News @ M-Media

Blog

  • ဖွံ့ဖြိုးဆဲနိုင်ငံများမှ မဟာဘွဲ့တက်လိုသူများ အတွက် UK မှပေးတဲ့ ပညာသင်ဆု

    ဒီဇင်ဘာ ၂၇ ၊ ၂၀၁၂

    M-Media

    scholarships-sign

    မဟာဘွဲ့ တက်ရောက်မည့် သူများအတွက် ပေးအပ်သွားမည် ဖြစ်ပြီး ပညာရေး ထူးချွန်မှု၊ ငွေကြေးလိုအပ်မှု နှင့် ဖွံ့ဖြိုးတိုးတက်မှုများအတွက် အလားအလာရှိမှုတို့ အပေါ်တွင် မူတည်ပြီး ချီးမြှင့်သွားမည် ဖြစ်ပါသည်။  အချက်အလက်များ နှင့် ကိုက်ညီသော ကျောင်းသားများ အနေနှင့် ကျောင်းဝင်ခွင့် လျှောက်လွှာများကို ၂၀၁၃ မေလ ၃၁ ရက်နေ့အထိ ပေးပို့နိုင်ပါသည်။

    လေ့လာနိုင်မည့် ဘာသာရပ်— တက္ကသိုလ်မှ offer ပေးသည့် မည်သည့် ဘာသာရပ်မဆို

    တက်ရောက်နိုင်မည့် အဆင့်— မဟာဘွဲ့

    ပညာသင်ဆု ချီးမြှင့်မည့် အဖွဲ့အစည်း— University of Westminster

    ပညာသင်ဆု ပေးမည့် နေရာ — ယူကေ

    လျှောက်ထားနိုင်မည့်သူ — ဖွံ့ဖြိုးဆဲ နိုင်ငံတစ်ခုခုမှ ကျောင်းသားဖြစ်ပြီး အချိန်ပြည့် မာစတာ ဒီဂရီအတွက် တက္ကသိုလ် တစ်ခုခုမှ offer ရရှိပြီးသူ ဖြစ်ရမည်။ မည်သည့် ဖွံ့ဖြိုးဆဲနိုင်ငံမှ ကျောင်းသား မဆိုဤပညာသင်ဆုကိုလျှောက်ထားနိုင်သည်။

    ဘယ်အရာ တွေအတွက် ကာဗာ ဖြစ်နိုင်မလဲ — ကျောင်းလခ၊ နေရာထိုင်ခင်း၊ နေထိုင်စရိတ်၊ လန်ဒန်သို့ အသွားအပြန် လေယာဉ်စရိတ်

    သတိပြုရန် — ပညာသင်ဆုချီးမြှင့် ခြင်းခံရပါက အီးမေးလ်ဖြင့် ဦးစွာ အကြောင်းကြားမည် ဖြစ်သည်။ အီးမေးလ် လက်ခံရရှိကြောင်း အတည်ပြုပြီးပါက အသေးစိတ် အချက်အလက်များပါဝင်သော တရားဝင် စာကို  Scholarship Office မှ လျှောက်ထားသူကို ပေးပို့မည် ဖြစ်ပါသည်။ အခြားသော ပြင်ဆင်မှုများ နှင့် ပတ်သက်သော ကိစ္စများကို လျှောက်ထားသူနှင့် တိုက်ရိုက် ပြုလုပ်သွားမည် ဖြစ်သည်။

    မည်သို့လျှောက်နိုင် ပါမည်လဲ — စာတိုက်မှ တဆင့် လျှောက်ထားနိင်ပါသည်။ အီးမေးလ် သို့ ဖက်စ်မှ တဆင့် လျှောက်ထားမှုကို လက်ခံမည် မဟုတ်ပါ။

    ဖောင်ပိတ်ရက် — ၂၀၁၃ မေလ ၃၁ ရက်နေ့ နောက်ဆုံးထား၍ လျှောက်ထားနိုင်ပါသည်။

    အသေးစိတ် အချက်အလက်များ အတွက် 2013 Westminster International Scholarships for Developing Countrie…

  • အသက်သာဆုံး သင်တန်းကြေးဖြင့် အခြေခံလျှပ်စစ်နှင့် အီလက်ထရောနစ် သင်တန်းဖွင့်မည်

    ဒီဇင်ဘာ၂၇၊၂၀၁၂
    M-Media
    သတင်း-ဆောင်းနှင်းမှုံ

    OLYMPUS DIGITAL CAMERA

    ၂၀၁၃ခုနှစ်၊ဂျန္န၀ါရီလ ၅ရက်နေ့တွင် အခြေခံလျှပ်စစ်နှင့်အီလက်ထရောနစ် သင်တန်းကို သင်တန်းကြေး ၃လ အတွက် ငါးထောင်ကျပ်တိတိ ဖြင့်လျှောက်လွှာခေါ်ယူကြောင်း သတင်းရရှိသည်။

    ထို သင်တန်းကို SDC စာသင်ခန်းမ၊အမှတ်(၈၇)၊မန္တလေးလမ်း၊ကန်တော်ကလေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်၌ (၅.၁.၂၀၁၃)မှ (၄.၄.၂၀၁၃)နေ့ထိ၊ နံနက်(၉း၃၀)နာရီမှ (၁၁း၃၀)ထိ သင်ကြား ပို့ချ ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ပညာအရည်အချင်းမှာ အခြေခံပညာ အလယ်တန်းအောင်ဖြစ်ကြောင်း သိရသည်။

    ထို သင်တန်းတွင် လျှပ်စစ်ဘာသာရပ်၊အီလက်ထရောနစ်ဘာသာရပ်ကို စာတွေ့ လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။တပတ်ကို တနလာင်္နေ့မှ စနေနေ့ထိ တက်ရောက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားများတင်မက အမျိုးသမီးများပါ သင်တန်းတက်ရောက် နိုင်ကြောင်း စုံစမ်းသိရှိရသည်။အသေးစိတ် သိရှိလိုပါက ၀၉-၈၆၁၅၆၁၁ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သတင်းရရှိသည်။

  • စကောတလန် မြို့လယ်ဗလီ အတွင်း လူမျိုးရေးစော်ကား၊ ခြိမ်းခြောက်သူ ထောင်ဒဏ် ချမှတ်ခံရ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၂
    M-Media

    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ
    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ

    စက်တင်ဘာလ ၂၃ရက်နေ့က အသက် ၂၈ နှစ်အရွယ်ရှိ ဖရေစာရေးသည် ဂလပ်စဂို မြို့လယ် ဗလီအတွင်းသို့ ဝင်ရောက်ပြီး ဗလီအတွင်းရှိလူများအား ထွက်ပြေးခိုင်းခဲ့သည်ဟု အစိုးရ ရှေ့နေ (တရားလိုရှေ့နေ) များကပြောပါသည်။

    စကော့တလန် နိုင်ငံ ရန်ဖရူးရှိုင်းယားပြည်နယ် ဂျွန်စတုန်းမြို့သား ရေး သည် သူ့တွင် သေနတ်ပါကြောင်း အော်ဟစ်ပြီး၊ အနီးရှိလူများအား ပစ်ခတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း ဖြစ်သည်။

    အချင်းဖြစ် နေရာ၌ သူ့အား ဖမ်းဆီး ရမိပြီးနောက် ကျောပိုးအိတ်ထဲ ရှာဖွေရာ ကပ်ကျေး၊ လက်အိတ်၊ ရုပ်ပြောင် မျက်နှာဖုံးစွပ် အပါအ၀င် ပစ္စည်းမျိုးစုံ ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားစဉ် ၄င်းအနေဖြင့် လူမျိုးရေးခွဲခြားမှု နှင့် ခြိမ်းခြောက်မှု အကြောင်းအရာများ အော်ဟစ် နေခဲ့သေးသည်။

    ယနေ့ ဂလပ်စဂို စီရင်စု တရားရုံးတွင် ရေးအား သူ၏ စောစီးစွာ ဝန်ခံမှုကြောင့် ထောင်ဒဏ် ၂နှစ်နှင့် ၄လ ချမှတ်လိုက်ကြောင်း ဘုရင့်ရုံး (Crown Office) က ထုတ်ဖေါ်ပြောဆိုသည်။

    သူ့အနေဖြင့် သူ့ပေါ်စွဲဆိုသော အကြမ်းဖက်လိုသော အမူအရာနှင့် ခြိမ်းခြောက်မှု၊ ဓါးကိုင်ဆောင်မှုတို့ကြောင့် အပြစ်ရှိကြောင်း ၀န်ခံသည်။

    ပြစ်ဒဏ် ချမှတ်ပြီးနောက် အနောက် စကော့တလန် အစိုးရရှေ့နေ ဂျွန်ဒွန်းက “လူတိုင်းတွင် အခြား လူတဦးတယောက်၏ အမှန်မစူးစမ်းဘဲ မလို မုန်းထားခြင်းကြောင့် အကြမ်းဖက်မှု၊ ဘေးအန္တရာယ်၊ ခြိမ်းခြောက်မှု (သို့) နှောက်ယှက်မည်ဟု စိုးရိမ်မကင်းမှု (သို့) နှုတ်ပိတ်မှု စသောအမှုများမှ လွတ်ကင်းစွာ နေထိုင်နိုင်သည့် အခွင့်အရေး ရှိသည်” ဟု ပြောပါသည်။

    “အသားအရောင်၊ ကိုးကွယ်သည့်ဘာသာအပေါ် အဓိကထား လုပ်ဆောင်မှုများကို လုံးဝ လက်ခံနိုင်စရာမရှိပါ။ ဒီ ဖရေစာရေး ရဲ့ ဝန်ခံမှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက ဘယ်လို လူမျိုးရေးမုန်းတီးမှုမျိုးကိုမဆို တိုင်ကြားဖို့ ပြည်သူလူထုကို အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

    “ဒီလို ပြစ်မှုတိုင်းကို ဂရုတစိုက် စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ တရားစွဲဆို အရေးယူကြောင်း သူတို့တွေ ယုံကြည်မှုရှိရမယ်။”

    Strathclyde  ရဲတပ်ဖွဲ့မှ မှုခင်းစုံထောက် ဂျိုးမက်ကန်းစ်က “ဒီလူရဲ့လုပ်ရပ်က လူအများကို အထိတ်တလန့်ဖြစ် ကြောက်ရွံ့စေတယ်။”

    “ကျွန်တော်တို့ ဒီလိုမျိုး လူနည်းစု အဖွဲ့အစည်းတွေကို အဓိကထားပြီး ကျူးလွန်တဲ့ ဘယ်အပြုအမူကိုမှ ခွင့်ပြုမှာ မဟုတ်သလို ဘယ်လောက်ပဲ သေးငယ်တဲ့ ပြစ်မှု ဖြစ်ပါစေ ထိထိရောက်ရောက်နဲ့ မဆိုင်းမတွ ဆောင်ရွက်ပါမယ်။”

    “ဘယ်သူမျှ ပြစ်မှု ပုံစံမျိုးစုံရဲ့ ဓါးစာခံ မဖြစ်စေရဘူး။ ဒီလို အမှုမျိုးတွေဟာ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ်။” ဟုပြောပါသည်။

    ကိုးကား၊ http://www.dailyrecord.co.uk

     

  • အစိုးရက ဖိတ်ခေါ်ပါက ရခိုင်အရေး ကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ဝန်ကြီးသို့ပြောကြား

    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂

    via Myanmar Muslim Voice
    Pauktaw refugee camp in Burmaဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား ပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ဖို့ လိုလားကြောင်း ဗြိတိသျှဝန်ကြီးတစ်ဦးအား ပြောသည်ဟု ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။

    ဗြိတိသျှနိုင်ငံခြားရေးရုံး ဝန်ကြီးတစ်ဦးဖြစ်သူ ဟူဂိုဆွိုင်ရာ (Hugo Swire) အနေဖြင့် မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိသော ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံရာမှ သူမအနေဖြင့် အစိုးရမှ ဖိတ်ခေါ်ပါက အကူအညီပေးရန် လိုလားသည်ဟု ပြောကြားကြောင်း ဂါးဒီးယန်းသတင်းစာက ကိုးကား ဖော်ပြခြင်းဖြစ်သည်။

    ဝန်ကြီး ဟူဂိုဆွိုင်ရာ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဗြိတိသျှ သံအမတ် အန်ဒရူးဟိန်း (Andrew Heyn)နှင့် အတူ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဂါးဒီးယန်း သတင်းထောက် ကိတ်ဟိုဒယ် (Kate Hodal) လည်း လိုက်ပါခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ အလွန် စိုးရိမ်ဖွယ် ဆက်ရှိနေပြီး အရေးပေါ် ဆောင်ရွက်မှုများ မရှိပါက ဤဝမ်းနည်းဖွယ် အဖြစ်ဆိုးမှာ ပို၍ နက်နဲဆိုးရွားသွားမည်ဟု ဝန်ကြီး ဟူဂိုဆွိုင်ရာက ပြောကြားခဲ့ကြောင်းလည်း ဂါးဒီးယန်းက ဖော်ပြသည်။

  • ၂၀၁၂ ခုနှစ် ဟဂ်ျ အတွေ့အကြုံ ရှင်းလင်းပွဲမှ ပြောကြားသည့် အသံများ

    ဒီဇင်လာ၂၆၊၂၀၁၂
    သတင်း-ဆောင်းနှင်းမှုံ
    ဒီဇင်ဘာ၂၅ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်၏ ၂၀၁၂ခုနှစ် ဟာဂျီများ ဂုဏ်ပြုပွဲနှင့် ဟဂ်ျအတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို တခြမ်းပဲ့ ဗလီ(အစ္စလာမ့်ခန်းမ)၌ နံနက်၉း၀၀နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    1

    အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊အာလင်မ်သာသနာ့ပညာရှင်များဘာသာရေးအဖွဲ့အစည်း များမှပုဂ္ဂိုလ်များ၊ဟာဂျီ ဟာဂျီမများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

    ထို အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာရှင်ဂျီ(ခ)ဦးခင်မောင်မှ တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားကို ကေရာသ်ဖြင့် ဖွင့်လှစ်ခြင်း၊ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက် ဂုဏ်ပြုစကားပြောကြားခြင်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမူရေး ၀န်ကြီးဒေါက်တာမြင့်သိန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊အဖွဲ့ချုပ်နာယက ဟာဂျီဦးမောင်ကို (အငြိမ်းစား-ပါမောက္ခ ရန်ကုန်တက္ကသိုလ်)မှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဟာဂျီဦးအုန်းမောင်မှ၂၀၁၂ ခုနှစ် အစီရင်ခံစာ ရှင်းလင်း တင်ပြခြင်း၊ဟဂ်ျ အတွေ့အကြုံများ၏ ကိုယ်စား ဟာဂျီဦးကျော်ဝင်း၊ ဟာဂျီဦးထွန်းရှင် တို့မှ ရှင်းလင်းတင်ပြခြင်း၊၂၀၁၂ခုနှစ် ဟာဂျီများ၏ ကိုယ်စား ဟာဂျီဦးအာမင်းမှ ကျေးဇူးတင် စကားပြောကြားခြင်း၊ပြီးနောက် အခမ်းအနားကို တခြမ်းပဲ့ ဗလီရှေ့ဆောင် ဆရာ အဟ်ဟဂ်ျ မော်လ၀ီ ဟာဖီဇ် ကာရီ မုဟမ္မဒ် အာရိဖ်ဆဗ်မှ ဆုမွန် ဒိုအာဖြင့် ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

    ဟဂ်ျခရီးစဉ် စောင့်ကြည့်ကူညီရေး အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးမောင်မောင်တင်က “ကျွန်တော်တို့က ပြည်ထောင်စုဖွား နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ ဟဂ်ျခရီးစဉ် အစမှ အဆုံးတိုင်အစစ အရာရာ အဆင်ပြေ ချောမွတ်စေအောင် အခမဲ့ ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ယခင်တုန်းက ၂၀၁၀-၂၀၁၁ခုနှစ်မှာ ဟာဂျီ ဦးရေ(၄၀၀၀) ပဲ ဗီဇာ ရပါတယ်။၂၀၁၂ခုနှစ်မှာ ဟဂ်ျပြုလုပ်ဖို့ ဗီဇာ (၁၀၀၀၀) ထိတိုးချဲ့ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြတောင်းခံခဲ့သလို သက်ဆိုင်ရာ ဆော်ဒီ နိုင်ငံ သို့လည်း တင်ပြ တောင်းဆိုခဲ့ပါတယ်။ဒီနှစ်မှာ ဗီဇာလူဦးရေ (၅၀၀၀) ရခဲ့ပါတယ်။အယောက် (၁၀၀၀) တိုးပါတယ်။လာမည့် နှစ်မှာ (၈၀၀၀) လောက်ထိ တိုးတောင်းဆို ဖို့ အစီအစဉ် ရှိပါတယ်။နောက်တစ်ခုက အရင်တုန်းက ဗီဇာကို ဒေါ်လာ (၅၀၀) ကနေ (၁၀၀၀) လောက်ထိ ပေးဝယ်ရတယ်။အခု ကျွန်တော်တို့ အဖွဲ့ပေါ်လာတဲ့ အတွက် ကြောင့်ဗီဇာကို ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုတော့ဘူး။နောက် မြန်မာပြည်မှာ အေးဂျင့် (၅၀၀) ကျော် ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု ၀န်ဆောင်မူ ဈေးနှုန်း မတူဘူး ဖြစ်နေတယ်။ အဲဒီ အေးဂျင့် တွေက တောင်းခံတဲ့ ဟာဂျီတွေရဲ့ ကုန်ကျ စရိတ်တွေကိုလည်း ညီညီ မျှမျှ တတန်းစားထဲ တူညီရေးကို ကြိုးစားဆောင်ရွက်နေပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    နောက် ဆက်လက်ပြီး ၎င်းက “ဟဂ်ျမစ်ရှင်ကို ၂၀၁၂ခုနှစ်မှာ နိုင်ငံတော်သမ္မတ ထံတင်ပြထားပြီး ဟဂ်ျမစ်ရှင် ပေါ်ပေါက် လာဖို့အဓိက ထားကြိုးစား နေပါတယ်။ဟဂ်ျမစ်ရှင် အနေနဲ့ဘယ်လို ဆောင်ရွက် မလဲဆိုရင် ဟဂ်ျကာလမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံ ကို သွားမယ်။အဲဒီမှာ ရုံးခန်းဖွင့်ပြီး မြန်မာ နိုင်ငံ အလံ ကိုထောင်မယ်။ ဟဂ်ျပြုလုပ်ဖို့ လာတဲ့မြန်မာ ဟာဂျီတွေရဲ့ ဒုက္ခ အားလုံးကို ကူညီဆောင်ရွက်မယ်။နောက် ဟဂ်ျမစ်ရှင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေကို အေးဂျင့်တွေက လိုက်နာ ဆောင်ရွက် ရမယ်။ ဒါမှသာ စည်းလုံး ညီညွှတ် မူကို ရမယ်။ အေးဂျင့် တွေထဲက မမှန်မကန် ဆောင်ရွက် မူတွေ ပေါ်ပေါက် လာရင် လည်း ၀န်ကြီး ဌာနကိုတင်ပြ ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မူတွေ ပြုလုပ်ပေးဖို့ တင်ပြတောင်းဆိုသွားမယ် ။ နောက် ဒေါင်းဇရပ်နေရာ ပြန်လည် ရရှိရေးကို ကျွန်တော်တို့ကြိုးစားမယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    တက်ရောက် လာသူများထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “ဟိုးအရင် နှစ်ပေါင်းများစွာသာသနာရေးဝန်ကြီး ဌါနနဲ့ ခရီးသွား ကုမ္မဏီ တချို့တို့ လက်ဝါးကြီးအုပ် မတော် မတရား ပြူလုပ်ခြင်း ခံနေရ ရာကနေဟဂ်ျကူညီရေး အဖွဲ့ချုပ်ကြောင့်သာ ၂၀၁၁-၂၀၁၂ခုနှစ်မှာ ဟဂ်ျဘုရားဖူး သွားရခြင်းဟာ အခြားနှစ်တွေ ထက်စာရင် ပြေလျော့လာတယ်။ဒီအဖွဲ့ ချုပ်ကြီးက အားသွန် ခွန်စိုက် စိတ်စေတနာကို ရှေ့တန်း တင်ပြီး ဟဂ်ျခရီးစဉ် အစမှ အဆုံးတိုင် အဆင်ပြေ ချော့မွတ်အောင် ဆောင်ရွက်ပေးနေတာကို တွေ့ရတယ်။မိမိ အကျိုးစီးပွားကိုသာကြည့်တဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ် သူတွေ မဆောင်ရွက် နိုင်အောင် သာသနာရေး ၀န်ကြီးဌာန အနေနဲ့ ဟဂ်ျမစ်ရှင် အမြန်ဆုံး ပေါ်ပေါက် လာဖို့ အတွက် ကူညီ ဆောင်ရွက် ပေးပါလို့အကြံပြု တိုက်တွန်း လိုပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ပြည်ထောင်စု မြန်မာ နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုဖွား အစ္စလာမ့်အေးဂျင့်များနှင့် ၎င်းတို့၏ လက်ခွဲ ၀န်ဆောင်မူ ပေးသူ အချို့၏ မမှန်မကန် ပြုလုပ်မူ၊လိမ်လည် အလွဲ သုံးစား ပြုမူ၊မတရား ပြုလုပ်မူ၊လက်ဝါးကြီး အုပ်အမြတ်ထုတ်မူ တို့ကြောင့် ၂၀၁၀/၂၀၁၁ခုနှစ် များတွင် မြန်မာနိုင်ငံသား ဟဂ်ျခရီးသွား ဟာဂျီများ နစ်နာ ဆုံးရှုံးမှု့များစွာ ပေါ်ပေါက်ခဲ့ကြောင်း၊တာဝန်ယူ ဖြေရှင်း ပေးမည့် ပုဂ္ဂိုလ်၊အဖွဲ့အစည်း မရှိဘဲ ခေါင်းငုံ ခံခဲ့ရကြောင်း၊အရေးယူ ဆောင်ရွက် ပေးမူ၊တာဝန်ယူမူ မရှိသဖြင့် အကူအညီ ပေးနိုင်မည့် ပုဂ္ဂိုလ် အဖွဲ့အစည်း များ ပေါ်ပေါက် လာရန် မျှော်လင့် ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

    ထို အခြေအနေကို စောင့်ကြည့် လေ့လာပြီး တာဝန်သိ ပုဂ္ဂုလ်များက ဟာဂျီများ၏ ဒုက္ခ ပြဿနာများကို ကူညီဖြေရှင်း နိုင်ရန် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး (၂၁-၁၂-၂၀၁၁)ရက်တွင် “ရန်ကုန်တိုင်း ဒေသကြီး ဟဂ်ျခရီးစဉ် စောင့်ကြည့်ကူညီရေးအဖွဲ့”ကိုစတင် ဖွဲ့စည်း ခဲ့ကြောင်း သိရှိရသည်။

    ဟဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်သည် အစ္စလာမ် သာသနာ ပြဋ္ဌာန်းချက်ပါ ဘာသာရေး တာဝန် ဖြစ်သော မဏ္ဍိုင်ကြီး(၅)ခု အနက် ပဉ္စမ မဏ္ဍိုင် ဖြစ်သည့် ဟဂ်ျပြုလုပ်ရန် တာဝန် ထိုက်သော မြန်မာ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ ဟဂ်ျခရီးစဉ်တွင် အေးချမ်း သာယာစွာ ဟဂ်ျပြုလုပ်ခွင့် ရရှိရေး၊သက်သာ ချောင်ချိစွာ ဟဂ်ျခရီး သွားနိုင်ရေး၊မတရား မူကင်းရှင်းရေး၊ဥပဒေနှင့် အညီဖြစ်စေရေး၊ဟာဂျီများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေးတို့ကို ဘာသာရေး တာဝန် အဖြစ် ခံယူပြီး ဘာသာရေး သက်သက် ကုသိုလ်ဖြစ် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်းစုံစမ်း သိရှိရသည်။