News @ M-Media
Blog
  • ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် သွားရောက်လေ့လာ
    ကုလစာနာမှု အကြီးအကဲ ရခိုင်ပြည်နယ် သွားရောက်လေ့လာ
    ဒီဇင်ဘာ ၅၊ ၂၀၁၂
    VOA (မြန်မာပိုင်း)
    ကုလသမဂ္ဂလူသားချင်းစာနာမှု အကူအညီပေးရေးအကြီးအကဲ Valerie Amos.
    ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ လက်ထောက်အတွင်းရေးမှူးချုပ် Valerie Amos ဟာ ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း လူမျိုးရေးပဋိပက္ခတွေ ရှိခဲ့တဲ့ ရခိုင်ဒေသ ကို ဒီကနေ့ ကိုယ်တိုင်သွားရောက်ကြည့်ရှုပါတယ်။ ပဋိပက္ခကြောင့် ဒုက္ခကြုံတွေ့ရသူတွေကို ကုလသမဂ္ဂအနေနဲ့ အကူအညီအထောက်အပံ့တွေ ပိုပေးနိုင်ဖို့ လာရောက်တာဖြစ်တယ် လို့ ပြောခွင့်ရသူက ဆိုပါတယ်။ အကြောင်းစုံကိုသားညွန့်ဦးက တင်ပြပေးထားပါတယ်။
    ရခိုင်ပြည်နယ်အတွင်း ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှုတွေအပေါ်မှာ ကုလသမဂ္ဂအပါအ၀င် နိုင်ငံတကာရဲ့ စိုးရိမ်ပူပင်မှုတွေနဲ့အတူ ကုလသမဂ္ဂတာဝန်ရှိသူတွေက မကြာမကြာ ရခိုင်ဒေသကို လာရောက်ကြ ရာမှာ အခု Valerie Amos ဟာ အခုနောက်ဆုံးလာရောက်တဲ့ ကုလသမဂ္ဂ ထိပ်တန်းအရာရှိ တဦး ဖြစ်ပါတယ်။ Ms.Valerie ဟာ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို နှစ်ရက်ကြာ အရင်သွားရောက်ပြီး အဲဒီ မှာ နိုင်ငံခြားရေးဝန်ကြီးအပါအ၀င် အခြားတာဝန်ရှိသူတွေနဲ့ ရိုဟင်ဂျာအရေး ကိစ္စကို ဆွေးနွေးခဲ့ ပါတယ်။ အဲဒီကတဆင့် မြန်မာနိုင်ငံကို လာရောက်ပြီး ဒီကနေ့ ရခိုင်ပြည်နယ် စစ်တွေကို လာရောက်တာ ဖြစ်တယ်လို့ အတူပါလာတဲ့ ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုရုံး ပြောခွင့်ရသူ Kirsten Mildren က ဗွီအိုအေ မြန်မာပိုင်းကို ပြောပါတယ်။
    “ဒီခရီးစဉ်မှာတော့ Ms. Valerie Amos ဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနဲ့ တနင်္လာနေ့တွေမှာ ဘင်္ဂလားဒေ့် ရှ် နိုင်ငံကို သွားပါတယ်။ ပြီးတော့ မြန်မာနိုင်ငံကို ပြန်လာတယ်။ အင်္ဂါနေ့မှာတော့ နေပြည်တော်မှာ အစိုးရတာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးပါတယ်။ ဗုဒ္ဒဟူးနေ့ ဒီကနေ့ မနက်ပိုင်းမှာတော့ ရန်ကုန်မြို့ကနေ ရခိုင်ပြည်နယ် စစ်တွေကို ရဟတ်ယဉ်နဲ့ လာခဲ့ပါတယ်။ ဒီနေ့ နေလည်ပိုင်းမှာ ပဋိပက္ခကြောင့် အိုးအိမ်စွန့်ခွာ တိမ်းရှောင်နေကြတဲ့ ဒုက္ခသည်တွေရဲ့ စခန်း (၅)ခုကို သွားရောက် လေ့လာခဲ့ပါတယ်။”
    အခု မြန်မာနိုင်ငံလာရောက်တဲ့ သူ့ရဲ့ ခရီးစဉ်ဟာ ရခိုင်ဒေသတွင်းနဲ့ ကချင်ပြည်နယ်တွင်းက ဒုက္ခသည်တွေ အခြေအနေကို မျက်မြင်လာရောက်ကြည့်ရှုဖို့ဖြစ်ပါတယ်။ ဒါကြောင့်လည်း အဲဒီ ဒုက္ခသည်တွေအခြေအနေ ပိုပြီး တိုးတက်ကောင်းမွန်လာဖို့ရာ ရှိနေတဲ့ အကြပ်အတည်း စိန်ခေါ်ချက်တွေကို မြန်မာအာဏာပိုင်တွေအနေနဲ့ ဖြေရှင်းဖို့၊ တည်ငြိမ်မှု အမျိုးသားပြန်လည် သင့်မြတ်ရေးကိုဆောင်ရွက်ဖို့ Ms.Valerie က တိုက်တွန်းပြောဆိုမယ်လို့ သိရပါတယ်။ ဒါကြောင့်လည်း အခြေအနေတွေကို ကိုယ်တိုင်ကိုယ်ကျ သိရှိနိုင်ဖို့ ရခိုင်ပဋိပက္ခမှာ ခံစားနစ်နာသူ မတူညီတဲ့ အုပ်စုတွေကို အသီးသီး တွေ့ဆုံခဲ့တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောပါတယ်။
    “ပြီးခဲ့တဲ့ ဇွန်လနဲ့ အောက်တိုဘာလတွေအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်မှုတွေကြောင် လူထုအပေါ် ဘယ်လို သက်ရောက်ထိခိုက်စေသလဲဆိုတာကို အမှန်တကယ်သိနိုင်ဖို့ ဒုက္ခသည်စခန်းအချို့ကို သွားရောက်လေ့လာတာပါ။ ဒီ ပဋိပက္ခအကြပ်အတည်းနဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့်သိရှိဖို့  မတူညီတဲ့ အုပ်စုအသီးသီးနဲ့ တွေ့ဆုံပါတယ်။”
    ရခိုင်ပဋိပက္ခဟာ အဲဒီမှာရှိတဲ့ ရန်ဖက်အသိုင်းအ၀ိုင်းနှစ်ခုစလုံးကို နစ်နာစေတယ်လို့ Mr.Valerie က သတင်းဌာနတွေကို ပြောခဲ့သလို၊ အဲဒီက ဒုက္ခသည်တွေအတွက် လူသားချင်းစာနာကူညီမှုအနေနဲ့ ကုလသမဂ္ဂအနေနဲ့ ဒေါ်လာ ၁၁သန်း ကူညီဖို့ လျာထားတယ်လို့ ပြောခဲ့ပါတယ်။ ဇွန်လကစတဲ့ ပဋိပက္ခတွေကြောင့် ခန့်မှန်းချေအားဖြင့် ဒုက္ခသည် ၇ သောင်းခွဲလောက် အိုးအိမ်စွန့်ခွာ ထွက်ပြေးကြရ တယ်လို့ ခန့်မှန်းထားတာပါ။ အခု သူတို့လာရောက်တာဟာလည်း ကုလသမဂ္ဂအနေနဲ့ ဒီဒုက္ခ သည်တွေကို ကူညီဖို့ အသင့်ရှိနေတယ်ဆိုတာ ပြသဖို့ဖြစ်တယ်လို့ ပြောခွင့်ရသူ Kirsten က ပြောခဲ့ပါတယ်။
    “အခု ဒီဒေသကို ဘာကြောင့်လာလဲဆိုတာ သိစေချင်တာတွေရှိပါတယ်။ တချက်ကတော့ ကုလသမဂ္ဂ အနေနဲ့ ဒီမှာ ရောက်လာပြီ၊ အကူအညီပို့ပေးဖို့ရှိတယ်ဆိုတာပါ။ အဲဒီမှာ အခြေခံအားဖြင့် အမိုးအကာတွေ၊ သောက်သုံးရေတွေနဲ့ သန့်ရှင်းရေးစနစ်တွေ လိုအပ်နေတုန်းပါပဲ။”
    ဒီခရီးစဉ်နဲ့ပတ်သက်လို့ သီးခြားသတင်းစာရှင်းလင်းပွဲတရပ်ကို မနက်ဖြန် ရန်ကုန်မှာ ပြုလုပ်မယ်လို့ သိရပါတယ်။ ဒါ့အပြင် Ms.Valerie အနေနဲ့ ကချင်ပြည်နယ်ကိုလည်း သွားရောက်ဖို့ရှိတယ်လို့ သိရပါတယ်။
  • ဟီဂျဗ်ပညာပေး အစီအစဉ်ကြောင့် မွတ်စလင်မဟုတ်သူများ အစ္စလာမ်အပေါ် အထင်မြင်လွဲမှု လျော့ပါး
    ဟီဂျဗ်ပညာပေး အစီအစဉ်ကြောင့် မွတ်စလင်မဟုတ်သူများ အစ္စလာမ်အပေါ် အထင်မြင်လွဲမှု လျော့ပါး
    ဒီဇင်ဘာ ၃၊ ၂၀၁၂
    M-Media
    ကိုင်ရို ။   ။ အမေရိကန်နိုင်ငံ ကယ်လ်လီဖိုးနီးယားပြည်နယ် တက္ကသိုလ် တစ်ခုမှ မွတ်စလင်ကျောင်းသားများသည် ဘာသာခြား ကျောင်းနေဖက်များအား ဟီဂျဗ်နှင့် ပတ်သက်သော ပညာပေးခြင်း အစီအစဉ် တစ်ခုပြုလုပ်ခြင်းဖြင့် လွန်ခဲ့သော ဆယ်စုနှစ်အတွင်း မီဒီယာများ၏ ဟီဂျဗ် အပေါ်အဆိုးမြင် မှု ပြစ်တင် ရှုတ်ချမှု့များအား အောင်မြင်မှု ရစေခဲ့သည်။
    “ဒီအစီအစဉ်ရဲ့ ရည်ရွယ်ချက်ဟာဆိုရင် အစ္စလာမ် သာသနာသည် အမှန်တကယ် ဘာဖြစ်တယ် ဆိုတာ ပညာပေးဖို့ ဖြစ်ပါတယ်၊ ဘာလို့လဲဆိုတော့ မီဒီယာတွေဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်များရဲ့ ရပ်တည်မှု အပေါ် တဖက်စောင်းနင်း အဆိုးမြင် ၀ါဒတွေ ဖြန့်လွန်းနေတာကြောင့်ပဲ ဖြစ်ပါတယ် ၊ တကယ်တော့ ကျွန်မတို့ဟာ အခြားလူတွေလိုပဲ ဘာမှ မခြားနားပါ ဘူး ၊ သာမန်လူတွေပါပဲ  ” ဟု  မွတ်စလင်ကျောင်းသားအဖွဲ့အစည်း (MSA) ၏ အစီအစဉ် ခေါင်းဆောင် Amina Hasan က တက္ကသိုလ် သတင်းဝက်ဘ်ဆိုဒ်  Daily 49ER သို့ဒီဇင်ဘာ (၂) ရက် တနင်္ဂနွေနေ့က ပြောကြားခဲ့ပါသည်။
    အစီအစဉ်အတွင်း အစ္စလာမ်သာသာနှင့် ပက်သက်ပြီးမဟုတ်မမှန် အဆိုးမြင်သတင်းများသာ သိရှိခဲ့ရသူ CSULB ကျောင်းသားအားလုံးကို ကြိုဆိုပြီး ဟီဂျဗ် (ပုဝါ) များကို လက်တွေ့ ဆောင်းကြည့်စေဖို့ အကြံပြု ခဲ့ပါသည်။
    “ဟီဂျဗ်တွေ လက်တွေ့ ဆောင်းကြည့်စေခြင်းအားဖြင့် အစ္စလာမ်နဲ့ပက်သက်သော အမြင်လွဲမှားမှုများကို အမှန်သိစေဖို့ပဲဖြစ်ပါတယ် ၊ ဘာလို့လဲ ဆိုရင် လူတွေက ကျွန်မတို့ ဟီဂျဗ်ဆောင်းတဲ့ မွတ်စလင်တွေဆိုရင် အကြမ်းဖက်သမားတွေလို့ မြင်နေလို့ပါ”  ဟု Hassan က ပြောခဲ့ပါသည်။
    လူဦးရေ ခန့်မှန်းခြေ (၆) သန်းမှ (၈) သန်းအထိ အမေရိကန်ရှိ  မွတ်စလင်များသည် တိုင်းပြည်အပေါ် သစ္စာစောင့်သိသူများဖြစ်ပြီး တိုင်းပြည်အနာဂတ်အတွက် တကယ်ကို ယုံကြည် စိတ်ချအားကိုးရသော အလားအလာကောင်း ရှိသူများဖြစ်ပါတယ် ဆိုတာကနဦးပိုင်း လူထုထောက်ခံမှုနှင့် မဲပေးမှု အရတွေ့ရှိရပါသည်။
    အစ္စလာမ်ဘာသာအရ ဟီဂျဗ်သည် မွတ်စလင်တို့ ၏ ၀တ်စားဆင်ယင်မှုအပေါ် လိုအပ်ချက်တစ်ခုအဖြစ်နှင့်သာ သတ်မှတ်ထားပြီး ၊ အဖွဲ့အစည်းတစ်ခုခုအား ကိုယ်စားပြုသော ဘာသာရေး ဆိုင်ရာ ဖော်ဆောင်ချက် မဟုတ်ပါ။
    “ကျွန်မကို ရထားပေါ်က  လူတွေ  ကွက်ကြည့် ကြည့်နေပါတယ်၊ ကျွန်မတစ်ယောက်တည်း ပုဝါဆောင်းထားတာကိုး ၊ ကျွန်မ ထိုပညာပေး အစီအစဉ်ကိုသွားပြီး ကျောင်းမှာရော လမ်းမှာ တစ်နာရီကျော်ကျော်ကြာတဲ့ တလျောက်လုံး အိမ်မရောက်မချင်း ဟီဂျဗ်ဆောင်းကြည့်ထားတာကို မချွတ်ခဲ့ပါဘူး ” ဟု အစီအစဉ် တက်ရောက်လုပ်အားပေးခဲ့သူ မွတ်စလင်မဟုတ်သူ  ကျန်းမာရေး သိပ္ပံမေဂျာကျောင်းသူ Ana Martinez က ပြောခဲ့ပါသည်။
    ” ကျွန်မလည်း ဟီဂျဗ်ကို ၀တ်ကြည့်ခဲ့ပါတယ် ၊ဒီဟာ တချိန်လုံး အဆိုးမြင်ဝါဒ နဲ့ ဝေဖန်ခံနေရတဲ့ ဘာသာ နှင့် ယဉ်ကျေးမှု  အပေါ် ဘာသာခြားကျောင်းသား ကျောင်းသူများအား ပညာပေးဖို့ပါ ၊  ကျွန်မ၀တ်ကြည့်တဲ့အခါ ဘာမှ ထူးထူးခြားခြားကြီး မခံစားရပါဘူး ၊ ဒါပေမယ့် ကိုယ့်ပတ်ဝန်းကျင် က လူတွေက တော့ ခပ်စိမ်းစိမ်းဖြစ်သွားပြီး ကျွန်မကို ဆက်ဆံရေး ကျဲလာသလိုခံစားရပါတယ် ၊ ဒါကအမှန်တကယ် မွတ်စလင်များ တချိန်လုံး ဘယ်လိုခံစားနေရသလဲ ဆိုတာကို လက်တွေ့ ခံစားကြည့်စေဖို့ အကောင်းဆုံး ပညာပေး အတွေ့အကြုံလည်း ဖြစ်ပါတယ်  ” ဟု ဇီဝဗေဒမေဂျာကျောင်းသူ Tatiana Avila က သူမအမြင်ကို ပြောကြားခဲ့ပါသည်။
    “အခုဆိုရင် ဟီဂျဗ် ခြင်းတောင်းသုံးလုံး စလုံး ကုန်သွားပါပြီ ၊ ဒီကျောင်းဝင်းမှာ လူမျိုးမတူ ဘာသာမတူတွေ  အမျာကြီးရှိပါတယ်၊ ဒါကြောင့် ကယ်လ်လီဖိုးနီးယားပြည်နယ်တောင်ပိုင်းက အခြားကျောင်းတွေထက်စာရင် ပိုပြီး အမြင်တွေ ပွင့်လင်းလာတာကိုပြသနေပါတယ်” ဟု အကောင်းမြင် တုံ့ပြန်မှုများကို ရရှိပြီးနောက်တွင် အစီအစဉ် အတွင်းရေးမှူး Alia Elasmarက ယခုလို အမြင် ပွင့်လင်းသောကျောင်းသား များကြောင့် အစီအစဉ် အောင်မြင်ခဲ့ကြောင်း ကြေငြာပြောကြားခဲ့ပါသည်။
    ကိုးကား -http://www.onislam.net/english/
  • စကားမပြောတတ် နားမကြားသူများအတွက် လက်သင်္ကေတဖြင့် ကုရ်အာန်ဘာသာပြန်နေပြီ
    စကားမပြောတတ် နားမကြားသူများအတွက် လက်သင်္ကေတဖြင့် ကုရ်အာန်ဘာသာပြန်နေပြီ
    ဒီဇင်ဘာ ၃ ၊ ၂၀၁၂
    M-Media
    ဆန်တာ ကလာရာ၊ ကယ်လီဖိုးနီးယား။ ။ အမေရိကန်ရှိ အစ္စလာမ့် အဖွဲ့အစည်းတစ်ခုဖြစ်သည့် Global Deaf Muslim (GDM)  မှ စကားမပြောတတ် ၊ နားမကြားတဲ့ မွတ်စလင်များ ကုရ်အာန် ကျမ်းတော်မြတ်ကို လေ့လာနိုင်ရန်အတွက် အမေရိကန် လက်သင်္ကေတ ဘာသာစကားဖြင့် ကျမ်းတော်မြတ်ကို ဘာသာပြန်မည့် အစီအစဉ်ကို စတင်လိုက်သည်။
    “Global Deaf Muslim (GDM) ဟာ အစ္စလာမ်ရဲ့ သင်ကြားမှုတွေကို နားမကြားတဲ့ မွတ်စလင်တွေ လေ့လာခွင့်ရဖို့  အာရုံစိုက်ဆောင်ရွက်နေတဲ့ အမေရိကန်က တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်ပါတယ်။” ဟု အစ္စလာမ် ဘာသာသို့ပြောင်းလဲ သက်ဝင်ခဲ့သူ Davi Barker က Examiner  ၀ဘ်ဆိုဒ်၏ ခေါင်းကြီးပိုင်းတွင် ရေးသားဖော်ပြခဲ့သည်။
    အဆိုပါလှုပ်ရှားမှုကို မွတ်စလင်အသင်း (Muslim Community Association (MCA)) ၏ ကယ်လီဖိုးနီးယားပြည်နယ် South bay တွင် ကျင်းပသည့် အခမ်းအနားတစ်ခုတွင် GDM  မှ ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။ ထိုအခမ်းအနားသို့ GDM  ၏ ဥက္ကဌဖြစ်သူ Nashiru Abdulai တက်ရောက်ခဲ့ပြီး  အစ္စလာမ့် အသုံးအနှုန်းများကို အမေရိကန် လက်သင်္ကေတ စကားဖြင့် တင်ပြခြင်းကို အကျဉ်းရုံး တင်ဆက်ခဲ့သည်။
    ထို့နောက် စကားမပြောတတ် ၊ နားမကြားသော မွတ်စလင်များက ၎င်းတို့  ကြီးပြင်းလာခဲ့သည့် ဘ၀တစ်လျှောက် လစ်ဟာခဲ့ရသည့် လူမှုရေးလှုပ် ရှားမှုများ အကြောင်းကို မျှဝေခဲ့သည်။
    “စကားမပြောတတ် နားမကြားသူတွေအတွက် ASL (American Sign Language) (အမေရိကန် လက်ဟန်ဘာသာစကား) ဟာ ပထမဖြစ်ပြီး၊ အင်္ဂလိပ်စကားကတော့ ဒုတိယဖြစ်ပါတယ်။ ပြီးတော့ သူတို့အတွက် ပြည့်ပြည့်စုံစုံနားလည်နိုင်တဲ့ အစ္စလာမ့်စာပေတွေ မရှိတာ၊ ခရေစေ့တွင်းကျ သင်ပေးမယ့် ဆရာတွေမရှိတာ စတဲ့ အခက်အခဲနှစ်ခုလည်း သူတို့မှာ ရှိနေပါတယ်။” ဟု ဘာကာက ဆိုသည်။
    တရားဝင်ထုတ်ပြန်မှုများမရှိသော်လည်း အမေရိကန်ပြည်ထောင်စုတွင် မွတ်စလင် ၆ သန်းမှ ၈ သန်း အထိ နေထိုင်ကြသည်ဟု ခန့်မှန်းကြ သည်။
    စိန်ခေါ်မှုများ
    အဆိုပါ လှုပ်ရှားမှုအောင်မြင်စေရန်အတွက် မွတ်စလင်ပညာရှင်များ၊ ဘာသာဗေဒပညာရှင်များ၊ ဗီဒီယိုရိုက်ကူးရေး ပညာရှင်များ ပူပေါင်းပါဝင်ကူညီပေးရန် ဘာကာ ကမေတ္တာ ရပ်ခံခဲ့သည်။
    “ASL ဆိုတာ လက်ဟန်ခြေဟန်၊ လှုပ်ရှားမှု၊ ကိုယ်ဟန်နေထား၊ မျက်နှာအမူအရာတွေနဲ့ ပေါင်းစပ်ထားတဲ့ ဘာသာစကားတစ်ခုပါ။” ဟု သူက ဆိုသည်။
    အဆိုပါ ရည်ရွယ်ချက်များအောင်မြင်စေရန် အစ္စလာမ့် အခမ်းအနားများနှင့် ဗလီများတွင် ASL ဘာသာပြန်များထားရှိခြင်းဖြင့် ကူညီထောက် ပံ့ပေးရန် မွတ်စလင်အဖွဲ့အစည်းများအား GDM မှ ဆော်အော်ခဲ့သည်။ လိုအပ်သည့် ကုန်ကျစရိတ်များကို စုဆောင်းရန်အတွက် ရန် ပုံငွေကောက်ခံမည့် အစီအစဉ်ကိုလည်း စီစဉ်ခဲ့ကြသည်။
    “စူရာ ၁၁၄ ခုကို ရိုက်ကူးဖို့အတွက် အလှူငွေ ဒေါ်လာ ၁၃၅၀ လောက် ယခုလောလောဆယ် လိုအပ်ပါတယ်။ ကျနော်တို့ရဲ့ရည်ရွယ် ချက်ကတော့ လက်သင်္ကေတ ဘာသာ စကားနဲ့ ဖော်ပြထားတဲ့ ကုရ်အာန်ကျမ်းတော်မြတ် အစအဆုံး DVD ကို ကမ္ဘာတစ်ဝှမ်းလုံးမှာရှိတဲ့ နားမကြားတဲ့ မွတ်စလင်တွေကို အခမဲ့ ဖြန့်ဝေသွားဖို့ပဲဖြစ်ပါတယ်။ အဲဒီ ဗီဒီယိုအားလုံး GDM ၀ဘ်ဆိုဒ်ကနေလည်း ရရှိနိုင်မှာပါ။” ဟု ဘာကာ က ဆိုသည်။
    GDM  သည် အမေရိကန်တွင် မှတ်ပုံတင်ထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခုဖြစ်သည်။ ကမ္ဘာတစ်ဝှမ်းလုံးရှိ မွတ်စလင် များ၏ အခွင့်အရေးနှင့် လိုအပ်ချက်များကို ကူညီဆောင်ရွက်ပေးရန် ရည်ရွယ်၍ နားမကြားသည့် ပညာတတ်မွတ်စလင်များက ဦးဆောင် ကာ၂၀၀၅ ခုနှစ်တွင် စတင် တည်ထောင်ခဲ့သည်။ (ကိုးကား- http://www.onislam.net/english)
    မှတ်ချက် -လက်သင်္ကေတဖြင့် သတင်းကြေညာသူ မောင်လူငယ်ရေးသားသည့် နားမကြားသူများ သုံးစွဲနေသော ဘာသာစကားအကြောင်း M-Media စာမျက်နှာတွင် ဖတ်နိုင်သည်။
  • စစ်ဆင်ရေးကာလတွင် အမေရိကန် စစ်သားများ အာဖဂန် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့
    စစ်ဆင်ရေးကာလတွင် အမေရိကန် စစ်သားများ အာဖဂန် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့
    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    အာဖဂန်နစ္စတန်မြောက်ပိုင်းဒေသများတွင် ညပိုင်းစစ်ဆင်ရေးပြုလုပ်ခဲ့သည့် အချိန်များတွင်  အမေရိကန် တပ်သားများသည် အမျိုးသမီးများစွာကို အဓမ္မပြုကျင့်ခဲ့ကြောင်း ရွာခံများက ပြောကြားလိုက်ပါသည်။
    အမေရိကန်အထူး တပ်သားများ တစ်အိမ်တက်ဆင်း ရှာဖွေများမှုများပြုလုပ်ခဲ့သော အာဖဂန်နစ္စတန်၏ Balkh ပြည်နယ်၏ ဒေသ တစ်ခုဖြစ်သော Chaharbolak အတွင်းရှိ ရွာတစ်ရွာတွင် ဖြစ်ပွားခဲ့ကြောင်း အာဖဂန်နစ္စတန် သတင်းအချက်လက် ကွန်ယက်မှ တနင်္ဂနွေနေ့က ဖော်ပြခဲ့ပါသည်။
    သို့သော်လည်း အမေရိကန်တပ်၏ တပ်မှူးက ဤဖြစ်စဉ်ကို တိုင်တန်းခြင်းပြုပါက ဖြစ်ပေါ်လာမည့် အကျိုးဆက်များ နှင့် ခြိမ်းခြောက်မှုပြုထားခြင်းကြောင့် ရွာသားများ အနေနှင့် ရွာ၏ အမည်ကိုမှု ထုတ်ဖော်ပြောကြားခြင်း မရှိခဲ့ပေ။
    စစ်ဆင်ရေး ပြုနေစဉ် တပ်သားများသည် မိသားစုပေါင်း (၁၅)စုမှ အမျိုးသမီးများ နှင့် အမျိုးသားများကို ခွဲခြားကာ အမျိုးသမီး ပေါင်းများစွာကို အဓမ္မ ပြုကျင့်ခဲ့ကြောင်း ဒေသခံများက ပြောကြားခဲ့ပါသည်။
    အမေရိကန် ဦးဆောင်သော တပ်များက အာဖဂန်နစ္စတန်ကို ကျူးကျော်မှု ပြုခဲ့သော ၂၀၀၁ ခုနှစ် ကတည်းကပင် မကြာခဏ ဆိုသလို အာဖဂန်ပြည်သူ ပြည်သားများကို အမျိုးမျိုးသော အလွဲသုံးစားပြုမှုများ ရှိခဲ့ပါသည်။
    ပြီးခဲ့သော လက တောင်ပိုင်း အာဖဂန်နစ္စတန် အတွင်း မတ်လက အာဖဂန် နယ်သားများကို အစုလိုက် သတ်ဖြတ်မှုတွင် ပါဝင်ခဲ့သော အမေရိကန် တပ်သားတစ်ဦးမှ အမေရိကန် စစ်ဘက်ဆိုင်ရာ ခုံရုံး ရှေ့မှောက်တွင် သူ၏ ပြစ်မှုများကို ပထမဆုံး အဖြစ် ၀န်ခံမှု တစ်ရပ် ပြီးခဲ့သော လက ဖြစ်ပေါ် ခဲ့ပါသည်။
    ကိုးကား –http://www.presstv.ir
  • ဒဏ်ရာရ သံဃာများအတွက် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀) လှူ
    ဒဏ်ရာရ သံဃာများအတွက် မန္တလေးမှ အစ္စလာမ်ဘာသာဝင်များမှ သိန်း(၂၀) လှူ
    ဒီဇင်ဘာ ၄ ၊ ၂၀၁၂
    M-Media
    ဓါတ်ပုံ မင်းမင်းလတ် FB မှ ကူးယူဖော်ပြပါသည်။
    လက်ပံတောင်းတောင် ကြေးနီစီမံကိန်း သပိတ်စခန်းများ အကြမ်းဖက် ဖြိုခွင်းမှု့ကြောင့်  မီးလောင် ဒဏ်ရာ ရရှိခဲ့သည့် သံဃာတော်များ ဆေးကုသရန် အတွက် မန္တလေးမြို့ခံ အစ္စလာမ်ဘာသာဝင်များမှ အလှူငွေကျပ် သိန်း(၂၀) ကို ဂဠုန်နီဆရာတော် ဦးကာဝိယ ၏ ကျောင်းတိုက်သို့ ယမန်နေ့က သွားရောက် လှူဒါန်းခဲ့ကြောင်း သတင်းရရှိပါသည်။
    ဓါတ်ပုံ မင်းမင်းလတ် FB မှ ကူးယူဖော်ပြပါသည်။