News @ M-Media

Blog

  • မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့

    မြန်မာပြည်က လူမျိုးရေး အကြမ်းဖက်မှုများအပေါ် ကမ္ဘာ ဗုဒ္ဓဘာသာ ခေါင်းဆောင်များရဲ့ တုံ့ပြန်မှု့

    ဒီဇင်ဘာ ၅ ၊၂၀၁၂
    http://www.tricycle.com/

    “ကမ္ဘာ့နိုင်ငံ အသီးသီးက ဗုဒ္ဓဘာသာ အကြီးအကဲများဖြစ်တဲ့ မိမိတို့အနေနဲ့ လက်ရှိမြန်မာပြည်သူတွေ ရင်ဆိုင်နေရတဲ့ ပဋိပက္ခပြဿနာများအတွက် စာနာမှုနဲ့ အတူ မေတ္တာ ပို့သလိုက်ပါတယ်။”

    မိမိတို့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံဟာ ကောင်းမြတ်တဲ့ နိုင်ငံရေးအပြောင်းအလဲတွေ ဆက်တိုက် သိသိသာသာ ဖြစ်ပေါ်တိုးတက်နေတာနဲ့အတူ ရခိုင်ပြည်နယ်က အစ္စလာမ် ဘာသာဝင်တွေရဲ့ ဖြစ်ပွားနေတဲ့ လူမျိုးရေးပဋိပက္ခတွေ အကြမ်းဖက်မှုတွေကို ၀မ်းနည်းစွာတွေ့မြင်နေရပါတယ်။

    မိမိတို့အနေနဲ့ ပြည်သူများဟာခေတ် အဆက်ဆက် အလွန်သန့်စင်မွန်မြတ်တဲ့ ဗုဒ္ဓတရားဓမ္မကို လေးလေးနက်နက် ကျင့်သုံးလိုက်နာနေထိုင်ခဲ့ကြတဲ့ ဂုဏ်သိက္ခာမြင့်မားတဲ့ လူမျိုးများ ဖြစ်တယ်ဆိုတာ ကောင်းစွာသိရှိကြပါတယ်။

    ဒါကြောင့် မြတ်စွာဘုရားရဲ့ အဓိကအကျဆုံးတရားတော်များဖြစ်တဲ့ အကြမ်းမဖက်ခြင်း၊ အပြန်အလှန်လေးစားခြင်း စတဲ့ တရာတော်များအတိုင်း ကျင့်သုံး လိုက်နာခြင်းဖြင့် မြန်မာပြည်သားများ ကောင်းကျိုးချမ်းသာ ရနိုင်ကြပါစေလို့ မိမိတို့က အလေးအနက် ဆန္ဒပြုလိုက်ပါတယ်။

    မြတ်စွာဘုရားဟာ သတ္တ၀ါများကို ညှဉ်းဆဲခြင်း၊ သတ်ဖြတ်ခြင်းမှ ရှောင်ကြဉ်ရမယ်ဆိုတဲ့ သီလတရားတော်မြတ်ကို ဟောကြားပေးခဲ့ပါတယ်။

    သတ္တ၀ါတိုင်းအပေါ် ကရုဏာတရားနဲ့ စောင့်ရှောက်ရမယ်ဆိုတဲ့ တရားကိုဟောကြားခဲ့ပါတယ်။ လူတိုင်းကို ဘယ်လိုပင် အမျိုးဇာတိ၊ ဘာသာအယူဝါဒ ဂိုဏ်းဂဏ ကွဲပြားသူကိုမဆို အဆင့်အတန်း အယုတ်အလတ် မခွဲခြားပဲ တန်းတူညီတူ လေးလေးစားစား ဆက်ဆံဖို့ဟောကြားခဲ့ပါတယ်။

    ကျွန်ုပ်တို့အနေနဲ့ မြန်မာပြည်သူများနဲ့အတူတူ မွန်မြတ်တဲ့ တရားတော်များ အတွက် ရဲရဲရင့်ရင့် ရပ်တည်လျက် ရှိပါတယ်။

    နောက်ဆုံး မွတ်စလင်မ်များကဖြစ်စေ၊ အခြား တိုင်းရင်းသားများကဖြစ်စေ၊ ကမ္ဘာပေါ်က မည်သည့် ရက်စက်တတ်သူတွေကဖြစ်စေ အကြမ်းဖက်လာခဲ့လျှင်သော်မှ မွန်မြတ်လှတဲ့ ဒီဗုဒ္ဓ တရားတော်များ အတိုင်းပဲ ရပ်တည်လျက် ရှိပါတယ်။

    ဒီဓမ္မလမ်းကြောင်းအတိုင်း ရပ်တည်ခြင်း တစ်လမ်းသာလျှင်မြန်မာပြည်သူများ အတွက် ကောင်းကျိုး ချမ်းသာကိုဖြစ်ပေါ်စေပြီးမြန်မာပြည်သူများဟာ ကမ္ဘာပေါ်မှာ တစ်ဦးကိုတစ်ဦး အပြန်အလှန် လေးစားခြင်း၊ သာတူညီမျှစိတ်ထားရှိခြင်း၊ စိတ်ရှည်သည်းခံတတ်ခြင်း၊ တရားတွေနဲ့ပြည့်ဝတဲ့ ကြီးမြတ်တဲ့ ဂုဏ်သိက္ခာရှိတဲ့ လူမျိုးတစ်မျိုးဖြစ်ကြောင်း ပြသခွင့် ရရုံမက ကမ္ဘာကပါ စံနမူနာ ပြန်ယူရတဲ့ နိုင်ငံ တစ်နိုင်ငံ ဖြစ်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ထေရ်ကြီးဝါကြီး သံဃာတော် အရှင်မြတ်များနဲ့ ရဟန်းပျိုများ၊ သီလရှင်များနဲ့ တရားနဲ့အညီ ကျင့်သုံးနေထိုင်ကြတဲ့ သူတော်ကောင်းများ အနေနဲ့လည်း ပြည်သူလူထုအပေါင်းကို အပြန်အလှန်လေးစားမှု၊ သနားညှာတာမှု စတဲ့ တရားတော်များ အတိုင်း လေးလေးနက်နက် လိုက်နာပြီး ငြိမ်းချမ်းစွာ ဖြေရှင်းကြဖို့ တိုက်တွန်း သွန်သင် ညွှန်ပြပေးကြဖို့ မိမိတို့အနေနဲ့ လေးမြတ်စွာ လျှောက်ထားအပ်ပါတယ်။

    တရားဓမ္မအတိုင်း ပြည်သူများနဲ့ ရပ်တည်လျက်

    Ven. Thich Nhat Hanh
    Nobel Peace Prize Nominee
    Vietnam

    Ven. Bhikkhu Bodhi
    President Buddhist Global Relief
    (world’s foremost translator of the Pali Canon)
    Sri Lanka/USA

    Dr. AT Ariyaratne
    Founder Nationwide Sarvodaya Movement
    Ghandi Peace Prize Laureate
    Sri Lanka

    Ven. Chao Khun Raja Sumedhajahn
    Elder, Ajahn Chah Monasteries
    Wat Ratanavan, Thailand

    Ven. Phra Paisal Visalo
    Chair Buddhika Network Buddhism and Society
    Thailand

    Ven. Arjia Rinpoche VIII
    Abbot Tibetan Mongolian Cultural Center
    Mongolia/USA

    Ven. Shodo Harada Roshi
    Abbot Sogenji Rinzai Zen Monastery
    Japan

    Achariya Professor J Simmer Brown
    Chairperson Buddhist Studies
    Naropa Buddhist University
    USA

    Ven. Ajahn Amaro Mahathera
    Abbot Amaravati Vihara
    England

    Ven. Hozan A Senauke
    International Network of Engaged Buddhists
    Worldwide

    Younge Khachab Rinpoche VIII
    Abbot Younge Drodul Ling
    Canada

    Ven. Sr. Thich Nu Chan Kong
    President Plum Village Zen temples
    France/Vietnam

    Dr. Jack Kornfield Vipassana Achariya
    Convener Western Buddhist Teachers Council
    USA

    Lama Surya Das
    Dzogchen Foundation International
    Vajrayana Tibet/USA

    Ven. Zoketsu N. Fischer Soto Roshi
    Fmr. Abbot largest Zen community in the West
    USA/Japan

    Tulku Sherdor Rinpoche
    Director BI. Wisdom Institute
    Canada

    Professor Robert Tenzin C. Thurman
    Center for Buddhist Studies
    Columbia University
    USA

    HH the XIV Dalai Lama
    Nobel Laureate
    Tibet/India
    Though not able to be reached in time to sign this letter, HH the Dalai Lama has publicly and repeatedly stated his concern about the Rohingya Muslims in Myanmar. He urges everyone to continue to practice non-violence and retain the religious harmony that is central to our ancient and revered culture.

  • လူမျိုး၊ဘာသာ ခွဲခြားသော ပါတီဝင် အချို့ကြောင့် NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်

    လူမျိုး၊ဘာသာ ခွဲခြားသော ပါတီဝင် အချို့ကြောင့် NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်

    ဒီဇင်ဘာ ၈ ၊၂၀၁၂
    M-Media
    နေသစ်ထွန်း

    အတွဲ (၁) အမှတ် ၄၃ (နိုဝင်ဘာ ၁၂နေ့ထုတ်) ဒီလှိုင်း စာစောင် စာမျက်နှာ ၁၇

    NLD ပါတီဝင် အချို့မှ အစ္စလာမ် ဘာသာဝင်များအပေါ် လူမျိုးရေးခွဲခြား ဆက်ဆံမှုများ ကျင့်သုံးလာခဲ့ခြင်း ကြောင့် လူ့အခွင့်အရေးနှင့် ဒီမိုကရေစီ အရေးလှုပ်ရှားနေသော NLD ပါတီ ဂုဏ်သိက္ခာ ထိခိုက်ခဲ့သည်။

    မွန်ပြည်နယ် သံဖြူဇရပ် မြို့နယ် NLD ပါတီ မှ ပါတီဝင်စုဆောင်းရာတွင် နိုင်ငံသား အစ္စလာမ် ဘာသာဝင်များကို လူမျိုးရေး ၊ဘာသာရေး ခွဲခြားဆက်ဆံ ခဲ့ကြောင်း သံဖြူဇရပ်မြို့ခံ အစ္စလာမ် ဘာသာဝင် တစ်ဦးက ပြောပါ သည်။

    “သံဖြူဇရပ် မြို့နယ် NLD အဖွဲ့ဝင်စည်းရုံးရေး လုပ်ခဲ့တော့ မြို့ခံ မွတ်စလင် တချို့ NLD ပါတီဝင်ဖို့ လုပ်ခဲ့ပါ တယ်။ ဒါကို ပါတီဝင်တချို့က ဘာလို့ မုတ်ဆိတ်- ကုလားတွေ ပါလာ ရသလဲလို့ မေးပြီး ပါတီဝင်ရင် လည်းနေရာ ရဖို့မရှိ ဘူးလို့ ပြောပါတယ်။ ” ဟု သံဖြူဇရပ် မြို့ခံ တစ်ဦးက ပြောပါသည်။

    အလားတူ NLD ပါတီဌာနချုပ်မှ ဦးစီးဦးဆောင်ပြု ထုတ်ဝေနေသော ဒီလှိုင်းဂျာနယ် တွင်လည်း လူမျိုးရေး ခွဲခြား မှုပါသော ဆောင်းပါးကို ထည့်သွင်းဖော်ပြခဲ့သည်။ အတွဲ (၁) အမှတ် ၄၃ (နိုဝင်ဘာ ၁၂နေ့ထုတ်) ဒီလှိုင်း စာစောင် စာမျက်နှာ ၁၇ ၌ ဆောင်းပါးရှင် မောင်ပေါက်ကျိုင်း (မရမ်းကုန်) အမည်ဖြင့် “ဒီမိုကရေစီ ဘာလဲ၊ ပြည်သူလူထု ဘယ်လဲ ” ဆောင်းပါးတွင် “မြန်မာနိုင်ငံ၏ သူဌေးလောက၊ စီးပွားရေးလောက၊ ကုမ္ပဏီလောက စသည့်အထက်တန်းစား လောကကိုလေ့လာကြည့်လျှင် လူမျိုးခြား စီးပွားရေးသမား များကသာ လျှင် မြန်မာ နိုင်ငံ၏ အချက်အချာ ကျသော စီးပွားရေး လုပ်ငန်းများကို လက်ဝါးကြီးအုပ်ထားနိုင်ကြောင်း၊” “တိုင်းရင်းသား လုပ်ငန်းရှင်များရှိသော်လည်း ခက်ခဲပင်ပန်းစွာ ရုန်းကန်ရကြောင်း” ဟူ၍ လူမျိုးခွဲခြားသော နိုင်ငံသားပြည်သူ အချင်းချင်း သွေးကွဲနိုင်သော အသုံးအနှုန်းကို ဖော်ပြခဲ့သည်။

    “တခြားဂျာနယ် တွေ လူမျိုးရေး ခွဲခြားဆက်ဆံတာ ခံနိုင်ရည်ရှိပါတယ်။ ကိုယ့် မိခင်ပါတီ NLD ကိုယ်တိုင် ထုတ် တဲ့ ဒီလှိုင်းက လူမျိုးရေး ခွဲခြားဆက် ဆံတဲ့ ဆောင်းပါး ကိုဖော်ပြတော့ ရင်နင့်နေအောင် ခံစားရပါ တယ်။ ” ဟု တာမွေမြို့နယ် မအူကုန်းရပ်ကွက် နေသူ လုပ်ငန်းရှင် တစ်ဦးက ပြောပါသည်။

    “ဒီမိုကရေစီ စနစ်မှာ တရုတ်ဖြစ်စေ၊ ကုလားဖြစ်စေ၊ ကုလယ်ဖြစ်စေ၊ နိုင်ငံခြားသား အမေရိကန်ပင်ဖြစ်ပါစေ ဥပဒေနဲ့အညီ လွတ်လပ်စွာ စီးပွားရှာဖွေ ရင်းနှီးမြုပ်နှံ ခွင့်ရှိပါတယ်။ ဘယ်လူမျိုး ဖြစ်ပါစေ။ ဈေးကွက် စီးပွားရေး စနစ်မှာ လုပ်ငန်းကျွမ်း ကျင်သူပဲ ဦးဆောင် သွားမှာ ၊ စီးပွားရေး အကြောင်း နားမလည် သူကကျဆုံး သွားမှပဲ ။ လူမျိုး ၊ ဘာသာ အရေးမကြီးပါဘူး” ဟု ၄င်းက ပြောပါသည်။

    ခေတ်အဆက်ဆက်က ဖိနှိပ်ခံခဲ့ရသော အစ္စလာမ် ဘာသာဝင်များသည် လူ့အခွင့်အရေး အပြည့်အ၀ရရှိရန် ဒီမိုကရေစီတန်ဖိုး ကို အလေးထားသော NLD ပါတီအား ထောက်ခံကြသည်။ “မဆလခေတ်၊ နဝတခေတ်၊ နအဖခေတ် တလျောက်လုံး ဖိနှိပ်ခံလာခဲ့ရတယ်။ လူ့အခွင့်အရေး ရဖို့ NLD ပါတီမှာ ၀င်ရောက်လှုပ်ရှား ချင် တာအခု NLD ပါတီကပဲ ဒီလို ဘာသာရေး ၊ လူမျိုးရေး ခွဲခြား ဆက်ဆံတာတွေ လုပ်လာတော့ စိတ်ပျက်ရပါ တယ်  ” ဟု သံဖြူဇရပ် မြို့ခံက ပြောပါသည်။

    ဒီမိုကရေစီနှင့်လူ့အခွင့်အရေး တန်ဖိုးထားသော NLD ပါတီအနေဖြင့် လူမျိုးရေး ၊ ဘာသာရေး ခွဲခြားတတ်သော ပါတီဝင်အချို့ကို လူ့အခွင့်အရေး လေးစားတတ်ရန် သတိပေး တိုက်တွန်းသင့်ကြောင်း ၄င်းက ပြောပါသည်။

    “ဒီလိုအရေးအသားမျိုးကို ဖော်ပြခဲ့တဲ့ NLD ပါတီထုတ် ဒီလှိုင်းအနေနဲ့ တောင်းပန်စာ ထည့်ပေးရမယ်။ နောက်နောင် ဒီလို ဖော်ပြတာမျိုးမလုပ်ပါနဲ့ ။ ဒီလို လူမျိုးရေး ခွဲခြားမှုတွေက ပါတီ မူဝါဒနဲ့ လည်း မကိုက်ညီဘူး။ အကျိုးလဲရှိမှာ မဟုတ်ဘူး” ဟုတာမွေမြို့နယ် မအူကုန်းရပ်ကွက်နေ သူတစ်ဦးက ထောက်ပြပြောကြားခဲ့သည်။

  • နေအိမ်ထဲက ဒုက္ခသည်များ

    နေအိမ်ထဲက ဒုက္ခသည်များ

    ဒီဇင်ဘာ ၈ ၊ ၂၀၁၂
    M-Media
    နေသစ်ထွန်း

    ရခိုင်-ရိုဟင်ဂျာ ပဋိပက္ခ ဖြစ်ပွားခဲ့သော စစ်တွေမြို့တွင် အောင်မင်္ဂလာရပ်ကွက် မှာ တစ်ခုတည်း ဖျက်ဆီးမခံ ရသော မွတ်စလင် ရပ်ကွက် ဖြစ်သည်။ လူမျိုးရေး၊ ဘာသာရေး အစွန်းရောက်များ ၏ တိုက်ခိုက် ဖျက်ဆီးမှု မခံခဲ့ရ၊ သို့သော် အမုန်းပြည့်နှက်နေသော လောဘစွန်းရောက် ရဲတပ်ဖွဲ့ ကတော့ အာဏာနည်းဖြင့် အောင်မင်္ဂလာ ရပ်ကွက် သား များ၏ ဘ၀ကို တစ်စစီချွေချနေသည်။

    “ဒီဇင်ဘာ ၇ရက်နေ့ မနက် ၇နာရီ ၄၅ လောက်မှာ ဘုမေ ကျေး ရွာ က အသက် ၁၂ အရွယ်လောက်ရှိတဲ့ မွတ်စလင် ကလေးနှစ်ယောက် ရဲတစ်ဦးက ဆိုင်ကယ်နဲ့ အောင် မင်္ဂလာ ရပ်ကွက်ကို လာပို့ပေးပါတယ်။ ဒါကို အောင်မင်္ဂလာရပ်ကွက် လုံထိန်းရဲတွေက မှောင်ခိုမှုနဲ့ ဖမ်းပြီး အမှတ်၁ ရဲစခန်းကို ခေါ်သွားခဲ့ပါတယ်” ဟု အောင်မင်္ဂလာရပ်ကွက်နေ မွတ်စလင်တစ်ဦးက ရပ်ကွက်အခြေအနေကို ပြောပါသည်။ အောင်မင်္ဂလာ ရပ်ကွက် ဆီကို ရဲတပ်သား က လာပို့ပေးခြင်းဖြစ်ပေသော်လည်း ယင်း အသက်မပြည့် ၊ကလေးငယ် နှစ်ဦးမှာ အချုပ်စခန်း ထဲတွင် ရိုက်နှက် စစ်ဆေး ခံခဲ့ကြရသည်။

    “အဲဒီကလေးတွေကို ရိုက်နှက်စစ်ဆေးပါတယ်။ ကလေးတွေကတော့ ရဲတပ်သား လာပို့ပေးတာ လို့ ပြောတယ်။ ဒါကို စခန်းမှူး ဦးတင်ဝင်းက လက်မခံပဲ ကလေးနှစ်ယောက်ကို ပုဒ်မ ၃၅ တပ်ပြီး ထောင်၂ လ အမိန့်ချမှတ်ခဲ့ တယ်” ဟု အောင်မင်္ဂလာ ရပ်ကွက်မှ ဒေသခံ တစ်ဦးက ပြောပါသည်။

    စစ်တွေမြို့က အဖျက်အဆီးမခံရဘဲ ကျန်ရစ်တဲ့ တခုတည်းသော မွတ်စလင်ရပ်ကွက် ၊ ပြင်ပသို့သွားလာခွင့် မရအောင် အတားအဆီးနှင့်လုံခြုံရေးချထားပုံ ( ဓါတ်ပုံ FB)

    ဤသို့ အရွယ်မရောက်သေးသော ကလေးငယ်များကို အမုန်းတရားဖြင့် ဖမ်းဆီ ထောင်ချခြင်းကို တားမြစ်သူမဲ့ ကျူးလွန်ရုံမက ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင်များ လူညွန့်တုံးစေရန် ပညာရေး ၊ ကျန်းမာရေး ၊ စားနပ် ရိက္ခာဝေငှရေးတို့တွင် အာဃာတ ကြီးကြီးဖြင့် ကျူးလွန်နေကြသည်။ အောင်မင်္ဂလာရပ်ကွက် တွင်းရှိ အမှတ် ၁၈ မူလ တန်း ကျောင်းကို ပိတ်ကာ ရဲကင်းအဖြစ်အသုံးပြုနေကြသည်။ “ကလေးတွေ စာသင်မရဘူး။ ရှိတဲ့ ကျောင်း ကို လည်းဆရာမတွေ မလာဘူး။ ရဲတွေ က စခန်းအဖြစ် အသုံးပြုနေကြတယ် ” ဟု ၄င်းက ပြောပါသည်။ “ရပ်ကွက် က တက္ကသိုလ် ကျောင်းသား ၁၂ ဦးခန့်ကတော့ တက္ကသိုလ် တက်ခွင့်မရပဲ စာမေးပွဲသွား ဖြေနေကြရ တယ် ” ဟု ရပ်ကွက် ပညာရေး အခြေအနေအကြောင်း ပြောပါသည်။

    ကိုယ်ခြေထောက်အပေါ် ကိုယ်ရပ်နိုင်ခဲ့ကြသူများပီပီ အများသူငါဆီ လက်ဖြန့်တောင်းရ သည့်အဖြစ်မျိုး မလို ချင်ကြ။ ရရာ အလုပ်လုပ်ကိုင်ချင်ပေမယ့် အမုန်းတံတိုင်းများဖြင့် သူတို့ ပိတ်လှောင်ထားလိုက်ကြသည်။ “ ဒီမှာ ဘယ်ကိုမှ ထွက်လို့ မရဘူး။ မြို့ထဲကို ဆေးကုဖို့တောင်သွား လို့မရ တော့ဘူး။ သွားရရရင်တောင်သူတို့ ဆေးမကုပေးဘူး´

    ရခိုင်လူမျိုးရေး အစွန်းရောက် အုပ်စုရန် ကြောင့် ရိုဟင်ဂျာမွတ်စလင်များမှာ လွတ်လပ်စွာ စီးပွားရှာဖွေခွင့်၊ ပညာသင်ကြားခွင့်၊  ဆေးကုသခွင့် ၊များ ဆုံးရှုံးခဲ့ရသည်။ လုံခြုံရေး တာဝန်ကျ လုံထိန်းရဲများက ယင်း အခြေ အနေကို အခွင့်ကောင်းယူ၍  အောင်မင်္ဂလာရပ်ကွက်သားများ ကို ခေါင်းပုံဖြတ် အမြတ်ထုတ် နေကြ သည်။

    “အပြင်မှာ ဆေးတစ်ကဒ် ၁၀၀၀တန်ရင် လုံထိန်းတွေဆီကနေ ၅၀၀၀ပေးဝယ်နေရတယ်။ ဘာဝယ်ဝယ် ၅ဆ ပိုပေးနေကြရတာ စစ်တွေဈေးကနေ စားစရာ၊ အသုံးအဆောင်ဝယ်လို့ ဈေးကလာပို့ပေးရင်လည်း လုံထိန်း  တွေက သိမ်းလိုက်ကြ တယ်။ သူတို့က ဘက်စုံထောင်စုံ ကို ဖိနှိပ်နေတာ” ဟု ရပ်ကွက်နေ ရိုဟင်ဂျာ မွတ်စလင် တစ်ဦးက ပြောပါသည်။

    တစ်ချို့တက်နိုင်သူတွေကတော့ လုံထိန်းကို လာဘ်ထိုးပြီး သက်ကယ်ပြင်မှာ ဆေးသွားကုနေရတယ်။ ဆင်းရဲ သား တွေကတော့ မကုနိုင်ရှာဘူး။

    ပဋိပက္ခမ ဖြစ်ပွားခင်က ရခိုင်ပြည်နယ်ရှိ အစ္စလာမ် ဘာသာဝင်များမှာ ရန်ကုန်သို့ ဆေးကုသရန် လ၀က ခွင့်ပြုချက်ဖြင့် သွားရောက် နိုင်ခဲ့ကြသော်လည်း ယခုအခါ ခွင့်မပြုပေးတော့သဖြင့် ရပ်ကွက်နေ အစ္စလာမ် ဘာသာဝင် ရောဂါသည်များ၏ အခြေအနေ အထူးစိုးရိမ်နေရသည်။ “ ဒီရပ်ကွက်ထဲမှာ ဆေးကု ရက် ချိန်းလွန် နေတဲ့ သူ ၁၀၀ လောက်ရှိတယ်။ ရန်ကုန်က ပါရဂူဆီသွားကုခွင့် မရဘူး ။ ကျန်းမာရေး အခြေ အနေ တော်တော် စိုးရိမ်နေ ရတယ်။ ”

    ဤသို့ ရဲတပ်ဖွဲ့မှ အာဏာဖြင့် နှိပ်စက်မှု ဒဏ်မခံနိုင်ကြသော ရပ်ကွက်သား တချို့ကတော့  အောင်မင်္ဂလာကို ဒုက္ခသည်စခန်း လို သတ်မှတ်ပေးဖို့ တောင်းဆိုလာကြကြောင်း ၄င်းက ပြောပါသည်။

    “အာဏာပိုင်တွေ ဆန်အိတ် ၂၀၀ ၊ ၃၀၀ လောက်ပဲ တစ်ခါတစ်လေ ပေးတာ။ ။ တကယ်တမ်းလိုနေတာ တစ်ရက် ကို ဆန်အိတ် ၅၀ ၊ တစ်လ ကို အိတ် ၁၅၀၀ ” ဟု၍  မျှော်လင့်ချက်စွက် စကားသံဖြင့်  ပြောကြားသွား သည်။

  • မြန်မာအစိုးရ၏ ကန့်ကွက်ချက်အား Al Jazeera သတင်းဌာန၏ တုန့်ပြန်မှု

    မြန်မာအစိုးရ၏ ကန့်ကွက်ချက်အား Al Jazeera သတင်းဌာန၏ တုန့်ပြန်မှု

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media

    Al Jazeera သတင်းဌာနမှ ဒီဇင်ဘာလ (၈) ရက်နေ့မှစ၍ (၁၃) ရက်နေ့ထိ အင်္ဂလိပ်၊ အရဗီဘာသာဖြင့် ထုတ် လွှင့်ပြ သမည့် “ဖုံးကွယ်ထားသည့် လူ မျိုး တုန်း သတ်ဖြတ်မှု” မှတ်တမ်း ဗီဒီယိုနှင့် ပတ်သက်မြန်မာနိုင်ငံ၏ ကန့်ကွက်ကြောင်း သတင်း ထုတ်ပြန် မှု ကို Al Jazeera သတင်းဌာန၏ သတင်းနှင့် ပြန်ကြားရေး ဌာနမှ ပြန်လည်တုန့်ပြန်လိုက်သည်။

    Al Jazeera သတင်းဌာနမှ ယခု လာမည် စနေ တနင်္ဂနွေမှ စတင် ပြသမည့် ယခုနှစ် မြန်မာနိုင်ငံအတွင်း ဖြစ်ပွားသည့် အကြမ်းဘက်မှုများ အစီအစဉ်အပေါ် အစီအစဉ်အား မြန်မာနိုင်ငံခြားရေး ၀န်ကြီးဌာနမှ လက်ဦးမှုရယူ ဝေဖန်တုန့်ပြန် လာခြင်းဖြစ်ကြောင်းနှင့် Al Jazeera  သတင်းဌာနမှ မိမိတို့ ကြော်ငြာချက်တွင် ပရိတ်သတ်များ စောင့်ကြည့်ပြီး ကိုယ်တိုင် ဆုံးဖြတ်ရန် တိုက်တွန်းထားကြောင်း ဖော်ပြထားပါသည်။

    အစီအစဉ်ရိုက်ကူးသူ Mr. Phil Rees မှ ထို အစီအစဉ်ပြီးသည်နှင့် အွန်လိုင်းတွင် မေးမြန်းလာသည့် မေးခွန်းများကို ဖြေကြား ပေးမည် ဖြစ်ကြောင်း နှင့် အချိန်အတိအကျကို Al Jazeera အင်တာနက် စာမျက်နှာ Al Jazeera website တွင် အတည်ပြုကြေငြာမည်ဟု ဖော်ပြထားပါသည်။

    Mr. Phil Rees က မှတ်တမ်းတင် သတင်းရုပ်ရှင်တွင် ပြင်ပကမ္ဘာနှင့် အဆက်အသွယ် ဖြတ်တောက်ခံရသော နေရာများ၊ ဒုက္ခသည်စခန်းများ၊ အကြောင်း ခိုင်လုံသော အထောက်အထားများ စုစည်းနိုင်ခဲ့သည် ဟု ဆိုသည်။

    “ကျွန်တော်တို့ ဒီမှတ်တမ်းရုပ်ရှင်ကို လုပ်ခဲ့တာ ဘာကြောင့်လဲဆိုတော့ ဒီအဖြစ်အပျက်တွေမှာ မဖြေရှင်းရသေးတဲ့ မှုခင်းဆေးပညာဆိုင်ရာ လိုအပ်ချက်တွေ ရှိနေလို့ဖြစ်တယ်။ ကျနော်တို့ ပထမဆုံး သက်သေခံချက်တွေကို တဆင့်ကြားတဲ့သူတွေထက် ကိုယ်တိုင်ခံစားရတဲ့ သူတွေဆီက ဖြစ်အောင် ကျိန်းသေအောင် လုပ်ယူခဲ့တယ်။ ကြည့်ရှုသူတွေ အခြေအနေမှန်ကို ရှာဖွေတွေ့ ရှိနိုင်လိမ့်မယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”

    ကုလသမဂ္ဂ လူသားချင်းစာနာမှုအကူအညီပေးရေးဆိုင်ရာ လက်ထောက် အတွင်းရေးမှုးချုပ် ဗလာရီအာမိုးစ်က ပြည်တွင်း ဒုက္ခသည် စခန်းများ၏ အခြေအနေမှာ “အလွန့်အလွန်ကြောက်မက်ဖွယ်ရာဖြစ်သည်” ဟု ပြောကြားအပြီး Al Jazeera နှင့် မြန်မာနိုင်ငံအစိုးရတို့၏ အပြန်အလှန် တုန့်ပြန်မှု့ကိစ္စများ ပေါ်ထွက်လာခဲ့ခြင်းဖြစ်သည်။

    သတင်းထုတ်ပြန်ချက်နှင့် မှတ်တမ်းရုပ်ရှင် နမူနာကို here   ကြည့်ရှုနိုင်ပါသည်။

    တွေဆုံခြင်းအတွက် မေးပို့ တောင်းခံ နိုင်ကြောင်းဖော်ပြထားပါသည်။

    ကိုးကား http://aljazeerapressoffice.tumblr.com/

  • အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    အမျိုးသားနေ့၊ ပထမကျောင်းသား သပိတ်နှင့် မြန်မာမွတ်စလင်မ်တို့၏ အခန်းကဏ္ဍ

    ဒီဇင်ဘာ ၇ ၊ ၂၀၁၂
    M-Media
    မောင်လျှောက် (မြယာမြေ)

    နှစ်စဉ် မြန်မာသက္ကရာဇ် တန်ဆောင်မုန်းလဆုတ် (၁၀)ရက်နေ့သည်ကား အမျိုးသားနေ့ဖြစ်ပါသည်။

    ၁၉၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁၂၈၂ခု၊ တန်ဆောင်မုန်းလ)တွင် နယ်ချဲ့တို့၏ ယူနီဗာစီတီ ဥပဒေတွင် ပါဝင်သော အချက်များနှင့် ပတ်သက်ပြီး ပြည်သူတို့၏ ဆန္ဒကို ဆန့်ကျင်ပြီး အင်္ဂလိပ်အစိုးရက အတင်း အတည်ပြုလိုက်လေသည်။ ထိုသို့ ပြုခြင်းအတွက် ကောလိပ်သိပ္ပံကျောင်းသားများ ဦးဆောင်ကာ မြန်မာပြည် တစ်ဝှမ်းလုံးရှိ အင်္ဂလိပ်ကျောင်း၊ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာသင် ကျောင်းသားများ သပိတ်မှောက်ရန် ထွက်ကြလေသည်။ ထိုသို့ ထွက်လာသောနေ့ကား ၁၂၈၂ ခု၊ တန်ဆောင်မုန်းလဆုတ် ၁၀ ရက်၊ (၁၉၂၀ ပြည့်၊ ဒီဇင်ဘာလ ၅ ရက်) တနင်္လာနေ့ဖြစ်သည်။

    ၁၂၈၂ ခုနှစ် သပိတ်မှောက်ကျောင်းသားခေါင်းဆောင်ဦးဘဦး၏ လက်ရေးမူ

    အောက်တွင် လက်မှတ်ရေးထိုးသူ ကျွန်ုပ်တို့သည် ရန်ကုန်ယူနီဗာစီတီ သပိတ်မှောက် လှုပ်ရှားမှုကြီးတွင် ဦးစီးဦးကိုင် ပြုကြသည့် ခေါင်းဆောင်များ ဖြစ်သည်။ ကျွန်တော်တို့ ဦးစီးဆောင်ရွက်ကြသည့် လှုပ်ရှားမှုသည် အကယ်၍ အောင်မြင်မှု မရဘဲလျှက် ချွတ်ချော် တိမ်းပါးခဲ့သော် ကျွန်ုပ်တို့ အားလုံးသည် ကျောချင်းယှဉ်၍ ရင်ချင်းကပ်၍ သေတူရှင်အမျှ ကြံ့ကြံ့ခံ၍ ရန်တည်ကြရန် သစ္စာပြုကာ အဓိဌာန်ပြုကြပါ၏။

    (၁) ကိုဘရှင် (သံတွဲ)          
    (၂) ကိုဘရှင် (ထားဝယ်)
    (၃) ကိုညီပိုက်
    (၄) ကိုဘိုးလွန်း
    (၅) ကိုအေး
    (၆) ကိုလှတင်
    (၇) ကိုဖေသိန်း
    (၈) ကိုထွန်းဝင်း
    (၉) ကိုဘခင်
    (၁၀) ကိုအောင်ဒင်
    (၁၁) ကိုဘဦး

    စသည့် ကျောင်းသား (၁၁)ဦး ဦးဆောင်ကာ လက်မှတ်ရေးထိုး အဓိဌာန်ပြုကြသည်။

    (စာ-၂၀၀၊ အမျိုးသားနေ့ ရွှေရတုအထူးထုတ်)

    တက္ကသိုလ် သပိတ်ခေါင်းဆောင် (၁၁)ဦးတွင် ကိုဘရှင် (သံတွဲ)မှာ အစ္စလာမ်ဘာသာဝင် တစ်ဦးဖြစ်ပါသည်။

    ၁၉၂၀ ပြည့်နှစ်တွင် န၀မမြောက် မြန်မာပြည်လုံးကျွတ် ကွန်ဖရင့် အစည်းအဝေးကြီးကို မန္တလေးမြို့၌ ကျင်းပခဲ့သည် ထိုအစည်းအဝေး၌ မြန်မာပြည်အတွက် အမျိုးသားအောင်ပွဲနေ့ တစ်နေ့ ရွေးကြရာ အကြံအမျိုးမျိုး ပေးကြသည်။ တစ်ချို့က ဦးဥတ္တမ ထောင်ကျသောနေ့၊ တစ်ချို့က သီပေါမင်း နန်းကျသောနေ့ စသည်ဖြင့် အမျိုးမျိုး အကြံပေးကြရာ ထိုကျောင်းသားများ သပိတ်မှောက် ထွက်လာသော နေ့သာလျှင် ထူးမြတ်မင်္ဂလာ ရှိသည်။ အောင်ပွဲနေ့အတွက် အသင့်လျော်ဆုံး ဖြစ်သည်ဟု ဆုံးဖြတ်ကြသည်။

    နယ်ချဲ့ဘုန်းတော်ဘွဲ့ သီချင်းမဆိုရ

        ၁၉၂၀ ပြည့်နှစ် တက္ကသိုလ် အထွေထွေ သပိတ်အပြီးဝယ် ပထမဆုံး အစည်းအဝေးတွင် ကိုထွန်းစိန်က God Save the King နယ်ချဲ့ အမျိုးသားသီချင်းကို တက္ကသိုလ် သမဂ္ဂ အဆောက်အဦတွင် မဆိုကြရန် စိတ်လိုက်မာန်ပါ အဆိုတင်သွင်း ကန့်ကွက်ခဲ့သည်။ ဤအဆိုကြောင့် သူ့အား သခင်ဘသောင်းနှင့် အမ်အေရာရှစ်တို့က လက်ဆွဲ နှုတ်ဆက်ခဲ့ရသည်။ ဤကိစ္စနှင့် ပတ်သက်ပြီး သချာင်္ဌာနမှ မစ္စတာ ဒီ(ဂျေ)စလော့က သူ့အား အလုပ်ထွက်စာတင်ရန် ခြိမ်းခြောက်ခဲ့ရာ သူက မမှုခဲ့ပေ။ “မိမိတွင်လည်း အလုပ်နှင့် ပြစ်ချက်မရှိ၍ သူ့ဘက်မှ စပြီး အလုပ်မထွက်နိုင်ပေ။ အမျိုးသားရေးအမြင်ဖြင့် ဆောင်ရွက်ချက်သာဖြစ်ကြောင်း” မျက်နှာဖြူ အရာရှိသို့ ရဲဝံ့စွာ ချေပ ပြောဆိုခဲ့သည်။ ကိုထွန်းစိန်မှာ ရန်ကုန်တက္ကသိုလ် သမဂ္ဂ၏ ပထမဆုံး ဥက္ကဌဖြစ်ရုံမက အစ္စလာမ် ဘာသာဝင် တစ်ဦးဖြစ်၌လည်း ဂုဏ်ယူစရာပင်။

    ယခု ၂၀၁၂ ခုနှစ်တွင် ကျရောက်သည့် (၉၂)နှစ်မြောက် အမျိုးသားနေ့တွင် အမျိုးဂုဏ်၊ ဇာတိဂုဏ် မြင့်မားရေးနှင့် ပြည်ထောင်စုစိတ်ဓာတ် ရှင်သန်ထက်မြတ်ရေး၊ အမျိုးသား ပညာရေ မြင့်မားရေး၊ နိုင်ငံတော်၏ လွတ်လပ်ရေးနှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်သစ် တည်ဆောက်ရေး ဆိုသည့် ဦးတည်ချက်များဖြင့် ပြည့်ဝပါစေကြောင်း တင်ပြရင်း အမျိုးသားနေ့ကို ဂုဏ်ပြုလိုက်ရပါသည်။

    ကိုးကား –

    (၁) ဦးဖိုးကျား၊ အမျိုးသားနေ့ ဆောင်းပါး

    (၂) မောင်သန်းဝင်း (ရန်ကုန်တက္ကသိုလ်) ဟောပြောပို့ချချက်

    (၃) အမျိုးသားနေ့ ရွှေရတု အထူးထုတ်စာစောင်