News @ M-Media

Blog

  • နောက်ဆုံးပေါ် ဒုံးကျည်နှင့် ဒရုန်းများသုံးမည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    နောက်ဆုံးပေါ် ဒုံးကျည်နှင့် ဒရုန်းများသုံးမည့် စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန် စတင်

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -ပြည်တွင်းဖြစ် နောက်ဆုံးပေါ် ဒုံးကျည်တွေ၊ တိုက်ပွဲဝင်ဒရုန်းတွေ စမ်းသပ်မယ့် အကြီးစား စစ်ရေးလေ့ကျင့်မှုတစ်ခုကို အီရန်က နိုင်ငံအလယ်ပိုင်းမှာ စတင်ပြုလုပ်နေပါတယ်။

    ဒီစစ်ရေးလေ့ကျင့်မှုကို Great Prophet 15 လို့ အမည်ပေးထားပါတယ်။ လေ့ကျင့်မှု ပထမအဆင့်မှာပဲ မြေပြင်ကမြေပြင်ပစ် မျိုးဆက်သစ် တိုက်ချင်းပစ် ဒုံးကျည်တွေ၊ ဗုံးကြဲဒရုန်းတွေကို စမ်းသပ် အသုံးပြုခဲ့ပြီး ပစ်မှတ်တွေကို ထိမှန်ခဲ့တယ်လို့ အီရန်စစ်တပ်က ထုတ်ပြန်ခဲ့ပါတယ်။

    မနေ့က ဒုံးကျည်ပစ်လွှတ်မှုကို တက်ရောက်ကြည့်ရှုခဲ့တဲ့ တော်လှန်ရေးအစောင့်တပ်ဖွဲ့ အကြီးအကဲ ဗိုလ်ချုပ် ဟိုစိန် ဆာလာမီက မိမိတို့ရဲ့ အရေးပါတဲ့ အကျိုးစီးပွားကို ကာကွယ်ဖို့ အီရန်က ခိုင်မာတဲ့သန္နိဌာန် ချထားတယ်ဆိုတာကို ဒုံးကျည်သစ်နဲ့ ဒရုန်းအသစ်တွေက ပြသနေတာလို့ ပြောကြားခဲ့ပါတယ်။

    အခု စစ်ရေးလေ့ကျင့်မှုမှာ Zulfaqar၊ Zelzal နဲ့ Dezful စတဲ့ ပြည်တွင်းဖြစ်ဒုံးကျည်တွေကိုလည်း စမ်းသပ်ခဲ့ပါတယ်။ ဒီဒုံးကျည်တွေဟာ ​ပဲ့ထိန်း ဒုံးထိပ်ဖူးတွေ တပ်ဆင်လို့ရပြီး ရန်သူတွေရဲ့ ဒုံးခွင်းစနစ်ကို ထိုးဖောက်ဝင်ရောက် နှောက်ယှက်နိုင်တယ်လို့ ဆိုပါတယ်။

    အီရန်ဟာ ပြီးခဲ့တဲ့တစ်ပတ်ကပဲ နိုင်ငံတောင်ပိုင်းက မဟာဗျူဟာကျတဲ့ အိုမန်ပင်လယ်နဲ့ ပါရှန်ပင်လယ်ကွေ့မှာ ရေတပ်စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။

    Ref: Press TV

  • ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ကိုဗစ်ကြောင့် ကမ္ဘာတစ်ဝှမ်းတွင် သေဆုံးသူ ၂ သန်းကျော်ပြီ

    ဇန်နဝါရီ ၁၆၊ ၂၀၂၁
    M-Media

    -တရုတ်နိုင်ငံ ဝူဟန်မြို့ကနေ​ ၂၀၁၉ ခုနှစ် နှစ်ကုန်ပိုင်းမှာ စတင်ပြန့်နှံ့ခဲ့တဲ့ Covid-19 ရောဂါကြောင့် ကမ္ဘာတစ်ဝှမ်း သေဆုံးသူ အရေအတွက်ဟာ ၂ သန်းကျော်လာပြီ ဖြစ်ပါတယ်။

    ဒါဟာ ဘရပ်ဆဲလ်၊ မက္ကာ၊ မင့်စ် ဒါမှမဟုတ် ဗီယင်နာမြို့မှာ နေထိုင်တဲ့ လူဦးရေ ပမာဏလောက် ရှိနေတာပါ။ ကမ္ဘာတစ်ဝှမ်း ကူးစက်သူအရေအတွက်ကတော့ ၉၃ သန်း ကျော် ရှိနေပါပြီ။

    သေဆုံးမှုအများဆုံးက ဥရောပတိုက်မှာဖြစ်ပြီး ၆ သိန်းခွဲကျော်ကျော်လောက် ရှိနေတာပါ။ လက်တင်အမေရိကနဲ့ ကာရစ်ဘီယံဒေသမှာ ၄ သိန်း ၄ သောင်းကျော်ရှိပြီး ကနေနဲ့ အမေရိကန်မှာတော့ ၄ သိန်းကျော် သေဆုံးပါတယ်။

    ကုလသမဂ္ဂအတွင်းရေးမှူး အန်တိုနီယို ဂူတာရက်စ်က ကိုဗစ်တိုက်ဖျက်ရေးကို စည်းစည်းလုံးလုံးနဲ့ ဆောင်ရွက်ဖို့အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကို တိုက်တွန်းခဲ့ပါတယ်။

    အမေရိကန်၊ ယူကေ၊ ကနေဒါ၊ ဂျာမနီတို့လို့ ချမ်းသာတဲ့နိုင်ငံတွေမှာ ပြည်သူတွေဟာ ကာကွယ်ဆေး တစ်ကြိမ်ထိုးတာအပါအဝင် ရောဂါကာကွယ်ရေးနည်းလမ်း အနည်းဆုံး တစ်ခုမဟုတ်တစ်ခုကို ရရှိခံစားနေရပါတယ်။

    ကုလသမဂ္ဂရဲ့ ကိုဗစ်ကာကွယ်ဆေးရရှိရေးအဖွဲ့ COVAX က ဖွံ့ဖြိုးဆဲနိုင်ငံတွေထံ ကိုဗစ်ကာကွယ်ဆေး ရောက်ရှိစေဖို့ ကြိုးပမ်းနေပေမယ့် ကာကွယ်ဆေး ပြတ်လတ်တာ၊ ပို့ဆောင်ရေးခက်ခဲတာ၊ ငွေကြေးမလုံလောက်တာ၊ စတဲ့ အခက်အခဲတွေကို ကြုံတွေ့နေရပါတယ်။

    ကမ္ဘာ့လူဦးရေရဲ့ ၇၀ ရာခိုင်နှုန်းမှာ ကိုဗစ်တိုက်ဖျက်နိုင်မယ့် ကိုယ်ခံစွမ်းအား ၇၀ ရာခိုင်နှုန်း ရရှိမှသာ ဒီရောဂါကို ​တားဆီးနိုင်မှာဖြစ်ပြီး အခုနှစ်အတွင်း ဒီရည်မှန်းချက် ပြည့်မြောက်ဖို့ မဖြစ်နိုင်ဘူးလို့ ကျွမ်းကျင်သူတွေက သုံးသပ်ပါတယ်။

    လက်ရှိမှာ အမေရိကန်ထုတ် Pfizer-BioNTech၊ အောက်စဖို့တက္ကသိုလ်ထုတ် AstraZeneca၊ ရုရှားထုတ် Sputnik နဲ့ တရုတ်ထုတ် Sinovac စတဲ့ ကိုဗစ်ကာကွယ်ဆေးတွေကို ကမ္ဘာတစ်ဝှမ်းမှာ အသုံးပြုနေပါတယ်။

    Ref: Reuters

  • ခေတ်ရှေ့ပြေး မြို့သစ်စီမံကိန်းကို ဆော်ဒီထုတ်ပြ (မြန်မာစာတမ်းထိုး)

    အောက်ပါလင့်ကိုနှိပ်၍ ဗီဒီယိုကြည့်ရှုပါ။

    https://fb.watch/320XcZl1FE/

    -နိုင်ငံအနောက်မြောက်ပိုင်း ပင်လယ်နီကမ်းနဖူးပေါ်မှာ ဆော်ဒီအာရေဗျက စမတ်မြို့တော်သစ် တည်ဆောက်မှာပါ။ ကားမရှိ၊ ကားလမ်းမရှိဘဲ၊ AI နည်းပညာ၊ ပြည့်ဖြိုးမြဲစွမ်းအင်ရင်းမြစ် စတဲ့ နောက်ဆုံးပေါ်နည်းပညာတွေကို ဒီမြို့မှာ အသုံးပြုသွားမှာ ဖြစ်ပါတယ်။

    ဒေါ်လာ ဘီလီယံ ၂၀၀ လောက်ကုန်ကျမှာဖြစ်ပြီး လူသန်းချီ နေထိုင်နိုင်မယ့် အပန်းဖြေမြို့ဖြစ်လာမှာပါ။ အနာဂတ်မှာ ကမ္ဘာလှည့်ခရီးသွားတွေကို စွဲဆောင်ဖို့ စီမံကိန်းရဲ့ တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။Video Source – AlArabiya (M-Media မှ ဘာသာပြန်ဆို စာတမ်းထိုး တင်ဆက်သည်)

  • ဝီဂါများအပေါ် တရုတ်၏ ဖိနှိပ်မှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နိုင်ဟု ကန်လွှတ်တော် သုံးသပ်

    ဝီဂါများအပေါ် တရုတ်၏ ဖိနှိပ်မှု လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နိုင်ဟု ကန်လွှတ်တော် သုံးသပ်

    ဇန်နဝါရီ ၁၅၊ ၂၀၂၁
    M-Media

    -နိုင်ငံအနောက်ပိုင်းက ဝီဂါမွတ်စလင်တွေအပေါ် တရုတ်နိုင်ငံရဲ့ ဖိနှိပ်မှုဟာ လူမျိုးတုန်းသတ်ဖြတ်မှုအထိ မြောက်နိုင်တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ အမေရိကန်လွှတ်တော်ရဲ့ စုံစမ်းစစ်ဆေးရေးအဖွဲ့က ပြောကြားလိုက်ပါတယ်။

    တရုတ်နိုင်ငံဆိုင်ရာ လွှတ်တော်ကော်မရှင် (CECC) ဟာ ဆန်းစစ်သုံးသပ်မှုတွေ ပြုလုပ်ခဲ့ပြီးတဲ့နောက် မနေ့က အစီရင်ခံစာတစ်ခု ထုတ်ပြန်ခဲ့တာပါ။

    ပြီးခဲ့တဲ့နှစ်မှာ ရရှိခဲ့တဲ့ သက်သေအထောက်အထားအသစ်တွေကိုကြည့်ရင် တရုတ်အစိုးရရဲ့လုပ်ရပ်တွေဟာ လူသားထုအပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုအထိ ဖြစ်နေပြီး လူမျိုးတုန်းသတ်ဖြတ်မှုမြောက်နိုင်တယ်လို့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ တရုတ်အစိုးရဟာ အမေရိကန်မှာရှိနေတဲ့ ဝီဂါတွေကိုပါ နှောက်ယှက်နေတယ်လို့ CECC က စွပ်စွဲထားပါတယ်။

    ရှင်ကျန်းပြည်နယ်မှာ တရုတ်ဟာ အကျဉ်းစခန်းတွေဆောက်ပြီး ဝီဂါနဲ့ အခြား အစ္စလာမ်ဘာသာဝင်လူမျိုးစု ၁ သန်းလောက်ကို ချုပ်နှောင် ညှင်းပမ်းနေတယ်လို့ အမေရိကန်၊ ကုလနဲ့ နိုင်ငံတကာမီဒီယာတွေက ပြီးခဲ့တဲ့နှစ်တွေမှာ ဖော်ပြခဲ့ကြပါတယ်။

    တရုတ်အစိုးရက​ ဒါတွေဟာ အသက်မွေးပညာသင်ကျောင်းတွေသာဖြစ်ပြီး ဝီဂါတွေမှာရှိနေတဲ့ အစွန်းရောက်ဝါဒကို တိုက်ဖျက်ဖို့ လုပ်ဆောင်တာဖြစ်တယ်လို့ တုန့်ပြန်ထားပါတယ်။

    ဘာသာရေးခေါင်းဆောင်တွေ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက တရုတ်အစိုးရရဲ့ ဝီဂါတွေအပေါ် ညှင်းပမ်းမငဟာ လူသားထုအပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု၊ လူမျိုးတုန်းသတ်ဖြတ်မှု မြောက်နိုင်တယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

    ရှင်းကျန်းပြည်နယ်မှာ “ရက်စက်ကြမ်းကြုတ်မှုတွေ ဖြစ်နေလားဆိုတာ” ဆုံးဖြတ်ထုတ်ပြန်ဖို့ ​CECC ရဲ့ အစီရင်ခံစာမှာ အမေရိကန်အစိုးရကို တိုက်တွန်းထားပါတယ်။ ဒီဇင်ဘာ ၂၇ ရက်နေ့က အတည်ပြုတဲ့ ဥပဒေအရ ရက် ၉၀ အတွင်း ဆုံးဖြတ်ချက်ကို ထုတ်ပြန်ရမှာပါ။

    CECC ရဲ့ ပူးတွဲဥက္ကဌ ဒီမိုကရက်တစ် လွှတ်တော်အမတ် ဂျင် မက်ဂါဗန်က ပြီးခဲ့တဲ့နှစ်အတွင်း တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ ‘အံ့ဩတုန်လှုပ်စရာကောင်းလွန်းတယ်’ လို့ ပြောကြားခဲ့ပြီး တရုတ်ကို အရေးယူဖို့ပိတ်ဆို့မှုတွေ လုပ်ဆောင်ဖို့ လွှတ်တော်နဲ့ နောက်တက်မယ့် သမ္မတဂျိုးဘိုင်ဒန်အစိုးရတို့ကို တိုက်တွန်းခဲ့ပါတယ်။

    “ရုန်းကန်တိုက်ပွဲဝင်နေရတဲ့ တရုတ်ပြည်သူတွေနဲ့အတူ အမေရိကန်က မားမားမတ်မတ် ရပ်တည်ဖို့လိုပြီး တရုတ်အစိုးရရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ကမ္ဘာကြီးက ညီညီညွတ်ညွတ်တုန့်ပြန်အရေးယူရာမှာ အမေရိကန်က ဦးဆောင်ရပါလိမ့်မယ်”

    လူ့အခွင့်အရေးချိုးဖောက်မှု၊ ကိုရိုနာဗိုင်းရပ်စ်၊ တောင်တရုတ်ပင်လယ်အရေး၊ သူလျှိုလုပ်မှု စတာတွေကြောင့် အမေရိကန်နဲ့ တရုတ်ကြားက ဆက်ဆံရေးဟာ သမိုင်းတစ်လျှောက် အနိမ့်ဆုံးအဆင့်ကို ရောက်နေပါတယ်။

    လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်တယ်လို့ အမေရိကန်က ဆုံးဖြတ်ထုတ်ပြန်တာဟာ တရုတ်ကို နိုင်ငံတကာအသိုင်းအဝိုင်းအလယ်မှာ အရှက်ရစေမှာ ဖြစ်ပါတယ်။

    သမ္မတသစ် ဂျိုးဘိုင်ဒန်က တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ လူမျိုးတုန်းသတ်ဖြတ်မှု ကျူးလွန်နေတယ်လို့ နိုဝင်ဘာ ရွေးကောက်ပွဲ မဲဆွယ်မှုမှာ တရားဝင် ထုတ်ပြောခဲ့ပါတယ်။

    အောက်တိုဘာလတုန်းက သမ္မတထရမ့်ရဲ့ အမျိုးသားလုံခြုံရေး အကြံပေး ရောဘတ် အိုဘရိုင်ယန်က တရုတ်အစိုးရဟာ ရှင်ကျန်းပြည်နယ်မှာ ‘လူမျိုးတုန်းသတ်ဖြတ်မှုနီးနီး’ ကျူးလွန်နေတယ်လို့ ထုတ်ပြောခဲ့သလို၊ အမေရိကန်အစိုးရ တာဝန်ရှိသူတွေကလည်း ရှင်ကျန်းပြည်နယ်က ​အကျဉ်းစခန်းတွေအကြောင်း အကြိမ်ကြိမ် ဝေဖန်ခဲ့ပါတယ်။

    ကုလသမဂ္ဂရဲ့ လူမျိုးတုန်းသတ်ဖြတ်မှု အဓိပ္ပါယ်ဖွင့်ဆိုချက်ထဲမှာ “လူအုပ်စုတစ်စုကို ပစ်မှတ်ထားပြီး ကလေးမွေးဖွားမှုတားမြစ်ခြင်း” ဆိုတဲ့အချက် ပါဝင်ပြီး ရှင်ကျန်းက တရုတ်အစိုးရဲ့ ဆောင်ရွက်ချက်တွေက ဒီအချက်နဲ့ ငြိစွန်းနေပါတယ်။

    တရုတ်အစိုးရဟာ ဝီဂါအမျိုးသမီးတွေကို ပစ်မှတ်ထားပြီး သားကြောဖြတ်တာ၊ ကလေးဖျက်ချခိုင်းတာတွေကို အဓမ္မလုပ်ဆောင်နေတာပါ။

    လူမျိုးတုန်းသတ်ဖြတ်တဲ့နိုင်ငံလို့ အမေရိကန်က ကြေငြာလိုက်ရင် နိုင်ငံတကာ ကုမ္ပဏီတွေအနေနဲ့ အဲဒီနိုင်ငံမှာ စီးပွားရေးလုပ်ငန်းလုပ်ဖို့ ခက်ခဲသွားမှာ ဖြစ်ပါတယ်။

    ဝီဂါတွေရဲ့ လုပ်အားကို ခေါင်းပုံဖြတ်အမြတ်ထုတ်ကာ လည်ပတ်နေတဲ့ စက်ရုံတွေက ထွက်ကုန်တွေကိုလည်း အမေရိကန်က အခုနောက်ပိုင်းမှာ တင်ပို့ခွင့် ပိတ်ပင်မှုတွေ ပြုလုပ်လာပါတယ်။

    Ref: Reuters

  • အင်အားပြင်းငလျင်ကြောင့် အင်ဒိုနီးရှားတွင် လူ ၃၀ ကျော်သေ

    အင်အားပြင်းငလျင်ကြောင့် အင်ဒိုနီးရှားတွင် လူ ၃၀ ကျော်သေ

    ဇန်နဝါရီ ၁၅၊ ၂၀၂၁
    M-Media

    -အင်ဒိုနီးရှားနိုင်ငံက ဆူလာဝေစီကျွန်းမှာ ဒီကနေ့မနက်အစောပိုင်းက မြေငလျင်ကြောင့် အနည်းဆုံး ၃၄ ဦးသေဆုံးပြီး ထိခိုက်ပျက်စီးမှုလည်း များပြားကာ ဆူနာမီ​အန္တရာယ်လည်း ရှိနေပါတယ်။

    မြေငလျင်ဟာ ပြင်းအား ၆.၂ မဂ္ဂနီကျု ရှိပါတယ်။ ရာနဲ့ချီ ဒဏ်ရာရရှိခဲ့ပြီး ထောင်နဲ့ချီတဲ့သူတွေဟာ အိုးအိမ်စွန့်ခွာကာ ဘေးလွတ်ရာမှာ ခိုလှုံနေရပါတယ်။

    လေယာဉ်ကွင်း၊ ဆေးရုံ၊ တံတားနဲ့ ဟိုတယ်တွေအပါအဝင် အ​ဆောက်အဦးအများပြား ပျက်ဆီးခဲ့ပြီး နောက်ဆက်တွဲငလျင်တွေလှုပ်ကာ ဆူနာမီလှိုင်းလုံး လာနိုင်တယ်လို့ မိုးလေဝသ အာဏာပိုင်တွေက သတိပေးချက် ထုတ်ပြန်ထားပါတယ်။

    ၂၀၁၈ ခုနှစ်တုန်းကလည်း ဆူလာဝေစီကျွန်းက ပါလူမြို့မှာ ပြင်းအား ၆.၂ မဂ္ဂနီကျုရှိတဲ့ ငလျင်တစ်ခု လှုပ်ခဲ့ပြီး ဆူနာမီရိုက်ခတ်ခဲ့တာကြောင့် လူထောင်ချီ သေဆုံးခဲ့ပါတယ်။

    Ref: CNA