News @ M-Media

Blog

  • မြွေဆိပ်ဖြေဆေးဝယ်ရန် ဂရုဏာရှင်အသင်းသို့ ဦးရာဇတ်(၁၁၅)နှစ်မြောက် ကျင်းပရေးကော်မတီမှ ငွေ ၂၃ သိန်းလှူဒါန်း

    ဇန်နဝါရီ ၂၀ ၊ ၂၀၁၃
    M-Media

    ဓါတ်ပုံ (Pathi Zaw Min Tun)
    ဓါတ်ပုံ (Pathi Zaw Min Tun)

    အာဇာနည် ခေါင်းဆောင်ကြီးများအား ရည်စူးပြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ ကရုဏာရှင်အသင်း (ညောင်ဦးမြို့) သို့ အများပြည်သူတို့ အတွက် မြွေဆိပ်ဖြေဆေး အလုံး (၁၄၀) ၀ယ်ယူ လှူဒါန်းနိုင်စေရန် ငွေကျပ် ၂၃၁၀၀၀၀ (နှစ်ဆယ့် သုံးသိန်း တစ်သောင်းကျပ်) ကိုအထိမ်းအမှတ် အခမ်းအနား ကျင်းပနေစဉ်မှာပင် ပေးအပ် လှူဒါန်းခဲ့ကြာင်း သိရပါတယ်။

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်တာဖြစ်ပြီး အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ ဘာသာပေါင်းစုံမှ ဆရာတော်များ ခေါင်းဆောင်များ၊ နိုင်ငံရေးနယ်ပယ်မှ ခေါင်းဆောင်များ၊ သံတမန်များ၊ ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြပါတယ်။

    ဂရုဏာရှင်အသင်း(ညောင်ဦးမြို့) ၏ FaceBook စာမျက်နှာ

  • ရခိုင်မှ မွတ်စလင်မ် ဒုက္ခသည်များပြန်လည်နေရာ ချထားရေးဆော်ဒီ ဘုရင်မှဒေါ်လာ ၁.၈၈ သန်း လှူ

    ဇူလိုင်-၂၁၊၂၀၁၃
    M-Media

    KSA gives

    မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာများ၏ နေရာထိုင်ခင်းအတွက် UNHCR မှ ဆောင်ရွက်ပေးနေသော လူသားချင်း စာနာထောက်ထားရေးအစီအစဉ်ထံသို့ ဒေါ်လာ ၁.၈၈ သန်းကို ပေးပို့လှူဒါန်းကြောင်း ဆော်ဒီအာရေဗျမှ ကြေညာလိုက်သည်။

    ဤအရေးအတွက် နားလည်မှုစာချွန်လွှာတစ်ရပ်ကို ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့မှ ယူစွတ်ဖ် အလ်ဘတ်စမ် (Yousef Al-Bassam) နှင့် ရိယဒ်မြို့၊ UNHCR ဌာနေကိုယ်စားလှယ် အင်မ်ရာန် ရီဇာ (Imran Riza) တို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    ရခိုင်ပြည်နယ်ရှိ အိုးမဲ့အိမ်မဲ့ဖြစ်နေသူများစွာ၏ ဘ၀အနေအထားများ တိုးတက်လာရေး၌ ဤသို့ ငွေပင်ငွေရင်း၊ အချိန် နှင့် ရည်ရွယ်မှုများဖြင့် ကူညီပါဝင်ခြင်း၏ အရေးကြီးပုံကို ရီဇာမှ သဘောတူလက်မှတ်ရေးထိုးပြီးနောက် အလေးအနက် ထားပြောကြားသည်။

    အထူးကော်မရှင်နာမင်းကြီး အန်တိုနီယို ဂူတာရက်စ်(Antonio Guterres) ကိုယ်စား ရီဇာက ကမ္ဘာ့အမြင့်မြတ်ဆုံး ၀တ်ကျောင်းတော်နှစ်ခုအား ထိန်းသိမ်းစောင့်ရှောက်နေသူ ဆော်ဒီဘုရင် အဗ်ဒုလ္လာဟ်၏ ရက်ရောသော ဤအလှူဒါနအပေါ် အထူးကျေးဇူးတင် အသိအမှတ်ပြုပါကြောင်း၊ လူသားချင်းစာနာရေး၌ ဆော်ဒီ၏ ဦးဆောင်ကူညီခြင်း အခန်းကဏ္ဍကို ပေါ်လွင်ထင်ရှားစေကြောင်း ဆက်လက်တင်ပြခဲ့သည်။

    ယင်းအိုးအိမ်မဲ့ ဒုက္ခသည် ပြည်သူများအား အခိုင်အမာနေရာ ချထားပေးရေးအတွက် ဆော်ဒီအာရေဗျ၊ ဖွံ့ဖြိုးရေးလုပ်ငန်းဆိုင်ရာ ရံပုံငွေအဖွဲ့သည် ပါကစ္စတန်နှင့်အတူ လက်တွဲ ပူးပေါင်းဆောင်ရွက်သွားမည်ဟု သိရသည်။

    Ref: ARAB NEWS

  • ဘီးလင်းမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးထိုးမှုများ ဖြစ်ပွားခဲ့

    ဇန်နဝါရီ ၂၂ ၊ ၂၀၁၃
    M-Media
    နေသစ်ထွန်း

    270849_3708653935464_364925204_n
    ဘီးလင်းမြို့မှ အစ္စလာမ်ဘာသာဝင်တို့ နေစဉ် ဆုတောင်းဝတ်ပြုရာ ဗလီဝတ်ကျောင်းတော်တခု

    မွန်ပြည်နယ် ၊ ဘီးလင်းမြို့တွင် အစ္စလာမ် ဆန့်ကျင်ရေး သွေးထိုးမှုများ ကို ဘီးလင်းမြို့ခံ မဟုတ်သူများက လှုံ့ဆော် ခဲ့ ကြောင်းသိရသည်။ ၇.၁.၂၀၁၃ နေ့တွင် ဘီးလင်းမြို့သို့ဂျစ်ကားဖြင့် အစ္စလာမ် ဘာသာအပေါ် တိုက်ခိုက် ဟောကြားသည့် အခွေများ ဘီးလင်းမြို့သို့ ၀င်ရောက်ရောင်းချခဲ့ကြသည်။ “တခြား ဘာသာကို တိုက်ခိုက် စော်ကားထားတဲ့ တရားအခွေတွေ ကို ဂျစ်ကားနဲ့ လာရောင်းပါတယ်။ လာရောင်းတဲ့ သူတွေက လည်း ဒီမြို့ ကမဟုတ်ကြဘူး။ လမ်းထောင့် လမ်းထောင့် တွေမှာ ဖွင့်ပြလိုက်နဲ့ ရောင်းတယ်။ ဒါပေမယ့် ဘီးလင်း က လူ တွေက စိတ်မ၀င်စားလို့ ဘယ်သူမှ ၀ယ်တာမတွေ့ရဘူး” ဟု ဘီးလင်းမြို့ခံ တစ်ဦးက ပြောပါသည်။

    အစ္စလာမ် ဘာသာအားတိုက်ခိုက်စော်ကားထားသည့် အခွေများ ရောင်းချပြီး တစ်ပတ်ခန့်အကြာတွင် မြို့ပေါ် လူငယ်များ ၏ ကာရာအိုကေ ဖျော်ဖြေပွဲ တွင် မွတ်စလင်များကို ဆန့်ကျင်ရန် မျက်နှာစိမ်း ဘုန်းကြီး တစ်ပါး က လှုံဆော်ဟောပြောခဲ့သည်။ “ ၁၅ရက်နေ့ ည ဘိုတဲရပ်ကွက်မှာ ဘီးလင်းက လူငယ်တွေ ပျော်ပွဲရွှင်ပွဲ လုပ် တယ်။ ည ၉နာရီ လောက် စင်ပေါ်ကို ဘုန်းကြီးတစ်ပါးတက်လာပြီး မင်းတို့က ပျော်နေကြ တယ်။ မွတ်စလင် ကုလားတွေ ၇၈၆ လို့ သုံးပြီး ၂၁ ရာစုမှာ လွှမ်းမိုးဖို့ လုပ်နေကြတယ်။ ဒါကို မင်းတို့ကို မသိပဲ ပျော်ရွှင် နေတာ မကောင်းဘူး။ အမျိုး ၊ ဘာသာ  ၊သာသနာ ကို ထိန်းသိမ်းရမယ် ဆိုပြီး မွတ်စလင်တွေကို ဆန့် ကျင် ရေး စကား တွေ စတိတ်စင်ပေါ်တက်လာပြောတယ်။ ကလေးတွေ အားလုံးလည်း လန့်ကုန်ကြတယ်။ ကာရာအိုကေ ပွဲ လည်း ရပ်လိုက်ရတယ်” ဟု ၄င်းမြို့ခံ က ပြောပါသည်။

    ယင်းသို့ မွတ်စလင်မုန်းတီးရေး လှုံဆော်ခဲ့သော်လည်း မြို့ခံ ဗုဒ္ဓဘာသာ များက စိတ်မ၀င်စားကြကြောင်း သိရ သည်။

    မုတ္တမမြို့ နန်းဦး စာသင်တိုက် ဘုန်းကြီးမှ အစ္စလာမ် ဘာသာအား စော်ကားသော ဟောကြားသော ဗွီဒီယို အခွေ များ အား ကရင်ပြည်နယ်၊ မွန်ပြည်နယ်တို့တွင် ပျံ့နှံခဲ့ပြီး နောက်ပိုင်းတွင် ဘီးလင်းမြို့တွင် မွတ်စလင် မုန်းတီးရေး လှုပ်ဆော်မှု များဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

    ၂၀၁၃ ခုနှစ် ဆန်းပိုင်း တွင် မန္တလေး မစိုးရိမ်ကျောင်းတိုက်မှ ၀ီရသူသည် မွန်ပြည်နယ်ဘက်သို့ ခရီးထွက်ခဲ့ ရာ  ၅.၁.၂၀၁၃ ရက်ညပိုင်းတွင်  ပေါင်မြို့နယ် ဇင်းကျိုက်ကျေးရွာ တွင် လည်းကောင်း ၊ ၅.၁.၂၀၁၃ ညနေ ပိုင်းတွင် မုတ္တမတွင် လည်းကောင်း တရားဟောပွဲများပြုလုပ်ခဲ့သည်။

    ဘီးလင်းမြို့တွင်ဖြစ်ပွားခဲ့သောဖြစ်ရပ်သည် ၀ီရသူ၏ မွန်ပြည်နယ် ခရီးစဉ်နှင့် ဆက်စပ်မှုများရှိနိုင်ကြောင်း အစ္စလာမ်ဆန့်ကျင်ရေး လှုပ်ရှားမှုများကို လေ့လာစောင့်ကြည့်နေသူများက သုံးသပ်ကြသည်။

    ဘီးလင်းမြို့  သက်ဆိုင်ရာ အာဏာပိုင်များကလည်း ဘာသာရေး မုန်းတီးလှုံ့ဆော်မှုများ ထပ်မံ မဖြစ်ပေါ်အောင်  ဆောင်ရွက်ပေးထားကြောင်းသိရသည်။

    နေသစ်ထွန်း

  • မမြဲတော့သော တွဲလက်များ (Has China Lost Myanmar?)

    ဇန်နဝါရီ ၁၅ ၊ ၂၀၁၃

    M-Media

    chinaburma

    မြန်မာတို့၏ မရေမရာဒီမိုကရေစီအတွေးက အနောက်ဖက်သို့ ဦးလှည့်လိုက်သည်နှင့် တရုတ်တို့က လူမျိုးစုပြဿနာကိုမွှေပေးလိုက်သည်။မြန်မာအစိုးရကိုဒေါသထွက်လာအောင် ဆွပေးလိုက်ပြီးပြသနာကို အရှိန်မြှင့်ပေးလိုက်သည်။ သမ္မတ ဦးသိန်းစိန်တက်လာပြီးနောက်ပြန်လည် ထူထောင်ရေးများလုပ်လာသည့် ၂၀၁၁ မှစ၍ တရုတ်တို့နှင့်ပြဿနာ စတက်လာခဲ့သည်။ တရုတ်တို့သည် သူတို့၏အိမ်နီးချင်းမြန်မာနှင့် ဆယ်စုနှစ်ပေါင်း အတော်ကြာနွေးထွေးသော ဆက်ဆံရေးထူထောင်ခဲ့ပြီးမြန်မာ့ သဘာဝ သယံဇာတများနှင့် နိုင်ငံခြားရေး မူဝါဒတို့အားမောင်ပိုင်စီးခဲ့သည်။ ယခုအခါမြန်မာသည် လုံးလုံးလျားလျားမဟုတ်သေးသော်လည်း ဒီမိုကရေစီအသွင်သို့ ကူးပြောင်းနေပြီဖြစ် သဖြင့်မြန်မာပြည်သူများသည် ယခင်စစ်အစိုးရနှင့် သူတို့၏စီးပွားရေးများအား အထောက်အပံ့ များစွာပေးခဲ့သဖြင့် မချစ်သော်လည်းအောင့်ကာ နမ်းခဲ့ရသည့် ဘေဂျင်းအား မလိုလားကြောင်း ပြသနေကြပြီဖြစ်သည်။

    လက်ရှိမြန်မာ့နိုင်ငံရေးမှာဒေသတွင်း မတည်ငြိမ်မှုများနှင့် ကြုံတွေ့နေရဆဲဖြစ်သည်။ တရုတ်တို့ကလည်းမြန်မာ့နယ်စပ်သို့ စစ်တပ်များပို့ထားသည်။ ဇန်န၀ါရီလစောစောပိုင်း ကတည်းက ပို့ထားသော တရုတ်စစ် တပ်များသည်မြန်မာ့ပိုင်နက် အတွင်းဖြစ်ပွားနေသော စစ်ပွဲ၏ နောက်ဆက်တွဲ ဖြစ်လာနိုင်ချေများအား ကြိုတင်ကာကွယ်ခြင်းဖြစ်သည်။

    တရုတ်သည်သူ့အတွက် အိန္ဒိယသမုဒ္ဒရာထွက်ပေါက်အဖြစ်မြန်မာအား အပိုင်တွက်၍ မရတော့ပေ။ ထို့ပြင် အရှေ့တောင်အာရှနိုင်ငံများအနက် သူ့အား သစ္စာခံသောထောက်ခံသူ မိတ်ဖက်အဖြစ်လည်း သတ်မှတ်၍ မရတော့ပေ။ မြန်မာု့မြို့တော်သစ်နေပြည်တော်နှင့် ၀ါရှင်တန်တို့အကြား ဆက်ဆံရေး ပိုမိုနွေးထွေးလာခဲ့သည်။ အမေရိကန် က အာရှ၏ချိန်ခွင်ညှာ အချိန်အဆသစ်ကိုမြင်လာသည့်အတွက် ဘေဂျင်းကစိုးရိမ်လာခဲ့သည်။  ဘေဂျင်းအတွက် အခြေအနေမှာလည်း ပိုဆိုးလာခဲ့သည်။ မုံရွာဒေသတွင် ရှိသည့်နိုင်ငံ၏ အကြီးဆုံးကြေးနီ သတ္တုတွင်း မှာလည်း ရွာသူရွာသားများနှင့် ဘုန်းတော်ကြီးများ၏ ဆန္ဒပြမှုကို ရင်ဆိုင်နေရသည်။ ထိုသတ္တုတွင်းမှာ စစ်အစိုးရထိန်းချုပ်သော ဦးပိုင်ကုမ္ပဏီနှင့် တရုတ်လက်နက်ကုမ္ပဏီ တို့ ပူးတွဲ လုပ်ကိုင်လည်ပတ်နေသည့် သတ္တုတွင်းဖြစ်သည်။ ၂၀၁၁ ခုနှစ်ကလည်း သမ္မတ ဦးသိန်းစိန်သည် တရုတ်ကုမ္ပဏီက ဒေါ်လာ ၃.၆ဘီလီယံရင်းနှီးမြှုပ်နှံကာ တည်ဆောက်နေသည့်မြစ်ဆုံဆည် စီမံကိန်းကိုပြည်သူများ၏ ဆန္ဒနှင့်ဆန့်ကျင်သည်ဟုဆိုကာ ရပ်တန့်ထားရန် အမိန့်ပေးခဲ့သည်။

    မုံရွာတွင် ဖြစ်ပေါ်သော ဆန္ဒပြဆန့်ကျင်မှုများကြောင့်မြန်မာနိုင်ငံတွင် ရှိနေသော တရုတ်၏ ရင်းနှီးမြှုပ်နှံမှုများမှာ အန္တရာယ် ရှိနေပြီလောဟု စိုးရိမ်စိတ်ဖြစ်ပေါ်စေခဲ့သည်။ ဘေဂျင်းသည်မြန်မာပြည်ရှိ ၎င်းစိတ်ဝင်စားသည့် ကိစ္စများကို ထိခိုက်နာကျင်စေခြင်းမှ အကာအကွယ်ပေးရေး ဆိုသည့်ကိစ္စကို အနည်းငယ်သာ လုပ်နိုင်ကြောင်း သိလိုက်ရသည်။ အစိုးရပိုင်းမှ ခွဲခြမ်းစိတ်ဖြာစိစစ်သူများ၊နိုင်ငံခြားရေး မူဝါဒဆိုင်ရာပုဂ္ဂိုလ်များ အပါအ၀င် အရှေ့တောင်အာရှရေးရာ ကျွမ်းကျင်သူများက တရုတ်အစိုးရအနေနှင့် သူ၏မူလလက်ဟောင်းမိတ်ဆွေများဖြစ်ကြပြီး နယ်ခြားတွင်နေထိုင်ကြသည့် လူမျိုးစု သူပုန်များဖက်သို့ပြန်လှည့်သင့်ကြောင်းပြောဆိုနေကြသည်။ တရုတ်ပြည်အနောက်တောင်ဖက် ယူနန်ရှိ “ယူနန် ရဲ ကောလိပ်” မှ နိုင်ငံရေးသိပ္ပံပါမောက္ခ လျန်ဂျင်းယွန် က ၂၀၁၁ ခုနှစ်က ရေးသားတင်သွင်းခဲ့သော စာတမ်းမှာ အတော်သြဇာရှိသော စာတမ်းဖြစ်သည်။ ထိုစာတမ်းတွင် အကယ်၍ တရုတ်မြန်မာနယ်စပ်ရှိ လူမျိုးစု သူပုန်များကိုကောင်းစွာ အသုံးချနိုင်ခဲ့လျှင် တရုတ်အတွက်ရေရှည်သစ္စာရှိသည့် မိတ်ဆွေများဖြစ်လာနိုင်ပြီးမြန်မာနိုင်ငံတွင်ကြုံနေရသည့် အမေရိကန်နှင့် တရုတ်တို့၏ထိပ်တိုက် ရင်ဆိုင်နေရသည့်ရှေ့တန်းအတွက် အသုံးဝင်နိုင်ကြောင်း သုံးသပ်ထားသည်။

    မြန်မာနိုင်ငံလွတ်လပ်ရေးရကတည်းက သီးခြားခွဲထွက်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော “၀” နှင့် “ကချင်” မျိုးနွယ်စုများ သည် ကာလကြာမြင့်စွာကတည်းက တရုတ်နှင့် ချစ်ကြည်ခဲ့ကြသည်။ ၁၉၆၀ ခုနှစ်များဆီက တရုတ်နှင့် ဆက်ဆံရေး အကောင်းဆုံး ကာလများဖြစ်ခဲ့သည်။ ထိုစဉ်က ထိုမျိုးနွယ်စုများနှင့် တရုတ်အမျိုးသား များပါဝင်သော ဗမာပြည်ကွန်မြူနစ်ပါတီအား တရုတ်က ထောက်ပံ့ပေးခဲ့သဖြင့် ဗဟိုအစိုးရအား ဆန့်ကျင် တော်လှန်ရာတွင် တစိတ်တပိုင်း အောင်မြင်မှုရခဲ့သည်။ ၁၉၉၀နှစ်များတွင် ဘေဂျင်းက လူနှင့်ပစ္စည်းထောက်ပံ့မှုများကို ရပ်ဆိုင်းခဲ့သည်။ သို့သော် ယူနန်ပြည်နယ်အစိုးရသည် နယ်စပ်ကူးလူးဆက်ဆံမှုကို ပုံစံပြောင်းပြီး စီးပွားရေး ဆက်ဆံမှုနှင့် မူးယစ်ဆေးဝါး အစားထိုးသီးနှံ အစီအစဉ်များဖြင့် အစားထိုးခဲ့သည်။ ၂၀၁၁ စက်တင်ဘာတွင် နေပြည်တော်နှင့် “၀” တို့ငြိမ်းချမ်းရေး သဘောတူနိုင်ခဲ့ကြသည်။ သို့သော် ကချင်စစ်တပ်နှင့်မြန်မာစစ်တပ်တို့မှာမူ စစ်ပွဲဆင်နွှဲနေဆဲဖြစ်သည်။မြန်မာတပ်များသည် ကချင်တပ်များကို တိုက်ရာတွင် လေကြောင်းမှ တိုက်ခိုက်ခဲ့ကြောင်း ဇန်န၀ါရီ ၂ရက်နေ့ကပြောခဲ့သည်။ ကချင်စစ်တပ်ကလည်း သူတို့ထံတွင် စစ်သည်အင်အား တစ်သောင်းခွဲရှိကြောင်းကြွားနေဆဲဖြစ်သည်။

    ဘေဂျင်းသည် အများပြည်သူသိအောင် ကြေငြာခြင်းကိုမူအနည်းငယ်သာပြုလုပ်သည်။ တရုတ်နှင့်မြန်မာတို့ သည်အရေးပါသော အိမ်နီးချင်းများဖြစ်ကြကြောင်း၊နေပြည်တော်နှင့် ၀ါရှင်တန်တို့ ဆက်ဆံရေးကောင်းမွန်လာ သည်ကိုလည်း တရုတ်ကကြိုဆိုပါကြောင်း တရုတ်နိုင်ငံခြားရေး ၀န်ကြီးဌာနမှဆိုသည်။ သို့သော်ဘေဂျင်းနှင့် လွန်ခဲ့သော ဆယ်စုနှစ်များက ဆက်ဆံခဲ့ရာတွင် ဆန္ဒရှိသလောက် ရလဒ်ကောင်းများ မရခဲ့ကြောင်း သိမ်မွေ့စွာပြောခဲ့သည်။ ထို့ကြောင့် တရုတ်သည် ချဉ်းကပ်ပုံ ပြောင်းသင့်ပြီဖြစ်ကြောင်းဖြင့်ပြီးခဲ့သော နိုဝင်ဘာလက ကျင်းပသော ဧည့်ခံပွဲတွင် တရုတ် နိုင်ငံရေးဆန်းစစ် စိတ်ဖြာသူ တစ်ဦးကပြောသည်။ ဘေဂျင်းမှနောက်ထပ်သြဇာရှိသော ဆန်းစစ်သူတစ်ဦးကလည်း နယ်စပ်ရှိ မျိုးနွယ်စုများသည် မိမိတို့အတွက် ဖဲချပ်ဖြစ်ကြောင်း တရုတ်ပြည် သည် ထိုဖဲချပ်ကိုကောင်းစွာကစားသင့်ကြောင်းပြောသည်။ သူ၏အမြင်သည် လွန်ခဲ့သောနှစ်အနည်းက ဆုံခဲ့ရသည့်နိုင်ငံရေး ဆန်းစစ်သူများ၏ အမြင်များနှင့်တူနေသည်။ သို့သော်မည်သူ တစ်ဦးတစ်ယောက်ကမျှ တိုင်းသိပြည်သိ မပြောခဲ့ကြပေ..။

    http://www.foreignpolicy.com/တွင် ဖော်ပြခဲ့သည့် ဆောင်းပါးရှင် YUN SUN ၏  Has China Lost Myanmar? ဆောင်းပါးကို M-Media မှာ ဆီလျော်အောင် ဘာသာပြန်ဆိုပါသည်။

     

  • အာဇာနည် ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့် ဆရာကြီး ဦးရာဇတ် (၁၁၅)နှစ်မြောက် အခမ်းအနား ကျင်းပ

    ဇန်န၀ါရီလ ၂၁၊၂၀၁၃
    M-Media
    သတင်း-ပသီဆောင်းနှင်းမှုံ

    U rakak
    ဓါတ်ပုံ-Pathi Zaw Min Tun

    အာဇာနည်အမျိုးသား ခေါင်းဆောင်ကြီးများ ဂုဏ်ပြုပွဲနှင့်ဆရာကြီး ဦးရာဇတ်(၁၁၅)နှစ်မြောက် မွေးနေ့ အခမ်းအနားကို တနင်္ဂနွေနေ့ က ရန်ကုန်မြို့ The Strand Hotel တွင် ကျင်းပ ပြုလုပ်ရာ အာဇာနည်ခေါင်းဆောင်ကြီးများ၏ မိသားစုဝင်များ၊ဘာသာပေါင်းစုံမှ ဆရာတော်များ၊နိုင်ငံရေး နယ်ပယ်မှ ခေါင်းဆောင်များ၊သံတမန်များ၊ဆရာကြီး၏ တပည့်သားမြေးများ၊ဆရာကြီးအား ချစ်ခင်လေးစား ကြည်ညှိကြသူ မြန်မာပြည် တလွှားမှ ဧည်သည်တော်များ နှင့် သတင်းမီဒီယာများ တခဲနက် တက်ရောက်အားပေး ဂုဏ်ပြုခဲ့ကြသည်။

    အခမ်းအနားမှူးအဖြစ် ကျင်းပရေးကော်မတီမှ ဥက္ကဌ ဦးသူရ(ဇာဂနာ)က ဆောင်ရွက်ပြီး ကျဆုံးလေပြီသော အာဇာနည် ခေါင်းဆောင်ကြီးများအား ၁မိနစ်ခန့် ငြိမ်သက်၍ မေတ္တာပို့ ဆုတောင်း အလေးပြုခဲ့ကြသည်။ အနုပညာရှင်များ ဖြစ်ကြသော လူရွှင်တော် ဦးအရိုင်း၊ အဆိုတော် ရန်ပိုင်စိုး မစိုးစန္ဒာထွန်းတို့နှင့်အတူ တေးဂီတ ပညာရှင်မျာ မြိုင်မြိုင်ဆိုင်ဆိုင် တီးမှုတ် သီဆိုကာ အခမ်းအနားကို ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။

    ထို အခမ်းအနားတွင် ဆရာကြီး၏စိတ်နေစိတ်ထားကို ထင်ဟပ် ပေါ်လွင်စေမည့် ဗွီဒီယို ပြဇာတ်တစ်ခုကို ခန်းမ တစ်ခုလုံးကို အမှောင်ချကာ ၁၀မိနစ်ခန့် ပြသခဲ့ကြောင်း သိရသည်။

    27

    သီတဂူဆရာတော်၏ ကိုယ်စား ဆရာတော် အရှင် တိက္ခဥာဏ (ကထိက၊ သာသနာ့ဓဇ ဓမ္မာစာရိယ၊ B.A, M.A, သီတဂူ ကမ္ဘာ့ဗုဒ္ဓတက္ကသိုလ်) သြ၀ါဒ မိန့်ကြားရတွင် “ဆရာကြီးဦးရာဇတ်တို့ရဲ့ထုံး နှလုံးမူကြကာ သူတို့ရဲ့ လမ်းစဉ်ကို အဆုံးအမကို လိုက်နာကြပြီး တိုင်းပြည်တွင်းမှာ ရှိကြတဲ့ လူမျိုး ဘာသာ အားလုံး ညီရင်းအစ်ကို မောင်ရင်းနှမပမာ တိုင်းပြည်ကောင်းကျိုး၊ မြန်မာ့အကျိုး စုပေါင်း သယ်ပိုးကြပါ။  ငြိမ်းချမ်းသာယာစွာ လက်တွဲနိုင်ကြဖို့ ကရုဏာ ခေါ် ကိုယ်ခြင်းစာတရားနဲ့ ပညာ ရှိကြဖို့လိုတယ်။ သူက ဘယ်ဘာသာ ငါကဘာသာဆိုတဲ့ ခွဲခြားမှုကို အခြေမခံဘဲလူအချင်းချင်း လူလိုမြင်တတ်တဲ့ ကရုဏာတရား ရှိကြရမယ်။ တစ်နိုင်ငံထဲမှာ နေထိုင်ကြသူအချင်းချင်း လက်တွဲသွားကြမယ်ဆိုရင် တို့ရဲ့နိုင်ငံတော် ခေတ်မီဖွံ့ဖြိုး တိုးတက်မယ်။ အာဇာနည်တို့ ဆုံမလမ်းညွှန်ခဲ့တဲ့အတိုင်း ဘာသာလူမျိုးကို အဓိမထားဘဲ တမိတဝမ်းထဲမှ ဖွားသည့် ညီနောင်များပမာ ကြိုးပမ်းတဲ့ အာဇာနည် မျိုးဆက်သစ် ဖြစ်ကြပါစေ။” စသဖြင့် မိန့်ကြားခဲ့ပါသည်။

    ထိုနောက် NLD နာယကကြီးများဖြစ်သော ဦးတင်ဦးနှင့်ဦးဝင်းတင်၊ သိပ္ပံမှူးတင်၊၊ ပါမောက္ခ ဦးခင်မောင်ညွန့်၊  ၈၈ မျိုးဆက် မှခေါင်းဆောင်တစ်ဦး၊ AAPP မှ ကိုတိတ်နိုင် တို့က မိန့်ခွန်းပြောကြားပြီး၊ ဆရာကြီး ဒဂုန်တာရာ၏ ပေးပို့သော သဝဏ်လွှာကို ကိုဒီငြိမ်းလင်းက ဖတ်ကြားခဲ့သည်။

    ထိုနောက် အခမ်းအနားကို ကျင်းပရေးကော်မတီမှ နာယကဖြစ်သူ အလင်းတန်းဂျာနယ်နှင့် ရွှေအမြုတေမဂ္ဂဇင်းမှ အယ်ဒီတာချုပ် ဦးဝင်းငြိမ်းမှ ကျေးဇူးတင်စကားပြောကြားပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။

    အခမ်းအနားကျင်းပရေးကော်မတီမှ ဦးတင်မောင်သန်းက“ ဒီပွဲက အာဇာနည် ခေါင်းဆောင်ကြီးတွေကို ဂုဏ်ပြုဖို့ အတွက် ကျင်းပရခြင်း ဖြစ်ပါတယ်။ဆရာကြီးနဲ့ ပတ်သပ်ပြီး အမှတ်ရစရာတွေ၊ တင်ပြစရာတွေ၊တင်ပြထားပြီးတာတွေကို ပြန်လည် ဖော်ထုတ်တာတွေ၊နောက်ထပ် တင်ပြဖို့ ကျန်တာတွေရော အများကြီး ရှိပါတယ်။အဲဒီထဲကနေ အကိုဇာဂနာက ဒီဗွီဒီယို ဇာတ်လမ်းတွဲကိုအဆိုပြုပါတယ်။ဒါလေးက လိုတိုရှင်းနဲ့ ဘာကိုပေါ်လွင်လဲ ဆိုတော့ ဆရာကြီးရဲ့ ဖြတ်ထိုးညဏ်၊စီမံခန့်ခွဲမူ၊စည်းရုံးရေး စွမ်းရည် တကယ့်ဆရာကောင်းပီပီ ကိုယ့်ကျောင်းသား ကိုယ့်ကျောင်း အတွက် ရှေ့ဆုံးကနေ ရဲရဲဝင့်ဝင့် ကိုယ်ကျိုးစွန့်တယ်ဆိုတာကို ဒီဇာတ်လမ်းမှာ ပေါ်လွင်နေပါတယ်။ဆရာကြီးဟာ အာဇာနည် မဖြစ်ခင်ထဲက သူ့မှာ အာဇာနည် စိတ်ဓာတ် အပြည့်အ၀ ရှိတာကို တွေ့ရပါတယ်။ဒါကြောင့် ဒီဇာတ်လမ်းမှတ်တမ်း ဖိနပ်ပြဇာတ်လေးကို ပြသရခြင်း ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်အဖြစ်ပါဝင် သရုပ်ဆောင်ထားသူ ဦးကျော်ဇေယျ(ရုပ်ရှင်သရုပ်ဆောင်)မှ “ဆရာကြီး နေရမှာ သရုပ်ဆောင်စဉ်က ကျွန်တော်ဆရာကြီး အကြောင်း လေ့လာဖို့ အချိန်အများကြီး မရခဲ့ပါဘူး။စီစဉ်တဲ့ ကိုသန်းထိုက်ရယ်၊ဒါရိုက်တာ ရယ်က ဆရာကြီးရဲ့ အလေ့အထ အပြုအမူလေးတွေကို ပြောပြပေးပါတယ်။ဆရာကြီးက စကားပြောတဲ့အခါ မေးလေးထိုးထိုးပြီး ပြောတတ်တာမျိုးလေး တွေက အစသဖြင့်ပေါ့။ဆရာကြီးရဲ့ အန္မြာ သိက္ခာနဲ့ နေတာ ထိုင်တာ ကြည့်တာ ပြောတာတွေကို ဂရုစိုက် လုပ်ရပါတယ်။ဆရာကြီးရဲ့နေရာမှာ သရုပ်ဆောင်ခွင့်ရတဲ့အတွက် ပြောမပြတက်အောင် ၀မ်းသာဂုဏ်ယူ မိပါတယ်။ကိုယ့်ကို ခေါ်ရိုက်တာကိုပဲ ကိုယ့်စိတ်ထဲမှာ အရမ်းကျေးဇူးတင်နေတာ”ဟု M-Media သို့ပြောကြားခဲ့သည်။

    ဆရာကြီး ဦးရာဇတ်၏သား ဦးတင်မြင့်မှ “အခုလို ဂုဏ်ပြုပွဲ ကျင်းပ ပေးတဲ့အတွက် မိသားစု ကိုယ်စား အရမ်းကျေးဇူးတင် ၀မ်းမြောက်မိပါတယ်။ဒီပွဲ ဖြစ်မြောက်ဖို့ အခက်အခဲတွေ ရှိတဲ့အထဲက အခမ်းအနားကြီး ခုလို ဖြစ်မြောက် အောင်မြင်အောင် ပြုလုပ်ခဲ့တဲ့ အတွက် ကျင်းပရေးကော်မတီနှင့် ပါဝင်ကူညီသူ အားလုံးကို ချီးကျူးမိပါတယ ကျွန်တော်အဖေ အကြောင်းကို ကျွန်တော်တို့ သိပေမယ့် အခုလို လူသိရှင်ကြား ပွင့်ပွင့်လင်းလင်း တင်ပြပေးတဲ့အပေါ် မှာ ကြက်သီးမွှေး ထရလောက်အောင် ဂုဏ်ယူ ၀မ်းမြောက်မိပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    အဆိုတော် ဦးရန်ပိုင်စိုးကလည်း“အခုလို အေးအေးချမ်းချမ်း စည်းစည်းလုံးလုံး နေခွင့် ရတာဟာ မြန်မာပြည်ကြီး လွတ်လပ်ရေး ရထားလို့ပါ။ဒီလို နေခွင့်ရအောင် အသက်စွန့်ပြီး လုပ်သွားတဲ့ ကျေးဇူးရှင်တွေကို အခုလို သီဆိုပြီး အတိုင်းအတွာလေး တစ်ခု အနေနဲ့ ဆပ်ခွင့်ရတာကိုပဲ အရမ်းဝမ်းသာမိပါတယ်။ဆရာကြီးဟာ သူနေထိုင်တဲ့မြန်မာပြည်ကြီးကို ဘယ်လောက်ချစ်ပြီး ဘယ်လောက်ထိ လုပ်ဆောင်သွားလဲဆိုရင် နောက်ဆုံး အသက်ပါ ပါသွားတဲ့ အထိပါပဲ” ဟု M-Media သို့ပြောကြားခဲ့သည်။

    ဦးဝဏ္ဏရွှေမှလည်း “၁၁၅နှစ်မြောက်ဆရာကြီး ဦးရာဇာတ် အခမ်းအနား လုပ်ရခြင်း ရည်ရွယ်ချက်က ဆရာကြီးဟာ အစ္စလာမ် ဘာသာဝင်ထဲက စံပြ နိုင်ငံသားကောင်း တစ်ဦးလိုံ ပြောလိုံရတယ်။သူဟာ ဘာသာရေးလည်း လေးစားတယ်၊နိုင်ငံတာဝန်လည်း ကျေပွန်တယ်၊အခြား ဘာသာဝင် ညီနောင်တွေနဲ့လည်း စံပြ  သဟဇာတ ဖြစ်အောင်နေထိုင်တယ်။ခုခေတ် ကျွန်တော်တို့ အပါအ၀င်အားလုံး အတုယူနိုင်အောင်ပါ။ပြီးတော့ အခုဖြစ်ပေါ်နေတဲ့ အခြေအနေပေါ်မှာ ဘာသာပေါင်းစုံ ချစ်ကြည်ရေးက ရော်တိရော်ရဲ ဖြစ်နေတဲ့ အတွက် ဒီအခမ်းအနား လုပ်ခြင်းအားဖြစ် တစ်ချိန်တုန်းက တိုင်းပြည် အပေါ်မှာ ဘာသာပေါင်းစုံချစ်ခင်ရင်နှီးစွာ နေထိုင်ခဲ့တယ် ဆိုတာကို ပြန်ပြောင်း အောင်းမေ့ သတိရစေလိုတဲ့ အတွက်ဖြစ်ပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

     

    ဓါတ်ပုံများကြည့်ရန်။