News @ M-Media

Blog

  • Grand Strategy

    Grand Strategy

    စက်တင်ဘာ၊ ၁၃ ၊ ၂၀၁၂

    M-Media

    လူမင်းဟန်

     

    မက်စီဒိုးနီးယန်း နန်းတော်ထဲမှာ ကြီးပြင်းခဲ့တဲ့ အဲလက်ဇန်းဒါး(356-322 B.C.) ဟာ သူများနဲ့ မတူတဲ့ လူငယ်တစ်ဦးဖြစ်ခဲ့ပါတယ်။ သူဟာ သာမန် ယောကျာ်းလေးတစ်ယောက် ၀ါသနာပါလေ့ရှိတဲ့ မြင်းစီးတာတို့၊ စစ်ပညာတို့ကိုလည်း ၀ါသနာ ပါပါတယ်။ သူ့ဖခင်နဲ့လည်း စစ်ပွဲတွေမှာ တိုက်ခိုက်ဘူးပါတယ်။ သတ္တိလည်းကောင်းပါတယ်။ ဒါပေမယ့် သူဟာ အတွေးအခေါ်ပညာနဲ့ စာပေကိုလည်း ၀ါသနာပါပါသေးတယ်။ သူ့ဆရာဟာ နာမည်ကြီး တွေးခေါ်ပညာရှင်ကြီး အရစ်တိုတယ် ပါ။အရစ်တိုတယ် ရဲ့ သင်ကြားမှု့အောက်မှာ အဲလက်ဇန်းဒါး ဟာ လောက ကို စိတ်ခံစားချက်ကင်းကင်း ကြည့်တတ်ပြီး နိုင်ငံရေးပညာ၊ သိပ္ပံပညာ စတာတွေကို လည်း ဆွေးနွေးလေ့ရှိပါတယ်။ အဲလက်ဇန်းဒါးမွေးတဲ့ အချိန်မှာ သူ့အမေ အိုလမ်းပီးယက်စ် ဟာ အာရုံတစ်ခုရပါတယ်။ သူ့သားဟာ တနေ့ ကမ္ဘာကြီးကို အုပ်စိုး မယ်ဆိုတာပါ။ အိုလမ်းပီယက်စ် ဟာ အဲလက်ဇန်းဒါးကို ငယ်ငယ်ကတည်းက သူရဲကောင်း အာခီးလီး ရဲ့အကြောင်းတွေကို အမြဲပြောလေ့ရှိသည်။ အိုလမ်းပီးယက်စ် ဟာ အခီးလီး  ရဲ့ အဆက်အနွယ်ပါ။ အဲလက်ဇန်းဒါးဟာ သူ့အမေကိုသိပ်ချစ်ပါတယ်။ သူ့အမေရဲ့ နိမိတ်ဖတ်မှု့ကိုလည်း သူ့ရဲ့ ရည်းမှန်းချက်အဖြစ်လက်ခံထားပါတယ်။ သူ့ကိုယ်သူလည်း ဘုရင့်သားတော် တစ်ဦးထက်ပို တယ်လို့ယူဆထားပါတယ်။

    အဲလက်ဇန်းဒါးဟာ မက်စီဒိုးနီးယားထီးနန်းရဲ့ အိမ်ရှေ့စံပါ။ သူ့ဖခင်ဖီလစ်ရဲ့ လက်ထက်မှာ မက်စီဒိုးနီးယားဟာ ပတ်ဝန်းကျင် ဒေသ တွေကို သြဇာလွှမ်းပါတယ်။ ဖီလစ်လက်ထက်မှာ မက်စီဒိုးနီးယား တပ်မတော်ဟာ ဂရိ တလွှားမှာ စွမ်းရည် အထက်မြတ် ဆုံး တပ်မတော် ပါ။ ဖီးလစ်ဟာ သီးဘ်စ်(Thebes) နဲ့ အေသင်(Athenes) ကို အနိုင်တိုက်ပြီး စပါတာ(Sparta)ကလွဲလို့ ကျန်တဲ့ ဂရိမြို့ပြ နိုင်ငံတွေ အားလုံးကို စုစည်းကာ ဟယ်လန်နစ်အဖွဲ့ အဖြစ် ဖွဲ့စည်းခဲ့ပါတယ်။ ဒါပေမယ့် 336B.C. မှာ ဖီလစ်လုပ်ကြံခံရပါတယ်။ ဖီးလစ် မရှိတော့တာနဲ့ အေသင် ဟာ ဟယ်လန်နစ်အဖွဲ့ကနေ ထွက်ပြီး မက်စီဒိုးနီးယားကို ပုန်ကန်ပါတယ်။ ကျန်တဲ့မြို့ပြနိုင်ငံတွေကလည်း မက်စီဒိုးနီးယားကို မလေးမစား လုပ်လာ ကြပါတယ်။ နိုင်ငံ မြောက် ဘက်က လူမျိုးစုတွေကလည်း ကျူးကျော်ဖို့ခြိမ်းခြောက်နေပါပြီ။ ဖီးလစ်တည်ဆောက်ခဲ့တဲ့ နိုင်ငံဟာ နေချင်းညချင်း ရန်သူတွေပတ်လည်ဝိုင်းတာ ခံနေရပါတယ်။ အခုမှ နန်းတက်လာတဲ့ အဲလက်ဇန်းဒါး ဟာလည်း အသက် ၂၀ ပဲ ရှိပါသေးတယ်။ လူအများစုက သူ့ကို ထီးနန်းအတွက် အဆင်သင့်မဖြစ်သေးဘူးလို့ ယူဆကြပါတယ်။ အလောတကြီး မလုပ်ဖို့၊ တပ်မတော်နဲ့ နိုင်ငံကိုဖြည်းဖြည်းချင်းပြန်လည်တည်ဆောက်ဖို့ အကြံပေးကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးကနားမထောင်ပါဘူး။  သူ့မှာ တခြားအကြံရှိပါတယ်။ အဲလက်ဇန်းဒါးဟာ ရန်သူတွေကို စည်းလုံးသွားဖို့အချိန်မပေးပဲ ချက်ချင်းပဲ တောင်ဘက်ကိုချီတက်ပြီး သီးဘ်စ် ကို ပြာပုံအတိဖြစ်အောင်ချေမှုန်းပစ်လေသည်။ ပြီးတာနဲ့ အေသင် ကိုချီတက်ပါတယ်။ အေသင်ဟာ ချက်ချင်းပဲ အညံ့ခံတဲ့အပြင် ဟယ်လန်နစ်အဖွဲ့ထဲကိုပါ ပြန်ဝင်ပါတယ်။

    အဲလက်ဇန်းဒါးဟာ ငယ်ပေမယ့် စွမ်းရည်အပြည့် ရှိကြောင်းကို ပြလိုက်တာပါပဲ။ သူ့ကိုလည်း လေးစားတဲ့သူတွေ ပိုများလာပါတယ်။ သူ့ကို သတ္တိရှိပြီး ခန့်မှန်းဖို့ ခက်တဲ့ ဘုရင်တစ်ပါး အဖြစ် အသိအမှတ်ပြုခဲ့ကြရပါသည်။ အဲလက်ဇန်းဒါးရဲ့ နောက်ရွှေ့တဲ့ အကွက်ဟာ ပိုပြီး ခန့်မှန်းရခက်ပါတယ်။ သူ့ရဲ့နိုင်ငံကို အင်အားတောင့်တင်းအောင် ပြင်ဆင်ရမယ့်အစား ဂရိတွေရဲ့ မဟာရန်သူဖြစ်တဲ့ ပါရှား အင်ပါယာကို ၀င်တိုက်ဖို့ပြန်ဆင်တာပါပဲ။ လွန်ခဲ့တဲ့ နှစ်၁၅၀ အရင်က ပါရှားတွေ ဟာ ဂရိကိုဝင်တိုက်ဘူးပါတယ်။ အခုလဲ ဂရိကိုအနိုင်ရရေးဟာ ပါရှားတွေရဲ့အိပ်မက် ပါ။ ဒီလို ပါရှားတွေရဲ့ ခြိမ်းခြောက်မှု့အောက်မှာ ဂရိတွေဟာ ဘယ်တော့မှ ငြိမ်းငြိမ်းချမ်းချမ်းမနေခဲ့ရပါဘူး။ နောက်တစ်ခုက ဂရိတွေရဲ့ ရေကြောင်းကုန်သွယ်ရေး ဟာ ပါရှား ရေတပ်ရဲ့အာဏာကြောင့် တိုးတက်သင့်သလောက်မတိုးတက်ပါဘူး။ 334B.C. မှာ အဲလက်ဇန်းဒါးခေါင်းဆောင်တဲ့ ဂရိစစ်သား ၃၅၀၀၀ဟာ နာဒါနယ်လာ ရေလက်ကြားကိုဖြတ်ပြီး ပါရှားအင်ပါယာရဲ့ အနောက်ဘက်ဆုံးအပိုင်းဖြစ်တဲ့ အာရှမိုင်းနား ကိုဝင်ရောက်ခဲ့ပါတယ်။ သူတို့ရဲ့ ပထမဆုံးစစ်ပွဲဖြစ်တဲ့ ဂရမ်းနီးကက်စ် တိုက်ပွဲမှာ ဂရိတွေ ပါရှားကို အနိုင်ရခဲ့ပါတယ်။ ဒါဟာ အိုလမ်းပီးယက်စ်ရဲ့ နိမိတ်ဖတ်မှု့ အတိုင်းဖြစ်လာတော့မယ်ဆိုတဲ့ ရှေ့ပြေးသင်္ကတပါပဲ။ အဲလက်ဇန်းဒါးရဲ့ စစ်သားတွေဟာ အရှေ့ဘက် ပါရှားအင်ပါယာ အတွင်းပိုင်းအထိ ထိုးဖောက်တိုက်ခိုက်ဖို့ မျှော်လင့်ကြပါတယ်။ ဒီတစ်ကြိမ်လည်း အဲလက်ဇန်းဒါးဟာ ဘယ်သူမှ မထင်ထားတဲ့အလုပ်ကိုလုပ်ပြန်ပါတယ်။ သူအရင်တုန်းက တစ်ခါမှ မလုပ်ဘူးတဲ့အလုပ်ပါ။ အဲဒါကတော့ အချိန်ယူတာပါပဲ။ ဒီလိုလုပ်တာဟာ သူပထမဆုံးအာဏာရလာတုန်းက လုပ်သင့်တဲ့အလုပ် လို့ထင် စရာပါ။ အခုတော့ ပါရှားတွေကို အင်အားပြန်လည်စုစည်းဖို့ အချိန်ပေးလိုက်သလိုဖြစ်သွားပါပြိ။

    ဒါပေမယ့် အဲလက်ဇန်းဒါးဟာ ဒီတစ်ကြိမ် အရှေ့ဘက်ကို မချီတက်ပဲ တောင်ဘက် အာရှမိုင်းနား ကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို တစ်ခုပြီးတစ်ခုသိမ်းပါတယ်။ နောက်ဆုံးအီဂျစ်အထိချီတက်သိမ်းပိုက်ပါတယ်။ အီဂျစ်မှာ ရှိတဲ့ အင်အားနည်းနေတဲ့ ပါရှားတပ်ကို အလွယ်တကူပဲ အောင်မြင်ခဲ့ပါတယ်။ အီဂျစ်တွေဟာ ပါရှားတွေကိုမုန်းနေတဲ့အတွက် အဲလက်ဇန်းဒါးကို ကယ်တင်သူအဖြစ်နဲ့ ကြိုဆိုကြပါတယ်။ အခု အဲလက်ဇန်းဒါးဟာ အီဂျစ်ရဲ့ကြွယ်ဝလှတဲ့ သီးနှံတွေကို ဂရိစစ်သားတွေ အတွက် ရိက္ခာအဖြစ်အသုံးပြုနိုင်တဲ့အပြင် တစ်ချိန်တည်းမှာလဲ ပါရှားတွေအတွက် အဖိုးတန်တဲ့ ရိက္ခာတွေ ဆုံးရှုံးစေလိုက် တာပါပဲ။ ပါရှား ရေတပ်မတော်ဟာ အဲဒီအချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံးနဲ့ တန်ခိုးအထက်မြတ် ဆုံး တပ်မ တော်ပါ။  ပါရှားစစ်ဆင်ရေး မစတင်မှီက အဲလက်ဇန်းဒါးကို ရေတပ်မတော်ထူထောင်ဖို့၊ ပါရှားတွေကို ရေကြောင်း ကြည်းကြောင်းကနေ ချီတက်တိုက်ခိုက်ဖို့ အကြံပေးခဲ့ ကြပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက ဒီအကြံကိုလက်မခံပါဘူး။ အာရှမိုင်းနားကမ်းရိုးတန်းတစ်လျှောက်မှာရှိတဲ့ ဆိပ်ကမ်းမြို့လေးတွေကို  သိမ်းပိုက်လိုက်တဲ့အတွက် ကြီးမားလှတဲ့ပါရှား ရေတပ်မတော် ဟာအသုံးပြုစရာဆိပ်ကမ်းမရှိတော့ပဲ အသုံးမ၀င် ဖြစ်သွားပါတယ်။

    ပါရှားဘုရင် ဒေးရီးယက်စ် ဟာ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက်မှာ အင်အားအပြည့်အစုံနဲ့ အဲလက်ဇန်းဒါးအလာကိုစောင့်နေပါတယ်။ ဒါပေမယ့် အဲလက်ဇန်းဒါးက မသွားပါဘူး။ သူ့ အင်ပါယာကြီးကို စနစ်တကျ အုပ်ချုပ်ဖို့ပြင်ဆင်ပါတယ်။ သူဟာ သူ့အင်ပါယာကို ပါရှားတွေအုပ်ချုပ်ခဲ့တဲ့စနစ်အတိုင်း ဆက်လက်အုပ်ချုပ်ပါတယ်။ ရထူးအဆင့်တွေကိုလည်း ပါရှားစနစ်အတိုင်း ဆက်လက်ထားရှိပါတယ်။ သူ့ရဲ့ ကြင်နာမှု့နဲ့ ရက်ရော မှု့သတင်းတွေကို လက်အောက်ခံနယ်မြေတွေမှာ  ပျံနှံအောင်လုပ်ပါတယ်။ ဒီလိုနည်းနဲ့ တမြို့ပြီးတစ်မြို့ မတိုက်ခိုက်ရပဲ အဲလက်ဇန်းဒါးရဲ့လက်အောက်ကိုရောက်လာပါတယ်။ နောက်ဆုံး 331B.C. ရောက်မှ ပါရှားစစ်တပ် တပ်စွဲထားတဲ့ တိုက်ဂရစ်မြစ်ရဲ့ အရှေ့ဘက် အာဘယ်လာ ကို ၀င်ရောက်တိုက်ခိုက်ခဲ့ ပါတယ်။ တကယ်တမ်းတော့ အဖိုးတန်လှတဲ့အီဂျစ်ကိုစွန့်လွှတ်လိုက်ရတာတွေ၊ ရေတပ်မတော်ကြီး အသုံးမ၀င်တော့တာတွေ၊ လက်အောက်ခံတွေရဲ့ ထောက်ခံမှု့မရတော့တာတွေကြောင့် ပါရှား အင်ပါယာကြီးဟာ ချုံးချုံးကြနေပါပြီ။ အာဘယ်လာအောင်ပွဲဟာ အဲလက်ဇန်းဒါးရဲ့ နှစ်ပေါင်းများစွာ ပြင်ဆင်လာတဲ့ ဗျူဟာရဲ့အောင်မြင်မှု့ကို အတည်ပြုလိုက်တာပါပဲ။ ဒီအချိန်မှာ အဲလက်ဇန်းဒါးဟာ တချိန်တုန်းက ကမ္ဘာပေါ်မှာ အင်အားအကြီးဆုံး၊ တန်ခိုးအထွားဆုံးဖြစ် ခဲ့တဲ့ ပါရှားအင်ပါယာကြီးကို အောင်နိုင်သူဖြစ်သွားပါတယ်။ သူ့မယ်တော်ဖတ်ခဲ့တဲ့နိမိတ်အတိုင်း အဲလက်ဇန်းဒါးဟာ အဲဒီအချိန်တုန်းက သိခဲ့တဲ့ကမ္ဘာတစ်ခုလုံးနီးပါးကို ထိန်းချုပ်နိုင်ခဲ့ပါတယ်။

    မဟာအဲလက်ဇန်းဒါးရဲ့ မဟာဗျူဟာတွေဟာ သူ့ရဲ့ မင်းမှု့ထမ်းတွေကို အံသြစေခဲ့ပါတယ်။ အစပိုင်းမှာ ဒါတွေဟာ ကျိုးကြောင်းမဆီလျှော်ဘူးလို့ ထင်စရာပါ။ ဂရိတွေဟာ နောက်ပိုင်းရောက်မှ အဲလက်ဇန်းဒါးရဲ့ အစီအမံတွေဟာ ဘယ်လောက် ထိရောက်တယ်ဆိုတာတွေ့လာကြပါတယ်။ သူတို့ နားမလည်နိုင်တဲ့အချက်က အဲလက်ဇန်းဒါးဟာ တွေးခေါ်နည်းအသစ်တစ်ခုကိုတီထွင်လိုက်တာပါပဲ။ ဒါကတော့ Grand Strategy လို့ခေါ်တဲ့ မဟာဗျူဟာပါပဲ။ ကျတော်တို့ဟာ
    အခုလက်ရှိဖြစ်ပျက်နေတာကိုကျော်လွန်ပြီးကြည့်တတ်ဖို့လိုပါတယ်။ ကျတော်တို့ အနာဂတ်မှာဘာလိုချင်တာလဲ၊ ဘာဖြစ်ချင်တာလဲ၊ ဘယ်လိုနေရာကို ရောက်ချင်တာလဲ ဆိုတာကို သေသေချာချာသိဖို့လိုပါတယ်။ ကျတော်တို့ရဲ့ ရည်မှန်းချက်ကို အခြေခံပြီး ဖြစ်ပျက်လာတဲ့ ပြသနာတွေ အခြေအနေတွေကို ရင်ဆိုင်သင့်ပါတယ်။ အဖြစ်အပျက်တစ်ခုချင်းကို မကြည့်ပဲအားလုံးကို ခြုံငုံ ကြည့်တတ်ဖို့လိုပါတယ်။ ကိုယ်လုပ်လိုက်တဲ့ အရာတခုဟာ ကိုယ့်ရဲ့ ရည်မှန်းချက်ကို နီးကပ်စေမဲ့အလုပ်လား၊ ဝေးသွားစေမဲ့အလုပ်လားဆိုတာ ချိန်ထိုးပြီးကြည့်တတ်ဖို့ပါ။

    အဲလက်ဇန်းဒါးဟာ ဒီလိုတွေးခေါ်တတ်မှု့ကို သူ့မယ်တော်နဲ့ သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့တာပါ။ သူ့မယ်တော်ဟာ ငယ်ငယ်ကတည်းက သူ့အတွက် ရည်မှန်းချက်ကို ပေးလိုက်ပါတယ်။ ကမ္ဘာကြီးကို စိုးမိုးဖို့။ သူ့အသက် သုံးနှစ်ကတည်းက နောက်လာမယ့်နှစ်သုံးဆယ်မှာ သူသွားရမယ့်နေရာကို မြင်ထားပြီးသားပါ။ စိတ်ခံစားမှု့တွေကိုထိန်းချုပ်တတ်ဖို့၊ အခြေအနေတွေကို အရှိအတိုင်းမြင်တတ်ဖို့၊ လက်ရှိအခြေအနေထက်ကျော်လွန်ပြီး အနာဂတ်ကို ကြိုတင်ကြည့်တတ်ဖို့ဆိုတဲ့ပညာတွေကို သူ့ဆရာ အရစ်တိုတယ်ဆီက ရခဲ့ပါတယ်။ အဲလက်ဇန်းဒါးရဲ့ စစ်ဆင်ရေးတွေကို သေချာလေ့လာကြည့်ရင် ဒါတွေကိုသိနိုင်ပါတယ်။ သီးဘ်စ် နဲ့ ပါရှားကို အချိန်မဆိုင်းပဲတိုက်ခိုက်တာဟာ သူ့စစ်သားတွေရဲ့စိတ်ပိုင်းဆိုင်ရာကို မြှင့်တင်ပေးတာရော၊ သူ့ကို မယုံကြည်သူတွေကိုသူ့အစွမ်းအစ ပြလိုက်တာရော ခဲတစ်လုံးနဲ့ ငှက်နှစ်ကောင်ကိုပစ်လိုက်တာပါ။ ပါရှားကို စစ်ပွဲဆင်နွဲတာဟာ ဂရိတွေကို ပေါင်းစည်းညီညွတ်အောင် လုပ်ဖို့ အကောင်းဆုံးနည်းလမ်းပါ။ ပါရှားထဲကို ရောက်သွားချိန်မှာတော့ အဲသလို အလျှင်အမြန် မပြုသင့်တော့ပါဘူး။ တကယ်လို့ဆက်လက် ချီတက်ခဲ့မယ်ဆိုရင် သူဟာ အချိန်တိုတိုလေးအတွင်းမှာ နယ်မြေအများကြီးကိုသိမ်းပိုက်မိ ပါလိမ့်မယ်။ အဲလောက်နယ်မြေအများကြီးကို နိုင်နင်းအောင်အုပ်ချုပ်နိုင်ဖို့ဆိုတာ မလွယ်ပါဘူး။ ကသောင်းကနင်းတွေဖြစ်လာနိုင်ပါတယ်။ ပုန်ကန်မဲ့သူတွေလည်းပေါ်လာနိုင်ပါတယ်။ ဒါကြောင့် အဲလက်ဇန်းဒါးဟာ သူသိမ်းပိုက်ထားတဲ့ နယ်မြေကလူတွေရဲ့ ချစ်ခင်မှု့ရအောင်၊ အုပ်ချုပ်ရေးစနစ်ကို တနစ်တကျ ရှိလာအောင် အရင်လုပ်ခဲ့ပါတယ်။ ရေတပ်တည်ဆောက်ဖို့ အတွက် ငွေတွေကုန်မဲ့အစား ပါရှား ဆိပ်ကမ်းမြို့တွေကို သိမ်းပိုက်လိုက်ခြင်းဖြင့် ပါရှားရေတပ်ကို သုံးမရအောင်လုပ်လိုက်တာဟာလဲ အဲလက်ဇန်းဒါးရဲ့ ပါရမီမြောက်တွေးခေါ်မှု့ပါပဲ။ ရှေ့လာမဲ့ စစ်ဆင်ရေးတွေအတွက် ရိက္ခာလုံလောက်စေဖို့ ကောက်ပဲသီးနှံ ပေါတဲ့ အီဂျစ်ကို အရင်သိမ်းလိုက်တာကလဲ သူ့ရဲ့ ကြိုတင်တွေးတောတတ်မှု့ပါ ပဲ။

    ကျတော်တို့ဟာလဲ ဘ၀မှာ အဲလက်ဇန်းဒါးလို တွေးခေါ်တတ်ဖို့လိုပါတယ်။ ပထမဆုံးအနေနဲ့  ကိုယ့်အရည်အချင်း ကိုယ့်အားသာချက်ပေါ်မူတည်ပြီးတော့ ဘ၀မှာ ဘာဖြစ်ချင်တယ်ဆိုတာကို သိအောင်လုပ်ပါ။  အဲဒီရည်မှန်းချက်ကို ရောက်ဖို့ အသေးစိတ် ကြိုတင်အကွက်ရိုက်ပြင်ဆင်ထားပါ။ အရစ်တိုတယ် ပြောသလိုပဲ ကိုယ့်ရဲ့ စိတ်ခံစားမှု့တွေကို တတ်နိုင်သမျှထိန်းချုပ်နိုင်အောင်ကြိုးစားပါ။ အရာရာအတွက်ကြိုတင်ပြင်ဆင်ထားပါ။ အလုပ်တစ်ခုလုပ်တော့မယ်ဆိုရင် “ဒီအလုပ်ဟာ ငါရောက်ချင်တဲ့ နေရာကို ရောက်စေနိုင်မလား၊ မရောက်နိုင်ဘူးလား”  ဆိုတဲ့ မေးခွန်းကို ကိုယ့်ကို ကိုယ်အမြဲမေး ပြီးကိုယ်သွားမဲ့လမ်းကြောင်းပေါ်အမြဲရှိနေအောင်ကြိုးစားပါ။ လမ်းချော်မသွားပါစေနဲ့။ အစဉ်အဆက်လက်ခံထား တဲ့ ဒါလုပ်သင့်တယ်၊ ဒါမလုပ်သင့်ဘူးဆိုတာတွေကို နားမရောင်ပါနဲ့။ ကိုယ်လုပ်တာကို သူများတွေ နားမလည်နိုင်တာဖြစ်ကောင်း ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စိတ်ရှည်ရှည်ထားပြီး ကိုယ်ရောက်ချင်တဲ့နေရာအတွက် ပြင်ဆင်ပါ။

  • ဘားအံတွင် အသက် ၇၄ နှစ်အရွယ် မွတ်စလင်မ် အဘိုးအိုအား နံရိုးကျိုးတဲ့ အထိ ရိုက်နှက်ကြ

    ဘားအံတွင် အသက် ၇၄ နှစ်အရွယ် မွတ်စလင်မ် အဘိုးအိုအား နံရိုးကျိုးတဲ့ အထိ ရိုက်နှက်ကြ

    စက်တင်ဘာ၊ ၅ ၊ ၂၀၁၂

    M-Media

    သတင်း- ဇာဏီ

    ဘားအံ ။    ။   ပြီးခဲ့တဲ့ စက်တင်ဘာလ ၅-ရက်နေ့က ဘားအံမြို့ပေါ်တွင် မနက်အစော ဗလီမှ ပြန်လာသော အသက် ၇၄-နှစ်အရွယ် အဖိုးအိုတစ်ဦးအား ဘုန်းကြီး ၃-ပါးက ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်မှုကြောင့် အဖိုးအိုမှာ ဒဏ်ရာများရရှိပြီး နံရိုးကျိုးကာ ဆေးရုံပေါ်တွင် ဝေဒနာပြင်းထန်စွာခံစားနေရကြောင်း သတင်းရရှိပါသည်။

    အဆိုပါဖြစ်စဉ်နှင့်စပ်လျဉ်း၍ ဘားအံမြို့ခံများထံ ဆက်သွယ်စုံစမ်းခဲ့ပါသည်။

    “အဖိုးအိုက ဘားအံကမဟုတ်ပါဘူး။ နှစ်ခြင်းရွာက ကရင်အမျိုးသားကြီးပါ။ ဘားအံမှာရှိတဲ့ သမီးဆီလာလည်တာ။ သမီးဆီလာလည်ရင်း မနက်အစော ဗလီကိုသွား ဘုရားဝတ်တက်ပြီးပြန်လာတဲ့အချိန် ဘုန်းကြီးတွေရဲ့ ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်တာကို ခံရတာပါ။ အဲဒီအချိန်က ဘုန်းကြီးတွေ ဆွမ်းခံကြွတဲ့အချိန်လည်းဖြစ်နေတယ်။ ဖြစ်တာက ဘုန်းကြီးတွေဆွမ်းခံထွက်တဲ့ အတန်းကိုဖြတ်ပြီး လမ်းကူးလို့လို့ပြောတယ်။ ဘုန်းကြီး ၃-ပါးက ၀ိုင်းထိုးနှက်ပြီးကန်ကျောက်ကြတာပါ။ အသက်အရွယ်ကလည်း ကြီးရင့်နေတော ၀ိုင်းဝန်းထိုးနှက်တဲ့ဒဏ်ကို မခံနိုင်ပဲ ဒဏ်ရာပြင်းထန်သွားတာ။ နံရိုးလည်းကျိုးသွားတယ်။ အဲလို ၀ိုင်းဝန်းထိုးနှက်ကြတာကိုမြင်တဲ့ မျက်မြင်သက်သေတွေလည်း ရှိပါတယ်။”

    “ဘားအံမှာ ဒီလိုဖြစ်ရပ်မျိုးဖြစ်နေတာ အခုမှမဟုတ်ဘူး။ အရင်ကလည်း ခဏခဏဖြစ်တယ်။ သီရိမဏ္ဍိုင်ကျောင်းတိုက်နဲ့ သရက်တောကျောင်းတိုက်က ဘုန်းကြီးတွေက အဲလိုခဏခဏလုပ်တယ်။ ထိုးနှက်ကန်ကျောက်ခံရသူတွေက ပြဿနာမကြီးစေလိုတာကြောင့် သည်းခံပြီးနေခဲ့ကြတာ။ ဒီတစ်ကြိမ် အဖိုးအိုကို ၀ိုင်းဝန်းထိုးနှက်ကန်ကျောက်ကြတာကတော့ အဆိုးဝါးဆုံး ဖြစ်ရပ်ပါပဲ။”

    “အခုထိတော့ ဘာမှ သေချာမသိရသေးဘူး။ ဒါပေမယ့် ရဲမင်းကြီးကတော့ အဖိုးအိုကို လာကြည့်သွားတယ်လို့ပြောတယ်။ အခုဖြစ်တဲ့ကိစ္စရပ်ကြောင့် ဘားအံမြို့ပေါ်မှာလည်း ပြဿနာ ရှုပ်ထွေးနေတယ်”လို့ ပြောကြားခဲ့ကြပါတယ်။

    ပြင်ဆင်ချက်၊   ။ မူလရရှိသည့် သတင်းတွင် အသက် ၈၅ နှစ်ဟု သိရပြိး ထပ်မံအတည်ပြုစုံစမ်းရရှိသည့် သတင်းများအရ အသက် ၇၄ နှစ်ဖြစ်သောကြောင့် ပြင်ဆင်ထားကြောင်းပါ။

  • တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို

    တူရကီက ရခိုင် ပြန်လည်ထူထောင်ရေး အကူအညီပေးရန် အသင့်ဟုဆို

    စက်တင်ဘာ၊ ၁၂၊ ၂၀၁၂

    Source: မဇ္ဈိမ

    စစ်တွေ (မဇ္ဈိမ) ။        ။ တူရကီနိုင်ငံသံအမတ်ကြီး Mr. HE . Murat Yavuz Ates ခေါင်းဆောင်သည့် အဖွဲ့ဝင် ၇ ဦးသည် ကြာသပတေးနေ့ နံနက်ပိုင်းက စစ်တွေမြို့သို့ သွားရောက်ပြီး ရခိုင်ပြည်နယ် အစိုးရအဖွဲ့နှင့် တွေ့ဆုံရာတွင် ရခိုင်ပြည်နယ် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများအတွက် လူအင်အား၊ ငွေအင်အားများဖြင့် ကူညီရန် အသင့်ရှိသည်ဟု ပြောဆိုခဲ့သည်။

    ရခိုင်ပြည်နယ် အစိုးရရုံး အစည်းအဝေး ခန်းမတွင် ပြုလုပ်သည့် တွေ့ဆုံဆွေးနွေးပွဲတွင် တူရကီ သံအမတ်က ပြောသွားခြင်းဖြစ်ပြီး ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်က ယာယီကယ်ဆယ်ရေးတဲများ အကူအညီပေးရန်ဆွေးနွေးခဲ့သည်။

    Mr. HE . Murat Yavuz Ates နှင့်အဖွဲ့သည် နေ့လည်ပိုင်းတွင်း ကျောက်ဖြူမြို့နယ် မင်းဂံရွာသို့ သွားရောက်ခဲ့ပြီး ရခိုင်ဒုက္ခသည်များအတွက် ဆန်အိတ် ၈၀ နှင့် ဆေးဝါးများ ထောက်ပံ့ ပေးအပ်ခဲ့သည်။ ယင်းအပြင် စစ်တွေမြို့နယ် သက္ကေပြင်ရွာရှိ ဒုက္ခသည်များအတွက်လည်း ဆန်အိတ် ၂၂၂၈ အိတ်နှင့် ဆေးဝါးများ ထောက်ပံ့ပေးခဲ့သည်။

    တူရကီ သံအမတ်နှင့်အဖွဲ့သည် ဗုဒ္ဓဟူးနေ့ နံနက်ပိုင်းတွင် လေကြောင်းခရီးဖြင့် စစ်တွေမြို့မှ ရန်ကုန်မြို့သို့ ပြန်လည် ထွက်ခွာလာပြီ ဖြစ်သည်။

    တူရကီ တူရကီ နိုင်ငံခြားရေးဝန်ကြီး Mr Ahmet Davutoglu ဦးဆောင်သည့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ကိုယ်စားလှယ်အဖွဲ့သည်လည်း သြဂုတ်လ ၁ဝ ရက်နေ့က ရခိုင်ပြည်နယ် စစ်တွေမြို့နယ်ရှိ ဘောဒူဘ (ရိုဟင်ဂျာ ဒုက္ခသည်စခန်း)နှင့် မူဆလင်များ နေထိုင်သည့် အောင်မင်္ဂလာရပ်ကွက်အပြင် ဆုတောင်းပြည့်ကျောင်းရှိ ရခိုင်မီးဘေးဒုက္ခသည်စခန်းများသို့ သွားရောက်လေ့လာခဲ့သေးသည်။

    ယခုလ ၈ ရက်နေ့ကလည်း အမေရိကန် လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Mr.Joe Yun၊ သံအမတ်ကြီး Mr DerekJ Mitchell ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး ဌာနေကိုယ်စားလှယ် Mr.Hans ten Feld တို့ ပါဝင်သော အဖွဲ့ဝင် ၁၁ ဦးပါ သံတမန်အဖွဲ့သည် မောင်တောမြို့နယ်ရှိ ဒုက္ခသည်စခန်းများ အခြေအနေကို သွားရောက်လေ့လာ ခဲ့သည်။

    မောင်တော မြို့နယ် မောရဝတီကျေးရွာတွင် အခိုင်အမာအိမ် ခြောက်လုံး၊ ရွက်ဖျင်တဲ ၁၂၂ လုံး ဆောက်လုပ်ထားပြီး အလယ်သံကျော် ကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု ၁၂၂ စု၊ လူဦးရေ ၄၆၃ ယောက်၊ ရွှေရင်အေး ကျေးရွာတွင် အခိုင်အမာအိမ် ၃၈ လုံး ယာယီ ရွက်ဖျင်တဲ ၇၉ လုံး ဆောက်လုပ်ထားသည်ဟု နိုင်ငံပိုင်သတင်းစာများတွင် အင်္ဂါနေ့ က ဖေါ်ပြထားသည်။

    ယင်းအပြင် မောင်တောမြို့ ၄ မိုင်စခန်းနှင့် ပရဟိတ ကယ်ဆယ်ရေးစခန်းတို့တွင်လည်း အိမ်ထောင်စု ၇၆ စုနှင့် လူဦးရေ ၂၆၆ ဦးတို့ နေထိုင်လျက်ရှိသည်ဟု သတင်းစာက ဖေါ်ပြထားသည်။

    ဇွန်လအတွင်း ဖြစ်ပေါ်ခဲ့သည့် ရခိုင်ပဋိပက္ခအတွင်း ၇၇ ဦးသေဆုံးခဲ့ပြီး စုစုပေါင်း လူနေအိမ် ၄,၈၂၂ လုံး၊ ဗလီ ၁၇ လုံး၊ ဗုဒ္စဘာသာ ဘုန်းတော်ကြီးကျောင်း ၁၄ ကျောင်းနှင့် စာသင်ကျောင်း သုံးကျောင်း မီးလောင်ပျက်စီးခဲ့သည်ဟု နယ်စပ်ရေးရာ ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး သိန်းဋ္ဌေးက ဇူလိုင်လ ၃၀ ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ပြောကြား ထားသည်။

  • မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

    မောင်သော်ကကိုထောင် အနှစ်(၂၀) ကျစေခဲ့တဲ့ တပ်မတော်ရေသို့ ပေးစာ (၁)စောင်

    M-Media

    မောင်လူငယ်

    5th August 88
    ရန်ကုန်
    ဗိုလ်မှူးကြီး သန်းညွန့်

    ပထမဆုံး ကိုယ်ရှင်းပြလိုတာက ဒီလှုပ်ရှားမှုကြီးမှာ (ဒီမိုကရေစီလှုပ်ရှားမှု) ကိုယ်ပါဝင်လာရတဲ့အကြောင်းရင်းကတော့

    (၁) ကျောင်းသားလူငယ်များ ပြည်သူအများ သွေးမြေကျ သေဆုံးရခြင်းကို မကြည့်ရက် မရှုရက်တော့လို့

    (၂) ကိုယ်ချစ်တဲ့ မြတ်နိုးတဲ့ တပ်မတော်ကို တိုင်းပြည်က လူသတ်သမား မုဒိမ်းဒမြ အဖြစ် မြင်လာပြီး အစဉ်အလာကောင်းတဲ့ တပ်မတော်ရဲ့ ဂုဏ်အသရေကို မညှိုးနွမ်းစေလိုတဲ့ စေတနာဘဲဖြစ်တယ်။ ကိုယ်မှာ ဒီစေတနာဘဲရှိပါတယ်။ သေဒဏ်လည်း ရှိမှာဘဲ။ အဲဒီတော့ ကိုယ်ဘာလုပ်သလဲဆိုတော့  ကျောင်းသားတွေ ရှေ့မှာ စာပေအနုပညာရှင်တို့ရဲ့ မျက်နှာကိုပြစေမဲ့ ခလေးတွေ နောက်ထပ်မသေကြရအောင် တပ်လဲ မျက်နှာ မပျက်အောင် ကိုယ် ၀င်ရပ်ခဲ့ပါတယ်။

    ကိုယ်ဟာ ကလေးတွေရဲ့ ကြားမှာ ကျောင်းသားနဲ့ အစိုးရ စေ့စပ်ဖြန်ဖြေရေးလို စွမ်းဆောင်နိုင်တဲ့ ဂုဏ်အင်္ဂါမျက်နှာ မရှိပါဘူး။ စွမ်းဆောင်နိုင်တဲ့သူတွေလည်း ထောင်ထဲရောက်နေတော့ ကိုယ် အောင်ဆန်းစုကြည်နဲ့ အကြိတ်အနယ်ဆွေးနွေးပြီး ခလေးတွေနဲ့ အစိုးရကြားမှာ (Mediator) ဖြန်ဖြေသူ အနေနဲ့ ၀င်ရပ်တည်ပေးဖို့ ဆွေးနွေးခဲ့ပါတယ်။ သူမှာလည်း ဘာနိုင်ငံရေး ရည်ရွယ်ချက်မရှိပါဘူး။ ကိုယ်ကအတင်းတိုက်တွန်း ဇွတ်ဆွဲဆောင်လို့ သဘောတူလက်ခံခဲ့တာပါ။ ကျောင်းသားထုတွေ သိပ်မျှော်လင့်တောင့်တနေတဲ့ ဖြန်ဖြေသူအဖြစ် သူမကို ကိုယ်ရှာဖွေတင်ပေးခဲ့ခြင်းပါ။

    ဒီနေ့ ကိုယ်ဘာဖြစ်နေသလဲ။ သူငယ်ချင်း တပ်က အောင်ဆန်းစုကြည်ကို သူတို့ရဲ့ ရန်သူအဖြစ် သတ်မှတ်ပြီး လုပ်ကြံ့သတ်ဖြတ်ဖို့ အဲဒီမှာ ကိုယ်ကိုလည်း (Target) အဖြစ်သတ်မှတ်ပြီး (Death Squal) တွေနဲ့ စီစဉ်နေကြပါတယ်။ ကိုယ်မသေချင်သေးပေးမဲ့ မှန်ကန်တဲ့လုပ်ရပ်အတွက် သေရမှာ မကြောက်ပါဘူး။

    ခု တပ်တွင်းမှာ အာဏာကို ဆုပ်ကိုင်ထားလိုတဲ့ အာဏာရူးတစုက လက်နက်အားကိုးနဲ့ အကြမ်းဖက် အာဏာသိမ်းဖို့ စီစဉ်နေကြပါတယ်။ တိုင်းပြည်မှာ သွေးချောင်းစီးတော့မှာကို သိပ်ကြောက်ပါတယ်။ သူတို့အချင်းချင်းလည်း စိတ်ဝမ်းကွဲနေကြပါတယ်။ တိုင်းပြည်နဲ့ လူမျိုးအကျိုးကိုသာ ကြည်သူနဲ့ ကိုယ်ကျိုးနဲ့ ကိုယ်ကျိုးရဲ့ ကွင်းဆက်ဖြစ်တဲ့ပါတီရဲ့ အကျိုးကိုသာ ကြည်သူလို့ ၂စုကွဲနေတယ်။

    အဲဒီတော့ ကိုယ်အနူးအညွတ် တောင်းပန်လိုတာကတော့ ပေါက်ကွဲပေါ်ထွက်လုဆဲဆဲဖြစ်တဲ့ ကြောက်စရာကောင်းတဲ့ အာဏာလုပွဲမှာ ကိုယ်ချစ်တဲ့ မောင်ရင်တို့ ရေတပ်က အနည်းဆုံးအားဖြင့် (Policy of non – cooperation) ပူးပေါင်းမပါဝင်ရေးဆိုတဲ့ ရပ်တည်ချက်ကို စွဲစွဲမြဲမြဲ ဆုပ်ကိုင်ပေးကြပါ။ ကိုယ်တောင်းဆိုနေတာက open revolt သော်လည်းကောင်း muliny သော်လည်းကောင်း မဟုတ်ပါ။ တိုင်းပြည်ကို ညှာကြဘို့ အလေးအနက် တောင်းပန်ခြင်းပဲ ဖြစ်ပါတယ်။

    ကိုယ့်သဘောထားဟာ ပြည်သူ့လူထုကြီးရဲ့ သဘောထား၊ အောင်ဆန်းစုကြည်ရဲ့ သဘောထားပါ။ အောင်ဆန်းစုကြည် နိုင်ငံရေးအာဏာကို ယူဖို့ မရည်ရွယ်ဘူးဆိုတာ ကိုယ် ရဲရဲကြီး အာမခံပါတယ်။ လောလောဆယ် ကျောင်းသားတွေလည်း အကြမ်းမဖက်ကြဖို့၊ အစိုးရကလည်း တပ်အားကိုးနဲ့ နောက်ထပ်လူမသတ်ကြဖို့ ဦးတည်ဆောင်ရွက်နေခြင်းပါ။ ဒီမိုကရေစီရေးတို့ ဘာတို့က နောက်မှထား၊ တိုင်းပြည်သွေးချောင်းစီးမှာကို မောင်ရင်တို့လည်းမြင်ရက် ကြမှာ မဟုတ်ဘူးလို့ ကိုယ်ယုံကြည်ပါတယ်။ ဗိုလ်မှူးကြီး ၀င်းရှိန်တို့ကိုလည်း ကိုယ်သဘောထားကို ဆွေးနွေးကြည့်ပါ။ မောင်ရင်တို့ရဲ့ လုံခြုံရေးကို ထိခိုက်တယ်ဆိုရင်တော့ ကိုယ်ထပ်မတိုက်တွန်းချင်ပါဘူး။ ရေတပ်ဌာနချုပ်မှူး၊ စစ်ဦးစီမှူးတို့ဟာ အများကြီး အကူအညီပြုနိုင်တဲ့သူတွေပါ။ ကိုယ်အနူးအညွတ် ထပ်လောင်းမေတာရပ်ခံပါတယ်။ သူငယ်ချင်း ဒီစာကို မီးရှို့ဖျက်ဆီးပစ်လိုက်ပါ။ နိုင်ဦးက တဆင့်သော်လည်းကောင်း သန်းကျော်ဌေးက တဆင့်သော်လည်းကောင်း ရေတပ်ရဲ့ သဘောထားလေး၊ မောင်ရင်ရဲ့သဘောထားလေး သိပါရစေ။ ကိုယ်လျှို့ဝှက်ထားပါမယ်။ သိပ်အရေးကြီးနေတယ် သူငယ်ချင်း

    ကျန်းမာရွှင်လန်းပါစေ

    မောင်သော်က (ခ) ဗိုလ်မှူးဟောင်း ဘသော်

    (ဒီစာမှာ ကျနော်အဘိုးဟာ တိုင်းပြည်အတွက် အများအကျိုးအတွက် ရေးသားပေးခဲ့တာပါ။ တပ်မှာ အာဏာသိမ်းမှာရယ် ကျောင်းသားများနဲ့ ပြည်သူကို သတ်ဖြတ်မှာကို ကြိုသိပြီး မြင်ခဲ့တယ်။ ဒါကို န၀တအစိုးရက တပ်မတော်ကိုဖြိုခွဲတယ်ဆိုပြီး ၁၉၅၀ အရေးပေါ်အက်ဥပဒေ ပုဒ်မ ၅ နဲ့ ထောင် အနှစ် ၂၀ ကျခံခဲ့ရတယ်။) မောင်လူငယ်

     

     မောင်သော်က (ခေါ်) ဗိုလ်မှူး ဘသော်အကြောင်း ပိုစ်များဖတ်ရန်။

  • ရခိုင်ဒုက္ခသည်များ ထောက်ပံ့ရေး အင်ဒို ကြက်ခြေနီနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မည်

    ရခိုင်ဒုက္ခသည်များ ထောက်ပံ့ရေး အင်ဒို ကြက်ခြေနီနှင့် မြန်မာ ပူးပေါင်းဆောင်ရွက်မည်

    စက်တင်ဘာ ၈ ၂၀၁၂

    M-Media
    ရန်ကုန်၊

    အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာ မှ ရခိုင်ပြည်နယ်သို့ ပို့ဆောင်မည့် ကူညီထောက်ပံ့ရေး ပစ္စည်များကို အင်ဒိုနီးရှားလေဆိပ်တွင် စစ်ဆေးနေစဉ် (သြဂုတ်လ၊ ၂၆)
    ဓါတ်ပုံ-The Jakarta Post

    ရခိုင်ပြည်နယ်ရှိ ပြည်သူများအား ကူညီထောက်ပံ့ရာတွင် မြန်မာကြက်ခြေနီအသင်းနှင့် အင်ဒိုကြက်ခြေနီ အသင်းတို့ ပူးပေါင်းလုပ်ဆောင်မည်ဟု သိရသည်။

    ယင်းသို့ အမျိုးသားအသင်း နှစ်သင်း ပူးပေါင်း ဆောင်ရွက်မှု စာချွန်လွှာကို မြန်မာကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေ နှင့် အင်ဒိုနီးရှား ကြက်ခြေနီအသင်း ဥက္ကဋ္ဌ မစ္စတာယူစွတ်ကာလာတို့ စက်တင်ဘာ ၈ ရက်က လက်မှတ်ရေးထိုးခဲ့ခြင်း ဖြစ်သည်။
    အင်ဒိုနီးရှား ကြက်ခြေနီအသင်းသည် မြန်မာ့ကြက်ခြေနီ အသင်းသို့ ရခိုင်ပြည်နယ်ရှိ ကယ်ဆယ်ရေးစခန်းများ၌ ထိခိုက်ခံစားခဲ့ရသော ပြည်သူများအတွက် လုံချည် အထည် တစ်သောင်း၊ တစ်ကိုယ်ရေသုံး ပစ္စည်းအစုံ ငါးရာ၊ စောင်အထည် သုံးထောင်ပါဝင်သော အလေးချိန် ခုနစ်ထောင် နှစ်ရာ့တစ်ကီလိုဂရမ်ရှိ ကယ်ဆယ်ရေးပစ္စည်း များ လှူဒါန်းထားပြီး ၄င်းအနက်မှ တချို့တစ်ဝက်ကို စက်တင်ဘာ ၁ ရက်က စစ်တွေမြို့ရှိ ကယ်ဆယ်ရေး စခန်းများသို့ ဖြန့်ဝေခဲ့ပြီးဖြစ်သည်။ ဆက်လက် ဖြန့်ဝေရန် လည်း စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။

    ”ရခိုင်ပြည်နယ်ရှိ ပြည်သူအားလုံးကို လူမျိုး၊ ဘာသာ မခွဲခြားဘဲ လိုအပ်ချက်ပေါ် မူတည်ပြီး ထိခိုက်ခံရသူ အားလုံးကို ထောက်ပံ့သွားမှာ ဖြစ်တယ်” ဟု မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းဥက္ကဋ္ဌ ဒေါက်တာသာလှရွှေက ပြောသည်။

    ရခိုင်ပြည်နယ်တွင်း မငြိမ်သက်မှုများ စတင်ခဲ့သည့် ဇွန်လ အစောပိုင်းကတည်းက မြန်မာနိုင်ငံ ကြက်ခြေနီအသင်းသည် ဘေးအန္တရာယ် ကျရောက်လွယ်သော မြို့နယ် များရှိ ပြည်သူများအား ရှေးဦးပြုစု ခြင်း၊ သန့်ရှင်းသော သောက်ရေသန့် ရရှိရေး၊ စိတ်ပိုင်းဆိုင်ရာ အားပေးကူညီခြင်း၊ ကျန်းမာရေး အသိပညာပေးခြင်းနှင့် အစား အသောက်၊ တာပေါ်လင်၊ စောင်၊ မီးဖိုဆောင်ပစ္စည်း အစရှိသည့် ကယ်ဆယ်ရေး ပစ္စည်းများအား ထောက်ပံ့ပေးခဲ့သည်။

    ယင်းအပြင် မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းအနေဖြင့် မိသားစု ပြန်လည် ဆက်သွယ်ပေးရေး ဝန်ဆောင်မှုမှတစ်ဆင့် မငြိမ်သက်မှုကြောင့် မိသားစုနှင့် ကွဲကွာနေသော ကလေးများနှင့် လူငယ်များအား မိသားစုနှင့် ပြန်လည် အဆက်အသွယ်ရအောင် ဆောင်ရွက်ပေးခဲ့သည်။
    စစ်တွေတွင် ဒုက္ခသည် စခန်း ၁၃ ခုရှိပြီး ဒုက္ခသည် ၆၃၈၁၉ ဦး နေထိုင်လျက်ရှိကာ မောင်တောတွင် ဒုက္ခသည် ရွှေ့ပြောင်းဒုက္ခသည် စခန်းခုနစ်ခုတွင် နေထိုင်သူမှာ ၂၂၈၆ ဦးရှိကြောင်း နိုင်ငံပိုင် သတင်းစာတွင် ဖော်ပြထားသည်။

    ချစ်ဆုဆွေ

    Source: ပေါ်ပြူလာ