News @ M-Media
Blog
  • ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန
    ဆရာကြီး ဝမ်းအိုဝမ်း ကျော်ဝင်းမောင်၏ ဈာပန
    စက်တင်ဘာ၊ ၂၄ ၊ ၂၀၁၂
    M-Media
    ဆရာကြီး ရဲ့ ဈာပနကို လိုက်လံပို့ဆောင်သူများ
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
    ရန်ကုန်။     ။ မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းစဉ်က လေထီးတပ်သားတဦးအဖြစ် ပါဝင်ခဲ့သူ စာရေးဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် (၉၃) နှစ်သည် ၂၃ ရက်ည ၁၀ နာရီ ၄၅ မိနစ်ခန့်တွင် သာကေတ နေအိမ်၌ ကွယ်လွန်သွားရာ အစ္စလာမ်ဘာသာ ထုံးတမ်းစဉ်လာနှင့်အညီ၂၄ ရက် နေ့လည် ၃ နာရီတွင် သံလျင်မြို့ ဒါရ်ဂါ သူတော်စင်ဗိမ္မာန်တွင် သင်္ဂြိုလ်သည်။
    အဆိုပါ ဈာပနအခမ်းနားသို့ မြန်မာမွတ်စလင်မ်ကွန်ယက်မှ မြန်မာမွတ်စလင်မ် ခေါင်းဆောင်တဦး ဖြစ်သူ ဒေါက်တာမြင့်သိန်း (ငြိမ်းချမ်းလုလင်) ၊ ရွှေဝါရောင် သံဃာအရေးလှုပ်ရှားမှု ဦးဆောင်ခဲ့သော သံဃာတော်များ၊ အမိမြေ ငြိမ်းချမ်းရေး မစ်ရှင်မှ ကိုမိုးသီးဇွန်နှင့် အဖွဲ့ဝင်များ၊ NLD ပါတီဝင်များ၊ နှင့်  ဆရာကြီး၏ သားတပည့်များ၊ အစ္စလာမ်ဘာသာဝင်များ၊ ဆရာကြီး၏ လုပ်ဖော်ကိုင်ဘက် နိုင်ငံရေးသားများ က ဆရာကြီး၏ နောက်ဆုံးခရီးကို လိုက်လံ နှုတ်ဆက်ပို့ဆောင်ခဲ့ကြပါသညည်။
    ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားသို့ လိုက်လံပို့ဆောင်ခဲ့ကျသည့် သံဃာတော်များ၊ ဧည့်ပရိတ်သတ်များ
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
    ဆရာကြိးဝမ်းအိုဝမ်း ကျော်ဝင်းမောင်နှင့် ဂျပန်ခေတ် ဗိုလ်သင်တန်းကို အတူတူ တက်ရောက်ခဲ့သည့် အမျိုးသား ဒီမိုကရေးစီ အဖွဲ့ချူပ် နာယက သူရ ဦးတင်ဦး ( ကာကွယ်ရေး ဦးစီးချူပ်ဟောင်း) မှ ယနေ့နံနက်တွင် ကျန်ရစ်သူ မိသားစုကို သွားရောက်အားပေးစကားပြော ကြားခဲ့ကြောင်း သတင်းရရှိပါသည်။
    ဆရာကြိးဝမ်းအိုဝမ်း ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင် (ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့ (ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံ စာပေပညာရှင် တစ်ယောက်ဖြစ်သည်။
    ဆရာကြိး ဝမ်းအိုဝမ်း ကျော်ဝင်းမောင် ဈာပနာအခမ်းအနားတွင် ဒေါက်တာမြင့်သိန်း( မြန်မာမွတ်စလင်မ် ကွန်ယက်) မှ ဝမ်းနည်းကြောင်း ပြောကြားစဉ်
    ဓါတ်ပုံ ( ဗမာမွတ်စလမ် လူငယ်များ ကွန်ယက်)
  • ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၃)
    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၃)
    စက်တင်ဘာ၊ ၂၅၊ ၂၀၁၂
    M-Media
    Dr.Aung Maw
    တချိန်က အာရှထိပ်တန်း တက္ကသိုလ်ဖြစ်ခဲ့တဲ့ ရန်ကုန်တက္ကသိုလ် (Photo – Google)
    ၁။ အရှေ့တောင်အာရှတွင် အစဉ်အလာရှိခဲ့သော ရန်ကုန်တက္ကသိုလ်
    မြန်မာနိုင်ငံတော် သမ္မတ ဦးသိန်းစိန်အား၊ တရုတ်နိုင်ငံ ယန်လင်းစိုက်ပျိုးရေးနှင့် သစ်တောတက္ကသိုလ်က မြန်မာနိုင်ငံ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးနှင့် ဆင်းရဲနွမ်းပါးမှု ပပျောက်ရေး ကြိုးပမ်းအားထုတ်မှုများကြောင့် ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ကို စက်တင်ဘာလ ၁၉ ရက်နေ့က ပေးအပ်ခဲ့ကြောင်း ကြားသိရပါသည်။
    အကယ်၍ နိုင်ငံတကာ အလွှာအသီးသီးမှ ထူးချွန်ထက်မြက်သော ခေါင်းဆောင်အသီးသီးအား နိုင်ငံအချင်းချင်း၊ တက္ကသိုလ် အချင်းချင်း အပြန်အလှန် ရင်းနှီးမှုရစေရန်ကို ရှေ့ရှု၍ ဂုဏ်ထူးဆောင် ဒေါက်တာဘွဲ့ချီးမြှင့်ချင်ပါက မြန်မာနိုင်ငံတွင် သမိုင်းအစဉ်အလာရှိသော၊  ဂုဏ်သတင်းကြီးသော တက္ကသိုလ်များ မရှိပါသဖြင့် အစဉ်အလာနှင့် ဂုဏ်သတင်းကြီးမားခဲ့သော ရန်ကုန်တက္ကသိုလ်ကို ပြန်လည်စည်ကား အသက်ဝင်အောင် လုပ်ဆောင်မည့်အပြင် ပညာရေးတက္ကသိုလ်၊ စီးပွားရေးတက္ကသိုလ်၊ စက်မှုတက္ကသိုလ်နှင့် ဆေးတက္ကသိုလ် အသီးသီးကိုလည်း နိုင်ငံတကာအဆင့် မှီအောင်ကြိုးပမ်းပါမည်။
    ကမ္ဘာ့ အဆင့်မှီ သင်ရိုးညွှန်းတမ်းများနှင့် Teaching Methodology များအတွက် တာဝန်ရှိမည် ဖြစ်သော ရန်ကုန်တက္ကသိုလ် အဓိပတိ (Chancellor) တစ်ဦးကို ဒီမိုကရေစီနည်းအရဖြစ်စေ၊ အမှန်တကယ် အရည်အချင်း ရှိသူကိုဖြစ်စေ  ရွေးချယ်နိုင်ရေးအတွက် လိုအပ်သော Rule & Regulation များကိုလည်း ရေးဆွဲပေးပါမည်။ Rector ကို Chancellor နှင့် အစားထိုးခြင်းဖြင့် တက္ကသိုလ် ပရဝုဏ်ရှိ အဓိပတိလမ်းမဟူသော အမည်သညာက ပို၍ အဓိပ္ပါယ်ရှိလာပါလိမ့်မည်။
    ရန်ကုန်တက္ကသိုလ် (ပင်မ)နှင့် များမကြာမီ ပြန်လည်တည်ဆောက်မည့် ကျောင်းသားသမဂ္ဂ အဆောက်အအုံတို့၏ (Custodian) ထိန်းသိမ်းစောင့်ရှောက်သူများအဖြစ် ကျွန်ုပ် (သမ္မတ ရာထူး)နှင့် ဒေါ်အောင်ဆန်းစုကြည် (အဓိက အတိုက်အခံ ပါတီ ဥက္ကဌ ရာထူး) တို့ကတာဝန်ယူပြီး အဖက်ဖက်က ကမ္ဘာ့အဆင့်မှီယုံမက အစဉ်အလာရှိသော တက္ကသိုလ် တစ်ခုအဖြစ် ပြန်လည်ပေါ်ထွက်လာအောင် ဆောင်ရွက်ပါမည်။ အဆောက်အအုံကိုသာ ကျွန်ုပ်တို့ ထိန်းသိမ်းစောင့်ရှောက်ပြီး သမဂ္ဂ၏ လုပ်ငန်းများနှင့် ဆုံးဖြတ်ချက်များသည် လွတ်လပ်စေရပါမည်။
    Power Balance အတွက်သာ ကျွန်ုပ်ပါဝင်ခြင်းဖြစ်ပြီး Custody လုပ်ငန်းအများစုကို ဒေါ်အောင်ဆန်းစုကြည်ကိုသာ ဦးဆောင်စေခြင်းဖြင့် ကမ္ဘာကလက်ခံသော တက္ကသိုလ်ကြီးတစ်ခု အမြန်ဆုံး ပေါ်ထွက်လာမည်ဟု ကျွန်ုပ်အနေဖြင့် ယုံကြည်ပါသည်။
    ၂။ ကျောင်းသားသမဂ္ဂကို ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင်ဖြစ်စေမည့် ကမ္ဘာ့သမိုင်း စာမျက်နှာအသစ်ကို ကျွန်ုပ်ရေးပါမည်။
    ၈၈၈၈ အရေးအခင်းဟု နဝတ သတင်းစာများတွင်နှိမ့်ချသမုတ်ခဲ့ပေမဲ့ လက်တွေ့မှာတော့ ၈ လေးလုံး ဒီမိုကရေစီ အရေးတော်ပုံ ကြီးကိုဦးဆောင် ဦးရွက် ပြုခဲ့ကြတဲ့ ကိုမင်းကိုနိုင်ဦးဆောင်တဲ့ ၈ လေးလုံးကျောင်းသားခေါင်းဆောင်တွေကို နိုင်ငံတော် အဆင့် စုံစမ်းရေးကော်မရှင်မှာ ထဲ့သွင်းအသုံးချ  ပွဲထုတ်ပေးရတဲ့ အခြေအနေ၊ အဆင့်ကို ရောက်နေပါပြီ။
    သွားလေသူ မဆလ နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင်ကလည်း ဗိုလ်ချုပ်ကြီး နေဝင်းအစိုးရ ဖြိုချဖျက်ဆီးခဲ့တဲ့ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကြီးကို ပြန်လည်တည်ဆောက်တဲ့အခါ ပျော်ပျော်ပါးပါး အုတ်မြစ်ချကြရအောင်လို့ နိုင်ငံအခြေပြ မိန့်ခွန်းမှာ ပြောခဲ့ဘူးပါတယ်။
    ၈ လေးလုံးကျောင်းသားတွေကိုတောင် အသိအမှတ်ပြုနေရမှတော့ မြန်မာနိုင်ငံ လွတ်လပ်ရေး ကြိုးပမ်းမှု သမိုင်းဝင်၊   အစဉ်အဆက်သော ကိုလိုနီခေတ် ကျောင်းသားခေါင်းဆောင်ကြီးများကို လေးစား ဂုဏ်ပြုသော အနေဖြင့် ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂအဆောက်အအုံကို မှုလနေရာတွင် ပြန်လည် တည်ဆောက်ပေးပြီး လွတ်လပ်သော၊ တက်ကြွသော၊ ခေတ်မှီသော ကျောင်းသားသမဂ္ဂတစ်ခုကို စနစ်တကျ ပြန်လည်ဖွဲ့စည်းပေးကာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ ဂုဏ်ထူးဆောင် နာယကများအဖြစ် ၁၉၆၂ နှင့် ၁၉၈၈  ကျောင်းသားခေါင်းဆောင်များ ဖြစ်ကြသော ဦးလှရွှေနှင့် ကိုမင်းကိုနိုင်ကိုဆောင်ရွက်စေပါမည်။
    ကမ္ဘာ့သမိုင်းစာမျက်နှာတွင် မြန်မာ့ဒီမိုကရေစီရေး တည်ငြိမ်စွာပြောင်းလဲမှုသည် သမိုင်းစာမျက်နှာ အသစ် ဖြစ်သွားသောကြောင့် ဂုဏ်ယူပါသည်။
    ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးနှင့် သတင်းမီဒီယာဟူသော ဒီမိုကရေစီ၏ မဏ္ဍိုင် လေးခု အနက် စတုတမဏ္ဍိုင်ဖြစ်သော သတင်းမီဒီယာသည် ကျန်သုံးခုကို စောင့်ကြည့် တည့်မတ်ရန်ဟု ဆိုကြ၏။
    မြန်မာနိုင်ငံမှ ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂသည် ပထမ မဏ္ဍိုင် ၄ ရပ်ကို စောင့်ကြည့်တည့်မတ်မည့် ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင် ဖြစ်လာစေမည့် ကမ္ဘာ့သမိုင်းစာမျက်နှာအသစ် တစ်ခုကို ကျွန်ုပ် ထပ်မံ၍ ရေးပါဦးမည်။
    ဒီနေရာတွင် ကြုံ၍ ပြောချင်ပါသည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂကို မူလ Blue Print အတိုင်းပြန်လည်တည်ဆောင်ရန်ကိစ္စကို ကျွန်ုပ် သဘောမတူပါ။ Lecture Theater with multimedia room, Assembly Hall with projector & screen, Meeting room, Library with internet connection, Offices for President, secretary & staffs of Student Union, Computers & copiers, Phone connection, Parlor rooms to accept international visitors, Snack bar and dining room, Toilets နှင့် ကျောင်းသားသမဂ္ဂ သမိုင်းဆိုင်ရာ ပြခန်းများ စသည်ဖြင့်အင်္ဂါစုံသော အထပ်မြင့် စွမ်းအင်ချွေတာသော၊ ပတ်ဝန်းကျင် ထိန်းသိမ်းသော ခေတ်မှီ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အအုံ အသစ်တစ်ခု ကို တည်ဆောက်ကာ အနာဂတ် နိုင်ငံခေါင်းဆောင်ကောင်းများပေါ်ထွက်လာစေရန် ကျောင်းစာသာမက လိုအပ်သော အဌာရသ များကိုလည်း လေ့ကျင့်ပေးပါမည်။ သမဂ္ဂအသုံးစားရိတ်အတွက် Chancellor ကချပေးသော Budgets ကိုသုံးဆွဲပြီး နိုင်ငံတော် စာရင်းစစ်ချုပ်ရုံးမှ စာရင်းစစ်ပါမည်။
    သို့မှသာအစဉ်အလာ ကြီးမားသော တက္ကသိုလ်ကြီးတစ်ခု မြန်မာနိုင်ငံတွင် အမြန်ဆုံး ပြန်လည် ပေါ်ထွက်လာမည် ဖြစ်ြပီး  ရန်ကုန်တက္ကသိုလ်ကျောင်းသား သမဂ္ဂသည်လည်း ကမ္ဘာ့သမိုင်းနှင့် မြန်မာ့သမိုင်းစာမျက်နှာများတွင် ဒီမိုကရေစီ၏ ပဉ္စမ မဏ္ဍိုင်ဖြစ်လာပါလိမ့်မည်။
    Disclaimer
    နိုင်ငံရေး စာစီစာကုံးများကို ရေးသားနေသော ကျွန်ုပ်သည် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်ပင် ဆောင်ရွက်ပိုင်ခွင့် မရှိသော၊ မြန်မာစစ်စစ် မိခင်မှ မြန်မာ့မြေပေါ်တွင် မွေးဖွားသည့် မဲပေးခွင့် သာရပြီး ရွေးကောက်ခံပိုင်ခွင့် မရှိသော်လည်း မြန်မာနိုင်ငံ စစ်မှုထမ်းမှုဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိသော မြန်မာနိုင်ငံသား တစ်ဦးသာ ဖြစ်ပါသည်။
  • တမန်တော်ကို စော်ကားတဲ့ အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်-ဘာကြောင့်? ဘယ်လို? (၁)
    တမန်တော်ကို စော်ကားတဲ့ အစ္စလာမ်ဆန့်ကျင်ရေး ရုပ်ရှင်-ဘာကြောင့်? ဘယ်လို? (၁)
    စက်တင်ဘာ၊ ၁၇ ၊ ၂၀၁၂
    M-Media
    Source : http://www.onislam.net/
    မူရင်းတင်ပြသူ –Wael Hamza
    လျှပ်တပြက် နောက်ခံအကြောင်း
    ယခုအထိ ဆက်လက်ဖြစ်ပွါးနေသော သတင်းများအား ခြေရာမခံမိသော သူတို့ အတွက် ဤ အကျဉ်းချုပ်အား ကျွန်တော်ရေးသားနေခြင်းဖြစ်ပါသည်။ တမန်တော်မြတ် (ငြိမ်းချမ်းသာယာမှုအဖြာဖြာကျရောက်ပါစေသား) အားအလွန်စော်ကားစွာ ရိုက်ကူးပုံဖော်ထားသော ရုပ်ရှင်ကားအား အမည်မသိသူ တဦးမှ ရိုက်ကူး ပြုလုပ်ခဲ့သည်။ အဆိုပါ ရုပ်ရှင်ကားသည် မည်မျှ ရိုင်းပြစွာ စော်ကားထားသည်ဆိုမူ ပြန်ပြောပြရန်ပင်မသင့်ပေ။ မကြာခင် က ယင်းရုပ်ရှင်ကား အား အရပ်သုံးအီဂျစ်အာရဗီ ဘာသာစကားဖြင့်အသံသွင်းခဲ့ပြီး ၉/၁၁ နှစ်ပတ်လည်နေ့တွင် ပြသမည်ဟု (အီဂျစ်တွင်) ကြေညာခဲ့သည်။ ပုံမှန်အတိုင်းပင်၊ စိတ်ဆိုးဒေါသထွက်မှုများသည် အရှေ့အလယ်ပိုင်း၊ အထူးသဖြင့် အီဂျစ်၊ လစ်ဗျား နှင့် ယီမင် တို့တွင် ပြန့်နှံ့ခဲ့ပြီး နောက်ပိုင်းတွင် တူနီးရှား နှင့် ဆူဒန် နိုင်ငံများသို့  ပြန့်နှံ့ခဲ့သည်။
    ဤနိုင်ငံများ ရှိ အမေရိကန်သံရုံးရှေ့၌ ဆန္ဒပြကြရန် ဆော်ဩမှုများနှင့်ဆန္ဒပြပွဲများရှိခဲ့ပြီး များစွာသော သူတို့သည် ဆန္ဒပြပွဲများအား ပါဝင်ခဲ့ကြသည်။ များစွာသောသူတို့သည် ၎င်းတို့၏ ကန့်ကွက်ဆန္ဒထုတ်ဖော်ခြင်းများကို ငြိမ်းချမ်းစွာပြုကြရန် ပါဝင်ခဲ့ကြသော်လည်း လူစုလူဝေးကြီးများသည် ပြင်းထန်သော လှုပ်ရှားမှုများအဖြစ်ပြောင်းလဲသွားပြီး သံရုံးအဆောက်အအုံများ စီးနင်းခံရခြင်း၊ အလံများ၊ ကားများ မီးရှို့ခံရခြင်းနှင့် လစ်ဗျားရှိ အမေရိကန် သံအမတ်အပါအဝင် သံဝန်ထမ်းလေးဦး အသတ်ခံခဲ့ရသည်။
    မျဉ်းသားထားသော စကားလုံးများသည် ရှေ့ဆက်ရေးသားမည့်အကြောင်းအရာများအတွက် အရေးပါသည်ဖြစ်သောကြောင့်၎င်းစကားလုံးများအား သတိပြုထားကြပါရန် ပြောကြားအပ်ပါသည်။ အဆိုပါဖြစ်ရပ်များနှင့် ဆက်စပ်ပြီး အချက် (၆) ချက်အားကျွန်တော် ၏ ညီအကိုမောင်နှမများ သိစေရန် တင်ပြလိုပါသည်။
    ၁။ တမန်တော်မြတ် အားချစ်မြတ်နိုးခြင်းသည် ကျွန်တော်တို့၏ ယုံကြည်ချက်တွင် မရှိမဖြစ်သော အချက်ဖြစ်ခြင်း။
    -တမန်တော်မြတ် မိန့်တော်မူခဲ့သည်မှာ-လူတဦး တယောက်သည် ငါကိုယ်တော် အား ၎င်း၏ ဖခင်၊သားနှင့် လူသားတရပ်လုံး ထက်ပိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်သူ မမည်ပေ။
    (ဤဩဝါဒ အား အိဗ်နု ဒကီးက် က မှန်ကန်ကြောင်းစီစစ်ထားသည်။)
    -တဦးတယောက်သည် အလ္လာဟ်အရှင်မြတ် နှင့် အလ္လာဟ်အရှင်မြတ်၏ တမန်တော် အား အခြား မည်သည့်အရာထက်မဆို ပိုမိုချစ်မြတ်နိုးခြင်း မရှိသရွေ့ ယုံကြည်မှု ၏ အနှစ်သာရ နှင့် သာယာမှုကို တွေ့ရှိမည် မဟုတ်ဟု လည်း တမန်တော်မြတ် က မိန့်ကြားတော်မူခဲ့ပါသေးသည်။
    (ဤဩဝါဒ အား အိဗ်နု အလ်အရဗီ က  မှန်ကန်ကြောင်းစီစစ်ထားသည်။)
    -တမန်တော်မြတ် ၏ တပည့်ရင်းများ ၏ ပြောဆိုချက်များတွင်လဲအဆိုပါ ခံယူချက် အား ကျွန်တော်တို့တွေ့ရှိရပါသည်။ “အို-အလ္လာဟ် ၏ တမန်တော်၊ ကျွန်တော် / ကျွန်မ ၏ မိဘနှစ်ပါးအား ကိုယ်တော်မြတ် အတွက် စွန့်လှုတော်မူပါ၏။” ဟူသော ပြောဆို ခံယူချက် သည် ၎င်းတို့နှင့် အနီးစပ်ဆုံး၊၎င်းတို့၏ အချစ်မြတ်နိုးဆုံးသူများ ဖြစ်ကြသည့် ၎င်းတို့ ၏ မိဘများထက်ပင် ကိုယ်တော်မြတ် အပေါ်ထားရှိသော ချစ်မြတ်နိုးမှု က ပိုမိုအလေးသာကြောင်း ဖော်ပြနေပေသည်။
    -တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးခြင်းဟူသော ခံယူချက်ဖြင့် မွတ်စ်လင်မ်များသည် ကြီးပြင်းလာခဲ့ကြသည်။
    -ကျွန်တော်သည်လည်း တမန်တော်မြတ် အား အခြားအရာများထက် ပိုမိုချစ်မြတ်နိုးကြောင်း၊ အလ္လာဟ်အရှင်မြတ်သည် ဤချစ်ခြင်းအား စစ်မှန်သောချစ်ခြင်းအဖြစ် ပြုပေးပါရန် အလ္လာဟ်အရှင်မြတ်ထံတောင်းခံပါကြောင်း ဤပရိသတ်ကြီးရှေ့မှောက်တွင် ကြေညာလိုပါသည်။
    ၂။ တမန်တော်မြတ် အား မည်သည့်နည်းဖြင့်ရိုင်းပြ စော်ကားသည်ဖြစ်စေ၊ မွတ်စ်လင်မ် များအား အလွန်အမင်း စော်ကားသည်မည်၏။
    တမန်တော်မြတ် နှင့် တမန်တော်မြတ် ၏ ဂုဏ်သိက္ခာ အား ကာကွယ် ခြင်းအား တာဝန်တရပ်အဖြစ် မွတ်စ်လင်မ်တိုင်း က ကတိသစ္စာပြုထားကြသည်။ တမန်တော်မြတ် အားကာကွယ်ခြင်းသည် အစ္စလာမ် သာသနာအား ကာကွယ်သည့် အမြင့်ဆုံး အဆင့်ဖြစ်သည်။ ဤအတွက်ဥပမာအား တမန်တော်မြတ် ၏ တပည့်ရင်း တဦးဖြစ်သူ စအဒ် အိဗ်နု အလ်ရဗီး  ၏ နောက်ဆုံးထွက်သက်များတွင် တွေ့ရှိရသည်။
    စအဒ် အိဗ်နု အလ်ရဗီး သည် မဒီနဟ်မြို့အားကျူးကျော်တိုက်ခိုက်လာသည့် အင်အား ၃၀၀၀ ရှိသောစစ်တပ် အား ခုခံကာကွယ်သည့် အုဟုဒ် စစ်ပွဲတွင် တမန်တော်မြတ် အား ကာကွယ်ရင်း ရှဟီးဒ်ဖြစ်ခဲ့သည်။ သူသည် သူ၏ နောက်ဆုံးထွက်သက်၌ ဤသို့မေးမြန်း ပြောဆိုခဲ့သည်။ “ကိုယ်တော်မြတ် ကြီး ဘာများဖြစ်သွားသနည်း?” ကျန်တပည့်ရင်းများ က “ကိုယ်တော်မြတ်ကြီး သည် ဘေးမသီရန်မခ ရှိနေပါသည်။ အသင်၏ အခြေအနေ အား စုံစမ်းရန် ကိုယ်တော်မြတ် က ကျွန်ုပ်တို့အား စေလွှတ်ခြင်းဖြစ်ပါသည်” ဟုပြန်ကြားခဲ့ရာ၊ စအဒ် က “ကျွန်ုပ် ၏ စလာမ် ဆို ဂါရဝ ပြုမှု အား ကိုယ်တော်မြတ်ထံပို့ဆက်ပေးပါလေ၊ အလ္လာဟ် အရှင်မြတ် ၏ သတင်းစကားတော် အား ကျွန်ုပ်တို့ထံ ဆောင်ယူဖြန့်ချီခဲ့သည့် အတွက် အလ္လာဟ်အရှင်မြတ်သည်ကိုယ်တော်မြတ် အား အကောင်းဆုံးသော အကျိုးခံစားမှု ချီးမြှင့်တော်မူပါစေဟု ကျွန်ုပ် ဆိုကြောင်း ကိုယ်တော်မြတ် အား ပြောကြားပါလေ။
    ၎င်းပြင် ကျွန်ုပ် ၏ ရောင်းရင်းများအား (မွတ်စ်လင်မ်များအား) ဤသို့ပြောကြားပါလေ၊ အကယ်၍ အသင်တို့၏ မျက်မှောက်တွင် တမန်တော်မြတ်အပေါ် တစုံတရာ ဖြစ်တည်နေပါလျှင် ရှောင်လွှဲရန် အသင်တို့ ၌ မည်သည့် အကြောင်းပြချက်မျှ မရှိပေ။”
    ၃။ ယုံကြည်သူ မွတ်စ်လင်မ် သည် အတွေးအခေါ် ထက်သန် ရမည်ဖြစ်ပြီး အကွက်ချစီမံထားမှုအားသိသင့်သည်။
    အတွေးအခေါ်ထက်သန် ခြင်း ၏ အစိတ်အပိုင်းတရပ် သည် “ဘာကြောင့်” ဟူသော မေးခွန်းအားမေးမြန်းခြင်းပင်။
    -လူများသည် ဘာကြောင့် ထိုသို့သော အမှုတို့အား ပြုပါသနည်း? ဥပမာ- တမန်တော်မြတ် အား ဆိုးရွားစွာ ပုံဖော်ထားသည့် ကာတွန်း၊ ရိုင်းပြစော်ကားသည့် ရုပ်ရှင်၊ မီးတောက်စေသောဆောင်းပါး၊ စသည်တို့။ ထိုလူများ သည် တမန်တော်မြတ်အား မြင်ဖူးခဲ့သည်လဲ မဟုတ်၊ တမန်တော်မြတ်နှင့် ဆုံဖူးခဲ့သည်လဲ မဟုတ်ပေ။
    -စင်စစ် တမန်တော်မြတ်သည် ကွယ်လွန်သေဆုံးခဲ့ပြီဖြစ်ပြီး စော်ကားခြင်းအပေါင်းတို့သည်တမန်တော်မြတ် ထံရောက်ရှိသည်လဲ မဟုတ်ပေ။ ပမာဆိုရမူ၊ တဦးတယောက် က တဦး တယောက် ၏ဖခင်အား ဆဲရေးနေသည့် အလားပင်။
    -ဘာကြောင့် ဤ အချိန်တွင်မှ? ဘာကြောင့် ၉/၁၁ နှစ်ပတ်လည်တွင် ထိုရုပ်ရှင်အား ပြသသနည်း?
    -အဘယ်ကြောင့် အရပ်သုံး အီဂျစ် အာရဗီစကားဖြင့် အသံသွင်းရသနည်း? အဘယ်ကြောင့် အီဂျစ်၌ အထူးသဖြင့် ကြော်ငြာ ရသနည်း? အထူးသဖြင့် ပရိုမိုးရှင်း လုပ်ရသနည်း?
    -၎င်း သတင်းသည် အမှန်တရားထက် ၉၀% ကျော်သော ကောလဟာလတို့ဖြင့် အဘယ်ကြောင့် အလွန်ပြန့်နှံ့လူသိများခဲ့ပါသနည်း?
    -အဘယ်ကြောင့် လူများသည် ထိုသို့သော အမှုများကို အချိန်ပြည့်ပြုလုပ်နေကြသနည်း? တမန်တော်မြတ်သည် အာရပ်တို့အား အစ္စလာမ် တရားတော်ဖက်သို့ ဖိတ်ခေါ်ခြင်းမပြုခင် က အာရပ်တို့သည် တမန်တော်မြတ်အား လွန်စွာ ချီးမွမ်းထောမနာ ပြုခဲ့ကြသော်လဲ အစ္စလာမ် တရားတော် အားဟောကြားသည့် အခါတွင်မှ ထိုအာရပ်တို့သည် အဘယ်ကြောင့် တမန်တော်မြတ် အား (အထက်ပါဗီဒီယိုနည်းတူ) စော်ကားခဲ့ကြသနည်း?
    အဆိုပါ “ဘာကြောင့်” မေးခွန်းများ ၏ အဖြေသည် သာမန် (တိုက်ဆိုင်မှု) မဖြစ်နိုင်ပေ။ ၎င်းသူတို့သည် မုန်းတီးရေးဝါဒီ များဖြစ်ကြပြီး ၎င်းတို့၏ မုန်းတီးရေးကို ပြင်ပသို့ထုတ်အန် ပြသလိုကြပေသည်။ ယင်းသူတို့သည် ခိုက်ရန်ဖြစ်ပွါးမှု တခုကြောင့်စိတ်လှုပ်ရှားပြီး တိုင်းထွာစော်ကားခြင်းပြုလောက်သည့် ကလေးသူငယ်များမဟုတ်ပေ။ သမိုင်းတလျှောက် တွင် ဤသူများ သည် ထိုသို့သော စော်ကားမှုတို့အား ရံဖန်ရံခါတိုက်ဆိုင်စွာ ပြုလုပ်နေလျှက် ရှိသည် မဟုတ်ပေ။ စင်စစ် ယင်းစော်ကားခြင်း အမှုတို့အား စနစ်တကျ စီမံ ၍အင်တိုက်အားတိုက် ပြုလုပ်နေခြင်းသာဖြစ်ပေသည်။
    အောက်ပါတို့သည် အလွယ်တကူမြင်သာရုံမက ကြောင်းကျိုးခိုင်လုံလှသော အဖြေများပင် ဖြစ်ပေသည်။
    – ထို အကြောင်းတရားများအနက် တခုမှာ အစ္စလာမ် နှင့်ပတ်သက်သော မဟုတ်မမှန် ကောလဟာလများကို ဖြန့်ချီပြီးလူများအား အစ္စလာမ် နှင့် ဝေးကွာစေရန်ဖြစ်သည်။ ဤအပြုအမူသည် မယုံကြည်သူ မက္ကာသားတို့၏အပြုအမူ နှင့် သဏ္ဍာန်တူသည်။ မက္ကာသားတို့သည်လဲ ၎င်းတို့မြို့သို့ လာရောက်သော သူများ တမန်တော် မုဟမ္မဒ်၏ တရား အား နားမထောင်ကြစေရန် နှင့် တမန်တော် မုဟမ္မဒ် အားမယုံကြည်ကြစေရန် လီဆယ် ပြောဆိုခဲ့ကြသည်။
    -အခြား အကြောင်းတရား တခုမှာ ထင်ပေါ် ကျော်ကြား လို၍ ဖြစ်သည်။ မထင်ရှား သူများသည် ယခု အခါ အလွန်ကျော်ကြား လျှက်ရှိနေကြသည်။ ၎င်းတို့သည် သန်းပေါင်းများစွာသော လူတို့၏ ပြောစမှတ်အဖြစ်တွင် လေ့ရှိပြီး၊ ထိပ်တန်း အရာရှိကြီးများထံမှ ဖုန်းခေါ်ဆို မှုများကို လက်ခံရရှိနေပြီဖြစ်သည်။
    ( ကုရ်အာန် ကို မီးရှို့ခြင်း မပြုနှင့် ဟူသည့်ဖုန်းခေါ်ဆိုမှု အား သမ္မတ ထံမှ Terry Jones လက်ခံရရှိခဲ့ သကဲ့သို့ပင်)
    -တတိယ အကြောင်းတရားမှာ ငွေရှာခြင်းဖြစ်သည်။ လူတဦးတယောက်သည် ဒေါ်လာ ထောင်ဂဏန်းအနည်းငယ်မျှသာ ကုန်ကျသည့် တတိယတန်းစား (အညံ့စား) ရုပ်ရှင်ကား တခုကို ထုတ်လုပ်ပြီး ဒေါ်လာသန်းပေါင်းများစွာ ရရှိသည် မဟုတ်ပါလော?
    -အလွန် အရေးကြီးသည့် အကြောင်းတရား တခုမှာ နိုင်ငံရေးအကျိုးအမြတ် ရယူရန်ဖြစ်ပြီးဦးတည်ချက်တစုံတရာ  အတွက်  မူဝါဒ ချမှတ် လို၍ ဖြစ်သည်။ တမန်တော်မြတ် ကွယ်လွန်ပြီးနောက်တွင် မိမိကိုယ်ကို တမန်တော်အဖြစ် ကြေငြာခဲ့သူ များအနက် တဦးအားအဘယ်ကြောင့်ထိုသို့ ပြုလုပ်ရသနည်း ဟုမေးမြန်းခဲ့ရာ၊ ၎င်း က ဖြေကြားခဲ့သည် မှာထိုသို့ပြုလုပ်ခြင်းသည် ခေါင်းဆောင်အဖြစ်ကို ရရှိရန်ထိရောက်သော နည်းလမ်းဖြစ်သောကြောင့်ပင်ဟူ၍။  လူတို့၏ ဆောင်ရွက်ချက် များတွင် နိုင်ငံရေး (သို့) မူဝါဒရေးရာ သည်အလွန်အရေးပါသော အခန်းကဏ္ဍ မှ ပါဝင်လျှက်ရှိသည်။
    -နောက်ဆုံးအကြောင်းတရားမှာ မွတ်စ်လင်မ်များ (အစ္စလာမ်) သည် ရက်စက်ကြမ်းကြုတ်ရိုင်းစိုင်းသောသူများ၊ ခေတ်မမှီသူများ ဖြစ်ကြသည် ဟူသော သရုပ်ကို ဖော်ဆောင်ရန်ဖြစ်သည်။
    ၎င်းအပြင်၊ ထိုသို့သော စော်ကားမှုတို့ကြောင့် ထိခိုက် မီးတောက်ခဲ့ရသော နိုင်ငံအများစုမှာ ဒီမိုကရေစီ နှင့် လွတ်လပ်မှု ဖက်သို့ ရွေ့လျားပြောင်းလဲနေသည့် အာရပ်နွေဦးရာသီနိုင်ငံများဖြစ်နေသောကြောင့် ချိန်ကိုက်လုပ် ဆောင်မှု ဖြစ်၏ ဟူသောအချက်သည် မငြင်းသာပေ။ ထို အာရပ်နိုင်ငံ များသည် ပိုမိုသန်စွမ်းခိုင်မာသောကမ္ဘာ့ဆက်ဆံရေးအလို့ငှါ အပြန်အလှန်လေးစားမှု အပြန်အလှန်အကျိုးအမြတ်ရရှိမှု တို့ကို အခြေခံပြီး ၎င်းတို့၏ အုပ်ချုပ်ရေးစနစ်အား တည်ဆောက်နေခြင်း ဖြစ်သည်။
    -မြောက်များစွာသော အမေရိကန်အခြေစိုက် စီးပွါးရေးသမားများပါဝင်သောကိုယ်စားလှယ်အဖွဲ့သည် အီဂျစ် နိုင်ငံသို့ရင်းနှီးမြှုပ်နှံမှု အခွင့်အလမ်းများရှာဖွေရန် ရောက်ရှိနေစဉ်တွင်ထို အဖြစ်အပျက် ဖြစ်ပေါ်ခဲ့သည်မှာ မထူးဆန်းလှပါ။
    -အီဂျစ် သမ္မတ သည် အီးယူ (EU) နိုင်ငံများသို့စီးပွါးရေး ရင်းနှီးမြှုပ်နှံမှုအခွင့်အလမ်းများရှာဖွေရန် မသွားရောက် မီ ဤ အဖြစ်အပျက် ဖြစ်ပေါ်ခဲ့သည်မှာ မထူးဆန်းပါ။
    -လစ်ဗျား နိုင်ငံသည် ၎င်း၏ နိုင်ငံရေးခေါင်းဆောင် ရွေးကောက်ပွဲ ပြုလုပ်နေစဉ်တွင်ဤအဖြစ်အပျက် ဖြစ်ပွါးခဲ့သည် မှာလဲ မထူးဆန်းပေ။
    ကျန်ရှိနေသေးသော ဆွေးနွေးမှု မပြုလုပ်မီ အထက်တွင် တင်ပြထားသည့် ရည်ရွယ်ချက် များ နှင့် အကြောင်းတရားများ အားကျေးဇူးပြု၍ သေချာစွာ မှတ်သားထားရန်။
    အပိုင်း ၂ ဆက်လက်ဖော်ပြပါမည်။
    http://www.onislam.net/english/shariah/contemporary-issues/islamic-themes/459061-the-offensive-film-and-questions-of-why-and-how.htmlအား မှီငြမ်းမြန်မာမှုပြု ပါသည်
  • ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
    ကြယ်တပွင့် ကြွေလွင့်ပြန်ပီ
     စက်တင်ဘာ ၂၄၊ ၂၀၁၂
    M-Media
    ပသီဝိုင်းဝတ်ရည်မြင့်
    မနေ့က တစ်နေကုန်နီးပါး ဖုန်းတစ်လုံးနဲ့ အလုပ်များနေခဲ့တယ်။ ကိုယ်ကခေါ်လိုက်၊ တစ်ခြားသူတွေက ပြန်ခေါ်လိုက်နဲ့။ ညဘက်ရောက်တော့ ခေါင်းကလည်းကိုက်လာတာနဲ့ ခဏနားနေတုန်း ဖုန်းလာပြန်တာနဲ့ ဖုန်းပြောလိုက်ပြီးတော့ ဆေးသောက်ပြီးအိပ်လိုက်တယ်။ ည (၁၁)နာရီကျော်ကျော်လောက်မှာ ဖုန်းမြည်လာပြန်တယ်။ ဒါနဲ့ အိပ်ချင်လွန်းစွာနဲ့ ဖုန်းကိုပြန်ထူးလိုက်တော့ အစ်ကို ကိုခင်မောင်ထွန်းက ဖုန်းလှမ်းဆက်တာ။ “၀ိုင်း ရေ၊ ဦးကျော်ဝင်းမောင် အလ္လာ့ဟ်အမိန့်ခံယူ(ဆုံးပါး)သွားပြီ။”လို့ ကြားလိုက်ရတာနဲ့ ‘အင်းနားလလ္လာဟေ ၀အင်းနားအေလိုင်းဟေ ရားဂျေအူးန် (ဧကန်အမှန် ကျွန်ုပ်တို့သည် ထိုအရှင့်ထံသို့သာ ပြန်ရမည့်သူများဖြစ်ပါ၏။)’ လို့ စိတ်ထဲကရွတ်ဆိုလိုက်မိပြီး တစ်ပြိုင်နက်တည်း ဘယ်အချိန်က ဆုံးတာလဲ၊ ဘယ်အချိန် ဒါဖွနာ(မြှုပ်နှံ)မှာလဲ” လို့မေးလိုက်မိတယ်။ ကိုခင်မောင်ထွန်းက “မနက်ဖြန်နေ့ခင်းဘက်လောက်ဖြစ်မယ်။ အဲဒါ တစ်ခြားပြောရမယ့်သူတွေကိုလည်း ပြောလိုက်ပါဦး။ နောက်ပြီး ဆရာကြီးရဲ့သား ရန်ကုန်ကိုအခုညတွင်းချင်းပြန်မှာ။ ရန်ကုန်လိုက်ချင်တဲ့သူရှိရင်လည်း အခုညပဲသွားကြဖို့ ကားစီစဉ်နေတယ် လိုက်ချင်တဲ့သူရှိရင်”လို့ပြော တာကြောင့်။ အဖေ့ကိုပြောပြပြီး တစ်ခြားပြောသင့်သူတွေထံ ဖုန်းဆက်လိုက်တယ်။ အဖေကတော့ ဆရာကြီးသားထံဖုန်းဆက် ပြောစရာရှိတာပြောပြီး၊ ရန်ကုန်က မန္တလေးကမိတ်ဆွေတွေ၊ ရန်ကုန်ကမိတ်ဆွေတွေဆီ ဖုန်းဆက်ပြီး လုပ်သင့်တာတွေ ၀ိုင်းဝန်းစီစဉ်တိုင်ပင်နေကြတယ်။
    အဲဒီမှာပဲ ကျွန်မလည်း ဆရာကြီးဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်း)အကြောင်း ပြန်တွေးမိသွားတယ်။ ဆရာကြီး … ဆရာကြီးလို့ပဲ သုံးနှုန်းပါရစေတော့။ ဆရာကြီးလို့ခေါ်ပေမယ့် တကယ်တမ်းမှာတော့ ဦးကျော်ဝင်းမောင်ဟာ အဖိုးအရွယ်ပါပဲ။ ကျွန်မအဖိုးနဲ့ သက်တူရွယ်တူ မိတ်ဆွေသူငယ်ချင်းတွေလည်း ဖြစ်တယ်လေ။ ဆရာကြီးနဲ့ ကျွန်မအဖိုးတို့ဟာ မြန်မာနိုင်ငံ လွတ်လပ်ရေးရဖို့ တော်လှန်ရေးတွေနဲ့ ကြိုးပမ်းခဲ့ချိန်တွေကလည်း ကိုယ့်ကဏ္ဍအသီးသီးကနေ ကျရာတာဝန်ကို ကျေပွန်ခဲ့ကြတယ်။ လွတ်လပ်ရေးရပြီးခေတ်အဆက်ဆက်မှာလည်း တာဝန်ကျေခဲ့ကြတယ်။ နောက်ပြီး ကိုယ့်နိုင်ငံအပေါ်ထားတဲ့ မျိုးချစ်စိတ်၊ ကိုယ့်အမျိုးသားတွေအပေါ် ချစ်စိတ်တွေကလည်း သူမတူအောင် ထားရှိခဲ့တယ်။ ကျွန်မအဖိုးနဲ့ ဆရာကြီးတို့ဟာ တစ်ခါတစ်လေမှာ တစ်ယောက်နဲ့တစ်ယောက် စိတ်သဘောထားမတိုက်ဆိုင်လို့ အငြင်းအခုံပြောဖြစ်ခဲ့ကြရင်တောင် အဲဒီကိစ္စပြီးတာနဲ့ ရှိရင်းစွဲ ခင်မင်ရင်းနှီးမှုအတိုင်း ခင်မင်ခဲ့ကြတယ်။ ကျွန်မ ငယ်ငယ်ကတည်းက အဖိုးပြောပြဖူးတဲ့ အဖိုးတို့လုပ်ခဲ့ရတဲ့ တော်လှန်ရေးတွေအကြောင်းထဲမှာ “၀မ်းအိုဝမ်းကြီး၊ ၀မ်းအိုဝမ်းကြီး”ဆိုတာလည်း အမြဲကြားနေခဲ့ရတယ်။ အဲဒီကတည်းက ၀မ်းအိုဝမ်းကြီးဆိုတာ ဦးကျော်ဝင်းမောင်ဆိုတာကို သိခဲ့ရတယ်။ တော်လှန်ရေးအတွက် 101 တပ်ကနေ ပါဝင်ခဲ့သူမို့ နောင်တချိန်မှာ ၀မ်းအိုဝမ်းဆိုတဲ့ဂုဏ်ပုဒ်ပါ တွင်ခဲ့တာကြောင့် ၀မ်းအိုဝမ်းကျော်ဝင်းမောင် ဆိုပြီးနာမည်ကျော်ကြားခဲ့ပါတယ်။ ဆရာကြီးဟာ ဂျပန်ခေတ်က မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း တစ်ယောက်လည်းဖြစ်ပါတယ်။ ဆရာကြီးဟာ သူချစ်မြတ်နိုးတဲ့ တိုင်းပြည်၊ သူချစ်မြတ်နိုးတဲ့ အမျိုး၊ ဘာသာ၊ သာသနာအပေါ်မှာလည်း တာဝန်ကျေပွန်ခဲ့ပါတယ်။
    ပသီဦးကိုကိုလေးအထိမ်းအမှတ်ကော်မတီဖွဲ့စည်းစဉ်က ပါဝင်ခဲ့တဲ့ ဆရာကြီးဦးကျော်ဝင်းမောင် (၂၀၀၁-ခု)
    ဆရာကြီးဟာ ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်) တစ်ယောက်ဖြစ်ပြီး သက်ကြီးကန်တော့ခံစာပေပညာရှင်တစ်ယောက်လည်းဖြစ်ပါတယ်။
    ပသီအမျိုးသားကွန်ဂရက်အတွက် ညှိနှိုင်းတိုင်ပင်ကြစဉ်က တက်ရောက်ပါဝင်ခဲ့တဲ့ဆရာကြီး
    (၂၀၁၁-ခု ဒီဇင်ဘာ)
    ဆရာကြီးက သူ့အတွေ့အကြုံတွေကနေ လူသားအကျိုးပြု စာပေတွေကိုလည်း ရေးသားခဲ့ပါတယ်။ မဂ္ဂဇင်းတွေ စာစောင်တွေမှာ ဆောင်းပါးတိုလေးတွေလည်း များစွာရေးခဲ့ပြီး ဆရာကြီး ဦးရာဇာတ် အတ္ထုပ္ပတ္တိ၊ ၀မ်းအိုဝမ်းနဲ့ဗမာ့မြေအောက်တော်လှန်ရေး၊ ၁၃၀၀ ပြည့် မန္တလေး အရေးတော်ပုံ၊ သခင်နက်ဖေ၊ ဂျပန်ခေတ် လေထီးသမားများ၊ နွေဦးရဲ့သမီးပျို၊ မေတ္တာလက်တလှမ်း ဆိုတဲ့ လုံးချင်းစာအုပ် ၂၀-ခန့်ကိုလည်း ရေးသားခဲ့ပါတယ်။ အဲဒီအထဲက နွေဦးရဲ့သမီးပျို နဲ့ မေတ္တာလက်တလှမ်းကတော့ ရုပ်ရှင်ဇာတ်လမ်းအဖြစ် ရိုက်ကူးခဲ့ဖူးတယ်။ အခုနောက်ဆုံးရေးခဲ့တာက အလံနီများ ရင်သွေးငယ်များကို ပေးအပ်ခြင်း ဆိုတဲ့စာအုပ်ဖြစ်ပါတယ်။ ကျွန်မအနေနဲ့ ဆရာကြီးရဲ့စာအုပ်တော်တော်များများကို ဖတ်ဖူးခဲ့ပါတယ်။ ဆရာကြီးဟာ သူ့အမျိုးသားတွေ (မြန်မာနိုင်ငံက မွတ်စလင်မ်တွေ)အတွက်လည်း သောကကြီး လွန်းခဲ့ပါတယ်။ ဆရာကြီးရေးသားခဲ့တဲ့ ‘စံပယ်ကြူလျှင် ပန်ချင်သူကောက်မြဲ’ဆိုတဲ့စာအုပ်လေးဟာ ဆရာကြီးဦးရာဇတ်အကြောင်းကို တိုတိုရှင်းရှင်း မီးမောင်းထိုးပြထားတဲ့စာအုပ်ဖြစ်ပြီး ကျွန်မတို့လို လူငယ်တွေအတွက်လည်း အတုယူအားကျဖွယ်ဖြစ်စေခဲ့ပါတယ်။ နောက်ပြီး ‘တိမ်ကောပျောက်ကွယ်နေသော ပသီလူမျိုးစုအမည်ကို ပြန်လည်ဖော်ထုတ်ခြင်း’ဆိုတဲ့စာအုပ်လေးဟာလည်း လက်ရှိကာလမှာ လမ်းစပျောက်နေတဲ့ မြန်မာမွတ်စလင်မ်တွေရဲ့ အခန်းကဏ္ဍတစ်ခုကို မီးမောင်းထိုးဖွင့်လှစ်ပေးထားတာမို့ ဆရာကြီးရဲ့ သောကကိုလည်း မြင်တွေ့ခံစားမိပါတယ်။
    နိုင်ငံနဲ့ လူမျိုး၊ အမျိုးဘာသာ သာသနာအတွက် သောကကြီးပြီး လူသားအကျိုးပြုတွေ အများကြီးလုပ်ဆောင်သွားတဲ့ ဆရာကြီးဟာဝမ်းအိုဝမ်းကျော်ဝင်းမောင်ဟာ အသက်(၉၃)နှစ် ၂၀၁၂-ခုနှစ် စက်တင်ဘာလ (၂၃)ရက်နေ့ ည(၁၀း၄၅)မှာ လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံတော်သို့ ပြန်သွားခဲ့ပါတယ်။ ဒီနေ့ တနင်္လာနေ့ဟာ ဆရာကြီးရဲ့ မွေးရက်လည်းဖြစ်ပါတယ်။ ကျွန်မတို့လေးစားခဲ့တဲ့ ဆရာကြီး ကွယ်လွန်ဆုံးပါးသွားတာဟာ အနာဂတ်အတွက် ကြယ်တစ်ပွင့် ကြွေလွင့်သွားတယ်လို့ပဲ ခံစားရပါတယ်။ ကျွန်မတို့အတွက် ကြယ်တစ်ပွင့် ကြွေလွင့်ခဲ့ပေမယ့် လူသားတွေရဲ့ လာရာလမ်းဖြစ်တဲ့ အလ္လာဟ်အရှင်မြတ်ထံသို့ ဆရာကြီးရဲ့ အပြန်ခရီးက ညင်သာချောမွေ့တာမို့ ဆရာကြီးအတွက် ကျေနပ်မိပါတယ်။
    “ဆုံးရှုံးခြင်း၏နောက်ကွယ်၌ နှမြောတသခြင်းသည် ထာဝရတည်ရှိနေမည်”ဆိုသလိုပါပဲ ကျွန်မတို့တွေအတွက်တော့ နှမြောတသဖွယ်ဖြစ်နေမှာ အမှန်ပါပဲ။
    x x x x x x x x x
  • ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် အလ္လာဟ်အရှင်မြတ် အမိန့်တော်ခံယူခြင်း
    စက်တင်ဘာ ၂၃၊ ၂၀၁၂
    M-Media
    ဆရာကြီး ၀မ်းအိုဝမ်း ကျော်ဝင်းမောင် အသက် (၉၃)နှစ် (၁၉၂၀ – ၂၀၁၂)
    •  လွတ်လပ်ရေးမော်ကွန်းဝင် ဒုတိယဆင့်
    •  နိုင်ငံ့ ဂုဏ်ရည်ဘွဲ.ဒုတိယဆင့်
    •  ဂျပန်ခေတ်မင်္ဂလာဒုံ စစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း
    •  သက်ကြီးကန်တော့ခံ စာပေပညာရှင်
    မြန်မာ့လွတ်လပ်ရေးအတွက် ကျိုးပမ်းခဲ့သူ၊ မြန်မာ့မြေအတွက် သောကရှိပြီး မြန်မာ့အရေးအတွက် ကျိုးပမ်းခဲ့သူ ဦးကျော်ဝင်းမောင်(၀မ်းအိုဝမ်းကျော်ဝင်းမောင်)၊ အသက်(၉၃)နှစ်သည် ၂၀၁၂-ခု စက်တင်ဘာလ (၂၃)ရက် ည(၁၀း၄၅)နာရီအချိန်တွင် အလ္လာဟ်အရှင်မြတ်အမိန့်တော်ခံယူသွားကြောင်း သိရသည်။
    ဦးကျော်ဝင်းမောင်အား စက်တင်ဘာ ၂၄-ရက်နေ့၌ သံလျင်ဒါရ်ကာ ကဘာရ်စတာန်(မွတ်စလင်သုဿာန်)တွင် ဒါဖွနာ(မြှုပ်နှံ)မည်ဖြစ်ပါ၍ ဇဟိုရ်နမားဇ်အပြီး နေ့လည်(၂)နာရီအချိန်တွင် သာကေတနေအိမ် (အမှတ်-၃၃၁၊ အနော်မာ ၈-လမ်းထိပ်၊ ၁-ရပ်ကွက်)မှကားများ စတင်ထွက်ရှိမည်ဖြစ်ကြောင်း သိရပါသည်။
    ဦးကျော်ဝင်းမောင်သည် ဂျပန်ခေတ် မင်္ဂလာဒုံစစ်တက္ကသိုလ် တတိယပတ် ဗိုလ်သင်တန်းဆင်း၊ လွတ်လပ်ရေးမော်ကွန်းဝင်(ဒုတိယအဆင့်)၊ နိုင်ငံ့ဂုဏ်ရည်ဘွဲ့(ဒုတိယအဆင့်)၊ သက်ကြီးကန်တော့ခံစာပေပညာရှင် တစ်ယောက်ဖြစ်ပြီး နိုင်ငံအကျိုး အမျိုးဘာသာသာသနာအကျိုးကို စွမ်းစွမ်းတမံဆောင်ရွက်အကျိုးပြုခဲ့သော ဆရာကြီးအလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားသည့်အတွက် M-Media မိသားစုမှ ဆရာကြီး၏မိသားစုနှင့်ထပ်တူ ၀မ်းနည်းကြေကွဲရပါကြောင်း မှတ်တမ်းတင်အပ်ပါသည်။
    ဆရာကြီး၏ အထ္ထုပ္ပတ္တိအကျဉ်းဖတ်ရန်