News @ M-Media

Blog

  • မ.မ.လ အဖွဲ့ချူပ်မှ စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဖေဖော်ဝါရီ ၅ ၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    sar so taw nae

    စာဆိုတော်နေ့ အထိမ်းအမှတ်အဖြစ် စာပေဟောပြောပွဲအခမ်းအနားတစ်ရပ်ကို မ.မ.လ  (မြန်မာ မွတ်စလင်မ် လူငယ်များ – ဘာသာရေး)အဖွဲ့မှ ကျင်းပပြုလုပ်မည်ဟု သတင်းရရှိပါသည်။

    ယင်း စာပေဟောပြောပွဲအား ဖေဖော်ဝါရီလ ၁၂-ရက် (ပြည်ထောင်စုနေ့)နေ့လည် (၁း၃၀)နာရီတွင် ဟာဂျီမဒေါ်ချိုခန်းမ၊ မ.မ.လ ဌာနချုပ်၊ အမှတ်(၁၉၄/၁၉၆)၊ ဗိုလ်ဆွန်ပက်လမ်း၊ ရန်ကုန်တွင် ကျင်းပပြုလုပ်မည်ဖြစ်ပြီး စိတ်ပါဝင်စားသူများ တက်ရောက်နိုင်ကြောင်း သိရသည်။

    စာဆိုတော်နေ့အထိမ်းအမှတ် စာပေဟောပြောပွဲတွင် မွတ်စလင်မ် စာဆိုတော်များ၏ အထ္ထုပ္ပတ္တိကို ပြောကြားဖတ်ကြားမှာဖြစ်ပြီး စာဆိုတော်များ၏ အကြောင်းကို လက်ဆင့်ကမ်း မျှဝေသိစေလို၍ ရည်ရွယ်ကျင်းပပြုလုပ်ခြင်းဖြစ်ကြောင်း သိရပါသည်။

  • အီရန်မှ ပြည်တွင်းဖြစ် ကိုယ်ပျောက် လေယာဉ်သစ် ထုတ်ဖော်ပြသ

    ဖေဖော်ဝါရီ ၂ ရက်၊ ၂၀၁၃
    M-Media

    iranအီရန်နိုင်ငံက ပြည်တွင်းဖြစ် စစ်ဘက်သုံးလေယာဉ်သစ်ကို ထုတ်ဖော်ပြသလိုက်ပြီး အဆိုပါလေယာဉ်မှာ ရေဒါကို ရှောင်ကွင်းနိုင်သည်ဟု တာဝန်ရှိသူများက ပြောကြားသည်။ လူတစ်ယောက်သာ မောင်းနှင်နိုင်ပြီး Qaher F313 (Dominant F313) ဟု ခေါ်သည့် ထိုလေယာဉ်မှာ ၂၀၀၇ ခုနှစ်ကတည်းက အီရန်စစ်တပ်မှ ထုတ်လုပ်ခဲ့သည့် Azarakhsh (Lightning) ဂျက်လေယာဉ်နောက်ပိုင်း အသစ်လွင်ဆုံး ဒီဇိုင်းဖြင့် ပြုလုပ်ထားခြင်းဖြစ်သည်။

    အီရန်သမ္မတ Mahmoud Ahmedinejad ကမူ ကမ္ဘာ့ခေတ်အမီဆုံး ဂျက်လေယာဉ်များ၏ ကောင်းမွန်သည့် အသွင်သဏ္ဍာန် အားလုံးနီးပါး ပါဝင်သည်ဟုပြောကြားခဲ့ပြီး အီရန်တပ်မတော်၏ စစ်အင်အားဖွံ့ဖြိုးတိုးတက်မှုမှာ ကျူးကျော်မှုကို ဟန့်တားရေးနှင့် ကာကွယ်ရေးအတွက်သာ ဖြစ်သည်ဟု ဆိုသည်။

    စနေနေ့က ကျင်းပခဲ့သည့် လေယာဉ်သစ်ပြသခြင်း အခမ်းအနားကို နိုင်ငံပိုင်ရုပ်သံမှ ထုတ်လွှင့်တင်ဆက်ခဲ့သည်။ အခမ်းအနားတွင် သမ္မတ Ahmadinejad က အဆိုပါလေယာဉ်မှာ ကမ္ဘာ့ အဆန်းပြားဆုံး တိုက်လေယာဉ်များထဲမှ တစ်စီးအဖြစ် သတ်မှတ်ပြောဆိုခဲ့သည်။

    http://youtu.be/8onZPKYS_tk

    ကိုယ်ထည်မှာ သံမဏိဖြင့်ပြုလုပ်ထားပြီး မီးခိုးရောင်ရှိသည့် ထိုလေယာဉ်ကို ခေတ်မီပစ္စည်းများဖြင့် တည်ဆောက်ထားပြီး ရေဒါဖြင့်ဖမ်းယူနိုင်မှု အနိမ့်ဆုံးတွင်ရှိသည်ဟု အီရန်ကာကွယ်ရေးဝန်ကြီး Ahmad Vahidi က ပြောကြားခဲ့သည်။

    အဆိုပါ တိုက်လေယာဉ်ပြသခြင်း အခမ်းအနားမှာ ၃၄နှစ်မြောက်အီရန် တော်လှန်ရေးနေ့နှင့်လည်း တိုက်ဆိုင်ခဲ့သည်။ ၁၉၇၉ ခုနှစ်တွင်ဖြစ်ပေါ်ခဲ့သော အီရန်တော်လှန်ရေးတွင် အမေရိကန် ကျောထောက်နောက်ခံပြုထားသည့် ရှားဘုရင် အစိုးရအား ဖြုတ်ချခဲ့ပြီး အစ္စလာမ့်မစ် အုပ်ချုပ်ရေးဖြင့် အစားထိုးခဲ့လေသည်။

    အီရန်နိုင်ငံသည် ယခုသီတင်းပတ်အတွင်း အာကာသထဲကို မျောက်ပါဝင်သည့် ယာဉ်ငယ်ကို  အောင်မြင်စွာ လွှတ်တင်နိုင်ခဲ့ကြောင်း ထုတ်ဖော်ပြောဆိုထားသည်။ ထိုယာဉ်ငယ်ကို ကီလိုမီတာ ၁၂၀ (၇၅ မိုင်) အထိရောက်ရှိနိုင်သည့် Pishgam ဒုံးကျည်ဖြင့် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    အနောက်နိုင်ငံများကမူ စိုးရိမ်ပူပန်မိကြောင်း ဖော်ပြခဲ့ကြပြီး အီရန်၏ အာကာသအစီအစဉ်မှာ နျူးကလီးယား ထိပ်ဖူးသယ်ဆောင်ရန် အသုံးပြုနိုင်သည့် တာဝေးပစ်ဒုံကျည်များပြုလုပ်ရန် ဆောင်ရွက်နေခြင်းဖြစ်သည်ဟု ပြောဆိုခဲ့သည်။

    နျူးကလီးယားလက်နက် ထုတ်လုပ်ရန်ကြိုးစားနေခြင်းနှင့် ပက်သက်၍ အီရန်နိုင်ငံက ငြင်းဆိုလိုက်ပြီး ၎င်း၏ နျူးကလီးယားအစီအစဉ်မှာ ငြိမ်းချမ်းရေးရည်ရွယ်ချက် တစ်ခုတည်းအတွက်သာဖြစ်သည်ဟု အခိုင်အမာပြောဆိုခဲ့သည်။

    Ref: BBC

  • ၁၉၈၉-ခုနှစ် သာယာဝတီထောင် Anti Labour တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားကျင်းပ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၃
    M-Media
    သတင်း – အမ်တူးအေ

    DSCN0133

    ရန်ကုန် ။     ။     ၁၉၈၉-ခုနှစ် သာယာဝတီအကျဉ်းထောင်၊ Anti Labour တိုက်ပွဲ အထိမ်းအမှတ် အခမ်းအနားတစ်ရပ်ကို ၂၀၁၃-ခု၊ ဖေဖော်ဝါရီလ ၁-ရက်နေ့က ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမတွင် နေ့လည် ၂-နာရီတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    ယင်းအခမ်းအနားကို Anti Labour အဖွဲ့မှ ဦးဆောင်ပြုလုပ်ခဲ့တာဖြစ်ပြီး နိုင်ငံရေး၊ လူမှုရေးအဖွဲ့အစည်းများမှ လူအင်အား ၆၀၀ ၀န်းကျင်တက်ရောက်ခဲ့ကြသည်။

    “ကိုလိုနီဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး သမိုင်း၌ဤကဲ့သို့ လှုပ်ရှားသည့် ရဟန်းရှင်လူ၊ကျောင်းသား ပြည်သူတို့အား မျိုးချစ်စိတ်ရှိသော သူများဟု ချီးမွမ်းခံရသော်လည်း ကိုယ့်တိုင်းပြည် ကိုယ့်အမျိုးသားအစိုးရ လက်ထက်များ၌ အလားတူ လှုပ်ရှားမှုများကို ဆူပူဆန့်ကျင်သူများဟု ကင်ပွန်းတပ်ခံရခြင်းမှာ ရင်နာဖွယ် အကောင်းဆုံး ဖြစ်ရပ်ဖြစ်ကြောင်း၊ ဤအချက်ကို အကောင်းဘက်သို့ ဦးတည်ပြောင်းလဲနေပါပြီဆိုသော လက်ရှိအစိုးရအနေဖြင့် အကောင်းဆုံး ရှုမြင်သုံးသပ်ပြီး ဒီမိုကရေစီစိန်ခေါ်တုန့်ပြန်မှု ဆန္ဒပြခြင်းများအပေါ် စဉ်းစားဆုံးဖြတ်ခြင်းဖြင့် အစိုးရကောင်းအဖွဲ့အဖြစ် ရပ်တည်ပေးပါ။” ဟု Anti Labour မှ ကိုတင်သန်းဦးမှ ပြောကြားသွားပါတယ်။

  • မွေးရာပါ နိုင်ငံသားများ အတွက် နိုင်ငံသား စိစစ်ရေးကတ်များ ထုတ်ပေးခြင်း

    ဖေဖော်ဝါရီ ၄၊ ၂၀၁၃
    M-Media
    အမ်တူးအေ

    ရန်ကုန် ။     ။မွေးရာပါ နိုင်ငံသားများအတွက် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးရာတွင် မိုးပွင့်စီမံချက်ဖြင့်နိုင်ငံတစ်ဝှမ်း ကွင်းဆင်းဆောင်ရွက်ပေးနေကြောင်း သတင်းရရှိပါသည်။

    မိုးပွင့်အဆင့်(၅)အား ၁.၄.၂၀၁၃ မှပြန်လည်စတင်ပြီး (၂)လကွင်းဆင်းကောက်ယူပြီး (၂)လမှာ မြို့နယ် လ၀ကရုံးများတွင် ဆောင်ရွက်ပေးမည့် စနစ်ဖြင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ သွေးနှောပြည်သူများအတွက် အခြေခံ မှတ်တမ်းများဖြင့် တိုက်ဆိုင်စိစစ်ရန် လိုအပ်မှုများကြောင့် မြို့နယ် ရုံးများတွင်သာ ဆောင်ရွက်ပေးနေကြောင်း သိရသည်။

    နိုင်ငံသားစိစစ်ရေးကတ်ရရှိရန်အတွက် (၂၈)ရက်သာ အများဆုံးအချိန်ကြာမြင့်ပြီး ကတ်အသစ်ပြုလုပ်မှုအတွက် ၆-ကျပ်၊ လဲလှယ်မှုအတွက် ၃-ကျပ်၊ မိတ္တူပြုလုပ်မှု အတွက် ၁၀-ကျပ်သာ ကုန်ကျပြီး အိမ်ထောင်စုလူဦးရေ စာရင်းကိုလည်း နေ့ချင်းပြီး အခမဲ့ ဆောင်ရွက်ပေးနေကြောင်း၊ နိုင်ငံသားစိစစ်ရေး ကတ်ပြုလုပ်ရန်အတွက် ဓါတ်ပုံ(၃)ပုံ၊ သွေးစစ်ချက်၊ အိမ်ထောင်စု စာရင်းမိတ္တူ၊ မိဘနှစ်ပါး၏ နိုင်ငံသားကတ်ဆောင် လက်မှတ်မိတ္တူ၊ ရဲစခန်းနှင့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးထောက်ခံချက်တို့ လိုအပ်ကြောင်း၊ ယင်းလိုအပ်ချက်များ အတွက် ကုန်ကျစရိတ်သည် ပြင်ပတွင်ပေးချေရသည့် စရိတ်ဖြစ်သည့်အတွက် နိုင်ငံသားကတ်ပြုလုပ်ပေးမည့် ကုန်ကျစရိတ် (၆-ကျပ်၊ ၃-ကျပ်၊ ၁၀-ကျပ်)တို့နှင့် ရောထွေးမှု မဖြစ်စေလိုကြောင်းလည်း သိရသည်။

    NRC News
    နိုင်ငံသား စိစစ်ရေးကတ်ထုတ်ပေးနေခြင်းနှင့်ပတ်သက်၍ ၂၀၁၃ ဖေဖော်ဝါရီလ ၁-ရက်နေ့ မြန်မာ့အလင်းသတင်းစာပါ ကြေညာချက်။

     နိုင်ငံတကာအလှူရှင်များ၏ ပူးပေါင်းကူညီမှုများဖြင့် ၁၁.၆.၂၀၁၂ ရက်နေ့မှစတင်ကာ ကရင်ပြည်နယ်တစ်ခုလုံးအတွက် ကတ်ပြားထုတ်ပေးပြီးသည်အထိ One Stop Service ဖြင့် အခမဲ့ကွင်းဆင်း ဆောင်ရွက်ပေးလျက်ရှိပြီး၊ ၂၀၁၃-ခုနှစ် မတ်လ ၁-ရက်နေ့မှလည်း စတင်ကာ ကယားပြည်နယ်တွင် (၈)မြို့နယ်၊ တနင်္သာရီတိုင်းဒေသကြီးတွင် (၁၁)မြို့နယ်၊ ပဲခူးတိုင်းဒေသကြီး (ကျောက်ကြီးမြို့နယ်၊ MPS၊ စီမံကိန်းနယ်မြေ) ပအို့စ်ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ(၃)မြို့နယ်နှင့် မြို့နယ်ခွဲ(၂)ခု၊ မွန်ပြည်နယ် (၇)မြို့နယ်တို့တွင်လည်း အလားတူ One Stop Service ဖြင့် အခမဲ့ ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံသိရှိရသည်။

    ယင်း နိုင်ငံသား စိစစ်ရေးကတ်များပြုလုပ်ရာတွင် ကိုယ်တိုင်ဆောင်ရွက်နိုင်ပြီး ကြားမှ ၀င်ရောက်ဆောင်ရွက်ပေးသူ ပွဲစားများ လုံးဝမလိုအပ်ကြောင်းနှင့် အသေးစိတ်သိရှိလိုပါက သက်ဆိုင်ရာမြို့နယ်ရုံးများတွင် စုံစမ်းမေးမြန်းနိုင်ပြီး၊ ကျေနပ်မှု မရှိလျှင် နေပြည်တော်ဦးစီး(ရုံးချုပ်)သို့ လူကိုယ်တိုင်ဖြစ်စေ၊ တိုင်ကြားသူ၏  လိပ်စာအပြည့်အစုံဖြင့် ဖုန်းနံပါတ် ၀၆၇-၄၃၁၀၁၆၊ ၀၆၇-၄၃၁၀၄၄ တို့သို့ တိုက်ရိုက်တိုင်ကြားနိုင်ကြောင်း သိရှိရပါသည်။

    ကိုးကား – ၁.၂.၂၀၁၃ စနေနေ့ထုတ် မြန်မာ့အလင်းသတင်းစာ

  • မဟာတမန်တော်နေ့ စီတန်းလှည့်လည်ပွဲ အခမ်းအနား မန္တလေးမြို့တွင် ကျင်းပ

    ဖေဖော်ဝါရီ ၃ ၊ ၂၀၁၃
    M-Media

    20
    ယနေ့ မန္တလေးမြို့တွင် မဟာတမန်တော်နေ့ အထိမ်းအမှတ် စီတန်းလှည့်လည်ပွဲတစ်ခုအား ဃရာနာ အစ္စလာမ်သာသနာ ပရမတ္တမိသားစု အဖွဲ့ကြီး နှင့် မန္တလေးမြို့လုံးဆိုင်ရာမဟာတမန်တော်နေ့ ကျင်းပရေးဗဟိုကော်မတီတို့ ပူပေါင်းကျင်းပခဲ့သည်။ အခမ်းအနားကြီးအား ၇၄လမ်း ၃၆*၃၇လမ်းကြား မဏ္ဍပ်မှ စတင်ထွက်ခွာခဲ့သည်။

    ယင်းစီတန်း လှည့်လည်ပွဲ အခမ်းအနားကို ၃၆လမ်း မှတဆင့် အနောက်သို့ဆင်းကာ ၇၈လမ်း ထို့နောက် ၃၅လမ်း ၊ မှတဆင့် ၇၃လမ်းအတိုင်း ပြန်ကာ ၇၄လမ်း မဏ္ဍာပ်ထိ တပတ်လှည့်လည် ကျင်းပခဲ့သည်။ အခမ်းအနားကျင်းပရာတွင် ဘင်ခရာ တပ်ဖွဲ့များ ပန်းပွားအက အဖွဲ့များနှင့် စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။ ထိုအခမ်းအနားတွင် ဃရာနာ အစ္စလာမ် သာသနာ ပရမထ္တမိသားစု အဖွဲ့ ကြီး နှင့် အတူ မန္တလေးမြို့လုံးဆိုင်ရာ မဟာတမန်တော်နေ့ ကျင်းပရေး ဗဟိုကော်မတီ ၊ စစ်ကိုင်းမြို့ တမန်တော်နေ့ ကျင်းပရေး ကော်မတီ ၊ အတ္တာစီယာ တွရီကာအဖွဲ့ ၊ ဆရာတော်ကြီး SA. Kotawal တည်ထောင်သော ပရမထ္တမဟာဝိပဿနာ အစ္စလာမ် သာသနာရေး အဖွဲ့၊ သျှီအာဂျမအတ်အဖွဲ့ အစရှိသော အဖွဲ့အများ တမန်တော်ချစ် အစ္စလာမ် အမျိုးသား အမျိုးသမီး စုစုပေါင်း အင်အားနှစ်သောင်းခန့် အင်တိုက်အားတိုက် ပါဝင်ဆင်နွဲခဲ့ကြောင်း သတင်းရရှိပါသည်။

    ထို့နောက် မဏ္ဍပ်တွင် ခလီဖွာ ဦးသိန်းဝင်းအောင် နှင့် ရန်ကုန်မြို့မှ ကြွရောက်လာသော မောင်လာနာ နဇီး တို့မှ တမန်တော်နေ့ ကျင်းပရခြင်း အကြောင်း အနည်းငယ်ဟောကြားပြီး အခမ်းအနားအား ဆုဒိုအာတောင်းကာ ရုပ်သိမ်းခဲ့သည်။

    ယနေ့ညပိုင်းတွင်လည်း ၄င်း မဏ္ဍပ်ကြီးတွင် ညပိုင်းတရားပွဲအခမ်းအနားကြီးအား စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်မည်ဟု သိရှိရပါသည်။

    19

    6
    Photo Bonny Bravo

     

    ဓါတ်ပုံများကြည့်ရန်။