် ဘီးလင်း အခြေစိုက် နယ်မြေခံ ရဲတပ်ဖွဲ့မှ အချိန်မှီဖြေရှင်းပေးခဲ့ရကြောင်းသိရသည်။

  • ရခိုင်ရောက် MSF ခြိမ်းခြောက်ခံရ

    ဖေဖော်ဝါရီ ၇ ၊ ၂၀၁၃
    VOA

    4
    ဟော်လန် နိုင်ငံ အခြေစိုက် INGO တစ်ခုဖြစ်သော နယ်စည်းမခြား ဆရာဝန်များအဖွဲ့
    (AZG)က ရခိုင်ပြည်နယ် စစ်တွေမြို့ မိဇံရပ်ကွက်တွင် အသစ်ဖွင့်လှစ်မည့် ရှုခင်း သာ ဆေးခန်းကို ရခိုင်လူမျိုးများ ၂၀၁၂ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ နံနက် ၉နာရီတွင် ကန့်ကွက်နေစဉ်။ (ဓါတ်ပုံ The Voice)

    ရခိုင်ပြည်နယ်ထဲမှာရှိတဲ့ ဒုက္ခသည်တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုကို အကူအညီပေးနေတဲ့ MSF လို့ခေါ်တဲ့ နယ်စည်းမထား ဆရာဝန်များ အဖွဲ့က လုပ်ငန်းဆောင်ရွက်တဲ့နေရာမှာ အခက်အခဲတွေနဲ့ ကြုံနေရတာကြောင့် အစိုးရကရော ပြည်သူလူထုကပါ ၀ိုင်းဝန်းကူညီကြပါရန် တိုက်တွန်းလိုက်ပါတယ်။  ရခိုင်ဒေသခံလူတချို့က MSF ၀န်ထမ်းတွေကို ခြိမ်းချောက်တာ၊ ရန်လိုတာ၊ ဘက်လိုက်တယ်လို့ စွပ်စွဲတာ စသဖြင့် နှောက်ယှက်ခံနေရတာကြောင့် အရေးပေါ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းတွေ အဆင်မပြေဖြစ်နေရတယ်လို့ MSF ရဲ့ မြန်မာပြည်ရုံးအကြီးအကဲ Peter Paul de Groote က ဒီကနေ့ပြောဆိုလိုက်ပါတယ်။  ဒေါ်ခင်စိုးဝင်းကပြောပြပေးမှာပါ။

    MSF ခေါ်နယ်စည်းမထား ဆရာဝန်များအဖွဲ့ဟာ ရခိုင်ပြည်နယ်အတွင်း Mobile Clinic လို့ခေါ်တဲ့ နယ်လှည့်ဆေးခန်း ၂၀ကျော်နဲ့ ဒုက္ခသည်တွေရဲ့ ကျမ်းမာရေးကို ပံ့ပိုးပေးနေတာဖြစ်ပါတယ်။ အဲ့ဒီ့နယ်လှည့်ဆေးခန်းတွေနဲ့ မူစလင်ဒုက္ခသည်စခန်း ၁၅ခုနဲ့ ရခိုင်ဒုက္ခသည် စခန်း ၅ခုကို အကူအညီပေးနေတာပါ။ ဒီနယ်လှည့်ဆေးခန်းတွေမှာ တာဝန်ထမ်းဆောင်နေကြတဲ့ ဆရာဝန်တွေ၊ သူနာပြုတွေ၊ ကျမ်းမာရေးဝန်ထမ်းတွေရဲ့ လတ်တလောရင်ဆိုင်နေရတဲ့ အခြေအနေနဲ့ပတ်သက်လို့  MSF ရဲ့ မြန်မာနိုင်ငံရုံး အကြီးအကဲ Peter Paul de Groote က VOA ကို အခုလိုပြောပြပါတယ်။

    “ကံမကောင်း အကြောင်းမလှဘူးလို့ဘဲ ပြောရမှာပါ။ လူနည်းနည်းဘဲပါပေမယ့်လည်း အသိုင်းအ၀ိုင်းမှာ သြဇာရှိတဲ့ လူတစ်ချို့ရဲ့ ခြိမ်းခြောက်အကျပ်ကိုင်တာတွေကို ကျနော်တို့ရဲ့ ၀န်ထမ်းတွေ ရင်ဆိုင်နေကြရပါတယ်။ ကျန်းမာရေးအကူအညီ လိုအပ်နေတဲ့ လူတွေဆီကို ကျွန်တော်တို့ ၀န်ထမ်းတွေ အရောက်သွားနိုင်ဖို့ အခက်အခဲတွေ အများကြီးနဲ့ ကြုံနေရပါတယ်။”

    ဒီလိုအခက်အခဲတွေနဲ့ရင်ဆိုင်နေရတာတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေကို အကြောင်းကြားပေမဲ့ ထိထိရောက်ရောက် အကူအညီတွေ မပေးနိုင်တာတွေကိုလည်း Mr Groote က အခုလိုရှင်းပြပါတယ်။

    “ကျွန်တော်တို့ ဒီလိုအခက်အခဲတွေ့တိုင်းမှာ ဒေသခံ အာဏာပိုင်တွေကို အကူအညီတောင်းပါတယ်။ ပြည်နယ်အဆင့်၊ နေပြည်တော် အဆင့်ထိတောင် ကျွန်တော်တို့ ပန်ကြားနေပါတယ်။ သူတို့အားလုံးကလည်း ပူးပေါင်းပံ့ပိုး ပေးနေတာပါပဲ။ ဒါပေမဲ့ ကျွန်တော် မေတ္တာရပ်ခံချင်တာကတော့ ကျွန်တော်တို့ရဲ့ လုပ်ငန်းတွေ ထိရောက်အောင် လူသိရှင်ကြား အကူအညီပေးဖို့ပါ။ MSF တစ်ဖွဲ့တည်းအတွက် မဟုတ်ပါဘူး။ တခြားလူမှုရေးအကူအညီပေးနေတဲ့ အဖွဲ့ တွေအတွက်လည်း အကျိုးရှိမှာပါ။ အခုတွေ့နေရတာက တကယ့်လက်တွေ့မှာ လိုအပ်ချက်နဲ့ ကျွန်တော်တို့ ပံ့ပိုးပေးနိုင်တဲ့ အကူအညီက သိပ်ကိုကွာဟနေတာပါပဲ။ ဒါကို ပြေလည်အောင် အစိုးရက အကူအညီပေးဖို့ လိုပါတယ်။”

    ရခိုင်ပြည်နယ်မှာ လူမျိုးရေးအကြမ်းဖက်မှုတွေဖြစ်ပွားပြီးနောက်ပိုင်း လက်ကမ်းစာစောင်တွေနဲ့တမျိုး၊ လူမှုကွန်ရက်တွေကတဆင့် ဘက်လိုက်တယ်လို့ စွတ်စွဲပြောဆိုနေ တာတွေကြောင့် နိုင်ငံတော် အစိုးရကရော၊ ပြည်သူလူထုကပါ ဝိုင်းဝန်း ကူညီပံ့ပိုးပေးဖို့လိုပါတယ်လို့ Mr Groote က ပြောပါတယ်။

    “ကျနော်တို့ MSF ဆိုတာဟာ သီးခြားလွတ်လပ်တဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။ ဘယ်လိုပဋိပက္ခမျိုးမှာ မဆို ဘယ်ဖက်ကမှ မလိုက်ဘဲ မျှမျှတတ ကြားနေ ရပ်တည်တဲ့အဖွဲ့ ဖြစ်ပါတယ်။ ဒါကြောင့် လူထုရဲ့ အကူအညီလည်း လိုအပ်ပါတယ်။ ရှင်းရှင်းပြောရ ရင်တော့ အကူအညီ အပူတပြင်း လိုအပ်နေတဲ့ လူတွေ ရှိနေတဲ့အတွက် သူတို့ဆီ အရောက်သွားပြီး အကူအညီပေးနိုင်ဖို့ အစိုးရကိုမေတ္တာ ရပ်ခံနေတာဖြစ်ပါတယ်။”

    ရခိုင်ပြည်နယ်မှာ ၂၀၁၂ခုနှစ် ဇွန်လကဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူပေါင်း ခုနှစ်သောင်းခွဲ အိုးအိမ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသလို၊ အောက်တိုဘာလမှ ထပ်မံဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုကြောင့် လူလေးသောင်းခန့်ဟာလည်း ယာယီစခန်းတွေမှာ ခိုလှုံနေကြရတယ်လို့ MSFရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

  • သမိုင်းဟူသည် ဤသို့တည်-၉ [“ဒါကာ” နှင့် “ဓားကာ” အလွဲ- လူတို့သဘာဝ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    “ဒါကာ” နှင့် “ဓားကာ”

    စာမျက်နှာ (၅၃) မှာရေးထားတာကတော့မဂိုဘုရင်ဩရန်ဇစ်မင်းကရခိုင်ဘုရင်တွေပိုင်တဲ့ ဒါကာ မြို့ကို မကြာခဏဝင်ရောက် ကျူးကျော်လေ့ရှိပြီး ရခိုင်တွေက ဓားကိုင်ကာကွယ်ခဲ့တဲ့ အတွက်အဲဒီမြို့ ကို ဓားကာ လို့ခေါ်တွင်ခဲ့ရပါတယ်တဲ့။ အလွဲကြီး မှားနေပြန်ပါတယ်။

    ပထမ အလွဲအမှားကြီးကတော့- ဩရန်ဇစ်မင်းဟာ ဒါကာမြို့ကို ဘယ်တုန်းကမှ မကျူးကျော်ခဲ့ပါဘူး။ ဘာကြောင့်လဲဆိုရင် ဩရန်ဇစ်မင်း မတိုင်ခင်ကတည်းကိုက ဒါကာ ဟာ မဂိုမင်းလက် အောက်မှာ ရှိခဲ့လို့ပါဘဲ။ ဒါကာ ဒေသဟာ ရခိုင်ဘုရင်တွေ လက်ထဲရှိခဲ့တာက ဟိုးပဝေသဏီကပါ။ ရခိုင်ဘုရင်တွေလက်ထဲကနေ အေဒီ ၉ ရာစုမှာ ဟိန္ဒူသေနမင်းတွေ လက်ထဲရောက်၊ သေနမင်း တွေ လက်ထဲကနေ ဘင်္ဂလားဘုရင်တွေ (Delhi Sultanate) လက်ထဲရောက်၊အဲဒီကမှ တစ်ခါ အေဒီ ၁၆၀၈ မှာ မဂိုဘုရင်တွေ လက်ထဲရောက်ခဲ့ တာပါ။ မဂိုဘုရင်တွေက ရခိုင်တွေဆီကနေ တိုက်ရိုက် သိမ်းပိုက်ခဲ့တာလည်းမဟုတ် ပါဘူး။  (ကိုးကား- South Asia: Eastern Himalayan Culture, Ecology and People, Hasna Jasimuddin Moudud. Encyclopaedia of Bangladesh, Nagendra K. Singh. Encyclopaedia of the Muslim World, Taru Bahl & M.H. Syed.)

    အဲဒီ အချိန်က မဂိုမင်းလက်အောက်မှာရှိတဲ့ ဘင်္ဂလားနယ်တွေကို ရခိုင် ဘုရင်တွေက သာလျှင် မကြာခဏ ကျူးကျော် သိမ်းပိုက်လေ့ရှိပါတယ်။ မြောက်ဦး ဘုရင် မင်းခမောင်းဟာ ပေါ်တူဂီတွေနဲ့ ပေါင်းပြီး မဂိုမင်းပိုင် ဘင်္ဂလားနယ်တွေကို ကျူးကျော်တိုက်ခိုက်၊တွေ့သမျှ လူတွေကို ဖမ်းဆီးပြီး ဒတ်ခ်ျတွေထံကျွန်အဖြစ်ရောင်းစားခဲ့တာဖြစ်ပါတယ်။ အဲဒီလို ကျူးကျော်ရင်း မင်းခမောင်းဟာ အဲဒီ အချိန်ကမဂိုမင်းတွေပိုင်တဲ့ ဒါကာ မြို့ကို တောင် သိမ်းပိုက်ခဲ့တာဖြစ်ပါတယ်။ ဒီအကြောင်းတွေ ဟာ Ohio University မဟာ ကျောင်းသား Michael W. Charney ကသူ့ရဲ့ မဟာ ဝိဇ္ဇာဘွဲ့ အတွက် ၁၉၉၃ မှာ ပြုစုခဲ့တဲ့ Arakan, Min Yazagyi, and the Portuguese: The Relationship Between the Growth of Arakanese Imperial Power and Portuguese Mercenaries on the Fringe of Mainland Southeast Asia 1517-1617 မှာအကျယ်တဝင့်ပါရှိပါတယ်။

    ရခိုင်ဘုရင်တွေ ကျူးကျော်သိမ်းပိုက်ထား တဲ့ မဂိုပိုင် “ဒါကာ” မြို့ကိုဩရန်ဇစ်မင်းက ပြန်လည် တိုက်ခိုက် သိမ်းယူခြင်းသာဖြစ်ပါလိမ့်မယ်။ ဒါကာ ရဲ့ ရာဇဝင် သမိုင်းကြောင်း သိချင်ရင်၊ မ “အ” ချင်ရင် B.C Allen ရဲ့ Eastern Bengal District Gazetteers: Dacca (၁၉၁၂) ကိုဖတ်ကြည့်ပါလို့ အကြံပေးလိုပါတယ်ခင်ဗျား။

    ဒုတိယ အလွဲအမှားကြီးကတော့- ရခိုင်တွေက ဓားကိုင်ကာကွယ်ခဲ့လို့ ဓားကာ လို့ခေါ်ရင်း ဒါကာ ဖြစ်လာတယ်ဆိုတဲ့ အချက်ပါ။ အဲဒီအဆိုဟာ ပါးစပ် ရာဇဝင်သာဖြစ်ပါ လိမ့်မယ်။ ဘာကြောင့် လဲဆိုရင်”ဒါကာ” ဆိုတဲ့ အမည်ဟာ ဟိန္ဒူနတ်ဘုရားဒေဝီ Dhakeshwari ကို အစွဲပြုဆင်း သက်လာတယ်လို့အချို့ပညာရှင်တွေက ယူဆသလို၊ “ဒါကာ” ဆိုတာ အဲဒီဒေသမှာအမြောက်အများ ရှိတဲ့ “ဒဟ်က်” လို့ ခေါ်တဲ့ အပင် (သိပ္ပံအမည်-Butea Frandosa) ကို အစွဲပြု ဆင်းသက်တာလို့ အချို့ ပညာရှင်တွေက ဆိုကြပါတယ်။ အချို့ ပညာရှင်တွေကတော့ “ဒဟ်က်”ဆိုတာ ဘင်ဂါလီဘာသာ စကားနဲ့ “ဗုံကြီး” ကိုခေါ်တာဖြစ်ပြီး၊ အေဒီ ၁၆၀၈ မှာ မဂိုမင်းရဲ့ ဘုရင်ခံ Shaikh Alauddin Islam Khan က အဲဒီမြို့ကို မဂိုအင်ပါယာရဲ့မြို့တော်အဖြစ်ကြေညာပြီး နယ်နိမိတ်ကိုဗုံကြီးတွေတီးသတ်မှတ် ရာကနေ “ဒါကာ” မြို့လို့ ခေါ်တွင်ခဲ့တာဖြစ်ကြောင်းဆိုကြပါတယ်။ ဘယ်လိုဘဲ ဆိုကြပါစေ၊ သေချာတာကတော့ “ဒါကာ” ဆိုတာ”ဓားကာ” ကနေဆင်းသက်တာမဟုတ်ပါဘူး။ ရှေးခေတ်က မြို့တွေရွာတွေကို ခုခံ ကာကွယ်ရင် ဓား၊ လှံတို့ကို အသုံးပြုရတာပါ။ အဲဒီလို အသုံးပြုရတိုင်းသာ မြို့တွေ ရွာတွေကို အမည် ပေးရရင်ဖြင့် မြန်မာပြည်ကမြို့တိုင်းရွာတိုင်းနီးနီးရဲ့ အမည်ဟာ “ဓားကာ”၊”လှံကာ” တွေဖြစ်ကုန်မှာ ပေါ့။ သမိုင်းကို သမိုင်းလို ရေးရပါတယ်၊ မှတ်တမ်းတင်ရပါတယ်။ ပါးစပ်ရာဇဝင်တွေ၊ လျှာပေါ်လာ တောင်စဉ်ရေ မရတွေလျှောက်ရေးရင် သမိုင်းတွေပျက်ကုန်မှာပါ။ (ကိုးကား-Dacca- a record of Its Changing Fortunes, Dr Ahmed Hasan Dani)

    လူတို့သဘာဝ

    ရခိုင်ပြည်နယ်မောင်းတော ၊ ဘူးသီးတောင်မြို့တွေမှာ ဒေသခံတိုင်းရင်းသား အစ္စလာမ်ဘာသာဝင်တွေရှိသလို ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေလည်းရှိနိုင်ပါတယ်။ ဘင်္ဂလားဒေ့ရှ်ဘက်ကို ခိုးဝင်ပြီး အခြေချနေထိုင်နေတဲ့ ဗုဒ္ဓဘာသာဝင်တွေလည်း အများကြီးရှိပါတယ်။ တစ်ဖက်နဲ့တစ်ဖက်ခိုးဝင်တယ် ဆိုတာက နယ်စပ်ချင်း ထိစပ်နေတဲ့နေရာတွေရဲ့ သဘာဝပါဘဲ။မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်းထိစပ်နေတဲ့ ထိုင်းနိုင်ငံဖက်ကို ခိုးဝင်ပြီး အခြေချနေထိုင်နေတဲ့မြန်မာတွေရှိသလို၊မြန်မာနိုင်ငံနဲ့နယ်စပ်ခြင်း ထိစပ်နေတဲ့ တရုတ်နိုင်ငံ၊ အိန္ဒိယနိုင်ငံဖက်ကို ခိုးဝင်ပြီး ရေကြည်ရာမြက်နုရာ အခြေချနေတဲ့ မြန်မာတွေလည်း ဒုနဲ့ဒေးပါ။ မြန်မာနိုင်ငံနဲ့နယ်ချင်း မထိတဲ့ မလေးရှားတို့ စင်ကာပူတို့ အထိတောင် ရောက်အောင်ခိုးဝင်ပြီး အလုပ်လုပ်ကိုင်နေထိုင်သူမြန်မာ လူမျိုးတွေ တစ်ပုံတစ်ပင်ပါ။ ဒါတွေဟာ သက်ဆိုင်ရာနိုင်ငံ အာဏာပိုင်တွေက မိမိတို့ရဲ့နယ်စပ်တွေနဲ့ပတ်သက်ပြီး ကိုင်တွယ်ပုံနဲ့ဘဲဆိုင်ပါတယ်။ လူတွေရဲ့သဘာဝကိုက ရေကြည်ရာအရပ်ကို ရှာဖွေနေထိုင် တတ်တာပါ။ မြန်မာစကားမှာ စကားပုံတောင်ရှိပါတယ်၊ “တစ်ရွာမပြောင်းသူကောင်းမဖြစ်” ဆိုပြီး။

    ဒေသတစ်ခုမှာ ဗုဒ္ဓဘာသာများလာရင်စေတီပုထိုး ဘုန်းကြီးကျောင်းဆောက်လာကြမှာပါ။ဒေသ တစ်ခုမှာ ခရစ်ယျာန် ဘာသာဝင်များလာရင် ခရစ်ယျာန်ဘုရား ရှိခိုးကျောင်းတွေဆောက်လာမှာပါ။ ဒေသတစ်ခုမှာ မွတ်စ်လင်မ်များလာလို့ ဗလီဝတ်ကျောင်းတွေဆောက်ချင်တာ၊ဆောက်ခဲ့တာဟာ သမိုင်းစာအုပ်လို့အမည်ခံထားတဲ့ စာအုပ်မျိုးမှာ အထူးတလည်ရေးပြနေစရာ မလိုဘူးလို့မြင်ပါတယ်။မြန်မာနိုင်ငံ အနှံ့အပြားမှာ ခရစ်ယျာန်ဘုရားကျောင်းတွေလည်းအများကြီးပါ။ ဟိန္ဒူဘုရားကျောင်း တွေလည်း အများကြီးပါ။ ဗလီကြီးတွေ ဟီးနေအောင်ဆောက်တယ်ဆိုတာက ဘာသာတရားအပေါ် ထားတဲ့စေတနာပေါ့ခင်ဗျာ။ အဲလို ဟီးနေအောင်ဆောက်တော့လည်း မနာလိုစိတ်ရှိသူ လူဆိုးတွေက ဖျက်လိုဖျက်စီးလုပ်ကြပါရော။

    ဆက်ရန်- သမိုင်းဟူသည်ဤသို့တည် [မွတ်စ်လင်မ်ဆိုတာလူမျိုးလား-မြန်မာနိုင်ငံ နှင့် မွတ်စ်လင်မ်]

    1

    Dacca sandar lain