News @ M-Media

Blog

  • “ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား”  M-Media ဆက်သွယ်မေးမြန်းချက်

    “ကျောက်နီမော် အခြေအနေ အေးချမ်းသွားပြီလား” M-Media ဆက်သွယ်မေးမြန်းချက်

    နိုဝင်ဘာ ၈၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ကျောက်နီမော်။           ။ အောက်တိုဘာလအတွင်း ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သော ကိစ္စရပ်များရဲ့ နောက်ဆက်တွဲ အဖြစ် ကျောက်နီမော်ရွာတွင် မွတ်စလင်မ်များ ကြုံတွေ့ခံစားနေရသော အခြေအနေများကို ကျောက်နီမော် ရွာသား တစ်ဦးနဲ့ ဆက်သွယ် မေးမြန်းခဲ့တာဖြစ်ပါတယ်။

    မေး –  ကျောက်နီမော်မှာ အခုလက်ရှိ ဘယ်လိုအခြေအနေရှိပါသလဲ။
    ဖြေ –  ကျောက်နီမော်မှာ အောက်တိုဘာလစဖြစ်ခဲ့တဲ့ ကိစ္စပြီးတဲ့ ရက်ပိုင်းအတွင်းမှာပဲ စစ်သား (၂၀၀) ၀န်းကျင်လောက်ရှိတဲ့ တပ်ရင်း တစ်ခုချထားပါတယ်။

    မေး –  ဘယ် တပ်ရင်းလဲခင်ဗျ။
    ဖြေ –  ခ.မ.က-၃၄၆ တပ်ရင်းပါ။

    မေး –  ဒါဆို အခုလောလောဆယ်မှာ အေးအေးချမ်းချမ်းရှိနေတယ်ပေါ။

    ဖြေ  –  ဒါပေမယ့် အခုက အမျိုးမျိုးဖြစ်နေကြတယ်။ အခုပဲ ရခိုင်တွေ ၀င်လာတော့မယ်။ ဘာဖြစ်တယ်ညာဖြစ်တယ်ဆိုတော့ ကျွန်တော်တို့တွေလည်း စိတ်အေးချမ်းသာစွာ မနေရဘူး။ ကျီးလန့်စာစားဖြစ်နေရတယ်။ ညဘက်ဆိုလည်း ကိုယ့်အစီအစဉ်နဲ့ကိုယ် ကင်းစောင့်နေကြရတယ်။ ပြီးတော့ဗျာ ဖုန်းတွေလည်းလာတယ်။ ရမ်းဗြဲတို့၊ ကျောက်ချောင်းတို့ကနေ။

     မေး –  ဘာဖုန်းတွေလာတာလဲ။ ရမ်းဗြဲတို့ ကျောက်ချောင်းတို့ဆိုတာ ကျောက်နီမော်နဲ့ ဘယ်လောက်ဝေးလဲ။
    ဖြေ –  ရမ်းဗြဲက ကျောက်နီမော်နဲ့ မိုင်(၂၀)လောက်ဝေးတယ်၊ ကျောက်ချောင်းက ကျောက်နီမော်ကနေ (၁၅)မိုင်လောက်ဝေးတယ်။ အဲဒီကနေ ရခိုင်တွေက ဖုန်းတွေဆက်တယ်။ အခုပဲ ကျောက်နီမော်ကို ရခိုင်တွေ ၀င်လာတော့မယ်ဆိုတဲ့ သတိပေးတာလိုလို၊ ကျောက်နီမော်က အခုထိ ဘာမှမဖြစ်ဘူးလားဆိုတဲ့ ခြိမ်းခြောက်တာမျိုးလိုတွေ ဖုန်းဆက်ကြတယ်။ ကျွန်တော်တို့မှာ စားဝတ်နေရေးအတွက် ပူပင်သောက ရောက်ရပါတယ်။

    မေး –  စားဝတ်နေရေးအတွက် ဘယ်လိုပူပင် သောကရောက်နေရတာပါလဲ။
    ဖြေ –  ဟုတ်တယ်။ ကျွန်တော်တို့တွေမှာ စားစရာရိက္ခာ မရှိကြတော့ဘူး။ ပြီးတော့ အခုဆို ကုန်သွယ်ရေး လုံးဝမရှိတော့ဘူး။ ကျွန်တော်တို့ မွတ်စလင်မ်တွေကို ရခိုင်ဗုဒ္ဓဘာသာဆိုင်တွေက လုံးဝမရောင်းတော့ဘူး။

    မေး –  အဲဒါဘာဖြစ်လို့လဲ။ ကျောက်နီမော်က ဟိုးအရင်ကတည်းက ရခိုင်ဗုဒ္ဓဘာသာဝင်နဲ့ ကမန်မွတ်စလင်မ်တွေ ခင်မင်ရင်းနှီးခဲ့ကြတယ်ဆို။
    ဖြေ –  ဟုတ်ပါတယ်။ ဟိုးအရင်ကတည်းက ချစ်ချစ်ခင်ခင် နေခဲ့ကြတာပါ။ ဒါပေမယ့် အခု ဘယ်လိုဖြစ်လာလဲဆိုတော့ တချို့ရခိုင်တွေက ရောင်းပေးချင်ကြတယ်။ ဒါပေမယ့် အခု ကျောက်နီမော်မှာ ဗျာလ လို့ခေါ်တဲ့ ရခိုင် မျိုးချစ်အဖွဲ့ဆိုတာက ရခိုင်ဗုဒ္ဓဘာသာ ဆိုင်တွေကို လိုက်ပြီးပြောတယ်။ မွတ်စလင်မ်တွေကို လုံးဝမရောင်းဖို့၊ ရောင်းရင် အဲဒီ ရခိုင်ဆိုင်တွေ၊ အိမ်တွေကိုပါ မီးရှို့မယ်ပြောတယ်။ ဒါကြောင့် သူတို့တွေကလည်း မရောင်းတော့ဘူး။ ကုန်သွယ်ရေးလမ်းကိုလည်း ပိတ်ဆို့ထားကြတယ်။

    မေး –  ဟုတ်ကဲ့၊ ကျောက်နီမော်ကို ကုန်သွယ်ရေးက ဟိုးအရင်က ဘယ်လို ကုန်သွယ်ကြသလဲ။
    ဖြေ –  အရင်ကတော့ ပြည်ကနေ တောင်ကုတ်ကို ဖြတ်ပြီးမှ ကျောက်နီမော်ကိုလာတယ်။ ပြည်ကနေ တောင်ကုတ်ကို ကားနဲ့ရောက်တယ်။ တောင်ကုတ်ကနေ ကျောက်နီမော်ကို မော်တော်နဲ့တဆင့် ပြန်လာတာ။ အခုတော့ အဲဒီမော်တော်လမ်းကိုလည်း ပိတ်ထားကြတယ်။

    မေး –  အဲဒီမှာ စစ်တပ်ရှိနေတယ်ဆိုတော့ စစ်တပ်ကရော အဲဒါတွေကို ဘာမှ မလုပ်ပေးဘူးလား။
    ဖြေ –  မလုပ်ပေးဘူးခင်ဗျ။ စစ်တပ်ကပြောတယ် သူတို့က ပြဿနာတွေ မဖြစ်လာအောင် ကာကွယ်ပေးဖို့ပဲ။ အခုလို စားနပ်ရိက္ခာတွေ ဖြတ်တောက်ခံ နေရတာအတွက် သူတို့ လုပ်ပေးနိုင်စွမ်းမရှိဘူးတဲ့။

     မေး –  ဒါဆို အခု စားသောက်ရေးအတွက် ဘယ်လိုလုပ်နေကြသလဲ။
    ဖြေ –  အခုက ကူးသန်းရောင်းဝယ်ရေးရော၊ သွားလာလို့ မရတာရောကြောင့် စီးပွားရေး ခက်လာတယ်။ ကျောက်နီမော်မှာက ရေလုပ်သားတွေ ပိုက်သမားတွေ များတယ်လေ။ သူတို့လည်း ပိုက်မချရဘူး။ ဒီတော့ အခြေခံလူတန်းစား မွတ်စလင်မ်တွေ ထမင်းငတ်ကုန်ပြီ။ ဟိုနေ့တွေကတည်းက ဆန်ပြတ်သွားလို့ ထမင်းမစားရတဲ့ သူတွေ ရှိလာတယ်။ မြို့ခံ မွတ်စလင်မ်တွေက သူတို့မှာရှိတဲ့ ဆန်တွေကိုစုပြီး ဆန်ပြုတ်ပုံစံ ပဲတွေနဲ့ ရောကြိုပြီး ကျွေးပေးကြတယ်။

     မေး –  ကျောက်နီမော်မှာ အခု မွတ်စလင်မ် အိမ်ခြေနဲ့လူဦးရေ ဘယ်လောက်ရှိလဲ။
    ဖြေ –  အိမ်ခြေက(၁၀၀၀)ကျော်၊ လူဦးရေ(၇၀၀၀)ကျော်ရှိတယ်။ အဲဒါက ကျောက်နီမော် တောင်ပိုင်း၊ မြောက်ပိုင်း၊ အလယ်ပိုင်း၊ ချမ်းမြေ့ရိပ်ငြိမ်၊ ရွာသာယာနဲ့ ကျောက်ထရံရွာအပါဝအင်ပေါ့။

    မေး –  ဟုတ်ကဲ့။ အခုလောလောဆယ် ကျန်းမာရေးနဲ့ ပတ်သက်ပြီးတော့ရော ဘယ်လိုအခြေအနေရှိလဲခင်ဗျ။
    ဖြေ –  ကျန်းမာရေးက တချို့က ရောဂါသည်တွေရှိတယ်ဗျ။ နေမကောင်း ဖျားနာတာလည်းဖြစ်ကြတယ်။ ကျောက်ကပ်ရောဂါ၊ နှလုံးရောဂါသည်တွေလည်း ရှိတယ်လေ။ ဆေးတွေလည်း ၀ယ်ရခက်ခဲနေတယ်။ ပြီးတော့ မွေးလူနာတွေလည်းရှိတယ်။ အရင်ကတော့ မွေးလူနာအတွက် ကျောက်ဖြူတို့ သံတွဲတို့ကို သွားကြတယ်။ အခုတော့ ကျောက်နီမော်ကနေ ဘယ်မှကို သွားလို့မရဘူးလေ။ ကျောက်နီမော် ဆေးရုံမှာက ဆရာဝန် တစ်ယောက်ပဲရှိတာ။ အဲဒီဆရာဝန်ကလည်း ဒီပြဿနာတွေရဲ့ ခေါင်းဆောင်ဖြစ်နေတယ်။ ကျွန်တော်တို့တွေ သွားလို့မရဘူး။ ဒီတော့ ရှိတဲ့ ရမ်းကုတွေနဲ့ပဲ ကုနေရတာပေါ့ဗျာ။

    မေး –  ဒါဆို ကျောက်နီမော်ကလူတွေက အခု ဘယ်ကိုမှ သွားလို့မရဘူးလား။

    ဖြေ –  ဟုတ်ကဲ့ မရဘူးခင်ဗျ။  မွတ်စလင်မ်တွေ ဘယ်ကိုမှ သွားလာလို့မရဘူး။ မနေ့ကလည်း သံတွဲကနေ စက်လှေနဲ့ ဆန်တွေဝင်လာတယ်။ ကျွန်တော်တို့အတွက် မဟုတ်ပါဘူး။ အဲဒီစက်လှေနဲ့ လိုက်မယ်ဆိုတော့ မွတ်စလင်မ်တွေကို ပေးမလိုက်ဘူး။ မလိုက်ရဘူးတဲ့။

    မေး –  ဘယ်သူတွေက ပေးမလိုက်တာလဲ။ ဘာကြောင့် မလိုက်ရတာလဲ မေးကြည့်လား။

    ဖြေ –  မေးတယ်။ လ၀က၊ စစ်တပ်၊ စရဖ၊ နစကနဲ့ ရဲက ပေးမလိုက်တာ။ သူတို့ကပြောတယ် မွတ်စလင်မ်တွေ သွားလာခွင့် မရသေးဘူး လို့ပြောတယ်။ အဲလို သွားလာခွင့် မပေးတာ မွတ်စလင်မ်တွေအတွက် တော်တော်လေး ဒုက္ခရောက်ပြီး အခက်အခဲဖြစ်နေပါတယ်။ တချို့ဆို ရန်ကုန်ပြန်ခွင့် မရလို့ အလုပ် ထွက်ရတာမျိုးတွေရှိလာတယ်။

     မေး –  အဲဒါက ဘယ်လိုမျိုးလဲခင်ဗျ။

    ဖြေ –  တချို့ကလေးတွေက ရန်ကုန်မှာ ကျောင်းတက်၊ အလုပ်လုပ်တယ်။ တချို့လည်း နိုင်ငံခြားထွက်ရတော့မှာ။ သူတို့က သူတို့ဇာတိကို ခဏပြန်လာတဲ့အချိန် ဒီမှာ အခုလိုတွေဖြစ်သွားတော့ သူတို့လည်း ရန်ကုန်ကို ပြန်သွားလို့မရတော့ဘူး။ ဒီတော့ သူတို့တွေလည်း ကျောင်းလည်း မတက်ရ၊ အလုပ်လည်းထွက်ရ၊ နိုင်ငံခြားလည်း မထွက်ရတော့ဘူးလေ။ ဒီတော့ ကျွန်တော်တို့ မွတ်စလင်မ်တွေရဲ့ ဘ၀ဟာ အစစအရာရာမှာ ဖိနှိပ်ခံနေရပြီး ဆုံးရှုံး နစ်နာမှုတွေ ရှိနေပါတယ်။ တော်တော်လေး ဒုက္ခခံစားနေရပါတယ်။ ဘယ်လိုဆက်ဖြစ်လာဦးမလဲ မသိသေးပါဘူးဗျာ။

    မေး –  တစ်ခြားဘာများပြောချင်သေးလဲခင်ဗျ။
    ဖြေ –  ဟုတ်ကဲ့။ အခု ရခိုင်မှာ လက်ရှိဖြစ်နေတာနဲ့ ပတ်သက်ပြီးတော့ မီဒီယာတွေမှာ ရေးနေ၊ ပြောနေတာတွေက တဘက်သက်ဖြစ်နေတယ်။ ရခိုင်တွေဘက်က တဘက်သက်လိုက် ပြောနေကြတယ်။တကယ်တမ်းမှာ ခံစားနေရတာက မွတ်စလင်မ်တွေပါ။ ဒီတော့ ဒီမှာ တကယ် ဖြစ်နေတာတွေကို တကယ် သိချင်တယ်ဆိုရင် အဝေးကနေ မမြင်ရဘဲ အထင်အမြင်တွေနဲ့ ပြောနေတာထက် ရခိုင်ကို လာပြီး လက်တွေ့ လေ့လာလှည့်ပါလို့ ပြောချင်ပါတယ်။

    မေး –  ဟုတ်ကဲ့။ အခုလို ဖြေကြားပေးတာ ကျေးဇူးတင်ပါတယ်။

    ဖြေ –  ဟုတ်ကဲ့ပါ။ ကျွန်တော်တို့ ခံစားနေရတာတွေကို ပြောခွင့်ရလို့ ကျွန်တော်တို့ကလည်း ကျေးဇူးတင်ပါတယ်ခင်ဗျာ။

    အဲဒါကတော့ ကျောက်နီမော် ရွာသားတစ်ဦးနဲ့ M-Media မှ ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။

  • ငါတို့သိနေတယ်

    ငါတို့သိနေတယ်

    မပြောချင်လည်း ပြောရဦးမယ်၊- မြန်မာနိုင်ငံအတွက် ရင်လေးလွန်းလို့-၊ မြန်မာပြည်ကို ဦးဆောင်တဲ့ ခေါင်း ဆောင်များ မွတ်ဆလင် သုတ်သင်ရေး၊ မွတ်ဆလင်မျာအား နှိပ်ကွပ်ရေး၊ အစ္စလာမ်သာသနာကို ၀င်မိရင် သိမ် ငယ်နေစေရေးတွေကို ဆက်တိုက်လုပ်ဦးမှာ ကမ္ဘာတစ်ခုလုံးက သိနေတယ်။ သူတို့ရဲ့ အတွင်းစိတ်ကိုယ်တိုင်က သူတို့ ရပ်တည်နေတဲ့ ဘာသာတရားပေါ်မှာ မျက်လုံးစုံမှိတ် အယူသည်းနေတာလား၊ သို့မဟုတ် လူအများစုကြီး ကိုလှည့်စားပြီး- မိမိအာဏာတည်အောင် လုပ်ဆောင်နေတာလား ဆိုတာတော့ သူတို့ကိုယ်တိုင် အသိဖြစ်မှာပါ။

    ရခိုင်နယ်က အစုံလိုက် အပြုံလိုက် အကြမ်းဖက်သတ်ဖြတ် မောင်းထုတ်ခံရမှုမှာ- ဘယ်သူတွေ တာဝန်မကင်း ဘူးဆိုတာ သိနေလျှက်-၊ ပြတ်ပြတ်သားသား အရေးယူပေးပါမယ် ကတိတွေ အကြိမ်ကြိမ်ပေးလျှက်-၊ တစ် ကယ်တမ်း ဖမ်းဆီးနှိပ်ကွပ်နေတာက တရားခံအစစ်များ တစ်ယောက်မှ မပါသေးဘူး။ ဒီကြားထဲ မွတ်ဆလင် တွေကပဲ အကြမ်းဖက်သလို၊ နိုင်ငံတစ်ကာ အကြမ်းဖက်များနဲ့ အဆက်အသွယ်ရှိသလို ၀ါဒတွေက ဆက်တိုက် ဖြန့်ချီဦးမယ်။ လက်သပ်မွေး လူဆိုးလူမိုက်များ သို့မဟုတ် လက်သပ်မွေး တပ်စိတ်တစ်ခုလောက်ကို မွတ်ဆ လင်ယောင်ဆောင်ခိုင်း- မုတ်ဆိတ်မွေးတွေ တပ်ပေး- အင်္ကျီရှည်ကြီးတွေ ၀တ်ပေး၊ ခေါင်းပေါင်းတွေ ပေါင်းပေး ပြီး- အစိုးရစစ်တပ် သို့မဟုတ် ရဲတပ်ဖွဲ့တစ်ခုလောက်ကို ၀င်ပစ်ခိုင်းမယ်၊ တိုက်ပွဲအတုတွေ ဖန်တီးဦးမယ်။- ပြီးရင် နိုင်ငံအတွင်းမှာ ကုလားဆိုး သောင်းကျန်းသူတွေ ထကြွနေပြီ ဆိုပြီး အကြီးအကျယ် ၀ါဒဖြန့်မယ်။ နိုင်ငံ တစ်ကာကိုလည်း လှည့်ပတ် လိမ်ဦးမယ်။ — ဒါတွေကို အားလုံး ငါတို့လည်းသိနေသလို၊ နိုင်ငံတစ်ကာကလည်း သိနေပါတယ်။ လိမ်ကွက်တွေကို လက်ပူးလက်ကျ ဖမ်းဘို့ စောင့်နေသူတွေလည်း ရှိနေပါတယ်။

    ကမ္ဘာ့နိုင်ငံကြီးတွေက မြန်မာနိုင်ငံဟာ တရုတ်လက်ထဲကို မရောက်သွားအောင် ဒီမိုကရေစီ လမ်းစအောက်မှာ အတင်းဝင်ရောက်ကူညီပြီး- ဒီမိုကရေစီဘက်ကို တွန်းပို့ ကူညီနေတာကို ပုံမှားရိုက်ပြီး- ငါတို့ကိုတော့ နိုင်ငံတစ် ကာနဲ့ ကုလသမဂ္ဂကတောင် ကူညီနေပြီ-၊ ငါတို့ ဒီမိုကရေစီကို အရောင်ပြပြီး လူနည်းစုကို အပြီး ကြိတ်လိုက် မယ် တော့ စိတ်ကူး မမှားဘို့ လိုတယ်။

    နိုင်ငံတစ်ကာက ကူညီနေတာက “ဒီမိုကရေစီ လမ်းကြောင်းအတွက် ဖြစ်တယ်။” ဦးသိန်းစိန် ဦးဆောင်တဲ့ သမ္မတ အဖွဲ့ကို အာဏာမြဲစေဘို့၊ လူဆိုးလူမိုက်တွေ ဖွံ့ဖြိုးရှင်သန်စေဘို့ မဟုတ်ဘူး ဆိုတာတော့- မြန်မာခေါင်း ဆောင်တွေ သိစေဘို့ လိုအပ်ပါတယ်။

    ပြီးတော့ မွတ်ဆလင် စီးပွားရေး သမားတွေကို နာမည်ပျက်စာရင်းသွင်းနေတာ၊ စီးပွားရေး လုပ်ပိုင်ခွင့်များ ပိတ် ဆို့ဘို့ ကြိုးစားနေတာ၊ အတွင်းပေါ်လစီချပြီး- မွတ်ဆလင်တွေရဲ့ ဥစ္စာပစ္စည်းများကို အတင်းသိမ်းပိုက်ဘို့ စီမံ ချက်ချထားတာ၊- နိုင်ငံအနှံ့မှာ လက်သပ်မွေး သင်္ကန်းဝတ်တွေကို မွတ်ဆလင်ဆန့်ကျင်ရေး လှုံ့ဆော်ခိုင်းထား တာ- ဒါတွေအားလုံးဟာ ကမ္ဘာ့မျက်လုံးရဲ့ အောက်မှာ ရှိနေပါတယ်။ ဒါတွေကို ချက်ချင်း ရပ်သွားအောင် လုပ် ဆောင်နိုင်ပေမယ့်- လွှတ်ပေးထားတာ ကိုယ်တိုင်က ကမ္ဘာ့ ခုံရုံး တရားခံဟာ ဘယ်သူ ဖြစ်သလဲလို့ ထပ်ပြန် တစ်လဲလဲ သက်သေခံနေခြင်းသာ ဖြစ်ပါတယ်။

    မြန်မာ့ရာဇ၀င်မှာ ကမ္ဘာ့ခုံရုံးကို တက်ရသူ မရှိသေးဘူး ဆိုတဲ့ သမိုင်းက ပြောင်းတော့မှာပါ။- ဒီတင်မက-၊ မွတ် ဆလင်များကို camp သွင်းပြီး လှောင်ပိတ်ထားမယ့် သူတွေကိုယ်တိုင်လည်း မိမိရဲ့ ရပ်ရွာထဲက အပြင်ကို မထွက်နိုင်တဲ့ camp ထဲကို ၀င်ရတော့မှာပါ။ ကိုယ့်ရွာမှာ ကိုယ်သူဌေးလုပ်နေချင်ရင်တော့ အဆင်ပြေနိုင်ပါ တယ်။ သားစဉ်မြေးဆက် နိုင်ငံရပ်ခြားမှာ ပညာသင်ခွင့်၊ စီးပွားရေး လုပ်ပိုင်ခွင့်တွေပါ ပိတ်သွားစေရပါမယ်။ နိုင်ငံအပြင်ကို ထွက်တာနဲ့ နိုင်ငံတကာရဲ့ ဥပဒေ သက်ရောက်မှု စက်ဝန်းထဲကို ရောက်သွားပြီ ဆိုတာကိုလည်း ခံစားစေရပါမယ်။

    Freedom of Speech (လွတ်လပ်စွာ ပြောဆိုခွင့်)နဲ့ Hate Speech (အမုန်းတရား လှုံ့ဆော်စကား) ကွဲပြား တယ် ဆိုတာများကိုလည်း မကြာမှီ သိလာရပါတော့မယ်။

    လူသားချင်းအကြား မတော်မတရား စီမံသူ၊ ညွှန်ကြားသူ၊ ၀ါဒဖြန့်သူ၊ ကိုယ်ထိလက်ရောက် ကျူးလွန်သူ၊ ထောက်ခံအားပေးသူ၊ တာဝန်ရှိသူ- အားလုံး- ကမ္ဘာ့ဥပဒေ ဆိုတာဘာလဲ၊ ဥပဒေ သက်ရောက်မှု ဘယ်လောက် ရှိသလဲ- ဆိုတာကို ကြုံရတဲ့နေ့များမှာ ပြေးလွတ်နေရင်တောင် “ငါဟာ ကမ္ဘာရဲ့ ရာဇ၀တ်သားကောင်ပါလား၊”လို့ တစ်သက်လုံး ယူကြုံးမရ ဖြစ်သွားရတော့မှာပါ။– အဲ့ဒီနေ့ရက်များကို လက်ချိုးရေတွက် စောင့်နေလိုက်ပါ-လို့ သတိပေးလိုပါတယ်။

    ဌေးလွင်ဦး

    MMCRM

     

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)

  • အကြမ်းဖက်သူဟု မတရားစွပ်စွဲ ဖမ်းခံရသူ ရိုဟင်ဂျာအဖိုးအို အချုပ်ထဲတွင် သေဆုံး

    အကြမ်းဖက်သူဟု မတရားစွပ်စွဲ ဖမ်းခံရသူ ရိုဟင်ဂျာအဖိုးအို အချုပ်ထဲတွင် သေဆုံး

    နိုဝင်ဘာ၊ ၈ ၊ ၂၀၁၂
    M-Media
    သတင်း- ထွန်းတောက်

    ပြီးခဲ့တဲ့ ဇူလိုင်လက  ကျောက်တောမြို့မှ ရိုဟင်ဂျာ အဖိုးအိုတယောက်ကို အကြမ်းဖက်သူဟု မတရားစွပ်စွဲနှိပ်စက်ပြီး ထောင်သို့ပို့ခဲ့ရာ အဆိုပါအဖိုးအိုမှာ နိုဝင်ဘာ ၇ ရက် ၂၀၁၂ ခုနှစ် စစ်တွေအချုပ်တွင် နှိပ်စက်ခံဒဏ်ရာများဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိပါသည်။

    ဖြစ်ပွားပုံမှာ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် (၉.၇.၁၂) နေ့တွင်  ရှူကူရ်ကြီး (ဘ) ဦးနူဇီမာမက် အသက် (၆၇)နှစ် သည် အထက်ပိုက်သည် ကျေးရွာ မှ ၀ါးကင်းကျေးရွာသို့ မြို့ပေါ်မှဖြတ်ပြီး သွား၍မရသောကြောင့် တောင်ကြားလမ်းမှ သွားရာ ရခိုင်အကြမ်းဖက်သမား တစ်စုက ရိုဟင်ဂျာအဖိုးအိုအား ဖမ်းဆီးပြီး လူမဆန်မစွာ ရိုက်နှက်နှိပ်စက်ပြီးနောက်  ရခိုင်အကြမ်းဖက်သမားများ၏ တုတ်၊ဓားများ၊ ဓါတ်ဆီပုလင်းများကို  ရိုဟင်ဂျာအဖိုးအို၏ ရှေ့တွင်ထားပြီး ဓာတ်ပုံများ ရိုက်ကာ အကြမ်းဖက်ရန် လာသည့်ဟု စွပ်စွဲပြီး ကျောက်တော်မြို့နယ် ရဲစခန်း သို့ပို့ဆောင်ခဲ့ပါသည်။  ကျောက်တော်ရဲစခန်းမှ တဆင့် စစ်တွေအချူပ်သို့ ထပ်မံ ပို့ဆောင်ခဲ့ပါသည်။

    မတရား ဖမ်းဆီးခံထားရသော ရိုဟင်ဂျာလူမျိုး ရှူကူရ်ကြီး သည် ရိုက်နှက်ခံရသော ပြင်းထန်သော ဒဏ်ရာဖြင့် (၇.၁၁.၁၂)နေ့တွင် စစ်တွေအချူပ်ထဲတွင် ကွယ်လွန် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

  • မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    နိုဝင်ဘာ၊ ၇  ၊ ၂၁၀၂
    M-Media
    ဇေယျာသူ

    ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။

    ပွဲဈေးတန်း တခု ( Photo HotNews Journal )

    ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။

    ပွဲဈေးတန်းထဲ လျှောက်ရင်း မုန့်တွေဝယ်ရင်း ဗိုက်ဆာလာတဲ့အခါဖြစ်ဖြစ် ကြာဇံချက် သောက်ချင်လာတဲ့ အခါမှာဖြစ်ဖြစ် ကြာဇံချက်ရောင်းတဲ့ မွတ်စလင်မ် ဆိုင်ကို အပြေးအလွှားရှာဖွေပြီး ၀င်သောက်တာပေါ့။ ဘာဖြစ်လို့ မွတ်စလင်မ်ဆိုင်က ကြာဇံချက်မှ သောက်ရသလဲဆိုရင်တော့ ကျွန်မက မွတ်စလင်မ် တစ်ယောက်ဖြစ်နေတဲ့ အတွက် တခြားဘာသာတွေ ရောင်းတဲ့ဆိုင်က ကြာဇံချက်ကို ကျွန်မတို့ စားလို့မရလို့ပါ။ ကြာဇံချက်က အများအားဖြင့် ကြက်သားနဲ့ချက်ကြတယ်။ မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကသာ ဟလာလ်ကြက်သားဖြစ်လို့ ကျွန်မတို့အနေနဲ့ စိတ်သန့်သန့်နဲ့ စားလို့ ပိုဝင်တာကြောင့် မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကို ရှာပြီး စားရတာပေါ့။

    အခုရက်ပိုင်း ပွဲဈေးတချို့ကို ရောက်တော့ တစ်ခြားမုန့်တွေ စားရပေမယ့် ကြာဇံချက်သောက်ချင်လို့ ဆိုင်လိုက်ရှာရင် မွတ်စလင်မ်ဆိုင် မတွေ့ရဘူး။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ပွဲဈေးတစ်ခု တစ်လေဆို ကျွန်မသတိထားမိမှာ မဟုတ်ပါဘူး။ တော်တော်များများမှာ အဲလိုဖြစ်နေတာတွေ့ရတော့ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်မသိချင်လာတယ်။ ဒါနဲ့ပဲ ကျွန်မစုံစမ်းကြည့်မိတော့ ပွဲတော်ဈေးတန်းတွေမှာ မွတ်စလင်မ်တွေကို ဈေးရောင်းချခွင့် မပေးဘူးလို့ သိလာရတယ်။ ကျွန်မတော်တော်အံ့သြသွားတယ်။

    တစ်နေ့ကတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ စကားစပ်မိရင်း သူတို့မြို့က နာမည်ကြီး ဘုရားပွဲတစ်ခုကျင်းပမယ့်ရက် ရောက်တော့မယ့်အကြောင်းပြောဖြစ်ကြရင်း သူက ပြောပြလာတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားပွဲ (ကထိန်ပွဲ)မှာ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်တွေလည်း ဆိုင်ခန်းငှားပြီး ဈေးဆိုင်တွေဖွင့်ကြတယ်။ ဒီနှစ်တော့ မွတ်စလင်မ်တွေကို ဆိုင်ခန်းငှားရမ်းခွင့်ရော ဈေးရောင်းချခွင့်ပါ မပေးဘူးလို့ ဘုန်းကြီးတွေနဲ့ ဂေါပကအဖွဲ့က ပြောတယ်။ ရှေ့နေဦးအောင်စိုးဆိုတဲ့
    ဂေါပကအဖွဲ့ဝင်က ဒါမျိုးမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို ပြောကြရင်း ဂေါပက အဖွဲ့ကနေ သူနှုတ်ထွက်သွားတယ်။ အခုမှ သိလာရတာက ပွဲဈေးတန်းမှာ ရဲက လုံခြုံရေးတာဝန်မယူလို့ ဂေါပက မွတ်စလင်မ် ဈေးရောင်းသူတွေကို ခွင့်မပြုဘူးလို့ပြောတယ်တဲ့။ ကျွန်မ အဲဒါကို ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီလို ပွဲဈေးတွေမှာ ဘာသာပေါင်းစုံ ပါဝင်နေကြတာ။ အခုမှ ဒီလို ခွဲခြားမှုတွေလုပ်လာတာ စိတ်မကောင်းဖြစ်မိတယ်။

    ဒီလိုလုပ်ခြင်းအားဖြင့် အခု လတ်တလောမှာ ဘယ်သူတွေ အခက်အခဲသွားဖြစ်ပြီး နောင်ရေရှည်မှာ ဘယ်သူတွေမှာ ပိုမိုထိခိုက်နစ်သွားမလဲဆိုတာလည်း မြင်ယောင်မိလာတယ်။

    ပွဲဈေးတွေမှာ မွတ်စလင်မ်ဈေးသည်များ ဈေးရောင်းခွင့် ပိတ်ပင်ခံရတာဟာ ဘာသာရေးဖိနှိပ်ခွဲခြားမှု မဟုတ်ဘူးလား။

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်။

  • ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ပေါက်တောမြို့ မွတ်စလင်မ်ကျေး၇ွာများ မိးလောင်နေစဉ်

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်စသည့် မွတ်စလင်မ်ရွာများသို့ ၇.၁၁.၂၀၁၂  လ၀ကမှ လာရောက်၍ စာရင်းကောက်ယူမှုများ ပြုလုပ်ကြောင်း သတင်းရရှိပါသည်။

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်ရွာများသို့ ဒီနေ့ (၇.၁၁.၂၀၁၂)နေ့မှာ လ.၀.ကမှ လာရောက်ခဲ့ကြောင်း၊ လ.၀.ကနှင့်အတူ န.စ.က၊ ရဲနှင့် စစ်တပ်တို့ အတူပါဝင်ပြီး ရွာများ၏ မွတ်စလင်များကို အိမ်တိုင်းစေ့ တစ်ယောက်ချင်းစီ ဖြည့်ရန်စာရွက်များနှင့် စစ်ရင်းကောက်ယူကြောင်း၊ ယင်းစာရွက်တွင် မိဘ၊ မွေးသက္ကရာဇ်၊ ယခင် နေထိုင်သည့်နေရာ၊ ယခုနေထိုင်သည့်နေရာ၊ လူမျိုး၊ လက်မှတ်နှင့် မှုခင်းဆိုင်ရာ ထွက်ဆိုချက် စသည့်အချက်များပါဝင်ပြီး စစ်ဆေးသူလက်မှတ်၊ စစ်ဆေးခံသူလက်မှတ်နှင့် သက်သေ ၂-ယောက် လက်မှတ်ထိုးရန်ပါရှိကြောင်း၊ လူမျိုးဆိုသည့်နေရာတွင် ဒေသခံများက ရိုဟင်ဂျာဟုထည့်သော်လည်း ရိုဟင်ဂျာဟုထည့်လျှင် ဖမ်းမည်ဟုပြောဆိုခြိမ်းခြောက်ပြီး လ.၀.က မှ ဘင်္ဂါလီဟု ဇွတ် အတင်းထည့်နေကြောင်း၊ ထို့အတွက် ရိုဟင်ဂျာများမှ စိတ်ဒုက္ခများ ကြုံတွေ့ခံစားနေရကြောင်း၊ ယင်းကိစ္စများအား စစ်တွေခရိုင် လ.၀.က ဦးစီးမှူး ဦးအေးသန်းကိုယ်တိုင် လိုက်ပါပြီး လုပ်ဆောင်နေကြောင်း သိရသည်။

    ယခု စာရင်းကောက်ယူနေသည်မှာ ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာရသော မွတ်စလင်မ် ဒုက္ခသည်များအား စာရင်းကောက်ယူသည် မဟုတ်ဘဲ ယခင်ကတည်းက နေထိုင်ခဲ့သူများကိုသာ စာရင်းကောက်ယူခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဟုတ်မဟုတ်ကို ခွဲခြားနိုင်ဖို့ ယခုလို ပေါက်တောမြို့ရှိ ကျေးရွာ(၅) ခုကို စတင်စစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည်နယ် နေရာအနှံအပြားတွင် မွတ်စလင်အများစုနေထိုင်ရာ ကျေးရွာများမှာ အကြမ်းဖက်မိးရှို့ဖျက်ဆီးခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်အများစုမှာ အဝတ်တစ်ထည် ကိုယ်တခုဖြင့် ဒုက္ခသည် စခန်းများသို့ အသက်လု ထွက်ပြေးလာခဲ့ကြသူများဖြစ်ပါသည်။