News @ M-Media

Blog

  • ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်

    ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်

    နိုဝင်ဘာ၊ ၂၊ ၂၀၁၂
    M-Media
    သတင်း – အေးမောင်
    ရန်ကုန် ။     ။ ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ်(၁၉၁၂-၂၀၁၂) ရာပြည့်အခမ်းအနားတစ်ရပ်ကို နိုဝင်ဘာလ (၅)ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ဦးရာရှစ် ရာပြည့်အခမ်းအနားအား  နိုဝင်ဘာလ (၅)ရက် နေ့လည် (၂)နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းမည်ဖြစ်သည်ဟု သိရှိရပါသည်။

    အခမ်းအနားကျင်းပရခြင်းမှာ ရည်ရွယ်ချက်(၃)ရပ်ရှိကြောင်း၊

    (၁) ဒုတိယကျောင်းသားသပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ အမျိုးသားလွတ်မြောက်ရေးနှင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ထင်ရှားခဲ့သော ဦးရာရှစ်၏ ရာပြည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို ကျင်းပရခြင်း၊
    (၂) ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ မျိုးဆက်များအကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိစေရန်၊
    (၃) ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် သမိုင်းကြောင်းများကို မျိုးဆက်သစ်များ ပိုမိုသိရှိလာစေရန်အတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်းကို အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။

    ကျောင်းသား အဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပေါ်ပေါက်လာပုံ

    ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က တက္ကသိုလ် အာဏာပိုင်များတွင် ကျောင်းသားများအတွက် အဖွဲ့အစည်းတစ်ရပ် ရှိသင့်သည်ဟူသော အယူအဆရှိခဲ့သော်လည်း အကောင် အထည်မပေါ်ခဲ့ပေ။ တက္ကသိုလ် အဓိပတိဖြစ်သော ဘုရင်ခံဆာဟာကုတ်ဘတ်တလာ၏ မေတ္တာရပ်ခံချက်အရ ဒေါက်တာဦးညိုက တက္ကသိုလ်ကျောင်းသားများ အသင်းတိုက်တစ်ခု  တည်ဆောက်ရန်ငွေကျပ် ၁၇၀၀၀၀ ကို လှူဒါန်းခဲ့သည်။ ထိုငွေဖြင့် ၁၉၂၉-ခုနှစ်တွင် အသင်းတိုက်ကို စတင်တည်ဆောက်ခဲ့ ရာ ၁၉၃၀-ပြည့်နှစ်အတွင်း ပြီးစီးသည်။ ၁၉၃၀-ပြည့်နှစ် စက်တင်ဘာလ ၂၀-ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အားကစားရုံ၌ ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးက တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖွဲ့စည်းရန် ဆုံးဖြတ်ပြီး အဖွဲ့ဝင် ၁၂- ဦးပါသော သမဂ္ဂစည်းမျဉ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်းဥပဒေကို ၁၉၃၁-ခုနှစ် ဇန်န၀ါရီလ ၉-ရက်နေ့တွင် ကျင်းပသော  ကျောင်းသားထု အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ ဦးဆောင်သော သမဂ္ဂ အမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)ဟူ၍ တရားဝင်ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ပြီးစီးပြီးသော တက္ကသိုလ် ကျောင်းသားများ အသင်းတိုက်ကိုလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂသို့ လွှဲပြောင်းပေးခဲ့သည်။

    မှတ်ချက် – ကိုကျော်ခင်သည်လည်း အစ္စလာမ်ဘာသာဝင်ပင်။

    ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀-၁၉၉၅) ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက်စိန်ရတုသဘင် ရန်ကုန် တက္ကသိုလ်သမိုင်းနှင့် အထိမ်းအမှတ် စာစောင်များ ပြုစုထုတ်ဝေရေး လုပ်ငန်းကော်မတီ။

    ဦးရာရှစ်အကြောင်းပိုစ်များဖတ်လိုလျင် http://www.m-mediagroup.com/news/tag/urashid

    ၀၀၁

  • ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား

    ကုရ်အာန်ကို နေ့စဉ် ဖတ်ရွတ်ကြောင်း ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ် ပြောကြား

    နိုဝင်ဘာ၊ ၂ ၊ ၂၀၁၂
    M-Media

    Source: magtimes.com

    မွတ်စလင်မ်တွေရဲ့ ဘာသာတရား (အစ္စလာမ်) ပာာ လှပ တင့်တယ်သလို တမန်တော် မုပာမ္မဒ်(ဆွ) ကလည်း ကြီးမြတ်တဲ့ လူယဉ်ကျေး လူ့ အဖွဲ့အစည်း အင်အားစု တစ်ရပ် ထူထောင်နိုင်ခဲ့တဲ့ ပုဂ္ဂိုလ်ကြီး ဖြစ်ပါတယ် လို့ Observerမဂ္ဂဇင်းနဲ့ အင်တာဗျုးတစ်ရပ်မှာ ဗြိတိန် ၀န်ကြီးချုပ်ဟောင်း တိုနီဘလဲရ်က ပြောပါတယ်။

    “ကျွန်တော်က သမ္မာကျမ်းစာကို နေ့တိုင်းဖတ်သလို၊ ကုရ်အာန်ကျမ်းတော်မြတ်ကိုလည်း နေ့တိုင်းဖတ်ရွတ်ပါတယ် “လို့ ၀န်ကြီးချုပ်ဟောင်း က အဆိုပါ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

    အစ္စလာမ့် ကျမ်းစာ (ကျမ်းမြတ်ကုရ်အာန်) ဖတ်ရွတ်ခြင်းဟာ ဘာသာရေး အသိအမြင် တိုးပွားစေတယ်လို့လည်း ဘလဲရ် က ထပ်ဆင့် ပြောကြားသွားပါသေးတယ်။

    အခုလို ကျမ်းတော်မြတ်ကုရ်အာန်နဲ့ ပက်သက်ပြီး ၀န်ကြီးချုပ်ဟောင်းက ပြောကြားတာ ပထမအကြိမ် မဟုတ်ပါဘူး။ ၂၀၀၆ခုနှစ်မှာလည်း ကျမ်းမြတ် ကုရ်အာန်ဟာ (အမှားတွေကို) ပြုပြင်ပြောင်းလဲပေးတဲ့ ကျမ်းစာတစ်စောင် ဖြစ်ကြောင်း ပြောကြားခဲ့ပါသေးတယ်။

    ဗြိတိန် ဝန်ကြီးချူပ်ဟောင်း ဘလဲရ် ရဲ့ မရီးဖြစ်တဲ့ Lauren Booth ကလည်း အီရန်က မြင့်မြတ်တဲ့ အထွတ်အမြတ်ထားရာ သမိုင်းဝင်နေရာတွေကို သွားရောက် လည်ပတ်ပြီးတဲ့နောက်မှာ အစ္စလာမ်ကို သက်ဝင်ယုံကြည်လာသူ ဖြစ်လာပါတယ်။

    Lauren Booth ရဲ့ပုံတွေကတော့ သတင်းမှာ မပါပေမယ့်  ဖြည့်စွက် ထည့်ထားခြင်း ဖြစ်ပါတယ်။

    Booth stands next to a damaged building in Gaza in 2008

    အစ္စလာမ်သာသနာကို သက်ဝင်ကူးပြောင်းပြီးနောက် Lauren Booth

     

    ဆက်လက်ဖတ်ရှု့လိုလျှင်

    http://www.dailymail.co.uk/news/article-2002883/Tony-Blair-reads-Koran-day-stay-faith-literate.html

  • ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    M-Media

    ရခိုင်ပြည်နယ် သံတွဲမြို့ ဂျာမေဗလီကြီးမှ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်၍ မြို့နယ် သာသနာ့ပညာရှင်များ အဖွဲ့မှ ဥက္ကဌလည်း ဖြစ်သော ဆရာဦးဝါဟစ်နှင့် ထိုဗလီမှ ဂေါပက လူကြီး ဦးတင်အောင်တို့အား ၂၀၁၂ ၊ နိုဝင်ဘာ(၁) ရက်နေ့ တွင် အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ဓါး ၂ နက် တွေ့ရ သောကြောင့်ဟု စုံစမ်းသိရှိရပါသည်။

    ရခိုင်ပြည်နယ် တဝှမ်း ဓါး၊လှံလက်နက်များ လုံခြုံရေးအဖွဲ့ဝင်များအား နိုဝင်ဘာ ၃ ရက်နေ့နောက်ဆုံးထားပြိး အပ်နှံရန် သက်မှတ်ရက်နောက်ပိုင်းတွေ့ရှိလျှင် အရေးယူမည့်ဟု ကြေငြာချက်ထွက်ပြီး သတ်မှတ်ရက်မတိုင်ခင် ယခုလို့ မွတ်စလင်မ်များအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှ ရခိုင်ပြည်နယ်အတွင်း အဓိကရုန်းဖြစ်စေရန် လှုံ့ဆော်ပေးသည့် နောက်ကွယ်မှ လူများအား ဖမ်းဆီးမည်ဟု ကတိပေးပြီး- တကယ် အပြစ်ကျူးလွန်သည့် လူများအား မဖမ်းဆီးဘဲ- မွတ်ဆလင်ဗလီဆရာများနှင့် ဂေါပက လူကြီးများအား စွပ်စွဲမှု မျိုးစုံဖြင့် စတင် ဖမ်းဆီးနေပြီ ဖြစ်ပြီး- မွတ်ဆလင်တို့ကိုသာ နည်းမျိုးစုံဖြင့် စွပ်စွဲ အရေးယူရန် ပြင်ဆင်လျှက် ရှိကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။

  • ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’

    ‎’ကျွန်တော့်ဘဝရဲ့ အောင့်သက်သက်များ’

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    ဆောင်းပါးရှင်-Mohammed Naeem

     

    မိဘတွေက မွေးစာရင်းမှာ နာမည်ရေးရင် မြန်မာနိုင်ငံမှာနေပြီး မြန်မာစာသင်တဲ့ ကျောင်းထားမဲ့ ရည်ရွယ်ချက်နှင့် မြန်မာနာမည်ရေးပါတယ်။

    ဒါပေမဲ့ မြန်မာပြည်မှာ သနပ်ခါးပါးကွက်လေးနဲ့ ကျောင်းစတက်တဲ့ မူလတန်းကတည်းက ကုလားလို့ ဆရာမရော သူငယ်ချင်းတွေပါ ခေါ်ကြတယ်။

    ဟုတ်ကဲ့ ကျွန်တော် ရေရေရာရာမသိသေးတဲ့ ဝေါဟာရ အဆန်းလေးမို့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    အလယ်တန်းကျောင်းသားဘဝမှာ လူရည်ချွန်ရွေးခံရတော့ မင်းက ကုလားတဲ့ လိုက်လို့မရဘူးဆိုပြန်တယ်။

    အဲဒီတုန်းက မရေမရာ စဉ်းစားမိတာ စာတော်ရဲ့သားနဲ့ ငါဘာလို့ ကုလားဖြစ်ရတာလဲ။

    ဟုတ်ကဲ့ မိဘတွေက စိတ်အားမငယ်အောင် ထပ်ပြီး ငါ့သားကြိုးစားထား ဆိုတဲ့ အားပေးတာလေးကြောင့် အောင့်သက်သက်နဲ့ မျက်ရည်သုတ်ပြီး ပြုံးနေခဲ့ပါတယ်။

    အသက်ကလေးရလာတော့ နိုင်ငံသားစီစစ်ရေးကတ်ပြား လုပ်ရမယ်ဆိုပြီး အဖေက လ.ဝ.က ဆိုတဲ့ရုံး သွားရမယ်ဆိုတော့ ဘာမှန်းညာမှန်းမသိ လွှတ်ပျော်နေတာ ငါတော့ လူဖြစ်ကတ်ရတဲ့ လူကြီးဖြစ်ပြီပေါ့။

    ရုံးထဲဝင်ဝင်ချင်း တွေ့ရတဲ့ စာသား အဓိပ္ပါယ် အဖေ့မေးကြည့်မိတာ နအုံပူကနဲဖြစ်သွားလို့ ဆက်မမေးပဲ ပါးစပ်ပိတ်လိုက်ရတယ်။ ‘အဖေ လူကို ဘယ်လိုမြိုရတာလဲ’ ဆိုတာလေး မေးမိတာကို ရိုက်ရလားလို့ တွေးရင်း လက်ထောက်ရင်း ကွမ်းဝါးနေတဲ့ လက်ထောက်ဦးစီးမှုးဆီ ရောက်သွားပါတယ်။

    ဟုတ်ကဲ့ အဖေဘက်က အဖိုးရဲ့ အဖေက အိန္ဒိယ၊ အမေက ရှမ်း။ အဖွားရဲ့ အဖေရော အမေရော ဗမာစစ်စစ်။
    အမေဘက်က အဖိုးရဲ့ အဖေက ဗမာ၊ အမေက အိန္ဒိယ။ အဖွားရဲ့ အဖေက စူရတီ၊ အမေက မွန်။ ဦးစီးမှုးက ကျွန်တော်တို့က သွေးနှောတွေဖြစ်လို့ လူမျိုးနေရာမှာ ခုလိုရေးပေးပါတယ်။
    အိန္ဒိယ+ရှမ်း+ဗမာ+စူရတီ+မွန် တဲ့။ ဒီတစ်ခါ နအုံထပ် အနွှေးခံရတာက ‘အဖေတို့ အမေတို့ရဲ့ အဘိုးတို့ အဘွားတို့က ဘာလို့ အမျိုးတူအောင် မင်္ဂလာ မဆောင်တာလည်း’ မေးမိလို့ပါ။ အဖြေမရပဲ အရိုက်ခံနေရလို့ အောင့်သက်သက်နဲ့ လူမျိုးပေါင်းစုံတဲ့ နိုင်ငံသားစီစစ်ရေးကတ်ကြီး ရလာမဲ့အရေး တွေးရင်း အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    အစိုးရစစ် ၈တန်းမှာ ဂုဏ်ထူးတွေနဲ့ အောင်ပြန်တော့ နာမည်ကြီးတဲ့ အထက်တန်းကျောင်းတက်ချင်လို့ မိဘကို ပူဆာမိတယ်။

    စေတနာကြီးတဲ့ မိဘတွေက သားပညာရေး ထူးချွန်စေလိုတော့ အထက(*)ဗိုလ်တစ်ထောင်ကို ဟိုလူကြီးပြေးကပ် ဒီလက်ဆောင်ဝယ်ပေးနဲ့ ရအောင် အပ်ပေးရှာပါတယ်။

    ဟုတ်ကဲ့ တစ်ခန်းလုံးမှာ တစ်ယောက်တည်းသော မွတ်စလင်မ် ၉တန်းကျောင်းသားကို ဟိန္ဒူအစ တရုတ်အဆုံး အကုန်လုံး ကုလားခေါ်ကြပြန်တော့ သြော် သူငယ်ချင်းတွေ နုတ်ကျိုးနေလို့ ခေါ်တာ ခေါ်ကြပါစေပေါ့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    ၁၀တန်းအောင်တော့ ကျောင်းမပြီးသေးတဲ့ ခေတ်ဆိုတော့ အင်စတီကျူတ်တတ်ချင်တဲ့ ရောဂါ တစ်စခန်းထပြန်ပါတယ်။ အမှတ်ကောင်းအောင်ကြိုးစားဆိုတဲ့ မိဘတွေရဲ့ အားပေးမှုတွေကြောင့် စက်မှုတက္ကသိုလ်တက်ခွင့်ရပါတယ်။

    ရှားရှားပါးပါး သူငယ်ချင်းကောင်းတွေ ရရှိခဲ့ပါတယ်။ ဒါပေမဲ့ မြန်မာစာ မိုင်နာယူရတဲ့ ပထမနှစ် နဲ့ ဒုတိယနှစ်မှာ မြန်မာစာ အမှတ်ကောင်းအောင် ကြိုးစားပြီး အမြဲအမှတ်ကောင်းခဲ့တော့ ကမ္မဝါဖတ်မဲ့ ကုလားဆိုပြီး အခေါ်ခံရပြန်တယ်။

    ဟုတ်ကဲ့ မြန်မာစာဋ္ဌာနမှုးအစ ကျောင်းသားတွေအဆုံး ဂုဏ်ထူးရှင် ကုလားဆိုပြီး ခေါ်တာတစ်မျိုး ဘတ်စ်ကားပေါ်က လစ်ရင်လစ်သလို ‘သာရေးကြိုးတစ်ပြား’ လို့ ကောင်းချီးပေးခံရတာတစ်ဖုံ ဆိုတော့ အောင့်သက်သက်နဲ့ ၈နှစ်နီးပါး အမုန်းမဖက် ပြုံးနေခဲ့ပါတယ်။

    မြန်မာပြည်မှာမွေး မြန်မာပြည်မှာနေ
    မြန်မာစကားပြော မြန်မာစာသင်
    မြန်မာလိုနေပြီး အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ဘယ်လောက်ပညာတတ်တတ် ထိုက်တန်တဲ့ နိုင်ငံ့ဝန်ထမ်း နေရာမရနိုင်တော့ တတ်တဲ့ပညာ ချောင်ခဏထိုးပြီး ဝမ်းစာရေးပြဿနာ ဖြေရှင်းရပြန်တယ်။

    လူမျိုးစုံ ဘာသာစုံနဲ့ ထိတွေ့ဆက်ဆံရတဲ့အခါ စီးပွားရေး သမားပီပီ နူတ်ထွက်စကား ချိုသာရမယ် ဆိုတော့ ယဉ်ကျေးမှုကို ရှေ့တန်းတင်ပြီး ဆက်ဆံတော့ စီးပွားတက်လာပါတယ်။

    ဟုတ်ကဲ့ ပြဿနာက ကုလားဆိုင်မှာ ဝယ်ရတာကောင်းတယ်ဆိုတဲ့ စကားကြောင့် ငိုရခက် ရယ်ရခက် ဘာပြောရမှန်းမသိတော့ အောင့်သက်သက်နဲ့ ပြုံးနေခဲ့ပါတယ်။

    စစ်အစိုးရ အဆက်ဆက်မှာ ပါးရိုက်ခံလိုက် နားရိုက်ခံလိုက် အကြိမ်ကြိမ်ခံလာခဲ့ရတဲ့ ပြည်ထောင်စု ကုလား ကျွန်တော်များကို ရွှေဒုံးဘီအောင်ရဲ့ မဟုတ်မတရား စွပ်စွဲရေးသားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးနဲ့ စတင်ဖိနှိပ်တဲ့ ၁၉၉၀ ပြည့်လွန်နှစ်တွေဟာ တကယ့် ငရဲခန်းပါပဲ။ နိုင်ငံတစ်ဝှမ်း အစ္စလာမ်မုန်းတီးရေးတွေ ရိုက်သွင်းပြီး ဝတ်ပြုဆောင် ဗလီတွေဖျက်ဆီး မီးရှို့၊ အိမ်တွေ ဆိုင်တွေကို နေ့မအား ညမအား ဝင်လု အကြမ်းဖက်၊ ကိုယ်ဝန်ဆောင် မွေးကင်းစ ကလေးမကျန် သတ်ဖြတ်တဲ့ ရာဇဝတ်မှုကြီးတွေကို ဘာသာရေးဝတ်စုံတွေ ဝတ်ထားသူများ တရပ်စပ်ကျူးလွန်ကြပါတယ်။

    နိုင်ငံတော်ကို ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နေသူများက အစော်ကားခံရတဲ့ အနှိပ်စက်ခံရတဲ့ ကျွန်တော်တို့ကို ကုလားပေါ်ကုလားထပ်နေအောင် စော်ကားထားတဲ့ ဖွတ်ကလိ စာအုပ်ကြီးထဲက အကြောင်းတွေ မြောက်ဥက္ကလာပက ဘုရားထဲခေါ်ပြီး မဟုတ်မှန်ကြောင်း ဆင့်ခေါ်စာပို့ပြီး ရှင်းပြခိုင်းပါတယ်။

    ဟုတ်ကဲ့ အဲဒီတုန်းကတည်းက ဖျက်ဆီးခံထားရတဲ့ ဗလီဝတ်ကျောင်းတွေ အစိုးရတွေသာ ဘောင်းဘီပြောင်းသွားတယ် အခုထိ ပြင်ဖို့လည်းမပေး၊ ဝတ်ပြုခွင့်လည်းမပေးသလို တရားခံတွေလည်း ဘယ်ဆီမှာမှန်းမသိတော့ပါ။ ဆိုးတာက လာလုပ်ရင် ပြန်မခုခံရဘူးဆိုပြီး ထုတ်ပြန်ထားတဲ့ အမိန့်ကြောင့် အောင့်သက်သက်နဲ့ လက်ပိုက်လို့သာ ပြုံးနေခဲ့ပါတယ်။

    တစ်နှစ်တစ်မျိုး မရိုးနိုင်အောင် ဖန်တီးနေတဲ့ လူမျိုးရေး ဘာသာရေး ပဋိပက္ခတွေဟာ အာဏာရှင်တို့ အသက်ဆက်နိုင်ရေးအတွက် နိုင်ငံတကာ အတွေ့အကြုံနည်းပါးလှတဲ့ ရိုးသားသူ ပြည်သူများဟာ အသုံးချခံတွေ ဖြစ်ခဲ့ ဖြစ်စဲပါ။

    အခုလို ဒီမိုကရေစီ မြေစမ်းခရမ်းပျိုးနေချိန်မှာ လွတ်လပ်ခွင့်ပေးခဲ့တဲ့ မီဒီယာကို မီးကုန်ယမ်းကုန် အသုံးချပြီး အစ္စလာမ်ဘာသာဝင်များကို ကမ်းကုန်အောင် online ကနေ တိုက်ခိုက်နေရင်းကနေ ကျောက်နီမော်မှာ ဖြစ်ပွားခဲ့တဲ့ သာမာန် ဖြစ်ရိုးဖြစ်စဉ် ရာဇဝတ်မှုကို ဘာသာရေး လူမျိုးရေး ခေါင်းစဉ်တွေတပ်ပြီး လှုံ့ဆော်လာကြပြီး အဲဒီအမှုနဲ့ ဘာမျှမဆိုင်ပဲ တောင်ကုတ်မှာ အပြစ်မဲ့ အစ္စလာမ်ဘာသာဝင် ခရီးသွား ၁၀ဦးကို နေ့ခင်းကြောင်တောင် လူမြင်ကွင်းမှာ ရက်ရက်စက်စက် ရိုက်သတ်ခဲ့ပါတယ်။

    ဟုတ်ကဲ့ သတင်းစာတွေမှာ ‘မွတ်စလင် ကုလား ၁၀ဦး အသတ်ခံရ’ ဆိုပြီး ရိုင်းစိုင်းစွာ ကနဦး သတင်းထုတ်ပြန်ခဲ့ပြီး နောက်ထပ်ပြင်ဆင်ချက်မှာ ‘ပြည်တွင်းနေ အစ္စလာမ်ဘာသာဝင် ၁၀ဦး အသတ်ခံရ’ ဆိုပြီး ဒဏ်ရာကို ဆားထပ်ထည့်ပေးပါတယ်။
    နိုင်ငံတော်က စုံစမ်းပြီး သက်သေထွက်မဲ့သူမရှိလို့ အမှုမှန်ပေါ်ပေါက်အောင် ဆောင်ရွက်ဖို့ အခက်အခဲတွေဖြစ်ရပါတယ်လို့ သတင်းထုတ်ပြန်ပါတယ်။ အခုလို
    နိုင်ငံတော်ရဲ့ တရားရေးမဏ္ဌိုင် ကောင်းမွန်လွန်းလို့ အောင့်သက်သက်နဲ့ မချိပြုံး ပြုံးနေခဲ့ပါတယ်။

    ဟုတ်ကဲ့ အခုဖြစ်နေတဲ့ ရခိုင်ပြည်နယ် အရေးမှာ အဖြစ်မှန်တွေကို ပြည်သူတွေကို ဖုံးကွယ်ထားပြီး မမှန်ကန်တဲ့ မီဒီယာတွေရဲ့ သွေးထိုးမှုတွေကို လက်ပိုက်ကြည့်နေတာ၊ ရိုဟင်ဂျာဆန့်ကျင်ရေးတို့ ဘင်္ဂါလီ ဆန့်ကျင်ရေးတို့ကနေ မွတ်စလင်မ်ဆန့်ကျင်ရေးဖြစ်လာနေတာ၊ နိုင်ငံတစ်ဝှမ်းမှာ စာတွေဝေပြီး တရားဝင် မွတ်စလင်မ် မုန်းတီးရေးလုပ်နေသူတွေကို လစ်လျူရှုထားတာ၊ ကရင်ပြည်နယ်က ဗလီဝတ်ကျောင်းတွေ ဗုံးခွဲခံရတဲ့ အဆင့်ရောက်လာနေတာ၊ လူလယ်ခေါင်မှာ ဘာသာရေးဝတ်စုံတွေနဲ့ လူတွေ အစ္စလာမ်ဘာသာကို ပြောင်းပြောင်းတင်းတင်း စော်ကားတာကို ခွင့်ပြုနေတာတွေဟာ အောင့်သက်သက်နဲ့ အပြုံးမပျက် ခံနေရတဲ့ အဖိနှိပ်ခံတွေကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဖြစ်လာအောင် လုပ်နေခြင်းပဲလို့ ယူဆရမလိုဖြစ်နေပါတယ်။

    ဟုတ်ကဲ့ ကျွန်တော်တို့နေထိုင်တဲ့ တိုင်းပြည်မှာ ဘာသာရေး လွတ်လပ်ခွင့် အပြည့်ရှိပါတယ်။

    အစ္စလာမ်ဘာသာကလွဲရင်ပေါ့ဗျာ*******

  • ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

    ငြိမ်းချမ်းရေး ဆွေးနွေးပွဲနှင့် စာနယ်ဇင်း ရှင်းလင်းပွဲ ကျင်းပ

    နိုဝင်ဘာ ၁၊ ၂၀၁၂
    ရန်ကုန်
    သတင်း – ဇော်ဇော်

    မြန်မာအမျိုးသား ကွန်ဂရက်ပါတီမှ ကမကထပြုလုပ်သော ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့်စာနယ်ဇင်းရှင်းလင်းပွဲ တစ်ရပ်အား ၂၀၁၂ -ခုနှစ် နိုဝင်ဘာလ (၁)ရက်နေ့ နေ့လည် ၁း၀၀-နာရီတွင် ရန်ကုန်မြို့ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းပခဲ့ပါတယ်။

    အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲနှင့် စာနယ်ဇင်းရှင်းလင်းပွဲသို့ နိုင်ငံရေး၊ လူမှုရေး၊ ဘာသာရေး ခေါင်းဆောင်များ၊ စာနယ်ဇင်းအဖွဲ့များကို ဖိတ်ကြားခဲ့ပါတယ်။ ယင်းအခမ်းအနားသို့ နိုင်ငံရေးပါတီခေါင်းဆောင်များ၊ သံဃာတော်များ၊ အစ္စလာမ်ဘာသာရေးခေါင်းဆောင်များ၊ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင်ကိုမြအေး နှင့် စာနယ်ဇင်းသမားများ လေ့လာသူများ စုစုပေါင်း ၅၀၀-ကျော် တက်ရောက်ခဲ့ကြပါတယ်။ အဆိုပါ ပွဲတွင် ရခိုင်အရေးကိစ္စကို ရှုထောင့်အမျိုးမျိုးဖြင့် ဆွေးနွေးတင်ပြခဲ့ကြရာ ပွဲပြီးဆုံးချိန် ညနေ ၄ နာရီဝန်းကျင်ခန့်တွင် တက်ရောက်လာသော နယ်ပယ်အသီးသီးမှ ခေါင်းဆောင်များညှိနှိုင်း၍  “ နိုဝင်ဘာ ငြိမ်းချမ်းရေးကြေငြာချက် ” အမည်ဖြင့် ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့ပါတယ်။ အဆိုပါ ကြေငြာချက် အပြည့်အစုံမှာ –

    နိုဝင်ဘာ ငြိမ်းချမ်းရေးကြေငြာချက်

    နိဒါန်း

              ၂၀၁၂ ခုနှစ်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်၏ ရခိုင်ပြည်နယ်အတွင်း ဖြစ်ပွားခဲ့သော ပဋိပက္ခအရပ်ရပ်တို့အပေါ် နိုင်ငံရေးပါတီများ၊ လူမှုအထောက်အကူပြု အဖွဲ့အစည်းများနှင့် ဘာသာရေးခေါင်းဆောင်များက ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာလ (၁) ရက်နေ့တွင် ငြိမ်းချမ်းရေးပေါ်တွင် အခြေပြု တွေ့ဆုံဆွေးနွေးကာ အောက်ပါ နိုဝင်ဘာ ငြိမ်းချမ်းရေး ကြေငြာချက်ကို စုပေါင်းလက်မှတ်ရေးထိုး ထုတ်ပြန် ကြေငြာလိုက်သည်။

    ၁။       ရခိုင်ပြည်နယ်အတွင်း ဖြစ်ရပ်မှန်များကို ပိုမို၍ ပွင့်လင်းမြင်သာစွာ သုံးသပ်နိုင်ရန်အတွက် နိုင်ငံပိုင် မီဒီယာများနှင့် ပုဂ္ဂလိကပိုင်မီဒီယာများက ဖော်ပြပေးရန် တောင်းဆိုကြသည်။

    ၂။       ဤငြိမ်းချမ်းရေးဆွေးနွေးပွဲ့သို့ တက်ရောက်လာကြသော အဖွဲ့အစည်းအသီးသီး၏ ကိုယ်စားလှယ်များနှင့် ပြည်ထောင်စုအစိုးရအဆင့်ကိုယ်စားလှယ်များပါဝင်သော ပိုမိုကျယ်ပြန့်သည့် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးနှီးနှောဖလှယ်ပွဲများ ကျင်းပပေးရန် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော် သမ္မတကြီးအား အကြံပြု တောင်းဆိုကြသည်။

    ၃။       ရခိုင်ပြည်တွင် တရားဥပဒေ စိုးမိုးရေးနှင့် ငြိမ်းချမ်းရေးဆိုင်ရာ ဆောင်ရွက်ချက်များအတွက် သက်ဆိုင်ရာ နိုင်ငံတော်အစိုးရ တာဝန်ရတာဝန်ရှိသူများအား ချီးကျူးပြီး ယခုထက်ပိုမိုထိရောက်သော ဆောင်ရွက်ချက်များကို အလျင်အမြန် အကောင်အထည်ဖော်ရန် မိမိတို့က တညီတညွတ်တည်း တိုက်တွန်းကြသည်။

    • မြန်မာအမျိုးသားကွန်ဂရက်ပါတီ
    • ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ဗဟန်းမြို့နယ်)
    • ညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးပါတီ
    • ၈၈ မျိုးဆက်ကျောင်းသားလူငယ်များ (ပြည်ထောင်စုမြန်မာနိုင်ငံ)
    • အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေး ဒီမိုကရက်တစ်ပါတီ
    • အမျိုးသား လူ့အခွင့်အရေးနှင့် ဒီမိုကရက်တစ်ပါတီ
    • မြန်မာနိုင်ငံ တောင်သူလယ်သမား အစည်းအရုံး
    • ကုရ်အာန့်အသိပညာပြန့်ပွားရေးကော်မတီ
    • မြို့ခေါ် ခမီအမျိုးသားညီညွတ်ရေးအဖွဲ့
    • မြန်မာနိုင်ငံ တောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ
    • မြန်မာ့လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ
    • ပြည်ထောင်စုမြန်မာနိုင်ငံ အမျိုးသားနိုင်ရေးအဖွဲ့ချုပ်
    • မြန်မာနိုင်ငံ ရခိုင်ပြည်နယ်အမျိုးသားအင်အားစုပါတီ
    • အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးနှင့်ငြိမ်းချမ်းရေးပါတီ
    • ရှေ့နေများကွန်ယက်
    • နိုင်ငံရေးအကျဉ်းသားဟောင်း ဦးဝင်းဆွေ
    • မြန်မာမွတ်စလင်ကွန်ယက်