News @ M-Media

Blog

  • သမိုင်းဟူသည် ဤသို့တည်-၇ [ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ- ဘုန်းတော်ကြီးများကိုလေးစားပါ ]

    M-Media
    ရဲရင့်သစ္စာ

    ယခုဆောင်းပါးမှာ အစ္စလာမ်သာသနာ နှင့်ပတ်သတ်ပြီး သမိုင်းအလွဲများစွာ ထည့်သွင်းေ၇းသားထားတဲ့ ဗုဒ္ဓဘာသာမြစ်ဖျား နှင့် သမိုင်းရှုထောင့် မူ၇င်းစာအုပ်လင်ခ့် စာအုပ်ကိုဤ ကျမ်းငယ်ပြုစုသူ ရဲရင့်သစ္စာမှ သမိုင်းအမှန်များ ဖြင့် ပြန်လည်ဖြေရှင်းရေးသားသာ စာအုပ်မှ အခန်းဆက်ဖော်ပြချက်ဖြစ်ပါသည်။

     

    Thamine-Hu-the

    ထေရဝါဒ အိန္ဒိယက ကွယ်ရခြင်း တရားခံ

    ထေရဝါဒသာသနာ အိန္ဒိယ က ကွယ်ရခြင်းအကြောင်းရဲ့ တရားခံ ဟာ မွတ်စ်လင်မ် တွေဘဲ လို့ သတ်မှတ်လို့လုံးဝမရပါဘူး။ ဘာကြောင့်လဲ ဆိုရင် ထေရဝါဒ သာသနာဟာ တူရကီ ခိလ်ဂျီ ရဲ့ စစ်တပ် အိန္ဒိယကို မတိုက်ခိုက်ခင်ကတည်းက ကွယ်ပနေခဲ့တာဖြစ်ပြီး၊ အဲဒီအချိန်ကရှိနေခဲ့တဲ့ အယူဝါဒ ဟာလည်း ထေရဝါဒဗုဒ္ဓဘာသာလုံးဝ မဟုတ်ဘဲ၊ ဗုဒ္ဓဘာသာအမည်ခံ အရည်းကြီးဝါဒ သာဖြစ်နေလို့ပါ။ ဘယ်လိုဘဲ ဖြစ်ပါစေ၊ ခိလ်ဂျီရဲ့စစ်တပ်ဟာ လက်နက်ကိုင်ဆောင်စစ်ပြုခြင်း မရှိတဲ့မှော်ဆရာ အရည်းကြီးတွေကိုသတ်ဖြတ်မီးရှို့၊ တက္ကသိုလ်ကြီးကို ဖျက်စီးခဲ့တယ်ဆိုတာမှန်ခဲ့ရင် လည်း အဲဒီလုပ်ရပ်ကို အစ္စလာမ်ဘာသာက ပြင်းပြင်းထန်ထန်ရှုံ့ချပါတယ်။

    ဘုန်းတော်ကြီးများကိုလေးစားပါ

    မွတ်စ်လင်မ်တွေကို စစ်မပြုတဲ့ ဘာသာခြားတွေကို သတ်ဖြတ်ဖို့ အစ္စလာမ်က လုံးဝခွင့်မပြုထားကြောင်း အထက်မှာ ကုရ်အာန်ကျမ်းရဲ့ပြဋ္ဌာန်းချက်တွေကိုတင်ပြပြီးပါပြီ။ အခု ဒီတစ်ခါ ဘာသာ ခြားဘုန်းကြီး ရဟန်းတွေကို မသတ်ဖြတ်ဖို့ တမန်တော်မုဟမ္မဒ် ကပြဋ္ဌာန်းခဲ့ကြောင်း ဩဝါဒတော်ကို တင်ပြပေးပါ့မယ်။

    တမန်တော်မုဟမ္မဒ် ရဲ့ ဩဝါဒမှတ်တမ်းကျမ်းတစ်ကျမ်းဖြစ်တဲ့ မုစန်နဖ် အိဗ်နုအဗီရှိုင်ယ်ဗဟ်အတွဲ (၆)၊ ဩဝါဒ အမှတ် (၃၃၁၃၂) မှာ တမန်တော်မုဟမ္မဒ် ရဲ့ တပည့်သားချင်းကြီး တစ်ဦး ဖြစ်တဲ့ အိဗ်နု အဗ္ဗာစ် က ဆင့်ပြန်ခဲ့တာက- တမန်တော်မုဟမ္မဒ် ဟာ သူ့ရဲ့ စစ်တပ်တွေကို ခုခံစစ် ဆင်နွှဲဖို့ ဩဝါဒခြွေတဲ့အခါတိုင်းမှာ “ဘုန်းကြီးကျောင်းတွေမှာ သီတင်းသုံးနေတဲ့ သူတွေကို မသတ်ဖြတ်ကြနဲ့” လို့ မှာကြားလေ့ရှိပါတယ်။ ဒီ ဩဝါဒ ဟာ မွတ်စ်နဒ်အဗီယအ်လာဩဝါဒ ကျမ်း အတွဲ (၅) မှာ ဩဝါဒ အမှတ် (၂၆၅၀) အနေနဲ့ ပါရှိပါသေးတယ်။ ဒါ့အပြင် မွတ်စ်နဒ် အဟ်မဒ် ဩဝါဒကျမ်း အတွဲ (၄) မှာ လည်း ဩဝါဒ အမှတ် (၂၇၂၈) အနေနဲ့ပါရှိ ပါသေးတယ်ခင်ဗျား။

    အစ္စလာမ်ဘာသာဟာ လူတစ်ဦးတစ်ယောက်မွေးဖွားတဲ့အချိန်ကစလို့ သေဆုံးတဲ့ အထိကျင့်သုံးရတဲ့ စည်းမျဉ်းစည်းကမ်း ဥပဒေဘောင်တွေ အတိအလင်းပြဋ္ဌာန်းထားတဲ့ ဘာသာဖြစ်ပါတယ်။ မွတ်စ်လင်မ်တစ်ဦးဟာ ချမ်းသာသူဖြစ်နေရင်ကျင့်သုံးရမယ့် ဥပဒေတွေရှိသလို၊ ဆင်းရဲသူဖြစ်နေရင်လည်း ကျင့်သုံးရမယ့်ဥပဒေတွေ ရှိပါတယ်။ စစ်မက် တိုက်ခိုက်ရင်လည်းဘဲ လိုက်နာကျင့်သုံး ရမယ့် ဥပဒေတွေရှိပါတယ်။ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေ၊အမျိုးသမီးတွေ၊ ဘုန်းကြီး ရဟန်း တွေကိုတိုက်ခိုက်ခြင်း မပြုရရုံမက လက်နက်ကိုင်ဆောင်ထားခြင်းမရှိတဲ့ ရန်သူတွေကိုတောင် တိုက်ခိုက်ခြင်းမပြုရပါဘူး။ ကုန်ကုန်ပြောရရင် ရန်သူတစ်ဦးဟာ မွတ်စ်လင်မ်တွေကို စစ်မြေပြင်မှာ တိုက် ခိုက် သတ်ဖြတ်နေတယ်ဆိုပါစို့၊ အကြောင်းမလှလို့တစ်ကြိမ် မှာ သူဟာ မွတ်စ်လင်မ်တစ်ဦး ရဲ့ တိုက်ခိုက် သတ်ဖြတ်ခြင်းကို ခံရတော့ မယ်ဆိုပါစို့၊ အဲဒီအချိန်မှာသူဟာ ကိုင်စွဲထားတဲ့ လက်နက်တွေကို လွှတ်ချပြီး “ငါဟာ မင်းကိုတိုက်ခိုက်သူမဟုတ်ပါ” လို့ ဆိုလာခဲ့ရင်၊ အဲဒီလူကို မွတ်စ်လင်မ် က တိုက်ခိုက်သတ်ဖြတ်လို့မရတော့ပါဘူး။ အစ္စလာမ်က ပြဋ္ဌာန်းထားတဲ့ စစ်သည်တော်ကျင့်ဝတ် ဟာ အဲဒီလောက်အထိ သိမ်မွေ့ပါတယ်။ ဖြူစင်တဲ့နှလုံးသားကိုရင်မှာပိုက်ပြီး အစွဲကင်းကင်း နဲ့လေ့လာကြည့်ပါလို့ တိုက်တွန်းအပ်ပါတယ်။

    ဆက်ရန်- သမိုင်းဟူသည် ဤသို့တည် [မဂိုမင်းဆက် သမိုင်းအမှန် – အိမ်တွင်းပုန်းတာ အစ္စလာမ်ကြောင့်လား)

  • မ.မ.လ မှ ဦးစီးပြီး ၁၁ ကြိမ်မြောက် စုပေါင်းသွေးလှူဒါန်းပွဲ ပြုလုပ်မည်။

    ဇန်နဝါရီ ၄ ၊ ၂၀၁၂
    M-Media

    မ-မ-လဌာနချူပ်မှ ဦးဆောင် ပြုလုပ်ခဲ့သော နဝမ အကြိမ် သွေးလှူဒါန်းပွဲမှ မြင်ကွင်း (၁၃-၅-၂၀၁၂)
    မ-မ-လဌာနချူပ်မှ ဦးဆောင် ပြုလုပ်ခဲ့သော နဝမ အကြိမ် သွေးလှူဒါန်းပွဲမှ မြင်ကွင်း (၁၃-၅-၂၀၁၂)

    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင် လူငယ်များ (ဘာသာရေး)အဖွဲ့ မ-မ-လဌာနချူပ်မှ ကြီးမှူးရ်ျ ပုံမှန်ကျင်းပလျက်ရှိသော (၁၁)ကြိမ်မြောက် သွေးလှူဒါန်းပွဲကြီးကို ၂၇၊၁၊၂၀၁၃ နေ့တွင် ရန်ကုန်ပြည်သူဆေးရုံကြီး အမျိုးသား သွေးလှူဘဏ်ကြီး၌  ပြုလုပ်မည်ဖြစ်ကြောင်းသိရှိရပါသည်။

    အဆိုပါသွေးလှူဒါန်းပွဲတွင် လူမျိုးဘာသာမရွေး ပါဝင်လှူဒါန်းနိုင်ကြကြောင်း သွေးလှူဒါန်းလိုသူများ အမည်စာရင်းကို ၂၅၊၁ ၊၂၀၁၃ နောက်ဆုံးထားပြီး စာရင်းပေးသွင်းနိုင်ကြောင်း နှင် လူဦးရေကန့်သတ်ထားခြင်းမရှိကြောင်း သတင်းရရှိပါသည်။

    ဆက်သွယ်ရန်။. ။အမှတ်-၁၉၄-၁၉၆၊ အခန်း(၄-အေ)
    ဗိုလ်ဆွန်ပတ်လမ်း(အလယ်)
    ပန်းဘဲတန်းမြို့နယ်၊ရန်ကုန်မြို့
    ဖုန်း-၀၁ ၂၄၁၂၁၂ ၊ ၀၁-၂၅၂၇၉၉

  • လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်

    လွတ်လပ်ရေး ခေတ်ဦးကာလ မြန်မာ မွတ်စလင်မ်တို့၏ လွတ်လပ်ရေးနေ့ အပေါ်အမြင်

    ဇန်နဝါရီလ -၁၉၅၇
    အီစာထွန်းအောင်
    ကမ္ဘာအလင်း စာစောင် (၉ ကြိမ်မြောက်လွတ်လပ်ရေး အထူးထုတ်)

    လွတ်လပ်ရေးနှင့် ကျွန်ုပ်အတွေး  (အီစာထွန်းအောင်)

    photo-freedomnewsgroup
    photo-freedomnewsgroup

    တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ
    ဒို့ပြေ … ဒို့မြေ
    များလူခပ်သိမ်း ငြိမ်းချမ်းစေဘို့
    အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ
    ဒို့ပြေ … ဒို့မြေ
    ပြည်ထောင်စုအမွေ … အမြဲတည်တန့်ပေ
    ထိန်းသိမ်းစို့လေ … ။

    ကျွန်ုပ်မွတ်စလင်မ်သည် ဤသီချင်းကိုစိတ်ပါလက်ပါ သီကျုးခဲ့သည်။ ယခုလည်း သီဆိုလျက်ပင်။

    သီချင်းတွင် သစ္စာတိုင်သောအဓိပ္ပါယ်တို့နှင့်လည်း ပြည့်ဝနေပေသည်။ ထိုသို့ သစ္စာတိုင်ခြင်းနှင့်အညီလည်း ကျွန်ုပ် မွတ်စလင်မ်သည် သစ္စာတည်တန့်ခဲ့သည်။ တကယ်တော့ ကျွန်ုပ်သည်ကား ဗမာသာလျှင်ဖြစ်သည်။ ကျွန်ုပ်သည် ဗမာတစ်ယောက်တွင် ရှိသင့်ရှိအပ်သော သစ္စာတရားတို့ကို ထိန်းသိမ်းခဲ့သည်။ ထိုနည်းတူစွာပင် ဗမာတစ်ယောက်၏ ရသင့်ရထိုက်သော တရားမျှတ “လွတ်လပ်ခြင်း အခွင့်တူညီမှု” စသော ပြည်သားတိုင်း၏ အခွင့်အရေးကိုလည်း ကျွန်ုပ် မွတ်စလင်မ်သည် လိုလားသည် တောင့်တသည်၊ ကျွန်ုပ်သည် ဗမာသာလျှင် ဖြစ်သည်။ ဗမာသည် ဗမာပြည်၏ အခွင့်အရေးများနှင့် ပေါင်းစပ်ကာ ပြည့်ဝသော အရည်အချင်းရှိသည့် ဗမာသာလျှင် ဖြစ်သင့်သလို ကျွန်ုပ် မွတ်စလင်မ် (၀ါ) ဗမာတစ်ယောက်အဖို့လည်း ယင်းသည် အခွင့်အရေးများနှင့် ပေါင်းစပ်ကာ ပြည့်ဝသော မွတ်စလင်မ် တစ်ယောက် ဖြစ်လိုပေသည်။

    ပြည့်သစ္စာကို ရိုသေစောင့်တည်ခဲ့သော ကျွန်ုပ်တို့ ဘိုးဘွားများကို ကျွန်ုပ်သည် မျှော်မှန်းမိသည်။

    ၁။ မင်းကြီးမဟာ မင်းလှကျော် (၀ါ) ဦးဒွန်းသည် နေပြည်တော်ရှိ အိန္ဒိယပြည်သား လူအမျိုးမျိုးနှင့် ဗမာပြည်ဖွား မွတ်စလင်မ်များအပေါ်တွင် ခန့်အပ်ထားသောဝန်ကြီးဖြစ်သည်။ ဘုရင့်သစ္စာတော်ကို မှန်ကန်စွာ ဆောင်ရွက်ခဲ့သဖြင့် ၀န်၏ အဆောင်အယောင် အစီးအနင်းများကို သနားတော်မူခြင်းခံရသည့်ပြင် ဆင်စီး၍ ရွှေထီး ၂-လက် ဆောင်းရသည်။

    ၂။ အကောက်တော်ဝန် ကျောက်ရဲမြို့စား မွလ္လာအစ်(စ်)မာအီလ်သည် ဘုရင်မင်းမြတ်၏ ချစ်မြတ်နိုးခြင်းခံရသလို၊ အလှူကောင်းမှုများစွာပြုသည်။ စူရတီဗလီကြီးကို ခမ်းနားတင့်တယ်စွာ ဆောက်တည်ခဲ့သူ ဗလီတကာလည်း ဖြစ်သည်။ ၀န်မင်းရာထူးနှင့် အထိုက်အလျောက် ချီးမြှင့်ခြင်းခံရသည်။ အင်္ဂလိပ်များ မြန်မာပြည်အထက်ပိုင်းကို သိမ်းယူသောအခါ ခါန်ဘဟာဒူရ်ဘွဲ့ကို ချီးမြှင့်ခြင်းခံရပြန်သည်။

    ၃။ ဦးဘိုးမြမှာ ဘုရင်စီးတော်မူသည့် သဘောင်္ာတော်၏ ကပ္ပီတန်ဖြစ်ပြီး မြန်မာမွတ်စလင်မ်ဖြစ်ခဲ့သည်။ ကပ္ပီတန်အလုပ်၌ ကျွမ်းကျင်သဖြင့် ဘုရင်၏ ချစ်မြတ်နိုခြင်း ခံရသည်။

    ၄။ (က) ဗိုလ်မင်းဦးနှစ် (ခ) စကြာအမြောက်တပ်ဗိုလ် ဦဟာရှင် (ဂ) မဂ်လာအမြောက် ဘုန်းအိုးဗိုလ် ဦးယောက် (ဃ) အမြောက်တပ်သွေးသောက်ကြီး ဦးဆိုးတို့မှာ မြန်မာမွတ်စလင်မ်များဖြစ်ကြသည်။

    အမြောက်တပ်ဗိုလ်မှူးကြီး သွေးသောက်ကြီးများဖြစ်ကြ၍ ဘုရင်မင်းမြတ် သဒ္ဓါယုံကြည်ခြင်းကို ခံရသည်။ ဗိုလ်မှူးများ၏  အစီးအနင်း အယောင်အဆောင်များ ရရှိသည်။ ရွှေထီးဆောင်းရသူများဖြစ်သည်။ ဘုရင်မင်းမြတ်၏ အမိန့်တော်ကို ဦးလည်မသုံ ထမ်းရွက်ခဲ့ပြီး မြန်မာပြည်အပေါ် သစ္စာစောင့်တည်ခဲ့သော ကျွန်ုပ်တို့၏ ဘိုးဘွားများပင် ဖြစ်ပေသည်။

    ဒီကနေ့ မျက်မှောက်မှာလည်း ကျွန်ုပ်တို့ မွတ်စလင်မ်ဗမာများသည် ကုန်းတပ်၊ ရေတပ်၊ လေတပ်များတွင် ၀င်ရောက်ကာ ပြည်သူ့သစ္စာကို စောင့်တည်နေကြသည်။

    ကိုကြီးနု ပြောသကဲ့သို့ ချောက်ထဲကျရန် လက်နှစ်လုံးလောက်သာ လိုတော့သော ဗမာပြည်အပေါ်တွင်လည်း ကျွန်ုပ်တို့ မွတ်စလင်မ်ဗမာများသည် သစ္စာ စောင့်ထိန်းခဲ့ပါ၏။ ဤကား ရာဇ၀င်က သက်သေခံပါလိမ့်မည်။

    “ပြည်ထောင်စုအမွေ အမြဲတည်တန့်ပေ ထိန်းသိမ်းစို့လေ” ယင်းသည့်အပိုဒ်ကို ကျွန်ုပ်မွတ်စလင်မ်ဗမာသည် လှိုက်လှဲစွာ သီဆိုသကဲ့သို့ပင် သစ္စာရှိစွာနှင့်လည်း လက်တွေ့ပြုမူဆောင်ရွက်ခဲ့လေပြီ။ ရာဇ၀င်သည် နောင်တခေတ်တွင် သက်သေခံမည်ကား မငြင်းကွယ်နိုင်ပေ။

    သို့သော် … သို့သော် “တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေ အခွင့်တူညီမျှ ၀ါဒဖြူစင်တဲ့ပြေ”

    ယင်းသည့် အပိုဒ်များကိုလည်း ကျွန်ုပ်ဗမာမွတ်စလင်သည် လှိုက်လှိုက်လှဲလှဲ သီဆိုခဲ့ပြီ သီဆိုနေပေလိမ့်ဦးမည်။ သို့ သီဆိုခဲ့သလိုပင် ယင်းသည့် အခွင့်အရေးများကိုလည်း လှိုက်လှိုက်လှဲလှဲ ခံစားရပေမည်။

    လွတ်လပ်ရေးသည် ရောက်လာလေပြီ။ ဘိုးစဉ်ဘောင်ဆက်မှ ပြည်သူနှင့်တိုင်းပြည်အပေါ်တွင် သစ္စာစောင့်သိလာခဲ့သော ကျွန်ုပ်တို့ ဗမာမွတ်စလင်မ်ကား လွတ်လပ်ရေး ကြံ့ခိုင်တည်မြဲမှုကို မျှော်မှန်းအားထားလျက် ရှိပေသည်။

    ကျွန်ုပ်မွတ်စလင်မ် ဗမာသည် သီဆိုလျက်ရှိနေသည်။

    ကမ္ဘာ … မကျေ … မဗာပြေ
    ဒါတိုပြေ … ဒါတို့မြေ … ဒို့ပိုင်တဲ့မြေ …
    ဒို့ပြေ … ဒို့မြေ …

    လွတ်လပ်ရေးသို့ ဦးတည်လျက်
    အီစာ-ထွန်းအောင်

    4
    photo- Ko Zaw Tun FB
  • အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး ရိုဟင်ဂျာ အရေးဆွေးနွေးဖို့ အစိုးရ ဖိတ်ကြားချက်အရ မြန်မာပြည်လာမည်

    ဇန်နဝါရီ ၊ ၄ ၊ ၂၀၁၂

    M-Media

    အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး Natalegawa
    အင်ဒိုနိုင်ငံခြားရေး ၀န်ကြီး Natalegawa

    မြန်မာနိုင်ငံ၊ ရခိုင်ပဋိပက္ခအတွက် အင်ဒိုနီးရှားက ဒေါ်လာ တစ်သန်းအကူအညီပေးမည်ဟု ကတိပြုကြောင်း ယနေ့ပြောကြားလိုက်သည်။

    အင်ဒိုနိုင်ငံခြားရေးဝန်ကြီးအနေဖြင့် ရိုဟင်ဂျာအရေးအတွက် စေ့စပ်ဆွေးနွေးဖို့ မြန်မာအစိုးရ၏ ဖိတ်ကြားချက်အရ လာမည့် တနင်္လာနေ့မှစတင်ပြီး မြန်မာပြည်သို့ ၂၄ နာရီ အလည်အပတ်ရောက်ရှိလာမည်ဖြစ်သည်။

    “ကျွန်တော်မြန်မာပြည်ရောက်တုန်း အင်ဒို အစိုးရအနေနဲ့ ရခိုင်ပြည်နယ်မှာ လူသားချင်း စာနာထောက်ထားမှု လုပ်ငန်းတွေအတွက် ကူညီထောက်ပံ့ငွေ ဒေါ်လာ တစ်သန်း ကူညီဖို့ ကတိပေးတဲ့အကြောင်း (မြန်မာအစိုးရကို) အသိပေးသွားမှာပါ။ ” ဟု အင်ဒိုနိုင်ငံခြားရေးဝန်ကြီး နာတာလီဂါဝါက စီအင်အေသို့ ပြောကြားသည်။

    “အဲဒီနေရာမှာ လူသားအခြေခံလိုအပ်ချက်ပြဿနာတွေက စိန်ခေါ်မှု တစ်ခုလိုဖြစ်နေတာ သိသာလွန်းပါတယ်။ အဲဒီနေရာက လူတွေအနေနဲ့ အခြေခံ လိုအပ်ချက်တွေ ဖြည့်ဆည်းခံရဖို့ အတွက်တောင် အခက်အခဲတွေရှိနေတယ်လို့ ကျွန်တော်သိရပါတယ်။” ဟု ၄င်းက ဖြည့်စွက်ပြောကြားသည်။

    ref: CNN
  • လွတ်လပ်ရေး  (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )

    လွတ်လပ်ရေး (၁၉၅၇ ခုနှစ် ၉ ကြိမ်မြောက်လွတ်လပ်ရေးနေ့ ကမ္ဘာအလင်းရဲ့ အာဘော် )

    ဇန်နဝါရီလ -၁၉၅၇
    မြန်မာမွတ်စလင်မ် တို့ စာစောင် ကမ္ဘာအလင်း  (၉ ကြိမ်မြောက်လွတ်လပ်ရေး အထူးထုတ်)

    6
    Photo from Ko Zaw Tun FB

    လွတ်လပ်ရေးဟူသည် လူတိုင်း၏ သဘာဝ အခွင့်အရေးတစ်ရပ်ဖြစ်ပေသည်။ လူတိုင်းသည် သဘာဝအားဖြင့် လွတ်လပ်စွာနေထိုင်လိုကြသည်။ သူတစ်ပါး၏ လွှမ်းမိုးမှု ချုပ်ချယ်မှုကို ခံလိုသူဟူ၍ကား လောကတွင် ရှာမှရှားပေလိမ့်မည်။

    ကမ္ဘာပေါ်တွင် မည်သည့်တိုင်းပြည် မည်သည့်လူမျိုးမဆို အခြားသူများ၏ စိုးမိုးအုပ်ချုပ်မှု၊ ချုပ်ချယ်မှု၊ ချယ်လှယ်မှု၊ အာဏာပြမှုတို့ကို မခံလိုကြပေ။ ထို့ကြောင့်လည်း ကမ္ဘာအရပ်ရပ်ရှိ ချုပ်ချယ်ခြင်းခံခဲ့ရသော တိုင်းပြည်အသီးသီးတို့သည် မိမိတို့ လွတ်လပ်ရေးအတွက် အသက်ပေး၍ ကြိုးပမ်းအားထုတ်ခဲ့ကြကြောင်း၊ ရာဇ၀င်အထောက်အထားများ ရှိပေသည်။ ယနေ့လည်း မလွတ်လပ်သေးသော တိုင်းပြည်နိုင်ငံများသည် အသက်သွေးခဲကိုအရင်းပြု၍ မိမိတို့ လွတ်လပ်ရေးအတွက် တိုက်ပွဲများဆင်နေ ကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိနေရပေသည်။ ကျွန်ုပ်တို့၏ နိုင်ငံသည်လည်း နယ်ချဲ့တို့၏ လက်အောက်သို့ ကျရောက်ခဲ့ရသည်။ နယ်ချဲ့တို့၏ စိုးမိုးအုပ်ချုပ်မှုကို နှစ်ပေါင်းများစွာတိုင်တိုင်ခံခဲ့ရသည်။ ယင်းကဲ့သို့ နယ်ချဲ့များ၏ လက်အောက်တွင် ခံနေရစဉ် အချိန်အခါများ၌ ကျွန်ုပ်တို့၏ အခွင့်အရေးများမှာ အဘက်ဘက်တွင် ဆုံးရှုံးနစ်နာခြင်း ဖြစ်ခဲ့ရလေသည်။

    ဖိနှိပ်ချုပ်ချယ်မှုများ၏ တန်ပြန်မှုကား သဘာဝအလျောက်ပေါ်ပေါက်ရချေမည်။ ယင်းချုပ်ချယ်မှုများကြောင့် လှုပ်ရှားသူများနှင့် လွတ်လပ်ရေးကြိုးပမ်းမှုများ ပေါ်ပေါက်လာခဲ့ရသည်။

    လွတ်လပ်ရေကြိုးပမ်းမှုများမှ အမျိုးသားခေါင်းဆောင် အာဇာနည် ဗိုလ်ချုပ်အောင်ဆန်းနှင့် အပေါင်းပါတို့အား မွေးထုတ်ပေးခဲ့ပြီး ထိုခေါင်းဆောင်တို့က ပြည်ထောင်စုကြီးအား နယ်ချဲ့တို့၏လက်တွင်းမှ ကယ်တင်ရန် အစွမ်းကုန် ကြိုးစားခဲ့ကြသည်။ နောက်ဆုံးတွင် တိုင်းရင်းသားပေါင်းစုံတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုကာ ပြည်ထောင်စုကြီးအား ယင်းနယ်ချဲ့တို့၏ လက်တွင်းမှ ကယ်ထုတ်၍ လုံးဝလွတ်လပ်သော ပြည်ထောင်စုအဖြစ် ဖန်တီးနိုင်ခဲ့ကြသည်။ ဤအာဇာနည် ခေါင်းဆောင်များအား ကျွန်ုပ်တို့ ဂုဏ်ပြုချီးကျူးရပေမည်။

    ပြည်ထောင်စုကြီး လွတ်လပ်ခဲ့သည်မှာ ယခုဆိုသော် ၉-နှစ်တင်းတင်းပြည့်ခဲ့၍ ၁၉၅၇-ခု ဇန်န၀ါရီလ ၄-ရက်ကော့း ၉ ကြိမ်မြောက် လွတ်လပ်ရေးအထိမ်းအမှတ်နေ့ပင်ဖြစ်လေသည်။

    ပြည်ထောင်စုမြန်မာနိုင်ငံတော်သည် သက်တမ်းအရကြည့်လျင် လွတ်လပ်ခါစ အနေတွင် ရှိနေသေးရာ လွတ်လပ်သော တိုင်းပြည်တို့တွင် ရရှိခံစားရသည့် လွတ်လပ်ရေးအရသာကို ကျပ်ပြည့်တင်းပြည့် မခံစားရသေးဘဲ လွတ်လပ်စတိုင်းပြည်တို့တွင် ရင်ဆိုင်ရမြဲ ဘေးရန်များ ဆူးငြောင့်ခလုတ်များ စီးပွားရေး အခက်အခဲများ ပြည်တွင်းသောင်းကျန်းမှုများနှင့်တကွ အခက်အခဲပေါင်းများစွာတို့ကို ရင်ဆိုင်နေရပေသေးသည်။ သို့တစေ ယနေ့ ပြည်ထောင်စုသည် လွတ်လပ်သော ကမ္ဘာ့နိုင်ငံများနှင့် ရင်ဘောင်တန်းရပ်နိုင်နေပြီဖြစ်ရုံသာမက ကမ္ဘာ့ဇာတ်ခုံပေါ်တွင် လေးစားခြင်းခံရသည့် နိုင်ငံတနိုင်ငံအဖြစ်သို့ ရောက်ရှိနေသဖြင့် ကျွန်ုပ်တို့ အထူးဂုဏ်ယူရပေမည်။

    ကျွန်ုပ်တို့သည် လွတ်လပ်သော ပြည်ထောင်စုသားများဖြစ်ကြသည့် လွတ်လပ်သူများပီပီ ကျွန်ုပ်တို့သည် မည်သည့်ကိစ္စကိုမဆို စည်းမရှိ ကမ်းမရှိ လွတ်လပ်စွာ လုပ်ကိုင်နိုင်ခွင့်ရှိသည်ဟု လွတ်လပ်ရေး၏ အဓိပ္ပါယ်ကို တွေးဆ ကောက်ယူကြမည်ဆိုပါက ဤယူဆချက်မှာ လုံးဝမှားပေလိမ့်မည်။ ဤကဲ့သို့ စည်းမဲ့ကမ်းမဲ့ ဥပဒေမဲ့ပြုမူချက်မျိုးကို အစ္စလာမ်ကလည်း လုံးဝခွင့်မပြုချေ။ လွတ်လပ်ရေးဟူသည် အလွန်ကျယ်ပြန့်၍ လွတ်လပ်သော တိုင်းသူပြည်သားတို့တွင် ရှိအပ်သော အရည်အချင်းများကား ထူးကဲမြင့်မြတ်ရပေမည်။ လွတ်လပ်ရေးတွင် အခွင့်အရေးများရှိသကဲ့သို့ တာဝန်ဝတ္တရားများလည်း ရှိနေသည်ကို ကျွန်ုပ်တို့ သတိပြုရပေမည်။

    လွတ်လပ်သောတိုင်းသူပြည်သားတို့မည်သည် စည်းကမ်းသေ၀ပ်ရချေမည်။ မိမိတို့ တိုင်းပြည်၏ အခြေခံဥပဒေ၊ တရားဥပဒေ၊ စည်းကမ်းဥပဒေမှစ၍ မိမိတို့သက်ဝင်ယုံကြည်သော ဘာသာ သာသနာ၏ ညွှန်ကြားချက် စည်းမျဉ်းဥပဒေ ယဉ်ကျေးမှု စည်းကမ်းများကိုပါ အခြားသူများထက် ပိုမိုကျင့်သုံးလိုက်နာပြီး လုပ်ကိုင်ဆောင်ရွက်ရမည့် ကိစ္စအ၀၀နှင့် ပြဿနာအဖြာဖြာတို့လည်း ယင်းစည်းမျဉ်းဥပဒေများနှင့်အညီ ဖြေရှင်းဆောင်ရွက်ရပေမည်။

    ယင်းကဲ့သို့ စည်းကမ်းသေ၀ပ်၍ မြင့်မြတ်သောအရည်အချင်းနှင့် ပြည့်စုံသူများသည်သာလျှင် လွတ်လပ်သော ပြည်ကြီးသားများ ပီသနိုင်ကြပေမည်။

    လွတ်လပ်သောပြည်ထောင်စု မြန်မာနိုင်ငံတော်အတွင်း မှီတင်းနေထိုင်ကြကုန်သော တိုင်းရင်းသားများကို ကြည့်မည်ဆိုလျှင် လူမျိုးအားဖြင့် မြန်မာ၊ ရှမ်း၊ ကရင်၊ ကချင်၊ မွန်၊ တောင်သူ အစရှိသည့် လူမျိုးများရှိ၍ ကိုးကွယ်သည့် ဘာသာအားဖြင့်ကြည့်မူ ဗုဒ္ဓဘာသာ၊ အစ္စလာမ်ဘာသာ၊ ခရစ်ယာန်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သည့်ဘာသာ စသဖြင့် အသီးသီးရှိနေကြသည်ကို ကျွန်ုပ်တို့ တွေ့ရှိရပေသည်။

    ပြည်ထောင်စုသားများအနေနှင့် ပြည်ထောင်စု၏ ဥပဒများကို တိကျစွာလိုက်နာကျင့်သုံးကြ၇မည့်အပြင် ဘာသာအချင်းချင်း လူမျိုးအချင်းချင်းတွင် ရှိနေသော ဘာသာရေး စည်းမျဉ်းများ၊ လူမျိုးရေးထုံးတမ်းစဉ်လာများနှင့် ယဉ်ကျေးမှုအဖြာဖြာတို့ကိုလည်း ထောက်ထားလေးစားရပေဦးမည်။

    ပြည်ထောင်စုကြီး၏ လွတ်လပ်ရေးအဓွန့်ရှည်စွာတည်မြဲရေး၊ တိုင်းသူပြည်သားများ အဘက်ဘက်တွင် တိုးတက်ရေး၊ လွတ်လပ်ရေး၏ အရသာကို ပြည်ထောင်စုသားတိုင်း ကျပ်ပြည့် တင်းပြည့် ခံစားနိုင်ရေးအတွက် ကြိုးပမ်းရန်လည်း လူမျိုးတိုင်း ဘာသာဝင်တိုင်း၏ တာဝန်ပင်ဖြစ်ပေသည်။

    လွတ်လပ်ရေးကို ရယူစဉ်က တိုင်းရင်းသားတို့၏ ညီညွတ်ရေးလက်နက်ကို အသုံးပြုခဲ့သည့်အလား ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲရေးနှင့် တိုင်းပြည်စည်ပင် သာယာဝပြောရေးတို့တွင်လည်း ယင်းပြည်ထောင်စုသားတို့၏ ညီညွတ်ရေးကိုပင် ကျွန်ုပ်တို့အသုံးပြုရပေမည်။

    သို့ရှိရာ ပြည်ထောင်စုအတွင်းရှိ လူမျိုးအချင်းချင်း ဘာသာဝင်အချင်းချင်းတို့သည် ချစ်ခင်ရင်းနှီးစွာ ဆက်ဆံနေထိုင်ကြလျက် မိမိတို့ တက်နိုင်သည့်ဘက်က ပြည်ထောင်စုကြီး၏ အကျိုးကို ညီညာဖြဖြ ထမ်းဆောင်ကြရန် နှိုးဆော်ရေးသားရပေသတည်း။

    လွတ်လပ်သော ပြည်ထောင်စုကြီး အဓွန့်ရှည်စွာ တည်တန့်ခိုင်မြဲပါစေ။