News @ M-Media
Blog
  • သဲချောင်း မွတ်စလင် ဒုက္ခသည် စခန်းကို အဓမ္မ ဖိအားရွှေခိုင်းရာ လက်မခံသဖြင့် ရဲများ အကြမ်းဖက်ပစ်ခတ်
    သဲချောင်း မွတ်စလင် ဒုက္ခသည် စခန်းကို အဓမ္မ ဖိအားရွှေခိုင်းရာ လက်မခံသဖြင့် ရဲများ အကြမ်းဖက်ပစ်ခတ်
    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    ထွန်းတောက်
    ၂၀၁၂ ခုနှစ် ဒီဇင်ဘာ ၁ ရက် ညနေ့(၅) နာရီတွင်  စစ်တွေ သဲချောင်းရှိ မွတ်စလင် ဒုက္ခသည်စခန်းများမှ ဒုက္ခသည်များကို ဝေးလံသည့် ဆေးသမားကျေးရွာသို့ အတင်းအဓမ္မ ပြောင်းရွှေခိုင်းရာ မွတ်စလင်မ် ဒုက္ခသည်များမှ မသွားလိုကြောင်း ပြောသဖြင့် လုံခြုံရေးတပ်ဖွဲ့ဝင် ရဲများ သေနတ်များဖြင့် ပစ်ခတ်မှု့ကြောင့် အနည်းဆုံး မွတ်စလင်မ် ဒုက္ခသည် (၅) ဦး ဒဏ်ရာပြင်းထန်စွာရရှိသွားသည်။
    သဲချောင်းဒုက္ခသည်စခန်း မှ မွတ်စလင် ဒုက္ခသည်များမှာ စစ်တွေမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ခဲ့ကြသူများဖြစ်ပြီး   ပြီးခဲ့တဲ့ ဇွန်လအတွင်း ရခိုင်အကြမ်းဖက်သမားများ မှ ၄င်းတို့ အိမ်များအားမီးရှို့ခြင်း၊ အကြမ်းဖက် တိုက်ခိုက် သတ်ဖြတ်မှု့များပြုလုပ်ခြင်း၊ နည်းလမ်းမျိုးစုံဖြင့် ဖိအားပေးပြီးနေရပ်စွန့်ခွါအောင် လုပ်ဆောင်မှု့များကြောင့် အဆိုပါ ဒုက္ခသည် စခန်းများတွင် လာရောက် ခိုလှုံနေသူများဖြစ်ပါတယ်။ ယခုအခါ အဆိုပါ ဒုက္ခသည် စခန်းမှ ထပ်မံပြီး ဝေးလံခေါင်ဖျားတဲ့ ဆေးသမား ကျေးရွာကို ရွှေပြောင်းဖို့ အတွက် အာဏာပိုင်များမှ ဖိအားပေး လုပ်ဆောင်လာမှုကို မွတ်စလင် ဒုက္ခသည်များမှ မသွားလိုကြောင်းပြောကြားရာမှ လုံခြုံရေးတပ်ဖွဲဝင် ရဲများ အကြမ်းဖက် ပစ်ခတ်ခဲ့တာဖြစ်ကြောင်း သိရပါတယ်။
    ပစ်ခတ်မှုကြောင့် အနည်းဆုံး မွတ်စလင်မ် (၅) ဦး သေနတ်ဒဏ်ရာ ရရှိသွားကြောင်းသိရပါတယ်။ အခုချိန်ထိ စုံစမ်းသိရှိရတဲ့ ဒဏ်ရာသူများစာရင်းမှာ
    (၁)  ဦးရှော်ဘီရာမာန် (အဖအမည် – ဦးဟာလာမျှ)  ၂၈ နှစ်၊ နာဇီ (အကွက်၃)
    (၂)  ဦးဂျာဘူလ်လောက် (အဖအမည် – ဦးဟာမိတ်ဟူးဆောင်း) ၂၅ နှစ် ။ ( အကွက်၁)
    (၃)  မော်နူရာဘေဂါမ် (အဖအမည် – ဦးမိုဟာမာတ်ရော်ဖိတ်) ၂၃ နှစ် ။ (အကွက်၃)
    (၄)  စော်လိမ် (အဖအမည် – ဦးဘော်ဒီရာမ်) ၂၂ နှစ် ။ (အကွက်၎)
    (၅)  အနူရ်ဝါဘေဂါမ် (အဖအမည် – ဦးအမာတ်ဟူးဆောင်း) ၂၀ နှစ် ။ (အကွက်၁၁) တို့ ဖြစ်ပါသည်။
    ပြီးခဲ့တဲ့ ရက်ပိုင်းတွင် မုံရွာ မှာရှိတဲ့ လက်ပတောင်းကြေးနီ စီမံကိန်း ဖျက်သိမ်းရေး ဆန္ဒပြမှု့များတွင် အဓိကရုဏ်းနှိမ်နင်းရေး တပ်ဖွဲ့ဝင်များရဲ့ ဖြိုခွင်းမှုကြောင့် သံဃာနှင့် ပြည်သူအများ မီးလောင် ဒဏ်ရာများ ဆိုးရွားစွာရရှိပြီး တစ်ပြည်လုံးမှ ပြည်သူများ အပြစ်တင်ဝေဖန်မှု့များနှင့် ဦးသိန်းစိန်အစိုးရ ဖိအားပေးခံနေရချိန်မှာ ယခုလို မွတ်စလင်မ်များအား အကြမ်းဖက် ပစ်ခတ်မှုထပ်မံပေါ်ပေါက်လာတာဖြစ်ပါတယ်။ ဦးသိန်းစိန် အစိုးရအနေဖြင့် ၄င်းတို့ ရင်ဆိုင်နေရတဲ့ အထွေထွေ ဖိအားများကို တကျော့ပြန်မွတ်စလင်မ် ဆန့်ကျင်ရေး လမ်းကြောင်းဖြင့် အာရုံပြောင်းဖို့ ကြိုးစားလာတာဖြစ်နိုင်ကြောင့် သုံးသပ်မှုများပြောဆိုမှုများ ရှိနေပါတယ်။
    ဇွန်လ အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ် ဒုက္ခသည် ၇၀၀၀၀ ကျော်နှင့် အောက်တိုဘာလ ဒုတိအကြိမ် အကြမ်းဖက်မှုများကြောင့် မွတ်စလင်မ် ဒုက္ခသည် ၃၃၀၀၀ ကျော် စုစုပေါင်း ၁၁၀၀၀၀ ခန့် ဒုက္ခသည် စခန်းများတွင် ခိုလှုံနေရပြီး ကမ္ဘာစားနပ်ရိက္ခာ အဖွဲ့နှင့် အလှူရှင်များရဲ့ ရိက္ခာများဖြင့် ကြပ်တည်းစွာ အသက်ဆက်နေကြရဖြစ်ပါတယ်။
    မှတ်ချက်။ ။ သတင်းပေးပို့လာသူရဲ့ ကင်မရာ Date Setting မှားယွင်းနေခြင်းကြောင့် နေစွဲ လွဲနေခြင်းဖြစ်ပါတယ်။
  • ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း
    ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော လက်ပံတောင်းတောင် စုံစမ်းရေး ကော်မရှင် ဖွဲ့စည်း
    ဒီဇင်ဘာ ၁၊၂၀၁၂
    နေပြည်တော်
    ဒေသခံများနှင့် သံဃာတော် များ၏ ကန့်ကွက် ဆန္ဒပြမှု နှင့် ရင်ဆိုင် ခဲ့ရသော လက်ပံတောင်းတောင် စီမံကိန်း နှင့် ပတ်သက်၍ နိုင်ငံတော် သမ္မတရုံးက ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော စုံစမ်း စစ်ဆေးရေး ကော်မရှင်  ဖွဲ့စည်းခဲ့သည်။
    အဆိုပါ ကော်မရှင်တွင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ၄ဦး၊ အမျိုးသား လွှတ်တော် ကိုယ်စားလှယ် ၃ဦး၊ ၈၈ မျိုးဆက် ကျောင်းသားများ၊ နိုင်ငံရေး ပါတီ ခေါင်းဆောင်များ၊ ဌာန ဆိုင်ရာ အရာရှိကြီးများ သာမက မြန်မာ့စီးပွားရေး ဦးပိုင် လိမိတက်မှ ကိုယ်စားလှယ် တစ်ဦးနှင့် ကြေးနီ စီမံကိန်း ဒေသခံ ရွာသား သုံးဦး ကိုပါ ပါဝင်ဖွဲ့စည်း ပေးခဲ့သည်ကို တွေ့ရှိ ရသည်။
    အဆိုပါ စုံစမ်းရေး ကော်မရှင် အနေဖြင့် ကြေးနီ စီမံကိန်းကြောင့် နိုင်ငံတော် အတွက် အကျိုး ရှိ မရှိ၊ ကြေးနီ စီမံကိန်းအား ဆက်လက် ဆောင်ရွက်ရန် သင့် မသင့် နှင့် စီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒ ဖော်ထုတ်ရသည့် အကြောင်းရင်း များ၊ ဆန္ဒဖော်ထုတ်မှု အပေါ် ထိန်းသိမ်း ဆောင်ရွက်မှုနှင့် ထိခိုက် ဒဏ်ရာ ရရှိမှု အပေါ် သုံးသပ်ချက် နှင့် လူမှု ပတ်ဝန်းကျင်နှင့် သဘာဝ ပတ်ဝန်းကျင် အပေါ် ကောင်းကျိုးနှင့် ဆိုးကျိုး သက်ရောက်မှုများ စသည့် အချက်များကို ဒီဇင်ဘာ ၃၁ရက်နေ့ နောက်ဆုံး ထားပြီး နိုင်ငံတော် သမ္မတ  ထံသို့ တင်ပြ ရမည် ဖြစ်ကြောင်း ယင့် အမိန့်စာတွင် ဖော်ပြသည်။
    ကြေငြာချက်အပြည့်အစုံမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
    နိုင်ငံတော်သမ္မတရုံး
    အမိန့်ကြော်ငြာစာ
    အမှတ်၊ ၉၂/ ၂၀၁၂
    ၁၃၇၄ ခုနှစ်၊ တန်ဆောင်မုန်းလပြည့်ကျော် ၃ ရက်
    (၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ ၁ ရက်)
    စုံစမ်းစစ်ဆေးရေးကော်မရှင်ဖွဲ့စည်းခြင်း
    ၁။ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဆားလင်းကြီးမြို့နယ်အတွင်းရှိ လက်ပံတောင်းတောင်ကြေးနီစီမံကိန်းတွင် ဖြစ်ပေါ်လျက်ရှိသော ဖြစ်စဉ်များနှင့် စပ်လျဉ်း၍ ကြေးနီမိုင်းလုပ်ငန်း ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် ဆန္ဒပြမှုဖြစ်စဉ်များ ထိန်းသိမ်းခြင်းတို့အပေါ် အခြေအနေ အမှန်ဖော်ထုတ်နိုင်ရန်အတွက် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များပါဝင်သော “စုံစမ်းစစ်ဆေးရေးကော်မရှင်” ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်သည်-
    (က) ဒေါ်အောင်ဆန်းစုကြည်          ဥက္ကဋ္ဌ
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    ရန်ကုန်တိုင်းဒေသကြီး၊ ကော့မှူးမြို့နယ် မဲဆန္ဒနယ်
    (ခ) ဦးလွန်းသီ အဖွဲ့ဝင်
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    ရန်ကုန်တိုင်းဒေသကြီး၊ ကွမ်းခြံကုန်းမြို့နယ် မဲဆန္ဒနယ်
    (ဂ) ဦးသန်းမြင့် အဖွဲ့ဝင်
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    စစ်ကိုင်းတိုင်းဒေသကြီး၊ ဆားလင်းကြီးမြို့နယ် မဲဆန္ဒနယ်
    (ဃ) ဒေါ်ခင်စန်းလှိုင် အဖွဲ့ဝင်
    ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်
    စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ် မဲဆန္ဒနယ်
    (င) ဦးဇော်မြင့်ဖေ အဖွဲ့ဝင်
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
    မန္တလေးတိုင်းဒေသကြီး၊ အမှတ် (၅) မဲဆန္ဒနယ်
    (စ) ဦးခင်မောင်ရီ အဖွဲ့ဝင်
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
    ဧရာဝတီတိုင်းဒေသကြီး၊ အမှတ် (၆) မဲဆန္ဒနယ်
    (ဆ) ဦးအောင်ကြည်ညွန့် အဖွဲ့ဝင်
    အမျိုးသားလွှတ်တော်ကိုယ်စားလှယ်
    မကွေးတိုင်းဒေသကြီး၊ အမှတ် (၄) မဲဆန္ဒနယ်
    (ဇ) ဦးခင်မောင်ဆွေ အဖွဲ့ဝင်
    ဥက္ကဋ္ဌ၊ အမျိုးသားဒီမိုကရေစီအင်အားစုပါတီ
    (ဈ) ဦးမျိုးညွန့် အဖွဲ့ဝင်
    အထွေထွေအတွင်းရေးမှူး
    ဒီမိုကရေစီနှင့် ငြိမ်းချမ်းရေးပါတီ
    (ည) ဒေါက်တာဝင်းမောင် အဖွဲ့ဝင်
    Chairman, Myanmar Environmental Institute
    (ဋ) ဦးကျော်တင့်ဆွေ အဖွဲ့ဝင်
    သံအမတ်ကြီး (ငြိမ်း)
    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
    (ဌ) ဦးမောင်မောင်အေး အဖွဲ့ဝင်
    Senior Consultant on Social Assessment
    Myanmar Environmental Institute
    (ဍ) ဦးစိုးသိန်း (ခ) မောင်ဝံသ အဖွဲ့ဝင်
    စာရေးဆရာ
    (ဎ) ဦးဝင်းထိန် အဖွဲ့ဝင်
    ညွှန်ကြားရေးမှူးချုပ်၊ သတ္တုတွင်းဦးစီးဌာန
    သတ္တုတွင်းဝန်ကြီးဌာန
    (ဏ) ဦးမြင့်ဆွေ အဖွဲ့ဝင်
    ညွှန်ကြားရေးမှူးချုပ်၊ ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန
    လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန
    (တ) ဦးတင်မြင့် အဖွဲ့ဝင်
    ဒုတိယညွှန်ကြားရေးမှူးချုပ်
    အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ပြည်ထဲရေးဝန်ကြီးဌာန
    (ထ) ဦးလှမောင်သိန်း အဖွဲ့ဝင်
    ဒုတိယညွှန်ကြားရေးမှူးချုပ်
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန
    ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် သစ်တောရေးရာဝန်ကြီးဌာန
    (ဒ) ဒေါက်တာဒေါ်ကေသီလွင် အဖွဲ့ဝင်
    ပါမောက္ခချုပ် (တာဝန်)၊ နည်းပညာတက္ကသိုလ် (သံလျင်)
    သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန
    (ဓ) ဒေါက်တာဒေါ်မာလာအောင် အဖွဲ့ဝင်
    ဒုတိယပါမောက္ခချုပ်၊ ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ်
    ပညာရေးဝန်ကြီးဌာန
    (န) ဦးအောင်နိုင်ဦး အဖွဲ့ဝင်
    Myanmar Peace Center
    (ပ) ဦးပေါ်ဦးထွန်း (ခ) မင်းကိုနိုင် အဖွဲ့ဝင်
    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
    (ဖ) ဦးကိုကိုကြီး အဖွဲ့ဝင်
    (၈၈) မျိုးဆက် ကျောင်းသားများအဖွဲ့
    (ဗ) ဒေါက်တာမြင့်သိန်း အဖွဲ့ဝင်
    ညွှန်ကြားရေးမှူး၊ လုပ်ငန်းခွင်ကျန်းမာရေးဌာန
    ကျန်းမာရေးဝန်ကြီးဌာန
    (ဘ) ဦးနေဦး အဖွဲ့ဝင်
    ဒုတိယညွန်ကြားရေးမှူး
    စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန
    ပြည်ထဲရေးဝန်ကြီးဌာန
    (မ) ဦးဝင်းကြည် အဖွဲ့ဝင်
    ဌာနကြီးမှူး၊ ထုတ်လုပ်မှုလုပ်ငန်းများဌာနကြီး
    မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်
    (ယ) ဒုတိယဗိုလ်မှူးကြီးအောင်သန်း အဖွဲ့ဝင်
    ကာကွယ်ရေးဝန်ကြီးဌာန
    (ရ) ဦးဗိုလ်သန်း အဖွဲ့ဝင်
    ကံကုန်းရွာ၊ ကျောက်မျက်ကျေးရွာအုပ်စု
    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
    (လ) ဦးအောင်ဇော်ဦး အဖွဲ့ဝင်
    ဝက်မှေးရွာ၊ ရွာရှည်ကျေးရွာအုပ်စု
    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
    (ဝ) ဦးဘိုဌေး အဖွဲ့ဝင်
    တုံရွာမ၊ တုံကျေးရွာအုပ်စု
    ဆားလင်းကြီးမြို့နယ်၊ စစ်ကိုင်းတိုင်းဒေသကြီး
    (သ) ဦးစစ်မြိုင် အတွင်းရေးမှူး
    မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်
    ၂။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် အောက်ဖော်ပြပါကိစ္စရပ်များအပေါ် ဖြစ်စဉ်ဖြစ်ရပ် အမှန်ပေါ်ပေါက်စေရေး စုံစမ်းစစ်ဆေးရန်နှင့် ဥပဒေစိုးမိုးရေးနှင့် အမျိုးသားအကျိုးစီးပွား တိုးတက်စေရေးတို့အတွက် သုံးသပ်ချက်နှင့်တကွ အကြံပြု တင်ပြရမည်-
    (က) ကြေးနီစီမံကိန်းအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် နိုင်ငံ တကာ ပြဌာန်းချက်များ၊ ဆောင်ရွက်သင့်သည့် နည်းပညာများအသုံးပြု၍ စနစ်တကျ ဆောင်ရွက်ခြင်း ရှိ/မရှိ၊
    (ခ) ကြေးနီစီမံကိန်းကြောင့် လူမှုပတ်ဝန်းကျင်နှင့် သဘာဝပတ်ဝန်းကျင် အပေါ်ကောင်းကျိုးနှင့် ဆိုးကျိုးသက်ရောက်မှုများ၊
    (ဂ) ကြေးနီစီမံကိန်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အတွက် အကျိုး ရှိ/ မရှိ၊
    (ဃ) ကြေးနီစီမံကိန်း ရပ်ဆိုင်းရန် ဆန္ဒဖော်ထုတ်ရသည့် အကြောင်းရင်းများ၊
    (င) ဆန္ဒဖော်ထုတ်မှုအပေါ် ထိန်းသိမ်းဆောင်ရွက်မှုနှင့် ဆန္ဒဖော်ထုတ်သည့် သံဃာ တော်များအား ထိခိုက်ဒဏ်ရာ ရသည့်အပေါ် သုံးသပ်ချက်၊
    (စ) ကြေးနီစီမံကိန်းအား ဆက်လက်ဆောင်ရွက်ရန် သင့်/ မသင့်နှင့် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုအား ရပ်ဆိုင်းရန် သင့်/ မသင့်၊
    (ဆ) နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးနှင့် ဥပဒေစိုးမိုးရေးဆိုင်ရာ အကြံပြုချက်များ၊
    (ဇ) ကော်မရှင်၏ အထွေထွေ သုံးသပ်တင်ပြချက်နှင့် အကြံပြုချက်များ။
    ၃။ စုံစမ်းစစ်ဆေးရေးကော်မရှင် တာဝန်ထမ်းဆောင်စဉ် အုပ်ချုပ်ရေးကိစ္စများအား သမ္မတရုံး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှထွန်းက တာဝန်ခံဆောင်ရွက်ပေးရမည်။ စုံစမ်းစစ်ဆေးရေး ကော်မရှင်၏ တာဝန်ထမ်းဆောင်စဉ် လုံခြုံရေးနှင့် အုပ်ချုပ်ရေးဆိုင်ရာ လိုအပ်ချက်များကို ပြည်ထောင်စု ဝန်ကြီး၏ လမ်းညွှန်မှုဖြင့် နိုင်ငံတော်သမ္မတရုံးနှင့် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့တို့က ဖြည့်ဆည်း ပေးရမည်။
    ၄။ စုံစမ်းစစ်ဆေးရေးကော်မရှင်သည် စုံစမ်းစစ်ဆေးမှုများ ဆောင်ရွက်ရာတွင် ပြစ်မှု ဆိုင်ရာ ကျင့်ထုံးဥပဒေ၊ သက်သေခံဥပဒေတို့နှင့်အညီ စုံစမ်းစစ်ဆေးနိုင်သည့်အပြင် သက်သေများ ဆင့်ခေါ်ခြင်း၊ စာရွက်စာတမ်းများ တောင်းခေါ်ခြင်းနှင့် လိုအပ်သည့်နေရာသို့ သွားရောက် စစ်ဆေးခြင်းတို့ ဆောင်ရွက်ခွင့်ရှိသည်။ စုံစမ်းစစ်ဆေးမှုအစီရင်ခံစာကို နိုင်ငံတော်သမ္မတထံသို့ ၂၀၁၂ ခုနှစ်၊ ဒီဇင်ဘာလ (၃၁) ရက် အရောက် အစီရင်ခံတင်ပြရမည်။
    ပုံ
    သိန်းစိန်
    နိုင်ငံတော်သမ္မတ
    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်
  • သရဝဏ်(ပြည်)၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ၏ သစ္စာ (နောက်ဆုံးပိုင်း)
    သရဝဏ်(ပြည်)၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ၏ သစ္စာ (နောက်ဆုံးပိုင်း)
    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    ရဲရင့်သစ္စာ
    ၂၀.၁၁.၂၀၁၂ issue News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ  ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း” https://www.facebook.com/NewsWatchJournal/posts/448696681834805 ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက် အတော်များများ လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့ ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ “အစ္စလာမ်” ဘာသာ[ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။
    ၇။ သရဝဏ် (ပြည်) –  ဘော်လ်ကာဒေသသည် ဇောရိုးဝါဒ Zoroaster (အီရန်နိုင်ငံတွင် စတင်ခဲ့သော ဘုရားသခင် ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ)၏ မူလ ဘူတ စတင်မွေးဖွားရာ နေရာဖြစ်နေသည်။
    ရဲရင့်သစ္စာ – သရဝဏ် (ပြည်) က  Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံမျက်စိမှိတ် ယုံကြည်ထား ပုံရပါတယ်။ အဲဒီ ဆောင်းပါးမှာ Balka လို့ရေးထားတိုင်း သရဝဏ် (ပြည်) က  ဘော်လ်ကာဒေသ လို့ လိုက်ရေးထားပါတယ်။ အာဖဂန်နစ္စတန် က အဲဒီဒေသကို Balka လို့ မခေါ်ပါဘူး။ Balkh (ဗလ်ခ်) လို့ခေါ်ပါတယ်။ ကမ္ဘာ့သမိုင်းမှာ ပေါ်ထွန်းခဲ့ တဲ့ အလွန်ကြီးကျယ်တဲ့ သိပ္ပံ ဝိဇ္ဇာ စွယ်စုံပညာရှင်ကြီးတွေ (polymaths) ထဲက အထင်ကရ တစ်ပါးဖြစ်တဲ့  ကုရ်အာန်ကျမ်း အာဂုံဆောင်အစ္စလာမ်ဘာသာဝင်  ပညာရှင်ကြီး အိဗ်နုစီနာ (လက်တင်အမည်-Avicenna) ရဲ့ဖခင် ဟာ Balkh မြို့သားပါ။ Balkh မြို့ကို ဂရိလို Bactra လို့လည်းခေါ်ပါတယ်။ (ကိုးကား-Avicenna His Life and Work, Soheil M. Afnan Ph.D, George Allen and Unwin Ltd. London, 1958) ဇိုရိုအက်စတာဝါဒဟာ “ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက် သုတ်သင်ရေးဝါဒ” ဖြစ်ကြောင်း သရဝဏ် (ပြည်) ဘယ်က လေ့လာ သိရှိထားပါသလဲ မေးချင်ပါတယ်။ “Zoroaster” ဆိုတာ “Zarathustra” ဆိုတဲ့ အမည်ကို ဥရောပ က အသစ်တီထွင်ခေါ်ဝေါ်ထားတဲ့ အမည်ပါဘဲ။ “Zoroaster” ဘာသာ ကိုယ်တိုင်ကလည်း သူတို့ဘာသာကို “ဘုရားသခင်ဘက်တော်သားများသည် မိစ္ဆာ၀ါဒီများကို အဆက်မပြတ် တိုက်ခိုက်သုတ်သင်ရေးဝါဒ” လို့အဓိပ္ပာယ် ဖွင့်ဆို သတ်မှတ်ထားတာမရှိပါ။
    (ကိုးကား- The Oxford Dictionary of the World Religions, Oxford University Press, 1997)
    ၈။ သရဝဏ် (ပြည်) –  တမန်တော်မိုဟာမက် ကွယ်လွန်ပြီး နှစ် ၃၀ ကြာသောအခါ (အေဒီ ၆၀၀) အာရပ်မူဆလင်များသည် ပါရှားကိုအောင်နိုင်ပြီးနောက် ဘက်တားရီးယားဒေသကို ဆက်လက်တိုက်ခိုက်ပြီး ဗုဒ္ဓဘာသာထွန်းကားရာ ဘော်လ်ကာဒေသ (Balka)သို့ပါ ရောက်ရှိလာခဲ့သည်။
    ရဲရင့်သစ္စာ – အာရပ် တွေ ပါရှားကို အောင်နိုင်ခဲ့တာ အေဒီ ၆၀၀ မဟုတ်ပါဘူး။ တမန်တော်မုဟမ္မဒ် ကွယ်လွန်ခဲ့တာ အေဒီ (၆၃၂) ဖြစ်ပါတယ်။ အာရပ်တွေ ပါရှား အင်ပါယာကို အောင်နိုင်ခဲ့တဲ့ ခုနှစ်ဟာ အေဒီ ၆၅၁ ဖြစ်ပါတယ်။ (ကိုးကား-The Oxford History of Islam, Oxford University Press, 1999)။ သရဝဏ် (ပြည်) အနေနဲ့စိတ်တွေးထင်ရာတွေ မရေးသင့်ပါ။
    ၉။ သရဝဏ် (ပြည်) – ၎င်းတို့ အုပ်စိုးပြီးနောက်ပိုင်းတွင် ဗုဒ္ဓဘာသာဝင်များကို လူခွန် စတင်ကောက်ခံခဲ့သည်။ ဘုရားကျောင်းကန် စေတီ ပုထိုးများသို့ သွားရောက်ဖူးမျှော်ပူဇော်ကန်တော့သူများကိုလည်း ဘုရားဖူးခွန်များ ကောက်ခံခဲ့သည်။ ကဘူးရှိ ဘုန်းတော် ကြီးကျောင်းများကိုဝင်ရောက်လုယက် ဖျက်ဆီးကြပြီး ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲအထိမ်းအမှတ်အဖြစ်ယူငင်သိမ်းပိုက်ကြသည်။ နာကျဉ်းဖွယ် အနိုင်ကျင့်ခံရမှုသည် ဤမှာပင်စသည်။ ကဘူးတွင် ဗုဒ္ဓဘာသာသည် တဖြည်းဖြည်းအားနည်းလာပြီး နောက်ဆုံးတွင် အာဖဂန်နစ္စတန်မှလုံးဝပျောက်ကွယ်သွားရတော့သည်။
    ရဲရင့်သစ္စာ – အာရပ်တွေ (အုမ်မေယာဒ် မင်းဆက်) ဟာ Bactra (Balkh) ဒေသကို အုပ်စိုးပြီး နောက်ပိုင်းမှာ ဗုဒ္ဓဘာသာဝင် တွေကို သာမက၊ အစ္စလာမ် မဟုတ်တဲ့ အခြားဘာသာဝင် အားလုံးကို ဂျိဇ်ယာ (Jizya) လို့ခေါ်တဲ့ တာဝန်ခံအခွန် (သို့) ကာကွယ်ရေး အခွန် ကောက်ခံ ခဲ့ပါတယ်။ အဲဒီ Jizya ဟာ ဘာသာခြားတိုင်းအပေါ် ကောက်ခံတဲ့ အခွန်မဟုတ်ပါဘူး။ ဘာသာခြားတွေထဲမှာမှ သန်သန်မာမာ စစ်မှုထမ်းနိုင်တဲ့ အရွယ်ရောက်ပြီးသား ယောက်ျား တွေအပေါ်မှာသာကောက်ခံတာပါ။ အမျိုးသမီးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ် တွေ မစွမ်းသူတွေ နဲ့ ဘုန်းကြီး ရဟန်းတွေ အပေါ်လုံးဝကောက်ခံခြင်းမရှိပါ။ မွတ်စ်လင်မ်တွေဟာ ဇကားသ် လို့ ခေါတဲ့ အလှု ကို မဖြစ်မနေပေးရသလို၊ ဘာသာခြားတွေ ကတော့(Jizya) ကို မဖြစ်မနေပေးရပါတယ်။ အကယ်၍ ဘာသာခြား ဟာ စစ်မှုထမ်းမယ်ဆိုရင် အဲဒီ Jizya ကို ပေးစရာမလိုပါ။ ဆင်းရဲလွန်းလို့ Jizya မပေးနိုင်တဲ့ ဘာသာခြား ကို Jizya ကင်း လွတ်ခွင့် ပေးပါတယ်။ (ကိုးကား- The Oxford Dictionary of the World Religions,Oxford University Press, 1997) အာရပ်တွေ Bactria ကို အုပ်စိုးစဉ်မှာ ဗုဒ္ဓဘာသာဝင် အချို့နဲ့ ဗုဒ္ဓဘာသာကျောင်းထိုင်ရဟန်း တစ်ပါး ဟာ အစ္စလာမ် ဘာသာကို ကူးပြောင်းသက် ဝင် ယုံကြည်ခဲ့ကြကြောင်း၊ Nava Vihara ကျောင်းတိုက်ကြီး ဟာ မွတ်စ်လင်မ်အုပ်ချုပ်မှုအောက်မှာ စည်ပင်စွာ လည်ပတ်လျှက်ရှိကြောင်း ဟန်တရုတ်လူမျိုး ဘုရားဖူး Yijing (I-ching) ကိုယ်တိုင် အေဒီ ၆၈၀ မှာ Nava Vihara ကို ရောက်ရှိခဲ့ပြီး အဲဒီကျောင်းတိုက် ဟာ Sarvastivada (ပါဠှိ-သဗ္ဗတ္ထိဝါဒ) သင်ကြားရာ ဗဟိုဌာနေအဖြစ်စည်ပင်လျှက်ရှိကြောင်း မှတ်တမ်းတင်ခဲ့ပါတယ်လို့ မဟာယန ဗုဒ္ဓဘာသာပညာရှင်သုတေသီ ဒေါက်တာ Alexander Berzin က Historical Sketch of Buddhism and Islam in Afghanistan http://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.html မှာအတိအလင်း ရေးသားထားပါတယ်။ ဘုရားဖူးတွေ ကို အခွန်ကောက်ခံတာ ကတော့ မဆန်းပါဘူး။ ဒီနေ့ခေတ်မှာလည်း ဆော်ဒီအာရေဗျ ကို ဟဂ်ျခရီးသွားတဲ့ မွတ်စ်လင်မ် တွေ၊ဂယာ အပါအဝင် သံဝေဇနိယလေးဌာန ကို ဘုရားဖူးသွားတဲ့ သူတွေကိုလည်း သက်ဆိုင်ရာ နိုင်ငံတွေ က ခေါင်းစဉ်တစ်မျိုးမျိုးနဲ့ ငွေကြေးကောက်ခံတာ ရှိပါတယ်။ အာရပ်တွေ က ဘုန်းကြီးကျောင်းတွေကို ဝင်ရောက်လုယက်ဖျက်စီးတယ်ဆိုတာတွေ၊  ဗုဒ္ဓရုပ်ပွားတော်များကို အောင်ပွဲ အထိမ်းအမှတ်အဖြစ် ယူငင်သိမ်းပိုက်ကြတယ်ဆိုတာတွေ၊ အနိုင်ကျင့်တယ် ဆိုတာတွေ ဟာ စာပေမတတ် သမိုင်းမသိရှာသူတွေ (သို့) စာပေတတ် သမိုင်းသိသော်လည်း၊ လိမ်တတ် ညာတတ် ကောက်ကျစ်တတ်တဲ့ သူတွေ ရဲ့ အောက်တန်းကျစွာ မဟုတ်မမှန် ဖြန့် ချီတဲ့ ဝါဒဆိုးရဲ့ အစိတ်အပိုင်းတွေသာဖြစ်ပါတယ်။
    ၁၀။ သရဝဏ် (ပြည်) – အာရပ်တို့ အာဖဂန်ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒ ကို သယ်ဆောင်လာဖို့ စစ်ရေးဖြင့် ကျူးကျော်ဝင်ရောက်လာသောအခါ အာဖဂန်ဒေသခံ တောင်ပေါ်သားတို့သည်၎င်းတို့၏ ပိုက်နက်နယ်မြေကို လက်နက်စွဲကိုင်ကာ ခုခံကာကွယ်ခဲ့ကြပေသည်။
    ရဲရင့်သစ္စာ – အာရပ်တွေ ဟာ အာဖဂန် ကို တိုက်ခိုက်ခဲ့ တာ အစ္စလာမ်ဝါဒ ကို စစ်ရေးနဲ့ဖြန့် ချီဖို့ဖြစ်ကြောင်း သရဝဏ် (ပြည်) က ရေးသားပြီး အစ္စလာမ်ဘာသာကို ထိုးနှက်ထားပါတယ်။ အာရပ်တွေက အာဖဂန် ကို ဝင်မတိုက်ခင်နှစ်ပေါင်းများစွာ ကတည်း က အဲဒီ ဒေသ ကို ပါရှန်းတွေ ထံ က မစီဒိုနီယားဘုရင်  မဟာအလက်ဇန္ဒား က တိုက်ခိုက် သိမ်းပိုက်ခဲ့ပြီး၊ နောက်ပိုင်းမှာ ဂရိတွေ အုပ်စိုး၊ တာ့ခ်တွေ ဝင်တိုက်၊ ကူရှန် တွေ ဝင်တိုက် မင်းဆက်တွေ တည်ထောင်ခဲ့ပြီး အေဒီ ၅ ရာစု နဲ့ ၆ရာစုတွေ မှာ Hephthalite (ခေါ်) ဟန်ဖြူ (White Huns)  လူမျိုးတွေ ဝင်တိုက်ခိုက်သိမ်းပိုက် ခဲ့တာ ဖြစ်ပါတယ်။ အဲဒီဒေသ ကို တိုက်ခိုက်သိမ်းပိုက်ပြီးကူရှန်မင်းဆက်ကို တည်ထောင်ခဲ့သူ ကူရှန် တွေ ဟာ မဟာယန ဗုဒ္ဓဘာသာဝင်တွေ ဖြစ်ပါတယ်။ (ကိုးကား-Encyclopaedia Britannica, entries : Balkh, Hun, Kushan Dynasty ၊ A Brief History of Afghanistan Shaista Wahab and Barry Youngerman, University of Nebraska at Omaha, 2010)
    အာဖဂန် နစ္စတန် မှာ အမြစ်တွယ်ခဲ့တဲ့ ဗုဒ္ဓဘာသာ ဟာ ထေရဝါဒ ဗုဒ္ဓ ဘာသာလုံးဝ မဟုတ်ပါဘူး။ ထေရဝါဒီ တွေ က အဓမ္မဝါဒလို့သမုတ်ထားတဲ့ မဟာသံဃိက ဂိုဏ်းသာ အာဖဂန် နစ္စတန် မှာ အမြစ်တွယ် ခဲ့တာ ဖြစ်ကြောင်းဒေါက်တာ Dr. Alexander Berzin က သူ့ရဲ့Historical Sketch of Buddhism and Islam in Afghanistan မှာ ရေးသားထားပါတယ်။ တာလီဘန် တွေ က ၂၀၀၁ မှာ ဖျက်စီးခဲ့တဲ့ ဗာမီယန် ရုပ်ပွါးတော် ဟာ မဟာသံဃိက ဂိုဏ်း ကနေထပ်ပြီး ခွဲထွက်ခဲ့တဲ့ လောကုတ္တရ ဝါဒီ တွေ က ထုလုပ်ကိုးကွယ်ခဲ့တာဖြစ် ကြောင်းလည်းအထက်ပါ သုတေသနစာတမ်း မှာရေးသားထားပါသေးတယ်။ အေဒီ ၅၁၅ မှာ ဟန်ဖြူ (White Huns) လူမျိုး ဘုရင် Mihirakula က ဗုဒ္ဓဘာသာ ကို ဖိနှိပ်ခဲ့ပြီးဘုန်းကြီးကျောင်းတွေ ကို ဖျက်ဆီး၊ ဘုန်းကြီး အမြောက်အများကို သတ်ဖြတ်ခဲ့ကြောင်းလည်းရေးသားထားပါတယ်။ ဒါတွေ ဟာ အာရပ်တွေ အာဖဂန်ဒေသထဲဝင်မလာခင် အခြေအနေတွေပါ။
    မဟာယာန ဗုဒ္ဓဘာသာဝင် တစ်ဦးဖြစ်တဲ့ ဒေါက်တာ Alexander Berzin ရဲ့ အထက်ပါသုတေသန စာတမ်းhttp://www.berzinarchives.com/web/en/archives/study/history_buddhism/buddhism_central_asia/history_afghanistan_buddhism.htm lကို သေချာလေ့လာကြည့်လိုက်ရင် အာရပ် တွေ ဟာ အာဖဂန် နစ္စတန် ကို တိုက်ခိုက်သိမ်းပိုက်ပြီး အစ္စလာမ်ဝါဒကို သယ်ဆောင်လာဖို့ စစ်ရေးနဲ့ ကျူးကျော်ဝင်ရောက်လာတာ လုံးဝ မဟုတ်ကြောင်း အလွန်ထင်ရှားလာပါလိမ့်မယ်။ အာရပ်မွတ်စ်လင်မ် တွေ ဟာအာဖဂန်နစ္စတန် မှာ ဗုဒ္ဓဘာသာ ကို တိုက်ခိုက်ခဲ့တာမဟုတ်ကြောင်း အထောက်အထားတွေ အနေနဲ့ သမိုင်းကျမ်းတွေ ကို ကိုးကားပြနိုင် ပါသေးတယ်။ ဒါပေမယ့် အခု မပြသေးပဲ သိမ်းထားချင်ပါတယ်။ နောက်နောင်လိုအပ်လာတဲ့ အခါ အသုံးပြုဖို့ပါ။ အစ္စလာမ် ဘာသာကို စစ်ရေးနဲ့ဖြန့်ခဲ့တယ်ဆိုတဲ့အရေးအသား က မွတ်စ်လင်မ် တစ်ဦး အတွက်တင် မက အစ္စလာမ် ဘာသာ ကျမ်းစာတွေ ကို အစွဲကင်းကင်း ဖြူဖြူစင်စင်နဲ့ လေ့လာ ဖူးသူပညာရှင်တိုင်းအတွက် ဟာသ သဖွယ်သာဖြစ်နေပါလိမ့်မယ်။ ဘာကြောင့်လဲဆိုရင်
    ကုရ်အာန်ကျမ်း ၂း၂၅၆ မှာ –
    “ဖြောင့်မတ်မှန်ကန်သော (အစ္စလာမ်သာသနာတော်၏) တရားလမ်းစဉ် သည် မမှန်ကန်သော လမ်းစဉ်နှင့်(သိသိသာသာ) ရှင်းလင်းထင်ရှားစွာ ကွဲပြားခြားနား လျက်ရှိနေပြီဖြစ်ပေရာ (မည်သူတစ်ဦး တစ်ယောက်ကိုမျှ အစ္စလာမ်)သာသနာတော်တွင်း၌ (ဝင်ရောက်ရန်အတွက်) အတင်းအဓမ္မ အနိုင်အထက် အလျင်းမပြုရ။”
    ၁၁။ သရဝဏ် (ပြည်) – အာရပ်များသည် ဒေသခံများကို အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ် ဘာသာပြောင်းစေရန် ကြံဆောင်မှုမှာ ကနဦးတွင် အာဖဂန်တောင်ပေါ်သား များ ၏ အဆက်မပြတ် အပြင်းအထန် ခုခံတော် လှန်မှုကြောင့် မအောင်မြင်ခဲ့ပေ။
    ရဲရင့်သစ္စာ – အထက်ပါ စာသားတွေ ကတော့ Wiki: Islamic conquest of Afghanistan entry ထဲက စာတစ်ကြောင်း ကို သရဝဏ်(ပြည်) က မိမိစိတ်တွေးထင်ရာ စကားလုံးတွေတမင်တကာ ထည့်သွင်းပြီးဘာသာပြန်ထားခြင်းပါဘဲ။ Wiki မှာရေးထားတဲ့ မူရင်းစာသားတွေ က အောက်မှာပါ။
    “The Arabs were unable to succeed in converting the population of that area because of constant revolts from the mountain tribes.”
    အထက်ပါစာပိုဒ် မှာ “အစ္စလာမ် ကိုးကွယ်သူများ ဖြစ်စေရန် အတင်းအကျပ်” ဆိုတဲ့ စကားလုံးတွေ လုံးဝ မပါရှိပါ။ သရဝဏ် (ပြည်) ရဲ့ တမင်တကာလိမ်လည် လုပ်ကြံရေးသားထားမှု ဖြစ်ကြောင်း ပရိသတ်တို့လေ့လာကြပါ။
    သရဝဏ် (ပြည်) –  အေဒီ ၈၇၀ တွင်မူ ယနေ့ခေတ် အာဖဂန်နစ္စတန်ဟုခေါ်တွင်နေသော  နေရာတော်တော်များများ ကို ရာကွတ်ဘင်လာသီဆာဖာ ဆိုသူက တိုက်ခိုက်အောင်မြင်ခဲ့ပြီး၊ အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်။
    ရဲရင့်သစ္စာ – အဲဒီ စာပိုဒ်မှာပါတဲ့ Yaʿqūb ibn Layth al-Ṣaffār ဆိုသူဟာ Saffarid မင်းဆက်ကိုတည်ထောင်ခဲ့သူပါ။ အဲဒီလူ ဟာ အာရပ်လုံးဝ မဟုတ်ပါဘူး။ ပါရှန်းလူမျိုးသာဖြစ်ပါတယ်။ အဲဒီ လူ ဟာ ဓားပြ တစ်ဦးဖြစ်ပြီး ကိုယ်ပိုင်စစ် တပ် ထူထောင်နိုင်ခဲ့သူ ဖြစ်ကြောင်း၊ အေဒီ ၈၇၈ မှာ သူဟာ ဘဂ္ဂဒတ် မြို့မှာ နန်းစိုက်တဲ့ မွတ်စ်လင်မ် Caliph ကို စစ်တိုက်ဖို့တောင် စစ်ချီခဲ့ပေမယ့် မအောင်မြင်ခဲ့ကြောင်း Encyclopaedia Britannica, Yaʿqūb ibn Layth al-Ṣaffār entry မှာ ဖော်ပြထားပါတယ်။ သရဝဏ် (ပြည်) က Wiki: Islamic conquest of Afghanistan entry ထဲက idea ကို ယူပြီး မိမိဘာသာလုပ်ကြံထားတဲ့ စကားလုံးတွေထည့်သွင်းရေးထားတာဖြစ်ပါတယ်။ မူရင်း Wiki ထဲ က စာသားတွေ ကို ကြည့်နိုင်ပါတယ်။
    “The fanatic founder of this dynasty, the coppersmith’s apprentice Yaqub ibn Layth Saffari, came forth from his capital at Zaranj in 870 and marched through Bost, Kandahar, Ghazni, Kabul, Bamyan, Balkh and Herat, conquering in the name of Islam”
    အဲဒီစာပိုဒ်မှာ ယာကွတ် ကို “The fanatic” လို့သုံးနှုန်းထားပြီး၊ သူ ဟာ အစ္စလာမ် အမည်ကို အသုံးပြုပြီး ဘို့စ်၊ ကန်ဒဟရ်၊ ကဘူးလ်၊ ဗာမ်ယန်၊ ဗလ်ခ်၊ ဟီရတ် နယ်တွေကို သိမ်းပိုက်ခဲ့တာဖြစ်ကြောင်း ရေးထားတာပါ။ အဲဒီ စာပိုဒ်မှာ “အစ္စလာမ်ဝါဒကို စစ်ရေးဖြင့် တိုးချဲ့နိုင်ခဲ့သည်”လို့ ဆိုလိုတဲ့ အရေးအသားလုံးဝ မပါရှိပါ။
    အာဖဂန် ကို အုပ်ချုပ်ခဲ့တဲ့ မွတ်စ်လင်မ် ဘုရင် အချို့ဟာ အခြားဘာသာဝင်တွေ ကို နှိပ်ကွပ်တာတွေ ၊ အာဏာစက် နဲ့ ဘာသာပြောင်းအောင် လုပ်ခဲ့တာတွေ ရှိပါတယ်။ ဒါပေမယ့် အစ္စလာမ် ဘာသာ က အဲဒီလို လုပ်ဖို့ သင်ကြားထားလို့ လုပ်တာမျိုး လုံးဝမဟုတ်ပါ။
    သရဝဏ် (ပြည်) – အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်းဆက် စူလတန် မိုဟာမက်သည် အိန္ဒိယနိုင်ငံကို ၁၇ ကြိမ်ခန့် ၀င်ရောက် တိုက်ခိုက်ခဲ့ပြီး အိန္ဒိယနှင့် အာဖဂန်နစ္စတန် တွင် လူအစုလိုက်အပြုံလိုက် အစ္စလာမ်ဘာသာသို့ အတင်းအဓမ္မ ပြောင်းလဲဝင်ရောက်စေခဲ့သည်။
    ရဲရင့်သစ္စာ – အေဒီ ၉၉၈ နှင့် ၁၀၃၀ ကြားတွင် အုပ်ချုပ်ခဲ့သော တူရကီမင်း ဟာ စူလ်တန်မဟ်မူဒ်ဂဇ်နီပါ။ စူလ်တန် မိုဟာမက် မဟုတ်ပါ။ စူလ်တန်မဟ်မူဒ်ဂဇ်နီ (အေဒီ ၉၇၁-၁၀၃၀) ဟာ မူလက အာဖဂန်အိန္ဒိယ နယ်စပ်မှာရှိတဲ့ ရှိအိုက် တွေကို စစ်ပြုခဲ့ရုံမက၊အိန္ဒိယမှာရှိတဲ့ ဟိန္ဒူ ဘုရင်တွေကို လည်း ကျူးကျော်တိုက်ခိုက်ခဲ့သူဖြစ်ပါတယ်။ သူ့ရဲ့မူလ စစ်ဆင်ရေးဟာ အိစ်မာအိလီရှိအိုက် တွေကိုဦး တည်ခဲ့ပြီး နောက်ပိုင်းမှာတော့ အိန္ဒိယက ဟိန္ဒူရှာဟီဘုရင်တွေနဲ့ နယ်ပယ်တွေကို တိုက်ခိုက်ခဲ့ပါ တယ်။ သူဟာ ဟိန္ဒူဘုရားကျောင်းတွေကိုလည်း တိုက်ခိုက်လုယက်ဖျက်စီးခဲ့ပါသေးတယ်။ ဗုဒ္ဓဘာသာ ကျောင်းတိုက်တစ်ချို့ကို ဖျက်စီးခဲ့တာလည်းဟုတ်ပါတယ်။ သို့သော်စူလ်တန်မဟ်မူဒ် တိုက်ခိုက်ခဲ့တဲ့ ဥဒ္ဒိယန (ဩရစ္စ) ဟာ တန္တရဝါဒဖြန့်ချီရာ ဗဟိုဌာန ဖြစ်ခဲ့ပေမဲ့ စည်ပင်ထွန်းကားတဲ့ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းများ မရှိခဲ့ကြောင်း Harvard University က ဒေါက်တာဘွဲ့ရထားတဲ့ မဟာယနဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာ အလက်ဇန္ဒား ဘာဇင်န် က သူ့ရဲ့ The Historical Interaction between the Buddhist and IslamicCultures before the Mongol Empire, (၂၀၀၆)၊ The Ghaznavid Campaign in Gandhara and Northwestern India ခေါင်းစဉ်အောက်မှာ ရေးသားထားပါတယ်။ အဲဒီဘုရင်ဟာ ရှိအိုက် နဲ့ဘူယစ်ဒ်တွေ (Buyid) အပေါ် အဓိကထား တိုက်ခိုက်ခဲ့ပြီး၊ အစပိုင်းမှာဟိန္ဒူတွေကိုလည်းတိုက်ခိုက်ခဲ့ပေမဲ့၊ ဗုဒ္ဓဘာသာအပေါ်မှာ ရည်ရွယ်ချက်နဲ့ ကျူးလွန်ခဲ့ခြင်းမရှိပါဘူး။ ဒါ့အပြင်သူ့ ခေတ်မှာ လူအချို့ကဂေါတမဗုဒ္ဓကို တမန်တော် တစ်ပါးအဖြစ် မှတ်ယူခဲ့ကြကြောင်း၊ ပါရှန်း သမိုင်းပညာရှင်ကြီး အလ်ဗိရူနီ ကဗုဒ္ဓဘာသာဘက်ကို အကောင်းမြင်ရေးသား မှတ်တမ်းတင်ခဲ့ကြောင်း ဗုဒ္ဓဘာသာပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ရဲ့ အထက်ဖော်ပြပါ မှတ်တမ်း မှာရေးသားထားပါသေးတယ်။  ဒါဟာ သမိုင်းအမှန်ပါ။ ရိုးသားဖြူစင်တဲ့ လူသားမှန်ရင် သမိုင်း အမှန်ကို လက်ခံရဲ ရုံမက၊ ကျန်လူသားတွေရှေ့လည်း မှန်မှန်ကန်ကန် ချပြတတ် ရပါတယ်။
    အဲဒီအချိန်က အာဖဂန်ဘုရင်စူလ်တန်မဟ်မူဒ် ရဲ့မင်းဆက်တွေဟာ ဗုဒ္ဓဘာသာ အပေါ်ဖိနှိပ်မှု တွေမရှိခဲ့ကြောင်း၊ Nava Vihara (နောင်ဝ်ဗဟာရ်) မှာရှိတဲ့ ဗုဒ္ဓဘာသာ နံရံ ဆေးရေးပန်းချီ အနုပညာ လက်ရာတွေ နဲ့ အာဖဂန်အလယ်ပိုင်းမှာရှိတဲ့ ဗာမီယန်ဗုဒ္ဓ ရုပ်ပွါးတော်ကြီးတွေကို လုံးဝထိခိုက်မှုမရှိခဲ့ ကြောင်း၊ Sogdia တောင်ပိုင်းမှာရှိတဲ့ ဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်း တွေဟာလည်း လှုပ်ရှား အသက်ဝင်စည်ပင်ထွန်းကားလျှက်ရှိခဲ့ကြောင်း၊ ဗုဒ္ဓဘာသာဘုန်းတော် ကြီးကျောင်းတွေနဲ့မွတ်စ်လင်မ် ဗလီဝတ်ကျောင်းတွေဟာ ဘေးချင်းယှဉ်လျှက် ငြိမ်းချမ်းစွာတည်ရှိခဲ့ကြောင်းအထက်ပါ ဗုဒ္ဓဘာသာ ပညာရှင် ဒေါက်တာအလက်ဇန္ဒားဘာဇင်န် ကရေးသားထားပါတယ်။
    ၁၂။ သရဝဏ် (ပြည်) – ဗုဒ္ဓဘာသာ ရဟန်းတော်တစ်ပါးရေးခဲ့သော ဂါသကျမ်း ၌ လည်း ဗုဒ္ဓဘုရားရှင်သည် သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ(မက္ကာ)တွင် ချတော်မူသည်ဟု အထူးအလေးထား ဖော်ပြထားပါသည်။
    ရဲရင့်သစ္စာ – ကျွန်တော် အရင်လည်းရေးခဲ့ဖူးပါတယ်။ သရဝဏ် (ပြည်) က Dr. Sripali Vaiamon ရဲ့ Buddhist History of Afghanistan and South India ဆောင်းပါးကို ဘုရားဟောတမျှ လုံးဝ ဥဿုံမျက်စိမှိတ် ယုံကြည်ထားပုံရပါတယ် လို့။ ဗုဒ္ဓကိုယ်တော်မြတ်ကြီး က သူ၏လက်ဝဲဘက် ခြေတော်ရာကို သမ္မနိုလာ (သီရိလင်္ကာ) အရပ်တွင် ချတော်မူပြီး၊ လက်ယာခြေတော်ရာကို ယိုနာကာပူရ် (ဆော်ဒီအာရေဗျ)နိုင်ငံ မက္ကာမာ (မက္ကာ)တွင် ချတော်မူတယ်လို့ ဂါသကျမ်းမှာလည်း ရေးထားတာမတွေ့မိပါဘူးခင်ဗျား။ ဂါသကျမ်း (Gathas) အင်္ဂလိပ်ဘာသာပြန် ကို သွားရောက်ဖတ်ရှုကြည့်ပါ။ http://www.sacred-texts.com/bud/mzb/mzb01.htm Dr. Sripali Vaiamon ဆိုသူက လူတွေလက်လှမ်းမမှီလောက်ပါဘူးလို့ ထင်မြင်ပြီး ကျမ်းတစ်ခုအမည်ကို ဆောင်းပါးထဲမှာထည့်၊ ကိုယ်ရေးချင်တာရေးပြီး လိမ်လည်ထားတာကို သရဝဏ် (ပြည်) က မစူးစမ်း မဆင်ခြင်၊ မလေ့လာမဆန်းစစ်ပဲ ဂါသကျမ်းကို ကိုယ်တိုင်ဖတ်ရှုလေ့လာဖူးသလို ထပ်ဆင့်လိမ်လည်ရေးသားလိုက်တော့ သရဝဏ် (ပြည်) ရဲ့ ဆောင်းပါးလေး က အလွန့်အလွန်ကို တန်ဖိုးမဲ့သွားပြန်ပါတော့တယ်။ သရဝဏ် (ပြည်)ဗဟုသတ ရဖို့ ပြောပြချင်တာ က  ဂါသကျမ်းဆိုတာ ဇိုရိုအက်စတာဘာသာမှာလည်း ရှိပါတယ်။ ဓမ္မတေး ၁၇ ပုဒ် ကို (Gathas) လို့ခေါ်ပါတယ်။  (ကိုးကား-The Hymns of Zoroaster usually called the GATHAS by KENNETH SYLVAN LAUNFAL GUTHRIE, The Platonist Press, U.S.A, 1914) ဟိန္ဒူ ဘာသာမှာလည်း ဂါသကျမ်းတွေ ရှိပါတယ်။ (ကိုးကား-The Oxford Dictionary of the World Religions, Oxford University Press, 1997)
    ၁၃။ သရဝဏ် (ပြည်) – ဤအချက်သည် မွတ်ဆလင်တို့က ကဘာဟုခေါ်သော မက္ကာရှိ ခြေရာတစ်ခုကို ရည်ညွှန်းပုံရသည်။ မွတ်ဆလင်၊ ခရာဇ်ယန်နှင့် ဂျူးဘာသာဝင်တို့ အလေး အမြတ်ထားကြသော အေဘရာဟမ်းဆိုသည့် ပုဂ္ဂိုလ်သည် ကျောက်နံရံပေါ်၌ သူ၏ခြေရာကိုတစ်ချိန်က ချထားခဲ့သည်ဆို၏။ ထိုခြေရာ မချခင်ကပင် မူလခြေရာတစ်ခုသည် ရှိနှင့်နေပြီးဖြစ်ရာ အေဘရာဟမ်သည် ထိုမူလခြေရာကို အာဒမ်၏ခြေရာဟု ယူဆခဲ့ပြီး ကျောက်တုံးတစ်ခုနှင့် ဖုံးအုပ်ထားခဲ့ပြီး ခြေရာအမည်ကို ကဘာဟု အမည်ပေးခဲ့သည်ဟု ဆို၏။
    ရဲရင့်သစ္စာ – ဗုဒ္ဓ ကိုယ်တော်မြတ် ဟာ သက္ကရာဇ် ဘီစီ ၆ ရာစု မှာ ဖွားမြင်တော် မူခဲ့ကြောင်း အထောက်အထားအကိုးအကား အထူးပေးပြီး ဖော်ပြနေစရာ မလိုဘူးလို့ထင်ပါတယ်။ (လိုအပ်ရင်တော့ ပြောပါ)။ တမန်တော် အစ်ဘရာဟင်မ် (Abraham)ဟာ ဘီစီ  ၂၀၀၀ အစောပိုင်း မှာ ရှင်သန်နေထိုင်ခဲ့သူ ဖြစ်ကြောင်း ပညာရှင် အများစုကြီး က လက်ခံထားပါတယ်။ (ကိုးကား–Encyclopaedia Britannica, entry:Abraham) ဘီစီ ၂၀၀၀ အစောပိုင်းမှာ နေထိုင်သူ က ဘီစီ ၆၀၀ အနီးအနားမှာ နေထိုင်ခဲ့သူရဲ့ ခြေရာ ကို တွေ့ခဲ့တယ် လို့ ရေးထားတဲ့ ကျမ်းကို ကိုးကားပြီး ဆောင်းပါးထဲ ထည့်ရေးတာဆို တော့ အားနာနာနဲ့ပဲ ပြောချင်ပါတယ်။  Dr. Sripali Vaiamon နဲ့ သရဝဏ် (ပြည်) တို့ စိတ်မှနှံ့သေးရဲ့လားလို့။
    ၁၄။ သရဝဏ် (ပြည်) –  ဤကိစ္စသည် အသေးစိတ်ဆက်လက်လေ့လာ သုတေသနပြုသင့်သော ကွင်းဆက်တစ်ခု ဖြစ်ပါသည်။
    ရဲရင့်သစ္စာ – ဘီစီ ၆၀၀ အနီးအနား နေထိုင်ခဲ့သူရဲ့ ခြေရာကို ဘီစီ ၂၀၀၀ အစောပိုင်းနေထိုင်သူ က တွေ့ရှိခဲ့တယ် ဆိုတဲ့ အဆိုကို အသေးစိတ်ဆက်လက်လေ့လာ သုတေသန ပြုဖို့ အတွက် သရဝဏ်(ပြည်) ဦးဆောင်ပြီး မြန်မာ့သမိုင်းကော်မရှင်တို့၊ ကမ္ဘာ့တက္ကသိုလ် ကြီးတွေ က သမိုင်းဌာန ကြီးတို့ကို အကြံပေးကမ်းလှမ်းကြည့်ပါလို့ ပြောချင်ပါတယ် ခင်ဗျာ။ သရဝဏ် (ပြည်) ရဲ့ proposal ကို Oxford လို တက္ကသိုလ် ကြီးက လက်ခံလိုက်ရင်ဖြင့် တိုင်းပြည် ဂုဏ် သိက္ခာ ပိုတက်သွားနိုင်တာပေါ့။ (တမင်တကာဟာသ ရသမြောက်အောင် “ရွဲ့” ပြောနေတာပါ၊ တကယ်သွားမလုပ်ပါနဲ့။ သရဝဏ် (ပြည်) ကြောင့် တိုင်းပြည်ရော၊ မြန်မာပညာရှင်တွေ ရော ဂုဏ် သိက္ခာကျဆင်းသွားပါလိမ့်မယ် တိုင်းပြည် ဂုဏ်မဆောင်နိုင်ရင်နေပါ။ တိုင်းပြည် သိက္ခာ ကိုတော့ မချကြပါနဲ့လို့ တိုင်းပြည်အပေါ် သစ္စာကြီးမားတဲ့ သူ တစ်ယောက်အနေနဲ့ ပြင်းပြင်းထန်ထန် သတိပေးလိုပါတယ်။ )
    ၁၅။ သရဝဏ် (ပြည်) – အာဖဂန်နစ္စတန်ကဲ့သို့ပင် ဗုဒ္ဓသာသနာ စည်ပင်ထွန်းကားပြီးမှ ကွယ်ပျောက်သွားသော အခြားနေရာတစ်ခုမှာ အိန္ဒိယနိုင်ငံတောင်ပိုင်းတွင် မဟာယာနနှင့်  ထေရ၀ါဒရဟန်းတော်များ သီတင်းသုံးခဲ့သည့် ဘုန်းတော်ကြီးကျောင်းပေါင်း များစွာကို တွေ့ခဲ့ရသည်ဟု ပြောပါသည်။
    ရဲရင့်သစ္စာ – ဗုဒ္ဓဘာသာ အိန္ဒိယ က ဘာလို့ကွယ်ခဲ့ရလဲ တကယ် သိချင်ရင် ကျွန်တော် ရေးထားတဲ့ “သမိုင်းဟူသည် ဤသို့တည်” စာအုပ်ကို ဖတ်ကြည့်ပါ။ http://www.scribd.com/doc/95059107/Thamine-Hu-The
    ၁၆။ သရဝဏ် (ပြည်)– ယခုအခါ ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာမှာ အိန္ဒိယမှာ ရော၊ သီရိလင်္ကာမှာရော ရောထွေးနေပေသည်။ ဟိန္ဒူဘုရားကျောင်းတိုင်းတွင် ဗုဒ္ဓရုပ်ပွားတော် တွေ့ရမည်ဖြစ်ပြီး၊ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာလည်း ဟိန္ဒူနတ်ရုပ်များ ရှိလေသည်။
    ရဲရင့်သစ္စာ – ဗုဒ္ဓဘာသာနှင့် ဟိန္ဒူဘာသာ တို့ဟာ သီရိလင်္ကာ မှာ ဘယ်လိုလဲ မပြောတတ်ပါဘူး။ အိန္ဒိယ ဒေသအများစု မှာ တော့ ရောရောနှောနှော မရှိပါဘူး။ အိန္ဒိယ က  ဟိန္ဒူဘုရားကျောင်းတိုင်းမှာ ဗုဒ္ဓရုပ်ပွားတော် မရှိပါဘူး။ မတွေ့ရပါဘူး။ ဗုဒ္ဓဘာသာ ဘုရားပုထိုးများမှာ (ဗုဒ္ဓဘာသာ ဘုရားပုထိုးတိုင်းမှာ) လည်း ဟိန္ဒူနတ်ရုပ်များမရှိပါဘူး။
    ၁၇။ သရဝဏ် (ပြည်)–  ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့သော အာဖဂန်နစ္စတန်နှင့် ယှဉ်၍ သုံးသပ်ကြည့်စေလိုပါသည်။
    ရဲရင့်သစ္စာ – အစ္စလာမ် ဘာသာဝင် မင်းအချို့ကလွဲလို့ ဘုရင် အများစု က ဗုဒ္ဓဘာသာကို ရန်သူသဖွယ် တိုက်ခိုက်နှင်ထုတ်ခဲ့တယ်ဆိုတာ ပေါ်ပေါ်ထင်ထင် အလိမ်အညာ (Plain Lie) ကြီးပါ။
    ထပ်မံ သတိပေးချက်။ သရဝဏ် (ပြည်) နဲ့ News Watch (စောင့်ကြည့်) ဂျာနယ်တို့ ဟာ ယနေ့မှ စ၍ တစ်လ အတွင်း (1.1.2013 နောက်ဆုံးထား၍) ကျွန်ုပ် ရဲရင့်သစ္စာ ၏ ထောက်ပြဝေဖန်မှုများသည် မှားယွင်း နေကြောင်း ပြန်လှန် ဆွေးနွေးနိုင်ခြင်း မရှိပါက နိုင်ငံတော်အသိအမှတ်ပြု ဘာသာတရား တစ်ရပ် ဖြစ်သည့် အစ္စလာမ် ဘာသာနှင့်ပတ်သက်၍ အလွဲအမှားရေးသားမှုများ ထိုးနှက်တိုက်ခိုက်မှုများအတွက် တိုင်းသိပြည်သိ ဂျာနယ်တစ်စောင် မှ တစ်ဆင့်တရားဝင်တောင်းပန် ရန် နှင့် အကယ်၍ ထိုသို့ တောင်းပန်ခြင်းမပြုပါက ကျွန်ုပ် ကိုယ်တိုင် တရားလိုပြု၍  တရားဥပဒေအရ တရားစွဲဆို မည်ဖြစ်ကြောင်း လေးစားစွာ သတိပေးအပ်ပါသည်။
    ရဲရင့်သစ္စာ (၁.၁၂.၂၀၁၂)
    ရဲရင့်သစ္စာ၏ ခွင့်ပြုချက်ဖြင့် M-Media တွင် ဖော်ပြပါသည်။
  • အနာဂတ် မြန်မာမွတ်စလင် နှင့် HIV အန္တရာယ် (စာတမ်း)
    အနာဂတ် မြန်မာမွတ်စလင် နှင့် HIV အန္တရာယ် (စာတမ်း)
    ဒီဇင်ဘာ ၁ ၊ ၂၀၁၂
    M-Media
    ဂျူလိုင်ရဲရင့်
    (  ဤဆွေးနွေးချက်၌ မြန်မာမုစ်လင်မ် ဟူသည် မြန်မာနိုင်ငံတွင်းရှိ အစ္စလာမ်သာသနာဝင်များကိုလည်းကောင်း၊ PLHIV ဟူသည် People Living with HIV-AIDS  … HIV ဖြင့်ရှင်သန်နေသူများကိုလည်းကောင်း ရည်ညွှန်းပါသည်  )
    ­
    ၁။   နိဒါန်း
    (1982-83) ခုနှစ်ဝန်းကျင်မှ စတင်သိရှိခဲ့သည် HIV-AIDS ရောဂါသည် နှစ်အနည်းငယ်အတွင်း ကမ္ဘာအနှံ့ပျံ့နှံ့သွားပြိး 21 ရာစု၏အကြီးမားဆုံး နှင့် ကြောက်မက်ဖွယ် အကောင်းဆုံး ကူးစက်ရောဂါ ကပ်ရောဂါဆိုးကြီးအဖြစ် သမိုင်းတွင်ခဲ့သည်။
    လူ့သမိုင်းတစ်လျှောက်ဖြစ်ပွားခဲ့သည့် ကမ္ဘာ့ကပ်ရောဂါများအနက် HIV/AIDS မှာ ပြိုင်ဖက်မရှိ ထိပ်တန်းအဆင့်(1)၌ ယနေ့တိုင် သရဖူဆောင်းထားဆဲဖြစ်သည်။ ကမ္ဘာ့ရာဇ၀င်အတွင်း အခြားကပ်ရောဂါဆိုး များနှင့်  စစ်ပွဲများကြောင့် သေဆုံးခဲ့သည့်ပမာဏထက် HIV-AIDS ကြောင့် ကြွေလွင့်ရသူများက အဆပေါင်း များစွာ သာပိုနေသည်ကို တွေ့ရသည်။ ထို့ကြောင့် အကြီးမားဆုံးကပ်ရောဂါဟု သတ်မှတ်ခြင်း ဖြစ်သည်။ ၄င်းပြင် ဤရောဂါ၏ကူးစက်နိုင်ပုံလမ်းကြောင်းကို အချိန်မီသိရှိအောင်ကြိုးစားပြီး ထိရောက်သောကာကွယ် ထိန်းသိမ်းမှုမပြုလုပ်ခဲ့ပါက လူမျိုးနွယ်လိုက်ပင် မျိုးသုဉ်းမည့်အန္တရာယ်ရှိနေ၏။ သို့ဖြစ်၍ ကြောက်မက်ဖွယ် အကောင်းဆုံးကပ်ရောဂါဟု ဆိုနိုင်ပေသည်။ ဤနေရာ၌  ကြောက်မက်ဖွယ် နှင့် ရွံရှာဖွယ် ဟူသည်ကို ကွဲပြားဖို့ လိုသည်။ မြောက်များစွာသော ယနေ့မုစ်လင်မ်တို့သည်  (စာတတ်မြောက်မှုရာခိုင်နှုန်း မြင့်မားလာသော်ငြား) စာဖတ်ခြင်း၌ ရာခိုင်နှုန်းအနိမ့်ဆုံး လူ့အဖွဲ့အစည်းဖြစ်လို့နေပါသည်။ ဘွဲ့ဒီဂရီအထပ်ထပ်ယူထားသော်လည်း  HIV-AIDS အသိပညာနှင့်ပတ်သက်လာလျှင် သာမန်အခြေခံ အဆင့်မျှပင် နားမလည်ကြသေးသော ပညာတတ် အချို့ကို လက်တွေ့တွေ့မြင်နိုင်ပေသည်။ ခေတ်ပညာရှင်ဖြစ်စေ၊ ဘာသာရေးပညာရှင်ဖြစ်စေ ပညာ နှင့် အသိ တရား  ချိန်ခွင်လျှာ မညီမျှလျှင် သက်ဆိုင်ရာလူ့အဖွဲ့အစည်းသည် ရေရှည်တွင် နိမ့်ကျပြိုလဲသွားလေ့ရှိ၏။
    ( ဤသည်မှာ မမြင်ရသော အန္တရာယ်ဖြစ်၏ ) ။
    ပညာမြင့်မားသော်လည်း အသိနိမ့်ကျမှု ( ဂျာဟိလီယဟ် )ကြောင့် လူ့မျိုးနွယ်စုများစွာတို့မှာ ကမ္ဘာ့ဇာတ်ခုံပေါ်မှ ကွယ်ပျောက်ခဲ့ရကြောင်း၊ အလ္လာဟ်အရှင်မြတ် ချီးမြှင့်ပေးတော်မူထားသော ပညာနှင့် စွမ်းရည်အား နည်းမှန်လမ်းမှန်အသုံးမချကြသဖြင့် ပြစ်ဒဏ်ကျရောက် အရေးယူခံရသည့် လူ့အဖွဲ့အစည်း များအကြောင်းကို ကျမ်းမြတ်ကုရ်အာန်ဝယ် ထင်ထင်ရှားရှားတွေ့နိုင်ပါသည်။ အသိမှန်မှ လုပ်ရပ် မှန်ပါမည်၊ လုပ်ရပ်မှန်မှ ကောင်းကျိုးအစစ်ဖြစ်ထွန်းပါသည်။ ကြောက်စရာ နှင့် ရွံစရာ ကို မခွဲခြားနိုင်ကြသဖြင့် ယနေ့မြန်မာမုစ်လင်မ်လောက၌  HIV-AIDS ကပ်ရောဂါကို ကြောက်ရမည့်အစား HIV-AIDS ဝေဒနာရှင်များ ကိုရွံမုန်းနေခြင်းက တစ်စစ ကြီးစိုးမင်းမူလာသည်။ ယခုအခါ ရွံမုန်းခြင်းကြောင့် ခွဲခြားနှိမ့်ချဆက်ဆံသည့်အဆင့် ကို ကျော်လွန်ပြီး HIV ပိုးရှိသူ၊ AIDS ဝေဒနာရှင်ဟု အခိုင်အမာသိရသည်နှင့် ရောဂါအပေါ်ခေါင်းစဉ်မတပ်ဘဲ အကြောင်းအမျိုးမျိုးရှာလျက် PLHIV တို့အား ( အသိုင်းအ၀ိုင်းမှထုတ်ပယ်နိုင်အောင် ) တိုက်ခိုက်စော်ကား မှုများ ကျွန်ုပ်တို့ထံတွင် တစ်စခန်းထလို့နေပါသည်။ တစ်ချိန်တစ်ခါတုန်းက (ရောဂါပေါ်ပေါက်ကာစ ဆယ်စုနှစ်များက ) PLHIV တို့အား ယင်းကဲ့သို့ပြင်းထန်စွာဆက်ဆံခြင်း၊ လူ့အသိုင်းအ၀ိုင်း၏အပယ်ခံဘ၀သို့ တွန်းပို့ခြင်း၊ နှိပ်စက်ကလူပြုခြင်း စသည်များ ရှိခဲ့သည်။ နောင်သော် HIV-AIDS ကူးစက်ပြန့်ပွားပုံမှာ အစောပိုင်းမီဒီယာသမားတို့၏ အရောင်းသွက်အောင် အပြိုင်အဆိုင်ရေးသားဖော်ပြခဲ့ကြသော လိင် အရှုပ်တော်ပုံ တစ်ခုတည်းကြောင့် မဟုတ်ဘဲ ( လူအများစု မကင်းလွတ်နိုင်သည့် ) အခြားနည်းလမ်းများ ဖြင့်လည်း ကူးစက်နိုင်ကြောင်း သိရှိလာကြသောအခါ – မိခင်မှတဆင့် အပြစ်မဲ့မျိုးဆက်များထံ ကူးစက်မှု ကြီးထွားနေပြီကို မျက်ဝါးထင်ထင် မြင်တွေ့လိုက်ရသောအခါ – အလျဉ်မီအသိဝင်ခဲ့ကြသည့် တိုင်းနိုင်ငံ ဒေသများ၊ လူ့အဖွဲ့အစည်းများသည် အထက်ဖော်ပြပါ အဓိပ္ပါယ်မဲ့ လုပ်ရပ်များကို ရှောင်ကြဉ်စွန့်လွှတ်လိုက် ကြသည်။ ထိရောက်သောကာကွယ်တားဆီးမှုအစီအစဉ်များဖြင့် ပူးပေါင်းဆောင်ရွက်ကြသည်။ ရောဂါ အမြစ်ပြတ်ဆေး မပေါ်နိုင်သေးသော်လည်း ART ခေါ် ပိုးထိန်းဆေးက ထွက်ပေါ်လာခဲ့သဖြင့် ယခုနှစ်များ အတွင်း ရောဂါကူးစက်ပြန့်ပွားမှုနှုန်းကို သိသိသာသာ ထိန်းချုပ်နိုင်ခဲ့ကြသည်။ ကမ္ဘာ့အစ္စလာမ့်လောက၌လည်း ဘာသာရေးပညာရှင်များက ရှေ့တန်းထွက်ပြီး စွမ်းဆောင်လိုက်သည်မှာ ကမ္ဘာ၏ချီးကျူးဂုဏ်ပြုမှု ခံရသည် အထိဖြစ်သည်။ သို့သော် ကျွန်ုပ်တို့၏ မြန်မာ့အစ္စလာမ့်လောကမှာကား ပြောင်းပြန်ဖြစ်လျက်ရှိသည်။ မကူညီသည့်အပြင် ဒုက္ခပေးနေကြသည်။ မိမိကိုယ်ကို ဓမ္မပညာရှင်ဟုကြေငြာထားသူများစွာကလည်း အစ္စလာမ့်လူထုအတွင်း HIV မပြန့်ပွားအောင် တားဆီးကာကွယ်ပညာပေးရေး၊ ပူးပေါင်းဆောင်ရွက်ရေး အတွက် ရှေ့ထွက်ဦးဆောင်ဖို့နေနေသာသာ စကားပင် အဟမခံ။ စကားစမိသည်နှင့် မျက်နှာရှုံ့မဲ့ကာ ထပြေးတော့သည်။ ပို၍ ဆိုးဝါးသည်ကား အချို့သော ပညာရှင်ဆိုသူတို့က အထက်ဖော်ပြပါလုပ်ရပ်များကို အားပေးအားမြှောက်ပြုလုပ်ခြင်းက အလွန်အကျည်းတန်လှပေသည်။ လွန်ခဲ့သည့် ၁၅နှစ်ခန့်က အသိပညာ ဗဟုသုတ မလုံလောက် အားနည်းခဲ့၍ ယင်းသို့ကိစ္စမျိုး ရှိခဲ့ခြင်းအပေါ် မသိရှိခဲ့ကြခြင်း ဟူသောအချက်ဖြင့် နားလည်နိုင်သော်လည်း – ယနေ့ ကျွန်ုပ်တို့ထံ၌ အသိပေးမှုကိုပင်လျှင်လက်မခံကြခြင်း မှာ အတော်လေး ထူးခြားနေပေသည်။ ယင်းသို့သောအုပ်စုများအတွင်း မုစ်လင်မ်ဆရာဝန်အချို့ပါဝင်လာခြင်းက လူအများ အတွက် ပါးစပ်အဟောင်းသား ဖြစ်သွားစေပြန်သည်။ ယခုအခါ အခြားဘာသာတရားနှင့်လူ့အသိုင်းအ၀ိုင်းတို့ ထံတွင် ဒုက္ခပေးနှိပ်ကွပ်ခြင်း၊ ခွဲခြားနှိမ့်ချဆက်ဆံခြင်းများ ( လုံးဝကွယ်ပျောက်သွားသည် မဟုတ်သော်လည်း  )  အလွန်ပင်နည်းပါးသွားသည်ကို ငြင်းမရအောင် တွေ့နိုင်ပါသည်။ မုစ်လင်မ် အသိုင်းအ၀ိုင်းတွင်း၌မူ တကယ့် ဖြစ်စဉ်နှင့် ဆန့်ကျင်ဖက်ဖြစ်နေသည်။ ရင်နင့်စရာကောင်းစွ !
    မုစ်လင်မ်တို့သည် အစ္စလာမ့်လမ်းစဉ်ဖြင့် နေထိုင်ရှင်သန်နေသူများဖြစ်ကြရာ အစဉ်သဖြင့် ဘာသာတရား ဟူသည့်ဝေါဟာရက လွှမ်းမိုးထား၏။ မုစ်လင်မ်လူထုအပေါ် ဘာသာရေးပညာရှင်တို့၏သြဇာ သက်ရောက်မှုမှာလည်း အခြားဘာသာတရားများနှင့်စာလျှင် အတော်အတန် ကြီးမားလေ့ရှိ၏။ သို့ဖြစ်ရာ ဘာသာရေးပညာရှင်များ၊ အဖွဲ့အစည်းခေါင်းဆောင်များ၊ ဆရာသခင်များ၊ ဗလီရှေ့ဆောင်များကိုယ်တိုင်က အသိမဲ့ကုလားထိုင် အပေါ် အခန့်သားထိုင်ပြနေလျှင် မုစ်လင်မ်လူထုများအနေနှင့် မည်သို့ဖြစ်လာတော့ မည်နည်း ? ကျယ်ကျယ်ပြန့်ပြန့်အသိပညာပေးဆွေးနွေးမှုများ၊ နှိုးဆော်မှုများ အမှန်ပင် လိုအပ်နေပြီဖြစ်၏။ HIV ဆိုင်ရာ ရောဂါအကြောင်း၊ ဝေဒနာအကြောင်း၊ ကုထုံးအကြောင်း အသာထားဘိဦး – ကူးစက်ပြန့်ပွားပုံကို နည်းလမ်းမှန်စွာ မသိရှိကြပါက ( အသိပညာပေးခြင်း၊ ဆွေးနွေးဟောပြောခြင်း၊ အမှန်တရားကိုတင်ပြခြင်း စသည်တို့အား ဘာသာရေးပညာရှင်ဟူသော တံတိုင်းဖြင့် ဆက်လက်ကာဆီးနေပါက ) သေချာသည်မှာ  လာမည့် ၁၀ စုနှစ်အတွင်း HIV အပျံ့နှံ့ဆုံး နှင့် အကြီးမားဆုံးအုပ်စုသည် ကျွန်ုပ်တို့မုစ်လင်မ်အသိုင်းအ၀ိုင်း များသာ ဖြစ်လာပေတော့မည်။ မိမိတို့၏အနာဂတ်လူ့အဖွဲ့အစည်းအတွင်း ထိုအဖြစ်မျိုးဖြစ်စေလိုပါသလားဟု ယနေ့မုစ်လင်မ်တိုင်းမှ မိမိကိုယ်ကို မေးမြန်းကြည့်ရန် အချိန်တန်ပေပြီ။
    ၂၀၁၁ ခုနှစ် World AIDS Day မှစ၍ ကမ္ဘာ့ဆောင်ပုဒ်ကို  Getting to Zero :  Zero New HIV  Infections, Zero Discriminations and Zero AIDS Related Deaths ဟူ၍ သတ်မှတ်ထားကြောင်း သိရသည်။ ကမ္ဘာ တစ်ဝှန်းလုံးက သုညအဆင့်အထိ မျှော်မှန်းကြသည်။ ကျွန်ုပ်တို့ထံ၌မူ Discrimination – ခွဲခြားနှိမ့်ချဆက်ဆံမှု ကို တစ်ရာ ရာခိုင်နှုန်းအထိတိုးမြှင့်ရန် ရည်ရွယ်လမ်းခင်းနေကြသလောဟု မချင့်မရဲ တွေးမိပါသည်။ တွေးလောက်စရာအကြောင်းများရှိနေသဖြင့် အခြေခံကျကျ ဆွေးနွေးတင်ပြ လိုက်ပါသည်။ ဤဆွေးနွေးချက် များသည် မုစ်လင်မ် PLHIV ပေါင်းများစွာ၏ မျက်ရည်၊ အသက်၊ ဘ၀၊ ခံစားချက် နှင့် သာသနာ့ချစ်စိတ်တို့ကို ကိုယ်စားပြုထားပါကြောင်း။
    ၂။  HIV   နှင့်  ကိုယ်ကျင့်တရား
    လူသားများ၌ HIV ကို လိင်တိုချင်းဆက်ဆံသူတစ်ချို့ထံမှ စတင်တွေ့ရှိခဲ့သည်။ ဆက်လက်၍ အခြား လိင်တူဆက်ဆံတူများအား စစ်ဆေးစမ်းသပ်ကြည့်ရာ၌လည်း အလားတူပင်တွေ့ခဲ့ကြ၏။ တဖန် ယင်းသူတို့အတွင်း မူးယစ်ဆေးသုံးစွဲသူ များစွာရှိကြရာ ဆေးထိုးအပ်ကိုမျှဝေသုံးစွဲခြင်းမှတဆင့် ထပ်မံ ကူးစက် ကုန်ကြောင်း တွေ့ရပြန်၏။ ထိုအချိန်မှစပြီး လူတို့၏အသိစိတ်တွင် ကိုယ်ကျင့်တရားမကောင်း၍ HIV ရသည် ဟု စွဲမြဲသွားကုန်၏။ HIV ပိုးရှိသူ သို့မဟုတ် AIDS ရောဂါရှင်ဟူသမျှ ကိုယ်ကျင့်တရားမကောင်းသူ၊ ယုတ်ညံ့ နိမ့်ကျသူအဖြစ် အဆင့်တက်ကာ တလွဲတချော် လှေကားထောင်လိုက်ကြကုန်၏။ ကျွန်ုပ်တို့ သတိမထားမိ ကြသည့်အချက်မှာ လိင်တူဆက်ဆံသူသော်လည်းကောင်း၊ မူးယစ်ဆေးသုံးစွဲသူသော်လည်းကောင်း မိမိသည် ယင်းသို့လူစားပါဟု ဆိုင်းဘုတ်တပ်မထား၊ ၄င်းတို့ကိုယ်၌က HIV ကူးစက်နေကြောင်းပင် မသိရှိကြ။ ၄င်းတို့မှ တဆင့် လိင်တူလိင်ကွဲဆက်ဆံမှုမှ ကူးစက်ရာတွင် –  (လိင်မှုရေးရာ၌ မရှုပ်ပွေမဖောက်ပြန်သည့်တိုင် ) ၄င်းတို့၏ဇနီးခင်ပွန်းတို့ထံ လက်ဆင့်ကမ်းရောက်ရှိပြန်၏၊ ထို့ပြင် HIV ပိုးသည် သွေးအတွင်း၌ ရှင်သန် သည်ဖြစ်ရာ သွေးသွေးချင်းထိစပ်ရောနှောတတ်သည့်အမှုများ (ဥပမာ – သွေးသွင်းကုသခြင်း၊ စုတ်ထိုးခြင်း၊ ဆေးမင်ကြောင်ထိုးခြင်း၊ အလိုမတူ လိင်ဆက်ဆံခံရခြင်း၊ မတော်တဆထိခိုက်ဒဏ်ရာ၊ မသန့်ရှင်းသော ဆေးထိုးအပ် စသည် )တို့မှတဆင့် ကူးစက်ခံရသောလမ်းကြောင်း ဖြစ်လာပြန်၏။ HIV ရှိမရှိကို အပေါ်ယံ အပြင်ပန်းသဏ္ဍာန်ဖြင့် သိရသည်မဟုတ်။ ပြင်ပလက္ခဏာအားဖြင့် မဆုံးဖြတ်နိုင်။ ရောဂါရင့်ပြီး အခါလွန်မှသာ ပုံပေါ်လာတတ်သည်။ သွေးမစစ်ကြည့်မချင်း မသိနိုင်ကြသဖြင့် အဘယ်မျှ လျင်မြန်စွာ စိမ့်ဝင်ပျံ့နှံ့ကုန်ကြောင်း အသိဥာဏ်ရှိသူတိုင်း ရိပ်စားမိကြပေမည်။ HIV သည် လူမရွေးတော့ပါ။ ဖြစ်ရပ်မှန်အမြောက်အများထဲမှ မိသားစုတစ်ခုကို ဥပမာပေးပါမည်။  HIV ရှိမရှိ သွေးစစ်ခြင်း မကျယ်ပြန့်မီက လူတစ်ဦးသည် မတော်တဆမှုဖြင့် အရေးပေါ်သွေးသွင်းကုသရ၏။ အသက်လုချိန်ဖြစ်၍ ရရာသွေးရှာသွင်းခဲ့ရာ HIV ပိုးကို လက်ဆောင်ရရှိခဲ့၏။ သူမှတစ်ဆင့် သူ၏ဇနီး၊ သူမမှ တဆင့် ကလေးငယ်ထံသို့ ကူးစက်သွား၏။ ထို့ကြောင့် မိသားစုတစ်ခုလုံး HIV ပိုးကူးစက်ခံနေရကြောင်း မိမိတို့ဖာသာပင် မသိရှိနိုင်ခဲ့ချေ။ အကြောင်းတိုက်ဆိုင် လာသည့်အခါကျမှ မျက်ကလူးဆန်ပြာဖြစ်ကြရသည်။ လင်ရောမယားပါ အကျင့်စာရိတ္တက ထိပ်တန်းအဆင့်၊ သောက်စားမူးယစ်လိင်ဖောက်ပြန်မှု အလျဉ်းမရှိ၊ ဘာသာရေးကိုလည်း အလွန်ကိုင်းရှိုင်းသူများ၊ လုပ်ငန်းက လည်း သမ္မာအာဇီဝ – ဟလာလ်။ သို့သော်လည်း HIV လောကသို့ မအူမလည် ရောက်ရှိလာကြသည်။  မွေးဖွားသည့် ကလေးငယ်ထံ အဆစ်ပါသွားသည်။ ထိုသူတို့ အပြစ်ရှိပါသလား ?  မည်သည့် အကြောင်းပြချက်ကို ပေး၍ စက်ဆုပ်ရွံရှာဖွယ် – မုန်းတီးဖွယ်အဖြစ် ဆက်ဆံကြမည်နည်း ? လူ့အသိုင်းအ၀ိုင်းမှ အဘယ်ကြောင့် ဖယ်ကြဉ်ဖို့လိုပါသနည်း ? HIV နှင့်ပတ်သက်၍ မိမိတို့သိရှိထားသမျှ လက်တစ်ဆစ်စာ အသိပညာလေးဖြင့် PLHIV မှန်သမျှ ၀ါးလုံးရှည်ဖြင့် သိမ်းကျုံးရမ်းရိုက်နေသည်မှာ တရားပါ ၏လော ?  အပြစ်မဲ့ PLHIV တို့၏ လူမှု၊ စီးပွါးအရေးကိစ္စများအပေါ် ပိတ်ဆို့၊ နှောင့်ယှက်၊ ဒုက္ခပေးခြင်း၊ သိက္ခာချစော်ကားနေခြင်း၌ မည်သူတို့အတွက် မည်သည့်ကောင်းကျိုးဖြစ်ထွန်းနေပါသနည်း ?
    ယင်းသို့ပြုလုပ်ခြင်းဖြင့် ကုသိုလ်ရသည်ဟု အစ္စလာမ့်လမ်းစဉ်၌ သွန်သင်ထားပါသလား  ဟု အခြားဘာသာဝင် တို့မှ မေးမြန်းလာသော် မည်သည့်အဖြေကို ပေးကြမည်နည်း ? ( အစ္စလာမ်ကို မုန်းတီးနေသူ၊ မုစ်လင်မ်တို့ မျိုးသုဉ်းရေးကိုလိုလားနေသူတို့ကတော့ အထက်ဖော်ပြပါအတွေးအခေါ်ဆိုးများကို သွတ်သွင်းလျက် တိုက်ရိုက်၊ သွယ်ဝိုက် တွန်းအားပေးနေဦးမည်သာ မုချဖြစ်၏ )။
    အစ္စလာမ့်ကျင့်ဝတ်  နှင့်  ပြဌာန်းချက်များအပေါ် လိုက်နာစောင့်ထိန်းပါက HIV-AIDS ဖြစ်စရာ အကြောင်း လုံးဝ မရှိ ဟု မျက်စေ့စုံမှိတ်ကြွေးကြော်နေသည့် ပညာရှင်များအဖို့ လက်တွေ့လောကအတွင်း ခေတ္တမျှ ၀င်ရောက်လေ့လာစူးစမ်းပါဦးဟု ( ကိုယ့်ပေါင်ကိုယ်လှန်ထောင်းသည် ထင်လိုကထင်၊ ရှေ့မျက်နှာ နောက်ထား၍ ) ဖိတ်မန္တကပြုပါသည်။ အဘယ်ကြောင့်ဟူမူ HIV-AIDS  ဖြစ်သူမှန်သမျှ အစ္စလာမ့်ကျင့်ဝတ် နှင့် ပြဌာန်းချက်များကို စောင့်ထိန်းလိုက်နာခြင်းမရှိ  ဟု တစ်ဖက်သတ် စွပ်စွဲရာရောက်နေသောကြောင့်ဖြစ်သည်။ ဟူသမျှသော ကမ္ဘာ့ကပ်ရောဂါတို့မှာ လူမျိုး၊ ဘာသာ၊ နေရာဒေသ၊ အဆင့်အတန်း၊ အတန်းအစား၊ အဆိုးအကောင်းမရွေး ကူးစက်ပျံ့နှံ့လေ့ရှိသည်ချည်း ဖြစ်၏။
    ရှေ့ကနွားလားဖြောင့်ဖြောင့်မသွားက နောက်ကသိုးတစ်သိုက် ကောက်ကွေ့လိုက်၏ ဟူသော အဖိုးတန်မြန်မာစကားပုံတစ်ခုရှိပါသည်။ မီးရထားခေါင်းတွဲကြီးများ စက်နှိုး၍ထွက်ခွါကြရန် အချိန်တန် အခါသင့်နေပြီဖြစ်ကြောင်း သုံးသပ်ရပေသည်။ မည်သည့်ပညာရှင်ကိုမျှ မစော်ကားပါ။ အဖြစ်မှန်ကို ပြည်သူ့အော်သံအဖြစ် တင်ပြနေခြင်းသာဖြစ်သည်။
    HIV-AIDS ရောဂါတိုက်ဖျက်ရေး  ကို  PLHIV များအား တိုက်ဖျက်နှိပ်ကွပ်ရေး  အဖြစ် အမြင် မမှားစေ လိုပါ။  မိမိသာလျှင် ကိုယ်ကျင့်တရားကောင်းမြတ်သည်ဟု အများမှ အသိအမှတ်ပြုအောင် သွယ်ဝိုက်ရည်ညွှန်း လိုသည့်အတွက် …….         HIV ကို ခုတုံးလုပ်ပြီး တစ်ဖက်လှည့်ဟစ်ကြွေး ရုပ်လုံးဖော်နေကြခြင်းပေလော  ဟူ၍ မုစ်လင်မ် PLHIV တစ်ဦးမှ မချိပြုံးဖြင့် ၀မ်းနည်းအားငယ်ရင်ဖွင့်ညည်းတွားသံက ကျွန်ုပ်၏နားထဲတွင် ယနေ့ထက်ထိ ပဲ့တင်သံထပ် ရိုက်ခတ်လျက်ရှိပါတော့သည်။
    ၃။  အစ္စလာမ့်အယူအဆနှင့်ဆန့်ကျင်သောအဆိုတစ်ခု
     “ ကုရာနတ္ထိ ဆေးမရှိ ”
    HIV-AIDS ၏အန္တရာယ်ကြီးမားပုံကို လူအများမှ အထူးသတိပြုမိကြစေရန် ရည်ရွယ်ချက်ဖြင့် ကုရာနတ္ထိဆေးမရှိ ဟူသည့်ဆောင်ပုဒ် ထွက်ပေါ်ခဲ့ဖူး၏။ ဆောင်ပုဒ်၏ရည်ရွယ်ချက်က တစ်ခြား၊ ( အကျိုး သက်ရောက်ပုံ)တုန့်ပြန်မှုကတစ်ခြားဖြစ်လာသည်ကို မထင်မှတ်ဘဲတွေ့လာခဲ့ကြ၏။ ယင်းဆောင်ပုဒ်ကို ယခုအခါ တစ်ကမ္ဘာလုံးက တစ်ညီတစ်ညွတ်တည်း ဖျက်သိမ်းလိုက်ပြီးဖြစ်သည်။ သို့သော် ကျွန်ုပ်တို့ထံမှ (ဘာသာရေးအမည်ခံ) အုပ်စုတစ်စုက ဤဆောင်ပုဒ်ကို သာသနာ့အယူအဆကဲ့သို့ ကိုင်စွဲနေတုန်း – ဖြန့်ချိ နေတုန်းပင်။ ဆိုရေးရှိကဆိုအပ်သည်နှင့်အညီ အစ္စလာမ်သာသနာ့ရှုထောင့်အတွင်းမှ တင်ပြစရာရှိလာ ပေသည်။
    ယနေ့မုစ်လင်မ် PLHIV များအကြား လက်တွေ့လေ့လာကွင်းဆင်းဆွေးနွေးကြည့်ရာတွင် ကိုယ်ကျင့် တရား မကောင်း၍ HIV-AIDS ဖြစ်ရသူမှာ လူဆယ်ဦးလျှင် တစ်ဦးခန့်မျှ မဆိုစလောက်လေးသာ တွေ့လိုက်ရပါသည်။ PLHIV အများစုမှာ အမျိုးသမီးနှင့်ကလေးငယ်များသာဖြစ်သည်။  ကုရာနထ္ထိဆေးမရှိ ဆိုပြီး အပြစ်မဲ့လူသားများအပေါ် ဧရာမစွဲချက်တင်ကြမည့်အစား ဖေးမစာနာလက်တွဲလိုက်ခြင်းဖြင့် မုစ်လင်မ် တို့၏ညီနောင်ဝါဒအား ပိုမိုသက်ဝင်ထင်ရှားစေလိုသည်။ ရေနစ်သူကို ၀ါးကူထိုးခြင်းက သူရဲကောင်းတို့၏ လုပ်ရပ် မဟုတ်ပါလေ။
    အဗူ ဟုရိုင်ရဟ် (ရဒွိ) ဆင့်ပြန်ခဲ့သော တမန်တော်မြတ်(ဆွ)၏ဟဒီးဆ်တော်တစ်ပုဒ်မှာ ဤသို့ ဖြစ်၏။
    There  is  no  disease  that  Allah  has  created,  except  He  also  has  created  its  treatment.
    အလ္လာဟ်အရှင်မြတ်သည် သက်ဆိုင်ရာကုထုံး (ဆေးဝါး/အကြောင်းခံ) ကို မဖန်ဆင်းထားဘဲနှင့် ဖြစ်ပေါ်လာစေသည့်ရောဂါဟူ၍ မရှိ။
    ဆွဟီးဟ်အလ်ဗုခါရီကျမ်း(၇း၅၈၂)။ အတွဲ(၇)၊ ဟဒီးဆ်အမှတ်စဉ် (၅၈၂)။ စာမျက်နှာ(၃၉၅)။ ဆေးဝါးကဏ္ဍ။
    လွန်ခဲ့သည့်နှစ်ပေါင်း(၃၀)ကျော်က ကမ္ဘာတစ်ဝှန်းသည်းသည်းလှုပ်ခဲ့သောကပ်ရောဂါ TB – အဆုတ် ရောဂါအား အနီးကပ်ဆုံး ပြန်လည်ကြည့်ရှုပါလေ။ ထိုကာလများ၌လည်း TB ကို ကုရာနတ္ထိဆေးမရှိ ဟုပင် ဆိုခဲ့ကြ၏။ ယနေ့သော် အမြစ်ပြတ်ဆေးဝါးထွက်ပေါ်ခဲ့သည်သာမက အခမဲ့ပင် အရံသင့်ရရှိနိုင်ကြပေပြီ။ ရောဂါသစ်တစ်ခု ပေါ်ပေါက်လာတိုင်း လူတို့မှ ယင်းအဆိုကို လက်ကိုင်ပြုတတ်လေကြောင်း သိရှိအပ်ရာသည်။ HIV နည်းတူ ယနေ့ထက်တိုင် အမြစ်ပြတ်အောင်မကုသနိုင်သေးသော ကင်ဆာကဲ့သို့ အခြားရောဂါများလည်း ရှိနေသေးသည်ကို မြင်အောင်ကြည့်ရှုအပ်ပေသည်။ ရောဂါမှန်သမျှ၏ဆေးဝါးတို့မှာ အချိန်တန်လျှင် ထွက်ပေါ်လာသည်ချည်းပင်။ အချုပ်အားဖြင့် မုစ်လင်မ်တို့သည် အစ္စလာမ့်အယူအဆနှင့် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်နေသည့်အဆိုများကို ဖက်တွယ်မထားအပ်ပါချေ။
    ၄။  ကုရ်အာန်ကပြောသော HIV ရာဇ၀င်
    HIV-AIDS ၏ရာဇ၀င်ကို ဆေးလောကနှင့်သမိုင်းပညာရှင်များက အောက်ပါအတိုင်း ပူးပေါင်းတင်ပြ ထား၏။
    HIV ပိုးသည် အာဖရိကတိုက်ရှိ ချင်ပန်ဇီမျောက်ဝံတို့၏မူလဗီဇ၌ သဘာဝအလျောက် ပါဝင်တည်ရှိ နေ၏။ ၄င်းပိုးက မျောက်ဝံများကို AIDS ရောဂါ မဖြစ်စေ။ အာဖရိကသားတို့အနက် အချို့သည် လူလူချင်း သာမက မျောက်ဝံများနှင့်ဆက်ဆံမှုပြုသည်အထိ ကာမသောင်းကျန်းလေသောအခါ ယင်းရောဂါပိုးသည် လူ့ခန္ဓာကိုယ်သို့ စတင်ကူးပြောင်းရောက်ရှိလာသည်။ လူ့ခန္ဓာကိုယ်တွင် လူ နှင့်တိရစ္ဆာန်၏ခံနိုင်ရည်မတူ သဖြင့် AIDS ရောဂါဖြစ်ပေါ်စေသည်။ ကိုလိုနီခေတ်ဦးတွင် အနောက်တိုင်းသားတို့သည် အာဖရိကတိုက်သား များစွာကို ဖမ်းဆီးကျွန်ပြု၍ ဥရောပသို့တင်သွင်းကြသည်။ ကာမသောင်းကျန်းသူများအဖို့ ရောက်သည့်နေရာ၌ အလျဉ်းသင့်သူတို့နှင့် ဆက်ဆံကြသည်ချည်းဖြစ်ရာ ဥရောပလူ့အဖွဲ့အစည်း အကြား HIV စတင်ပျံ့နှံ့သွား၏။ ဥရောပတိုက်သားအများစုကလည်း ကမ္ဘာအနှံ့ခရီးဆန့်တတ်ကြ၏။ ထိုစဉ်က ကိုယ်ခံအား/ခုခံအားကျဆင်းစေ သည့်ရောဂါမှန်း မည်သူမျှမသိခဲ့ကြ။ (၁၉၈၀)ခုနှစ်များကျမှ အမေရိကန်၌ ရောဂါပိုးကိုတွေ့လိုက်ရ၍ စတင်သတိပြုမိကြ၏။ ၄င်းနောက် လူသိများလာခဲ့ကြသည်။ မည်သို့ဆိုစေ အခြားတစ်ဖက်၌ သဘာဝမကျသော လိင်ဆက်ဆံမှုကြောင့် HIV ထွက်ပေါ်သည်ဟုယူဆလက်ခံကြသူများလည်း မနည်းလှချေ။  ဤဒုတိယအယူအဆကိုလက်ခံသူ ဘာသာရေးပညာရှင်တို့က တမန်တော်လူးသွ် ( Lot ) လက်ထက် လိင်တူချင်းဆက်ဆံကြသော ဆိုဒုမ်းနယ်သား လူ့အဖွဲ့အစည်းများထံမှ HIV မြစ်ဖျားခံလာသည်ဟု ထောက်ပြ ကြ၏။ ထိုအယူအဆသာမှန်ကန်ပါက HIV ၏ သက်တမ်းမှာ နှစ်ပေါင်းလေးထောင်ကျော်နေပြီဟု ဆိုနိုင်ပေ သည်။ လွန်ခဲ့သောနှစ်ပေါင်းတစ်ထောင့်လေးရာကျော်ကပင် ကျမ်းမြတ်ကုရ်အာန်က ဤအကြောင်းကို ဖော်ပြ ထားပြီးဖြစ်သည် ( သို့သော် ရောဂါအကြောင်း မပါဝင်ချေ )။ ကုရ်အာန်၏လမ်းကြောင်းမှာ ကိုယ်ကျင့်တရား ကိုသာ ဇောင်းပေးတင်ပြထားသောကြောင့်ဖြစ်၏။ ထပ်ဆင့်ဆွေးနွေးရပါသော် – ကမ္ဘာ့သမိုင်းမှ ရုတ်ခြည်း ပျောက်ကွယ်သွားကုန်သည့် လူမျိုးစုများရှိခဲ့ကြလေရာ ယင်းကိစ္စ၏အဓိကဇာတ်ကောင်မှာ HIV  ဖြစ်နေ သလောဟု တွေးစရာပင်။ ဤရှုထောင့်အမြင်အရဆိုလျှင် HIV- AIDS မှာ ထူး၍ မဆန်းသောကိစ္စသာ ဖြစ်နေပါတော့သည်။
    ၅။  ခွဲခြားနှိမ့်ချမှုမှ ထွက်ပေါ်လာသည့်ဆိုးကျိုးများ
    HIV-AIDS  အကြောင်းခံဖြင့် ခွဲခြားနှိမ့်ချမှုများရှိခဲ့ရာမှ ထွက်ပေါ်ခဲ့သော/ရှိနေဆဲ  လူ့အဖွဲ့အစည်း ဆိုင်ရာ ဆိုးကျိုးအချို့ကို အစ္စလာမ့်ရှုထောင့်မှ ဆက်လက်ဆွေးနွေးတင်ပြပါမည်။ ၄င်းအား မတင်ပြမီအလျင် ပဋိပက္ခ ဟူသော ကန့်လန့်ကာနောက်ကွယ်ရှိ အကြောင်းရင်းခံအချို့ကို စတင်ဆွေးနွေးလိုပါသည်။  အဓိကအားဖြင့် Misconceptions – နားလည်မှုလွဲမှားခြင်း/ တလွဲတချော်အယူအဆ/အမှားကိုအမှန်ဟုထင်မြင် လက်ခံမိခြင်း ကိစ္စကို ဦးတည်ပါသည်။
    မည်သည့်နယ်ပယ်တွင်မဆို  Misconceptions ဖြစ်လာရခြင်း၏ မူရင်းဇာစ်မြစ်သည် Mis-information ( တလွဲတချော်ဖြစ်သော/တစ်ဝက်တစ်ပျက်သာမှန်သော သတင်းနှင့်အချက်အလက်များ )ကြောင့် ဖြစ်သည်။ သတင်းအချက်အလက်တစ်ခုခုကို အမှားအမှန် နှင့် တိကျပြည့်စုံမှုရှိမရှိ မစိစစ်ဘဲ လက်ခံမိပြီဆိုလျှင် ဦးစွာ ဇဝေဇ၀ါ ဖြစ်မည်၊ ထိုအချက်နှင့်ပတ်သက်၍ တစ်စုံတစ်ရာထပ်မံမသိရလျှင် သိထားပြီးသားကို အမှန်ဟု စတင်ယူဆလာတတ်၏။ ထိုမှတဆင့် အစွဲဝင်၍အတွေးချော်သွားပေသည်။ မိမိမျက်စေ့အမြင် စွေစောင်းနေ သည်ကို သတိမပြုမိဘဲ ကမ္ဘာလောက၏မြင်ကွင်းတစ်ခုလုံး ရွဲ့စောင်းနေသည်ဟု ဝေဖန်လာတော့သည်။  Reality (အဖြစ်မှန်) နှင့် Misconception ထိပ်တိုက်တွေ့သောအခါ နားလည်မှုသဘောပေါက်မှု – Convicton သော်လည်းကောင်း၊ ပဋိပက္ခ – Conflict သော်လည်းကောင်း ဖြစ်လာတတ်၏။ အသိတရားမြင့်မားသူများက နားလည်မှု နှင့် ငြိမ်းချမ်းမှုထံသို့ ဦးတည်သွားပြီး အသိတရားနိမ့်ကျသူများက အာဃာတ နှင့် ပဋိပက္ခသို့ ဦးတည်သွားပေသည်။ ဤကိစ္စမှာ မကောင်းသော သစ်ပင်တစ်ပင်နှင့်အလားသဏ္ဍာန်တူ၏။ အကိုင်းအခက် အသီးအပွင့်များအား ခုတ်ဖြတ်ယုံနှင့် အပင်မသေနိုင်။ အမြစ်လှန်မှ ကိစ္စပြတ်ပါသည်။ ထို့ကြောင့် ဇာစ်မြစ်ကို ဆွဲထုတ်တင်ပြပါသည်။  ( HIV ဟု အခြေပြုဆွေးနွေးထားသော်လည်း ကဏ္ဍအားလုံးနှင့် သက်ဆိုင်ပါသည်)။ ဤကဏ္ဍ၌ နိုင်ငံ၊ နိုင်ငံရေး၊ ဘာသာတရားများ အကြားတွင်ရှိသည့် Misconception များအား မဆွေးနွေးပါ။ (အထူးသဖြင့်) မြန်မာမုစ်လင်မ်လူ့အဖွဲ့အစည်းအတွင်း၌ဖြစ်နေသော Misconception တို့ကို အကျဉ်းအားဖြင့် ခြုံငုံ ဆွေးနွေးပါမည်။
    က။  ပညာရေးဆိုင်ရာ Misconceptions
    ဘာသာရေး၌ အစွန်းရောက်နေသူ ပညာရှင်များကို ခုတုံးလုပ်၍ ကိုလိုနီဝါဒက (အိန္ဒိယ တိုက်နယ်ရှိ အစ္စလာမ့်လောကအတွက်) ဘာသာရေးပညာ နှင့် ခေတ်ပညာ ဟုဆိုကာ ပညာရေးကို ခုတ်ပိုင်းပြ လိုက်၏။ ကိုလိုနီစံနစ်၊ ပဒေသရာဇ်စံနစ်၊ အာဏာရှင်စံနစ်၊ လူမျိုးကြီးစံနစ်၊ အစွန်းရောက်စံနစ်တို့သည် အာဏာတည်တံ့ရေးအလို့ငှါ လက်အောက်ခံရှိမည်သည့် နယ်ပယ်တွင်မဆို တွဲရေး – ခွဲရေးပြဿနာအား သွတ်သွင်းထားလေ့ရှိသည်။ ထိုအခါ၎င်းတို့၏တွက်ကိန်းအတိုင်း တစ်ယူသန်တဇောက်ကန်း ပညာရှင်တို့က တစ်ဖက်လပ်မြင်းကိုတက်စီး၍ တစ်လမ်းမောင်းစံနစ်ဖြင့် တရှိန်ထိုးခရီးနှင်တော့သည်။ မီးရထား စက်ခေါင်းများ စက်ခုတ်မောင်းနှင်ရာသို့ ချိတ်ဆက်ထားသမျှနောက်တွဲတို့သည်လည်း တသီတတန်းကြီး ပါသွားတော့သည်။ တစ်ခါ ကိုလိုနီပညာရေးစံနစ်က လက်တွေ့ရုပ်ဝါဒအယူအဆများ ( ဥပမာ – ဒါဝင်သီအိုရီ )ကို ရိုက်သွင်းသည်၌ ခေတ်ပညာနှင့်နာမ်ပိုင်းဆိုင်ရာပညာများ ၀ိရောဓိဖြစ်ကာ ရင်ကြားစေ့မရတော့။ သို့နှင့် တစ်ဖက်နှင့်တစ်ဖက် အသိနိမ့်ကျသည်ဟု အပြန်အလှန် ပုတ်ခတ်စွပ်စွဲကြကုန်၏။ သို့ရှိရာ ပညာရေးခေါင်းစဉ်အောက်၌ အကြမ်း အားဖြင့် သုံးစုကွဲထွက်လေ၏။ မုစ်လင်မ်တို့၏စည်းလုံးမှုကို ပညာရေးဟူသောရှုထောင့်မှ သေနတ်တစ်ချက် မဖောက်ဘဲ လှပစွာအင်အားဖြိုခွဲပြလိုက်ခြင်းဖြစ်သည်။ ကိုယ်စီကိုယ်ငှ မာနတံခွန်ထူစေလိုက်စေရာ အလိုအလျောက် ၀ါးအစည်းပြေသွားပါတော့သည်။ ဘာသာရေးအုပ်စုများကို (အစ္စလာမ်၌မရှိသော) သာသနာပိုင်ဝါဒလမ်းကြောင်းသို့လည်းကောင်း၊ ခေတ်ပညာအုပ်စုကို (ဓန၊ရာထူး၊အာဏာ စသော) လောကီရေးထွန်းပေါက်မှု လမ်းကြောင်းသက်သက်သို့လည်းကောင်း၊ နာမ်ပိုင်းဆိုင်ရာ အုပ်စုများကို စိတ်ကူးယဉ် လမ်းကြောင်းသို့လည်းကောင်း တွန်းပို့ခဲ့ကြသည်။ ဤနေရာ၌ ကျွန်ုပ်တို့မုစ်လင်မ်များ အလွန် လိမ္မာကြ၏၊ အဆင်းဘီးတပ်ပေးခြင်းအပေါ် သာယာသည့်အပြင် မိမိဖာသာ အရှိန်ပင်မြှင့်တင်လိုက်သေးသည်။ မျိုးဆက်တစ်ခုလွန်မြောက်ပြီးသော် ဘာဖြစ်ကုန်ကြသနည်း ?  ကျွန်ုပ်တို့အားလုံး သိကြပါသည်။ သို့သော် ရင်ထဲကစကား နှင့် တကယ့်အမှန်တရားများမှာ လည်ချောင်းပြင်ပသို့ ထွက်မလာနိုင်တော့ပါလေ။
    ( မိမိတို့၏သက်ဆိုင်ရာဂိုဏ်းဂဏအယူအဆများကို အခြေမခံထားသည့်၊ လိုရာဆွဲ မဟုတ် သည့် ) တမန်တော်မြတ်မုဟမ္မဒ်(ဆွ)၏ ထေရုပ္ပတ္ထိတော်များအား သေသေချာချာ ဖတ်ရှုလေ့လာကြည့်ပါက ယနေ့ကျွန်ုပ်တို့မှ ခွဲခြမ်းစိပ်ဖြာပစ်လိုက်ကြသော အသိပညာ၊ အတတ်ပညာအားလုံးမှာ တစ်ပေါင်းတစ်စည်း တည်းသာဖြစ်နေသည်ကို တွေ့ရ၏။ ဤသည်မှာ အစ္စလာမ်ကပြောသော အစ္စလာမ့်ပညာရေးအစစ်အမှန် ဖြစ်၏။ အစ္စလာမ်လောက၌ အစ္စလာမ့်ပညာရေးအစစ် ပျောက်ဆုံးနေပါသည်။ မိမိတို့၏ပညာရေးစံနစ်အပေါ် မိမိတို့ဖာသာ Misconception ဖြစ်လျက်ရှိနေပါသည်။
    ယင်းသို့ခွဲခြားမှု၏အကျိုးဆက်ကြောင့် နိမ့်ကျမှုကိုသာ အမွေခံရပေသည်။ အခြားအရာများ နိမ့်ကျလျှင် တိုးတက်အောင်ကြိုးစားပုံဖော်လို့ဖြစ်နိုင်သည်။ ပညာကိုလည်း မြှင့်တင်နိုင်သည်။ သို့သော် ပညာ နှင့်တွဲနေသော အသိတရားနိမ့်ကျလျှင် ဆွဲတင်ရ တော်တော်ခက်သည်။ တမန်တော်မုဟမ္မဒ်(ဆွ)သည် ၂၃ နှစ်တိုင်တိုင် အခါမလပ် ကြိုးပမ်းသော်ငြား ပရိနိဗ္ဗာန်စံလွန်ချိန်ထိ အာရေဗျတစ်ခွင်လုံး အသိတရား တန်းမညီခဲ့ (အစ္စလာမ် မဖြစ်ကုန်သေး)။ မိမိ၏အသိတရားကို မိမိဖာသာ မပြင်ဆင်မမြှင့်တင်သမျှ နိမ့်ကျခြင်းဝဲဂယက်၌ ချာချာလည်နေဦးမည်သာ။ ကျမ်းမြတ်ကုရ်အာန်၌ ဤသဘောတရားကို အပုံအပင်တွေ့ရပါမည်။
    လူ့ဓမ္မတာအရ ကျန်းမာရေးယိုယွင်းလျှင် ကျန်သည့်အရေးအရာမှန်သမျှ အနည်းနှင့် အများ ထိခိုက်နစ်နာနိမ့်ကျရစမြဲဖြစ်သည်။ ကျန်းမာရေးကဏ္ဍကျဆုံးသွားသော လူ့အဖွဲ့အစည်းတစ်ရပ်ရပ်ကို ကြည့်လိုက်ပါလေ။ မြင်သာထင်ရှားလှသည့်အဖြေများ အရံသင့်ဝိုင်းရံထားပြီးဖြစ်သည့်အတွက် ဋီကာမချဲ့လို တော့ပါ။ ပညာရေးဆိုရာ၌ မှန်ကန်သည့်သတင်းအချက်အလက်များအပေါ်အခြေခံသော ကျန်းမာရေးဆိုင်ရာ အသိပညာများလည်း ပါဝင်နေပါသည်။ ယင်းအသိပညာများကို မိမိတို့၏အနာဂတ်လူ့အဖွဲ့အစည်း မချည့်နဲ့ စေရေးအလို့ငှါ မြန်မာမုစ်လင်မ်အသိုင်းအ၀ိုင်းအကြား နိုးကြားမှုတစ်ရပ် လိုအပ်နေပါပြီ။ တမန်တော်မြတ်(ဆွ) ၏ ဟဒီးဆ်တော်တစ်ရပ်ရှိ၏။
    ( ကောင်းမြတ်/အကျိုးပြုသည့် ) ပညာမှန်သမျှ မုစ်လင်မ်တို့၏ ပျောက်ဆုံးနေသော ရတနာများ ဖြစ်ကုန်၏။
    ထို့ကြောင့် ကျန်းမာရေးအသိပညာပေးခြင်းကို  မချည့်နဲ့သွားစေရေးအချက်ပေးသံ  အဖြစ် အမြင်ထားရှိသင့်ပေသည်၊ လက်ခံသင့်ပေသည်။ သက်ဆိုင်ရာကဏ္ဍအသီးသီးမှပညာရှင်များအနေနှင့် ပညာ ရေးကို အားပေးမည်လော၊ တားဆီးမည်လော ဟူသည်ကို ဖာသာဆန်းစစ်ကြပါကုန်။ ဦးမဆောင်နိုင်လျှင် နေပါစေ၊ ပူးပေါင်းဆောင်ရွက်မှုသာရှိပါက အနာဂတ်မြန်မာမုစ်လင်မ်တို့အပေါ် ကျရောက်လတ္တံ့သော အန္တရာယ်အား ကြိုတင်ကာကွယ်တားဆီးခြင်း မည်ပေသည်။ မုစ်လင်မ် မရှိတော့သည့်နေရာဒေသ၌ အစ္စလာမ်သာသနာ မရှိကြောင်း  မြော်မြင်ဥာဏ် ပွါးများနိုင်ပါစေသတည်း။
    ခ။  လူမျိုးရေး နှင့် လူမှုဆက်ဆံရေးဆိုင်ရာ  Misconceptions
              အစွဲကြီးက အသိနိမ့်ရပါသည်။ “ အိမ်ကြက်ချင်းအိုးမည်းသုတ်၍ခွပ်ခိုင်းပြီး နိုင်သည့်ကြက် ငါ့ကြက် “ ဟူသောစံနစ်ကို ပညာရေးသာမက လူမျိုးရေး၊ လူမှုဆက်ဆံရေး ၊ နိုင်ငံရေး နှင့် သာသနာ့အရေး၌လည်း အသုံးပြုခဲ့ကြ၏။ ကျွန်ုပ်တို့မြန်မာမုစ်လင်မ်များ အလွန်ကံဆိုးပါသည်။ အထက်ပါ လက်ရွေးစင်ကြက်များ နှင့် မျိုးတူအဆင့်တူ စိတ်တူကိုယ်တူများ မြန်မာနိုင်ငံသို့ အခမဲ့ရောက်ရှိလာကြသည်။ ကြည့်ပါလေ – ယနေ့ခေတ်၌ အချင်းချင်းခွပ်ကြသည့်ပွဲတွင် နည်းမျိုးစုံသုံးပြီး အနိုင်ရသူကို သူရဲကောင်းများအလား ဂုဏ်ပြု အမွှမ်းတင်နေကြကုန်၏။ ထိခိုက်နစ်နာကြေမွသွားရသူမှာ မိမိတို့၏ မုစ်လင်မ်ညီနောင်မျာသာဖြစ်နေကြောင်း လုံးလုံးသတိမ၀င်ကြ။ ဘ၀င်လေဟပ်၍ ခြေထောက်များ မြေမထိတော့ – သို့သော် အတောင်ပံများလည်း မရှိကြပါလေ။ ပျံသန်းနေသည့်ငှက်သည်ပင်လျှင် မြှားမှန်တတ်ပါသည်။ မပျံတတ်သောကြက်မှာကား လောက်စာလုံးများနှင့် မကြာခဏ ကြုံဆုံဖူးပြီးပြီ – အမှတ်မရှိကြသေး။
    လူမျိုးရေးပဋိပက္ခဖော်ဆောင်လိုသူများက မျိုးချစ်စိတ်  ဟူသောစကားလုံးကို မပြတ်တမ်း အသုံးချ တတ်သည်။ စင်စစ်၌ ဤဝေါဟာရသည် အနှစ်သာရ ရှိလှ၏။ တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်များက ၄င်းကို ငြိမ်းချမ်းရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် သုံးသည်။ အဖျက်သမား ( လူ့ယှိုင်သွာန် ) များကတော့ ထိုးဆွသည့်ရည်ရွယ်ချက်ဖြင့် အသုံးပြုကြသည်။ မခံချင်စိတ်ဖြစ်လာအောင် ဆွပေးနိုင်လေ ခွဲခြားဆက်ဆံမှု ကြီးမားလာလေလေ ဖြစ်သည်။ ရည်ရွယ်ချက်ဟူသည်မှာ မမြင်ရသဖြင့် သတိထားအပ်ရာ၏။ မုစ်လင်မ်များအဖို့ နေရာတကာ မျိုးချစ်စိတ်ဟူ၍ အသုံးမပြုအပ်ချေ။ အစ္စလာမ့်လမ်းစဉ်နှင့် မဆီလျော်ခြင်း  ကြောင့် ဖြစ်ပါသည်။
    မည်သည့်လူသားပင်ဖြစ်စေကာမူ မိမိလူမျိုးကို မိမိတို့ကိုယ်တိုင် ဖန်တီးရွေးချယ်သတ်မှတ်လို့ မရပါ။ မမွေးဖွားမီ သတ်မှတ်ခံထားရ၏။ မွေးဖွားလာသော် ပညတ်ခံရ၏။ မည်သူမဆို အလ္လာဟ်အရှင်မြတ် သတ်မှတ်တော်မူထားသည့်အတိုင်းသာ လူ့လောကသို့ ရောက်ရှိလာရပေသည်။ ပြုပြင်ပြောင်းလဲလို့မရသည့် အတူတူ ကျေနပ်စွာ လက်ခံရမည်ဖြစ်၏။ လူမျိုးဆိုတာ မလိုပါဘူးဟု ပြောလို့မရပါ။ ကျွန်ုပ်တို့၏ မဟာ တမန်တော်မြတ် (ဆွ)သည် အာရပ်လူမျိုး ဖြစ်တော်မူ၏၊ အာရပ်ယဉ်ကျေးမှုကို မြတ်နိုးတော်မူ၏၊ အာရပ်တို့၏ အရဗီဘာသာစကားဖြင့် ကျမ်းမြတ်ကုရ်အာန် ကျရောက်သည်။ သို့ရာတွင် ကိုယ်တော်မြတ်သည် လူမျိုးစွဲ မထားရှိခဲ့ပါ။ အစ္စလာမ်သာသနာဝင်အချင်းချင်းသည် ညီအစ်ကိုမောင်နှမများသာဖြစ်၏ ဟု မိန့်ဆိုခဲ့ခြင်းမှာ လူမျိုးဖျောက်ဖျက်ခြင်း မဟုတ်၊  အပြန်အလှန်နားလည်မှုဖြင့် စည်းလုံးညီညွတ်စေခြင်း ဖြစ်ပါသည်။ အစ္စလာမ် သာသနာသည် လူမျိုး၊ ဒေသ၊ ခေတ်ကာလ၏ ဘောင်ကန့်သတ်ချက်များအား ထွင်းဖောက်သွားခြင်းကို ဆိုလို သည်။ ဥပမာ – ကုရ်အာန်က သပ်က်ဝါတရားအထားရှိဆုံးသူသည် အလ္လာဟ့်ထံတော်၌ အမြင့်မြတ်ဆုံး ဟုလည်းကောင်း၊ လူမျိုးနွယ်အသီးသီးဖြစ်စေခြင်းမှာ အသင်တို့အချင်းချင်း တစ်ဦးကိုတစ်ဦး မှတ်မိသိရှိနိုင်စေ ရန်သာဖြစ်သည် ဟုလည်းကောင်း ဖော်ပြထားပေသည်။ အလ္လာဟ်အရှင်မြတ်ကိုယ်တော်တိုင် လူမျိုးကို အသိ အမှတ်ပြုတော်မူထားကြောင်း တွေ့ရပါမည်။ ထို့ကြောင့် အစ္စလာမ်သည် လောကပေါင်းစုံ၊ လူမျိုးပေါင်းစုံ၊ ယဉ်ကျေးမှုပေါင်းစုံ၏ ခိုလှုံရာသာသနာဖြစ်ကြောင်း ထင်ရှားပါသည်။ အက်ကြောင်းရှိနေသောမျက်မှန်ကို တပ်ထားသူမှာ အက်ကြောင်း ထနေသည့်မြင်ကွင်းကိုသာ တွေ့မြင်ရမည်ဖြစ်၏ ( ကုရ်အာန်ဋီကာဖွင့်ခြင်း မဟုတ်၍ ဤမျှနှင့်ပင် ရပ်ပါမည် )။ တမန်တော်မြတ် (ဆွ)၏ လက်ရင်းသာဝကတော်ကြီးများထံ၌ပင် မျိုးချစ်စိတ်ကြီးမားခဲ့ကြောင်း ထင်ထင်ရှားရှားတွေ့ရသည်။ အဆင့်မြင့် အဆ်ွဟဗ်တော်တစ်ဦးမှ ဤသို့ ပြောဆို ခဲ့ဖူး၏ “  တမန်တော်မြတ်၏တားမြစ်ချက်သာမရှိပါက ကျွန်ုပ်သည် ကျွန်ုပ်၏အာရပ်လူမျိုးတို့ကို ကမ္ဘာပေါ် ခါးစောင်းတင်နိုင်အောင် ဆက်လက်ပြုလုပ်မိမည် ဖြစ်ပါအံ့ “ ( ကြည့် – အီဂျစ်နိုင်ငံ၊ အလ်အဇ်ဟရ်တက္ကသိုလ် ထုတ် ရိဂျားလု ဟောင်းလရ် ရစူလ် – Men Around The Messenger )။ သူတို့သည် မျိုချစ်စိတ်ကို သာသနာ့ ချစ်စိတ်အဖြစ် အသွင်ပြောင်းခဲ့ကြခြင်း ဖြစ်ကြောင်း သိနိုင်ပေသည်။ မုစ်လင်မ်မဟုတ်သော အာရပ်လူမျိုးများ၊ အာရပ်အနွယ်မဟုတ်သည့် အခြားလူမျိုးများမှာ ထိုခေတ်မှသည် ယနေ့တိုင် အာရေဗျတွင် နေထိုင်လျက်ရှိနေ သည်မှာ လက်တွေ့မြင်နိုင်ပါသည်။
    လူမျိုးဆိုသည်နှင့် ယဉ်ကျေးမှုက တွဲ၍ ပါလာသည်။ သို့ဆိုလျှင် ကမ္ဘာ့ပထမဆုံးလူသား အာဒံမ် (အလိုင်) သည် မည်သည့်လူမျိုးဖြစ်၍ မည်သည့်ယဉ်ကျေးမှုကို ကျင့်သုံးခဲ့သနည်းဟု မေးခွန်းတစ်ခု ပေါ်ခဲ့ဖူး၏။ စင်စစ် လူမျိုး၊ မျိုးနွယ်၊ ယဉ်ကျေးမှုဟူသည် အာဒံမ်၏နောက်မျိုးဆက်များတွင်မှ စတင်ထွန်းပေါ်သည်ဖြစ်ရာ ထိုမေးခွန်း/စောဒကသည် အာဒံမ်နှင့် မသက်ဆိုင်သဖြင့် မေးမြန်းဖို့ပင် မဆီလျော်ချေ။ လူမျိုးတိုင်းဝယ် သက်ဆိုင်ရာယဉ်ကျေးမှုကိုယ်စီ ရှိကြသည်။  သို့သော် အစ္စလာမ့်ယဉ်ကျေးမှုနှင့် မရောထွေးအပ်ပါ။ အစ္စလာမ့် ယဉ်ကျေးမှုဟူသည် အစ္စလာမ့်သွန်သင်ချက်များကို အကောင်အထည်ဖော်ချက်များ ဖြစ်သည်။  ထို့ကြောင့် အစ္စလာမ်သာသနာဝင်များအဖို့ မိမိတို့၏ကိုယ်ပိုင်ယဉ်ကျေးမှုကို အစ္စလာမ့်ယဉ်ကျေးမှု၏ဘောင်အတွင်းသို့ ရောက်နေအောင် ပြုပြင်ရ၏။ အစ္စလာမ့်ယဉ်ကျေးမှုအပေါ် မိမိကိုယ်ပိုင်ယဉ်ကျေးမှုလွှမ်းမိုးသွားအောင် မပြုအပ် မဖန်တီးအပ်ကြောင်း သိနိုင်ပေမည်။ အစ္စလာမ်သည် မုစ်လင်မ်တို့ကို ယူနီဖောင်းဝတ်စက်ရုပ်များအဖြစ် ပုံသွင်း ခြင်း မပြု၊ သုခဘုံသို့သွားရာလမ်းကိုသာ ညွှန်ပြထား၏။ ယဉ်ကျေးမှုကို မပြောင်းခိုင်း၊ မယဉ်ကျေးသောအမှု ကိုသာ ပြောင်းခိုင်းထားပါသည်။
    အချို့သူများ ကိုယ်စီးသည့်မြင်း အထီးလား အမလား ခွဲခြားမသိကြ၊ အချို့သူများမှာမူ မိမိ တက်စီးမိ သည့်အရာမှာ “ ဘည “ ဟူသည်ကိုပင် သိရှိရန် မကြိုးစား။
    ကိုယ့်မြင်းကိုယ်စိုင်း စစ်ကိုင်းရောက်ရောက် ဟုဆိုကာ ငရဲစခန်းလှမ်းနေသူများက မရှားသလို၊ ပဒိုင်းသီးကို အားတိုးဆေးအဖြစ် ဖော်စားသူ နှင့် လက်ခံကြသူတို့လည်း မနည်းလှပါလေ။
    အိခ်ဝါန် မည်သော အစ္စလာမ့်ညီနောင်မောင်နှမ၀ါဒ၏ အခြေခံအရင်းအမြစ်မှာ အပြန်အလှန် နားလည်မှုထားရှိခြင်း ဖြစ်ပါသည်။ နားလည်မှုမထားရှိဘဲ ဘတစ်ပြန်ကျားတစ်ပြန် မာနတံခွန်ထူကာ ကိုယ့်လမ်း ကိုယ်ဖောက် လျှောက်လှမ်းသည်၌ ကွဲပြားမှုအက်ကြောင်း ကျယ်ပြန့်လာသည်။ ကွဲပြားခြင်း၏မျဉ်းပြိုင်လမ်း နှစ်ခုကို နားလည်စာနာမှု  တည်းဟူသော ပေါင်းကူးတံတားခင်းရမည့်အစား မောဟကော်ဇော ခင်းလိုက် လေသောအခါ ကွဲပြားမှုမှ ခွဲခြားမှုသို့ ဦးတည်သွားရပေသည်။ သို့ဖြင့် တစ်ဖက်နှင့်တစ်ဖက် အမြင်စောင်းခြင်း များက ရင်ကြားစေ့မရတော့ချေ။
    ကျွန်ုပ်တို့မုစ်လင်မ်လောကတွင်းရှိ လူမျိုးရေး နှင့် လူမှုဆက်ဆံရေးဆိုင်ရာ နှိမ့်ချခွဲခြားနေမှုများ အပေါ် လက်ကုန်နှိုက်ပြီး ဆန်းစစ်ကြည့်လျှင်  “  ဟိန္ဒူဝါဒမှ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားခြင်းစံနစ်၏ အနံ့အသက် “ များကို တစ်စွန်းတစ်စ ရှူရှိုက်မိလေရာ ရိုးမှရိုးပါ၏လောဟု အတွေးဝင်စရာပင်။ အရိပ်ပြလို့မှ အကောင်မထင် ပါလျှင် – အပွေးမြင်သည့်တိုင် အပင်မသိသေးလျှင် အသိနိမ့်ကျရလေခြင်း ဟူ၍ ရင်ဆို့နေယုံမှအပ အခြား မရှိတော့လေပြီ။
    အစ္စလာမ်၏ ဒီးန် ( ဘ၀လမ်းစဉ် ) အယူအဆ၌ လူ့သဘာဝ၏ အရေးအရာအားလုံးမှာ တစ်ခုနှင့် တစ်ခု ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ အပြန်အလှန်ဆက်စပ်နေကြောင်း ဖော်ပြ၏။ အရေးအရာတစ်ရပ်၏ ဂယက်က အခြားနောက်အရေးကဏ္ဍတစ်ရပ်ရပ်ထံ ကူးလူးချိန်ဆက်သွားတတ်စမြဲသာ ဖြစ်သည်။ သာသနာရေး၊ ကျန်းမာရေး၊ စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေး၊ ပညာရေး အစရှိသည်တို့က သီးသန့်သီးခြားကဏ္ဍများ မဟုတ်။ ဘယ်အရာသည် အဓိက။ ဘယ်အရာသည် သာမည ဟူသည်ကိုလည်း မြင်အောင်ကြည့်ခိုင်းထား၏။ ၄င်းပြင် အစ္စလာမ်သည် လူသားတိုင်းအပေါ် တန်းတူအခွင့်အရေး ပေးထားသည်။ မိမိတို့၏ ကိုယ်ပိုင်အယူအဆ သတ်မှတ်ချက်များဖြင့် သူတစ်ထူးအား အယုတ်အလတ်အမြတ်၊ အကောင်းအဆိုး၊ အနိမ့်အမြင့် စသည်ဖြင့် ခွဲခြားနိုင်ခွင့် မရှိ၊ အလ္လာဟ် နှင့် တမန်တော့် သတ်မှတ်ချက်များဖြင့်သာ သတ်မှန်ညွှန်းဆိုနိုင်ပါသည်။ ဤအခြေခံအချက်များကို မသိရှိသူသည်လည်းကောင်း၊ သိသော်လည်း ဇွတ်ပေမိုက်ကန်းနေသူ သည်လည်းကောင်း ယှိုင်သွာန်၏ဘက်တော်သားအဖြစ် ခွဲခြားခြင်းကစားပွဲ တွင် နစ်မျောနေဆဲပါတကား !
    ထို့ကြောင့် မုစ်လင်မ်အချင်းချင်းကြား စည်းလုံးညီညွှတ်မှု အက်ကွဲပြိုလဲကြရသည်ကို ဗွေဆော်ဦး သိသာထင်ရှားလာတော့သည်။ ထိုမှတဆင့် နွားကွဲလျှင် ကျားဆွဲသည် ဆိုသော ဆိုးကျိုးတရားများဖြစ်လာခြင်း ကို မမြင်ချင်မှအဆုံး။ ဘယ်သူသေသေ ငတေမာပြီးရောဆိုသည့် လူစားများ တိုးပွားလာသည်။ စေတနာ ရည်စူးချက်များ အရောင် စွန်းထင်းကုန်သည်။ နိယဟ် ဖြူစင်ပါမှ အလ္လာဟ့်အကူအညီ ရရှိပါမည်။ စည်းလုံး ညီညွတ်မှ ခိုင်မာအားကောင်းပါသည်။ အင်အား၊ စာနာနားလည်မှု၊ ကြံ့ခိုင်မှု၊ လက်တွဲကူညီဖေးမမှု ရှိနေမှသာ စည်းရိုး လုံခြုံပါသည်။ မလုံခြုံသည့်အိမ်မှာ သူခိုးအကြိုက်ဖြစ်သဖြင့် ကျွန်ုပ်တို့၏ မြန်မာမုစ်လင်မ်အသိုင်းအ၀ိုင်း၊ လူ့အဖွဲ့အစည်းများထံ ဖိသ်နဟ် ( အရှုပ်ထုပ် ) မိုးများ အကြိမ်ကြိမ် ရွာချမည်ကို စိုးရွံ့မိပေသည်။
    ကျွန်ုပ်တို့သည် တမန်တော်မြတ် (ဆွ) လက်ထက်တော်မှ ရှေးဦးမုစ်လင်မ်အစုအဝေးများကဲ့သို့ စံပြ လူ့အဖွဲ့အစည်း အဆင့်အထိ မရောက်ရှိနိုင်တော့သော်လည်း …
    မိမိတို့၏ အားနည်းချက်ကို မိမိတို့ကိုယ်တိုင် ပြုပြင်နိုင်သည့် – လူ့အရင်းအမြစ်ကို အဆင့်မြှင့်တင်နိုင် သည့် – ( ကျန်းမာရေး အပါအ၀င် ) ဘ၀၏ကဏ္ဍတိုင်းကို ဘက်ညီမျှတပြေပြစ် လှပအောင် ပုံဖော်နိုင်သည့် –  အနာဂတ်အန္တရာယ်ကို မြော်မြင်ဥာဏ်ဖြင့် ကာကွယ်နိုင်သည့် လူသားများ မဖြစ်နိုင်သေးသလော ?
             မုချဧကန် အလ္လာဟ်အရှင်မြတ်သည် အကျိုးပြုကောင်းကျိုးဆောင်သူ / လောကအလှဆင်သူ / ကောင်းမှုရေးရာများ၌ မွေ့လျော်သူများကို ချစ်ခင်မြတ်နိုးတော်မူ၏  ဟူသော ကျမ်းမြတ်ကုရ်အာန်မုက္ခပါဌ်တော် ကို ဆင်ခြင်နှလုံးသွင်းနိုင်ကြပါစေ။
    ၆။  အစ္စလာမ့်နည်းကျ ကာကွယ်တားဆီးရေး၊ အားပေးနှစ်သိမ့်ရေး၊ ဖေးမကူညီရေး
    ဤအခန်းကဏ္ဍကို ကျွန်ုပ်တို့ထက် ဦးစွာအကောင်အထည်ဖော်ခဲ့ကြကုန်သည့် – လက်ရှိအချိန် မှာလည်း အောင်မြင်မှုရနေဆဲဖြစ်သည့် အစ္စလာမ်နိုင်ငံများစွာ ရှိနေပါသည်။ ၄င်းတို့၏ လုပ်ထုံးလုပ်နည်းများ၊  စံနစ်များ၊ ခြေလှမ်းများကို (သြဇာကြီးမားသော ဘာသာရေးပညာရှင်များ၊ ပေါက်ရောက်ထင်ရှားသူများ၊ နားလည်ကျွမ်းကျင်သူများ၊ အတွေ့အကြုံကောင်းသူများမှ ရှေ့ထွက်ဦးဆောင်၍ ) လေ့လာချပြအပ်သည်။       (ထုတ်ဖော် သိက္ခာချခြင်း မဟုတ်သော)  ကွင်းဆင်း သုတေသနပြုမှုများ ရှိလာသင့်သည်။ မုစ်လင်မ်တို့၏ ကျန်းမာရေး မဏ္ဍိုင် မပြိုလဲစေရေးအလို့ငှါ မြန်မာမုစ်လင်မ်လူထုအတွင်း အစ္စလာမ့်နည်းကျ ပညာပေး ဟောပြောပွဲများ၊ ဆွေးနွေးမှုများ၊ နှိုးဆော်ချက်များ စသည်ဖြင့် ဆောင်ရွက်သင့်သည်။ မိမိတို့၏ နိုင်ငံအနေအထားနှင့် ကိုက်ညီသင့်လျော်မည့်ပုံစံတို့ကို လက်ကိုင်ပြုသင့်သည် သို့တည်းမဟုတ် စီမံသင့်ပေသည်။ အရာရာတိုင်းကိုမူ အတုယူလို့ မရပါ။ အစ္စလာမ်နိုင်ငံမဟုတ်သော ကြောင့်ဖြစ်သည်။ မြန်မာမုစ်လင်မ် လူ့အဖွဲ့ အစည်းများ၊ အစ္စလာမ်ဘာသာရေးအဖွဲ့များ၊ မုစ်လင်မ်လောကမှ သာရေးနာရေး လူမှုရေးအသင်းများမှ အခန်း ကဏ္ဍခွဲဝေတာဝန်ယူပြီး တစ်တပ်တစ်အား လက်တွဲရှေ့ထွက်လာအပ်ပေသည်။ မိမိတို့၏အသိစိတ်ဓါတ်ဖြင့် ဆိုင်ရာဆိင်ရာမှ အားပေး ဆောင်ရွက်နေသူများကို ပုတ်ခတ်ခြင်း၊သရော်ခြင်း၊ ဘာမှထူးခြားလာမှာမဟုတ်ဘူး ဟူသောစကားဖြင့် ခြေလှမ်းတုန့်အရှိန်တန့်သွားစေခြင်းမျိုး မပြုသင့်ပါ။ မြင်သာထင်ရှားသည့် ရန်သူထက် မမြင်ရသော အန္တရာယ်က ပိုမိုဆိုးဝါးနိုင်သည်ကို သတိတရား လက်ကိုင်ထားနိုင်ပါလျှင် နောင်လာမည့် ကျွန်ုပ် တို့၏ သားစဉ်မြေးဆက်များ အတွက် ရင်အေးနိုင်ဖွယ်ရာ အကြောင်း တစ်ရပ်ဖြစ်ကြောင်း တင်ပြလိုက်ရပါသည်။
    HIV ကုထုံးဆေးဝါးများ ဈေးနှုန်းအလွန်ကြီးမြင့်ပါသည်။ တစ်သက်တာလုံး တစ်ရက်မပြတ် သောက်သုံးရသည်။ မြန်မာနိုင်ငံရှိ အချို့ဒေသ တစ်ခုနှစ်ခုမှလွဲ၍ ရောဂါဝေဒနာသည်များ အားလုံး အခမဲ့ ဆေးဝါး ရရှိနိုင်သည့်အခြေအနေတွင် မရှိသေးပါ။ ရောဂါပိုးရှိသူ မုစ်လင်မ်အများစုက ထိုစားရိတ်စကများအတွက် ငွေကြေး မတတ်စွမ်းနိုင်ကြပါ။ ( ကြွယ်ဝချမ်းသာကြသူများကမူ ပြည်တွင်းရှိ ကျွမ်းကျင်သောဆရာဝန်များထံ ငွေပုံအောကာ တိတ်တဆိတ်ကုသခြင်း၊ နိုင်ငံခြားထွက်ပြီး ဆေးဝါးကုသမှုခံယူခြင်း စသည်ဖြင့် ပြုလုပ်နိုင်ပါ သော်လည်း ) သာမန်အလယ်အလတ်တန်းစားများမှာကား တံတိုင်းပေါင်းများစွာကို ထိုးဖောက်ကျော်လွှားရန် မစွမ်းသာကြပါ။ ကိုယ်ကျင့်တရားကြောင့် ရောဂါရရှိသူများ/ကူးစက်ခံရသူများသက်သက်ကိုသာ ကွက်၍ကြည့်ရှု နေခြင်းထက် အပြစ်မဲ့ကလေးသူငယ်များ၊ ဖြူစင်ပါလျက် ကံခေ သွားရသူများ၏ မျှော်လင့်တကြီး အားကိုးရာမဲ့ မျက်နှာတို့ကို ခေတ္တလေးမျှ မြင်ယောင်ကြည့်စေလိုပါသည်။ သူတို့သည်လည်း လူသားများ ဖြစ်ကြပါသည်။ မိမိတို့၏ ညီနောင်မောင်နှမများ ဖြစ်ကြပါသည်။ လျစ်လျူမည့်အစား စာနာနားလည်မှု၊ နွေးထွေးမှုတို့ဖြင့် မြှင့်တင်ဝန်းရံပေးစေချင်ပါသည်။ လေဘေး ရေဘေး မီးဘေး ငလျင်ဘေး စသည့် တစ်ခဏတာမျှ ကပ်ဘေး သင့်ခံရသူတို့ မည်မျှအထိ ဒုက္ခရောက်ရသည်၊ မည်မျှအထိ အကူအညီလိုအပ်သည်၊ မည်မျှအထိ မျက်နှာငယ် ရသည်ကို ကြားသိတွေ့မြင်နိုင်ကြပေသည်။ သို့ဆိုပါလျှင် တစ်ဘ၀တာလုံး ဘေးသင့်ရသူများအဖို့ ဆိုဖွယ်ရာ ပင်မရှိခြင်းအပေါ် ငဲ့ညှာသနားတတ်သော စက္ခုဖြင့် ထွင်းဖောက်တွေ့မြင်နိုင်ကြပါစေသတည်း။
     ၇။  မုစ်လင်မ်  PLHIV  များအတွက် အကြံပြုလမ်းညွှန်ချက်အချို့
    ( လုံးဝပြည့်စုံလုံလောက်သည့် လမ်းညွှန်ချက်များ မဟုတ်သေးပါ။ အတိုင်းအတာတစ်ရပ်အထိ အထောက်အကူဖြစ်ထွန်းရေးအတွက် ရည်ရွယ်ပါသည်။ အမှန်တကယ်ဖြစ်တည်နေသည့် အခြေအနေများ၊ ရင်ဖွင့်ချက်များ၊ ကူညီမှုများ၊ လေ့လာမှုများမှ စွမ်းသမျှလေးဖြင့် ကောက်နှုတ်တင်ပြပေးခြင်းသာ ဖြစ်ပါကြောင်း၊ လူတတ်ကြီးလုပ်ခြင်း မဟုတ်ရပါကြောင်း အများသိစေအပ်ပါသည် )
    ၇-၁ ။   ခန္ဓာကိုယ် နှင့် လိင်အင်္ဂါများ၌ အနာများဖြစ်လာလျှင်သော်လည်းကောင်း၊ ပါးစပ်တွင်း၌ မက်ခရု ဖြစ်လာ                       လျှင်သော်လည်းကောင်း၊ မကြာခဏ အဖျားဝင်၍ အချိန်တိုအတွင်း ကိုယ်အလေးချိန် သိသာစွာကျဆင်းသွား လျှင်သော်လည်းကောင်း၊ မိမိ၏ဖြစ်ရပ်တစ်ခုခုကြောင့် သံသယ၀င်လျှင်သော်လည်းကောင်း နီးစပ်ရာ ကာလသားရောဂါတိုက်ဖျက်ရေး ဌာနများသို့ သွားရောက်ပြသပြီး HIV ပိုးရှိမရှိ သွေးစစ်ကြည့်ပါ။ ( ကာလသား နှင့် HIV  တိုက်ဖျက်ရေးစီမံချက်မှာ ပူးတွဲထားရှိသည် )။ စာရင်းသွင်းခြင်းမှအပ အခမဲ့ စစ်ဆေးပေးပါသည်။ သွေးအဖြေကို အမည်နာမဖြင့်မသုံးဘဲ Code Number များဖြင့်သာသတ်မှတ်သဖြင့် သတင်းမပေါက်ကြားပါ။ နေရာအများစုတွင် သွေးမစစ်မှီ HIV နှင့်စပ်လျဉ်း၍ တင်ကြိုနှစ်သိမ့်ဆွေးနွေးမှု – Pre Test Counselling ပြုလုပ်ပေးပါသည်။ သွေး၏အဖြေမှာ HIV ပိုးမရှိ – Negative  ဟုဆိုပါက တင်ကြိုလမ်းညွှန်ဆွေးနွေးချက် အတိုင်း မိမိထံ HIV  ပိုး ထာဝရကူးစက်မခံရရေးအတွက် အသိ၊ သတိဖြင့် ဆင်ခြင်နေထိုင်သွားပါ။ ၆ လအကြာ တွင် နောက်တစ်ကြိမ်ပြန်စစ်ပါ။ လတ်တစ်လောကူးစက်ခံရသူမှာ ပိုးငုပ်ကာလ – Window Period  ရှိနေသဖြင့် ၄င်းကာလအတွင်း၌ စစ်ဆေးလျှင်  အဖြေမှန်မထွက်နိုင်ခြင်းကြောင့်ဖြစ်သည်။
    ၇-၂ ။   သွေး၏အဖြေမှာ Positive – HIV ပိုးရှိသည်ဟုဆိုပါက တစ်ဖက်စွန်းရောက်အောင် စိတ်ဓါတ်ကျခြင်း၊ တုန်လှုပ်ပေါက်ကွဲခြင်း၊ စိတ်လျှော့လိုက်ခြင်း မဖြစ်ပါနှင့်။ အခိုက်အတန့်မျှ ၀မ်းနည်းအားငယ်မှု ဖြစ်ကောင်း ဖြစ်သွားနိုင်ပါသည်။ သို့သော် မုစ်လင်မ်ပီသစွာ စိတ်ထိန်း၍ တည်ငြိမ်အောင်ကြိုးစားပါ။ နောက်တစ်ကြိမ် နှစ်သိမ့်ဆွေးနွေးမှု Post Test Councelling ပြုလုပ်ပေးပါလိမ့်မည်။ ၄င်းဒုတိယအကြိမ်၌ အသေးစိတ်ဆွေးနွေး ရှင်းလင်းပေးပါလိမ့်မည်။ ယင်းသို့ဆွေးနွေးလမ်းကြောင်းပေးသည့် ဆရာဝန်များ၊ Counsellor များသည် လူနာ၏ ကိုယ်ရေးကိုယ်တာအတွင်းရေး Confidentiality အား ထုတ်ဖော်ခွင့်မရှိသဖြင့် မိမိသိလိုသမျှ ပွင့်လင်း စွာ မေးမြန်းဆွေးနွေးနိုင်ပါသည်။ မိမိသာလျှင် ကွက်၍ ကံဆိုးရသည်ဟု မခံယူပါနှင့်။ များမကြာမီ မိမိနှင့်ဘ၀တူ အများအပြားကို တွေ့ရပါလိမ့်မည်။ မိမိ၏ သပ်က်ဒီရ်အရ ကြုံရခြင်းဖြစ်သည်၊ ယင်းကိစ္စ၌ မိမိအဖို့ ကောင်းကျိုး တစ်စုံတစ်ရာရှိနေတတ်သည်ဟု နှလုံးပိုက်ပါ။ အနိမ့်ဆုံးအားဖြင့် စောစောသိရခြင်းက အချိန်လွန်မှသိရှိခြင်း ထက် များစွာသာလွန်ကောင်းမွန်ပါသည်။ အနာသိက ဆေးရှိပါသည်။ ထိုဆွေးနွေးမှုမှတစ်ဆင့် ဆေးဝါးကုသမှု ခံယူရေး၊ ဆေးဝါးရရှိရေးလမ်းကြောင်းသို့ဝင်ရောက်လိုက်ပါ။ ညွှ့န်ကြားအကြံပြုသည်များအပေါ် ကရုတစိုက် လိုက်နာပါ။ ချမ်းသာကြွယ်ဝသူ နှင့် တတ်စွမ်းနိုင်သူအများစုမှာ သွေးအဖြေသိပြီးသည်နှင့် ( လူသိများမည်ကို စိုးရွံ့ပြီး ) ပြင်ပဆရာဝန်များ၊ အထူးကုများထံ တိတ်တဆိတ်ပြသ ကုသလေ့ရှိကြသည်။ ယင်းသို့ဆောင်ရွက်လို သူများအနေနှင့် မိမိပြသမည့်ဆရာဝန်မှာ HIV – AIDS လောက၌ ကျင်လည်နေသူ၊ ကျင်လည်နှံ့စပ်ခဲ့ဖူးသူ ဟုတ်မဟုတ် ဦးစွာ စုံစမ်းသင့်ပေသည်။ ဆရာဝန်တိုင်း ဤအရေးကိစ္စ၌ နိုင်နင်းသည်ဟု မထင်လေနှင့်။ ( ငွေ ဒလဟောကုန်ပြီး အသေစောသွားနိုင်ပါသည် )။
    ၇-၃ ။   မိမိသည် လူပျိုလူလွတ်ဖြစ်ပါက မိမိမှတစ်ဆင့် အခြားသူထံ မကူးစက်သွားစေဖို့ ကရုစိုက်ထိန်းသိမ်းပါ။ ကိုယ်ကျင့်တရားကြောင့်ဖြစ်ရမှန်း သိပါလျှင် မိမိကိုယ်ကို ပြုပြင်ပါ။ သောင်ဗဟ်ပြုပါ။ နောက်ထပ် မမှားအောင် ကရုစိုက်ပါ။ အိမ်ထောင်သည်ဖြစ်ပါက – မိသားစုရှိပါက ဇနီး၊ ခင်ပွန်း၊ သားသမီးများကိုပါ သွေးစစ်စေသင့်၏။ ရေရှည်ကောင်းကျိုးအတွက် ဖြစ်ပါသည်။ ရောဂါပိုး ကင်းလွတ်သူများအတွက် စိတ်အေးသက်သာရရနိုင်ပြီး၊ ပိုးရှိ နေသူများအတွက် အနာဂတ်လမ်းကြောင်းကို စီမံပေးနိုင်ရန်ဖြစ်သည်။ မိမိ၏မိသားစုဝင်များကို သွယ်ဝိုက်၍ လည်းကောင်း၊ တဖြည်းဖြည်းနားသွင်း၍လည်းကောင်း နားလည်မှုရအောင် ကြိုးစားစေချင်သည်။ သို့မှသာ အရေးကြုံလျှင် ၀ိုင်းဝန်းစောင့်ရှောက်ပြုစုပေးနိုင်ပါလိမ့်မည်။
    ၇-၄ ။   မိမိတို့၏အခြေအနေများကို မည်မျှပညာတတ်သူဖြစ်စေ၊ မည်မျှ ခင်မင်ရင်းနှီးသူဖြစ်စေ၊ မည်မျှ ဘာသာရေးကိုင်းရှိုင်းသူဖြစ်စ ဤလောကထဲကလူ သို့မဟုတ် ဘ၀တူများ မဟုတ်လျှင် ဖွင့်ဟတိုင်ပင်ခြင်း အလျဉ်း မပြုလုပ်ပါနှင့်။ ကျွန်ုပ်တို့၏ မြန်မာမုစ်လင်မ်လူ့အဖွဲ့အစည်းများအတွင်း HIV – AIDS ဆိုင်ရာ ဗဟုသုတများ အလွန်အားနည်းနေသေး၍ မိမိသာလျှင် တစ်စစနှင့် ဒုက္ခနွံထဲ နစ်သွားနိုင်ပါသည်။ မိမိအပေါ် နားလည်ပေးသူကို လိုက်ရှာနေခြင်းထက် မိမိ၏ကျန်းမာရေးပုံမှန်အခြေအနေ၌ ရှိနေစေရန်ကိုသာ ကရုစိုက်ပါ။ လက်တွေ့လေ့လာမှုများအရ စိတ်ဓါတ်ကျလျှင် ရောဂါနှစ်ဆတိုးလာတတ်ပါသည်။ HIV သည် AIDS ရောဂါကို ဖြစ်စေသော်လည်း HIV  ပိုးရှိယုံမျှနှင့်( အလျဉ်မီ ထိန်းသိမ်းကုသပါက ) AIDS  ရောဂါအဆင့်သို့ မရောက်နိုင် ပါ။ သူလိုကိုယ်လို သာမန်လူများအတိုင်း သွားလာနေထိုင်ပြောဆိုနိုင်ပါသည်။ အလ္လာဟ်အရှင်မြတ်သည် လူသားတို့အပေါ် သပ်က်ဒီရ်အား သတ်မှတ်တော်မူထားသလို ၊ အသိဥာဏ်နှင့်တစ်ကွ ဆင်ခြင်တုံတရားကို လည်း အပ်နှင်းပေးသနားတော်မူထားကြောင်း မမေ့လျော့ပါနှင့်။
    ၇-၅ ။   ခန္ဓာကိုယ်တွင်းရှိ HIV  ပိုးများ ဆက်လက်ပြန့်ပွားကြီးထွားမလာအောင်ထိန်းချုပ်ပေးသော ART  ဆေးဝါးမျိုးစုံကို ပြင်ပ၌လည်း ၀ယ်ယူရရှိနိုင်ပါသည်။ သို့သော် ဝေဒနာရှင်၏အနေအထားအရ ဆေးအမျိုး အစားကွဲလွဲမှု၊ ဆေးပြောင်းရမှု၊ ဆေးစပ်ပေးရမှုများ မကျွမ်းကျင်သောသမားတော်တို့၏ ညွှန်ကြားချက်အရ ဖြစ်စေ၊ ဖတ်ရှုလေ့လာယုံအသိပညာအရဖြစ်စေ လက်တည့်စမ်းသောက်သုံးခြင်းမျိုးကို ရှေုာင်ကြဉ်စေလို ပါသည်။  ဆေးဝါးများတွင် သက်ဆိုင်ရာ ဘေးထွက်ဆိုးကျိုးများ ရှိနေတတ်ခြင်းကို သတိပြုပါ။ ထို့ကြောင့် စံနစ် တကျစစ်ဆေးစမ်းသပ်ပြီးမှသာ ဆေးဝါးသတ်မှတ်ပေးသည့် တရားဝင်ကုသမှုလမ်းကြောင်းက ပိုမိုစိတ်ချရ၏။ ကျွန်ုပ်၏ ကွင်းဆင်းသုတေသနပြုချက်များအရ ယင်းသို့စံနစ်တကျကုသမှုခံယူပြီး ကရုတစိုက် ART သောက်သုံးနေရသူများအနက် အချိန်မှီသိရှိသည့်အချိန်မှစ၍ ဆယ်နှစ်အထိရှိလာသည့်တိုင် ( ယခုချိန်ထိ ) သာမန်လူများထက်ပင် ကျန်းမာရေးဒေါင်ဒေါင်မြည်နေသောလူများစွာကို လက်တွေ့မြင်ရပါသည်။ ယနေ့ထိ မြန်မာနိုင်ငံသို့ဝင်ရောက်နေသော ART  ဆေးဝါးအများစုမှာ ( ၀ယ်ယူခြင်းဖြစ်စေ၊ အခမဲ့ရရှိခြင်းဖြစ်စေ ) အဆင်းရဲဆုံးနိုင်ငံအချို့တွင်သာ အသုံးပြုတော့သည့် ရှေးဦးဆေးဝါးများသာ ဖြစ်နေပါသေးသည်။ ဤအဆင့် မှာပင် ဤသို့အခြေအနေကို အားတက်စဖွယ် တွေ့ရပေသည်။ တိုးတက်ဖွံ့ဖြိုးသောနိုင်ငံများတွင်ကား ဤ အဆင့်ထက်များစွာ အာနိသင်ထက်မြက်သော ဆေးဝါးများအသုံးပြုနေသည်သာမက ကာကွယ်ဆေး ထုတ်လုပ်မှုပင် အောင်မြင်နေပါပြီ။
    ၇-၆ ။   ယနေ့ ကျွန်ုပ်တို့ထံရှိ ART ဆေးဝါး( အားလုံးနီးပါး )မှာ ပိုးထိန်းချုပ်မှု ၁၂ နာရီသာခံပါသည်။ ထို့ကြောင့် နေ့စဉ် တစ်ရက်နှစ်ကြိမ် အချိန်အတိအကျဖြင့် တစ်သက်တာလုံး သောက်ရပေသည် ( ဥပမာ – နံနက် ၆ နာရီတိတိတွင် တစ်ကြိမ်သောက်ပါက ညနေ ၆ နာရီတိတိတွင် နောက်ထပ်တစ်ကြိမ် မဖြစ်မနေ ထပ်မံ သောက်ရသည် )။ ရက်ပျက်ခြင်း၊ အချိန်မမှန်ခြင်းဖြစ်လျှင် ရောဂါအဆင့်တက်လာတတ်သဖြင့် အထူးသတိထား ရ၏။  **   သာမန်အခြေခံအဆင့်ဆေးဝါးများမှာ ( လက်ရှိဈေးနှုန်းအရ ) တစ်လစာကို ကျပ်ငွေတစ်သိန်းမှ တစ်သိန်းခွဲဝန်းကျင်၊ ဒုတိယအဆင့်ဆေးဝါးများမှာ တစ်လစာ ကျပ်သုံးသိန်းခွဲအထိရှိနေကြောင်းသိရ၏  **   သို့ဖြစ်လေရာ မုစ်လင်မ် PLHIV  တို့အတွက် ရိုဇာ (ဆွောင်မ်) – ဥပုသ်သီလစောင့်ထိန်းခြင်းကို လက်လွှတ် လိုက်ရသည့် အခြေအနေ၌ ရှိပါသည်။ ၀မ်းနည်းစရာကိစ္စဖြစ်သော်ငြား အခြားအိဗာဒဟ်များကို ဆထက်ထမ်းပိုး လုပ်နိုင်ပါသေးသည်။ ထိုသို့ပြုလုပ်နိုင်ခွင့်ကိုလည်း အလ္လာဟ်အရှင်မြတ်မှ အစားထိုးချီးမြှင့်တော်မူလိမ့်မည်ဟု ယုံကြည်မှုထားပါ။ အရှင်မြတ်သည် လူသားကိုဖန်ဆင်းသည့်အရှင်သခင်ဖြစ်တော်မူသည်နှင့်အညီ လူသား၏ အရေးအရာများကို လူသားအချင်းချင်းထက် ပို၍သိနားလည်တော်မူပါသည်။ မိမိတို့အနေနှင့် လုပ်သင့် လုပ်ထိုက်သည်ကိုပြုလုပ်ပြီးသကာလ အလ္လာဟ့်ထံ၌သာ မျှော်လင့်အားကိုးပုံအပ်လိုက်ပါလေ။ သို့သော် မုစ်လင်မ့်သိက္ခာကို စောင့်စည်းသောအားဖြင့် အခြားသူများရှေ့မှောက်တွင် စားသောက်ပြခြင်း မပြုပါနှင့်။ မျှော်လင့်ချက်လည်း မကင်းပါနှင့်။ ယခုအခါ ၂၄ နာရီအထိခံသော ( တစ်ရက်လျှင် တစ်ကြိမ်သာ သောက်ရသော) ဆေးဝါးများလည်း နိုင်ငံတကာဈေးကွက်တွင်ရရှိနေပြီဖြစ်ရာ အင်န်ရှာအလ္လာဟ် များမကြာမီ မြန်မာနိုင်ငံသို့ရောက်လာပါက မုစ်လင်မ် PLHIV  များအဖို့ ညဥ့်ကာလ၌ တစ်ကြိမ်သာသောက်ယုံမျှဖြင့် ရိုဇဟ် စောင့်ထိန်းမှုကို ပြန်လည်ပြုလုပ်နိုင်မည့်အလားအလာရှိနေပါသည်။ ဒုက္ခသည်များ၊ ဝေဒနာသည်များ၏ဒုအာအ် ကို အလ္လာဟ်အရှင်မြတ်မှ သီးသန့် ကဗူလ် ပြုတော်မူကြောင်း အသိတရားထားရှိ၍ မပြတ်ဆုပန်ပါလေ။ အလ္လာဟ်အရှင်မြတ်၏စီမံမှုအပေါ် လူသားတို့မှ ဥာဏ်မမှီနိုင်ပါ။ မိမိတို့ဘ၀၀ယ် ထူးခြားဖြစ်စဉ်မှန်သမျှ အလ္လာဟ့်စမ်းသပ်ချက်များဖြစ်လေရာ ဆွဗရ် – ကြံ့ခိုင်မှု အားကောင်းပါစေ။ ဆွဗရ်တရားထားရှိသူတိုင်းကို အလ္လာဟ်အရှင်မြတ်က ချစ်ခင်မြတ်နိုးတော်မူသည်ဟု ကျမ်းမြတ်ကုရ်အာန်တွင် ထင်ထင်ရှားရှား တွေ့ရပါမည်။
    ၇-၇ ။   မုစ်လင်မ် PLHIV  များမှာ အလုပ်အကိုင်၊ စိတ်ခံစားချက်တို့နှင့်စပ်လျဉ်း၍ သတိထားရပါမည်။ မကြာ ခဏ ခရီးထွက်ရခြင်း၊ အအိပ်အစားမမှန်ခြင်း၊ စိတ်ဖိစီးမှုများပြားခြင်းရှိနေသော လုပ်ငန်းများကို မိမိအခြေအနေ နှင့် လျော်ညီစွာ ပြုပြင်ပြောင်းလဲအပ်သည်။ အချို့သူများမှာ သက်မွေးဝမ်းကျောင်းကိုပင် ပြောင်းလဲရသည်မျိုး ရှိပါသည် ( ၀င်ငွေကောင်းခြင်းတစ်ခုတည်းသာ ကြည့်မြင်ပါက သိသိကြီးနှင့် မိမိကိုယ်ကို သတ်သေရာရောက် စေပါသည်။ ပညာရှင်တစ်ချို့မှ ကွမ်း၊ ဆေးလိပ် ကိုပင်လျှင် ကြောက်ခမန်းလိလိပုံကြီးချဲ့နေကြရာ ကိုယ်တွင်း အင်အားဆုတ်ယုတ်သည်ထက်ဆုတ်ယုတ်သွားစေမည့် အလုပ်အကိုင်ဖြစ်နေပါလျှင် ပိုမိုဆင်ခြင်တတ်ရမည် ဖြစ်ပါ၏ )။ မိမိ၏စိတ်ခံစားချက်ကိုပြင်းထန်စေမည့် – မိမိကို ခွဲခြားဆက်ဆံဒုက္ခရောက်စေသည့်ကိစ္စများ၊ လူစား များ၊ အသိုင်းအ၀ိုင်းများအား တတ်နိုင်သလောက် ရှောင်ပါ ( အဆက်ဖြတ်ခိုင်းခြင်း မဟုတ်ပါ )။ ရှောင်မရပါက လိုအပ်သလောက်သာ သွားလာပြောဆိုဆက်ဆံသင့်သည်။ အစ္စလာမ့်လူမှုဆက်ဆံရေး၌ သူတစ်ပါး၏ အတွင်းရေးအထိ ၀င်ရောက်စွက်ဖက်ခွင့်မရှိကြောင်း ထိရောက်ပြတ်သားစွာ ဟောပြောပို့ချသူများ ကျွန်ုပ်တို့ ထံတွင် အလွန်နည်းပါးလှသည်ကလည်း ပြဿနာတစ်ခုဖြစ်ပါသည် ( လူမုန်းများက စားပေါက်ပိတ်မည်ကို စိုးကြောက်၍လား မပြောတတ်ပါလေ )။ မည်သို့ဆိုစေ မိမိကိုယ်တိုင်က နေတတ်စားတတ်ရန် စိတ်ထားတတ် ရန် အရေးကြီးပါသည်။
    ၇-၈ ။   မိမိဖာသာ သိမ်ငယ်စိတ်ကို မမွေးမြူပါနှင့်။ ယင်းသိမ်ငယ်စိတ်ကြောင့် ယုန်ထင်ကြောင်ထင်ဖြစ်ကာ လူမှုဆက်ဆံရေး ထိခိုက်လာတတ်ပါသည်။ မိမိနှင့်ဆက်ဆံ ပတ်သက်ရသူတိုင်းမှာ မိမိအကြောင်း နှင့် HIV  အကြောင်းကို မသိရှိနိုင်သဖြင့် ၄င်းတို့၏ သာမန်စကားနှင့်အပြုအမူအချို့က မိမိအားစော်ကားခြင်း၊ ချိုးနှိမ်ခြင်း၊ မတန်မရာသဘောထားခြင်း ဟူ၍ ( သိမ်ငယ်စိတ်ကြောင့် ) အမြင်မှားပြီး စိတ်ထိခိုက်သွားစေ တတ်ပါသည်။ ဘယ်ကိစ္စမှာမဆို အရှိအတိုင်း သိမြင်တတ်အောင် ကြိုးစားပါ။ သာမန်လူမှုဆက်ဆံရေး အခြေအနေများဖြစ်သော လက်ဆွဲနှုတ်ဆက်ခြင်း၊ ပွေ့ဖက်နမ်းရှုပ်ခြင်း၊ အတူတစ်ကွသွားလာနေထိုင် စားသောက်ခြင်း၊ ( သွေးထွက်သံယို မဖြစ်စေသော ) အသုံးအဆောင်များ ဖလှယ်သုံးစွဲခြင်း စသည်တို့ဖြင့်  HIV  မကူးစက်နိုင်ပါ။ သူတစ်ပါး၏အတွင်းရေးကို လိုက်လံနှိုက်ယူဒုက္ခပေးလေ့ရှိသော မုနာဖစ်က်များ၊ မိမိ အကြောင်းကို တစ်နည်းနည်းဖြင့် သိရှိသွားသူများနှင့် လူထုပရိသတ်ကြား၌ တွေ့ဆုံဆက်ဆံရသည့်အခါတွင် ဟန်မပျက်သာ ပြောဆိုဆက်ဆံပါ။ လူယုတ်မာတို့၏ မျက်ရိပ် မျက်ခြေပြခြင်း၊ စောင်းချိတ်ခြင်းတို့အပေါ် အလေးမထားပါနှင့်။ မလုံမလဲ ဖြစ်ခြင်းက ၄င်းတို့၏အောက်တန်းကျသည့်အပြုအမူများကို မိမိကိုယ်တိုင်မှ အတည်ပြုပေးသလို ဖြစ်သွားစေတတ်ပါသည်။ အကယ်၍ တစ်နည်းနည်းဖြင့် တမင်သက်သက်လူသိရှင်ကြား ပြောဆိုဖော်ထ်ုပုတ်ခတ်ပြီး သိက္ခာချလာပါက ယှရီအသ်တရားတော်အရလည်းကောင်း၊ နိုင်ငံတော်၏ ဥပဒေကြောင်းအရလည်းကောင်း တိတိပပ တရားစွဲဆိုအရေးယူနိုင်ပါသည်။ လူ့အသိုင်းအ၀ိုင်းအားလုံး သိရှိသွားရသည့်အတွက်  မိမိထံ ထိခိုက် နစ်နာမှုများ ဆက်တိုက်ကြုံတွေ့ရတော့မည့်အတူတူ ထိုသို့သော မုနာဖစ်က်များကို ထိရောက်အောင် အရေးယူသင့်ပေသည်။ သို့မှသာ အခြား အပြစ်မဲ့ PLHIV  များအပေါ် အကြောင်းမဲ့စော်ကားတိုက်ခိုက်နေမှုများ လျော့နည်းပပျောက်သွားမည်ဖြစ်သည်။ ၄င်းပြင် အမှန်တကယ် အသိတရားပြည့်ဝသူ၊ စာနာနားလည် ဖေးမတတ်သူများ ရဲရဲဝံ့ဝံ့ထွက်ပေါ်လာမည်ဖြစ်သည်။ မြှောက်ပေးခြင်း မဟုတ်ပါ။ ကုရ်အာန် နှင့် ဟဒီးဆ် (စွန္နဟ်)၌ ရှိနှင့်ထားပြီးသော ( ထိမ်ချန်ဖုံးကွယ်ခံရသည့် ) လူ့အခွင့်အရေးတစ်ရပ်အား ဖော်ပြပေးခြင်းဖြစ်ပါသည်။  HIV  ပိုးကူးစက်ခံထားရသူများမှာ ကုလသမဂ္ဂ ၀န်ထမ်းများ၊ တိုင်းကျိုးပြည်ပြုပုဂ္ဂိုလ်များ၊ အပြည်ပြည်ဆိုင်ရာအရေးကို ဆောင်ရွက်နေသူများ၊ နိုင်ငံရေး/ စီးပွားရေး/ဘာသာရေးနယ်ပယ်၌ ထွန်းပေါက်ထင်ရှားသူများ စသည်ဖြင့် ကမ္ဘာ တစ်ဝှန်း ဒုနှင့်ဒေး ရှိနေကြပါသည်။ ထို့ကြောင့် အသင့်အနေဖြင့် သိမ်ငယ်စိတ်ကို မွေးမြူပိုက်ထွေးထားရန် မည်သည့် အကြောင်းရှိဘိနည်း ?  အသိအမြင်ကျဉ်းမြောင်းက ဘ၀လမ်းကြောင်းကျဉ်းမြောင်းသွားမည်ကို အသိအမြင် ရှိတတ်ပါစေ။
    ၇-၉ ။   အဆင့်အတန်း ဟူသည် စိတ်ဓါတ်နှင့်သာ အဓိက သက်ဆိုင်ပါသည်။ မည်သည့်အပေါ်ယံ အပြင်ပန်း သဏ္ဍာန်နှင့်မျှ ဆုံးဖြတ်သတ်မှတ်စရာ မဟုတ်ပါ ( ကြည့် – ကုရ်အာန် ၆၃း၎ )။ အချို့နေရာဒေသများတွင် AIDS  ရောဂါနှင့်ဖြစ်စေ၊ အခြားအကြောင်းကြောင့်ဖြစ်စေ သေဆုံးကွယ်လွန်ရသော မုစ်လင်မ် PLHIV  ၏ မိုင်ယဒ်များကို ကောင်းမွန် ကျနစွာ ရေချိုးသန့်စင်မှု မပြုခြင်း၊ ဂျနာဇဟ် ဆွလာသ် ၀တ်မပြုပေးခြင်း၊ ပို့ဆောင် မြှုပ်နှံရာတွင် စေတနာမထားရှိကြခြင်း၊ ကျန်ရစ်သူမိသားစုတို့အပေါ်လည်း အထင်သေးခြင်း တို့ကို တွေ့ရ ပေသည်။ ထိုမြင်ကွင်း ထိုသတင်းများကြောင့် PLHIV  အများစုမှာ ရတက်မအေး ဖြစ်ရလေ့ရှိသည်။ သောက မပွားလေနှင့်။ လူတိုင်း အကြောင်းခံ တစ်ခုခုဖြင့် သေဆုံးကြရမည် ချည်းဖြစ်၏။ နောက်ဆုံးခရီး၌ မည်မျှပင် လှပကြီးကျယ်ခမ်းနားစည်ကားသည်ဖြစ်စေကာမူ အလ္လာဟ်အရှင်မြတ်မှ မနှစ်မြို့သူဖြစ်လျှင် ကိုယ်ကျိုးနည်း လေပြီ။ ထို့ကြောင့် အသက်ရှင်သန်နေချိန်အတွင်း အလ္လာဟ့်နှစ်မြို့သူဖြစ်အောင်သာ မိမိကိုမိမိ အလေးထား ရာ၏။ မကောင်းသောလုပ်ရပ်ပြုကျင့်သူသည် ထိုလုပ်ရပ်၏ဆိုးကျိုးကို ခံစားရမည်ဖြစ်ပြီး၊ ကောင်းကျိုးပြုသူ သည် ကောင်းမှု၏အကျိုးကို မုချစံစားရမည်သာ ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံး၏ ပန်းတိုင်အစစ်မှာ နောင် တမလွန် အာခိရသ်ဘ၀သာဖြစ်ကို မမေ့လျော့ပါလေနှင့်။
    ၇-၁၀ ။   HIV  ပိုးရှိသူ အိမ်ထောင်သည်များကို ကလေးမယူရန်၊ သားကြောဖြတ်တောက်ရန်၊ PLHIV  လင်မယား အချင်းချင်းဖြစ်သော်ငြား Condom – ကွန်ဒုံးသုံး၍သာ ဖိုမဆက်ဆံကြရန် တိုက်တွန်းခံရလေ့ရှိ၏။  ဤနေရာ၌ မလွဲမရှောင်သာ တင်ပြရမည့်ကိစ္စများ ပေါ်လာပါသည်။
    (က) ကွန်ဒုံးကိစ္စ – ဘာသာရေးပညာရှင်တို့မှ လွန်စွာအကဲပိုခြင်းများရှိခဲ့သော ကိစ္စဖြစ်သည်။ အကြင် လင်မယားဟူသည် ဖိုမဆက်ဆံမှု မကင်းလွတ်နိုင်ပါ။ အကြင်လင်မယားဖြစ်နေသည့်တိုင် တစ်ဦးက ပိုးရှိပြီး နောက်တစ်ဦးက HIV  ပိုးကူးစက်မလာသည့် ရှားပါးထူးခြားဖြစ်ရပ်အချို့ တွေ့မြင်ကြုံကြိုက်ဖူးပါသည်။ သို့သော် ရေရှည်တွင် မကူးစက်နိုင်ပါဟု မည်သည့်ပညာရှင်မှ အာမမခံနိုင်ကြပါ။ တဖန် ဇနီးခင်ပွန်း ၂ ဦးလုံး ၌ ရှိနေလျှင်လည်း ( တစ်ဦးနှင့်တစ်ဦး ကိုယ်ခံစွမ်းရည် မတူညီသောကြောင့် ) ဆက်လက်ပြီး အကာ အကွယ်မဲ့ ဆက်ဆံနေပါက ပိုးထိန်းဆေးသောက်နေလင့်ကစား ခန္ဓာကိုယ်၏ပင်ကိုယ်ခုခံအား CD4  ကျဆင်း ပြီး ရောဂါအဆင့် တိုးလာတတ်သည်။ ကြိုတင်ကာကွယ်ပြင်ဆင်ခြင်းသည် စွန္နသ်တော် ဖြစ်ပါ၏။ Prevention is better than cure  ဟူသည့်အဆိုလည်း ရှိသည်။ ထို့ကြောင့် အန္တရာယ်ကြိုတင်ကာကွယ် ရေးအတွက် လင်မယားအကြား ကွန်ဒုံးအသုံးပြုခြင်းမှာ မည်သို့ အပြစ်ရှိနိုင်ပါသနည်း ?  သန္ဓေသားဗေဒ နှင့် ဆေးသိပ္ပံပညာကို ကျနစွာလေ့လာထားသည့် ကမ္ဘာ့အစ္စလာမ့်ပညာရှင်များစွာကလည်း – ကိုယ်ဝန်ဆောင် မိခင်သည် မီးဖွားခြင်းဖြင့် အသက်အန္တရာယ်ရှိနိုင်ကြောင်း စိုးရိမ်ရလျှင် သန္ဓေသားဖျက်ချခွင့်ရှိကြောင်း၊ အကြောင်းသော် သန္ဓေသားထံ၌ ဘ၀ဟူ၍မရှိသေးဘဲ မိခင်ဖြစ်သူထံ၌ လူ့လောကတာဝန်၊ သာသနာ့ တာဝန်၊ ဘ၀ နှင့် ပတ်ဝန်းကျင်အသိုင်းအ၀ိုင်း ရှိနှင့်ပြီးဖြစ်သောကြောင့်ဟူ၍ ဓမ္မသတ်ဖြတ်ထုံး ပေးထားကြ၏၊ သက်ဝင်လှုပ်ရှားလာသည့် သန္ဓေသားကိုပင်လျှင် ခိုင်လုံသောအကြောင်းရင်းရှိပါက မလွဲမရှောင်သာ ဖျက်ခွင့် ရှိနေသည်။ ဤကိစ္စတွင်လည်း ကိုယ်ဝန်ရလာလျှင် မိခင်မှကလေးသို့ ကူးစက်သွားနိုင်သဖြင့် ကွန်ဒုံးအား အသုံးပြုစေခြင်းဖြစ်သည်။ သို့မဟုတ်ပါက လောကသို့ရောက်ရှိလာမည့် အပြစ်မဲ့ကလေးငယ်ထံ ရောဂါပိုး ကြိုတင်သွတ်သွင်းပေးလိုက်သည့်နှယ် ဖြစ်နေပေသည်။ ထို့ကြောင့် အိမ်ထောင်သည်တို့၏ အကြောင်း ကြောင်းကြောင့် ကွန်ဒုံးသုံးနေခြင်းအပေါ် အရမ်းကာရော မရှုတ်ချအပ်ပါချေ။  ( ရှေးအခါကာလက ရေဒီယို နားထောင်ခြင်းပင်လျှင် ဂျဟန္နမ် ရောက်မည်ဟူသော အသိမဲ့ဟောပြောချက်များကို ပြန်ပြောင်း အမှတ်ရစေ လိုပါသည် )။
    (ခ)  ပဋိသန္ဓေတားဆေး သောက်ခြင်း၊ ထိုးခြင်း၊ သားကြောဖြတ်တောက်ခြင်း ကိစ္စ –  ရံဖန်ရံခါ ကွန်ဒုံးများ သည်လည်း ရာနှုန်းပြည့်စိတ်ချရသည်မဟုတ်။ သို့အတွက် ဆရာဝန်များ၊ သမားတော်များက – ကလေးရနိုင် သည့်အရွယ်ဖြစ်ပြီး သားကြောလည်း မဖြတ်ရသေးပါက ပဋိသန္ဓေတားဆေး၊ ထိုးဆေးကိုပါ တွဲသုံးရန် လမ်းညွှန်လေ့ရှိ၏။ အကယ်၍ ဇနီးရောခင်ပွန်းပါ  CD4  ၃၅၀ အောက်သို့ နိမ့်ဆင်း၍ ART  သောက်နေရပြီ ဆိုလျှင် မိခင်မှ ကလေးသို့ ကူးစက်သွားရန်သေချာသလောက်ဖြစ်နေသောကြောင့် မဖြစ်မနေ သားကြော ဖြတ်တောက်ခိုင်းတတ်ပါသည်။ ( CD4  ၃၅၀ အထက်ရှိနေသေးလျှင် ART  သောက်ရန် မလိုအပ်သေး ကြောင်း၊ မတော်တဆ ကိုယ်ဝန်ရသွားလျှင်လည်း ကလေးထံကူးစက်နိုင်ခြေ ၅၀ % သာရှိကြောင်း သိရ၏ )။ ဤကိစ္စသည် ဖြစ်တည်ပြီးသော အသက်တစ်ချောင်းကို ဆုံးရှုံးစေခြင်း မဟုတ်သဖြင့် အထက်ဖော်ပြပါ အကြောင်းရပ်တို့ကြောင့် ဟရာမ်ဟု တရားသေသတ်မှတ်လို့ မဖြစ်နိုင်ပါ။ တဖန် သားကြော ဖြတ်ခြင်းကိုလည်း အဓမ္မဆောင်ရွက်နိုင်သည် မဟုတ်၊ ကာယကံရှင်တို့၏ သဘောတူချက်ရှိမှသာ ပြုလုပ်ခွင့် ရှိပေသည်။ မည်သို့ပင်ဖြစ်စေ အခန့်မသင့်ဘဲ ကိုယ်ဝန်ရသွားပါလျှင် နီးစပ်ရာ ဒေသန္တရကျန်းမာရေးဌာန များသို့သွားကာ ပွင့်လင်းစွာပြောပြပြီး ကိုယ်ဝန်အပ်စေလိုသည်။ ယခုအခါ PMCT  – Prevention of Mother to Child Transmission  စီမံချက်ရှိနေပြီဖြစ်သည်။ ( ချုပ်၍ဆိုရလျှင် ) ညွှန်ကြားချက်အတိုင်း တိတိ ကျကျ လိုက်နာကျင့်သုံးပါသော် မွေးကင်းစကလေးသူငယ်ထံ HIV  ပိုးကူးစက်မှု ၂ % သာရှိပြီး ၉၈ % ကင်း လွတ်သည်ကို လေ့လာချက်ရလဒ်များက ဖော်ပြနေသည်။ တစ်ခုတော့ သတိချပ်ရပါမည်။ ဆေးရုံတက်၍ ခွဲစိပ်မွေးဖွားရပြီး တစ်ခါသုံးခွဲစိပ်ကိရိယာတစ်စုံ နှင့် လိုအပ်သည်များကို ၀ယ်ပေးရသည်။ လိုရင်းသိရန်မှာ မွေးဖွားစားရိတ် နှင့် ကလေးစားရိတ် ကြီးမားပါသည်။ ကလေးကို အထူးကရုစိုက်ရသည်။ ညွှန်ကြားမှုအတိုင်း ကောင်းစွာလိုက်နာသွားရမည်။ မိခင်နို့ကို အများဆုံး ၆ လအထိသာ တိုက်ကျွေး၍ နို့ဖြတ်ရသည်။ သွေးစစ် ကြည့်သောအခါ ကလေးငယ်အများစုထံ၌ HIV  ကင်းလွတ်သွားကြောင်း တွေ့မြင်သိရှိရလေသည်။ မိဘ ဖြစ်သူတို့မှာ သာမန်လူများထက် ကြိုတင်ပြင်ဆင်ထားရသည်၊ ပို၍ အပင်ပန်းခံရသည်။ လူအများစုသည် ထို ဒဏ်များကို မခံနိုင်ကြသည့်အပြင် ကံတရားအပေါ်စွန့်စားရသည်ဖြစ်သောကြောင့် သက်ဆိုင်ရာမှ ယင်းသို့ လမ်းညွှန်ရခြင်းဟု နားလည်သဘောပေါက်ရန် လိုအပ်သည်။ လူသားချင်း မစာနာရကောင်းလားဟု အပြစ် မမြင်အပ်ပါ။
    ၇-၁၁ ။   တစ်ကိုယ်ရည်သန့်ရှင်းရေး၊ စိတ်ဓါတ်ကြံခိုင်ခြင်း၊ ရုပ်ခန္ဓာသန်စွမ်းမှုတို့သည်လည်း ကိုယ်ခံအား အတွက် ကြီးစွာ အထောက်အကူဖြစ်စေသည်။ သို့ဖြစ်ရာ ဆွလာသ်၊ ဒုအာအ်၊ ဇိက်ရ် တို့ကို မပြတ်စတမ်း လက်ကိုင်ပြုကျင့်ဆောင်အပ်သည်။ ၄င်းပြင် မပြင်းထန်လွန်းသော အားကစားနည်းတစ်ရပ်ရပ်ကိုလည်း စွဲစွဲ မြဲမြဲ လိုက်စားခြင်းဖြင့် ကိုယ်ခံအားပြန်လည်မြှင့်တက်မှုမြန်ဆန်လာကြောင်း သုတေသီများက ဆိုကြပါသည်။ အစားအသောက်၊ အနေအထိုင် ဆင်ခြင်တတ်ရန်လည်း အရေးကြီး၏။
    ၇-၁၂ ။   ဆင်းရဲနွမ်းပါးသည့်ကြားထဲ အခမဲ့ဆေးဝါး မရနိုင်သူများအဖို့ တစ်ပူပေါ်နှစ်ပူဆင့်ရပေသည်။ သို့သော် အချို့ဒေသ၌ ဆေးဝါးထောက်ပံ့ခွဲတမ်းမှာ လူနာဦးရေထက် များပြားနေသဖြင့် ယင်းအရပ်သို့ အိမ်ထောင်စု၊ လုပ်ငန်း ပြောင်းရွှေ့ပြီး ထိုအခက်အခဲမှ ကင်းလွတ်သက်သာသွားသူ မနည်းလှပါချေ။  ဥပမာ – တောင်ကြီးမြို့နယ် ။ ( အရိပ်ပြ အကောင်မြင်တတ်ပါစေ )။
    ၇-၁၃ ။   လူမျိုး ဘာသာမရွေး PLHIV  များအား ကူညီပေးကြသော SHG – Self Help Group များ အမည် နာမကိုယ်စီဖြင့် မြန်မာနိုင်ငံတစ်ဝှမ်း၌ ရှိနေကြပါသည်။ ၄င်းတို့မှတဆင့် ဆက်သွယ်လမ်းကြောင်းဖော်နိုင် ပါသည်။ သို့သော် အယုံကြီးယုံ၍ ပုံအပ်ခြင်းများ၊ အလွန်အကျွံ ကူညီဦးဆောင်ခြင်းများ အဆင့်အထိ မရောက်စေလိုပါ။ လူမှုဘ၀ပုံဟန်ချင်း ကွဲပြားနေသောကြောင့် အချို့အစုအဖွဲ့များအတွင်း လူမျိုး၊ ဘာသာ ခွဲခြားဆက်ဆံမှုများ ရှိလာ၍ဖြစ်သည် ( အားလုံးကို မဆိုလိုပါ)။ သို့သာမက အချို့ကဏ္ဍများ၌  Influency ,  Blockage စသည်မျိုးလည်း ရှိနေသည်။ အနှောင့်အသွားလွတ်သည့် ကူညီမှုများကိုတော့ စေတနာ အလျောက် ဆောင်ရွက်ပေးနိုင်ပါသည် – အားပေးတိုက်တွန်းမှုလည်း ပြုပါသည်။
    ၈။  နိဂုံး
    ဤဖော်ပြဆွေးနွေးချက်မှာ နည်းပင်နည်းငြား လျှို့ဝှက်ချက်အချို့ ပါဝင်သွားသည်၌ ကျွန်ုပ်အဖို့ အန္တရာယ်မကင်းလှကြောင်း အချို့လူများ ရိပ်စားမိကောင်းပေမည်။ အနိမ့်ဆုံး အနေနှင့်  အချို့အစုအဖွဲ့၏ မုန်းတီးမှုကိုခံရမည်မှာ သေချာပြီးဖြစ်၏။ မည်သို့ပင်ဖြစ်စေကာမူ ကျွန်ုပ်ချစ်သော မြန်မာမုစ်လင်မ်များ နှင့် အနာဂတ်မျိုးဆက်များအတွက် ကျွန်ုပ်တတ်စွမ်းသည့် ကလောင်အားဖြင့် တာဝန်တစ်ရပ် ကျေပွန်သွားချင် ပါသည်။ တစ်စုံတစ်ရာ အကျိုးထူးလာမည်ဟုလည်း မျှော်လင့် ရည်သန်လိုက် ရပေသည်။
    အင်န်ရှာအလ္လာဟု သအားလာ !
    စာနာတရားရှိသူမည်သူမဆို ဤဆွေးနွေးချက်စာတမ်းအား လက်ဆင့်ကမ်းနိုင်ပါသည်။  မုစ်လင်မ်  PLHIV များကိုယ်စား ကျွန်ုပ်မှ ကြားခံ၍ ကျေးဇူးတင်နေပါမည်။ မြန်မာမုစ်လင်မ်လူ့ အဖွဲ့အစည်းများမှလည်း ပြည့်နေသည့်အိုးကို လျှံထွက်အောင် ၀ိုင်းသွန်နေခြင်းထက် မပြည့်သည့်အိုးကို  ဖြည့်ဆည်းပေးနိုင်ကြပါစေဟု …….
    စလာမ်၊ ဒုအာအ်ဖြင့်
    ဂျူလိုင်ရဲရင့်
  • စိတ်ခွန်အား ပြန်လည်ပြည့်ဝလာတဲ့ လူငယ်တစ်ယောက် အကြောင်း (WORLD AIDS DAY အထိမ်းအမှတ်)
    စိတ်ခွန်အား ပြန်လည်ပြည့်ဝလာတဲ့ လူငယ်တစ်ယောက် အကြောင်း (WORLD AIDS DAY အထိမ်းအမှတ်)
    ဒီဇင်ဘာ ၁၊ ၂၀၁၂
    M-Media
    ရဲမာန်အောင်
    ဒီနေ့ထူးထူးခြားခြား မထင်မှတ်ပဲ လက်ဖက်ရည်ဝိုင်းက စိုစိုပြည်ပြည်လေးဖြစ်နေသည်။ ကျွန်တော် တော်တော်အံ့သြနေမိသည်။ ဒီလိုလက်ဖက်ရည်ဝိုင်းမျိုး သူငယ်ချင်းတွေ စုပြီးမထိုင်ဖြစ်တာတော်တော်ကြာခဲ့ပြီလေ။ ဝိုင်းထဲမှာ ထွေရာလေးပါးစကားအစုံကို တက်တက်ကြွကြွ ဦးဆောင်နေတာ က “ မြင့်ထူး” ။
    ကျွန်တော် အဓိက အံ့သြရသူက သူ့ကိုပါ။ သူ့ကိုယ်သူ သာမန်လူကောင်းတစ်ယောက်နဲ့မခြား  ပျော်ပျော်ပါးပါးစကားတွေ ပြောနေလိုက်တာများ။ သူက ကျွန်တော်တို့ သူငယ်ချင်းတွေပေါင်းလုပ်နေတဲ့ ပရဟိတ လူမှုကွန်ယက်မှာလည်း တက်ကြွစွာပါဝင်လှုပ်ရှားသူတစ်ယောက်ပါ။ မြင့်ထူးကို ကြည့်ရင်း ကျွန်တော့်အတွေးထဲကို လွန်ခဲ့သော ခြောက်နှစ်ခန့်က အဖြစ်အပျက်တွေ အစီအရီဝင်ရောက်လာပါတော့တယ်။ ကံကြမ္မာ ဟူသည်ကား ဆန်းကြယ်လှပေစွ။
    ၂၀၀၅-၆ အကူးအပြောင်းလေးမှာပေါ့။ မြင့်ထူးက ကျွန်တော်နဲ့အရမ်းတွဲတဲ့သူငယ်ချင်း။ ဘယ်လောက်ထိရင်းလဲဆိုရင် သူ့မိသားစုဝင်တွေနဲ့ပါ တရင်းတနှီး၊ မြင့်ထူးတို့အိမ်က ကျွန်တော်တို့ သူငယ်ချင်းတွေရဲ့စားအိမ်သောက်အိမ်၊ ကျွန်တော်တို့သူငယ်ချင်းတွေရဲ့စုရပ်လို့တောင်ပြောလို့ရပါတယ်။
    ၂၀၀၅ နှစ်ကုန်ပိုင်း ဒီဇင်ဘာမှာ ကျွန်တော်အလုပ်ကိစ္စနဲ့ခရီးတွေသွားနေရတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက်ဖြစ်ပဲ သူငယ်ချင်းတွေလည်း မဆုံဖြစ်ကြဘူးပေါ့။ နောက်ပိုင်း အလုပ်တွေလက်စသတ်တော့ ၂၀၀၆ ဇန်နဝါရီလကုန်ပိုင်းလောက်မှ ကျွန်တော်လည်း ခရီးကနေပြန်ရောက်တယ်။ ဒါနဲ့ မတွေ့တာကြာပြီဖြစ်လို့ မြင့်ထူးတို့ အိမ်ဖက်ကို ရောက်သွားခဲ့တယ်။ မြင့်ထူးတို့အိမ်ရောက်တော့ မြင့်ထူးညီမလေးက မြင့်ထူးတစ်ယောက် ခုတစ်လောနေမကောင်းကြောင်း၊ ကျွန်တော်က ဘာဖြစ်တာလဲလို့ဆိုတော့ New Year ပွဲတော်ရက်ပြီးကထဲက တရှောင်ရှောင်နဲ့ ညနေဖက်ဆို အဖျားတက် တက်နေကြောင်း ပြောပြပါတယ်။ ကျွန်တော်လည်း မြင့်ထူးကိုဝင်တွေ့ပြီး ကောင်းသွားမည်ဖြစ်ကြောင်း၊ အစားအသောက် ဂရုစိုက်ရန်လိုကြောင်း၊ စတာတွေပြောပြီး ပြန်လာခဲ့ပါတယ်။ နောက်ရက်ပိုင်းတွေတော့ ကျွန်တော်လည်း ကိုယ့်အလုပ်နဲ့ကိုယ် မအားတာနဲ့ မြင့်ထူးတို့အိမ်ဘက် သိပ်မရောက် ဖြစ်တော့ပါ။
    ဒီလိုနဲ့ ဖေဖော်ဝါရီလဆန်းရက်မှာပေါ့။ တစ်ရက် အလုပ်မှာထိုင်နေရင်း …..
    “ တီတီ..တီတီ…တီတီ..” ကျွန်တော့် အလုပ်စားပွဲပေါ်မှ ဟန်းဖုံးကမြည်လာပါတယ်။ ဖုံးနံပါတ်ကြည့်လိုက်တော့ မြင့်ထူးအစ်ကို မြင့်ဦး ဆီက ဖုံးဖြစ်နေတယ်၊ ပြန်ထူးလိုက်ပါတယ်။
    “ ဟုတ်ကဲ့ကိုမြင့်ဦး .. ပြောပါ”
    “ ဟေ့ကောင်ရဲကြီး မင်းကလည်းပျောက်နေလိုက်တာကွာ”
    “ မဟုတ်ပါဘူးအကိုရာ အလုပ်လေးနည်းနည်းများနေလို့ပါ.. ဒါနဲ့မြင့်ထူးတစ်ယောက် ဘယ်လိုနေလဲဗျ.. ကျွန်တော်လည်း မရောက်ဖြစ်လို့… ကောင်းသွားပြီလားမသိ”
    “ အေးကွာ…အကိုလည်း အဲဒီအတွက်ပဲ မင်းကို ဆက်တာကွ.. ဒီကောင်ကွာ တရှောင်ရှောင်နဲ့ ခုထိမသက်သာဘူးကွ.. ညနေတိုင်းလိုလို အဖျားတက်တက်နေတယ်.. အကိုသိပ်မကြိုက်ဘူး သူ့ပုံစံကို.. ဖြစ်နိုင်ရင် သေချာစစ်ဆေးလိုက်စေချင်တယ်.. တော်ကြာ အပျက်အပျက်နဲ့ နှာခေါင်းသွေးထွက်နေမယ်။ အဲဒါမင်းနည်းနည်းကူပါဦးကွာ”
    “ ကောင်းပြီအကို.. စိတ်ချ၊ ကျွန်တော်အစွမ်းကုန် ကူညီပါ့မယ်။မနက်ဖြန်မနက် သူ့ကို ကျွန်တော်ဆေးခန်းခေါ်သွားလိုက်မယ်။ လိုအပ်တာတွေအကုန်စစ်ပေးလိုက်မယ်ဗျာ။ အကို သူ့ကိုမှာထားလိုက်ပါ..ကျွန်တော်လာခေါ်မယ်လို့။”
    “ အေးအေး..ကျေးဇူးပဲကွာ.. အကိုကျတော့ ညီအစ်ကိုချင်းဆိုတော့ ပြောရတာ လက်ပေါက်ကပ်လို့”
    “ ဟုတ်ကဲ့အကို.. ကျွန်တော် နက်ဖြန်စီစဉ်ပါ့မယ် …စိတ်ချနော်.. ဒါပဲနော်အကို ဖုံးချလိုက်တော့မယ်”
    ဖုံးချလိုက်ပြီး အစီအစဉ်တွေကမန်းကတမ်းဆွဲရသည်။ အလုပ်တွေ အချိန်ရွှေ့သင့်တာရွှေ့နဲ့ပေါ့။
    နောက်နေ့မနက်ကျတော့ စောစောထပြီး မြင့်ထူးကိုသွားခေါ်သည်။ မြင့်ထူးတစ်ယောက် မလိုက်ချင်လိုက်ချင်နဲ့ လိုက်လာပါတယ်။ လူကလည်း ပိန်ချုံးလို့ ဝိတ်တော်တော်ကျသွားတယ်။ ကျွန်တော်သူ့ကို တွဲပြီးလမ်းထိပ်ကို ထွက်လာရင်း မြင့်ထူးက “ဟေ့ကောင်ရဲကြီး.. ငါကော်ဖီသောက်ချင်တယ်ကွာ.. လက်ဖက်ရည်ဆိုင်ခဏထိုင်ရအောင်” လို့ဆိုတော့ ကျွန်တော်က“ ဟာ နေပါဦးကွာ မင်းကလည်း..ဆေးခန်းက အပြန်သောက်တာပေါ့. တကယ်လို့ ဆေးခန်းမှာ အစာမစားပဲ စစ်စရာရှိရင် တစ်ခါတည်း အဆင်သင့်ဖြစ်တာပေါ့ကွ” လို့ပြန်ပြောတော့ မြင့်ထူးက “ ဟာကွာ… ငါမင်းကို ပြောပြစရာရှိလို့ပါ… လက်ဖက်ရည်ဆိုင်သာ င့ါကိုခေါ်သွားစမ်းပါကွာ..ငါတောင်းပန်ပါတယ်” လို့ဆိုပြန်တော့ ကျွန်တော်လည်း မတတ်သာသည့်အဆုံး လမ်းထိပ်က လက်ဖက်ရည်ဆိုင်ကိုဝင်ထိုင်လိုက်ကြပါတယ်။ လက်ဖက်ရည်ဆိုင်ရောက်တော့ ခဏနားပြီး မြင့်ထူးက
    “ သူငယ်ချင်း … မင်းမှတ်မိမလားမသိဘူး ၂၀၀၀ ခုနှစ်လောက်တုန်းက ငါ နိုင်ငံခြားမှာသွားပြီးအလုပ်လုပ်ဖို့လုပ်တုန်းက ကုမ္ပဏီကိုပေးထားတဲ့ ငွေတွေ ဆုံးသွားတယ်ဆိုတာလေ”
    “ ဟ..မှတ်မိတာပေါ့ကွာ…ငါတောင်အဲ့တုန်းက မင်းကိုပြောသေးတယ်လေ.. အဲဒီကုမ္ပဏီကို ငွေပြန်မပေးရင် ပြဿနာသွားရှာမယ်လို့”
    “ အေး.. အဲဒါပြောပြမလို့ကွာ..ငါကမင်းကို အစုံအလင်မပြောပြပဲ အုပ်ထားခဲ့မိတာ.. .. .. တကယ်က ကုမ္ပဏီက မှားတာမဟုတ်ဘူး.. မှားတာက ငါ… ငါဆေးမအောင်တာလေ”
    “ ဟာ…….. မင်းကဘယ်လိုဆေးမအောင်တာတုန်းဟ”
    မြင့်ထူးတစ်ယောက် ကျွန်တော်ပြန်မေးတဲ့မေးခွန်းကို ပြန်မဖြေခင် ချုံးပွဲချငိုလိုက်ရင်းက တုန်ရီသောအသံနဲ့
    “ ငါ့မှာ HIV POSITIVE  တဲ့ကွာ”
    ကျွန်တော့ ခေါင်းတစ်ခုလုံး မိုးကြိုးပစ်ချလိုက်သလိုခံစားလိုက်ရပါတယ်။
    “ ဟာ ……………….မင်းကွာ.. အဲဒါင့ါကို ဘာဖြစ်လို့ အစောကြီးကမပြောပြတာလဲကွာ.. မင်းတော်တော်မှားတယ်ကွာ.. ဘာပဲဖြစ်ဖြစ် မင်းငါ့ကိုတော့ပြောပြသင့်တာပေါ့.. ငါတို့တွေက တစ်ဖက်မှာ နှစ်သိမ့်ပညာပေးအစီအစဉ်တွေကို နယ်တွေအထိတောင်ဆင်းပြီးလုပ်နေကြတာ.. မင်းက ငါတို့နဲ့အနီးဆုံးဖြစ်ပြီး အဲလောက်တောင်ပေါ့ဆရလားကွာ… ”ပြောရင်း ကျွန်တော်လည်း မျက်ရည် မဆည်နိုင်ပါဘူး။ မြင့်ထူးကလည်း ငိုတာမရပ်တော့ဘူး။ ကျွန်တော် အလုပ်သင့်ဆုံးကိစ္စတစ်ခုကို အမြန်ဆုံးအကောင်အထည်ဖော်လိုက်ပါတယ်။ ကျွန်တော်သူ့ကိုပြောလိုက်ပါတယ်။
    “ စိတ်ဓါတ်မကျပါနဲ့ သူငယ်ချင်းရေ.. အေးဆေးပါကွာ။ ဘာမှမဖြစ်ဘူး။ ငါမင်းကိုအဆင်ပြေဆုံးဖြစ်အောင် ကူညီပါ့မယ်။ လတ်တလော မင်းအဲဒီကိစ္စကို ခေါင်းထဲက ထုတ်ထားလိုက်စမ်းပါ၊ တစ်ခုတော့ ရှိတယ် ။ ငါတို့စီစဉ်ပေးတဲ့အတိုင်းတော့ မငြင်းပဲ လိုက်နာပေးဖို့ မေတ္တာရပ်ခံချင်တယ်။”  မြင့်ထူးလည်း မျက်ရည်တွေကြားထဲကနေခေါင်း အသာညိတ်ရှာပါတယ်။
    နောက်တစ်ရက်ကျတော့ ကျွန်တော့သူငယ်ချင်း ဆရာဝန်နဲ့အတူ မြင့်ထူးကိုသွားခေါ်ပြီး ဝေဘာဂီဆေးရုံကြီးကို ခေါ်သွားခဲ့ပါတယ်။ ဆေးရုံကိုရောက်တော့ လိုအပ်တဲ့ Confirmatory Test တွေလုပ်ပြီး စာရင်းသွင်းခဲ့ပါတယ်။ ဟုတ်ပါတယ် မြင့်ထူးဟာ HIV POSITIVE ဖြစ်နေတာအမှန်ပါပဲ။  လက်ရှိခံစားနေရတဲ့ ရောဂါဝေဒနာတွေကို စစ်ဆေးကြည့်တော့ အဆုတ်လည်းပွ နှလုံးလည်း ကြီးနေပါတယ်။ ဒါနဲ့ပဲ ဆေးရုံတစ်ခုမှာတင်ပြီး ဆေးကုသမှုခံယူပါတယ်။ ဆရာဝန်ကြီးက အရင်ဆုံး နှလုံးကြီးတာကို အရင်ကုသပါတယ်။ တော်တော်လေး အခြေအနေတိုးတက်လာတော့မှ မူရင်းရောဂါနဲ့ပတ်သက်တဲ့ဆေးတွေကို စတိုက်ပါတယ်။ သူ့စီဒီဖိုးကောင့်က တစ်ရာအောက်မှာပါ။ ဝမ်းလည်းဆက်တိုက်နီးပါးစသွားနေပါပြီ။ အပြင်လူတွေရဲ့အပြောအရတော့ မြင့်ထူးဟာ မျှော်လင့်ချက်မဲ့နေပါပြီ။ ဒါပေမယ့် ကျွန်တော်တို့ ဇွဲမလျှော့ပါဘူး။ မြင့်ထူး ဆေးရုံတက်နေတဲ့ကာလတလျှောက် ကျွန်တော် မြင့်ထူးကို နေ့တိုင်းသွားတွေ့ပါတယ် ။ လိုအပ်တာတွေ စီစဉ်ပေးပါတယ်။ တော်တော်လေး ထူနိုင်ထောင်နိုင်သွားတဲ့အချိန်ကျတော့ ဆရာဝန်ကြီးက ဆေးရုံဆင်းခွင့်ပြုလိုက်ပါတယ်။ ဒါပေမယ့် မြင့်ထူး လမ်းကောင်းကောင်း မလျှောက်နိုင်တော့ပါဘူး။ အောက်ပိုင်းခြေထောက်တွေ ချိနဲ့သွားတဲ့ သဘောဖြစ်မယ်ထင်ပါတယ်။ စိတ်ဓါတ်လည်း တော်တော်ကျနေတဲ့ပုံပဲဗျ။ ကျွန်တော်စဉ်းစားပါတယ်။ မြင့်ထူးကိုဘာလုပ်ပေးနိုင်မလဲပေါ့။ နောက်ဆုံး ကျွန်တော်စာလေး တစ်စောင်ချရေးဖြစ်ပါတယ်။ မြင့်ထူးရယ်မှမဟုတ်ပါဘူး။ သူ့လိုဘဝတူ အားလုံးကို ရည်ရွယ်ထားတဲ့စာလေးတစ်စောင်ပါ။
    P.L သူငယ်ချင်းသို့…………အိတ်ဖွင့်ပေးစာ
    သူငယ်ချင်းရေ…….
    မင်းအနားမှာလာပြီး ထိုင်ပြောနေရင် မင်းနားငြီးမှာစိုးလို့ စာရေးပြီးမင်းကိုပေးထားမယ်လို့ စိတ်ကူးရတာနဲ့ ဒီစာကိုရေးလိုက်တာပါကွာ. .သေချာဖတ်ပါ… အလိမ်အညာတစ်ခုမှမပါဘူး… အပွင့်လင်းဆုံးတွေရေးထားတာ…
    Positive Living  ( P . L  )
    (P.L)ဆိုတာရောဂါပိုးရှိလျှက်နဲ့အသက်ရှင်နေထိုင်ခြင်းကိုဆိုလိုတာ..ရောဂါပိုးရှိတော့ဘာဖြစ်လဲ? ရှိရှိပေါ့ကွာ..ခန္ဓာကိုယ်အတွင်းကဖြစ်လာတဲ့ဟာကိုရှောင်လွှဲလို့မှမရနိုင်တာ… ရင်ဆိုင်လိုက် စမ်းပါကွာ… ဒီရောဂါပိုးရှိလာရင် ဆေးကိုအချိန်မှန်မှန်၏အသက်နဲ့ခန္ဓာမြဲသရွေ့သောက်ရမယ်… ၀မ်းနည်းစရာဘာမှမရှိဘူး။ သွေးတိုး၊ ဆီးချိုသမားတွေလည်း သက်ဆုံးတိုင် ဆေးသောက် ကြရတာပါပဲ၊ ကိုယ့်ကိုယ်ကို သူတို့နဲ့ဘ၀တူပဲလို့ မှတ်ယူထားလိုက်စမ်းပါ၊ အစားကိုကောင်းကောင်းစား၊ အားဖြစ်မယ့် အစားအစာတွေကို အဓိကစား၊ သတိထားရမှာက စိတ်တည်ငြိမ်ဖို့ပဲ၊အားလပ်တဲ့အချိန် တိုင်းမှာ ဘုရားတရားကိုအာရုံပြု၊ ဖြစ်သမျှအကြောင်းကို အကောင်းချည်းပဲလို့မှတ်ထား၊ မိသားစုကို ဘယ်လိုနည်းနဲ့ အကျိုးပြုနိုင်မလဲဆိုတာလေးလေးနက်နက် စဉ်းစား၊ ပျော်တာပါးတာတွေမေ့ထား လိုက်တော့…..“ သောက်မှစားမှ ပျော်စရာမဟုတ်ဘူး” မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်ရင်လည်း ပျော်စရာပါ၊ ဒီနေ့လောကကြီးမှာ ဒီလိုနည်းနဲ့အသက်ရှင်နေထိုင်တဲ့လူတွေ(P.L )တွေအများကြီး၊ အရာရာကိုအကောင်းမြင်ပါ..။
    ဆိုးဆိုးဝါးဝါးဖြစ်ပျက်သွားတဲ့အဖြစ်အပျက်တစ်ခု–ဥပမာ- လူ(၅၀)ကျော်သေဆုံးသွားတဲ့ ပေါက်ကွဲမှုတစ်ခုကိုကြည့်ပြီး အဆိုးမြင်ဝါဒီသမားက ဘာပြောလဲဆိုတော့ “ဒီ့ထက်ဆိုးတာမရှိနိုင်တော့ဘူး”လို့ ပြောတယ်။ အဲ—— အကောင်းမြင်ဝါဒီသမားကတော့ ဒီလိုမဟုတ်ဘူး၊ “ ဒီ့ထက်ဆိုးတာရှိနိုင်သေးတယ်”လို့ပြောတယ်။ အဲဒီနှစ်ယောက် ဘယ်သူမှန်မယ်ထင်လဲ၊ ငါတော့အကောင်းမြင်တဲ့လူကို ထောက်ခံတယ်။ ဘာဖြစ်လို့လဲဆိုတော့ လက်ရှိဖြစ်ပျက်သွားတဲ့ကိစ္စကို မင်းလက်မခံလို့မှမရတာ။ အဆိုးထဲကအကောင်းကို မြင်အောင်ကြည့်ရမှာပေါ့။ မဟုတ်ဘူးလား….ဆိုးတာကိုဆိုးတယ်လို့ပြောပြီး ငုတ်တုတ်ထိုင်နေရင် ဆုံးရှုံးရုံကလွဲပြီး ဘာမှဖြစ်မလာ နိုင်တော့ဘူး။
    လောကမှာကိုယ်ဖြစ်စေချင်နေတာတွေထက် သူ့ဟာသူဖြစ်လာနေတာကို ပြေလည်အောင်ဖြေရှင်းနိုင်ဖို့ ပိုအရေးကြီးတယ်ကွာ။
    ( P.L )တစ်ယောက်အနေနဲ့ မင်းအရင်ဆုံး အနှောင့်အယှက်ဖြစ်လာနိုင်တာက မင်းရဲ့ပတ်ဝန်းကျင်( အပေါင်းအသင်း)တွေပဲ။
    သူငယ်ချင်းရေ…..
    မင်းရဲ့ အပေါင်းအသင်းတွေထဲမှာ ငါ့လိုစကားများတဲ့လူတွေပါနိုင်သလို၊ မင်းကိုမလိုလားတဲ့စကားတွေနဲ့ သွားပုပ်လေလွင့်ပြောပြီး ရှေ့ မှာတစ်မျိုး၊ ကွယ်ရာမှာတစ်ဖုံ ဆက်ဆံကြမယ့် သူငယ်ချင်းအတုအယောင်တွေလည်းရှိနိုင်တယ်။ ဂရုမစိုက်ပါနဲ့…ဒီဟာကလည်း အပြစ်လို့မဆိုသာဘူး။ ငါတို့မွေးဖွားကြီးပြင်းရတဲ့ ဒေသကိုက ဒီကိစ္စနဲ့ပက်သက်ရင် ကျန်းမာရေး ဗဟုသုတ နည်းပါးနေကြလို့ပါ၊ ပြောနေကြတဲ့လူတွေကိုယ်တိုင်ဆေးစစ်မခံရဲဘူး။ ဒေါသမဖြစ်ပါနဲ့။ သူတို့ကိုမေ့ထားလိုက်ပါ။ သူ့ဟာသူအချိန်တန်ရင် ရပ်သွားလိမ့်မယ်။ နောက်ပြီးတော့ အရေးကြီးဆုံးက မိသားစုကိုအသိပေးပါ။ ဆေးသောက်ဖို့ကိစ္စ တစ်ယောက်တည်းနဲ့ ရေရှည်မဖြစ်နိုင်ဘူး။ ရှက်စရာကိစ္စမဟုတ်ဘူး။ သူများပြောမှသိရတာထက် ကိုယ်ပြောလို့သိသွားတာကောင်းတယ်၊ မင်းလည်းလိပ်ပြာပိုသန့်မယ်။
    “ သေခြင်းတရား ”
    ဒီကိစ္စက မင်းနဲ့လည်းမဆိုင်ဘူး။ ငါနဲ့လည်းမဆိုင်ဘူး။ ဒီကိစ္စကိုလောကမှာဘုရားမှလွဲပြီး ဘယ်သူမှ မစိုးပိုင်ဘူး။ ဒီတော့ဘုရားသခင်ကိုကျော်ပြီးမတွေးပါနဲ့။ သူ့အလုပ်သူလုပ်လိမ့်မယ်။ ကိုယ့်အလုပ်က ကျန်းမားအောင်နေထိုင်ဖို့၊ ဘုရားကြိုက်အောင်နေဖို့။ငါတို့အယူဝါဒမှာ ရှိတာ ငါပြောပြမယ်။ “ရောဂါဘယဆိုတာဟာတဲ့ ဘုရားသခင်ကမင်းကိုချစ်လို့ပေးတာတဲ့၊ ဘာဖြစ်လို့လဲဆိုတော့ လူဆိုတာအမှားမကင်းဘူး၊ အပြစ်ဆိုတာရှိနိုင်တယ်။ အဲဒီအပြစ်တွေကို ဆေးကြောပေးတာပဲ”တဲ့။ ဒီတော့လောကမှာ နေထိုင်ခွင့်ရတုန်း အပြစ်တွေဆေးကြောခွင့်ရတယ် လို့မှတ်ယူထားလိုက်ပေါ့ကွာ။လောကကြီးမှာ “ ကြည့်တတ်ရင် ဘာဝနာ၊ မကြည့်တတ်ရင်တဏှာတဲ့” တရားဘာဝနာစီးဖြန်းဖို့ အားထုတ်ပါ။
    လောကမှာအသက်ရှင်နေထိုင်ဖို့ “ ကံ၊ စိတ်၊ ဥတု၊ အာဟာရ ” ညီမျှရမယ်လို့ ဗုဒ္ဓမြတ်စွာဘုရားကမိန့်တယ်။ ကံဆိုတာ အလုပ်၊ စိတ် ဆိုတာက မင်းရဲ့စိတ်နှလုံးသန့်ရှင်းကြည်လင်ဖို့၊ ဥတုဆိုတာက ရာသီဥတု၊ အာဟာရဆိုတာက မင်းနေ့စဉ် မှီဝဲစားသောက်ရမယ့် အစားအစာ ဆေးကိုဆိုလိုတာ…အသက်ကိုဥာဏ်စောင့်ပါတယ်ကွာ….။
    သူငယ်ချင်းရေ……
    ဒီနေ့ကမ္ဘာကြီးဟာ လျှင်မြန်တဲ့အဟုန်နဲ့ ပြောင်းလဲတိုးတက်နေတာကွ… ဘယ်နယ်ပယ်မှာမဆိုပေါ့ကွာ….အခုပဲကြည့်လေ.. “ကုရာနတ္ထိ ဆေးမရှိ”ဆိုတဲ့ဆောင်ပုဒ် ဘယ်ရောက်သွားမှန်းတောင်မသိဘူး။ အခုနောက်ဆုံးငါသိထားရသလောက်ပြောရရင် အမြစ်ပြတ် မကုနိုင်သေးပေမယ့် ရောဂါကိုတားထားနိုင်တဲ့ဆေးတွေပေါ်လာပြီလေ။ မဝေးတော့တဲ့အနာဂတ်မှာ ဒီရောဂါဆိုးကြီးကို အမြစ်ပြတ်ချေ မှုန်းနိုင်တဲ့ ဆေးစွမ်းကောင်းတွေ ပေါ်မလာဘူးလို့ ဘယ်သူဆိုဝံ့သလဲ……. လူဆိုတာမျှော်လင့်ချက်နဲ့ အသက်ရှင်နေရတာပါကွာ…
    ဒီတော့ “သူငယ်ချင်း”…..
    ရခဲတဲ့လူ့ဘ၀မှာ အသက်ရှည်စွာနေထိုင်နိုင်ဖို့ ကြံ့ကြံ့ခံစမ်းပါသူငယ်ချင်းရာ။ “ ငါဘာမှမဖြစ်ဘူး၊ငါကျန်းမာလာပြီ”လို့ စိတ်ထဲမှာခံယူထားပါ။ စိတ်ရှုပ်စရာတွေ မတွေးပါနဲ့… အိမ်ထဲမှာနေ နေရလို့ မွန်းကျပ်လာရင် ငါတို့နဲ့လာနေပါ၊ပျော်ရွှင်စွာနေပါ။
    မင်းနေကောင်းသွားပြီလို့ ငါယုံကြည်တယ်ကွာ…. တစ်ခုခုစိတ်ထဲမှာ ခံစားရရင် ဒီစာလေးကို ထုတ်ဖတ်ပါသူငယ်ချင်း။ မင်းအတွက်ဆေးတစ်ခွက်ဖြစ်ရင် ငါကျေနပ်ပါတယ်ကွာ…… သူငယ်ချင်း ကိုယ်စိတ်နှစ်ပါးရွှင်လန်းချမ်းမြေ့ပါစေ။
    မင်းရဲ့အချစ်ဆုံးသူငယ်ချင်း
    ရဲကြီး
    နောက်ရက် မြင့်ထူးဆီသွားတော့ သူက ကျွန်တော့်စာလေးအတွက် ကျေးဇူးတင်တဲ့အကြောင်း သူ့စိတ်ခွန်အားတွေ ပြန်ပြည့်လာသလိုခံစားရကြောင်း။ ဘယ်သူ့ကိုမှ အသိမပေးခဲ့မိတဲ့ သူ့အမှားတွေအတွက်လည်း နောင်တရမိကြောင်း၊ ခုဆိုရင် တော်တော်လေး နေသာထိုင်သာရှိသွားပြီး ဆေးလည်းအချိန်နဲ့တိတိကျကျသောက်နေတဲ့အကြောင်း မိသားစုနဲ့ ပျော်ပျော်ရွှင်ရွှင်နေထိုင်နေပြီး ဘုရားတရားလည်း ပိုလုပ်ဖြစ်ကြောင်း။တကယ့်လူ့ဘဝကို အခုမှ တန်ဖိုးထားမိကြောင်းတွေ ရွှန်းရွှန်းဝေအောင်ပြောနေပါတော့တယ်။ ကျွန်တော်ကလည်း ရောဂါဘယတစ်ခုဖြစ်လာရင် စိတ်ဓါတ်အရေးကြီးကြောင်း စိတ်ထောင်းလို့ကိုယ်ကြေတယ်လို့ အဆိုရှိကြောင်း ၊ ကုသမှုခံယူရင်း လူကောင်းနဲ့မခြား လောကအကျိုးပြုလုပ်ငန်းတွေ လုပ်နိုင်ကြောင်း ပြောပြပါတယ်။ အောက်ပိုင်း ချိနေတာကိုလည်း တဖြေးဖြေး လေ့ကျင့်ခန်းလုပ်ရင်း တော်တော်ပြန်ကောင်းလာတာကိုလည်း တွေ့ရပါတယ်။ ကျွန်တော့ရင်ထဲက ပီတိအဟုန်ကိုလည်းပြောမပြတတ်အောင် ခံစားမိခဲ့ပါတယ်။
    ဘယ်လောက်ကြာအောင် အတွေးနယ်ချဲ့နေမိသည်လည်းမသိ။  “ဟေ့ကောင်..ရဲကြီး..ဘာတွေစဉ်းစားနေတာလဲကွ၊ မင်းကိုခေါ်နေတာကြာလှပြီ” ဆိုတဲ့ မြင့်ထူးရဲ့အသံကြားမှ ကျွန်တော်  လက်ဖက်ရည်ဝိုင်းထဲကို ပြန်အာရုံဝင်လာပါတယ်။
    “ဘာရယ်မဟုတ်ပါဘူးကွာ.. တောင်တောင်အီအီလျှောက်စဉ်းစားနေတာ..ဟဲဟဲ” မြင့်ထူးက“ အေးပါ.. မင်းကသာ လျှောက်စဉ်းစားနေတာ…ကြည့်လည်းလုပ်ဦး ခေါင်းတွေဖြူကုန်ဦးမယ်..  ငါဆို တစ်ခါတစ်လေ မင်းတို့နဲ့တွေ့ရင် ကိုယ့်ကိုယ်တောင်မေ့နေတာ.. ဒါနဲ့ ဒီတစ်ပတ်မင်းတို့ နှစ်သိမ့်ပညာပေး ခရီးသွားရင် ငါ့ကိုခေါ်ဦးနော်.. ငါဆေးတွေသေချာဆောင်ပြီးလိုက်ခဲ့မယ်… င့ါဘဝရဲ့ အဖြစ်သနစ်တွေကိုပြပြီး ငါနဲ့ဘဝတူတွေကို စိတ်ဓါတ်မြှင့်တင်ပေးဖို့ငါအရမ်းကိုအာသီသ ရှိနေတယ်ကွာ…  ငါ့ကိုခေါ်သွားဖို့တော့မမေ့ပါနဲ့ကွာ…။” ကျွန်တော်သူ့ကိုကြည့်ရင်း ကြည်နူးပီတိ ဂွမ်းဆီထိသို့ ဖြစ်ရပါလေတော့သတည်း။
    (သူငယ်ချင်း မြင့်ထူး ကျန်းမာရွှင်လန်းစွာဖြင့် လူ့လောကကို အကျိုးပြုရင်း သက်တမ်းစေ့နေထိုင်နိုင်သွားပါစေလို့ ဆန္ဒပြုရင်း 2012 DECEMBER 1 ရက်နေ့မှာ ကျရောက်မယ့် WORLD AIDS DAY ကို ဤဖြစ်ရပ်မှန်ဆောင်းပါးဖြင့် ဂုဏ်ပြု ရေးဖွဲ့ပါသည်။)
    Ye Man Aung (29-11-2012)