News @ M-Media

Blog

  • အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

    ဇန်န၀ါရီလ ၂၁၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    U rakak
    ဓါတ်ပုံ-Pathi Zaw Min Tun

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက် တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။

    အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

    ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။

    27

    သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။  ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။ သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။

    ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊  ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။

    ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ  သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

     

    ဓါတ်ပုံများကြည့်ရန်။

  • သမိုင်းဟူသည် ဤသို့တည်-၈ [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်

    Thamine-Hu-the

    မဂိုမင်းဆက် သမိုင်းအမှန်

    သမိုင်းအမှားကြီး နောက်တစ်ချက်ကိုတင်ပြရမယ် ဆိုရင်ဖြင့်- မဂိုမင်းဆက်တွေ အိန္ဒိယကို စိုးစံခဲ့တဲ့ နှစ်အရေအတွက်ပါ။ ဗုဒ္ဓဘာသာမြစ်ဖျားနှင့် သမိုင်းရှုထောင့်စာအုပ် စာမျက်နှာ (၄၉)မှာ မဂို မင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံ ခဲ့တယ်လို့ ရေးသားထားပါတယ်။ အမှန် တစ်ကယ် ကတော့ မဂိုမင်း ဘာဘရ် က စလို့ မဂိုနောက်ဆုံးမင်းဆက် ဘဟာဒူရ်ရှားဟ်(၂) အထိ စုစုပေါင်းနန်းစံသက် (၃၃၁) နှစ်ရှိပါတယ်။ မဂိုမင်း ဘာဘရ် လက်ထက် (၁၅၂၆) ကနေ မဂိုမင်း ဩရန်ဇစ်(၁၇၀၇) အထိ တွက်မယ်ဆိုရင်တောင် နှစ်ပေါင်း (၁၈၁) နှစ်ရှိနေပါပြီ။ အဲဒါကြောင့် မဂိုမင်းဆက်တွေဟာ အိန္ဒိယကို နှစ်ပေါင်း (၁၃၀) ခန့်စိုးစံခဲ့တယ် လို့ ရေးသားခြင်း ဟာ သမိုင်းအမှန် နဲ့ ယှဉ်ရင် လွဲမှားကွာဟနေပါတယ်။ (ကိုးကား-The Mughals of India)

    ဗုဒ္ဓဘာသာမြစ်ဖျားနှင့်သမိုင်းရှုထောင့် စာအုပ်စာမျက်နှာ(၅၀)ပါ သမိုင်းအမှားကြီး တစ်ခုကတော့ မဂိုမင်းဩရန်ဇစ်ကို နောက်ဆုံး မင်းဆက်လို့ရေးသားထားပြီး၊ဩရန်ဇစ်မင်းနောက်ပိုင်း အိန္ဒိယနိုင်ငံမှာ မင်းဆက် လုံးဝ ပြတ်ဆဲသွားခဲ့တယ်လို့ ရေးသားထားခြင်းပါဘဲ။ မဂိုမင်းဆက်ရဲ့နောက်ဆုံး မင်းဟာ ဩရန်ဇစ် မင်းလုံးဝ မဟုတ်သလို၊ ဩရန်ဇစ်မင်းနောက်ပိုင်းအိန္ဒိယနိုင်ငံ မှာ မဂိုမင်းဆက်ပြတ် ဆဲသွားခဲ့တာလည်း လုံးဝ မဟုတ်ပါဘူး။ မဂိုမင်းဆက်ရဲ့နောက်ဆုံးမင်းဟာ ဘဟာဒူရ်ရှားဟ်(၂) (ခ) အဗူဇဖရ် စေရာ ဂျုဒ်ဒီးန် မုဟမ္မဒ်ဘဟာဒုရ် ရှားဟ်ဇဖရ် ဖြစ်ပါတယ်။ အဲဒီမင်းကို အင်္ဂလိပ်နယ်ချဲ့ဟာ ၁၈၅၈ ခုနှစ်မှာ ရန်ကုန်မြို့ကို ခေါ်ဆောင်လာပြီး အကျဉ်းချထားခဲ့ပါတယ်။ မဂိုမင်းဆက် ဟာ အဲဒီ မင်းနောက်ပိုင်းမှာ မှ ပြတ်စဲ သွားတာဖြစ်ကြောင်းပါ။

    အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား

    အိန္ဒိယမှာဟိန္ဒူအမျိုးသမီးတွေဟာ မွတ်စ်လင်မ်မဂိုမင်းတွေ လက်ထက်ကနေစပြီး အိမ်တွင်း ပုန်းတွေဖြစ်သွားတာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာကလည်း အမျိုးသမီးတွေကို အိမ်တွင်းပုန်း ခိုင်းထားတဲ့ဘာသာ မဟုတ်ပါဘူး။ အစ္စလာမ်ဘာသာရဲ့ သွန်သင်ချက်က အမျိုးသမီးတွေဟာ တစ်စိမ်း အမျိုးသား တွေနဲ့ ဒွေးရောယှက်တင်မနေဖို့၊ ဝတ်စားဆင်ယင်တဲ့ အခါမှာ ခန္ဓာအလှအပကို ဖော်မဝတ်ဖို့၊ အကြောင်းတစ်စုံတစ်ရာ မရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့စတာတွေပါ။ အကြောင်း တစ်စုံ တစ်ရာရှိရင်တော့ အိနြေ္ဒရှိစွာ ဝတ်ဆင်ပြီး ပြင်ပကို ထွက်ခွင့်ရှိပါတယ်။ တစ်ကယ်တော့ မွတ်စ်လင်မ် အမျိုးသမီးတွေ အတွက် သတ်မှတ်ထားတဲ့ နေထိုင်သွားလာပုံ၊ ဝတ်စားဆင်ယင်ပုံ၊ ပြောဆိုဆက်ဆံပုံတွေဟာ အခြား အခြားသော ဘာသာတွေရဲ့သီလရှင် (သို့) Nuns တွေရဲ့ စည်းကမ်းတွေနဲ့ခပ်ဆင်ဆင်ပါဘဲ။ အခြား ဘာသာတွေနဲ့ အဓိက ကွာတာကတော့ အစ္စလာမ်မှာက မွတ်စ်လင်မ် အမျိုးသမီးတိုင်းဟာ တစ်စိမ်း အမျိုးသားတွေနဲ့ရောနှောမနေဖို့၊ ဝတ်စားဆင်ယင်တဲ့အခါမှာ ခန္ဓာအလှအပကို ဖော်မ ဝတ်ဖို့၊ အကြောင်း တစ်စုံတစ်ရာမရှိဘဲ ပြင်ပကိုထွက်ပြီး လမ်းမသလားဖို့ ပြဋ္ဌာန်း ထားပေမဲ့၊ အခြားဘာသာတွေမှာတော့ အဲဒီလိုစည်းကမ်းဟာ သီလရှင် Nuns လူတန်းစားတစ်ရပ်အတွက်ဘဲ ဖြစ်နေတာပါ။ (ဥပမာ-ခရစ်ယာန်သီလရှင်များ)

    ဟိန္ဒူဘာသာရဲ့ကျမ်း၊ ရိဝေဒ (Rig Veda) ကျမ်းအမှတ် ၈၊ မန္တန် အမှတ် ၃၃၊ အပိုဒ် ၁၉ မှာ အမျိုးသမီးတွေ အနေနဲ့ မိမိရဲ့မျက်လွှာကိုချထားဖို့၊ မိမိအဝတ်အစားနဲ့ ခေါင်းမြီးချုံ က ဖုံးကွယ်ထား တဲ့ အစိတ်အပိုင်းတွေကို မဖော်ဖို့၊ မိမိတို့ရဲ့ခြေထောက်တွေကို ခွဲမထားဖို့(စေ့ထားဖို့) ပြဋ္ဌာန်း ထားပါတယ်။

    ခရစ်ယာန်ဘာသာရဲ့သမ္မာကျမ်း ၊ ကောရိန္တုဩဝါဒစာ (၁)၊ ၁၁း၅၊၆ မှာ “မိန်းမမည်သည်ကား၊ မိမိ ခေါင်းကိုမဖုံးဘဲ ဆုတောင်းသော်၎င်း၊ ပရောဖက် ပြုသော၎င်း၊ မိမိခေါင်းအသရေကိုရှုတ်ချ၏။ ထိုသို့ပြုလျှင် ဆံပင်ရိတ်သည်နှင့်တူ၏။ မိန်းမသည်မိမိ ခေါင်းကိုမဖုံးလျှင် ဆံပင်ကိုဖြတ်စေ။ ဆံပင် ဖြတ်ခြင်း၊ ဆံပင်ရိတ်ခြင်းအရာသည် ရှက်စရာရှိလျှင်ခေါင်းကိုဖုံးစေ။”

    ဟိန္ဒူဘာသာမှာအမျိုးသမီးတွေကို ခြေထောက်တောင် ခွဲမထားဖို့ (ကားမထားဖို့) တားမြစ် ထားတဲ့နောက်တော့ အိမ်တွင်းပုန်းခိုင်းထားသလား မပုန်းခိုင်းထားဘူးလား ဆိုတာကိုတော့ ကိုယ့်ဟာ ကိုယ်သာဆင်ခြင်ကြည့်ပါတော့လို့။ ရိဝေဒကျမ်းဟာ တမန်တော်မုဟမ္မဒ် မမွေးဖွားခင် နှစ်ပေါင်းများစွာ အရင်ကတည်းက ပေါ်ပေါက်ခဲ့တယ်ဆိုတာလောက်ကိုတော့သိမယ်လို့ ယူဆပါတယ် ခင်ဗျား။ ခရစ် ယာန် ဘာသာမှာတော့ အမျိုးသမီးတွေ ဦးခေါင်းကို မဖုံးရင် ဆံပင်ကိုရိတ်လို့တောင်ပြစ်ဒဏ် ပြဋ္ဌာန်း ထားပါသေးတယ်။ အစ္စလာမ် ဘာသာမှာတော့
    အမျိုးသမီးတွေ ဦးခေါင်း မဖုံးရင်၊ အကြောင်းတစ်စုံ တစ်ရာမရှိဘဲ အပြင်ထွက်ရင် အပြစ်ဒဏ်ပေးရတာမျိုး လုံးဝ မရှိပါခင်ဗျား။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [“ဒါကာ” နှင့် “ဓားကာ” အလွဲ- လူတို့သဘာဝ]

    ref

  • သင်္ဃန်းဝတ်သူ တစ်စု ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေးကို ဗြောင်ကျကျ ချိုးဖောက်

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ဘားအံမြို့ သရက်တောကျောင်းတိုက်မှ သင်္ဃန်းဝတ် ၇ဦးနှင့် အ၀ါရောင်ဝတ် လူငယ်အမျိုးသား အမျိုးသမီး ၂၀ ဦးပါဝင်သော အဖွဲ့သည် ဘားအံမြို့ မြို့မ ဈေးအပြင်ဘက် ပျံကျ ဈေးတန်း အတွင်းသို့ ၀င်ရောက်ကာ ပြည်သူများ၏ အေးချမ်း လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားမှုကို ၀င်ရောက်နှောက်ယှက်ခဲ့သည်။

    ဇန်န၀ါရီ ၂၀ ရက်နေ့ နံနက်ပိုင်း အချိန်တွင် ဘာသာခြား ဆိုင်များတွင် ဈေးဝယ် ခြင်းမပြုရန် ဈေးအတွင်း ၀င်ရောက် လှုံ့ဆော် ခဲ့ပြီး ဈေးဝယ်နေသူ ကရင် လူမျိုးများအား အတင်းအဓမ္မ ပိတ်ပင် ဟန့်တားခဲ့ကြောင်း ဘားအံမြို့ခံ တစ်ဦးက ပြောပါသည်။

    မြို့မဈေး အပြင်ဘက်တန်းရှိ ဆိုင်များမှ ၄င်းတို့လိုအပ်သော ပစ္စည်းများဝယ်ခြမ်းခဲ့သည့် ကရင်လူမျိုး အချို့အား ၀ယ်ယူပြီးသော ပစ္စည်းများကို ဆိုင်ရှင်ထံ ပြန်ပေးအပ်ရန်  ဘုန်းကြီး ၇ ဦးနှင့် အဖွဲ့က အတင်းအဓမ္မ စေခိုင်း ခဲ့ကြသဖြင့် ဈေးဝယ်လာပြည်သူများ စိတ်အနှောက်အယှက် ဖြစ်ခဲ့ကြောင်း ၄င်းမြို့ခံ က ပြောပါသည်။

    အဆိုပါ မြို့မဈေးအပြင်ဘက်တန်းအနီးတွင် ရဲတပ်ဖွဲ့ စခန်းရှိသော်လည်း ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သို့မျှ တားမြစ်ဟန့်တားပေးခြင်းမရှိဟု ၄င်းမြို့ခံက ပြောပါသည်။

    အာဏာပိုင် အဖွဲ့အစည်းများကဲ့သို့ သင်္ဃန်းဝတ် ထားသူတစ်စုမှ ကရင်ပြည်သူများ လွတ်လပ်စွာ ရောင်းဝယ် ဖောက်ကားခွင့် မရှိအောင် ပိတ်ပင်ဟန့်တား၊ နှောက်ယှက်နေခြင်း များကြောင့် ကရင်ပြည်သူများ နိုင်ငံသား အခွင့်အရေး ချိုးဖောက်ခံ နေရသော်လည်း ယနေ့အချိန်အထိ  ကရင်ပြည်နယ် အစိုးရမှ သော်လည်း ကောင်း၊ ရဲတပ်ဖွဲ့ ကသော်လည်းကောင်း၊ ဥပဒေနှင့်အညီ ၀င်ရောက်တားဆီး ပိတ်ပင် ပေးခြင်းမရှိခဲ့ချေ။

    နိုင်ငံသားများ၏ မူလ အခွင့်အရေးနှင့် ပတ်သက်၍ ဖွဲ့စည်းပုံအခြေခံဥပဒေ အခန်း (၈) အပိုဒ် ၃၄၉ အပိုဒ်ခွဲ (ဂ)နှင့် (ဃ) တို့တွင် ကုန်သွယ်ရောင်းဝယ်ဖောက်ကားမှု ၊ စီးပွားရေး လုပ်ကိုင်မှု များနှင့် ပတ်သက်၍ ဘာသာ၊ လူမျိုးမခွဲခြားပဲ နိုင်ငံသားတိုင်း တူညီသော အခွင့်အရေး ရရှိစေရမည် ဟု တွင် ပြဌာန်းထားသော်လည်း သင်္ဃန်းဝတ် သူတစ်စုမှ ကရင်လူမျိုး ဗုဒ္ဓ ဘာသာဝင် များ၏ နိုင်ငံသားအခွင့်အရေးကို ပေါ်ပေါ်တင်တင် ချိုးဖောက် လျက်ရှိသည်။

    ပြည်နယ်အစိုးရနှင့် ရဲတပ်ဖွဲ့တို့သည် ၄င်းတို့၏ လုပ်ရပ်များကို တားဆီးပိတ်ပင်ပေးခြင်းမရှိ ဆက်လက် မျက်ကွယ်ပြုနေပါက ကရင်ပြည်သူများ၏ နိုင်ငံသား အခွင့်အရေး ချိုးဖောက်မှု တွင် ပါဝင်ပတ်သက်သည်ဟု ယူဆရဖွယ် ရှိကြောင်း ဘားအံ ဒေသခံများက ပြောဆိုကြသည်။

  • ပူဖောင်း သေနတ်နှင့် ခြိမ်းခြောက်မှုကြောင့် ၅ နှစ်ကျောင်းသူ ကျောင်း ၁၀ ရက်တက်ခွင့် ပိတ်ခံရ

    ဇန်နဝါရီ ၁၉ ၊ ၂၀၁၃
    M-Media

    darren-staples-reuters.n
    Reuters / Darren Staples

    ပန်ဆယ်ဗေးနီယားပြည်နယ်က မူကြိုကျောင်းတစ်ခုမှ ၅ နှစ်အရွယ် မိန်းကလေးတစ်ဦးကို တခြား မိန်းကလေးတစ်ဦးအား သေနတ်နှင့် ပစ်မည်ဟုပြောခဲ့သောကြောင့် ကျောင်းတက်ခွင့် ပိတ်ပင်ခံခဲ့ရပါတယ်။ သူမအသုံးပြုမည့် လက်နက်ကတော့ ဆပ်ပြာ ပူဖေါင်းလေးတွေကို မှုတ်ထုတ်တဲ့ ကစားစရာ ပန်းရောင် သေနတ်လေးပါ။

    Mount Carmel ဒေသရဲ့ကျောင်းကတာဝန်ရှိသူတွေဟာ သူမကို မိဘတွေမရှိတုန်းမှာ မေးခွန်းတွေမေးခဲ့ပါတယ်။ သူမဟာ အကြမ်းဖက် ခြိမ်းခြောက်ခဲ့ခြင်းဖြစ်တယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပြီး ကျောင်းတက်ခွင့် ဆယ်ရက် ပိတ်ပင်ခံခဲ့ရပါတယ်လို့ သူမရဲ့ ရှေ့နေရော်ဘင်ဖစ်ကာ ကပြောခဲ့ပါတယ်။

    ဒီဖြစ်ရပ်ဟာဇန်န၀ါရီ(၁၀)ရက်နေ့၊မူကြိုကျောင်းသူ ကျောင်းသားတွေ ကျောင်းကား စောင့်နေစဉ်မှာ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။ မိန်းကလေးဟာ နင့်ကိုငါသေနတ်နဲ့ပစ်မယ်၊ ပြီးရင် ငါ့ကိုယ်ငါလည်းပစ်မယ်လို့ ပြောခဲ့ပါတယ်။ သေနတ်ဆိုတာ သူမရဲ့ ကစားစရာပူဖောင်း သေနတ်ကို ရည်ညွန်းပြောဆိုတာပါ။ သူမပြောတဲ့အချိန်မှာ သေနတ်ဟာ သူမနဲ့ အတူရှိမနေခဲ့ပါဘူး။

    ကျောင်းက တာဝန်ရှိသူတွေဟာ အဲ့ဒီစကားကိုလေ့လာပြီး နောက်နေ့မှာ ကလေးငယ်ကို မိနစ်သုံးဆယ်ကျော် မေးခွန်းတွေ မေးခဲ့ပါတယ်။ သူမနဲ့ စကားပြောပြီးနောက်မှာတော့ ခြိမ်းခြောက်မှု၊ စိတ်ရောဂါအထူးကုနဲ့ ပြသစစ်ဆေးရန် လိုအပ်တယ်ဆိုပြီး ကျောင်းတက်ခွင့် ဆယ်ရက် ပိတ်ပင်ခဲ့ပါတယ်။

    သူမရဲ့ အပြစ်ဒဏ်ကို ဆယ်ရက်မှ နှစ်ရက်အဖြစ်လျှော့ချပေးခဲ့ပြီးနောက် သူဘဝ သတ်တမ်းတလျောက် အမြဲပါသွားမယ့် အဆိုပါ ပြစ်ဒဏ်မှတ်တမ်းကိုလည်း ချေဖျက်ပေးသင့်တယ်။ သူမကိုလည်း တောင်းပန်သင့်တယ်လို့  သူမရဲ့ ရှေ့နေက ချေပပြောဆိုခဲ့ပါတယ်။
    သူမရဲ့အမေက ဖစ်ကာဟာ မေရီလန်းပြည်နယ်က ဒီလိုအဖြစ်အပျက်တစ်ခုမှာ ရှေ့နေလိုက်ပေးခဲ့တဲ့အကြောင်းကို ဖတ်မိခဲ့တာကြောင့် သူ့ကို ငှားရမ်းခဲ့ခြင်းဖြစ်တယ်လို့ သူကပြောပါတယ်။ အဲ့ဒီအမှုမှာတုန်းက သူဟာ အသက် ၆ နှစ်အရွယ် ကောင်လေးကို ရှေ့နေလိုက်ပေးခဲ့တာပါ။ ထိုကောင်လေးဟာ အတန်းဖော်တစ်ယောက်ကို သူ့လက်ညိုးကို သေနတ်လိုလုပ်ပြီး “ ဒိုင်း” လို့ သေနတ်ပစ်သလို ပြောခဲ့တာကြောင့် ကျောင်းတက်ခွင့် ပိတ်ပင်ခံခဲ့ရတာပါ။ ကျောင်းက တာဝန်ရှိသူတွေ ကတော့ ဒါဟာ ကြီးကျယ်တဲ့ ဖြစ်ရပ်အဖြစ် သတ်မှတ်ခဲ့ပြီး ကောင်လေးဟာ တခြားကျောင်းသားတွေကို အသက်အန္တရာယ် ခြိမ်းခြောက်ခြင်းဖြစ်တယ်လို့ ပြောခဲ့ကျပါတယ်။

    ကွန်နက်တီကပ်ပြည်နယ်၊ နယူးတောင်းမြို့က ဆန်ဒီဟုက် မူလတန်းကျောင်းမှာ အစုလိုက်အပြုံလိုက် သတ်ဖြတ်ခံခဲ့ရပြီးတဲ့ နောက်ပိုင်း အမေရိကန် ပြည်ထောင်စုက ကျောင်းတွေမှာ သေနတ်နဲ့ပတ်သက်တဲ့ အကြမ်းဖက် လုပ်ရပ်တွေဟာ နာကျင်ဖွယ် နိဂုံးတွေဖြစ်လာပါတယ်။ ဒီပစ်ခတ်မှုဟာ ကလေးအယောက် နှစ်ဆယ်အပါအ၀င် လူ နှစ်ဆယ့်ခြောက်ယောက် သေဆုံးစေခဲ့တာကြောင့် နိုင်ငံတစ်ဝှမ်းလုံးကို ထိတ်လန့်တုန်လှုပ်စေပြီး   Gum control ကို ပိုပြီး တင်းကျပ်တဲ့ ဥပဒေတွေ ချမှတ်ဖို့ ပြင်းထန်တဲ့ ဝေဖန်မှုတွေ စတင်စေခဲ့ပါတယ်။

    Ref: RT

  • ဘားအံမြို့ပေါ်တွင် အစ္စလာမ် ဆန့်ကျင်ရေး ပေါ်ပေါ်ထင်ထင် လုပ်ဆောင်နေ

    ဇန်နဝါရီ ၂၀ ၂၀၁၃
    M-Media
    ဘားအံသား

    IMG_20130120_093023
    လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ အမည် ဖြင့် အစ္စလာမ် ဆန့်ကျင်ရေး လုပ်ဆောင်နေသူများ

    ယနေ့နံနက် (၉း၁၅)ခန့်တွင်ဘားအံမြို့၊ မြို့မဈေးကြီး ပတ်ဝန်းကျင်ရှိဆိုင်များတွင် လူမျိုး၊ဘာသာ၊ သာသနာ ကာကွယ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဟူသောစာတန်း ပါတီရှပ်များ ၀တ်ဆင်ထားသည့် လူငယ်အမျိုးသား၊ အမျိုးသမီးတစ်ချို့နှင့် ကိုရင်အရွယ် သံဃာအချို့တို့သည် မွတ်စလင်မ် ဆိုင်များ တွင်ဝယ်ယူအားပေးကြသည့် ဗုဒ္ဓဘာသာဝင်များအား လိုက်လံစစ်ဆေး၍ ပစ္စည်းများပြန်ပေးခိုင်း သည့်ဖြစ်စဉ် တစ်ချို့ဖြစ်ပေါ်ခဲ့သည်။ ဖြစ်စဉ်တစ်ခုမှာ-မွတ်စလင်မ် ဆိုင် တစ်ဆိုင်တွင်သွပ်ပြား ၀ယ်ယူသွားသည့် ကရင်လူမျိုးတစ်ဦးအား ၎င်းအဖွဲ့ဝင်များက တွေ့ရှိသွား၍ ထိုဆိုင်သို့  ပစ္စည်းပြန်အပ်ပြီး မွတ်စလင်မ် မဟုတ်သောဆိုင်တွင်သာ ၀ယ်ယူရန် လက်တွေ့ဆောင်ရွက်မှုကို ထိုပတ်ဝန်းကျင်ရှိ  ဘာသာဝင်အသီးသီးတို့က မြင်တွေ့ခဲ့ကြောင်း သတင်းရရှိပါသည်။

    ဤကဲ့သို့ဆောင်ရွက်ခြင်းမှာဘားအံမြို့အတွင်း ပထမဆုံးအကြိမ်ဖြစ်သည်ဟုသိရသည်။ ထို့ပြင်ကမ္ဘောဇဘဏ် အနီးတွင်လည်း ၎င်းလူငယ်အစောင့် သုံးဦးချထားပြီး ထိုအနီးအနားရှိ မွတ်စလင်မ် ဆိုင်များတွင် ဈေးဝယ်မည့်သူများအား စောင့်ကြပ်လျှက်ရှိနေကြောင်း သိရှိရသည်။

    ထိုကိစ္စနှင့်ပတ်သက်၍ သက်ဆိုင်ရာမှ တစ်စုံတစ်ရာ အရေးယူဆောင်ရွက်ခြင်း မရှိသေးကြောင်း သိရပါသည်။

    ထို့ပြင် ဘားအံမြို့အနီးရှိ ကော့ကျိုက်နှင့်အခြားရွာများတွင် ‘ ဒီစာကိုဖတ်ဖြစ်အောင်ဖတ်ပါ” ဟူသောခေါင်းစဉ်ပေးထားသည့် ရေးသူဖော်ပြမထားသော အစ္စလာမ်ဆန့်ကျင်ရေး စာအုပ်များကို မကြာမီကဖြန့်ချိခဲ့သည်။ထိုစာအုပ်တွင် အစ္စလာမ်နှင့်ပတ်သက်သည့် အချက်အလက်များကို မှားယွင်းစွာဖော်ပြထားပြီး  တမန်တော်မုဟမ္မဒ် အပေါ် စော်ကားထားသည့် အောက်တန်းကျသော အရေးအသားများ ပါဝင်နေကြောင်း ဘားအံမြိုမှ အစ္စလာမ်ဘာသာဝင် တစ်ဥိးမှ M-Media သို့ပြောကြားပါသည်။  ယခင်က ကော့ကျိုက်ရွာမှာ ပတ်ဝန်းကျင်ကျေးရွာများနှင့် အရောင်းအ၀ယ် ကူးလူးဆက်ဆံမှုများ ပုံမှန်ရှိခဲ့သော်လည်း ကန့်သတ်မှုများနောက်ပိုင်းတွင် မိမိတို့ ရွာတွင်သာ ရောင်းဝယ် လုပ်ကိုင်ကြရကြောင်း သိရှိရသည်။

    အဆိုပါဖြစ်စဉ်များအစမှာ ဘာသာမတူသူများနှင့် စီးပွားရေး၊ လူမှုရေးအရ ဆက်ဆံခြင်းမပြုရန် ၊ အိမ်ခြေရောင်းဝယ်ခြင်းမပြုရန် ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာ တော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က ၁၀.၉.၂၀၁၂ နေ့တွင် စည်းကမ်းချက် လေးချက်ပါသော ဆုံးဖြတ်ချက်ကိုချမှတ်ခဲ့ပြီး အမှတ်(၈၁) ဂလိုဘယ်ပို့စ် ဂျာနယ်မှ ယင်းသတင်းကို အောက်တိုဘာ (၁၉)ရက်နေ့၊ ၂၀၁၂ နေ့တွင် မျက်နှာဖုံး သတင်းအဖြစ် ဖေါ်ပြခဲ့သည်။

    မကြာမီ ရက်များက ဘားအံမြို့ မဲဘောင် ကျောင်း တိုက်တွင် ၁.၁၂.၂၀၁၂ ပြုလုပ်သော ကရင် ပြည်နယ် ဂိုဏ်းပေါင်းစုံ သာသနာတော် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့ က အစည်း အဝေးမှ  ခွင့်ပြုလာလ ကုန်ဆုံး ပြီး ပြစ်ဒဏ်ပေးမည့် ကာလ ရောက်ရှိလာ၍ ဗုဒ္ဓဘာသာဝင်များထံ သတိပေးနှိုးဆော်လွှာ ထုတ်ပြန်ခဲ့သည်။ ယင်းသတိပေးနှိုးဆော်လွှာတွင် ဘာသာခြားဆိုင်များသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀  ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည် ဟု ဖော်ပြထားသည်။

    pahan

    Pa Aan_ Kayin_State
    ဘာသာခြားဆိုင်မျာသို့ ပစ္စည်း သွား ရောက် ၀ယ်ယူပါက ရဟန်းတော်ဖြစ်လျှင် ကျပ်ငွေ ၃၀၀၀၀၀ ၊ လူပုဂ္ဂိုလ်ဖြစ် လျှင် ကျပ်ငွေ ၁၀၀၀၀၀ ပြစ်ဒဏ် ချမှတ်မည်