News @ M-Media

Blog

  • အကြမ်းဖက်သူဟု မတရားစွပ်စွဲ ဖမ်းခံရသူ ရိုဟင်ဂျာအဖိုးအို အချုပ်ထဲတွင် သေဆုံး

    အကြမ်းဖက်သူဟု မတရားစွပ်စွဲ ဖမ်းခံရသူ ရိုဟင်ဂျာအဖိုးအို အချုပ်ထဲတွင် သေဆုံး

    နိုဝင်ဘာ၊ ၈ ၊ ၂၀၁၂
    M-Media
    သတင်း- ထွန်းတောက်

    ပြီးခဲ့တဲ့ ဇူလိုင်လက  ကျောက်တောမြို့မှ ရိုဟင်ဂျာ အဖိုးအိုတယောက်ကို အကြမ်းဖက်သူဟု မတရားစွပ်စွဲနှိပ်စက်ပြီး ထောင်သို့ပို့ခဲ့ရာ အဆိုပါအဖိုးအိုမှာ နိုဝင်ဘာ ၇ ရက် ၂၀၁၂ ခုနှစ် စစ်တွေအချုပ်တွင် နှိပ်စက်ခံဒဏ်ရာများဖြင့် ကွယ်လွန်သွားပြီဖြစ်ကြောင်းသိရှိပါသည်။

    ဖြစ်ပွားပုံမှာ  ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်တွင် (၉.၇.၁၂) နေ့တွင်  ရှူကူရ်ကြီး (ဘ) ဦးနူဇီမာမက် အသက် (၆၇)နှစ် သည် အထက်ပိုက်သည် ကျေးရွာ မှ ၀ါးကင်းကျေးရွာသို့ မြို့ပေါ်မှဖြတ်ပြီး သွား၍မရသောကြောင့် တောင်ကြားလမ်းမှ သွားရာ ရခိုင်အကြမ်းဖက်သမား တစ်စုက ရိုဟင်ဂျာအဖိုးအိုအား ဖမ်းဆီးပြီး လူမဆန်မစွာ ရိုက်နှက်နှိပ်စက်ပြီးနောက်  ရခိုင်အကြမ်းဖက်သမားများ၏ တုတ်၊ဓားများ၊ ဓါတ်ဆီပုလင်းများကို  ရိုဟင်ဂျာအဖိုးအို၏ ရှေ့တွင်ထားပြီး ဓာတ်ပုံများ ရိုက်ကာ အကြမ်းဖက်ရန် လာသည့်ဟု စွပ်စွဲပြီး ကျောက်တော်မြို့နယ် ရဲစခန်း သို့ပို့ဆောင်ခဲ့ပါသည်။  ကျောက်တော်ရဲစခန်းမှ တဆင့် စစ်တွေအချူပ်သို့ ထပ်မံ ပို့ဆောင်ခဲ့ပါသည်။

    မတရား ဖမ်းဆီးခံထားရသော ရိုဟင်ဂျာလူမျိုး ရှူကူရ်ကြီး သည် ရိုက်နှက်ခံရသော ပြင်းထန်သော ဒဏ်ရာဖြင့် (၇.၁၁.၁၂)နေ့တွင် စစ်တွေအချူပ်ထဲတွင် ကွယ်လွန် သေဆုံးသွားခဲ့ပြီ ဖြစ်ကြောင်း သတင်းရရှိပါသည်။

  • မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်

    နိုဝင်ဘာ၊ ၇  ၊ ၂၁၀၂
    M-Media
    ဇေယျာသူ

    ကျွန်မတို့ မြန်မာနိုင်ငံဟာ တစ်နှစ်ပတ်လုံး ၁၂-လရာသီ ပွဲတော်များနဲ့ ပြည့်နေတဲ့ တိုင်းပြည်တစ်ခုပါ။ အဲလို ပွဲတော်တွေရှိတဲ့အနက် ဘုရားပွဲတော်လို့ နာမည်တပ်တဲ့ ပွဲတော်တွေက ပိုလို့တောင်များနေပါတယ်။ ကျွန်မသိမြင်ရသလောက် ဘုရားပွဲတော်ရှိလာပြီဆိုရင် ဇာတ်ပွဲတွေ၊ အငြိမ့်တွေ၊ စားသောက်ဖွယ်ရာဆိုင်တွေ အများအပြားပါဝင်တယ်။

    ပွဲဈေးတန်း တခု ( Photo HotNews Journal )

    ဘုရားပွဲတော်ရှိပြီဆိုရင် တစ်ခြားသူတွေတော့ ဘယ်လိုကြောင့် ပျော်ရွှင်ကြလဲ ကျွန်မ မသိဘူး။ ကျွန်မကတော့ ပွဲဈေးတန်းသွားပြီး မုန့်တွေစားရတာ အလွန်သဘောကျတယ်။ ပွဲဈေးတန်းသွားတယ်။ စားစရာတွေဝယ်တယ်။ ကောက်ညင်းကျည်ထောက် (တချို့ဒေသတွေက ခဲတံချောင်းလို့လည်းခေါ်တယ်လို့ပြောတယ်။)၊ မုန့်မောင်နှမ (မုန့်လင်မယားလို့လည်း ခေါ်ကြသေးတယ်။)၊ မုန့်ရေပါး၊ မုန့်သိုင်းချုံ၊ မုန့်လုံးကြီး အဲဒါတွေကို ကျွန်မ အလွန်ကြိုက်တယ်။ ပြီးတော့ မုန့်လေပွေလို့ခေါ်သလား ဘယ်လိုခေါ်သလဲမသိဘူး။ မီးကင်လိုက်ရင် မုန့်က အကြီးကြီးဖြစ်သွားပြီး စားလို့သိပ်ကောင်းတာပဲ အဲဒါကိုလည်းကြိုက်တယ်။

    ပွဲဈေးတန်းထဲ လျှောက်ရင်း မုန့်တွေဝယ်ရင်း ဗိုက်ဆာလာတဲ့အခါဖြစ်ဖြစ် ကြာဇံချက် သောက်ချင်လာတဲ့ အခါမှာဖြစ်ဖြစ် ကြာဇံချက်ရောင်းတဲ့ မွတ်စလင်မ် ဆိုင်ကို အပြေးအလွှားရှာဖွေပြီး ၀င်သောက်တာပေါ့။ ဘာဖြစ်လို့ မွတ်စလင်မ်ဆိုင်က ကြာဇံချက်မှ သောက်ရသလဲဆိုရင်တော့ ကျွန်မက မွတ်စလင်မ် တစ်ယောက်ဖြစ်နေတဲ့ အတွက် တခြားဘာသာတွေ ရောင်းတဲ့ဆိုင်က ကြာဇံချက်ကို ကျွန်မတို့ စားလို့မရလို့ပါ။ ကြာဇံချက်က အများအားဖြင့် ကြက်သားနဲ့ချက်ကြတယ်။ မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကသာ ဟလာလ်ကြက်သားဖြစ်လို့ ကျွန်မတို့အနေနဲ့ စိတ်သန့်သန့်နဲ့ စားလို့ ပိုဝင်တာကြောင့် မွတ်စလင်မ်ရောင်းတဲ့ဆိုင်ကို ရှာပြီး စားရတာပေါ့။

    အခုရက်ပိုင်း ပွဲဈေးတချို့ကို ရောက်တော့ တစ်ခြားမုန့်တွေ စားရပေမယ့် ကြာဇံချက်သောက်ချင်လို့ ဆိုင်လိုက်ရှာရင် မွတ်စလင်မ်ဆိုင် မတွေ့ရဘူး။ ဒါနဲ့ ကျွန်မစိတ်ထဲမှာ တစ်မျိုးဖြစ်သွားတယ်။ ပွဲဈေးတစ်ခု တစ်လေဆို ကျွန်မသတိထားမိမှာ မဟုတ်ပါဘူး။ တော်တော်များများမှာ အဲလိုဖြစ်နေတာတွေ့ရတော့ ဘယ်လိုဖြစ်လို့လဲဆိုတာ ကျွန်မသိချင်လာတယ်။ ဒါနဲ့ပဲ ကျွန်မစုံစမ်းကြည့်မိတော့ ပွဲတော်ဈေးတန်းတွေမှာ မွတ်စလင်မ်တွေကို ဈေးရောင်းချခွင့် မပေးဘူးလို့ သိလာရတယ်။ ကျွန်မတော်တော်အံ့သြသွားတယ်။

    တစ်နေ့ကတော့ ကျွန်မသူငယ်ချင်း တစ်ယောက်ရဲ့ စကားစပ်မိရင်း သူတို့မြို့က နာမည်ကြီး ဘုရားပွဲတစ်ခုကျင်းပမယ့်ရက် ရောက်တော့မယ့်အကြောင်းပြောဖြစ်ကြရင်း သူက ပြောပြလာတယ်။ ဒီနှစ်မှာ ပြုလုပ်မယ့် ရမည်းသင်းမြို့ ရန်အောင်မြင်ဘုရားပွဲ (ကထိန်ပွဲ)မှာ နှစ်စဉ်နှစ်တိုင်း မွတ်စလင်မ်တွေလည်း ဆိုင်ခန်းငှားပြီး ဈေးဆိုင်တွေဖွင့်ကြတယ်။ ဒီနှစ်တော့ မွတ်စလင်မ်တွေကို ဆိုင်ခန်းငှားရမ်းခွင့်ရော ဈေးရောင်းချခွင့်ပါ မပေးဘူးလို့ ဘုန်းကြီးတွေနဲ့ ဂေါပကအဖွဲ့က ပြောတယ်။ ရှေ့နေဦးအောင်စိုးဆိုတဲ့
    ဂေါပကအဖွဲ့ဝင်က ဒါမျိုးမလုပ်သင့်ဘူး မဖြစ်သင့်ဘူးလို ပြောကြရင်း ဂေါပက အဖွဲ့ကနေ သူနှုတ်ထွက်သွားတယ်။ အခုမှ သိလာရတာက ပွဲဈေးတန်းမှာ ရဲက လုံခြုံရေးတာဝန်မယူလို့ ဂေါပက မွတ်စလင်မ် ဈေးရောင်းသူတွေကို ခွင့်မပြုဘူးလို့ပြောတယ်တဲ့။ ကျွန်မ အဲဒါကို ကြားလိုက်ရတော့ တော်တော်လေး စိတ်မကောင်းဖြစ်မိတယ်။ ကျွန်မငယ်ငယ်ကတည်းက ဒီလို ပွဲဈေးတွေမှာ ဘာသာပေါင်းစုံ ပါဝင်နေကြတာ။ အခုမှ ဒီလို ခွဲခြားမှုတွေလုပ်လာတာ စိတ်မကောင်းဖြစ်မိတယ်။

    ဒီလိုလုပ်ခြင်းအားဖြင့် အခု လတ်တလောမှာ ဘယ်သူတွေ အခက်အခဲသွားဖြစ်ပြီး နောင်ရေရှည်မှာ ဘယ်သူတွေမှာ ပိုမိုထိခိုက်နစ်သွားမလဲဆိုတာလည်း မြင်ယောင်မိလာတယ်။

    ပွဲဈေးတွေမှာ မွတ်စလင်မ်ဈေးသည်များ ဈေးရောင်းခွင့် ပိတ်ပင်ခံရတာဟာ ဘာသာရေးဖိနှိပ်ခွဲခြားမှု မဟုတ်ဘူးလား။

    မသွားဖြစ်တော့မယ့် ပွဲဈေးတန်းရယ် လွမ်းမိပါတယ်ကွယ်။

  • ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    ပေါက်တောမြို့နယ်ရှိ မွတ်စလင်ရွာများသို့ လ.၀.ကမှ စာရင်းကောက်

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    ပေါက်တောမြို့ မွတ်စလင်မ်ကျေး၇ွာများ မိးလောင်နေစဉ်

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်စသည့် မွတ်စလင်မ်ရွာများသို့ ၇.၁၁.၂၀၁၂  လ၀ကမှ လာရောက်၍ စာရင်းကောက်ယူမှုများ ပြုလုပ်ကြောင်း သတင်းရရှိပါသည်။

    ပေါက်တောမြို့နယ်ရှိ နတ်ချောင်း၊ မေယုကျွန်း၊ အနောက်ရွေ့၊ ကြိမ်နီရွာနှင့် ဆင်တမှော်ရွာများသို့ ဒီနေ့ (၇.၁၁.၂၀၁၂)နေ့မှာ လ.၀.ကမှ လာရောက်ခဲ့ကြောင်း၊ လ.၀.ကနှင့်အတူ န.စ.က၊ ရဲနှင့် စစ်တပ်တို့ အတူပါဝင်ပြီး ရွာများ၏ မွတ်စလင်များကို အိမ်တိုင်းစေ့ တစ်ယောက်ချင်းစီ ဖြည့်ရန်စာရွက်များနှင့် စစ်ရင်းကောက်ယူကြောင်း၊ ယင်းစာရွက်တွင် မိဘ၊ မွေးသက္ကရာဇ်၊ ယခင် နေထိုင်သည့်နေရာ၊ ယခုနေထိုင်သည့်နေရာ၊ လူမျိုး၊ လက်မှတ်နှင့် မှုခင်းဆိုင်ရာ ထွက်ဆိုချက် စသည့်အချက်များပါဝင်ပြီး စစ်ဆေးသူလက်မှတ်၊ စစ်ဆေးခံသူလက်မှတ်နှင့် သက်သေ ၂-ယောက် လက်မှတ်ထိုးရန်ပါရှိကြောင်း၊ လူမျိုးဆိုသည့်နေရာတွင် ဒေသခံများက ရိုဟင်ဂျာဟုထည့်သော်လည်း ရိုဟင်ဂျာဟုထည့်လျှင် ဖမ်းမည်ဟုပြောဆိုခြိမ်းခြောက်ပြီး လ.၀.က မှ ဘင်္ဂါလီဟု ဇွတ် အတင်းထည့်နေကြောင်း၊ ထို့အတွက် ရိုဟင်ဂျာများမှ စိတ်ဒုက္ခများ ကြုံတွေ့ခံစားနေရကြောင်း၊ ယင်းကိစ္စများအား စစ်တွေခရိုင် လ.၀.က ဦးစီးမှူး ဦးအေးသန်းကိုယ်တိုင် လိုက်ပါပြီး လုပ်ဆောင်နေကြောင်း သိရသည်။

    ယခု စာရင်းကောက်ယူနေသည်မှာ ရခိုင်တွင် တကျော့ပြန်ဖြစ်ပွားခဲ့သည့် အကြမ်းဖက်မှုကြောင့် ထွက်ပြေးလာရသော မွတ်စလင်မ် ဒုက္ခသည်များအား စာရင်းကောက်ယူသည် မဟုတ်ဘဲ ယခင်ကတည်းက နေထိုင်ခဲ့သူများကိုသာ စာရင်းကောက်ယူခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။

    ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအတိုင်း နိုင်ငံသားဟုတ်မဟုတ်ကို ခွဲခြားနိုင်ဖို့ ယခုလို ပေါက်တောမြို့ရှိ ကျေးရွာ(၅) ခုကို စတင်စစ်ဆေးနေတာဖြစ်ကြောင်းသိရပါတယ်။

    ရခိုင်ပြည်နယ် နေရာအနှံအပြားတွင် မွတ်စလင်အများစုနေထိုင်ရာ ကျေးရွာများမှာ အကြမ်းဖက်မိးရှို့ဖျက်ဆီးခံခဲ့ရပြီး အသက်မသေဘဲ ကျန်ရစ်တဲ့ မွတ်စလင်မ်အများစုမှာ အဝတ်တစ်ထည် ကိုယ်တခုဖြင့် ဒုက္ခသည် စခန်းများသို့ အသက်လု ထွက်ပြေးလာခဲ့ကြသူများဖြစ်ပါသည်။

  • ကန် ရွေးကောက်ပွဲ အိုဘားမား အောင်ပွဲခံ – ယခုလ ၁၉ ရက်တွင် မြန်မာပြည်လာမည်

    M-Media

    နိုဝင်ဘာ ၇ ၊ ၂၀၁၂

    AFP

    နောက်လေးနှစ်သက်တမ်းအတွက် အရွေးချယ်ခံရသည့် အမေရိကန်သမ္မတ ဘာရက် ဟူစိန် အိုဘာမားသည် ယခုလ ၁၉ ရက်နေ့တွင် မြန်မာနိုင်ငံသို့ လာရောက်မည်ဟု မြန်မာအစိုးရ တာဝန်ရှိသူတစ်ဦး က အေအက်ဖ်ပီ သို့ ဗုဒ္ဓဟူးနေ့တွင် ပြောကြားခဲ့သည်။

    သို့သော် အိမ်ဖြူတော်ကမူ တစ်စုံတစ်ရာ အတည်ပြုခြင်းမရှိသေးပေ။ အတိုက်အခံပါတီ အန်အဲလ်ဒီမှ ဦးအုန်းကြိုင်ကမူ အိုဘားမားလာရောက်မည့်သတင်းကို ကြိုဆိုပါကြောင်း၊ ရွေးကောက်ပွဲတွင်ထပ်မံအနိုင်ရ ရှိခြင်းအတွက်လည်း ၀မ်းမြောက်ကြောင်း အေအက်ဖ်ပီသို့ပြောကြားသည်။

    “နှစ် ၅၀ ကျော်အတွင်း ဘယ်အမေရိကန်သမ္မတမှ မြန်မာနိုင်ငံကိုမလာဖူးဘူး ” ဟု ဦးအုန်းကြိုင် က ပြောကြားသည်။

    သမ္မတ အိုဘားမား၏ ရွေးကောက်ပွဲတွင် အနိုင်ရရှိပြီးနောက် ပြောကြားခဲ့သည့် မိန့်ခွန်းအပြည့်အစုံကို အလ်ဂျဇီးယားသတင်းမှ အောက်ပါအတိုင်း တင်ဆက်ထားပါသည်။

    http://www.youtube.com/watch?feature=player_embedded&v=ICqp4DYo9bY

  • ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    ရမည်းသင်း၌ မွတ်စလင်မ်ပိုင် လ္ဘက်ရည်ဆိုင်များတွင် ရမ်းကားမှုဖြစ်ပွား

    နိုဝင်ဘာ ၇၊ ၂၀၁၂
    M-Media
    ဇာနည်

    ရမည်းသင်း၊။      ။နိုဝင်ဘာလာ ၇-ရက်နေ့ မနက်အစောကြီး ၂း၁၅-နာရီအချိန်ခန့်တွင် ရမည်းသင်းမြို့ပေါ်ရှိ မွတ်စလင်မ်ပိုင်လ္ဘက်ရည်ဆိုင်များတွင် ၀င်ရောက်စော်ကား ရမ်းကားမှုတစ်ခု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    ရမည်းသင်းမြို့ ရွှေစည်းခုံ ရပ်ကွက်ရှိ ရွှေဇီးပင် လ္ဘက်ရည်ဆိုင် နှင့် လက်ဆည်ကန်ရပ်ရှိ မီးအိမ်ရှင် လ္ဘက်ရည်ဆိုင်တို့ရှိ မီးချောင်းများကို ရိုက်ခွဲသွားကြောင်းသိရသည်။ ၀င်ရောက် ရမ်းကားသူများမှာ

    • ချစ်စမ်းမောင်
    • ကယားမောင်
    •  အငယ်ကောင် နှင့်
    • စောထွန်းအောင် တို့ဖြစ်ပြီး၊

    ထိုဖြစ်စဉ်အား ရဲစခန်းကို အကြောင်းကြားလိုက်သောကြောင့် သူတို့အား ရဲစခန်းမှဖမ်းဆီးထားပြီး တရားစွဲဆို သွားမည်ဖြစ်ကြောင်းသိရသည်။

    ရမည်းသင်းမြို့တွင် ပြီးခဲ့သည့် အောင်တိုဘာ လလယ်က ဘောလုံးပွဲတပွဲတွင်ဖြစ်ပွားသော ရန်ပွဲကို အကြောင်းပြုပြိး မွတ်စလင်အိမ်အချို့ ဖျက်ဆီးခြင်းခံခဲ့ရသည်။