News @ M-Media

Blog

  • အသက်သာဆုံး သင်တန်းကြေးဖြင့် အခြေခံလျှပ်စစ်နှင့် အီလက်ထရောနစ် သင်တန်းဖွင့်မည်

    ဒီဇင်ဘာ၂၇၊၂၀၁၂
    M-Media
    သတင်း-ဆောင်းနှင်းမှုံ

    OLYMPUS DIGITAL CAMERA

    ၂၀၁၃ခုနှစ်၊ဂျန္န၀ါရီလ ၅ရက်နေ့တွင် အခြေခံလျှပ်စစ်နှင့်အီလက်ထရောနစ် သင်တန်းကို သင်တန်းကြေး ၃လ အတွက် ငါးထောင်ကျပ်တိတိ ဖြင့်လျှောက်လွှာခေါ်ယူကြောင်း သတင်းရရှိသည်။

    ထို သင်တန်းကို SDC စာသင်ခန်းမ၊အမှတ်(၈၇)၊မန္တလေးလမ်း၊ကန်တော်ကလေး၊မင်္ဂလာတောင်ညွှန့်မြို့နယ်၊ရန်ကုန်၌ (၅.၁.၂၀၁၃)မှ (၄.၄.၂၀၁၃)နေ့ထိ၊ နံနက်(၉း၃၀)နာရီမှ (၁၁း၃၀)ထိ သင်ကြား ပို့ချ ပေးမည် ဖြစ်ကြောင်း သတင်း ရရှိသည်။ပညာအရည်အချင်းမှာ အခြေခံပညာ အလယ်တန်းအောင်ဖြစ်ကြောင်း သိရသည်။

    ထို သင်တန်းတွင် လျှပ်စစ်ဘာသာရပ်၊အီလက်ထရောနစ်ဘာသာရပ်ကို စာတွေ့ လက်တွေ့ သင်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။တပတ်ကို တနလာင်္နေ့မှ စနေနေ့ထိ တက်ရောက်ရမည်ဖြစ်ကြောင်း၊ အမျိုးသားများတင်မက အမျိုးသမီးများပါ သင်တန်းတက်ရောက် နိုင်ကြောင်း စုံစမ်းသိရှိရသည်။အသေးစိတ် သိရှိလိုပါက ၀၉-၈၆၁၅၆၁၁ သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သတင်းရရှိသည်။

  • စကောတလန် မြို့လယ်ဗလီ အတွင်း လူမျိုးရေးစော်ကား၊ ခြိမ်းခြောက်သူ ထောင်ဒဏ် ချမှတ်ခံရ

    ဒီဇင်ဘာ ၂၀၊ ၂၀၁၂
    M-Media

    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ
    အခင်းဖြစ်ပွားရာ ဂလပ်စဂို မြို့လယ် ဗလီ

    စက်တင်ဘာလ ၂၃ရက်နေ့က အသက် ၂၈ နှစ်အရွယ်ရှိ ဖရေစာရေးသည် ဂလပ်စဂို မြို့လယ် ဗလီအတွင်းသို့ ဝင်ရောက်ပြီး ဗလီအတွင်းရှိလူများအား ထွက်ပြေးခိုင်းခဲ့သည်ဟု အစိုးရ ရှေ့နေ (တရားလိုရှေ့နေ) များကပြောပါသည်။

    စကော့တလန် နိုင်ငံ ရန်ဖရူးရှိုင်းယားပြည်နယ် ဂျွန်စတုန်းမြို့သား ရေး သည် သူ့တွင် သေနတ်ပါကြောင်း အော်ဟစ်ပြီး၊ အနီးရှိလူများအား ပစ်ခတ်မည် ဖြစ်ကြောင်း ခြိမ်းခြောက်ခဲ့ကြောင်း ဖြစ်သည်။

    အချင်းဖြစ် နေရာ၌ သူ့အား ဖမ်းဆီး ရမိပြီးနောက် ကျောပိုးအိတ်ထဲ ရှာဖွေရာ ကပ်ကျေး၊ လက်အိတ်၊ ရုပ်ပြောင် မျက်နှာဖုံးစွပ် အပါအ၀င် ပစ္စည်းမျိုးစုံ ရှာဖွေတွေ့ရှိခဲ့သည်။ အခင်းဖြစ်ပွားစဉ် ၄င်းအနေဖြင့် လူမျိုးရေးခွဲခြားမှု နှင့် ခြိမ်းခြောက်မှု အကြောင်းအရာများ အော်ဟစ် နေခဲ့သေးသည်။

    ယနေ့ ဂလပ်စဂို စီရင်စု တရားရုံးတွင် ရေးအား သူ၏ စောစီးစွာ ဝန်ခံမှုကြောင့် ထောင်ဒဏ် ၂နှစ်နှင့် ၄လ ချမှတ်လိုက်ကြောင်း ဘုရင့်ရုံး (Crown Office) က ထုတ်ဖေါ်ပြောဆိုသည်။

    သူ့အနေဖြင့် သူ့ပေါ်စွဲဆိုသော အကြမ်းဖက်လိုသော အမူအရာနှင့် ခြိမ်းခြောက်မှု၊ ဓါးကိုင်ဆောင်မှုတို့ကြောင့် အပြစ်ရှိကြောင်း ၀န်ခံသည်။

    ပြစ်ဒဏ် ချမှတ်ပြီးနောက် အနောက် စကော့တလန် အစိုးရရှေ့နေ ဂျွန်ဒွန်းက “လူတိုင်းတွင် အခြား လူတဦးတယောက်၏ အမှန်မစူးစမ်းဘဲ မလို မုန်းထားခြင်းကြောင့် အကြမ်းဖက်မှု၊ ဘေးအန္တရာယ်၊ ခြိမ်းခြောက်မှု (သို့) နှောက်ယှက်မည်ဟု စိုးရိမ်မကင်းမှု (သို့) နှုတ်ပိတ်မှု စသောအမှုများမှ လွတ်ကင်းစွာ နေထိုင်နိုင်သည့် အခွင့်အရေး ရှိသည်” ဟု ပြောပါသည်။

    “အသားအရောင်၊ ကိုးကွယ်သည့်ဘာသာအပေါ် အဓိကထား လုပ်ဆောင်မှုများကို လုံးဝ လက်ခံနိုင်စရာမရှိပါ။ ဒီ ဖရေစာရေး ရဲ့ ဝန်ခံမှုနဲ့ ပြစ်ဒဏ်ချမှတ်မှုတွေက ဘယ်လို လူမျိုးရေးမုန်းတီးမှုမျိုးကိုမဆို တိုင်ကြားဖို့ ပြည်သူလူထုကို အားပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။”

    “ဒီလို ပြစ်မှုတိုင်းကို ဂရုတစိုက် စုံစမ်းစစ်ဆေးပြီး ထိရောက်စွာ တရားစွဲဆို အရေးယူကြောင်း သူတို့တွေ ယုံကြည်မှုရှိရမယ်။”

    Strathclyde  ရဲတပ်ဖွဲ့မှ မှုခင်းစုံထောက် ဂျိုးမက်ကန်းစ်က “ဒီလူရဲ့လုပ်ရပ်က လူအများကို အထိတ်တလန့်ဖြစ် ကြောက်ရွံ့စေတယ်။”

    “ကျွန်တော်တို့ ဒီလိုမျိုး လူနည်းစု အဖွဲ့အစည်းတွေကို အဓိကထားပြီး ကျူးလွန်တဲ့ ဘယ်အပြုအမူကိုမှ ခွင့်ပြုမှာ မဟုတ်သလို ဘယ်လောက်ပဲ သေးငယ်တဲ့ ပြစ်မှု ဖြစ်ပါစေ ထိထိရောက်ရောက်နဲ့ မဆိုင်းမတွ ဆောင်ရွက်ပါမယ်။”

    “ဘယ်သူမျှ ပြစ်မှု ပုံစံမျိုးစုံရဲ့ ဓါးစာခံ မဖြစ်စေရဘူး။ ဒီလို အမှုမျိုးတွေဟာ အမြန်ဆုံး ကိုင်တွယ်ဖြေရှင်းရမယ်။” ဟုပြောပါသည်။

    ကိုးကား၊ http://www.dailyrecord.co.uk

     

  • အစိုးရက ဖိတ်ခေါ်ပါက ရခိုင်အရေး ကူညီပေးမည်ဟု ဒေါ်အောင်ဆန်းစုကြည် ဗြိတိသျှ ဝန်ကြီးသို့ပြောကြား

    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂

    via Myanmar Muslim Voice
    Pauktaw refugee camp in Burmaဒေါ်အောင်ဆန်းစုကြည်က ရခိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာ ရခိုင်များနှင့် ရိုဟင်ဂျာ မွတ်စလင်တို့အကြား ပြန်လည်သင့်မြတ်ရေး အကောင်အထည်ဖော်ဖို့ လိုလားကြောင်း ဗြိတိသျှဝန်ကြီးတစ်ဦးအား ပြောသည်ဟု ဗြိတိန်နိုင်ငံထုတ် ဂါးဒီးယန်းသတင်းစာက ဖော်ပြသည်။

    ဗြိတိသျှနိုင်ငံခြားရေးရုံး ဝန်ကြီးတစ်ဦးဖြစ်သူ ဟူဂိုဆွိုင်ရာ (Hugo Swire) အနေဖြင့် မြန်မာနိုင်ငံသို့ မကြာသေးမီက ရောက်ရှိသော ခရီးစဉ်အတွင်း ဒေါ်အောင်ဆန်းစုကြည်နှင့် ခေတ္တတွေ့ဆုံရာမှ သူမအနေဖြင့် အစိုးရမှ ဖိတ်ခေါ်ပါက အကူအညီပေးရန် လိုလားသည်ဟု ပြောကြားကြောင်း ဂါးဒီးယန်းသတင်းစာက ကိုးကား ဖော်ပြခြင်းဖြစ်သည်။

    ဝန်ကြီး ဟူဂိုဆွိုင်ရာ မြန်မာနိုင်ငံသို့ ရောက်ရှိစဉ် ဗြိတိသျှ သံအမတ် အန်ဒရူးဟိန်း (Andrew Heyn)နှင့် အတူ ရခိုင်ပြည်နယ်ရှိ ဒုက္ခသည် စခန်းများသို့ သွားရောက်ကြည့်ရှုခဲ့ပြီး ဂါးဒီးယန်း သတင်းထောက် ကိတ်ဟိုဒယ် (Kate Hodal) လည်း လိုက်ပါခဲ့သည်။

    ရခိုင်ပြည်နယ်ရှိ အခြေအနေများမှာ အလွန် စိုးရိမ်ဖွယ် ဆက်ရှိနေပြီး အရေးပေါ် ဆောင်ရွက်မှုများ မရှိပါက ဤဝမ်းနည်းဖွယ် အဖြစ်ဆိုးမှာ ပို၍ နက်နဲဆိုးရွားသွားမည်ဟု ဝန်ကြီး ဟူဂိုဆွိုင်ရာက ပြောကြားခဲ့ကြောင်းလည်း ဂါးဒီးယန်းက ဖော်ပြသည်။

  • ၂၀၁၂ ခုနှစ် ဟဂ်ျ အတွေ့အကြုံ ရှင်းလင်းပွဲမှ ပြောကြားသည့် အသံများ

    ဒီဇင်လာ၂၆၊၂၀၁၂
    သတင်း-ဆောင်းနှင်းမှုံ
    ဒီဇင်ဘာ၂၅ရက်နေ့က ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ဟဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်၏ ၂၀၁၂ခုနှစ် ဟာဂျီများ ဂုဏ်ပြုပွဲနှင့် ဟဂ်ျအတွေ့အကြုံ ရှင်းလင်းပွဲ အခမ်းအနားတစ်ခုကို တခြမ်းပဲ့ ဗလီ(အစ္စလာမ့်ခန်းမ)၌ နံနက်၉း၀၀နာရီ အချိန်တွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။

    1

    အခမ်းအနားသို့ ဌာနဆိုင်ရာအကြီးအကဲများ၊အာလင်မ်သာသနာ့ပညာရှင်များဘာသာရေးအဖွဲ့အစည်း များမှပုဂ္ဂိုလ်များ၊ဟာဂျီ ဟာဂျီမများ၊ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် သတင်းမီဒီယာများ တက်ရောက်ခဲ့ကြသည်။

    ထို အခမ်းအနားတွင် အခမ်းအနားမှူးအဖြစ် ဆရာရှင်ဂျီ(ခ)ဦးခင်မောင်မှ တာဝန်ယူဆောင်ရွက်ပြီး အခမ်းအနားကို ကေရာသ်ဖြင့် ဖွင့်လှစ်ခြင်း၊ဟဂ်ျခရီးစဉ် ကူညီရေးအဖွဲ့ချုပ် ဥက္ကဌမှ ကြိုဆိုနှုတ်ခွန်းဆက် ဂုဏ်ပြုစကားပြောကြားခြင်း၊ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လူမူရေး ၀န်ကြီးဒေါက်တာမြင့်သိန်းမှ ဂုဏ်ပြုအမှာစကားပြောကြားခြင်း၊အဖွဲ့ချုပ်နာယက ဟာဂျီဦးမောင်ကို (အငြိမ်းစား-ပါမောက္ခ ရန်ကုန်တက္ကသိုလ်)မှ အမှာစကားပြောကြားခြင်း၊ အတွင်းရေးမှူး ဟာဂျီဦးအုန်းမောင်မှ၂၀၁၂ ခုနှစ် အစီရင်ခံစာ ရှင်းလင်း တင်ပြခြင်း၊ဟဂ်ျ အတွေ့အကြုံများ၏ ကိုယ်စား ဟာဂျီဦးကျော်ဝင်း၊ ဟာဂျီဦးထွန်းရှင် တို့မှ ရှင်းလင်းတင်ပြခြင်း၊၂၀၁၂ခုနှစ် ဟာဂျီများ၏ ကိုယ်စား ဟာဂျီဦးအာမင်းမှ ကျေးဇူးတင် စကားပြောကြားခြင်း၊ပြီးနောက် အခမ်းအနားကို တခြမ်းပဲ့ ဗလီရှေ့ဆောင် ဆရာ အဟ်ဟဂ်ျ မော်လ၀ီ ဟာဖီဇ် ကာရီ မုဟမ္မဒ် အာရိဖ်ဆဗ်မှ ဆုမွန် ဒိုအာဖြင့် ရုတ်သိမ်း ခဲ့ကြောင်း သတင်းရရှိသည်။

    ဟဂ်ျခရီးစဉ် စောင့်ကြည့်ကူညီရေး အဖွဲ့ချုပ်မှ ပြောရေးဆိုခွင့်ရှိသူ ရှေ့နေကြီး ဦးမောင်မောင်တင်က “ကျွန်တော်တို့က ပြည်ထောင်စုဖွား နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ ဟဂ်ျခရီးစဉ် အစမှ အဆုံးတိုင်အစစ အရာရာ အဆင်ပြေ ချောမွတ်စေအောင် အခမဲ့ ကူညီ ဆောင်ရွက်ပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ယခင်တုန်းက ၂၀၁၀-၂၀၁၁ခုနှစ်မှာ ဟာဂျီ ဦးရေ(၄၀၀၀) ပဲ ဗီဇာ ရပါတယ်။၂၀၁၂ခုနှစ်မှာ ဟဂ်ျပြုလုပ်ဖို့ ဗီဇာ (၁၀၀၀၀) ထိတိုးချဲ့ပေးဖို့ နိုင်ငံတော် သမ္မတထံ တင်ပြတောင်းခံခဲ့သလို သက်ဆိုင်ရာ ဆော်ဒီ နိုင်ငံ သို့လည်း တင်ပြ တောင်းဆိုခဲ့ပါတယ်။ဒီနှစ်မှာ ဗီဇာလူဦးရေ (၅၀၀၀) ရခဲ့ပါတယ်။အယောက် (၁၀၀၀) တိုးပါတယ်။လာမည့် နှစ်မှာ (၈၀၀၀) လောက်ထိ တိုးတောင်းဆို ဖို့ အစီအစဉ် ရှိပါတယ်။နောက်တစ်ခုက အရင်တုန်းက ဗီဇာကို ဒေါ်လာ (၅၀၀) ကနေ (၁၀၀၀) လောက်ထိ ပေးဝယ်ရတယ်။အခု ကျွန်တော်တို့ အဖွဲ့ပေါ်လာတဲ့ အတွက် ကြောင့်ဗီဇာကို ပိုက်ဆံပေးပြီး ၀ယ်စရာ မလိုတော့ဘူး။နောက် မြန်မာပြည်မှာ အေးဂျင့် (၅၀၀) ကျော် ရှိပါတယ်။ တစ်ခုနဲ့ တစ်ခု ၀န်ဆောင်မူ ဈေးနှုန်း မတူဘူး ဖြစ်နေတယ်။ အဲဒီ အေးဂျင့် တွေက တောင်းခံတဲ့ ဟာဂျီတွေရဲ့ ကုန်ကျ စရိတ်တွေကိုလည်း ညီညီ မျှမျှ တတန်းစားထဲ တူညီရေးကို ကြိုးစားဆောင်ရွက်နေပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    နောက် ဆက်လက်ပြီး ၎င်းက “ဟဂ်ျမစ်ရှင်ကို ၂၀၁၂ခုနှစ်မှာ နိုင်ငံတော်သမ္မတ ထံတင်ပြထားပြီး ဟဂ်ျမစ်ရှင် ပေါ်ပေါက် လာဖို့အဓိက ထားကြိုးစား နေပါတယ်။ဟဂ်ျမစ်ရှင် အနေနဲ့ဘယ်လို ဆောင်ရွက် မလဲဆိုရင် ဟဂ်ျကာလမှာ ဆော်ဒီအာရေးဗီးယား နိုင်ငံ ကို သွားမယ်။အဲဒီမှာ ရုံးခန်းဖွင့်ပြီး မြန်မာ နိုင်ငံ အလံ ကိုထောင်မယ်။ ဟဂ်ျပြုလုပ်ဖို့ လာတဲ့မြန်မာ ဟာဂျီတွေရဲ့ ဒုက္ခ အားလုံးကို ကူညီဆောင်ရွက်မယ်။နောက် ဟဂ်ျမစ်ရှင်ရဲ့ စည်းမျဉ်း စည်းကမ်း တွေကို အေးဂျင့်တွေက လိုက်နာ ဆောင်ရွက် ရမယ်။ ဒါမှသာ စည်းလုံး ညီညွှတ် မူကို ရမယ်။ အေးဂျင့် တွေထဲက မမှန်မကန် ဆောင်ရွက် မူတွေ ပေါ်ပေါက် လာရင် လည်း ၀န်ကြီး ဌာနကိုတင်ပြ ပြီး ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်မူတွေ ပြုလုပ်ပေးဖို့ တင်ပြတောင်းဆိုသွားမယ် ။ နောက် ဒေါင်းဇရပ်နေရာ ပြန်လည် ရရှိရေးကို ကျွန်တော်တို့ကြိုးစားမယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    တက်ရောက် လာသူများထဲမှ နိုင်ငံရေး အကျဉ်းသားဟောင်း ဦးထွန်းကြည်က “ဟိုးအရင် နှစ်ပေါင်းများစွာသာသနာရေးဝန်ကြီး ဌါနနဲ့ ခရီးသွား ကုမ္မဏီ တချို့တို့ လက်ဝါးကြီးအုပ် မတော် မတရား ပြူလုပ်ခြင်း ခံနေရ ရာကနေဟဂ်ျကူညီရေး အဖွဲ့ချုပ်ကြောင့်သာ ၂၀၁၁-၂၀၁၂ခုနှစ်မှာ ဟဂ်ျဘုရားဖူး သွားရခြင်းဟာ အခြားနှစ်တွေ ထက်စာရင် ပြေလျော့လာတယ်။ဒီအဖွဲ့ ချုပ်ကြီးက အားသွန် ခွန်စိုက် စိတ်စေတနာကို ရှေ့တန်း တင်ပြီး ဟဂ်ျခရီးစဉ် အစမှ အဆုံးတိုင် အဆင်ပြေ ချော့မွတ်အောင် ဆောင်ရွက်ပေးနေတာကို တွေ့ရတယ်။မိမိ အကျိုးစီးပွားကိုသာကြည့်တဲ့ လက်ဝါးကြီးအုပ် အမြတ်ထုတ် သူတွေ မဆောင်ရွက် နိုင်အောင် သာသနာရေး ၀န်ကြီးဌာန အနေနဲ့ ဟဂ်ျမစ်ရှင် အမြန်ဆုံး ပေါ်ပေါက် လာဖို့ အတွက် ကူညီ ဆောင်ရွက် ပေးပါလို့အကြံပြု တိုက်တွန်း လိုပါတယ်”ဟု M-Media သို့ပြောကြားခဲ့သည်။

    ပြည်ထောင်စု မြန်မာ နိုင်ငံတွင် နေထိုင်ကြသော ပြည်ထောင်စုဖွား အစ္စလာမ့်အေးဂျင့်များနှင့် ၎င်းတို့၏ လက်ခွဲ ၀န်ဆောင်မူ ပေးသူ အချို့၏ မမှန်မကန် ပြုလုပ်မူ၊လိမ်လည် အလွဲ သုံးစား ပြုမူ၊မတရား ပြုလုပ်မူ၊လက်ဝါးကြီး အုပ်အမြတ်ထုတ်မူ တို့ကြောင့် ၂၀၁၀/၂၀၁၁ခုနှစ် များတွင် မြန်မာနိုင်ငံသား ဟဂ်ျခရီးသွား ဟာဂျီများ နစ်နာ ဆုံးရှုံးမှု့များစွာ ပေါ်ပေါက်ခဲ့ကြောင်း၊တာဝန်ယူ ဖြေရှင်း ပေးမည့် ပုဂ္ဂိုလ်၊အဖွဲ့အစည်း မရှိဘဲ ခေါင်းငုံ ခံခဲ့ရကြောင်း၊အရေးယူ ဆောင်ရွက် ပေးမူ၊တာဝန်ယူမူ မရှိသဖြင့် အကူအညီ ပေးနိုင်မည့် ပုဂ္ဂိုလ် အဖွဲ့အစည်း များ ပေါ်ပေါက် လာရန် မျှော်လင့် ခဲ့ကြောင်း စုံစမ်း သိရှိရသည်။

    ထို အခြေအနေကို စောင့်ကြည့် လေ့လာပြီး တာဝန်သိ ပုဂ္ဂုလ်များက ဟာဂျီများ၏ ဒုက္ခ ပြဿနာများကို ကူညီဖြေရှင်း နိုင်ရန် တွေ့ဆုံ ညှိနှိုင်းခဲ့ပြီး (၂၁-၁၂-၂၀၁၁)ရက်တွင် “ရန်ကုန်တိုင်း ဒေသကြီး ဟဂ်ျခရီးစဉ် စောင့်ကြည့်ကူညီရေးအဖွဲ့”ကိုစတင် ဖွဲ့စည်း ခဲ့ကြောင်း သိရှိရသည်။

    ဟဂ်ျခရီးစဉ် ကူညီရေး အဖွဲ့ချုပ်သည် အစ္စလာမ် သာသနာ ပြဋ္ဌာန်းချက်ပါ ဘာသာရေး တာဝန် ဖြစ်သော မဏ္ဍိုင်ကြီး(၅)ခု အနက် ပဉ္စမ မဏ္ဍိုင် ဖြစ်သည့် ဟဂ်ျပြုလုပ်ရန် တာဝန် ထိုက်သော မြန်မာ နိုင်ငံသား အစ္စလာမ် ဘာသာဝင်များ၏ ဟဂ်ျခရီးစဉ်တွင် အေးချမ်း သာယာစွာ ဟဂ်ျပြုလုပ်ခွင့် ရရှိရေး၊သက်သာ ချောင်ချိစွာ ဟဂ်ျခရီး သွားနိုင်ရေး၊မတရား မူကင်းရှင်းရေး၊ဥပဒေနှင့် အညီဖြစ်စေရေး၊ဟာဂျီများ၏ အခက်အခဲများကို ကူညီဖြေရှင်းပေးရေးတို့ကို ဘာသာရေး တာဝန် အဖြစ် ခံယူပြီး ဘာသာရေး သက်သက် ကုသိုလ်ဖြစ် ဆောင်ရွက် ပေးခြင်း ဖြစ်ကြောင်းစုံစမ်း သိရှိရသည်။

  • စောင့်ကြည့်ဂျာနယ် ဖတ်ပြီး စဉ်းစားမိတာတွေ

    ဒီဇင်ဘာ ၂၆ ၊ ၂၀၁၂
    ကောင်းကင်ကို

    စောင့်ကြည့် ဂျာနယ် (၁၈.၉.၂၀၁၂) (အတွဲ ၇ အမှတ် ၆၃) ထဲက တွေးစရာ တခုကို ထုတ်နုတ်ပြီး ကူးပြပါမယ်။ ဘင်္ဂါလီဆိုရင် မုန်းပါတယ် ဆိုတဲ့ သဘောထားတွေကိုလည်း စဉ်းစားကြည့်ရအောင်။ ရခိုင်လွတ်မြောက်ရေးပါတီ  အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းနဲ့ အင်တာဗျူးထဲကနေ ကောက်နုတ်ပြီး မေးခွန်းတွေ ထုတ်ကြည့်ပါမယ်။ ဦးချစ်မောင် (အဝကျွန်း)က အင်တာဗျူးလုပ်ထားတာပါ။

     ရခိုင်လွတ်မြောက်ရေးပါတီ  အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း
    ရခိုင်လွတ်မြောက်ရေးပါတီ အထွေထွေ အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်း (ဓါတ်ပုံ MIJ)

    ဂျာနယ်ထဲမှာ…. စာမျက်နှာ (၇) မှာ ပါတာက

    ချစ်မောင်…ဆရာမရဲ့ အိမ်ထောင်ဘက်က ရခိုင်ပဲလား

    စောမြရာဇာလင်း…ကျွန်မ ၁၉၉၂ မှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘွား ရခိုင်အမျိုးသား ဦးချစ်မောင်နဲ့ အိမ်ထောင်ကျခဲ့ပါတယ်။ သားသမီး နှစ်ယောက် ရှိပါတယ်။

    ချစ်မောင် —– ဆရာမ နေတာကကော ဘယ်မှာ နေပါသလဲ။

    စောမြရာဇာလင်း —–ကျွန်မ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒက္ကာမြို့မှာ နေပါတယ်။

    အင်တာဗျူး အလယ်မှာက ရခိုင်ပြည်နယ်က ဘင်္ဂါလီတွေ ရက်စက်ကြောင်း ပြောထားတာတွေ ပါပါတယ်။

    ကျနော် မေးချင်တာက [ဘင်္ဂါလီတွေဆိုတာ တယောက်မှ မကောင်းဘူးလို့ ပြောရင် ဘာလို့ ကိုယ့်နိုင်ငံကိုယ် မနေဘဲ ဘင်္ဂါလီတွေ လက်အောက် သွားနေသလဲ? ဘင်္ဂါလီတွေကို မုန်းတယ် ဆိုတာမှာ ဗိုက်ပူနံကား နင်းပြား  ဘင်္ဂါလီ တွေကိုမှ ရွေးပြီး မုန်းတာလား? အဲဒီ့ဗိုက်ပူနံကားတွေက လဝက ကို လာဘ်ထိုးရလောက်အောင် တကယ်ပဲ ချမ်းသာနေသလား? မလေးရှားကို သွားတာလောက်က နားလည်လို့ရတယ်။ မွတ်စလင်ပေမဲ့ ဘင်္ဂါလီ မဟုတ်ဘူးလေ။ သူတို့လို မုန်းတီးနေသူတွေ ဘင်္ဂါလီ လက်အောက် သွားနေတာက နည်းနည်းတော့ ဟာသဆန် မနေဘူးလား?]

      ဂျာနယ်ထဲမှာ စာမျက်နှာ (၇) ကော်လံ ၅ မှာပါတာက

    ချစ်မောင် —–ဘင်္ဂလားဒေ့ရှ်မှာ နေထိုင်ကြတဲ့ ရခိုင်ဗုဒ္ဓဘာသာတွေရဲ့ လုံခြုံရေးကိုရော အစိုးရက ကြည့်ရှုပါသလား။

    စောမြရာဇာလင်း —– ကျွန်မအမျိုးသားရဲ့ ညီမလေးကတော့ အစိုးရပိုင်းမှာ အမတ်ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားကတော့ အစိုးရ ဝန်ထမ်း မဟုတ်ပေမယ့်လို့ လူ့အခွင့်အရေး ဘောင်ထဲကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရခိုင်တွေ အပါအဝင် တခြား ဗုဒ္ဓဘာသာတွေရဲ့ ကျန်းမာချမ်းသာရေး၊ ဘေးအန္တရာယ်က လွတ်မြောက်ရေး အတွက် အချိန်ပြည့် ကြိုးစားနေကြတာ ရှိပါတယ်။ ကျွန်မနဲပ သူဟာ ဒီကိုမလာခင်လည်းပဲ ဝန်ကြီးတစ်ယောက်နဲ့တွေ့ပြီးတော့မှ အခု နိုင်ငံတကာ သတင်းတွေမှာ ထင်နေကြတဲ့ ကိစ္စတွေဟာ လုံးဝ မမှန်ကန်တဲ့ ကိစ္စတွေ  ဖြစ်တယ်ဆိုပြီးတော့ ကျွန်မတို့ ရှင်းပြသလို တချို့က ရခိုင်တွေက မတရားလုပ်တယ် ဆိုပြီးတော့ အထင်လွဲမှုတွေ ရှိတယ် ဆိုတာလဲ တင်ပြတာတွေ ရှိပါတယ်။

            ဘင်္ဂလားဒေ့ရှ် နိုင်ငံ အစိုးရကလည်း အစွန်းရောက်တွေကို အင်မတန်မှ ကြောက်ပါတယ်။ ကျွန်မတို့ကတော့ ဘယ်ဘာသာပဲဖြစ်ဖြစ် မတရားသဖြင့် နစ်နာ ဆုံးရှုံးမှုတွေကို မဖြစ်စေချင်ဘူး။မတရားပြောလာတာတွေ ရှိလာတော့ ကျွန်မတို့ကလည်း ဘင်္ဂလားဒေ့ရှ် အစိုးရကို ကောင်းကောင်းမွန်မွန် ရှင်းပြရတာ ရှိပါတယ်။ သူတို့လည်း နားလည်ပါတယ်။

    အဲဒီ့ အပိုဒ်ရဲ့ အောက်ပိုင်းမှာတော့ ဘင်္ဂါလီတွေ ဆိုးကြောင်း ရေးထားတာတွေပါပါတယ်။

    [ဒါဆိုရင် ကျနော်ထုတ်ချင်တဲ့ မေးခွန်း နံပါတ်က…. လူတွေ ပြောပြောနေတာက ဘင်္ဂါလီတွေက ဘာသာရေး ဘက်လိုက်တယ်လို့ ဆိုတယ်။ ဒါပေမဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ရခိုင်ဗုဒ္ဓဘာသာဝင်တွေကိုတောင် သူတို့ဆီမှာ မွေးလာခဲ့၊ နေလာခဲ့လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် လက်ခံသေးတာ….ဘာကြောင့် ဒီရိုဟင်ဂျာတွေကို ကျမှ ဘာသာတူရဲ့သားနဲ့တောင် ဘင်္ဂလားဒေ့ရှ်က လက်မခံရတာလဲ။ သူတို့ဆီမှာ မွေးလာတာ မဟုတ်လို့လို့ ယူဆပါတယ်။ ဒုတိယ ကမ္ဘာစစ်အတွင်းမှာ အပြန်အလှန် သတ်ခဲ့ကြတယ်ဆိုတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး မရခင်ကတည်းက အဲဒီ့ဒေသမှာ နေလာတဲ့ မွတ်စလင်တွေ ရှိတယ်ဆိုတာက ထင်ရှားပါတယ်။ ဒီတော့ နယ်မြေကိုပဲ ယူပြီး လူတွေကို နိုင်ငံသားအဖြစ် လက်မခံဘဲ ထားတာက တရားမျှတတယ်လို့ ထင်ပါသလား။ အဲလို မြန်မာနိုင်ငံက လက်မခံဘဲ ထားရင် ဟိုဘက်ကလည်း လက်မခံတဲ့ အတွက် ကလေးငယ်တယောက်ဟာ မွေးလာကတည်းက illegal ဖြစ်တော့မယ်။ တရားမဝင် ဖြစ်တော့မယ်။ မွေးလာခြင်းကိုက ဥပဒေချိုးဖောက်ခြင်း ဖြစ်တော့မယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံက လုပ်သလိုမျိုး၊ ဘာသာကို မကြည့်ဘဲ အစဉ်အဆက် နေလာခဲ့ခြင်း နေမလာခဲ့ခြင်းကို ကြည့်သလိုမျိုး ဘင်္ဂလားဒေ့ရှ် နိုင်ငံနည်းတူ မလုပ်သင့်ဘူးလား။ အဲလို ဘာသာကို မကြည့်ပဲ (တကယ် အစဉ်အဆက် နေလာခဲ့သူတွေကို) နိုင်ငံသားပေးတာကမှ ဘာသာရေးဘက်လိုက်မှု ကင်းတာပါ။

    နောက်တခုက ဘင်္ဂလားဒေ့ရှ်ဟာ ဘာသာရေးအရ အစွန်းရောက်လွန်းတယ်၊ ဘက်လိုက်တယ်လို့ တချို့က ပြောကြပေမယ့် (((ညီမလေးကတော့ အစိုးရပိုင်းမှာ အမတ်ဖြစ်ပါတယ်။ ကျွန်မ အမျိုးသားကတော့ အစိုးရ ဝန်ထမ်း မဟုတ်ပေမယ့်လို့ လူ့အခွင့်အရေး ဘောင်ထဲကနေပြီးတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံမှာ ရခိုင်တွေ အပါအဝင် တခြား ဗုဒ္ဓဘာသာတွေရဲ့ ကျန်းမာချမ်းသာရေး၊ ဘေးအန္တရာယ်က လွတ်မြောက်ရေး အတွက် အချိန်ပြည့် ကြိုးစားနေကြတာ ရှိပါတယ်။))) ဆိုတော့ကာ သူတို့ကို ဟိုမှာ အမတ်ဖြစ်ခွင့် ဘာလို့ ပေးရသလဲ။ (ဒီနေရာမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ကောင်းလှပြီလို့ ပြောချင်တာ မဟုတ်ပါ။ မြန်မာနိုင်ငံနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံတည်း ယှဉ်ကြည့်ရုံ သက်သက်ပါ။) ဘာလို့ သူတို့ကျတော့ ဟိုမှာ လူ့အခွင့်အရေးစကား ပြောခွင့်ရှိပြီး ဟိုလူတွေကျတော့ ဒီမှာ လူ့အခွင့်အရေးစကား ပြောခွင့် မရှိရတာလဲ။]

    စာမျက်နှာ ၂၇မှာ ဂျာနယ်ထဲမှာ

    ချစ်မောင်…..ကာ့က်စ်ဗဇား (ဖလောင်းချိတ်)၊ ပန်းဝါ၊ အဝကျွန်းတို့က ရခိုင်တွေရဲ့ အခြေအနေကော။

    စောမြရာဇာလင်း —- အဲဒီကလူတွေက ကျွန်မတို့ဆိုရင်လဲ ဘင်္ဂလားဒေ့ရှ်က လူတွေနဲ့ ခင်ခင်မင်မင်ပဲ။ ကျွန်မတို့လည်း လေးစားတယ်။ ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေးအတွက် အရမ်းဂရုစိုက်တယ်။ ပုလိပ်တွေ ဆိုရင်လည်း အရမ်းဂရုစိုက်တယ်။ လူထုကို အရမ်းအကာအကွယ် လုပ်ပေးတယ်။ ဒီလောက်လူဦးရေများတဲ့ တိုင်းပြည်မှာ လူထုကို အရမ်းဂရုစိုက်တယ်။ အခုကတော့ ကျွန်မတို့ကို နိုင်ငံတော် အေးချမ်းသာယာရေး အဖွဲ့ကနေပြီးတော့ ငြိမ်းချမ်းရေး ဖော်ဆောင်ကြမယ်၊ ဆွေးနွေးကြမယ်၊ တိုင်ပင်ကြမယ် ဆိုပြီးတော့မှ ခေါ်လာတဲ့ အတွက်ကြောင့်မို့လို့ ကျွန်မတို့ဘက်ကလည်း အပြုသဘောဆောင်ပြီးတော့မှ ငြိမ်းချမ်းရေးအဆင့် လက်မှတ်ထိုးထားတယ်။ ငြိမ်းချမ်းရေးရဖို့ ကျွန်မတို့ ကြိုးစားနေတယ်။ နိုင်ငံတော် အစိုးရနဲ့ ကျွန်မတို့နဲ့ ငြိမ်းချမ်းရေး ရလာတဲ့ အချိန်မှာ ကျွန်မတို့ရဲ့ အနေအထားတွေကို အကုန်လုံး အစိုးရနဲ့ စားပွဲပေါ်မှာ ဆွေးနွေးရမယ့် အနေအထားတွေ ရှိနေပါသေးတယ်။

    ဖြစ်ချင်တာကတော့ရခိုင်ပြည်နယ်ထွက်တဲ့ သဘာဝ သယံဇာတ ဓါတ်ငွေ့တွေ ကိုလည်း ရခိုင်ပြည်နယ်အတွက် လိုချင်ကြမှာပါပဲ။

    ကျနော် ဆက်ပြီး ပြောချင်တာတွေက ….ဒီမေးခွန်းတွေ ဖြေထားတုန်းက အဲဒီ့ အချိန်မှာ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာတွေကို အကြမ်းဖက်မှု မကျူးလွန်သေးတဲ့ အချိန်ပါ။ ဒါကြောင့်မို့ ဒေါ်စောမြရာဇာလင်းက အေးအေးဆေးဆေးပဲလို့ ပြောသွားတာ ဖြစ်လိမ့်မယ်။ ဒီနေရာမှာ နှိုင်းယှဉ်ကြည့်ချင်တာက အစိုးရတွေ၊ နိုင်ငံရေးခေါင်းဆောင်တွေရဲ့ ပြုမူပုံပါ၊ ဘင်္ဂလားဒေ့ရှ်မှာ အကြမ်းဖက်မှုတွေ မဖြစ်ခင် အချိန်မှာ ဒေါ်စောမြရာဇာလင်း ကိုယ်တိုင် ဖြေထားတာက “ဘင်္ဂလားဒေ့ရှ် အစိုးရက လုံခြုံရေးအတွက် အရမ်းဂရုစိုက်တယ်။ ပုလိပ်တွေ ဆိုရင်လည်း အရမ်းဂရုစိုက်တယ်။ လူထုကို အရမ်းအကာအကွယ် လုပ်ပေးတယ်။ ဒီလောက်လူဦးရေများတဲ့ တိုင်းပြည်မှာ လူထုကို အရမ်းဂရုစိုက်တယ်။” ဆိုတာပါပဲ။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်မှာ ဘင်္ဂါလီ မွတ်စလင်တွေက ဘင်္ဂါလီ ဗုဒ္ဓဘာသာဝင်တွေအပေါ် အကြမ်းဖက်မှု၊ သတ်ဖြတ်မှု ဖြစ်ပြီးသွားတဲ့ အခါမှာဆိုရင်… ဘင်္ဂလားဒေ့ရှ်က နိုဗယ်ဆုရှင် Muhammad Yunus က မွတ်စလင်။ (ဒီနေရာမှာ သူကိုးကွယ်တဲ့ ဘာသာကို ထည့်ရေးတာက ကိုးကွယ်ရာ ဘာသာတူခြင်း မတူခြင်းက လူ့အခွင့်အရေး ကိစ္စကို ထုတ်ပြောတဲ့အခါမှာ အဓိက မကျဘူး။ ကိုယ့်ဘာသာဝင်ဖြစ်မှ လူ့အခွင့်အရေး ရထိုက်တာ မဟုတ်ဘူး ဆိုတာကို ထောက်ပြချင်တာပါ။) Muhammad Yunus က မွတ်စလင်တွေရဲ့ အကြမ်းဖက်ခြင်း ခံလိုက်ရတဲ့ ဗုဒ္ဓဘာသာတွေ ဘက်က ရပ်တည်ပြောဆိုခဲ့တယ်။ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် အမျိုးသမီးလည်း ထိုနည်းတူစွာပဲ။ အဲဒီ့ အကြမ်းဖက်သမားတွေကို ဝေဖန်ပြစ်တင်ခဲ့တယ်။ ပျက်သွားတဲ့ ဘုရားတွေအတွက်လည်း ပြန်ပြင်ပေးမယ်လို့ ကတိပေးတယ်။ ဒုက္ခသည်တွေကို ဂရုစိုက်တယ်။ အကူအညီတွေကိုပေးတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုမှာ တာဝန်အရှိဆုံး သူတွေကို အရေးယူ ဖြေရှင်းမယ်လို့ ဆိုတယ်။ လူအချင်းချင်း လူမျိုးရေး ပဋိပက္ခဆိုတာ ရှုတ်ချထိုက်ပေမဲ့ လုံးဝမလိုလားအပ်ပေမဲ့ လူတွေကြားမှာ ဖြစ်တတ်ပါတယ်။ ဒီနေရာမှာ နိုင်ငံတကာက မြန်မာနိုင်ငံကိုပဲ ပိုပြီး ဝေဖန်တယ် ဆိုတာက မြန်မာနိုင်ငံက အစိုးရကပါ နှိပ်ကွပ်သူထဲမှာ ပါတာရယ်၊ ကိုင်တွယ်ပုံ ညံ့တာတွေ၊ ဖြစ်ခါစမှာ နိုင်ငံတကာ သတင်းထောက်တွေ၊ နိုင်ငံတကာ ကော်မရှင်တွေကို ပေးမဝင်ရဲ တာတွေရယ်ကြောင့်ပါ။ OIC ကို ပေးဝင်ဖို့ ပြောတာ မဟုတ်ပါ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ ကုလသမ္မဂ္ဂအဖွဲ့တွေကိုပါ ပေးမဝင်ရဲတာတွေ ကြောင့်ပါ။ ထိုနည်းတူ ဘင်္ဂလားဒေ့ရှ်မှာကျတော့ အစိုးရနဲ့ နိုင်ငံရေး သမားတွေက လူနည်းစု ဗုဒ္ဓဘာသာဝင်တွေကို တတ်နိုင်သမျှ ကာကွယ်ပေးဖို့ ကြိုးစားနေချိန်မှာ မြန်မာပြည်မှာကျတော့ မုန်းတီးရေး သွေးထိုးနေတာတွေ၊ ပြည်တွင်းမီဒီယာတွေက တဘက်ရဲ့ ပုံတွေသတင်းတွေကို လုံးဝ မဖော်ပြပဲ အလွန်အမင်း ဘက်လိုက်တာတွေကြောင့်ပါ။

    ဒီနေရာမှာ တခုရှိတာက ရခိုင်တွေကို ဝါးလုံးရှည်နဲ့ သိမ်းကြုံးရမ်းမယ့် သူတွေကိုလည်း လုံးဝမနှစ်မြို့ပါ။ အပြင်းအထန် ဆန့်ကျင်ပါတယ်။ Anti-Rakhine တွေကိုရော Anti-Rohingya တွေကိုပါ ကျနော် မလိုလားပါ။ နှစ်ဘက်စလုံးမှာ လူဆိုးတွေ အစွန်းရောက်တွေ ရှိသလို အပြစ်ကင်းသူ လူကောင်းတွေလည်း ရှိပါတယ်။ အကုန်သိမ်းကြုံးပြောခြင်းက အမြင်ကျယ်သူ၊ မျှတသူ၊ ဘက်မလိုက်သူတွေကိုပါ စော်ကားသလို ဖြစ်စေပါတယ်။ မြန်မာ တချို့ မကောင်းရုံနဲ့ လူမျိုးအလိုက် စော်ကား တံဆိပ်ကပ်တာဟာလဲ အမြင်ကျဉ်းမြောင်းခြင်းပါပဲ။

    နောက်တခုက ကျနော် ဖတ်မိတဲ့ post တခု ရှိတယ်။ ရိုဟင်ဂျာတွေသာ ဗုဒ္ဓဘာသာတွေချည်း ဆိုရင် ရခိုင်နဲ့ ရိုဟင်ဂျာတွေ တည့်နေမှာပဲ ဆိုတဲ့ပို့စ်ပါ။ အဲဒါကို ကျနော် လက်မခံပါဘူး။ လူတွေပြောနေကြသလို ဘာသာရေး ကိစ္စ သက်သက် ဆိုတာကလည်း မဟုတ်ပါဘူး။ ဘာသာရေး ခွဲခြားမှု ပါတယ် ဆိုတာတော့ ဟုတ်ပါတယ်။ ဒါပေမဲ့ အဲဒီ့ထက် ပိုပြင်းပါတယ်။ အသားအရောင် ခွဲတာတွေ၊ ဆင်းရဲချမ်းသာ ခွဲတာတွေပါ ပါပါတယ်။ ပထမဆုံး စဉ်းစားကြည့်ရင် ဒီအင်တာဗျူးအရဆိုရင် မွတ်စလင်တွေကို အပြင်းအထန် မုန်းလွန်းတယ် ဆိုရင် ဘင်္ဂါလီတွေကို အပြင်းအထန် မုန်းတယ်ဆိုရင် ဘင်္ဂလားဒေ့ရှ်မှာ သွားနေကြမှာ မဟုတ်ပါ။ အခုတော့ ကိုယ့်ထက်သာတဲ့ ကိုယ့်ထက် power ကြီးသလို ဖြစ်နေတဲ့ ဟိုဘက်က အာဏာပိုင်တွေ၊ သူဌေးတွေနဲ့ကျတော့ တည့်ပြီး၊ အတူတူ သွားနေနေပြီး ဆင်းရဲတဲ့သူတွေကိုကျမှ ရွေးမုန်းသလို ဖြစ်နေတယ်။ နောက်တခုက လူမျိုးခွဲတာ၊ အသားအရောင် ခွဲတယ်ဆိုတာကလည်း တခြားနိုင်ငံတွေမှာပါ (ဘာသာတူပေမဲ့)ခုချိန်ထိ ရှိနေဆဲ ကိစ္စပါ။ ဒီတော့ ဘာသာရေးသက်သက်တင် မဟုတ်ပါ။ ဆဲတာကိုပဲ ကြည့်ပါ။ စောက်မွတ်စလင် လို့ ဆဲတဲ့သူထက် စောက်ကုလားလို့ ဆဲမယ့်သူက ပိုများပါတယ်။ (တကယ်ကတော့လူမျိုးအရရော ဘာသာအရပါ သိမ်းကြုံးပြီး မဆဲသင့်ပါ) ကုလားတွေ အကုန်လုံး ဗုဒ္ဓဘာသာဖြစ်သွားဦးတော့ အမြင်ကျဉ်းကြရင် လူမျိုးရေး ခွဲခြားမှု၊ အသားအရောင် ခွဲခြားမှု အနေနဲ့ ပြဿနာတွေက ဆက်ရှိနေမှာပါ။ ဘာသာတူလာလို့ မုန်းသူအရေအတွက် နည်းနည်းလျော့သွားရင်တောင် ခွဲခြားမှုကတော့ ဆက်ရှိမှာပါ။ အဲဒါကို သိသာစေဖို့ ပန်းသေးတရုတ်(မွတ်စလင်) အသားဖြူဖြူ တယောက်နဲ့ ဟိန္ဒူကုလားအသားမည်းမည်း တယောက်ကိုပဲ ယှဉ်စဉ်းစားကြည့်ပါ။ မခင်သေးတဲ့ တရုတ်ပန်းသေး မွတ်စလင်နဲ့ မခင်သေးတဲ့ ဟိန္ဒူကုလားတယောက်။ ကျနော်တို့ဆီမှာ အများစုက (အကုန်လုံးတော့ မဟုတ်ပါ) ပန်းသေးတရုတ်ကို မွတ်စလင်ဖြစ်ပေမယ့် ဟိန္ဒူအသားမည်း ကုလားထက် ပိုပြီး လက်ခံကြပါလိမ့်မယ်။ အသားမည်းမည်း မွတ်စလင်ဆိုရင်တော့ ပိုပြီး လက်မခံကြတဲ့သူ များပါလိမ့်မယ်။ဒါကြောင့် အခုဖြစ်နေတဲ့ ပြဿနာတွေက ဘာသာရေး သက်သက်ထက် ပိုပြင်းပါတယ်။

    ရုပ်ရည်ကို မူတည်ပြီး ခွဲခြားပုံကို ပြောရရင်  ဘောလုံးသမားချင်း အတူတူတောင်  ဇီဒိန်းလို မွတ်စလင် ဘောလုံးသမားထက်  အသားမည်းတဲ့ African ဘောလုံးသမားမျိုးကို တချို့က စောက်ကုလားဆိုပြီး ဆဲတတ်ကြတာမျိုးပါ။

    ဆက်စပ်ပြီး စဉ်းစားလို့ရအောင် ကျနော် အရင်က ရေးထားခဲ့ဟာတွေကိုလည်း အောက်မှာ copy လုပ်ပြထားပါတယ်။

    “နောက် ကိုယ့်အိမ်ကိုယ် မီးရှို့တယ်ဆိုတဲ့ ကိစ္စကလည်း ပြောရတာ အက်ကြောင်းထပ်နေပြီ။ ဦးမျိုးကျော် ဆိုတဲ့သူပြောလို့ သူပြောတဲ့အတိုင်း ရေးတာပါဆိုရင် သူပြောသလောက်ပဲ ရေးတော့မှာလား။ နောက်ဆုံးပိတ် တခြား observation မလုပ်နိုင်ဘူးဆိုရင်တောင် ဦးမျိုးကျော်ကိုတော့ မေးခွန်းပြန်ထုတ်သင့်တာပေါ့။ ဥပမာ… ရေးထားတာက“မိမိတို့ နေအိမ်ကို မိမိ ကိုယ်တိုင် စတင် မီးရှို့ခြင်း အပြင် ရခိုင်လူမျိုးများ၏ နေအိမ် များကိုပါ စတင် မီးရှို့ ခဲ့ရာမှ ဖြစ်ပွား ခဲ့သည်ကို တွေ့ရှိ ရပြီး ယင်းဖြစ်စဉ် များကို ကြည့်လျှင် ပဋိပက္ခ များ ဖြစ်ပွား လာရခြင်း မှာ ပြည်ပ နိုင်ငံခြား အဖွဲ့အစည်း များ၏ ပယောဂ ကြောင့် ဖြစ်သည်ဟု ယုံကြည်ကြောင်း” လို့ ရေးထားတော့ သူက ပြောလာရင် ပြန်မေးလို့ ရတာတွေက …ရခိုင်တွေအိမ်ကိုပါ မီးလောင်အောင်လို့ သူတို့က ရှို့တာလား (ဒါဆိုရင်တော့ လူမျိုးနှစ်မျိုးလုံး ရောနေကြတဲ့ ရပ်ကွက်မျိုးမှာမှ အဓိပ္ပါယ်ရှိမယ်။ ရခိုင်သက်သက် မွတ်စလင်တွေသက်သက် နေတဲ့ ရပ်ကွက်မျိုးဆိုရင် ရှို့ရင် ရှို့တဲ့သူရဲ့ရပ်ကွက်ပဲ မီးလောင်မှာပေါ့။ သူတို့အိမ် သူတို့ ရှို့တယ်ဆိုတာကို ဦးမျှိုးကျော်က သူကိုယ်တိုင်မြင်လိုက်၇တာလား။ ဘယ်သူက ပြောတာလဲ။ တယောက်ယောက်က တကယ် မျက်မြင် တွေ့လိုက်တာလား။ တမင်လုပ်ကြံဖန်တီးထားတဲ့ ပါးစပ်သတင်းလား။…အိမ်မီးလောင်သွားတဲ့ မွတ်စလင်တွေကရော ဘာပြန်ပြောလဲ? အဲဒါမျိုးတွေကို သေချာမေးဖို့နဲ့observation လုပ်ဖို့ လိုပါတယ်)”

    “တကမ္ဘာလုံးက သတင်းဌာနတွေ အကုန်မှားပြီး ပြည်တွင်းသတင်းဌာနတွေလောက်ပဲ မှန်တယ်ဆိုတာ သဘာဝကျရဲ့လား ။ တကမ္ဘာလုံး မှားနေတယ်ဆိုရင်  မြန်မာနိုင်ငံကိုပဲ (မွတ်စလင်မဟုတ်တဲ့ နိုင်ငံတွေကပါ) ဘာအညှိုးနဲ့ ဆန့်ကျင်နေ၇တာလဲ။ ကြားနေအဖွဲ့အစည်းဖြစ်တဲ့ လူ့အခွင့်အရေးအဖွဲ့တွေ၊ ကုလသမ္မဂ္ဂက ကိုယ်စားလှယ်တွေ သာမက အယ်လ်ခိုင်းဒါကို ချေမှုန်းလေ့၇ှိတဲ့ အမေရိကန်ကပါ ဒီကိစ္စကျမှ ဟိုဘက်ကို တခြားဘက်ကို ဘက်လိုက်နေကြတယ်ဆိုတာ ဖြစ်နိုင်သလား? OIC ကို ဆန့်ကျင်တာက ထားပါတော့။ ကင်တားနားက အစ ဆန့်ကျင်ရလောက်အောင် အမှန်တကယ် ဘက်လိုက်နေကြပြီလား။ OIC ကို လက်မခံတာက ထားတော့။ ဘာလို့ ကုလသမ္မဂ္ဂ ဦးဆောင်တဲ့ စုံစမ်းစစ်ဆေးရေး အဖွဲ့ကို အဝင် မခံရဲရတာလဲ။ ဟိုလူတွေဟာ ဘင်္ဂလားဒေ့ရှ် နိုင်ငံသားသာ ဆိုရင် ဘာလို့ ဘင်္ဂလားဒေ့ရ်ျက သူတို့ကို ပြန်မောင်းထုတ်ရတာလဲ။ သူတို့မှာ ဟိုဘက်နိုင်ငံသား ဖြစ်ကြောင်း အထောက်အထားသာ ရှိရင် ဘင်္ဂလားဒေ့ရှင်္ အစိုးရက ပြန်လက်မခံရင် ကမ္ဘာကလည်း ဘင်္ဂလားဒေ့ရှ်ကို ဝိုင်းပြောမယ့် အပြင် ဘင်္ဂလားဒေ့ရှ်အတိုက်အခံတွေကပါ သူတို့ အစိုးရကို အပြစ်တင်မယ်ထင်တယ်။ အခု ဘာကြောင့် အပြစ်မတင်ကြတာလဲ။ မြန်မာနိုင်ငံကိုပဲ ဝိုင်းအညှိုးထားနေတာလား။ လဝက က လာဘ်စားတာကသာ အဓိက အကြောင်းရင်းဆိုရင် လဝက ကို ထိုးရတဲ့ လာဘ်ဆိုတာက မြန်မာအစစ်ဆိုရင်တောင် မနည်းထိုးရတာ။ ဒီတော့ အဲလောက်မှ ပိုက်ဆံရှိနေရင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသားအဖြစ် ဟိုမှာ မနေဘဲ ဘာလို့ မြန်မာပြည်မှာ နိုင်ငံမဲ့အဖြစ် ဒုက္ခလာခံနေကြတာလဲ?”

    တရားမဝင် ခိုးဝင်လာသူ စီးပွါးရေးသမား အနည်းငယ်တော့ ၇ှိလိမ့်မယ်။ တကယ်လို့သာ့ ဒီမှာမွေးလာပြီး ဘိုးဘွားတွေ လက်ထက်က နိုင်ငံသားရပြီးမှ ခုမှ ပြန်နှင်ထုတ်ခံရတာဆို ဘယ်လိုလုပ်မလဲ? ဥပမာ ပေးရရင် …ကိုယ့်မျိုးဆက်မှာ စင်ကာပူဖြစ်ဖြစ် အနောက်နိုင်ငံဖြစ်ဖြစ် သွားအခြေချပြီးခါမှ နောက်မျိုးဆက် ကိုယ့် မြေးမြစ်တွေကျမှ အဲဒီ့နိုင်ငံအစိုးရတွေက ကိုယ့် next generation တွေကို နိုင်ငံသား အဖြစ်ကနေ ပြန်ရုပ်သိမ်းရင် သူတို့ ဘယ်နိုင်ငံမှာ သွားနေရမလဲ? ဘယ်နိုင်ငံက လက်ခံမှာလဲ?ကိုယ် အဲ့လိုလူ ဖြစ်ရင်ရော ကိုယ့် မြေးမြစ်တွေ အတွက် ဘယ်လို ခံစားရမလဲ?အဲလိုလူတွေကို ကျူးကျော်သူလို့ ခေါ်ရင် သူတို့ဟာ မွေးရာပါ ကျူးကျော်သူတွေပဲ ဖြစ်လိမ့်မယ်။ မွေးလာခြင်းကိုက ကျူးကျော်မှု၊ ရာဇဝတ်မှု ဖြစ်နေလိမ့်မယ်။ ဒါပေမဲ့ တဘက်မှာ သူတို့ထဲကပဲ ဖြစ်ဖြစ်၊ တခြားလူမျိုးကပဲဖြစ်ဖြစ် အကြမ်းဖက်လာရင်တော့ အရေးယူအပြစ်ပေးရမှာ နိုင်ငံတကာ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ (အကြမ်းဖက်သူကိုပဲ) နှိမ်နင်းရမှာက တပိုင်းပါ။

    ကောင်းကင်ကို
    စာရေးသူထံမှ ခွင့်ပြုချက်တောင်းခံပြီးဖော်ပြပါသည်။