News @ M-Media

Blog

  • မိတ္ထီလာမြို့ရှိ အစ္စလာမ့်ပရိယတ္တိ စာသင်ကျောင်းအား ပိတ်ခိုင်းပြီး တရားစွဲမည်ဟုဆို

    မိတ္ထီလာမြို့ရှိ အစ္စလာမ့်ပရိယတ္တိ စာသင်ကျောင်းအား ပိတ်ခိုင်းပြီး တရားစွဲမည်ဟုဆို

    နိုဝင်ဘာ ၅၊ ၂၀၁၂
    M-Media
    သတင်း – ထွန်းတောက်

    မိတ္ထီလာ ။     ။    မိတ္ထီလာမြို့ ပြည်သာယာရပ်ကွက် အစ္စလာမ့် ၀တ်ပြုဆောင်ရှိ အစ္စလာမ့် ပရိယတ္တိအခြေခံနှင့် ယဉ်ကျေးမှုသင်တန်းကျောင်းအား စည်ပင်သာယာမှ ပိတ်သိမ်း၍ ဆိုင်းဘုတ်ပါ ဖြုတ်ခိုင်းသည်ဟု သတင်းရရှိပါသည်။

    ဖြစ်စဉ်မှာ မိတ္တီလာမြို့ ပြည်သာယာရပ်ကွက်တွင်ရှိသော အစ္စလာမ့်ဝတ်ပြုဆောင်ရှိ အစ္စလာမ့် ပရိယတ္တိအခြေခံနှင့် ယဉ်ကျေးမှု သင်တန်းကျောင်းအား လွန်ခဲ့သော (၁၀)ရက်ခန့်က စည်ပင်သာယာနှင့် သာသနာရေး ဦးစီးဌာနတို့မှ အစ္စလာမ့်ဘာသာရေး သင်တန်းကျောင်း ဂေါပကအဖွဲ့သို့ စာတစ်စောင်စီပို့၍ ပိတ်သိမ်းခိုင်းခဲ့ကြောင်းသိရသည်။

    ယင်းကျောင်းတည်ရှိသည်မှာ အနှစ်(၂၀)ခန့်ရှိပြီဖြစ်ကြောင်းကို ကျောင်းဂေါပကအဖွဲ့နှင့် ကျောင်းသားမိဘ (၁၅၀)တို့ လက်မှတ်ရေးထိုး၍ စာပြန်ခဲ့ပါသည်။ သို့သော်လည်း စည်ပင်သာယာ၊ သာသနာရေးဦးစီးဌာနနှင့် ခရိုင်အထွေထွေ အုပ်ချုပ်ရေးတို့မှ ကျောင်းပိတ်ရန် ထပ်မံလာရောက်ပြောဆိုပြီး ခရိုင်ထွေအုပ်မှ ဆိုင်းဘုတ် ဖြုတ်သိမ်းပေးရန် ပြောကြားခဲ့ကြောင်းသိရသည်။

    မနက်ဖြန်တွင် ဂေါပကကို ခရိုင်ထွေအုပ်မှ ဆင့်ခေါ်ထားပြီး တရားစွဲဆိုမည်ဟုလည်း သိရသည်။

    ယင်း အစ္စလာမ့်ပရိယတ္တိစာသင်ကျောင်းအား ယခင်ကတည်းက ၆-လတစ်ခါ ၃-လတစ်ခါ အမြဲတမ်းလိုလို ပိတ်သိမ်းရန် ပြောဆိုလေ့ရှိပြီး ယခုတစ်ကြိမ်တွင်မူ တရားစွဲမည်ဖြစ်ကြာင်း သိရပါသည်။

  • တ.က.သ/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့်အခမ်းအနား

    တ.က.သ/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့်အခမ်းအနား

    နိုဝင်ဘာ ၅၊ ၂၀၁၂
    M-Media
    သတင်း – အမ်တူးအေ

    ရန်ကုန် ။     ။    တ.က.သ/ဗ.ကသ ဥက္ကဋ္ဌ ဦးရာရှစ် (၁၉၁၂-၂၀၁၂)၏ ရာပြည့်အခမ်းအနားတစ်ရပ်ကို ဒီနေ့ နိုဝင်ဘာလ ၅-ရက်၊ ၂၀၁၂-ခုနှစ် ရန်ကုန်မြို့ ဗဟန်းရှိ တော်ဝင်နှင်းဆီခန်းမ၌ကျင်းပပြုလုပ်ပြီးစီးခဲ့ပါသည်။

    ဦးရာရှစ် ရာပြည့်အခမ်းအနားသို့ ဘာသာကြီးလေးခုမှ ဘာသာရေးခေါင်းဆောင်များ၊ ဗ.က.သ၊ တ.က.သ များ၊ နိုင်ငံရေးပါတီအဖွဲ့များ၊ နိုင်ငံရေးခေါင်းဆောင်များ၊ လူမှုရေးအဖွဲ့အစည်းများ နှင့် ဦးရာရှစ်ကို လေးစားမြတ်နိုးသူ ၇၀၀-ကျော် ပါဝင်တက်ရောက်ခဲ့ကြောင်းသိရသည်။

    ယင်းအခမ်းအနားတွင် ကျောင်းသားသမဂ္ဂသီချင်းဖြင့် အခမ်းအနားဖွင့်လှစ်ပြီးနောက်၊ နိုင်ငံတော်အလံ၊ ကျောင်းသားသမဂ္ဂ အလံတော်၊ လွတ်လပ်ရေး ဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ခေါင်းဆောင်ကြီးများ၊ မြန်မာနိုင်ငံ ခေတ်အဆက်ဆက် ဒီမိုကရေစီ အရေးတော်ပုံ တိုက်ပွဲတွင် ကျဆုံးခဲ့သော ရဟန်းရှင်လူ ပြည်သူ ကျောင်းသားကျောင်းသူများ အလေးပြုခဲ့ကြပြီး၊ အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်ကို ပြောကြားခဲ့ပါသည်။

    ၎င်းနောက် အခမ်းအနားကို အပိုင်း ၃-ပိုင်းခွဲ၍ ကျင်းပခဲ့သည်။ အစီအစဉ် ပထမပိုင်းတွင် ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ ခေါင်းဆောင်များမှ တ.က.သ/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အထိမ်းအမှတ်အတွက် ဂုဏ်ပြုစကားပြောကြားပြီး၊ အစီအစဉ် ဒုတိယပိုင်းအနေဖြင့် ဘာသာကြီး ၄-ဘာသာမှ ဦးရာရှစ် ရာပြည့်အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားများ ပြောကြားခဲ့ပြီးနောက် တတိယပိုင်းအစီအစဉ်တွင် နိုင်ငံရေး ခေါင်းဆောင်များမှ ဦးရာရှစ်ရာပြည့် အထိမ်းအမှတ် ဂုဏ်ပြုစကားပြောကြားပြီး ဦးရာရှစ်၏သား ဦးဘီလားလ်ရာရှစ်ပြောကြားသော ဗီဒီရိုဖိုင်ကို ပြသခဲ့ပါသည်။ နောက်ဆုံးတွင် ကျောင်းသားများမှ ကျောင်းသား သီချင်းများဖြင့် ဖျော်ဖြေကာ အခမ်းအနားကို ပြီးဆုံးခဲ့ကြပါသည်။

    တ.က.က/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် အခမ်းအနားကျင်းပရေးကော်မတီမှ သဘောထားကြေညာချက်တစ်ရပ် ကိုလည်း ထုတ်ပြန်ကြေညာခဲ့ပါသည်။

    အခမ်းအနားကျင်းပရခြင်း ရည်ရွယ်ချက်(၃) ချက်ဖြစ်တဲ့

    (၁) ဒုတိယကျောင်းသားသပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ အမျိုးသားလွတ်မြောက်ရေးနှင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကာကွယ် စောင့်ရှောက်ရာတွင် ထင်ရှားခဲ့သော ဦးရာရှစ်၏ ရာပြည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို ကျင်းပရခြင်း၊
    (၂) ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ မျိုးဆက်များ အကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိစေရန်၊
    (၃) ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် သမိုင်းကြောင်းများကို မျိုးဆက်သစ်များ ပိုမိုသိရှိလာစေရန်၊

    ကို အခမ်းအနားကျင်းပရေးကော်မတီဝင် ဦးခင်မောင်ချိုဖတ်ကြားခဲ့ပါတယ်။

    တ.က.က/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် အခမ်းအနားကျင်းပရေး ကော်မတီကိုယ်စား ၁၉၆၂-ရန်ကုန် ခရိုင်လုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂအမှုဆောင် ဦးနေ၀င်းစံမှ ဖတ်ကြားသည့်

    တ.က.က/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် အခမ်းအနားကျင်းပရေး ကော်မတီမှ သဘောထားကြေညာချက် –

    ရက်စွဲ ၊ ၁၃၇၄-ခုနှစ်၊ သီတင်းကျွတ်လပြည့်ကျော် (၆)ရက်။
    ၂၀၁၂-ခုနှစ် နိုဝင်ဘာလ (၅)ရက်

    ပြည်ထောင်စုမြန်မာနိုင်ငံတွင် မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးပေါင်းစုံတို့သည် နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေး၊ ပြည်သူ့လွတ်လပ်ရေးတို့အတွက် လူမျိုးဘာသာ မခွဲခြားဘဲ အတူတကွ လက်တွဲ၍ စည်းလုံးညီညွတ်စွာ တိုက်ပွဲဝင်ခဲ့ကြပေသည်။ ယင်းတိုက်ပွဲများအားလုံးသည် ကျောင်းသူကျောင်းသားအပေါင်းတို့သည် ရှေ့တန်းမှ ပါဝင်လှုပ်ရှားခဲ့ကြသည်မှာ ယနေ့တိုင်အောင်ပင်ဖြစ်သည်။ မြန်မာပြည်၏ သမိုင်းအစဉ်လာတွင် ပြန်ကြည့်ပါက ၁၉၂၀-ခုနှစ်တွင် ဖြစ်ပွားခဲ့သော ကျောင်းသား သပိတ်ကြီးသည် မြန်မာဘုရင်သီပေါမင်းပါတော်မူပြီးနောက် ဗမာပြည်၏ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးအတွက် ပထမဆုံးသော သပိတ်တိုက်ပွဲကြီးတွင်ဖြစ်သည်။

    ထိုမှစပြီး ၁၉၃၁-ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂ (တ.က.သ) ပေါ်ပေါက်လာခဲ့သည်။ ထိုမှတဆင့် ၁၉၃၆-ခုနှစ်တွင် ဒုတိယတက္ကသိုလ်ကျောင်းသားသပိတ်၊ ၁၃၀၀-ပြည့် အရေးတော်ပုံကြီးနှင့်တကွ ပေါ်ပေါက်လာခဲ့သော ၁၉၃၈-ခုနှစ်တွင် ဗိုလ်အောင်ကျော်ကျဆုံးသော တတိယကျောင်းသားသပိတ်များ ပေါ်ပေါက်လာခဲ့သည်။

    ယနေ့ နိုဝင်ဘာလ ၅-ရက်နေ့သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗ.က.သ)၏ ပထမဆုံး ဥက္ကဋ္ဌဖြစ်သော ဦးရာရှစ်၏ နှစ်တစ်ရာပြည့်မွေးနေ့ဖြစ်ပေသည်။ ဦးရာရှစ်သည် တ.က.သ/ဗ.က.သ ဥက္ကဋ္ဌ တစ်ဦးဖြစ်ခဲ့သည့်အပြင် မြန်မာ့လွတ်လပ်ရေး ဖခင်ကြီး၊ မြန်မာ့တပ်မတော် ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၊ နိုင်ငံတော် ၀န်ကြီးချုပ် ဦးနုတို့ အပြင် အခြားထင်ရှားသော ခေါင်းဆောင်ကြီးများနှင့်အတူ နယ်ချဲ့ဆန့်ကျင်ရေး၊ အမျိုးသားလွတ်မြောက်ရေးနှင့်၊ ပြည်သူ့လွတ်လပ်ရေးတို့အတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့သူတစ်ဦးလည်း ဖြစ်ပေသည်။ သို့ပါသောကြောင့် ဤနေ့တွင် တ.က.က/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့်အထိမ်းအမှတ် ကျင်းပရေးကော်မတီမှ အောက်ပါအတိုင်း သဘောထားထုတ်ပြန် တောင်းဆိုလိုက်သည်။

    (၁)     ၁၉၆၂-ခုနှစ် ဇူလိုင်လ ၇-ရက်နေ့တွင် စစ်အာဏာရှင် ဗိုလ်နေ၀င်း၏ ရက်စက်ရမ်းကားမှုကြောင့် ဖောက်ခွဲဖျက်ဆီးခံလိုက်ရသော တ.က.သ အဆောက်အဦးကို မူလနေရာတွင် ပြန်လည်တည်ဆောက်ရေး။
    (၂)     ကျောင်းသားသမဂ္ဂများသမိုင်းကို ကျောင်းသုံးစာအုပ်တွင် ထည့်သွင်း ပြဋ္ဌာန်းရေး၊ သင်ကြားရေး။
    (၃)     လက်ရှိဖွဲ့စည်းထားပြီးသော ကျောင်းသားသမဂ္ဂများ လွတ်လပ်စွာ လှုပ်ရှားဆောင်ရွက်နိုင်ရေး။
    (၄)     အမျိုးသားပြန်လည်သင့်မြတ်ရေးကို အချိန်ဆွဲမနေပဲ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ပေးရေးတို့ဖြစ်သည်။

    တ.က.က/ဗ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့်အခမ်းအနားကျင်းပရေး ကော်မတီ

  • ခေါင်းမော့ရင်ကော့ဖို့ အချိန်တန်ပြီ (ပေးစာ)။

    ခေါင်းမော့ရင်ကော့ဖို့ အချိန်တန်ပြီ (ပေးစာ)။

    နိုဝင်ဘာ၊ ၅ ၊ ၂၀၁၂
    M-Media
    ပေးစာ ရေးသူ – ကုလား

    ကျုပ်နာမည်ကုလား။ အရင်ကတော့ ကုလားလို့ အခေါ်ခံရရင် သေလောက်အောင်မုန်းတယ်။ ခုတော့ ကျုပ်ကို ကျူပ် ကုလားလို့ ပဲခံယူတယ်။ နာမည်ရှေ့ မှာတောင် မောင် ဆိုပြီးတောင်မထည့်တော့ဘူး။ ဗမာအသုံးအနှုန်းပါ ပြီး ကုလားမစစ်မှာစိုးလို့ ။ ကုလားဆိုပြီး ဗမာလိုပေါင်းတာ၊ ဒီစာကို ဗမာလိုရေးတာတောင် ရွေးစရာမရှိလို့  ဗမာ လိုရေးတာ။ ကုလားစာ ကုလားစကားတတ်ရင် ကုလားလိုပဲရေးတယ်။

    ဒီစာရေးရတဲ့အကြောင်းရင်းကတော့ မြန်မာပြည်က မွတ်စလင်မ်တွေအားလုံး ကိုယ့်အတွက်ကို မားမားမတ်မတ် ရဲရဲဝံ့ဝံ့ ရပ်တည်ဖို့ ပဲ။

    ကျူပ်ကလည်း ဗမာပြည်မှာမွေး၊ ဗမာပြည်မှာကြီးတဲ့ ကုလား မလို့  ခင်ဗျားတို့ နဲ့  ဖြတ်သန်းလာရတာတွေ ခံစား ချက်တွေတူတယ်။ အခုခင်ဗျားတို့  စိတ်ထဲရင် ရင်ထဲမှာ ဘာတွေဖြစ်နေတယ်ဆိုတာ ကျူပ်သိတယ်။ ကျုပ်ခံစား ချက်က ခင်ဗျားတို့ အားလုံးရဲ့ ခံစားချက်နဲ့ တန်းတူပဲ။

    ပထမဆုံးခံစားချက်က သိမ်ငယ်မှုပဲ။ ဘယ်နားသွားသွား စိတ်ထဲကနေ အလိုလို အပြင်လူလို ခံစားရတယ်။ ကိုယ့် ထက်ပညာမတတ်တဲ့ဗမာ၊ သူတို့ အသိုင်းအ၀ိုင်း၊ သူတို့ နဲ့  အလုပ်တူလုပ်ရင် အလိုလို အားငယ်သလို၊ နိမ့်ကျသ လို့ ၊ အလကားနေရင်း မှားနေသလိုလို ခံစားရတယ်။

    အစိုးရရုံးတွေရောက်ရင် ၀န်ထမ်းတွေနဲ့  တွေ့ တာနဲ့  အလကားနေရင်း အပြစ်ရှိသလို၊ သူတို့ အလိုကျ ရိုကျိုးရမ လိုဖြစ်မိတယ်။

    ကုလားမလို့  အနှိမ်ခံရတယ်ဆိုတဲ့အသိနဲ့ တင် ကျုပ်တို့ ကိုယ်တိုင်ကိုယ်က အားငယ်နေတယ်။ သူတို့ အပေါ်စီးက ဆက်ဆံတာကို သာမန်လိုစိတ်ထဲထင်တယ်။ ကိုယ့်စိတ်ကိုယ်က နောက်ကိုဆုတ်ပေးထားတယ်။ စိတ်ထဲမှာကိုက သြော်— သူတို့ က မြန်မာ၊ ငါတို့ က မွတ်စလင်မ်လေဆိုပြီး အရှုံးပေးကြတယ်။ ရပ်ကွက်ထဲမှာ ဗမာစာဖြောင့် အောင်မရေးတတ်တဲ့ ဧည့်စာရင်းရေးတဲ့ ငမူးကောင်တွေကအစ ကုလားဆိုပြီး နှိမ်ချင်ကြတယ်။ တချို့ နေရာတွေ များလူကို ငေါက်လားငမ်းလား။ ငေါက်တဲ့ကောင်တွေကို ကြည့်ရင် အလုပ်လက်ကြော မတင်းတဲ့ကောင်တွေ၊ ရပ်ကွက်ထဲမှာ ဟိုယောင်ယောင် ဒီယောင်ယောင် ငမူးတွေ၊ ၁၀ အိမ်မှူးလိုလို ရပ်ကွက်ခေါင်းလိုလို ပြာတာတွေ ကအစ အလကားလည်း စားသေးတယ် လူကို ဟောက်လားငမ်းလားနဲ့  နေ့ခင်းကြောင်တောင် အသံနဲ့  ဓားပြ တိုက်တဲ့ လ၀ကကကောင်တွေ၊ ဌာန၀န်ထမ်းတွေ။

    ဒီကိစ္စရဲ့ အရင်းခံကိုကြည့်ရင် ကျုပ်တို့ ကိုယ်တိုင်ကိုက အနှိမ်ခံရတာကို လက်ခံထားလို့ ။ သူတို့ က ဗမာ ငါတို့ က ကုလားဆိုတော့ ရမှာမဟုတ်ဘူးဆိုပြီး သူတို့ အလိုကျ နေပေးလို့ ။ သွေးနှောဆိုပြီး သတ်မှတ်ထားတာကို လက်ခံ ထားလို့ ။ နိုင်ငံခြားသားဆိုပြီး ရိုးစွပ်တာကို လက်ခံစားလို့ ။ ပါးစပ်ပိတ်ပြီး သူတို့ ပြောတာ အဟုတ်မှတ်ထားလို့ ။ စကားနောက်တရားပါ၊ အပြောများတော့ အဟုတ် ဆိုတဲ့ စကားပုံတွေလိုပဲ သူတို့ တောက်လျောက်ပြောတာလို့  ကျုပ်တို့ ကိုယ်တိုင်ကိုယ်က အဟုတ်မှတ်ပြီး လက်ခံနေတယ်။

    ကျူပ်တို့ ကို သွေးနှောလို့ ပြောတယ်ဆိုရင် အဲ့ဒီ လ၀က ရုံးကလူတွေကရော ဘာသွေးမှ မနှောဘူးလား။ တရုတ် သွေးတွေမပါကြဘူးလား။ တိုင်းရင်းသားနဲ့  ဗမာ သွေးတွေမနှောဘူးလား။ သူတို့  ဖိုးဖွားတွေထဲမှာ ကုလားသွေးမ ပါဘူးလား။ ဗမာဆိုတာ တိဘက်က ဆင်းလာတာ။ ဗမာယဉ်ကျေးမှုဆိုတာ အနောက်ဖက်က ၀င်လာတာ။ သွေး မနှောဘူးဆိုတဲ့ လူတွေ သတ္ထိရှိရင် ဒီအန်အေ စစ်ရဲလား။

    ၁၉၈၂ နိုင်ငံသားဥပဒေအရ ၁၈၂၄ အရင်က မြန်မာနိုင်ငံနယ်နိမိတ် မှာ ရှိခဲ့တဲ့ လူမျိုးစုတွေကနေ မွေးဖွားလာတဲ့လူတွေကိုမှ  မြန်မာပြည်သားလို့ သတ်မှတ်မယ်ဆိုရင် ၁၈၂၄ ခုနှစ်တုန်းက မြန်မာနိုင်ငံဆိုတာ မရှိသေးဘူး။ မြန်မာပြည် နယ်နိမိတတ်ကလည်း ဟိုရွှေ့ဒီရွှေ့လိုက်။ ၁၈၂၄ အတိုင်းဆိုရင် တချိန်က မြန်မာနယ်နိမိတ်အခု ထိုင်းဖက် တချို့ ရောက်တယ်။ အိန္ဒိယ ဘက်ရောက်တဲ့ခါလည်းရှိတယ်။ သူတို့ ကိုလည်း နိုင်ငံသား သွားပေးပါလား။ ဂျပန်ခေတ်တုန်းက ရှမ်းပြည်နယ်ထဲမှာ ရှမ်းမြေတချို့ ကို ဂျပန်တွေက ထိုင်းကိုပေးလိုက်တယ်။ ခုမြန်မာပြည်နယ် ထဲပြန်ရောက်လာပေမဲ့ သူတို့ က တချိန်က ဂျပန်ခေတ်က ထိုင်းပိုင်ခဲ့လို့ ဆိုပြီး သူတို့ ကို နိုင်ငံသားမပေးဘဲ ချန်ထားပါလား။

    သတ္ထိရှိ ရင် လ၀က ၀န်ကြီးခင်ရီကိုယ်တိုင် သူ့ မိသားစု ဆင်းသက်လာပုံကို ၁၈၂၄ အထိလိုက်ပြီး လူသိရှင်ကြား ချပြလေ။ ၁၉၈၂ နိုင်ငံသား ဥပဒေကိုထောက်ခံတဲ့ လူတွေအားလုံး ၁၈၂၄ ကနေ မိသားစုစာရင်းလိုက်ပြီး သက် သေပြကြလေ၊ အဖိုးတွေ အဖွားတွေ နိုင်ငံခြားကလာတာ မဟုတ်ဘူးဆိုတာ သက်သေပြကြလေ။ စိမ်ခေါ်တယ်၊ သတ္ထိရှိရင် ရဲရဲ ချပြလိုက်။ ကျုပ်တို့ က သွေးနှောတယ်ဆိုရင် သွေးမနှောတဲ့လူတွေ ထွက်လာကြလေ။ သက်သေပြကြလေ။

    မြန်မာပြည်က ကုလားတွေကို ပြောချင်တယ်။ ခင်ဗျားတို့ ကျူပ်တို့ က မနေ့ တနေ့ ကမှ နိုင်ငံခြားက ခိုးဝင်လာ တာမဟုတ်ဘူး။ မိဘ၊ အဖိုးအဖွား၊ သူတို့ မိဘတွေကိုယ်က မြန်မာပြည်မှာနေခဲ့တဲ့ လူတွေ။ ကိုလိုနီခေတ်ကမှ တိုးဝှေ့ ဝင်လာတာမဟုတ်ဘူး။ ကျုပ်တို့  အဖိုးအဖွားတွေ အဲ့ဒီတုန်းက ၀င်လာတယ်ဆိုရင်တောင် ခုကျုပ်တို့  မြန်မာပြည်မှာ တခြားလူတွေနည်းတူ ရုန်းကန်တယ်၊ အခွန်ပေးတယ်၊ ကိုယ့်ထမင်း ကိုယ်စား ကိုယ့်အလုပ်ကိုယ် လုပ်တယ်။ ဘယ်သူ့ ကိုမှ ဓားပြတိုက်စား၊ ခိုးစား ၀ှက်စား ဟောက်စား ငေါက်စားနေတာမဟုတ်ဘူး။ ကိုယ့်ဝမ်း စား ကိုယ်ရှာစားနေတဲ့လူချည်းပဲ။

    ကျုပ်တို့ ကို စိတ်ဓာတ်ရေးရာအရ သိမ်ငယ်အောင်လုပ်ထားတယ်။ ကုလားဖြစ်နေတာနဲ့  အပြစ်ရှိသလိုဖြစ်အောင် လုပ်ထားတယ်။ ကျုပ်တို့ သားသမီးတွေကို သူငယ်တန်းကလေးတွေကအစ ခွဲခြားတတ်အောင်လုပ်ထားတယ်။ စာဆိုပြိုင်ပွဲတွေမှာ ကုလားမလို့ ဆိုပြီးဖယ်ထားတယ်။ နိုင်ငံခြားပညာသင်ဖို့  ခရစ်ယာန်နဲ့  မွတ်စလင်မ်ကို ဖယ်ပြီး ကျန်တဲ့လူတွေခေါ်သွားတယ်။ ကျုပ်တို့ ကို နှိမ်တာကို ကျုပ်တို့ ကိုယ်တိုင် လက်ခံအောင်လုပ်ထားတယ်။ ကျုပ်တို့ သားသမီးတွေကိုလည်း  သိမ်ငယ်အောင် ကျောင်းကတည်းက ရိုက်သွင်းထားတယ်။

    ကျုပ်တို့ က ဘာမှ မပြစ်မလုပ်ပဲ၊ ဘာရာဇ၀တ်မှုမှ မကျူးလွန်ဘဲ ကျုပ်တို့ ကို တရားခံလိုလို၊ အောက်ကျနောက် ကျလိုလို၊ အဆင့်နှိမ့်သလိုလိုလုပ်ထားတာကို ကျူပ်တို့  နှစ်ပေါင်း လေးငါးဆယ် လက်ခံလာပြီးပြီ။ ကျုပ်တို့ ကို ငမူးလောက်ကောင်တွေ၊ ဌာနဆိုင်ရာက ဟောက်စားငေါက်စား နေ့ ခင်းကြောင်တောင် ဓားပြတွေက ဆက်ဆံချင်တိုင်း ဆက်ဆံတာ ကျုပ်တို့ ကိုယ်တိုင်ကိုယ်က လက်ခံနေလို့ ဖြစ်တယ်။

    ကျုပ်တို့ ဟာ အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တွေဖြစ်တယ်။ သွေးနှောချင်နှောမယ် မနှောချင်မနှောဘူး။ နှော ချင်တဲ့သွေးနှောမယ်။ မြန်မာပြည်သမိုင်းအတွက် သွေးနှောတဲ့ မွတ်စလင်မ်ခေါင်းဆောင်တွေ သွေးချွေးအသက် တွေပေးခဲ့ တယ်။ ကျုပ်တို့ ဟာ မြန်မာပြည်မှမွေး မြန်မာပြည်မှာကြီးတဲ့လူတွေ။ ဒီမှာပဲမွေးတယ် ဒီမှာပဲသေ မယ်။ ဘယ်သူကြိုက်ကြိုက်မကြိုက်ကြိုက် ဒါအမှန်တရားပဲ။ ကျုပ်တို့ က ရာဇ၀တ်ကောင်တွေမဟုတ်ဘူး။ ကျုပ်တို့  ဘာအပြစ်မှမ ကျူးလွန်ထားဘူး။ အများတကာ ကိုယ့်ဝမ်းစာ ကိုယ်ရှာနေတဲ့လူတွေ။ ဒါကြောင့် အားငယ်စရာ၊ သိမ်ငယ်စရာမလိုဘူး။ ကျုပ်တို့ ကို နှိမ်ချပြီး ဆက်ဆံတာ၊ ချိုးနှိမ်တာကို လက်ခံစရာမလိုဘူး။ အပြစ်မလုပ်ဘဲ တရားခံလိုဆက်ဆံတာ ခေါင်းငုံခံစရာမလိုဘူး။ မွတ်စလင်မ်ဖြစ်တာ ကျုပ်တို့  အမှားမဟုတ်ဘူး။  ကျုပ်တို့ ဟာ မြန်မာပြည်သားတွေဖြစ်တဲ့အတွက် မြန်မာပြည်သားတိုင်းနဲ့  တန်းတူအခွင့်အရေးရှိတယ်။

    ကျုပ်တို့ ကို ကုလားဆိုတဲ့ခေါင်းစဉ်နဲ့  နှိမ်ပြီးဆက်ဆံတဲ့လူတွေကို ရဲရဲဝံ့ဝံ့ ပြန်ပြောရမယ်။ အပြစ်မကျူးလွန်ထား တဲ့အတွက် ခေါင်းမော့ရင်ကော့ပြီး ကျူပ်တို့ ကို ချိုးနှိမ်ထားတာတွေအတွက် ပြန်ခုခံရမယ်။ ကျူပ်တို့ ပေးဆပ် လိုက်ရတဲ့ ဂုဏ်သိက္ခာ၊ ပိုးဆိုးပက်စက် အစော်ကားခံလိုက်ရတဲ့ ကျုပ်တို့  ဘာသာအတွက် ပြန်တောင်းရမယ်။ ကုလားဆိုတဲ့ ခေါင်းစဉ်သုံးပြီး ဦးနှောက်တွေ ဗိုက်တွေ ပေါက်ထွက်ကွဲစင်သွားအောင် ရက်ရက်စက်စက် အရိုက် သတ်ခံရတဲ့ ရှဟီဒီ ၁၀ ဦးအတွက် ကျုပ်တို့  ပြန်တောင်းရမယ်။ ကျုပ်တို့  အခွင့်အရေး၊ ရှဟီဒီ ၁၀ ဦးအတွက် တရားမျှတရေးက ကျုပ်တို့ တာဝန်ပဲ။ ဦးရာဇတ်နဲ့ ရဲဘော် ကိုထွေး အသက်ပေးသွားတာ ကျုပ်တို့  ဒီလိုခံစားရ ဖို့ မဟုတ်ဘူး။ ဦးရာရှစ် ဗိုလ်ချုပ်အောင်ဆန်းကို နောက်ဆုံးအချိန်ထိ သစ္စာခံ ကျောထောက် လက်ကမ်းတာ၂၀၁၂ မှာ အပြစ်မရှိတဲ့ ဂျမအတ်သား ၁၀ ဦး ခေါင်းပွင့်အောင် ရိုက်သတ်ခံရဖို့ မဟုတ်ဘူး။

    ကိုယ့်အခွင့်အရေး၊ ကိုယ့်ဂုဏ်သိက္ခာအတွက် ခေါင်းမော့ရင်ကော့ဖို့  အချိန်တန်ပြီ။ ချိုးနှိမ်တာကို ခေါင်းငုံခံတဲ့ အတိုင်းအတာကျော်သွားပြီ။ ခေါင်းမော့ရင်ကော့ပြီး မတရားတဲ့ဆက်ဆံမှုမှန်သမျှ မတရားတဲ့လူမှန်မမျှ ခေါင်း မော့ရင်ကော့ခုခံဖို့ အချိန်တန်ပြီ။

     

    (ဆောင်းပါးရှင်၏ အမြင်နှင့် အာဘော်သာဖြစ်ပါသည်။)

  • သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်

    သြစတေးလျက မြန်မာသမ္မတကို ဖိတ်မန္တက ပြုသော်လည်း ရခိုင်အရေးအတွက် စိုးရိမ်ထိတ်လန့်

    M-Media
    နိုဝင်ဘာ ၅ ရက်၊ ၂၀၁၂
    The Australian

    ဒီဇင်ဘာ ၁၀ မှ ၁၂ ရက်အတွင်း သြစတေးလျနိုင်ငံသို့ အလည်အပတ်လာရောက်ရန် သြစတေးလျဝန်ကြီးချုပ်က သူမ၏ဗီယန်ကျင်းခရီးစဉ် အတွင်း မြန်မာသမ္မတ ဦးသိန်းစိန်သို့ ဖိတ်ကြားလိုက်သည်။

    သို့ရာတွင် သူမအနေဖြင့် မြန်မာနိုင်ငံ အနောက်ပိုင်း တွင်ဖြစ်ပျက်လျက်ရှိသော တိုင်းရင်းသား လူနည်းစုများ၏ ကြမ္မာအတွက်မူ စိုးရိမ်ကြောက်လန့် မိကြောင်း သမ္မတဦးသိန်းစိန်နှင့် တနင်္လာနေ့ က တွေ့ဆုံမှုတွင် ပြောကြားခဲ့ကြောင်း သည်သြစတေးလီးယန်းသတင်းက ဖော်ပြသည်။

    ထိုတိုင်းရင်းသားလူနည်းစုပြဿနာသည် သမ္မတဦးသိန်းစိန်နှင့် သြဇီဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးပွဲတွင် အရိပ်ပမာဖြစ်ခဲ့သလို ထိုဆွေးနွေးပွဲ ၌ နှစ်နိုင်ငံမိတ်သင်္ဂဟတိုးတက်ဖြစ်ထွန်းရေးအတွက် အလေးပေးခဲ့ကြောင်း ဖော်ပြသည်။

    သြဇီဝန်ကြီးချုပ် ဂီလ်လားဒ်အနေဖြင့် မြန်မာသမ္မတအား သြစတေးလျသို့ ဖိတ်ကြားခဲ့သော်လည်း သူမက မြန်မာနိုင်ငံအနေဖြင့် အပေါင်းလက္ခဏာ အနေအထားသို့ တိုးတက်ခြေလှမ်းဖို့ အလေးပေးပြောကြားခဲ့သည်။

    ၁၉၈၄တွင် သြဇီနှင့် မြန်မာနှစ်နိုင်ငံအကြား နောက်ဆုံးတွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပြီး မစ္စဂီလ်လားဒ်က မြန်မာသမ္မတဦးသိန်စိန် ကို နိုင်ငံအသွင် ပြောင်းလဲမှု၌ ခေါင်းဆောင်အရည်အသွေးကို ဂုဏ်ယူကြောင်း၊ ထိုအထဲတွင် နိုဘယ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေး အကျဉ်းသားများ လွှတ်ပေးခြင်းလည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

    သြဇီအနေဖြင့် မြန်မာအပေါ်ပိတ်ဆို့ထားခြင်းများ ဖြေလျော့ခဲ့ပြီး အကူအညီများကို ၂၀၁၅ တွင် နှစ်ဆတိုးမြင့်ပေးဖို့ မြှော်မှန်းထားကြောင်းလည်း သိရသည်။

    သတင်းအချက်အလက်များအရမူ သြဇီဝန်ကြီးချုပ်က မြန်မာနိုင်ငံအား တိုင်းရင်းသားများပါဝင်သည့် လူ့အခွင့်အရေးအတွက် ခြေလှမ်းတိုးတက်လှမ်းဖို့ တွန်းအားပေးခဲ့သည်။

    ရခိုင်ဒေသရှိ မြန်မာနှင့် ဘင်္ဂလားနယ်စပ်အကြားနေထိုင်သော မွတ်စလင်မ်ရိုဟင်ဂျာများအပေါ် ယခုနှစ်ထဲ၌ လူမျိုးရေးပဋိပက္ခအပေါ်အခြေခံကာ တိုက်ခိုက်မှုများ အများအပြားရှိခဲ့ကြောင်း အဆိုပါသတင်းက ဖော်ပြသည်။

    မစ္စဂီလ်လားဒ်က သတင်းထောက်များကို မြန်မာအနေဖြင့် လူ့အခွင့်အရေးအတွက် တိုးတက်လုပ်ဆောင်ဖို့ လိုအပ်ကြောင်း ပြောကြားခဲ့သည်။

    “ဖြစ်လာစရာအများအပြားလိုအပ်နေသေးတယ် – လူနည်းစုတိုင်းရင်းသားတွေ အခွင့်အရေးအတွက် ပိုပြီးတော့ လုပ်ဆောင်ဖို့ လိုတယ်။ ဒါပေမယ့် ကျမတို့အနေနဲ့ မြန်မာရဲ့ ခရီးရှည်ကြီးကို ကြိုဆိုသင့်ပါတယ်။” ဟု မစ္စဂီလ်လားဒ်က မြန်မာသမ္မတနှင့် မတွေ့ဆုံမီ ဗီယန်ကျင်းတွင် ပြောကြားခဲ့သည်။

  • ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂

    ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

    Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

    အမ်အေ၊ ရာရှစ်

    အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊
    ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊
    အသက် -၄၃-နှစ်

    ပညာအရည်အချင်း
    ၁။ ရန်ကုန်တက္ကသိုမှ ဘီ၊အက်၊စီ၊(သိပ္ပံတန်း)
    ၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။

    လက်ရှိတာဝန်များ၊
    ၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏ဒုတိယ ဥက္ကဌ။
    ၄။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်တီဥက္ကဌ။
    ၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္ကဌ။
    ၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။
    ၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။
    ၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။
    ၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။

     

    တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ

    ကျောင်းသားခေတ်

    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။

    ၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ်တစ်ဦးဖြစ်သည့်ပြင်၊ သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

    ၁၁။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။

    ၁၂။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။

    ၁၄။ ၁၉၃၇ ခုနှစ်တွင်  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

    ၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာခံကြီးတွင် ၀န်ကြီးချုပ် ဦးနု က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

    ၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။`

    နိုင်ငံရေးခေတ်


    ၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။

    ၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။

    ၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

    ၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ (၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။

    ၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊

    ၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။

    ၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။

    ၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။

    ၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

    ၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက် စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

    ၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။

    ၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။

    ၃၀။ ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။
    ၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်

    ၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်

    ၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။

    ၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် “ဆန်”ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။

    ၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။

    ၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။

    ၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။

    ၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

    ၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။

    အိန္ဒိယနိုင်ငံမှ ချေးငွေရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့စဉ်က

    ၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    (က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
    (ခ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
    (ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
    (ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။(သို့သော်၊ ဆန်အရောင်းအ၀ယ် ကောင်းလာသဖြင့် ထိုချေးငွေကို ယခုတိုင် မယူသေးပါ။)
    (င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေးမိတ်ဆက်မစ်ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
    (စ) ကမ္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။

    ၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာနနှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာတိုင်းရင်းသားအဖြစ် ခံယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုးတူကောင်းဘက်ဆောင်ရွက်လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

    အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။

    ၁၉၅၆ ခုနှစ် THE GUARARDIAN စာစောင်တွင်အမှတ်(၁၄) တွင် ဒေါက်တာ မောင်မောင် ရေးသားခဲ့သည့် MR.RASCHID ဆိုသည့် ဆောင်းပါးကို ဘာသာပြန်တင်ပြလိုက်ပါ သည်။

     

    အွမ္မရ်ခင်ညွှန့်