News @ M-Media

Blog

  • အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    အိန္ဒိယ-ဘင်္ဂလားဒေ့ရှ် ဆက်ဆံရေး နောက်တစ်ဆင့် ထပ်တက်မည်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -နှစ် ၅၀ ကြာမြင့်ခဲ့ပြီးဖြစ်တဲ့ နှစ်နိုင်ငံဆက်ဆံရေးကို ပြန်လည်သုံးသပ်ရေးနဲ့ ဝန်ကြီးချုပ်မိုဒီရဲ့ မတ်လ ဒါကာခရီးစဉ်အတွက် ပြင်ဆင်ရေး အိန္ဒိယနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးတွေ မနေ့က တွေ့ဆုံဆွေးနွေးခဲ့ကြပါတယ်။

    ပါကစ္စတန်ကနေခွဲထွက်ဖို့ ဘင်္ဂလားဒေ့ရှ်ရဲ့ လွတ်လပ်ရေးကြိုးပမ်းမှုမှာ အိန္ဒိယက အဓိက ကူညီပေးခဲ့တာဖြစ်ပြီး လက်ရှိအချိန်အထိလည်း အနီးကပ် မိတ်ဖက်နိုင်ငံအဖြစ် ရှိနေတာ ဖြစ်ပါတယ်။

    ဝန်ကြီးနှစ်ဦးဟာ နှစ်ပေါင်း ၅၀ အတွင်း ကာကွယ်ရေး၊ လုံခြုံရေး၊ နယ်စပ်ဒေသ စီမံခန့်ခွဲရေး၊ ကုန်သွယ်ရေး၊ လမ်းပမ်းဆက်သွယ်ရေး၊ စွမ်းအင်ကဏ္ဍ၊ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်တွေက တိုးတက်အောင်မြင်မှုတွေကို သုံးသပ်ခဲ့ကြပြီး၊ ကိုဗစ်တိုက်ဖျက်ရေး ကိစ္စကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မနေ့က ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီး မာဆွဒ် ဘင် မိုမန် အိန္ဒိယကို ၃ ရက်ကြာခရီးစဉ်အဖြစ် ကြာသာပတေးနေ့က ရောက်ရှိနေတာ ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လ ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ အွန်လိုင်းတွေ့ဆုံဆေွးနွေးမှုအတွင်း မိမိတို့ရဲ့ ‘အိမ်နီးချင်းသာပထမ’ ပေါ်လစီမှာ ဘင်္ဂလားဒေ့ရှ်ဟာ အဓိကဒေါက်တိုင်ဖြစ်တယ်လို့ အိန္ဒိယဝန်ကြီးချုပ် မိုဒီက ပြောကြားခဲ့ပါတယ်။

    နှစ်နိုင်ငံ သံတမန်ဆက်ဆံမှု နှစ်ပေါင်း ၅၀ ပြည့်မြောက်တဲ့ အထိမ်းအမှတ်အဖြစ် အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာမိုဒီ မတ်လမှာ ဘင်္ဂလားဒေ့ရှ်ကို လာရောက်ဖို့ရှိနေပြီး ဒီကိစ္စအတွက် ပြင်ဆင်ဖို့လည်း နိုင်ငံခြားရေးဝန်ကြီးတွေက စီစဉ်ခဲ့ပါတယ်။

    “ပြည်ထဲရေးဝန်ကြီးအဆင့်၊ ကုန်သွယ်ရေးဝန်ကြီးအဆင့်၊ မြစ်ချောင်းများဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ အတွင်းဝန်အဆင့် ဆွေးနွေးမှုတွေ ဆက်လက်လုပ်ဆောင်ဖို့ နှစ်ဖက်သဘောတူခဲ့ကြပါတယ်” လို အိန္ဒိယ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

    Ref: Business Standard

  • ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ကိုဗစ်ကာကွယ်ဆေးသစ် ၂ မျိုး ထပ်မံပေါ်ထွက်

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -ယူကေ၊ တောင်အာဖရိကနဲ့ နိုင်ငံတစ်ချို့မှာ ပြန့်နှံနေတဲ့ ပုံပြောင်းကိုဗစ်အတွက်ပါ အသုံးပြလို့ရမယ့် ကာကွယ်ဆေးသစ်နှစ်မျိုး ထွက်ပေါ်လာပါတယ်။

    တစ်မျိုးက အမေရိကန်ထုတ် Novavax ဆေးဖြစ်ပြီး ယူကေမှာပြုလုပ်နေတဲ့ တတိယအဆင့် စမ်းသပ်အသုံးပြုမှုတွေအရ ရိုးရိုးကိုဗစ်ပိုးကို ကာကွယ်ရာမှာ ၈၉ ရာခိုင်နှုန်း ထိရောက်မှုရှိတာကို တွေ့ရပါတယ်။

    ပုံပြောင်းကိုဗစ်အတွက်ဆိုရင် ၈၆ ရာခိုင်နှုန်းလောက် ကာကွယ်ပေးနိုင်ပါတယ်။ ဒီဆေးကို တောင်အာဖရိကမှာလည်း စမ်းသပ်နေပါတယ်။

    Novavax ကုမ္ပဏီရဲ့ အမှုဆောင်အကြီးအကဲ စတန် အီရက်က ယူကေစမ်းသပ်မှုရလဒ်တွေဟာ အားရစရာကောင်းပြီး မျှော်လင့်ထားသလို ဖြစ်လာခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ထပ်ကာကွယ်ဆေးတစ်မျိုးက အမေရိကန်ကုမ္ပဏီ Johnson & Johnson ပိုင် ဘလ်ဂျီယံဆေးဝါးလုပ်ငန်း Janssen က ထုတ်လုပ်တဲ့ ကာကွယ်ဆေးပါ။ တစ်ကြိမ်တည်းထိုးရတဲ့ ဒီကာကွယ်ဆေးဟာ ကိုဗစ်ရောဂါကို ၆၆ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး၊ ဒီဆေးထိုးထားရင် ဆေးရုံတက်ရလောက်တဲ့အထိ ပြင်းထန်တာ၊ သေဆုံးတာမျိုး လုံး၀ မဖြစ်တော့ဘူးလို့ ဆိုပါတယ်။

    Janssen ဆေးဟာ ပုံပြောင်းကိုဗစ်ကိုတော့ Novavax လောက် ကာကွယ်နိုင်စွမ်း မရှိပါဘူး။ ၂ ကြိမ်ထိုးရင် ထိရောက်မှုပိုရှိလားဆိုတာကို စမ်းသပ်နေတယ်လို့ Janssen ကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။

    ကမ္ဘာ့နိုင်ငံတွေရဲ့ ကျန်းမာရေးဝန်ကြီးဌာနတွေက အသုံးပြုခွင့် ထုတ်ပေးမှ ဒီကာကွယ်ဆေးတွေကို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိ ယူကေ၊ အမေရိကန်နဲ့ ကနေဒါတို့က ဒီဆေးတွေကို ကြိုတင်မှာယူထားကြပါတယ်။ ၂၀၂၁ ခုနှစ် ဒုတိယနှစ်ဝက်မှာ ဆေးတွေ စတင် ဖြန့်ဖြူးနိုင်လိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

    ကမ္ဘာတစ်ဝှမ်း အဓိက အသုံးပြုနေတဲ့ ကိုဗစ်ကာကွယ်ဆေး ၃ မျိုးရှိပြီး အမေရိကန်-ဂျာမန်ထုတ် Pfizer and BioNTech၊ ယူကေထုတ် AstraZeneca နဲ့ အမေရိကန်ထုတ် Moderna တို့ ဖြစ်ပါတယ်။ ဒါ့အပြင် တရုတ်ထုတ်နဲ့ ရုရှားထုတ် ကိုဗစ်ကာကွယ်​ဆေးတွေကိုလည်း တစ်ချို့နိုင်ငံတွေမှာ သုံးစွဲနေကြပြီ ဖြစ်ပါတယ်။

    Ref: BBC

  • စနေနေ့ ဘောလုံးသတင်းများ

    စနေနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    နယူးကာဆယ်တိုက်စစ်မှူး ဂျိုလင်တန်

    ဆံပင်ညှပ်သည့် နယူးကာဆယ်တိုက်စစ်မှူး အရေးယူခံရဖွယ်ရှိနေ

    ကိုဗစ်စည်းကမ်းဖောက်ကာ ဆံပင်ညှပ်တဲ့ တိုက်စစ်မှူး ဂျိုလင်တန်ရဲ့ လုပ်ရပ်ကို စုံစမ်းစစ်ဆေးနေတယ်လို့ နယူးကာဆယ်အသင်းက ထုတ်ပြန်ပါတယ်။

    ကိုဗစ်ကပ်ရောဂါကြောင့် အင်္ဂလန်မှာ တစ်နိုင်ငံလုံး လော့ဒေါင်းချထားပြီး အလှပြင်ဆိုင်တွေ၊ ဆံပင်ညှပ်ဆိုင်တွေလည်း ပိတ်ထားတာပါ။ အသက် ၂၄ နှစ်အရွယ် ဘရာဇီးလ်တိုက်စစ်မှူး ဂျိုလင်တန်က သူဆံပင်ညှပ်ခဲ့တဲ့ပုံကို မနေ့က Instagram စာမျက်နှာမှာ တင်ခဲ့ပြီး ဝေဖန်မှုတွေကြောင့် နောက်ပိုင်းမှာ ပြန်ဖျက်သွားပါတယ်။

    နယူးကာဆယ်အသင်းက ဒီလုပ်ရပ်အတွက် စိတ်ပျက်ရပြီး ဂျိုလင်တန်ကို သင့်လျော်တဲ့ အရေးယူမှုတွေ လုပ်ဆောင်သွားမှာဖြစ်သလို ကိုဗစ်စည်းကမ်း လိုက်နာရေး အသင်းသားတွေကို အသိပညာပေးသွားမယ်လို့ ပြောကြားခဲ့ပါတယ်။

    နောက်ခံလူ လူမျိုးရေးခွဲခြားခံရမှုကို ချယ်ဆီး ရှုတ်ချ

    နောက်ခံလူ ရီစီဂျိမ်းစ်ကို လူမျိုးရေးစော်ကားပြောဆိုတာဟာ စက်ဆုပ်ဖွယ်ရာကိစ္စဖြစ်တယ်လို့ ချယ်ဆီးအသင်းက ပြောကြားလိုက်ပါတယ်။

    Instagram ကနေ လူမျိုးရေးခွဲခြားစော်ကားတဲ့ မက်ဆေ့ချ်တွေကို ဂျိမ်းစ်က သောကြာနေ့မှာ တင်ခဲ့ပြီး ‘ပြောင်း​လဲဖို့ လိုအပ်နေတဲ့ ကိစ္စ’ လို့ ရေးသားခဲ့ပါတယ်။ ချယ်ဆီးအသင်းရဲ့ ထုတ်ပြန်ချက်မှာ လူမျိုးရေးခွဲခြားစော်ကားမှုတွေဟာ လုံး၀ လက်မခံနိုင်ဖွယ်ရာဖြစ်ပြီး ဒါကို ရှုတ်ချတယ်လို့ ဖော်ပြထားပါတယ်။

    အခုတစ်ပတ် ပရီးမီးယားလိဂ်မှာ ကစားသမားတစ်ချို့ လူမျိုးရေးခွဲခြားခံရမှုတွေ ခပ်စိပ်စိပ်ဖြစ်ခဲ့ပါတယ်။ ဝက်စ်ဘရွန်းကွင်းလယ်လူ ရိုမိုင်နီ ဆော်ယာ လူမျိုးရေးစော်ကားခံရတဲ့ကိစ္စ ရဲတပ်ဖွဲ့ကိုတိုင်ထားတယ်လို့ အသင်းက ထုတ်ပြန်ခဲ့သလို၊ မန်ယူကစားသမားတွေဖြစ်တဲ့ တူအန်ဇီဘီ၊ အန်တိုနီယိုမာရှယ်တို့လည်း ရှက်ဖီးနဲ့ပွဲအပြီး ဆိုရှယ်မီဒီယာမှာ လူမျိုးရေးစော်ကားခံခဲ့ရပါတယ်။

    ယူရိုပါလိဂ်ကို ကြားကွင်းတွင်ကစားရန် အာဆင်နယ်နှင့် ဘင်ဖီကာတို့ ညှိနှိုင်းနေ

    ကိုဗစ်နောက်ဆက်တွဲ ဝင်ခွင့်တွေပိတ်ထားတဲ့ကိစ္စကြောင့် ယူရိုပါလိဂ်ပွဲစဉ်ကို ကြားကွင်းမှာကစားဖို့ အာဆင်နယ်နဲ့ ပေါ်တူဂီကလပ် ဘင်ဖီကာတို့က UEFA နဲ့ ညှိနှိုင်းနေပါတယ်။

    ၃၂ သင်းအဆင့် ပထမအကျော့ကို ဖေဖော်ဝါရီ ၁၈ ရက်နေ့ ပေါ်တူဂီမှာကစားမှာဖြစ်ပြီး ၂၅ ရက်နေ့ကျရင် အင်္ဂလန်မှာ ဒုတိယအကျော့ ကစားမှာပါ။

    ပေါ်တူဂီဟာ ယူကေရဲ့ ကိုဗစ်အန္တရာယ်ရှိစာရင်းထဲမှာ ပါတဲ့အတွက် ကစားသမားတွေနဲ့ ဝန်ထမ်းတွေ ပြန်လာပြီးရင် ၁၀ ရက် ကွာရန်တင်းဝင်ရမှာ ဖြစ်ပါတယ်။ ဒီလိုဆိုရင် ဒုတိယအကျော့ကို စီစဉ်ထားတဲ့အတိုင်း ကစားနိုင်မှာ မဟုတ်ပါဘူး။

    ဥရောပဘောလုံးအဖွဲ့ချုပ် UEFA ရဲ့ စံသတ်မှတ်ချက်တွေနဲ့ညီတဲ့ ကြားကွင်းတစ်ခု ရှာဖွေဖို့ ၂ သင်းစလုံး လက်ရှိမှာ ကြိုးစားနေပါတယ်။ အာဆင်နယ်အသင်းက ဒီကိစ္စအတွက် ယူကေအစိုးရနဲ့ ပြောဆိုဆွေးနွေးနေတယ်လို့ ထုတ်ပြန်ပါတယ်။

    Ref: BBC

  • တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    တောင်အာဖရိကစစ်တပ်တွင် မွတ်စလင်စစ်သမီးများကို ပုဝါဆောင်းခွင့်ပြု

    ဇန်နဝါရီ ၃၀၊ ၂၀၂၁
    M-Media

    -စစ်တပ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစ္စလာမ်ဘာသာဝင်စစ်သမီးတွေ တာဝန်ချိန်မှာ ပုဝါဆောင်းနိုင်ဖို့အတွက် ယူနီဖောင်းပေါ်လစီကို ပြင်ဆင်ခဲ့တယ်လို့ တောင်အာဖရိကစစ်တပ်က ကြာသာပတေးနေ့မှာ ထုတ်ပြန်ပါတယ်။

    ဖာတီမာ အိုက်ဇက်လို့ အမည်ရတဲ့ မွတ်စလင်အမျိုးသမီး ဗိုလ်မှူးတစ်ဦး တာဝန်ချိန် ပုဝါဆောင်းတဲ့အတွက် ၂၀၁၈ ခုနှစ် ဇန်နဝါရီလက တရားစွဲဆိုခံပြီးတဲ့နောက် အခုလို ပြင်ဆင်ပြောင်းလဲမှု ဖြစ်ပေါ်လာတာပါ။

    စစ်တပ်ရဲ့ ယူနီဖောင်းမူဝါဒမှာ တာဝန်ထမ်းဆောင်စဉ် ပုဝါဆောင်းခွင့်ရှိတယ်လို့ မပါတဲ့အတွက် ဖာတီမာဟာ စစ်ခုံရုံးမှာ စစ်ဆေးခံခဲ့ရပါတယ်။ ဒါပေမယ့် သူမအပေါ် စွဲဆိုထားတဲ့ စွဲချက်အားလုံးကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလမှာ စစ်ခုံရုံးက ရုပ်သိမ်းခဲ့ပြီး နာရွက်မအုပ်စေဘဲ ပုဝါဆောင်းခွင့်လည်း ဖာတီမာကို ပေးခဲ့ပါတယ်။

    ဖာတီမာဟာ ဒီကိစ္စကို တောင်အာဖရိက တန်းတူညီမျှရေးဆိုင်ရာ တရားရုံးကို တင်ပြခဲ့ပြီး၊ တရားရုံးကလည်း စစ်တပ်ရဲ့ ဒီလိုတားဆီးပိတ်ပင်မှုဟာ အခြေခံဥပဒေက အာမခံထားတဲ့ ဘာသာရေးတန်းတူညီမျှမှုကို ဖောက်ဖျက်တာဖြစ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်။

    ဒါ့ကြောင့် စစ်တပ်တာဝန်ရှိသူတွေဟာ ယူနီဖောင်းဆိုင်ရာ သတ်မှတ်ချက်ကို အခုတစ်ပတ်မှာ ပြင်ဆင်ခဲ့ပြီး မွတ်စလင်စစ်သမီးတွေအားလုံး တာဝန်ထမ်းဆောင်ချိန်မှာ အနက်ရောင် တူညီပုဝါ ဆောင်းခွင့်ရှိတယ်လို့ ထည့်သွင်းခဲ့ပါတယ်။

    “ယူနီဖောင်း စည်းမျဉ်းမှာ သတ်မှတ်ထားတဲ့အတိုင်း မွတ်စလင်စစ်သမီးတွေ ပု၀ါဆောင်းနိုင်ဖို့ တောင်အာဖရိကာကွယ်ရေးတပ်ဖွဲ့ရဲ့ တူညီဝတ်စုံဥပဒေကို ထပ်တိုးပြင်ဆင်ခဲ့ပါတယ်” လို့ စစ်တပ်ရဲ့ ပြောရေးဆိုခွင့်ရှိသူ မာဖီ အမ်ဂိုဘိုဇီက မနေ့မှာ ပြောကြားခဲ့ပါတယ်။

    အမျိုးသမီးတွေ ဆံပင်ကို ဖုံးအုပ်တာဟာ ဘာသာရေးဆိုင်ရာ တာဝန်တစ်ခုလို့ အစ္စလာမ်ဘာသာဝင်တွေက မှတ်ယူထားကြတာ ဖြစ်ပါတယ်။

    Ref: Aljazeera

  • ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ရာထူးသက်တမ်းပြည့်သွားသည့် ကန်ဒုတိယသမ္မတ နေစရာအိမ်မရှိ ဖြစ်နေ

    ဇန်နဝါရီ ၂၈၊ ၂၀၂၁
    M-Media

    -ရာထူးသက်တမ်း ပြီးဆုံးသွားပြီဖြစ်တဲ့ အမေရိကန်ဒုတိယသမ္မတဟောင်း မိုက်ပန့်စ်ဟာ အတည်တကျ နေစရာအိမ် မရှိဘဲဖြစ်နေတယ်လို့ သိရပါတယ်။

    သမ္မတသစ်ကျမ်းကျိန်တဲ့ ဇန်နဝါရီ ၂၀ ရက်နေ့မှာ မိုက်စ်ပန့်စ်ရဲ့ ဒုတိယသမ္မတသက်တမ်းကုန်ဆုံးသွားတာပါ။ ဝါရှင်တန် ရေတပ်စခန်းက ဒုတိယသမ္မတ အိမ်တော်ကနေ ထွက်ခွာလာပြီးနောက် မိုက်ပန့်စ်ဟာ လက်ရှိမှာ နေစရာမရှိသေးပါဘူး။

    ဇာတိ အင်ဒီယားနားပြည်နယ်ကအိမ်မှာ နေထိုင်မယ်လို့ နောက်ဆုံးမိန့်ခွန်းမှာ ပြောကြားခဲ့ပေမယ့် မှတ်တမ်းတွေအရ လွန်ခဲ့ ၈ နှစ်အတွင်း မိုက်ပန့်စ်တစ်ယောက် အင်ဒီယားနားပြည်နယ်မှာ နေအိမ်ပိုင်ဆိုင်ထားခြင်း မရှိပါဘူး။

    အင်ဒီးယားနား အုပ်ချုပ်ရေးမှူး အဲရစ် ဟိုလ်ကွန့်ဘ် ခေတ္တတည်းခိုရာအဖြစ် အသုံးပြုတဲ့ အိမ်ငယ်လေးတစ်လုံးမှာ မိုက်ပန့်စ်တို့ဇနီးမောင်နှံ လက်ရှိ နေထိုင်နေရတယ်လို့ သတင်းထွက်နေသလို၊ သူနဲ့နီးစပ်တဲ့ ရီပက်ဘလစ်ကန် ပါတီဝင်နှစ်ဦးက မိုက်ပန့်စ်တစ်ယောက် ကိုလံဘတ်စ်မြို့က ညီဖြစ်သူရဲ့အိမ်မှာ နေထိုင်နေတယ်လို့ ဆိုပါတယ်။

    ဒုတိယသမ္မတဟောင်း လက်ရှိ​ ဘယ်မှာနေထိုင်လဲဆိုတဲ့သတင်း အတိအကျ မထွက်လာတာဟာ လုံခြုံရေးအခြေအနေအရ ဖြစ်ပါတယ်။ ဇန်နဝါရီ ၆ ရက်နေ့က လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းချိန် သမ္မတဘိုင်ဒန်ရဲ့ ရွေးကောက်ပွဲအောင်နိုင်မှုကို အတည်ပြုတဲ့ ပန့်စ်နဲ့ လွှတ်တော်ဥက္ကဌ နန်စီပီလိုစီတို့ကို သတ်ဖြတ်ဖို့အထိ စီးနင်းသူတွေက စီစဉ်ခဲ့တာပါ။

    လက်ရှိအချိန်အထိ သူ့ရဲ့လုံခြုံရေးကို စိုးရိမ်နေရဆဲဖြစ်ပြီး အမေရိကန် ထောက်လှမ်းရေးက အနည်းဆုံး နောက်ထပ် ၆ လအထိ ကာကွယ်ပေးမှာဖြစ်ပါတယ်။

    Ref: The Independent