News @ M-Media

Blog

  • ကိုဖြိုးဝေအောင် မတရား အပြစ်ဒဏ်ခံခဲ့ရမှု အတွက် သတင်းစာရှင်းလင်းပွဲ ပြုလုပ်မည်။

    ဇန်နဝါရီ ၃၁၊ ၂၀၁၃

    M-Media

    Press
    X2O ဗုံးပေါက်မှု မတရားစွပ်စွဲ အပြစ်ဒဏ်ခံခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့က ကွယ်လွန်သွားပြီဖြစ်သော ကိုဖြိုးဝေအောင်သည် အဆိုပါ ပြစ်မှု့တွင် အမှန်တကယ်ကျူးလွန်သူမဟုတ်ဘဲ အပြစ်ဒဏ်ခံခဲ့ကြောင်း သတင်းစာရှင်းလင်းပွဲတစ်ရပ်ကို ၂၀၁၃ ခုနှစ် ဖေဖော်ဝါရီလ ၄ ရက်နေ့ ညနေ ၄ နာရီမှာ ၆ နာရီအထိ ရန်ကုန်မြို့ ရွှေဂုံတိုင် တော်ဝင်နှင်းဆီ ခန်းမ တွင် ပြုလုပ်မှာ ဖြစ်ကြောင်းသိရပါတယ်။

    ၂၀၁၀ ခုနှစ် တွင် ဖြစ်ပွားခဲ့သော ရန်ကုန်မြို့ X2O ရေကစား မဏ္ဍာပ် ဗုံးပေါက်ကွဲမှုနဲ့ ပတ်သက်ပြီး မတရားစွပ်စွဲပြိး သေဒဏ်နဲ့ ထောင်ဒဏ် တစ်သက်တစ်ကျွန်း အပြစ်ဒဏ်ချမှတ်ခံရရာမှ ၂၀၁၂ခုနှစ် သြဂုတ်လ ၃ရက်နေ့တွင် နိုင်ငံတော်သမ္မတ အမိန့်ဖြင့် ပြန်လည် လွတ်မြောက်လာသော ကိုဖြိုးဝေအောင်ထောင်တွင်း၌ လုံလောက်သော ဆေးကုသမှုများမရှိခဲ့ကြောင့် အသည်းကင်ဆာနှင့် အခြားသော နောက်ဆက်တွဲ ရောဂါများခံစားခဲ့ရပြီး ၂၀၁၃ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မှာ ကွယ်လွန်ခဲ့ခြင်းဖြစ်ပါတယ်။

    ထောင်မှ ပြန်လွှတ်လာပြီး ၄င်းကိုယ်တိုင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရန် ဆန္ဒရှိသော်လည်း ပြုလုပ်နိုင်ခဲ့ခြင်းမရှိဘဲ ကွယ်လွန်ခဲ့ခြင်း ဖြစ်ပါတယ်။ ယခု သတင်းစာရှင်းလင်းပွဲကို မကွယ်လွန်ခင်က မှာကြားခဲ့ခြင်းအတိုင်း ကျန်ရစ်သူမိသားစုမှ ပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရှိရပါတယ်။

  • သီရိလင်္ကာတွင် မွတ်စလင် ဆန့်ကျင်မှုများ ရပ်တန့်ရန် သမ္မတမှ သံဃာများအား ပြောကြား

    ဇန်နဝါရီ ၂၈ ၊ ၂၀၁၃
    M-Media

    Sri Lanka President Slams Anti-Muslim Violence

    ကိုလံဘို ။            ။နိုင်ငံအတွင်းရှိ မွတ်စလင်လူ့အဖွဲ့အစည်းအား ဆန့်ကျင်တိုက်ခိုက်နေမှုကို ရပ်တန့်ရန် အားထုတ်မှုအဖြစ် သီရိလင်္ကာ သမ္မတ Mahinda Rajapakse က ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးများအားတွေ့ဆုံ၍ တိုင်းပြည်အတွင်း ဘာသာရေးမုန်းတီးမှု၊ အကြမ်းဖက်မှုများ လှုံ့ဆော်ခြင်းကို ရပ်တန့်ရန် လျှောက်ထားခဲ့သည်။

    “ဗုဒ္ဓသာသနာကို တည်တံ့ခိုင်မြဲအောင် လုပ်တာက ပြဿနာမရှိပါဘူး။ ဒါပေမယ့် တခြားဘာသာတရားတွေနဲ့ ပဋိပက္ခဖြစ်အောင် ဖန်တီးတာမျိုး မဟုတ်ဘဲ လုပ်ဆောင်သင့်ပါတယ်။”  ဟု သမ္မတ ပြောဆိုချက်ကို  ဇန်န၀ါရီ ၂၈ရက်၊ တနင်္လာနေ့က Nahar Net တွင် ဖော်ပြထားသည့် ကြေငြာချက်တွင် ဖော်ပြထားသည်။

    နိုင်ငံအတွင်းရှိ မွတ်စလင်များအား တိုက်ခိုက်မှုများကို ရပ်တန့်စေရန် နည်းလမ်းများနှင့်ပက်သက်၍ ဆွေးနွေးရန် သမ္မတနှင့် ဘုန်းတော်ကြီးများ တနင်္ဂနွေနေ့က အစည်းအဝေးပြုလုပ်ခဲ့ကြသည်။ မွတ်စလင်များကို ဦးဆောင်တိုက်ခိုက်သည်ဟု စွပ်စွဲခံထားရသည့် “Bodu Bala Sena” သို့မဟုတ် Buddhist Force ဟု အမည်ရသည့်အဖွဲ့မှ အဖွဲ့ဝင်များနှင့်လည်း တွေ့ဆုံခဲ့သည်။

    ထိုအဖွဲ့မှာ ဟလာလ် အသားများ ပိတ်ပင်ရန် လှုံ့ဆော်မှုတစ်ခုကို ပြုလုပ်ခဲ့ကြပြီး အစိုးရမှ ကာကွယ်နိုင်ခဲ့လေသည်။

    အဆိုပါအဖွဲ့ကမှု မွတ်စလင်များကို တိုက်ခိုက်ခြင်းနှင့်ပက်သက်၍ငြင်းဆိုထားပြီး အခြားအတုအယောင်အဖွဲ့များက ၎င်းတို့ဟန်ဆောင်ကာ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ကြေငြာချက်တွင် ဖော်ပြထားသည်။

    ပြီးခဲ့သည့် ဇွန်လက ဘုန်းတော်ကြီးအချို့ ဦးဆောင်သည့် လူပေါင်း ၂၀၀ခန့်ရှိသော ဆန္ဒပြသူများသည် ကိုလံဘိုမြို့ဆင်ခြေဖုံး Dehiwala အရပ်ရှိ အစ္စလာမ့်စင်တာသို့  လာရောက်ခဲ့ကြပြီး ကျောက်တုံးများ၊ အသားပုပ်များဖြင့် ဂိတ်ပေါက်ဝသို့ ပစ်ပေါက်ခဲ့ကြကာ ဗလီဝတ်ကျောင်းတော် ပိတ်ပစ်ရေးကို တောင်းဆိုသည့် ကြွေးကျော်သံများကိုလည်း ဟစ်အော်ခဲ့ကြသည်။

    ဧပြီလတွင်လည်း ဘုန်းတော်ကြီးအချို့က Dambulla ရွာရှိ မွတ်စလင်များ ၀တ်ပြုဆုတောင်းနေမှုကို နှောက်ယှက်ခဲ့ကြပြီး ၁၉၆၂ ခုနှစ်က တည်ဆောက်ခဲ့သော အဆိုပါ ဗလီဝတ်ကျောင်းတော်မှာ တရားမ၀င်ဟု ပြောဆိုခဲ့ကြသည်။ သီတင်းပါတ်အနည်းငယ်ကြာပြီးနောက် Kurunegala မြို့ရှိ မွတ်စလင်များကိုရည်ရွယ်၍ ၀တ်ပြုမှုပြုလုပ်ခြင်းများကို ရပ်တန့်ရန် တောင်းဆိုထားသည့် ခြိမ်းခြောက်စာတစ်စောင်ကိုလည်း ဘုန်းတော်ကြီးများက ရေးသားခဲ့ကြသေးသည်။

    စိတ်ဝမ်းကွဲခြင်း

    သီရိလင်္ကာမွတ်စလင်များအား တိုက်ခိုက်မှုများသည် နိုင်ငံအတွင်း စိုးရိမ်ပူပန်မှုများကို မြင့်တက်လာစေသည်။

    “အဲဒါဟာ တရားဥပဒေ ပျက်ပြားမှုပါ။ လူ့အဖွဲ့အစည်းတွေကြားမှာ စိတ်ဝမ်းကွဲမှုတွေကို ရည်ရွယ်ချက်ရှိရှိ ဖန်းတီးနေတဲ့ အုပ်စုတစ်ခု ရှိနေပါပြီ။”ဟု နိုင်ငံ၏ အဓိကအတိုက်အခံပါတီတစ်ခုဖြစ်သည့် United National Party မှ ပါလီမန်အမတ်ဖြစ်သူ Kabir Hashim က The Sunday Leader. သတင်းစာသို့ ပြောကြားခဲ့သည်။

    သီရိလင်္ကာ မွတ်စလင်ကောင်စီ ၏ ဥက္ကဌဖြစ်သူ N. M. Ameen ကလည်း ယင်းကိစ္စနှင့် ပတ်သက်၍ စိုးရိမ်မှုများ ရှိနေခဲ့ပြီး ဘုန်းတော်ကြီးများက အဆိုပါ ဆန္ဒပြမှုများမှာ ‘မွတ်စလင် အကြမ်းဖက်သမားများ’ဟု ခေါ်သူများအတွက်သာ ဖြစ်သည်ဟုကြွေးကြော်နေသော်လည်း သာမန်မွတ်စလင်များ အပေါ်သို့လည်း သက်ရောက်မှုများ ရှိနေသည်ဟု သူက ဆိုသည်။

    လွန်ခဲ့သည့် သီတင်းပတ်က မွတ်စလင်ရှေ့နေများသည် လူ့အဖွဲ့အစည်းအတွင်း တိုက်ခိုက်မှုများနှင့် ပက်သက်ပြီးဆွေနွေးရန်အတွက် အစည်းအဝေး တစ်ခုပြုလုပ်ရန် သမ္မတအား  ဆော်သြခဲ့လေသည်။

    အစိုပါကိစ္စကို စောင့်ကြည့်ရန် သမ္မတမှ ကော်မတီတစ်ရပ်ဖွဲ့စည်း ထားရှိပြီးပြီဟု Buddha Sasana and Religious Affairs  ၏ လက်ထောက်ဝန်ကြီး M. K. A. D. S Gunawardena က ဆိုသည်။

    “ဘယ်ဘာသာတရားကိုမှ စော်ကားတာကို အစိုးရက ခွင့်မပြုပါဘူး။ တစ်ခုခုဖြစ်လာမယ်ဆိုရင် ကျနော်တို့ ဥပဒေအတိုင်း ဆောင်ရွက်သွားပါမယ်။ ဘာသာတရားအားလုံးဟာ တူညီတဲ့အခွင့်အရေးတွေ ရှိကြပါတယ်။ ကော်မတီရဲ့ အကြံပြုချက်ကို အခြေခံပြီးတော့ ကျနော်တို့ ဒီကိစ္စကို ဆောင်ရွက်သွားမှာပါ။” ဟု The Sunday Leader သတင်းစာသို့ တနင်္လာနေ့က ပြောကြားခဲ့သည်။

    သို့ရာတွင် United National Party မှ ပါလီမန်အမတ် Hashim ကမူ သဘောတူခြင်းမရှိပေ။

    “အရင်ဦးဆုံး အစိုးရအနေနဲ့ ဒါတွေ(တိုက်ခိုက်မှု) ကို ရပ်တန့်ရပါမယ်။ အဲဒါ(ရပ်တန့်ဖို့) ကို လုပ်ဖို့ ပါလီမန်ကရွေးချယ်တဲ့ ကော်မတီမလိုပါဘူး။ အစိုးရက ပြဿနာကို ရင်ဆိုင်နေရာကနေ လမ်းကြာင်းပြောင်းသွားအောင် ကြိုးစားနေပုံရပါတယ်။” ဟု သူက ပြောကြားခဲ့သည်။
    မူးရ်(Moors) ဟု အမည်ရသည့် သီရိလင်္ကာ မွတ်စလင်များမှာ နိုင်ငံလူဦးရေ ၇၀ ရာခိုင်နှုန်းရှိသည့် ဆင်ဟာလီလူမျိုးနှင့်၊ ၁၂.၅ ရာခိုင်နှုန်းရှိသည့် တမီလ်လူမျိုးများ၏နောက် တတိယအကြီးဆုံး လူမျိုးစုဖြစ်သည်။ လူမျိုးစုပြဿနာများဖြစ်သည့် အခါတိုင်း ဗုဒ္ဓဘာသာဝင် လူများစုအကြား ပါဝင်ရန် အစိုးရအဆက်ဆက် ဖိအားများရှိနေခဲ့သည်ဟု လေ့လာသူများက ဆိုသည်။

    Ref:OnIslam

  • အဲယားပုဂံ ပျက်ကျသည့် ဓါတ်ပုံကို KIA မိုင်းခွဲ၍ ပျက်စီးသည့်ပုံဟု အစိုးရ သတင်းစာများ ဖော်ပြ

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၃
    M-Media

    မြန်မာအစိုးရပိုင် သတင်းစာများတွင် ဒီဇင်ဘာ ၂၅ ကဖြစ်ပျက်ခဲ့သည့် အဲယားပုဂံလေယာဉ် ပျက်ကျမှုကြောင့် မော်တော်ဆိုင်ကယ် တစ်စီး လဲကျ ပျက်စီးနေသည့်ပုံကို ဖြတ်ယူပြီး ကချင်ပြည်နယ်တွင် ကေအိုင်အေတို့၏ မိုင်းဆွဲတိုက်ခိုက်မှု သတင်း နံဘေးတွင် ပူးတွဲဖော်ပြခဲ့ကြောင်း မြန်မာတိုင်းမ်စ် က ဆိုသည်။

    ထိုပုံကို မြန်မာ့အလင်းသတင်းစာ၊ စာ-၉ ၌ ဇန်န၀ါရီ ၂၈ တွင် ဖော်ပြခဲ့ပြီး အင်္ဂလိပ်မူဖြင့်ထုတ်ဝေသည့် သတင်းစာတွင်ပါ ဖော်ပြထားကြောင်းသိရသည်။

    စာတစ်ပိုဒ်ထဲသာပါသော သတင်းဖော်ပြချက်တွင် ဓာတ်ပုံကို ထည့်သွင်းထားရာ ထိုဓာတ်ပုံအား “ကေအိုင်အေအဖွဲ့က မိုင်းဆွဲတိုက်ခိုက်၊ အပြစ်မဲ့အရပ်သား တစ်ဦးသေဆုံး”  ခေါင်းစဉ် တပ်ထားသည်။ ထိုသတင်း၌ပင်တွင် ဇန်န၀ါရီ ၂၇၊ နံနက်ပိုင်း ၁၀.၃၀ နာရီတွင် မြစ်ကြီးနားမှ ပူတာအိုသို့သွားသော မော်တော်ဆိုင်ကယ် ၃ စီးကို ကေအိုင်အေတို့ မိုင်းဆွဲ တိုက်ခိုက်သဖြင့်ပျက်စီးခဲ့ရကြောင်း ဖော်ပြထားသည်။

    အစိုးရသတင်းစာက မူလပုံ(အဲယားပုဂံလေယာဉ် ပျက်ကျသည့်ဖြစ်စဉ်) တွင်ပါရှိသည့် လူအများအပြား ၀ိုင်းအုံနေသည့် ဆိုင်ကယ်ဓာတ်ပုံ ၏ ဘေးအသားများကို ဖြတ်တောက် ထားသည်။ ယင်းမူရင်းပုံကိုလည်း ဒီဇင်ဘာ ၂၅ ရက်နေ့က မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ လေယာဉ်ပျက်ကျအပြီး အချိန်အနည်းငယ်အတွင်း ဟဲဟိုးလေဆိပ်၌ရိုက်ကူးခဲ့ခြင်းဖြစ်သည်။

    ယခုကဲ့သို့သောအဖြစ်အပျက်ကြောင့် နိုင်ငံပိုင်မီဒီယာများသည် အစိုးရ၏ ၀ါဒဖြန့်ချီမှု့ပြန့်ပွားစေရန် တဖက်တလမ်းမှ လက်ကိုင်တုတ်ဖြစ်နေသည်ဟု စွပ်စွဲမှုများအတွက် အထောက်အပံ့ဖြစ်နိုင်ကြောင်း၊ နိုင်ငံပိုင်မီဒီယာများသည် ကေအိုင်အေ၏ အရပ်ဘက် တိုက်ခိုက်မှု များနှင့် မြန်မာ့တပ်မတော် အားတိုက်ခိုက်နေမှုများ အကြောင်းတို့ကို ပုံမှန်ဖော်ပြနေကျဖြစ်ကြောင်း၊ သို့သော် တပ်မတော်၏ ထိုးစစ်များ အကြောင်းကိုမူ ဖော်ပြခြင်း မရှိကြောင်းဖြင့် မြန်မာတိုင်းမ်စ်က သုံးသပ်ထားသည်။

    ထိုသတင်းကို ကချင်စစ်ပွဲအရေးတွင် ပြည်တွင်းပြည်ပအသင်းအဖွဲ့များ၊ သံရုံးနှင့် မီဒီယာများက သတင်းမှားများဖြန့်ချိ နေသည်ဟု စွပ်စွဲဖော်ပြထား သည့် မြန်မာကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ဝေသော ကြေညာချက်ဖြန့်ချိသည့် ရက်စွဲ၌ပင် မြန်မာအစိုးပိုင် သတင်းစာက ဖော်ပြခဲ့ခြင်းဖြစ်ကြောင်း လည်း သိရသည်။

    new-light-jan-28
    ပြန်ကြားရေးဝန်ကြိးဌာနက ထုတ်ဝေတဲ့ ဇန်နဝါရီ ၂၈ ရက် ထုတ် the New Light of Myanmar သတင်းစာပါဖော်ပြချက်
    myanmartimes-659
    ဒီဇင်ဘာ ၂၅ ရက်နေ့က လေယာဉ်ပျက်ကျအပြီး အချိန်အနည်းငယ်အတွင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ဟဲဟိုးလေဆိပ်၌ရိုက်ကူးခဲ့သည့် ဓါတ်ပုံ

     

     မြန်မာ့အလင်းသတင်းစာ၊ စာ-၉ ၌
    ဇန်န၀ါရီ ၂၈ ထုတ် မြန်မာ့အလင်းသတင်းစာ၊ စာ-၉ တွင် ဖော်ပြထားပုံ
  • ရခိုင်ပြည်နယ် ဒုက္ခသည်များကို အမေရိကန်မှ နောက်ထပ် ဒေါ်လာ ၄.၂ သန်းလှူ

    ရခိုင်ပြည်နယ် ဒုက္ခသည်များကို အမေရိကန်မှ နောက်ထပ် ဒေါ်လာ ၄.၂ သန်းလှူ

    ဇန်နဝါရီ ၃၀ ၊ ၂၀၁၃
    M-Media

    ရခိုင်ပြည်နယ်တွင် အကြမ်းဖက်ခံရသူများအတွက် အမေရိကန်ပြည်ထောင်စုက နောက်ထပ် ဒေါ်လာ ၄.၂ သန်း ကူညီပေးကြောင်း ယနေ့ ဇန်ဝါရီ လ ၃၀ ရက်နေ့ နေ့စွဲဖြင့် ရန်ကုန်မြို့ရှိအမေရိကန် သံရုံးမှ ကြေငြာချက် တစောင်ထုတ်ပြန်လိုက်ပါတယ်။ အဆိုပါ အလှူငွေ ကို အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) က ပေးခြင်းဖြစ်ပြီး ၂၀၁၂ ခုနှစ် ဇွန်လမှ စပြီး ၇ခိုင်ပြည်နယ်သို့ အမေရိကန်နိုင်ငံက ပေးသည့် လှူဒါန်းငွေမှာ ဒေါ်လာ ၇.၂၉ သန်းရှိသွားပြီဖြစ်ကြောင်း ကြေငြာချက်မှာ ဖော်ပြပါရှိသည်။

    ယခုထပ်မံပေးအပ်သည့် အကူအညီကို ဒုက္ခသည် ၁၁၅၀၀၀ အတွက် ၂ လခွဲစာ စားသောက်ကုန်များ၊ ဒုက္ခသည်များလက်ထဲသို့ အသက်ကယ်အကူအညိများ ထိရောက်စွာဖြန့်ဖြူးနိုင်ဖို့ ထောက်ပံ့ပိုဆောင်ရေး၊ ပဋိပက္ခဒဏ်ခံ မိသားစု ၂၀၀၀ အတွက် အခြေခံ အိမ်ထောင်သုံးပစ္စည်းများ၊ အမျိုးသမီးနှင့် ကလေးများတကိုယ်ရေ သန့်ရှင်းရေး နည်းစဉ်မြှင့်တင်ရေး အကူအညီများပါရှိကြောင်း ကြေငြာချက်မှာ ဖော်ပြပါသည်။

    အဆိုပါအကူအညီများကို လူမျိုးဘာသာမခွဲခြားဘဲ ဒုက္ခရောက်နေသူ မည်သူကိုမဆို အစိုးရမဟုတ်တဲ့ နိုင်ငံတကာအဖွဲ့ ၄ဖွဲ့မှ တဆင့် ပေးပို့မည်ဖြစ်ကြောင်း ပါရှိသည်။

    5

    4
    အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ဒါရိုက်တာ Chris Milligan ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှု့စဉ်က
    1
    အမေရိကန် အပြည်ပြည်ဆိုင်ရာ ဖွံ့ဖြိုးရေး အေဂျင်စီ (USAID) မှ ဒါရိုက်တာ Chris Milligan ၂၀၁၂ ခုနှစ် နိုဝင်ဘာလက ဒုက္ခသည်စခန်းများကို သွားရောက်ကြည့်ရှု့စဉ်က
    3
    မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး Derek Mitchell ၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုစဉ်က
    4
    သြစတေးလျ သံအမတ်ကြီး Bronte Moules,ဗြိတိန်နိုင်ငံသံအမတ်ကြီး Andrew Heyn
    အမေရိကန် သံအမတ်ကြီး Derek Mitchell တို့၂၀၁၂ ခုနှစ် နိုဝင်ဘာလ အတွင်း ရခိုင်ပြည်နယ် ဒုက္ခသည်စခန်းမှ ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့စဉ်က

    Ref: U.S. Embassy Rangoon

  • အီရန်မှ အာကာသသို့ လွှတ်တင်သည့် မျောက်ပါဝင်သော ဒုံးပျံမြေပြင်သို့ အောင်မြင်စွာ ပြန်လည်ရောက်ရှိ

    ဇန်နဝါရီ ၂၈ ၊၂၀၁၃
    M-Media

    tahmasebi20130128222556037အီရန် အစ္စလာမ့်မစ် သမ္မတနိုင်ငံသည် မျောက်သတ္တ၀ါ ပါဝင်သည့် ယာဉ်ငယ်ကို အာကာသထဲသို့ လွှတ်တင်ခဲ့ကာဘေးအန္တရာယ် ကင်းစွာ ကမ္ဘာမြေပြင်သို့ပြန်လည် ဆင်းသက်နိုင်ခဲ့သည်။ ထိုယာဉ်ငယ်ကို Kavoshgar Pishgam (Pioneer Discoverer) အမည်ရှိသည့် ဒုံးပျံဖြင့် တနင်္လာနေ့က လွှတ်တင်ခဲ့ပြီး အမြင့်ပေ ၁၂၀ ကီလိုမီတာ အထိ ရောက်ရှိခဲ့သည်။

    “ဒီပရောဂျက်မှာ ကျနော်တို့ဟာ သက်ရှိသတ္တ၀ါဖြစ်တဲ့ မျောက်ကို အာကသထဲ လွှတ်ပါတယ်။ ဒီသတ္တ၀ါရဲ့ ဇီဝဖြစ်စဉ်ဟာ လူတဲ့ တော်တော်လေး တူပါတယ်။ ကျနော်တို့ ယာဉ်ငယ်ရဲ့အခြေအနေနဲ့ သက်ရှိထောက်ပံ့မှုစနစ်ကို စမ်းသပ်ဖို့ မျောက်ကိုအသုံးပြုတာပါ။ (မျောက်ထည့်ထားတဲ့) အခန်းကို အလုံပိတ်ထားတယ်။အောက်ဆီဂျင် ထုတ်လွှတ်ပေးပြီး ကာဗွန်ဒိုင်အောင်ဆိုဒ် စုပ်ယူတဲ့ ကိရိယာကို တပ်ဆင်ထားတယ်။ အရေးကြီးတဲ့ လက္ခဏာတွေအားလုံးကို ကမ္ဘာမြေပြင်ကနေ ဖမ်းယူထားပါတယ်။ ပြီးတော့ အဲဒီအခန်းထဲက ကင်မရာကလည်း အဖြစ်အပျက်တွေကို မှတ်တမ်းတင်ထားပါလိမ့်မယ်။ ” ဟု အီရန် အာကာသအေဂျင်စီ၏ ဒါရိုက်တာဖြစ်သူ Hamid Fazeli  က ဆိုသည်။

    အီရန်နိုင်ငံသည် ၂၀၀၉ ခုနှစ်က the Omid (Hope) ဟုခေါ်သည့် အီရန်နိုင်ငံလုပ် ဂြိုဟ်တုတစ်စင်းကို လွှတ်တင်ခဲ့ဖူးပြီး သက်ရှိသတ္တပါဝင်သည့် ပထမဦးဆုံး ယာဉ်ငယ်ကိုလည်း ကိုယ်ပိုင်လုပ် Kavoshgar-3 (Explorer-3) ဖြင့်ပင် ၂၀၁၀ ခုနှစ်က လွှတ်တင်ခဲ့သည်။

    အီရန်နိုင်ငံသည် ၁၉၅၉ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့သည့် ကုလသမ္မဂ္ဂ အာကာသဟင်းလင်းပြင် ငြိမ်းချမ်းစွာအသုံးပြုရေး ကော်မတီ၏ အဖွဲ့ဝင်၂၄ နိုင်ငံတွင်ပါဝင်သည့် နိုင်ငံလည်းဖြစ်သည်။

    NT/HGL

    http://www.youtube.com/watch?v=oQGGqGgpK5k

    Ref: Press TV