News @ M-Media

Blog

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    လီဗာပူးလ်နှင့်ပွဲ ကြီးကျယ်သည့်အခိုက်အတန့်ဖြစ်မည်ဟု ပေါ့ဘာပြော

    လာမယ့်တနင်္ဂနွေနေ့ လီဗာပူးလ်နဲ့ ပရီးမီးယားလိဂ်ပွဲဟာ ‘ကြီးကျယ်တဲ့အခိုက်အတန့်တစ်ခု’ ဖြစ်လာမှာဖြစ်ပြီး ဒီအတွက် စိတ်တည်တည်ငြိမ်ငြိမ်ထားကြဖို့ မန်ယူကွင်းလယ်လူ ပေါလ်ပေါ့ဘာက အသင်းဖော်တွေကို တိုက်တွန်းလိုက်ပါတယ်။

    ပေါ့ဘာရဲ့သွင်းဂိုးနဲ့ မနေ့က ဘန်လေကို အနိုင်ရခဲ့တဲ့မန်ယူဟာ လီဗာပူးလ်ကို ၃ မှတ်ဖြတ်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ကာ ဒါဟာ ၈ နှစ်အတွင်း ပထမဆုံးပါ။

    လာမယ့် လီဗာပူးလ်နဲ့ပွဲဟာ ကောင်းမွန်တဲ့ပွဲတစ်ပွဲဖြစ်လိမ့်မယ်လို့လည်း ပေါ့ဘာက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    နည်းပြ ဆိုးလ်ရှားကလည်း ပြီးခဲ့တဲ့ ၃ နှစ်အတွင်း မယုံနိုင်စရာခြေစွမ်းတွေကိုပြခဲ့တဲ့ လက်ရှိချန်ပီယံ လီဗာပူးလ်နဲ့ပွဲအတွက် အဆင်သင့်ဖြစ်နေပြီလို့ ဆိုပါတယ်။

    ပရီးမီးယားလိဂ်တွင် ကိုဗစ်အနားပေးမှု ရှိမည်မဟုတ်

    အသင်းတစ်ချို့က ရာသီဝက် ၃ ပတ် အားလပ်ရက်ပေးဖို့ တောင်းဆိုတာကို လိုက်လျောမှာမဟုတ်ဘူးလို့ ပရီးမီးယားလိဂ် တာဝန်ရှိသူ​တွေကပြောပါတယ်။

    အင်္ဂလန်မှာ ကိုဗစ်ကူးစက်မှုမြင့်လာတာကြောင့် လော့ဒေါင်းချထားသလို ပရီးမီးယားလိဂ်အသင်းတစ်ချို့မှာလည်း ကိုဗစ်ကူးစက်မှုအရေအတွက် များလာပါတယ်။

    ဇွန်လမှာ ဥရောပချန်ဖလားပြိုင်ပွဲ ရှိတဲ့အတွက် ရာသီဝက် ၃ ပတ်အနားပေးလိုက်ရင် ရာသီအဆုံးသတ်ဖို့ ခက်ခဲမှာကို တာဝန်ရှိသူတွေက ထောက်ပြပါတယ်။ အစိုးရက ရပ်ခိုင်းမှသာ ရပ်သွားမယ်လို့ ဆိုပါတယ်။

    အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA က ကိုဗစ်ထိန်းချုပ်ရေး တင်းတင်းကြပ်ကြပ်ကိုင်တွယ်ရမယ့် စည်းမျဉ်းသစ်ကို ကလပ်အသင်းတွေထံ ပေးပို့ထားပါတယ်။

    Ref: BBC

  • တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    တစ်ပတ်အတွင်း သိပ္ပံနှင့် နည်းပညာသတင်းများ

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    Razor က ထုတ်သည့် နှာခေါင်းစည်း

    သမ္မတသစ်မတက်ခင် သတိဝီရိယဖြင့်နေကြရန် Amazon နှင့် Facebook က ဝန်ထမ်းများကို ညွှန်ကြား

    သမ္မတထရမ့်ကို ထောက်ခံသူတွေရဲ့ ရန်ပြုမှုကို ခံရနိုင်တဲ့အတွက်​ သတိ၀ိရိယနဲ့နေကြဖို့ Amazon နဲ့ Facebook တို့က သူတို့ရဲ့ဝန်ထမ်းတွေကို သတိပေးထားပါတယ်။

    ထရမ့်ကို ထောက်ခံသူတွေ အဓိကအသုံးပြုတဲ့ Parler အက်ပလီကေးရှင်းကို Amazon က သူ့တို့ဝဘ်ဆိုက်ကနေ ဖယ်ရှားခဲ့သလို၊ Facebook ကလည်း ထရမ့်အကောင့်ကို ဖယ်ရှားခဲ့ပါတယ်။

    ရာထူးကနေ လာမယ့်တစ်ပတ်မှာဆင်းရတော့မယ့် ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့် သူ့ကို ထောက်ခံသူတွေ ပြီးခဲ့တဲ့တစ်ပတ်မှာ လွှတ်တော်အဆောက်အဦးကို ဝင်စီးခဲ့ပြီး၊ အခုတစ်ပတ်မှာလည်း နိုင်ငံတစ်ဝှမ်း လက်နက်ကိုင် ဆန္ဒပြဖို့ စီစဉ်နေပါတယ်။

    Amazon က ဝန်ထမ်းတွေအနေနဲ့ သတိဝီရိယနဲ့ အလုပ်လုပ်ကြဖို့၊ လုပ်ငန်းခွင်မှာ ပုံမှန်မဟုတ်တဲ့ အခြေအနေတွေကြုံရင် ချက်ခြင်း သတင်းပို့ကြဖို့ ညွှန်ကြားထားပါတယ်။

    Facebook ကတော့ ကုမ္ပဏီတံဆိပ်ပါတဲ့ အင်္ကျီတွေ၊ အသုံးအဆောင်ပစ္စည်းတွေ မဝတ်ဖို့၊ အသုံးမပြုဖို့ ဝန်ထမ်းတွေကို တိုက်တွန်းထားပါတယ်။

    ကမ္ဘာ့အန္တရာယ်အကင်းဆုံး နှာခေါင်းစည်းကို Razer ထုတ်ပြ

    ကမ္ဘာ့အန္တရာယ်အကင်းဆုံးလို့ဆိုတဲ့ နှာခေါင်းစည်းကို ဂိမ်းကုမ္ပဏီ Razer က နည်းပြပွဲမှာ ထုတ်ပြလိုက်ပါတယ်။

    N95 တန်းဝင် ဒီနှာခေါင်းစည်းမှာသုံးထားတဲ့ စီလီကွန်ဟာ သက်တောင့်သက်တာရှိမှာဖြစ်ပြီး ပါးစပ်လှုပ်ရှားမှုကို မြင်တွေ့နိုင်ဖို့အတွက် ပါးစပ်နေရာမှာ ပလက်စတစ်အကာကို အသုံးပြုထားပါတယ်။

    သာမန်နှာခေါင်းစည်းတွေမှာ တွေ့ရတဲ့ စကားပြောဖို အဆင်မပြေတဲ့ ပြဿနာကို ဖြေရှင်းဖို့အတွက် မိုက်နဲ့ စပီကာလည်း နှာခေါင်းစည်းမှာ ထည့်သွင်းထားသလို လေသန့်စနစ်၊ လေအေးကို အနွေးပြောင်းပေးတဲ့စနစ်တွေ ပါဝင်ပါတယ်။

    ဒါပေမယ့် လေသန့်စနစ်မှာ အသုံးပြုထားတဲ့ဇကာ ဘယ်အချိန်မှာ လဲရမလဲဆိုတာကိုတော့ ထပ်မံ စမ်းသပ်ရအုံးမှာ ဖြစ်ပါတယ်။ အလင်းရောင်နည်းတဲ့အချိန် အလိုအလျောက်လင်းလာမယ့် မီးရောင်စုံစနစ်ကိုလည်း ဒီနှာ​ခေါင်းစည်းမှာ ထည့်သွင်းထားပါတယ်။

    အာကာသအခြေပြု မြန်နှုန်းမြှင့် အင်တာနက်စီမံကိန်းကို ဥရောပက အကောင်အထည်ဖော်မည်

    အာကာသမှာ ဂြိုဟ်တုကွန်ယက်တည်ဆောက်ကာ မြန်နှုန်းမြှင့် အင်တာနက်လိုင်းရရှိရေး စီမံကိန်းကို အရှိန်မြှင့်ဆောင်ရွက်သွားမယ်လို့ ဥရောပကော်မရှင်က ပြောပါတယ်။

    မြေပြင်က အခြေခံအဆောက်အဦး အခက်အခဲကြောင့် အင်တာနက်မရနိုင်တဲ့ဒေသတွေအတွက် ရည်ရွယ်တဲ့ ဒီစီမံကိန်းဟာ နောက်ပိုင်းမှာတော့ မောင်းသူမဲ့ယာဉ်တွေကို အထောက်အပံ့ပေးနိုင်တဲ့အထိ အဆင်မြှင့်မှာ ဖြစ်ပါကာ၂၀၂၄ ခုနှစ်မှာ စသုံးနိုင်ဖို့ရည်မှန်းထားပါတယ်။

    ဥရောပကော်မရှင် အာကာသအေဂျင်စီမှာ ဂြိုဟ်တုကွန်ယက်အသုံးပြုတဲ့ လမ်းကြောင်းပြစနစ် Galileo နဲ့ အကာကာသစူးစမ်းရှာဖွေရေး စီမံကိန်း Copernicus တို့လို ဧရာမ စီမံကိန်းတွေ ရှိနေပြီး အခု အာကာသအခြေပြု အင်တာနက်စနစ်ဟာ နိုင်ငံတကာအာကာသနယ်ပယ်မှာ ဥရောပရဲ့ ယှဉ်ပြိုင်နိုင်စွမ်းကို ပိုမိုမြင့်တက်စေမှာ ဖြစ်ပါတယ်။

    Ref: BBC

  • ကမ္ဘာ့လှည့်ခရီးသွားမြို့တော်ဖြစ်လာရေး နီအွန်တွင် ဆော်ဒီက မြို့ပြစီမံကိန်း ၆ ခုဖော်ဆောင်မည်

    ကမ္ဘာ့လှည့်ခရီးသွားမြို့တော်ဖြစ်လာရေး နီအွန်တွင် ဆော်ဒီက မြို့ပြစီမံကိန်း ၆ ခုဖော်ဆောင်မည်

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -ကမ္ဘာလှည့်ခရီးသွားမြို့ ဖြစ်လာရေးအတွက် ပင်လယ်နီက​မ်းနဖူးက နီအွန်မြို့မှာ အပန်း​ဖြေစီမံကိန်း အနည်းဆုံး ၆ ခုလောက် လုပ်ဆောင်သွားမယ်လို့ ဆော်ဒီအာရေဗျက အစိုးရက ပြောပါတယ်။

    နီအွမ်မြို့ဟာ နိုင်ငံအနောက်မြောက်ပိုင်း သဘူးက်ပြည်နယ်မှာ တည်ရှိတာပါ။ ကမ္ဘာလှည့်ရီးသွားမြို့တော်အဖြစ် ဖော်ဆောင်ရေးအတွက် မြို့ပြစီမံကိန်းတွေကို လက်ရှိမှာ ဆော်ဒီက အကောင်အထည် ဖော်နေပါတယ်။

    ဒီစီမံကိန်းအတွက် မဟာဗျူဟာ ချမှတ်ဖို့ လွန်ခဲ့တဲ့ ၃ နှစ်ကတည်းက ဆော်ဒီက စီမံခဲ့တာပါ။

    နီအွန်မြို့မှာ အနည်းဆုံး စီမံကိန်း ၅ ခုကနေ ၆ ခုအထိ ဖော်ဆောင်မှာဖြစ်ပြီး အရေးပါအဆုံးတစ်ခုက နောက်ဆုံးပေါ်နည်းပညာတွေကို အသုံးပြုပြီး သဘာ၀ပတ်ဝန်းကျင်ကို ၉၅ ရာခိုင်နှုန်း ကာကွယ်ပေးမယ့် မြို့သစ်စီမံကိန်း LINE ဖြစ်ပါတယ်။ LINE စီမံကိန်းကို အခုတစ်ပတ်စောပိုင်းမှာ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်ကိုယ်တိုင် ကြေငြာခဲ့ပါတယ်။

    နီအွန်က စီမံကိန်းတွေကို ဒေသတွင်းနဲ့ နိုင်ငံရပ်ခြားက ကုမ္ပဏီတွေ ပူးပေါင်းဆောင်ရွက်မှာ ဖြစ်ပါတယ်။ မြို့ပြစီမံကိန်းတွေအပြင် အပန်းဖြေစီမံကိန်း၊ စီးပွားရေးအချက်အခြာစီမံကိန်းတွေလည်း ပါဝင်မှာ ဖြစ်ပါတယ်။

    Ref: Arab News

  • ထရမ့်ကိုဖြုတ်ချရေး လွှတ်တော်၏ တိုက်တွန်းမှုကို ဒုတိယသမ္မတ လက်မခံ

    ထရမ့်ကိုဖြုတ်ချရေး လွှတ်တော်၏ တိုက်တွန်းမှုကို ဒုတိယသမ္မတ လက်မခံ

    ဇန်နဝါရီ ၁၃၊ ၂၀၂၀
    M-Media

    ဒုတိယသမ္မတ မိုက်ပန့်စ်

    -အခြေခံဥပဒေပြင်ဆင်ချက် ၂၅ ကို အသက်သွင်းပြီး သမ္မတထရမ့်ကို ဖယ်ရှားဖို့ အမေရိကန် လွှတ်တော်က တိုက်တွန်းခဲ့ပေမယ့် ဒုတိယသမ္မတ မိုက်ပန့်စ်က လက်မခံပါဘူး။

    ဒုတိယသမ္မတနဲ့ အစိုးရဝန်ကြီးတော်တော်များများက သမ္မတဟာ ပေးအပ်ထားတဲ့တာဝန်တွေကို ထမ်းဆောင်နိုင်စွမ်း မရှိတော့ဘူးလို့ ယုံကြည်ရင် အခြေခံဥပဒေ ပြင်ဆင်ချက် ၂၅ ကို အသက်သွင်းကာ ရာထူးကနေ ဖယ်ရှားဖို့ လွှတ်တော်ကို တောင်းဆိုနိုင်မှာ ဖြစ်ပါတယ်။ ထရမ့်ရဲ့ ရာထူးသက်တမ်းဟာ ၇ ရက်သာ ကျန်တော့တာပါ။

    ထရမ့်ရဲ့လှုံ့ဆော်မှုကြောင့် သူ့ကိုထောက်ခံသူတွေ လွှတ်တော်အဆောက်အဦးကို ဝင်စီးတဲ့အဖြစ်အပျက် ပြီးခဲ့တဲ့တစ်ပတ်မှာ ဖြစ်ပွားခဲ့ပြီးတဲ့နောက် လွှတ်တော်က ခြေခံဥပဒေပြင်ဆင်ချက် ၂၅ ဒါမှမဟုတ် လွတ်တော်အရဲ့ သမ္မတဖြုတ်ချခွင့်အာဏာကို အသုံးပြုပြီး ထရမ့်ကို ဖြုတ်ချဖို့ ကြိုးစားလာတာဖြစ်ပါတယ်။

    မနေ့ ကလွှတ်တော်အစည်းအဝေးမှာ ပြင်ဆင်ချက် ၂၅ ကို အသုံးပြုပြီး ထရမ့်ကိုဖယ်ရှားရေး ဒုတိယသမ္မတ မိုက်ပန့်စ်နဲ့ အစိုးရဝန်ကြီးတွေကို တောင်းဆိုတဲ့ ဆုံးဖြတ်ချက်တစ်ခုကို အတည်ပြုခဲ့ပါတယ်။ မိုက်ပန့်စ်က ဒီအခွင့်အာဏာကို သူ့အနေနဲ့ အသုံးပြုမှာမဟုတ်ဘူးလို့ အစောပိုင်းကတည်းက ပြောကြားထားပါတယ်။

    ထရမ့်ကတော့ ဒီလိုဖယ်ရှားမှုဟာ သူ့အတွက် ဘာအန္တရာယ်မှာ ရှိမှာမဟုတ်ဘဲ သမ္မတသစ် ဂျိုးဘိုင်ဒန်နဲ့ သူ့ရဲ့ အစိုးရအပေါ်သာ သက်ရောက်မှုရှိမယ်လို့ တုန့်ပြန်ပြောကြားခဲ့ပါတယ်။

    ‘ထကြွပုန်ကန်ဖို့ လှုံ့ဆော်တယ်’ ဆိုတဲ့စွဲချက်နဲ့ ထရမ့်ကို အယုံအကြည်မရှိအဆိုတင်သွင်းကာ ဖြုတ်ချဖို့ လွှတ်တော်က စီစဉ်နေပါတယ်။ ဒီအစီအစဉ်ကို ထရမ့်ရဲ့ ရီပက်ဘလစ်ကန်ပါတီက အမတ်တွေကလည်း ထောက်ခံဖို့ ရှိနေပါတယ်။

    အမေရိကန်အောက်လွှတ်တော် ဥက္ကဌ နန်စီပီလိုစီက လွှတ်တော်ကို ထရမ့်ထောက်ခံသူတွေ ဝင်ရောက်စီးနင်းမှုဟာ နိုင်ငံရဲ့သမိုင်းမှာ အမည်းစက်တစ်ခုအဖြစ် ရှိနေလိမ့်မယ်လို့ မနေ့မှာ ပြောကြားခဲ့ပါတယ်။

    Ref: Aljazeera

  • တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ?

    တရုတ်နိုင်ငံခြားရေးဝန်ကြီးရဲ့မြန်မာခရီးစဉ်မှာ ဘာတွေပြောခဲ့သလဲ?

    ဇန်နဝါရီ ၁၃၊ ၂၀၂၁
    M-Media

    -ကိုဗစ်တိုက်ဖျက်ရေးအတွက် မြန်မာနိုင်ငံကို ကာကွယ်ဆေး အလုံးရေ ၃ သိန်း အခမဲ့ပေးသွားမယ်လို့ မြန်မာနိုင်ငံကို အခုတစ်ပတ်အစောပိုင်းမှာ ရောက်​လာတဲ့ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက ကတိပြုခဲ့ပြီး၊ နယ်စပ်လုံခြုံရေး၊ နိုင်ငံရေး၊ စီးပွားရေး၊ Belt and Road စီမံကိန်း၊ ပြည်တွင်းငြိမ်းချမ်းရေး၊ ရိုဟင်ဂျာတွေနေရပ်ပြန်ရေး စတဲ့ ကိစ္စတွေကိုလည်း မြန်မာခေါင်းဆောင်တွေနဲ့ ဆွေးနွေးခဲ့ပါတယ်။

    ဝမ်ယီဟာ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့နဲ့ တွေ့ဆုံခဲ့တာပါ။

    ကိုဗစ်တိုက်ဖျက်ရေး မြန်မာအစိုးရရဲ့ လုပ်ဆောင်မှုတွေမှာ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဝမ်ယီက ပြောကြားခဲ့ပြီး တရုတ်နိုင်ငံထုတ် ကာကွယ်ဆေး အလုံးရေ ၃ သိန်း အခမဲ့ ပေးသွားမယ်လို့ ကတိပြုခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးလုပ်ငန်းမှာ တတ်နိုင်သမျှ ကူညီသွားမှာဖြစ်ပြီး ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ရေး မြန်မာနိုင်ငံရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့လည်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယီက မြန်မာခေါင်းဆောင်တွေနဲ့တွေ့ဆုံစဉ် ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    “အမျိုးသားရင်ကြားစေ့ရေး မြန်မာအစိုးရရဲ့ နှစ်မြှုပ်ဆောင်ရွက်မှုကို တရုတ်နိုင်ငံက ထောက်ခံအားပေးပြီး တတ်နိုင်တဲ့ အကူအညီတွေ ဆက်လက်ပေးသွားမှာဖြစ်သလို၊ နိုင်ငံတကာမျက်နှာစာမှာ တရားမျှတမှုရအောင်၊ မြန်မာနိုင်ငံရဲ့ ရသင့်ရထိုက်တဲ့ အခွင့်အရေးနဲ့ အကျိုးစီးပွားတွေ ကာကွယ်ပေးနိုင်အောင် ဆောင်ရွက်သွားပါမယ်”

    Belt and Road စီမံကိန်းရဲ့ အဓိကအစိတ်အပိုင်းတစ်ခုဖြစ်တဲ့ တရုတ်-မြန်မာ စီးပွားရေး စင်္ကြန်လမ်း တည်ဆောက်ရေးလုပ်ငန်း အရှိန့်မြှင့်ဆောင်ရွက်သွားဖို့ ဝမ်ယီက သမ္မတဦးဝင်းမြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ကို တိုက်တွန်းခဲ့ပါတယ်။

    “စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ မြန်မာပြည်သူတွေရဲ့ လူနေမှုဘ၀ တိုးတက်ရေး၊ စက်မှုလုပ်ငန်း အရှိန်မြှင့်ဆောင်ရွက်ရေး စတာတွေအတွက် မြန်မာအစိုးရသစ်ကို တရုတ်က ကူညီပံ့ပိုးပေးသွားမှာပါ။ တရုတ်-မြန်မာ စီးပွားရေးစင်္ကြန်လမ်း တည်ဆောက်ရေး သဘောတူညီချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့၊ စင်္ကြန်လမ်းရဲ့ အနောက်ပိုင်း၊ မြောက်ပိုင်းနဲ့ အရှေ့ပိုင်းတွေကို မြန်မြန်ဆန်ဆန်ဆက်သွယ်မယ့် သဘောတူညီချက်ကို ထိထိရောက်ရောက် အကောင်အထည်ဖော်ဖို့ နှစ်ဖက်စလုံးက ပူးပေါင်းဆောင်ရွက်သွားကြမယ်လို့ မျှော်လင့်ပါတယ်”

    သမ္မတ ဦးဝင်းမြင့်က ကိုဗစ်ကာကွယ်ဆေး ဖြန့်ဖြူးမှုမှာ ပူးပေါင်းဆောင်ရွက်ဖို့ စိတ်ဆန္ဒရှိသလို၊ ထိုင်ဝမ်၊ တိဘက်နဲ့ ရှင်ကျန်းတို့က တရုတ်အစိုးရရဲ့ ဆောင်ရွက်ချက်တွေကို ထောက်ခံတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံရဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုမှာ စင်ကာပူပြီးရင် တရုတ်နိုင်ငံက ဒုတိယအကြီးဆုံးဖြစ်ပါတယ်။

    ကျောက်ဖြူ ရေနက်ဆိပ်ကမ်း၊ နယ်စပ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုဇုန်၊ အငြင်းပွားနေတဲ့ ရန်ကုန်မြို့သစ်စီမံကိန်း အပါအဝင် အစိုးရရဲ့ ၅ နှစ်စီမံကိန်းက အဓိကလုပ်ငန်းတွေ အကောင်အထည်ဖော်ရေး ကူညီဖို့ ဆန္ဒရှိတယ်လို့လည်း ဝမ်ယီက နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့ပါတယ်။

    ဒေါ်အောင်ဆန်းစုကြည်ကလည်း စီမံကိန်းတွေ အလျင်အမြန်အကောင်အထည်ဖော်ရေး တရုတ်နိုင်ငံနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ ဆန္ဒရှိကြောင်း ပြောကြားခဲ့သလို၊ မြန်မာနိုင်ငံက လယ်ယာထက်ကုန်တွေ တရုတ်နိုင်ငံဖက် ပိုမိုတင်ပို့နိုင်ရေးလည်း ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာနိုင်ငံက တရုတ်ဖက်ကို တင်သွင်းတဲ့ စီးပွားရေးဟာ ကိုဗစ်ကပ်ရောဂါကြောင့် ထိခိုက်နေတာဖြစ်ပါတယ်။

    တရုတ်နိုင်ငံခြားရေး ဝမ်ယီဟာ မြန်မာနိုင်ငံကတစ်ဆင့် အင်ဒိုနီးရှား၊ ဘရူးနိုင်းနဲ့ ဖိလစ်ပိုင်နိုင်ငံတို့ကို သွားရောက်မှာ ဖြစ်ပါတယ်။

    Ref: Nikkei Asia, South China Morning Post