News @ M-Media
Blog
  • ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်မည်ဆိုလျှင် (၁)
    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတ ဖြစ်မည်ဆိုလျှင် (၁)
    စက်တင်ဘာ၊ ၇ ၊ ၂၀၁၂
    M-Media
    Dr.Aung Maw
    ၁။ အပြန်အလှန် ထိန်းကျောင်းမှု ရှိနေသော ဒီမိုကရေစီ အခွင့်အရေးများ၊
    မဆလ နောက်ဆုံး သမ္မတ ဒေါက်တာမောင်မောင် ရေးသားသော စာအုပ်တွင် ဒီမိုကရေစီ အခွင့် အရေးများ ဖြစ်သော လွတ်လပ်စွာ ဟောပြောစည်းရုံးခွင့်နှင့် လွတ်လပ်စွာ ရေးသားမှုတို့သည် အခြား ဒီမိုကရေစီ အခွင့်အရေးတစ်ခု ဖြစ်သော လွတ်လပ်စွာ ကိုးကွယ်ခွင့်ဟူသောဘောင်ကို မကျော်ရပါဟု ဥပမာ ပေးကာ ရေးသားထားပါသည်။
    ဥပမာ။ ။ အင်ဒိုနီးရှား နိုင်ငံရှိ ဟိန္ဒူဘုရားကျောင်းရှေ့ နွားခေါင်းပြတ်တစ်ခု ချထားကာ ဆန္ဒပြခဲ့သော အစ္စလာမ် အစွန်းရောက်များကို အစိုးရက ထောင်ဒဏ် အပြစ်ပေးခဲ့ဘူးပါသည်။
    ထို့အတူ ဒီမိုကရေစီ စနစ်ကျင့်သုံးသော နိုင်ငံတစ်ခုတွင် ဘာသာတစ်ခု၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်သည် အခြားဘာသာတစ်ခု၏ လွတ်လပ်စွာ ကိုးကွယ်ခွင့်ကို မထိပါးစေသင့်ပါ။ အပြန်အလှန် လေးစားကြရပါမည်။
    ယခုအခါ ရိုဟင်ဂျာနှင့် ပတ်သက်၍ သမ္မတကြီး၏ ရပ်တည်ချက်ကို ထောက်ခံပွဲဟု အကြောင်းပြကာ လွတ်လပ်စွာ ကိုးကွယ်ခွင့်ဟူသော ဒီမိုကရေစီ အခွင့်အရေးများ သာမက ၂၀၀၈ ဖွဲ့စည်းပုံ အခန်း (၈) ပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများ ပုဒ်မ ၃၄၇၊ ၃၄၈၊ ၃၅၃၊ ၃၅၅၃၆၂၊ ၃၆၃ နှင့် ပုဒ်မ ၃၆၄ ကို ချိုးဖေါက်ကာ ဟောပြော စည်းရုံးမှုများ မန္တလေးမြို့တွင် ပြုလုပ်ခဲ့ပါသည်။
    ထို့ကြောင့် ဒီမိုကရေစီနိုင်ငံ တစ်ခု၏ သမ္မတ တစ်ဦးအနေဖြင့် ကျွန်ုပ်သည် ဒီမိုကရေစီ အခွင့်အရေး (Democracy Rights) များ အချင်းချင်း အပြန်အလှန် ထိန်းကျောင်းနေမှုများနှင့် ဒီမိုကရေစီစံနစ်၏ ဆောင်ရန်၊ ရှောင်ရန် (Dos & Don’ts) များကို နိုင်ငံရေးပါတီများ နှင့် အများပြည်သူအား မီဒီယာများမှ တဆင့် ပညာပေး ဟောပြော စည်းရုံးပါမည်။ ဒီမိုကရေစီ အခွင့်အရေးများကို ဥပဒေနှင့်အညီ စနစ်တကျ ပြုမူတတ်အောင် လေ့ကျင့် ပျိုးထောင်ပေးပါမည်။
    သို့သော် ဆက်လက်၍ ဥပဒေကို ချိုးဖေါက်နေပါက စံပြ ပညာပေးအဖြစ် ကျူးလွန်သူများကို ရုံးတင် တရားဆွဲဆို၊ အပြစ်ဒဏ်ချမှတ်ပြီးနောက် သမ္မတ၏ အခွင့်အာဏာကို ကျင့်သုံးကာ ပထမနှင့် နောက်ဆုံး လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ပါမည်။
    ၂။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ခြင်း (အခန်း ၁၂) နှင့် ကျွန်ုပ်၏ အမြင်
    (က) လိုအပ်ပါက အစိုးရအနေဖြင့် လက်ရှိစီမံခန့်ခွဲမှုကို အဟန့်အတားဖြစ်နေသော ဖွဲ့စည်းပုံ အခြေခံဥပဒေတစ်ခု (သို့မဟုတ်) အချို့ကို ပြောင်းလဲရေးဆွဲရန် အဆိုကို ပြည်ထောင်စု လွတ်တော်သို့ တိုက်ရိုက် တင်သွင်းပြီး မဲခွဲခွင့်ရရန်နှင့် အစိုးရအဖွဲ့မှ အရေးပေါ်လိုအပ်နေသော ဖွဲ့စည်းပုံဆိုင်ရာ ဥပဒေမူကြမ်းများကို ပြည်ထောင်စု လွတ်တော်သို့ တိုက်ရိုက် တင်သွင်းပြီး မဲခွဲ၊ အတည်ပြု ခွင့်ရရန် ကြိုးစားပါမည်။ တစ်နည်းအားဖြင့် အစိုးရ၏ တာဝန်နှင့် လုပ်ပိုင်ခွင့်ကို တိုးချဲ့ရပါမည်။
    ဥပမာ။ ။ လွှတ်တော်ကိုယ်စားလှယ် ၂၀% ၏ ထောက်ခံချက်မလိုဘဲ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပြင်ဆင်ရန် အချက်အလက်များ (သို့မဟုတ်) ဖွဲ့စည်းပုံ ဥပဒေမူကြမ်းများကို အစိုးတစ်ရပ်မှ ပြည်ထောင်စု လွှတ်တော်သို့ တိုက်ရိုက် တင်သွင်းပြီး မဲခွဲ အတည်ပြု ခွင့်ရရန် ကြိုးစားပါမည်။
    (ခ) တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရအဖွဲ့တွင် လူများစုကိုယ်စားလှယ်မှ ဝန်ကြီးချုပ်ဖြစ်လျှင် အပြန်အလှန်ထိန်းကျောင်း (Counter check & balance) နိုင်ရန် လူနည်းစုကို်ယ်စားလှယ် သို့မဟုတ် လူဦးရေ အချိုးအစားအရ လူနည်းစု အရပ်သား ရပ်မိရပ်ဖ အချို့ကို အစိုးရ အဖွဲ့ဝင် ဝန်ကြီးအဖြစ် မဖြစ်မနေ ထဲ့သွင်းနိုင်အောင် ဖွဲ့စည်းပုံကို ပြင်ဆင်ရန် ကြိုးစားပါမည်။
    ဥပမာ။ ။ ရခိုင်လူမျိုး ဦးလှမောင်တင် ဝန်ကြီးချုပ်လုပ်သော ရခိုင်ပြည်နယ်အစိုးရအဖွဲ့တွင် ၂၀၀၈ ဖွဲ့စည်းပုံအရ ဘင်္ဂါံလီ မွတ်ဆလင် ရပ်မိရပ်ဖ တစ်ဦးစ နှစ်ဦးစ ဝန်ကြီးအဖြစ် ပါဝင်မည်ဆိုလျှင် ယ္ခုလို အရုပ်ဆိုးအကြည်းတန်မှုများ လှပသော ရခိုင်ပြည်နယ်တွင် နောက်ထပ် ဖြစ်ရန်အကြောင်းမရှိပါ။
    ၃။ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ၏ တိုက်တွန်းမူကို မျှော်လင့်ပါသည်၊
    ဒီမိုကရေစီနိုင်ငံများမှ ခေါင်းဆောင်များသည် လူနည်းစုအခွင့်အရေးများကို ကာကွယ်ခြင်း၊ တောင်းဆိုပေးခြင်းများ ပြုလုပ်ပါက ရွေးကောက်ပွဲများတွင် လူများစု၏ ထောက်ခံမဲများ ဆုံးရှုံးမှာကို တွေးပြီး ပူလေ့ ရှိကြပါသည်။
    ထို့ကြောင့် မန္တလေးဆန္ဒုပြပွဲများတွင် မြန်မာပြည်မှအစ္စလာမ်ဘာသာဝင်များကို နှင်ထုတ်ရန် ဟောပြော နေခြင်းသည် ဒီမိုကရေစီ အခွင့်အရေးများသာမက ၂၀၀၈ ဖွဲ့စည်းပုံကိုပါ ချိုးဖေါက်ခြင်းဖြစ်၍ တရားဥပဒေ စိုးမိုးမှုကို ထိခိုက်ရန် အကြောင်းရှိပါသဖြင့် သမ္မတကြီး အနေဖြင့် အမြန်ဆုံး ဟန့်တား၊ အရေးယူသင့်ကြောင်း တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ကော်မတီ ၏ ထုတ်ပြန်ကြေငြာချက်ကို ကျွန်ုပ် သမ္မတကြီး အနေဖြင့် လိုလားစွာ မျှော်လင့် တောင်းတ နေပါသည်။
    References
    ၂၀၀၈ ဖွဲ့စည်းပုံ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး ပုဒ်မ (၃၅၅)
    နိုင်ငံသားတိုင်းသည် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် အတွင်း မည်သည့်အရပ်ဒေသ၌မဆို ဥပဒေနှင့်အညီ အခြေစိုက်နေထိုင်ခွင့်ရှိသည်။
    ၂၀၀၈ ဖွဲ့စည်းပုံ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး ပုဒ်မ (၃၆၂)
    နိုင်ငံတော်သည် ခရစ်ယာန်၊ အစ္စလာမ်၊ ဟိန္ဒူနှင့် နတ်ကိုးကွယ်သော ဘာသာတို့ကို ဤဖွဲ့စည်းပုံ အာဏာတည်သောနေ့၌ နိုင်ငံတော်တွင်ရှိနေကြသော ကိုးကွယ်ရာဘာသာများဟူ၍ အသိအမှတ်ပြုသည်။
    ၂၀၀၈ ဖွဲ့စည်းပုံ၊ နိုင်ငံသားများ၏ မူလ အခွင့်အရေး ပုဒ်မ (၃၆၄)
    နိုင်ငံရေးကိစ္စအလို့ငှာ ဘာသာ၊ သာသနာကို အလွဲသုံးစားမပြုရ။ ထို့အပြင် လူမျိုးရေးကြောင့် လည်းကောင်း၊ ဘာသာရေးကြောင့်လည်းကောင်း၊ တစ်ဖက်နှင့် တစ်ဖက်၊ တစ်ဂိုဏ်းနှင့်တစ်ဂိုဏ်း မုန်းတီးခြင်း၊ ရန်မူခြင်း၊ စိတ်ဝမ်းကွဲခြင်း တစ်မျိုးမျိုး ပေါ်ပေါက်လာစေရန် ရည်ရွယ်သော သို့မဟုတ် ပေါ်ပေါက်လာရန် ကြောင်းရှိသော အပြုအမူသည် ဤဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဆန့်ကျင်သည်။ ထိုအပြုအမူမျိုးအတွက် ပြစ်ဒဏ် ပေးနိုင်ရန် ဥပဒေ ပြဌာန်းနိုင်သည်။
    Disclaimer
    ကျွန်ုပ်သည် တည်ဆဲ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေနှင့် ရွေးကောက်ပွဲ ကော်မရှင် ဥပဒေအရ ရပ်ကွက် အုပ်ချုပ်ရေးမှူး အဖြစ်ပင် ဆောင်ရွက်ပိုင်ခွင့် မရှိသော၊ မြန်မာစစ်စစ် မိခင်မှ မြန်မာ့မြေပေါ်တွင် မွေးဖွားသည့် မဲပေးခွင့် သာရပြီး ရွေးကောက်ခံပိုင်ခွင့် မရှိသော်လည်း မြန်မာနိုင်ငံ စစ်မှုထမ်းမှုဥပဒေအရ စစ်မှုထမ်းရန် တာဝန်ရှိသော မြန်မာနိုင်ငံသား တစ်ဦးသာ ဖြစ်ပါသည်။
    ကျွန်တော်သာ မြန်မာနိုင်ငံ၏ သမ္မတဖြစ်မည်ဆိုလျှင် (၂) ဖတ်ရန်။
  • “အပြောင်းအလဲထဲက ပညာရေး”
    “အပြောင်းအလဲထဲက ပညာရေး”
    စက်တင်ဘာ၊ ၆ ၊ ၂၀၁၂
    M-Media
    ကျော်ဆန်း (Eduzone)
    တစ်ခါတုန်းကပေါ့ ……
    ဆရာအလုပ်ဆိုတာ လူရိုသေ၊ ရှင်ရိုသေအလုပ်ဖြစ်ခဲ့ဖူးတယ်။ ရွာဦးကျောင်းဆရာတော်ပြီးရင် ဆရာ/ဆရာမတွေရဲ့နေရာဖြစ်ခဲ့တယ်။ ကလေးတွေသာမက ကလေးမိဘတွေကိုတောင် ဆိုဆုံးမနိုင်တဲ့ အနေအထားမှာရှိတယ်။
    ဆရာ/ဆရာမဆိုတာလည်း ပညာပြည့်ဝ နှလုံးလှခဲ့ကြသူတွေများတယ်။ အခုတော့ ဒီအလုပ်က မျှော်လင့်ချက်မဲ့တဲ့ အလုပ်ဖြစ်နေပြီ။ ဘယ်အလုပ်မှ မရတဲ့အဆုံး ဘယ်တက္ကသိုလ်မှ သွားဖို့အဆင်မပြေတဲ့အခါ ၀င်လုပ်ရမယ့်အလုပ်ဖြစ်နေပြီ။ မိဘတွေက သမီးတွေကို အဝေးမလွှတ်ချင်လို့ ၀င်လုပ်ခိုင်းတဲ့ အလုပ်ဖြစ်နေပြီ။ မျှော်လင့်ချက်ကြီးကြီးရှိတဲ့ လူငယ်လူရွယ်တွေ စိတ်မ၀င်စားတဲ့အလုပ်ဖြစ်နေပြီ။ လူတွေကလည်း ဆရာ/ဆရာမ ဆိုရင် အယုံအကြည်မရှိချင်ကြတော့ဘူး။ အရည်အချင်းမရှိတဲ့သူတွေ၊ ကလေးတွေဆီက ငွေရချင်နေတဲ့သူတွေလို့ပဲ မြင်လာနေကြတယ်။ ပြည်သူ့ကောင်းကျိုးအတွက် ဘာမှထူးထွေပြီး လုပ်ပေးနိုင်မယ့်သူတွေမဟုတ်လို့ ခံယူကြပုံရတယ်။
    ဒါတွေကိုပြောင်းလဲပစ်ရလိမ့်မယ်။ ဆရာ/ဆရာမတွေအကျိုးအတွက်သာမဟုတ် တိုင်းပြည်အကျိုးအတွက်ပါ မျှော်လင့်ရင် ဒီအခြေအနေတွေကို ပြောင်းကို ပြောင်းလဲပစ် ရလိမ့်မယ်။ နိုင်ငံတစ်နိုင်ငံရဲ့ အတက်အကျ အပြောင်းအလဲတွေကို ဆရာ/ဆရာမတွေက ဖန်တီးနေတယ်။ တိုင်းပြည်ကို ဆရာ/ဆရာမတွေက ပုံဖော်နေတယ်ဆိုတဲ့အချက်ကို ယုံကြည်ကြတယ်ဆိုရင်ပေါ့။ (မယုံရင်လည်း ကမ္ဘာ့သမိုင်းကို ပြန်လည်သုံးသပ်ပါလို့ ပြောရလိမ့်မယ်။)
    ဒီတော့ နိုင်ငံတည်ဆောက်ဖို့ လူ့ဘောင်တစ်ရပ်စည်ပင်ဖြစ်ထွန်းဖို့ဆိုရင် အရည်အသွေးမြင့် ဆရာ/ဆရာမတွေ မွေးထုတ်ဖို့ လိုလိမ့်မယ်။ ဆရာအလုပ်ကို မျှော်လင့်ချက်ရှိတဲ့ အလုပ်၊ တိုင်းပြည်အတွက် အဖိုးတန်တဲံအလုပ်ဆိုတဲ့ ယုံကြည်မှုမျိုးရအောင် တည်ဆောက်ကြရလိမ့်မယ်။
    တက္ကသိုလ်ဝင်တန်းမှာ အမှတ်ကောင်းကောင်းနဲ့အောင်တဲ့သူတွေ ပညာရေးတက္ကသိုလ်လျှောက်ထားချင်လာအောင် ဆွဲဆောင်ရလိမ့်မယ်။ လိုအပ်တဲ့ဖြည့်ဆည်းမှု၊ ထောက်ပံ့မှုတွေပေးရမယ်။ ပညာရေးတက္ကသိုလ်တွေကို ကျောင်းသားတိုင်းလျှောက်ထားချင်ကြတဲ့တက္ကသိုလ်တွေဖြစ်အောင် အဆင့်မြင့်တင်ပေးရမယ်။
    တက္ကသိုလ်ကနေ အမှတ်ကောင်းကောင်းနဲ့ အောင်မြင်ကြသူတွေလည်း ဆရာဖြစ်သင်တန်းတွေ တက်ချင်လာအောင် ဆွဲဆောင်ရမယ်။ ဆရာအလုပ်ဆိုတာ ထိပ်တန်း အရည်အချင်းရှိသူတွေရဲ့အလုပ်ဖြစ်အောင် ဖန်တီးကြရမယ်။
    ပညာရေးအဆင့်အတန်း ကမ္ဘာ့ထိပ်တန်းရှိတဲ့ ဖင်လန်နိုင်ငံမှာ အတော်ဆုံးကျောင်းသားတွေရဲ့ ၁၀% လောက်ပဲ ဆရာဖြစ်သင်တန်းလျှောက်ထားနိုင်တယ်။ ဒီထဲကမှ ၅%လောက်ပဲ အထူးကျွမ်းကျင်တဲ့ ဆရာ/ဆရာမတွေအဖြစ်မွေးထုတ်ပေးနိုင်တယ်။ အထက်တန်းဆင့်မှာသင်ဖို့ဆိုရင် မဟာဘွဲ့ပြီးထားတဲ့သူတွေဖြစ်ရတယ်။ ဒီလိုလေ့ကျင့်ပေးခဲ့လို့လဲ ဥရောပရဲ့ ထိပ်တန်း၊ ကမ္ဘာ့ထိပ်တန်းအဆင့်ကို ရောက်နိုင်တာဖြစ်တယ်။
    မြန်မာနိုင်ငံအနေနဲ့လည်း ဖင်လန်၊ ဂျပန်၊ တောင်ကိုရီးယား စတဲ့ ပညာရေးကောင်းတဲ့နိုင်ငံတွေ၊ ထိုငး၊ မလေးရှား၊ စင်္ကာပူတို့လို အာဆီယံနိုင်ငံတွေကနေ အတုယူနိုင်ရင်ကောင်းမယ်။
    တက္ကသိုလ်အမှတ်ကောင်းရခဲ့တဲ့သူတွေကို ပညာရေး(၁)နှစ်သင်တန်းပေးပြီးရင် မက်လုံးရှိတဲ့လစာမျိုးနဲ့ အစိုးရကျောင်းတွေမှာ တိုက်ရိုက်ခန့်ထားနိုင်ရင် ဆရာလိုအပ်ချက်လျော့ချနိုင်မယ်။ အရည်အချင်းရှိတဲ့ ဆရာ/ဆရာမတွေ ရလာနိုင်မယ်။ ဘွဲ့အလိုက် လစာပေးတဲ့စနစ် ကျင့်သုံးနိုင်ရန်ကောင်းမယ်။ ဘွဲ့၊ ဒီပလိုမာ၊ မဟာဘွဲ့၊ ဒေါက်တာဘွဲ့တွေအတွက် သီးခြားခံစားခွင့်တွေပေးရမယ်။ ဘယ်အဆင့်မှာပဲဝင်လုပ်လုပ် ဘွဲ့အလိုက်ခံစားခွင့်ပေးမယ်ဆိုရင် ပညာရေးလောကအတွက် ကြီးမားတဲ့ အပြောင်းအလဲတစ်ခုတော့ ဖြစ်လာမယ်လို့ ယုံကြည်မိကြောင်းပါ . . . ။
  • ကျောက်နီမော် အထက်တန်းကျောင်းတွင် မွတ်စလင်မ်ကျောင်းသား ၅ ဦး အခန်းပိတ်ရိုက်နှက်ခံရ
    ကျောက်နီမော် အထက်တန်းကျောင်းတွင် မွတ်စလင်မ်ကျောင်းသား ၅ ဦး အခန်းပိတ်ရိုက်နှက်ခံရ
    M-Media
    5 September 2012, MST 7:00PM
    (ရန်ကုန်)။ ရခိုင်ပြည်နယ် ကျောက်နီမော် အထက်တန်းကျောင်းမှ မွတ်စလင်မ် ကျောင်းသား ၅ ဦးအား ရခိုင်ဗုဒ္ဓဘာသာကျောင်းသားများက စာသင်ခန်းတွင်းပိတ်လှောင်ကာ ရိုက်နှက်ခဲ့ကြောင်း M-Media မှ စုံစမ်းသိရှိရသည်။
    သြဂုတ်လ ၂၉ ရက်နေ့ တွင် ၁၀ တန်းကျောင်းသား ၅ ယောက်သည် စာသင်ခန်းတွင်းတွင် အခန်းတံခါးပိတ်ကာ ၀ိုင်းရိုက်ခံခဲ့ရကြောင်း ကျောက်နီမော်ရွာသားတစ်ဦးက M-Media သို့ ပြောပြသည်။ ရိုက်နှက်ခံရသည့် ကျောင်းသားများမှာ
    (၁) နိုင်လင်းထွန်း – (ဘ) ဦးမြင့်ဦး
    (၂) မောင်တင်ဝင်း – (ဘ) ဦးလှဝင်း
    (၃) စိုးမင်းနိုင် – (ဘ) ဦးဝင်းနိုင်
    (၄) ဇော်လင်းထွန်း – (ဘ) ဦးထွန်းမောင်
    (၅) နိုင်လင်းထွန်း – (ဘ) ဦးသက်နိုင်
    ကျောင်းဆရာများကိုယ်တိုင်လည်း မွတ်စလင်မ်ကျောင်းသားများအား စိတ်ပိုင်းဆိုင်ရာ ထိခိုက်ကျဆင်းအောင် စော်ကားပြောဆိုကြသည်။ အမြဲတစေ ထိခိုက်ပြော ဆိုသည့် ဆရာများမှာ ဦးကျော်သာ၊ ဦးသိန်းကျော်အောင်နှင့်  ဦးထွန်းညွန့် တို့ ဖြစ်ကြောင်း သိရှိရသည်။
    ထိခိုက်ပြောဆိုမှုများနှင့် ပတ်သက်၍ ထိုရွာသားအား M-Media မှ မေးမြန်းရာ ဆရာများက ကျောင်းသားများအား “မင်းတို့ ကုလားတွေ ကျောင်းဘာလာ တက်တာလဲ၊ မင်းတို့  ပညာသင်ပြီးဘာလုပ်မလဲ၊ ငါတို့ က မင်းတို့ ကို နွားလိုပဲ ကျောင်းစားမှာ၊ မင်းတို့ ဘင်္ဂလီတွေ ငါတို့ မြေမှာမရှိသင့်ဘူး” စသဖြင့်ပြော ဆိုကြောင်း ပြောပြသည်။
    ပြီးခဲ့သည့် နှစ်ပေါင်း ၂၀ အတွင်းတွင် မွတ်စလင်မ်များအပေါ် ဖိနှိပ်မှုများ၊ ပိတ်ပင်ထားဆီးမှုများစွာကြားမှ ၁၀ တန်းနှစ်ချင်းပေါက်များ၊ ဂုဏ်ထူးဖြင့်အောင်မြင် သူများရှိခဲ့သော်လည်း ယခုနောက်ပိုင်းတွင် ဆရာများ၏ ဖိနှိပ်ခြင်းကြောင့် မွတ်စလင်မ်ကျောင်းသားများအကြား ကျောင်းပြေးမှုများ၊ စာမေးပွဲကျရှုံးခြင်းများနှင့် ကျောင်းထွက်နှုန်းများ များပြားလာပြီး ပညာရေးချွတ်ခြုံကျလျက်ရှိသည်။ အထက်တန်းသို့ ရောက်ရှိလာသည့် ကျောင်းသားအရေအတွက်မှာလည်း ကျဆင်းလျက် ရှိပြီး လာမည့်နှစ်များတွင် ၁၀ တန်းဖြေမည့် မွတ်စလင်မ်ကျောင်းသား မရှိသလောက်ဖြစ်ကြောင်း သိရသည်။
    ကျောင်းသား ၅ ယောက်အား ၀ိုင်းရိုက်မှုကို ကျောင်းအုပ်ဆရာကြီးထံ သွားရောက်တိုင်ကြားခဲ့သော်လည်း “ဒီအချိန်မျိုးမှာ ဘာမှအရေးယူလို့ မရဘူး” လို့ သာ ပြန်လည်ဖြေကြားခဲ့ကြောင်း သိရှိရသည်။
    ပြည်ထောင်စုမြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်က ရခိုင်ပြည်နယ်တွင် ပြည်သူများအကြား သဟဇာတဖြစ်ရန်၊ ငြိမ်းချမ်းတည်ငြိမ်ရန် မွတ်စလင်မ်နှင့် ရိုဟင်ဂျာတို့  အတွက်လည်း ခေတ်ပညာရေးအားပေးမြင့်တင်ရန် ကတိပေးထားပြီးဖြစ်သည်။ သို့ ရှိရာ ယခုကဲ့သို့ ကျောင်းတွင်းဘာသာရေးနှိပ်ကွက်မှုများ၊ ဆရာများအား အရေးယူခြင်း၊ အလုပ်မှဖယ်ရှားခြင်းသည် ပညာရေးအားပေးမှုအတွက် ပထမဆုံးခြေလှမ်းဖြစ်သည်။
  • အစ္စလာမ်နိုင်ငံအချို့၌ မြန်မာလုပ်သားများ ခြိမ်းခြောက်ခံရခြင်းမှာ ကောလာဟလဟု ဆို
    အစ္စလာမ်နိုင်ငံအချို့၌ မြန်မာလုပ်သားများ ခြိမ်းခြောက်ခံရခြင်းမှာ ကောလာဟလဟု ဆို
    (ရန်ကုန်၊ စက်တင်ဘာ ၃)
    ပေါ်ပြူလာ ဂျာနယ်မှ ကူးယူဖော်ပြပါသည်။
    အကြောင်း အမျိုးမျိုးကြောင့် ပြည်ပမှ ပြန်လာသူ အလုပ်သမားများ အချို့၏ ကောလာဟလ စကားကြောင့် ပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်းအား ထိခိုက်စေနိုင်သည်ဟု ယင်းအသိုင်းအဝိုင်း မှ သိရသည်။
    အစ္စလာမ်နိုင်ငံ များ၌ အလုပ် လုပ်ကိုင်နေကြသော မြန်မာ လုပ်သားများ အနေဖြင့် အစ္စလာမ်များ ၏ခြိမ်းခြောက်မှု ခံနေရကြောင်း မမှန်စကား များလည်း ထွက်ပေါ်နေ သည်ဟု ယင်း အသိုင်းအဝိုင်းက ပြောသည်။
    ”ကျွန်မတို့ ကလေးတွေ ကာ တာမှာ အလုပ်လုပ်နေကြတာ အများကြီးပါ။ ပြန်လာတာလည်း မရှိပါဘူး။ ခြိမ်းခြောက် ခံနေရတယ် လို့လည်း မကြားပါဘူး”ဟု သုခ စုစံ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး ဝန် ဆောင်မှု လုပ်ငန်းမှ ဒါရိုက်တာက ပြောသည်။
    ရခိုင်ပြည်နယ် အတွင်း မကြာမီ ကဖြစ်ပွားခဲ့သည့် ပဋိပက္ခများကြောင့် အစ္စလာမ်နိုင်ငံ များတွင် အလုပ်လုပ် ကိုင်နေကြသော မြန်မာလုပ်သား များ အစ္စလာမ် တို့၏ ခြိမ်းခြောက်မှု များခံနေရသည် ဆိုသော သတင်း မှာ မဟုတ်မှန်ကြောင်း ပြည်ပ အလုပ် အကိုင် အေဂျင်စီများ အသင်းမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    မြန်မာ အလုပ်သမားများ အများဆုံး သွားရောက် အလုပ်လုပ် ကိုင်နေသည့် အစ္စလာမ်နိုင်ငံ များမှာ မလေးရှား၊ ယူအေအီး၊ ကာတာ စသည့်နိုင်ငံ များဖြစ်ကြောင်း သိရ သည်။
    အဆိုပါ ကောလာဟလ သတင်းများ ထွက်ပေါ်နေသော် လည်း မလေးရှား နိုင်ငံသို့ လစဉ် သွားရောက်မှုနှုန်းမှာ လျော့ကျသွား ခြင်း မရှိကြောင်း အာဘာဖီးပြည်ပ အလုပ်အကိုင် ဝန်ဆောင်မှု လုပ်ငန်း မှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    ယင်းအပြင် မလေးရှားနိုင်ငံ တွင် ၂ဝ၁၃ မတိုင်မီ အခြေခံ လစာ များ တိုးမြှင့်မည် ဆိုသည့် သတင်း ကြောင့် လုပ်သားများ သာမက အမျိုးသမီး အလုပ်သမား များပါ သွားရောက် အလုပ်လုပ်ကိုင်ရန် စောင့်ဆိုင်းနေသည်ဟု သုခစုစံမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
    မြန်မာ လုပ်သားများအား အစ္စလာမ်များ၏ ခြိမ်းခြောက်ခြင်း ခံနေရ သည်ဆိုသည့် သတင်းများနှင့် ပတ်သက်၍ ဒူဘိုင်းတွင် သွားရောက် အလုပ် လုပ်ကိုင်ခဲ့သူ ကိုသုတ က ”ရခိုင်မှာ ပဋိပက္ခတွေ ဖြစ်နေတဲ့ အချိန်အထိ ကျွန်တော် ဒူဘိုင်းမှာ အလုပ်လုပ်နေတာ။ ၈ လပိုင်းမှ ပြန်လာတာပါ။ ကျွန်တော် သိသလောက် ဒူဘိုင်း မှာတော့ အရင်က တည်းက မြန်မာနဲ့ အစ္စလာမ်က မတည့်ကြဘူး။ လုပ်ငန်းခွင် ထဲမှာလည်း မြန် မာက သပ်သပ် အစ္စလာမ်က သပ်သပ် ကိုယ့်အုပ်စုနဲ့ ကိုယ်နေကြတာ။ အခုလိုဖြစ် သွားတော့ ပိုပြီး မတည့် ကြတော့ဘူးပေါ့”ဟု ၄င်းက ရှင်း ပြသည်။
    လက်ရှိ ဒူဘိုင်းနှင့် မလေးရှား နိုင်ငံ များတွင် အလုပ် လုပ်ကိုင်နေကြ သော မြန်မာ အလုပ်သမား အချို့ အား အွန်လိုင်းမှ ဆက်သွယ် မေးမြန်းခဲ့ရာ ၄င်းတို့၏ ပတ်ဝန်း ကျင်နှင့် အလုပ် ဌာနများတွင် ယင်းသို့ပြောဆို ခြိမ်းခြောက်မှုမျိုး တစ်စုံတစ်ရာ မတွေ့ရဟု ဆိုသည်။
    အစ္စလာမ်နိုင်ငံ များတွင် အလုပ် လုပ်ကိုင်ခဲ့ကြသည့် မြန်မာလုပ်သား အချို့မှာ ပြည်တွင်းသို့ ပြန်ရောက် လာခြင်းသည် ၄င်းတို့၏ အကြောင်း အမျိုးမျိုးသော လုပ်ငန်း ခွင်ပြဿနာ များကြောင့်သာ ဖြစ် သည်ဟု အာဘာဖီး ပြည်ပ အလုပ် အကိုင် ရှာဖွေရေး အေဂျင်စီမှ တာဝန် ရှိသူ တစ်ဦးက ပြောသည်။
    ဧပရယ်ဦး
  • ချင်း ခရစ်ယာန်များအပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ပြီး ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းသည် ဟု CHRO ဆို
    ချင်း ခရစ်ယာန်များအပေါ် ဘာသာရေး လွတ်လပ်ခွင့် ပိတ်ပင်ပြီး ဗုဒ္ဓဘာသာအဖြစ် သွတ်သွင်းသည် ဟု CHRO ဆို
    စက်တင်ဘာ၊ ၅ ၊၂၀၁၂
    Source: http://khonumthungburmese.org/?p=528
    ချင်းလူ့အခွင့်အရေးအဖွဲ့ချုပ်က Threats to Our Existence : Persecution of Ethnic Chin Christians in Burma ဆိုသည့် ကျွန်ုပ်တို့၏ဖြစ်တည်မှုကို ခြိမ်းခြောက်ခြင်း၊ မြန်မာနိုင်ငံ ချင်းခရစ်ယာန် တိုင်းရင်းသား များအး နှိပ်ကွပ်ခြင်း အစီ ရင်ခံစာကို ယနေ့ ၅ စက်တင်ဘာ တွင် ဖြန့်ဖြူးလိုက်သည်ဟု သတင်းရရှိသည်။
    စာမျက်နှာ ၁၆၀ ပါ အစီရင်ခံစာကို ထိုင်းနိုင်ငံဘန်ကောက်မြို့တွင် စတင်ဖြန့်ဖြူးခြင်းဖြစ်ပြီး အစီ ရင်စာခံတွင် လွန်ခဲ့သည့် နှစ်နှစ်တာ လူတရာကျော် မေးမြန်းချက်ကို အခြေခံပြီး ပြုစု မှတ်တမ်း တင်ခြင်းဖြစ်သည်ဟု ၄င်းတို့၏  သတင်းထုတ်ပြန် ချက်တွင်ပါရှိသည်။
    အစီရင်ခံစာအသေးစိပ်မှာ ချင်းလူမျိုးထောင်ပေါင်းများစွာသည် လွန်ခဲ့သည့် ဆယ်စုနှစ်အတွင်းနှင့် ယနေ့အထိ ဘာသာ ရေးဆိုင်ရာ လွတ်လပ်မှု ချိုးဖောက်ခံနေရခြင်း၊ အတင်းအဓမ္မ လုပ်အားပေးစေ ခိုင်းခံနေရခြင်း၊ နှိပ်စက်ညှင်း ပန်းခံနေရခြင်း၊ လူသားမဆန်သည့် လူ့ဂုဏ်သိက္ခ ညှိုးနွမ်းစေသည့် ပြုကျင့်မှုတွေကဲ့သို့သော လူအခွင့်အရေး ချိုးဖောက်ခံ နေရခြင်းတွေကို မှတ်တမ်းတင်ထားသည်။
    ထို့အပြင် အစီရင်ခံစာတွင် လက်ရှိသာသနာရေး ၀န်ကြီးဌာနက ချင်းခရစ်ယန်များ ဘာသာရေး ဆိုင်ရာ လွတ်လပ်ခွင့် ကိုအဟန့်အတားဖြစ်စေမည့် ဘာသာရေးအဆောက်အအုံ ဆောက်လုပ်ခြင်း ကို ဖိနှိပ်နေကြောင်း သမ္မတ ဦးသိန်းစိန်အစိုး ရတက်လာသည့် နောက်ပိုင်း ချင်းပြည်နယ်တွင် ခရစ်ယာန် လက်ဝါးကားတိုင် ၄ ခု ဖြိုလှဲ ဖျက်ဆီးခြင်းခံရပြီဖြစ်ကြောင်း ဖော်ပြထားသည်။
    CHRO Program Director Salai Za Uk Ling က “ သမ္မတ ဦးသိန်းစိန်အစိုးရဟာ ဘာသာရေး လွတ်လပ်မှုကို ဥပဒေက အကာအကွယ်ပေးနေတယ် ဆိုခဲ့ပေမဲ့ အမှန်မှာ ဗုဒ္ဓဘာသာဟာ နိုင်ငံတော် တရားဝင်ဘာသာ အဖြစ်ရပ်တည်နေပါတယ်၊ ချင်းပြည်နယ်မှာ ဘာသာရေးလွတ်လပ်မှု အပြောင်းအလဲ အင်မတန်နည်းနေ သေးတယ်” ဟု ပြောသည်။
    အစီရင်ခံစာက ယခင်စစ်အစိုးရလက်ထက်ကတည်းက ချင်းပြည်နယ်အပါအ၀င် တနိုင်ငံလုံးရှိ နယ်စပ်ဒေသ တိုင်းရင်း သား လူမျိုးများဖွံ့ဖြိုးရေးကျောင်း ၂၉ ထဲက ကျောင်းသား သုံးပုံ တပုံမှာ ချင်းတိုင်းရင်းသားလူငယ် တွေဖြစ်ပြီး ချင်းခရစ် ယာန် လူငယ်များအား ဗုဒ္ဓကျင့်စဉ်များဖြင့် လေ့ကျင့် သင်ကြားပေးနေကြောင်း သာဓကများနှင့် အတူ ဖော်ပြထားသည်။
    ၂၀၀၈ ဖွဲ့စည်းပုံအခြေခံ ဥပဒေ ပုဒ်မ ၃၆၁၊ ၃၆၂ အရ ပြည်ထောင်စု မြန်မာနိုင်ငံတွင် ဗုဒ္ဓဘာသာ၊ ခရစ်ယာန်ဘာသာ၊ အစ္စလမ်ဘာသာ၊ ဟိန္ဒူဘာသာ၊ နတ်ဘာသာဟူ၍ ရှိသည့် အနက် ဗုဒ္ဓဘာသာ ကိုမူ ဂုဏ်ထူး ၀ိသေသနှင့် ပြည့်စုံသည့် ဘာသာသာသနာ အဖြစ် အသိအမှတ်ပြုထားသည်။ ကျန် (၄) ဘာသာကိုမူ နိုင်ငံတော်တွင်ရှိနေကြသည့် ဘာသာများ ဟူ၍ သာ အသိအမှတ်ပြု ထားသည်။
    သတင်းများအရ ခရစ်ယာန် ဘာသာဝင် ၉၀ ရာခိုင်နှုန်းကျော် ရှိသည့် ချင်းပြည်နယ်တွင် ဗုဒ္ဓစေတီပေါင်း ၁၀၈ ဆူ ရှိပြီဟု သိရပြီး မင်းတပ်မြို့နယ်တွင် ၄၉၊ ကန်ပက်လက်မြို့နယ်တွင် ၂၃၊ ဖလမ်းမြိ့နယ်တွင် ၁၀၊ ပလက်ဝ မြို့နယ်တွင်  ၆၊ ဟားခါးမြို့ နယ်တွင် ၅၊ တီးတိန်မြို့နယ်တွင် ၄၊ တွန်းဇံမြို့နယ်တွင် ၄၊ ထန်တလန်မြို့နယ် တွင် ၃၊ မတူပီမြို့နယ်တွင် ၂၊ ကျီခါး မြို့ခွဲ တွင် ၁ ၊ စုစုပေါင်း ၁၀၈ ဆူ ရှိသည်။
    လက်ရှိ ချင်းပြည်နယ်သာသနာရေးဝန်ကြီးဌာနသည် ချင်းပြည်နယ်တွင် ခရစ်ယာန်သာသနာရေး ဆိုင်ရာ နယ်မြေများ လျှောက်ထားခွင့်ကို ပြီးခဲ့တဲ့ သုံးလ ကတည်းက လုပ်ဆောင်နေသည်ဟု လည်း ပြောကြသည်။