News @ M-Media
Blog
  • ၂၀၁၂ ခုနှစ် မြန်မာမွတ်စလင်မ် သတင်း အနှစ်ချူပ် စုစည်းမှု (အပိုင်း-၁)
    ဇန်နဝါရီ ၁၊ ၂၀၁၃
    M-Media
    ၂၀၁၂ ခုနှစ်အတွင်း မြန်မာနိုင်ငံသား မွတ်စလင်မ်တို့ နှင့် ပတ်သက်ဆက်နွယ်သည့် သတင်းများကို အနှစ်ချူပ်ပြီး စုစည်းတင်ပြလိုက်ရပါသည်။ ယခု သတင်းအနှစ်ချူပ်မှာ အနည်းငယ်များပြားတာကြောင့် အပိုင်းခွဲပြီးတင်ပြသွားမည်ဖြစ်ကြောင်း စာဖတ်ပရိတ်သတ်အား အသိပေးအပ်ပါသည်။
    M-Media
    ဇန်နဝါရီ
    ၃.၁.၂၀၁၂
    နိုင်ငံတော်သမ္မတ ဦးသိန်းစိန်ရဲ့ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ဖြင့် လွတ်မြောက်လာကြတဲ့ မန္တလေးမြို့ အိုးဘိုထောင်မှ လွတ်မြောက်လာကျတဲ့ အကျဉ်းသားများကို မန္တလေးမြို့ခံ မွတ်စလင်မ်များမှ သွားရောက်၍ အအေးများတိုက်ကျွေးခြင်း၊ လမ်းစရိတ်ထောက်ပံ့ခြင်း၊ စစ်ကိုင်းတန်းဗလီမှကားဖြင့် အကျဉ်းသားများအား နေအိမ်၊ အဝေးပြေးကားဂိတ်များသို့ ပို့ဆောင်ပေးခြင်း စတဲ့ကူညီမှု့များ လုပ်ဆောင်ပေးခဲ့ကြပါသည်။
    http://www.m-mediagroup.com/news/1886
    ၇၊ ၁၊ ၂၀၁၂
    မန္တလေးရနံ ပန်းချီပြပွဲကို ဇန္နဝါရီလ ၇ ရက်နေ့က လမ်း၈၀ နှင့်၂၄ ထောင့် သီရိဝစ္ဆ  ခန်းမ မှာ ဖွင့်ပွဲကျင်းပခဲ့ပါသည်။ ဒီပြပွဲမှာ မန္တလေးအခြေစိုက် မြန်မာမွတ်စလင်မ် ပန်းချီဆရာများကတော့ ဆရာညိုပြာ၊ ဆရာ အင်ဂါဥုး၊ ဆရာကိုကိုလွင် နှင့် ဆရာ ဘိုဘိုကိုဦး  တို့ရဲ့ လက်ရာများ ပါဝင်ပြသခဲ့ပါသည်။
    http://www.m-mediagroup.com/news/1907
    ၈၊၁၊ ၂၀၁၂
    အကျဉ်းသားမိသားစု ကွန်ရက်၊ Generation Wave ၊ နိုင်ငံရေး အကျဉ်းသားဟောင်းများ၊ ၈၈ မျိုးဆက်ကျောင်းသားများ အဖွဲ တို့ပါဝင်သည့် နိုင်ငံရေး အကျဉ်းသားများ လွတ်မြောက်ရေး လှုပ်ရှားမှု အဖွဲ့သည့် အကျဉ်းကျခံနေရသည့် နိုင်ငံအကျဉ်းသားများ၏ မိသားစုဝင်များအား အားပေးသည့် အစီအစဉ်အဖြစ် ၁၉၉၀ ပြည့်လွှတ်တော်အမတ်ဟောင်းနှင့် CRPP အဖွဲ့ဝင် ဦးကျော်မင်း၏ မိသားစုဝင်များနေအိမ်သို့ သွားရောက်ကာ အားပေးစကားပြောကြားခဲ့သည်။
    http://www.m-mediagroup.com/news/1897
    ၂၀၁၁ ခုနှစ် ဟဂ်ျခရီးစဉ်တွင် ဟဂ်ျခရီးသွားဝန်ဆောင်မှု့ကုမ္ပဏီများ၏ တာဝန်မဲ့ ကိုယ်ကျိုးရှာမှု့ကြောင့် ဟဂ်ျသွားရောက်လိုသည့် မြန်မာမွတ်စလင်မ်အများအပြား ထိခိုက်ဆုံးရှုံးမှု့များဖြစ်ပေါ်ခဲ့သည်။ ထိုသို့ထိခိုက်ဆုံးရှုံးမှုများကို ကူညီရန်အတွက် ရည်ရွယ်ဖွဲ့စည်းထားသည့် “ဟာဂ်ျခရီးစဉ်စောင့်ကြည့် ကူညီရေးအဖွဲ့” မှ ဦးစီးပြီး “တရားမနစ်နာမှု့” များနှင့် သက်ဆိုင်သော ဥပဒေအကြောင်း သိကောင်းစရာများကို ပညာပေးဟောပြောပွဲ အစီအစဉ်ကို မန္တလေးမြို့ ရွှေဖြူပလာဇာ ပထမထပ်တွင် ရှိသော MCPA/MCIA အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
    http://www.m-mediagroup.com/news/1902
    ၈၊ ၁၊ ၂၀၁၂
    နဝတ/နအဖ အစိုးရလက်ထက် တရားဝင်ထုတ်ပြန်ကြေငြာခဲ့သော တိုင်းရင်းလူမျိုး (၁၃၅) မျိုးတွင် ပါဝင်သည့် ကမန်တိုင်းရင်းများမှာ နိုင်ငံသားစိစစ်ရေး ကဒ်များပြုလုပ်ရာတွင် အခက်အခဲ ပေါင်းစုံ ကြုံတွေနေရပြီး လူဝင်မှုကြီးကြပ်ရေးနှင့် အမျိုးသားရေးမှတ်ပုံတင်ရေးဦးစီးဌာနက ဖွဲ့စည်းပုံအခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်လျှက် ဆောင်ရွက်နေခြင်းကို သံတွဲမြို့မှ ကမန်တိုင်းရင်းသားများ စုပေါင်းလက်မှတ်ထိုးပြီး နိုင်ငံတော်သမ္မတ ထံသို့ ပေးပို့တိုင်ကြားခဲ့သည်။ ကမန်တိုင်းရင်းသား အများစုမှာ အစ္စလာမ်ဘာသာ ကိုးကွယ်သူများဖြစ်ကြသည်။
    http://www.m-mediagroup.com/news/1931
    ၈၊ ၁ ၊ ၂၀၁၂
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့(မမလဌာနချုပ်)က စီစဉ်ကျင်းပ အဌမ အကြိမ်မြောက် စုပေါင်းသွေး လှူဒါန်းပွဲ ကို ၈-၁-၂၀၁၂(တနင်္ဂနွေနေ့) အမျိုးသားသွေးလှုဌာန၊ ဗိုလ်ချုပ်အောင်ဆန်းလမ်းနှင့် ရွှေတိဂုံဘုရားလမ်းထောင့်၊ လေဟာပြင်ဈေးဟောင်းအနီး၊ ပန်းဘဲတန်းမြို့နယ်၊ မှာ ပြုလုပ်ခဲ့ကြပါသည်။
    ၁၃၊၁၊၂၀၁၂
    ၂၀၁၂ ဇန်န၀ါရီလ ၁၃ရက်နေ့တွင် လွတ်ငြိမ်းချမ်းသာခွင့်တွင် မန္တလေးတိုင်း NLD တိုင်းစည်း တာဝန်ခံဟောင်း ဒေါ်ဝင်းမြမြ ပူတာအို အကျဉ်းထောင်မှ လွတ်မြောက်ရာတွင် ပါဝင်ခဲ့သည်။ ဒေါ်ဝင်းမြမြမှာ နိုင်ငံရေးမှု့ ၅(ည) ပုဒ်မှဖြင့် ထောင်ဒဏ် (၁၂) နှစ် ချခံရပြီး အယူခံဝင်ရာအနိုင်ရသဖြင့် (၄) နှစ်လျော့ပြီး ထောင်ဒဏ်(၈) နှစ် ချမှတ်ခံခဲ့ရသည်။ ၂၀၀၇ခုနှစ် စက်တင်ဘာ (၂၇)ရက်နေ့မှာ စတင်အဖမ်းခံခဲ့ရပြီး ထောင်ထဲတွင် (၄) နှစ်ကျော် နေခဲ့ရသည်။
    http://www.m-mediagroup.com/news/1918
    ၁၅၊၁၊ ၂၀၁၂
    ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁၅ရက်နေ့ထုတ် မန္တလေး သတင်းစာတွင် မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ။ ခေါင်းစဉ်ဖြင့် ဆောင်းပါးဖော်ပြခဲ့သည်။ နိဗ္ဗာန်ဆော်အဖွဲ့ သည် မန္တလေးမြို့မှ အစ္စလာမ်ဘာသာဝင်များ တည်ထောင်ခဲ့သည့် လူမျိုးဘာသာ မခွဲခြားဘဲ သာရေး၊နာရေး၊ လူမှုရေးကိစ္စရပ်များကို ကူညီပေးနေသည့် ပရဟိတ အဖွဲ့ဖြစ်သည်။
    မန္တလေးမြို့ နိဗ္ဗာန်ဆော်အဖွဲ့ နှစ် (၆၀) ပြည့် တိုင်ခဲ့ပြီ
    ၁၇၊၁၊၂၀၁၂
    သာကေတ ၃ ရပ်ကွက်ရှိ အစ္စလာမ်ဘာသာ စာသင်ကျောင်း ၃ ကျောင်း ပိတ်သိမ်းရန် ရပ်ကွက်နေထိုင်သူအချို့က စာတင်ခဲ့ပြီးနောက် ဇန်န၀ါရီ ၁၇ ရက်နေ့တွင် မြို့နယ် အုပ်ချုပ်ရေးမှူးရုံးမှ တာဝန်ရှိသူများ လာရောက်ကြရာ စာသင်ကျောင်းမှ စာသင်သားများက ငြိမ်းချမ်းရေး မြတ်နိုးပါ၊ လွတ်လပ်စွာကိုးကွယ်ခွင့်ပြုပါ အစရှိသည့် ကြွေးကြော်သံ ဆိုင်းဘုတ်များ ကိုင်ဆောင်ဆန္ဒပြခဲ့ကြသည်။
    ၂၀၊၁ ၊၂၀၁၂
    အာဇာနည် အမျိုးသားခေါင်းဆောင်ကြီး ဦးရာဇာတ် နှစ်တစ်ရာမြောက်မွေးနေ့အဖြစ် ဦးရာဇတ်နေ့ အခမ်းအနားကို ၂၀၊၁၊၂၀၁၂ နေ့လည် ၁း၃၀ နာရီက မန္တလေးမြို့ အိုရီယမ်တာဟောက်စ် မှာ ကျင်းပပြုလုပ်၊ ပါမောက္ခဒေါက်တာမျိုးညွှန့်က အဖွင့်အမှာစကားပြောကြား၊ တက်ရောက်လာကြသူအားလုံးမှ မိမိတို့ ကိုးကွယ်ရာဘာသာအလိုက် ၂ မိနစ်ခန့်ငြိမ်သက်ဆုတောင်းမေတ္တာပို့သ၊ ဆရာကြီးဦးရာဇတ်၏ အထ္တုပတ္တိကို ကိုကျော်မိုးအောင်ကဖတ်ကြား၊ ကိုဇော်မင်းထွန်းက ဆရာကြီးဦးရာဇတ်နေ့ ကျင်းပရခြင်းအကြောင်းကို ရှင်းလင်းပြောကြား၊ ရွှေကျင်သာသနာပိုင် ၀ါဆိုဆရာတော် ဘုရာကြီး ၊ တောင်ထီးလင်းတိုက် ဆရာတော်ဘုရားကြီးနှင့် သီတဂူဆရာတော် ရှင်ညာဏိဿရတို့မှ အသီးသီးသြ၀ါဒစကား မိန့်ကြား၊ ဆရာကြီး၏ သားဖြစ်သူမှ ဆရာကြီး ဦးရာဇတ်နှင့် ပတ်သက်၍ အမှတ်တရစကားပြောကြား၊ ငြိမ်းချမ်းရေးစာဆို ကဗျာဆရာကြီး ဒဂုန်တာရာနှင့် မြန်မာ့လွတ်လပ်ရေးဖခင် ဗိုလ်ချုပ်အောင်ဆန်းသမီးဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် တို့မှ ပေးပို့သည့် သ၀ဏ်လွှာများ ဖတ်ကြားခဲ့၊  ဦးရာဇတ်၏ အထ္တုပတ္တိကျမ်းကိုရေးသားခဲ့သည့် စာရေးဆရာဝမ်းအိုဝမ်း ကျော်ဝင်းမောင်၊ ဆရာကြီး၏တပည့်တစ်ဦးဖြစ်ခဲ့ဖူးသည့် သိပ်ပံ္ပမှူးတင်တို့က အမှတ်တရစကားများပြောကြား၊ ဒေါက်တာမောင်မောင် မှ ကျေးဇူးတင်စကားပြန်လည်ပြောကြား၊ ဆရာကြီးဦးရာဇတ်နေ့ ကျင်းပခြင်းမှာ ယခုအကြိမ်သည် ပထမဆုံးအကြိမ်ဖြစ်ပြီး ဘာသာပေါင်းစုံမှာ ပုဂ္ဂိုလ်များ၊ စည်စည်းကားကား တက်ရောက်ခဲ့ကြ။
    ၂၁၊၁၊ ၂၀၁၂
    မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ် လူငယ်များ (ဘာသာရေး) မ.မ.လအဖွဲ့ ၏ စတုထ္ထအကြိမ်မြောက် ပြည်လုံးကျွတ် အစ္စလာမ့် ညီလာခံ ဖွင့်ပွဲအား မင်္ဂလာ ဒုံမြို့နယ် ဘိုခါရီရှားဟ် ဒရ်ဂါတော်တွင် ၂၁.၁.၂၀၁၂ နေ့ တွင် ကျင်းပခဲ့ပြီး အဆိုပါ အခမ်းအနားသို့ ရန်ကုန် တိုင်းဒေ သကြီး သာသနာ ရေးဦးစီးဌာန မှ ညွန်ကြားရေးမှူး၊ နှင့်တာဝန်ရှိသူများ၊ အစ္စလာမ့် ဘာသာ ရေး အဖွဲ့အစည်း အသီးသီးမှ တာဝန်ရှိသူများ ၊ ဖိတ်ကြားထားသော နိုင်ငံခြား သံတမန်များ ၊ရခိုင် ပြည်နယ် အပါအ၀င် ပြည် နယ်/ တိုင်းဒေသကြီးအသီးသီးမှ မ.မ.လ ဦးစီးအဖွဲ့ဝင်များ နှင့် စိတ်ပါဝင်စားသူ မြန်မာမွတ်စလင် လူငယ် စုစုပေါင်း ၇၀၀ကျော် တက် ရောက် ခဲ့သည်။
    http://goo.gl/cvx7G
    ဖေဖော်ဝါရီလ
    ၁၊ ၂၊ ၂၀၁၂
    မြို့နယ်အာဏာပိုင်များကတားမြစ်ပိတ်ပင်သည့် အတွက် ပိတ်ပင်ထားသည်မှာ (၅) လကျော် ကြာမြင့်နေပြီးဖြစ်သော ဧရာဝတီတိုင်းဒေသကြီး ၊ ဘိုကလေးမြို့ ၊ မြို့မ ( ၉ ) ရပ်ကွက် ၊ အောင်သပြေ ( ၁၃ ) လမ်းတွင် ဖွင့်လှစ်ထားသော အစ္စလာမ်သာသနာ့ပညာ သင်ကြားရေးစာသင်ကျောင်းအား ပြန်လည် ဖွင့်လှစ်ပေးရန်အတွက် အစ္စလာမ်ဘာသာရေး ကျောင်းအကျိုးဆောင်နှင့် ကျောင်းသားမိဘများမှ သက်ဆိုင်ရာအာဏာပိုင်များသိုပ မေတ္တာရပ်ခံစာ တစ်စောင်ပေးပို့ခဲ့ပါသည်။
    ၁၂၊ ၂၊ ၂၀၁၂
    ၂၀၁၂ခုနှစ် ဖေဖေါ်ဝါရီလ (၁၂)ရက်နေ့ ပြည်ထောင်စုနေ့တွင် ဘာသာပေါင်းစုံညီညွတ်ရေးနှင့် ငြိမ်းချမ်းရေး ဆုတောင်းပွဲကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် ၊ ၈၄လမ်း ၊ ၂၇လမ်းနှင့် ၂၈လမ်းကြားတွင် ပြုလုပ်ရန် စီစဉ်ထားသော်လည်း ပွဲပျက်ခဲ့ပါသည်။  မန္တလေးတိုင်းဒေသကြီး အစိုးရရုံး ပွဲပါမစ် ချပေးသည့် ရုံးတွင် ခွင်ပြုမိန့် တရားဝင် တင်ခဲ့ခြင်းဖြစ်ပြီး ပွဲကျင်းပမည့်နေ့မှ စီစဉ်ထားရာ ခန်းမ မှ ပွဲပါမစ်အတုဟုဆိုကာ ခန်းမအသုံးပြုခွင့် မပြုခဲ့ခြင်းဖြစ်သည်။
    http://www.m-mediagroup.com/news/1952
    မတ်လ
    ၂၊ ၃ ၊ ၂၀၁၂
    ဆော်ဒီရန်ပုံငွေ ထူထောင်ရေးအဖွဲ့က မြန်မာအစိုးရပိုင် ဆေးရုံး၊ ဆေးခန်းများတွင် ကျန်းမာ ရေးဝန်ဆောင်မှုများ ပိုမိုကောင်းမွန်လာ စေရန်အတွက် အမေရိကန်ဒေါ်လာ သန်း ၂၀ ချေးငှားရန် သဘောတူလိုက် ကြောင်း ရန်ကုန်မြို့ရှိ ဆော်ဒီအာရေဗျ သံရုံးမှ သတင်းထုတ်ပြန်သည်။
    http://www.m-mediagroup.com/news/2027
    ၉ ၊ ၃ ၊ ၂၀၁၂
    မတ်လ ၄ ရက်နေ့တွင် အမေရိကန်နိုင်ငံ NBC ရုပ်သံတွင် ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် Rude Buddha (ရိုင်းပျသော ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအားထုတ်လွှတ်ခဲ့ပြီး  ၄င်း အစီအစဉ်တွင် ရှင်ဂေါတမအား ပြတ်ချော်လှောင်ပြောင်ထားခြင်းကို  မြန်မာမွတ်စလင်မ်ကျောင်းသား လူငယ်များအဖွဲ့ (Myanmar Muslim Student& Youth) အဖွဲ့ မှ ကန့်ကွက်သည့် ကြေငြာချက်ထုတ်ပြန်ခဲ့သည်။
    http://www.m-mediagroup.com/news/2034
    ၂၀ ၊ ၃ ၊ ၂၀၁၂
    ဧပြီလ ၁ ရက်နေ့မှာ ပြုလုပ်မယ့် ကြားဖြတ်ရွေးကောက်ပွဲတွင် မန္တလေးတိုင်း မဟာအောင်မြေ မြို့နယ် မဲဆန္ဒနယ်မှဝင်ရောက်ယှဉ်ပြိုင်မည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် မဟာအောင်မြေမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် မှ မန္တလေးမြို့ လမ်း၈၀ ၃၅လမ်း နှင့် ၃၆လမ်းကြားရှိ ပန်းသေးဗလီဝင်းအတွင်းတွင် အစ္စလာမ်ဘာသာဝင် မဲဆန္ဒရှင်များနှင့် ရပ်မိရပ်ဖများအား တွေ့ဆုံပွဲတရပ်ပြုလုပ်ခဲ့ပါသည်။
    http://www.m-mediagroup.com/news/2052
    ၂၅၊ ၃၊ ၂၀၁၂
    မြန်မာနိုင်ငံလုံဆိုင်ရ မြန်မာမွတ်စလင်မ်လူငယ်များ ဘာသာရေးအဖွဲ့ ပေါင်မြို့နယ် မုတ္တမမြို့ မ.မ.လအဖွဲ့ခွဲ၏(1/2012) အမျိုးသမီးအခြေခံ အဆင်မြင့် စက်ချုပ်သင်တန်း နှင့် အိမ်တွင်းမှု့သင်တန်းကို မုတ္တမမြို့ အမှတ်-49 သူဌေးကုန်းဗလီလမ်း (မ.မ.လ ) သင်တန်းခန်းမတွင်ပြုလုပ်ခဲ့ပါသည်။ အဆိုပါသင်တန်းတွင် မုတ္တမမြို့မှ မြန်မာမွတ်စလင်မ် အမျိုးသမီးငယ် (၄၀) အား သင်ကြားပေးခဲ့ပါသည်။
    http://www.m-mediagroup.com/news/2096
    ဧပြီလ
    ၈ ၊ ၄ ၊ ၂၀၁၂
    ပဲခူးမြို့ ပညာရေးကော်မတီ က ဧပြီ ၁၁ရက်နေမှစတင် ဖွင့်လှစ်ခဲ့သောနွေရာသီအစ္စလာမ် ယဉ်ကျေးမှုနှင့် စာရိတ္တ မြင့်တင်ရေးသင်တန်းဆင်းပွဲကို ဧပြီ ၁၈ရက်နေ့ ဇဟိုရ်အပြီးတွင် ကျင်းပခဲ့သည်။ အဆိုပါ သင်တန်းဆင်းပွဲ သို့သင်တန်းသား /သူ နှင့်လေ့လာသူ ၈၀ နှင့်အတူပဲခူးမြို့မြိုမိမြိုဖများ၊ ဘာသာရေး ပညာရှင် များ နှင့် ကျောင်းသား မိဘများ တက်ရောက်ခဲ့ကြပါသည်။
    http://goo.gl/yXFWI
    ၁၀၊ ၄ ၊ ၂၀၁၂
    ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အစ္စလာမ်ဘာသာဝင်တစ်ဦးဖြစ်သူ မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင် မိမိ အသက်ကို  ပဓာနမထားဘဲ ကယ်တင်ခဲ့သည့် ဖြစ်ရပ် ၁၀-၄-၂၀၁၂ ရက်တွင်  မော်လမြိုင်မှရန်ကုန်သို့ထွက်ခွာလာသည့် အမှတ် (၁၇၆)အစုန်ရထားသည် ဒါးပိန်ဘူတာသို့မရောက်မီ ၁၀း၁၂ နာရီအချိန်၌ ပေ ၁၂၀ အရှည်ရှိတံတားပေါ်တွင်   ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ပါသည်။
    http://www.m-mediagroup.com/news/2378
    ၁၂၊ ၄ ၊ ၂၀၁၂
    ကချင်ပြည်နယ် အနောက်ဘက် မိုးညှင်းခရိုင် ၊ ဖားကန့်မြို့နယ် (ယခင်အခေါ်ဆိုင်းတောင်)ဆိတ်မူကျေးရွာမှ အစ္စလာမ်ဘာသာဝင် မြန်မာမွတ်စလင်မ်တို့ ဆုတောင်း ဝတ်ပြုရာ ဝတ်ပြုဆောင်အား  ဧပြီလ ၁၂ ရက်နေ့က ဥပဒေမဲ့ အကြမ်းဖက် ဖျက်ဆီးခံခဲ့ရသည်။
    http://www.m-mediagroup.com/news/2205
    http://www.m-mediagroup.com/news/2266
    ၁၃၊ ၄ ၊ ၂၀၁၂
    မကွေးတိုင်းဒေသကြီး၊ ကံမမြို့နေ မွတ်စလင်မ်(၁၀)ဦီးကျော်၏ နေအိမ်နှင့်ပိုင်ဆိုင်မှုများအပါအ၀င် ဗလီဝတ်ကျောင်းတော် တစ်လုံးတို့ကို (၁၃.၄.၂၀၁၂) တွင်အကြမ်းဖက်၊ ဖျက်ဆီး၊ လုယက်မှုများပြုလုပ်ခဲ့ကြပါတယ်။ ဒေသဆိုင်ရာ စက်လှေ လိုင်စင်အမြဲရနေသည့် ကြံဖွံပါတီကျောထောက်နောက်ခံပြု စီးပွားရေးသမားများ လေလံရှုံးရာမှာ လေလံနိုင်သွားသော မွတ်စလင်မ် စီးပွားရေးသမားများနှင့် ဆွေမျိုးများ၏ နေအိမ်များကို ဖျက်ဆီးပြီး ဗလီဝတ်ကျောင်းတော်ကိုပါ ဖျက်ဆီးခဲ့ခြင်းဖြစ်သည်။
    http://www.m-mediagroup.com/news/2202
    http://www.m-mediagroup.com/news/2220
    ၁၆ ၊ ၄ ၊ ၂၀၁၂
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်အစိုးရ အသိအမှတ်ပြု မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ် ဘာသာရေးအဖွဲ့ကြီးမှ အဆိုပါ ကံမကိစ္စအပြင် ၂၀၁၂ ဧပြီလ ၁၂ရက်နေ့ကဖြစ်ပွားခဲ့သော ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန့်မြို့၊ စဥ့်ငူရပ်၊ ဆိုင်းတောင် အစ္စလာမ့်ဝတ်ကျောင်းတော် ဖျက်ဆီးခံရခြင်း ကိစ္စနှစ်ခုစလုံးကို အတည်ပြုခဲ့ပြီး ၂၀၁၂ ဧပြီလ ၁၆ရက်နေ့ နေ့စွဲ၊ စာအမှတ် မအဘ/စီမံ/၀၀၁-၄/၂၀၁၂(အစ ၅)ဖြင့် အရေးယူဆောင်ရွက်ပေးပါရန် မေတ္တာရပ်ခံစာကို နိုင်ငံတော် သမ္မတကြီး ထံသို့ တရားဝင် ပေးပို့ခဲ့ကြောင်း သိရပါသည်။
    http://www.m-mediagroup.com/news/2278
    ၂၀၊ ၄ ၊ ၂၀၁၂
    ဖားကန့်မြို့နယ် ဆိုင်းတောင်ကျေးရွာ နှင့် ကံမမြို့များဖြစ်ပွားခဲ့သော လူနည်းစု မြန်မာမွတ်စလင်များ၏ ဗလီနှင့် အိုးအိမ်   စည်းစိမ်များ ဖျက်စီးခံရခြင်းများကို ရဟန်းတော်များအဖွဲ့ချုပ်  ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်လိုက်သည်။
    http://goo.gl/kwDxM
    ၂၁၊ ၄၊ ၂၀၁၂
    မောင်တောမြို့နယ် အတွင်း အစ္စလာမ်ဘာသာဝင်များ၏ ခရီးသွားလာခွင့်ကို န၀တ စစ်အစိုးရ တက်လာသည့် ၁၉၈၈ ခုနှစ်စပြီး ကန့်သတ်မူများ ပြုလုပ်ထားခဲ့ရာမှ နှစ်ပေါင်း ၂၀ ကျော်အတွင်း ပထမဆုံး အကြိမ် မောင်တောမြို့နယ်အတွင်း လွတ်လပ်စွာ သွားလာခွင့်ပြုလိုက်ခြင်း ဖြစ်သည်။ အဆိုပါခွင့်ပြုမိန့်ကို ဧပြီလ ၂၁ ရက်နေ့ နံနက် ၁၀ နာရီခန့်က နစကမှူး ဗိုလ်မှူးကြီး အောင်ကြီးက အစ္စလာမ် ဘာသာဝင် လူကြီးများခေါ်ယူပြောဆိုခဲ့ခြင်းဖြစ်သည်။ ယခင် အနှစ် ၂၀ ကျော်အတွင်း ရွာတရွာမှ တရွာသွားလျှင် ခွင်ပြုမိန့်ရှိမှသွားခွင့်ရတာဖြစ်ပါသည်။  ယခုကြေငြာချက်မှာ မြို့နယ်ကျော်သွားလျှင်မရကြောင်း သတင်းများမှာ ဖော်ပြခဲ့ပါသည်။
    http://www.m-mediagroup.com/news/2327
    ၂၃၊ ၄၊ ၂၀၁၂
    ဧပြီ ၁၂ ရက်နေ့ တွင် ကချင်ပြည်နယ် ၊ဖားကန့် မြို့နယ် ၊ ဆိုင်းတောင် ကျေးရွာတွင် ဗလီဖြိုချခံရခြင်း၊ ဧပြီ ၁၃ရက်နေ့မှစ၍ မကွေးတိုင်းသရက်ခရိုင်၊ ကမ္မမြို့နယ် ရှိ ဗလီနှင့် အစ္စလာမ် ဘာသာဝင်များ၏ အိုးအိမ်ပိုင်ဆိုင်မှုများ ဖြိုချ ဖျက်ဆီး ခံရသော ဖြစ်ရပ် များနှင့်ပတ်သက်ပြီး  နိုင်ငံရေးအကျဉ်းသား ဟောင်များက စာအမှတ် ၇/၂၀၁၂ ဧပြီ ၂၃ရက်နေ့စွဲဖြင့် နိုင်ငံတော် စုံစမ်းရေး ကော်မရှင် ဖွဲ့၍ အချိန်နှင့် တပြေးညီ ဖေါ်ထုတ် အရေးယူပေးရန်  သဘောထား ကြေငြာချက် ထုတ်ပြန်ခဲ့ပါသည်။
    http://goo.gl/tPXRB
    ၂၄၊ ၄ ၊ ၂၀၁၂
    မန္တလေးတိုင်းစဥ့်ကိုင်မြို့နယ်တဘက်ဆွဲကျေးရွာနေ မြန်မာတိုင်းရင်းသားအစ္စလာမ်ဘာသာ ၀င်များမှာ နိုင်ငံသား စိစစ်ရေးကဒ်ပြားများရရှိရန် အခက်အခဲဖြစ်နေကြောင်း မြစ်မခ သတင်းတပုဒ်တွင် ဖော်ပြခဲ့တာကို တွေ့ရပါသည်။
    http://www.m-mediagroup.com/news/2311
    ၂၈၊၄၊ ၂၀၁၂
    ကြာနီကန်ကဘာရ်စတာန်ဥယျာဉ်သာယာရေးကော်မတီမှ ဦးဆောင်ပြီး မန္တလေးမြို့ရှိ သာရေးနာရေးအဖွဲ့များနှင့် လူငယ်များစုပေါင်းလုပ်အားပေးပြီး ၀ိုင်းဝန်းသန့်ရှင်းမှုကို ၂၈.၄.၂၀၁၂-စနေနေ့မှာ ပြုလုပ်ခဲ့ကြပါတယ်။
    http://www.m-mediagroup.com/news/2315
    မေလ
    ၆ ၊ ၅ ၊ ၂၀၁၂
    မြန်မာပြည်တွင်း၌ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းများကို ကိုယ်ကျိုးစွန့် ဆောင်ရွက်နေသူများအား ၎င်းတို့၏လုပ်ရပ်များအတွက် ပြည်သူ့ဂုဏ်ရည် (Citizen of Burma Award) ဆု ပဏာမစာရင်းတွင် ရန်ကုန်မြို့ မှ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးရုံမှာ  ပြည်သူဂုဏ်ရည်ဆု စတင်ချီးမြှင့်ခဲ့သည့် ၂၀၁၀ ပြည့်နှစ် မှ ယခု ၂၀၁၂ အထိ (၃) ကြိမ်ဆက်တိုက် စာရင်းတင်သွင်းခြင်းခံရပါသည်။
    http://www.m-mediagroup.com/news/2363
    ၁၃၊ ၅၊ ၂၀၁၂
    ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံလုံးဆိုင်ရာ မြန်မာမွတ်စလင်မ်လူငယ်များ(ဘာသာရေး)အဖွဲ့  မ.မ.လဌာနချုပ်မှ ကျင်းပသော န၀မအကြိမ်မြောက်စုပေါင်းသွေးလှူဒါန်းပွဲကို ရန်ကုန်ဆေးရုံကြီး သွေးဌာနတွင် ၁၃.၅.၂၀၁၂ တနင်္ဂနွေနေ့  ကျင်းပခဲ့ပြိး  သွေးလှူဒါန်းပွဲတွင် မ.မ.လ အဖွဲ့ဝင်များ  တပ်မတော်သားများ  ၊ သံဃာတော်များနှင့် မွတ်စလင်မ်လူငယ်များ စုစုပေါင်း(၃၀၀)ရာကျော် လာရောက် လှူဒါန်းကြပါသည်။
    http://www.m-mediagroup.com/news/2415
    ၁၉ ၊ ၅ ၊၂၀၁၂
    ၁၄၈၆ နှစ်မြောက် တမန်တော်မြတ်နေ့ အထိမ်းအမှတ် အခမ်းအနား တစ်ရပ်ကို မေလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံ ဆရာဝန် အသင်းခန်းမတွင်၁၄၈၆ နှစ်မြောက် တမန်တော်နေ့ အခမ်းအနား ကိုကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါနေ့ ညပိုင်းတွေ တမန်တော်နေ့ အထိမ်းအမှတ်ဂုဏ်ပြုအခမ်းအနားကို ရန်ကုန်မြို့ ယုဇနဂါးဒင်း ဟိုတယ်မှာကျင်းပရာ သာသနာရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး သူရ ဦးမြင့်မောင်၊ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချူပ် ဦးမြင့်ဆွေတို့ တက်ရောက်ခဲ့ကြသည်။  အဆိုပါပွဲတွင်  ဧပြီ ၁၀ ရက်တွင် ရထားတိုက်မည့် အန္တရာယ်မှ မြေးအဘွား နှစ်ဦးအား အသက်စွန့်ကယ်တင်ခဲ့သည် မြန်မာ့ မီးရထားမှ လက်ထောက် စက်ခေါင်းမှူး-၁ ဦးဌေးနိုင်အား ရန်ကုန်တိုင်းဝန်ကြီးချူပ်က ဂုဏ်ပြုဆုချီးမြှင့်ပေးခဲ့သည်။
    http://www.m-mediagroup.com/news/2505
    http://www.m-mediagroup.com/news/2510
    ၂၀၊ ၅ ၊ ၂၀၁၂
    မွန်ပြည်နယ် ပေါင်မြို့နယ် အတွင်းရှိ မြန်မာမွတ်စလင်မ်များ နိုင်ငံသား စိစစ်ရေးကဒ်ရရှိရေးအတွက် ကူညီဆောင်ရွက်ပေးရေးကော်မတီ ကို ဖွဲစည်းခဲ့သည်။
    http://www.m-mediagroup.com/news/2490
    ၂၁၊ ၅၊ ၂၀၁၂
    University Muslim Fellowship (Mandalay) – UMF ၊ တက္ကသိုလ် မွတ်စလင်မ် မိတ်သဟာ အသင်း (မန္တလေး) နှင့် နိဗ္ဗာန်ဆော် အဖွဲ့ တို့ ပူးပေါင်းပြီး မန္တလေး အရိုးအထူးကု ဆေးရုံ ကြီးကို နေ့စဉ် သောက်သုံးရေသန့်များ သွားရောက်လှူဒါန်းလျှက်ရှိကြောင်းသိရပါသည်။
    http://www.m-mediagroup.com/news/2494
    ၂၄၊ ၅ ၊ ၂၀၁၂
    ရန်ကုန်တောင်ပိုင်းခရိုင်၊ခရမ်းမြို့နယ်၊အမှတ် (၂)ရပ်ကွက် မင်းလမ်းရှိ အစ္စလာမ်ဘာသာဝင်တို့ရဲ့ သာသနာပိုင်မြေဟု သတ်မှတ်ထားသောနေရာ တွင်  ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးမှ ရုံးခန်းတည်ဆောက်မှုပြုလုပ်နေကြောင်း ၊ ဒေသခံ မြန်မာမွတ်စလင်မ်များမှ သက်ဆိုင်ရာဌာနဆိုင်ရာ အသီးသီးကို တိုင်ကြားထားကြောင်း မြစ်မခ သတင်းတပုဒ်မှာ ဖော်ပြပါသည်။
    http://www.m-mediagroup.com/news/2522
    ၂၆ ၊ ၅ ၊ ၂၀၁၂
    မကွေးတိုင်းဒေသကြီး ပန်းတောင်းမြို့နယ်ရှိ အနောက်ဗလီကို အမည်မသိ လူအချို့က ညစဉ် ၈ နာရီနှင့် ၁၀ နာရီဝန်းကျင်ခန့်တွင် ခဲများဖြင့် ပစ်ပေါက်နှောင့်ယှက်ဖျက်ဆီးမှုများပြုလုပ်ကြောင်း ယခုကဲ့သို့း မပြုမီ သီတင်းနှစ်ပတ် ခန့်က အစ္စလာမ်ဆန့်ကျင်ရေး ကာတွန်းပုံများ၊ လက်ကမ်းစာစောင်များ၊ တရားခွေများ ဖြန့်ဝေခဲ့ကြသည်။
    http://www.m-mediagroup.com/news/2900
    ၂၇.၅.၂၀၁၂
    မော်လမြိုင်မြို့လုံးဆိုင်ရာ တမန်တော်နေ့ အခမ်းအနားကြီးကို (27.5.2012)နေ့တွင် မော်လမြိုင်မြို့ ဆရာဝန်အသင်းခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်းသိရှိရပါသည်။
    http://www.m-mediagroup.com/news/2961
    ၂၉ ၊ ၅၊၂၀၁၂
    ၂၀၁၂ ခုနှစ် ဇွန်လမှ စတင်ဖြစ်ပွားစေမည့် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်များစွာကို အကြမ်းဖက်သတ်ဖြတ်ပြီး နေရပ်စွန့်ခွါစေသည့် ကြောက်မက်ဖွယ်ရာ အနိဌာရုံ ပဋိပက္ခမီးကြီးရဲ့ အစ (၂၈၊၅ ၊၂၀၁၂) တွင် ရခိုင်ပြည်နယ် ရမ်းဗြဲမြို့နယ် သပြေချောင် ကျေးရွာသူ မသီတာထွေး မုဒိမ်းကျင့် သတ်ဖြတ်ခံရသည့် သတင်းကို ရခိုင်သတင်းဌာန နိရဉ္စရာ သတင်းဌာနမှ ဝေးလံခေါင်းပါးပြိး ဆက်သွယ်ရေးခက်ခဲ့သည့် ရခိုင်ပြည်နယ်လို နေရာမျိုးတွင်ဖြစ်ပွားခဲ့သည့်ရာဇဝတ်မှု့ဖြစ်ပွားပြီး နာရိအပိုင်းအတွင်း ဓါတ်ပုံနှင့်တကွ ဖြန့်ဝေခဲ့သည်။
    နိရဉ္စရာ သတင်းဌာနမှ အနေဖြင့် သတင်း ၂ ပုဒ်တင်ရာတွင် ရာဇ၀တ်ကျူးလွန်သည်ဟု စွပ်စွဲခံရသူများအား ကိုးကွယ်ရာဘာသာဖြင့်ယှဉ်တွဲဖော်ပြခဲ့ပြီး Racial Profiling (လူမျိုးဘာသာပုံသွင်းလုံ့ ဆော်ခြင်း) ကျင့်ဝတ်မဲ့ လှုံဆော်သည့်ပုံစံဖြင့် အင်တာနက်စာမျက်နှာတွင် သတင်းတင်ခဲ့သည်။ အဆိုပါလုပ်ရက်နှင့် M-Media မှ ချက်ခြင်း ကန့်ကွက်စာပေးပို့ခဲ့ပြိး ယင်းကဲ့သို့ လူမျိုးရေး ပဋိပက္ခမဖြစ်စေရန် ကျင့်ဝတ်မဲ့ လုပ်ဆောင်မှုများရပ်တန့်ရန် ထည့်သွင်းအကြောင်းကြားခဲ့ခြင်းဖြစ်သည်။
    http://www.m-mediagroup.com/news/3067
  • သဏ္ဍာန်တစ်ခု၏ နောက်ကွယ် (ကဗျာ/Blog ကဏ္ဍ)
    ရေးသူ-သော်ဇင်ထွန်း
    11
    ကာတွန်း-လဂွန်းအိမ်
    တရားမျှတလှပါတယ်ဆိုတဲ့  …….
    မီဒီယာတွေရဲ့  စကားသံတွေအောက်မှာ ….
    ကလေးငယ်တွေရဲ့ ငိုရှိုက်သံတွေ ကို မြေမြှုပ်ထားတယ်….. ။
    အဆင့်အတန်းကြီးကျယ်တဲ့လူတွေရဲ့  …….
    အထက်တန်းကျကျစကားလုံးတွေရဲ့ အောက်မှာ
    အောက်ခြေလူတန်းစားတွေဘ၀ ပျက်ခဲ့ရတယ် …. ။
    မေတ္တာတရား ကိုပါးစပ် က မချတမ်းပြောတတ်တဲ့လူက …
    လမ်းဘေးက ကလေးငယ် တစ်ယောက်ကိုစောင့်ကန်ရင်းပြောတယ်…
    ”တောက် … ခွေးလောက်မှအဆင့်အတန်းမရှိတဲ့ဟာတွေ ” တဲ့ ….. ။
    လက်ကပုတီးကိုမချ တဲ့ ……
    အင်မတန်စာရိတ္တမှန်ပါတယ်ဆိုတဲ့ … ဘုရားလူကြီးရဲ့  လျှို့ ဝှက်ချက် ကို ….
    အိမ်ဖော် ကောင်မလေး က ထိန်းသိမ်းထားတယ် ….. ။
    မိန်းမရွှင်ဆိုမုန်းပါသတဲ့ …..
    ပြည့်တန်ဆာ ဆိုတဲ့ စကားလုံးကြားရင် တံတွေးထွေးတတ်သူ ရဲ့  အမှောင် သမိုင်းကို ….
    ဇိမ်ခန်းထဲမှာ ကျောက်စာ ရေးထိုးထားတယ် …. ။
    အမျိုး ၊ ဘာသာ ၊ သာသနာ စောင့်ရှောက်မယ် …..
    နိုင်ငံအတွက် အသက်ပေးမယ် ဆိုတဲ့သူက …..
    မိန်းမ ကိုဘုရားတင်ပြီး … အမေအို ကို ပစ်ထားတယ် …. ။
    မြန်မာ့ ယဉ်ကျေးမှု ကို ထိန်းသိမ်းပါ …..
    ရိုးရာ ကို စောင့်ရှောက်ပါလို့ ဆော်သြတတ်လွန်းတဲ့လူ ….
    Like လုပ်ထားတော့ 18+ page တွေချည်း …. ။
    အတွေးအခေါ်ကနိုင်ငံတကာစံချိန်မှီနေပြီတဲ့ ……..
    သူ့ ကိုယ်သူ အမြင်ကျယ်လှပါပြီဆိုတဲ့လူရဲ့ ဆောင်းပါး ခေါင်းစဉ်က ….
    ” ငါ နဲ့ မတူ ငါ့ရန်သူ ” တဲ့ …… ။
    နိုင်ငံကြီးသားပီသလှပါတယ်ဆိုတဲ့လူက …..
    အမှိုက်ကို ဒီအတိုင်းပစ်ချရင်းပြောသွားတယ် ….
    ဟောဟိုမှာ မျက်နှာဖုံးစွပ် ထားတဲ့လူတစ်စု ……
    ချဲဝိုင်းတွေကိုလက်ဖမ်းရင်း ………
    သော်ဇင်ထွန်း
  • ကျောင်းသားလှုပ်ရှားမှု့ သမိုင်းရေးသူ ကိုအောင်ထွန်း နှင့် လျှပ်တပြက်
    ဒီဇင်ဘာ ၃၀၊ ၂၀၁၂
    M-Media
    ဆောင်းနှင်းမှုံ
    မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ရေးသားခဲ့သူ ကိုအောင်ထွန်းနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ် ပညာရေးကွန်ရက် ဈေးရောင်းပွဲတော်တွင် တွေ့ ဆုံမေးမြန်းချက်
    ဒီဇင်ဘာ (၂၇၊ ၂၈) ရက်နေ့ က အမျိုးသားဒီမိုကရေအဖွဲ့ ချုပ် ပညာရေး ကွန်ရက် ၂နှစ်ပြည့် အခမဲ့ပညာဒါနကျောင်းများ ရန်ပုံငွေ ရှာဖွေရေးဂီတပွဲတော် ဖွင့်ပွဲ အခမ်းအနားကို နေ့လည် ၁နာရီက ပြည်သူ့ ဥယျာဉ်တွင် ကျင်းပရာအဖွဲ့ ချုပ် နာယက ဦးတင်ဦး၊ ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်ဖွင့်လှစ်ခဲ့ကြောင်း သတင်းရရှိသည်။
    ထိုရန်ပုံငွေ ဈေးရောင်းပွဲတော်တွင် ကွမ်းခြံကုန်း၊ ဒေးသရဲ၊ လှည်းကူး၊ ရွှေပြည်သာ၊ ထန်းတပင် စသည့် မြို့ အသီးသီးအပြင် AGD Bank ၊ နီလာဒံပေါက် ၊ NLD ပညာရေးကွန်ရက် မြန်မာနိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု အေဂျင်စီ ၊ နိုင်/ကျဉ်း စသည် တို့ကပါဝင်ဆင်နွဲခဲ့ကြောင်း သတင်းရရှိသည်။
    Myanmar Student's Movement History
    ထိုပွဲတော်တွင် နိုင်ငံရေးအကျဉ်းသားဟောင်းများ ရန်ပုံငွေ အတွက် နိုင်/ကျဉ်းသားဟောင်းများ ရေးသားသော စာအုပ်များ၊   နိုင်/ကျဉ်းများ ပြန်လွှတ်ပေးရေး ၊ ပြက္ခဒိန်များ ၊ နိုင်ငံရေးအကျဉ်းသားများ နေထိုင်ခဲ့ရသော အကျဉ်းထောင်ပုံရိပ်များအား ခင်းကျင်းပြသထားကြောင်း သတင်းရရှိသည်။
    ထိုပွဲ၌ မြန်မာနိုင်ငံကျောင်းသား လှုပ်ရှားမှု သမိုင်းကို ရေးသားခဲ့သူ ကိုအောင်ထွန်းနှင့် M-Media မှ လျှပ်တပြတ် တွေ့ဆုံ မေးမြန်းခွင့်ရခဲ့ရာ “ကျွန်တော်ဒီစာအုပ်ကို ၁၉၉၆ ခုနှစ် ဧပြီလ ၄ရက်နေ့မှာ စတင်ရေးသားခဲ့ပြီး ၁၉၉၇ခုနှစ် ဇန်န၀ါရီလ ၂၀ရက်နေ့က ရန်ကုန်မှာ အုပ်ရေ (၅၀) ဖြန့်ဝေခဲ့ပါတယ်။ အဲဒီကိစ္စနှင့် အမျိုးသား ထောက်လှမ်းရေးအဖွဲ့က ခေါ်ယူစစ်ဆေးပြီး စာအုပ်ရေးတဲ့ ကျွန်တော်ရယ်၊ စာအုပ်ဖတ်တဲ့ ဦးလှရွှေ ၊ ဦးသာပန်း အပါအ၀င်လူ (၂၃ ) ယောက်ထောင်ကျပါတယ်။ ဆရာကြီးဒဂုန်တာရာ ၊ ဆရာမြသန်းတင့် အပါအ၀င် လူ၁၀၀ လောက် စစ်ဆေးခံခဲ့ရပါတယ်။ ပုံနိုပ်ထုတ်ဝေသူ ကိုထွန်းလှ (မြန်မာမွတ်စလင် တစ်ဦးဖြစ်) လည်း အဲဒီစာအုပ်ပုံနှိပ်လို့ ထောင်ကျခဲ့ပါတယ်” ဟု M-Media သို့ ပြောကြားခဲ့သည်။
    ဆက်လက်ပြီး “ကျွန်တော့်ကို ၁၉၉၈ ခုနှစ် ဇန်န၀ါရီလ ၁၇ ရက်နေ့ မှာခေါ်ယူစစ်ဆေးပြီး ပုဒ်မ (၅)ည ၊ ၁၇(၁) ၊ ပုံနှိပ် ၁၇ (၂၀) တို့ဖြင့် ထောင်၁၇ နှစ်ချခဲ့ကြပါတယ်။ စာအုပ်ဖတ်တဲ့သူတွေကိုတော့ ထောင် ၇ နှစ်စီ ချခဲ့ပါတယ်။ ၂၀၀၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်နေ့ က သာယာဝတီထောင်မှ လွတ်မြောက်ခဲ့ပါတယ်။ ကျွန်တော်နေခဲ့ရတဲ့ထောင်က ရန်ကုန်အင်းစိန်ထောင်ရယ် ၊ သာယာဝတီထောင်ရယ် အဲဒီ၂ခုမှာပါ။ ၁၉၉၈ ခုနှစ်တုန်းက စာအုပ်အများကြီးရေးခဲ့ပါတယ်။ ရေးလက်စ မပြီးသေးတဲ့ အောင်ဆန်းစုကြည် အတ္ထုပတ္တိ စာအုပ်၊ လှု့ အခွင့်အရေး (ဘာသာပြန်) စာအုပ် ၊ မြန်မာနိုင်ငံသမိုင်း စာအုပ်တွေကို အဲဒီတုန်းက ထောက်လှမ်းရေးက သိမ်းဆည်းသွားခဲ့ပါတယ်” ဟု ၎င်းက M-Media သို့ ပြောကြားခဲ့ပါသည်။
    “အခုလက်ရှိ နိုင်ငံရေး အခြေအနေနဲ့ ပတ်သက်ပြီးပြောရရင် အကောင်းဘက်ကိုဦးတည်နေပါတယ် အဲဒီကြားထဲမှာတော့ အခက်အခဲတွေရှိတယ် အသွင်ကူးပြောင်းရေး ကာလမှာ ဘယ်နိုင်ငံမဆို ပြဿနာပေါင်းစုံ ရင်ဆိုင်ရစမြဲပဲ ဒါတွေကို တဖြေးဖြေး ဖြေရှင်းကျော်ဖြတ်ရင်းနဲ့ အဆင်ပြေချောမွတ်တဲ့ ဆီကိုရောက်မှာပါ” ဟု ကိုအောင်ထွန်းမှ M-Media သို့ ပြောကြားခဲ့သည်။
    ဆက်လက်ပြီး ၎င်းက “ကျွန်တော်ဘယ် အခန်းကဏ္ဍမှာ ပါဝင်လှုပ်ရှားဦးမလဲဆိုရင်တော့ စာအုပ်တွေအများကြီး ထပ်ရေးဦးမယ်။ နောက်ပြီး နိုင်ငံရေး အကျဉ်းသားဟောင်းများ ပြန်လည်လွတ်မြောက်ရေး ၊ ပြည်တွင်းငြိမ်းချမ်းရေး ၊ အမျိုးသားပြန်လည်သင့်မြတ်ရေး၊ ဒီမိုကရေစီရေး၊ လူ့အခွင့်အရေး အဲလိုအရေးကိစ္စတွေမှာ ပါဝင်လှုပ်ရှားမယ်။ အဲလို လှုပ်ရှားဆောင်ရွက်တဲ့ အခါမှာ အပြင်အဖွဲ့အစည်းနဲ့ပဲဖြစ်ဖြစ် ၊ တရားဝင် နိုင်ငံရေးပါတီနဲ့ပဲဖြစ်ဖြစ် ပူးပေါင်းဆောင်ရွက်သွားဖို့ အစီအစဉ်ရှိပါတယ်” ဟု M-Media သို့ပြောကြားခဲ့သည်။
    ကိုအောင်ထွန်းကို ၁၅-၁၂-၁၉၆၃ ခုနှစ်တွင် နား၊နှာခေါင်းဆေးရုံ (ယခင် အမေရိကန်ဆေးရုံ)၊အလံပြ ဘုရားလမ်း၌ မွေးဖွားခဲ့သည်။ ၆နှစ်သား အရွယ်ကပင် စာအုပ်များနှင့် စတင်ထိတွေ့ခဲ့သူ ဖြစ်ကြောင်း သိရသည်။အ.ထ.က(၁)ဒဂုံတွင် ဒသမတန်း အောင်မြင်ခဲ့ပြီး လုပ်သားပြည်သူ့နေ့စဉ် သတင်းစာတိုက်တွင် လုပ်အားပေးခဲ့သည်။ ၁၉၈၀ ခုနှစ်တွင် အမှတ်(၁) ဒေသကောလိပ်တွင် သိပ္ပံ (သချာင်္တွဲ)ဖြင့် တက်ရောက်ခဲ့သည်။ဒေသကောလိပ်၊တက္ကသိုလ် အသီးသီးမှ ရဲဘော်လူငယ် ဖွဲ့စည်း၍ ကြေညာချက်၊ လက်ကမ်းစာစောင်များ ဖြန့်၍ ဗကသ၊တကသ အစုများ ဖွဲ့ခြင်း၊ကဗျာ စာအုပ်များ ထုတ်ဝေခဲ့သည်။
    (၁၉၉၆-၉၈) ခုနှစ်တွင် အောင်ထွန်း စာကြည့်တိုက်ကို ပြန်ည် ထူထောင် ခဲ့သည်။၁၉၈၇ခုနှစ် စက်တင်ဘာ(၅)ရက် ငွေစက္ကူလှုပ်ရှားမှု့တွင် ပါဝင်ခဲ့သည်။ (၁၉၈၈-၉၀) ခုနှစ်ထိ ကျောင်းသားသမဂ္ဂ၊ ဒီမိုကရက်တစ် ကျောင်းသား လူငယ် အင်အားစု၊ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသား သမဂ္ဂ အဖွဲ့ချုပ်၊(အောက်ဗမာပြည်) ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ အဖွဲ့ချုပ်(ဗမာနိုင်ငံ)၊အမျိုးသား ဒီမိုကရေစီ တော်လှန်ရေး တပ်ပေါင်းစု (NDRF) စသည့် နိုင်ငံရေး လှုပ်ရှားမူ အဆင့်ဆင့် တွင် ဦးဆောင် ပါဝင် ဖွဲ့စည်း လှုပ်ရှား ခဲ့သည်။ထောင်တွင်း နေထိုင် စဉ်ကာလများတွင်လည်း စာအုပ်ပေါင်းများစွာ ရေးသားခဲ့ပြီး နိုင်ငံရေး သင်တန်း၊ စာဖတ်ဝိုင်း များစွာ ပြုလုပ် ဦးဆောင် ကျင်းပ ခဲ့သူ ဖြစ်ကြောင်း သိရသည်။
    ယခုလက်ရှိ ၂၀၁၂ခုနှစ်မှာ M.M.G အုပ်စုတွင်ပါဝင်ပြီး သမဂ္ဂအဆာက်အအုံ ဖြစ်မြောက်ရေးကော်မတီတွင် ပါဝင်ခဲ့သည်။ဆက်လက်ပြီး “ကျောင်းသားသမဂ္ဂ သမိုင်းစာပေအုပ်စု” ကို တည်ထောင်ခဲ့ကြောင်းသိရသည်။ဝါရင့်နိုင်ငံရေးလုပ်ဖော်ကိုင်ဖက်များ ၊ မျိုးဆက်သစ်လူငယ်များနှင့် ပါဝင်လှုပ်ရှားလျှက်ရှိသည်။
    ထုတ်ဝေပြီးသော စာအုပ်များမှာ –
    ၁။ မြန်မာနိုင်ငံကျောင်းသားလှုပ်ရှားမှုသမိုင်း (၁၉၀၃-၁၉၆၂)
    ၂။ ပန်းဒေါင်းပျို တို့၏ ကြိုးကြာ တွန်သံများ     တို့ဖြစ်ကြောင်းသိရသည်။
  • မွတ်စလင် ဒုက္ခသည်များအတွက် တပ်ရင်းမှူးအမိန့်ဖြင့် ရိက္ခာဝယ်သည်ကို ရခိုင်အစွန်းရောက်များ တားဆီး
    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂
    M-Media
    ၂၀၁၂ ခုနှစ် အောက်တိုဘာလအတွင်း ရခိုင် အစွန်းရောက်သမားများ၏  အကြမ်းဖက်မှု့လုပ်ရပ်များ ဖြစ်ပွားပြီးနောက် ကျောက်ဖြူမြို့ပေါ်တွင် နေထိုင်သော ကမန်လူမျိုး အများစုဖြစ်သော မွတ်စလင်မ်များအား ကျောက်ဖြူမြို့ ဆားကွင်းများသို့ ခြိမ်းခြောက်ကာ အတင်း အဓမ္မရွှေ့ပြောင်းစေခဲ့ပါသည်။ ကျောက်ဖြူမြို့မှ မွတ်စလင်မ်အများစု နေထိုင်သော ပိုက်စိတ်ရွာနှင့် အခြားရွာများမှာ ရွာလုံးကျွတ် မီးရှို့ခံရပြီး အဆိုပါရွာများမှ အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်များမှာ ရေလမ်းခရီးဖြင့် စစ်တွေမြို့ရှိ ဒုက္ခသည်စခန်းများကို လူဦးရေသောင်းနှင့်ချီပြီး ထွက်ပြေးခဲ့ရပါသည်။
    ဆားကွင်းသို့ ရွှေ့ပြောင်းခံရသူအများစုမှာ ကျောက်ဖြူမြို့ပေါ်တွင် ရခိုင်အိမ်များနှင့် ရောနှောနေသည့် အတွက် ရခိုင်အကြမ်းဖက်များမှာ ၄င်းတို့ ရခိုင်အိမ်များပါ မီးလောင်မည် ဆိုးသောကြောင့် မွတ်စလင်မ်များအား အကြမ်းဖက်ပြီး အတင်းအဓမ္မ နေအိမ်များမှ ဆားကွင်းသို့  ရွှေ့ပြောင်းစေခဲ့ခြင်းဖြစ်သည်။ အဆိုပါရွှေ့ပြောင်းစဉ်အတွင်း လုံထိန်းနှင့် သက်ဆိုင်ရာ လုံခြုံရေးများမှာ လုံလောက်စွာ ကာကွယ်မပေးသည့် အတွက် မွတ်စလင်မ်များ သေဆုံး ဒဏ်ရာရမှု့များဖြစ်ပေါ်ခဲ့သည်။
    ဆားကွင်းများသို့ အကြမ်းဖက်ပြီးရွှေပြောင်းစေခဲ့သော မွတ်စလင်မ်များအား စားရေ ရိက္ခာဖြတ်တောက်ထားပြီး ကုလသမဂနှင့် ကမ္ဘာစားနပ်ရိက္ခာအဖွဲ့များ စစ်တပ်မှ တဆင့် ပေးပို့သည့် များကို  မှီခိုပြီး အသက်ဆက်နေခဲ့ရကြောင်းသိရသည်။
    Kyout Phyu
    ဓါတ်ပုံ Kyaukphyu Social network group
    ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၂၇ ရက်နေ့ နေ့လည်ပိုင်းတွင် ဆားကွင်းဒုက္ခသည် စခန်းကို လုံခြုံရေးပေးနေသည့် စစ်တပ်မှ ရဲဘော်တချို့လိုက်ပါပြိး ဒုက္ခသည် မွတ်စလင်မ်များမှာ ကျောက်ဖြူစည်ပင်သာယာဈေးသို့ ရိက္ခာဝယ်ယူရန်သွားခဲ့သည်။ ဈေးသို့ရောက်သည်နှင့် ရခိုင်လူမျိုးအများစုပါဝင်တဲ့ ရဲတပ်ဖွဲ့ဝင်များနှင့် ရခိုင် အစွန်းရောက်များရောက်လာပြီး ဈေးအတွင်းသို့ ပေးမဝင်ကြောင်း၊ မွတ်စလင်မ်များကို ရိက္ခာ မရောင်းပေးနိုင်ကြောင်း ပြောပါတယ်။
    ဒီအကြောင်းနဲ့ ပတ်သက်ပြီး ကျောက်ဖြူမြို့မှ မွတ်စလင်ဒုက္ခသည်တစ်ဦး မှ ဖုန်းဆက်ပြီး အကြောင်းစုံကိုပြောပြရာတွင် ကျောက်ဖြူမြို့နယ် ဒုက္ခသည်စခန်တွင် လုံခြုံရေး ယူပေးထားသော စစ်တပ်မှ ရဲဘော်အချို့လိုက်ပါလျှက်.ကျောက်ဖြူဈေးသို့ ရိက္ခာပြတ်နေ၍ ဈေးဝယ်ထွက်ရာ ဈေးသို့ရောက်သော် ရခိုင်ရဲများဝိုင်းလာပြီး.. “ဘာကြောင့် ဒီကုလားတွေကိုခေါ်လာတာလဲ.. ဒီကောင်တွေပြဿနာရှာမယ့် ကောင်တွေ ဒီကောင်တွေကို ငါတို့ဘယ်သူမှဈေးမရောင်းဘူး” ဟုဆိုရာ စစ်တပ်ကရဲဘော်က “ကျုပ်တို့ကို တပ်ရင်းမှူးခိုင်းလို့ လာတာဖြစ်ကြောင်း” ပြောနေချိန် ရခိုင် လူအုပ်စုကြီးက ၀ိုင်းရိုက်ရန် ၀ိုင်းရံလာသဖြင့် စစ်တပ်လုံခြုံရေးဖြင့်  ဒုက္ခသည်စခန်းကိုပြန်လာခဲ့ရကြောင်း။ ဒုက္ခသည်စခန်းတွင် ပိုက်ဆိပ်ရွာမှ ဒုက္ခသည် ၂၀ကျော်လည်းရောက်နေကြောင်း၊ အများစုကလူငယ်များဖြစ်ကြောင်း၊ တချို့ပိုက်ဆိပ်ရွာသားများက မိဘနှင့်အဆက်သွယ်ရှိသလို၊ တချို့က မိဘများနှင့်အဆက်သွယ်ပြတ်နေကြောင်း။ ခယကဥက္ကဌ ကိုယ်တိုင် ကြိုးကိုင်ပြီး မတရားညှဉ်းပန်းနေကြောင်း၊ ယခင်က ဗိုလ်မှူးကျော်မင်းလတ် ကကူညီကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ်ဆိုသူ ထွက်သွားသည့်နေ့ကစပြီးဒုက္ခမျိုးစုံပေးကြောင်း၊ ဗိုလ်မှူးကျော်မင်းလတ် ပြောင်းရွှေ့သွားပြီးနောက်နေ့တွင် ပိုက်ဆိပ်ရွာမှ  ၁၆ နှစ်အရွယ် အမျိုးသား လူငယ်တစ်ဦးနှင့် အသက် ၂၀ အရွယ် လူငယ်တစ်ဦးကို ဖမ်းဆီးသွားရာ ယနေ့ထိ ဒုက္ခသည်စခန်းသို့ပြန်လည် ရောက်ရှိလာခြင်း မရှိကြောင်း၊ ၎င်းတို့ကို တရားရုံးတင်ကာ မီးရှို့သူ၊ လူသတ်သူဟု မတရားစွပ်စွဲပြီး ရုံးတင်စစ်ဆေးကြောင်း သက်သေအဖြစ် ရခိုင် လူ(၄၀)လောက်က လာရောက် အစစ်ခံကြောင်း၊ အမှန်တကယ်အပြစ်ရှိသည့် ရခိုင်များကိုမဖမ်းဆီးကြောင်း၊ တပ်မမှူး (မည်သည့်တပ်ဆိုတာ သူတို့မသိကြောင်း) ခ.ယ.က ဥက္ကဌနှင့် ရဲမင်းကြီးကိုခေါ်လာပြီး လိုအပ်တာတင်ပြခိုင်းကြောင်း ထိုအခါ ကင်ဆာဝေဒနာရှင် မစုမြတ်စံ(၄၄) နှစ်က ရင်သားကင်ဆာ ကုသရန် ဆေးရုံတက်လိုကြောင်း၊ ခ.ယ.က က အထက်ကိုတင်ပြပေးမယ်လို့ တပ်မမှူးရှေ့တွင်ပြောကြောင်း ကျွန်မတို့သေသွားရင်တောင် အထက်က အမိန့်ကကျမှာမို့လို့လားဟုဆိုရာ ခ.ယ.က ဥက္ကဌက ကြိမ်းမောင်းပြစ်တင်ကြောင်း မကျေနပ်ရင် ပြည်နယ်အစိုးရ၊ ပြည်ထောင်စုအစိုးရကို စာတင်လိုက် ကျုပ်က ဂရုမစိုက်ကြောင်း၊ ရခိုင်အစွန်းရောက်များမှ မွတ်စလင်မ်များ အိုးအိမ်ကို ဖျက်ဆီးရာတွင်လည်း ခ.ယ.က ဥက္ကဌ ကိုယ်တိုင်က ကုလားတွေဟာ ကြိုက်တာလုပ်ဟု ဆိုကြောင်း ဒုက္ခသည်စခန်းတွင် တနင်္လာ၊ ဗုဒ္ဓဟူး၊သောကြာ တစ်ပတ်သုံးရက် ဆေးခန်း လာဖွင့်ကြောင်း၊ ဆေးမှူးများအနက် ကလေးအထူးကု ဆရာဝန် ဒေါ်လှမူ က ကျွန်မတို့ကိုဆေးခန်းသာလာ ဖွင့်ခိုင်းထားတာ ဆေးကျတော့ တစ်လုံးမှမပေးဘူးဟု ဆိုကြောင်း မွတ်စလင်မ်ဆေးဆိုင်ပိုင်ရှင် တစ်ဦးက ထွက်ပြေးလာရင်း ယူဆောင်လာသည့် ဆေးဝါးများဖြင့်သာ ကလေးလူကြီးအားလုံး ကုသမှုပြုလုပ်နေရကြောင်း လောလောဆယ် အလွန်ကို ဒုက္ခရောက်နေကြသဖြင့် ဒုက္ခသည်စခန်းရှိ လူပေါင်း (၁၅၆၀ ) ခန့်မှာ အနေဆင်းရဲ အစားဆင်းရဲဖြင့် အမျိုးစုံ ရင်ဆိုင်နေရပါသဖြင့် သက်ဆိုင်ရာသို့ အသိပေးကြပါရန် တတ်နိုင်သလောက် ၀ိုင်းဝန်းကူညီပေးကြပါရန် ပြောကြားသွားခဲ့ပါသည်။
    ရခိုင်ပြည်နယ်ရှိ ရခိုင်အကြမ်းဖက်သမားများမှာ ဒုက္ခသည်မွတ်စလင်များအား လူသားခြင်းစာနာမှု့ဖြင့် ကူညီသူ မည်သူမဆို ရခိုင်လူမျိုးပင်ဖြစ်လင့်ကစား နည်းမျိုစုံဖြင့် ဒုက္ခပေးလျှက်ရှိကြောင်းသိရှိရပါသည်။ မွတ်စလင်များကို စားရေရိက္ခာေ၇ာင်းချသဖြင့် လည်ပင်းတွင် “ကုလားကျွန်ပါ “ဟူသော စာတမ်းချိတ်ပြီး လူဘုံလည်မှာ လှည်ပတ်ပြီး အရှက်သိက္ခာချခြင်း။ သက်ကြီး ရွယ်အိုတယောက်အားလည်း ခေါင်းတွင် မိန်းမ ထဘီ ဝတ်ဆင်ပြီး လူသိက္ခာကျစေသည် နည်းလမ်းပေါင်းစုံဖြင့် ပြုကျင့်မှုများ ရှိကြောင်း သတင်းများ ဓါတ်ပုံများ ထွက်ရှိလာခဲ့ပြီးဖြစ်ပေသည်။
  • ကျမ ဘယ်တော့မှ ကုလားလို့ မခေါ်ဘူး (ဒေါ်အောင်ဆန်းစုကြည်)
    ကျမ ဘယ်တော့မှ ကုလားလို့ မခေါ်ဘူး (ဒေါ်အောင်ဆန်းစုကြည်)
    M-Media
    မေး။    ။ “ကျနော်တို့ မြန်မာနိုင်ငံကြီးမှာ လူမျိုးရေးခွဲခြားမှု့တွေ သိပ်ကို များပါတယ်။ မိဘ ဆရာ သမားများက ဒီလို လုပ်တာ မကောင်းဘူးလို့ တားမြစ်တာမျိုး အင်မတန် နည်းတဲ့အတွက် တစ်ဦးတစ်ယောက်ကို တရုတ်၊ ကုလား၊ ကရင် စသဖြင့် လူမျိုးရေးနှိမ့်ချ စော်ကားဖို့ ဘယ်သူမှ ဝန်မလေးကြတာ ယနေ့အထိ တွေ့နေရပါတယ်။ ဒေါ်အောင်ဆန်းစုကြည့်အနဖြင့် ဘယ်လို ဖြေရှင်းသွားဖို့ စိတ်ကူးထားပါသလဲ’
    ဖြေ။    ။ “အဲဒါတော်တော့ကို ဟုတ်တယ်။ ဒါ မိဘတွေ မသင်တာဘဲ။ ဒါက ပညာရေးမှာ ကျောင်းကကို သင်သွားရမှာ။ ဥပမာဆိုရင် … ကုလားပေါ့နော်။ ကျမတို့ မိတ်ဆွေတွေက ဒီလို ကုလားလို့ခေါ်တာ မကြိုက်ဘူးဆိုတာ ကျမသိတယ်။ ကျမ ဘယ်တော့မှ မခေါ်ဘူး။ ကျမက အိန္ဒိယ မျိုးနွယ်လို့ခေါ်ချင်ခေါ်မယ်။ မွတ်စလင်မ်လို့ ခေါ်ရင်ခေါ်တယ်။ ဘာသာရေးအရ ဟိန္ဒူလို့ ခေါ်ရင်ခေါ်တယ်။ ဒီ. ဘာဖြစ်လို့ သူတပါးမကြိုက်တဲ့ အသုံးအနှုန်းကို သုံးနေကြရတာလဲ။ ကိုယ်မကြိုက်တဲ့ အသုံးအနှုန်းကိုသုံးရင် ကိုယ်ဘယ်လို ထိခိုက်မလဲ ။ ကိုယ်ချင်းစာတဲ့စိတ် ရှိသင့်ပါတယ်။ အဲဒိလို ကျမကတော့ အားလုံးကို ကိုယ်ချင်းစာတဲ့ စိတ်ရှိစေချင်တယ်။
    နောက်ပြီး တစ်ပါးသူကို စော်ကားပြီး ပြောတာဟာ ကိုယ်သိက္ခာကျတယ်ဆိုတာလည်း နည်းနည်းလေးတော့ စဉ်းစားစေချင်ပါတယ်။ ဒါ သိက္ခာမဲ့တဲ့ သူတွေသာ သူများကို စော်ကားပြီးတော့ ပြောတာ။ အဲဒီလို .. မသင်တာဟာ မိဘတွေလည်း မသင်တာပါတယ်။ ဆရာ၊ ဆရာမတွေလည်းမသင်တာပါတယ်။ အဲဒီတော့ ကျမတို့ကတော့ ဒါ.. ကျောင်းသင်ရိုးညွှန်းတမ်းတွေမှာကို ထည့်ပြီးတော့ ကိုယ်နဲ့ ဘာသာရေးမတူတာ၊ လူမျိုးမတူတာ၊ အတွေးအခေါ် မတူတဲ့သူတွေကို လေးစားသင့်တယ်ဆိုတာတော့ ထည့်ပြီးသင်ရမယ်လို့ ကျမဒိအတိုင်းပဲမြင်ပါတယ်။
    နောက်ပြီးတော့ ဥပဒေအရလည်း ခွဲခြားဆက်ဆံမှု့တွေကို တားမြစ်တာလည်းရှိရမယ်။ ဒါပေမယ့် ဥပဒေချည်းနဲ့ဘဲ မပြိးဘူး။ စိတ်ကို ပြောင်းယူရမှာ။ ကျမ ခဏခဏပြောတယ် ကျမတို့ရဲ့ တော်လှန်ရေးဟာ စိတ်ဓါတ်တော်လှန်ရေးပါ။ ဒီမိုကရေစီတော်လှန်ရေးမဟုတ်ပါဘူး။ အစိုးရစနစ်တခု ပြောင်းရုံနဲ့ ကိုယ့်စိတ်ဓါတ်ကို မပြောင်းလို့ရှိရင် ဘယ်မှ ကျမတို့ ရောက်မျာ မဟုတ်ဘူး။ စိတ်ဓါတ်ပြောင်းနိုင်မှ တိုးတက်မှုရှိမှာပါ။
    မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည့် ၂၀၁၂ ခုနှစ် အောက်တိုဘာ(၂) ရက် အမေရိကန် နိုင်ငံ၊ အယ်လ်အေမှ မြန်မာများနှင့် တွေ့ဆုံနှုတ်ဆက်ပွဲ မှ ပြောကြားချက်