News @ M-Media
Blog
  • သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁)
    သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၁)
    နိုဝင်ဘာ ၂၄၊ ၂၀၁၂
    M-Media
    ရဲရင့်သစ္စာ
    ၂၀.၁၁.၂၀၁၂ issue News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ  ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာပျောက်ကွယ်သွားခြင်းအကြောင်း” https://www.facebook.com/NewsWatchJournal/posts/448696681834805 ခေါင်းစဉ် နဲ့ဆောင်းပါး တစ်ပုဒ်ရေးသားခဲ့ပါတယ်။ အဲဒီ ဆောင်းပါးမှာ သမိုင်းဆိုင်ရာ အချက်အလက် အတော်များများ လွဲမှားနေရုံမက၊ ကမ္ဘာ့ဘာသာကြီး တစ်ရပ်လည်းဖြစ် ၊ မြန်မာနိုင်ငံ မှာ ရှိနေတဲ့ ဘာသာကြီးတွေထဲ တစ်ရပ်လည်းဖြစ်တဲ့ “အစ္စလာမ်” ဘာသာ[ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်) အခန်း (၈) နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များ။ စာမျက်နှာ ၁၅၁] နဲ့ ပတ်သက်ပြီး စာဖတ်သူများ အထင်အမြင်လွဲမှားစေဖို့ တမင်တကာ ရည်ရွယ်ချက် ရှိရှိ ထိပါး ရေးသားခဲ့တာဖြစ်ကြောင်းလေ့လာတွေ့ရှိခဲ့ရပါတယ်။ ဆောင်းပါးရှင် သရဝဏ် (ပြည်) ဟာ သူ့ရဲ့ ဆောင်းပါးရေးသားရာမှာ အဓိက ကိုးကားခဲ့တဲ့ အရင်းအမြစ် ဟာ Dr. Sripali Vaiamon ဆိုသူရေးသားတဲ့ ဆောင်းပါး “Buddhist History of Afghanistan and South India” ဖြစ်ပါတယ်။ သရဝဏ် (ပြည်) ဟာ အဲဒီဆောင်းပါးကို ကိုးကားရုံတင်မကပါ။ အချို့စာပိုဒ်တွေ ကို အပိုဒ်လိုက် ဘာသာပြန်ပြီး သူ့ရဲ့ ဆောင်းပါးမှာ ထည့်ရေးထားတာဖြစ်ပါတယ်။
    သမိုင်းအပေါ်မှာ သစ္စာ တည်ချင် တဲ့ ကျွန်တော် ရဲရင့်သစ္စာ က သရဝဏ် (ပြည်) ဆိုသူရဲ့ အထက်ဖော်ပြပါ ဆောင်းပါးပါအလွဲအမှားတွေ ၊ ထိပါးမှုတွေ ကို ထောက်ပြ ပေးသွားပါ့မယ်။ ကျွန်တော် ထောက်ပြတဲ့ အချက်တွေကို သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) က ဘယ်ပညာရှင်မဆို ပြန်လည် ဆွေးနွေးနိုင်ကြောင်း နဲ့ အကယ်၍များကျွန်တော့်ထောက်ပြချက်တွေ ကို ရက်ပေါင်း (၃၀) အတွင်း ပြန်လည် ကန့်ကွက် မဆွေးနွေးနိုင်ရင် သရဝဏ် (ပြည်) အနေနဲ့ရော၊ News Watch (စောင့်ကြည့်သတင်းဂျာနယ်) အနေနဲ့ရော လွဲမှားတဲ့ အချက်တွေ အတွက် ဂျာနယ် က တစ်ဆင့် တရားဝင် တောင်းပန်စေလိုပါတယ်။ အဲဒီလို မှ မပြုမူ ဆိုရင်တော့ တရားဥပဒေ အရ တရားစွဲဆို သွားမှာဖြစ်ကြောင်း လေးစား စွာ ကတိပေး ပြောကြားလိုပါတယ်။ အလွဲအမှားတွေကို ထောက်ပြခြင်းအမှု စတင်ပါပြီ။
    ၁။ သရဝဏ် (ပြည်) – အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိကကိုးကွယ်သော ဘာသာမှာ ဗုဒ္ဓဘာသာဖြစ်ပါသည်။
    ရဲရင့်သစ္စာ– အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းမဟုတ်ပါ။ ဗုဒ္ဓဘာသာ ဟာ အစ္စလာမ်ဘာသာ မထွန်းကားမီ အာဖဂန်နစ္စတန်မှာ ရှိတဲ့ ဘာသာကြီးတွေထဲက တစ်ခုဖြစ်ကြောင်း သရဝဏ် (ပြည်) အကိုးအကားပြုထားတဲ့ Wikipedia မှာ ဖော်ပြထားပါတယ်။ http://en.wikipedia.org/wiki/Buddhism_in_Afghanistan မှာသွားရောက်လေ့လာနိုင်ပါတယ်။ အစ္စလာမ်ဝါဒ မထွန်းကားမီ အာဖဂန်နစ္စတန်တွင် အဓိက ကိုးကွယ်တဲ့ ဘာသာ က ဗုဒ္ဓဘာသာ တစ်ခုတည်းဖြစ်ပါတယ် လို့ သရဝဏ် (ပြည်) က တိုက်ရိုက်ရေးမထားပါဘူး။ သို့တစေလည်း စာဖတ်သူ တွေအနေနဲ့ ထင်ယောင်ထင်မှားဖြစ်သွားအောင်ရေးထားခြင်း ဖြစ်ပါတယ်။ အများကို ဗဟုသုတ ရစေလိုတဲ့ ရည်ရွယ်ချက်နဲ့ public media တစ်ခုမှာ သမိုင်းဆောင်းပါး ရေးသူ ဟာ အဲဒီလို ထင်ယောင် ထင်မှားဖြစ်စေမည့် အရေးအသားမျိုးကို မရေးသင့်ပါဘူး။ တကယ်လို့ သရဝဏ် (ပြည်) ဟာ စာရေး သီကုံးရာမှာ အတွေ့အကြုံနည်းပါးလို့ မှားတာဆိုရင် ပြန်လည်တောင်းပန်ခြင်း အမှုကို ပြုသင့်ပါတယ်။ ပြန်လည်တောင်းပန်ခြင်း အမှုမပြုရင်တော့ unethical writing “ကျင့်ဝတ်နှင့်မညီသော ရေးသားမှု”လို့ ကျွန်တော် အမည်တပ်ရပါလိမ့်မယ်။
    ၂။ သရဝဏ် (ပြည်) – ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးကို အာဖဂန်နစ္စတန်နိုင်ငံ ကဘူးခရိုင် ဂန်ဒါရာတွင် ထည်ထားခဲ့ကြသည်။ ယခုအခါ ထိုဒေသကို ကန်ဒါဟာ ခေါ်ကြသည်။
    ရဲရင့်သစ္စာ– ရှေးခေတ် အာဖဂန်နစ္စတန် ကဘူးခရိုင် က ဂန်ဒါရာ (Gandhara) သည် ယနေ့ခေတ် ကန်ဒါဟာလို့ခေါ်တဲ့ ဒေသ ဖြစ်ကြောင်းရေးထားခြင်း ဟာ အလွဲကြီးလွဲမှားနေပြန်ပါတယ်။ Gandhara ဟာ အာဖဂန်နစ္စတန် အရှေ့ဖက် မှာ တည်ရှိခဲ့ကြောင်း http://en.wikipedia.org/wiki/Gandhara မှာ လေ့လာကြည့်နိုင်ပါတယ်။ ယနေ့ခေတ် ကန်ဒါဟာ (Kandahar) ဟာ အာဖဂန်နစ္စတန် တောင်ပိုင်းမှာ ရှိကြောင်း http://en.wikipedia.org/wiki/Kandahar မှာလေ့လာကြည့်ပါ။ ကဘူး (Kabul) ဟာ အာဖဂန်နစ္စတန် အရှေ့ပိုင်းမှာရှိကြောင်းကိုလည်း http://en.wikipedia.org/wiki/Kabul မှာ လေ့လာ ကြည့်ပါ။ သရဝဏ် (ပြည်) အနေနဲ့ ဖြစ်နိုင်ရင် ကမ္ဘာ့မြေပုံ တစ်ခုကိုဆောင်ထားပြီး၊ စာရေးသားခြင်းမပြုမီ အရင်လေ့လာသင့်တယ်လို့ အကြံပေးလိုပါတယ်။ နိုင်ငံတကာဆက်ဆံရေးပညာ ဝိဇ္ဇာ ဘွဲ့ရ တစ်ယောက်ဖြစ်တဲ့ သရဝဏ် (ပြည်) က ကမ္ဘာ့ မြို့တွေအကြောင်း အလွဲတွေရေးနေရင် နိုင်ငံ့ဂုဏ်ဆောင် သမိုင်းဝင် ရန်ကုန်တက္ကသိုလ်ကြီး အပါအဝင် တက္ကသိုလ်ကြီးတွေ က နိုင်ငံတကာဆက်ဆံရေး ပညာရှင်တွေ ပါ ထိခိုက်နိုင်ရုံ မက နိုင်ငံတော်ကြီး တစ်ခုလုံးရဲ့ ဂုဏ်သိက္ခာပါ ထိခိုက်ဖွယ်ရာရှိလာနိုင်လို့ဒီလို အကြံပေးရခြင်းဖြစ်ပါတယ်။
    ၃။ သရဝဏ် (ပြည်) -မကြာသေးမီ အချိန်ပိုင်းက ရှာဖွေတွေ့ရှိချက်များအရ အာဖဂန်နစ္စတန်နိုင်ငံ လော်ဂျာပြည်နယ်(ကဘူးမြို့တောင်ဘက်)တွင် ဗုဒ္ဓ၏ ဓါတ်တော်မွေတော် ၄၂ ဆူကို တူးဖော်တွေ့ရှိခဲ့ပါသည်။
    ရဲရင့်သစ္စာ– အာဖနစ္စတန် မှာ လော်ဂျာ ဆိုတဲ့ပြည်နယ် မရှိပါဘူး။ လိုဂရ် ပြည်နယ် (Logar Province) ဘဲရှိပါတယ်။ ဗုဒ္ဓ ၏ ဓါတ်တော်မွေတော် ၄၂ ဆူကိုတူးဖော် တွေ့ရှိခဲ့တဲ့ နေရာ ဟာ လိုဂရ် ပြည်နယ်ဖြစ်ပါတယ်။အဲဒီ လိုဂရ် အသံထွက်ကို သရဝဏ် (ပြည်) က ကျကျနန မလေ့လာဘဲ ရေးသားမိတဲ့ အတွက် ဒီလိုလွဲမှားရခြင်းဖြစ်မှာပါ။ ဂျာနယ် တစ်ခုရဲ့ ဆောင်းပါးရှင် တစ်ဦး အနေနဲ့ နိုင်ငံခြားဘာသာ စကားဝေါဟာရတွေကို ခေါ်ဝေါ်ရေးသားရာမှာ အသံထွက် မှန် ဖို့အလွန် အရေးကြီးပါတယ်။ ထင်ရာမြင်ရာ အသံထွက်တွေ လျှောက်ရေးရင် စာဖတ်သူတွေ ကို အသိအမှား ပေးနေသလိုဖြစ်ပါတယ်။ အဲဒါကြောင့်လေ့လာပါ သရဝဏ် (ပြည်)။
    ၄။ သရဝဏ် (ပြည်) – မြတ်ဗုဒ္ဓ၏ ပထမဆုံး ဥပသကာနှစ်ပါးဖြစ်သော တဖုဿနှင့် ဘလိက ကုန်သည် ညီနောင်နှစ်ပါးသည် သူတို့၏ ဇာတိမြို့ဖြစ်သော ဘာသ်မြို့တွင် ဘုန်းတော်ကြီးကျောင်းတစ်ကျောင်းကိုဆောက်လုပ်လှူဒါန်းခဲ့ရာ——-
    ရဲရင့်သစ္စာ– Tapassu နဲ့ Bhallika တဖုဿနှင့် ဘလိက တို့ရဲ့ ဇာတိမြို့ ဟာ Balkh ဖြစ်ပါတယ်။ “ဗလ်ခ်” လို့အသံထွက်ရပါတယ်။ ဘာသ် မဟုတ်ပါဘူး။
    ၅။ သရဝဏ် (ပြည်) – ထိုကိစ္စနှင့် ပတ်သက်၍ ပါကစ္စတန်၊ သီရိလင်္ကာ၊ ဂျပန်တို့မှ ကိုယ်စားလှယ် အဖွဲ့များလွှတ်ကာ ထိုသို့မလုပ်ဖို့ စေ့စပ်ဆွေးနွေးခဲ့သော်လည်း မအောင်မြင်ခဲ့ပေ။
    ရဲရင့်သစ္စာ– တာလီဘန် တွေ ဗာမီယန် ရုပ်ပွါးတော်ကြီး နှစ်ဆူ ကို ဒိုင်းနမိုက် နဲ့ ဖြိုခွဲမယ် လုပ်တုန်းက အစ္စလာမ် နိုင်ငံတွေ ဖြစ်ကြတဲ့ ဆော်ဒီအာရေးဗျ ၊ ပါကစ္စတန် နဲ့ UAE နိုင်ငံ တို့ ဟာ အစ္စလာမ် နိုင်ငံ ၅၇ နိုင်ငံစုပေါင်းဖွဲ့စည်းထားတဲ့ OIC (ယခင် Organization of Islamic Conference၊ ယခု Organization of Islamic Cooperation) နဲ့အတူ တရားဝင် ကမ္ဘာသိ ကန့်ကွက်ခဲ့ကြပြီး၊ ရုပ်ပွါးတော်ကြီးတွေ ကို ဒိုင်းနမိုက်နဲ့ ဖြိုခွဲအပြီးမှာတော့ ဆော်ဒီအာရေဗျ နဲ့ UAE နိုင်ငံ တို့ က တာလီဘန်တွေရဲ့ လုပ်ရပ်ဟာ ရက်စက်ကြမ်းကြုတ် တဲ့ လုပ်ရပ်ဖြစ်ကြောင်း တရားဝင် ကမ္ဘာသိ ဆိုခဲ့ကြပါတယ်။ အဲဒီ အကြောင်းတွေ ကိုသရဝဏ် (ပြည်) က ဆောင်းပါးမှာ ထည့်မရေးတဲ့ အတွက် မရိုးသားရာရောက်နေကြောင်း (သို့) သမိုင်းဆောင်းပါးတစ်စောင်ရေးနိုင်ရန် အရည်အချင်းမှီသူမဟုတ်ကြောင်း။
    ၆။ သရဝဏ် (ပြည်) – ထိုဒေသတွင်တော့ အုပ်ချုပ်သူ ပြည်နယ်ဘုရင်ခံများသည် ဂျာလာလာဘတ် အနီးရွာများတွင်ဟိန္ဒူ၊ မူဆလင်၊ အာဖဂန် မိန်းမများစွာကိုယူကာ အစ္စလာမ်ဘာသာ တိုးတက်အောင် လုပ်ခဲ့ကြသည်ဟု အေဒီ ၉၈၂ ရေးသားသော ဟူဒတ်အယ်အလမ် (Hudud-al-Alam)ဆိုသော စာအုပ်တွင် ဖော်ပြခဲ့သည်။
    ရဲရင့်သစ္စာ– အထက်ပါ စာပိုဒ် ကို သရဝဏ် (ပြည်) က ဘယ်ကျမ်း စာအုပ်ထဲ က ကူးရေးထားလဲ မသိပါ။ သရဝဏ် (ပြည်) အနေနဲ့ “ဟုဒူဒုလ်အာလမ်” စာအုပ်ကိုမြင်ဖူးခဲ့ခြင်း ရှိမှာတောင်မဟုတ်ကြောင်းကျွန်တော်အသေအချာဆိုဝံ့ပါတယ်။သရဝဏ် (ပြည်) က ကျမ်းကိုး အဖြစ် ဖော်ပြထား တဲ့ Wikipedia : Islamic conquest of Afghanistan http://en.wikipedia.org/wiki/Islamic_conquest_of_Afghanistan ကို လေ့လာကြည့်လိုက်တော့ Willem Vogelsang ရဲ့ “The Afghans” စာအုပ် ကို ကိုးကားပြီးဒီလိုရေးထား တာ တွေ့ရပါတယ်။
    ” In a book called Hudud-al-Alam, written in 982, it mentions a village near Jalalabad, Afghanistan, where the local king used to have many Hindu, Muslim and Afghan wives” ဘာသာပြန်ပြရရင်-
    [ ၁၉၈၂ နှစ် မှာ ရေးသားခဲ့တဲ့ “ဟုဒူဒုလ်အာလမ်” (ကမ္ဘာ့နယ်စည်းများ) စာအုပ်မှာ ဖော်ပြထားတာ က အာဖဂန်နစ္စတန်ဂျလာလ်အာဘားဒ် အနီး ရွာတစ်ရွာမှာ ဒေသခံဘုရင်ဟာ ဟိန္ဒူ ၊ မွတ်စ်လင်မ် နဲ့အာဖဂန် မိန်းမ အမြောက်အများ ယူကြောင်း] ဒေသခံဘုရင်လို့ ဆိုထားတော့ အဲဒီဘုရင်တွေ ဟာ ဟိန္ဒူ (သို့) ဗုဒ္ဓဘာသာဝင် တွေ ဖြစ်နိုင်တာ ရာနှုန်း အတော်များနေပါတယ်။ မိန်းမတွေ အများကြီး ယူပြီး အစ္စလာမ်ဘာသာ ကိုတိုးတက်အောင် လုပ်ခဲ့တယ်ဆိုတာလဲ မပါပါဘူး။ မူရင်း အကိုးအကားမှာမပါပဲ၊ သရဝဏ် (ပြည်) ဟာ မိမိစိတ်တွေးထင်ရာ ကို ထည့်ရေးပြီး အစ္စလာမ်ဘာသာကို တိုက်ခိုက် ထားတဲ့ အတွက် သရဝဏ် (ပြည်) ကို “လူလိမ်” လို့ ကျွန်တော် သမုတ် လိုက်တဲ့အပြင် သရဝဏ် (ပြည်) နဲ့ တကွ News Watch(စောင့်ကြည့်သတင်းဂျာနယ်) တာဝန်ရှိသူတွေ မိမိ အမှားကို တရားဝင်ဝန်ခံတောင်းပန်ခြင်း မပြုရင် ကျွန်တော် ကိုယ်တိုင် တရားလိုပြုပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် တည်ဆဲ ဥပဒေ အရ တရားစွဲဆို ပါ့မယ်။ လေ့လာထားစေချင်တာ က ပြစ်မှုဆိုင် ရာ ဥပဒေ ပုဒ်မ ၂၉၅-က။
    ဆက်ရန်-သရဝဏ် (ပြည်) ၊ စောင့်ကြည့်ဂျာနယ် နှင့် ရဲရင့်သစ္စာ ၏ သစ္စာ (၂)
    News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ်သွားခြင်း အကြောင်း မူရင်းဆောင်းပါး
    News Watch(စောင့်ကြည့်သတင်းဂျာနယ်) မှာဖော်ပြခဲ့တဲ့ ဆောင်းပါးရှင် သရဝဏ် (ပြည်) – အမည်ရင်း ဦးညီညီ ဆို တဲ့ ပုဂ္ဂိုလ် က “အာဖဂန်နစ္စတန်တွင် ဗုဒ္ဓဘာသာ ပျောက်ကွယ် သွားခြင်းအကြောင်း မူရင်းဆောင်းပါး
  • အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လမ်းလျောက် ဆန္ဒပြပွဲ  (ဓါတ်ပုံသတင်း)
    အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လမ်းလျောက် ဆန္ဒပြပွဲ (ဓါတ်ပုံသတင်း)
    နိုဝင်ဘာ ၂၅ ၊ ၂၀၁၂
    အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ လမ်းလျောက်ဆန္ဒပြပွဲ မြန်မာမွတ်စလင်မ် ပါဝင်ဆင်နွဲ
    Credit The Voice Weekly
    Credit The Voice Weekly
    နိုဝင်ဘာ (၂၅)ရက်နေ့တွင် ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ပပျောက်ရေးနေ့ တွင် မြန်မာနိုင်ငံရှိ အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ အမျိုးသမီး ကွန်ရက်များ၊ လူမှုဝန်ထမ်း ဦးစီး ဌာနမှ ဝန်ထမ်းများ၊ မိခင်နှင့် ကလေး စောင့်ရှောက်ရေး စသည့် လူမှု ကွန်ရက် ၂၀ ကျော်မှ အဖွဲ့ဝင်များက အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့် ပပျောက်ရေး အတွက် ယနေ့ နံနက် ၆နာရီခန့်မှ စတင်ကာ ရန်ကုန်မြို့၊ ဆူးလေဘုရား အနီး မြို့တော်ခန်းမရှေ့ မှတဆင့် ကန်တော်ကြီးအထိ လမ်းလျှောက် ဆန္ဒထုတ်ဖော် ခဲ့ကြသည်။
    (Credit The Voice Weekly)
  • ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများ အမှု့မှန်ပေါ်ရေးအတွက် ပြည်သူတဦးမှ အိတ်ဖွင့်ပေးစာ သမ္မတထံပို့
    ရခိုင်ပြည်နယ်မှ ရာဇဝတ်မှုများ အမှု့မှန်ပေါ်ရေးအတွက် ပြည်သူတဦးမှ အိတ်ဖွင့်ပေးစာ သမ္မတထံပို့
    “ရခိုင်ပြည် ကျောက်နီမော်နှင့် တောင်ကုတ်မြို့များတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုများနှင့် ပက်သက်၍ အမှုမှန်ပေါ်ပေါက်ရေး ပြန်လည်စစ်ဆေးပေးပါရန် နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်သို့ တင်ပြတောင်းဆိုခြင်း”
    သို့
    ဦးသိန်းစိန်
    နိုင်ငံတော် သမ္မတ
    သမ္မတရုံး၊ နေပြည်တော်
    မှ
    ဦးကျော်ဦး
    အမှတ် ၂၃၂-၈၃ လမ်း၊ ၂၇-၂၈ လမ်းကြား
    မန္တလေးမြို့။
    ရက်စွဲ။ ။ ၂၀၁၂ ခု အောက်တိုဘာ (၂၇) ရက်
    အကြောင်းအရာ။        ။ ရခိုင်ပြည်နယ် ကျောက်နီမော်ကျေးရွာနှင့် တောင်ကုတ်မြို့များတွင် ဖြစ်ပွါးခဲ့သော လူသတ်မှုများကို အမှုမှန်ပေါ်ပေါက်ရေး၊ တရားခံ အစစ် အမှန် ဖေါ်ထုတ်ရေးအတွက် အထူးခုံရုံး ဖွဲ့စည်း၍ နိုင်ငံတော်အဆင့် တရားသူကြီးများဖြင့် အများပြည်သူ ရှေ့မှောက်တွင် ထင်သာမြင်သာရှိစွာ ပြန်လည် စစ်ဆေးပေးပါရန်-
    သမ္မတကြီးခင်ဗျား-
    ရိုသေ လေးစားစွာ စာရေးတင်ပြ တောင်းဆိုပါသည်။
    ၁။ ကျွန်တော်သည် မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တစ်ဦး ဖြစ်ပါသည်။ ကျွန်တော်၏ မိဘ ဘိုးဘွားမှစ၍ မြန်မာနိုင်ငံသားများ ဖြစ်ကြပြီး ကျွန်တော် ယခုနေထိုင်သောမြေနေရာတွင် မန္တလေးမြို့ စတင်တည်ထောင်စဉ်ကပင် နေထိုင်ခဲ့ပါသညါ။ ကျွန်တော်၏ ဘိုးဘေးများသည် မင်းတုန်းမင်းလက်ထက် မင်းမငထမ်းများ ဖြစ်ပါသည်။ ကျွန်တော်တို့၏ မူလ ဘိုးဘေးအဆက်အသွယ်များသည် လွန်ခဲ့သော နှစ်ပေါင်း ၅၀၀ ကျော် အင်းဝခေတ်ကတည်းက အင်းဝမြို့တောင်ဘီလူးရပ်တွင် နေထိုင်ခဲ့ကြပါသည်။ အင်းဝမြို့တောင်ဘလူး(တောင်ဘီလူး) ရပ်ကွက်တွင် ယနေ့အထိ ဗလီတွင်းဟု အရပ်ကခေါ်နေသည့် ရေတွင်းတစ်တွင်း ရှိပါသည်။ ထိုရေတွင်းနှင့် မလှမ်းမကမ်းတွင် အင်းဝခေတ်က ကျွန်တော်တို့၏ ဘိုးဘေးများ ဝတ်ပြုခဲ့သည့် ရှေးဟောင်းဗလီ၏ အုတ်မြစ်အုတ်ရိုးများ ရှိနေပါသည်။ တောင်ဘလူရပ်မှ မြန်မာ့ရိုးရာ ယွန်းပညာရှင် ကိုဇော်မင်းထွန်း၏ အိမ်အနီးတွင် အင်းဝခေတ် တောင်ဘလူဗလီ၏ အုတ်ရိုးအစအန အကြွင်းအကျန်များ ယနေ့တိုင် တွေ့ရှိနိုင်ပါသေးသည်။ အင်းဝမြို့မြစ်သာရပ်တွင်လည်း ကျွန်တော်တို့၏ ရှေးဟောင်းမျိုးဆက်များ ယနေ့တိုင်နေထိုင်လျှက် ရှိကြပါသည်။ ဤသို့ ရှည်လျားစွာ တင်ပြနေရခြင်းမှာ ယခု သမ္မတကြီးထံ စာရေးနေသူသည် သမ္မတကြီး အုပ်ချုပ်နေသည့် နိုင်ငံ၏ နိုင်ငံသားစစ်စစ် တစ်ဦးဖြစ်ကြောင်း သိစေလို၍ ဖြစ်ပါသည်။
    ၂။ သမ္မတကြီးထံ ယခုလို စာရေးသား တင်ပြရခြင်းမှာလည်း သာမန်ရေးရိုးရေးစဉ် လုပ်ငန်းသဘော ရေးနေခြင်းမဟုတ်ပါ။ ယခု အသက်အရွယ်အထိ ကျွန်တော်သည် နိုင်ငံတော် အကြီးအကဲ အပါအ၀င် အုပ်ချုပ်ရေး အာဏာပိုင် အဆင့်ဆင့်ထံ စာရေးတင်ပြသည်ဟူ၍ မရှိခဲ့ဘူးပါ။ ထိုသို့ မရေးခဲ့ခြင်းမှာ ရေးစရာအကြောင်း မရှိ၍  မဟုတ်ပါ။ ကျွန်တော့် တစ်သက်တာကြုံတွေ့ခဲ့ရသော နိုင်ငံရေး၊လူမျိုးရေး၊ သာသနာရေး၊ အမျိုးသားရေး ကိစ္စများနှင့် ပက်သက်၍ နိုင်ငံတော်သို့ တင်ပြစရာ၊ အသိပေးစရာများ ကြုံခဲ့ ရှိခဲ့ပါသည်။ သို့သော် ကျွန်တော်ရေးသည့်စာ အမှိုက်ခြင်းထဲ ရောက်မှာကို သိထားသောကြောင့် မရေးခဲ့ခြင်း ဖြစ်ပါသည်။ ယခုသမ္မတကြီးမှာ ပြုပြင်ပြောင်းလဲရေးကို ကမ္ဘာသိ ကြွေးကြော်ပြီး ကမ္ဘာကလက်ခံအောင်လည်း လုပ်ပြသော၊ ယခင်ခေါင်းဆောင်များနှင့် ဘယ်လိုမှ မယှဉ်နိုင်သော သမ္မတကြီး ဖြစ်ပါသည်။
    သမ္မတကြီး၏ အောင်မြင်မှုများအတွက် နိုင်ငံသားတစ်ယောက် အနေနှင့် ရင်ထဲ အသဲထဲက ဂုဏ်ယူမိပါသည်။
    သမ္မတ သက်တမ်း ကုန်ဆုံးသည်အထိ ယခု အရှိန်အဟုန်အတိုင်း အောင်မြင်မှု သရဖူ ဆောင်းနိုင်ရန် မျှော်လင့်  ဆုတောင်းမိပါသည်။
    သမ္မတကြီးကို မိဘသဖွယ် သဘောထားပြီး အားကိုးတကြီး တင်ပြနေခြင်း ဖြစ်သည်ကိုလည်း လက်ခံစေချင်ပါသည်။
    ၃။ သမ္မတကြီးခင်ဗျား။ ဒီနေ့ဟာ ကျွန်တော်တို့ အစ္စလာမ် ဘာသာဝင်များရဲ့ နေ့ထူးနေ့မြတ် အီးဒ်နေ့ဖြစ်ပါတယ်။ ကျွန်တော်တို့ မွတ်စလင်မ်များအတွက် တစ်နှစ်မှာ နှစ်ရက်ဘဲရှိတဲ့ တရားဝင် ပျော်ပွဲရွှင်ပွဲရဲ့ ရက်တစ်ရက် ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ မပျော်နိုင်ပါဘူး။ ကျွန်တော်တို့ ဆိုရာမှာ မြန်မာနိုင်ငံ တစ်နံတစ်လျားမှာ ရှိနေတဲ့ မွတ်စလင်မ်အားလုံးကို ဆိုလိုတာပါ။ နိုင်ငံတော်က အီးဒ်လုပ်ဖို့ ခွင့်ပြုတယ်လို့ ဆိုတယ်။ ကျွန်တော်တို့ရဲ့ အဖွဲ့အစည်းခေါင်းဆောင်များက လုံခြုံရေးမရှိလို့ အီးဒ်မလုပ်ပါနဲ့လို့ ကြေညာတယ်။ တကယ်လဲ အစ္စလာမ်ကို ဦးတည်ထိုးနှက်နေတဲ့ လှုပ်ရှားမှုများကို နေရာ အတော်များများမှာ တွေ့နေရပါတယ်။ ဒီလို ထိလွယ်ရှလွယ် အနေအထားမှာ ဘာသာရေး အဖွဲ့ကြီးက အီးဒ်မလုပ်ပါနဲ့လို့ ကြေညာတာလဲ အပြစ်ပြောလို့ မရပါဘူး။
    ၃။ ကျွန်တော်တို့ ဘာကြောင့် ဒီအဖြစ်မျိုး ကြုံရတာလဲ။ ဒီကနေ့ မနက်မိုးလင်းကတည်းက ကျွန်တော့်ခေါင်းထဲမှာ ဒီမေးခွန်းပဲ ရှိနေပါတယ်။ ကျွန်တော်တို့ ဘာအပြစ်လုပ်မိသလဲ။ ကျွန်တော်တို့ ဘာမှားနေသလဲ။ ကျွန်တော်တို့ ဘယ်လောက်များ ကြီးလေးတဲ့ ပြစ်မှုတွေ ကျူးလွန်မိလို့ ခုလို မလုံမခြုံဘ၀ကို ရောက်ရတာလဲ။
    ကျွန်တော်ကိုယ်တိုင် ယခုအသက် ၅၀ ကျော်သည်အထိ ရာဇ၀တ်မှု တစ်စုံတစ်ရာကြောင့် ပြစ်ဒဏ်ကျခံခဲ့ဖူးခြင်း မရှိဖူးပါ။ နိုင်ငံသားကောင်းပီသစွာ တစ်သက်တာ နေထိုင်ခဲ့ပါတယ်။ မိဘကအစ ဆွေမျိုးသားချင်း အများအပြားဟာ နိုင်ငံ့ဝန်ထမ်းများ ဖြစ်ပြီး ရာဇ၀တ်မှု အမျိုးမျိုးနဲ့ ကင်းသူများ ဖြစ်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင် ကျွန်တော့်အသိုင်းအ၀ိုင်းမှာလည်း  ဥပဒေလေးစား လိုက်နာသူများ၊ ကောင်းရောင်း ကောင်းဝယ်  သမာအာဇီဝလုပ်ကိုင် စားသောက်သူများချည်း ဖြစ်ပါတယ်။ သူတို့အားလုံးလည်း ဒီကနေ့ မပျော်နိုင်ကြပါဘူး။
    ၄။ ဒီကနေ ဖြစ်နေတဲ့ အခြေအနေအရပ်ရပ်ဟာ ကျွန်တော် ယခုတင်ပြတဲ့ မသီတာထွေးအသတ်ခံရမှုကို အခြေခံပါတယ်။ မသီတာထွေး အသတ်ခံရတဲ့အတွက် တောင်ကုတ်မြို့မှာ အပြစ်မဲ့တဲ့ အစ္စလာမ်ဘာသာဝင် နိုင်ငံသား (၁၀)ဦး အသတ်ခံရပါတယ်။ အဲဒီအပြစ်မဲ့နိုင်ငံသား (၁၀) ဦးဟာ ရက်ရက်စက်စက် အသတ်ခံရပြီးနောက် မပြီးသေးဘဲ သူတို့အကြောင်း သတင်းစာမှာ ဖေါ်ပြရာမှာ “မူစလင်ကုလား” တွေလို့ ဒုတိယအကြိမ် ရက်ရက်စက်စက် အစော်ကား ခံကြရပါတယ်။  အပြစ်မဲ့ အသတ်ခံရသူတွေကို “မူစလင်ကုလား”တွေလို့ ရေးတာ သိပ်ရင့်သီးလွန်းပါတယ်လို့ တင်ပြတော့ “ပြည်တွင်းနေ မွတ်စလင်မ်များ” ဆိုပြီး ပြင်ပေးတယ်။ ပြည်တွင်းနေ မွတ်စလင်မ် ဆိုတဲ့ စကားရဲ့ အဓိပ္ပါယ်က စဉ်းစားကြည့်ရင် “မူစလင်ကုလား” ဆိုတာထက် ပိုပြီး ဆိုးရွားပါတယ်။ အပြစ်မဲ့ ရက်ရက်စက်စက် အသတ်ခံရပြီးတဲ့နောက်မှာ မြန်မာနိုင်ငံသား (၁၀)ဦးဟာ “နိုင်ငံမဲ့တွေ” အဖြစ် ကြေညာခံရတယ်လို့ ကျွန်တော်တို့ အဓိပ္ပါယ် ကောက်လို့ ရပါတယ်။ တတိယမြောက် ရက်စက်စော်ကားခံရတာပါ။
    ဒီလိုလူဗိုလ်ပုံအလယ်မှာ အပြစ်မဲ့တဲ့လူ(၁၀)ယောက်၊ (၁၁)ယောက်ကို မျက်မြင်သက်သေမရှိအောင် သတ်နိုင်ခြင်းဟာ နောက်ပိုင်း ယနေ့ ထိ လူစုလူဝေးနဲ့  အနိုင်ကျင့် လုယက်သတ်ဖြတ်မှုတွေကို လက်ရဲဇက်ရဲဖြစ်အောင် မီးစိမ်းပြလိုက်ခြင်းသာ ဖြစ်တယ်လို့ ဆိုရင် ဘယ်သူမှငြင်းနိုင်မှာ မဟုတ်ပါဘူး။ ဒီအမှုရဲ့  တရားခံအစစ်အမှန်တွေနဲ့  နောက်ကွယ်က သွေးထိုးလှုံ့ ဆော်သူတွေကို တရားခွင် မတင်နိုင်မခြင်းလည်း ရခိုင်ပြည်ဟာ အေးချမ်းမှာ မဟုတ်ပါဘူး။ ဒီလိုဘဲ ကျွန်တော်အနေနဲ့  တိတိကျကျ ယုံကြည်လို့  သမ္မတကြီးထံ တင်ပြတောင်းဆိုနေခြင်းဖြစ်ပါတယ်။
    ၇။ ဒီအမှုနှစ်ခုကို  ပြန်လည်စစ်ဆေးတဲ့အတွက် ရရှိမဲ့အကျိုးရလဒ်တွေကို  ကျွန်တော်နေတဲ့ အကျယ်တ၀ံ့ရေးလိုလှပါတယ်။ ဒါပင်မဲ့ သမ္မတကြီးရဲ့ တန်ဖိုးရှိလှတဲ့ အချိန်နာရီ မိနစ်တွေကို ထောက်ထားပြီး  ဒီမျှဘဲ တင်ပြလိုက်ပါတယ်။
    ၉။ တပြိုင်နက်မှာဘဲ ဒီအမှုတွေကို ပြန်လည် စစ်ဆေးပြီး လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ မပြုမချင်း၊ တခြားတိုင်းနဲ့ ပြည်နယ်များမှာ နေထိုင်ကြတဲ့ ကျွန်တော်တို့ မြန်မာမွတ်စလင်မ်များဟာလည်း သမ္မတကြီး ဦးဆောင် တည်ထောင်တဲ့ ဒီမိုကရက်တစ် လူ့ဘောင်ကြီးထဲမှာ အားကိုးရာမဲ့ မျက်နှာငယ်ရတဲ့ ဘ၀၊ လုံခြုံမှု မရှိတဲ့ ကျီးလန့်စာစားဘ၀၊ မျှော်လင့်ချက်မဲ့ အနာဂတ် ပျောက်ဆုံးတဲ့ဘ၀များနဲ့ ဆက်လက်ရင်ဆိုင်ကြရဦးမှာဘဲ ဆိုတာကို ၀မ်းနည်းကြေကွဲစွာ အသိပေးတင်ပြလိုက်ရပါတယ်။
                                                                                           လေးစားစွာဖြင့်
                                                                                            ကျော်ဦး
                                                                                     EMDY -၃၅၁၉၁၇
                                                                 အမှတ်(၂၃၂) ၈၃လမ်း၊ ၂၇x၂၈လမ်းကြား မန္တလေးမြို့
                                                                 ခေတ္တ- အမှတ်(၁၀၃) ၊ ၅ရပ်ကွက် ၊ ရကက(၃)
                                                                            ပြင်ဦးလွင်မြို့
  • လှိုင်းဘွဲ့၊ ပိုင်ကျုံမြို့နယ်ခွဲရှိ မွတ်စလင်ရွာများ လုံခြုံရေး အခြေအနေစိုးရိမ်ရ
    လှိုင်းဘွဲ့၊ ပိုင်ကျုံမြို့နယ်ခွဲရှိ မွတ်စလင်ရွာများ လုံခြုံရေး အခြေအနေစိုးရိမ်ရ
    နိုဝင်ဘာ ၂၄ ၊ ၂၀၁၂
    M-Media
    အစ္စလာမ်ဘာသာဝင် မွစ်စလင် အများစုနေထိုင်ရာ ကရင်ပြည်နယ် လှိုင်းဘွဲ့ မြို့နယ် ပိုင်ကျုံမြို့နယ်ခွဲရှိ အလီမွလ္လဟ် ( မိုးနိုင်း တောင်ပိုင်း) ကျေးရွာအား နိုဝင်ဘာလ ၂၃ ရက်နေ့ ပိုင်ကျုံကထိန်ပွဲအပြီးတွင် မီးရှို့ဖျက်ဆီးမည်ဟု သတင်းများ ထွက်ပေါ်ခဲ့သဖြင့် ပိုင်ကျုံမြို့မ ရဲစခန်းမှ ဗလီနှင့် အနီးတ၀ိုက်တွင် လုံခြုံရေးအစောင့် လေးငါးဆယ်ယောက် ချထားပေးခဲ့ကြောင်း ဒေသခံတစ်ဦးမှ တယ်လီဖုန်းဖြင့် ပြောကြားခဲ့ပါတယ်။
    မေး။ ။ အတ်စလားမုအားလိုင်းကွန်
    ဖြေ။ ။ဝါအလိုင်းကူမွတ်စ္စလာမ်
    မေး။ ။ ဦးလေးအလီမွလ္လာ ရွာအခြေအနေဘယ်လိုဖြစ်တာလဲ နည်းနည်းလောက်ပြောပြပါဦး
    ဖြေ ။ ။ ရွာအခြေအနေကတော့သိပ်မကောင်းဘူး
    မေး။ ။ ဘယ်လိုဖြစ်တာလဲဦးလေး နည်းနည်းလောက်ပြောပြပါဦး
    ဖြေ ။ သူတို့ကရွာကိုမီးရှို့မယ်ဖျက်စီးမယ်ကုလားတွေကိုတစ်ယောက်မှမထားဘူးပြောနေတာ
    မေး။ ။ သူတို့တွေလို့ဦးလေးပြောတာ ဘယ်သူတွေလဲ ဘာကြောင့်မီးရှို့ကြမှာလဲ
    ဖြေ ။ ။ ကရင်တွေပေါ့ ဘာကြောင့်လဲတော့မသိဘူး
    မေး ။ ။ ကရင်တွေဆိုတာ ဒေသခံရိုးရိုးကရင်တွေလား ဒါမှမဟုတ်လက်နက်ကိုင် စစ်သားကရင်တွေလား
    ဖြေ။ ။ အဲလိုတော့ခွဲလို့မရဘူး သူတို့တွေကတူတူပဲ အားလုံး လက်နက်ရှိတာပဲ
    မေး။ ဦးလေးပြောချင်တာ ကရင်တိုင်းမှာ စစ်သားဟုတ်သည်ဖြစ်စေမဟုတ်သည်ဖြစ်စေ လက်နက်ကိုင်ဆောင်နေကြတာပေါ့ အဲလိုလား
    ဖြေ ။ ။ ဟုတ်တယ်လေ သူတို့အားလုံးသေနပ်ရှိတယ် သေနပ်ကိုင်တယ် ဘယ်ကောင်ကစစ်သားလည်း အရပ်သားလည်းဆိုတာ မသိဘူး အားလုံးက သေနပ်ကိုင်တာပဲ
    မေး ။ ။ အခုလိုရွာကို မီးရှို့ဖျက်ဆီးမယ်ဆိုတာ ဘာကြောင့်လို့ဦးလေးထင်လဲ
    ဖြေ။ ။ဘာကြောင့်ရယ်တော့မဟုတ်ဘူး အရင့်အရင်ကလည်း ဒီအတိုင်းပဲလေမွတ်စလင်တွေရွာတွေကိုမီးရှို့နေတာ အခုလည်း ဒီရွာကို ကရင်ရွာတွေဝိုင်းထားတဲ့ရွာလေ အဲဒါကြောင့်သူတို့က မွတ်စလင်တွေကို မရှိစေချင်တာ မီးရှို့ဖျက်ဆီးချင်တာပေါ့
    မေး။ ။ ဦးလေးတို့ရွာမှာ ဦးလေးတို့ ဘိုးစဉ်ဘောင်ဆက် နေထိုင်လာကြတာမဟုတ်လား ဘယ်လိုဖြစ်လို့အခုမှ ရွာကိုမီးထရှို့မယ်ဖြစ်လာရတာလဲ အဲဒါဦးလေး ဘယ်လိုမြင်လဲ
    ဖြေ ။ ။ ဟုတ်တယ် ဦးလေးတို့က ကရင်တွေပဲ အစ္စလာမ်ကို လက်ခံလိုက်လို့မွတ်စလင်ဖြစ်လာတာ အရင်တုန်းကပြဿနာ မရှိဘူးဆိုပေမယ့် အခုမှပြဿနာရှိလာတာ ဘားအံမှာ ဘုန်းကြီးတွေက ကုလားတွေကို သုတ်သင်ရမယ် ဘာညာစည်းဝေးပွဲလုပ် စာရွက်တွေဖြန့်ပြီးမှ အခုလို ရွာကိုမီးရှို့မယ်ဖြစ်လာတာ
    မေး ။ ။ ရွာကိုမီးရှို့ဖျက်ဆီးမယ်ဆိုတာ ဘယ်တုန်းကသတင်းထွက်လာတာလဲ ဘယ်နေ့လောက်မီးရှို့ဖျက်ဆီးမယ်ကြားလဲ
    ဖြေ။ ။သိပ်မကြာသေးဘူး တစ်ပတ်လောက်ပဲရှိမယ် ပိုင်ကျုံကထိန်ပွဲပြီးရင်
    မေး ။ ။ ဦးလေးတို့အနေနဲ့ အဲလိုသတင်းတွေကြားနေတော့ အာဏာပိုင်တွေ ရဲစခန်းတွေဘာတွေအကြောင်းမကြားဘူးလား
    ဖြေ။ ။အကြောင်းကြားတယ် ပိုင်ကျုံရဲစခန်းကရဲတွေတော့ ဗလီအနားမှာ လေးငါးဆယ်ရောက် တွေ့တယ်လုံခြုံရေးချထားတယ်
    မေး။ ။ ရဲလေးငါးဆယ်ရောက်လောက်နဲ့ လုံခြုံရေးချထားတယ်ဆိုတော့ လုံဝ လုံခြုံသွားပြီ မဖြစ်လာနိုင်တော့ဘူးလို့ ဦးလေးတို့ထင်သလား
    ဖြေ ။ ။ မဖြစ်သေးတာပဲရှိတယ် မဖြစ်လာနိုင်ဘူးလို့ပြောလို့မရဘူး ဒီရဲလေး လေးငါးဆယ်ရောက်က သူတို့မျက်စီထဲ ရှိတာမဟုတ်ဘူး သူတို့မလုပ်သေးလို့သာ သူတို့လာလုပ်ရင်ရဲ မပြောနဲ့ စစ်တပ်တောင် လက်ပိုက်ကြည့်ရတဲ့အဖြစ်အပျက်တွေ
    အများကြီးဖြစ်သွားတာပဲ
    မေး ။ ။ သူတို့က ပိုင်ကျုံကထိန်ပွဲပြီးရင်မီးရှို့ဖျက်ဆီမယ်လို့သတင်းဖြန့်ထားတယ်မဟုတ်လား အခုပိုင်ကျုံကထိန်ပွဲပြီးသွားပြီလား
    ဖြေ။ ။ အင်းဟုတ်တယ် ပိုင်ကျုံကထိန်ပွဲက ပြီးသွားပြီ ဒီနေ့အထိတော့ ဘာမှထူးခြားမှုမရှိသေးဘူး ။
    မေး။ ။ ဒါဆိုရင် ရွာခံမွတ်စလင်တွေကရော မီးရှို့ဖျက်ဆီးမှာကို အခုထိစိုးရိမ်မှုရှိကြသေးလား
    ဖြေ။ ။ ရှိတာပေါ့ ဒီကောင်တွေက အချိန်မရွေးဝင်ပြီးမီးရှို့ ဖျက်ဆီးနိုင်တယ်လေ အခုဆိုရင်ဘယ်မှတောင် မသွားရဲကြဘူး ရွာမှာဘဲနေကြတယ် ။
    မေး။ ။ ဒါဆိုရင်ဦးလေးတို့ဘဝဟာ အခုအဲဒီရွာမှာ နေရတာ လုံခြုံရေးမရှိဘူး တရားဥပဒေစိုးမိုးရေးမရှိဘူးလို့ပြောချင်တာလား
    ဖြေ။ ။ ဟုတ်တယ်လေ ဘာတရားဥပဒေလဲ ဒီကကောင်တွေက သူငယ်တန်းတောင်နေဖူးကြတာ မဟုတ်ဘူး ဘာစာမှလည်း မတတ်ဘူး သူတို့အတွက် တရားဥပဒေလည်း မရှိဘူး သူတို့မှာသေနပ်ပဲရှိတယ် ဦးလေးတို့က သူတို့နဲ့ပြဿနာ မဖြစ်ရအောင် သီးခံပြီးနေလာတာ ဆယ်စုနှစ် တစ်ခုတောင်ကျော်နေပြီ အခုလည်း ဦးလေးတို့က သူတို့ကိုဘာမှပြဿနာလုပ်တာ မဟုတ်ဘူး သူတို့ဖာသာ ပြဿနာလာရှာတာ
    မေး။ ။ ပိုင်ကျုံမှာ နယ်ခြားစောင့်တပ် BGA တွေချထားတယ်မဟုတ်လား သူတို့ကိုရောအကူညီသွားမတောင်းကြည့်ဘူးလား
    ဖြေ။ ။ သွားတောင်းတယ် သွားပြောပြတယ် သူတို့က ဦးလေးတို့ကပဲ ကောလဟာလသတင်းတွေပြောနေတယ်ဆိုပြီး ပြဿနာပြန်လုပ်နေတယ်
    မေး။ ။ နယ်ခြားစောင့်တပ်တွေက ကောလဟာလလို့ပြန်ပြောပြီး ဘာကြောင့် ပြည်သူ့ရဲတွေက လေးငါးဆယ်ရောက် ဗလီအနားမှာလုံခြုံရေးချထားပေးရတာလဲ
    ဖြေ။ ။ အဲဒါတော့မသိဘူး ရဲကတော့ လာစောင့်ပေးတယ် နယ်ခြားစောင့်ကတော့မလာဘူး
    မေး။ ။ အခုလိုဖြေကြားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဦးလေ အတ်စလားမုအာလိုင်းကွန်မ်
    ဖြေ။ ။ဝါအလိုင်းကူမွတ်စလာမ်။
    ယခင်နအဖ အစိုးရလက်ထက်တွင်ပထမအကြိမ်အဖြင့် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ မွတ်စလင်ရွာဖြစ်ခဲ့သည့်(ကစို)ရွာရှိ မွတ်စလင်မ်များအား မတရားသတ်ဖြတ်ကာ ဗလီကိုပါဖျက်ဆီး၍ မွတ်စလင်များအား ရွာမှနှင်ထုတ်ခဲ့ပြီး မွတ်စလင်ကုလားများ ကစိုရွာသို့ မဝင်ရ စာတမ်းအား ရွာအဝင်တွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။ ယ္ခုလက်ရှိ ကရင်လူမျိုး ဗုဒ်ဓဘာသာဝင်များ အခြေချနေထိုင်လျက်ရှိသည် ယင်းကစိုရွာသည် ပိုင်ကျုံမြို့ မရောက်ခင် ၁ မိုင် ၇ ဖာလုံ နှစ်မိုင်ဝင်းကျင်ပိုင်ကျုံမြို့နှင့် အကွာအဝေးရှိသည်။
    ယခင်နအဖအစိုးရလက်ထက်တွင်ဒုတိယအကြိမ်အဖြစ် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်ပိုင် မြိုင်ကြီးငူအထူးဒေသအနီး ကမမောင်းမြို့နှင့် သံလွင်မြစ်တဖက်ကမ်းခြား သခွက်ဖိုးကျေးရွာရှိ မွတ်စလင်များအားလည်း အကြောင်းမဲ့ မတရားသဖြင့် သတ်ဖြတ်ခဲ့ကြ၍ ဗလီကိုပါဖျက်ဆီး ရွာလုံးကျွတ် မွတ်စလင်များအား ရွာမှနှင်ထုတ်ခဲ့ ကြပြီး မွတ်စလင်ကုလားများ သခွက်ဖိုးရွာမဝင်ရ နှင့် မွတ်စလင်ကုလားများ မြိုင်ကြီးငူအထူးဒေသ အတွင်းမဝင်ရ စာတမ်းများအား ရွာအဝင်များတွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။
    ယခင်နအဖအစိုးရ လက်ထက်တွင် တတိယအကြိမ်အဖြစ့် DKBA များနှင့် ကရင်ဗုဓ္ဒဘာသာဝင်များ အစိုးရစစ်တပ်များ ပါဝင်ပူးပေါင်း၍ လှိုင်းဘွဲမြို့နယ်ပိုင် လှိုင်းဘွဲမြို့နှင့် ၁ မိုင် ၇ ဖာလုံ နှစ်မိုင် ဝင်းကျင်ရှိ ကမော့ ကချူးကျေးရွာအားလည်း အကြောင်းမဲ့ အကြမ်းဖက် ဝင်ရောက်မီးရှို့ကာ မွတ်စ်လင်တို့၏ အိုးအိမ်စည်းစိမ်များ ပျက်စီးဆုံးရှုံး ခဲ့ရသည့်အပြင် မွတ်စလင်များ ပိုင်ဆိုင်ခဲ့သည် အိမ်၊ခြံ၊မြေရာများကိုလည်း ယ္ခုထိသိမ်းပိုက်ထားဆဲဖြစ်သည်။ ကမော့ကချုး ကျေးရွာမြောက်ပိုင်း ကော့ဝန်းကျေးရွာထိပ်မှာလည်း မွတ်စလင်ကုလားများ မဝင်ရဟု စာတမ်းအား ရွာအဝင်တွင် ချိတ်ဆွဲလျက်ရှိခဲ့သည် ။
    ယခင်နအဖအစိုးရ လက်ထက်မှ ယနေ့အစိုးသစ် လက်ထက်အထိ လှိုင်းဘွဲမြို့ပေါ်တွင်လည်း မကြာခဏ ဆိုသလို မွတ်စလင်ကုလားများနှင့် ပေါင်းသင်းဆက်ဆံခြင်းမပြုရ မွတ်စလင်ကုလားများ၏ဆိုင်များတွင် ဝယ်ယူစားသုံးခြင်း မပြုရ စသည့် လူမျိုးရေးဘာသာရေးအဓိကရုဏ်းဖြစ်အောင် လှုံဆော်မှု လက်ကမ်းစာရွက်များ ဖြန့်ဝေလျက်ရှိခဲ့သည် ၂၀-၁၁-၁၀၁၂ နေ့ကလည်း ထပ်မံဖြန့်ဝေလျက်ရှိခဲ့သည် လက်ရှိအစိုးရ အာဏာပိုင်များမှ တစ်စုံတစ်ရာ အရေးယူ ဆောင်ရွက်ခြင်းမရှိပါ။
  • အို-ဘားမားနဲ့ ဒေါက်တာအေးမွန်တို့ ပါဝင်သော တတိယလှိုင်း တစ်ခန်းရပ် ပြဇာတ်
    အို-ဘားမားနဲ့ ဒေါက်တာအေးမွန်တို့ ပါဝင်သော တတိယလှိုင်း တစ်ခန်းရပ် ပြဇာတ်
    နိုဝင်ဘာ ၂၄ ၊၂၀၁၂
    M-Media
    မောင်သမာဓိ
      DNRP ပါတီ ဥက္ကဌ ဒေါက်တာအေးမွန် ရုံးခန်းတွင် ဖုန်းသံမြည်လာ၏။ တီတီတီ…..
    Dr. AM        ။       ။ ဟဲလို…
    Secretary    ။       ။ ဟိုင်း…. အိမ်ဖြူတော် အတွင်းရေးမှူး စကားပြောနေပါတယ်။ အမေရိကန်သမ္မတ အို-ဘားမားက DNRP ဥက္ကဌ ဒေါက်တာ အေးမွန် နဲ့ စကားပြောချင်လို့ပါရှင့်။
    Dr. AM        ။       ။ ဟုတ်ကဲ့၊ ဒေါက်တာအေးမွန် ပြောနေပါတယ်။
    Secretary    ။       ။ ကျေးဇူးပြု၍ ဖုန်းကိုင်ထားပါရှင်။ သမ္မတကြီး စကားပြောပါတော့မယ်။
    O-burma     ။       ။ မင်္ဂံလာပါ ဒေါက်တာအေးမွန်။ ကျွန်တော် သမ္မတ အို-ဘားမားပါ။ မြန်မာနိုင်ငံရခိုင်ပြည်မှာ တတိယအကြိမ် လူမျိုးရေးအထိကရုံးထပ်ဖြစ်ရင် ကျွန်တော့်မှာ တာဝန်ရှိတယ်လို့ ဒေါက်တာအေးမွန်က  ပြောတဲ့အကြောင်း VOA အင်တာဗျူးတစ်ခုမှာ ကြားလိုက်လို့ပါ။
    Dr. AM       ။       ။ ဟုတ်ပါတယ်။ ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ သမ္မတကြီး အို-ဘားမား မိန့်ခွန်းပြောကြားရာမှာ ရခိုင်ပြည်မှ အစ္စလာမ်ဘာသာဝင်များကို ရိုဟင်ဂျာလို့ သုံးနှုံးခေါ်ဆို ခဲ့တဲ့ အတွက် ဘင်္ဂါံလီများကို မြှောက်ပေးသလိုဖြစ်တဲ့အပြင် ယ္ခင်ဖြစ်ခဲ့တဲ့ အကြမ်းဖက်မှု တွေကလည်း ရိုဟင်ဂျာ အသုံးအနှုံးကို ရခိုင်ဒေသခံများက မကြိုက်တာကြောင့် ဖြစ်ကြောင်း စုံစမ်းစစ်ဆေး တွေ့ရှိထားလို့ပါ။ ပွင့်ပွင့်လင်းလင်းပြောရရင် ရိုဟင်ဂျာ Ethnic Rights တောင်း မှာစိုးလို့ပါ။
                            ဒီနေ့ဘဲ ရခိုင်အမျိုးသားကွန်ကရက် (စမ်းချောင်း) က ဒီကိစ္စကို ကန့်ကွက်ကြောင်း အိပ်ဖွင့်ပေးစာ မစ္စတာ အို-ဘားမားထံ ပေးပို့လိုက်ပါတယ်။
    O-burma     ။       ။ ၂၃ နိုဝင်္ဘာံလ ၂၀၁၂ ရက်စွဲနဲ့ ကျနော့်ထံ ရခိုင်အမျိုးသားကွန်ကရက်က ပေးပို့ ထားတဲ့ အိပ်ဖွင့်ပေးစာထဲမှာ အင်္ဂံလိပ် မှတ်တမ်း (Record) တွေမှာ ရိုဟင်ဂျာဆိုတဲ့နာမည်ကို မတွေ့ ရဘူးလို့ ရေးထားတာကိုဖတ်လိုက်ရပါတယ်။ မှန်ပါတယ်။ လွတ်လပ်ရေး ရပြီးမှ ပေးတဲ့ အမည်ဖြစ်လို့ လွတ်လပ်ရေးရပြီးမှ ထုတ်ဝေတဲ့ စွယ်စုံ ကျမ်းနဲ့ မြန်မာ့အသံ နှစ် ၃၀ ခရီး စာအုပ်တွေမှာတော့ ရိုဟင်ဂျာ အမည်ကို ရေးထားတာ တွေ့ရတယ်လို့ ရန်ကုန်သံရုံးက မှတ်ချက်ရေးပေးလိုက်ပါတယ်။
    ကျနော့်နာမည် အိုဘားမားကို ကျနော့် အမေကပေးခဲ့ပါတယ်။ အေးမွန်ဆိုတဲ့ အမည်ကို ခင်ဗျား မိဘများက မှည့်ပေးခဲ့ပါလိမ့်မယ်။ DNRP ဆိုတဲ့ ပါတီအမည်ကို အဲ့ဒီပါတီဝင် တွေကသာ ဆုံးဖြတ်မှာဖြစ်ပါတယ်။ အရင်တုံးက မူဂျာဟေဒင် ခေါ်တဲ့လူမျိုးစု တစ်ခုဟာ ၁၉၄၈ ခုနှစ်က စစ်တွေမြို့ အလယ်သံကျော် ကျေးရွာမှာ Conference တစ်ခု ကျင်းပပြီး သူတို့လူမျိုးစု အမည်ကို ရိုဟင်ဂျာလို့ သူတို့ကိုယ်တိုင် အမည်ပေးခဲ့တာကို ကျနော်သိထားလို့ သူတို့ကြိုက်တဲ့ အမည်ကို ခေါ်လိုက်တာပါ။
    Dr. AM       ။       ။ ကောင်းပြီ။ ဒါဆိုရင် ဒေါ်အောင်ဆန်းစုကြည်အိမ်မှာ လုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ကျနော်တို့နိုင်ငံရဲ့ အမည်ကို ဘာဖြစ်လို့ Myanmar လို့မခေါ်ဘဲ Burma လို့ ခေါ်ရတာလဲ။
    O-burma     ။       ။ ကျနော်လေးစားရတဲ့ အောင်ဆန်းစုကြည်ကလည်း Burma လို့ဘဲခေါ်တယ်လေ။ နောက်တစ်ချက်က ခင်ဗျားတို့ နိုင်ငံရဲ့ အမည်ကိုရွေးကောက်ခြင်းမခံရတဲ့ အာဏာသိမ်း လူတစ်စုက ပြည်သူအများစုရဲ့ Consensus မပါဘဲ( အင်္ဂံလိပ်လို) Myanmar လို့ ပြောင်းထားတာ ဖြစ်လို့ပါ။ ဒါပေမဲ့ ပါလီမန်ခေတ်ကပင် ရှိခဲ့တဲ့ မြန်မာလိုအမည်ကိုတော့ Burmese language နဲ့ကျနော်ခေါ်ခဲ့ပါတယ်။
    ဒါပေမဲ့ ခင်ဗျားမုန်းတဲ့ လူမျိုးစုအမည်ကို သူတို့ ကြိုက်နှစ်သက်တဲ့ အတိုင်း ရိုဟင်ဂျာ လို့ခေါ်ရုံနဲ့ တတိယအကြိမ် လူမျိုးရေးအထိကရုံး ထပ်ဖြစ် မယ်တော့မထင်ပါဘူး။
    Dr. AM       ။       ။ အမေရိကန် သမ္မတ ကိုယ်တိုင် အတိတ်ကာလက မဲပေးခွင့် မရှိတဲ့ မိသားစုက ဆင်းသက် လာတာပါလို့ ပြောလိုက်တဲ့အချက်က နောင်တချိန်ကျရင် ရိုဟင်ဂျာတွေမှာလည်း မြန်မာနိုင်ငံရဲ့ သမ္မတ ဖြစ်ခွင့် ရှိရမယ်လို့ တောင်းဆိုပေးသလိုဖြစ်လို့ ရိုဟင်ဂျာတွေ လူ့အခွင့်အရေး လောဘတက်ပြီး တတိယလှိုင်းဖြစ်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။
    O-burma     ။       ။ ခင်ဗျားပြောတာက ခန့်မှန်းတာနဲ့မတူဘူး။ တတိယလှိုင်းကို ခင်ဗျားကိုယ်တိုင် ဦး ဆောင်မှာဖြစ်လို့ ကြိမ်းသေဖြစ်လာမဲ့ပုံပေါက်နေတယ်။ ဒါပေမဲ့ ခင်ဗျားပြောတဲ့ အတိုင်းလဲ ဖြစ်လာမယ်၊ သမ္မတ သိမ်းစိန်ကလည်း ဒီတတိယလှိုင်းနဲ့ပတ်သက်လို့ ကျနော် အို-ဘားမားမှာ တာဝန်ရှိတယ်လို့ တရားဝင်ကြေငြာရင် မြန်မာပြည်သူတွေအတွက် စိတ်မပူပါနဲ့၊.
    Don’t worry! အမိမြေလုံခြုံရေးတပ်တွေ လွှတ်ပေးပါ့မယ်။ လူမျိုးစုနှစ်ခုစလုံးရဲ့ အသက် အိုးအိမ် စည်းစိမ်တွေကို အကာအကွယ်ပေးမဲ့အပြင်၊ ဒေသတွင်း ပြန်လည် ထူထောင် ရေး လုပ်ငန်းတွေကိုလည်း လုပ်ပေးမယ်။ အကြမ်းဖက်သူတွေနဲ့ နောက်ကွယ်က ကြိုးကိုင် ဖန် တီး နေသူတွေကိုပါ မိအောင်ဖမ်းပေးပါ့မယ်။ ဒေသတွင်းတည်ငြိမ်မှုရမှ ကုလသမဂ္ဂ ငြိမ်းချမ်း ရေး တပ်တွေနဲ့ အစားထိုးပြီး ကျနော့်တပ်တွေကို ပြန်ရုပ်သိမ်းပါ့မယ်။ တရားခံတွေ စာရင်း ထဲမှာ ခင်ဗျားမပါ ပါစေနဲ့လို့ ဆုတောင်းပေးပါတယ်။
    Dr. AM       ။       ။ ဒါ…ဒါ…ဒါ… တော့မဖြစ်နိင်ဘူး။ မြန်မာနိုင်ငံဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံဖြစ်လို့ နိုင်ငံခြားတပ်တွေလက်ခံလို့မရဘူး။ တရုပ်တပ်တွေ ကပါ ကချင်ပြည်နယ်ကို ငြိမ်းချမ်းရေးရအောင် ဝင်ထိန်းမယ်ဆိုရင် ကျုပ်တို့နိုင်ငံ ငါးပါးမှောက်ပြီ။
    O-burma     ။       ။ ခင်ဗျားတို့နဲ့ အိမ်နီးနားချင်း နိုင်ငံဖြစ်တဲ့၊ တစ်ချို့တွေက နေပြည်တော်အလုပ်ရုံ ဆွေးနွေးပွဲမှာ ခင်ဗျားမိဘများရဲ့ မူရင်းနိုင်ငံလို့ စွပ်စွဲထားတဲ့ ဘင်္ဂံလားဒေ့ရှ်မှာ မရှေးမနှောင်း ဖြစ်ခဲ့တဲ့ ဘာသာရေးအထိကရုံးကို စစ်သားလူထွက် မဟုတ်တဲ့ ဝန်ကြီးချုပ်ရှိတ်ဟာစီနားဟာ အမျိုး သမီးဖြစ်ပေမဲ့ နိုင်နိုင်နင်းနင်း ကိုင်တွယ်နိုင်တာကို တွေ့ရတယ်။ ဒုတိယ၊ တတိယ လှိုင်း တွေ ဖြစ်တာလည်း မတွေ့ရဘူး။ ဗုဒ္ဓဘာသာဝင်ဒုက္ခသည်တွေကို ရှိတ်ဟာစီနာပြောတဲ့ မိန့်ခွန်း ကိုလည်း မြန်မာနိုင်ငံပိုင် သတင်းစာနဲ့ မီဒီယာတွေမှာ ဖေါ်ပြတာမတွေ့ရဘူး။ ဘာကြောင့်လဲ။
    Dr. AM       ။       ။ ဒေါ်အောင်ဆန်းစုကြည် အမေရိကန် နိုင်ငံ လော့စ်အိမ်ဂျယ်လိစ်မှာ ပြောခဲ့ဘူးသလို ပြောရရင် This question is purely hypothetical. Let it be practical. လက်တွေ့ကျကျ လက်ရှိအုပ်ချုပ်နေတဲ့ အစိုးရအကြီးအကဲဖြစ်တဲ့ သမ္မတကြီး ဦးသိမ်းစိန်ကို ရန်ကုန်မှာ ခင်ဗျားကိုယ်တိုင်မေးခဲ့ရမဲ့ မေးခွန်းဖြစ်ပါတယ်။
    O-burma     ။       ။ ထားပါတော့လေ။ မဖြစ်သေးတဲ့ ရခိုင်ရိုဟင်ဂျာ အထိကရုံး တတိယလှိုင်းက ကျနော် အို-ဘားမားရဲ့တာဝန်ဆိုရင် ဖြစ်ပြီးတဲ့ တောင်ကုတ်မှာ နေ့ခင်းကြောင်တောင် လူ ၁၀ ဦး အကြမ်း ဖက်လူအုပ်စု တစ်ခုရဲ့အသတ်ခံရမှု အပြင် ပထမနဲ့ ဒုတိယလှိုင်းတွေအတွက် ဘယ်သူတွေမှာ တာဝန်ရှိပါ သလဲ။
    Dr. AM       ။       ။ ခင်ဗျားလူမှားပြီးမေးနေ ပြန်ပြီ။ တကယ်တော့ ဒီမေးခွန်းကလည်း သမ္မတ ဦးသိမ်းစိန်နဲ့ ရခိုင်ပြည်နယ်အစိုးရကို မေးမှ လက်တွေ့ကျပါမယ်။
    O-burma     ။       ။ တကယ်တန်းပြောရမယ်ဆိုရင် ဟီလာရီ ကလင်တန် ပထမတစ်ခေါက် ရန်ကုန်ကို သွားစဉ်ကပင် ဒီပဋ္ဋိပက္ခတွေ မကြာမီဖြစ်လာတော့မဲ့ (Red Flag  sign) လက္ခဏာတွေ တွေ့ခဲ့ ရပါတယ်။ ရခိုင်ပြည်နယ် စာပေနဲ့ယဉ်ကျေးမှုအဖွဲ့ (ရန်ကုန်) ဥက္ကဌ ဒေါ်စောခင်တင့် လက်မှတ် ရေးထိုးပြီး ဟီလာရီကလင်တန်ထံ ပေးပို့ခဲ့တဲ့စာထဲမှာ ရခိုင်ပြည်မှာနေတဲ့ ရိုဟင်ဂျာ များကိုသာ မက တစ်နိုင်ငံလုံးမှာ နေထိုင်တဲ့ မွတ်ဆလင်များကို အဆိုးမြင်ပြီး၊ ရခိုင်ကို ပါလက်စတိုင်း ဒေသနဲ့ နှိုင်းယှဉ်ရေးသားထားတာကိုလည်း ဖတ်ရပါတယ်။
                            အဲဒီအချိန်ကစလို့ ရခိုင်နဲ့ ဘင်္ဂံလာရီ ရိုဟင်ဂျာသမိုင်းကို လေ့လာထား ပါတယ်။ ဒီ့အပြင် ရန်ကုန်မြို့ အမေရိကန် သံရုံးကပေးပို့တဲ့သတင်းအရ သမ္မတ သိမ်းစိန်က ခင်ဗျားတို့ ရခိုင်ပါတီ နှစ်ခုကို နှစ်ကြိမ်တိတိ ခေါ်ယူတွေ့ဆုံပြီး၊ မေတ္တာရပ်ခံသလိုနဲ့ သတိပေး ခဲ့တယ်။ သမ္မတ သိမ်းစိန် လွှတ်တော်ကို ပေးပို့တဲ့ သဝဏ်လွှာမှာ ကွန်ပြူတာမှားပြီး ပါလာ တယ်ဆိုတဲ့ ပူးတွဲပါသတင်းဖြစ်စဉ်မှာလည်း ရခိုင်အစွန်းရောက်တွေနဲ့ နောက်ကွယ်က ပါတီ တွေကိုဘဲ တာဝန်မကင်းကြောင်း ဖေါ်ပြထားတယ်မဟုတ်လား။ ဒါပေမဲ့ နောက်ကွယ်က အို-ဘားမားနဲ့ CIA ပါတယ်လို့ ဗမာအစိုးရ အစဉ်အဆက် ထုံးစံအတိုင်း မပြောလို့ ကျနော်ကတော့ စိတ်အေးရပါတယ်။
    Dr. AM       ။       ။ ရခိုင်ပါတီတွေကို ခေါ်တွေ့တာက ဒေသတွင်း တည်ငြိမ်အောင် ပူးပေါင်း ဆောင်ရွက် ဖို့ မေတ္တာရပ်ခံတာသာဖြစ်ပါတယ်။ အခုကျင်းပနေတဲ့လွှတ်တော်မှာ ပထမ မှားတင်တဲ့ ပူးတွဲပါ သတင်းဖြစ်စဉ်ကို ရုပ်သိမ်းပြီး အသစ်တစ်ခုနဲ့ အစားထိုးလိုက်ပါတယ်။
    O-burma     ။       ။ ကျနော့်သံအမတ်ကြီး ဒဲရစ်မစ်ချဲကို ရခိုင်ပြည်နယ်ကို လွှတ်ပြီး လေ့လာ ခိုင်းထားပါတယ်။ သူပြောတာက ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှု၊ လုံခြုံရေး၊ တရားစီရင်ရေးနဲ့ ဥပဒေစိုးမိုးရေးတွေမှာ တော်တော်အားနည်းတယ်လို့ပြောပါတယ်။ လုပ်ပိုင်ခွင့် မရှိလို့လား။
         ကျနော်ကတော့ ပြည်နယ်အစိုးရ အဖွဲ့အတွင်းမှာ ဒေသခံရိုဟင်ဂျာတွေမပါတဲ့ အတွက် Power Balance မဖြစ်ဘဲ တဖက်သတ် စောင်းနေတယ်လို့ မြင်ပါတယ်။
                            မြန်မာအစိုးရ ထောက်ခံအတည်ပြုထားတဲ့ အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်း အပိုဒ်၂၁ မှာ လူတိုင်းသည် မိမိနိုင်ငံ၏ အုပ်ချုပ်ရေး၌ ကိုယ်တိုင်ဖြစ်စေ၊ လွတ်လပ်စွာ ရွေးချယ်လိုက်သည့် ကိုယ်စားလှယ် များမှ တဆင့်ဖြစ်စေပါဝင်ဆောင်ရွက်နိုင်ခွင့် ရှိသည်လို့ ပါတယ်မဟုတ်လား။
    Dr. AM       ။       ။ မှန်ပါတယ်။ ဒါပေမဲ့ ရခိုင်သမိုင်းအရ ဒေသခံမဟုတ်တဲ့အပြင် နိုင်ငံသား မှတ်ပုံတင်မရှိတဲ့   ကျူးကျော် အခြေချ နေထိုင်သူတွေကို ပြည်နယ်အစိုးရအဖွဲ့မှာ ထည့်သွင်းဖွဲ့စည်းလို့ မရနိုင်ပါဘူး။
    O-burma     ။       ။ နယ်စပ်ဝန်ကြီး ဦးသိန်းဌေးက ရခိုင်ပဋ္ဋိပက္ခဟာ လူမျိုးဆွဲ၊ အယူဝါဒစွဲ နဲ့ သမိုင်း အစွဲ တွေကြောင့်ဖြစ်တယ်လို့ ဝေါဟာရ အသစ်နဲ့ နောက်ဆုံး သုံးသပ်ထားတော့ နှစ်ဖက်စလုံးမှာ လုံလောက်တဲ့၊  ခိုင်လုံတဲ့ သမိုင်းအထောက်အထားတွေကို ရှာဖွေတွေ့ ရှိသွားပုံရတယ်။
                            သမ္မရုံး ဝန်ကြီး ဦးစိုးသိန်းကလည်း ရိုဟင်ဂျာဆိုတဲ့ နာမည်ကိုသာ လက်မခံနိုင်ပေမဲ့ လူတွေကတော့ လွတ်လပ်ရေးမရခင် ကတည်းက လာရောက် အခြေချ နေထိုင်သူတွေ ဖြစ်လို့ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုဘဲ တတိယနိုင်ငံကို ဥပဒေမဲ့ ပို့လို့ မရဘူးလို့ အမေရိကန် မြေပေါ်မှာ အဲဒီနှစ်ယောက်စလုံးက ပြောသွားသေးတယ် မဟုတ်လား။ ဒီလိုဆိုရင် ရိုဟင်ဂျာ တွေကို လူမျိုးအမည် နေရာမှာ ကွက်လပ်ထားပြီး နိုင်ငံသားအဖြစ် အသိအမှတ် ပြုပေးလို့ မရနိုင်ဘူးလား။
    Dr. AM       ။       ။ ရိုဟင်ဂျာတွေကို Refugee Camp မှာ ထားပြီး တတိယ နိုင်ငံကိုပို့မယ်ဆိုတဲ့ စကားကို သမ္မတ ဦးသိမ်းစိန်က စပြီးပြောခဲ့တာပါ။
    တတိယနိုင်ငံကို ပို့လို့မရတော့ဘူးလို့ဆိုကာမှ ရိုဟင်ဂျာတွေက တစ်စခန်း ထနေ ကြတယ်။ သူတို့ကိုထုတ်ပေးမဲ့ နိုင်ငံသားကဒ်မှာ လူမျိုးအမည်ကို ရိုဟင်ဂျာလို့ အသိအမှတ် ပြုမှ လဝကထံ စားရင်းသွင်းမယ်လို့ ပြောနေကြတယ်။ ဒါမှမဟုတ်ရင် ဒုက္ခသည် အဖြစ် သတ်မှတ်ပြီး တတိယ နိုင်ငံတစ်ခုခုကို မရောက်၊ ရောက်အောင် ဆက်ဆက် ပို့ပေးပါလို့ တောင်းဆိုနေကြတယ်လေ။ အထူးသဖြင့် ပိုပြီးလွတ်လပ်တဲ့ အမေရိကန်နိုင်ငံကိုပေါ့။
    O-burma     ။       ။ ဟား… ဟား…ဟား (အိုဘားမားရယ်သံ)။ တတိယနိုင်ငံကို သွားဖို့ ကုန်ကျ စားရိတ် က လူတစ်ဦးအတွက် မြန်မာငွေ ကျပ် သိန်း ၂၀ လောက်ရှိတယ်လို့ ကျနော်သိထားပါတယ်။   DV lottery နဲ့ မြန်မာအယောက် ၃၀၀ လောက်နှစ်စဉ် ဗီဇာထုတ်ပေးနေပါတယ်။
    ဒါဆိုရင် သူတို့တွေဟာ ရေကြည်ရာ မြက်နုရာ လာရောက် အခြေချနေထိုင်သူများသာ ဖြစ်ပြီး ခင်ဗျားတို့ရဲ့ နယ်မြေတွေကို ခင်ဗျားတို့ စွပ်စွဲသလို ကျူးကျော် သိမ်းပိုက် လိုသူများ မဟုတ်တာ တော့ကြိမ်းသေတာပေါ့။
    ဒီ့အပြင် ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး အုပ်ချုပ်ရေး လုပ်ငန်း တွေမှာ ပါဝင်ခွင့်ပေးမယ်ဆိုရင် တတိယလှိုင်းကို ကာကွယ်ပြီးလည်း ဖြစ်သွားမယ်။ မကောင်း ဘူးလား။ All inclusive ပေါ့။ တစ်ခြားရော ဘယ်လိုနည်းတွေနဲ့ ကာကွယ်ဘို့ စဉ်းစားထားလဲ။
    Dr. AM               ။       ။ ဘာတွေလုပ်ရင် ကောင်းမလဲ။ မစ္စတာ အိုဘားမား အနေနဲ့ အကြံပြုကြည့်ပါဦး။
    O-burma     ။       ။ Good question! ကျနော် အကြိုက်ဆုံး မေးခွန်းကို မေးတဲ့အတွက် ကျေးဇူး တင်ပါတယ်။ မြန်မာနိုင်ငံသမ္မတ မဟုတ်ပေမဲ့ လက်တွေ့ကျကျ ဖြေပါ့မယ်။
    ပထမဆုံးလုပ်ရမယ့် အလုပ်က ပြည်သူလူထု လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးဘဲ ဖြစ်တယ်။ နှစ်ဖက်ပြည်သူတွေရဲ့ အသက်အိုးအိမ်နဲ့ ဥစ္စာပစ္စည်းတွေကို အမှန်တကယ် အကာအကွယ်ပေးပြီး လူထုရဲ့ အစိုးရအပေါ်ယုံကြည်မှုကို ပြန်လည်တည်ဆောက်ရမယ်။
    ဒုတိယအရေးကြီးဆုံးက ကယ်ဆယ်ရေး လုပ်ငန်းတွေကို မြန်မြန်ဆန်ဆန်နဲ့ ထိထိ ရောက်ရောက်လုပ်ပေးဖို့နဲ့ လုပ်နိုင်ဖို့လိုတယ်။ သန့်ရှင်းတဲ့ရေ၊ အစားအစာ၊ အဝတ် အစားနဲ့ ဆေးဝါးပစ္စည်းတွေအပြင် ရာသီဥတုဒဏ်ခံနိုင်ဘို့ ယာယီအဆောက်အအုံ၊ ယင်လုံအိမ်သာနဲ့ စောင်တို့ အနွေး ထည်တို့ လိုအပ်ပါတယ်။ ရိက္ခာပစ္စည်းတွေဖြန့်ဖြူးရာမှာ ဝင်ရောက် ဟန့်တား လုယူနေတဲ့ အစွန်းရောက်တွေကိုလည်း ထိထိရောက်ရောက် အရေးယူပေးမှ ပြည်သူ လူထုရဲ့ ယုံကြည်မှု (Trust) ကိုရမယ်။ နိုင်ငံတစ်ခုရဲ့အုပ်ချုပ်ရေးမှာ ပြည်သူလူထုရဲ့ ယုံကြည်မှုကို ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့က အရေးအကြီးဆုံး အချက်ဖြစ်တယ်။
    တတိယ အရေးအကြီးဆုံးက ဥပဒေကျူးလွန်သူအားလုံးကို ပွင့်လင်းမြင်သာစွာ အရေး ယူဖို့ လိုပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသလို ဥပဒေစိုးမိုးမှ ခင်ဗျားစိုးရိမ်တဲ့ တတိယလှိုင်းကို ကာကွယ်ပြီးသားဖြစ်မယ်။
    စတုတ္ထ ဦးစားပေးရမှာက ပြန်လည်ထူထောင်ရေး လုပ်ငန်းတွေကို လျှင်လျှင်မြန်မြန် လုပ်ဖို့လိုတယ်။ တကယ်တော့ အဆောက်အအုံတွေ၊ ဈေးတွေ၊ ကုန်ပစ္စည်း အရင်းအနှီးတွေ မီးလောင် ပျက်စီးကုန်တယ် ဆိုတာတိုင်းပြည်ရဲ့ Asset တွေပြိုကွဲတာဖြစ်လို့ တိုင်းပြည် ဆင်းရဲသွားတာ ဘဲဖြစ်တယ်။ ပြန်လည်ထူထောင်ရေးမှာ အရင်းအနှီး များများလိုမှာဖြစ်လို့ OIC လို နိုင်ငံတကာ အဖွဲ့ အစည်း တွေရဲ့ အကူအညီတွေကို လက်ခံသင့်ပါတယ်။ ပျက်စီးသွားတဲ့ သူတို့အိမ်တွေကို ပြန်ဆောက်ပေးပြီးမှ နှစ်ဖက်စလုံးကို ရွှေပြည်အေး တရားဟောလို့ရမယ်။ မူလနေရာတွေမှာ ပြန်လည်နေထိုင်ခွင့်၊ ဈေးရောင်းခွင့် ပေးမှ သူတို့ရင်ထဲက အကြိတ်အခဲတွေလည်း ပြေပြောက် နိုင်မယ်လို့ထင်ပါတယ်။ ဘာသာပေါင်းစုံ ချစ်ကြည်ရေး (Interfaith) တွေလုပ်လို့ ရပါမယ်။
    ပဉ္စမ အရေးကြီးတာက ခွဲခြားဆက်ဆံမှု မပြုနိုင်အောင် အထောက်အထား ခိုင်လုံစွာ ပြနိုင်တဲ့ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် အသိအမှတ် ပြုရပါမယ်။ ခင်ဗျားတို့ နိုင်ငံဖွဲ့စည်းပုံ က ပြဌာန်းထားတဲ့နိုင်ငံသားများ၏ မူလအခွင့်အရေး အတိုင်း အပြည့်အဝ ခံစားစေရပါမယ်။ အမေရိကန် နိုင်ငံကဲ့သို့ မတူညီတဲ့ ကွဲပြားမှုတွေ ကို စုစည်းပြီး တိုင်းပြည်ရဲ့အင်အားဖြစ်အောင် လုပ်ရပါမယ်။
    ဆဌမ ဦးစားပေးလုပ်ရမှာက အုပ်ချုပ်သူုတွေနဲ့ ပြည်သူလူထုကို လူ့အခွင့်အရေးတွေ နဲ့ပတ်သက်လို့ ကျယ်ကျယ်ပြန့်ပြန့် ပညာပေးဖို့လိုအပ်ပါတယ်။ အခြေခံ ကျောင်းတွေမှာ မျိုးချစ်စိတ်ဓါတ်၊ အမျိုးသား ရေး လှုပ်ရှားမှုဆို တာတွေဟာလူ့အခွင့်အရေးစံတွေနဲ့ ဥပဒေ တွေကို ကျော်လွန်ပြုမူခွင့် မရှိ ကြောင်းကို ပညာပေး လေ့ကျင့် ပျိုးထောင် ပေးရပါမယ်။ အခြေခံ ကျောင်းတွေကိုလည်း အဓိက လူမျိုးစု နှစ်ခုစလုံးအတွက် လုံလုံလောက်လောက် ဖွင့်ပေး ရပါမယ်။
    သတ္တမနဲ့နောက်ဆုံးပြောချင်တာက ရခိုင်ပြည်နယ်မှာ ဖွံ့ဖြိုးတိုးတက်ပြီး အလုပ် အကိုင်တွေ ပေါများအောင် ဖန်တီးထားဖို့ လိုပါမယ်။ လူမျိုးစုံနေထိုင်ပြီး လူဦးရေသိပ်သည်းတဲ့ ဒေသတွေမှာစားဝတ်နေရေး အစဉ်မပြေရင် အစွန်းရောက်တွေရဲ့ စည်းရုံးရေးက အလွယ် တကူနဲ့ အောင်မြင်နိုင်တယ်ဆိုတာ လက်တွေ့ဘဲမဟုတ်လား။
    နိဂုံးချုပ် ကိုကျနော့် ကိုယ်ပိုင်စကားလုံးများနဲ့ ပြောချင်တာက Change the diversity into strength of your country and go forward.
    Dr. AM               ။       ။ အကြံဥာဏ်ကောင်းတွေ ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်။
    O-burma     ။       ။ OK တကယ်လို့များ ရခိုင်ပြည်မှာ လူမျိုးရေး အထိကရုံးတတိယလှိုင်း ဖြစ်ဖို့ အလားအလာရှိရင် ကျနော့်ထံ သတင်းပို့ပေးပါ။ပူးပေါင်းတိုင်ပင် ဖြေရှင်းဖို့ လိုအပ်ရင် နေပြည်တော် နိုင်ငံခြားရေးဝန်ကြီးဌာနကတဆင့် ဒေါက်တာအေးမွန်ကိုခေါ်တွေ့ဖို့ သံအမတ်ကြီး ဒဲရစ်မစ်ချဲကို တာဝန်ပေးထားလိုက်ပါမယ်။ Bye Bye.
    Dr. AM       ။       ။ Bye Bye. (ဖုန်းခွက်ကို ပုခက်ပေါ်တင်ပြီး နောက်သို့လှည့်ကာ သက်ပြင်း ချရင်းပြော)
                            တပည့်တို့ တတိယလှိုင်း စီမံကိန်းကို ဆက်မလုပ်နဲ့တော့။ မင်းတို့တွေလည်း ပြည်တွင်းပြည်ပ အခြေအနေပေးတဲ့နေရာမှာ ရှောင်နေကြပါ။
    ဝန်ခံချက်။     ။ ခေတ်ကာလ သရုပ်ဖေါ် တတိယလှိုင်း ပြဇာတ်ပါ ဇတ်ကောင်များ၏ ပြောကြား ချက်များသည် စာရေးဆရာ ၏ စိတ်ကူးများသာဖြစ်ပြီး နာမည်တူ၊ နေရာတူ၊ ဖြစ်စဉ်တူနှင့် နစ်နာမှုများရှိပါက ရိုးသားစွာ တိုက်ဆိုင်မှု ဖြစ်ကြောင်း အသိပေး၊ တောင်းပန်အပ်ပါသည်။