News @ M-Media
Blog
  • မော်စကိုတွင် မွတ်စလင်များအတွက် ဗလီအသစ်များ ဆောက်ပေးရန်  ရုရှအစိုးရသဘောတူ
    မော်စကိုတွင် မွတ်စလင်များအတွက် ဗလီအသစ်များ ဆောက်ပေးရန် ရုရှအစိုးရသဘောတူ
    ဒီဇင်ဘာ ၁၈၊ ၂၀၁၂
    M-Media
    ဗလီဝတ်ကျောင်းမလုံလောက်သဖြင့် လမ်းမပေါ်တွင် ဝတ်ပြုနေရသော ရုရှ မွတ်စလင်မ်များ
    ရုရှားနိုင်ငံ မြို့တော် မော်စကိုတွင် အများပြည်သူ၏ မဲပေးမှု အပေါ် မွတ်စလင်များ ၀တ်ပြုရန် ဗလီဝတ်ကျောင်းတော် အသစ်များ တည်ဆောက်ပေးရန် အစိုးရ သဘောတူလိုက်သည်။
    ဒေသဆိုင်ရာ အာဏာပိုင်များက မွတ်စလင် လူ့အဖွဲ့အစည်း၏ ဘာသာရေးဆိုင်ရာ လိုအပ်ချက်ကို ကူညီပေးရန် ဗလီဝတ်ကျောင်းတော်သစ် ခြောက်လုံး တည်ဆောက်ပေးမည်ဟု ပွင့်လင်းစွာ ပြောကြားလိုက်သည်။
    မော်စကိုအစိုးရက နောက်ဆုံးအတည် မပြုရသေးသော်ငြားလည်း ရုရှားနိုင်ငံရဲ့ ဥရောပတိုက်ဘက် အခြမ်းမှာ ရှိတဲ့ တောင်ပိုင်း Butovo , Lyublino နဲ့ Shosse Entuziastov ဘူတာအနီး ထိုသုံးနေရာတွင် ဗလီများဆောက်ပေးရန် သဘောတူညီပြီး ဖြစ်သည်ဟု Interfax သတင်းဌာနသို့ အတည်ပြု ပြောကြားလိုက်ပါသည်။အစ္စလာမ့်အဖွဲ့အစည်များ၏ အခြားနေရာများတွင် ဗလီ တည်ဆောက်ရေး အတွက် တောင်းဆိုမှုများကိုလည်း ဆက်လက်စဉ်းစားသွားမည်ဟု မော်စကိုမြို့တော်ဝန်ရုံး က ပြောကြားခဲ့ပါသည်။
    “မော်စကို တမြို့တည်းမှာတင် မွတ်စလင် လူဦးရေ  အနည်းဆုံး (၁.၅) သန်း ရှိပါတယ် ။ ကျွန်တော်တို့ အဲ့လူဦးရေကို (၁၀) ပိုင်း ပိုင်းတယ်ဆိုရင် တောင် မွတ်စလင်ဦးရေ တစ်သိန်းခွဲမှာ လူဦးရေ (၁၅၀၀)ဆန့်တဲ့ ဗလီတစ်လုံး အနည်းဆုံးလိုပါတယ်” ဟု Russian Council of Muftis ၏ ဥက္ကဌဖြစ်သူ Sheikh Ravil Gainutdin က ထပ်လောင်းပြောကြားခဲ့ပါသည်။
    “မော်စကိုမှာ မွတ်စလင်ဦးရေများပြီးတော့ ဗလီနည်းနည်းပဲ ရှိပါတယ်။ ရုံးပိတ်ရက်များဆိုရင် မွတ်စလင်များအတွက် နေရာမလောက်ပါဘူး ။ အဲဒါကြောင့် ဗလီများများရှိဖို့ လိုအပ်ပါတယ်။ ဟုတ်ပါတယ် ။ ဗလီဆောက်မည့် နေရာများတွင်နေထိုင်နေတဲ့ ဒေသခံပြည်သူများရဲ့ သဘောထားကိုလည်း လက်ခံကောက်ယူသွားမှာပါ” ဟု ရုရှားလူ့အခွင့်အရေး အဖွဲ့အစည်းနှင့် မော်စကို Helsinki Group ၏ ဥက္ကဌဖြစ်သူ Lyudmila Alekseyeva က ပြောကြားခဲ့ပါသည်။
    “အခုဆိုရင် မော်စကို မြို့ မှာဆို Butovo  ၊  မော်စကို အစ္စလာမ့်တက္ကသိုလ်ရှိတဲ့ Lyublino နဲ့ အစ္စလာမ့်ယဉ်ကျေးမှု ပြတိုက် တည်ဆောက်မည့် Shosse Entuziatov ဆိုတဲ့ ဒီနေရာသုံးခုမှာ ဗလီတစ်လုံးစီ ရှိလာတော့မှာပါ”ဟု Gainutdin က Izvestiya သတင်းသို့ ပြောကြားခဲ့ပါသည်။
    ရုရှားပြည်ထောင်စု တွင် အထူးသဖြင့် Caucasus ဒေသ မြောက်ပိုင်းတွင် မွတ်စလင်လူဦးရေ (၂၃)သန်းရှိပြီး ယေဘုယျအားဖြင့်ဆိုသော် နိုင်ငံ စုစုပေါင်းလူဦးရေ (၁၄၅) သန်း ၏ (၁၅) ရာခိုင်နှုန်းရှိပါသည်။
    ရုရှားနိုင်ငံတွင် Orthodoxy ခရစ်ယာန်ဘာသာပြီးလျှင် အစ္စလာမ်ဘာသာသည် နိုင်ငံ၏ ဒုတိယမြောက်ကိုးကွယ်မှု အများဆုံး ဘာသာဖြစ်သည်။                ။
    ကိုးကား။ ။ http://www.onislam.net
  • ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်တည်လာသော အငုံ့ကြောက်စိတ်
    ခေတ်ဆိုး စနစ်ဆိုးကြောင့် ဖြစ်တည်လာသော အငုံ့ကြောက်စိတ်
    အောက်တိုဘာ၊ ၃၀၊ ၂၀၁၂
    M-Media
    မိုးရဲဆောင်းရဲ
    တွေးမိတွေးရာလေးတွေပါ…
    ဇွန်လ ရခိုင် တောင်ကုတ်ကိစ္စတွေအပြီး ဇွန်လ ၁၀ ရက်နေ့မှာ မလေးရှား ကွာလာလမ်ပူကို Financial Training တခု သွားတက်ရပါတယ်… လွန်ခဲ့တဲ့ ၂လလောက်ကတည်းက စာရင်းသွင်းငွေသွင်းပီးသား Training ပါ… အတူသွားရတာက ဗုဒ္ဒဘာသာ ညီမလေးတစ်ယောက်နဲ့ပါ… အဲဒီ ညီမလေးနဲ့လက်ထပ်မယ့် ရခိုင်သားမောင်လေးက လေဆိပ်မှာကျွန်မကိုအထပ်ထပ် အပ်ပါတယ်…
    “အစ်မ စိတ်ချမယ်နော်… ကျွန်တော့်ညီမလေးကို အမလက်ထဲအပ်ပါတယ် စောင့်ရှောက်ပေးပါတဲ့…”
    ကျွန်မတို. Ampang Point နားမှာ တည်းပါတယ်… Training နေရာက Myanmar Embassy နားက Lanson Place Ambassador Row Residences မှာပါ… ရောက်တဲ့ညမှာပဲ ရခိုင်တွေကိုမလေးမွတ်စလင်တွေက ဓါးနဲ့လိုက်ခုတ်တယ်… အဲနောက်တော့ မဟုတ်ဘူး မွတ်စလင်တွေကိုရခိုင်တွေကလိုက်သတ်တာ ဆိုပီးသတင်းတွေကြားပါတယ်… ကျွန်မတို့တည်းတဲ့ Ampang နားမှာလည်း ရခိုင်တွေနေတာ များတယ်လို့လည်း သိရပါတယ်… မနက် မိုးလင်းတော့ မနက်စာကို ဟိုတယ် အောက်ထပ်က ဟိုတယ် စားသောက်ဆိုင်မှာ စားရပါတယ်…
    ကျွန်မနဲ့အတူသွားတဲ့ ညီမလေးက မျက်စိမျက်နှာပျက်ပီး မစားနိုင်ပါဘူး… မြန်မြန်သွားရအောင်လို့ပဲ လောနေပါတယ်… ဘာဖြစ်လို့လဲညီမလေး ဆိုတော့ ညီမလေးက ဗမာဆိုတော့ မလေးမွတ်စ်လင်တွေ ဓါးနဲ့လာခုတ်မှာ ကြောက်လို့တဲ့… ပြီးတော့ မှတ်တိုင်၂ခုလောက်ပဲရှိလို့ ဘတ်စ်နဲ့သွားရအောင်ဆိုတာကို မွတ်စလင် ကြားထဲမသွားရဲဘူးမမ… Taxi နဲ့ပဲသွားရအောင်… ညီမလေးကိုဗမာဆိုပီးတခုခုလုပ်လိုက်မှာ ကြောက်လို့တဲ့… ကျွန်မကိုတောင် သူကပြောလိုက်သေးတယ် မမက မြန်မာပြည်မှာဆိုရင်တော့ မွတ်စ်ပေါ့တဲ့ ဒါပေမယ့်မလေးမှာတော့ မမကဗမာပြည်ကလာတာပဲ… မမလည်းသတိထားပါတဲ့… ကျွန်မတောင် ကြောက်ချင်သလိုလို ဖြစ်သွားပါတယ်… ဒါနဲ့ပဲ မလေးတကျပ်လောက်ကုန်မယ့် ခရီးကို နေ့တိုင်း ၁၅ကျပ်လောက် အကုန်ခံပီး Taxi နဲ့သွားရပါတယ်…
    Twins Tower သွားရအောင်ဆိုလဲ သူ့မှာကြောက်… သူဘာဆောင်ထားလဲဆိုတော့ ပုဝါလေးတထည် ဆောင်ထားပါတယ်… ဘာလုပ်တာလဲ ညီမလေးဆိုတော့ ဆန္ဒပြတဲ့လူအုပ်တွေ့ရင် ကုလားမလေးနဲ့တူအောင် ပုဝါခြုံမလို့တဲ့… ကျွန်မမှာ ငိုအားထက်ရီအားသန် ဖြစ်ရပါသေးတယ်… ကျွန်မတို့Training တက်မယ့်ဟိုတယ်နားက Myanmar Embassy ကို ဆန္ဒလာပြမယ်လို့ ကြားနေတာကိုး…
    ကျွန်မတို့ကလည်း ကွာလာလမ်ပူမှာလည်မယ်ဆိုပီး လက်မှတ်ကို Training ပြီး ၂ရက်နေမှပြန်မယ်ဆိုပီးကြိုဖြတ် ထားကြတော့ဒုက္ခများပါလေရော… လက်မှတ်ကလည်း ရက်ပြောင်းချင်ရင် ၄၂ ဒေါ်လာ ထပ်ပေးရမယ်တဲ့… နှမြောလည်းနှမြော လည်လဲလည်ချင်တယ်ဆိုတော့ အဲဒီညီမလေးမှာ ကြောက်လို့ မြို့ထဲမှာမလည်ရဲရှာပါ… မြို့ပြင်ဖြစ်တဲ့ Sunway Lagoon ကိုတရက် Genting Highland ကိုတရက်သွားခဲ့ရပါတယ်… သောကြာနေ့က Sunway မှာ တနေကုန်နေကြပီး သံရုံးရှေ့မှာဆန္ဒပြပွဲတွေပြီးပြီဆိုမှ ကျွန်မတို့ပြန်လာခဲ့ကြပါတယ်…
    ဒီညီမလေးက အလကား ရှာကြံကြောက်နေတာလို့ ကျွန်မအပြစ် မတင်ရက်ပါဘူး… ဒါဖြစ်လေ့ဖြစ်ထရှိတတ်တာပဲ…
    ဒီလိုနဲ့ရက်တွေကြာလာ လတွေကြာလာပြီးတော့ အခုရက်ပိုင်းမှာပြသနာတွေကပိုပိုဆိုးလို့လာပါတယ်… ကြားရတဲ့သတင်းတွေ ဒုက္ခတွေကြောင့် ကျွန်မတို့တွေလဲ Stress တွေအင်မတန်များကြပါတယ်… အိပ်ရေးတွေပျက်ပါများလို့ ဒီနေ့ကျွန်မ ခွင့်ယူလိုက်ပါတယ်… နားမလို့ပါဆိုကာမှ ရုံးကအရေးကြီးလို့ဖုံးဆက်ခေါ်ပါတယ်… ကျွန်မလည်း နေ့လည်ထမင်းစားပီးမသွားမဖြစ် သွားရပါတယ်… ထုံးစံအတိုင်း အလုပ်တွေ ရှုပ်နေလို့ ည ၇ နာရီမှာ Taxi နဲ့ပြန်လာပါတယ်… ကြုံတုန်းကြော်ငြာဝင်ရမယ်ဆိုရင်တော့ ကျွန်မဟာလုံးဝကြောက်တတ်တဲ့ သူမျိုးမဟုတ်ပါဘူး… တခါတခါ ည ၁၀ နာရီaလာက်မှရုံးကနေ အိမ်ပြန်တတ်ပါတယ်… အဲဒီတုန်းကတော့ ကိုယ့်ဟာကိုကားမောင်းပြန်တာပေါ့…
    ဒီနေ့တော့ မိုးချုပ်တဲ့အချိန်မှာ ပထမဆုံး Taxi နဲ့ပြန်တာပါ… သူငယ်ချင်းတွေဆီက ဖုံးတွေကလဲတရစပ် လာနေတော့ ကျွန်မတို့ဘာသာ ထုံးစံအတိုင်း “အပ်စလာမိုအာလိုင်ကွန်း” ဆိုပီးမှ ကျွန်မစကားစပြောတာပေါ့လေ… ဟိုတစ်ယောက်ဆီကလာလိုက် အပ်စလာမိုအာလိုင်ကွန်း ပြောလိုက် … ဒီတစ်ယောက်ဆီဆက်လိုက် အပ်စလာမိုအာလိုင်ကွန်းပြောလိုက်နဲ့ လုပ်နေရင်းဖိတ်စာတခုဝင်ယူစရာရှိလို့ ကားမောင်းသူကို ဘယ်လမ်းကပြန်မှာလဲဟင် ဆိုပီးလှမ်းမေးလိုက်တော့ ကားမောင်းတဲ့ သူက ရခိုင်သံဝဲ၀ဲနဲ့ ဥိးဝိစာရကလို့ဖြေပါတယ်… ကျွန်မ ကျောချမ်းသွားပါတယ်… ကြည့်လိုက်တော့မှ ရခိုင်လူငယ်လေးတစ်ယောက်ပါ ဘာလုပ်ချင်လို့လဲ မာဆတ်ဆတ်နဲ့ သူဆက်မေးတာကို ဘာမှမဟုတ်ပါဘူးဖြေပြီး တစ်ခါမှမဖြစ်ဘူးတဲ့ ကြောက်စိတ်က ဖြစ်လာပါတယ်… တကယ်တော့ သူ့ဟာသူစကားမာဆတ်ဆတ် ပြောတတ်တာလည်း ဖြစ်ချင်ဖြစ်မှာပါ… အမလေး ငါရဲ့ စလာမ်ပေးသံကြားတော့ မွတ်စ်မှန်းသူသိပီပေါ့… င့ါရုပ်ကလဲ ငြင်းလို့ရတာမှမဟုတ်တာ… ငါ့များ တခုခု လုပ်လိုက်ရင်ဒုက္ခ… ခု Taxi အသစ်တွေက တံခါးကို သူတို့ပိတ်လိုက်ရင် ဖွင့်မရဘူး… တနေရာ ခေါ်သွားရင်ဒုက္ခဆိုပြီး… ဘယ်လိုကို ကြောက်မှန်းမသိပါဘူး… မနေ့က မောင်လေးတွေကပြောတယ်… အမတို့ဘာမှမဖြစ်စေရဘူး ဖုံးသာဆက်လိုက်လို့ ပြောတယ်… ငါဖုံးဆက်လိုက်ရင် ကောင်းမလား… Text Message လှမ်းပို့လိုက်ရမလား မသိဘူး လျောက်တွေးနေတုန်း ဟိုဟာလုပ်ရကောင်းနိုးနိုး ဒီဟာလုပ်ရကောင်းနိုးနိုးလျှောက်စဉ်းစားနေရင်းနဲ့ပဲ အိမ်ရှေ့ကိုရောက်လာပါတယ်…
ုပိုက်ဆံလှမ်းပေးလိုက်တော့.. ကျေးဇူုးပဲနော်အမ ဆိုပီး ရခိုင်သံဝဲ၀ဲနဲ့ပြုံးပြ နှုတ်ဆက်သွားပါသေးတယ်… အမလေး ငါ့နှယ်နော် ဖြစ်မှ ဖြစ်ရလေ ဆိုပီးအိမ်ပေါ် လှမ်းတက်လာရင်းမှ ငါဘာလို့ ဒီလို ဖြစ်ရတာလဲဆိုတဲ့ မဆုံးနိုင်တဲ့ အတွေးတွေတစ်သီကြီး တွေးနေမိရင်း ဒီစာလေး ကို ရေးဖြစ်တာပါ…
    ခေတ်ဆိုးစနစ်ဆိုးကြောင့် အငုံ့ကြောက်စိတ်များ ဖြစ်တည်လာခြင်းလို့ပဲ ခေါင်းစဉ် တပ်ပါရစေတော့…
    မိုးရဲဆောင်းရဲ FB စာမျက်နှာမှ
  • လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မြို့ ဦးဆောင်ဆန္ဒပြသူ ၆ ဦး အာမခံဖြင့်လွှတ်
    လက်ပံတောင်းတောင် စီမံကိန်း ရပ်ဆိုင်းရေး ရန်ကုန်မြို့ ဦးဆောင်ဆန္ဒပြသူ ၆ ဦး အာမခံဖြင့်လွှတ်
    ဒီဇင်ဘာ ၁၈၊၂၀၁၂
    M-Media
    ဆောင်းနှင်းမှုံ
    လက်ပံတောင်းတောင် ကြေးနီစီမံကိန်းရပ်ဆိုင်းရေးအတွက် တောင်းဆိုဆန္ဒပြသူတွေထဲက ဦးဆောင်သူ (၆) ဦးကို ရန်ကုန်မြို့ အင်းစိန် အကျဉ်းထောင်မှ ဒီဇင်ဘာ ၁၁ရက်နေ့ က အာမခံဖြင့် ပြန်လည်လွတ်မြောက်လာခဲ့ကြောင်း သတင်းရရှိသည်။
    ထိုနေ့ ၌ ကျောက်တံတားမြို့ နယ် တရာရုံးနှင့် ဗဟန်းမြို့ နယ် တရားရုံးတို့ မှအာမခံဖြင့်လွတ်မြောက်လာကြသူများမှာ ကိုညီညီ (မြန်မာ-မွတ်စလင်) ၊ ကိုရဲလင်း ၊ ကိုဝေဠု ၊ ဦးမျိုးချစ် ၊ နော်အုံးလှ နှင့် ဒေါ်ရှမ်းမ တို့ ဖြစ်ကြပြီး ၄င်းတို့ကို ပုဒ်မ ၁၈၊ပုဒ်မ ၅၀၅/ခ  ပုဒ်မ နှစ်ခုတို့်ဖြင့် တရားစွဲဆိုခဲ့ပြီး အင်းစိန်ထောင်သို့ခေါ်သွားခြင်းဖြစ်ကြောင်းသိရသည်။
        ဦးဆောင်ဆန္ဒပြသူထဲမှတစ်ဦးဖြစ်သော ကိုညီညီက “အမိမြေငြိမ်းချမ်းရေးမစ်ရှင်ကိုယ်စားပြုက ကိုရဲလင်း ၊ ရန်ကုန်ပြည်သူ့  အကျိုးဆောင်ကွန်ယက်ကနေ ကိုယ်စားပြုတာက ကိုဝေဠု ကျွန်တော်က လူ့ အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေး ကွန်ယက် ကနေ ကိုယ်စားပြု လှုပ်ရှားတာပါ။ကျွန်တော်တို့ ဆန္ဒပြရခြင်းရဲ့ အကြောင်း(၃) ချက်ရှိတယ်။ တစ်အချက်က တရုတ်ပြည်သတင်းစာ အာဘော်ဖြစ်တဲ့ မြန်မာပြည်ကို တရုတ်လက်ထဲက ထုတ်လို့မရဘူးဆိုတာရယ် ၊ နှစ်အချက်က လက်ပံတောင်းတောင်မှာ စိုက်ထူထားတဲ့စာထဲမှာ တရုတ် နယ်မြေလို့ရေးထားတဲ့ အကြောင်းရယ်၊ သုံးအချက်က  တရုတ်နိုင်ငံရဲ့ တာဝန်ခံ မြန်မာအစိုးရက ဧရာဝတီ စီမံကိန်းတွေကို ဆက်လက်လုပ်ကိုင်မယ်ဆိုတာရယ်၊ သမ္မတရုံး ဝန်ကြီး ဦးအောင်မင်းပြောတဲ့ ထဲက တရုတ်ကိုကြောက်ရပါတယ်ဆိုတဲ့ စကားရယ် ကြောင့် မြန်မာနိုင်ငံသားတစ်ယောက် အနေနဲ့  လက်မခံနိုင်လို့ ဆန္ဒပြခဲ့တာပါ ”ဟု M-Media သို့ပြောကြားသည်။
    ဆက်လက်ပြီး ကိုညီညီက“ အစ္စလာမ်ဘာသာဝင် တစ်ယောက်အနေနဲ့ ဘာသာရေးရဲ့ အဆုံးအမ လမ်းညွှန်ချက်ဖြစ်သော အမိမြေကို ချစ်မြတ်နိုးရမယ်ဆိုတဲ့ ခံယူချက်ကြောင့်ရော၊ တိုင်းရင်းသား တစ်ယောက်အနေနဲ့ လူထုအကျိုးစီးပွား အတွက်ကြောင့်ရော၊ ခေတ်အဆက်ဆက် မြန်မာမွတ်စလင် တွေဟာ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သလို တိုင်းပြည်အရေးနဲ့ ပတ်သက်လာရင် ရှေ့တန်းက တက်တက်ကြွကြွ ပါဝင်ဆောင်ရွက်သူတွေပါဆိုတဲ့ သမိုင်းအစဉ်အလာကို ဆက်လက်ထမ်းပိုး ခြင်းဖြစ်ပါတယ်လို့ M-Media သို့ပြောကြားသည်။
    နိုင်ငံရေး လှုပ်ရှားမူတွင် ပါဝင်နေသူ ကိုအောင်အောင်က “ကိုညီညီဟာ ဗမာမွတ်စလင် နိုးကြားရေး ကွန်ယက်မှာ ပါဝင်သူ တစ်ဦးဖြစ်တယ်။ NLD ပါတီရဲ့ မအူကုန်းဥက္ကဌ အဖြစ် အဖမ်းမခံရမီ ၃ရက်အရင်က ရွေးချယ်ခံရသူ ဖြစ်တယ်။ကြားဖြတ်ရွေးကောက်ပွဲ ကာလမှာလည်း မင်္ဂလာတောင်ညွှန့် မြို့နယ် ကိုယ်စားလှယ်လောင်း မဖြူဖြူသင်းအတွက် ရွေးကောက်ပွဲ အောင်နိုင်ရေးကို စွမ်းစွမ်းတမံ ဦးစီးဦးဆောင် ဆောင်ရွက်ခဲ့သူ ဖြစ်တယ်”ဟု M-Media သို့ပြောငြားသည်။
    ဆက်လက်ပြီး ၄င်းက “ကိုညီညီ ကဲ့သို့ မွတ်စလင် လူငယ်တွေ များများ ပေါ်ထွက်လာဖို့ မျှော်လင့်တယ်။ကိုညီညီတို့ ကျွန်တော်တို့ မရှိရင် နောက်ပြန်လှည့်ကြည့် တဲ့အခါ မရှိဘူး ဆိုတာမျိုး မဖြစ်ရအောင် အမှန်တရားကို ပြောရဲတဲ့ ရဲဝင့်တဲ့ သတ္တိရှိတဲ့ လူငယ်တွေ အများကြီး လိုအပ်ပါတယ်။ကိုညီညီဟာ ကိုယ်ကျိုးစွန့်ပြီး လုပ်ကိုင်ခဲ့တဲ့ လူငယ်တစ်ဦးပါ”ဟု ထပ်မံM-Media သို့ပြောကြားသည်။
    ကိုညီညီသည် ၈၈ကျောင်းသား အရေးခင်းကာလက အကသ(အခြေခံ ကျောင်းသား သမဂ္ဂ )အဖွဲ့ဝင် တစ်ဦးဖြစ်ကြောင်း သိရသည်။တောင်ကုတ်လူသတ်ပွဲ ဖြစ်ပွားခဲ့စဉ်က တရားဥပဒေ စိုးမိုး ရရှိရေး အတွက် ဦးဆောင်ဆန္ဒပြခဲ့သူ ဖြစ်ကြောင်း သိရသည်။၂၀၀၇ ရွှေဝါရောင် အရေးခင်း ကာလတွင်လည်း အောင်ပွဲရသည့် အချိန်မှ အပြီးသတ် အချေမှုန်း ခံရသည့် အချိန်ထိ ရဟန်းရှင် ကျောင်းသား လူတွေနှင့် အတူ ဦးဆောင် ဆောင်ရွက်ခဲ့သူ ဖြစ်ကြောင်း သိရသည်။ ထို အချိန် ကာလ တုန်းက အဖမ်းခံရခြင်းမှ ကိုညီညီ လွတ်မြောက်ခဲ့ကြောင်း သိရသည်။ထို အချိန်တုန်းက (၁၁)ယောက် အထိန်းသိမ်းခံခဲ့ရပြီး ထိုထဲမှ (၈)ယောက်မှာ မြန်မာမွတ်စလင်များ ဖြစ်ကြောင်း သိရသည်။
  • MMSY Foundation မိတ်ဆက်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    MMSY Foundation မိတ်ဆက်အခမ်းအနား ရန်ကုန်မြို့တွင် ကျင်းပ
    ဒီဇင်ဘာ ၁၈၊၂၀၁၂
    M-Media
    ဆောင်းနှင်းမှုံ
    MMSY Foundation မိတ်ဆက် အခမ်းအနားကို ဒီဇင်ဘာ ၁၆ရက်နေ့က ရန်ကုန်မြို့ Imperial Pearl Hall တွင် နေ့လည် ၂နာရီမှ ၅နာရီထိ ကျင်းပ ပြုလုပ်ခဲ့သည်။
    အဆိုပါ အခမ်းအနားသို့ ဦးမောင်ကိုဂဖာရီ(ကမ္ဘာအလင်း စာစောင် အယ်ဒီတာချူပ်) ၊ ဦးမြသန်း(မောင်သဲနီ)၊ ဦးမင်းနိုင်(၀ါးခယ်မ မောင်မင်းနိုင်)၊ ဦးဂျာဝဒ်သန်း၊ ဒေါက်တာ သန်းမင်းထိုက် (မြန်မာစာ)၊ ရောင်နက်ဗလီရှေ့ဆောင် ဆရာ မောင်လာနာ အလ်ဟာဂ်ျ မွဖ်သီ အလီ စသည့် အစ္စလာမ့် အဖွဲ့အစည်း အသီးသီးမှ ဘာသာရေးခေါင်းဆောင်များ၊ စာရေးဆရာများ၊စီးပွားရေး လုပ်ငန်းရှင်များ၊သတင်း မီဒီယာများ၊ဖိတ်ကြားထားသော ဧည်သည့်တော်များနှင့် MMSY မိသားစုဝင်များ တက်ရောက်ခဲ့ကြသည်။
    အဆိုပါ အခမ်းအနားတွင် မငြိမ်းချမ်းထွေးမှ အခမ်းအနားမှူး အဖြစ် ဆောင်ရွက်ပြီး မသီတာလတ်မှ MMSY ၏ ရည်ရွယ်ချက်နှင့် ပေါ်ပေါက်လာခဲ့ပုံကို ရှင်းပြခဲ့သည်။ ကိုတိမ်မိုးလွင်မှ MMSY ၏ပြီးစီးသွားသော Projects များကိုတင်ပြခြင်း၊ မ၀ိုင်းဝတ်ရည်မှ MMSY ၏  ကြိုးစား၍ လုပ်ဆောင်သွားမည့် Projects များကို တင်ပြခဲ့သည်။
    ဆက်လက်၍ ဧည့်သည်တော်များမှ ရောင်နက်ဗလီရှေ့ဆောင်ဆရာ မောင်လာနာ အလ်ဟာဂ်ျ မွတ်ဖ်တီ အလီ၊ ဦးမင်းနိုင်(၀ါးခယ်မ မောင်မင်းနိုင်)၊ ငြိမ်းချမ်းသာယာ မိဘမဲ့ကလေး ကျောင်းမှ ကျောင်းအုပ်ကြီး ဆရာ ဦးမြ၀င်း၊ ဒေါက်တာ သန်းမင်းထိုက်၊ ကိုလင်းခန့်ဇော်၊ မခင်စန္ဒီဇော် တို့မှ အမှတ်တရ စကား ပြောကြားခဲ့ပြီး ၊ ကျေးဇူးတင်လွှာကို မခင်မင်းဆက်မှ ပြောကြားခဲ့ပါသည်။
    “MMSY ရဲ့ လက်ရှိ အနေအထားက တော်တော်လေး မှန်တယ်၊ဘယ်လို မှန်လဲဆိုတော့ မွတ်စလင်တွေ တော်တော်လေး ဒုက္ခရောက်ပြီး စိတ်ညစ်နေတဲ့ အချိန်မှာ MMSYရဲ့ လှုပ်ရှားမှုတွေဟာ မှန်ကန် မျှတတာကို တွေ့ရတယ်၊ ၁၉၄၄ ခုနှစ်တုန်းက ဦးရာရှစ် တင်ပြခဲ့တဲ့ အချက်တွေ ရှိတယ်။အခု လက်ရှိကာလမှာ MMSY ရဲ့ လှုပ်ရှားမူတွေနဲ့ သွားတူနေတယ်။ဒါပေ့မယ် MMSY ရဲ့လုပ်ဆောင်ချက်တွေက အကောင်အထည် ပေါ်ပြီး ပိုပြီး ပီပြင်နေတာတွေ့ရတယ်၊ ဒီမျိုးဆက်သစ်တွေက ရှေ့လျှောက် ကျွန်တော်တို့ အနာဂတ်ကို အကျိုးရှိလာလိမ့်မယ်လို့ မျှော်လင့်တယ်” ဟု စာရေးဆရာ ဂျာဝဒ်သန်းမှ M-Media သို့ပြောကြားသည်။
    MMSY Foundation အဖွဲ့ဝင်လူငယ်များ
    “MMSY ရဲ့လှုပ်ရှားမူတွေက အစ္စလာမ်က လိုလားတဲ့ လောကကို အလှဆင်ဖို့ဆိုတာနဲ့ ကိုက်ညီတယ်၊ ဘာသာရပ်ပေါင်းစုံ လှုပ်ရှားနေတာဟာ လူမှု့နယ်ပယ်ထဲ မွတ်စလင် လူငယ်တွေ လုပ်ရမယ့် အလုပ်ကို လုပ်နေကြတာပဲ၊ MMSY ရဲ့လှုပ်ရှားမှု့တွေကို ကြိုဆိုတယ်၊ဒီထက် တိုးချဲ့အောင်မြင်အောင် လုပ်ပါ” ဟု ဦးမင်းနိုင် (၀ါးခယ်မ မောင်မင်းနိုင်) ကဆိုသည်။
    ဦးမြသန်း (မောင်သဲနီ) ကလည်း “MMSY ရဲ့လှုပ်ရှားမူတွေက အားရှိတယ်၊ အားလည်းရတယ်။ ၀မ်းသာတယ်၊ ဘာသာရပ် ပေါင်းစုံကို နိုင်ငံတကာထိ ရောက်တဲ့ လှုပ်ရှားမုတွေ ဖြစ်တဲ့ အတွက် ၀မ်းသာတယ်၊ရှေ့ဆက်ပြီး အနာဂတ်မှာ ဘာသာရေး အဆုံးအမတွေ ခံယူပြီး ဆက်လက်ရှင်သန်သွားမယ်ဆိုရင် အနာဂတ်မွတ်စလင်တွေ အတွက် စိတ်အေးစရာ ဖြစ်တယ်၊နောက်ထပ်လည်း ကျောင်းသား လူငယ်တွေကို အများကြီး စည်းရုံးပါလို့”ဟု  အားပေးစကားပြောပါသည်။
    ”ကောင်းတယ်၊ အရမ်းကောင်းတယ် MMSY ရဲ့လှုပ်ရှားမူတွေက လူငယ်တွေ ဖြစ်တဲ့အတွက် သူတို့လုပ်မယ်ဆိုတဲ့ အစီအစဉ်တွေ ကို တောက်လျှောက် အကောင် အထည်ဖော်လာခဲ့တာ ကိုတွေ့ရတယ်”ဟု တက်ရောက်လာသူ တစ်ဦးမှ M-Media သို့ပြောကြား သည်။
    MMSY သည် Social Networking Site အနေဖြင့် ၂၀၀၇ခုနှစ်တွင် စတင်ခဲ့ပြီး ယခုအခါ ပညာရေး၊ ကျန်းမာရေးကဏ္ဍတွေကို ပြင်ပတွင် ထိရောက်စွာဆောင်ရွက်နိုင်အောင် MMSY Foundation ဖြင့် စတင်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရှိရပါသည်။
    MMSY Foundation ရည်ရွယ်ချက်များမှာ
    • အထက်တန်းနှင့် တက္ကသိုလ်ကျောင်းသူကျောင်းသားများ၊  ဘွဲ့ရများ နိုင်ငံခြားတွင် ပညာဆက်လက် သင်ကြားနိုင်ရေးအတွက် အကူအညီ ပေးရန်။
    • ငွေကြေးအခက်အခဲကြောင့် အလယ်တန်းနှင့် အထူးသဖြင့် ၁၀- တန်း စာမေးပွဲဖြေရန် ကျောင်း (သို့) ကျူရှင် (သို့) အဆောင်ကြေးအခက်အခဲရှိသောကျောင်းသားကျောင်းသူများ၊ ကောလိပ်နှင့် တက္က သိုလ်ကျောင်းသူကျောင်းသားများအား ကူညီပေးနိုင်ရန်။
    • အသက်မွေးဝမ်းကြောင်းသင်တန်းများသို့ တက်ရောက်ပြီး skills များဖွံ့ဖြိုးပြီးသင့်တော်သည့် အလုပ် အကိုင် များလွယ်ကူစွာရှာဖွေနိုင်ရန်။
    • စီးပွားရေး လုပ်ငန်းရှင်များနှင့် အလုပ်အကိုင် လိုအပ်သော ၀န်ထမ်းများ ဆက်သွယ်ပေးရန်။
    • စာအုပ်စာတမ်းများကို ရှာဖွေသိမ်းဆည်း စုဆောင်းပြီး လူငယ်များ ပြန်လည်လေ့လာနိုင်သော စင်တာ တစ်ခုဖြစ်လာစေရန်။
    • ရန်ကုန်မြို့ ဆင်ခြေဖုံးရပ်ကွက်တွင် အထွေထွေ ကျန်းမာရေးနှင့် သွားဘက်ဆိုင်ရာဆေးခန်း တစ်ခုဖွင့် ပြီး ငွေကြေးမတတ်နိုင်သူများ၏ ကျန်းမာရေးကို ကူညီရန်
    တို့ဖြစ်သည်။
    MMSY Foundation Website မှာ http://foundation.mmsy.org/ ဖြစ်ပြီး ကူညီ ပူးပေါင်းဆောင်ရွက်လိုသူများအနေဖြင့်  [email protected] ဆက်သွယ်ဆောင်ရွက်နိုင်ကြောင်း သိရသည်။
  • ပသီအမျိုးသားကွန်ကရက် အမည်အစား အမျိုးသား ညီညွတ်ရေး ကွန်ကရက် အမည်ဖြင့် ပါတီ တည်ထောင်ခွင့်ရ
    ပသီအမျိုးသားကွန်ကရက် အမည်အစား အမျိုးသား ညီညွတ်ရေး ကွန်ကရက် အမည်ဖြင့် ပါတီ တည်ထောင်ခွင့်ရ
    ဒီဇင်ဘာ ၁၈ ၊ ၂၀၁၂
    M-Media
    သတင်း – ဆောင်းနှင်းမှုံ
    ၂၀၁၁ ခုနှစ်၊ အောက်တိုဘာလမှ စတင်၍ ပါတီဖြစ်လာရန်စတင် စည်ရုံးခဲ့ကြောင်း သိရသည်။ ၂၀၁၂ ဖေဖော်ဝါရီတွင် ပသီအမျိုးသားကွန်ကရက် အမည်ဖြင့် စတင်လျှောက်ထားရာ လူမျိုး ၁၃၅ မျိုးတွင် မပါရှိကြောင်းကို  ၂၀၁၂ ခုနှစ်၊ ဧပြီလတွင် အမည်ပြောင်းတင်ရန် ညွှန်ကြားစာရ၍ အမည်သစ် အမျိုးသားညီညွှတ်ရေးကွန်ကရက် အဖြစ်လျှောက်ထားခဲ့ကြောင်း သိရသည်။
    ပါတီထောင်ရခြင်းနှင့် ပတ်သက်၍ “တိုင်းရင်းသား အားလုံးတန်းတူ အခွင့်အရေးရရှိဖို့ ၊ တိုင်းရင်းသား အားလုံးစည်းလုံး ညီညွှတ်ဖို့ ၊ ဆင်းရဲတွင်း နက်နေတဲ့ ပြည်သူလူထုတွေ ဆင်းရဲတွင်းက လွတ်ကင်းဖို့၊ တောင်သူလယ်သမား အလုပ်သမားကျောင်းသား လူငယ် ဒီမိုကရေစီ အင်အားစုတွေနဲ့  လက်တွဲဆောင်ရွက်ဖို့ ဆိုတဲ့ရည်ရွယ်ချက်နဲ့ တည်ထောင်ခြင်းဖြစ်ပါတယ်” ဟု အမျိုးသားညီညွတ်ရေး ကွန်ကရက်ပါတီ ခေါင်းဆောင် ဦးမြင့်ဝေမှ M-Media သို့ပြောကြားခဲ့သည်။
    ပါတီစတင်တည်ထောင်ခဲ့ကြသူများမှာ ရန်ကုန်မှ ၀မ်းအိုဝမ်းကျော်ဝင်းမောင်(ကွယ်လွန်)၊ ဦးလှဝင်း (မင်းညိုငယ်-သံတွဲ) ၊ ဦးမြင့်ဝေ ၊ ဦးမြသန်း (မောင်သဲနီ) စသည့် တို့ပါဝင်ပြီး မန္တလေးမှ ဦးအေးကြူ ၊ ပသီဦးလှမြင့် ၊ ပသီမောင်မောင်စိုး စသည်တို့ပါဝင်ကြောင်း သိရသည်။
    ပါတီတည်ထောင်ခွင့် မကျမှီက ဒုတိယခေါင်းဆောင် ပသီမောင်မောင်စိုး ကိုနိုင်ငံသားမှတ်ပုံတင်တွင် ပါရှိသည့်အတိုင်း ပသီဖြုတ်၍ ဦးမောင်မောင်စိုး အဖြစ်ပြောင်းပေးရန် ကော်မရှင်မှ ညွှန်ကြားခဲ့ကြောင်း သိရှိရသည်။