News @ M-Media

Blog

  • ဖြိုးဝေအောင်၏ပန်ကြားလွှာကို အာရှ လူ့အခွင့်အရေး ကော်မရှင်က လွှတ်တော်ကော်မတီ ၄ ခုသို့ပေးပို့

    ဇန်နဝါရီ ၁၇ ၊၂၀၁၃

    via myanmarij

    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသဲကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)
    ထောင်တွင်းနှိပ်စက်ခံရမှု ဒဏ်ရာများနှင့် လုံလောက်တဲ့ ဆေးကုသမှု့ မရခဲ့သဖြင့် အသည်းကင်ဆာနှင့် အခြားရောဂါများ ကြောင့် ကွယ်လွန်သွားခဲ့ပြီ ဖြစ်တဲ့ ကိုဖြိုးဝေအောင် (Photo DVB)

    ကွယ်လွန်သူ ကိုဖြိုးဝေအောင် ၏ ၂ဝ၁ဝ ဧပြီ မြန်မာ့ နှစ်သစ်ကူးပွဲတော် ဗုံးခွဲမှုနှင့် ပတ်သက်၍ မှားယွင်းစွာ စွပ်စွဲခံရမှု၊ ဖြောင့်ချက်ပေးရန် နှိပ်စက် ညှဉ်းပန်းခံရမှုနှင့် ရာဇဝတ်မှုဖြင့် မမှန်မကန်ပြစ်ဒဏ် ချမှတ်ခံရမှုကို ပြန်လည် စိစစ်သုံးသပ်၍ ပျက်ယွင်းခဲ့ရသော နာမည်ကို ရှင်းလင်းပေးရန် ပန်ကြားလွှာကို အလေးထား ဆောင်ရွက်ရေး အတွက် ဟောင်ကောင် အခြေစိုက် အာရှ လူ့အခွင့်အရေးကော်မရှင် ညွှန်ကြား ရေးမှူး ဘီဂျိုဖရန်စစ် ထံမှ ပြည်သူ့လွှတ်တော် တရားဥပဒေစိုးမိုးရေး နှင့် တည်ငြိမ်အေး ချမ်းရေး ကော်မတီ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်၊ ပြည်သူ့လွှတ်တော် တရားစီရင်ရေးနှင့် ဥပဒေရေးရာ ကော်မတီဥက္ကဋ္ဌ သူရ ဦးအောင်ကို၊ အမျိုးသားလွှတ်တော် တိုင်ကြားလွှာနှင့် အသနား ခံလွှာ ကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းနှင့် အမျိုးသား လွှတ်တော် နိုင်ငံသား အခွင့်အရေး၊ ဒီမိုကရေစီနှင့် လူ့အခွင့် အရေးကော်မတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်တို့ ထံသို့ အိတ်ဖွင့်ပေးစာ တစ်စောင်ပေးပို့ခဲ့သည်။

    အဆိုပါစာတွင် ၂ဝ၁၂ အောက်တိုဘာ ၉ ရက်တွင် ကိုဖြိုးဝေအောင်၏ အယူခံလွှာကို တရား လွှတ်တော်ချုပ် တရားသူကြီးများ ဖြစ်ကြသည့် ဦးမြင့်အောင်နှင့် ဦးမြင့်ဟန်တို့က ရှင်းလင်းမှု မရှိဘဲ ပယ်ချခဲ့ပြီး သေဒဏ်ကို အတည်ပြုခဲ့သဖြင့် ယင်းက လူကြီးမင်းတို့၏ ကော်မတီများထံ အကူအညီ တောင်းခံခဲ့ကြောင်း၊ မိမိအနေဖြင့် ပုဂ္ဂိုလ် ရေးအရ ကိုဖြိုးဝေအောင်နှင့် ၂ဝ၁၂ ဒီဇင်ဘာတွင် ဆေးရုံပေါ်၌ တွေ့ဆုံ ခဲ့ရာ မှားယွင်းစွာ ပြစ်ဒဏ် စီရင်ခံရမှုကို ရှိသမျှ ခွန်အားဖြင့် တိုက်ခိုက်၍ ပျက်စီးခဲ့ရသော မိသားစု ဘဝကို ပြန်လည် တည်ဆောက်ရန် ကြိုးစားရင်း ထိုစွပ်စွဲချက်များမှ သူ့နာမည်ကို ရှင်းလင်းပြီး မိသားစုအပေါ် ဖိစီးမှုကိုလည်း ဖယ်ရှားပစ်နိုင်ရန် မျှော်လင့်နေသော သူ့ကိုမြင်တွေ့ခဲ့ ရကြောင်း၊ သို့သော် သူ့အမည်ကို ရှင်းလင်း၍ မိသားစုကို ပုံမှန် ပျော်ရွှင်ဖွယ် ဘဝသို့ ပြန်လည် ရောက်ရှိအောင် မစွမ်းဆောင်နိုင်မီ တွင် ၂ဝ၁၃ ဇန်နဝါရီ ၄ ရက်က ကွယ်လွန်သွားခဲ့ရသည် ဟု ဝမ်းနည်း ကြေကွဲစွာ ကြားသိခဲ့ရကြောင်း ဖော် ပြထားသည်။

    ဆက်လက်ပြီး ကိုဖြိုးဝေအောင်နှင့် တွေ့ဆုံမှုအပြင်၊ လွန်ခဲ့သော သုံးနှစ်ကျော်ကာလအတွင်း အာရှ လူ့အခွင့်အရေး ကော်မရှင်က ဆောင် ရွက်ခဲ့သည့် မှတ်တမ်းမှတ်ရာ အများအပြားအရ သူ၏ အပြစ်ကင်းစင်မှု ကို တရားဝင် ရှင်းလင်း ဖော်ပြနိုင်ရုံသာမက၊ မြန်မာနိုင်ငံ အထူးသတင်း တပ်ဖွဲ့နှင့် တရားစီရင်ရေး ယန္တရား၏ လုပ်ရပ်များကိုလည်း အပြည့်အစုံ ထုတ်ဖော်နိုင်မည်ဟု မိမိယုံ ကြည်ကြောင်း၊ သူကွယ်လွန်သွား ခြင်းက သူ့အပေါ် ပြုလုပ်ခဲ့သော နှိပ်စက်ညှဉ်းပန်းမှု၊ နည်းမျိုးစုံဖြင့် အဖွဲ့အစည်းအလိုက် မတော်မတရား ပြုမူ ဆက်ဆံမှုအချက်အလက်များ ကို ပြောင်းလဲသွားစေမည်မဟုတ် ကြောင်း ရေးသား ထားသည်။

    ထို့ကြောင့် အမှုကို ပြန်လည် စစ်ဆေး၍ ကိုဖြိုးဝေအောင်အပေါ် ချမှတ်ခဲ့သော ရာဇဝတ်မှု ပြစ်ဒဏ်ကို ဖျက်သိမ်းရန် သူ့သေဆုံးမှု သာမက သူ့အပေါ် စွဲဆိုခဲ့သော အမှု ဖြစ်စဉ် တစ်လျှောက်တွင် သူ့မိသားစု အပေါ် ဖိစီးခဲ့သော ဆုံးရှုံးနစ်နာမှု များကိုပါ မျှတအောင်စီစဉ်ပေးရန်၊ ဤအမှုအတွင်း ကျူးလွန်ခဲ့သော လူ့ အခွင့်အရေး ချိုးဖောက်မှုများတွင် ပါဝင်ပတ်သက်သူအားလုံးကို စုံစမ်းစစ်ဆေးရန်၊ သက်ဆိုင်ရာ ကော်မတီများမှ ကိုင်တွယ် ဆောင်ရွက်ပေးပါ ရန် တိုက်တွန်း ရေးသားထားသည်။

    နိဂုံးချုပ်အနေဖြင့် ကိုဖြိုးဝေအောင်အတွက် တရားမျှတမှု ပြုလုပ်ရန် အခွင့်အရေးကို ယူပါရန်နှင့် သူ၏ လူကြီးမင်း တို့ထံ အကူအညီ တောင်းခံသော နောက်ဆုံးစာပါ အချက်အလက်များကို အလေးထား လေးစား ပါရန် မိမိတို့ တိုက်တွန်း အားပေးကြောင်း၊ မိမိတို့အနေဖြင့် လည်း ဤအမှုကို တရားနည်းလမ်း တကျ ဖြစ်စေရုံ သာမက မြန်မာနိုင်ငံ တွင် ဤကဲ့သို့သော နိုင်ထက်စီးနင်း ဖမ်းဆီးချုပ်နှောင်မှု၊ ညှဉ်းပန်းမှု၊ အဓမ္မ ဝန်ခံခိုင်းမှု၊ တရားစီရင်မှု ရေးရာ မဟုတ်မတရားပြုမှု၊ ကြံစည်မှု များကို အပြီးသတ် ချုပ်ငြိမ်းနိုင်ရေး အတွက် ဤအမှုကို ပြည်တွင်းရော နိုင်ငံတကာအတိုင်းအတာထိပါ ရောက်ရှိအောင် ဆက်လက်ကြိုးပမ်း ဆောင်ရွက် သွားမည်ဖြစ်ကြောင်း ဖော်ပြ ထားပါသည်။

    Ref: An Open Letter from the Asian Human Rights Commission to the chairpersons of four parliamentary committees. Asian Human Right Commission, Hong Kong

  • ရာဇ၀တ်မှုများ တိုးပွားလာခြင်းကို ထရီနီဒက် မွတ်စလင်များ ဆန့်ကျင်ဆန္ဒပြ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
    M-Media

    Trinidad Muslims March Against Crime

    ကိုင်ရို။ ။ ကာရစ်ဘီယံကျွန်းစု၏ တောင်ဘက်ပိုင်းကျသော ထရီနီဒက်နိုင်ငံရှိ မွတ်စလင်များကနိုင်ငံအတွင်း ရာဇ၀တ်မှုများမြင့်တက်လာမှုကို ဆန့်ကျင်သောအနေဖြင့် ချီတက် ဆန္ဒထုတ်ဖော်ခဲ့ကြပြီး ငြိမ်းချမ်းမှုနှင့် သဟဇာတဖြစ်စွာနေထိုင်ရန် ဘာသာအယူဝါဒ အားလုံးမှ ဘာသာဝင်များကို ဆော်သြခဲ့ကြသည်။

    “ကောင်းမှုတွေကို ပူးပေါင်းဆောက်ရွက်ဖို့နဲ့ မကောင်းမှုတွေ၊ အကျင့်ပျက်ချစားမှုတွေမှာ မပါဝင်ဖို့ အစ္စလာမ်က သွန်သင်ပါတယ်” ဟု Regional Council of the Anjuman Sunnat-ul Jamaat Association (ASJA) ၏ ဥက္ကဌဖြစ်သူ Imam Raffaic Mohamed က ထရီနီဒက်ဂါးဒီးယန်းသတင်းစာသို့ ဇန်န၀ါရီ ၂၂၊ အင်္ဂါနေ့က ပြောကြားခဲ့သည်။

    နိုင်ငံတောင်ဘက်ပိုင်းရှိ မွတ်စလင်များသည် ဗလီဝတ်ကျောင်းတော် ၁၀ခုတွင် စုဝေးခဲ့ပြီး San Fernando မြို့ Mucurapo လမ်းရှိ Jama ဗလီဝတ်ကျောင်းတော်မှ စတင် ချီတက်ခဲ့ကြခြင်းဖြစ်သည်။

    အဆိုပါ ချီတက်ဆန္ဒထုတ်ဖော်မှုကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး နိုင်ငံအတွင်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းကို သတိပေးရန် ရည်ရွယ်သည်ဟု Mohamed က ဆိုသည်။ ပိုမိုလုံခြုံသောနိုင်ငံဖြစ်လာရန်နှင့်၊ ရာဇ၀တ်မှုများကို ကိုင်တွယ်အရေးယူရန် မည်သည့်ဆောက်ရွက်မှုမျိုးကိုမဆို ထောက်ပံ့ပေးသွားမည်ဟုလည်း Mohamed က ထပ်လောင်း ပြောကြားသွားသည်။

    “ရာဇ၀တ်မှုတွေကို ရပ်တန့်စေဖို့ ဘယ်လို ဆောင်ရွက်မှုမျိုးကိုမဆို ကျနော် အားပေးပါတယ်။” ဟု သူက ဆိုသည်။

    ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံတစ်ဝှမ်းတွင်း ရာဇ၀တ်မှုများနှင့် ပတ်သက်သည့် လှုပ်ရှားဆောင်ရွက်မှုများမှာ ယခင်ကတည်းက ဖြစ်ပေါ်ခဲ့ပြီး ယခုအချိန်အထိ အငြင်းပွားဖွယ်ရာ ကဏ္ဍတစ်ခုအဖြစ် ရှိနေသည်။

    ဒုစရိုက်ဂိုဏ်းများ၏ တိုက်ခိုက်သတ်ဖြတ်မှုများမှာ ၁၉၉၉ နှစ်မှ ၂၀၀၈ ခုနှစ်အထိ နှစ်စဉ် တိုးပွားလျက်ရှိပြီး ၂၀၀၈ ခုနှစ်အတွင်း လူပေါင်း ၅၅၈ ဦး အသတ်ခံခဲ့ရကာ တစ်နှစ်အတွင်း အမြင့်ဆုံး ပမာဏဖြစ်ခဲ့သည်။

    ရဲတပ်ဖွဲ့ကမူ ရဲအရာရှိများ၏ လုပ်ငန်းတာဝန်များ တိုးမြှင့်ခြင်း၊ မှုခင်းဆေးပညာဆိုင်ရာ စစ်ဆေးမှုများ တိုးချဲ့အသုံးပြုခြင်း၊ CCTV ကင်မရာများ တိုးချဲ့တပ်ဆင်ခြင်း၊ ထိုနည်းတူစွာ နိုင်ငံရပ်ခြားမှ ပညာရှင်များအား ငှားရမ်းအသုံးပြုခြင်း စသည်တို့ကို လုပ်ဆောင်သွားမည်ဟု ထုတ်ပြန်ခဲ့သည်။

    အဆိုပါ ချီတက် ဆန္ဒထုတ်ဖော်မှုမှာ ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံရှိ အခြား ဘာသာဝင်အုပ်စုများအတွက် နမူနာတစ်ခုဖြစ်လာစေရန်နှင့် လူ့အဖွဲ့အစည်းအတွင်း ရဲတပ်ဖွဲ့က ရာဇ၀တ်မှုများကို ထိန်းချုပ်ရာ၌ အကူအညီပေးရန် ဆော်သြမှုတစ်ခုအဖြစ် မွတ်စလင်များက စီစဉ်ခဲ့ခြင်းဖြစ်သည်။

    “ဘာသာတရားအားလုံးက ခေါင်းဆောင်တွေ အတူတကွ လက်တွဲလုပ်ဆောင်ရပါမယ်။ ပြီးတော့ ကျနော်တို့အားလုံး အချင်းချင်း နားလည်မှုရှိဖို့လည်း လိုပါတယ်။” ဟု ASJA ၏ ဥက္ကဌဖြစ်သူ Mohamed က ဆိုသည်။

    ကာရစ်ဘီယံကျွန်းအတွင်း ရာဇ၀တ်မှုများ တိုးပွားလာခြင်းက လူအများကို ခြိမ်းခြောက်မှုများ ဖြစ်ပေါ်စေသည်ဟု သူက ဆိုသည်။

    ရာဇ၀တ်မှုတွေဖြစ်ပွားနေခြင်းဟာ လူသားအားလုံအတွက်ကောင်းတဲ့ အရာတော့မဟုတ်ပါဘူး။ ဘာသာရေးခေါင်းဆောင်တွေအဖြစ် ကျနော်တို့အနေနဲ့ လူတွေအပေါ်မှာ သြဇာ သက်ရောက်မှုရှိရမယ်။ ဘာ့ကြောင့်လဲဆိုတော့ ကျနော်တို့အားလုံးဟာ ဘုရားသခင်က ဖန်ဆင်းထားတဲ့သူတွေဖြစ်တယ်။ ဘုရားသခင်ရဲ့ အလိုတော်နဲ့အညီ ကျနော်တို့ နေထိုင်သွားရမယ်” ဟု သူကပြောကြားခဲ့သည်။

    ထရီနီဒက်နှင့် တိုဘာဂိုနိုင်ငံရှိ လူဦးရေ ၁ ဒသမ ၃ သန်း၏ ၅ ဒဿမ ၈ ရာခိုင်နှုန်းမှာ အစ္စလာမ်ဘာသာကို သက်ဝင်ယုံကြည်သူများဖြစ်ကြသည်။

    Ref : http://www.onislam.net

  • ကုရ်အာန်ကျမ်းတော် အာဂုံဆောင် တရုတ် မွတ်စလင်မ် အမျိုးသမီးငယ်များ

    ဇန်နဝါရီ ၂၃ ၊ ၂၀၁၃
    M-Media

    china girl

    လွန်ခဲ့သော နှစ်ပေါင်း ၁၄၀၀ ကတည်းက တရုတ်ပြည်မကြီးတွင် အစ္စလာမ်သာသနာဝင်၊ မွတ်စလင်များသည် တရုတ်လူမျိုးအသိုင်းအ၀န်းနှင့် သင့်တင့်လျောက်ပတ် ပနံသင့်စွာ နေထိုင်လာခဲ့ကြကြောင်း အချက်အလက်များအရ သိရပါသည်။

    ပုံတွင် တရုတ်ပြည်ရှိ ကုရ်အာန်ကျမ်းတော် အာဂုံဆောင် မွတ်စလင်မိန်းကလေးများကို ဖော်ပြထားပြီး ယင်းမိန်းကလေးများမှာ မိမိတို့၏ မိခင်ဘာသာစကားမဟုတ် သည့် အာရဗီဘာသာစကားဖြင့် ကုရ်အာန်ကျမ်းတော် တစ်အုပ်လုံးကို အလွတ်ကျက်မှတ်နိုင်ခဲ့ကြခြင်းဖြစ်သည်။

    ကုရ်အာန်ကျမ်းတော်ဆိုသည်မှာ အစ္စလာမ်သာသနာဝင် မွတ်စလင်တို့၏ ကျမ်းစာဖြစ်ပြီး တမန်တော်ချုပ်၊ မုဟမ္မဒ်သခင် (ငြိမ်းချမ်းခြင်း သန္တိသုခအပေါင်း ခညောင်းပါစေ) ထံတော်သို့ ၆၀၉ CE မှ ၆၃၂ CE ထိ ၂၃ နှစ်တိုင်တိုင် ပို့ချပေးသနားခြင်းခံရသည်ဟု မွတ်စလင်တို့က ယုံကြည်ကြသည်။

    အချက်အလက်များအရ ကမ္ဘာပေါ်ရှိဘာသာတရားများ၏ အခြေခံ အုတ်မြစ် ကျမ်းဂန်များတွင် ပြုပြင်ခြင်းမခံရဘဲ မူလအတိုင်းတည်ရှိနေသော တခုတည်းသော ကျမ်းဖြစ်ကြောင်း သိရသည်။

    ကုရ်အာန်ကျမ်းတော်တွင် အခန်းပေါင်း ၁၁၄ ခန်းပါရှိပြီး ယင်းအခန်းကဏ္ဍများကို စူရာဟ်ဟု ခေါ်သည်။ မုက္ခပါတ်တော် စုစုပေါင်းမှာ ၆၂၃၆ ဖြစ်သည်။

  • မြန်မာမင်းများ၏ လူမျိုးစုံ အမှုထမ်းများနှင့် တာဝန်ခွဲဝေခန့်ထားမှုများ

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
    M-Media
    တင်မင်းထွဋ်

    တိုင်းပြည်တစ်ပြည်တည်ထောင်ရာတွင် မတူကွဲပြားသောလူမျိုးစုံ အယူဝါဒကွဲပြားသူများကို စုရုံးကာ တည်ထောင်ခဲ့ကြရသည်။ စုရုံးမှုသည် အား တစ်ခုဟု မှတ်ယူသင့်ပေသည်။ စုရုံးမှုမှ စည်းလုံးညီညွတ်မှု ကို ရှရှိနိုင်ပေသည်။ ပြိုကွဲခြင်းများသည် စည်းလုံးညီညွတ်မှုပျက်သုဉ်းသောအခါ ပေါ်ပေါက်လာခဲ့သည်။ အနော်ရထာမင်းကြီးသည်  အစုစုပြိုကွဲနေသော ပြည်နယ်များ လူမျိုးများကို စုရုံးကာ ပထမမြန်မာနိုင်ငံတော်ကို အောင်မြင်စွာ တည်ထောင်နိုင်ခဲ့သည်။ စုစည်းမှု၏ တန်ဖိုးကို ကောင်းမွန်စွာအသုံးချတည်ဆောက်ခဲ့သည်။

    ဆရာကြီးဦးနု၏ အဆက်အနွယ်များ

    ဆက်ခံရာ မင်းဆက်များ၏ သမိုင်းကို ပြန်လည်လေ့လာသော် သမိုင်းလှခဲ့သည့် မင်းများ၏ ဆောင်ရွက်လုပ်ဆောင်ခဲ့သည်များသည် အလွန်မှတ်သားဖွယ် အတုယူဖွယ်များ တွေ့ရသည်။ မြန်မာမင်းများ၏ အမှုတော်ထမ်းရွက်ရန် မင်းမှုထမ်းများ ခန့်ထားမှုများနှင့် ပတ်သက်ပြီး မင်းတုန်းမင်းတရားကြီး၏ လူမျိုးပေါင်းစုံ တာဝန်ခွဲဝေခံထားမှုကို ဦးဖေမောင်တင် (မဟာဝိဇ္ဇာ) ရေးသားပြုစုတဲ့ မြန်မာမင်း လက်ထက်တော် စာတမ်းများ စာမျက်နှာ (၃၃) တွင်အောက်ပါအတိုင်း ဖော်ပြထားသည်။ ဤကဲ့သို့ သမိုင်းအထောက်အထားများ၊ မှတ်တမ်းများ များစွာရှိနေပါသည်။ သို့သော် ဒီသမိုင်းအထောက်အထားကိုတော့ လူသိနည်းသေးသည်ဟု ယူဆသည့် အတွက် ပြန်လည်တူးဖော်ခြင်းဖြစ်ပါသည်IMAGE0058

    ပုဏ္ဏားအမှုထမ်းများလည်း ပုဂံခေတ်မှစ၍ တွေ့ရှိလာရာ မင်းတုန်းမင်းလက်ထက်တော်၌ ခတ္တိယ၊ ဗြဟ္မဏ၊ သုဒ္ဓ၊ ဗိသျှ၊ ပုဏ္ဏားဖြူ ၁၀ဝ၊ ပုဏ္ဏားညို ၁၀ဝ၊ ဘိသိက်တော်ပုဏ္ဏား ၃၀ဝ၊ ရေကြည်တော်ခပ် ၁၀ဝ၊ ဂြိုဟ်စာကျွေး နတ်တင် ၁၀ဝ၊ ဇာတာတော်ဆေး ၁၀ဝ၊ ပုရောဟိတ် ၆၀၊ အခါပေး ၁၀ဝ ရှိ၏။

    ကသည်းလူမျိုးအမှုထမ်းများမှာ လှေတော်တန်း၊ မြင်းစီးသူရဲတန်း၊ ယက်ကန်းတော်၊ဆတ္တာတော်၊ ခဝါတော်၊ အနှိပ်တော်၊ ရေကြည်တော် ပျော်ရာက အမှုတော်ထမ်းကြရသည်။

    မြန်မာမူဆလင်အမျိုးသားများဖြစ်ကြသော ကင်းတားကုလားပျိုတပ် အမှုထမ်းတို့သည်

    (၁)ရန်ပြိုအမြောက်

    (၂)ရန်ပုံခွင်းအမြောက်

    (၃)ရန်ကင်းအမြောက်

    (၄)ရန်လင်းကြီးအမြောက်

    (၅)လက်မနှိပ်အမြောက်    စသော အမြောက်စုအမှုတော်ထမ်း၌ တသင်းတွင် လူ ၁၀ဝ၀ ခန့်အမှုတော် ထမ်းရွက်ကြရသည်။   ထို့ကြောင့်လည်း မင်းတုန်းမင်းတရားကြီး လက်ထက်တော်၌ ဘာသာရေးလွတ်လပ်မှုရရှိရုံမျှမက မင်းတရားကြီးကိုယ်တော်တိုင် ပလီများ ဆောက်လုပ် လှူဒါန်းခဲ့လေသည်။

    မြေထူးကုလားအမှုထမ်းတို့မှာ ကုလားပျိုကင်းတားအမြောက်စစ်သည်တော်တို့ မိမိတို့တတ်စွမ်းရာက အမှုထမ်းကြရသည်။

    KaThae

    အက္ကပတ်ကသည်းတို့မှာ မြင်းစီး ဓားခုတ် လှံထိုး စစ်သည်တော်အဖြစ် အမှုထမ်း၏။

    UChoneSonofULein_MyanDusMayor
    သီပေါမင်းလက်ထက်တွင် အက္ကပတ်မြင်းဝန်၊ပင်လယ်မြို့စား မင်းကြီး မဟာမင်းလှမင်းထင်ရာဇာဘွဲ့ခံ ဗိုလ်ချုပ်ဦးချုံ

    ကလယ်အမှုထမ်းတို့မှာ ပန်းဘဲအလုပ်၊ ဆင်တော် မြင်းတော်ကကြိုးတန်ဆာလုပ် အမှုထမ်းများ ဝတ်ဆင်ရန် အဝတ်တန်ဆာအချုပ်အလုပ်၊ ကြေးသွန်း၊ ပန်းတဉ်း၊ မိမိတတ်စွမ်းရာကအမှုထမ်းရသည်။

    ဝေသာလီအမှုထမ်းတို့မှာ ဖျာရက်၊ ရိုင်ရက်၊ ခြင်းကြားရက်၊ ပဒေသာတန်ဆောင်တန်လုပ်ဝါးနှင့် ဆိုင်ရာ မိမိတတ်ကျွမ်းရာက အမှုထမ်းကြရသည်။

    ရှမ်းအမှုထမ်းဖြစ်ကြသော ကောင်းဟန်ရှမ်း၊ ယွန်းရှမ်း၊ ဓနုရှမ်း၊ ကဒူးရှမ်းတို့သည် လက်နက်ကိုင် စစ်သည်ဘက်၌ အမှုထမ်းကြပြီးပလောင်အမှုထမ်းတို့မှာ လက်ဖက်၊ သစ်ကြားသီး၊ သစ်အယ်၊ သစ်တို၊ လိမ္မော်၊ ဗကျာက် ဟူသမျှအလုပ်နှင့်စစ်မှုတွင် ထမ်းဆောင်ကြရသည်။

    တရုတ်အမှုထမ်းတို့မှာ မုန့်တော်ဆက်၊ နဂါးတိုး၊ နရားအက၊ လက်သမား၊ ကျောက်သွေး စသောအမှုတော်ကို ထမ်းရသည်။ ကုလားတိမ်အမှုထမ်းတို့မှာ မီးပန်း မီးကျည် မီးနီ မီးဝါ မီးစိမ်း မီးပြာ မီးဖြူ မီးပန်းအလုပ်၊ မျက်လှည့်၊ ကြေးသွန်း၊ ယမ်းချက်၊ ယမ်းထောင်း၊ အမြောက်ဆံလုပ် အမှုတော်ထမ်းကြရသည်။ (ပေါ်တူဂီ စသော တိုင်းတပါးမှ လာရောက်သော လူမျိုးများကို ကုလားတိမ်ဟုဆိုလိုခြင်း ဖြစ်ပါသည်။)

    မရမံအမှုထမ်းများမှာ ဘုရင်ကိုးကွယ်တော်မူသော ဆရာတော် သံဃာတော်များ၏ ကျောင်းဝစ္စပသာကုဋီများကိုသုတ်သင်ရသည်။ ယိုးဒယားအမှုထမ်းတို့မှာ အချက်အပြုတ်အလုပ်၊ ရေကြည်တော်ခပ်၊ ယိုးဒယားရာမဇာတ်ဖြင့် အမှုတော် ထမ်းကြရသည်။ မော်လမြိုင် ဒလဘက်အမှုထမ်းတို့မှာ သင်းဘောသမ္ဘန်လှေတော်လုပ် လက်သမား စသဖြင့် အမှုထမ်းကြရလေသည်။

    ဤသို့ဖြင့် မြန်မာမင်းများ၏အုပ်ချုပ်စီမံပုံသည် သဘောထားပြည့်ဝ၍ လွတ်လပ်မှုရှိသည်။

    ဆရာဦးဖေမောင်တင်၏ မြန်မာမင်းလက်ထက်တော်များ စာအုပ်တွင် ဤကဲ့သို့ ဖေါ်ပြပါရှိသကဲ့သို့ စာမျက်နှာ (၃၅)တွင် ပေးထားသောမှတ်ချက် ၁-၂ သည်လည်း စိတ်ဝင်စားဖွယ် တွေ့ရပြန်သည်။

    (မှတ်ချက် ၁၊ ၂။ ။ဤယံ ကောင်စစ်ဂျင်နရယ်တို့ တည်းခိုသော အခွန်ဝန်မူလာအီဗရာဟင်၏ တိုက်နေရာသည် ယခုမန္တလေးမြို့ ၂၆ ဘီလမ်း၊ အာဇာနီလမ်း ရိုးကုမ္ပဏီတိုက်ပျက်ကြီး၏မြောက်ဖက် ဝင်းကြီးပင်ဖြစ်သည်။ စစ်မဖြစ်မီက မွတ်စလင်အမျိုးသား အထက်တန်းကျောင်းရှိသည်။ ယခုအခါ ကေဘီမော်တော်စတိုး ကားပျက်များထားသည်။ ဈေးချိုတော် မြောက်ဖက်တိုက်တန်းနှင့်ကပ်လျက် စူလတီဗလီ၌ သင်းချိုင်းဂူတခုတွင် မူလာအီဗရာဟင်၏သား မူလာအစ္စမံအလယ်သည် အဖရှိစဉ်ကပင် မင်းတရားကြီးလက်ထက်တော်၌ သူဌေးကြီးတို့အစီးအနင်းအဆောင်အရွက် မဟာဘောဂဓနရာဇာဘွဲ့နှင့်တကွ သူကောင်းပြုတော်မူသည်။ ယင်းနောက် သား မာန်အောင်  ရတနာစေတီတော်ဒါယကာသီပေါဘုရင်လက်ထက်တော်တွင် အခွန်ဝန် အကောက်ဝန် လောကဗိမာန် လှေတော်အုပ် ကျောက်ရဲမြို့စား မင်းလှစည်သူ ဘွဲ့အမည် အရည်နှင့် သူကောင်းပြုတော်မူသည်။ နောက် မြန်မာနိုင်ငံတော်ကို အရှင်အင်္ဂလိပ်အစိုးရ မင်းတို့ သိမ်းပိုက်အုပ်စိုးတော်မူရာ လူကြီးလူကောင်းမှန်သည့် အတိုင်း ခန်ဘဟာဒူးဟူသောဘွဲ့ကို ပေးသနားတော်မူ၍ မင်းသုံးဆက်တိုင် ရာထူးဌာနန္တရအမျိုးမျိုး သူကောင်းပြုတော်မူခြင်းကို ခံစံရသောမူလာအစ္စမံအလ်သည် သက္ကရာဇ် ၁၂၀၃ ခု ဒုတိယဝါဆိုလဆန်း ၁၁ ရက် တနင်္ဂနွေဘွား အသက် ၆၆ နှစ် သက္ကရာဇ်၁၂၆၇ နတ်တော်လဆန်း ၂ ရက် တနင်းလာနေ့ နံနက် ၅ နာရီအချိန် ထွက်ကသွာအေလာဟီရှိသည့်အတိုင်း အသျှင်မြတ်အမိန့်တော်ကို ခံရလေသည်}}စသည်ဖြင့် ကျောက်စာ ရေးထိုးထားလေသည်။)

    IMAGE0062
    သီပေါမင်းလက်ထက် ရွေးလက်ျာတပ်မှ ထိုးကွင်းမင်ကြောင်ဘောင်းဘီစွပ်နှင့် တွေ့ရသော တပ်မှူး ဦးရွှေဂုဏ် (အသက် ၇၆နှစ် အရွယ် ၁၃၀၀ပြည့်နှစ်က ရွှေဘိုခရိုင် ဘူးကြီးကျေးရွာတွင် ရိုက်ကူးပါသည်၊)
    ရွှေဘို ဦးဘဦး ပြုစုစီရင်ရေးသားသော ရွှေမန်းအနှစ်တရာပြည့် ဗမာမွတ်စလင်တို့၏အထုပ္ပတ္တိ စာအုပ်မှ ကူးယူဖော်ပြပါသည်။

    ထိုခေတ်ကာလသမိုင်းများ တစ်လျှောက်တွင်ပင် လူမျိုး ဘာသာထက် အရည်အချင်း အရည်အသွေးကို သာကြည့်၍ ဦးစားပေးရွေးချယ် ချီးမြှင့်မြှောက်စားခဲ့ကြကာ အရောင်အသွေးအစုံ ပြည်သူများ၏ ချစ်ကြည်လေးစားမှုကို မြန်မာဘုရင်များ ရရှိခဲ့ကြသည်။ မြန်မာနိုင်ငံတော်သည် သူ့ကျွန်ဘ၀ရောက်ခဲ့သော်လည်း ကျွန်ဘ၀ရောက်တဲ့ နိုင်ငံအများစုထက် စော၍ လွတ်မြောက်ခဲ့သလို ကျွန်ပြုခံကာလတစ်လျှောက်လုံးတွင်လည်း တိုင်းရင်းသားပေါင်းစုံ၏ နည်းမျိုးစုံ တော်လှန်မှုများကို ကာလအစဉ်အဆက် နယ်ချဲ့ များ ရင်ဆိုင်ခဲ့ရသည်။

    ယနေ့အချို့ ပြောကြသလို တိုင်းတပါးသား ကျူးကျော်သူများ ဆိုပါက မိမိနိုင်ငံကိုသာ မိမိ အသက်ပေးချစ်ကာ စွန့်လွတ်ကြမည်သာ ဖြစ်သည်။ မြန်မာနိုင်ငံရှိ မူရင်းနေထိုင်သူ img006တိုင်းရင်းသားအားလုံးသည် သမိုင်းကာလတစ်လျှောက်လုံး မြန်မာမင်းများ၏ ပျိုးထောင်ပေးခဲ့သော မိမိတိုင်းပြည် မိမိနယ်မြေကို ချစ်စိတ် တန်ဖိုးထားစိတ်များကြောင့်သာ ယခု လို ဘ၀ပေါင်းများစွာ ပေးဆပ်ခဲ့ကြခြင်း ဖြစ်ပါသည်။ သမိုင်းတွင် ပေးဆပ်ပြခဲ့သည် လုပ်ပြခဲ့သည် ဆိုသော စကားများသည် ၎င်းပုဂ္ဂိုလ်များ ကိုသာမက လူမျိုးအားလုံးကို စော်ကားသော စကားများပင်ဖြစ်သည်။ ပေးဆပ်ရဲသော လုပ်ရဲသောသတ္တိသည် လူတစ်ထောင်တွင် တစ်ယောက် မလုပ်နိုင်သော စိတ်ဓါတ်ဖြစ်သည်။ ပေးဆပ်ခြင်း၏ နောက်ကွယ်တွင် ဘ၀ပေါင်းများစွာ တန်ဖိုးထားမှုများစွာကို ပေးအပ်ခဲ့ရသည်ကို သိသင့်လှပေသည်။

    သမိုင်းတွင် စုပေါင်း အား ကြောင့်သာ အောင်မြင်ခဲ့သည်များသာ ရှိပါသည်။ လူမျိုးတစ်မျိုးတည်း၏ တီထွင်မှုများကြောင့် ကမ္ဘာကြီး တိုးတက်မလာသည်ကို တွေ့မြင်နိုင်သလို ကူးလူးဆက်ဆံ ဖလှယ်ခြင်းကြောင့်သာ တိုးတက်လာခြင်းဖြစ်ပေသည်။

    မြန်မာ့နိုင်ငံ၏ တိုးတက်မှုဏ္ဍစုံကို ပြန်လည်လေ့လာပါက နယ်ပယ်စုံတွင် ထူးချွန်ပြောင်မြောက်သူများသည် လူမျိုးစုံ အယူဝါဒစုံသူများ သာ ဖြစ်သည်။ စနစ်ဆိုးများ၏ အောက်တွင် ဘ၀သက်တမ်းတစ်ခုစာမျှ နေထိုင်ခဲ့ရသော မျိုးဆက်များသည် ဆိုးမွေများကို အများအပြား ရရှိခဲ့ကြပေသည်။

    ဘက်နှစ်ဖက်ကိုကြည့်တတ်သော စိတ်ဓါတ်များ ပျက်သုဉ်းကာ တစ်ဖက်ဆွဲ စိတ်ဓါတ်များ ရင့်သန်လာခဲ့ကြသည်။ စနစ်၏ သားကောင်များ ဖြစ်မှန်းမသိ ဖြစ်ခဲ့ကြရသည်။

    တိုင်းပြည်တွင်းရှိ လူမျိုးပေါင်းစုံ စည်လုံးညီညွတ်ခြင်းကို ဘယ်တော့အခါမျှ မည်သည့်အာဏာရှင်များ  မနှစ်မြို့ နိုင်ပေ။ ထိုင်ခုံများတည်မြဲရေးအတွက် မဟာလူမျိုးကြီးဝါဒသည် အာဏာရှင်များ၏အသုံးချ နည်းဗျူဟာများထဲမှ သည်းခြေအကြိုက်တစ်ခု ပေဖြစ်သည်။ နေရာဒေသ နိုင်ငံကွာခြားသော်လည်း အာဏာရှင်ကြီးများ  အနည်းနဲ့ အများ ကျင့်သုံးခဲ့ကြသည်ကို သမိုင်းတွင် လေ့လာနိုင်ပေသည်။

    ရွှေထီးဆောင်းခဲ့သည်များကို အရိုးဆွေးသည့်အထိ ပြန်လွမ်းနေခြင်း မဟုတ်သလို ဘာကြောင့် ရွှေထီးဆောင်းခဲ့ကြရသည်၊ ဘာကြောင့်ဇန်လျောခဲ့ကြသည် များကိုတော့  ပြန်လည် သုံးသပ်သင့်ပါက လေ့လာသင့်ပေသည်။ ကာလအပိုင်းအခြားကြောင့် ခေတ်ပြောင်းခဲ့ပင်မဲ့ အချို့ သမိုင်းများသည် တစ်ပတ်လည် လာသည်။ ထိုအခါ သမိုင်းထဲက အမှားများကို ပြန်လည်သုံးသပ်မှုမရှိကာ သမိုင်းဟောင်းများထဲက အမှားများအတိုင်း ပြန်လည်မကျူးလွန်ဖို့ကိုတော့  သတိပြုသင့်လှပေသည်။

    တင်မင်းထွဋ်

    ၂၀-ဒီဇင်ဘာ-၂၀၁၂

  • အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)

    အမျိုး၊ ဘာသာ၊ သာသနာ ကာကွယ်ခြင်းလော.နာဇီ ဖက်ဆစ်စနစ် ထူထောင်ခြင်းလော။ (အပိုင်း-၂)

    ဇန်နဝါရီ ၂၂ ၊၂၀၁၃

    ဆောင်းပါးရှင်- ဦးဦးမှော်ဆရာ

    အပိုင်း(၁) ဖတ်လိုလျင်

    ၁၉၃၀ ၀န်းကျင်လောက်မှာ ဂျာမနီမှာ ဂျူးလူမျိုးဦးရေ ၆ သိန်းကျော်ရှိပြီး၊ ဒါဟာ တနိုင်ငံလုံးလူဦးရေရဲ့ ၁% သာ ရှိပါတယ်။  ဂျာမန်ဂျူးတွေဟာ သူတို့ကိုယ်သူတို့ ဂျာမနီနိုင်ငံသားဖြစ်ရတာကို ဂုဏ်ယူလေ့ရှိပြီး၊ သူတို့လူမျိုးတွေထဲက အလွန် ကျော်ကြားတဲ့ ကဗျာဆရာတွေ၊ စာရေးဆရာတွေ၊ အနုပညာရှင်တွေ မြောက်မြားစွာ ပေါ်ထွန်းခဲ့တာပါ။ ဒါတင်မကသေးဘူး။ ပထမကမ္ဘာစစ်ကြီးမှာ ဂျာမန်ဂျူး ၁ သိန်းကျော်ဟာ ဂျာမနီစစ်တပ်ထဲ ၀င်ရောက် အမှုထမ်းခဲ့ပြီး အဲဒီထဲက မြောက်မြားစွာသော ဂျူးစစ်သားတွေဟာ သူရဲကောင်းဘွဲ့တံဆိပ်တွေ ချီးမြှင့်ခံရတဲ့ အထိ တိုင်းပြည်တာဝန် စွမ်းစွမ်းတမံထမ်းဆောင် ခဲ့ကြပါတယ်။

    ဒါ့အပြင် ဂျာမန်ဂျူးလူမျိုးတွေဟာ အစိုးရဌာနတွေမှာလည်း ၀င်ရောက်အမှုထမ်းနေသလို၊ တက္ကသိုလ်တွေမှာလည်း ဆရာများအဖြစ် အမှုထမ်းနေခဲ့ပါတယ်။ ၁၉၀၅ ခုနှစ်ကနေ ၁၉၃၆ ခုနှစ်အတွင်း နိုဘဲလ်ဆုရခဲ့တဲ့ ဂျာမနီနိုင်ငံသား သိပ္ပံပညာရှင်နဲ့ အနုပညာရှင် ၃၈ ဦး ရှိတဲ့ထဲမှာ ဂျာမန်ဂျူး ၁၄ ဦး ပါဝင်တဲ့အထိ ဂျူးတွေဟာ ဂျာမနီနိုင်ငံအတွက် ဂုဏ်ဆောင်ခဲ့တာပါ။ လူမှုဘ၀နဲ့ စီးပွားရေးနယ်ပယ်တွေမှာ ဂျာမန်ဂျူးတွေအပေါ် ခွဲခြားဆက်ဆံမှု တချို့တလေ ရှိပေမဲ့လည်း သူတို့ကိုယ်တိုင်ရဲ့အနာဂတ်ကို ဂျာမနီနိုင်ငံမှာပဲ မြှုတ်နှံထားဖို့ ဆုံးဖြတ်ထားကြပါတယ်။ (ဒါကပဲကိုယ့်သေတွင်း ကိုယ်တူးမိသလား မပြောတတ်ဘူး) သူတို့ဟာ ဂျာမန်စကား ကိုသာပြောပြီး ဂျာမနီကို ကိုယ့်အိမ်လိုပဲ သဘောထားခဲ့ကြပါတယ်။

    ၁၉၃၃ ဇန်န၀ါရီလ ၃၀ ရက်နေ့ နာဇီပါတီအာဏာရလာပြီးနောက်ပိုင်းမှာ နာဇီပါတီခေါင်းဆောင်တွေဟာ ဂျာမန်ဂျူးတွေ ကို အလုံးစုံဆန့်ကျင်တိုက်ခိုက်ဖို့ ကျိတ်ပြီးဆုံးဖြတ်ခဲ့ပါတယ်။ ဒီအစီစဉ်အရ လူထုတွေပါ လက်ခံပါဝင်လာအောင်လုပ်ရမဲ့ လုပ်ငန်းစဉ်တွေထဲမှာ အရေးအကြီးဆုံးအဖြစ် မီဒီယာကိုသုံးပြီး ၀ါဒမှိုင်း တိုက်ခဲ့ပါတယ်။ ထိလွယ်ရှလွယ်ဖြစ်စေတဲ့ အကြောင်းအရာတွေကို စီကာပတ်ကုံး ရေးသားလှုံ့ဆော်ထားတဲ့ ဂျူးမုန်းတီးရေးစာတွေ လှိုင်လှိုင်ထုတ်ဝေခဲ့ပြီး၊

    လူကြီးရော ကလေးတွေပါ အံ့သြစရာကောင်းလောက်အောင်  နာဇီဝါဒမှိုင်းတိုက်မှုအောက် ကျရောက်ခဲ့ပါတယ်။ နိုင်ငံ့သမိုင်းတလျောက် ဂျာမန်များ နဲ့ ဂျူးများ တသားတည်းနေခဲ့ကြပေမဲ့လည်း ဖက်ဆစ်နာဇီပါတီရဲ့ ဂျူးမုန်းတီးရေး ၀ါဒမှိုင်းတိုက်ခဲ့မှုကြောင့်  သူစိမ်းပြင်ပြင် ဖြစ်သွားခဲ့ကြတယ်။ (ဒီအကြောင်းကို ကျနော့်ဆောင်းပါး အပိုင်း-၁ မှာ ဖေါ်ပြ ခဲ့ပြီးပါပြီ။)

    antibiotic-pills
    (ခုလို ဘုရားဟောခဲ့သယောင်ယောင် ခပ်တည်တည်နဲ့ ရွှီးခဲ့တာကိုလည်း အဲဒီအချိန်က ဂျာမန်ပညာတတ်များမျောပါခဲ့ကြပါတယ်။)

    14844_442204705850729_1684637979_n

     

    74607_442204012517465_466445627_n

    537080_442204165850783_2051887246_n
    (ဂျူးတွေကို ခုလိုလူမျိုးရေးအရသာမက ဘာသာရေးအရပါ စက်ဆုပ်မုန်းတီးစိတ်ဝင်သွားအောင် လုပ်ကြံရေးသားခဲ့ပါတယ်။)

    ၁၉၃၃ ခုနှစ် ဧပြီလ ၁ ရက်နေ့မှာတော့ နာဇီပါတီဝင်တွေဟာ ဂျူးစီးပွားရေးလုပ်ငန်းတွေ အသက်မွေး ၀မ်းကျောင်းမှု လုပ်ငန်းတွေကို တနိုင်ငံလုံး အတိုင်းအတာဖြင့် ဆန့်ကျင်သပိတ်မှောက်ဖို့ စတင်ဆော်သြ ခဲ့ပါတော့တယ်။ ဒီသပိတ်မှောက်မှုဟာ ဂျာမန်-ဂျူး အဓိကရုန်းတွေဖြစ်ပွားစေပြီးဖို့ ရည်ရွယ် လုပ်ဆောင်တာ ဖြစ်ပြီး၊ ဂျူးမုန်းတီးရေး လှုံ့ဆော်စာတွေကိုလည်း ပြောင်ပြောင်တင်းတင်း ဖြန့်ဝေခဲ့ပါတယ်။ ဂျာမန်-ဂျူး အဖွဲ့အစည်းကြီးက တရားဥပဒေအရ အကာကွယ်ယူနိုင်ဖို့ ကြိုးစားခဲ့ပေမဲ့၊ ဂျူးလူမျိုး နှိပ်ကွပ်ရေးဟာ အစိုးရကိုယ်တိုင်ရဲ့ မူဝါဒဖြစ်နေတဲ့အတွက် လျစ်လျူရှုခံခဲ့ရပါတယ်။ (ကျနော်တို့ဆီမှာ `သမ္မတကြီးဆီသို့ အိတ်ဖွင့်ပေးစာ´ မျိုးထင်ပါ့)။

    23339_442205672517299_2129691052_n

    နောက်ပြီး ၁၉၃၃ မေလမှာ `ဂျာမနီ အစိုးရ၀န်ထမ်းများ ပြင်ဆင်ခန့်အပ်တဲ့ ဥပဒေတစ်ရပ် ထုတ်ပြန်လိုက်ပြီး ဂျူးလူမျိုး ၀န်ထမ်းတွေကို အကြောင်းပြချက်မရှိ အလုပ်တွေက ထုတ်ပယ်လိုက်ပါတယ်။ ဒီဥပဒေအရ မိမိရဲ့ အဘိုးအဘွားထဲမှာ ဂျူးတစ်ယောက်ပါခဲ့ရင်တောင် ဂျူးလူမျိုးအဖြစ် သတ်မှတ်တာပါ။ အဲဒီနောက်ပိုင်း ဂျူးလူမျိုးတွေရဲ့ အသက်မွေးဝမ်းကျောင်းမှု လုပ်ငန်းတွေအားလုံး တစတစရပ်တန့်သွားပါပြီ။ ဂျူးလူမျိုး ၀န်ထမ်းများ အသိပညာရှင် အတတ်ပညာရှင်များ၊ ဆရာ ဆရာမများကို အလုပ်မှ အကြောင်းမဲ့ထုတ်ပယ် ကြပါပြီ။ ဒါဟာ “သွေးဖြင့်`နိုင်ငံသား´ သတ်မှတ်မှု” ဆိုတဲ့ ခေါင်းစဉ်အောက်က ရလဒ်တခုပေါ့ဗျာ။

    251948_442206049183928_745924239_n
    (ဒါကတော့ မြင့်မြတ်သော ဂျာမန်သွေးကို ကာကွယ်ဖို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ဂျူးသွေးပါသူတွေကို ၀န်ထမ်းအဖြစ် ကနေ ရပ်စဲဖို့အတွက် ထုတ်ပြန်ချက်တစ်ခုပေါ့.. )

    ဂျာမန်မျိုးချစ်များဆိုသူတွေနဲ့ နာဇီပါတီဝင်တွေဟာ ဂျူးလူမျိုးပိုင် ဆိုင်ခန်းတွေ၊ စတိုးဆိုင်တွေ၊ ဆေးခန်းတွေ၊ ရှေ့နေ ရုံးခန်းတွေရှေ့မှာရပ်ပြီး `ဂျူးတွေဆီက ဘာမှမ၀ယ်ရ´၊ `ဂျူးလူမျိုးတွေဟာ ဂျာမနီကို ကြမ္မာဆိုးတွေ သယ်ဆောင်လာတဲ့ သူတွေ´ ဆိုတဲ့ စာတမ်းတွေကိုင်ဆောင်ပြီး စောင့်ကြပ်နေခဲ့ပါတယ်။ ဒါ့ပြင် ဂျူးလူမျိုး ဆိုင်တွေ၊ ရုံးခန်းတွေ၊ အိမ်တွေအားလုံးကို `ဒေးဗစ်ရဲ့ ကြယ်´လို့ခေါ်တဲ့ ဂျူးအမှတ်တံဆိပ်ကို လိုက်လံရေးဆွဲပြီး ကွဲကွဲပြားပြား သိသာထင်ရှားအောင် ပြုလုပ်ခဲ့ပါတယ်။ ဒီလိုနဲ့တဖြေးဖြေး နိုင်ငံတ၀ှမ်းလုံး အမျိုးသားရေး ခေါင်းစဉ်တပ်ပြီး ဂျူးလူမျိုးများကို ကိုယ်ထိလက်ရောက်တိုက်ခိုက်ခြင်း၊ ဂျူးပိုင်အိမ်တွေ၊ ဆိုင်ခန်းတွေကို တိုက်ခိုက်ဖျက်ဆီးခြင်း၊ ဂျူးလူမျိုးများနဲ့ ဆက်ဆံနေဆဲ ဂျာမန်များကို သစ္စာဖေါက်များအဖြစ် သတ်မှတ်ပြီး အပြစ်ပေးခြင်းတွေ လုပ်လာပေမဲ့ တရားဥပဒေရဲ့ အကာကွယ်ပေးမှုကို ဂျူးတွေမရခဲ့ပါဘူး။

    734701_442205979183935_822194292_n

    156394_442206369183896_1930159710_n 166513_442206679183865_424235765_n

    ဒီကြားထဲ နာဇီပါတီအာဘော် သတင်းစာတွေက `ပြည်သူ့တိုက်ပွဲ´ ဆိုတဲ့ ခေါင်းစဉ်ကြီးတပ်ပြီး ဗြောင်ကျကျ မီးလောင်ရာ ဓါတ်ဆီလောင်းပေးပါတော့တယ်။ “ပြည်ပမှ ဂျူးအဖျက်သမားများရဲ့ လုပ်ရပ်ဆိုးများကို ကာကွယ်ခြင်း” လို့ နားထောင်ကောင်းအောင် သုံးထားပါသေးတယ်။ “လူထုအစည်းဝေးကြီးမှ ဂျူးလူမျိုးများကို ဆန့်ကျင်ကြောင်း ကြေငြာချက်” ၊ “ဂျူးလူမျိုးများကို ဆန့်ကျင်ကြ” ၊ “တိုက်ပွဲကို ရှောင်လွဲလို့ မရနိုင်တော့ပါ” .. စသဖြင့် လူမျိုးရေး လှုံ့ဆော်စေတဲ့ ခေါင်းစည်းတွေနဲ့ ပြောင်ပြောင် တင်းတင်း ထုတ်ဝေလာပါတယ်။ ဒါ့ပြင် နိုင်ငံတကာက စာနယ်ဇင်းတွေမှာ ဂျာမန်ဂျူးတွေ ဖိနှပ်ခံနေရတဲ့အကြောင်း ဖေါ်ပြနေကြလို့ ဂျာမနီနိုင်ငံတော် ကြီးကို သိက္ခာကျအောင် ရေးသားမှုများအတွက် လက်တုန့်ပြန် ကလှည့်စားချေရမယ်လို့လည်း ၀ါဒဖြန့်ပါသေး တယ်။ ဒီလိုလုပ်ဆောင်ရာမှာ လူမျိုးရေးမုန်းတီးမှုအပြင် ဘာသာရေးအရ မုန်းတီးဆန့်ကျင်စေရန် လည်း ၀ါဒဖြန့်ခဲ့တာပါ။

    555195_442207505850449_244281815_n269334_442223005848899_882349476_n

    154146_442210369183496_56313890_n

    ဧပြီ ၁ ရက်နေ့ ဂျူးဆန့်ကျင်ရေး စတင်စဉ်က သူတို့ရဲ့ရည်ရွယ်ချက်က ဂျာမနီမှာရှိတဲ့ ဂျူးလူမျိုးစီးပွားရေး လုပ်ငန်းတွေ ပြိုလဲသွားဖို့ဆိုတဲ့ ရည်ရွယ်ချက်သာရှိသေးတာပါ။ အစပိုင်းမှာတော့ တပြည်လုံးအတိုင်းအတာနဲ့ ဂျူးဆန့်ကျင်ရေး လုပ်ဆောင်ဖို့ ဒေသဆိုင်ရာနာဇီပါတီတစ်ခုက ဦးဆောင်လှုံ့ဆော်မှုသက်သက်နဲ့ လုပ်ခဲ့တာဖြစ်ပြီး၊ ဂျာမန်ပြည်သူ အများစုက ပုံမှန်အတိုင်းပဲ ဂျူးဆိုင်တွေမှာဝယ်မြဲ၊ ဂျူးတွေနဲ့ဆက်ဆံဆဲ ဖြစ်နေပါသေးတယ်။ နောက်ပိုင်း အစိုးရ ကိုယ်တိုင် အတိအလင်းပါဝင်လာတော့ ရည်ရွယ်ချက်တွေ ပိုမိုကြောက်စရာကောင်းလာပြီး၊ ဂျူးလူမျိုးတွေ အားကိုးရာမဲ့ ဘ၀ရောက်အောင်၊  အဘက်ဘက်က အသက်ရှင်ရပ်တည်ရန် ခက်ခဲလာပြီး နေရပ်စွန့်ခွာသွားအောင်၊ အဆုံးစွန်ထိ ဖေါ်ပြရရင်တော့ ဂျာမနီနိုင်ငံမှာရော ကမ္ဘာပေါ်ကပါ ဂျူးလူမျိုးများ လုံးဝပပျောက်သွားစေရန်ထိ ရည်ရွယ်ချက်တွေ ထားလာ ပါတော့တယ်။ ပုံမှန်ဦးနှောက်ရှိသူအတွက်ဆိုရင် ဒီလိုတွေဖတ်ရတော့ `ဂျာမန်တွေ ရူးနေလား´ လို့ တွေးပြီး ရယ်စရာကောင်းနေပါလိမ့်မယ်။ ဒါပေမဲ့ သေချာတွေးကြည့်တဲ့အခါ နာဇီဝါဒဖြန့်ချိမှုရဲ့ ထိရောက်ပြီး ကြောက်စရာ ကောင်းပုံကို သတိပြုမိပါလိမ့်မယ်။ နှစ်ပေါင်းများစွာ တမြေတည်းနေ တရေတည်းသောက်၊ ဒိုးတူဘောင်ဖက်နေလာ သူတွေ အချင်းချင်းကြားမှာ လူမျိုးမတူလို့ ၊ ဘာသာမတူလို့ဆိုတဲ့ အကြောင်းပြချက်နဲ့ ကမ္ဘာပေါ်က ပျောက်ကွယ်သွားတဲ့ အထိလုပ်ချင်တဲ့ ဆန္ဒတွေဖြစ်လာအောင် အမှန်တကယ် လုပ်ဆောင် နိုင်ခဲ့ပါတယ်။

    နိဂုံးချုပ်အနေနဲ့ ကျနော်ပြောချင်တာက ဒီလုပ်ရပ်တွေဟာ ရူးသွပ်နေသူတွေရဲ့ လုပ်ရပ်တွေသာ ဖြစ်သလို၊ ဒီနေ့ခေတ်ကြီးမှာ ဘယ်လိုနည်းနဲ့မှ အောင်မြင်မဲ့လုပ်ရပ်တွေလည်း မဟုတ်ပါဘူး။ မကြာခင် အရှက်တကွဲ ကျရှုံးသွားရမှာပါ။ သို့ပေမဲ့လည်း `ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ´ဆိုပြီး ဂရုမစိုက်ဘဲ နေ နေလို့ မရပါဘူး။ သမိုင်းကြောင်းမှာ ငါတို့ ဘယ်လို သွေးစည်းစွာ ရပ်တည်ခဲ့တယ်ဆိုတဲ့ ရှင်ပြုတုန်းက ရွှေထီးဆောင်းခဲ့တဲ့ အဖြစ်အပျက်တွေကို စားမြှုံ့ပြန်ရင်း  ငါတို့ကိုတော့ မလုပ်လောက်ပါဘူး လို့ စိတ်ချနေလို့ မရပါ။ အရူးတသိုက်ရဲ့ လုပ်ရပ်ဆိုးက ကျန်တဲ့ ပြည်သူတွေအပေါ် အနည်းနဲ့အများ သက်ရောက်မှုရှိမှာပါ။ ကျန်တဲ့ ပြည်သူတွေက ကိုယ့်အပေါ် အမြင်မစောင်းစေရန် တတ်နိုင်သမျှ ရှင်းပြနိုင်ရပါမယ်။ အရေးယူသည်ဖြစ်စေ၊ အရေးမယူသည်ဖြစ်စေ အစိုးရဆီကို အကြောင်းကြားပါ။ နောက်ပြီး တကမ္ဘာလုံးကြားအောင် တတ်နိုင်သမျှ အသံကျယ်ကျယ်အော်ပါ။ ပြည်တွင်းက ဘာသာပေါင်းစုံချစ်ကြည်ရေး ကြိုးပမ်း လုပ်ဆောင်နေတဲ့ ဘာသာရေးခေါင်းဆောင်တွေကို ပံ့ပိုးကြရပါမယ်။ တစ်ခုသတိထားရမှာက ဒီနေရာမှာ ဒေါသ အလျောက် မတုန့်ပြန်သင့်ပါ။ သူတို့ဒီလိုလုပ်လို့ ကိုယ့်ဘက်က ဘယ်လိုတုန့်ပြန်မယ်ဆိုတဲ့ အတွေးမျိုး တတ်နိုင်သမျှ ဖျောက်ရပါမယ်။ ဆိုးသွမ်းတဲ့လုပ်ရပ်တွေဟာ လုပ်ဆောင်နေသူတစ်စုနဲ့သာ သက်ဆိုင်ပြီး လူအားလုံးကို ကိုယ်စားမပြုဘူးဆိုတာ အမြဲသတိချပ်သင့်ပါကြောင်း …

     

    (ကျနော့်ရဲ့ ပထမဆောင်းပါးမှာ အလွန်ရှည်သွားတဲ့အတွက် ဖြုတ်လိုက်ရတဲ့ အပိုင်းကို ပြန်တင်လိုက်တာပါ။ ပုံတွေ စုံစုံလင်လင်ကြည့်လိုပါက ကျနော့် FB WALL ပေါ်မှာ Album တစ်ခုလုပ်ထားပါတယ်။ မြန်မာပြည်က လူမျိုးရေး၊ ဘာသာရေး သွေးထိုးလှုံ့ဆော်မှုတွေကိုပါ တခါတည်း တင်ပေးထားပါတယ်။ ဒီလင့်မှာသွားကြည့်နိုင်ပါတယ်။

    >>>  https://www.facebook.com/media/set/?set=a.442217339182799.102180.100001836114921&type=1 )

    ဆောင်းပါး (အပိုင်း-၁) ကိုပြန်ဖတ်လိုပါက ဒီနေရာမှာ ဖတ်နိုင်ပါတယ်။