News @ M-Media

Blog

  • ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    နိုဝင်ဘာ၊ ၁၀ ၊ ၂၀၁၂

    ရေးသူ- O’Laie Manzu

    အရာရာတိုင်းတွင် အဖြေရှိစမြဲပင်။ အဖြေသည် မှန်၏ မှား၏ လက်ခံနိုင်၏ လက်မခံနိုင်၏ ဆိုသည်မှာ ရရှိလာသော အဖြေအတွက် မှန်ကန်ကြောင်းသက်သေထူသည့် အချက်အလက်များအပေါ်တွင် မူတည်နေသည်။ သို့သော် သက်သေသာဓကများအား လှစ်လှူရှု့ကြပါမည်ဆိုလျင် တွေ့ရှိသော အဖြေမှာ မှန်ကန်သည့်တိုင်အောင် လက်ခံနိုင်ကြမည် မဟုတ်ပေ။ သိပံ္ပနည်းကျသော်လည်းကောင်း၊ သင်္ချာနည်းဖြင့်သော်လည်းကောင်း၊ သက်သေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ကာယစွမ်းအား ဉာဏစွမ်းအား ဖြင့်သော် လည်းကောင်း ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် အဖြေမှန်များကို နေ့စဉ်နှင့်အမျှ စူစမ်းရှာဖွေနေကြသည်။ လေ့လာသုံးသပ်နေကြသည်။ ထိုနည်းတူစွာပင် အဖြေမှန်များအား ဖုံးကွယ်နေကြသည်မှာ လူ့ပတ်ဝန်းကျင်တွင် အစဉ်အမြဲတွေ့မြင်နေရသည်။

    ပညာသင်ကြားသည် ဆိုသည်မှာလည်း သတင်းအချက်အလက်များအား လေ့လာဆည်းပူးကြခြင်းပင်ဖြစ်ပေသည်။ ပညာရေးစနစ်၊ နိုင်ငံရေးခံယူချက်၊ ဘာသာရေးယုံကြည်ချက်နှင့် ပတ်ဝန်ကျင်၏ လွှမ်းမိုးမှုများ အပေါ်မူတည်ပြီး လေ့လာဆည်းပူးကြသည့် သတင်း အချက်အလက်များမှာလည်း ကွာခြားကြသည်။ စာသင်ခန်းများအပြင် စာဖတ်ခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ စကားဝိုင်းထိုင်ခြင်း၊ အယူအဆ ဖလှယ်ခြင်း၊ သတင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် သတင်း အချက်အလက်များအား နည်းအမျိုးမျိုးဖြင့် လေ့လာကြသည်။ တစ်ချိန်တည်းမှာပင် စာရေးသားသူ၊ ပြောဆိုသူ၊ တင်ပြသူ တို့၏ အာဘော်များလည်း ရောထွေးပါလာတက်ကြစမြဲဖြစ်သည်။

    အရင်းအမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များအား ပုံအော ယုံမှတ်ပါက ယင်းအရင်းအမြစ်အား တင်ပြသူအာဘော်၏ လွှမ်းမိုးမှုအောက်သို့ ကြရောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ရရှိလာသော သတင်းအချက်အလက်များ အားလုံးအား တင်ပြသူ၏ အာဘော်လွမ်းမိုးမှု မရှိစေဘဲနှင့်သော်လည်းကောင်း၊ မိမိ၏ ပင်ယင်းခံယူချက်များနှင့် ယုံကြည်ချက်များ လွှမ်းမိုးမှုမရှိစေဘဲနှင့်သော် လည်းကောင်း သက်သေ အထောက်အထားများနှင့် ယှဉ်တွဲကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။ မိမိစိတ်တွင် စွဲမြဲနေသော ပင်ယင်းခံယူချက်-ယုံကြည်ချက်များနှင့် လေ့လာသုံးသပ်လျင် လေ့လာတွေ့ရှိချက်များသည်လည်း မိမိရှိရင်းစွဲပင် ကိုယ်စိတ်၏ လမ်းညွန်ရာသို့ သာ ရောက်ရှိသွားမည်ဖြစ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ရရှိသောသတင်း အချက်အလက်များ၏ တန်ဖိုး မူရင်းအားလည်း သိရှိနားလည်နိုင်မည် မဟုတ်ပေ။

    သတင်းအချက်အလက်များအား ပွင့်လင်းထင်သာစွာဖြင့် ထုတ်ဖော်နိုင်ခွင့်၊ လေ့လာနိုင်ခွင့်နှင့် မျှဝေနိုင်ခွင့် အစရှိသည့် လွတ်လပ်မှုများသည် ဒီမိုကရေစီ စနစ်သည်သာလျင် ပိုမို အာမခံပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးကြရန်အတွက် အာဇာနည် အမြောက်အများ အသက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်အားလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မြန်မာ့မျိုးချစ် အာဇာနည် အမြောက်အများသည်လည်း အသက်ပေးခဲ့ကြသည်ကို အများသိကြပေလိမ့်မည်။ ဘဝများ ပေးဆပ်ခဲ့ကြသည်ကိုလည်း မေ့ပျောက်ကြလိမ့်မည်မဟုတ်။

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် သတင်းမီဒီယာမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် အချို့မှာ ဒီမိုကရေစီစနစ်၏ ပင်မမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည်တို့အပြင် သတင်းမီဒီယာအား ဒီမိုကရေစီစနစ်၏ စတုထ္ထ မဏ္ဍိုင်ကြီးအဖြစ်တင်စားကြသည်။ ဒီမိုကရေစီ ယန္တရား လည်ပတ်နိုင်ရန်အတွက် ဤ မဏ္ဍိုင်ကြီးလေးရပ်သည် ကျရာ အခန်းကဏ္ဍမှ လွတ်လပ်စွာ လည်ပတ်နေရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုရရှိရေးအတွက် ပရိတ်သတ်များအား စွဲဆောင်ကြရသည်။ ဈေးကွက် သဘောတရားအတိုင်း လူအများ စိတ်ဝင်စားမှုရယူနိုင်ရန် ဖန်တီးကြသည်။ ထို့အပြင် ငွေကြေးထောက်ပံ့သူများ၏ အရိပ်အောက်တွင် လည်ပတ်ကြရသည်ဖြစ်ရာ အမှန်တရားများမှ ယိမ်းယိုင်မှုများ ရှိတတ်ကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်၏ ပင်မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဲ့သို့ အပြန်အလှန် ထိမ်းချုပ်ညှိနှိုင်းမှုမရှိသောကြောင့် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသော်လည်း လွဲမှားစွာ အသုံးပြုပါက ဒီမိုကရေစီစနစ်တစ်ခုလုံးအား ပြိုလှဲသွားနိုင်သည်အထိ အဆိပ်အတောက်ဖြစ်စေနိုင်သည့် အင်အားရှိသည်။

    သတင်း အချက်အလက်များအားလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်၊ ဖြန့်ဝေပိုင်ခွင့်ရှိကြသော်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိပါက မိမိတို့ထံတွင် ရှိသည့် လွတ်လပ်စွာ သတင်းရယူခွင့်သည် နွံအိုင်ထဲတွင် ရေကူးခွင့်ပြုထားသည်နှင့် အလားသဏ္ဍန်တူနေပေသည်။ ထို့ကြောင့် ပိုမိုအရေးကြီးသည်မှာ အမှန်တရားအား သိပိုင်ခွင့်ပင်ဖြစ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေတင်ပြရန်မှာ သတင်းမီဒီယာများ၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

    မြန်မာနိုင်ငံတွင် သတင်းအမှောင်ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သတင်းမှန်များရရှိရေးအတွက် ပြည်ပသတင်း မီဒီယာများအား အားကိုးခဲ့ကြရသည်။ ပြည်သူလူထုမှာ စစ်အစိုးရမှ ဖော်ပြသည့် သတင်းမှားများနှင့် ဆင်ဆာ ဖြတ်တောက်ပြီးမှ ထွက်ပေါ်လာခဲ့သော သတင်းများအား လက်ခံယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများတွင် သတင်းလွတ်လပ်ခွင့်များအား လှမ်းစဖွင့်ပေးခဲ့ခြင်းကြောင်း ပြည်တွင်း သတင်းမီဒီယာများအား မြန်မာပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုလက်ခံစပြုလာခဲ့သည်။ မှန်ကန်သည့် သတင်းများအဖြစ် လက်ခံလာကြသည်။

    ရခိုင်ပြည် အရေးအခင်းဖြစ်ပွားသည့် အချိန်တွင် ပဋိပက္ခကြီးမား ကျယ်ပြန့်မှု မရှိစေရန်အကြောင်းပြကာ သတင်းမီဒီယာများအား ပြန်လည် ထိမ်းချုပ်လာခဲ့သည်။ အပြောင်းအလဲများအား မြင်တွေ့နေရသည့် မြန်မာပြည်သူများမှာလည်း ထိမ်းချုပ်မှုအောက်တွင် ရှိနေသေးသည့် သတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းများအား ဆက်လက်ယုံကြည်နေကြသည်။ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ တွေ့မြင့်လာရသောကြောင့် သတင်းမှားများ၊ ထိမ်ချန်မှုများ၊ ဖုံးကွယ်မှုများ၊ သွေးထိုးလှုပ်ဆော်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အာရုဏ်ပြောင်းမှုများ အား အမှန်ထင်၍ လက်ခံယုံကြည်လာကြသည်။ ထို့အပြင် ဒီမိုကရေစီရရှိရေးအတွက် အားပြုခဲ့သည့် ပြည်ပမီဒီယာများအား ဆန့်ကျင်လာကြသည်။ ပြည်ပမီဒီယားများမှထွက်လာသည့် သတင်းအချက်အလက်များအား ငြင်းပယ်ကြသည်။ ပြစ်တင်ရှုတ်ချကြသည်။

    အထူသဖြင့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်၍အစိုးရ ထိမ်းချုပ်မှုအောက်တွင် ရေးသားဖော်ပြနေသည့် သတင်းများ၊ ထင်ပေါ်ကျော်ကြားရေးကို အဓိကထားကာ အများအကြိုက် ရေးသားဖော်ပြနေသည့် သတင်းများနှင့် ပြည်ပသတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ များစွာကွာခြားနေပါသည်။ ယင်းကွာခြားမှုများကို သုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် သတင်းမီဒီယာများအပေါ် ချုပ်ကိုင်မှုရှိနေပြီး သတင်းမီဒီယာများ ကိုယ်တိုင်ကပင် ထင်ပေါ်ကျော်ကြားရေးအတွက် အများအကြိုက်ရေးသားကာ ဒီမိုကရေစီစနစ်အား အဆိပ်အတောက်ဖြစ်စေမည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ကျင့်ဝတ်များအား ကျင့်သုံးနေကြောင်းတွေ့ရပါသည်။ လွတ်လပ်မျှတသည့် သတင်းမီဒီယာနှင့် မှန်ကန်သည့် သတင်းအချက်အလက်များသိရှိပိုင်ခွင့် ရှိမှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး

  • နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး

    နယ်ကျော် ပုဒ်မဖြင့် ဖမ်းခံရပြီး နေရပ်ပြန်ပို့သည့် ရိုဟင်ဂျာများအား ပြည်မြို့ခံ မွတ်စလင်မ်များ အကူညီပေး

    နိုဝင်ဘာ၊ ၉၊၂၀၁၂
    M-Media
    သတင်း- ဇာဏီ

    ကော့သောင်းမြို့တွင် နယ်ကျော် လ.ဝ.က ဥပဒေဖြင့် အဖမ်းခံရသည့်  ရိုဟင်ဂျာ(၇၈) ဦးအား ၄င်းတို့နေရပ် ရခိုင်ပြည်နယ်သို့  မနေ့က (၉.၁၁.၁၂)နေ့တွင် ရန်ကုန်မှတဆင့် ပြန်လည် ပို့ဆောင်ခဲ့ရာ ပြည်မြို့မှာ ခရီးတထောက်နားခဲ့ပါတယ်။  အဆိုပါ  ရိုဟင်ဂျာ(၇၈) ဦးကို ပြည်မြို့မွတ်စလင်မ်များမှ ညစာ ကျွေးမွေးလှူဒါန်း ကြကြောင်း သတင်းရရှိပါသည်။

    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို တောင်ကြီးသင်္ဘောဖြင့်ခေါ်ဆောင်လာပြီး Asia Express ကားဖြင့် ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ရွှေ့ပြောင်းရာ သာကေတဆိပ်ကမ်းတွင် တွေ့ရစဉ်
    ကော့သောင်းမြို့တွင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းခံရသည့် ရခိုင်မှ ရိုဟင်ဂျာများကို ရခိုင်ပြည်နယ် ၄င်းတို့ နေရပ်သို့ ပြန်ပို့ရန် ခရီးလမ်းတထောက်နားရာ ပြည်မြို့တွင် ရပ်နားစဉ် မြို့ခံ မွတ်စလင်မ်များမှ ညစာကျွေးမွေးလှူဒါန်းစဉ်

    ရိုဟင်ဂျာ အမျိုးသား(၇၆)ယောက်၊ အမျိုးသမီး(၂)ယောက်သည် မနေ့ကမနက်ကပိုင်းတွင် ရန်ကုန် သာကေတဆိပ်ကမ်းသို့ တာဝန်ရှိ လ.၀.က ၀န်ထမ်းများနှင့်အတူ ရောက်ရှိလာပြီး ထိုမှတဆင့် ညပိုင်းတွင် ပြည်မြို့သို့ ရောက်ရှိမည်ဟု တာဝန်ရှိသူများ၏ ပြောကြားချက်အရ ပြည်မြို့ရှိ မွတ်စလင်မ်များက ညစာကျွေးမွေးခဲ့ကြပြီး မုန့်များ၊ အအေးဗူးများပေးခြင်း၊ စောင်နှင့်အ၀တ်အစားများပေးခြင်းဖြင့် ကူညီခဲ့ကြကြောင်းသိရပါသည်။

    ယင်း ရိုဟင်ဂျာ(၇၈)ယောက်တွင် အများစုမှာ မြန်မာလို ရေလည်အောင်ပြောနိုင်ကြကြောင်း၊ စစ်တွေမှအများဆုံးဖြစ်ပြီး၊ မြောက်ဦးမှ ၂၀-ယောက်နှင့် ကျောက်တော်မှ အနည်းငယ်ပါဝင်သည်။ အများစုသည် အသက်(၂၅)နှစ်နှင့် (၃၀)၀န်းကျင်ဖြစ်ကြောင်း၊ ၇၈-ယောက်အနက် တချို့မှာ မလေးရှားသို့ အလုပ်သွားလုပ်ရန် ထွက်ခွာခဲ့၍ လွန်ခဲ့သော ဧပြီလက ဖမ်းဆီးခံထားရသူများ၊ တချို့မှာ ရခိုင်ပြည်နယ်တွင် ဇွန်လကဖြစ်ပွားခဲ့သော အရေးများကြောင့် ထွက်ပြေးလာသူများဖြစ်ကြောင်း သိရသည်။

    နယ်ကျော်ပုဒ်မဖြင့် ဖမ်းရာမှ ပါဝင်တဲ့ ရိုဟင်ဂျာ အမျိုးသမီး(၂) ဦးကို ပြည်မြို့ခံ မွတ်စလင်အမျိုးသမီးများမှ အားပေးစကားပြောကြားစဉ်

    “အခုဒီမှာပါတာ စစ်တွေက (၅၀)ကျော်၊ မြောက်ဦးက(၂၂)ယောက်၊ ကျောက်တော်က(၁)ယောက်ပါ။ ရခိုင်ကထွက်လာရတာက ကျွန်တော်တို့ မြို့တစ်မြို့နေ တစ်ခြားမြို့ကို သွားလို့မရဘူး။ ကျွန်တော်တို့သွားမယ်ဆိုရင် ထောက်ခံချက်လိုတယ်။ ရခိုင်မှာ အလုပ်လုပ်လို့မရဘူးလေ။ တစ်ရွာကနေ တစ်ရွာကိုသွားရင် အဖမ်းခံရတယ်။ အဲဒါကြောင့် ထွက်လာပြီး တစ်ခြားမှာအလုပ်လုပ်တာ။ ကျန်တဲ့ပိုက်ဆံကို စုစုပြီးနေတာ။ အဲဒီအချိန်မှာ အဖေအမေက ဒုက္ခကျပြီဟိုမှာ။ ဒါကြောင့်ပြန်ချင်ပြီ။”လို့ ဒုက္ခသည်တစ်ယောက်ကပြောပြခဲ့ပါတယ်။

    “ရခိုင်ပြည်နယ်ရှိ ရိုဟင်ဂျာ၊ ကမန် နှင့် အခြားသော အစ္စလာမ်ဘာသာ ကိုးကွယ်သူများမှာ မြို့နယ်ကျော်ပြိး ခရီးသွားလာလိုလျင် သက်ဆိုင်ရာမှ ခရီးသွားခွင့် လက်မှတ် တောင်းခံရကြောင်း၊ အဆိုပါ လက်မှတ်မပါဘဲ သွားလာလျင် နယ်ကျော်ပုဒ်မဖြင့် ဖမ်းဆီး အရေးယူခြင်းခံရတယ်။ လက်မှတ်ကလဲ ဘယ်တော့မှ လွယ်လွယ်နဲ့မရဘူး။   အိမ်ထောင်ပြုချင်ရင်လဲ သက်ဆိုင်ရာကို လက်ထပ်ခွင့် လျောက်လွှာတင်ပြီး ခွင့်ပြုမှာသာ လက်ထပ်ခွင့်ရကြောင်း၊ ယခုကဲ့ သို့ ဖိနှိပ်ချူပ်ချယ်မှုများပြုလုပ်နေသည့်မှာ နှစ်ပေါင်း ၂၀ ကျော်နေပြီဖြစ်ကြောင်း ၊ မိမိတို့ အ၇ပ်ဒေသမှာ လုပ်ကိုင်နေထိုင်စားသောက်ရန် အခက်အခဲပေါင်းစုံ ရှိသဖြင့် ရခိုင်ပြည်နယ်မှ ရိုဟင်ဂျာအများစုမှာ အန္တရာယ်များပြားလှတဲ့ ရေလမ်းခရီးမှတဆင့် ထိုင်း၊ မလေးရှားနိုင်ငံများသို့ အလုပ်လုပ်ရန်  အသက်စွန့် ပြိး ထွက်ပြေးလာရာမှ ယခုကဲ့သို့ နယ်ကျော်ပုဒ်မှ ဖြင့် အဖမ်းခံရခြင်း ဖြစ်ကြောင်း” ဒုက္ခသည်များထဲက တယောက်မှ ပြောကြားခဲ့တယ်။

  • ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

    ဘက်လိုက်တတ်တဲ့ မွတ်စလင်မ်

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်- ကျော်မိုးအောင်

                မကြာခဏဆိုသလိုပင်  ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့သည် မေးခွန်းတစ်ခုနှင့် ကြုံကြရလေ့ ရှိကြပါသည်။ “အကယ်၍သာ မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မြန်မာပြည် စစ်ဖြစ်ခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့အနေနှင့် ဘယ်ဘက်ကပါကြမှာလဲ” ဟူသည့်၊ သို့တည်းမဟုတ်လည်း ယင်းသဘော ဆောင်သည့် အူတိအူကြောင် မေးခွန်းဖြစ်သည်။ မေးသူကတော့ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တွေ တိုင်းပြည်အပေါ် သစ္စာမရှိနိုင်ရာ ဟူသည့် အယူစွဲဖြင့် မွတ်စလင်မ်တို့ ချောင်ပိတ်မိမည့် မေးခွန်းဟု တရားသေယူဆ၊ ကလေးတွေးတွေးကာ မိမိတို့ကိုယ်ကို ဟုတ်လှပြီထင်လျက် မေးပုံရသည်။ ဘယ်ဘက် လိုက်မှာလဲတဲ့။ တကယ်တမ်းတော့ မေးခွန်းက လက်တွေ့ မဟုတ်သည် မဖြစ်နိုင်သည်ကို အဟုတ်လုပ်လျက် မေးထားခြင်းဖြစ်သည်။ မြန်မာနိုင်ငံအနေဖြင့် မည်သည့်နိုင်ငံနှင့်မျှ စစ်မက်ဖြစ်ပွားရန် အကြောင်းရင်းမရှိ၊ ပြည်တွင်းနေအစ္စလာမ်ဘာသာဝင်တို့အား အကဲစမ်းသည့် မေးခွန်းသက်သက်သာဖြစ်သည်။

                ရှင်းလင်းပြတ်သားစွာ ဖြေပါမည်။ အစ္စလာမ့်သွန်သင်ချက်အရ မွတ်စလင်မ်မှန်ပါက အရေးကိစ္စမှန်သမျှတွင် “ကြားနေနှုတ်ဆိတ်ကာ ယုန်ကလေးနှာစေး” နေခွင့်မရှိပါ။ မွတ်စလင်မ်မှန်ပါက ပြတ်ပြတ်သားသား ဘက်လိုက်ကို လိုက်ရမည်မှာ တာဝန်ဖြစ်ပါသည်။

                ဘက်လိုက်ရန် ရှင်းလင်းပြတ်သားစွာသွန်သင်ထားသော မွတ်စလင်မ်တို့၏ ကျမ်းမြတ်ကုရ်အာန်လာ အဆုံးအမကို ဖော်ပြပါမည်။

    “ အို … သာသနာကို သက်ဝင်ယုံကြည်ကြသူတို့ …

    သင်တို့သည် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    သွေးတော်နီးစပ်သူ ဆွေမျိုးတို့နှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    ချမ်းသာကြွယ်ဝအင်အားရှိသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    ဆင်းရဲသူနှင့် ဆန့်ကျင်သည်ဖြစ်စေ၊

    တရားမျှတမှုဘက်၌သာလျင် ထာဝစဉ်မြဲမြံစွာ တည်တံ့သူများ၊

    အလ္လာဟ်အရှင်မြတ်ကိုသာထောက်ထား၍ သက်သေခံသူများ ဖြစ်ကြလေကုန်။…

    သင်တို့သည် တရားမျှတမှုမှ တိမ်းစောင်းမသွားစေရန် မိမိတို့စိတ်အလိုဆန္ဒကို မလိုက်ကြကုန်လင့်။…”

    (ကျမ်းမြတ်ကုရ်အာန် ၄း၁၃၅)

                ဤမျှဆိုလျင်ပင် အစ္စလာမ်က မည်သို့ ဘက်လိုက်ခိုင်းထားကြောင်း နားလည်သဘောပေါက်မည် ထင်မိပါသည်။ အမှန်တရား၊ ပရမတ္တ သစ္စာတရားဘက်သို့ ပြတ်ပြတ်သားသား ရဲရဲဝံ့ဝံ့ လိုက်ခြင်းသည်ပင် မွတ်စလင်မ့်ဂုဏ်ရည် ဖြစ်ပါသည်။ သစ္စာတရားနှင့် ယှဉ်လာလျင် မိမိတို့ ကိုယ်ကျိုးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ပါမည်။ မိဘနှစ်ပါးနှင့် ဆန့်ကျင်သည်ဖြစ်စေ ဘက်လိုက်ကြပါမည်။ မိမိ၏ နီးစပ်သူ ပတ်သက်ရာပတ်သက်ကြောင်းတို့ မနှစ်သက်နိုင်သည် ဖြစ်ပါစေ၊ အမျိုးတူသူနှင့် ဆန့်ကျင်သည်ဖြစ်နေပါစေ မှန်သည့်ဘက်လိုက်ကြရပါမည်။ ဘာသာ၊သာသနာတူသူနှင့် ဆန့်ကျင်ရာဆန့်ကျင်ကြောင်း ဖြစ်နေပါစေ မှန်ရာဘက်လိုက်ကြရပါမည်။ ဆင်းရဲသားလူ့နင်းပြား ပစ္စည်းမဲ့လူတန်းစား အမြဲသာစေရမည် ဟူသော လက်ဝဲယိမ်း ဝါဒကိုလည်း မကျင့်သုံးဘဲ အမှန်ဘက်လိုက်ကြရပါမည်။ သြဇာအာဏာ ဂုဏ်ဒြပ်ကြီးမားနိုင်သော ရေပေါ်ဆီ ခရိုနီ သူဌေးများနှင့် ထိပ်တိုက်တွေ့ကလည်း အဂတိတရား ကင်းစွာဖြင့်  သစ္စာတရားဘက် လိုက်ကြရပါမည်။

                တမန်တော်မြတ်ကလည်း မတရားမှု တစ်စုံတစ်ရာနှင့်ကြုံလာပါက ပထမဆုံးအနေဖြင့် ကာယကံမြောက် ဆန့်ကျင်ရန်၊ ထိုသို့ မဖြစ်နိုင်သည့် အခြေအနေဆိုပါက ဒုတိယအဆင့် နှုတ်အားဖြင့် ကန့်ကွက်ဆန့်ကျင်ပြောဆိုရန်၊ နှစ်မျိုးလုံးအတွက် အခက်တွေ့ပါက အနိမ့်ဆုံးအဆင့် မိမိစိတ်တွင်းမှ ရှုတ်ချဆန့်ကျင်လျက် အဆိုပါဖြစ်ရပ်ကို အားပေးအားမြောက်ပြုနေသည့် အသိုင်းအဝိုင်းမှ ကင်းဝေးစွာနေကာ အမှန်တရားထွန်းကားရေးအတွက် ဆုမွန်တောင်းရန် သွန်သင်ထားပါသည်။

                သစ္စာတရားဘက်သို့ မှန်မှန်ကန်ကန် ရပ်တည်နိုင်ရန်အတွက် ပထမအဆင့်အနေဖြင့် မည်သည်က အမှန်တရားဖြစ်ကြောင်း ရှင်းလင်းပြတ်သားစွာသိစေရန် ကြိုးပမ်းအားထုတ် လေ့လာရပေမည်။ မိမိသေချာမသိပါဟု ဆိုခွင့်မရှိပါ။ ဤသည့်အတွက်လည်း မိမိ၏ လူမျိုးစွဲ၊ ဘာသာစွဲ၊ အတ္တစွဲ၊ ဆရာစွဲ၊ အယူစွဲတို့ကို အခြေမခံဘဲ တရားမျှတစွာ လေ့လာဆုံးဖြတ်ကြရန်လည်း အောက်ပါအတိုင်း လမ်းညွှန်ထားပါသည်။

     

    ထို့ပြင် သတင်းစကားတစ်ခုကို စာရိတ္တဖောက်ပြန်သူ မသူတော်တစ်ဦးဦးက သယ်ဆောင်လာလျင် မသိဘဲနှင့်  လူ့အစုအဝေးတစ်ရပ်ကို အန္တရာယ်မပြုမိစေရန် ဆန်းစစ်ကြဖို့၊ သို့မဟုတ်လျင် မိမိတို့ ပြုမူမိခဲ့သည်အတွက် ကြေကွဲ နောင်တရရမည် ဟူ၍ ဆုံမသွန်သင်ထားသည်။ (ကျမ်းမြတ်ကုရ်အာန် ၄၉း၆)

    အစ္စလာမ်က မိမိ တစ်ကိုယ်ရည်အတွက် မေတ္တာထားကာ ငုံ့ခံခိုင်းထားသလို အများအတွက်၊ လူ့အစုဝေးအကျိုးနှင့် ယှဉ်လာပါမူ သစ္စာတရားအတွက် တုန့်ပြန်ခိုင်းထားသည်။

    အစ္စလာမ်၏ လမ်းပြပုဂ္ဂိုလ် မဟာတမန်တော်မြတ်၏ အတ္ထုပ္ပတ္တိကို လေ့လာကြည့်လျင် မိမိတစ်ကိုယ်ရည်အား ရန်ပြုသူ၊ စော်ကားသူ၊ မတရားပြုမူသူ၊ စွပ်စွဲသူမှန်သမျှအား မေတ္တာထား ခွင့်လွှတ်ခဲ့သည်။

    သစ္စာတရားနှင့် ယှဉ်လာလျင်မူ စည်းစိမ်ဥစ္စာ အာဏာဖြင့် စည်းရုံးလာသူတို့အား သင်တို့အနေဖြင့် ကျွန်ုပ်၏ လက်တစ်ဘက်တွင် နေမင်း၊ ကျန်လက်တစ်ဘက်တွင် လမင်း ပေးနိုင်စေကာမူ အမှန်တရားအတွက် ဆက်လက်ဆောင်ရွက်မည်ဖြစ်ကြောင်း ပြတ်ပြတ်သားသား ဆိုခဲ့သည်။

    တမန်တော်မြတ်သည် ပင်ကိုယ်သဘောအရ အစဉ်သည်းခံခွင့်လွှတ်ကာ အေးချမ်းစွာနေတတ်သူ ဖြစ်သော်လည်း အများလူထု ၁၃နှစ်ကျော် နှိပ်စက်ငြှင်းပမ်း သတ်ဖြတ်မှုများ ခံရပြီးနောက်ဆုံးတွင် ခုခံစစ်အဖြစ်သစ္စာတရားအတွက် တုန့်ပြန်လျက် ပြန်လည် တိုက်ခိုက်ခဲ့ရသည်။ မတရားသဖြင့် ညှဉ်းပမ်းနှိပ်စက်ခြင်းသည် သတ်ဖြတ်ခြင်းထက်ပင် ဆိုးရွားလှသည် မဟုတ်ပါလော။ (ကျမ်းမြတ်ကုရ်အာန် ၂း ၁၉၁)

    ဤစစ်ပွဲအခြေအနေတွင်ပင် ယခင်က မရှိခဲ့ဖူးသည့် တရားမျှတသည့် စစ်စည်းမျဉ်းများ ချမှတ်ခဲ့သည်မှာ သမိုင်းတွင် အထင်အရှားဖြစ်ပါသည်။ စစ်နှင့် တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသောသူများဖြစ်သည့် ကလေးသူငယ်များ၊ အမျိုးသမီးများအား မထိပါးရန်၊ စစ်မြေပြင်ဝန်းကျင်ရှိ ရေတွင်းရေကန်နှင့် သစ်ပင်များအား မဖျက်ဆီးရန်၊ စစ်သုံ့ပန်းများအား နှိပ်စက်သတ်ဖြတ်ခြင်း မပြုရန်၊  စစ်သုံ့ပန်းများအနေဖြင့် လျော်ကြေးပေးခြင်းဖြင့် ဖြစ်စေ စာမတတ်သူမွတ်စလင်မ်၁၀ဦးအား စာသင်ကြားပေးခြင့်ဖြစ်စေ လွတ်ငြိမ်းချမ်းသာခွင့်ပြုရန် စသည့် လူ့အခွင့်အရေးကို အခြေခံသော တရားမျှတမှုကို ကမ္ဘာ့သမိုင်းတွင် ပထမဆုံးစတင်ခဲ့သူမှာ သစ္စာဝါဒီ မွတ်စလင်မ်များ ဖြစ်ကြသည်။

    ခုခံစစ်ပွဲတစ်ခုအတွင်းကြုံခဲ့သည့် ဖြစ်ရပ်မှန်တစ်ရပ်ကို ပြန်လည် တင်ပြပါမည်။ မွတ်စလင်မ် စစ်သည်တစ်ဦင်္းက ရန်သူ စစ်ခေါင်းဆောင်အား အနိုင်ရကာ ဓားဖြင့်ခုတ်ပိုင်းရန် ရွယ်လိုက်စဉ်တွင် ထိုရန်သူက မွတ်စလင်မ်စစ်သည်အား တံတွေးနှင့် ထွေးလိုက်ပါသည်။ ထိုအခါ မွတ်စလင်မ်စစ်သည်က ဒေါသတစ်ကြီးဖြစ်သွားသော်လည်း ထိုရန်သူအား ဆက်လက်တိုက်ခိုက် ခုတ်ပိုင်းခြင်းမပြုတော့ဘဲ လွှတ်ပေးလိုက်ရာ မိမိကိုကိုယ် သေသူအဖြစ်သတ်မှတ်ပြီးသားရန်သူခေါင်းဆောင်က မယုံကြည်နိုင်စွာဖြင့် အကြောင်းရင်းကို မေးကြည့်ပါသည်။ မွတ်စလင်မ်စစ်သည်အနေဖြင့် မိမိသည် မိမိအတ္တအတွက်မဟုတ်ဘဲ သစ္စာတရားအတွက်သာ တိုက်ပွဲဝင်နေခဲ့သည်ဖြစ်ပြီး မိမိမျက်နှာ တံတွေးအထွေးခံရသဖြင့် စိတ်ဆိုးနေချိန်တွင် ဆက်လက်ခုတ်ပိုင်းပါက မိမိအတ္တအတွက် လူသတ်ရာရောက်မည်ဖြစ်သောကြောင့် ဤသည်ကို မလိုလား၍ ဆက်မတိုက်၊ မသတ်လိုက်ခြင်းဖြစ်ကြောင်း ဖြေကြားခဲ့ပါသည်။ ဤဖြစ်စဉ်က အဆိုပါရန်သူ၏ စိတ်နှလုံးကို ပြောင်းလဲစေလျက် သူကိုယ်တိုင် မွတ်စလင်မ်ဖြစ်လာခဲ့ပါသည်။ ဤသည်မှာ စစ်မြေပြင်တွင်တောင်မှ အမှန်တရားအတွက် သက်သက်သာ တိုက်ပွဲဝင်သူ သစ္စာဝါဒီ မွတ်စလင်မ်တို့၏ ဥပမာ တစ်ခုပင်။

    နောက်ဆုံး ရန်သူတို့ အရေးနိမ့်သွားချိန် စစ်ပွဲများအားလုံး အဆုံးသတ်သွားရသည့် မက္ကာဟ်ရွှေမြို့တော် အောင်နိုင်သည့်ကာလတွင်မူ မွတ်စလင်မ်များအနေဖြင့် ရန်သူအားလုံးတို့အား သွေးမြေမကျစေရဘဲ အကြွင်းမဲ့ လွတ်ငြိမ်းချမ်းသာခွင့် ပေးသည်။ တမန်တော်မြတ်သည် မိမိအားကိုးချစ်ခင်ရသော ဦးရီးတော်ကို သတ်သူကိုပင် အပြစ်မယူဘဲ ခွင့်လွှတ်ပေးခဲ့သူ ဖြစ်ပါသည်။

    ဤမျှလောက် ရှင်းလင်းပြီးလျင် အထက်ပါမေးခွန်းအတွက် ထပ်ဖြေပါမည်။

    မြန်မာနိုင်ငံအနေဖြင့် မွတ်စလင်မ်နိုင်ငံတစ်ခုခုနှင့် မျှသာမဟုတ် ထိုင်းနိုင်ငံကဲ့သို့သော ဗုဒ္ဓဘာသာ နိုင်ငံနှင့်ဖြစ်စေ၊ အခြား ခရစ်ယာန်နိုင်ငံနှင့်ဖြစ်စေ၊ ဂျူးဘာသာဝင်တို့နှင့်ဖြစ်စေ မည်သို့ပင်ဖြစ်စေ စစ်မက်ဖြစ်ပွားခဲ့ပါက ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင်တို့သည် မှန်သည့်ဘက်လိုက်ပါမည်။ မြန်မာပြည် ခုခံစစ်အတွက်ဆိုလျင် လိုအပ်ပါက ဗလီရှေ့ဆောင်ဆရာများ အပါအဝင်ပင် ရှေ့တန်းမှ ပါဝင်ကြရပါမည်။

               ရှေးယခင် အင်္ဂလိပ်နယ်ချဲ့မှုကို တော်လှန်စဉ်ကလည်း မွတ်စလင်မ်စစ်တပ်များ အမြောက်အမြား ပါခဲ့သည်ကို မသိကြလေသလော … မေ့သယောင် ဟန်ဆောင်နေကြသည်လော။

     

    သို့သော် မတရား ကျူးကျော်စစ်အတွက်ဆိုပါမူ…။

    တစ်ချိန်ကအမေရိကန်နိုင်ငံသည် ဗီယက်နမ်နိုင်ငံသို့ စစ်ချီခဲ့ဖူးပါသည်။ ထိုစဉ်က တိုင်းသူပြည်သား များလည်း ထိုကျူးကျော်စစ်အတွက် စစ်မှုထမ်းကြရပါသည်။ အမေရိကန်နိုင်ငံသား သစ္စာဝါဒီတစ်ဦးဖြစ်သူ လက်ဝှေ့ချန်ပီယံ ကပ်စီးယပ်စ်ကလေး ခေါ် မုဟမ္မဒ်အလီသည် ကျူးကျော်စစ်ကို ဆန့်ကျင်သူ ဖြစ်ရာ ရဲရဲဝံ့ဝံ့ ဆန့်ကျင်လျက် စစ်မှုမထမ်းခဲ့ပါ။ အကျိုးဆက်အနေဖြင့် လက်ဝှေ့ချန်ပီယံလက်မှတ် ပြန်အပ်ရမည်ဆိုသည်ကို နှောင့်နှေးခြင်းမရှိပြန်အပ်ကာ လက်ဝှေ့ချန်ပီယံဘွဲ့ကို နောက်တစ်ကြိမ် ကြိုးဝိုင်းမှာ ပြန်လည်အရယူခဲ့သည့် သာဓက ရှိပါသည်။

               မွတ်စလင်မ်ညီနောင် ညီအစ်မ မှန်သမျှ အစ္စလာမ့်သွန်သင်ချက်နှင့်အညီ အမှန်တရားအတွက် ရဲရဲဝံ့ဝံ့ ဘက်လိုက်တတ်သူ၊ ဘက်လိုက်ရဲသူ၊ ဘက်လိုက်ခွင့်ရကြသူ သစ္စာဝါဒီများ ဖြစ်ကြပါစေသား။

     

    M-Media သို့ ဆောင်းပါးရှင် ကိုကျော်မိုးအောင် ပေးပို့လာသည့် ဆောင်းပါးဖြစ်ပါသည်။

  • ရခိုင်ဒေသပဋိပက္ခနှင့် မီဒီယာအကြောင်း SEAPA မှ သမ္မတသို့ အိတ်ဖွင့်ပေးစာ

    ရခိုင်ဒေသပဋိပက္ခနှင့် မီဒီယာအကြောင်း SEAPA မှ သမ္မတသို့ အိတ်ဖွင့်ပေးစာ

    Source: ဧရာဝတီ

    အိတ်ဖွင့်ပေးစာ  နိုဝင်ဘာ ၈၊ ၂၀၁၂ ခုနှစ်

    ဦးသိန်းစိန်
    ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတ
    နေပြည်တော်၊  မြန်မာနိုင်ငံ

    သမ္မတကြီးခင်ဗျား
    အရှေ့တောင်အာရှစာနယ်ဇင်းမဟာမိတ်အဖွဲ့ (SEAPA) သည် ရခိုင်ပြည်နယ်အတွင်း လူများစု ရခိုင်တိုင်းရင်းသားနှင့် လူနည်းစု ရိုဟင်ဂျာများအကြား နောက်ထပ်တဖန် ဖြစ်ပေါ်လာသော အကြမ်းဖက်မှုများအပေါ် အထူး စိုးရိမ်မကင်းဖြစ်ရသောကြောင့် ယခုကဲ့သို့ စာရေးသားတင်ပြရခြင်းဖြစ်သည်။ အထူးသဖြင့် တချို့ မီဒီယာအဖွဲ့အစည်းများနှင့် မြန်မာအစိုးရ ထိပ်တန်းအရာရှိများထံမှ လူမျိုးစွဲဝါဒ၊ ကျဉ်းမြောင်းသောအမျိုးသားရေးဝါဒ နှင့် သွေးထိုးလှုံ့ဆော်မှုများ ထွက်ပေါ်လာနေခြင်းအပေါ် အလွန်အမင်း စိုးရိမ်မိပါသည်။

    အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် အိမ်နီးချင်း တိုင်းပြည်များသို့ ရိုဟင်ဂျာများ နယ်စပ်ဖြတ်ကျော် ထွက်ပြေးကြရသည့် လက်ငင်း ပြဿနာများအပြင် ဒေသတွင်းရှိ ကျန်တိုင်းပြည်များတွင်လည်း အလားတူ တင်းမာမှုများဖြစ်နေပြီး သမ္မတကြီး ဦးဆောင်သော အစိုးရ၏ ယင်းပြဿနာအား ကိုင်တွယ်ပုံကို စိတ်ဝင်တစား လေ့လာ စောင့်ကြည့်နေသည်။ ထို့အပြင် ဒေသတွင်း မီဒီယာလွတ်လပ်ခွင့် စည်းရုံး တိုက်တွန်းရေး ဒေသဆိုင်ရာကွန်ရက်တခုဖြစ်သော SEAPA  သည်  မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်အတွက် ပိုမို ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်ခွင့် ရလာချိန်နှင့် တပြိုင်တည်း အဆိုပါဖြစ်ထွန်းမှုများကို အနီးကပ် စောင့်ကြည့်လေ့လာနေသည်။ ၎င်းအကြမ်းဖက်မှုများသည် မြန်မာနိုင်ငံ မီဒီယာလောကအတွက် ကြီးမားသော စိန်ခေါ်ချက် ဖြစ်နေသည်။ တင်/ထုတ် ဆင်ဆာတည်းဖြတ်ခြင်းများ ပယ်ဖျက်ပေးခြင်း အပါအ၀င် ယခင်ကလောက် အကန့်အသတ်များ မရှိတော့သည့် မြန်မာ့မီဒီယာများသည် ၎င်းအခြေအနေနှင့် ဆက်နွယ်သော အတိမ်းအစောင်း မခံသည့် သတင်းအချက်အလက်များကို ဂရုတစိုက် ကိုင်တွယ်ရမည်။

    ပဋိပက္ခအတွက် တာရှည်ခံ အဖြေတခု ရှာသည့်နေရာတွင် ယခု စိတ်မချမ်းမြေ့ဖွယ် သတင်း အကြောင်းအရာများကို ဖြေရှင်းခြင်းသည် တခြား ပဋိပက္ခ စီမံခန့်ခွဲမှု အားထုတ်မှုများ နည်းတူ အရေးကြီးကြောင်း လွန်ခဲ့သည့် ရက်သတ္တပတ် နှစ်ပတ်က တဖန်ပြန်ဖြစ်ခဲ့သည့် အကြမ်းဖက်မှုများက ညွှန်ပြနေသည်။

    ၎င်းအကြောင်းအရာနှင့်စပ်လျဉ်း၍ တချို့ဂျာနယ်များတွင် သတင်းအချက်အလက်အမှားများ ဖေါ်ပြခွင့်ရနေခြင်း၊ ခွဲခြားဆက်ဆံသော၊ ကျဉ်းမြောင်းသော အမြင်များဖေါ်ပြနေခြင်းကို မိမိတို့ လေ့လာတွေ့ရှိရသည်။

    ထိုအမြင်များသည် ဒေသတွင်းနှင့် ဒေသခံ ပြည်သူများအကြား တင်းမာမှု နှင့် မတည်ငြိမ်မှုကိုသာ အရှည်တည်တန့်စေနိုင်သည်။ ထိုထက်အန္တရာယ်ပိုဆိုးသည်မှာ တချို့ အစိုးရ၀န်ထမ်းများသည် မီဒီယာမှ တဆင့်သော်လည်းကောင်း၊ လူမှုမီဒီယာများမှသော် လည်းကောင်း အလွတ်သဘော ဆန်ဆန်ဖြင့် ဘက်တဖက်တည်းကို မျက်နှာလိုက်သော အမြင်များ ထုတ်ဖော်ပြသနေခြင်း ဖြစ်သည်။

    ထိုပြောဆိုမှုများအား  အစိုးရ၏ ရပ်တည်ချက်အဖြစ် ပြောင်းလဲယူသွားမည်ကို မိမိတို့ အထူးစိုးရိမ်သည်။ ရလဒ်အဖြစ် မတူညီသောအမြင်များကို မီဒီယာများတွင် သော်လည်းကောင်း၊ ပြင်ပတွင်သော်လည်းကောင်း ထုတ်ဖော်ပြောဆိုသူများအတွက် အန္တရာယ်ရှိနိုင်သကဲ့သို့၊ ၎င်းကိစ္စနှင့်ပတ်သက်၍ လူထုအကြား ပြောဆိုဆွေးနွေးမှုများတွင်လည်း အကြောက်တရားများ လွှမ်းမိုးစေသည်။

    တဖက်သတ် ထင်မြင်ချက်များအား အကြမ်းဖက်မှု (သို့မဟုတ်) ရန်လို တိုက်ခိုက်မှုများဖြစ်အောင် တိုက်ရိုက် သွေးထိုးလှုံ့ဆော်မှုအဖြစ် လတ်တလော မသတ်မှတ်နိုင်သော်လည်း ၎င်းတို့သည် သဘောထားကွဲမှုများ၊ ပဋိပက္ခအား ပို၍ နက်ရှိုင်းစေသည့် လူထုအကြား နားလည်မှုအလွဲများ၊ မုန်းတီးမှုများ၊ ခွဲခြား ဆက်ဆံမှုများ ဖြစ်စေနိုင်သည်။

    ထိုသို့အခြေအနေများဖြစ်နေသော်လည်း မိမိတို့က  မီဒီယာလုပ်ငန်းများကို ထိပါးစေသော၊ မြန်မာနိုင်ငံအတွင်း လွတ်လပ်စွာ ထုတ်ဖေါ်ပြောဆိုခွင့်ကို အကန့်အသတ်ဖြစ်စေသော တားမြစ်မှုများ ပြုလုပ်ရန် တိုက်တွန်းနေခြင်း မဟုတ်သည်ကို ရှင်းရှင်းလင်းလင်း သိစေလိုပါသည်။ ယခုပဋိပက္ခကို ဖြေရှင်းရာတွင် လွတ်လပ်သော သတင်းမီဒီယာသည်သာ ထဲထဲဝင်ဝင် ပံ့ပိုး ကူညီပေးနိုင်သည်ဟု မိမိတို့ အခိုင်အမာ ယုံကြည်သည်။

    ထို့ကြောင့် မီဒီယာများ၊  မီဒီယာနှင့် ဆက်စပ်နေသော အစိုးရ၀န်ထမ်းများသည် ပဋိပက္ခတွင် ပါဝင်သူအားလုံး၏ လူ့အခွင့်အရေးကို လေးစားလိုက်နာပြီး ခိုင်မာသော၊ တာရှည်ခံသော အဖြေထုတ်ချက်မျိုးကို ဦးတည်စေသည့် ရှင်းလင်းသော၊ အရေးကြီးသော၊ ခိုင်မာသော အမြင်ဖလှယ်မှုများကို အားပေးရမည်။
    သို့ပါသောကြောင့် သမ္မတကြီးအား..    လူမျိုးစွဲဝါဒနှင့် သွေးထိုးလှုံ့ဆော်ပေးနေသော အစိုးရအမှုထမ်းများနှင့် မီဒီယာများကို ပြင်းပြင်းထန်ထန် ရှုတ်ချရန်    အကြောင်းအရာများကို အတတ်နိုင်ဆုံး လွတ်လပ်စွာ၊ ဓမ္မဓိဌာန်ကျစွာ၊ တိကျစွာ၊ မျှတစွာ တင်ပြနိုင်သော မီဒီယာဝန်းကျင်တခုဖြစ်လာစေရေး အားပေးရန်
    ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခအကြောင်း သတင်းယူနေသော စာနယ်ဇင်းသမားများ လွတ်လပ်စွာ သွားလာ သတင်းယူနိုင်ရေးအတွက် လုံခြုံမှုနှင့် ကာကွယ်ပေးမှုများ ရှိစေရန် စသည်တို့ကို ဆောင်ရွက်ပေးပါရန် တောင်းဆိုပါသည်။

    မြန်မာနိုင်ငံအတွင်း မီဒီယာလွတ်လပ်ခွင့်များ ပိုအားကောင်းလာစေရေးအတွက် တင်ပြသော မိမိတို့၏ စိုးရိမ်ချက်များ၊ အကြံပြုချက်များကို အချိန်ယူ ထည့်သွင်း စဉ်းစားပေးသည့်အတွက် သမ္မတကြီးအား ကျေးဇူး တင်အပ်ပါသည်။
    တည်ကြည်စွာဖြင့်

    Gayathry Venkiteswaran (Ms.)
    SEAPA အမှုဆောင်ဒါရိုက်တာ

    မိတ္တူကို….
    ဦးအောင်ကြည်၊ ပြန်ကြားရေးဝန်ကြီး
    မြန်မာနိုင်ငံသတင်းစာနယ်ဇင်းကောင်စီ (ယာယီ) အဖွဲ့ဝင်များ
    အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်


    အောက်ဖော်ပြပါ အိတ်ဖွင့်ပေးစာကို ဘာသာပြန်ထားခြင်းဖြစ်သည်။