News @ M-Media

Blog

  • ဘယ်တော့ အရေးယူမလဲ

    အောက်တိုဘာ၊ ၃၁၊ ၂၀၁၂
    M-Media
    ရေးသူ- ဌေးလွင်ဦး

    ရခိုင်နယ်အတွင်း ဖြစ်စဉ်တွေကို ကမ္ဘာက အကြမ်းဖက်မှုများလို့ သတ်မှတ်လိုက်ပါပြီ။ အကြမ်းဖက်မှု တိုင်းမှာ အကြမ်းဖက်ခေါင်းဆောင်ဆိုတာ ရှိနေပါတယ်။

    မြန်မာအစိုးရဘက်ကတော့- နောက်ကွယ်က ကြိုးကိုင်လှုံ့ဆော်သူတွေကို ပြည်သူတွေအနေနဲ့ ဖေါ်ပေး ဘို့ လိုအပ်တယ်လို့ အောက်တိုဘာ ၂၆ ရက်နေ့က ပြောဆိုလိုက်ပြီး-။ အောက်တိုဘာ ၂၇ ရက်နေ့ သတင်းမှာ တော့-

     

    ဒုတိယဗိုလ်ချူပ်ကြီးသိန်းဌေးက နိုင်ငံတော်အစိုးရ အနေဖြင့်လည်း ပထမအဆင့် လတ်တလောကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း၊ ဒုတိယအဆင့် အလုပ်အကိုင် အခွင့်အလမ်း ရရှိအောင် ဆောင် ရွက်ပေး မည် ဖြစ်ကြောင်း၊ ယခုဖြစ် ပွားလျက်ရှိသည့် ပဋိပက္ခဖြစ်စဉ်များကို အချိန် ယူပြီး ဖြေရှင်းဆောင် ရွက် ပေး သွားရန် လိုအပ်ကြောင်းနှင့် ပြည်သူလူထုကလည်း ဝိုင်းဝန်းပါဝင်ရန် လိုအပ်ကြောင်း ရှင်းလင်းပြောကြား သည်။- လို့ ပြောဆိုသွားပါတယ်။

    “ပဋိပက္ခများကို အချိန်ယူ ဖြေရှင်းရမယ်၊” ဆိုတဲ့ စကားလုံးကို မြန်မာခေါင်းဆောင်တိုင်းက သုံးစွဲ ပြောဆိုနေခဲ့ တာ ဂျွန်လဆန်းပိုင်း တောင်ကုတ်မြို့ ရုပ်ပျက်ဆင်းပျက် အကြမ်းဖက် လူသတ်မှုကြီးကတည်းကပါပဲ။

    ဒီလို အချိန်ဆွဲနေမှုဟာ လုံးဝ မရိုးသားတဲ့ စိတ်သဘောကို ဖေါ်ပြနေကြောင်းလည်း ကမ္ဘာက သိနေပါတယ်။ ဘယ်ထိ အချိန်ဆွဲမှာလဲပေါ့။- မွတ်ဆလင်တွေကို မျိုးဖြုတ်သတ်ဖြတ်လိုက် ပြီးမှ နောက်က လိုက်ပြီး ဖြေရှင်း ချင်ဟန်ပြ- ဒုက္ခသည်စခန်းကို ပို့လိုက်၊ ရာဇ၀တ်ကောင်တွေ အရေးယူပေးပါမယ် ပြောပြီး အချိန်ဆွဲလိုက်-၊ နည်းနည်းငြိမ်သွားရင် ကျန်နေတဲ့ နေရာများရှိ မွတ်ဆလင်များကို ရှင်းလိုက်-၊ ဒီလိုပဲ ဖြေသိမ့်လိုက်- အကြိမ် ပေါင်းလည်း များခဲ့ပါပြီ။

    မြန်မာနိုင်ငံ အစိုးရ တစ်ရပ်အနေနဲ့ ရာဇ၀တ်ကောင်များ၊ လှုံ့ဆော်နေသူများကို ဖမ်းချင်ရင် နေ့ချင်းညချင်း ဖမ်းလို့ ရပါတယ်။ အစိုးရမှာ သတင်းပေးတွေ ထောက်လှမ်းရေးတွေအပြည့်ရှိနေကြောင်းလည်း လူတိုင်းသိနေ ပါတယ်။ ရပ်ကွက်တစ်ကွက်ချင်း၊ ရွာတစ်ရွာချင်းစီမှာ- ဘယ်နေ့- လူဘယ်လောက် ရပ်ကွက်က ထွက်သွား တယ်၊ ဘယ်နေ့မှာ ရပ်ကွက်ထဲကို (ရွာထဲကို) လူစိမ်းဘယ်လောက် ရောက်လာတယ် ဆိုတာ မှတ်တမ်းတင်တဲ့ “ထူးခြားဖြစ်စဉ်- မှတ်တမ်း” ပြည်ထဲရေးဌာနကို နေ့စဉ်ပို့နေရတာပဲ။ ရွာတစ်ရွာမှာ လူစိမ်းတစ်ယောက် ရောက် လာတိုင်း၊ အဲ့ဒီလူစိမ်းဟာ အသားအရောင်၊ မျက်နှာအနေအထားက အစ ဘယ်လိုပုံစံဖြစ်သလဲ၊ ဘယ်အိမ်မှာ တည်းခိုသလဲ ဆိုတဲ့  report ရှိနေပါလျှက်- တောင်ကုတ်မြို့ကို ရောက်လာပြီး အကြမ်းဖက်သူတွေ၊ နောက်ဆုံး ဖြစ်ရပ်တွေမှာ သေချာစုစည်းထားတဲ့ (well organized) လူပေါင်း လေးသောင်းက အကြမ်းဖက်လိုက်တာကို မသိလိုက်ဘူး ဆိုတဲ့ စကားက ကမ္ဘာအလယ်မှာ ရယ်စရာ ဖြစ်နေပါတယ်။

    သေချာစုစည်းထားတဲ့ well organized အကြမ်းဖက် သောင်းကျန်းသူ လေးသောင်းအစုအဝေးကြီးကို တစ် ကယ် မသိလိုက်ဘူး ဆိုရင်လဲ-  လုံခြုံရေးအတွက် အဲ့လောက် ညံ့ဖျင်းတဲ့ အစိုးရမျိုးကို ဘယ်လိုလူထုက အား ကိုးနိုင် မလဲ။ မတော်လို့ အဲ့ဒီ အင်အားစုကြီးက ခွဲထွက်ရေး အင်အားစုကြီး ဖြစ်နေခဲ့မယ် ဆိုရင်- ဘယ်လိုလုပ် မလဲ။- တိုင်းပြည်ကွဲသွားရပြီးမှ- အဲကွာ ငါတို့ အသိနောက်ကျသွားတယ်လို့ ပြောမလား။

    နောက်ကွယ်က နံပါတ် (၁) လက်သည်ကို မဖမ်းမိသေးရင်တောင်- အခင်းဖြစ်ပွားရာ ဒေသက မြို့နယ်တာဝန် ရှိသူ၊ ရပ်ကွက်တာဝန်ရှိသူများကို ဖမ်းလိုက်ရင် အမှုက တစ်နေ့ထဲမှာ ပေါ်သွားမှာပါ။ အစိုးရက တစ်ကယ်ပဲ မသိတာလား- မသိဟန်ဆောင်တာလား– ဆိုတာတော့ သမိုင်းမှာ ရှင်းကို ရှင်းရတော့မှာပါ။

    မွတ်ဆလင် မုန်းတီးရေးမျိုးစေ့ကို ပေါ်ပေါ်တင်တင် ထုတ်ဖေါ်လှုံ့ဆော်နေတဲ့ အကြမ်းဖက်မျိုးစေ့ချ ခေါင်းဆောင် များကိုလဲ တစ်ကယ်မသိတာပဲလား။ သို့မဟုတ် မွေးထားတာလား ဆိုတာလဲ ဆက်လက် ဖြစ်နေတဲ့ မေးခွန်းများ ပါ။

    အစိုးရဘက်က ပြုပြင်ပြောင်းလဲရေးကို အကြောင်းပြပြီး- သွေးအေးအေးနဲ့ ရာဇ၀တ်ကောင်များကို ဆက်လက် ကာကွယ်ပေးနေခြင်းဟာ စစ်မှန်တဲ့ ဒီမိုကရေစီ လမ်းစဉ်ကို စေတနာကောင်းကောင်းနဲ့ ချီတက်နေခြင်း မဟုတ် ဘူး ဆိုတာ ကမ္ဘာက မြင်လာပါပြီ။ အကယ်၍ အစိုးက ဒီမိုကရေစီလမ်းစဉ်မှာ စေတနာ မရှိခဲ့ရင်–၊ ငါတို့ဘက်က လည်း မြန်မာအစိုးရများ ပြောနေတဲ့ ဒီမိုကရေစီ ဆိုတာကို ခုံမင်နေမှာ မဟုတ်သလို မျက်နှာထောက်နေမှာ လည်း မဟုတ်တော့ဘူး ဆိုတာတော့ ရှင်းရှင်းလင်းလင်း သိနေစချင်တယ်။

    ဒီမိုကရေစီကို တစ်ကယ် ဆောင်ရွက်လိုရင်၊ တိုင်းပြည်ခေါင်းဆောင်များ ကမ္ဘာ့ခုံရုံး တရားခွင်ကို တက်ရမယ့် အထဲမှာ မပါချင်ရင်၊ တိုင်းပြည်စီးပွားရေး တစ်ကယ်ပွင့်ချင်ရင်၊ လူထုအကျိုးကို တစ်ကယ်သယ်ပိုးချင်ရင်- အကြမ်းဖက် မျိုးဖြုတ်မှုများကို ချက်ချင်း ချွင်းချက်မရှိ ရပ်တန့်အောင်လုပ်ပါ။ လူမျိုးချင်းကြား အမုန်းပွားမှု လှုံ့ဆော်သူများကို ချက်ချင်း ဖမ်းဆီး အရေးယူပါ။ ကမ္ဘာ့အကူအညီများကို ချက်ချင်းဝင်ခွင့်ပြုပါ။ အကူအညီ ၀င်ရောက်ခွင့်များအား ဆန့်ကျင်သူများကို ချက်ချင်း အရေးယူပေးပါ။

    ငါတို့ကတော့ အချိန်မဆွဲဘူး- လောလောဆယ်- ကမ္ဘာ့ရှေ့နေများ law farm သုံးခုမှာတော့- ဦးအေးမောင်၊ ၀ီရသူ၊ ဦးခင်ညွှန့်နဲ့ အစိုးရပိုင်းမှ တစ်ချို့ အတွက် အမှုအပ်ထားပြီ ဆိုတာလောက်ပဲ အသိပေးပါရစေ။ တိုင်းပြည်ကို တစ်ကယ် ပြောင်းလဲပေးမယ် ဆိုတဲ့ ပုဂ္ဂိုလ်များ မပါစေလိုပါ။ ဒါပေမယ့် အဲ့ဒီ ပုဂ္ဂိုလ်များကလည်း သူတို့ရဲ့ စေတနာအမှန်ကို မဆိုင်းမတွ ထုတ်ဖေါ်ဘို့တော့ လိုအပ်ပါတယ်။ အရာတိုင်းမှာ အချိန်သတ်မှတ်ချက် ဆိုတာ ရှိနေပါတယ်။

    တရားခံကို ရုံးကိုတင်မယ်၊ တရားခံမှာ တရားခံအခွင့်အရေး အပြည့်အ၀ရှိပါတယ်။ ရှေ့နေငှားခွင့် ဖြေရှင်းခွင့် အားလုံးပေါ့-။ ကမ္ဘာ့ခုံရုံးက ဆင့်ခေါ်လို့ မထိမဲ့မြင် ပြုရင်–၊ ဘာတွေ ဆက်ဖြစ်လာမလဲ ဆိုတာလည်း စောင့် ကြည့်ပါ။ ရာဇ၀တ်ကောင်များ ပြေးမလွတ်စေရဘူး။

    မြန်မာအစိုးရကလည်း- သက်ဆိုင်ရာ ရာဇ၀တ်ကောင်များကို ဖမ်းပါ။ အရေးယူပါ- လို့ ထပ်ဆင့်ပြောလိုပါတယ်၊ တရားခံတွေကို စာရင်းထုတ်ပြန်ပါ။ လူသိရှင်ကြား ရုံးထုတ်ပါ။ တရားခံအခွင့်အရေးကို အပြည့်အ၀ပေးပါ-လို့ ဆက်လက်မေတ္တာရပ်ခံပါတယ်။ လူမသိရှင်မကြား တရားခံဘယ်လောက် ဖမ်းလိုက်ပါပြီ။ ထောင်ချလိုက်ပါပြီ ဆိုတာတော့- လူထုက ယုံကြည်မှာ မဟုတ်သလို- တရားခံမှာ တရားခံအစစ် မဟုတ်ခဲ့ရင်လည်း သူ့ခမြာ တစ်ဘက်သတ်နစ်နာနေပါဦးမယ်။ သူ့ကိုလည်း ရှေ့နေငှားခွင့် ဖြေရှင်းခွင့်ပေးပါ။- ဒါမှ တရားခံအစစ်က ပေါ်လာ ပါမယ်။

    ငါတို့ဘက်ကတော့ တရားခံ တစ်ယောက်ချင်းကို အမှုတွဲပြီးတာနဲ့ ထုတ်ပြန်မှာပဲ။ တစ်ကယ် တရားခံအစစ် မဟုတ်ခဲ့ရင် သူတို့မှာလည်း လွတ်လမ်းရှိနေပါတယ်။ မတရားသဖြင့် ဘာကိုမှ မလုပ်ဘူးလို့ ကတိပေးနိုင်တယ်။ ရုံးတင်ထားတဲ့ အထောက်အထားတွေကို မဟုတ်ကြောင်း သေချာအောင်တော့ ဖြေရှင်းနိုင်ရမှာပေါ့။

    မြန်မာမွတ်ဆလင်များကို လျှော့မတွက်ပါနဲ့–၊ အထင်လည်း မသေးပါနဲ့- ကမ္ဘာ့ဥပဒေကို ကိုင်ပြီး အမြန်ဆုံး လုပ်နိုင်စွမ်းရှိတယ်၊ ပေါက်မြောက်တယ်၊ ပညာတတ်တယ်- ဆိုတာတော့ အသိပေးပါရစေ။

     

    ဌေးလွင်ဦး

    မြန်မာမွတ်ဆလင် တန်းတူညီမျှ လှုပ်ရှားဆောင်ရွက်မှု အဖွဲ့

     

    (ဆောင်းပါးရှင်၏ အာဘော်သာဖြစ်ပါသည်။)

  • ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ

    ရခိုင်ပဋိပက္ခ နောက်ကွယ်မှ အမျိုးသားရေး အစွန်းရောက် မီဒီယာ

    အောက်တိုဘာ၊ ၃၀ ၊ ၂၀၁၂

    M-Media

    Source:http://asiasentinel.com/index.php?option=com_content&task=view&id=4938&Itemid=208 မှ ဖော်ပြထားသော ဆောင်းပါးကို M-Media မှ ဆီလျော်အောင် ဘာသာပြန်ဆိုဖော်ပြသည်။

     

    မြန်မာပြည်က လူများစုဖြစ်တဲ့ ဗုဒ္ဓဘာသာဝင် အမျိုးသားရေး သွေးကြွနေသူများနဲ့ ရခိုင်လူမျိုးစုတွေ၊ အဲဒီသူတွေကို တာဝန်မဲ့ ယုံတင်မက အရှိန်အဟုန်ပြင်းပြင်းတင်ပြီး အားပေးထောက်ပံ့နေကြတဲ့ စာပုံနှိပ်တိုက်တွေ၊ အဲဒီလူတွေသာ ဒီရခိုင်ပဋိပက္ခကြီးထဲမှာ အဓိက ဇာတ်ကောင်တွေဖြစ်ပါတယ်။ သူတို့က အတွင်းအဇ္ဈတကို ပိတ်ပြီး ရိုဟင်ဂျာတွေကို တရားမ၀င် ခိုးဝင်လာတဲ့ ဘင်္ဂါလီတွေ၊ အကြမ်းဖက်သမားတွေလို့ သမုတ်ကြပါသေးတယ်။

    အခုအချိန်မှာ အန္တီရိုဟင်ဂျာ လှုပ်ရှားမှုကတော့ အန္တီမွတ်စလင်မ် လှုပ်ရှားမှုဘက်ကို အသွင်ကူးပြောင်းခဲ့ပါပြီ။ အောက်တိုဘာ ၂၃ ရက်နေ့မှာ ဖြစ်ပျက်ခဲ့တဲ့ ဆူပူသောင်းကျန်းမှုတွေမှာ ဓားစာခံတွေကတော့ တိုင်းရင်းသားမွတ်စလင်မ်၊ ကမန်လူမျိုးတွေပါ။ ၇ ရက်အတွင်း လူပေါင်း ၂၈၀၀၀ ကျော်အိုးအိမ်မဲ့ခဲ့တဲ့ထဲမှာ ၂၇၃၀၀ က မွတ်စလင်မ်တွေဖြစ်နေတဲ့အကြောင်းကို  ကုလသမဂ္ဂ က ကြေငြာခဲ့တဲ့အပြင် အဲဒီ ၂၇၃၀၀ ထဲမှာမှ အများစုက ကမန်တိုင်းရင်းသား မွတ်စလင်မ်တွေ ဖြစ်နေပါတယ်။ အိမ်ခြေထောင်ပေါင်းများစွာ ဖျက်ဆီးခံရကြောင်း၊ လူရာပေါင်းများစွာ အသတ်ခံရတဲ့အကြောင်း စသဖြင့် ခန့်မှန်းပြောဆိုကြပါတယ်။

    ဒီလိုပါပဲ။ နိုင်ငံတကာ လူ့အခွင့်အရေးစောင့်ကြည့်မှုအဖွဲ့ (HRW) က ဂြိုလ်တုမှ တဆင့်ရိုက်ယူထားတဲ့ သတင်းဓာတ်ပုံတွေအရ အောက်တိုဘာ ၂၆ ရက်နေ့မှာ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့မှာ ကြီးမားလှတဲ့ မြေဧရိယာပမာဏကြီး မီးလောင်ကျွမ်းနေတာကို တွေ့ရပါတယ်။ HRW က အသက်အန္တရာယ် စိုးရိမ်နေရတဲ့ မွတ်စလင်မ် ထောင်ပေါင်းများစွာ ပင်လယ်ထဲမှာ လှေငယ်လေးတွေနဲ့ ရှိနေတဲ့အကြောင်း၊ ကမ်းခြေတလျောက်နဲ့ ဆိပ်ကမ်းတွေမှာလည်း ရှိနေတယ်လို့ ပြောဆိုခဲ့ပါတယ်။ ထောက်ပံ့ရေးအဖွဲ့တွေ၊ နိုင်ငံတကာမီဒီယာတွေနဲ့ ပြည်ပက မြန်မာမီဒီယာတွေက ဒီလိုမျိုး ဆိုးဝါးလှတဲ့ ညှင်းပမ်းနှိပ်စက်မှုကို သတင်းဖော်ပြခဲ့ကြပါတယ်။

    ကမ္ဘာအရပ်ရပ်က သက်သေခံနေတဲ့ကြတဲ့ အဲဒီလိုအခြေအနေမျိုးနဲ့ တော်တော်ကလေးဆန့်ကျင်တဲ့ အဖြစ်ကတော့ ရခိုင်ပဋိပက္ခမှာ အမှန်တကယ်ဓားစာခံဖြစ်နေတာက မိမိတို့ကိုယ်တိုင်ပါလို့ ယုံကြည်နေကြတဲ့ ရခိုင်နဲ့ ဗမာလူများစုကြီးရဲ့ ဖြစ်အင်ပါပဲ။ အမှန်ကတော့ မွတ်စလင်မ်တွေကသာ အစုလိုက်အပြုံလိုက် ဓားစာခံဖြစ်နေတာပါ။ ဒါပေမယ့် ရခိုင်တွေကရော ဒုက္ခမခံစားရဘူးလို့ ဆိုလိုတာတော့မဟုတ်ပါ။ အချက်အလက်တွေအရ လူအမြောက်အမြားအသတ်ခံရသလို အိမ်တွေ မီးရှို့ခံရပါတယ်။ ငြင်းမရနိုင်တဲ့အချက်ကတော့ ပဋိပက္ခမှာ မွတ်စလင်မ်တွေကသာ အများစုကြီး ညှင်းပမ်းနှိပ်စက်ခံခဲ့ရတဲ့ ဒုက္ခသည်များ ဖြစ်ပါတယ်။

    ဒီလိုအခြေအနေမျိုးမှာတောင် လူများစုဗမာတွေက ရိုဟင်ဂျာတွေသည် ညှင်းပမ်းနှိပ်စက်ခံနေရသူများမဟုတ်၊ သူတို့တွေဟာ ဘင်္ဂါလီအကြမ်းဖက်သမား၊ ပြဿနာ ဖန်တီးကြသူတွေ၊ ပြဿနာမှာ အဓိက လက်သည်တရားခံတွေဖြစ်ကြတယ်၊ ဒါကြောင့် သူတို့ကိုးကွယ်တဲ့ ဘာသာသာသနာကို ဖိနှိပ်ရမယ်ဆိုတာမျိုးကို ထပ်ကာထပ်ကာ ဖော်ပြပြောဆိုနေကြတာပါ။ ဒီပြဿနာကြီးထဲမှာ လူတွေသေနေကြတာတွေ၊ ညှင်းပမ်းနှိပ်စက်ကလူပြုခံနေရတာတွေ အမြန်ဆုံးပပျောက်သွားဖို့နဲ့ ဘယ်သူဘယ်သူကမှ ဒီလိုမျိုးအတိဒုက္ခကို ခံစားဖို့ မသင့်တော်ဘူးလို့ လက်သင့်ခံခြင်းမရှိ သလို ပြဿနာတစ်ခုလုံး ကို နိုင်ငံရေးခေါင်းဆောင်ပိုင်းရဲ့ နားလည်သဘောပေါက်မှုနဲ့သာ ဖြေရှင်းနိုင်မယ်ဆိုတာကိုလည်း သဘောမပေါက်ကြပါဘူး။

    ဒီလိုမျိုး ကိုယ့်သေတွင်းကိုယ်တူးတဲ့ နည်းလမ်းရဲ့ နိုင်ငံရေးအကျိုး သက်ရောက်မှုကတော့ အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးပါပဲ။ (တနည်းပြောရရင် သူတို့ဟာ ကိုယ့်သေတွင်းကိုယ်တူးပြီး နိုင်ငံရေးအရ အကျိုးအမြတ်ရှိလှတဲ့ အန္တီမွတ်စလင်မ်လှုပ်ရှားမှုကြီးကို ဖန်တီးနေတာပါ။) ဒါပေမယ့် အန္တီမွတ်စလင်မ် လှုပ်ရှားမှုကြီးကတော့ ကျယ်ပြောစွာပြန့်နှံ့ပြီးဖြစ်နေပါပြီ။

    ဒီလိုမျိုး အဆက်မပြတ်ဖြစ်နေတဲ့ ပဋိပက္ခကို လူများစုကြီးထောက်ခံနေတာက ဘာကြောင့်ပါလဲ။ ပြည်တွင်းအခြေဆိုက် မီဒီယာများကြောင့်ပါပဲ။ သူတို့တွေဟာ အစွန်းရောက်အမျိုးသားရေးဝါဒတွေနဲ့ သတင်းမှားတွေကိုသာ လွန်လွန်ကျူးကျူးဖော်ပြဖြန့်ချိနေပါတယ်။ လူတွေကို စိုးရိမ်ပူပန်အောင်၊ လုံခြုံမှုမရှိတော့ပါလားလို့ ခံစားရအောင်၊ (ဗမာနဲ့ရခိုင်) တွေကသာ အကြမ်းဖက်သမား ရိုဟင်ဂျာလို့ ကင်ပွန်းတပ်ခံထားရသူတွေရဲ့ ဓားစာခံတွေဖြစ်နေတာလို့ ထင်ရအောင် ရေးသားနေကြတာပါ။

    ဒီလိုမျိုးနိုင်ငံရေးအခြေအနေမှာ ရခိုင်ပြဿနာ ချုပ်ငြိမ်းလိုတယ်ဆိုရင် အဲဒီဂျာနယ်တွေကို ထုတ်ဝေခွင့် ရပ်ဆိုင်းလိုက်ခြင်းက ပထမခြေလှမ်းဖြစ်မှာပါ။ ယာယီဖြစ်ဖြစ် ရပ်ဆိုင်းရပါမယ်။ ဒီမို ဗမာပြည်လို့ ခေါ်နေကြတဲ့အချိန်မှာ ဂျာနယ်တွေ ပိတ်ဖို့တောင်းဆိုခြင်းက နည်းနည်းတော့ ခက်ထန်နေပါသေးတယ်။ ဒါပေမယ့် အကျည်းတန်လှတဲ့ အမှန်တရားကတော့ မြန်မာစကားနဲ့ ထုတ်ဝေတဲ့ ဂျာနယ်တွေဟာ သတင်းမှားတွေ၊ ပုဂ္ဂလိကရွေးချယ်ထားတဲ့ အကြောင်းအရာတွေကို ဖော်ပြနေပြီး လူစုလူဝေးနဲ့ ဆူပူသောင်းကျန်းရလေအောင်၊ အဲဒီလိုသောင်းကျန်းပေမယ့် အရှက် အိနြေ္ဒထားရကောင်းမှန်း မသိရလေအောင် မီးစထိုးပေးနေပါတယ်။

    မြန်မာပြည်မှာတော့ ပြည်တွင်းဖြစ်ဂျာနယ်တွေရဲ့ စွမ်းအားက ကြီးမားလှပါတယ်။ ဒီလို အသစ်အသစ်ထုတ်ဝေလာတဲ့ ဂျာနယ်တွေဟာ ဆယ်စုနှစ်များစွာ သတင်းအချက်အလက် ငတ်မွတ်နေကြတဲ့ ပြည်သူတွေအတွက်တော့ အိုအေစစ်ပါပဲ။ မြို့ကြီးတွေသာမက သာမာန်မြို့သေးသေးလေးတွေမှာတောင် ဂျာနယ်သတင်းစာ အရောင်းဆိုင် ကလေးတွေကို နေရာအနှံ့တွေ့နေရပါပြီ။ ဂျာနယ်အသစ်တစ်စောင်ပြီး တစ်စောင်ထွက်လာသလို စာဖတ်ပရိသတ်ကလည်း ဆိုက္ကားသမားကနေ၊ တိုင်းပြည်ခေါင်းဆောင်အထိ တိုးတက်ရောက်ရှိသွားပါပြီ။

    နိုင်ငံတွင်းက ပေါ်ပြူလာအဖြစ်ဆုံးဂျာနယ် ၂စောင်ကတော့ သည်ဗွိုက်စ်နဲ့ အလဲဗင်းတို့ပါပဲ။ သူတို့တွေကတော့ ဘင်္ဂါလီခိုးဝင်သူများလို့ သူတို့ကိုယ်တိုင်ခေါ်နေတဲ့သူ များကို မီဒီယာစစ်ပွဲ ဆင်နွှဲနေကြပါတော့တယ်။ သူတို့တွေဟာ လွတ်လပ်စွာရေးသားပိုင်ခွင့်အပေါ်မှာ တာဝန်သိသိနဲ့ လုပ်ကိုင်ဆောင်ရွက်နေတာမျိုးမဟုတ်ပါ။ လွတ်လပ်စွာရေးသားဖော်ပြပြောဆိုပိုင်ခွင့်ကတော့ ပြုပြင်ပြောင်းလဲထားတဲ့ အစိုးရက အတွေးအခေါ်ပိုင်းဆိုင်ရာရှုထောင့်ကနေ ခွင့်ပြုထားတာပါ။ အဲဒီ ပြည်တွင်းဖြစ် လွတ်လပ်စွာရေးသား ဖော်ပြပြောဆိုပိုင်ခွင့်က ကမ္ဘာ့လူ့အခွင့်အရေးကြေငြာစာတမ်းပါ ဖော်ပြချက်ကနေ မှီငြမ်းထားပေမယ့်လည်း လူ့အခွင့်အရေးရဲ့ စံပုံစံမှန်ကတော့ သူတို့ကိုယ်ပိုင် ယဉ်ကျေးမှု၊ စိတ်ဓာတ်နဲ့ နိုင်ငံရေးလိုအင်ဆန္ဒတွေနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေပါတယ်။

    ဒီပြည်တွင်းဖြစ် သတင်းမီဒီယာတွေဟာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေကို အကာအကွယ်ပေးပြီး ရိုဟင်ဂျာများကို တိုင်းပြည်ရဲ့ အန္တရာယ်ကောင်တွေ၊ နိုင်ငံခြားသား ခိုးဝင်လာသူတွေအဖြစ်သာ ဖော်ပြနေကြပါတယ်။ သို့သော် ရိုဟင်ဂျာတွေကို ဆန့်ကျင်ဖော်ပြချက်တွေအားလုံးက သက်သေအထောက်အထားမရှိပါဘူး။ သူတို့မီဒီယာ တွေက ရိုဟင်ဂျာကို ရင်းနှီးပြီး ရခိုင်ဗုဒ္ဓဘာသာဝင်တွေရဲ့ နိုင်ငံရေးလိုအင်ဆန္ဒကို ထောက်ခံနေကြတာပါ။ ဒီလိုပုံစံမျိုး အမျိုးသားရေးဝါဒကတော့ လူတွေအတွက် မှားယွင်းတဲ့အတွေးအခေါ်သာ ဖြစ်စေမှာပါ။


    ဥပမာ – အောက်တိုဘာ ၂၇ (HRW မှ သတင်းဓာတ်ပုံများ တင်အပြီး) မှာ သည်ဗွိုက်စ်ဝီးကလီးဂျာနယ်က ရခိုင်ဗုဒ္ဓဘာသာဝင်များရဲ့ သတင်းအချက်လက် တဘက်တည်းကိုသာ အမှီသဟဲပြုထားတဲ့ သတင်းတပုဒ် တင်ဆက်ခဲ့ပါတယ်။ အဲဒီသတင်းမှာ အာရကန်လိဂ်ဖော် ဒီမိုကရေစီ (ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် – ALD) ရဲ့ ပြောဆိုမှုတစ်ခုတည်းကို ကိုးကားထားပါတယ်။ ရခိုင် ဒီမိုကရေစီ အဖွဲ့ချုပ် အတွင်းရေးမှူး ၊ ဦးမျိုးကျော် ရဲ့ ရိုးရိုးရှင်းရှင်းနဲ့ နိုင်ငံရေးအရ အမြတ်ထုတ်နိုင်တဲ့ ဖော်ပြချက်ကို ကိုးကားပြီး အိုအိုင်စီ(OIC) ကတော့ ဒီပြဿနာမှာ နောက်ကွယ်ကြိုးကိုင်နေတာပါလို့ ရေးသားထားပါတယ်။ ။ နောက်ဆက်တွဲမှာတော့ နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ဆန့်ကျင်ပြီး မြန်မာသမ္မတနဲ့ အာရကန်လိဂ်တို့ သဘောတူထုတ်ပြန်ထားတဲ့ (ရိုဟင်ဂျာ များအား တတိယနိုင်ငံပို့ရေး) အဆိုကို အကျယ်ချဲ့ပြီး ဖော်ပြထားတာပါ။

    ဒီလိုပါပဲ၊ အလဲဗင်းမီဒီယာရဲ့ ၀ီကလီးအလဲဗင်း (HRW သတင်းဓာတ်ပုံများ တက်လာအပြီး နောက်နှစ်ရက်အကြာ၊ ကုလမှ အိုးအိမ်မဲ့ ဓားစာခံအများစုမှာ မွတ်စလင်မ်များဖြစ်သည်ဟု ပြောဆိုလိုက်သည့် နေ့ရက်) ကလည်း အောက်တိုဘာ ၂၈ ရက်နေ့မှာ အာဘော်ဆောင်းပါးတစ်ခု တင်ဆက်ခဲ့ပါတယ်။ အလဲဗင်းနဲ့ သည်ဗွိုက်စ်တို့ တင်ပြမှုနှစ်ခုစလုံးက ရခိုင်နဲ့ ရိုဟင်ဂျာများအကြား အတူယှဉ်တွဲနေထိုင်ဖို့ နည်းလမ်းပေါင်းစုံကို ငြင်းဆန်ပယ်ချထားတာမျိုးပါ။ အလဲဗင်းမှာ အာဘော်ရေးသားသူက ရိုဟင်ဂျာ(မွတ်စလင်မ်)များကို ပြဿနာကောင်များဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

    နောက်ကွယ်ကြိုးကိုင်သူဘယ်သူလဲဆိုတဲ့ အလဲဗင်းရဲ့ဆောင်းပါးမှာတော့ ရိုဟင်ဂျာတွေကို သူတို့ကိုယ်ပိုင် “တိုင်းရင်းသားဖြစ်ခွင့်ရရေး အိပ်မက်” အတွက်ရည်စူးပြီး လူမျိုးရေး၊ ဘာသာရေးအဓိကရုဏ်း ဖြစ်ရလေအောင် ပြုလုပ်ဖန်တီးတာဖြစ်တဲ့အကြောင်း ယိုးစွပ်သမုတ်ထားပါတယ်။ ဒါ့ပြင် အဲဒီဆောင်းပါးမှာ မွတ်စလင်မ်ဗလီဆရာ အယောက် ၃၀ ဟာ ဘူးသီးတောင်နဲ့ မောင်တောတို့ကို ပဋိပက္ခဖြစ်နေစဉ်အတွင်း အလည်အပတ်ရောက်ရှိနေကြောင်း ဖော်ပြထားပါတယ်။ ဆောင်းပါးရှင် တင်ဆက်ထားပုံကတော့ ဒီမွတ်စလင်မ်တွေကသာ ပဋိပက္ခကို စတင်သူတွေဖြစ်တာကြောင့် အခုသူတို့ အသက်ကို ဖက်နဲ့ထုတ်ပြီး ပြေးလွှားနေရတာတွေကတော့ စာရင်းထဲထည့်ဖို့ မလိုတော့ပေါင်ဆိုတဲ့ ပုံစံမျိုးပါ။

    ဒီလိုမျိုး အမှားအယွင်းနဲ့ သဘောထားအမြင်တွေက ချွင်းချက်အဖြစ် ထားရမယ့် ကိစ္စတွေမဟုတ်တော့ပါဘူး၊ အဲဒီအမှားတွေ၊ သဘောထားဖြန့်ချိမှုတွေက အုပ်စိုးမင်းမူနေပါပြီ။ ဒီနှစ် ဇွန်လကတည်းက အဲဒီဂျာနယ်နှစ်စောင်လုံး ရိုဟင်ဂျာတွေကို ပေါ်ပေါ်တင်တင် ဆန့်ကျင်တဲ့အမြင်တွေ ချပြရေးသားနေကြတာပါ။

    စုစည်းထားချက်အရ ဒီဂျာနယ်တွေဟာ ရခိုင်နယ်မြေအတွင်း နှစ်ရာပေါင်းများစွာ နေလာကြတဲ့ ရိုဟင်ဂျာတွေအပေါ်မှာ ပေါက်မြောက်နက်ရှိုင်းစွာ နားလည်မှုလွဲမှားဖို့ နဲ့ အမုန်းတရားအာဃာတတွေ ကြီးထွားစေဖို့အတွက်တော့ ကြားခံလက်နက်တွေပါပဲ။ ဒီဂျာနယ်တွေက ရိုဟင်ဂျာတွေကသာ ပြဿနာကောင်တွေ၊ သူတို့စလို့ ဖြစ်တာပဲ၊ သူတို့က ကိုယ့်အိမ်ကိုယ်မီးရှို့ထွက်ပြေးကြတာပဲ၊ သူတို့တွေက တရားခံတွေပဲ စသဖြင့်သာ ရေးသားခဲ့ကြတာပါ။ သူတို့ရေးသားပုံကတော့ ရခိုင်တွေသည်ဓားစာခံတွေဖြစ်တယ်၊ ရိုဟင်ဂျာတွေက တရားခံတွေဖြစ်တယ်။

    ဒီဂျာနယ်တွေဟာ မွတ်စလင်မ်များ အန္တရာယ်နဲ့ ရင်ဆိုင်နေရာပါလားဆိုတဲ့ အကျည်းတန်အမှန်တရားကို၊ “သူတို့(ရခိုင်)တွေကသာ ဓားစာခံတွေပါ၊ ရိုဟင်ဂျာတွေက အပြစ်သားတွေပါ” ဆိုတဲ့ စကားမျိုး ရေလဲသုံးစွဲပြီး ဖုန်းကွယ်ထားကြတာပါ။ ပြီးတော့ လူတွေရဲ့ နှလုံးသည်းပွတ်ထဲကို ရိုဟင်ဂျာဆန့်ကျင်ရေးစိတ်ဓာတ်တွေ အမြင်တွေ ထည့်သွင်းပေးပါတော့တယ်။ ပြီးတော့မှ ပဋိပက္ခအဆုံးသတ်ရေးကို ခုတုံးလုပ်ပြီး ယိုးစွပ်မှုများများနဲ့ မှုန်းခြယ်ထားကြတာပါ။

    ဒီဂျာနယ်နှစ်စောင်လုံးက ကျင့်ဝတ်ပိုင်းနဲ့ ကွာလတီပိုင်းအရမဟုတ်ဘဲ (တခြားအကြောင်းများကြောင့်) ပြည်တွင်းမှာတော့ နာမည်အကြီးဆုံးဖြစ်နေပါတယ်။ သူတို့ဘာရေးရေး ပရိသတ်က ယုံကြည်လက်ခံနေပါတယ်။ သူတို့တွေဟာ (သူတို့နဲ့ ဆန့်ကျင်ဘက်) သတင်းအရင်းအမြစ်တွေ အားလုံးကို အမှားအယွင်းတွေ၊ လုပ်ကြံဖန်တီးမှုတွေအဖြစ်သာ ထင်မြင်ယူဆပါတယ်။ ဒီတော့ ကမ္ဘာက ဘာကို သက်သေခံနေကြသလဲဆိုတာ မြန်မာတွေလက်ခံဖို့ ခက်ခဲသွားရပါတော့တယ်။

    မျှမျှတတပြောကြကြေးဆိုရင်တော့ ဒီပြဿနာကို ရခိုင်တွေ ဖန်တီးတာမဟုတ်ပါ။ သူတို့တွေလည်း တိုက်ခိုက်သလို၊ တဘက်ကလည်း သူတို့ကို ပြန်တိုက်ပါတယ်။ နှစ်ဖက်စလုံး အဆုံးအရှုံးရှိပါတယ်။ ဒါပေမယ့် ရခိုင်တွေထက်ပိုပြီး မွတ်စလင်မ်ထုက ခံရတဲ့ဘက်ကဆိုတာကိုတော့ ဘယ်သူမှ မငြင်းနိုင်ပါ။ ဒီလိုမှမဟုတ်ရင်တော့ ဒုက္ခသည် ၂၈၀၀၀ ကျော်မှာ ၂၇၀၀၀ က မွတ်စလင်မ်တွေ ဖြစ်နေစရာ အကြောင်းမရှိပါ။

    ဘယ်သူပဲ ပဋိပက္ခကို စတင်ပါစေ၊ မီဒီယာဆိုတာမျိုးက တဘက်တည်းရပ်ပြီး တခြားတဘက်ကို မောင်းထုတ်ပစ်တာမျိုး မလုပ်သင့်ပါ။ ခုတော့ ပြည်တွင်းက သြဇာကြီးတဲ့ ပေါ်ပြူလာဂျာနယ်ကျော်တွေက ကျရှုံးခဲ့ပြန်ပါပြီ။ ပဋိပက္ခကို အဆုံးသတ်ရမယ့်အစား လောင်စာထိုးပြီး လူတွေကို လှည့်ဖျားခဲ့ပါတယ်။ နည်းလမ်းတွေကတော့ ရိုဟင်ဂျာမုန်းတီးရေး၊ အကြောက်တရားကြီးထွားရေး၊ (ငါတို့ကသာ) ဓားစာခံတွေ၊ ငါတို့ လုံခြုံမှုမရှိပါလားဆိုတဲ့ ခံစားချက်မျိုးပေါ်ထွက်လာမယ့် အမြင်တွေ၊ လူတွေကို အုံကြွပြီး ဆူပူသောင်းကျန်းလာအောင်နဲ့ အဲဒီလို ဆူပူသောင်းကျန်းတာကို ထောက်ပံ့တဲ့အမြင်တွေပါပဲ။

    ဒါကြောင့် ရခိုင်ပဋိပက္ခကို အဆုံးသတ်ဖို့ ပထမခြေလှမ်းက ဒီမြန်မာဘာသာနဲ့ထုတ်ဝေတဲ့ ဂျာနယ်တွေကို ခဏဖြစ်ဖြစ် ရပ်ဆိုင်းဖို့ပါပဲ။ သူတို့တွေက လူထုရဲ့အထင်အမြင်ကို အုံကြွယဉ်ကျေးမှုအဖြစ် ပြောင်းလဲနေတာပါ။ ဒါမှမဟုတ်ရင်တော့ လူတွေက သူတို့ကြောင့် ဆက်ပြီး အရူးဖြစ်နေကြပါလိမ့်မယ်။ ဒီလိုနဲ့ပဋိပက္ခကို အားကိုးအားထားပြုစရာအဖြစ် ဆက်လက် ဆွဲကိုင်ထားကြပါလိမ့်မယ်။ ဒီလိုမျိုးရေးသားဖော်ပြခြင်းက လွတ်လပ်မှုနဲ့ ဒီမိုကရေစီကနေ ပြန်လှည့်ပြီး စစ်အုပ်ချုပ်ရေးဆီပြန်သွားဖို့ ဆင့်ဆိုထားတာမျိုး မဟုတ်ပါ။ ဒီရေးသားဖော်ပြချက်က ကျင့်ဝတ်စောင့်ထိန်းမှုမရှိတဲ့ လူ့အသက်တွေ၊ ဂုဏ်သိက္ခာတွေကို စတေးနေတဲ့ မီဒီယာများအား ပိတ်ဆို့ပစ်ရမယ်လို့ ဆင့်ဆိုတိုက်တွန်းခြင်းပါ။

  • ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်များကို သဲချောင်း စခန်းမှ ဆင်တမှော်သို့ ပိုရန်စီစဉ်နေ

    ကျောက်ဖြူ မွတ်စလင် ဒုက္ခသည်များကို သဲချောင်း စခန်းမှ ဆင်တမှော်သို့ ပိုရန်စီစဉ်နေ

    အောက်တိုဘာ ၃၁၊ ၂၀၁၂

    M-Media
    သတင်း – ဇာဏီ


    မနေ့ (၃၀.၁၀.၁၂)ရက်နေ့ ညနေ (၄)နာရီတွင် ရခိုင်ပြည်နယ် နယ်စပ်ရေးရာနှင့်လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီးထိန်လင်း၊ ပြည်နယ် စီးပွားရေးဝန်ကြီး ဦးမြအောင် တို့သည် သဲချောင်းကမ်းနားမှတဆင့် ဘုမေအုပ်စု ဗေဒါရွာကို ရောက်ရှိလာပြီး ကျောက်ဖြူမှ ထွက်ပြေးလာရသော မွတ်စလင်မ် ဒုက္ခသည်များနှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိပါသည်။

    ကျောက်ဖြူဒုက္ခသည်များနှင့် တွေ့ဆုံရာတွင် စီးပွားရေးဝန်ကြီး ဦးမြအောင်မှ ‘ဒီရွာမှာ ကုလားရှိလား’ဟုမေးကြောင်း၊ ဒုက္ခသည်များမှ ဒီမှာကုလားမရှိဘူး အားလုံးက ကမန်တွေပဲ’ လိုပြန်လည် ဖြေဆိုကြသည့်အခါ ဦးမြအောင်က ‘ကမန်ဆိုတာ နိုင်ငံသားစိစစ်ရေးကတ်ရှိတယ်၊ ကျွန်တော်တို့မှာလည်း နိုင်ငံသားစိစစ်ရေးကတ်ရှိတယ်။ ခင်ဗျားတို့နဲ့ ကျွန်တော်တို့အတူတူပါပဲ။ ကမန်နဲ့ရခိုင်နဲ့က အတူနေရမှာ။ ရခိုင်တွေနဲ့ ကုလားတွေနဲ့တော့ အတူနေလို့မဖြစ်လို့ မနေနိုင်ပါ။ ဒါကြောင့် အခု ဒုက္ခသည်တွေကို ပေါက်တော ဆင်တမှော်မှာ ခဏတာရွေ့ပြောင်းနားနေပြီး ကျောက်ဖြူမှာ ပြန်လည်အေးချမ်းရင် ကျောက်ဖြူကိုပြန်ပို့မည်’ဟုပြောကြောင်း၊ ဒုက္ခသည်များမှ‘ဆင်တမှော်သို့ မသွားလိုပဲ ဗေဒါမှာပဲ နေပါရစေ’ ဟုတောင်းပန်ကြကြောင်း၊ ဦးမြအောင်က ‘ဆင်တမှော်မှာ လုံခြုံရေးနဲ့ စားဝတ်နေရေး၊ စက်လှေတွေ အတွက် ဆီကအစ စီစဉ်ပေးထားပြီဖြစ်လို့၊ ပြောင်းရွေ့ရမည်’ဖြစ်ကြောင်းပြောဆိုခဲ့ပြီး ဗိုလ်မှူးထိန်လင်းကတော့ သွားလာရေးအတွက် လုံခြုံရေးပေးမည်ဟု ပြောခဲ့ကြောင်းသိရသည်။

    မနေ့ညနေက တွေ့ဆုံမှုပြီးနောက် ဒီနေ့မနက်တွင် သဲချောင်း ဗေဒါရွာမှ ဒုက္ခသည်များကို တင်ဆောင်ထားသော စက်လှေ (၁၁)စီးသည် ဆင်တမှော်သို့ ထွက်ခွာသွားပြီဖြစ်ကြောင်းလည်း သိရသည်။

    ပြည်နယ် စီးပွားရေးဝန်ကြီး ဦးမြအောင်ပြောသွားသည်ကို ကိုးကား၍ “စီးပွားရေးဝန်ကြီး ဦးမြအောင်က ရခိုင်လူမျိုးပါ။ သူက မောင်တော မဲဆန္ဒနယ်ကနေ မွတ်စလင်မ်တွေ ၀ိုင်းပြီး မဲထည့်ပေးလို့ အနိုင်ရပြီး ပြည်နယ်စီးပွားရေး ၀န်ကြီးဖြစ်လာတာ။ သူပြောတဲ့စကားတွေထဲမှာ ၀န်ကြီး တစ်ယောက်ဖြစ်ပြီး မသုံးသင့်သော မပြောသင့်သော စကားလုံးတွေ သုံးသွားတယ်။ ဥပမာ – ‘ဒီရွာမှာ ကုလားရှိလား’ဆိုတာမျိုး၊ ကုလားဆိုတဲ့အသုံးအနှုန်း သုံးသင့်လား မသုံးသင့်ဘူးလား သူသိရမယ်။ နောက်တစ်ခု ဒုက္ခသည်တွေကို ‘ခင်ဗျားတို့က ကမန်၊ ကုလားနဲ့ထားလို့မဖြစ်ဘူး၊ ကမန်နဲ့ ရခိုင်က အတူတူပဲ’လို့ပြောတယ်။ အဲဒါဆိုရင် ရခိုင်က ဘာလို့ ကမန်ရွာတွေကို မီးရှို့တာလဲ။ ပြီးတော့ အစ္စလာမ် ဘာသာဝင် အချင်းချင်းကိုလည်း သွေးခွဲပေးနေတယ်လို့မြင်တယ်။ ရခိုင်မှာ အခုဖြစ်တာတွေအားလုံးက လူမျိုးရေးကို အဓိကထားပြီး လုပ်နေတာထက် အစ္စလာမ်ကို နှိပ်ကွပ်နေတာဖြစ်တယ်”လို့ ကမန်လူမျိုးတစ်ဦးမှ သုံးသပ်ပြောပြလာပါတယ်။

    သဲချောင်း ဗေဒါရွာမှ ဆင်တမှော်သို့ ပို့လိုက်သော မွတ်စလင်မ် ဒုက္ခသည်များနှင့် ဆက်သွယ်နေပါတယ်။ ဆင်တမှော်ရောက် ဒုက္ခသည်များ၏အခြေအနေကို ဆက်လက် ဖော်ပြပေးပါမည်။

    အောက်တိုဘာလ ၂၃ ရက်နေ့မှ စတင်ဖြစ်ပွားခဲ့သော ရခိုင်ပြည်နယ် မြို့ ၆ မြို့နယ်အကြမ်းဖက်မှုတွင် ကြောင့် ပျက်စီးဆုံးရှုံးမှုများကို ရန်ကုန်မြို့ အခြေစိုက် ကုလအကြီးအကဲ မစ္စတာ နီဂမ် (Ashok Nigam) က သတင်းဌာနသို့ ပြောကြားရာတွင် “နောက်ဆုံး စာရင်းများအရ လူပေါင်း ၂၂,၅၈၇ ယောက် အိုးအိမ်မဲ့ အခြေအနေမဲ့” ဖြစ်သွားပြီး “ပျက်စီးဆုံးရှုံးသွားသော အိုးအိမ်ပေါင်း ၄,၆၆၅ အိမ်ရှိ”ကြောင်း သိရှိရပါသည်။

    “အိုးအိမ်မဲ့ အခြေအနေမဲ့ ဖြစ်သွားသူများအနက် ၂၁,၇၀၀ ယောက်မှာ မွတ်စလင်များဖြစ်”သည်ဟု မစ္စတာ နီဂမ်က အတည်ပြု ပြောပြပါသည်။

  • “ရိုဟင်ဂျာ/ဘင်္ဂါလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA Interview

    “ရိုဟင်ဂျာ/ဘင်္ဂါလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA Interview

    အောက်တိုဘာ၊၃၁၊ ၂၀၁၂

    M-Media
    “ရိုဟင်ဂျာ/ဘင်္ဂလီမဟုတ်ဘူး ကျနော်တို့ ကမန်တွေပါ” ကျောက်နီမော်ရွာသားနှင့် RFA အင်တာဗျူး (30,10.2012) by M-Media

    RFA – ဟုတ်ကဲ့ ခင်ဗျ အခု ဘယ်ကပြောနေတာပါလဲခင်ဗျာ?
    ဖြေ – အင်း… ကျွန်တော်အခု ကျောက်နီမော်ကျေးရွာအလယ်ပိုင်းပြောနေတာပါခင်ဗျာ။

    RFA- ဟုတ်ကဲ့ အဲ့ဒီမှာဘယ်လိုဖြစ်သလဲ ကျွန်တော့် နည်းနည်း ရှင်းပြပါလားခင်ဗျာ?
    ဖြေ – ဒီနေ့ ၃၀.၁၀.၂၀၁၂ရက်နေ့မှာပေ

ါ့နော် ရခိုင်ကျေးရွာတွေ ပါတ်ပါတ်လည်ဝိုင်းနေတဲ့ ကျွန်တော်တို့ ဒီ အစ္စလာမ်တိုင်းရင်းသားတွေနေထိုင်တဲ့ ဒီ ကျေးရွာကို ရခိုင်တိုင်းရင်းသားတွေက ၀ိုင်းပြီးတော့ မီးရှို့မယ်ဆိုပြီးတော့ ပါတ်ပါတ်လည်မှာ ၀ိုင်းရံထားတဲ့အနေအထားရှိပါတယ်ခင်ဗျ။

    RFA – ဘာကြောင့်သူတို့က ဒီလိုဝိုင်းရံထားတာလဲခင်ဗျ?ဘာကြောင့်မီးရှို့ချင်တာလဲ?
    ဖြေ- သူတို့တွေရဲ့ပြောကြားချက်အရ ကျွန်တော်တို့တစ်တွေကို သူတို့ရခိုင်ပြည်နယ်မှာ ဒီမွတ်စလင်တွေ မရှိရဘူးဆိုတဲ့ သူတို့တွေရဲ့ ဟို မျိုးချစ်စိတ်ဓာတ်လို့ ပြောရမလား၊ ဘယ်လိုပြောရမလဲတော့ မသိဘူးခင်ဗျ။ သူတို့တွေက အခု လက်ရှိအနေအထားမှာလည်း ဒီက ဟို ရမ်းဗြဲကျွန်းမှာဆိုလို့ရှိရင်လည်း ရမ်းဗြဲမြို့နယ်အတွင်းမှာဘဲဖြစ်ဖြစ် ဒီ.. ရခိုင်မွတ်စလင်ကျေးရွာတွေဆိုလို့ရှိရင် မရှိသလောက်ဖြစ်သွားပါပြီခင်ဗျ။ သူတို့မီးတိုက်ဖျက်ဆီးတာတို့ အကြမ်းဖက်လုပ်ရပ်တွေကို လုပ်ဆောင်နေတယ်ခင်ဗျ။

    RFA- ခင်ဗျားတို့ရွာကို ပတ်ပတ်လည်ဝိုင်းထားတယ်ဆိုတာ ဘယ်ကနေ၀ိုင်းထားတာလဲ?
    ဖြေ- ကျွန်တော်တို့ရွာက ပင်လယ်ပြင်ကို ကျောခိုင်းပြီးတော့ ဒီ တောင်ခြေမှာရှိနေတဲ့ ကျေးရွာလေးပါခင်ဗျာ။ ကျောက်နီမော်ကျေးရွာရဲ့ပတ်ပတ်လည်မှာဆိုလို့ရှိရင်ခင်ဗျာ ဒီပတ်ဝန်းကျင် ကျေးရွာအားလုံးဟာ ရခိုင်ဗုဒ္ဓဘာသာဝင်တွေနေထိုင်တဲ့ ကျေးရွာတွေဖြစ်တဲ့အတွက်ကြောင့် အဲ့ဒီပတ်ပတ်လည်ကျေးရွာတွေကနေ လူစုပြီးတော့ ကျွန်တော်တို့ရွာရဲ့ဝင်ပေါက်ထွက်ပေါက်တွေအားလုံးမှာ သူတို့ အပြင်ဘက်ကနေပြီးတော့ ၀ိုင်းရံပိတ်ဆို့ထားပါတယ်ခင်ဗျ။

    RFA- အဲ့ဒီတော့ဝိုင်းရံပိတ်ဆို့ထားတဲ့ရခိုင်တိုင်းရင်းသားအင်အားက ဘယ်လောက်လောက်ရှိလဲခင်ဗျ?
    ဖြေ- ရွာအစွန်အဖျားမှာရှိနေတဲ့လူတွေပြောပြချက်အရဆိုရင် အင်အားသုံးထောင်လောက်ရှိမယ်လို့ ခန့်မှန်းရပါတယ်ခင်ဗျ။

    RFA- သုံးထောင်လို့ပြောတာလား?
    ဖြေ- ဟုတ်ပါတယ်ခင်ဗျ။

    RFA- ဘေးပတ်ပတ်လည်ရွာတွေက ဒီ ကျောက်နီမော်ရွာနဲ့ အရင်က ဒီလို ရွာနီးချင်းတွေပဲ ခင်ဗျားတို့ အတူတူနေခဲ့ကြတာပဲမဟုတ်ဘူးလား?
    ဖြေ- ဟုတ်ပါတယ်ခင်ဗျ အရင်တုန်းကအတူတကွ ချစ်ချစ်ခင်ခင်ပဲနေခဲ့ကြတာပါခင်ဗျ။ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီ ဆိုသလိုပေါ့ဗျာ ဒေသခံ မွတ်စလင်တွေက ရေလုပ်ငန်းကို လုပ်ကိုင်တယ် သူတို့ကနေပြီးတော့ ဟို ဆန်ရေစပါးစိုက်ပျိုးတယ် အဲ့ဒီအပေါ်မှာ တစ်ယောက်နဲ့တစ်ယောက် ကိုင်းကျွန်းမှီ ကျွန်းကိုင်းမှီဆိုသလို နေထိုင်လာခဲ့တာ နှစ်ပေါင်း ရှစ်ရာ တစ်ထောင်နီးပါးလောက် ရှိပါပြီခင်ဗျ။
    ကျောက်နီမော်ကျေးရွာဟာ သဘာဝဘေး အန္တရာယ်အလျောက် အလိုလျောက် မီးလောင်ကျွမ်းခဲ့တာ နှစ်ကြိမ်တိုင်တိုင် ခံခဲ့ရပါတယ်။ အဲ့ဒီအကြိမ်တွေမှာဆိုလို့ရှိရင်လည်း ၉၈ခုနှစ်တစ်ကြိမ်ပါ၊ ၂၀၁၁ ခုနှစ်က တစ်ကြိမ်ပါ မီးလောင်ကျွမ်းခြင်းခံခဲ့ရပါတယ်။ အဲ့ဒီအကြိမ်တွေမှာဆိုလို့ရှိရင်လည်းခင်ဗျာ ကျွန်တော်တို့ ဒီ ဒေသခံရခိုင်ဗုဒ္ဓဘာသာဝင် အနီးအနားကျေးရွာတွေကပဲ အကူအညီပေးပြီးတော့ မီးငြိမ်းသတ်တဲ့ သာဓကတွေလည်း ရှိခဲ့ပါတယ်ခင်ဗျ။

    RFA- ဟုတ်ကဲ့ ခင်ဗျားတို့ ဒီ မွတ်စလင်တွေကရော ပြန်ပြီး အဲ့ဒီ ဘေးကကျေးရွာတွေကို ဘာတွေ ကူညီဖူးလဲခင်ဗျ?
    ဖြေ- ဘေးကကျေးရွာတွေဆိုလို့ရှိရင်လည်း ကျွန်တော်တို့ ဟို ဘယ်ဘုရားပွဲ၊ ဘယ်ဘုန်းကြီးပျံပွဲပဲဖြစ်ဖြစ် ကျွန်တော်တို့ ဒီမှာရှိနေတဲ့ ဒေသခံမွတ်စလင်တွေက ဥပမာ ရခိုင်ရိုးရာကျင်ပွဲချတာမျိုးမှာဘဲဖြစ်ဖြစ် ဗုဒ္ဓပူဇနိယပွဲတွေမှာဘဲဖြစ်ဖြစ် သာသာနာရေးဖိတ်ကြားချက်အရ သွားရောက်ပြီးတော့ အလှူငွေထည့်ဝင်တာမျိုးတို့ ရွှေမောင်းငွေမောင်းချီးမြှင့်တာမျိုးတို့ အပြန်အလှန်ဆက်နွှယ်မှုတွေ ရှိခဲ့ပါတယ်ခင်ဗျ။

    RFA- ဟုတ်ကဲ့ အဲ့ဒါဆိုရင် အခုကျခါမှ ခင်ဗျားတို့ ဒီ မွတ်စလင်နဲ့ဗုဒ္ဓဘာသာတွေကြား အခုလိုပဋိပက္ခတွေဖြစ်လာရတယ်ဆိုတာ ဘာကြောင့်လဲခင်ဗျ?
    ဖြေ- ဘေးပတ်ဝန်းကျင်ရဲ့သွေးထိုးလှုံ့ဆော်မှုတွေ ကြိုးကိုင်လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရဲ့ အားပေးကူညီမှုတွေရဲ့ မီးစလို့ ထင်ပါတယ်ခင်ဗျ။ ကျောက်နီမော်ကျေးရွာမှာဖြစ်ပွားခဲ့တဲ့ မသီတာထွေး အမှုအခင်းကိစ္စနဲ့ပါတ်သက်ပြီးတော့လည်း ဆက်နွယ်မှုရှိမယ်လို့ ထင်ပါတယ်ခင်ဗျ။

    RFA- အစိုးရသက်ဆိုင်ရာအာဏာပိုင်တွေက ဘာများဆောင်ရွက်ပေးနေတာ ရှိပါသလဲ ခင်ဗျ?
    ဖြေ- ခလ၇ ၃၄၆ နဲ့ ခလရ ၅၆၂ က တာဝန်ရှိ ကျွန်တော်တို့ ဟို အကြီးအကဲတွေ၊ မြန်မာ့တပ်မတော်မှ တာဝန်ရှိရဲဘော်တွေဟာဆိုလို့ရှိရင် ကျွန်တော်တို့ကျေးရွာကို ၀ိုင်းဝန်းပြီးတော့ အကာအကွယ်ပေးထားတဲ့ အနေအထားမှာ ရှိပါတယ်ခင်ဗျ။ ပစ်တာခတ်တာ မနက်ပိုင်းကတော့ သေနတ်သံ လေးငါးချက်လောက်တော့ ကြားမိပါတယ်ခင်ဗျ။ မနက်က သေဆုံးသူ ၁ဦးရှိတယ်၊ ထိခိုက်ဒဏ်ရာရရှိသူ ၂ဦးရှိတယ် ဆိုတဲ့ သတင်းတော့ ရပါတယ်ခင်ဗျ။

    RFA- ခင်ဗျားတို့ရွာသားတွေကို အစဉ်အလာအားဖြင့် ဘယ်လိုခေါ်ကြလဲဗျ။ ခင်ဗျားတို့က ရိုဟင်ဂျာတွေလား?
    ဖြေ- ကျွန်တော်တို့ရိုဟင်ဂျာမဟုတ်ဘူးခင်ဗျ။ ကျွန်တော်တို့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၈၀၀ ကျော် ၉၀၀ လောက်ကတည်းကပဲ အင်း AD ၈၀၀ လောက်ကတည်းပဲ အခြေချပြီး နေထိုင်လာခဲ့ကြတာ။ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံ အက်ဥပဒေအရလည်း ကျွန်တော်တို့ ဒီမှာ ကျွန်တော်တို့ လက်ရှိဒီမှာနေထိုင်တဲ့တွေသူ အားလုံးဟာ နိုင်ငံသားစီစစ်ရေး ကတ်ပြား ကိုင်ဆောင်ထားတဲ့သူတွေချည်းဖြစ်ပါတယ်ခင်ဗျ။

    RFA- ဟုတ်ကဲ့ အဲ့တော့ ခင်ဗျားတို့ ရိုဟင်ဂျာမဟုတ်ဘူး။ ခင်ဗျားတို့ကို နောက် ဘင်္ဂါလီလို့ခေါ်တာရော ဟုတ်လား?
    ဖြေ- ကျွန်တော်တို့ ဘင်္ဂါလီမဟုတ်ဘူးခင်ဗျ။ ကျွန်တော်တို့ နိုင်ငံသားစီစစ်ရေးကတ်ပြားမှာကိုယ်တိုင်ကိုယ်က လူမျိုး ကမန်၊ ကိုးကွယ်သည့်ဘာသာ အစ္စလာမ်ဆိုတာ အတိအလင်း သူတို့ နိုင်ငံတော်က ဖော်ပြထားပြီးသား ရှိပါတယ်ခင်ဗျ။ ကျွန်တော်တို့က ကမန်တိုင်းရင်းသားတွေပါခင်ဗျ။ အဓိကကျွန်တော်တို့လိုချင်တာကတော့ ငြိမ်းချမ်းရေးပါပဲခင်ဗျ။ ကျွန်တော်တို့က အားလုံးငြိမ်းငြိမ်းချမ်းချမ်းနဲ့ အေးအေးချမ်းချမ်းဖြစ်သွားဖို့ပဲ လိုချင်ပါတယ်ခင်ဗျ။ ကျွန်တော်တို့ ဘယ်ကိစ္စကိုမှ ကျွန်တော်တို့ အကြမ်းဖက်မှု ဆောင်ရွက်မှု လုပ်ငန်းကို စိတ်မ၀င်စားပါဘူးခင်ဗျ။-

  • ကျောက်နီမော်ကို ဖျက်ဆီးရန် ၇ခိုင် ၁၀၀၀ ကျော်ဝိုင်းထား၊ စစ်တပ်နှင့် ထိပ်တိုက်တွေ့နေ

    အောက်တိုဘာ ၃၀၊ ၂၀၁၂ (မနက် ၈း၀၀ နာရီ)
    M-Media
    သတင်း – ဇာဏီ

    ယနေ့ မနက် ၈ နာရီ ဆက်သွယ်ချက်အရ ယခု ကျောက်နီမော်ရွာနှင် ကပ်လျက် ကျောက်ထရံရွာကို မီးရှို့ဖျက်ဆီးရန် ရခိုင်အကြမ်းဖက်သမား ၁၀၀၀ ခန့် ရွာကို ဝိုင်းထားကြောင်းသိပါတယ်။
    ကျောက်ထရံရွာကို ရခိုင်အင်အား ၁၀၀၀ကျော် ဝိုင်းထားကြောင်း ၊ စစ်တပ်က လုံးဝအဝင်မခံကြောင်းနှင့် ရခိုင်အကြမ်းဖက်များကို နောက်ဆုတ်ရန်ပြောသောလဲ ၇ခိုင်များမှာလုံးဝနောက်ဆုတ်ဘဲ ရွာကိုသာဖျက်ဆီးရန် စစ်တပ်နှင့် ထိပ်တိုက်တွေ့နေကြောင်းသတင်းရရှိပါတယ်။

    “ကျောက်နီမော်ရွာရဲ့ အပြင်ဘက် တညင်ဗျိုင်ရွာနဲ့ မကျီးကုန်းဆိုတဲ့ ရခိုင်ရွာ ၂-ရွာရဲ့ ဆက်စပ်နေတဲ့ ကွင်းပြင်မှာ အခု ရခိုင်တွေ  စုနေကြပါတယ်။ စစ်တပ်ချထားပါတယ်။ စစ်တပ်က ပစ်တယ်။ ဒါပေမယ့် သူတို့တွေက ဆုတ်မသွားပါဘူး။ စစ်တပ်က မိုးပေါ်ထောင်ပစ်တာ များတယ်။ လူတွေထဲကိုတော့ ၂ချက် ၃-ချက်ဖြစ်ပါတယ်။ ကျောက်နီမော်မှာက မွတ်စလင်မ်ဦးရေ ကလေးရော လူကြီးရောပေါင်းရင် ၆၀၀၀-ကျော်ရှိပါတယ်။ ကျောက်နီမော်မှာ အတူတူနေခဲ့ကြတဲ့ ရခိုင်တွေဆိုရင် အရင်ကတည်းက မွတ်စလင်မ်တွေနဲ့ ဘာမှ မဖြစ်ခဲ့ကြဘူး။ အခုတော့ ကျောက်နီမော်ကို မီးရှို့မယ်ဆိုတော့ ကျောက်နီမော် မြောက်ပိုင်းက ရခိုင်စုနဲ့ ဇင်းကျန် ရခိုင်တွေက သူတို့ရဲ့ ပစ္စည်းတွေ၊ လုပ်ငန်းတွေကိုပါ ပြောင်းရွေ့သွားကြပြီ။ အခုတော့ မွတ်စလင်မ်တွေပဲ ကျန်တော့တယ်။ တော်တော်လေး စိတ်ပူနေရပါတယ်။ ကျွန်တော်တို့ကို ပြစ်မထားကြရန် ကူညီပေးကြပါလို့ ” M-Media ကို ပြောကြားသွားပါတယ်။

    မွတ်စလင်မ်အများစုနေထိုင်သည့် ကျောက်နီမော်ရွာကို ရခိုင်အကြမ်းဖက်သမားများက မီးရှို့ဖျက်ဆီးမည်ဟု သတင်းများကြားသိနေရသည့်အတွက် ကျောက်နီမော်ရွာနှင့် ဆက်သွယ်မေးမြန်းထားတာဖြစ်ပါတယ်။