News @ M-Media

Blog

  • မြန်မာမီဒီယား ပေါင်းနုတ်ဖို့ခဲ

    မြန်မာမီဒီယား ပေါင်းနုတ်ဖို့ခဲ

    နိုဝင်ဘာ ၁၁ ရက်၊ ၂၀၁၂
    M-Media
    ဆောင်းပါးရှင်။ ရွှေဘိုသား

    Eleven media group က  နိုဝင်ဘာ ၃ နေ့စွဲနဲ့ ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ဆောင်းပါးကို ဖော်ပြခဲ့ပါတယ်။ အဲဒီဆောင်းပါးက အီးအမ်ဂျီရဲ့ အာဘော်လည်း ဖြစ်တဲ့အကြောင်း ရေးသားထားပါတယ်။ ဆောင်းပါးရှင်ကတော့ ဇွဲဝေယံ (ခ) ၁၈ နှစ်သား အယ်ဒီတာ ဇေယျနန္ဒ ဆိုသူပါ။

    အဲဒိဆောင်းပါးရဲ့ မူရင်းခေါင်းစဉ်ကတော့ မြန်မာနိုင်ငံမှာ အစွန်းရောက်ဘာသာရေးအယူအဆ ပေါ်ထွန်းနေလား ပဲဖြစ်ပါတယ်။ သို့ပေမယ့် အလဲဗင်းမီဒီယာဂရုရဲ့ စီနီယာအယ်ဒီတာကြီးတွေက ဒီခေါင်းစဉ်ကိုတောင် ဂဃနဏမစိစစ်ကြဘဲ တရားဝင်ဖော်ပြလိုက်ပြီးခါမှ တစ်စုံတစ်ရာကိုစဉ်းစားမိလေရော့သလားမသိ၊ မိနစ်အနည်းငယ်ကြာတော့ “ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ” ဆိုတဲ့ ခေါင်းစဉ်ကို ပြောင်းပစ်လိုက်ပါတယ်။ ဒါဟာ ပရိုဖက်ရှင်နယ် မီဒီယာတစ်ခုရဲ့ စံနှုန်းမဟုတ်ပါ။ မြန်မာ့နည်း မြန်မာ့ဟန်၊ လုပ်သမျှတင့်တယ် ၊ အာဏာရှင်ပုံစံ၊စာဖတ်ပရိသတ် ပြည်သူကို ဂရုမစိုက်မှုသာဖြစ်ပါတယ်။

    ယခုလင့်

    http://www.first-11.com/index.php?option=com_content&view=article&id=16249:2012-11-03-05-02-37&catid=78:2009-11-13-06-25-17&Itemid=135

    ခေါင်းစဉ်မပြောင်းမီလင့်

    Eleven FB Page မှာ တင်ပြိး ပြန်မဖျက်မှီက

    ဒါကြောင့် အသေအချာရှုမှတ်စိစစ်လိုက်တဲ့အခါ အဲဒီဆောင်းပါးပါအချက်အလက်တွေအရရော၊ မြန်မာပြည်က နာမည်ကြီး ဂျာနယ်နှစ်စောင်ရဲ့ ချိန်သားကိုက်လှုပ်ရှားမှုတွေအရပါ ထွက်ပေါ်လာတဲ့ အဖြေကတော့ asiasentinel မှာ 30 Oct 2012 နေ့စွဲနဲ့ ဖော်ပြခဲ့တဲ့ ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ ဆောင်းပါးထဲကအတိုင်း ရခိုင်အရေးမှာ နောက်ကွယ်သွေးထိုးနေသူတွေက မီဒီယာတွေကိုယ်တိုင် တသဝေမတိမ်းဖြစ်နေတာ ပိုပြီးတော့ ထင်ရှားလာခဲ့ပါတယ်။

    မြန်မာပြည်ရဲ့ နာမည်ကြီး ဂျာနယ်နှစ်စောင်လုံးကတော့ မြန်မာနိုင်ငံအတွင်းနေထိုင်ကြသူ အစ္စလာမ်ဘာသာဝင်တွေက ဘယ်လိုအမှုမျိုးကို ကျူးလွန်ကြသည်ဖြစ်ပါစေ၊ စာလုံးမည်းကြီးတွေနဲ့ ဖော်ပြပြီး တခမ်းတနားသတင်းလုပ်လာ ကြတာကို သတိထားမိကြပါလိမ့်မယ်။ သည်ဗွိုက်စ်ဂျာနယ်ကတော့ မဆီမဆိုင် တမူးဘက်ကို အိန္ဒိယနိုင်ငံသား အ၀င်အထွက်များပါတယ်ဆိုတဲ့ သတင်းမျိုး ဖော်ပြခဲ့သလို အလဲဗင်းကတော့ အထက်မှာဖြော်ပခဲ့တဲ့အတိုင်း ပရိုမီဒီယာလမ်းစဉ်ကနေ သွေဖယ်ပြီး ခေါင်းစဉ် (headline) ကိုတောင် မစိစစ်ပါဘဲ မြန်မာနိုင်ငံတွင်း နေထိုင်တဲ့ အစ္စလာမ်ဘာသာဝင်တွေကို အခြားဘာသာဝင်တွေက ယုံထင်ကြောင်ထင်ဖြစ်လာအောင် အချိန်ကောင်းမှာ သွေးထိုးလှုံဆော်ခဲ့ပါတယ်။

    ရခိုင်အရေးနောက်ကွယ်က ကြိုးကိုင်သူတွေဟာ ဘယ်သူတွေလဲ? အလဲဗင်းကတော့ မြန်မာပြည်တွင်းက အစ္စလာမ်မစ် အစွန်းရောက်တွေပါပဲလို့ မြန်မာပြည်က နာမည်ကြီး Racist အန္တီအစ္စလာမ် တက်ကြွလှုပ်ရှားသူ ရဟန်း ဦးဝီရသူရဲ့ခြေလှမ်းတွေအတိုင်း လေဖမ်းဒန်းစီးပြီး ဒါကတော့ ကျွန်တော်တို့ အာဘော်ပါပဲလို့ ခေါင်းစဉ်တပ်ကာ ပရိသတ်ကို ချပြခဲ့ပါပြီ။

    ဒါ့ပြင် သည်ဗွိုက်စ်ဂျာနယ်ရဲ့ အယ်ဒီတာချုပ် ဦးကျော်မင်းဆွေကလည်း အလားတူသဘောသက်ရောက်တဲ့ ဆောင်းပါးတစ်ပုဒ်ကို ၃-၁၁-၂၀၁၂ ရက်စွဲနဲ့ သူ့ရဲ့ကိုယ်ပိုင် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။ သူ့ရဲ့အဲဒီ ပုဂ္ဂလိကအာဘော်ကို ပထမဦးဆုံး Like လုပ်သွားကြသူတွေထဲမှာတော့ နာမည်ကြီး မှူးဇော်ပါဝင်နေပါတယ်။

    တိုက်ဆိုင်တယ်လို့ပဲ ပြောရမလား၊ (နိုဝင်ဘာ ၈ ၊ ၂၀၁၂) ရက်နေ့မှာ ဖေ့စ်ဘွတ်ခ် ကို စစ်မြေပြင်လို သဘောထားနေတဲ့ မှူးဇော်နဲ့  သာမာန်ဖေ့စ်ဘွတ်သုံးစွဲသူ ကေတီဇက်အို ဆိုသူတို့ ကို ဘီဘီစီက ဆက်သွယ်မေးမြန်းတဲ့အခါ ကေတီဇက်အိုရဲ့ “ရခိုင်မှာ ရိုဟင်ဂျာတွေဆီက လက်နက်တွေသိမ်းမိတယ်ဆိုတဲ့အကြောင်း၊ မြန်မာ့တပ်မတော်က ထိုးစစ်ဆင်နေ ပြီဆိုတဲ့အကြောင်းတွေကို မှူးဇော်က ဖေ့ဘွတ်ကနေ သတင်းမှားဖြန့်ချိခဲ့တယ်၊ အဲဒီအတွက်ဘယ်လိုတာဝန်ယူမလဲ” ဆိုတဲ့အမေးကို မှူးဇော်က ဝေ့လည်ကြောင်ပတ်လုပ်သွားတာ နားဆင်ခဲ့ရပြန်ပါတယ်။

    အလဲဗင်းမီဒီယာနဲ့ သည်ဗွိုက်စ်တို့ခင်ဗျား၊ နောင်ကြီးတို့ ခုလို ချိန်သားကိုက် လက်ချင်းရိုက်ဆောင်ရွက်နေကြတာတွေ၊ အကွက်ချပြီး မြန်မာပြည်တွင်းမှာ အစွန်းရောက် အစ္စလာမ်မစ်တွေ ရှိနေသယောင်ဝါဒဖြန့်ပြီးတော့ ရခိုင်အရေးမှာ အဲဒီအစွန်းရောက်တွေကပဲ ကြိုးကိုင်သယောင်လုပ်ဆောင်ကြခြင်းတွေဟာ ဘယ်လောက်ထိ တာသွားနေခဲ့ပြီလဲဆိုတာ ဆန်းစစ်ကြည့်ကြပါ။ နောင်ကြီးတို့ပြည်တွင်း မှာတော့ အောင်မြင်ကောင်း အောင်မြင်နေနိုင်ပေမယ့် နိုင်ငံတကာမှာ တော့ နောင်ကြီးတို့ အထောက်အထားဗလာနဲ့ ပြောသမျှဆိုသမျှဟာ “မာန်တရှေးရှေး တရေးရေးနှင့် နွားချေးထက်ဝယ် ဖားသငယ်” ဆိုသလို အုန်းအင် အုန်းအင်နဲ့ မြုပ်ကာ မြုပ်ကာ အသံတိမ်နေရှာပါပြီ။

    အခု အလဲဗင်းမီဒီယာက သိက္ခာမဲ့လှတဲ့ လုပ်ရပ်တစ်ခုကို ထပ်မံလုပ်ခဲ့ပါပြီ။ ဆောင်းပါး ခေါင်းစဉ်တောင် အသေအချာမစိစစ်ပဲ ပက်ဘလိစိုက်လုပ် ခဲ့သလို အင်္ဂလိပ်မူက ခေါင်းစဉ်တမျိုး၊ မြန်မာမူက ခေါင်းစဉ်တမျိုးနဲ့ လည်သလို လုပ်စားပြီး ပရိသတ်ကို မျက်လှည့်ပြထားပါတော့တယ်။

    ဒါ့ကြောင့် ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ ဆောင်းပါးမှာ ဖော်ပြထားတဲ့ “ဒီလိုမျိုး ကိုယ့်သေတွင်းကိုယ်တူးတဲ့ နည်းလမ်းရဲ့ နိုင်ငံရေးအကျိုး သက်ရောက်မှုကတော့ အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးပါပဲ။ (တနည်းပြောရရင် သူတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးပြီး နိုင်ငံရေးအရ အကျိုးအမြတ်ရှိလှတဲ့ အန္တီမွတ်စလင်မ်လှုပ်ရှားမှုကြီးကို ဖန်တီးနေတာပါ။) ဒါပေမယ့် အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးကတော့ ကျယ်ပြောစွာပြန့်နှံ့ပြီးဖြစ်နေပါပြီ။” ဆိုတဲ့အချက်က သွေးထွက်အောင် မှန်ကန်နေပါတော့တယ်။

    ဒါ့ပြင် ယင်းဆောင်းပါးပါ ဖော်ပြချက်တစ်ခုဖြစ်တဲ့ “.. ရခိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ပထမခြေလှမ်းက ဒီမြန်မာဘာသာနဲ့ထုတ်ဝေတဲ့ ဂျာနယ်တွေကို ခဏဖြစ်ဖြစ် ရပ်ဆိုင်းဖို့ပါပဲ။ သူတို့တွေက လူထုရဲ့အထင်အမြင်ကို အုံကြွယဉ်ကျေးမှုအဖြစ် ပြောင်းလဲနေတာပါ။ ဒါမှမဟုတ်ရင်တော့ လူတွေက သူတို့ကြောင့် ဆက်ပြီး အရူးဖြစ်နေကြပါလိမ့်မယ်။ ဒီလိုနဲ့ပဋိပက္ခကို အားကိုးအားထားပြုစရာအဖြစ် ဆက်လက် ဆွဲကိုင်ထားကြပါလိမ့်မယ်။ ” ဆိုတာကလည်း အလေးအနက် သုံးသပ်ကြရမယ့် အကြံပြုချက် ဖြစ်လာပါတော့တယ်။

    ရခိုင်အရေးက နောက်ပြန်လှည့်သွားစေနိုင်သလား ဆီကို ပြန်ပြီးတော့ ဦးလှည့်ကြည့်ကြပါမယ်။ အဆင့်မရှိသေးတဲ့ အယ်ဒီတာပေါက်စအာဘော်ကို အလဲဗင်းက သူတို့အာဘော်လည်း ဒါပါပဲလို့ ဆိုလိုက်တော့ ငိုအားထက် ရယ်အားက သန်ရမလိုလို။

    ၁) အဲဒီဆောင်းပါးမှာ ရခိုင်အရေးကို ပြည်တွင်းကိစ္စ (internal issue) လို့ ဖြော်ပထားပေမယ့် အာရပ်နွေဦး တော်လှန်ရေးအကြောင်းတွေ၊ ယူကေအခြေဆိုက်ဂါးဒီးယန်းက အောက်တိုဘာ ၇ မှာ နှစ် ၄၀ ကြာ internal conflict အဖြစ် ခေါင်းစဉ်တပ်ဖော်ပြခဲ့တဲ့ဖိလစ်ပိုင်ကိစ္စ၊ ပါလစ္စတိုင်းကိစ္စတွေ ဆွဲထည့်ပြီး ဒါ့ကြောင့် ကျုပ်တို့ပြည်ကြီးမှာလည်း ဒါမျိုးဖြစ်နိုင်လို့ သုံးသပ်ထားပါတယ်။ တစ်တီတူး ခြေထောက်မိုးပေါ်ထောင်အိပ်သလို မယောင်ရာဆီလူးပြီးအများ ပြည်သူတွေ သူတို့ကိုယ်သူတို့ လုံခြုံမှု မရှိတော့ပါလားလို့ ခံစားလာရအောင် ခြောက်လှန့်ထားတဲ့ ပရိုပါဂန်ဒါဖြစ်ပါတယ်။

    ၂) မှူးဇော်က ၀ီကီလိခ်သတင်းတစ်ရပ်ကို ဖေ့စ်ဘွတ်မှာ တင်ပြီး ရိုဟင်ဂျာတွေနဲ့ အကြမ်းဖက်တွေ အဆက်အသွယ်ရှိပါတယ်လို့ သက်သေပြုဖူးပါတယ်။ အဲဒိအချက်က လွဲရင် မြန်မာပြည်က တာဝန်ရှိတဲ့သူ ဘယ်သူကမှက ယနေ့ထိ တရားဝင် ရိုဟင်ဂျာတွေသည် အကြမ်းဖက်နဲ့ အဆက်အသွယ်ရှိပါတယ်လို့ အတည်ပြုပြောကြားခြင်းမျိုးမရှိသေးပါ။

    ၃) ဒီလိုအခြေအနေတွေကြောင့် မြန်မာမီဒီယာတွေဟာ ကလိမ်စေ့ငြမ်းစင်ပြီး မြန်မာနိုင်ငံ လုံခြုံရေးတာဝန်ရှိသူများရဲ့ နေရာကို ၀င်ယူကာ ရိုဟင်ဂျာပြဿနာနောက်ကွယ်မှာ အစ္စလာမ်မစ် အစွန်းရောက်ရှိတယ်လို့ သက်သေအထောက် အထား အတိအကျမပြနိုင်ဘဲ ပလန်ချကာ စနစ်တကျ လိုသလို အကွက်ရွှေ့ဖို့ ကျိုးစားနေကြတာ ဆင်ပြောင်ကြီးပေါ် အလံစိုက်သလို ထင်ရှားလှပါတယ်။

    အခုအလဲဗင်းဆောင်းပါးကို သုံးသပ်ကြည့်ကြပါမယ်။

    အချက် နံပါတ် (က) – ယခု နောက်တစ်ကြိမ်မှာ ဘာဖြစ်လို့ ဘင်္ဂါလီ လူနည်းစု နေရာတွေမှာ ဘင်္ဂါလီတွေဖက်က စခဲ့သလဲဆိုတာ စဉ်းစား စရာပါ။ သူတို့ကို ရခိုင်တွေကနေ နှိပ်စက်နေတယ်လို့ ရှုမြင်စေချင်လို့လား။ ဒီလိုအချိန်မျိုးမှာ ရခိုင် တိုင်းရင်းသားတွေ အနေနဲ့လည်း ဒေါသတွေကို ထိန်းဖို့လိုပါတယ်။ ရိုဟင်ဂျာဆိုတာ ပေါ်လာတာ မကြာသေးပါဘူး။ အခုတော့ အဲဒီ့ လူမျိုးစုကို အကြောင်းပြပြီး တောင်းဆိုနေတာဟာ ဖိလစ်ပိုင်မှာ အစွန်းရောက်တွေရဲ့ အုပ်ချုပ်မှု တောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်။ လုံးဝ လက်မခံနိုင်ပါဘူး။ 

    အချက်နံပါတ် (ခ) ဆယ်စုနှစ်ပေါင်းများစွာ မြန်မာနိုင်ငံတွင်းမှာ နေလာတဲ့ သူတွေကိုလည်း မြန်မာစာပေ ကျွမ်းကျင်မှုရှိရင် ဧည့်နိုင်ငံသားအဖြစ် အသိအမှတ် ပြုနိုင်ပါတယ်။ လူမျိုးစုတွေဟာ အတူတကွ ယှဉ်တွဲနေထိုင်လို့ရပါတယ်။ အရင်လည်း နေခဲ့ကြဖူးပါတယ်။ ဒါကို ဘယ်သူတွေ ဖျက်ခဲ့ကြတာလဲ။

    အချက်နံပါတ် က နဲ့ ခ ကတော့ အလဲဗင်းရဲ့ ဆောင်းပါးပါ ဖော်ပြထားလျက်အချို့ပါ။ ညီငယ် ၁၈ နှစ်သားလေး ဇေယျနန္ဒခင်ဗျား၊ ဆယ်စုနှစ်ပေါင်းများစွာကို မကြာသေးတဲ့ကာလလို့ ခေါ်ပါသလား။ ဒီအချက်က ရိုဟင်ဂျာတွေကို ရည်ညွှန်းတာမဟုတ်ဘူးလို့ ချေပချင်ရင် ရိုဟင်ဂျာ ပြဿနာအကြောင်း ရေးနေတဲ့ဆောင်းပါးမှာ အဲဒီအချက် ထည့်စရာလည်း လိုမယ်မထင်ပါ။

    ရိုဟင်ဂျာတွေ တောင်းဆိုပုံက ဖိလစ်ပိုင်အစွန်းရောက်တွေ အုပ်ချုပ်မှုတောင်းဆိုပုံနဲ့ ဆင်တူနေပါတယ်လို့ ဖော်ပြထားပေမယ့် ဖိလစ်ပိုင်မှာတော့ ဘယ်လိုတောင်းဆိုတယ်၊ ရိုဟင်ဂျာကတော့ ဘယ်လို တောင်းဆိုသလဲ ဆိုတာမျိုး အကျဉ်းတောင် ရေးမပြထားပါဘူး။ ညီငယ် ၁၈ နှစ်သားလေး ဇေယျနန္ဒနဲ့ အလဲဗင်းဝါရင့် အယ်ဒီတာရှော်ကြီးများ သတိမထားမိခဲ့တာကတော့ မြန်မာနိုင်ငံရဲ့ လက်ရှိဖွဲ့စည်းပုံအခြေခံဥပဒေအရ တရားဝင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသတွေက လူမျိုးစုတွေဟာ တိုင်းရင်းသားစစ်စစ်တွေဖြစ်ကြပါသလား၊ သူတို့တွေ အားလုံး မြန်မာနိုင်ငံလွတ်လပ်ရေးကျိုးပမ်း မှုသမိုင်းဖြစ်ဖြစ်၊ နိုင်ငံတည်ဆောက်ရေးအပိုင်းမှာဖြစ်ဖြစ် အတိုင်းအတာ တစ်ခုအထိ ပါဝင်ခဲ့ကြဖူးပါသလား။

    ၅၆။ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်းနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသများကို အောက်ပါအတိုင်း သတ်မှတ်သည် –

    (က) စစ်ကိုင်းတိုင်းရှိ လေရှီးမြို့နယ်၊ လဟယ်မြို့နယ်နှင့် နန်းယွန်းမြို့နယ်တို့ကို စုစည်းပြီး နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

    (ခ) ရှမ်းပြည်နယ်ရှိ ရွာငံမြို့နယ်နှင့် ပင်းတယမြို့နယ်တို့ကို စုစည်းပြီး ဓနု ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

    (ဂ) ရှမ်းပြည်နယ်ရှိ ဟိုပုန်းမြို့နယ်၊ ဆီဆိုင်မြို့နယ်နှင့် ပင်လောင်းမြို့နယ် တို့ကို စုစည်းပြီး ပအိုဝ်း ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

    (ဃ) ရှမ်းပြည်နယ်ရှိ နမ့်ဆန်မြို့နယ်နှင့် မန်တုံမြို့နယ်တို့ကို စုစည်းပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

    (င) ရှမ်းပြည်နယ်ရှိ ကုန်းကြမ်းမြို့နယ်နှင့် လောက်ကိုင်မြို့နယ် တို့ကို စုစည်းပြီး ကိုးကန့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသ၊

    (စ) ရှမ်းပြည်နယ်ရှိ ဟိုပန်မြို့နယ်၊ မိုင်းမောမြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ်၊ မက်မန်းမြို့နယ်နှင့် ပန်ဆန်း (ပန်းခမ်း) မြို့နယ် ခြောက်မြို့နယ် တို့ကို ခရိုင်နှစ်ခရိုင် ဖွဲ့ပြီး ““၀”” ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း။

    ဖိလစ်ပိုင်မှာ Moro Islamic Liberation Front (MILF)နဲ့ အဲဒီကနေ ခွဲထွက်တဲ့ အဘူဆိုင်ရဖ်ခေါင်းဆောင်တဲ့ အစွန်းရောက်အုပ်စု က အကြမ်းဖက်လုပ်ရပ်တွေကို ကျူးလွန်ခဲ့ကြဖူးတယ်။ သူတို့ရဲ့ ဖိလစ်ပိုင်နိုင်ငံတွင်း ပြည်တွင်းသူပုန်ထမှုဟာ နှစ်ပေါင်း ၄၀ကျော် ၅၀  နီးပါးရှိနေခဲ့ပြီ။

    အဲဒီလက်နက်ကိုင်သူပုန်တွေရဲ့ Autunomous အုပ်ချုပ်ရေး လိုလားပုံမျိုးက ရိုဟင်ဂျာတွေထက် မြန်မာပြည် အခြေခံဥပဒေပါ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသတွေနဲ့ သာ ပိုပြီးတော့ ဆင်တူနေပါတယ်။

    အောက်တိုဘာ ၁၅ မှာ ဖိလစ်ပိုင်အစိုးရနဲ့ ငြိမ်းချမ်းရေး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးစတာတွေ သဘောတူခဲ့တဲ့ MILF ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသမှာ Manila retaining control over defence၊ မနီလာအစိုးရက ကာကွယ်ရေးကို တာဝန်ယူထားတယ်ဆိုတဲ့ သဘောတူညီချက်ကြီး ပါဝင်နေတာ သတိထားရမယ့်အချက်ပါ။ ဒါကိုမှ ပုံကြီးချဲ့ပြီး နိုင်ငံတစ်ခုပဲ ခွဲထွက်သွား သယောင်မျိုး သုံးသပ်တဲ့ အလဲဗင်းကတော့ ပုံကြီးချဲ့ပြီး မီးလောင်ရောင် လေပင့်ထားတာမျိုးပါ။

    အချက် နံပါတ် (ဂ) ဒါ့အပြင် အနောက်နိုင်ငံတွေရဲ့ ရပ်တည်ချက်ကိုလည်း သံသယ ဝင်စရာ ရှိပါတယ်။ သူတို့နဲ့ အစွန်းရောက် မူဆလင်တွေ ကြားမှာ ရှိနေတဲ့ ပြဿနာတွေကို အရှေ့တိုင်းဖက် အာရုံ လွှဲတာ မဟုတ်ဘူးလို့ ပြောနိုင်သလား။ အဲဒီ့လိုမျိုး စိတ်ကူးတွေ ရှိနေရင် ဘယ်လို လုပ်မလဲ။

    ဒါမျိုးက သံသယပဲ၊ လေဖမ်းဒန်းစီး လက်ဖက်ရည်ဆိုင်က အာဘော် opinion အဆင့်ဖြစ်နေပါတယ်။ နိုင်ငံတကာ တန်းမ၀င်ပါ။ ကျွန်တော်တို့တော့ ဒါမျိုး ထင်တာပဲ လို့ သက်သေဗလာနဲ့ ပြောရင်တော့ ထောင်နန်းတောင် အခန့်မသင့်ရင် စံသွားနိုင်ပါတယ်။ ဟိုလိုဆိုရင် ဘယ်လိုလုပ်မလဲ၊ ဒီလိုဆိုရင် ဘယ်လိုလုပ်မလဲဆိုတာ နိုင်ငံတကာ တန်းဝင်ချင်လှပါချည့်ရဲ့ဆိုတဲ့ မီဒီယာရဲ့ အာဘော်လို့ ယူဆရတော့ မှာလားဗျာ။

    အခု ကျနော် (စာရေးသူ) ရဲ့ အဲဒီအလဲဗင်းမီဒီယာဆောင်းပါးအပေါ် prime concern ကို ချပြသွားပါ့မယ်။ အထက်မှာ ပြောခဲ့သလိုပါပဲ၊ အလဲဗင်းရဲ့ ချိန်သားကိုက်ဝါဒဖြန့်မှုဟာ မူမမှန်တာက တကြောင်း၊ ပြည်တွင်းနေ မွတ်စလင်မ်တွေကို အသားလွတ် မျက်မှန်စိမ်းတပ်ပြီး ကြည့်လာနိုင်တာက တကြောင်း အဲဒီအကြောင်း လေးတွေပါပဲ။

    ချိန်သားကိုက် ၀ါဒဖြန့်မှု မူမမှန်ဆိုတာ ဘာကိုဆိုလိုပါသလဲ၊ ရခိုင်အရေးအခင်း (ပ) အကြိမ်ဖြစ်တော့ နိုင်ငံတကာ သုံးသပ်ချက်က နိုင်ငံတကာ ခရီးစဉ်ထွက်ခွာဖို့ ရှိနေတဲ့ ဒေါ်အောင်ဆန်း စုကြည် ဘေးကျပ်နံကျပ်တွေ့အောင်၊ defame ဖြစ်အောင် နောက်ကြောင်းပြန်လိုသူ လူတစ်စုက ပြုလုပ်တာလို့ သုံးသပ်ခဲ့ကြပေမယ့် အလဲဗင်းကြီး အဲဒီလို သုံးသပ်ပြဖို့နေနေ သာသာ ဒေါ်အောင်ဆန်း စုကြည်ကို တောင် ရိုဟင်ဂျာဆန့်ကျင်ဖို့ ဖိအားပေးခဲ့ပါသေးတယ်။

    ၁၈ နှစ်သား အယ်ဒီတာ ပေါက်စ နဲ့ အလဲဗင်းခင်ဗျား၊ ဖော်ပြပါအချက်ကသာ လူအများကြား ပေါ်ပြူလာဖြစ်ခဲ့တဲ့ သုံးသပ်ချက်ဖြစ်ပါတယ်။ ဒါပေမယ့် ခင်ဗျားတို့ မသိချင်ယောင် ဆောင်ပြီး ဟိုဟာ လက်ညှိုးထိုး၊ ဟိုနိုင်ငံမှာ ဒါမျိုးဖြစ်နေ၊ ဒီမှာဒါမျိုးဖြစ်နေ၊ ဒီလိုဖြစ်နေရင် ဘယ်လိုလုပ်မလဲ စတာတွေ ပြောနေတာကတော့ beat around the bush ၊ မယောင်ရာဆီလူးနေတာ ပေါ်တင်ကြီးဖြစ်နေပါပြီ။

    နောက်တချက်က ပြည်တွင်းနေ မြန်မာနိုင်ငံသား မွတ်စလင်မ်တွေကို ဘာသာခြားများ စိုးရိမ်မကင်းဖြစ်လာအောင် သွေးထိုးလှုံဆော်မှုပါ။

    အချက် (ဃ) မြန်မာနိုင်ငံဟာ မဟာဗျူဟာ ကျတဲ့ နေရာ တစ်ခုမှာ တည်ရှိနေတာပါ။ မြန်မာနိုင်ငံကနေ တစ်ဆင့် အန္ဒိယ သမုဒ္ဒရာဆီကို ထွက်ပေါက်ရဖို့ တရုတ်က ကြိုးစားနေသလို တရုတ်ရဲ့ ဩဇာအာဏာကို ပြန်ထိန်းဖို့ အမေရိကန်ကနေ မြန်မာနိုင်ငံကို အလိုရှိနေပါတယ်။ ဒါတင်မကသေးပါဘူး မြန်မာနိုင်ငံအနေနဲ့ အစွန်းရောက် အစ္စလာမ်မစ် ဝါဒီတွေရဲ့ မျက်စိကျခြင်းကို ခံနေရတယ်လို့ ယူဆပါတယ်။

    အချက် (င) အာရပ် နွေဦးတော်လှန်ရေး ဖြစ်ပြီးနောက်ပိုင်းမှာ မူဆလင် အစွန်းရောက်တွေ အနေနဲ့ သူတို့ရဲ့ ဦးတည်ချက်ကို အမေရိကန်ဆီ တိုက်ရိုက် ပစ်မှတ်ထားရာကနေ အမေရိကန်ရဲ့ အကျိုးစီးပွား ရှိတဲ့ နေရာတွေကို ပြောင်းလဲလာခဲ့ပါတယ်။

    အချက် (စ) (အရှေ့အလယ်ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။) အာဆီယံအနေနဲ့ အဓိကပြဿနာတွေကို ဆွေးနွေးတိုင်ပင်မှု မပြုပဲ ရခိုင်အရေးကို နိုင်ငံတကာ အရေးကိစ္စတစ်ခုလို သဘောထားလို့ မဖြစ်ပါဘူး။ ပြီးတော့ အခုပဋိပက္ခတွေ ဖြစ်ပွားတဲ့ ကျောက်ဖြူဒေသဟာ ရေနံနဲ့ သဘာဝဓာတ်ငွေ့ပိုက်လိုင်း စီမံကိန်းရဲ့ အဓိကနေရာလည်း ဖြစ်ပါတယ်။ ဒီစီမံကိန်းကိုလည်း ၂၀၁၃ မှာ လည်ပတ်နိုင်အောင် လုပ်ဆောင်နေချိန်မှာ ချိန်ကိုက်ပြီး ပဋိပက္ခတွေ ဖန်တီးခဲ့သလားဆိုတာလည်း စဉ်းစားစရာပါပဲ။

    အချက် ဃ ပါ မြန်မာနိုင်ငံသည် အစ္စလာမ်မစ် အစွန်းရောက်တွေရဲ့ မျက်စိကျခြင်းခံနေရပါတယ်လို့ ပြောရလောက်အောင် ရိုဟင်ဂျာတွေက ၀ တွေ၊ ကိုးကန့်တွေလို မြို့တော်ရန်ကုန်ထိ တက်ပြီး သေနတ် တကားကား လုပ်ဖို့ နေနေ ရပ်ကွက်တခုနဲ့ တစ်ခုသွားဖို့ ဗီဇာယူနေရတဲ့ အနေအထားပါ။ ဝတွေ ကိုးကန့်တွေလို လုပ်ချင်တာ လုပ်လို့ရတဲ့ အနေအထားရှိခဲ့ရင် ရိုဟင်ဂျာကို တည်ပြီး အစ္စလာမ်မစ်အ စွန်းရောက်တွေက မြန်မာပြည်ကို ၀င်ဖို့ ကြိုးစားနေကြတာက ယုတ္တိရှိပါလိမ့်မယ်။

    ရိုဟင်ဂျာသည် ရခိုင်များကို ဒုက္ခပေးတယ်၊ ရခိုင်တွေကို အကြမ်းဖက်တယ်ဆိုတာသေချာရင် နိုင်ငံတကာမီဒီယာတွေ၊ သတင်းဌာနတွေနဲ့ ကုလအေဂျင်စီတွေကို မယောင်ရာ ဆီလူးမနေဘဲ ခင်ဗျားတို့ ယူဆတဲ့ သတင်းမှန်တွေ လွှမ်းမိုးအောင် လုပ်ကြပါရော့လားဗျာ။

    မြန်မာပြည်ကို အမေရိကန်ဝင်မှာမို့ အမေရိကန်အကျိုးစီးပွားပျက်စီးအောင် ဖျက်လို့ဖျက်ဆီးလုပ်ဖို့ အစ္စလာမ်မစ်အစွန်းရောက်က မြန်မာကို မျက်စိကျဆိုတာက တယ်လည်းတတ်နိုင် ရယ်စရာကောင်း လှတဲ့ အကွက် ဆင်လိမ်လည်မှုကြီးပါလားဗျာ။

    စစ်အုပ်ချုပ်ရေးလက်ထက်တုန်းကတည်းက ပစ်မှတ်ဖြစ်နေတဲ့ ပြည်တွင်းနေ မွတ်စလင်မ်တွေ ဘာလုပ်နေသလဲ၊ ဘာတွေ ဟောပြောတင်ပြဖြန့်ချိနေ သလဲဆိုတာ ခင်ဗျားတို့ အားကိုးတဲ့ မြန်မာ့တပ်မတော်က အရာရှိကြီးတွေ ခရေစေ့တွင်းကျ မသိဘူးဆိုတာ ဖြစ်နိုင်ပါ့မလား။ ခင်ဗျားတို့ အစွန်းရောက် အစ္စလာမ်မစ်တွေ ၀င်နိုင်တဲ့လမ်းကြောင်းအဖြစ် စွပ်စွဲနေတဲ့ ဘင်္ဂါလားဒေ့ရှ်ဘက်က တာဝန်ရှိသူတွေကတော့ သူတို့နိုင်ငံတွင်း ဖျက်ဆီးခံရတဲ့ ဗုဒ္ဓဘာသာ သာသနိက အဆောက်အဦတွေကို ပြန်လည်ဆောက်လုပ်ပေးမယ်လို့ ကြေငြာထားပေမယ့် အစွန်း မရောက်ကြောင်း ငယ်သံပါ အောင် အော်ဟစ်နေတဲ့  မြန်မာပြည်မှာတော့ ဗလီတွေ ဖြိုချဖျက်ဆီးခံရသလို ၊ အကြောင်းမဲ့ချိတ်ပိတ်ထားတာတွေကလည်း နှစ်ပေါင်းများစွာ ကြာနေခဲ့ပါပြီ။

    ၁၈ နှစ်သား အယ်ဒီတာလေးနဲ့ အလဲဗင်းဝါရင့်ဆရာကြီးများခင်ဗျား၊ အမေရိကန်အကျိုးစီးပွားကို တိုက်ရိုက်ထိခိုက်အောင် လုပ်ဖို့ဆိုတာက အမေရိကန်ပြည်တွင်းမှာသာ ပိုပြီးထိရောက်မယ်ဆိုတဲ့ အချက် မှာ ဆရာကြီးတို့လည်း သဘောညီမျှလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

    ဒီတော့ကား၊ အခုအမေရိကန်ပြည်တွင်းမှာ အစ္စလာမ်မစ် အစွန်းရောက်တွေ ကျူးလွန်တဲ့ အကြမ်းဖက်မှုကို အမေရိကန်ဘက်က တတ်သိနားလည်တဲ့ ပုဂ္ဂိုလ်ကြီးတွေကိုယ်တိုင် ဘယ်လို ပြောခဲ့၊ ပြောနေကြပါသလဲ။

    ဖေဖော်ဝါရီ ၉ ၊ ၂၀၁၂ နေ့စွဲနဲ့ ဖော်ပြခဲ့တဲ့ Report calls Muslim terrorism a ‘minuscule threat’ ခေါင်းစဉ်ပါ ၀ါရှင်တန်ပို့စ်သတင်းမှာတော့ အစီရင်ခံစာတစ်ရပ်အရ သိရှိရသည်မှာတဲ့၊ အစ္စလာမ်မစ် အကြမ်းဖက်မှုသည် “tiny” ဆိုတဲ့ အနည်းအကျဥ်းကလေးပါပဲ၊ တခါတလေကျတော့ အစိုးရ အရာရှိကြီးတွေက ပုံကြီးချဲ့ကြတာမျိုးတော့ ရှိတာပေါ့ဗျာလို့ အကြမ်းဖက်ဆန့်ကျင်ရေး တာဝန်ရှိသူ ခေါင်းဆောင်တစ်ဦးက ဖော်ဖော်ဝါရီ ၈ နေ့စွဲနဲ့ ထုတ်ဝေတဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါသတဲ့။ (http://www.washingtonpost.com/national/on-faith/report-calls-muslim-terrorism-a-minuscule-threat/2012/02/08/gIQA9yWbzQ_story.html)

    အလဲဗင်းဆရာကြီးတွေ ကျေလည်ကြမှာမဟုတ်လို့ ယူဆတာကြောင့် အခု ဥရောပဇုန် အကြမ်းဖက်မှု စာရင်းဇယား တွေ လျန်လှောကြည့်ကြရအောင်ဗျာ။

    Europol ခေါ် ဥရောပ ပုလိပ်အဖွဲ့အစည်းရဲ့ ၂၀၁၀ အစီရင်ခံစာမှာ ဖော်ပြထားတာက ဥရောပဇုန်အတွင်း အကြမ်းဖက်မှုပေါင်း ၂၄၉ ခုဖြစ်ခဲ့ရာမှာ အစ္စလာမ်မစ်အစွန်းရောက်ကြောင့် အမှုပေါင်း ၃ ခုသာ ဖြစ်ခဲ့ပါတယ်။  ၂၀၀ လည်းမဟုတ် ၁၀၀ လည်းမဟုတ် ၁၀ ခုလည်းမဟုတ်ပါ။ (https://www.europol.europa.eu/sites/default/files/publications/tesat2010_0.pdf)

    အထက်မှာ ပူးတွဲပေးထားတဲ့ ပီဒီအက်ဖ်အစီရင်ခံစာအရဆိုရင် ၂၀၀၇ ကနေ ၂၀၀၉ အတွင်း အကြမ်းဖက်မှုပေါင်း ၁၃၁၇ ခုဖြစ်ခဲ့တယ် ၊အဲဒီထဲက ၃ ခုကိုသာ မွတ်စလင်မ်တွေ ကျူးလွန်ခဲ့တာဖြစ်တယ်လို့ သိရတယ်၊ ရာခိုင်နှုန်းအရဆိုရင်တော့ ၀.၂ ပဲရှိတာကြောင့် အဲဒီ ၂၀၀၇ ကနေ ၂၀၀၉ မှာလည်း အစ္စလာမ်မစ်အကြမ်းဖက်မှုက ၁ ရာနှုန်းတောင် မရှိခဲ့ပါ။

    ဒီတော့ အလဲဗင်းဆရာကြီးများ ပြောသလို အမေရိကန်အကျိုးစီးပွားကို ဖျက်ဆီးဖို့ အစ္စလာမ်မစ်အစွန်းရောက်တွေ အမေရိကန်ပြည်တွင်းမဟုတ်ဘဲ မိုင်ပေါင်းများစွာဝေးသီလှတဲ့ နိုင်ငံခြားလည်းဖြစ်၊ အမေရိကန် ကုမ္ပဏီ တစ်ခုတောင်မခြေမတည်နိုင်သေး၊ အမေရိကန်ပြည်ထွက် လူသုံးကုန်ပစ္စည်း မူးလို့ ရှူစရာတစ်ခုစ နှစ်ခုစပဲရှိနေသေး တဲ့ မြန်မာပြည်ကို မျက်စိကျနေပါတယ်ဆိုတာကတော့ အော်ဂလီဆန်စရာကောင်းလှတဲ့ အရူးကွက်နင်း အက္ခရာ စဉ်တွေပါပဲ။

    ကောက်ချက် ချစရာက အနောက်နိုင်ငံတွေမှာ ခေတ်စားပြီး ခု ၂၀၁၂ ကန်ရွေးကောက်ပွဲမှာတောင် မစ်ရူမ်နေးနဲ့ အပေါင်းအပါတွေ ကို ပေါ်ပြူလာဖြစ်အောင် ထိုးတင်ပေးတဲ့ အစ္စလာမ်မိုဖိုးဘစ် (အစ္စလာ မ် ကြောက်ရောဂါ) ဘန်းပြပြီး မဲဆွယ်တာကို အတုခိုးပြီး အလဲဗင်းနဲ့ မြန်မာမီဒီယာရှော်ကြီးတွေပါ လှုပ်ရှားကြဖို့ နိုင်ငံရေးပါတီတစ်ခုခုက ကြိုးကိုင်လှုပ်ရှားခိုင်းနေတာ ဖြစ်နိုင် မဖြစ်နိုင်ဆိုတာလည်း စဉ်းစားစရာပါ။

    အလဲဗင်းဂိုဏ်းချုပ်က သူ့ရဲ့ဆောင်းပါးတစ်ပုဒ်မှာ ရခိုင်အရေးနဲ့ စပ်လျဉ်းပြီး အစ္စရေးလို ကျင့်သုံးသင့်ရင် ကျင့်သုံးရမယ်လို့ ၀ါဒဖြန့်ခဲ့ဖူးပါတယ်။ အခုတစ်ခါ ကမ္ဘာ့ကုလသမ္မဂရဲ့ ဆုံးဖြတ်ချက် ကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ထားတဲ့ အစ္စရေးသံယောင်လိုက်ပြီး “အရှေ့အလယ် ပိုင်း နိုင်ငံတွေမှာဆိုရင် သူတို့ရဲ့ တခြား ပြဿနာတွေကို ဆွေးနွေးရမှာ စိုးလို့ အမြဲတမ်း အစ္စရေး ပါလက်စတိုင်း ပြဿနာကိုပဲ ရှေ့တန်းတင်ခဲ့တဲ့ သာဓကတွေရှိပါတယ်။” အဲဒီလို ရေးသားထားတာကို တွေ့ရပါတယ်။

    အလဲဗင်းရဲ့ ဆရာကြီးတွေနဲ့ ၁၈ နှစ်သားကိုယ်တော်ချောလေးတို့ နယ်မြေပေးရမှာကြောင့် အာခေါင်ခြစ်အော်၊ နည်းမျိုးစုံသုံးပြီး ကန့်ကွက်နေတဲ့ကြားက ကုလဆုံးဖြတ်ချက်ကို ချိုးဖောက်ပြီး နယ်မြေကျူး ကျော်ခံထားရသူတွေကို ကိုယ်ချင်းမစာနာနိုင်ဖြစ်နေတာက ဘာကြောင့်ပါလဲ။ ရှင်းပါတယ်၊ နိုင်ငံရေးအကျိုးအမြတ်များလှတဲ့ အစ္စလာမ်မိုဖိုးဘစ် နည်းဗျူဟာကြောင့်ပါ။ ဒါမှမဟုတ်ရင်တော့ မြန်မာပြည်မှာ နယ်မြေလုမယ့် ရိုဟင်ဂျာမရှိတာကြောင့် ကိုယ်ချင်းစာနာမပေးနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ အဲဒီနှစ်ချက်လုံးမမှန်ဘူးဆိုရင်တော့ အရှေ့အလယ်ပိုင်းမှာ အစ္စရေး ပါလစ္စတိုင်း ကိစ္စချည့် ရှေ့တန်းတင်နေတယ်ဆိုတာမျိုး ပြောထွက်မှာ မဟုတ်ပါ။ ပြည်တွင်းရေး ပြည်တွင်းရေးနဲ့ ဝေဖန်လာလိုက်တာ ကမ္ဘာကြီးတောင် တပတ် ပတ်မိတော့မလို ဖြစ်သွားတဲ့ မနူးမနပ် ပထမနှစ်ကျောင်းသား ကလေးတော့ အလဲဗင်းဆရာကြီးတွေရဲ့ တည်ကြက်ဟုတ်မဟုတ် ဆိုတာလဲ ဘယ်သူမှ မပြောနိုင်ပါဘူး။

    မသမာမှုတွေ ရှိနေတယ်လို့ သံသယ၀င်စရာ အချက်အလက်လေးတွေကတော့ ဆီယိုပေါက်လို ရှာစရာမလိုဘဲ အလိုအလျောက်ထွက်ကျလာတာမျိုးပါ။

    ကျောက်ဖြူ ရွှေပိုက်လိုင်းကြီးကြောင့် ဟိုဟာတွေဖြစ်နေရပါပြီ၊ ဒါတွေလည်း ဖြစ်သွား ပါပြီလို့ ဆန္ဒဖော်ထုတ်နေကြ တာတွေ ကြက်ပျောက် ငှက်ပျောက် ပျောက်ကုန်ပြီး  ရခိုင်ပြဿနာ ကသာ ကျောက်ဖြူပိုက်လိုင်းကြီး ပျက်ဆီးဖို့ လှုပ်ရှားတဲ့ အချိန်ကိုက် ဗုံးကြီး ဖြစ်နေပါရော့လား။

    အလဲဗင်းရဲ့ တည်ကြက်ကလေး ၁၈ နှစ်အယ်ဒီတာ သိအောင်လုပ်ထားဖို့ နောက်ထပ်အချက်ကလေး တစ်ချက်ကို စေတနာရှေ့ထား ပညာပေးသွားပါဦးမယ်။ ၁၈ နှစ်အရွယ် နဲ့ မြန်မာပြည်က  ကျောင်းသားလေးတွေ သိတာက ထိုင်းတို့ ဖိလစ်ပိုင်တို့က ခွဲထွက်ရေးမျိုး၊ ကိုယ်ပိုင်အုပ်ချုပ်ရေးတောင်းဆိုမှုလေးတွေတင်ပါ။ ဒါလေးတွေ ဥပမာပြနိုင်၊ ပြောနိုင်ဆိုနိုင်ရင် ဆရာကြီး ကိုဖြစ်လို့နေတာပေါ့။ အဲဒါကြောင့်လည်း အလဲဗင်းရဲ့ ၁၈ နှစ်သား အယ်ဒီတာက အစ္စလာမ်မစ် ခွဲထွက်ရေးကိုချည့် ဥပမာ ပေးပြီး ပြည်သူကို ခြောက်လှန့်သွားတာမျိုးပါ။ တနည်း၊ မြန်မာပြည် တွင်းက နှစ်ရာပေါင်းများစွာ ငြိမ်းငြိမ်းချမ်းချမ်းနေလာတဲ့ မွတ်စလင်မ်တွေကို သို့လောသို့လောအဆင့်မျိုး တွန်းပို့လိုက်တာမျိုးပါ။

    ယူကေ ခွဲထွက်ရေး လက်နက်ကိုင်အဖွဲ့ RIRA ရဲ့ Omagh bombing က ၂၀၀၁ စက်တင်ဘာ ၁၁ မတိုင်ခင် ၁၉၉၈ မှာ ဖြစ်ခဲ့တဲ့ အကြမ်းဖက်စာရင်းဝင် အကြီးစားတိုက်ခိုက်မှုကြီးဖြစ်ပါတယ်။

     

    ယူကေနိုင်ငံ၊ RIRA ခွဲထွက်ရေး သူပုန်များ


    တခါ စပိန် မြောက်ဘက်က Basque Country လို့ခေါ်တဲ့နေရာမှာ စပိန်အစိုးရနဲ့ အီးယူတို့က အကြမ်းဖက်လို့ သတ်မှတ်ထားတဲ့ ETA ခွဲထွက်ရေး လက်နက်ကိုင်တွေ ရှိကြပါတယ်။ သူတို့က ၂၀၁၁ အောက်တိုဘာကမှ လက်နက်ကိုင်လမ်းစဉ်ကို အပြီးအပိုင် စွန့်ခဲ့ကြတာပါ။ http://campacc.org.uk/uploads/basque.pdf အရဆိုရင် စပိန်ရဲ့ war on terror က ၂၀၀၁ မတိုင်မီ ကာလအကြာကြီးကတည်းက ရှိနေပြီးဖြစ်သလို သူတို့သတ်မှတ်တဲ့ terror က အီးတီအေနဲ့ Batasuna အဖွဲ့ ပါပဲ။

     

    စပိန်အခြေစိုက် အီးတီအေ သူပုန်များ

    ဒီလို ဒီလို (အစ္စလာမ်ဘာသာဝင်များမဟုတ်တဲ့) ဥပမာပေးစရာ အများသားကြီးရှိနေပေမယ့်လည်း၊ အလဲဗင်းဆရာ ကြီးတွေ ဥပမာပေးတိုင်း အစ္စလာမ်သာသနာဝင်တွေကို ထိခိုက်စေမယ့် နည်းလမ်းများအထဲကသာ ရွေးချယ်နေတာ ကလည်း နောက်ကွယ်ကြိုး ကိုင် သွေးထိုးလှုံဆော်ပေးမှုအတွက် ရွေးချယ်ခံထားရတဲ့ ဥပဒေသ ဖြစ်ကောင်းဖြစ်နိုင်မှာပါ။ ဘာကြောင့်လဲဆိုရင် မြန်မာပြည်မှာ လက်နက်ကိုင်ခွဲထွက်ရေးလုပ်နေခဲ့ကြ၊ လုပ်နေကြတဲ့အထဲမှာ အစ္စလာမ်သာသနာဝင်တွေ မပါဝင်သလို အခြားနိုင်ငံက အစ္စလာမ်ဘာသာဝင်မဟုတ်တဲ့ ခွဲထွက်ရေးလှုပ်ရှားမှုတွေကလည်း ယခုမြန်မာပြည်တွင်းအခြေအနေနဲ့ ဆီလျော်အပ်စပ်နေတာမျိုးပါ။

    ဒီတော့ကား ဧရာဝတီအယ်ဒီတာကြီးပြောသလို မြန်မာပြည်အတွက် ရင်ဆိုင်လာနိုင်တယ့် ခြိမ်းခြောက်မှုတွေမှာဆိုရင် တခြားနယ်စပ်တွေထက် အနောက်ဘက်ရခိုင်ကိုသာ စစ်အာဏာရှင်တွေက တကယ့် အမှန်အကန် ခြိမ်းခြောက်မှု အဖြစ် ယူဆခဲ့ကြတယ်၊ အဲဒီနည်းအတိုင်း အခု မြန်မာပြည်တွင်းက မီဒီယာတွေ အငှားစက္ခုနဲ့ အာဏာရှင်ဥာဉ်ဆိုး ကိုသာ ပိုင်သထားတာ တွေ့နေရပါသေးတယ်။ ဒါကတော့ မြန်မာပြည်က မိဘဆရာသမားများ ဆိုဆုံးမမှုမရှိသေးတဲ့ Hatred towards Kalar ဥာဉ်ရှိနေတာကြောင့် အိန္ဒိယတောင်ပိုင်းသား အနွယ်ဝင် မြန်မာပြည်တွင်းနေ မွတ်စလင်မ်ကိုချည့် ယိုးမယ်ဖွဲ့ရင် အလိုလိုပေါ်ပြူလာဖြစ်လာနိုင်တဲ့အချက်လည်း စဉ်းစားရမယ့်အထဲ ပါဝင်နေပါသေးတယ်။

    ဒီတော့ကား ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ ဆောင်းပါးပါ – “ဒီလိုမျိုးနိုင်ငံရေးအခြေအနေမှာ ရခိုင်ပြဿနာ ချုပ်ငြိမ်းလိုတယ်ဆိုရင် အဲဒီဂျာနယ်တွေကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းက ပထမခြေလှမ်းဖြစ်မှာပါ။ ယာယီဖြစ်ဖြစ် ရပ်ဆိုင်းရပါမယ်။” ဆိုတာက ငြိမ်းချမ်းရေးကို တကယ်ပဲ လိုချင်တယ်ဆိုရင် အမှန်တကယ် apply လုပ်သင့်တဲ့ အချက်ဖြစ်နေပါပြီ။

    ယနေ့မြန်မာပြည်ကြီးကောင်းစားဖို့၊ စစ်မှန်ပြီး စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီနိုင်ငံတော်ကြီးဖြစ်ဖို့ ၊တိုင်ရင်းသားတွေ၊ ဘာသာခြားတွေအားလုံး စည်းလုံးညီညွတ်စွာနဲ့ ငြိမ်းငြိမ်းချမ်းချမ်း အတူ ယှဉ်တွဲ နေထိုင်ဖို့ဆိုရင် ခလုတ်ကန်သင်းတွေ ရှင်းထုတ်ရပါလိမ့်မယ်။

    ဒီတော့ –

    သူ့မြေမှာ ဖြူပြာပွင့်ရင်ဖြင့်
    ငါ့မြေမှာ နီဝါတင့်ရမပေါ့
    အခွင့်အခါ မျှော်လို့
    ဥယျာဉ်တော် သာယာရေးကိုလ
    ရှုမြင်မျှော် ခါခါတွေးပါလို့
    မနှေးပင် အားအင်ထုတ်လို့ရယ်
    ပေါင်းနုတ်ဖို့ခဲ။

     

    Remark: ကဗျာစာသား ငွေတာရီမှဖြစ်ပါတယ်။

  • စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်

    စစ်ကိုင်းတိုင်း ရွှေဘိုမြို့ကို ဗဟိုပြု၍ ငလျင်လှုပ်ခတ်

    M-Media
    နိုဝင်ဘာ ၁၁၊ ၂၀၁၂
    အေပီ၊ ယူအက်စ်အေ တူဒေး

    မြန်မာနိုင်ငံအလယ်ပိုင်းတွင် ယနေ့နံနက်ပိုင်းက အင်အားပြင်းငလျင် တစ်ခုလှုပ်သွား ကြောင်း အေပီသတင်း တစ်ရပ်က ဖော်ပြသည်။ သို့သော် အပျက်အဆီး နှင့် ဒဏ်ရာရစာရင်းကိုမူ သိရခြင်းမရှိသေးပေ။

    နေပြည်တော် ငလျင်တိုင်းတာရေးဗဟိုဌာန၏ တွက်ချက်မှုအရ ရွှေဘိုမြို့ကို ဗဟိုပြုလှုပ်ခတ်ခဲ့သည့် ယင်းငလျင်မှာ ၆.၈ မဂ္ဂနီတျူဗ်ရှိကြောင်း သိရသည်။ အမေရိကန် Geological Survey ကမူ ထိုမြေငလျင်အား ၆.၆ မဂ္ဂနီတျူဗ်နှင့် အကျယ်မှာ ၆ မိုင်ရှိကြောင်း သတင်းထုတ်ပြန်သည်။

    မန္တလေးမြို့ခံများကို ဖုန်းဖြင့်ဆက်သွယ်မေးမြန်းခဲ့ရာ၌ ငလျင်လှုပ်ခတ်မှုကြောင့် ဘေးလွတ်ရာသို့ ရှောင်တိမ်းခဲ့ရကြောင်း၊ ငလျင်ပြင်း သဖြင့် ရေခရား အတွင်းမှ ရေများပင် ဖိတ်စင်ခဲ့ကြောင်း၊ အကြီးစား ထိခိုက်ပျက်ဆီးမှုမျိုး မတွေ့သေးသော်လည်း နံရံအအက်အကွဲများ ဖြစ်ပေါ်ခဲ့ကြောင်း သိရသည်။

    မြန်မာငလျင်တိုင်းတာရေးဌာနမှ အမည်မဖော်လိုသူတစ်ဦးကမူ ရှေးဟောင်း စေတီပုထိုးများနှင့် သမိုင်းဝင်အဆောက်အဦများ ထိခိုက်မှုရှိနိုင်ကြောင်း ပြောကြားသည်။  ထိုငလျင်ကို အိမ်နီးချင်း ထိုင်းနိုင်ငံမှလည်း ခံစားခဲ့ရသည်ဟု ယူအက်စ်အေ တူဒေးက ဖော်ပြသည်။

  • အကျွန့်ဆုတောင်း (ကဗျာ/ Blog ကဏ္ဍ)

    အကျွန့်ဆုတောင်း (ကဗျာ/ Blog ကဏ္ဍ)

    နိုဝင်ဘာ၊ ၁၁၊ ၂၀၁၂

    M-Media

    ရေးသူ ။ စိန်ဌေးဟန်

     

    *ဖေါက်ပြန်လေတဲ့သူ

    အကောက်ကြံနေတဲ့လူ

    မြောက်ပြန်လေနဲ့အတူ

    မနက်များစွာလှဖို့

    အရှက်များစွာ ရစေတော်မူပါ။

     

    *ပညာနဲ့ မေတ္တာအပေါ် အခြေခံကာ

    အကြင်နာနဲ့ သစ္စာအပေါ် အနေမှန်စွာ

    ရပ်တည်နိုင်စွမ်း ပေးသနားတော်မူပါ။

     

    *တစ်ကိုယ်ကောင်းဆန် ဥာဏ်မလှသူတို့ကြောင့်

    ပက်ကြားအက်ကွဲရာ မြေသားမြေဆိုင်မှာ

    ပိုကောင်းရန် ကြံဆသူတို့ကြောင့်

    နှစ်ဖက်သားလက်တွဲကာ နေသွားစေနိုင်ရန်

    ဖန်တီးနိုင်စွမ်း ပေးသနားတော်မူပါ။

     

    *စော်ကားနှိပ်စက်သူတို့အား

    ဒဏ်ခတ်ကာ ဘ၀ညှိုးနောင်ကြဉ်စေတော်မူပြီး

    စော်ကားနှိပ်စက်ခံရသူတို့အား

    ပြန်မတ်ကာ နှစ်ဆတိုး အောင်မြင်စေတော်မူပါ။

     

    *အများလှပမှု မဆိတ်သုဉ်းရစေဖို့

    တရားမျှတမှု ထိပ်ဆုံးကနေလို့

    ဦးစားပေးတတ်သော လူတော်လူကောင်းများ

    ပြန်မြန်မာရော၊ ဒီကမ္ဘာမှာပါ

    များစွာပေါ်ထွန်းစေတော်မူပါ။

     


  • ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် အမှန်တရားအား သိပိုင်ခွင့်

    နိုဝင်ဘာ၊ ၁၀ ၊ ၂၀၁၂

    ရေးသူ- O’Laie Manzu

    အရာရာတိုင်းတွင် အဖြေရှိစမြဲပင်။ အဖြေသည် မှန်၏ မှား၏ လက်ခံနိုင်၏ လက်မခံနိုင်၏ ဆိုသည်မှာ ရရှိလာသော အဖြေအတွက် မှန်ကန်ကြောင်းသက်သေထူသည့် အချက်အလက်များအပေါ်တွင် မူတည်နေသည်။ သို့သော် သက်သေသာဓကများအား လှစ်လှူရှု့ကြပါမည်ဆိုလျင် တွေ့ရှိသော အဖြေမှာ မှန်ကန်သည့်တိုင်အောင် လက်ခံနိုင်ကြမည် မဟုတ်ပေ။ သိပံ္ပနည်းကျသော်လည်းကောင်း၊ သင်္ချာနည်းဖြင့်သော်လည်းကောင်း၊ သက်သေအထောက်အထားများဖြင့်သော်လည်းကောင်း၊ ကာယစွမ်းအား ဉာဏစွမ်းအား ဖြင့်သော် လည်းကောင်း ကမ္ဘာတစ်ဝှမ်းရှိ လူသားများသည် အဖြေမှန်များကို နေ့စဉ်နှင့်အမျှ စူစမ်းရှာဖွေနေကြသည်။ လေ့လာသုံးသပ်နေကြသည်။ ထိုနည်းတူစွာပင် အဖြေမှန်များအား ဖုံးကွယ်နေကြသည်မှာ လူ့ပတ်ဝန်းကျင်တွင် အစဉ်အမြဲတွေ့မြင်နေရသည်။

    ပညာသင်ကြားသည် ဆိုသည်မှာလည်း သတင်းအချက်အလက်များအား လေ့လာဆည်းပူးကြခြင်းပင်ဖြစ်ပေသည်။ ပညာရေးစနစ်၊ နိုင်ငံရေးခံယူချက်၊ ဘာသာရေးယုံကြည်ချက်နှင့် ပတ်ဝန်ကျင်၏ လွှမ်းမိုးမှုများ အပေါ်မူတည်ပြီး လေ့လာဆည်းပူးကြသည့် သတင်း အချက်အလက်များမှာလည်း ကွာခြားကြသည်။ စာသင်ခန်းများအပြင် စာဖတ်ခြင်း၊ ဆွေးနွေးပွဲများ တက်ရောက်ခြင်း၊ စကားဝိုင်းထိုင်ခြင်း၊ အယူအဆ ဖလှယ်ခြင်း၊ သတင်းနားထောင်ခြင်း၊ ရုပ်ရှင်ကြည့်ခြင်းအားဖြင့် သတင်း အချက်အလက်များအား နည်းအမျိုးမျိုးဖြင့် လေ့လာကြသည်။ တစ်ချိန်တည်းမှာပင် စာရေးသားသူ၊ ပြောဆိုသူ၊ တင်ပြသူ တို့၏ အာဘော်များလည်း ရောထွေးပါလာတက်ကြစမြဲဖြစ်သည်။

    အရင်းအမြစ်တစ်ခုတည်းမှ ထွက်ပေါ်လာသော သတင်းအချက်အလက်များအား ပုံအော ယုံမှတ်ပါက ယင်းအရင်းအမြစ်အား တင်ပြသူအာဘော်၏ လွှမ်းမိုးမှုအောက်သို့ ကြရောက်သွားမည်သာဖြစ်သည်။ ထို့ကြောင့် ဘက်ပေါင်းစုံမှ ရရှိလာသော သတင်းအချက်အလက်များ အားလုံးအား တင်ပြသူ၏ အာဘော်လွမ်းမိုးမှု မရှိစေဘဲနှင့်သော်လည်းကောင်း၊ မိမိ၏ ပင်ယင်းခံယူချက်များနှင့် ယုံကြည်ချက်များ လွှမ်းမိုးမှုမရှိစေဘဲနှင့်သော် လည်းကောင်း သက်သေ အထောက်အထားများနှင့် ယှဉ်တွဲကာ လေ့လာသုံးသပ်ကြရမည်ဖြစ်သည်။ မိမိစိတ်တွင် စွဲမြဲနေသော ပင်ယင်းခံယူချက်-ယုံကြည်ချက်များနှင့် လေ့လာသုံးသပ်လျင် လေ့လာတွေ့ရှိချက်များသည်လည်း မိမိရှိရင်းစွဲပင် ကိုယ်စိတ်၏ လမ်းညွန်ရာသို့ သာ ရောက်ရှိသွားမည်ဖြစ်ပြီး မှန်ကန်သည့် သတင်း အချက်အလက်များအား ရှာဖွေတွေ့ရှိနိုင်မည်မဟုတ်ပေ။ ရရှိသောသတင်း အချက်အလက်များ၏ တန်ဖိုး မူရင်းအားလည်း သိရှိနားလည်နိုင်မည် မဟုတ်ပေ။

    သတင်းအချက်အလက်များအား ပွင့်လင်းထင်သာစွာဖြင့် ထုတ်ဖော်နိုင်ခွင့်၊ လေ့လာနိုင်ခွင့်နှင့် မျှဝေနိုင်ခွင့် အစရှိသည့် လွတ်လပ်မှုများသည် ဒီမိုကရေစီ စနစ်သည်သာလျင် ပိုမို အာမခံပေးနိုင်သည်။ ထို့ကြောင့် ကမ္ဘာအရပ်ရပ်တွင် ဒီမိုကရေစီစနစ်အား လက်ခံကျင့်သုံးကြရန်အတွက် အာဇာနည် အမြောက်အများ အသက်ပေးခဲ့ကြသည်။ မြန်မာနိုင်ငံတော်အားလည်း ဒီမိုကရေစီအသွင်ကူးပြောင်းရေးအတွက် လူမျိုးပေါင်းစုံ၊ ဘာသာပေါင်းစုံမှ မြန်မာ့မျိုးချစ် အာဇာနည် အမြောက်အများသည်လည်း အသက်ပေးခဲ့ကြသည်ကို အများသိကြပေလိမ့်မည်။ ဘဝများ ပေးဆပ်ခဲ့ကြသည်ကိုလည်း မေ့ပျောက်ကြလိမ့်မည်မဟုတ်။

    ဒီမိုကရေစီစနစ် ထွန်းကားရေးအတွက် သတင်းမီဒီယာမှာ အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်နေသောကြောင့် အချို့မှာ ဒီမိုကရေစီစနစ်၏ ပင်မမဏ္ဍိုင်ကြီးသုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး အစရှိသည်တို့အပြင် သတင်းမီဒီယာအား ဒီမိုကရေစီစနစ်၏ စတုထ္ထ မဏ္ဍိုင်ကြီးအဖြစ်တင်စားကြသည်။ ဒီမိုကရေစီ ယန္တရား လည်ပတ်နိုင်ရန်အတွက် ဤ မဏ္ဍိုင်ကြီးလေးရပ်သည် ကျရာ အခန်းကဏ္ဍမှ လွတ်လပ်စွာ လည်ပတ်နေရမည်ဖြစ်သည်။ တစ်ချိန်တည်းမှာပင် သတင်းမီဒီယာများသည် စီးပွားရေးလုပ်ငန်းများကဲ့သို့ ထင်ပေါ်ကျော်ကြားမှုနှင့် အောင်မြင်မှုရရှိရေးအတွက် ပရိတ်သတ်များအား စွဲဆောင်ကြရသည်။ ဈေးကွက် သဘောတရားအတိုင်း လူအများ စိတ်ဝင်စားမှုရယူနိုင်ရန် ဖန်တီးကြသည်။ ထို့အပြင် ငွေကြေးထောက်ပံ့သူများ၏ အရိပ်အောက်တွင် လည်ပတ်ကြရသည်ဖြစ်ရာ အမှန်တရားများမှ ယိမ်းယိုင်မှုများ ရှိတတ်ကြသည်။ သတင်းမီဒီယာသည် ဒီမိုကရေစီစနစ်၏ ပင်မဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သည့် အုပ်ချုပ်ရေး၊ ဥပဒေပြုရေးနှင့် တရားစီရင်ရေး ကဲ့သို့ အပြန်အလှန် ထိမ်းချုပ်ညှိနှိုင်းမှုမရှိသောကြောင့် အရေးကြီးသည့် ကဏ္ဍတွင် တည်ရှိနေသော်လည်း လွဲမှားစွာ အသုံးပြုပါက ဒီမိုကရေစီစနစ်တစ်ခုလုံးအား ပြိုလှဲသွားနိုင်သည်အထိ အဆိပ်အတောက်ဖြစ်စေနိုင်သည့် အင်အားရှိသည်။

    သတင်း အချက်အလက်များအားလည်း လွတ်လပ်စွာ ရယူပိုင်ခွင့်၊ ဖြန့်ဝေပိုင်ခွင့်ရှိကြသော်လည်း မှန်ကန်သည့် သတင်းအချက်အလက်များ မရရှိပါက မိမိတို့ထံတွင် ရှိသည့် လွတ်လပ်စွာ သတင်းရယူခွင့်သည် နွံအိုင်ထဲတွင် ရေကူးခွင့်ပြုထားသည်နှင့် အလားသဏ္ဍန်တူနေပေသည်။ ထို့ကြောင့် ပိုမိုအရေးကြီးသည်မှာ အမှန်တရားအား သိပိုင်ခွင့်ပင်ဖြစ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ ရရှိရန်လိုအပ်သည်။ မှန်ကန်သည့် သတင်းအချက်အလက်များ မျှဝေတင်ပြရန်မှာ သတင်းမီဒီယာများ၏ တာဝန်တစ်ရပ်ဖြစ်ပေသည်။

    မြန်မာနိုင်ငံတွင် သတင်းအမှောင်ချထားသည်မှာ နှစ်ပေါင်းများစွာ ကြာမြင့်နေပြီဖြစ်ပြီး သတင်းမှန်များရရှိရေးအတွက် ပြည်ပသတင်း မီဒီယာများအား အားကိုးခဲ့ကြရသည်။ ပြည်သူလူထုမှာ စစ်အစိုးရမှ ဖော်ပြသည့် သတင်းမှားများနှင့် ဆင်ဆာ ဖြတ်တောက်ပြီးမှ ထွက်ပေါ်လာခဲ့သော သတင်းများအား လက်ခံယုံကြည်ခဲ့ခြင်းမရှိပေ။ သို့သော် ၂၀၁၀ ခုနှစ်နောက်ပိုင်း ဒီမိုကရေစီ အသွင်ကူးပြောင်းရေး ကာလများတွင် သတင်းလွတ်လပ်ခွင့်များအား လှမ်းစဖွင့်ပေးခဲ့ခြင်းကြောင်း ပြည်တွင်း သတင်းမီဒီယာများအား မြန်မာပြည်သူများအနေဖြင့် ယခင်ကထက် ပိုမိုလက်ခံစပြုလာခဲ့သည်။ မှန်ကန်သည့် သတင်းများအဖြစ် လက်ခံလာကြသည်။

    ရခိုင်ပြည် အရေးအခင်းဖြစ်ပွားသည့် အချိန်တွင် ပဋိပက္ခကြီးမား ကျယ်ပြန့်မှု မရှိစေရန်အကြောင်းပြကာ သတင်းမီဒီယာများအား ပြန်လည် ထိမ်းချုပ်လာခဲ့သည်။ အပြောင်းအလဲများအား မြင်တွေ့နေရသည့် မြန်မာပြည်သူများမှာလည်း ထိမ်းချုပ်မှုအောက်တွင် ရှိနေသေးသည့် သတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းများအား ဆက်လက်ယုံကြည်နေကြသည်။ ပွင့်လင်းမှုအတိုင်းအတာ တစ်ခုအထိ တွေ့မြင့်လာရသောကြောင့် သတင်းမှားများ၊ ထိမ်ချန်မှုများ၊ ဖုံးကွယ်မှုများ၊ သွေးထိုးလှုပ်ဆော်မှုများ၊ ဖျားယောင်းသွေးဆောင်မှုများ၊ အာရုဏ်ပြောင်းမှုများ အား အမှန်ထင်၍ လက်ခံယုံကြည်လာကြသည်။ ထို့အပြင် ဒီမိုကရေစီရရှိရေးအတွက် အားပြုခဲ့သည့် ပြည်ပမီဒီယာများအား ဆန့်ကျင်လာကြသည်။ ပြည်ပမီဒီယားများမှထွက်လာသည့် သတင်းအချက်အလက်များအား ငြင်းပယ်ကြသည်။ ပြစ်တင်ရှုတ်ချကြသည်။

    အထူသဖြင့် ရခိုင်ပြည်နယ်အရေးအခင်းနှင့် ပတ်သက်၍အစိုးရ ထိမ်းချုပ်မှုအောက်တွင် ရေးသားဖော်ပြနေသည့် သတင်းများ၊ ထင်ပေါ်ကျော်ကြားရေးကို အဓိကထားကာ အများအကြိုက် ရေးသားဖော်ပြနေသည့် သတင်းများနှင့် ပြည်ပသတင်းမီဒီယာများမှ ထွက်ပေါ်လာသည့် သတင်းအချက်အလက်များမှာ များစွာကွာခြားနေပါသည်။ ယင်းကွာခြားမှုများကို သုံးသပ်ခြင်းအားဖြင့် မြန်မာပြည်တွင် သတင်းမီဒီယာများအပေါ် ချုပ်ကိုင်မှုရှိနေပြီး သတင်းမီဒီယာများ ကိုယ်တိုင်ကပင် ထင်ပေါ်ကျော်ကြားရေးအတွက် အများအကြိုက်ရေးသားကာ ဒီမိုကရေစီစနစ်အား အဆိပ်အတောက်ဖြစ်စေမည့် ဒီမိုကရေစီနည်းလမ်းမကျသည့် ကျင့်ဝတ်များအား ကျင့်သုံးနေကြောင်းတွေ့ရပါသည်။ လွတ်လပ်မျှတသည့် သတင်းမီဒီယာနှင့် မှန်ကန်သည့် သတင်းအချက်အလက်များသိရှိပိုင်ခွင့် ရှိမှသာလျှင် စစ်မှန်သည့် ဒီမိုကရေစီစနစ်အား ကျင့်သုံးနိုင်မည်ဖြစ်ကြောင်း သုံးသပ်တင်ပြအပ်ပါသည်။

  • ဟိန္ဒူ မိသားစုဥပဒေ

    ဟိန္ဒူ မိသားစုဥပဒေ

    နိုဝင်ဘာ၊ ၁၀၊ ၂၀၁၂
    M-Media
    ရေးသူ – သုတေသီ

      မြန်မာနိုင်ငံတရားဥပေးများအက်ဥပဒေ (၁၈၉၈) ပုဒ်မ ၁၃(၁)အရ မြန်မာနိုင်ငံတရားရုံးများတွင် အမွေဆက်ခံရေး၊ အမွေခွဲဝေရေး၊ ထိမ်းမြားလက်ထပ်ရေး (သို့) မျိုးနွယ်ရေး (သို့) ဘာသာရေးဆိုင်ရာအစဉ်အလာ (သို့) အဖွဲ့အစည်းတစုံတရာတို့နှင့်ပတ်သက်သည့် မည်သည့်ပြသနာကိုမဆို အဆုံးအဖြတ်ပေးရန် ရှိလျှင်-

             (ဂ) အမှုသည်များသည် ဟိန္ဒူဘာသာဝင်များဖြစ်လျှင် ဟိန္ဒူဥပဒေအရ အဆုံး အဖြတ်ပေးရမည်။

    ဟုပြဌာန်းထားပြီး ယနေ့တိုင်တည်မြဲကာ လိုက်နာကျင့်သုံးလျှက်ရှိသောကြောင့် ဟိန္ဒူ ဘာသာဝင်များအကြား ပေါ်ပေါက်သော မိသားစု ပြသနာများကို ဟိန္ဒူမိသားစုဥပဒေ အရသာ လျှင်ဖြေရှင်းလျှက်ရှိပါသည်။

    သို့သော်လည်း ဟိန္ဒူမိသားစု ဥပဒေဟူ၍ စာအုပ်ပြဌာန်းထားခြင်းကား ယနေ့တိုင်မတွေ့ရှိရသေးပါ။

    ထိုမိသားစုဥပဒေသည် ဘုရား၏ဒေသနာများပေါ်တွင်တည်မှီသည်။ လွန်ခဲ့သည့်နှစ်ပေါင်း ၆၀၀၀ကျော် ဘီစီ ၄၀၀၀ ခန့်မှ စတင်ပေါ်ပေါက် လိုက်နာကျင့်သုံးလာသော အလေ့အထများမှ ဥပဒေသဖွယ် အာဏာသက်ရောက်လာသည် ဟုဆိုသည်။ ဟိန္ဒူမိသားစုဥပဒေသည် ဒေသအလိုက်၊ ဇာတ်အလိုက်၊ မိသားစုရိုးရာဓလေ့ ထုံးစံ အလိုက် အနည်းငယ်ကွာခြားမှုရှိသည်။ မြန်မာနိုင်ငံတွင်း နေထိုင်ကြသော ဟိန္ဒူဘာသာဝင်များမှာ အိန္ဒိယနိုင်ငံ ဒေသအနှံ့မှ လာရောက်ခဲ့သူများနှင့် ၄င်းတို့၏ သားစဉ်မြေးဆက်များ ဖြစ်ရာ ၄င်းတို့ ဘိုးဘွားများ၏ မူလဒေသဆိုင်ရာ ဓလေ့ထုံးတမ်း ဥပဒေများသည် ၄င်းတို့အပေါ် ဆက်လက် အာဏာသက်ရောက်လျှက် ရှိသည်။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေး ဖြစ်သည်။ ထုံးတမ်းတကျ အခမ်းအနား မရှိမဖြစ် လိုအပ်သည်။ ဘုရားရှေ့မှောက်ရှိ ပူဇော်ထားသော မီးပုံတွင် ဘုရားစာများရွတ်ဖတ်ခြင်းနှင့် သတို့သားသတို့သမီးတို့ တူစုံတွဲကာ လျှောက်လှမ်းရခြင်း ဖြစ်သည်။ သတ္တမမြောက်ခြေလှမ်း ပြည့်သည်နှင့်တပြိုင်နက် ထိမ်းမြားခြင်း အထမြောက်သည်။ ပေါင်းသင်းစပ်ယှက်မှုရှိရန် မလိုအပ်ပေ။

    ထိမ်းမြားခြင်းပြုနိုင်သည့် အသက်ကို ကန့်သတ်ထားခြင်းမရှိသော်လည်း ကျမ်းများအလိုအရ ယောကျာင်္းလေး ၁၆နှစ်၊ နှင့် မိန်းကလေးကိုမူ အပျိုဖေါ်မ၀င်မီအရင် ၁၀နှစ် ၁၂နှစ် တွင်ပင်လျှင် မိဘ၊ အုပ်ထိးသူတို့က သဘောတူလက်ထပ်ပေးနိုင်ကြောင်းတွေ့ရှိရပါသည်။ ၁၉၅၅ ခုနှစ် အိန္ဒိယနိုင်ငံတွင် ပြဌာန်းခဲ့သော ဟိန္ဒူထိမ်းမြားခြင်း ဥပဒေ တွင်မူ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေး အသက် ၁၅နှစ် ဟု အတိအလင်း ပြဌာန်းခဲ့သော်လည်း ထိုဥပဒေမှာ မြန်မာနိုင်ငံ ဟိန္ဒူ မိသားစုများအပေါ် အာဏာသက်ရောက်ခြင်းမရှိပါ။

    သို့သော် မြန်မာနိုင်ငံတွင် မှီတင်းနေထိုင်သူများမှာ မြန်မာနိုင်ငံ၏ပြဌာန်းဥပဒေများကို လိုက်နာရန်တာဝန်ရှိသည်ဖြစ်ရာ ကလေးသူငယ်များ ထိမ်းမြားမှုကို ကာကွယ်သည့်ဥပဒေ (၁၉၂၉) အရ ယောကျာင်္းလေး အသက် ၁၈နှစ်၊ မိန်းကလေးအသက် ၁၆နှစ် မပြည့်မီ အုပ်ထိန်းသူများက လက်ထပ်ရန် သဘောတူညီမှုပြုခဲ့ပါက ထိုဥပဒေအရ အုပ်ထိန်းသူများပင်လျှင် ပြစ်ဒဏ်ကျခံရမည်ဖြစ်ပါသည်။

    တရားဝင် လင်မယားဖြစ်ရန် ဘာသာရေးဆိုင်ရာတားမြစ်မှု၊ ဇာတ်ဆိုင်ရာ တားမြစ်မှု၊ သွေးသားတော်စပ်မှုဆိုင်ရာ တားမြစ်မှုများရှိပါသည်။ ၂ဦးစလုံး ဟိန္ဒူဘာသာဝင်များ ဖြစ်ရန်လိုသည်။ သတို့သား သတို့သမီးတို့သည် ၄င်းတို့နှင့် သက်ဆိုင်သော ဓလေ့ထုံးစံ (သို့) အလေ့အထက တားမြစ်ထားသော သွေးသားတော်စပ်မှု မရှိစေရ။ တစ်မိဘထည်းမှ ဆင်းသက်လာပြီး  (၅) နှင့် (၇) ဒီကရီအတွင်း သွေးသားတော်စပ်သူများ မဖြစ်စေရပေ။ ဇာတ်မတူသူများ အကြားလည်း လက်ထပ်ခွင့်ကို ပညတ်ချက်များရှိရာ အခြားဘာသာဝင်များ အနေဖြင့် နားလည်ရန် မလွယ်ကူပေ။

    ဟိန္ဒူမိသားစုဥပဒေအရ လက်ထပ်ထိမ်းမြားခြင်းသည် ဘာသာရေးဖြစ်ရာ ထိမ်းမြားမှုအထမြောက်သည်နှင့် ပျက်ပျယ်ခြင်း မရှိစေရ။ မည်သည့်အကြောင်းနှင့်မျှ ကွာရှင်းခွင့်မရှိပါ။ တဦးဦးက ဘာသာကူးပြောင်းယုံမျှဖြင့်လည်း ထိမ်းမြားမှုမပျက်ပျယ်ပေ။

    ထူးဆန်းသော ဓလေ့ထုံးစံအဖြစ် မိန်းကလေးသည် ယောကျာင်္းလေးနှင့် အိမ်ထောင်ပြုသည်နှင့်တပြိုင်နက် မိဘ များနှင် အဆက်ပြတ်ပြီး ယောကျာင်္း၏ မိသားစုဝင်အဖြစ် သေတပန်သက်တဆုံး နေထိုင်ရခြင်းပင် ဖြစ်ပါသည်။ လင်ယောကျာင်္း သေဆုံးသည့်တိုင် လင်ယောကျာင်္း အိမ်တွင် ဆက်လက်နေထိုင်ခွင့် ခံစားပိုင်ခွင့်ရှိသည်။

    ယောကျာင်္းတယောက် အနေဖြင့် တချိန်တည်းတွင် မိန်းမအမြောက်အမြားယူနိုင်သည်။ မယားကြီး၊ မယားငယ် အဆင့်အတန်းများ ရှိသည်။ သားမွေးသော မယားနှင့် သားမမွေးသော မယားတို့ အဆင့်အတန်းကွာခြားမှုရှိသည်။ မိန်းမတွင်မူ ထိမ်းမြားချိန်၌ တည်မြဲသော အိမ်ထောင်မရှိစေရပေ။ မူရင်းဓလေ့ထုံးစံ အရ လင်ယောကျာင်္း သေဆုံးလျှင်လည်း မုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့်မရှိခဲ့ပေ။ သို့သော် ၁၈၅၆ ခုနှစ်တွင် ဟိန္ဒူမုဆိုးမများ နောက်အိမ်ထောင်ပြုခွင့် ဥပဒေ ကို ပြဌာန်းခဲ့ရာ မြန်မာတနိုင်ငံလုံး ကိုလိုနီဘ၀ကျရောက်သည့်အခါ ထိုဥပဒေသည်လည်း မြန်မာနိုင်ငံရှိ ဟိန္ဒူမိသားစုများ အပေါ် အာဏာသက်ရောက်မှု ရှိခဲ့သည်။ ထို့ကြောင့် ယခုအခါ ဟိန္ဒူမုဆိုးမများသည် နောက်အိမ်ထောင်ပြုခွင့် ရရှိကြပြီး ဒုတိယအိမ်ထောင် ထူထောင်ခဲ့  ပါက ပထမအိမ်ထောင်၏ မိသားစုများမှ အခွင့်အရေးများစွန့်လွှတ်ရသည်။ ထို့အတူ ပထမအိမ်ထောင်နှင့်ရသော သားသမီးများ၏ အုပ်ထိန်းခွင့်လည်း ဆုံးရှုံးသည်။

    ပစ္စည်းပိုင်ဆိုင်ခွင့်နှင့် စပ်လျဉ်း၍ လင်သက်ရှိထင်ရှားရှိစဉ်အတွင်း လင်၏မိသားစုပိုင် ပစ္စည်းအပေါ်တွင်မယားအနေဖြင့် တစုံတရာ အရေးဆိုနိုင်ခွင့် မရှိသကဲ့သို့ မယား၏ တဦးတည်းပိုင် (မိဘပေးလိုကသော) ပစ္စည်းပေါ်တွင်လည်း လင်ယောကျာင်္း အနေဖြင့် အရေးဆို ပိုင်ခွင့်မရှိပါ။ သီးခြားစီ ပိုင်ဆိုင်ခွင့် အခွင့်အရေးဖြစ်သည်။ သို့သော် မိန်းမခွင့်ပြုပါက ယောကျာင်္းအနေဖြင့် သုံးစွဲနိုင်သည်။

    ဟိန္ဒူမိသားစု ဥပဒေ၏ မူလအရင်းအမြစ်ဖြစ်တည်ရာ အိန္ဒိယနိုင်ငံသည် ၁၉၅၅ ခုနှစ်တွင် ဟိန္ဒူထိမ်းမြားမှု ဥပဒေကို ပြဌာန်းခဲ့ပြီး ထိမ်းမြားချိန်တွင် တည်မြဲသော အိမ်ထောင်ဘက် မရှိစေရ ဟူသော ပြဌာန်းချက်ကို ယောကျာင်္း မိန်းမ ၂ဘက်စလုံးနှင့် သက်ဆိုင်ကြောင်း ပြဌာန်းခဲ့သော်လည်း ပြည်နယ် ဒေသတိုင်းတွင် အာဏာ သက်ရောက်မှုမရှိပါ။ အချို့ဒေသများတွင်မူ ယောကျာင်္း၁ဦးသည် အိမ်ထောင်တခု တည်မြဲနေစဉ်အတွင်း နောက်အိမ်ထောင်ပြုခဲ့ပါက ပထမအိမ်ထောင်၏ သဘောတူညီမှု လိုအပ်သည်။ ထို့အတူ ကွာရှင်းနိုင်ခွင့်၊ ထိမ်းမြားမှု ပျက်ပျယ်ကြောင်း လျှောက်ထားနိုင်ခွင့်တို့လည်း ထိုဥပဒေတွင် တွေ့ရသည်။ သို့သော် ထိုဥပဒေသည် မြန်မာနိုင်ငံ၌ အာဏာ သက်ရောက်မှုမရှိပါ။

     

    အခြားဆက်စပ် ဆောင်းပါး